News @ M-Media

Tag: New Muslim

  • အမေရိကန်မှ သစ်လွင်မွတ်စလင်များ၏ ရမ်ဇာန်အတွေ့အကြုံ

    အမေရိကန်မှ သစ်လွင်မွတ်စလင်များ၏ ရမ်ဇာန်အတွေ့အကြုံ

    ဇူလိုင် ၄၊ ၂၀၁၅
    M-Media

    rz

    – အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကြုံတွေ့ရသည့် ရမ်ဇာန်ဥပုသ်လတွင် သစ်လွင်မွတ်စလင်များက ထိုလ၏ ဘာသာရေးဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာများကို လက်တွေ့ကျင့်သုံးကာ စိတ်လှုပ်ရှားစရာနှင့် စိန်ခေါ်မှု နှစ်မျိုးစလုံးအဖြစ် ရှုမြင်ကြသည်။

    “ရမ်ဇာန်စမယ်ဆိုတော့ ကျွန်မ အရမ်း စိတ်လှုပ်ရှားခဲ့ပါတယ်။ ရမ်ဇာန်နဲ့ပတ်သက်လို့ အားလုံးကို ကျွန်မ ဖတ်ရှုခဲ့ပေမယ့် တကယ်လက်တွေ့ လိုက်နာကျင့်သုံးဖို့ မစောင့်နိုင်တော့ပါဘူး။ ဒီအချိန်ဟာ ဘုရားသခင်နဲ့ ပိုပြိးနီးစပ်တဲ့ အချိန်အဖြစ် ကျွန်မ တကယ်ကို ရှုမြင်ပါတယ်” ဟု ယခင်က ဘာသာမဲ့ဖြစ်ခဲ့ပြီး ပြီးခဲ့သည့်နွေရာသီကမှ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့သည့် အသက် ၂၃ နှစ်အရွယ် စမန်သာ ကက်စီနစ်ခ်ျက ပြောကြားခဲ့သည်။

    သူမ၏ ပထမဦးဆုံး ရမ်ဇာန်ကို လက်တွေ့လိုက်နာကျင့်သုံးသည့် ကက်စီနစ်ခ်ျမှာ အရုဏ်မတက်မီ ဆူဟူရ် (ဥပုသ်ထမင်း) စားရန်အတွက် နံနက် ၃ နာရီတွင် အိပ်ယာထလေသည်။ သူမ၏ ပထမဆုံး ရမ်ဇာန်တွင် ပြန်လှန်သုံးသပ်ခြင်းနှင့် နာမ်ပိုင်းဆိုင်ရာ တိုးတက်မှုတို့အတွက် အချိန်အများစုကို သူမက အသုံးချသည်။

    အစ္စလာမ့်ပြက္ခဒိန်တွင် န၀မမြောက်လဖြစ်ပြီး မြင့်မြတ်သော လတစ်လအဖြစ် မှတ်ယူသည့် ရမ်ဇာန်လမှာ ဇွန်လ ၁၈ ရက်နေ့တွင် ကျရောက်ခဲ့သည်။

    ထိုရမ်ဇာန်လတွင် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များမှာ ဥပုသ်သီလ ဆောက်တည်ခြင်းအပြင် မိသားစု စုစည်း၍ ၀ါဖြေခြင်း၊ ဓမ္မသင်ခန်းစာများ သင်ပေးသင်ယူခြင်း၊ ညဥ့်ဦးပိုင်းတွင် အထူးဝတ်ပြုခြင်း၊ ဆင်းရဲ့ချို့တဲ့သူများအား ကူညီဖေးမခြင်း စသည်တို့ကိုလည်း လုပ်ဆောင်ကြသည်။

    စုပေါင်း၍ အစ်ဖ်သာရ်ဝါဖြေရန်အတွက် မိသားစုမရှိခြင်း၊ သူငယ်ချင်းအပေါင်းအသင်းမရှိခြင်းတို့က သစ်လွင်မွတ်စလင်အများစုအတွက် စိန်ခေါ်မှုလည်းဖြစ်သည်။ နယူးယောက်မြို့ အလ်ဘေနီအရပ်မှ အသက် ၂၁ နှစ်အရွယ် သစ်လွင်မွတ်စလင် ခရစ်ဒက်ဖီက သီးခြားဖြစ်ခြင်းဟူသော ထိုစိန်ခေါ်မှုကို ခံစားနေရသူများထဲမှ တစ်ဦးဖြစ်သည်။

    ထိုကဲ့သို့ ဥပုသ်သီလ ဆောက်တည်ခြင်းက လန်းဆန်းတက်ကြွမှုကို ဖြစ်စေသည်ဟု ဒက်ဖီက ရှုမြင်လေသည်။

    “ကျွန်တော့်မှာ အင်အားပိုရတဲ့ နည်းလမ်းရှိနေပြီလို့ ကျွန်တော် သတိပြုမိပါတယ်။ အစကတော့ ဒါဟာ မလွယ်ပါဘူး။ ဒါပေမယ့် ခန္ဓာကိုယ်က ချိန်ညှိပြီးနောက်ပိုင်း အင်အားပြည့်ဝတယ်လို့ ခံစားရလာပါတယ်။ ဒါက အရေးပါတဲ့အရာနဲ့ပတ်သက်ပြီး အာရုံစိုက်ဖို့ အကူအညီဖြစ်စေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှု

    ရမ်ဇာန်ဥပုသ်လ ဥပုသ်သီလ ဆောက်တည်ရာတွင် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုအပြင် သစ်လွင်မွတ်စလင်များ၌ ရုပ်ပိုင်းဆိုင်ရာ စိတ်ခေါ်မှုများလည်း ရှိနေသည်။

    “ဒါဟာ ကျွန်တော့်ရဲ့ ပထမဆုံး ရမ်ဇာန်ပါ။ ကျွန်တော် ဥပုသ်သီလဆောက်တည်ဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် ကျွန်တော့်ခန္ဓာကိုယ်ကတော့ အသားမကျသေးပါဘူး။ ဒါ့ကြောင့် ပထမဆုံး ကျွန်တော်ဟာ နေ့တစ်ဝက် ဥပုသ်စောင့်ပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ပြင်ဆင်တဲ့ အနေနဲ့ပေါ့” ဟု ဟူစတန်မှ သစ်လွင်မွတ်စလင်တစ်ဦးဖြစ်သူ အသက် ၁၉ နှစ်အရွယ် အလွန်ဒရာ ကေဒီနာက ပြေကြားခဲ့သည်။ ကျောင်းသားတစ်ဦးဖြစ်သည့် ၎င်းမှာ အချိန်ပိုင်း အလုပ်လုပ်နေသူလည်း ဖြစ်သည်။

    ကလီဗ်လန်းတွင် သူနာပြုတစ်ဦးအဖြစ် လုပ်ကိုင်နေသည့် အသက် ၃၀ အရွယ် အီသန် ဂေါ့စ်ရှော့လ်ခ်ကမူ ရမ်ဇာန်၏ စိန်ခေါ်မှုတွင် ခက်ခဲသည့် အလုပ်ချိန်ဇယားကိုလည်း ထည့်သွင်းထားသည်။

    “နေ့ပိုင်းဥပုသ်စောင့်ဖို့ ကျွန်တော် တော်တော်လေးအားထုတ်ရပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ အရမ်း ခက်ခဲပါတယ်။ နေ့ရဲ့ အစောပိုင်းလောက်ကတည်းကကို ဒုက္ခရောက်တာပါ။ ရေတစ်ခွက်လောက် ဒါမှမဟုတ် မုန့်တစ်ချပ်လောက် ကျွန်တော် လိုအပ်ပါတယ်” ဟု ပြီးခဲ့သည့် နွေရာသီက အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ပြီး ဘ၀အသစ်တွင် ချိန်ညှိနေရသည့် ၎င်းက ပြောကြားခဲ့သည်။

    သို့သော်လည်း ရမ်ဇာန်လက မိမိကိုယ်ကို ထိန်းချုပ်ရာတွင် အကူအညီဖြစ်စေသည်ဟု ၎င်းက ၀န်ခံခဲ့သည်။

    “အခုအချိန်ဟာ ပူပြီး စိုစွတ်တဲ့ နွေရာသီပါ။ သံပုရာရည်တစ်ခွက်လောက် ကျွန်တော် တောင့်တပါတယ်။ လူတွေမှာ ဖြေသိမ့်ရတာကလည်း အကြီးဆုံး စိန်ခေါ်မှုပါပဲ။ ဒါပေမယ့် ဒီလိုနဲ့ပဲ ဥပုသ်သီလဆောက်တည်ခြင်းဟာ စည်းကမ်းသေ၀ပ်မှုကို ဖန်တီးပေးပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖယ်သရဇ္ဈယ်ဖို့၊ ပိုပြီးဝတ်ပြုဖို့၊ ကျွန်တော့်ရဲ့ အချိန်ကို အလ္လာဟ်အရှင်မြတ်အပေါ်မှာပဲ အာရုံစိုက်ထားဖို့ ကျွန်တော့်ကို လှုံ့ဆော်မှုပေးပါတယ်။ ရမ်ဇာန်ဟာ အလ္လာဟ်အရှင်မြတ်နဲ့ နီးကပ်ဖို့၊ ကမ္ဘာကြီးပေါ်မှာ ရှင်သန်နေတဲ့ ရည်ရွယ်ချက်ကို သိရှိဖို့ စီမံပေးထားတာပါလားဆိုတာကို ကျွန်တော်တွေ့ရပါတယ်”

    ကလီဗ်လန်းရှိ ဗလီဝတ်ကျောင်းတော်တွင် ပြုလုပ်သည့် စုပေါင်းဝါဖြေပွဲသို့ တက်ရောက်သော ဂေါ့စ်ရှော့လ်ခ်က ဥပုသ်သီလ ဆောက်တည်ခြင်းမှာ နေ့၏အဆုံးတွင် ဆုရရှိသည့် အတွေ့အကြုံကို ခံစားရသည်ဟု ဆိုသည်။

    “ရမ်ဇာန်မှာ လုပ်ရတာတွေ တော်တော်များပါတယ်။ ညတိုင်းညတိုင်း ၀ါဖြေဖို့ အစ်ဖ်သာရ်ညစာစားပွဲတွေ လုပ်ကြတယ်။ ဒါဟာ လူတွေကို တွေ့ဆုံဖို့၊ ဆွေးနွေးကြဖို့ နည်းလမ်းကောင်းလည်းဖြစ်ပြီး ငြိမ်းချမ်းပြီး ပျော်ရွှင်စရာကောင်းတဲ့ အချိန်လည်း ဖြစ်ပါတယ်”

    ၂ ပတ်တာ ဥပုသ်သီလဆောက်တည်ပြီးနောက် သစ်လွင်မွတ်စလင်တစ်ဦးဖြစ်သူ ကက်စီနစ်ခ်ျက ရမ်ဇာန်တွင် ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုက နာမ်ပိုင်းဆိုင်ရာကိုပါ ရိုခတ်မှုရှိသည်ဟု ဆိုသည်။

    “သင်ဟာ ဆာလောင်နေပြီး ကဖင်းဓာတ်နည်းနေပြီဆိုရင် ဒေါသထွက်လွယ်ပါတယ်။ သင့်ရဲ့ အာရုံကြောတွေက အထိမခံပါဘူး။ ဒါ့ကြောင့် ဥပုသ်စောင့်တဲ့အခါ ကျွန်မဟာ ပိုပြီး စိတ်ရှည် သည်းခံလာတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ရမ်ဇာန်ဟာ အစားသောက် ရှောင်ခြင်းတစ်ခုတည်းသာ မဟုတ်ပါဘူး။ အလှူဒါနပြုဖို့၊ ကြင်နာစွာ ပြုမူဆက်ဆံဖို့၊ ခွင့်လွှတ်သည်းခံဖို့ ပြီးတော့ ပိုပြီး တည်ကြည်ခိုင်မာဖို့လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဥပုသ်ကို ကျွန်မ ကြိုးစားဆောက်တည်နေတာပါ။ အခြေအနေတိုင်းမှာ ကျွန်မတတ်နိုင်သလောက် တည်ကြည်ခိုင်မာဖို့ပေါ့”

    Ref: Onislam

  • ယခုနှစ် ပထမ ၃ လအတွင်း ဒူဘိုင်း၌ အစ္စလာမ်သို့သက်ဝင်သူ ၅၀၀ ကျော်ရှိခဲ့

    ယခုနှစ် ပထမ ၃ လအတွင်း ဒူဘိုင်း၌ အစ္စလာမ်သို့သက်ဝင်သူ ၅၀၀ ကျော်ရှိခဲ့

    ဧပြီ ၁၅၊ ၂၀၁၅
    M-Media

    dubai

    – သနားညှာတာမှုကို အခြေခံသော အစ္စလာမ်၏သင်ကြားမှုများနှင့် အခြားသောယဉ်ကျေးမှု၊ ဘာသာတရားများကို လေးစားရန်ဟူသော အစ္စလာမ်၏ သဘောသဘာဝတို့ကို ထိတွေခံစားခဲ့ရပြီးနောက် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ယခုနှစ် ပထမ ၃ လအတွင်း အစ္စလာမ်သို့ သက်ဝင်ယုံကြည်လာကြသူများမှာ ၅၀၀ ကျော်ရှိနေပြီး ထိုအထဲတွင် နိုင်ငံခြားသား ၂၀၀ ကျော် ပါဝင်သည်ဟု သိရသည်။

    “သိပ်အံ့သြစရာပါပဲ။ တစ်ချို့တွေက အာဇန်သံ(၀တ်ပြုရန်နှိုးဆော်သံ)ကို ကြားပြီး ဒီကိုရောက်လာကြသလို၊ တစ်ချို့တွေကလည်း ယူအေအီးက မွတ်စလင်တွေရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကိုကြည့်ပြီး ဒီကို ရောက်လာကြတာပါ။ မွတ်စလင်မဟုတ်တဲ့ လူတွေအများကြီး အပါအ၀င် လူပေါင်း ၆၀၀၀ ကျော်လောက်ဟာ အလ်ဘာရှာမှာရှိတဲ့ အစ္စလာမ့်ယဉ်ကျေးမှုစင်တာနဲ့ အလ် ခါဝါနစ်ဂ်ျက ဖေယဒ် ဘင် မိုဟာမက် မိသားစုဇရပ်တို့မှာ လာရောက်စုရုံးခဲ့ကြပြီး အစ္စလာမ့်ရေးရာ သင်ကြားပို့ချမှုတွေကို နားထောင်သင်ယူခဲ့ကြပါတယ်။ ” ဟု တည့်မတ်ပေးရေးနှင့် အစ္စလာမ့်ရေးရာ လမ်းညွှန်မှုဌာနမှ အကြီးအကဲ ယူဆရာ အလ် ဂါအွတ်က ပြောကြားခဲ့သည်။

    ထိုကဲ့သို့ အစ္စလာမ်သာသနာကို အစုလိုက်အပြုံလိုက် သက်ဝင်လာမှုမှာ ဒူဘိုင်း၏ အစ္စလာမ့်ရေးရာနှင့် အလှူဒါနရေးရာ လှုပ်ရှားမှု ဌာန IACAD မှ ဆောင်ရွက်သော ကမ်ပိန်းအသစ်မှ အားထုတ်ကြိုးပမ်းမှု၏ ရလဒ်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

    အဆိုပါဌာနမှ သစ်လွင်မွတ်စလင်ဌာနခွဲ၏ အကြီးအကဲဖြစ်သူ အမျိုးသမီး ဟူဒါ အလ် ကာဘီက ‘သင်သူ့ကိုသိလျှင်၊ သင် သူ့ကိုချစ်မည်’ ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် တစ်နှစ်တာလှုပ်ရှားမှုက တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုအပေါင်း သက်ရောက်ပါစေ)နှင့် ပတ်သက်၍ လူအများစုအား မျက်စိဖွင့်ပေးနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၃ ခုနှစ်အတွင်း ယူအေအီးနိုင်ငံ၌ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လာကြသူများမှာ ၂၁၁၅ ဦးရှိခဲ့ပြီး ထိုပမာဏက ကမ္ဘာတစ်ဝှမ်း အစ္စလာမ်သာသနာ တိုးတက်ပြန့်ပွားမှုကို ရောင်ပြန်ဟပ်နေသည်။ ၂၀၁၂ ခုနှစ်တွင်မူ ၁၉၀၇ ဦးရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၁၃၈၀ ဦး ရှိခဲ့သည်။ ၂၀၁၀ ခုနှစ်က ယူအေအီးတွင် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာကြသူ အရေအတွက်မှာ ၁၅၀၀ ခန့်ရှိပြီး ၂၀၀၉ ခုနှစ်က ၁၀၅၉ ဦးရှိခဲ့သည်။ ထိုကဲ့သို့ ပြောင်းလဲသက်ဝင်လာကြသူများတွင် နိုင်ငံခြားသား အများအပြားလည်း ပါဝင်ခဲ့သည်။

    ထိုကဲ့သို့ သက်ဝင်ယုံကြည်လာကြသူများမှာ များသောအားဖြင့် လူသားထုအားလုံးအကြား တူညီမှုကို မြှင့်တင်ပေးသည့် ကျိုးကြောင်းလျော်ညီသော အစ္စလာမ်၏ သင်ကြားမှုများကြောင့် ဖြစ်သည်။

    ကမ္ဘာလုံးဆိုင်ရာ သတင်းစကား

    အလ် ကာဘီကမူ ပြည်သူများနှင့် ဧည့်သည်များအား စစ်မှန်သော အစ္စလာမ်အား ထိတွေမှုရရှိစေရန် ဆောင်ရွက်ခဲ့သော သစ်လွင်မွတ်စလင်ဌာနခွဲမှ တရားဟောဆရာများ၏ အားထုတ်ကြိုးပမ်းမှုကိုလည်း ချီးကျူးခဲ့သည်။

    “သစ်လွင်မွတ်စလင်တွေက အစ္စလာမ်ဟာ ဘယ်လောက် ခန္တီတရားရှိပြီး ငြိမ်းချမ်းလည်းဆိုတာကို သိခဲ့ကြပါတယ်။ ပြီးတော့ အစ္စလာမ်ဟာ အခုဘ၀နဲ့ နောင်တမလွန်ဘ၀အတွက် စိတ်ချမ်းသာမှုတွေကို အာမခံပေးတယ်လေ” ဟု ကာဘီက ထပ်လောင်း ပြောကြားခဲ့သည်။

    ထို့ပြင် သစ်လွင်မွတ်စလင်အများစု၏ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်မှုတွင် အစ္စလာမ်၏ ခန္တီတရား၊ လူ့တန်ဖိုးနှင့် စည်းမျဉ်းစည်းကမ်းများ၊ မွတ်စလင်များထံမှ ထိတွေ့ရရှိခဲ့သည့် သနားကြင်နာမှုများက အထောက်အကူဖြစ်စေခဲ့သည်ဟု သူမက ဆိုသည်။

    အစ္စလာမ်၏ ကမ္ဘာလုံးဆိုင်ရာ သတင်းစကားဖြစ်သော ငြိမ်းချမ်းမှု၊ လူသားများအား အသားအရောင်၊ ဘာသာစကား၊ လူမျိုး၊ ဘာသာတရား စသည်တို့ကို အခြေခံကာ ခွဲခြားခြင်းမရှိမှုတို့ကလည်း သစ်လွင်မွတ်စလင်များအား ဆွဲဆောင်စေခဲ့သည်။

    “ဒီသစ်လွင်မွတ်စလင်တွေ အစ္စလာမ်သာသနာကို မှန်မှန်ကန်ကန်နဲ့ နားလည်လက်ခံနိုင်ဖို့၊ သူတို့ရဲ့ ပြောင်းလဲသက်ဝင်မှု တရားဝင်ဖြစ်စေဖို့နဲ့ သူတို့လက်ခံမယ့် ဘာသာတရားအသစ်နဲ့ပတ်သက်ပြီး သူတို့ရဲ့စုံစမ်းမေးမြန်းမှုတွေကို ပြန်လည်ဖြေကြားပေးဖို့ လိုအပ်တဲ့အရာတွေအားလုံးကို ကျွန်မတို့ဌာနက ဖြည့်ဆည်းပေးခဲ့ပါတယ်” ဟု ကာဘီက ထည့်သွင်းပြောကြားခဲ့သည်။

    နိဂုံးချုပ်အနေဖြင့် အလ် ကာဘီက မိမိတို့မှာ သစ်လွင်မွတ်စလင်များအတွက် လိုအပ်သော စာအုပ်စာတမ်းများ၊ စီဒီများနှင့် စာတမ်းငယ်များကို ၎င်းတို့၏ သက်ဆိုင်ရာဘာသာစကားအလိုက် ပေးအပ်သွားမည်ဟု ဆိုသည်။

    Ref: Onislam

  • ဆော်ဒီတွင် တရုတ်နိုင်ငံသား ၆၀၀ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာ

    ဆော်ဒီတွင် တရုတ်နိုင်ငံသား ၆၀၀ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာ

    ဧပြီ ၈၊ ၂၀၁၅
    M-Media

    7-4-15_600-Chinese-Workers-Revert-to-Islam-in-SaudiC

    – အစ္စလာမ်ဓမ္မပညာရှင်တွေက အစ္စလာမ့်ရေးရာတွေကို သင်ကြားပို့ချပေးခဲ့ပြီးတဲ့နောက်ပိုင်း ဆော်ဒီအာရေဗျမှာ အလုပ်လုပ်ကိုင်နေတဲ့ တရုတ်လူမျိုး ၆၀၀ ကျော်ဟာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်လာခဲ့တယ်လို့ Saudi Sabq သတင်းစာကို ကိုးကားပြီး Onislam ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    အဲဒီအလုပ်သမားတွေထဲမှာ အင်ဂျင်နီယာတွေနဲ့ သာမန်အလုပ်သမားတွေပါဝင်ပြီး မက္ကာဟ်မြို့မှာ အစ္စလာမ်ကို သက်ဝင်ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ အစ္စလာမ်ကို နားလည်သဘောပေါက်ဖို့အတွက် Taneem Da`wah အဖွဲ့က ကြိုးပမ်းခဲ့ကြတာဖြစ်ပြီး အစ္စလာမ်နဲ့ ပတ်သက်လို့ ကျင့်ရန်၊ ကျဉ်ရန်တွေကို ညဘက်မှာ အချိန်ထုတ်ပြီး ၁၂ နာရီကြာ သင်ကြားပို့ချပေးခဲ့ပါတယ်။

    အဲဒီ တရုတ်လူမျိုးတွေ အစ္စလာမ်ကို သက်ဝင်ယုံကြည်တဲ့အခမ်းအနားကို မကြာသေးခင်က အစ္စလာမ်ဘာသာဝင်ဖြစ်လာတဲ့ သစ်လွင်တရုတ်မွတ်စလင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ သူတို့တွေဟာ အစ္စလာမ်ကို သက်ဝင်ယုံကြည်ခြင်း မပြုခင်မှာ ဗလီဝတ်ကျောင်းတော်တွေကို လေ့လာခွင့်ရခဲ့ပြီး မရှင်းမလင်းတာတွေမေးမြန်းဖို့အတွက် တွေ့ဆုံပွဲတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ကြပါတယ်။

    အစ္စလာမ်ဓမ္မပညာရှင်တွေကတော့ တရုတ်ဘာသာနဲ့ ရေးသားထားတဲ့ အစ္စလာမ်နဲ့ပတ်သက်တဲ့ စာအုပ်တွေကိုလည်း သူတို့ကို ဝေငှပေးခဲ့ကြပါတယ်။

    ဆော်ဒီအရေဗျမှာ တရုတ်လူမျိုးတွေ အစ္စလာမ်ကို အစုလိုအပြုံလိုက် သက်ဝင်ယုံကြည်လာတာဟာ ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇန်န၀ါရီလက ဆော်ဒီဘုရင်ကြီး အဘ်ဒွလ်အဇစ်ရဲ့ ပကာသနမပါတဲ့ အသုဘကိုကြည့်ပြီး အစ္စလာမ်ကို လေ့လာကာ တရုတ်လူမျိုး ၅၀၀ လောက် အစ္စလာမ်ကို သက်ဝင်လာခဲ့ကြပါတယ်။

    Ref: Onislam

  • ဆော်ဒီဘုရင်၏ ဈာပနကိုကြည့်၍ တရုတ်လူမျိုး ၅၀၀ ကျော် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်

    ဆော်ဒီဘုရင်၏ ဈာပနကိုကြည့်၍ တရုတ်လူမျိုး ၅၀၀ ကျော် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်

    ဇန်န၀ါရီ ၃၁၊ ၂၀၁၅
    M-Media

    sd

    – ဆော်ဒီဘုရင်ကြီး အဘ်ဒူလာ ဘင် အဘ်ဒူလ် အဇစ်၏ ပကာသနမပါသည့် ဈာပနအခမ်းအနားကိုကြည့်၍ ဆော်ဒီနိုင်ငံရှိ တရုတ်လူမျိုး ၅၀၀ ကျော်မှာ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာခဲ့သည်ဟု YouTube ဗီဒီယိုတစ်ခုအရ သိရသည်။

    `အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခ၀ပ်ကိုးကွယ်ရာမရှိ။ မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုအပေါင်း သက်ရောက်ပါစေ) သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်ဖြစ်သည်- လို့ ဟစ်ကြွေးခဲ့ပြီးတဲ့ နောက်မှာတော့ သူတို့အားလုံးဟာ မွတ်စလင်တွေဖြစ်လာပါတော့တယ်´ ဟု ဆော်ဒီ နေ့စဉ် သတင်းစာတစ်စောင်ဖြစ်သော Ajel Arabic တွင် ဖော်ပြထားသည့် ထိုဗီဒီယိုတွင် ပြောကြားထားသည်။

    အဆိုပါ တရုတ်လူမျိုးများမှာ ဆော်ဒီအာရေဗျအရှေ့ပိုင်း ဂျူဘေးလ်မြို့ရှိ ကုမ္ပဏီတစ်ခုအနီးတွင် အစ္စလာမ်သို့
    သက်ဝင်ယုံကြည်ကြောင်း သက်သေခံချက်အား ရွတ်ဆိုနေသည်ကို အဆိုပါဗီဒီယိုတွင် တွေ့ရသည်။ ၎င်းတို့မှာ ဘာသာအယူဝါဒသစ်အား မည်ကဲ့သို့ လိုက်နာကျင့်ကြံရမည်ဆိုသည်နှင့်ပတ်သက်၍ ဆော်ဒီအာဏာပိုင်များ၏ ညွှန်ကြားချက်ကိုလည်း ရယူခဲ့ကြသည်။

    ဘုရင်ကြီးအဘ်ဒူလာမှာ ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့က ကွယ်လွန်သွားခဲ့ပြီးနောက် ၎င်းအား ပိတ်ဖြူဖြင့်ထုတ်၍ အစ္စလာမ်၏သွန်သင်မှုအတိုင်း ပကာသနကင်းစွာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်။

    လူသားများ အသက်ရှင်နေသည်ဖြစ်စေ၊ သေဆုံးသွားသည်ဖြစ်စေ လေးစားရန်အတွက် အစ္စလာမ်သာသနာက သွန်သင်ထားသည်။

    မွတ်စလင်တစ်ဦးတစ်ယောက် ကွယ်လွန်သေဆုံးသွားပါက ၎င်းအလောင်းအား ပထမဦးစွာ ရေချိုးသန့်စင်ကာ ပိတ်ဖြူနှင့်ပတ်ပြီး အမွှေးနံ့သာများ ထည့်ရမည်ဖြစ်သည်။ ထို့နောက် ၎င်းအတွက် ၀တ်ပြုဆုတောင်းပေး၍ မြေမြှုပ်သင်္ဂြိုဟ်ပေးရန် အစ္စလာမ်ကသွန်သင်ထားည်။ ထိုကဲ့သို မြှုပ်နှံသင်္ဂြိုဟ်ခြင်းကို အတတ်နိုင်ဆုံး အလျင်အမြန်ဆောင်ရွက်ရမည်ဖြစ်ပြီး အချိန်ဆွဲခြင်းမှာ မနှစ်မြို့ဖွယ်ရာ ကိစ္စရပ်အဖြစ် သတ်မှတ်ထားသည်။

    မရဏသေခြင်းတရားမှာ သက်ရှိတိုင်း တစ်နေ့တွင် ကြုံတွေ့ရမည့်ကိစ္စဖြစ်သည်ဟု ကုရ်အာန်ကျမ်းတော်မြတ်တွင် သတိပေးထားပြီး သေခြင်းတရားနှင့်ပတ်သက်၍ နေ့စဉ် သတိသံဝေဂ ရနေရမည်ဟုလည်း ဆိုထားသည်။ သေဆုံးပြီးနောက် နောင်တမလွန်တွင် လူသားတိုင်းမှာ ကောင်းမှု၊ မကောင်းမှုများကို အလ္လာဟ်အရှင်မြတ်ရှေ့တော်မှောက်၌ စစ်ဆေးမေးမြန်းခြင်းခံရမည်ဟု အစ္စလာမ်က သွန်သင်ထားသည်။ ထို့နောက် မိမိတို့ ပြုလုပ်ခဲ့သော ကောင်းမှု၊ မကောင်းမှုနှင့်လျှော်ညီစွာ ကောင်းကျိုး၊ ဆိုးကျိုးများကို ခံစား၊ စံစားရမည်ဖြစ်သည်။

    Ref:onislam

  • သစ်လွင် မွတ်စလင်ကြိုဆိုပွဲအား ဇူလိုင်လနှောင်းပိုင်းတွင် ဒူဘိုင်း၌ ပြုလုပ်ခဲ့

    သစ်လွင် မွတ်စလင်ကြိုဆိုပွဲအား ဇူလိုင်လနှောင်းပိုင်းတွင် ဒူဘိုင်း၌ ပြုလုပ်ခဲ့

    စက်တင်ဘာ ၅ ၊ ၂၀၁၄
    M-Media

    87765999_3623822_mosquesheikhzadubai_2_. jpeg
    ဒူဘိုင်းမှ ဗလီဝတ်ကျောင်းတော်တခု

    – အစ္စလာမ်သာသနာတော် အတွင်းသို့ ၀င်ရောက်လာကြသည့် သစ်လွင်မွတ်စလင်များအား သာသနာနှင့် ပတ်သက်၍ ပိုမိုနားလည်စေရန်နှင့် အယူဝါဒသစ်တွင် မြဲမြံစွာရပ်တည်နိုင်ရေး ကူညီရန်အတွက် ဒူဘိုင်းရှိ အစ္စလာမ့်စင်တာတစ်ခုက သစ်လွင်မွတ်စလင် ကြိုဆိုပွဲတစ်ခုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

    အဆိုပါ သစ်လွင်မွတ်စလင်ကြိုဆိုပွဲကို ဒါရ်အလ်ဘာဒေသရှိ အစ္စလာမ့် သတင်းအချက်အလက်စင်တာမှ စီစဉ်၍ New Muslim Retreat ခေါင်းစဉ်ဖြင့် ဇူလိုင်လနှောင်းပိုင်းက ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာအပါအ၀င် ဘာသာပေါင်းစုံမှ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့သူ သစ်လွင်မွတ်စလင် ၂၅၀ ကျော် တက်ရောက်ခဲ့ကြပြီး ၎င်းတို့မှာ သီရိလင်္ကာ၊ နိုက်ဂျီးရီးယား၊ ယုဂန်ဒါ၊ အိန္ဒိယနှင့် ဥရောပနိုင်ငံများမှ ဖြစ်ကြသည်။

    “အခုတော့ မတူညီတဲ့ ခံစားမှုမျိုးကို ခံစားနေရပါပြီ။ ကျွန်မအတွက်တော့ အစ္စလာမ်ဟာ ငြိမ်းချမ်းခြင်းပါပဲ” ဟု ပရိုတက်စတင့် ခရစ်ယာန်မှ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့သူ ဖာသွေမာက ဆိုသည်။

    ထို့ပြင် ရမ်ဇာန်ဥပုသ်လအတွင်း ဥပုသ်သီလဆောက်တည်မှုနှင့် ပတ်သက်၍လည်း Fatima က ဖွင့်ဟခဲ့သည်။

    “ဥပုသ်သီလဆောက်တည်ရတာဟာ ကျွန်မအတွက် သိပ်ခက်ပါတယ်။ ဒါပေမယ့် ခန္တီပါရမီကို ကျွန်မ ရခဲ့ပါတယ်။ အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်ကိုးစားခြင်းဟာ ကျွန်မအတွက်တော့ အရာအားလုံးပြည့်စုံမှုပါပဲ”

    သစ်လွင်မွတ်စလင်များ အစ္စလာမ်နှင့်ပတ်သက်၍ ပိုမိုနားလည်စေရန်အတွက် အဆိုပါ အခမ်းအနားတွင် တရားဟောခြင်း၊ ဆွေးနွေးခြင်း တို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။

    Fatima အပါအ၀င် သစ်လွင်မွတ်စလင်အများစုမှာ မွတ်စလင်သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၏ အစ္စလာမ်သာသနာကျင့်သုံးမှုကို ကြည့်ရှု၍ ၀င်ရောက်လာခြင်းဖြစ်သည်။

    “လွတ်မြောက်မှုကို ကျွန်တော့်ရဲ့ နှလုံးသားထဲက နက်ရှိုင်းစွာ ခံစားခဲ့ရပါပြီ။ အာရပ်သူငယ်ချင်းတွေက ကျွန်တော့်ကို အားပေးခဲ့ကြပြီး အစ္စလာမ်ကို လက်မခံခင် လေ့လာမှုတွေလည်း ကျွန်တော် ပြုလုပ်ခဲ့ပါတယ်။ အမေကတော့ လက်ခံမှာမဟုတ်ပါဘူး။ ဒါပေမယ့် အလ္လာဟ်အရှင်မြတ်အလိုတော်နဲ့ တစ်နေ့နေ့မှာတော့ အမေဟာ အစ္စလာမ်ကို ကျင့်သုံးလာမှာပါ” ဟု ဖိလစ်ပိုင်မှ သစ်လွင်မွတ်စလင် ဂျွန်ရောဘတ်က ပြောကြားခဲ့သည်။

    အဆိုပါ အစ္စလာမ့်သတင်းအချက်အလက်စင်တာတွင် ယမန်နှစ်က အစ္စလာမ်သို့ သက်ဝင်ခဲ့သူ ၁၉၅၀ ရှိခဲ့ပြီး ယခုနှစ်တွင် ဇူလိုင်လအထိ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်သူ အရေအတွက်မှာ ၁၂၀၀ ရှိနေပြီဖြစ်သည်။