News @ M-Media

Tag: NyiTwe

  • ၂၀၁၅ ဆာလောင်မှုသည် အမှန်ကိုသိ၏၊ သို့သော် ပြည်သူကိုစောင့်သည်

    ၂၀၁၅ ဆာလောင်မှုသည် အမှန်ကိုသိ၏၊ သို့သော် ပြည်သူကိုစောင့်သည်

    ဧပြီ ၂၇၊ ၂၀၁၅
    M-Media
    ညီသွေးရေးသည်။

    “ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းကြေကွဲခြင်းတွေဟာ ဝိဥာဉ်ရဲ့ တစ်ထည်တည်းသော အကျီင်္သာဖြစ်တယ်”။ ကဗျာဆရာတစ်ယောက်ရဲ့ ဒသာနပါ။ ကျွန်တော်တို့ ထံမှ လောကကြီးက ဘာတစ်ခုမှ အပိုမတောင်းပါဘူး။ အားလုံးဟာ ကိုယ်စိုက်ပျိုးထားသမျှ ကိုယ်ပြန်ရိတ်သိမ်းနေရတာပါ။ ကျွန်တော်တို့ထံရောက်လာတဲ့ အကောင်းအဆိုးတွေဟာ ကျွန်တော်တို့လက်တွေနဲ့ စီချယ်ထားတဲ့ ကိုယ်ပိုင်ပန်းချီကားတွေပါပဲ။ ရပိုင်ခွင့်ဆိုတာ ဘယ်လောက်ပေးဆပ်ထားသလဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ လူအများက Human Right ဆိုတဲ့ အခွင့်အရေးဆိုတာလောက်ကို ဂရုစိုက်ပြီး ရပိုင်ခွင့်တောင်းနေကြတာကို ကျွန်တော်ကဒီလိုဖြည့်စွက်ပေးချင်ပါတယ်။ Responsibilities ဆိုတဲ့ တာဝန် သိတတ်မှု၊ ပေးဆပ်တတ်မှု၊ အလိုက်သိတတ်မှု၊ သူ့နေရာမှာ ကိုယ်သာဆိုတဲ့ စဉ်းစားပေးမှုအပြင် သူ့နေရာမှာ သူသာဆိုလျှင်ကောဆိုတဲ့ အဆင့်ထိစဉ်းစားပေးနိုင်တဲ့ စိတ်ထားတွေထားရှိနိုင်မှု၊ ယူစရာအခွင့်အရေးကို အနည်းဆုံးယူပြီး အများဆုံးပြန်ပေးနိုင်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်မျိုးထားရမှုတွေ၊ အားလုံး အကျုံးဝင်နေသော စာသားကိုနားလည်ပြီးမှ လူ့အခွင့်အရေး ဆိုင်းဘုတ်တွေ ထောင်စေချင်တာပါ။

    အပေးအယူဆိုတဲ့ စာသားမှာ အပေးက အရင်လာတာပါ။ အရင်ပေးဆပ်ပါလို့ ဆိုတဲ့ သဘောပါတယ်။ အခုတော့ အပေးအယူ ကိစ္စခဏထားပါဦး။ အယူအပေးကိုတောင် တာဝန် မကျေနိုင်လို့ မအောင်မြင်တဲ့တိုက်ပွဲတွေ၊ ပဋိပက္ခတွေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်ခဲ့ ရတာပါ။ ဘာမှမပေးဆပ်ဘဲနဲ့ ဘာမှပြန်ရဖို့ မစဉ်းစားကြပါနဲ့။ ပေးဆပ်ခဲ့တဲ့သူတွေပဲ အခွင့်အရေးကိုကြည်ကြည်သာသာ ပြန်ရတတ်ပါတယ်။ ဘာမှမပေးဆပ်ရသေးဘူး။ ဘတ်ဂျက် အရင်တောင်းနေတဲ့ ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေဟာ Responsibilities သဘောတရားကို မကျေညက်တဲ့ အပြင် မရှိတဲ့ အရာရှိလာအောင်မလုပ်၊ ရှိနေတဲ့ အရင်းအနှီး အကုန်ဖြုတ်အောင် လုပ်နိုင်တဲ့ အာဂ ဝန်ကြီးများအဖြစ် ပြည်သူက မှတ်တမ်းတင်ထားကြမှာပါ။

    အမေရိကန် သမ္မတဂျွန်အက်(ဖ) ကနေဒီက ဒီလိုမိန့်ဆိုခဲ့ဖူးပါတယ်။ တိုးတက်မှုရှိဖို့ အကောင်းဆုံး နည်းလမ်းကတော့ အခြားလူတွေနဲ့ ပလဲနံပသင့်ဖို့ပဲ တဲ့။ ဒီကမ္ဘာကြီးမှာ အနုမြူဗုံးထက် AK 47 ရိုင်ဖယ်ထက် အသက်ဇီဝကို မြန်မြန်မျိုးတုံးစေတာ၊ တစပြင်တွေကိုစည်စေတာ လူ့ပယောဂနဲ့ရေးတဲ့ သဘာဝကပ်ဘေးတွေပါ။ ကိုယ်နဲ့ မတူကိုယ့်ရန်သူဆိုပြီး ခေါင်းဆောင်ဆိုးတွေက တရားမဲ့တဲ့ စိတ်ထားနဲ့ရင်ထဲက မီးတောက်တွေကို မငြိမ်းသတ်နိုင်ခဲ့လို့ လူ့အသက်ပေါင်းများစွာ သေကြေပျက်ဆီးခဲ့ရတဲ့ စစ်ပွဲကြီးတွေ၊ လူမျိုးတုန်း သတ်ဖြတ်ပွဲကြီးတွေဟာ ရွံရှာဆုပ်ဖွယ်ရာ ဒီကမ္ဘာကြီးမှာဖြစ်ပွားခဲ့၊ ဖြစ်ပွားဆဲ၊ ဖြစ်ပွားလာ လတ္တံ့ပါပဲ။ အမုန်းတရား မီးတောက်ကလေးတွေဟာ နေရာအနှံ့ပြန့်ကျဲနေဆဲ တောက်လောက်နေဆဲမို့ အချိန်မီမီးတောက်ကြီးတွေ ဖြစ်မသွားအောင် တာဆီးဖို့အရေးဟာ နိုင်ငံသားတိုင်းရဲ့တာဝန်ပါ။

    တိုင်းပြည်ရဲ့လက်ရှိ ဆန္ဒပြပွဲတွေ၊ ဆန္ဒပြပွဲကို ဖြိုခွင်းပုံတွေ၊ ပဋိပက္ခကို ဖြိုခွင်းပုံတွေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အားလုံးဟာ တစ်နေရာထဲက စီးဆင်းလာတဲ့ ဒုက္ခမြစ်မကြီးရဲ့ ဒုက္ခမြစ် လက်တက်ခွဲလေးတွေပေါ့။ ဒီကိစ္စအားလုံးကို ဖြေရှင်းဖို့ နှစ် (၆၀) စာလောက် စွဲကပ်လာခဲ့တဲ့ ဒီအနာအိုင်းကြီးတွေ ပျောက်ကင်းသွားဖို့ဆိုတာ တစ်ယောက်ကို တစ်ယောက်လက်ညှိုးထိုးပုံချနေရုံနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ ပြည်သူတွေ အနှစ်မရှိလွန်းတော့ ကြက်ဆူပင် မင်းဆိုးမင်းညစ်တွေ မင်းမူနေတာဟာ သဘာဝပါပဲ။ တိုင်းသူပြည်သားအားလုံးရဲ့ အမှန်မြင်မှုတွေ၊ တာဝန် ခံတတ်မှုတွေ၊ ပေါင်းစည်း ညီညွတ်မှုတွေနဲ့သာ ဒီအနာတရားတွေကို ကုစားနိုင်မှာပါ။

    “ရင်ဝမှာ မြှားတစ်စင်းလာစိုက်ရင် လားရာကိုမျှော်နေမယ့် အစား မြှားသွားကိုအရင်နှုတ်လိုက်ပါ” တဲ့။ ဗုဒ္ဓရဲ့ဆုံးမစကားပါ။ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ရေးမှူး ဘုရင်ခံအဖြစ် စေလွှတ်လိုက်ခါနီးမှာ တပည့်ဘုရင်ခံလောင်းကို တမန်တော် မုဟမ္မဒ်က ဒီလိုမှာပါတယ်။ “အို သင်သည် မိမိကိုယ်မိမိ ကြည့်နေရသောကြောင့် သူတစ်ပါးအားကြည့်အားသည် မရှိစေရ” တဲ့။ ဆိုလိုရင်းကတော့ တစ်ကိုယ်ရည် စိတ်ငြိမ်းရေးကို အရင်ရှေးရှုခိုင်းနေတဲ့ စကားတွေပါပဲ။ တစ်ကိုယ်ရည်ငြိမ်းချမ်းရေးတောင်မှ မရှိဘဲနဲ့ အသင်းအဖွဲ့ကို ငြိမ်းချမ်းအောင် ဦးဆောင်လို့မရပါဘူး။ အခုတော့ ကျွန်တော်တို့ ရင်ထဲကို ရောက်လာတဲ့ အမုန်းမြှားသွားတွေကို မသိနားမလည်မှုဒေါသ မောဟတွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါ မဆုံးနိုင်တဲ့ မီးတောက် သံသရာကြီးတွေ ပေါ်ပေါက်လာခဲ့ပါတော့တယ်။

    မီးတကာမီးထက် ကိုယ့်ရင်ထဲက လောင်နေတဲ့မီးကို ပြန်မြင်နိုင်ပြီး အရင်ငြိမ်းသတ်နိုင်ဖို့က ပိုခက်ပါတယ်။ တောတောင်နံရံတွေမှာတောင် အပြန်အလှန်ပဲ့တင်သံရှိတယ်ဆိုရင် ကျွန်တော်တို့က အားလုံး အပေါ် မေတ္တာထားနိုင်ရင် ဘာပြန်ရမလဲ ရှင်းပါတယ်။ မေတ္တာပဲပြန်ရမှာပေါ့။ တစ်ယောက်ကိုတစ်ယောက် စေတနာ၊ မေတ္တာ၊ မုဒိတာ၊ ဂရုဏတွေနဲ့ အပြန်အလှန်စောင့်ရှောက်ကြရင် အလွန်လှတဲ့ လောက လူ့ဘောင်ကြီး ဖြစ်လာမှာပါ။ “မင်္ဂလာ” ဆိုတာ မကောင်းမှုကို ရှောင်ကျဉ်တက်သော သတ္တိနှင့် ကောင်းမှုကို လုပ်ဆောင်နိုင်သော သတ္တိဆိုပြီး အလွန်လှတဲ့ အနက်အဓိပ္ပာယ်ကိုဆောင်ပါတယ်။ ကျွန်တော်တို့နေ့စဉ် မင်္ဂလာပါ လို့ နှုတ်ဆက်ပြီး ဒီစကားရဲ့ အဓိပ္ပာယ်ကို အကောင်အထည်ဖော်ကြဖို့ မေ့နေကြတယ်။

    ကဗျာဆရာ သမ္မတကြီး အာချီဘော့ မက္ကလေ့ရှ် ပြောခဲ့တာရှိပါတယ်။ အတွေ့အကြုံက တစ်ဆင့် သင်ယူရတာထက်ပိုပြီး အဆင်းရဲခံရတာတစ်ခုရှိတယ်။ အဲဒါက အတွေ့အကြုံကတစ်ဆင့် မသင်ယူတာပဲ၊ နှစ်ပေါင်းများစွာ ဒုက္ခပေါင်းများစွာ အသက်သွေးချွေးပေါင်း များစွာရင်းလို့ ကျွန်တော်တို့ပြည်သူတွေ သင်ခန်းစာတွေကို ဝယ်ခဲ့ရပြီးပြီ။ နောက်ထပ် ထပ်ပြီးမဝယ်ရဖို့ နောက်ထပ် အလိမ်မခံရဖို့၊ နောက်ထပ် အမုန်းမီးပွားတွေ မပြန့်ပွားဖို့ တာဝန်သိသိ၊ သတိတရားရှိရှိ နေထိုင်သွားကြဖို့ အရေးကြီးပါတယ်။ လောကမှာ ရှင်သန်ခြင်း (၂) မျိုးရှိပါတယ်။ တချို့ရဲ့ရှင်သန်ခြင်းက ကောင်းမှုတွေကြိုးစားလုပ်ပြီး မကောင်းမှုတွေကို ဖြည်းဖြည်းရှောင်ကြဉ်တဲ့ မင်္ဂလာရှိတဲ့ လှေခါးထက် ရှင်သန်ခြင်းပါ။ ရှိတာလေးကို သမ္မာအာဇီဝနဲ့ ကြိုးစားသွားရင် အတက်ပဲရှိမှာပါ။ မူးယစ်ဆေးဝါး၊ လူကုန်ကူး၊ လောင်းကစားစတဲ့ မသမာအာဇီဝတွေနဲ့ ရောင်းဝယ်ဖောက်ကားပြီး ကြွယ်ဝရှင်သန်ခြင်းတွေ၊ လူ့အသက်ပေါင်းများစွာ စတေးနေရတဲ့တိုင်အောင် တန်ခိုးကြီးထွားနေဆဲ အာဏာရှင် အစိုးရတွေ၊ ဘာသာရေးအစွန်းရောက်တွေရဲ့ ရှင်သန်ခြင်းဟာ အဆိုးကို သွားဖို့ အဆင်းကို ဘီးတပ်နေတဲ့ရှင်သန်ခြင်းပါ။ ကျွန်တော်တို့ မသိတဲ့ အခြားတစ်ဖက်မှာ အဲဒီလိုရှင်သန်နေတဲ့သူတို့ ဘာတွေပေးဆပ်နေရတယ်ဆိုတာ သူတို့သာအသိဆုံးဖြစ်မှာပါ။ ငွေ၊ အာဏာ၊ ရာထူး၊ ဂုဏ်သိမ်စတဲ့ မမြဲတဲ့အရာတွေနဲ့ မာနကြီးနေတာ အားလုံးထက်ပိုသာနေတယ်လို့ ထင်နေတာပြန်စဉ်းစားကြည့်ရင် အဲဒီအရာတွေနဲ့ ကျားကန်ရပ်တည်နေရလို့ သနားစရာတောင် ကောင်းနေပါတယ်။

    လောလောဆယ်တော့ ဒီမိုးကြီးက မလင်းသေးပါဘူး။ ဒါပေမယ့် မိုးမလင်းတဲ့ညဆိုတာ မရှိသလို နေမထွက်တဲ့နေ့ဆိုတာလည်း မရှိပါဘူး။ မိုးမလင်းခင်အမှောင်မှာ ကျင့်သား ရအောင်ကြိုးစား၊ တစ်ယောက်တစ်ယောက်ဖေးမပြီး လမ်းမှန်ကိုလက်တွဲခေါ်ဆောင်နိုင်အောင် ကြိုးစားနေရမှာက ပြည်သူပြည်သားအပေါင်းရဲ့ သမိုင်းပေးတာဝန်ဖြစ်နေရမှာပါ။ လောကကြီးထဲ ဘာယူရမလဲ ဘာ အမြတ်ထုတ်မလဲလို့ အမြဲစဉ်းစားနေတဲ့ အယူသမား သက်သက်တွေအမြဲရှိနေသလို ဘဝကိုတံတားတစ်စင်းလို ဖျာတစ်ချပ်လိုခင်းကျင်းပြီး အားလုံးကောင်းဖို့ အကျိုးရှိဖို့ အနင်းခံပေးဆပ်ထားတဲ့ အပေးသမားတွေလဲရှိနေပါသေးတယ်။ မတရားမှုနဲ့တရားမှု၊ အဓမ္မနဲ့ ဓမ္မ ဒီအားပြိုင်မှုတွေဟာ ကမ္ဘာဆုံးတိုင်ရှိနေမယ့် နိယာမအရှိတရားပါ။ နောက်ထပ် ဟစ်တလာတွေ၊ နောက်ထပ် မူဆိုလီနီတွေ၊ နောက်ထပ် ပိုပေါ့တွေ၊ နောက်ထပ် နီရိုးဘုရင်တွေ၊ နောက်ထပ် ကင်ကျုံးအမ်တွေရှိသလို၊ နောက်ထပ် မာသာထရီဇာတွေ၊ နောက်ထပ် မာတင်လူသားတွေ၊ နောက်ထပ်အေဗရာဟင် လင်းကွန်တွေ၊ နောက်ထပ်ဂန္ဓီကြီးတွေ၊ နောက်ထပ် ဗိုလ်ချုပ်အောင်ဆန်းတွေ ရှိနေပါသေးတယ်။

    အမှန်တရားသည် အကောင်အထည် မရှိ၍ ကိုယ်ထင်မပြ။ ထို့ကြောင့်လည်း သမ္မတကြီး ဦးသိန်းစိန်သည် အမှန်ကိုသိသည်၊ သို့သော် သူစောင့်နေသည်။ လွှတ်တော် ဥက္ကဌ ကြီး ဦးရွှေမန်းသည် အမှန်ကိုသိသည်၊ သို့သော် သူကလည်းစောင့်နေသည်။ တစ်နပ်စားကြံတဲ့ ဝန်ကြီးကလည်း အမှန်ကိုသိသည်။ သို့သော် သူကလည်းစောင့်နေပါသည်။ နယ်လှည့်ပါးရိုက်မည့် ဝန်ကြီး၊ သမ္မတ အကြံပေးအုပ်စု သူတို့လည်း အမှန်ကိုသိပါသည်။ သို့သော် အလှည့်မကျ၍ သူတို့စောင့်ရဆဲ။ ပြည်သူတွေကကော ဘာတွေ ကိုစောင့်ရဦးမလဲ။ မျှော်ရလွန်းလို့ လည်တိုင်တွေလည်း ကျီပေါင်းထခဲ့ပြီ။ အိမ်မက်တွေလည်း မက်ရလွန်းလို့ ပက်ကြားအပ်ခဲ့ပြီ။ ခုတော့ ၂၀၁၅ဟာ ပြည်သူတွေ လက်ထဲရောက် လာပါပြီ။ ပြည်သူတွေရဲ့ အသင်းလိုက် စုစည်းမှု၊ ညီညွတ်မှု၊ အပေးအယူကောင်းမှုတွေနဲ့ ပြိုင်ပွဲရလာဒ်ဟာ ခဏလေးနဲ့လည်း ပြောင်းသွားနိုင်သလို နှစ် (၁၀၀) လည်း ထပ်ကြာသွားနိုင်ပါတယ်။ အပြောင်းအလဲဖြစ်တိုင်း နာကျင်မှုဆိုတာရှိပါတယ်။ ဒါမဆန်းပါဘူး။ ပြောင်းလဲချင်ချင်၊ မပြောင်းလဲချင်ချင် အပြောင်းအလဲဆိုတာ အမြဲရှိပါတယ်။ ခေတ်နဲ့ဘဝကြီးဆိုတာ စီးဆင်းနေတဲ့ရေပါ။ တိုးတက်ချင် အထက်ကို ရောက်ချင်ရင်တော့ ဆန်တက်ဖို့ကြိုးစားရပါမယ်။ ဒီအတိုင်းလေးပဲ ကြိုက်တယ်ဆိုရင်တောင် အနည်းဆုံး ရပ်နေနိုင်အောင် ကြိုးစားရဦးမယ်။ အားမထုပ် ရေစုန်မျှော လိုက်သွားမယ်ဆိုရင်တော့ ရေစီးနဲ့အတူ အနိမ့်ကိုမျှောပါသွားမှာ အသေအချာပါပဲ။   “စပါတာကတ် (စ်) တွေကလည်း အမှန်ကို သိပါတယ်။ ဒါပေမယ့် သူတို့ပေါ်ကျလာမယ့် ဓါးချက်တွေကိုတော့ ဒီအတိုင်း မစောင့်၊ ဓါးလွတ်ကိုင်ပြီး စောင့်ကြသည်” တဲ့။

  • ရိုးရာတွေထဲမှာ အနာဂတ်ကို မထားခဲ့နဲ့

    ရိုးရာတွေထဲမှာ အနာဂတ်ကို မထားခဲ့နဲ့

    ဧပြီ ၁၃ ၊ ၂၀၁၅
    M-Media
    ညီသွေးရေးသည်။

    water
    လောကမှာ သဲထဲရေသွန်တာလောက်
    ဘယ်အရာမှ မကောင်းဘူး
    ကြည့်လေ သွန်လိုက်တဲ့ရေ ပြန်မတွေ့တော့ဘူး
    ဒါပေမယ့် ကိုယ်သွန်လိုက်တဲ့ရေက
    ပိုလျှံနေတဲ့ရေတော့ ဖြစ်ရမယ်
            (မောင်ချောနွယ်)

    မကြာခင် လုံးဝခန်းခြောက်သွားတော့မယ့် ရေကန်ကြီးတစ်ကန်ရဲ့ အလယ်ခေါင် ရေစပ်ကလေးမှာ ရေခွက်ကလေးတွေ ကိုယ်စီနဲ့ တစ်ယောက်တစ်လှည့် ခတ်ပြီး ရေချိုတစ်ပုံးရဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းနေတဲ့ အညာဒေသရဲ့ လက်ရှိ အခြေအနေကို ထင်ဟပ်တဲ့ ပုံလေးတစ်ပုံ အွန်လိုင်းမှာ မြင်တွေ့လိုက်ရတာဟာ ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံရဲ့အစပါ။ ငြိမ်းချမ်းရေးသတင်းတွေ (၆) ပွင့်ဆိုင် အရေးတွေ၊ ကျောင်းသားသပိတ်တွေ မြန်မာပြည်ရဲ့ အနာဂတ်အရေးမှာ ပိုလို့အရေးပေး စဉ်းစားရမယ့် အရာတွေထဲ Renewable Resources (ပြန်လည်ဖြိုးမြဲ စွမ်းအင်သံယံဇာတ အရင်းမြစ် စာရင်းဝင်) ဖြစ်တဲ့ ရေဟာ ရုတ်ခြည်းထိပ်ဆုံး စာရင်းဝင်ဖြစ်လာပါလိမ့်မယ်လို့ ဘယ်သူမှ မထင်မှတ်ထားကြမှာ မဟုတ်ပါဘူး။

    ကျွန်တော်တို့ ဒီမှာရေကိုဗွမ်းကနဲ ဗွမ်းကနဲ ရေစည် တစ်ရစ်လောက်ကျန်အောင် ရေချိုးနေချိန်မှာ အညာဒေသရေနည်း မိုးခေါင်ရပ်ရှားဒေသနေသူတွေခမျာ (၁)မိုင် (၂)မိုင် အကွာအဝေးကို ရေစည်လှည်းတွန်းပြီး ပင်ပန်းကြီးစွာလာရ၊ ရေတစ်ခွက် တစ်ပုံးချင်းစီ အချိန်ပေးစောင့်ဆိုင်းပြီး ဖြည်းဖြည်းချင်း ဖြည့်ရ၊ ရေတစ်လှည်းတစ်စည်ရဖို့ နေ့ဝက်ခန့် အချိန်ပေးအလုပ်ကြီး တစ်လုပ်ဖြစ်နေရရှာပါတယ်။ နံနက်မိုးလင်းတာနဲ့ အိမ်သာထဲမှာ ရေပြည့်နေဖို့၊ ထမင်းဟင်းချက်ဖို့၊ အိုးခွက်ပန်းကန်တွေဆေးဖို့ အဝတ်လျှော်ဖို့ ရေဟာနေ့စဉ်မဖြစ်မနေ လိုအပ်နေတဲ့အရာပါ။ လွယ်လွယ်ရနေတဲ့ လွယ်လွယ်ရနေဆဲ နောင်လည်း အေးအေးဆေးဆေး ရနေလိမ့်ဦးမယ် ထင်နေတဲ့သူတွေအဖို့ ဒီအကြောင်းတရားဟာ ဘာမှစဉ်းစားစရာ မလိုဘူးလို့ ထင်ကောင်းထင်နေလိမ့်မယ်။

    ရေချိုအရမ်းရှားတဲ့ ဒလမြေမှာပေါ်မှာ NGO အဖွဲ့အစည်းတစ်ခုကဦးဆောင်ပြီး နေရာ (၁၀) နေရာမှာ ရေကြည်ထွက်လာတဲ့ အဆင့်ရောက်တုံကင်တွင်း (၁၀) တွင်းတူးပေးပါတယ်။ အရင်ဆုံးတစ်နေရာက တုံကင် ကိရိယာတစ်ခု စပျက်ပါတယ်။ ဘယ်သူမှ ဂရုစိုက်ပြီး အိပ်စိုက်ပြီး စုပေါင်းပြီး မပြင်ပါဘူး။ ပျက်တဲ့နေရာကလူတွေက ဒုတိယအနီးဆုံးတုံကင်တွင်းနေရာမှာ သွားစုပြုံတိုးကြပါတယ်။ နှစ်လလောက်ကြာတော့ ဒေသနှစ်ခုစာရှိတဲ့ လူတွေရဲ့ဒဏ်ကို တုံကင်တွင်းတစ်ခုက မခံနိုင်ရှာတော့ပါဘူး။ ဒီတော့ ဒုတိယတွင်းလည်း ပျက်ပါတယ်။ ထုံစံအတိုင်းဒေသခံနှင့် တာဝန်ရှိသူများက မပြင်ပါ။ တတိယတွင်းမှာ ဒေသသုံးခုစာက လူတွေသွားဝိုင်းကြတယ်။ တတိယတွင်းလည်း တစ်လမခံပါ။ ပျက်သွားပါတယ်။ တစ်နှစ်တာအတွင်းမှာ တွင်း ၁၀ တွင်းစလုံးပျက် NGO ရဲ့စေတနာ၊ ငွေ၊ အချိန်၊ လူအင်အား အားလုံးအဟောသိကံ ဖြစ်ပါတယ်။ ရှိနေဆဲ ရနေဆဲ အခွင့်အရေးများကို မထိန်းသိမ်းနိုင်လျှင် မကာကွယ်နိုင်လျှင် ရေရှည်၌ဒုက္ခရောက်ရမည်ကို သင်ခန်းစာယူနိုင်ရန် နမူနာတင်ပြရခြင်း ဖြစ်ပါသည်။

    မနေ့တစ်နေ့ကပင် အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားမှာ ရေချိုအရင်းမြစ်တွေ တစ်နေ့တစ်ခြား ရှားပါးလာတဲ့ အပေါ်မှာ နိုင်ငံနဲ့အဝှမ်း ရေသုံးစွဲခြင်းကို မဖြစ်မနေ လျော့ရမယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်တဲ့သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ ပြီးတော့လည်း မိုးခေါင်ရေရှား မဖြစ်အောင် လုပ်ပေးနိုင်တဲ့နည်းပညာတွေကိုလည်း အပူတပြင်းရှာဖွေနေရပါတယ်တဲ့။ နောက်ထပ်သတိမူစရာ၊ ရင်ထိတ်စရာ သတင်းတစ်ပုဒ်ကိုလည်း ဖတ်လိုက်ရပါသေးတယ်။ အဲဒါကတော့ ထိုင်ဝမ်နိုင်ငံမှာရှိတဲ့ မြို့ပေါင်းမြောက်များစွာကို ရေပေးဝေနေတဲ့ ဧရာမဆည်ကြီးတစ်ခုဖြစ်တဲ့ “ရှိမင်း” ဆည်ဟာ နှစ်ပေါင်း ၇၀ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် လုံးဝခန်းခြေက်သွားပြီး ရွံ့အိုင်ကြီးအဖြစ် ပြောင်းသွားပါပြီ။ အဲဒါကြောင့် သိန်းပေါင်းများစွာသော ထိုင်ဝမ်မြို့သူမြို့သားများဟာ ရေကိုခွဲတမ်းကန့်သတ်ချက်တွေနဲ့ အချိုးကျရေပေးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြောင်းပါ။

    ဒီသတင်းတွေဟာ ကျွန်တော်တို့အနာဂတ်မှာ ရေအရင်းအမြစ်ဟာ အရေးကြီး အရေးပါလာပြီး အားလုံးဝိုင်းဝန်းဆွေးနွေးအဖြေရှာကြဖို့ အချိန်ဟာကျရောက်လာပါပြီလို့ ပြောနေတဲ့ အချက်အလက်တွေပါ။ တစ်ကယ်တော့ ရေ၊ လေ၊ နေရောင်ခြည်၊ သစ်ပင်၊ တိရစ္ဆာန် စတာတွေဟာ Renewable Resources (ပြန်ပြည့်မြဲစွမ်းအင် သယံဇာစအရင်းမြစ်) စာရင်းဝင်တွေပါ။ ဒါပေမယ့် ဆည်တွေထဲမှာ သိမ်းဆည်းထားတဲ့ ရေချိုတွေဟာ မိုးမရွာရင် ပြန်လာလို့ မရပါဘူး။ သစ်တောတွေ ပျောက်ကုန်လို့ ပတ်ဝန်းကျင်အပူချိန် ပိုမြင့်တက်လာလေ မြစ်ချောင်းအင်းအိုင်မှာရှိတဲ့ ရေတွေမြန်မြန် ခန်းခြောက်လေပါပဲ။ လက်ရှိသုံးစွဲနေတဲ့ အဝိစီတွင်းရေ (မြေအောက်ရေ) ဆိုတာကလည်း မြစ်ချောင်းအင်းအိုင်တွေကို အမှီပြုပြီး ဖြစ်တည်လာရတာပါ။ ဒီမြစ်ချောင်းအင်းအိုင်တွေ ကောလာတဲ့တစ်နေ့ အားလုံး ပင်လယ်ဝေကြရပါလိမ့်မယ်။ သစ်တောကြီးတွေ တစ်နေ့တစ်ခြား ပျောက်ပျောက်ကုန်သွားလိုက်တာ၊ ကမ္ဘာကြီးပိုပူလာလို့ အိုဇုန်းလွှာအပေါက်ကြီးလာလို့ ကမ္ဘာကြီးပိုပူလာ ဒီသံသရာတွေ၊ လျှပ်စစ်စွမ်းအင် အလွန်အကျူးထုတ်လုပ်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် မြေရေလေ ညစ်ညမ်းလှုပ်ရှားမှုတွေကို အရေးပါပြီးဖြစ်တဲ့အကြောင်း ကမ္ဘာသူ ကမ္ဘာသားအားလုံး အချိန်မီသိရှိပြီး အားလုံးလက်တွဲညီညီ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရပါတော့မယ်။

    6bde3cb58b479198acb58c0563d78275_XL

    အခုမကြာခင် ရိုးရာသင်္ကြန်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘယ်တော့မှ ပြန်မလာတော့မယ့် ရေချိုသန့် ဂါလံသန်းပေါင်းများစွာကို သဲထဲရေသွန်အဟောသိကံ လုပ်ဆောင်ကြပါတော့မည်။ မီးသတ်ပိုက်နဲ့ဖွင့်ပြီး ရေထွက်နှုန်းဟာ ရေဂါလံ (၆၀၀၀) ခန့်ကို (၁၂)မိနစ်အတွင်း ဖြုန်းပေးနိုင်ပါလိမ့်မယ်။ နိုင်ငံနဲ့အဝှမ်း မီးသတ်ပိုက်မဟုတ်လျှင်တောင် ပိုက်ကြီးပိုက်ငယ် အသွယ်သွယ်နဲ့ တစ်ပြိုက်နက်တည်း လောင်းချလိုက်ရမည့် ရေထုထည်ကြီးဟာ ဘယ်လောက်တောင် ကြီးမားပါလိမ့်။ ရေဂါလံပေါင်း သိန်းနဲ့ချီ၍ မိနစ်တိုင်း ကုန်ဆုံးမှုဖြစ်နေမှာပါ။ ကာလီဖိုးနီးယားမြို့နယ်အုပ်ချုပ်ရေးမှူးက ရေချိုးခြံချွေတာဖို့ အမိန့်ထုတ်ပြန်နေတဲ့အချိန်မှာ ကျွန်တော်တို့ဆီက မြို့တော်ဝန်မဏ္ဍပ်ဆိုတာက ရေကိုအချိန်ပြည့်သွန်းလောင်းပေးနေပါလိမ့်မယ်။ ရေဘေးဒုက္ခနဲ့ ကြုံတွေ့နေရတဲ့ ထိုင်ဝမ်မြို့သူမြို့သားတွေလဲ ဒီရေဖြုန်းတီးမှုကိုကြည့်ပြီး ဘယ်လောက်တောင် ရင်ထုမနာဖြစ်လိုက်ကြမလဲ။ ကိုယ်သွန်ချလိုက်တဲ့ရေဟာ ကိုယ့်အတွက်ပိုလျှံနေပေမယ့် အခြားသူများအတွက် ရွှေလိုရှားပါးနေပြီး အချို့အရပ်ဒေသများအတွက် ငွေထက်ပိုတန်ဖိုးရှိနေတဲ့ အရာဆိုတာ လောက်ကိုတော့ သင်္ကြန်မှာရေဖြုန်းတီးခဲ့တဲ့သူတွေ၊ နောက်ဆက်လက် ဖြုန်းတီးကြဦးမယ့်လူတွေ သိထားသင့်ပါတယ်။

    အသိဥာဏ်ရှိတဲ့ လူသားတွေအနေနဲ့ ကိုယ့်တစ်ကိုယ်ရည် အတ္တကြောင့် အခြားသူတွေ ထိခိုက်နစ်နာမည်ဆိုလျှင် သို့မဟုတ် သွယ်ဝိုက်နစ်နာနိုင်မည့်လုပ်ရပ်များ ဖြစ်နေပြီဆိုလျှင် အကျိုးဆက်အနေနှင့် တန်ပြန်သက်ရောက်မှုများနှင့် တစ်နေ့ရင်ဆိုင် ရမည်မှာ လောကနိယာမပင်ဖြစ်သည်။ တချိန်က ရိုးရာသင်္ကြန်ဆိုလျှင် မြန်မာလူမျိုးတို့ ယဉ်ကျေးသိမ်မွေ့ ချစ်စရာဓလေ့ စရိုက်ကိုပြဆိုသော ပွဲတော်တစ်ခုဟု ကမ္ဘာကသိမြင်ခဲ့သည်။ ယခုခေတ်သင်္ကြန်ဟုဆိုလိုက်လျှင် အရင်ဆုံးပြေးမြင်လာရသည်က အရက်မူး၍ ယောက်ျား မိန်းမဒွေးရောယှက်တင် ကခုန်မြူးထူး အပျော်လွန်နေသည့် မြင်ကွင်းများ သာ မြင်သာထင်သာ အရှိဆုံး ဖြစ်နေပါတော့သည်။ မူးယစ်လွန်ရာမှ ဖြစ်လာသော နောက်ဆက်တွဲ များကတော့ အရှက်သိက္ခာမဲ့ရသော လူမှုရေးပြသာနာများ၊ ခြေလွန်လက်လွန် ရာဇဝတ်မှုများ၊ နောက်ဆုံးမထိန်းနိုင် မသိမ်းနိုင် အသက်စွန့်ရသည့် အထိပင်ဖြစ်လာရသည်မှာ နှစ်စဉ်နှင့်အမျှပင်။

    ကိုယ့်ရိုးရာဓလေ့၏ ကောင်းမွန်သော အစိတ်အပိုင်းကို ထိန်းသိမ်း၍ မကောင်းမွန်သော အစိတ်အပိုင်းများ ကာကွယ်ရန်မှာ လူမျိုးတိုင်း၏ တာဝန်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော လူမျိုးပေါင်းစုံတို့သည် ကိုယ်စီကိုယ်စီ မိမိဓလေ့၊ မိမိရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းကာ မိမိတို့ဘာသာ၏ အဆုံးအမများကို ကြိုးစားလိုက်နာကြ၍ တစ်ဦးနှင့်တစ်ဦး အပေးအယူ ကြည်ဖြူမျှကြလျှင် အနာဂတ်မြန်မာသည် သာယာမှုအတိ ရှိပါလိမ့်မည်။ သို့မဟုတ်ဘဲ တစ်ယောက်ယဉ်ကျေးမှုကို တစ်ယောက်အပြစ်ဆို၊ တစ်ယောက် ဓလေ့ထုံးစံကို တစ်ယောက်ကအပြစ်တင်၊ တစ်ယောက်ဘာသာတရားကို တစယောက် မကောင်းမြင်ဖြစ်နေမည်ဆိုပါက ယခုအချိန်သည် ပူပြင်းခြောက်သွေ့သော အာဏာလုရာသီသို့ ဝင်ရောက်လာပြီဖြစ်ရာ ငို့ဘသမားများ၏ အသုံးချခံ သားကောင်းများဘဝသို့ ရောက်ရှိသွားနိုင်ပါသည်။ လောကတွင် အမှောင်နှင့်အလင်းသည် ရန်သူမဟုတ်၊ မိတ်ဖက် ဖြစ်သည်။ နေ့အလင်းရောင်သည် လူသားတို့၏ စားဝတ်နေရေးရှာဖွေမှုအတွက် အရေးပါသလို ညအမှောင်သည် တစ်နေ့တာ ပင်ပန်းမှုတို့အတွက် အိပ်စက်အားဖြည့် အနားယူရန်အတွက် မရှိမဖြစ်ပင်။ ပန်းဥယျာဉ်တစ်ခု၏ အလှသည် ရောင်စုံပန်းတို့၏ အလှနှင့် မွှေးရနံ့ပေါင်းစုံဖြင့် သာတင့်တယ်နိုင်သလို လူ့လောကသည်လည်း ဆန့်ကျင်ဘက်အရာတို့ မတူကွဲပြားသော အရာခပ်သိမ်းတို့ဖြင့်သာ ရှေ့သို့ချီတက်ပေသည်မှာ ကမ္ဘာဦးကတည်း ယခုထိတိုင်အောင် ဖြစ်ပေသည်။

    ချုပ်၍ဆိုရသော ရေတစ်ခွက် လျှော့သုံးလိုက်ခြင်း၊ ရေဘုံဘိုင်ခေါင်းကလေးကို မြန်မြန်ပိတ်ခြင်းကသည်ပင် လောကကြီးကို ကယ်တင်ရာမည်၏။

    ညီသွေး

    Photo Credit – 7DayNews,မြဝတီ

  • အတိတ်၊ ပစ္စုပန်၊ အနာဂတ် မိအေးများသို့

    အတိတ်၊ ပစ္စုပန်၊ အနာဂတ် မိအေးများသို့

    ဧပြီ ၉ ၊ ၂၀၁၅
    M-Media
    ညီသွေး ရေးသည်။

    သို့
    မိအေး

    ငါလေ နင့်ကိုအရမ်းသနားတယ်။ နင်ဟာ နှစ်ခါနာခဲ့ရသူ ဖြစ်တဲ့အပြင် နင်နာလို့ အော်ရတဲ့အကြောင်းအရင်းကိုလည်း အများစုနားလည်အောင် ရှင်းမပြနိုင်ခဲ့လို့ ပိုတောင် စိတ်မကောင်း ဖြစ်မိရပါသေးတယ်။ ဒါပေမယ့် မိအေးရယ်၊ နင်ဟာလေ အမှတ်သည်းခြေမရှိ ရာဇဝင်ဘုတ်အုတ်ထဲမှာ အေးဆေးမနေ ဒဏ်ရာတွေ အကင်းသေရုံရှိသေး အပြင်လောကကြီးထဲကို ထွက်လာခဲ့တယ်လေ။ နင်….. နင် အခု အခါခါနာခဲ့ရပြီလေ။ နင်တစ်ခါနာရတဲ့ သတင်းကြားရတိုင်း ငါရင်နာရတယ် မိအေးရယ်။ နင် ၈၈ မှာနာတယ်။ နင်လက်ပံတောင်းမှာ နာတယ်။ နင် လက်ပံတန်းမှာနာတယ်။ နင်လှည်းတန်းမှာ နာတယ်။ နင်တောင်သူလယ်သမား၊ အလုပ်သမား ဆန္ဒထုတ်ဖော်ပွဲမှာနာတယ်။ ငါလေနင့်ကို သနားလည်းသနားတယ်။ အံ့လည်းသြမိတယ်။ နင့်လောက် အမှတ်သည်းခြေ မရှိတဲ့သူဆိုပြီး ဂရုဏဒေါသနှင့် အပြစ်တင်ချင်ပေမယ့်လည်း နင့်ဘဝတစ်ခုလုံးကို အတွင်းသိ အဆင်းသိမို့ အပြစ်မတင်ရက်တော့ပါဘူး။

    လူသတ်သမားထက် ပိုကြောက်ဖို့ကောင်းတာက လူသတ်သမားရဲ့ ရှေ့နေတဲ့။ နင့်ဘေးနား အဲ့လိုဝိုင်းဝိုင်းလည်နေတာက အဲဒီလို ရှေ့နေတွေချည်းပဲလေမိအေး။ သတိထားပါ။ ငါစိတ်ပူမိတယ် မိအေး။ခေတ်အဆက်ဆက် အနာခံခဲ့ရတဲ့ နင့်အကြွေးတွေကို ဘယ်သူတွေများ ပြန်ဆပ်မယ်ထင်နေလို့လဲ။ အဲဒီအကြွေးတွေ ကိုယ်စား နင်ပြန်ရတာတွေက နံပါတ်တုတ်တွေ၊ လက်ထိပ်တွေ၊ သံတံခါးကြီး၊ အလုံပိတ်နံရံတွေ ဒါတွေပဲမဟုတ်လား။ ဒါနဲ့များ မိအေးရယ် သားတစ်ကွဲ မယားတစ်ကွဲ အိုးပစ်အိမ်ပစ် သမိုင်းစာမျက်နှာသစ်ကို ဘာလို့များဖွင့်လှစ်နေချင်ရတာလဲ။ ဒီပုံအတိုင်းဆို နင်မျှော်မှန်းနေတဲ့ ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် သစ်ကြီးဆိုတာ “မောင်ရင်ငတေမိုက်ကန်းသည်” ရုပ်ရှင်ကားထဲက အကယ်ဒမီမင်းသားကြီး ဦးကျော်ဟိန်းပြောသလို ဆယ်နှစ် ဆယ်နှစ်ဆိုပြီး လက်ဆယ်ချောင်း ထောင်ပြရုံတင်မက ခြေဆယ်ချောင်း ထောင်ပြရင်တောင် မသေချာသေးဘူးမိအေး။ ဒီနိုင်ငံတော်ကြီးမှာ သန်မာထွားကြိုင်း အထွက်တိုး သုံးထုတ်ကုန်ဆိုလို့ မတရားမှုပဲရှိတာ သိရဲ့သားနဲ့ ဒီအာဏာရှင် ရေစုန်ခရီးကို ဘာလို့လက်ပစ်ကူး ဆန်တက်ချင်ရတာလဲ မိအေးရယ်။

    နောက်ရောက်တဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲနေတဲ့ သံသရာမှာ အမှန်တရားက ဘယ်တုန်းက လူရာဝင်ခဲ့လို့လဲ မိအေး။ ကိုယ့်အတွက်ကို မကြည့်တော့ဘူးလားမိအေး။ ကြွေးတင်နေတာတွေကို ဘာမှမဆပ်ရသေးဘဲနဲ့ ထွက်မသွားနဲ့ဦး၊ မသေနဲ့ဦး၊ နင်တို့ငါတို့မှာ အစိုးရအကြွေးတွေကို ကူးဆပ်ဖို့တင်နေတဲ့အကြွေးတွေက နောက်သံသရာပါသွားရင် ဝဋ်ခံနေရပါဦးမယ်။ ဆုပ်လည်းစူး၊ စားလည်းရှုး ဘဝမို့ ဇွတ်မှိတ်ပြီး နင်တိုးနေမှန်းသိပါတယ် မိအေးရယ်။ နင့်ဘဝမှာဘယ်တော့များမှ ငြိမ်းချမ်းရေးရပါ့မလဲလို့ ငါတွေးပူမိတယ်။ ဘာသာအယူအဆတွေ၊ အတွေးအခေါ် အကျင့်သီလတွေ၊ အသားအရောင် နေရပ်ဌာနတွေ ဘယ်လိုကွဲပြားနေပါစေ။ လူဆိုတဲ့ သွေးနွေး သတ္တဝါကို အပေါ်ယံလွှာပြီး အသက်ဓာတ်ရဲ့အရေးပါတဲ့ သွေးစက်တွေကို ဖောက်ကြည့်လိုက်ရင် အားလုံးဟာ အနီရောင်ပါ။တစ်ဖက်ကို ပစ်လိုက်တဲ့ ကျည်ဆံကလည်း နီရဲတဲ့သွေးစက်တွေထွက်သလို တစ်ဖက်ကပြန်လာတဲ့ကျည်ဆံကလည်း ဒီနီနီရဲရဲသွေးစက်တွေပဲ ထွက်စေတာပါ။ ဒီလောက် ဆွေးမြေ့ကြေကွဲဖွယ်ရာ အရောင်တွေ တူညီကြပါလျက် ငြိမ်းချမ်းရေးရနံ့ဟာ အခုချိန်ထိ မွှေးမပြန့်နိုင်သေးတာ ဘာကြောင့်လဲ မိအေး။ ရှင်းရှင်းလေးပဲမိအေး။ ငြိမ်းချမ်းရေးကို ဒီလောက်ကြိုးရှုပ်စေတာ မငြိမ်ချမ်းချင်သေးတဲ့ အုပ်စုကြီးတစ်စု ရှိနေတယ်ဆိုတာ သေချာနေသေးလို့ပေါ့။

    ကျောင်းတစ်ကျောင်း ဖြစ်တည်ဖို့ (၁၀) နှစ်လောက်ကြာနိုင်ပေမယ့် ကျောင်းတစ်ကျောင်း ပျက်စီးသွားဖို့ (၁၀) မိနစ်လောက်ပဲ ကြာစေနိုင်တဲ့ လက်နက်ကြီးကျည်တွေ အများကြီး ကျန်နေသေးတယ်ဆိုတာ နင်သိပါတယ်။ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးနောက်မှာ မငြိမ်းချမ်းသေးတဲ့ ဘဝတွေ အတုံးအရုန်းလဲပြိုကြနေတာ မရေတွက်နိုင်လောက်အောင် များနေခဲ့ရပြီ။ ပြောမယ့်သာပြောရတာပါ။ နင်တို့ငါတို့မှာ ထူးပြီးပျက်စရာဘဝမှ မရှိတော့တာ။ ပျက်ပြီးသား သုညဘဝတွေက ဘာများထပ်ဆုံးရှုံးသွားမှာ ကြောက်နေရမှာလဲလေ။

    နင့်ကိုငါအံ့သြရတဲ့အဖြစ်အပျက်လေးတစ်ခုပြောပြရအုံးမယ်။ တစ်ခါတုန်းက လူတစ်ယောက်ဟာ သူမွေးထားတဲ့ခွေးတစ်ကောင်ကို တစ်နေ့သောအခါမှာ ကြိုးမဖြေ၊ အစာမကျွေးပဲမေ့ပြီး အပြင်ကိုသွားမိသတဲ့။ မလာမလာအချိန်တွေကြာလာတော့ သူ့ခွေးဟာဆာလို့အော်၊ ရေငတ်လို့ဟောင်ပေါ့။ အဲဒီမှာအိမ်နီးနားချင်းက သက်ဆိုင်ရာကို ဖုန်းနဲ့လှမ်းတိုင်သတဲ့။ ဆိုင်ရာကချက်ချင်းလာ၊ ခွေးကိုကြိုးဖြေ၊ အစာကျွေးပြီး ပိုင်ရှင်ကိုရှာ၍ ချက်ချင်းအရေးယူသတဲ့။ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနဲ့ ဒဏ်ငွေတပ်သတဲ့။ သူမွေးထားတဲ့ခွေးတောင် သူတာဝန်မကျေရင် ဒဏ်ဆောင်ရသတဲ့ မိအေး။ ဒီအဖြစ်အပျက်ကိုကြားပြီး ဒီနိုင်ငံမှာဖြစ်တာ မဟုတ်ဘူးဆိုတာကိုတော့ နင်သိပါတယ်။ ဒီခွေးတစ်ကောင်အတွက် အများကြီးရေးကြီးခွင်ကျယ် လုပ်ရတယ်ဆိုပြီး နင် မဲ့ကောင်းမဲ့မယ် မိအေး။ ငါတော့ကြေကွဲရတယ်။ အဲဒီခွေးတစ်ကောင်လောက်တောင် ငါတို့နင်တို့ လူရာသွင်းမခံရတာ နင်အသိဆုံးပဲမိအေး။ သူတို့ဆီမှာ အသက်မပြည့်သေးဘဲ အရက်ခိုးဝယ်သောက်တဲ့ သမ္မတသမီးလည်း အရေးယူခံရ၊ ကားမိုင်နှုန်းပိုမောင်းမိတဲ့ ဝန်ကြီးလည်း ဒဏ်ငွေရိုက်ခံရသတဲ့။ လုပ်ခနည်းလို့ ဆန္ဒထုတ်ဖော်နေတဲ့ အလုပ်သမားတွေ၊ လယ်ယာမြေအသိမ်းခံရလို့ သပိတ်တိုက်ပွဲဝင်နေတဲ့ တောင်သူတွေအဖို့တော့ သူတို့ဘဝနဲ့ယှဉ်ရင် ဒါတွေကိုပုံပြင်လို့ ထင်ချင်ထင်နေမှာပေါ့။

    ငါတို့ဆီက မျက်နှာကြီးရာ ဟင်းဖတ်ပါပုံတွေကလည်း နည်းနည်းကြမ်းတယ် မိအေး။ ရှမ်းပြည်မှာ ရန်ကုန်မြို့ထက် (၃၅) ဆကျယ်တဲ့ မြေယာတွေကို အဓမ္မသိမ်းယူတဲ့အမှုမှာ တကယ့်ခေါင်းသူကြီးတွေချည်း ပါနေတာ။ ပြည်ထောင်စုဝန်ကြီး၊ ခရိုနီကုမ္ပဏီ၊ နိုင်ငံရေးပါတီကြီးတစ်ခုနဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့ လက်တွဲညီညီ ဝိုင်းပြီးဆွမ်းကြီးလောင်းကြတာ သူများနိုင်ငံ ကလာ အထုပ်ဖြေပြမှပဲ ငါတို့ပြည်သူကသိခွင့်ရတာ။ ထပ်ပြီးတော့ မတော်မတည့် လစာတိုးမှုကြီးကိုကြည့်ဦး၊ အောက်ခြေဝန်ထမ်း လစာတိုးတာက အစွန်းအတွက်၊ အာဏာမြင့်ဆုံး ရာထူအကြီးဆုံး ပုဂ္ဂိုလ်တွေ လစာတိုးတာက နှစ်ဆ၊ ပိရမစ်ကို ပြောင်းပြန်ဆောက်နေ သလို၊ အဲဒီလို အီကို နော်မီ အစွမ်းအစအပြည့်နဲ့ စီမံချက်တွေ ချမှတ်နိုင်တာ တော်တော်အကြံဥာဏ် ကြီးလို့ပေါ့ မိအေးရယ်။ နင်တို့ငါတို့ပန်းတိုင်ရှာနေချိန် သူတို့ကပန်းတိုင်ကို နှစ်ခါလောက်ဝင်ပြီး နောက်တစ်ခါ ထပ်ဝင်ဖို့တောင်ကြိုးစားနေပြိ မိအေး။ တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်။ ငါတို့နင်တို့ဘဝတွေ ဘယ်တော့များမှ အမွန်ရပ်မလဲ မသိဘူး။

    အခုနင်လဲပဲ နာမည်နောက်မှာ အမြီးရှည်တွေ အတပ်ခံဂုဏ်ပြုခံနေရပြီလေ။ ကျောက်ခတ်မှာ လူစင်စစ်က မျောက်ဖြစ် ခံလိုက်ရတဲ့သူတွေလို နင်တို့အတပ်ခံထားရတဲ့ တံဆိပ်တွေက အကြမ်းဖက်သမား သွေးထိုးလှုံ့ဆော်သူတွေ၊ ကွန်မြူနစ်တွေ၊ ဆူပူရမ်းကားသူတွေတဲ့။ နင်တို့ဘွဲ့ထူးဂုဏ်ထူးတွေကလည်း အများသားနော်။ လူဆိုတာမွေးရာပါနိုင်ငံရေးသမား၊ မွေးရာပါ အဆိုပါရမီရှင်၊ မွေးရာပါသူတော်စင် စသဖြင့်အများကြီးရှိကြပါတယ်။ နင်တို့ငါတို့ကတော့ မွေးကတည်းက ဆေးရုံစရိတ်တွေ၊ သားဖွားစရိတ်တွေ ဘယ်လောက်တောင် ငါတို့ဘဝကို ရိုက်ခတ်ခံရသလဲ။ ဒီလိုနဲ့ ငါတို့အားလုံးဟာ မွေးရာပါ နိုင်ငံရေး သားကောင်တွေ ဖြစ်လာခဲ့ရတယ်လေ။ ပါးရည်နပ်ရည် မရှိရင် ဆေးရုံတံခါးစောင့်လည်းကြောက်ရ၊ ရပ်ကွက်ရုံးစာရေးကိုလည်းကြောက်ရ၊ ငါတို့နိုင်ငံမှာ စပယ်ယာကအစ ဝန်ကြီးအဆုံး အားလုံးဟာ နေရာကလေးရလာတာနဲ့ လူပါးဝပညာကို မသင်ပေးရဘဲ တစ်ဖက် ကမ်းခတ် တတ်မြောက်လာကြတာဆိုတော့ နင်တို့လူပါးဝခံရတဲ့အခါ ထူးပြီးဆန်းမနေပါနဲ့တော့ဟာ။ ရပ်ကွက်ရုံးမှာ၊ ဆေးရုံမှာ၊ ရဲစခန်းမှာ၊ တရားရုံးမှာ ဘယ်ဌာနဆိုင်ရာမှာပဲဖြစ်ဖြစ် လူပါးဝမခံရတဲ့ နေရာရှိလားမိအေး။

    အရင်းက ခုတ်လှဲခံလိုက်ရတဲ့ သစ်ပင်ကတောင် တစ်နေ့ ရွက်နုလေးတွေ ဝေလာနိုင်စရာရှိပေမယ့် ငါတို့နင်တို့ အနာဂတ်ဟာ အမြစ်ပါတူးခံထားရလို့ မျှော်လင့်ချက် ရွက်နုတွေ ပြန်ဝေလာနိုင်မယ့် တစ်နေ့ဆိုတာ ပြန်ရောက်လာနိုင်ပါ့မလား မိအေး။ ဒါတောင်အခုချိန်ထိ ငါတို့အားလုံး နွားကွဲတုန်း၊ ညီအစ်ကိုမသိတသိလုပ်ကောင်းနေတုန်း၊ ဟိုတစ်ချောင်း ဒီတစ်ချောင်းနဲ့ ထင်းစည်းဘဝအရောက်မခံကြသေးဘဲ ထင်းချောင်းဘဝမှာ ပျော်နေကြတုန်းပဲ။ ဒါပေမယ့် နင်ယုံကြည်လိုက်စမ်းပါ မိအေးရယ်။

    လောကကြီးထဲမှာ မဟုတ်မဟတ်တွေ၊ လုပ်ဇာတ်တွေ၊ မတရားမှုတွေ၊ ခေါင်းပုံဖြတ်မှုတွေ လုပ်ချင်သလိုလုပ်ပြီး အနိုင်နဲ့ပိုင်းထွက်ခွာသွားလို့ ဘယ်တော့မှမရဘူးဆိုတာကိုပေါ့။ မမြင်ရတဲ့ လောကပါလတရားဆိုတာ မတရားမှုအားလုံး လှပတဲ့ အနားလေးတွေသတ်ပေးတဲ့ တရားသူကြီးတစ်ဦးပဲ မိအေး။ မိတ်ဆွေများနှင့်ချစ်ခွင့်ဟာ ရန်သူဆီကပဲ ရခဲ့တယ်တဲ့။ ဖိနှိပ်ခံရလေ ရန်သူများလေ နင်တို့ကို ပြည်သူချစ်လေ၊ မိတ်ဆွေစစ်တွေများလာလေပါပဲ။ အမြဲတမ်း အနိုင်ကြီးပဲမရှိသလို အမြဲ အရှုံးကြီးပဲဆိုတာလည်း မရှိပါဘူး။ လောကမှာ Real Madrid (ရီးရယ်မတ်ဒရစ်) တောင်ရှုံးသေးတာပဲ ငါတို့နင်တို့ အားလုံးညီရင် ဘာစီလိုနာဖြစ်ရမှာပေါ့။

    နင်ရဲ့ထာဝရ
    ပူဖော်လောင်ဖက်
    ညီသွေး

  • သိုက်စာညွှန်းများ

    သိုက်စာညွှန်းများ

    မတ်လ ၃၀ ၊ ၂၀၁၅
    M-Media
    ညီသွေးရေးသည်။
    prophecy
    နက်ရှိုင်းထူထပ်၊ မှောင်မိုက်တိတ်ဆိတ်
    တန်ဖိုးမဖြတ်နိုင်တော့
    တစ်လက္ခပြီး တစ်လက္ခ တစ်လံပြီးတစ်လံ
    ပိုးတိမ်ပမာ ရွေ့လျားပြီး မိုးရွာမချနိုင်ခဲ့ဘူး
    အသံဝင် ကုတင်ပေါ် အိစက်ညက်ညော ဒဏ်ရာအပြည့်…….

    တန်ဖိုးကြီးကြီးမားမားတွေ ပေးဆပ်ရမယ်မှန်းသိတယ်။ ကြမ်းကြမ်းတမ်းတမ်း၊ ရိုင်းရိုင်းစိုင်းစိုင်း၊ ရက်ရက်စက်စက်၊ သွေးထွက်သံယို  အခက်အခဲမျိုးစုံနဲ့ တွေ့ကြုံရမယ်၊ ရင်ဆိုင်ရမယ်၊ ကာဆီးထားမယ်ဆိုတာသိသိနဲ့ ရဲဝံ့ခြင်းတွေ၊ စွန့်စားခြင်းတွေ၊ မျှော်လင့်ချက်တွေ၊ အမှန်တရားတွေ  ရင်ဝယ်ပိုက်ပြီး စိုးထိပ်မှုတွေနဲ့ တရွေ့ရွေ့ရှေ့သို့ချီလာခဲ့ကြတဲ့ မိဘပြည်သူတွေရဲ့ ရင်နှစ်သည်းချာတွေ၊ ဒါပေမယ့် တစ်ဖက်ကလေးသော၊ ခွေးသော၊ လူကြီးသောလူငယ်သော၊ သံဃာသော မိဘသော ဂရုမစိုက်တဲ့ အန္ဓအုပ်စု။ မြန်မာပြည်သူ လူထုကြီးရှေ့မှာ နိုင်ငံတကာ သတင်းထောက်တွေရှေ့မှာ  မျက်နှာဖုံးတွေအားလုံး ချွတ်ပြခဲ့ကြရပါပြီ။ ဒီထက်ပိုမိုဆိုးရွားသော ကိစ္စများဖြစ်ပေါ်လာပါလျှင် အုံကြွမှုတွေ မထိန်းနိုင် မသိမ်းနိုင်နဲ့ ပြည်သူတစ်ရပ်လုံးထောင်ချောက်ကြီးတစ်ခုထဲသို့ ရောက်ရှိသွားနိုင်တဲ့ အခြေအနေ။

    အခုအဖြေပေါင်းစုံက ထွက်ပေါ်လာပြီးပြီ။ အစိုးရလူကြီးမင်းများ၏ ဇ ကို ထင်ထင်ရှားရှား မြင်ခွင့်ရခဲ့ပြီ။ အရှုံးထဲက အမြတ်အနေနဲ့  ဘယ်သူဟာအမှန်တရားကို ရင်ခုန်လည်း၊ ဘယ်သူတွေဟာ အမှန်တရားဘက်တော်သားတွေကို ဝန်းရံလည်း၊ ဘယ်သူတွေဟာ

    အမှန်တရားမိုးကြိုးသွားကို ထန်းလျက်နဲ့ကာနေလည်း၊ အဖြူအမဲအားလုံး သဲသဲကွဲကွဲမြင်သာထင်သာ ရှိလာခဲ့ပြီ။ နောက်ကွယ်က ဘယ်သူတွေ  လက်သီးပုန်းတွေ ဝင်ထိုးနေလည်း ဘယ်သူတွေပေးတီးပေးနေသလည်း ဘယ်သူတွေချောက်ထဲတွန်းချနေသလည်း

    ကျောင်းသားပြည်သူအတူတူမြင်ခဲ့ရပြီ။ ရင်ထဲက နာကြည်းမှုတွေ၊ ခံပြင်းမှုတွေ၊ ဒေါသတွေကို အခုမဖော်ထုတ်လိုက်ပါနှင့်။ အခုတော့ စောပြီးဖော်ထုတ်လိုက်လျှင် နေပူဒဏ်ခံရမည်။ နံပါတ်ဒုတ်နှင့်အရိုက်ခံရမည်။ အကြမ်းဖက်လူအုပ်ကြီးလို့ တံဆိပ်တပ်ခံရမည်။ နောက်ထပ်သွေးမြေတွေ ထပ်ကျခံရမယ်။ လူ့တန်ဖိုး ၊ လူ့ဂုစ်သိက္ခာ၊ လူ့ကျင့်ဝတ်၊ ဒီမိုကရေစီတန်ဖိုး လုံးဝ စောက်ထိုး မိုးမျှော်ဖြစ်စေရမည်။ လောကနိတိ၊  ဗုဒ အဆုံးအမ၊ ဘာသာ သာသနာလုံးဝ ဂရုမစိုက်တဲ့အုပ်စုကြီးကို ကျွန်တော်တို့တွေ သွေးနဲ့ချွေးနဲ့ရင်းပြီး ဘာလို့သွားရင်ဆိုင်မှာလဲ။

    မီးခြစ်ဆံ တစ်ချောင်းမျှတောင် မကိုင်ဆောင်ထားတဲ့ လူအုပ်စုလေးတစ်ခုကို အကြမ်းဖက်လူအုပ်ကြီးလို့ အမည်တပ် မကောင်းရှုမကောင်း ဝိုင်းဝန်းရိုက်နှက်နေပုံ ဒီပြယုဂ်ဟာ မိဘပြည်သူ အားလုံးရဲ့ ဒေါသတွေကို ခြူနေတဲ့ပြယုဂ် မဟုတ်ပါလား။ ကျောင်းသားတွေ က သွေးမြေကျ၊ ပြည်သူ လူထုကဝင်ပါ။ အဲဒီမှာမှ ဒေါသ တကယ်ထွက်နေသော လူအုပ်ကြီးဖြစ်ပေါ်လာ၊ ဒေါသထွက်နေသော လူအုပ်ကြီးမှတစ်ဆင့် အကြမ်းဖက်လူအုပ်ကြီး အဆင့် ကူးပြောင်းဖို့ဆိုတာ ရေသန့်ဗူးတစ်ဗူးလောက်ပဲ လိုပါတယ်။ အဲဒီအဆင့်ရောက်လာလျှင် မလွဲမရှောင်သာ တိုင်းပြည်ကို ကယ်တင်ပါရသော မင်းသားကြီးများ ဘွားကနဲ ပေါ်လာလိမ့်မယ်။ အဲဒီအချိန် ပုဒ်မ (၁၄၄) တို့၊ ရွေးကောက်ပွဲရက် အကန့်အသက်မရှိ ရွေ့ဆိုင်းခြင်းစသည်တို့ဟာ ဆက်တိုက်လိုက်လာပါလိမ့်မယ်။

    မျောက်တွေဟာ ဘယ်တော့မှ ဂျွမ်းထိုးခြင်းအတက်ကို မေ့လျော့ခြင်းမရှိသလို၊ လောက်တွေဟာအမြဲပင် မစင်ပုံ အပုပ်ပုံမှာပဲ ပျော်လေ့ ရှိပါတယ်။ အဆင့်အတန်းမြင့်မားတဲ့ ရထူးရာခံရှိနေပါလျက် တံစိုးလာဘ်စားပြီး တစ်ဖက်သက်တရားစီရင်တတ်တဲ့ တရားသူကြီးများ၊ လုပ်ပိုင်ခွင့်တွေ ပါမစ်တွေကို ခရိုနီနဲ့ပေါင်းပြီး အိပ်ထဲထည့်နေရာမှ ပျော်ရွှင်တဲ့ ရိုက်စားပေါင်းစား ဝန်မင်းများ၊ အများအပြားဖောင်း ပွနေခြင်း ဟာ ဒီသဘောပါပဲ။ ဒါတွေကိုပြုပြင်ပြောင်းလဲနိုင်ဖို့ရန်အတွက် တိကျခိုင်မာပြတ်သားပြီး ကျောသားရင်သား မခွဲခြားတဲ့ ဥပဒေ တစ်ရပ်ပေါ်ပေါက်လာမယ့် အချိန်ကျမှသာ ဖြစ်နိုင်ပါလိမ့်မည်။ မျှော်လင့်နိုင်ပါလိမ့်မယ်။

    ပြည်သူတွေဖြစ်စေချင်နေတဲ့ သားရွှေအိုးထမ်းလာတဲ့မြင်ကွင်းက ၂၀၁၅ မကုန်ခင် မြင်ရနိုင်ဖွယ်မရှိပါဘူးဆိုတာ လက်ရှိကန်နေတဲ့ ပွဲတွေကိုကြည့်ပြီး ခန့်မှန်းနိုင်နေပါပြီ။ နှစ်ကွက် သုံးကွက်ကြိုမြင်အောင် ကြည့်ထားနိုင်မှသာ ပြည်သူလူထုအနေနှင့် ၂၀၁၅ ကစားကွက်မှာ အသာစီးရနိုင်မှာပါ။ ကျွန်တော်တို့တွေရဲ့ အင်အားကို ပိုပြီး စုစည်းထားမယ်။ ကျစ်ကျစ်လစ်လစ်ဖြစ်အောင် သိမ်းထုတ်ထားမယ်။ ပြည်သူနှင့်ကျောင်းသား စိတ်တူကိုယ်တူ အရပ်ဖက်အဖွဲ့အစည်းအားလုံး ညီညွှတ်မှုရှိနေရပါမယ်။ ပြည့် အင်အားသည် ပြည်တွင်းမှာသာရှိနေပါသည်ဆိုတဲ့ အသိအားလုံးရင်ထဲမှာ ရှိနေအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရပါမည်။ တကယ့်တကယ်ကျောင်းသားနဲ့ ပြည်သူကို ဖိနှိပ်နေချိန်မှာ နိုင်ငံတကာဖိအားဆိုတာ သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်တာနဲ့ ပြီးဆုံး သွားပါတယ်။ ဒီထက်ပိုလျှင် အကူအညီသဘောတူညီချက်တွေ ပြန်ပြင်မည်။ ဒါနဲ့ပဲ နိုင်ငံတကာပတ်သက်မှု၊ စွက်ဖက်မှုဆိုတာ ပြီးတာပါပဲ။

    ပြည်သူလူထုအနေနဲ့ ဒီအချိန်မှာ ဘယ်လူမျိုး၊ ဘယ်ဘာသာ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်အသင်း စသဖြင့် ခွဲခြားဘေးထွက် ကန့်လန့်တိုက်နေလို့  မရတော့ပါဘူး။ အမြဲ သုည မှတ်အောက်ရောက်နေခဲ့တဲ့ နှင်းဖုံးတောင်ထိပ်က ရည်မှန်းချက်ပန်းတိုင်ဟာ အခုလက်တစ်ကမ်း အကွာရောက်နေပါပြီ။

    ချက်အောက်ထိုးသတ်မည့် အကွက်တွေ၊ ကြည်ဆူပင် စိုက်မယ့်အောက်လမ်းနည်းတွေ၊ ဒိုင်နဲ့ပင်းထားတဲ့ လုပ်ပွဲတွေ တစ်ပွဲပြီး တစ်ပွဲလာပါလိမ့်ဦးမည်။  သို့ဖြစ်သောကြောင့် တစ်ယောက်နှင့် တစ်ယောက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ဆင်းနှင့်တစ်ဆင်း ပိုမိုရိုင်းပင်း ကူညီ၍ စေ့စပ်သေချာသော ညီညွတ်ရေး၊ စည်းရုံးရေးများနှင့် အင်အားတစ်ရပ်ကို ဖော်ဆောင်နေရမယ့် အရေးကြီးသော အချိန်လက်ဆုံသို့ ရောက်နေပါပြီ။

    မတရားတဲ့အရပ်မှာ ဘယ်နက္ခတ်တာရာကမှ မရပ်တည်ပါဘူး။ ကျွန်တော်က အတိတ်နိမိတ်တို့ ခမည်းတဘောင် စတာတွေကို စိတ်မဝင်စားတတ်ပါ။  ဒါပေမယ့် ကျွန်တော်ဒီတစ်ခါကောက်ရတွေ့ရှိခဲ့တဲ့ တဘောင်လိုလို နိမိတ်လိုလို အသားတစ်ပုဒ်ကိုတော့ မှတ်မှတ်ထင်ထင်ဖြစ်မိပါတယ်။  အောက်လမ်းတွေ ယတြာတွေ၊ တဘောင်တွေ ခံသည်တို့ကို စိတ်ဝင်စားသူများ အတွက်တော့ မြေပုံညွှန်း တစ်ခုလည်း ဖြစ်သွားနိုင်တယ်။ အခုလို ထီးနန်းရေးနန်းရာတွေ ရှုပ်ရှုပ်ထွေးထွေးဖြစ်နေတဲ့အချိန် သွားရေးလာရေးကျပ်တည်းလို့ ကျန့်ကြာလို့ ဆိုပြီး နေရာအနှံ့ကုန်းကျော် တံတားတွေ၊ ချောင်းကူးတံတားတွေ၊ မြစ်ကူးတံတားတွေ ထိုးနေကြတဲ့အချိန်၊ ၂၀၁၂ နိုဝင်ဘာမှာ ငလျင်ဒဏ်နဲ့ စစ်ကိုင်းမြို့လေးကျွန်မာန်အောင်  ဘုရားစိန်ဖူးတော်မြေခခဲ့ရပြီး ၂၀၁၃ သြဂုတ်မှာ ကျွန်တော်တို့ သမ္မတကြီး ဦးသိန်းစိန် စိန်ဖူးတော်ပြန်တင်၊ တစ်ဖန် ၂၀၁၄ နိုဝင်ဘာ ၂၇ မှာ  အဲဒီသမ္မတတင်ထားတဲ့ စိန်ဖူးတော် ထပ်မံမြေခလို့ ၂၀၁၅ ဖေဖော်ဝါရီ ၂၂ မှာ ထပ်မံ ထီးတင်ပြန်ပါတယ်။ ကမ္ဘာမှာ သမ္မတ တစ်ဦးတည်း ဘုရားတစ်ဆူတည်းကို ထီးတော်နှစ်ခါ တင်ခွင့်ရတဲ့ ပထမဆုံးသမ္မတ အဖြစ် မှတ်တမ်းတင်ခွင့်ရတဲ့အဖြစ်ပါ။ အခုလို ဟိုရောက် ဒီရောက် စကားစုအတွဲဟာ အောက်ပါ တဘောင် လိုလို ဘာလိုလို အသားတွေနဲ့ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လို့နေတာကိုက ကျွန်တော်တင်ပြချင်တဲ့ အကြောင်းအရင်းပါပဲ။ ဖတ်ကြည့်ပါ အားလုံးရှင်းသွားနိုင်ပါတယ်။

    “ကနတ္တဒဏ်ထီးတွေနဲ့
    ပျက်ဆီးဖို့ အရေးကြုံ
    ရွှေပေးမယ် မယ်မယုံ
    ငွေပေးမယ် မယ်မယုံ
    တံတားတွေ အသွင်သွင်ဆောက်ပါလို့
    စစ်ကိုင်း၊ ပုဂံ၊ အောင်လံ တလွှားမှာ
    ဘုရားတွေ အလီလီ မှောက်ရင်ဖြင့်
    တစ်ပါးပြည်ဝင်ကာ မနှောင့်ရအောင်
    ပြည်တော်ပြန် မယ်ထွေး၊ နန်းတင်မှအေး” တဲ့

    ပြောချင်တာက တဘောင်ဆိုတာကတောင် မတရားတဲ့ ဘက်မလိုက်ပါဘူးဆိုတာပါ။ စာသားထဲကာလ၊ ဒေသပြ စကားလုံးတွေက အံ့သြစရာတိုက်ဆိုင် လွန်းလှပါတယ်။ အဘယ်ပညာရှိ ဆရာသမားမှန်း မသိပေမယ့် သြချမိပါသည်။ (ဒါပေမယ့် ဘာကြောင့် တိမ်မြုပ်ပျောက် ကွယ်နေရတာလဲ။ ဒါလည်း စဉ်းစားစရာပါပဲ။ အနုပညာမြောက်၊ ကာလဒေသ သမိုင်းမှန်၊ အချက်အလက်မှန် စကားစုတစ်ရပ်အနေနဲ့ မှတ်တမ်း တင်ခွင့်ရတာ ကံတရားလား၊ အနုပညာလား ဒါလည်းစဉ်းစားစရာပါ)။ နမိတ်၊ တဘောင်ယတြာတွေနဲ့ လုံးလည်ချာလိုက်နေလို့ အစိုးရလူကြီးမင်း တသိုက်လည်း ဒါကိုဘယ်လိုစဉ်းစားကြမှာပါလိမ့်။ ဒါလည်း စဉ်းစားစရာပါ။ ဒီလောက်နှစ်ကိုယ့် တစ်စိတ်ဖြစ်ခဲ့ကြဖူးတဲ့ တရုတ်နဲ့ ချစ်ကြည်မှုဟာ လောက်ကိုင်အရေးနဲ့ပတ်သက်ပြီး တရုတ်ပြည်ဘက် ကျည်သင့်ပြီး တရုတ်နိုင်ငံသားတွေ တိမ်ပါးခံသွားရတဲ့ ကိစ္စနဲ့ တရုတ်ကြီးက ရာဇသံပေးတဲ့ အဆင့်ရောက်လာရတာကလည်း “တစ်ပါးပြည်ဝင်ကာ မနှောင့်ရအောင်” ဆိုတဲ့ စာသားကို မှန်ကန်ကြောင်း ထပ်မံ သက်သေခံပြန်ပါတယ်။ တော်ပါပြီ တော်တော်ကြာကြော်ငြာ ဝင်နေတယ်ဆိုပြီး။ အခုကျွန်တော်တို့မြန်မာပြည်သူလူထုအနေနဲ့ ဘယ်အချိန်ကျမှ ဘာလုပ်ရမလဲ တိတိကျကျသေသေချာချာ သိပြီးလျှင် ကလဲ့စား ဘယ်လိုချေရတယ်ဆိုတာ ကမ္ဘာကြီးကို ပြရမယ့်အချိန် စိတ်ရှည်ရှည်လေးထားပြီး စောင့်ရုံပါပဲ။

    ညီသွေး

  • မြန်မာပြည်သူပြည်သားတွေရဲ့ တည်နေရာ

    မြန်မာပြည်သူပြည်သားတွေရဲ့ တည်နေရာ

    ဖေဖော်ဝါရီ ၁၆ ၊ ၂၀၁၅
    M-Media
    ညီသွေးရေးသည်။
    Nyi Twe
    မျိုးချစ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ တိုင်းပြည်အတွက် သူတို့အသေခံမယ့် အကြောင်းပဲပြောတယ်။ တိုင်းပြည်အတွက် သူတို့ဘယ်လောက် သတ်လိုက်တယ်ဆိုတာကို ဘယ်တော့မှ မပြောကြဘူးတဲ့။ ဘာထရန်ရပ်ဆဲလ်ရဲ့ အဆိုအမိန့်ဖြစ်ပါတယ်။ အဲဒီလို လူတွေအများအပြား စုစည်းအုပ်ချုပ်ရာ တိုင်းပြည်ကို မြန်မာပြည်ဟု ခေါ်ပါသည်။ ထိုနိုင်ငံမှာရှိသော အမှန်တရားသည် အမြဲငြိမ်ခံနေရပါသည်။ အမြဲခေါင်းငုံ့ ခံနေရပါသည်။ အမြဲအညွှန့်ချိုးခံရပါသည်။ အမြဲဦးချိုးခံရပါသည်။ အမြဲဖိနှိပ်ခံရပါသည်။ ထိုနိုင်ငံမှာရှိသော ငြိမ်းချမ်းရေး အကြောင်းပြောတိုင်း မငြိမ်းချမ်းဘူးဆိုတာ သက်သေပြရပါသည်။ ပြည်တွင်းစစ်၊ ဒုက္ခသည်စခန်း၊ ဘာသာရေးပဋိပက္ခ၊ လူထုလူတန်းစားပေါင်းစုံရဲ့ ဆန္ဒဖော်ထုတ်ပွဲများစသည့် သက်သေများကို ညွှန်းဆိုဖော်ထုတ်ပြရပါသည်။

    “ပွင့်လင်းရာသီ ကုန်ဆုံးပြီမို့ လေးနှင့်မြှားတွေမလိုပါ” ဆိုတဲ့ အဆိုအမိန့်ကို ဒီနိုင်ငံက အုပ်ချုပ်သူတွေက လျစ်လျူရူပါသည်။ ထိုနိုင်ငံတွင် ငြိမ်းချမ်းရေး အတွက်၊ ဥပဒေတစ်ရပ်အတွက် စားပွဲဝိုင်း စေ့စပ်ဆွေးနွေးပွဲ ကျင်းပတိုင်း ဘယ်တော့မှ မအောင်မြင်နိုင်ဖြစ်ရသည်မှာ မဆန်းတော့သလိုဖြစ်နေပါပြီ။ နောက်ဆက်တွဲကတော့ စာကြည့်စားပွဲရှေ့ ထိုင်နေရမယ့်အချိန်မှာ နေရောက်အောက်မှာ နေလောင် ခံနေရတဲ့ မျက်နှာနုနုလေးတွေ လမ်းပေါ်ထွက်လာတဲ့ ရတာပဲဖြစ်ပါတယ်။ ဒီမျက်နှာလေးတွေကိုကြည့်ပြီး မိဘပြည်သူတွေ ရင်ဆို့ကြရပါတယ်။ အကြမ်းဖက် နှိမ်နှင်းမယ်ဆိုတဲ့ သတင်းတွေ တစ်ခုပြီးတစ်ခု တက်လာတော့ပြန်လည်း ရင်တမမနှင့် စိုးထိတ်ရပြန်ပါတယ်။ ဒီကျောင်းသူကျောင်းသားတွေ သွေးမြေကျခဲ့လျှင် တိုင်းပြည်နှင့် အဝန်းအုံကြွနိုင်ပြီး ကမောက်ကမတွေ ဖြစ်လာနိုင်တာကို ကြိုသိနေသူတို့အဖို့ ဖိုးကျိုင်းတုတ်ဖြစ်သွားနိုင်စရာ အခြေအနေ။ တစ်ပြည်လုံးက တောက်မည့်မီးခဲတရဲရဲ ဖြစ်နေသည့်အချိန်။ ဝှိုက်ကတ်အရေး ဆန္ဒထုတ်ဖော်ပွဲတွေကလည်း အုံနဲ့ကျင်းနဲ့ အာဏာလိုသူများ အတွက် အကွက် အကွင်းကောင်းတွေရသွားနိုင်စရာပင်။

    အခုအသက်တွေနဲ့ပါ လောင်းကြေးထပ်ရမယ့် ၂၀၁၅ ပြဇာတ်တစ်ပုဒ်ကို ဒီပြည်သူပြည်သားတွေ ဝင်ရောက် ကပြရ ပါတော့မယ်။ ကောင်းကင်ကြိုးတန်း လျှောက်နေရတဲ့သူလို၊ ဓားသွားပေက ပျားရည်စက်ကို လျက်နေရတဲ့သူလို အရေးကြီးဆုံး ဆုံမှတ်တစ်ခုရဲ့ အလယ်မှာ ရောက်နေတဲ့အချိန်။ အဲဒီနိုင်ငံရေး ဖိုင်နယ်ပွဲကြီး မကျင်းပမီ ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုးပတ်လည်ပွဲ၊ ကျောင်းသားသပိတ် ရန်ကုန်ချီတက်ပွဲ စတဲ့ ဆီမီးဖိုင်နယ်ပွဲစတာတွေကို မျက်ခြေမပြတ် စောင့်ကြည့်ရပါမယ်။ ဘယ်လိုပဲကန်ကန် ရှုံးထွက်ထွက်ရမယ့် အသင်းတွေဟာ မီးကုန်ယမ်းကုန် ထွက်ခပ်ခပ် တတ်ပါတယ်။ အနည်းဆုံး တိုက်စစ်မှူးတွေကိုတော့ နောက်ပွဲတွေမှာ ဝင်မပါနိုင်အောင် အကျိုးအကြေ ကန်တတ်ပါတယ်။

    လောလောဆယ်တော့ ဒေါင်းအလံအောက်က ကျောင်းသား အသံဆိုတာ ဒီနိုင်ငံရဲ့သမိုင်းမှာ အညံဆုံးသော အသံပါပဲဆိုတာ ဆက်လက်ပြသနေဆဲပါ။ ထီးကျိုးဆည်ပေါက်လို့ တိုင်းပြည်သူ့ ကျွန်ဘဝရောက်နေတဲ့ အချိန်မှာလည်း ဒီကျောင်းသားပဲ ရှေ့တန်းမှာဦးဆုံး ရပ်ပြခဲ့တာ ကျောင်းသားဆိုတာ သွေးကျဲတဲ့ ပြဇာတ်တွေ ဘယ်တော့မှမပြဘူး။ မခင်းကျင်းဘူး။ ကျောင်းသားတွေရဲ့ ချစ်ခြင်းဟာ အလံမလှဲခြင်းပဲ။ ကျောင်းသားတွေရဲ့လောင်းကြေးဟာ တစ်ရောက် အရိပ်ကျနေတဲ့နေရာမှာ တစ်ယောက်နေမဝင်တာပဲ။ ဘယ်ခေတ် အခါမှာပဲကြည့်ကြည့် ကျောင်းသားဆိုတာ နောက်တွန့်တဲ့ အမျိုးအစားတွေထဲမှာ မပါခဲ့ပါဘူး။ ခြံစည်းရိုးပေါ်မှ ခွမထိုင်ခဲ့ဘူး။ တိုက်တာငွေကြေး စည်းစိမ်နဲ့ မျှားမရခဲ့ပါဘူး။ အမြဲတမ်း လက်ဗလာခြေဗလာနဲ့ တိုက်ပွဲဝင်ခဲ့တာ သမိုင်းတွေသက်သေရှိတယ်။

    “မျက်ရည်ဆူးတွေပွင့်ဖတ်လို့
    ကြွေချင်ကြွေစေတော့
    ရင်အုံထဲထည်မမျိုးနိုင်ဘူး
    ရိုလာကိုစတာ ဥပအမှောင်ထဲ
    လရောင်ယဉ်ကျေးမှုကိုပဲလှုံမယ် …”

    မမှန်တဲ့ဖက်မှာ မှားတဲ့အရပ်မှာ ဘယ်တော့မှ ရပ်ကြည့်လို့ မရတာလည်း ကျောင်းသားရဲ့မွေးရာပါဗီဇပါ။ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာသိုက်တိုင်းရဲ့ သွားရာလမ်းမှာ ခက်ခဲကြမ်းတမ်းတဲ့ ပေးဆပ်မှု မြေပုံတစ်ပုံစီရှိပါတယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ် သွေးမြေကျချင်လည်း ကျလာနိုင်တယ်ဆိုတာ သိသိကြီးနဲ့လမ်းပေါ် ထွက်လာနိုင်တာ ဘာကြောင့်ပါလဲ။ ကျွန်စော်နံတဲ့ပညာရေးသင်ရိုး၊ အနာဂတ်ကျောင်းသား လူငယ်တွေရဲ့ အညွှန့်ကိုချိုးမယ့် သင်ရိုးတွေနဲ့ ကြီးပြင်းလာရမယ့် အစား ရှေးရှေးက နောင်တော်ကြီးတွေရဲ့ခြေလှမ်းများအတိုင်း ထောင်မကြောက်တန်းမကြောက် လျှောက်လှမ်းခဲ့ကြတာပါ။ ဒီမိဘပြည်သူတွေရဲ့ ရင်နှစ်သည်းခြားတွေ သွေးမြေကျခံလို့ မဖြစ်ပါဘူး။

    အကယ်၍များ မပြောကောင်းမဆိုကောင်း ကျောင်းသားတွေ သွေးမြေကျခဲ့ရင် ဒီတစ်ခါပြည်သူက ၈၈ တုန်းကလို ဘုမသိဘမသိ ခပ်အအ ပြည်သူတွေချည်း မဟုတ်ပါတော့ဘူးဆိုတာ ဒီစစ်အစိုးရ တစ်ပိုင်း အရပ်သားတစ်ပိုင်း အစိုးရဟာ သတိထားသင့်ပါတယ်။ ဒီတစ်ခါနာကြည်မှုက ၈၈ နာကြည်းမှုထက် ကြီးပါတယ်။ ဖက်ဆစ်ကို ပြန်တော်လှန်ခဲ့ကြတဲ့ နွေဦးတိုက်ပွဲကိုပြန် သတိရနေတဲ့ ပြည်သူတွေပါ။ ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်များကို ကဒါဖီရဲ့နောက်ဆုံးနေ့ရက်များကို သခင်သန်းထွန်းရဲ့နောက်ဆုံးနေ့ရက်များလို ဒီအစိုးရအဖွဲ့ကြီးရဲ့ နောက်ဆုံးနေ့ရက်များ ဖြစ်ပွားသွားလာနိုင်စရာရှိပါတယ်။ ၈၈ တုန်းက ပြည်သူက မီဒီယာမသိ၊  ကမ္ဘာမသိ၊ အရာရာမသိမှုတွေကြောင့် ကျရှုံးခဲ့ရတာ။ အခုပြည်သူအားလုံးက စပါတာကတ်စ်တွေ ဖြစ်နေပြီ။

    “ဒီဘဝဒီညကို လင်းပစ်ဖို့
    ငါတို့မှာ ခက်ဆစ်မရှိလည်း
    မမြင်ရ မကြားရတဲ့ ဂီတတွေနဲ့
    အရောင်တူပွင့်တူ ကြွေကျ
    ဗျည်းသရနံ မြေပန်းချီကားတစ်ချပ်ရမယ် …”
    နိုဘယ်လ်ဆုရ မာလာလာလေးကပြောဖူးတယ်။ အိမ်ထဲမှာထိုင်နေရင်း ကျည်ဆံတွေကို စောင့်မျှော်နေရမယ့်အစား အပြင်ထွက် ပြေးရင်ဆိုင်လိုက်ရတာပဲ ပိုကောင်းမယ်တဲ့။ ကျောင်းသားတွေ ချွေးနဲ့သွေးနဲ့လောင်းပြီး ရှင်သန်စေမယ့် အမှန်တရားသစ်ပင်ကို ပြည်သူကလည်း တစ်ရာ(၁၀၀)% ဝန်းရံခြံခတ်ရမှာပါ။

    “လက်ဗလာ ခြေဗလာ
    တောအုပ်ဟာ လွန်ခဲ့ပြီ
    ထွန်ရေးဟာ ကြေညက်ခဲ့ပြီ
    ရေပေါ်ရမ်းရေးတဲ့အရိပ်တွေ
    မှေးမှိန်ဆေးရော်လို့
    အမှတ်စဉ်သုံးခုစလုံး
    တစ်ရောက်ပြီးတစ်ယောက်
    အကောင်းဆုံးစစ်ရှုံးခဲ့ပြီးပြီ …..။”
    လွန်ခဲ့သော အနှစ်ခြောက်ဆယ်က အမှောင်ထဲမှာနေထိုင်ခဲ့ရတဲ့ ပြည်သူတွေ၊ အခုလည်း လျှပ်စစ်မီးမရသေးတဲ့ အမှောင်ထဲမှာ ကျင့်သားရနေထိုင်ရဆဲ လွန်ခဲ့သော အဖိုးအဖွားခေတ်က နွားနဲ့ရုန်းခဲ့ရတဲ့ တောင်သူတွေ လယ်သမားတွေ၊ အခု သားမြေးမြစ် လက်ထက်ထိ တိုင်အောင် နွားနဲ့ရုန်းကန်နေရတဲ့ဘဝတွေက မလွတ်မြောက်သေး၊ မီတာခတွေ တန်းစီစောင့်နေရဆဲ၊ ဌာနဆိုင်ရာ လက်မှတ်တစ်ခုအတွက် တစ်စုံတစ်ရာကို လာဘ်ထိုးနေရဆဲ၊ စားဖားတွေ ညီညွတ်ဆဲ၊ အခုတိုင်းပြည်ရဲ့ အာဏာရှင်သက်တမ်းကလည်း ရင့်ရင့်၊ ဆန္ဒပြပွဲ မုန်တိုင်းတွေကလည်း အနီရောင်အဆင့်၊ မိဘပြည်သူတွေက အဆင်သင့် မဖြစ်သေးဘူးဆိုတာ ဖြစ်နေလို့ မရတော့ပါဘူး။ ဒီအချိန်ကာလမှာ အဖြစ်သင့်ဆုံးက မိဘပြည်သူတွေက အချိန်မီနုနယ်တဲ့ ရင်နှစ်သည်းခြား ကျောင်းသူကျောင်းသားတွေ ကို ပြည့်ပြည့်ဝဝ ဝန်းရံပေးဖို့ပါပဲ။ အခု မြန်မာပြည်သူပြည်သားများရဲ့ တည်နေရာကို တင်ပြပါတော့မယ်။

    ရွှေဝါရောင် အရေးအခင်းမှာ သံဃာကို စတေးရဲခဲ့တဲ့ အစိုးရ၊ ရခိုင်အရေးမှာ သွေးထိုးပေးခဲ့တဲ့ အစိုးရ၊ မိထ္ထီလာကို မီးလောင်ပြာကျစေတဲ့ အစိုးရ၊ နော်ဝေဘုရင် တစ်ရက် အတွက် ဂေါဝိန်သားတွေ ဘဝဖျက်ခဲ့တဲ့ အစိုးရ၊ အခက်အခဲ ပဋိပက္ခကို လော်စပီကာနဲ့ ဖြေရှင်းတက်တဲ့ အစိုးရ၊ ကိုပါကြီးဈာပနာ၊ ဒေါ်ခင်ဝင်းဈာပနာတွေကို မျက်ရည်နဲ့ချစေခဲ့ရတဲ့ အဲဒီလို အစိုးရလူကြီးမင်းများနှင့်တကွ ဘယ်သူ့ကိုမှမကြောက်ဘူး အားလုံးကို တိုက်ရဲတယ်ဆိုသော ကာချုပ်၏ သတ္တိဗျတ္တိနှင့် တိုင်းပြည် မငြိမ်မသက်ဖြစ်လျှင် အာဏာပြန်သိမ်းမည်ဆိုသော ရွေးကောက်ပွဲကော်မရှင် ဥက္ကဌတို့၏ ခြောက်လုံးလှန့်လုံးများ အလယ်၌ မြန်မာပြည် သူပြည်သားများ နေထိုင်ပါသည်။