News @ M-Media

Tag: poem

  • အလှူ  (ကဗျာ)

    အလှူ (ကဗျာ)

    စက်တင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    -ရေးဖွဲ့သူ- မန္တလေးမောင်သုည

    Pawns under the rain
    စစ်သားနှင့်ပြည်သူ
    တိုင်းပြည်အတွက်
    အသက်စတေး
    ပေးလှူတာချင်းတော့တူ
    ဒါပေမဲ့ ***စေတနာ
    သဒ္ဓါကတော့မတူ
    ကောင်းစားတာက
    ငါးသလောက်ပေါင်းနှင့်
    ခေါင်းအထက်က လူ

    စစ်သားတော့ စစ်သား
    ဘာသာခြားသော်လည်း
    သူဟာ မြန်ပြည်သား
    တိုင်းပြည်ကို အချစ်ထား
    ဘာကိုမှ မျှော်လင့်မထား
    သူ့**အသက်ကိုပေးလှူသွား
    ဒါတွေကို ဘယ်သူမှ သတိမထား
    ပြည်ချစ် စစ်သား
    အို***စစ်သား
    အို***စစ်သား

    တိုင်းပြည်အတွက် အသက်စတေး
    လူတစ်စု ကောင်းစားရေး
    ထို***သူတို့အတွက် ကာဒိုင်းလေး
    ဒို့**ရဲ့***အာဇာနည် ရဲဘော်
    တပ်သားကလေး

    ** M-Media သို့ ပေးပို့လာသော ကဗျာ ဖြစ်ပါသည်။

  • မငိုပါနဲ့ ဂါဇာ (ကဗျာ)

    မငိုပါနဲ့ ဂါဇာ (ကဗျာ)

    ဇူလိုင် ၁၆ ၊ ၂၀၁၄
    M-Media
    ရေးသူ- အိမ်ဝေးသူ (KZ)
    1969251_536845289754962_811406001836792092_n
    ရာဇဝင်ချီခမ်းနားခဲ့တဲ့ မင်းတို့ရဲ့ မြေ
    ရာဇဝင်မရိုင်းရလေအောင်
    ရန်စွယ်မှန်သမျှ စိန်ခေါ်ရင်ဆိုင်လိုက်ပါ ဂါဇာ။

    ခွန်အားနဲ့ သိက္ခာတရားဆိုတာ
    အသျှင်ကလွဲပြီး ဘယ်သူ့မှ မပိုင်ဆိုင်ကြောင်း
    ကမ္ဘာကို သက်သေပြပါ ဂါဇာ။

    တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ၊ လူမျိုးရဲ့ ယုံကြည်ရာဟာ
    အကောင်းဆုံး တန်ပြန်တွန်းအားဖြစ်ကြောင်း
    ကမ္ဘာကို မြင်အောင်ပြပါ ဂါဇာ။

    ကြောက်ရွံ့မှုကို ကျော်လွှား၊
    ဖိနှိပ်မှုထဲက ရုန်းထွက်ပြီး ရလာမယ့် အောင်မြင်ကို
    ကမ္ဘာသူ၊ကမ္ဘာသားတွေ မြင်ပါစေ ဂါဇာ။

    ဂါဇာ
    ဖြတ်သန်းရာ လမ်းတစ်လျှောက်မှာ
    နှုတ်ဆိတ်သူတွေလည်း ရှိမယ်။
    အသက်ပေးကူညီသူတွေလည်း ရှိမယ်။
    သစ္စာဖောက်တတ်တဲ့ သူတွေလည်း ရှိမယ်။
    သစ္စာစောင့်သိတဲ့ သူတွေလည်း ရှိမယ်။
    ပွဲလန့်တုန်း ဖျာခင်းမယ့်သူတွေလည်း ရှိမယ်။
    ပျားတွေလို စုစည်းမယ့် သူတွေလည်း ရှိတယ်။

    မငိုပါနဲ့ ဂါဇာ
    မင်းအပေါ်မှာ ဒုံးပျံတွေ ရှိပေမယ့်
    ဒုံးပျံတွေအပေါ်မှာ မင်းအသျှင် ရှိနေတယ်။
    မင်းဘက်မှာ…မင့်အသျှင် ရှိနေတဲ့နောက်
    မငိုနဲ့တော့…ဂါဇာ။

    အိမ်ဝေးသူ (KZ)

  • အမှန်တရားဆိုတာ (ကဗျာ)

    အမှန်တရားဆိုတာ (ကဗျာ)

    ဇူလိုင် ၇  ၊၂၀၁၄
    M-Media
    စိန်ဌေးဟန် ရေးသည်။
    the-truth
    .မေတ္တာတရားကို
    အယောင်ပြလို့ မရိုးသား
    သစ္စာတရားကို
    အမှောင်ချဖို့ ကြိုးစား
    အကွက်ချ အကောက်ကြံခြင်းကသာ
    အရှက်ရ နောက်ဆံတင်းရမှာ
    အမှန်တရားဆိုတာ
    ပင်ကိုယ် အင်အားရှိတဲ့အရာ။

    အချိန်တန်တဲ့ အခါများမှာ
    ကလိမ်ကြံတဲ့ အရာများဟာ
    လက်သီးတစ်ချက်နဲ့တင်
    အသက်အပြီးထွက်ခဲ့ရင်
    အမှန်တရားဆိုတာ
    ပင်ကိုယ်လက်သံပြောင်တဲ့ အရာ။

    သူ့ကို အချောင်နှိုက်သူများအတွက်က
    တမနက်စာ အရိုးအရွင်း
    သူ့ကို ဗြောင်ကြိုက်သူများအတွက်က
    တစ်သက်စာ မသိုးထမင်းပေါ့
    အမှန်တရားဆိုတာ
    တန်ဖိုး မဖြတ်နိုင်တဲ့အရာ။

    သူ့အလှကို မယှဉ်ပြိုင်ရဲလို့
    သူ့ဘဝကို အစဉ်ယိုင်လဲဖို့
    သတ်ဖြတ်ကြကာ
    အမြစ်မကျန်လှန်စဉ်မှာ
    မတ်တပ်ထကာ
    အသစ်တစ်ဖန် ပြန်ရှင်လာ အမှန်တရားဆိုတာ ဘယ်တော့မှမသေတဲ့အရာ။

  • သွေးစွန်းနေသော ယုံကြည်ချက်များ (ကဗျာ)

    သွေးစွန်းနေသော ယုံကြည်ချက်များ (ကဗျာ)

    ဇွန်လ ၂၄ ရက်၊ ၂၀၁၄
    M-Media
    ရေးသူ- အိမ်ဝေးသူ (KZ)
    save
    ဒီနေ့…ကောင်းနိုးနိုး
    နက်ဖြန်…အေးချမ်းနိုးနိုး
    တစ်နေ့နေ့…ပြောင်းလဲနိုးနိုး နဲ့
    ပြက္ခဒိန်လည်း သွေးအလိမ်းလိမ်းနဲ့
    ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပြီ…။

    ယုံကြည်ချက်ကြောင့်
    သွေးစွန်းခဲ့ရတဲ့ လူနည်းစုအတွက်…
    လူများစုက နှုတ်ဆိတ်နေမှတော့
    ရခိုင်ပြည်ရဲ့  ကောင်းကင်က မီးခိုးငွေ့တွေက
    အဆန်းတပြားမဟုတ်လှပါဘူး…။

    တစ်ချိန်က ရခိုင်ပြည်ရဲ့ 
    ချောင်းတွေထဲမှာ…ငါးတွေ ရှိခဲ့တယ်
    ခုတော့…အဲဒီချောင်းတွေထဲမှာ
    ယုံကြည်ချက်ကြောင့် လျှံခဲ့တဲ့သွေးတွေ ရှိတယ်။
    (ငါးတွေက သွေးညှီနံ့ကြောင့် အနေရခက်တယ်တဲ့)

    တစ်ခါက အဲဒီပြည်ရဲ့ 
    လယ်ကွင်းတွေမှာ…စပါးပင်တွေ ရှိခဲ့တယ်…
    ခုတော့…အဲဒီ လယ်ကွင်းတွေမှာ
    အမုန်းတရားကြောင့် မြုပ်နှံခံရတဲ့
    အပြစ်မဲ့ လူမမည်တွေရဲ့  ဝိညာဉ်တွေ ရှိတယ်။
    (စပါးပင်တွေက အမုန်းကြီးသူတွေအတွက် မရှင်သန်ချင်ဘူးတဲ့)

    အတိတ်က အာရကန်ပြည်ရဲ့ 
    တောင်တွေပေါ်မှာ…သစ်ပင်တွေ ရှိခဲ့တယ်…
    ခုတော့…အဲဒီ တောင်တန်းတွေပေါ်မှာ
    အစွန်းရောက်မျက်ကန်းတွေကြောင့်
    ငိုကြွေးနေတဲ့ မိခင်တွေရဲ့  အရိုးစုတွေ ရှိတယ်။
    (သစ်ပင်တွေက မျက်ကန်းတွေကြောင့် ရှက်မိသတဲ့)

    မွေးရပ်မြေမှာ ခေါင်းချချင်စိတ်ကလေးက လွဲရင်
    သူတို့ ဘာမှ မလိုချင်ပါဘူးတဲ့…။
    ဖုံတစ်ထောင်းထောင်းထနေတဲ့ မြေသင်းနံ့လေးက လွဲရင်
    သူတို့ ဘာမှ မတပ်မက်ပါဘူးတဲ့…။
    (လူ) လို့ အသိအမှတ်ပြုခံရတာလေးက လွဲရင်
    သူတို့ ဘာမှ မတောင်းဆိုပါဘူးတဲ့…။
    ကိုယ့်ရေမြေကို ချစ်တဲ့စိတ်က
    ခင်ဗျားတို့ထက် မပိုရင်တောင်
    ခင်ဗျားတို့ထက်တော့ မလျော့နည်းပါဘူးတဲ့…။

    ကောသလမင်းရဲ့  ၁၆ချက်မြောက် အိပ်မက်
    သက်ဝင်လှုပ်ရှား ခမ်းနားစေဖို့
    သူတို့ဘဝတွေ အလဲလဲပြိုရင်း
    ယုံကြည်ချက်တွေ သွေးစွန်းခဲ့လည်း
    စွန်းတဲ့သွေးကို ကြမ်းကြမ်းသုတ်ရင်း
    ယုံကြည်ချက်နဲ့ ခရီးဆက်မယ်တဲ့…။

    အိမ်ဝေးသူ (KZ)

    မှတ်ချက်။

    စာနာစိတ်က ကဗျာတစ်ပုဒ် အဖြစ် လျှံကျစေသလို
    ကဗျာတစ်ပုဒ်ကလည်း စာနာစိတ်ကို ဖြစ်ထွန်းစေပါတယ်။

    ကောသလအိပ်မက် အမှတ် (၁၆)
    ===================

    ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့ သည် ကြောက် လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာ သို့ ပြေးကြ သည်ကို မြင်မက်ပါသည်။

    – နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန် သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြ ကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလ မဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တော သို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန် လတ္တံ့။

  • “မောင်သော်က တမ်းချင်း” (ကဗျာ)

    ဇွန်လ ၁၁ ရက်၊ ၂၀၁၄
    M-Media
    .ရေးသူ – ကျော်စွာ
    mg taw ka
    ဆရာ့ကဗျာ
    နားထဲမှာ ကြားယောင်မိသေးတယ်
    ချစ်သူရေ…
    ကိုယ်သေရွာမြန်းခဲ့မှ
    လွမ်းတေးမသီရစ်စေချင်
    ကိုယ့်ခေါင်းရင်းတွင် နှင်းဆီပင်နဲ့
    မပျိုးစေချင်
    အရိပ်စိုးသည့် မိုးမခပင် တဲ့။

    မြန်မာပြည် အလှည့်အပြောင်း
    ဆရာ့ထောင်းထောင်းကြေခဲ့
    စစ်ဘီလူး မိစ္ဆာတွေက
    ဆရာ့ ဇီဝိန်ချွေချလို့။

    ကန်တော်လေး စွန်နီသုသာန်
    မဟုတ်မခံတဲ့ အာဇာနည်
    ကြာကြာကြီးရဲ့ နောက်ဆုံးခရီး
    မျက်ရည်စ ပုဆိုးနဲ့သုတ်လို့
    လူအုပ်ကြား အလေးပြုခဲ့ပြီး
    တော်လှန်ရေးခရီးကြမ်းနှင်တယ်
    ဝိုင်းထမ်းမယ် ရည်ရွယ်ချက်နဲ့။

    ဆရာစိုက်ခဲ့တဲ့ အသီးအပွင့်
    ချင့်ချင့်ချိန် ခြူနေရတုန်းပါလား
    ဒီအချိန်သာ ဆရာရှိရင်
    သရော်စာတွေနဲ့ တိုက်လို့
    လူမိုက်တွေ အရှက်ဗြန်းဗြန်းကွဲ
    ခြေတောင်လှမ်းရဲမယ် မထင်။

    လွမ်းတယ်ဆရာ
    ဆရာ့စာ ဆရာ့ကဗျာတွေ
    ဖတ်ချင်တာ ရှာမရတော့
    ငတ်တာရေ တိုက်တာအက်ဆစ်
    နှစ်ထောင့်ရှစ်က တစ်ခါ
    ပြည်သူကို ထပ်ကာနှစ်လို့
    မတတ်သာစစ်စရိုက်ကို ပြောင်းရမလား
    သတ်သာပစ်လိုက်ဆို တောင်းရမလား။

    ဆရာက
    တော်လှန်ရေးကို ဦးဆောင်
    ဒီမိုကရေစီ ပေါ်အောင်လုပ်လို့
    ထောင်ထဲမှာ သေရတဲ့အဖြစ်
    မြန်မာ့သမိုင်းရဲ့ အညစ်အကြေးတွေ
    ရေမွှေးနဲ့ဆေးလည်း နံနေတုန်းဘဲ။

    ဆရာတင်တဲ့ ရွှေမင်းသမီး
    အော်စကာဆုတွေ တသီကြီးရပြီဘဲ
    ဆရာ့ရွှေဘိုနယ်မှာတော့
    မီးမလင်းသေးပါဘူး
    ဆရာပြောတော့ ဗမာဆို
    ဆရာ့သားစဉ်မြေးစက်ကိုတော့
    မှောင်ခိုဝင်လာ စွပ်စွဲချက်တွေနဲ့။

    ဆရာရေ
    အာဏာရူးတွေက
    အဆီအနှစ်ခွာနေလို့
    ပြည်မနစ်နာစေဘို့
    စားပွဲဝိုင်းမှာ အဖြေရှာတော့လည်း
    ကျွဲပလာတာကျွေးသလို
    ဘာသာရေးကို ခုတုံးလုပ်
    ပြဿနာ ပိုပိုရှုပ်ရအောင်
    မိုက်ရိုင်းလိုက်ပုံများတော့
    ခိုင်းနှိုင်းရမှာ အားနာလို့
    ဆရာသာ အနားမှာရှိရင်
    သရော်စာ ဒီလိုထင်မိတယ်
    မြီးကောက်တဲ့ခွေး။

    ကျော်စွာ
    ၁၀-၆-၂၀၁၄

    (၁၁-၆-၂၀၁၄) တွင် အာဏာရှင်ဆန့်ကျင်ရင်း အင်းစိန်ထောင်၌ ကျဆုံးခြင်း ၂၃နှစ်ပြည့်သော ဆရာမောင်သော်က (ဗိုလ်မှူးဘသော်) ဂျန္နသ်သုခဘုံတွင် စံမြန်းနိုင်ပါစေ….

    စာရေးဆရာ ကဗျာ ဆရာ မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် (၁၉၂၈ – ၁၉၉၁) အကြောင်းပိုစ်များ ဖတ်လိုလျှင် =>http://www.m-mediagroup.com/news/tag/mgthawka