News @ M-Media

Tag: Ramadan2022

  • မက္ကာနှင့် မဒီနာမှ မြင့်မြတ်ရာဗလီ၀တ်ကျောင်းတော်များ ၂ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်ဖွင့်

    မက္ကာနှင့် မဒီနာမှ မြင့်မြတ်ရာဗလီ၀တ်ကျောင်းတော်များ ၂ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်ဖွင့်

    ဧပြီ ၂၊ ၂၀၂၂

    M-Media 


    မဒီနာမှ မြင့်မြတ်ရာ မတ်စ်ဂျစ်ဒ် နဗ၀ီ ဗလီ၀တ်ကျောင်းတော်

    -ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်တာ ပိတ်ထားရတဲ့ မက္ကာနဲ့ မဒီနာမြို့က မြင့်မြတ်ရာ ဗလီ၀တ်ကျောင်းတော်တွေကို အများပြည်သူတွေ ၀တ်ပြုဆုတောင်းနိုင်ဖို့အတွက် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပါတယ်။ 

    အစ္စလာမ်ဘာသာ၀င်တွေရဲ့ ရမ်ဇာန်ဥပုသ်လဟာ ဧပြီလ ၂ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ မြင့်မြတ်ရာ ဗလီ၀တ်ကျောင်းတော်တွေမှာ အခုနှစ် ရမ်ဇာန်လအတွင်း ၀တ်ပြဆုတောင်းမှုတွေ ပြန်လည်ပြုလုပ်နိုင်ကြောင်း ဆော်ဒီအာဏာပိုင်တွေက မတ်လ ကုန်ပိုင်းမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

    ဒါ့ကြောင့် မက္ကာမြို့က မတ်စ်ဂျစ်ဒ် ဟရမ် ဗလီ၀တ်ကျောင်းတော်နဲ့ မဒီနာမြို့က မတ်စ်ဂျစ်ဒ် နဗ၀ီ ဗလီ၀တ်ကျောင်းတော်တွေမှာ   ဥပုသ်လ သာရာ၀ီ ၀တ်ပြုဆုတောင်းမှုတွေ၊ အေသေကားဖ် တရားအားထုတ်မှုတွေ၊ အစ်ဖ်သာရ် ၀ါဖြေမှုတွေ၊ ကုရ်အာန်ကျမ်းစာ ဖတ်ရွတ်မှု၊ သတ်စ်ဗီ ဘာ၀နာ စီးဖြန်းမှုတွေ လုပ်လို့ ရတော့မှာ ဖြစ်ပါတယ်။ 

    “မက္ကာမှာ အေသေကားဖ် တရားအားထုတ်ရတာဟာ တစ်ခြားနေရာတွေမှာ လုပ်ရတာနဲ့ ဘယ်လိုမှ မတူနိုင်ပါဘူး။ ရမ်ဇာန် ဥပုသ်လရဲ့ နောက်ဆုံး ၁၀ ရက်ကို တရားဘ၀နာထဲမှာ ကုန်ဆုံးရတော့မှာပေ့ါ” လို့ အသက် ၅၉ နှစ်အရွယ် အမျိုးသမီး လေလာ နာဂါဒီက ပြောပါတယ်။ 

    သူမဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လုံးလုံး ရမ်ဇာန်ဥပုသ်လမှာ တစ်နှစ်မပြတ် တရားအားထုတ်ခဲ့သူ ဖြစ်ပါတယ်။ 

    မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီ၀တ်ကျောင်းတော်တွေမှာ ဧပြီလ ၁ ရက်နေ့က စတင်ကာ သာရာ၀ီ ၀တ်ပြုဆုတောင်းခဲ့ပြီး ခပ်ခွာခွာနေရေး ကိုဗစ်စည်းမျဥ်းကိုလည်း ပယ်ဖျက်ထားပါတယ်။ ဒါပေမယ့် လူစုလူ၀ေးမှာ လူတွေ ထိတွေ့ပြောဆိုမှု နည်းစေဖို့အတွက် ၀တ်ပြုချိန်ကို ထက်၀က် လျှော့ချထားပါတယ်။ 

    ၂၀၂၀ ခုနှစ် ကိုဗစ်ကြောင့် မြင့်မြတ်ရာနေရာတွေနဲ့ တစ်နိုင်ငံလုံးက ဗလီတွေကို ဆော်ဒီက ပိတ်ထားခဲ့ပြီး၊ မနှစ်က ရမ်ဇာန်မှာတော့ မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီ၀တ်ကျောင်းတော်တွေမှာ လူပမာဏ အနည်းကို ခပ်ခွာခွာ နေထိုင်ရေး စည်းမျဥ်းနဲ့ သာရာ၀ီ ၀တ်ပြုဆုတောင်းခွင့် ပေးခဲ့ပါတယ်။ 

    အခုနှစ်မှာတော့ ကိုဗစ်စည်းမျဥ်းတွေအားလုံးကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။ 

    Ref: Arab News