News @ M-Media

Tag: Riot

  • ရွှေဆိုင်ပဋိပက္ခ ပါဝင်သူ ၃ ဦးကို ထောင် ၁၄ နှစ် ချမှတ်မှု ရှေ့နေဦးကိုနီရဲ့ သုံးသပ် တင်ပြချက်

    ဒီဗွီဘီ
    ၂၈- ဧပြီ-၂၀၁၃

    U Ko Niပြီးခဲ့တဲ့ မတ်လအတွင်း ပဋိပက္ခစတင်ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ နယူးဝိန့်စိန် ရွှေဆိုင်က ၃ ဦးကို မိတ္ထီလာမြို့နယ် တရားရုံးက ဧပြီ ၁၁ ရက်နေ့က ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်တာဟာ မဖြစ်သင့်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဝေဖန်လိုက်ပါတယ်။

    ဧပြီ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဒီအမှုကို မိတ္ထီလာမြို့ အမှတ် ၂ ရဲစခန်းမှာ အမှုဖွင့်ပြီး ဧပြီ ၅ ရက်နေ့မှ စတင်ကာ မြို့နယ်တရားရုံးမှာ ပြစ်မှုကြီးအမှတ် ၁၁၇၈/ ၂၀၁၃ ဖြင့် ကြားနာစစ်ဆေးပြီး အသိသက်သေ ၁၃ ဦးနဲ့ စစ်ဆေးခဲ့တယ်လို့ ပါရှိပါတယ်။

    တရားခံတွေကတော့ ဦးထွန်းထွန်းဦး (ခ) အာရှစ်နဲ့ အလုပ်သမား ညီညီ (ခ) မင်းအောင်တို့ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၂၊ ၃၂၅ နဲ့ ၃၂၄ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၄ နှစ်၊ ရွှေဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်အေးကို ပုဒ်မ ၃၈၂၊ ၃၂၅/ ၁၁၄ နဲ့ ၃၂၄/၁၁၄ အရ အလုပ်နဲ့ ထောင်ဒဏ် စုစုပေါင်း ၁၄ နှစ်စီ ကျခံစေဖို့ တရားရုံးက ချမှတ် စီရင်လိုက်တယ်လို့ ဆိုပါတယ်။
    ဒီ ၃ ဦးကို ပြစ်ဒဏ်ချမှတ်မှုနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးကိုနီက မျှတတဲ့စီရင်ချက် မဟုတ်ဘူးလို့ ရှင်းလင်း သုံးသပ်ပြပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

  • ဇီးကုန်းမြို့တွင် ယနေ့ညနှင့် မနက်ဖြန်တွင် တစ်ကျော့ပြန် ဖျက်ဆီးမည်ဟု ပြောဆိုမှုများကြောင့် မွတ်စလင်မ်များ စိုးရိမ်ထိတ်လန့်နေ

    ဧပြီ ၂၇၊ ၂၀၁၃
    M-Media
    ကေကေ

    IMG_20130326_190216
    ၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဇီးကုန်းမြို့ ဗလီဝတ်ကျောင်းတော်တခုက အကြမ်းဖက်သမားများဖျက်ဆီးမှုကြောင့် အပျက်အဆီးများဖြင့် တွေရသည့်ပုံ

    ဇီးကုန်း ။         ။     ပဲခူးတိုင်း ဇီးကုန်းမြို့တွင် ယနေ့ညနှင့် မနက်ဖြန်ညတွင် တစ်ကျောပြန်၍ ထပ်မံဖျက်ဆီးမည်ဟု ပြောဆိုနေမှုများကြောင့် မွတ်စလင်မ်များ အချို့မှာ ယာယီ နေရာပြောင်းရွှေ့မှုများ ပြုလုပ်နေပြီး စိုးရိမ်ထိတ်လန့်မှုများရှိနေကြောင်း သိရသည်။

    အဆိုပါအကြောင်းကိစ္စအား ဆက်သွယ်စုံစမ်းရာ “ဒီနေ့ နေ့ခင်းပိုင်းကတည်းက အဲလို ဒီနေ့ညနဲ့ မနက်ဖြန်ည ဇီးကုန်းကို တကျော့ပြန်ထပ်ပြီးဖျက်ဆီးမယ်လို့ သတင်း ထွက်ပေါ်လာခဲ့တာ။ ညနေပိုင်း ၄-နာရီခွဲလောက်မှာ ဒီမှာရှိတဲ့ မွတ်စလင်မ်တွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။ တချို့မွတ်စလင်မ်တွေက နေရာပြောင်းတာတွေ လုပ်ကုန်တယ်။ နေအိမ်တွေ ပြောင်းတယ်။ ကျွန်တော်တို့ကတော့ မပြောင်းဘူး ဒီမှာပဲနေနေတယ်။ အရင်တစ်ခါတုန်းကလည်း မြို့ခံတွေပါတယ်။ မြို့ခံတွေ ၀ိုင်းဖျက်လို့ ကျွန်တော့်အိမ်လည်း ပျက်စီးသွားတယ်။ အခုက အဲဒီ မြို့ခံတွေမဟုတ်ပဲ ကျန်တဲ့မြို့ခံတွေက လိုက်လံ စောင့်ရှောက်တယ်။ လုံးဝ အဖြစ်မခံဘူးဆိုပြီး။ ဒီအချိန်က ခါတိုင်းဆို ဒီလိုအေးစက်နေတာမဟုတ်ဘူး။ အခုက တအားအေးစက်နေတယ်။ ကျွန်တော်လည်း မအိပ်သေးဘူး။ ထိုင်နေတာ။ အခုတော့ အိမ်နားတ၀ိုက်မှာ စစ်ကားတွေ ချထားတယ်။  လမ်းထိပ် မြို့အ၀င် တံတားထိပ်တွေမှာကျ ရဲတွေချထားတယ်။ အရင်တစ်ခါဖြစ်တုန်းကလည်း စစ်တပ်နဲ့ ရဲ လုံခြုံရေး ချထားတာပါပဲ။ ဒါပေမယ့် အဲဒီတုန်းက သူတို့က ဘာမှမလုပ်ဘူး။ အခုလက်ရှိအချိန်မှာ မြို့နယ် တည်ငြိမ်အေးချမ်း သာယာရေးကော်မတီဖွဲ့ထားတာရှိတယ်။ အဲဒီကော်မတီကလည်း ထပ်ပြီး အကြမ်းဖက်မှုတွေ ထပ်မဖြစ်လာအောင်တော့ ထိန်းနေပါတယ်။ ဒါပေမယ့် ဒီနေ့ညနဲ့ မနက်ဖြန်ညမှာ ထပ်ပြီး ဖျက်ဆီးမယ်ဆိုတော့ မွတ်စလင်မ် အားလုံး စိုးရိမ်ထိတ်လန့်နေပါတယ်။ အခုလည်း ကျွန်တော်က အိမ်မှာ မီးတွေအားလုံး အမှောင်ချပြီး အမှောင်ထဲမှာ နေနေရပါတယ်။ အကြမ်းဖက်မှုတွေ ထပ်မဖြစ်ပွားအောင် ၀ိုင်းဝန်းထိန်းသိမ်းပေးကြပါ။ ကျွန်တော်တို့တွေ စိုးရိမ်နေရပါတယ်”လို့ M-Media ကို ည ၁၁ နာရီ ခွဲလောက်က ပြောပြလာပါတယ်။

  • အကြမ်းဖက်ခံရသည့် မြို့များသို့ ၅၉ လမ်း ဗလီ မိသားစုဝင်များ စုပေါင်းလှူဒါန်း

    ဧပြီလ ၂၅၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    ၅၉ လမ်း ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်းတော် ဂျမာအသ် မိသားစုဝင်များ၏ စုပေါင်းထည့်ဝင် လှူဒါန်းငွေများအား ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းရှိ အကြမ်းဖက် ခံရသော မြို့များ ဖြစ်သည့် မင်းလှ။ ကြို့ပင်ကောက်။ ဇီးကုန်း။ နတ်တလင်း နှင့် စစ်ကွင်းမြို့များသို့ ကျပ် ခြောက်ဆယ့် ရှစ်သိန်းတိတိ ကို သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
    DSCF1264 DSCF1271

  • မင်းလှမြို့နယ်တွင် တတိယအကြိမ် အကြမ်းဖက်မှု ဖြစ်သွားချင်လားဟု ခြိမ်းခြောက်ခံရ

    ဧပြီ ၂၂၊ ၂၀၁၃
    M-Media
    သုတ

    မတ်လအတွင်း အကြမ်းဖက်ဖျက်ဆီးခံရသည့် မင်းလှမြို့မှ မွတ်စလင်များ၏ နေအိမ်နှင့် ဆိုင်များ
    မတ်လအတွင်း အကြမ်းဖက်ဖျက်ဆီးခံရသည့် မင်းလှမြို့မှ မွတ်စလင်များ၏ နေအိမ်နှင့် ဆိုင်များ

    မင်းလှ ။      ။    မတ်လအတွင်းက မိတ္ထီလာမြို့ အကြမ်းဖက်သတ်ဖြတ်မှုများအပြီးတွင် ဆက်တိုက်ဆိုသလို အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသော ပဲခူးတိုင်းအနောက်ခြမ်း မြို့များမှ တစ်မြို့အပါအ၀င်ဖြစ်သည့် မင်းလှမြို့နယ်တွင် တတိယအကြိမ် အကြမ်းဖက်မှုဖြစ်စေရန် ယနေ့ ညနေပိုင်းက ခြိမ်းခြောက်ခံရမှုကြောင့် မြို့ခံ မွတ်စလင်မ်တချို့ စိုးရိမ်ထိတ်လန့်ခဲ့ကြကြောင်း သတင်းရရှိသည်။

    ဖြစ်စဉ်အား ဆက်သွယ်စုံစမ်းရာ အကြမ်းဖက် ဖျက်ဆီးခံရသော မွတ်စလင်မ်ပိုင် လ္ဘက်ရည်ဆိုင်အား ပြန်လည်ပြင်ဆင်ရာ ယင်းဆိုင်ရှေ့တွင် ဖွင့်လှစ်ထားသော ဗုဒ္ဓဘာသာ ကွမ်းယာဆိုင်မှ တတိယအကြိမ် အကြမ်းဖက်မှုဖြစ်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

    “အဲ့ဒီလ္ဘက်ရည်ဆိုင်ရှေ့မှာရှိတဲ့ ကွမ်းယာဆိုင်ပါ။ အဲ့ဒီ ကွမ်းယာဆိုင်ကလည်း လ္ဘက်ရည်ဆိုင်ရဲ့ ရှေ့မှာ ဖွင့်ထားတာပါ။ ဗုဒ္ဓဘာသာပိုင်တဲ့ ကွမ်းယာဆိုင်ပါ။ လ္ဘက်ရည်ဆိုင်က ဖွင့်ဖို့ ခွင့်ပြုခဲ့တာ တော်တော်ကြာပါပြီ။ အခုဖြစ်တာက ဟိုတလောက အကြမ်းဖက် ဖျက်ဆီးခံလိုက်ရတာကြောင့် လ္ဘက်ရည်ဆိုင်ကို ပြန်ပြင်ပါတယ်။ ပြန်ပြင်တော့ အရှေ့မှာ sun shade ထည့်တယ်။ အဲဒါ ဒေါက်တိုင်ထောင်ဖို့ မြေတူးရတယ်။ ၄-လက်မလောက် မလွတ်ဘူးဖြစ်နေတယ်။ ကွမ်းယာဆိုင်ရဲ့နောက်မှာထားတဲ့ ပုံးတစ်ခုနဲ့ မလွတ်လို့ ခဏဖယ်ပေးဖို့ပြောတာ။ မြေနေရာက စည်ပင်ပိုင်မြေပါ။ လ္ဘက်ရည်ဆိုင်ပိုင်ရှင်က ခွင့်ပြုထားခဲ့တာပါ။ လ္ဘက်ရည်ဆိုင်ရဲ့ မျက်နှာစာမှာပါ။

    မဖယ်ပေးဘူး။ အဲဒါနဲ့ ရပ်ကွက်လူကြီးခေါ်ပြီးပြောတော့ သူတို့ဘက်က လုံးဝ မဖယ်နိုင်ဘူးတဲ့။ အဲဒါဆိုလည်းရတယ်ဆိုပြီး အဲဒီနောက်နားမှာ ကပ်ပြီးတူးလိုက်တယ်။

    နောက်ဆုံးတော့ ရပ်ကွက်လူကြီးက ဒီနေ့ညတော့ နေလိုက်ပါလို့ပြောတယ်။ ဆိုင်ပြင်ဖို့စပြောတာက ဒီနေ့ နေ့လည်ပိုင်းကပါ။ ခုနကလို ခြိမ်းခြောက်တာက ညနေ ၆-နာရီခွဲလောက်ကပါ။ နေ့လည်ပိုင်းကတော့ ရပ်ကွက်လူကြီးနဲ့ခေါ်ပြီး ၄-လက်မလောက် ဆုတ်ပေးဖို့ပြောတာ။ သူတို့ဆိုင်ရွေှ့စရာမလိုပါဘူး။ ဆိုင်နောက်မှာထားတဲ့ သေတ္တာပုံးတစ်ခုကို ဘေးနည်းနည်းတိုးလိုက်ရင်ရပြီ။ အဲဒါကို တိုးမပေးဘူး။ ညနေ ၆-နာရီခွဲလောက်မှာ ကွမ်းယာဆိုင် ပိုင်ရှင်ရဲ့ မိန်းမနဲ့ သမီး ၂-ယောက် ရောက်လာပြီး ‘နင်တို့ အခုချက်ချင်း ဖျက်မှာလား မဖျက်ဘူးလား။ ငါက ပြဿနာရှာမှာ။ ဒါက မြန်မာနိုင်ငံ၊ နင်တို့နေဖို့နေရာမဟုတ်ဘူး။ အခု ထပ်ပြီး တတိယအကြိမ် အကြမ်းဖက် ခံရချင်လား’ဆိုပြီး ပြောတယ်။ ကွမ်းယာဆိုင်ပိုင်ရှင်က ဦးအောင်စန်းမြင့်။ ဆိုင်နာမည်က အောင် လို့ ပေးထားတယ်။ ဒါပေမယ့် အများစုက ဆိုင်နာမည်ကို မသိကြဘူး။ ဦးအောင်စန်းမြင့်ဆိုရင် တော်တော်များများသိတယ်။

    ဟုတ်ကဲ့ ကျွန်တော်တို့ စတူးတဲ့အချိန်က ဆိုင်ဖွင့်ထားတယ်။ နောက် နာရီဝက်လောက်ကြာတော့ ဆိုင်ပိတ်သွားတယ်။ ညနေကျ ပြန်လာပြီး ဦးအောင်စန်းမြင့်ဘေးမှာနဲ့ သူ့သမီး ၂-ယောက်က ပြဿနာရှာတယ်။ အဲ့ဒီ ကောင်မလေးရဲ့ အမျိုးသားက အဲ့ကောင်မလေးကို တုတ်ယူပေးတယ်။ ကျွန်တော်တို့ကတော့ ရပ်ကွက်လူကြီးနဲ့ ပြောလိုက်တာပဲ။ မနက်ဖြန်ကို ၀န်ကြီးချုပ် လာမယ်လို့လည်း ပြောနေတယ် သေချာတော့မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကို ခြိမ်းခြောက်သွားပြီး တတိယအကြိမ် အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်တာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်”လို့ ယင်းအကြောင်းအရာအား မျက်မြင်တွေ့ရသူ မင်းလှမြို့ခံမှ M-Media ကို ပြောပြလာပါတယ်။

  • ရမည်းသင်း ရွာတန်းရွာတွင် မီးရှို့ဖျက်ဆီးခံ ခဲ့ရသူ ဒုက္ခသည် တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

    ဧပြီလ ၂၂၊ ၂၀၁၃
    M-Media
    မေးမြန်းသူ- ကျောက်ခဲ

    ရမည်းသင်း ။      ။      ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား မီးရှို့ဖျက်ဆီးခံခဲ့ရမှု၏ ဒုက္ခသည်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းခိုက် ရွာတန်းကျေးရွာ အဖြစ်အပျက်များရဲ့ ကိုယ်တိုင် အတွေ့အကြုံကို အဆိုပါ ဒုက္ခသည်မှ M-Media ကို ပြောပြလာပါတယ်။

    “ရမည်းသင်းမြို့နှင့် ၈-မိုင်ခန့်အကွာရှိရွာတန်းကျေးရွာအုပ်စု ရွာတန်းကျေးရွာရှိ ဈေးကုန်းဗလီ နှင့် မွတ်စလင်မ်အိမ်များအား ၂၃-၃-၂၀၁၂ ည ၇း၃၀ ကျော် ၈း၀၀ နာရီ ၀န်းကျင်ခန့်မှာ အစွန်းရောက် အကြမ်းဖက်သမားများမှဝင်ရောက် မီးရှို့ဖျက်ဆီး လုယက်ခြင်းခံခဲ့ရပါတယ်။”

    1

    “ရွာတန်းမှာ အရင်က ဘာပြဿနာမှကို မဖြစ်ခဲ့ဖူးဘူး။ ရွာထဲမှာနေတဲ့သူ အားလုံးက ဘာသာမတူပေမယ့် ချစ်ခင်စည်းလုံးကြတယ်။ ဟိုးအရင် ဘိုးဘွား လက်ထက်ကတည်းက အတူတူနေလာခဲ့တာ။ ဆွေမျိုးတွေလဲတော်စပ်နေကြတယ်။ ရွာကလူတွေအများစုက ခြံလုပ်တဲ့ စပျစ်ခြံ စိုက်သမားတွေ၊ မွေးမြူရေးလုပ်တာနည်းနည်းရှိတယ်။

    မိထ္ထီလာမှာဖြစ်တယ်ကြားတော့ အဲဒီ မတ်လ ၂၃ရက် မနက်မှာပဲ လူကြီးတွေက ရွာထဲမှာ ဘာမှမဖြစ်အောင် အားလုံးအတူတူ ၀ိုင်းဝန်းစောင့်ရှောက်ဖို့ ပြောဆိုဆွေးနွေးခဲ့ကျတယ်။ ညဘက်ရောက်တော့ အကြမ်းဖက်သမားတွေရောက်လာခဲ့တာ။”

    “အခုလို ဖြစ်သွားတာက တစ်ဖက်သတ် အကြမ်းဖက်ခံရခြင်း သက်သက်ပဲ။ လူများစုက လူနည်းစုကို မတရား ၀ိုင်းအနိုင်ကျင့်ပြီး ဖျက်ဆီး လုယက်ခဲ့တာ။ ရွာတန်းအုပ်စုမှာက (၂၄)ရွာလောက်ရှိတယ်ဆိုတော့ အကြမ်းဖက်သမားတွေက ဒီနားက ရွာတွေကပါတာများပါတယ်။ ဆိုင်ကယ်တွေ ကားတွေနဲ့လာကျတယ်။ ရွာထဲရောက်တော့ သူတို့အုပ်စုက ဈေးကုန်းမှာရှိတဲ့  မွတ်စလင်မ်အိမ်တွေကို အရင်ဝိုင်းလိုက်တယ်။ အိမ်ထဲမှာရှိတဲ့ လူတွေ အကုန်ကို ထွက်ပေးဖို့ အော်ဟစ်ပြောဆိုတယ်။ အဲဒီအချိန်မှာ ကျွှန်တော်တို့ကို အိမ်နီးချင်းတွေက ၀ိုင်းအော်ပြီး သတိပေးကြတယ် ‘လာပြီ … လာပြီ’ ဆိုပြီးတော့ပေါ့။ အဲဒါနဲ့ ကျွန်တော်လည်း အိမ်ထဲကနေ အပြင်ထွက်ကြည့်လိုက်တာ နည်းတဲ့လူအုပ်ကြီးမဟုတ်ဘူးဗျာ။ တုတ်တွေ ဓါးတွေ သံပိုက်လိုမျိုးတွေ ကိုင်ထားကျတယ်။   လူတစ်ထောင်လောက်တော့ရှိမလားမပြောတတ်ဘူး ။ ညဖြစ်နေတော့ အရမ်းများတယ်ဆိုတာတော့ သိလိုက်တယ်။ ဒီလောက်များတဲ့လူအုပ်ကြီးမျိုးကို ဒီရွာမှာနေလာတဲ့ သက်တမ်းတလျှောက် တခါမှမတွေ့ခဲ့ဖူးဘူး။

    4

    နောက် အဲဒီလူအုပ်တွေက ဈေးကုန်းမှာရှိတဲ့ အိမ်တွေဆီက ပစ္စည်းတွေယူပြီး အရင်ဆုံးဖျက်ဆီးတယ်။ နောက်တော့ ဓါတ်ဆီတွေလောင်းပြီး မီးရှို့ဖို့လုပ်တယ်။ အဲဒီမှာ ဈေးကုန်းမှာရှိတဲ့ မွတ်စလင်မ်အိမ်တွေက ဈေးနဲ့ကပ်လျက်ဖြစ်နေတော့ ပတ်ဝန်းကျင်မှာနေတဲ့ ဗုဒ္ဒဘာသာဝင်တွေက အဲဒီမွတ်စလင်မ်အိမ်တွေကို မီးမရှို့ဖို့ ဈေးကြီးတခုလုံး မီးကူးသွားမှာစိုးရိမ်လို့ အကြမ်းဖက်သမားတွေကို ၀ိုင်းဝန်းတောင်းပန်တော့မှ နောက်ဆုံး ပစ္စည်းတွေ စိတ်ကြိုက်ယူပြီး အိမ်တွေကိုပဲ ဖျက်ဆီးခဲ့ကျတာ။ ဒါပေမယ့် ဈေးနားကလွဲပြီး အောက်ဖက်မှာရှိတဲ့ ဗလီ၊ စာသင်ကျောင်းနဲ့ ကျန်တဲ့ မွတ်စလင်မ်အိမ်တွေအားလုံးကိုတော့ တစ်အိမ် မကျန် ပြာပုံဖြစ်တဲ့အထိ မီးရှို့ခဲ့တယ်။ ဗလီနဲ့စာသင်ကျောင်းက အထက်တန်းကျောင်းနဲ့ ကပ်လျက်ပဲ၊ ဗလီနဲ့ စာသင်ကျောင်းကတော့ မီးထဲပါသွားတယ်။ နောက် တချို့ဗုဒ္ဓဘာသာဝင်တွေအိမ်လဲ မီးထဲပါသွားတယ်။ မီးရှို့ အကြမ်းဖက်တဲ့အဖွဲ့က လုံးဝ စိတ်အေးလက်အေးပုံစံနဲ့ကို စိတ်ကြိုက် လုယက် ဖျက်ဆီး မီးရှို့ခဲ့တာဗျာ။ မွတ်စလင်မ်အိမ်တွေထဲက ပစ္စည်းတွေထုတ်ပြီး အရင်ဆုံးယူတယ်။

    နောက် တအိမ်ပြီး တအိမ်ကို အုပ်စုလိုက် ၀ိုင်းပြီးမီးရှို့ခဲ့တာအခုမြင်ရတဲ့အတိုင်း ပြာပုံနဲ့ မီးလောင်သွပ်ပုံပဲကျန်တော့တာ။ တားဆီးမယ့်သူလည်း လုံးလုံး မရှိဘူး။ အဲဒီ အကြမ်းဖက်အဖွဲ့ထဲမှာတော့ ရွာခံက(၁၀)ယောက်လောက်ပါတယ်။ အခုတော့ သူတို့ကို ဖမ်းထားတယ်ပေါ့ဗျာ။ အားလုံးကုန်ပြီး ပြာပုံဖြစ်၊ ဘာပစ္စည်းမှလည်း  မကျန်တော့မှ ဖမ်းတယ်ဆိုတော့လညှ်း ဘာလုပ်လို့ရတော့မှာလဲဗျာ။ အကြမ်းဖက်မှုကို ဦးဆောင်ခဲ့တဲ့လူတွေထဲက အခုထိ အဖမ်းမခံရပဲ လွတ်နေတာလဲ ရှိနေပါသေးတယ်။

    7

    ဘာကြောင့် မဖမ်းပဲ ဒီလို လွတ်ပေးထားလဲဆိုတာတော့ မသိဘူးဗျာ” လို့ပြောပြခဲ့ပါတယ်။

    အစွန်းရောက်  အကြမ်းဖက် သမားများမှ အကြမ်းဖက်မှုကျူးလွန်နေချိန်မှာတော့ အကြမ်းဖက်မှုအန္တရာယ်မှ ဘေးလွတ်ရာကို ရှောင်ရှားခဲ့ရပုံကိုလည်း ဆက်ပြီး ပြောပြလာပါတယ်။

    “အဲဒီအချိန်မှာ မွတ်စလင်မ် မိသားစုတွေ အားလုံးကတော့ ထွက်ပြေးကြရတာပေါ့။ ရွာတန်းရဲ့ အနောက်ဖက်မှာရှိတဲ့ စပျစ်ခြံတွေဖက် ပြေးသူကပြေး တခြားလွတ်ရာတွေပြေးကျရတယ်။ ပြေးရင်းနဲ့ အထုတ်အပိုး တစ်နိုင်လေးသယ်ပြေးတာမြင်ရင် လူ ၂၀-ကျော်လောက်က နောက်ကနေလိုက်ပြီး လုတယ်။ နောက်ဆုံး ဘာမှ မသယ်နိုင်ပဲ အထုတ်တွေပြစ်ချပြီး အ၀တ်အထည် ကိုယ်တခုနဲ့ကိုယ်လွတ်ရုန်းပြီးပြေးခဲ့ရတာ။ တချို့ကလေးငယ်လေးတွေနဲ့ အသက်ကြီးပိုင်းတွေတော့ ပြေးရင်းနဲ့ ညဖက်ဆိုတော့ ဘာမှ ကောင်းကောင်းလည်းမမြင်ရ၊ ဓါတ်မီးတောင်မယူနိုင်ပဲ ပြေးရတာဆိုတော့ ဆူးချုံတွေထဲ ၀င်တိုးမိတာ၊ ခလုတ်တိုက်လဲကျ လို့ ပွန်းပဲ့ဒဏ်ရာရတာတော့ရှိပါတယ်။ တချို့လည်း အခြားနေရာတွေမှာ တိမ်းရှောင်နေခဲ့လို့ လူတွေတော့ ဘာမှမဖြစ်သွားပါဘူး။ တစ်ချို့ကိုတော့ ရွာထဲက အိမ်နီးချင်း ဗုဒ္ဓဘာသာဝင်တွေက သူတို့အိမ်မှာခေါ်ပြီး လုံခြုံအောင် စောင့်ရှောက်ထားပေးပါတယ်။  မိသားစုတစ်ချို့ကို ကူညီစောင့်ရှောက်ပေးတဲ့ရွာထဲက ဗုဒ္ဓဘာသာဝင်တွေကို တကယ် ကျေးဇူးတင်ဖို့ကောင်းပါတယ်။

    ကျွန်တော်တို့ကတော့ သစ်ပင်တွေပေါ်တက်ပုန်းနေရတော့ သစ်ပင်ပေါ်ကနေမြင်ရလို့ ရွာထဲမှာ ည ၁၁-ကျော်မှာ အိမ်တွေအားလုံး မီးလောင်ကုန်ပြီဆိုတာ သိလိုက်တယ်။

    ရမည်းသင်းက မီးသတ်ကားလာတာတော့ရှိပေမယ့် မီးသတ်ရောက်တဲ့အချိန် အိမ်တွေက မီးလောင်ကုန်ပြီပေါ့။ မီးရှို့တဲ့သူတွေက အိမ်တွေမီးရှို့ပြီး ပုန်းနေတဲ့ လူတွေကို စပျစ်ခြံဖက်တွေမှာ ဆိုင်ကယ်တွေနဲ့ အုပ်စုဖွဲ့ပြီးလိုက်ရှာနေသေးတော့ ဘယ်သူမှ မအိပ်ရဲဘူး အိပ်လို့လဲမရဘူးလေ။ မနက် ၃နာရီလောက် စစ်တပ်ရောက်လာတော့မယ်ဆိုမှ အဲဒီအကြမ်းဖက်သမားတွေက ထွက်သွားကြတာ။ ကျွန်တော်တို့လည်း မနက်မိုးလင်းမှ စစ်တပ်ရောက်လာပြီးမှ လုံခြုံရေးရှိပြီဆိုမှ ပုန်းနေတဲ့နေရာကနေထွက်လာရဲတာ ”လို့ M-Media ကို ပြောပြပါတယ်။

    ရမည်းသင်း မြို့နယ် ရွာတန်းအုပ်စု ရွာတန်းကျေးရွာကို အစွန်းရောက်အကြမ်းဖက်သမားများ ၂၃-၃-၂၀၁၂ ရက်နေ့မှာ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာတန်းကျေးရွာရှိ ဈေးကုန်းဗလီ၊ ဘာသာရေးစာသင်ကျောင်းနှင့် မွတ်စလင်မ်အိမ်ခြေ (၅၂)အိမ် ဗုဒ္ဒဘာသာ(၃)အိမ်ခန့် မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ရပါတယ်။

    ယခုအခါမှာတော့ အကြမ်းဖက်မှုကြောင့် နေအိမ်များပျက်စီးဆုံးရှုံးသွားရတဲ့ ဒုက္ခသည်များကို ရွာတန်း အထက်တန်းကျောင်းမှာ ကယ်ဆယ်ရေးစခန်းဖွင့်ပြီး ယာယီနေထိုင်ဖို့ သက်ဆိုင်ရာက စီစဉ်ပေးထားပြီး ဒုက္ခသည်(၁၆၅)ဦးခန့်ရှိပါတယ်။ ရမည်းသင်းမြို့ပေါ်ရှိ အစ္စလာမ်ဘာသာရေးအဖွဲ့ဝင်များ၊ ရွာတန်းကျေးရွာရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဦးဆောင်လျှက် ရွာတန်းရှိ ဒုက္ခသည်များ စားဝတ်နေရေး အဆင်ပြေစေရန် လိုအပ်ချက်များစီစဉ်ပေးလျှက်ရှိကြောင်း၊ ရန်ကုန်၊ မန္တလေး၊ ပျော်ဘွယ်၊ တောင်ကြီး နှင့် အခြားမြို့များမှ စေတနာရှင်များ အသင်းအဖွဲ့များမှလည်း စေတနာထက်သန်စွာ လာရောက်လှူဒါန်းလျှက်ရှိကြောင်းလည်း သိရှိရပါတယ်။