News @ M-Media

Tag: Rohingya IDP

  • VOA: မြေပုံမြို့နယ် ဒုက္ခသည်စခန်း အခြေအနေ နိုင်ငံတကာ စိုးရိမ်

    VOA: မြေပုံမြို့နယ် ဒုက္ခသည်စခန်း အခြေအနေ နိုင်ငံတကာ စိုးရိမ်

    ဒီဇင်ဘာ ၃၁၊ ၂၀၁၃
    VOA (မြန်မာပိုင်း)

    ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းအတွင်းက အခြေအနေတွေဟာ အတော်လေးကို စိုးရိမ်ပူပန်စရာ အနေအထားမှာ ရှိနေတဲ့အတွက် အစိုးရအနေနဲ့ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆို လိုက်ပါတယ်။ စခန်းအတွင်းမှာ ရှိနေတဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာက အကူအညီပေးတဲ့နေရာမှာလည်း ဒေသခံတွေရဲ့ နှောင့်ယှက်ဟန့်တားမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ နိုင်ငံတကာသံရုံးတွေက ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

    ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းမှာရှိတဲ့ တောင်ပေါ်ဒုက္ခသည် စခန်း အတွင်းက အခြေအနေတွေဟာ တဖြည်းဖြည်း ဆိုးဝါးလာနေတာကို စုံစမ်း သိရှိရတဲ့အတွက် EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန်ပြည်ထောင်စု၊ ဆွဒ်ဇာလန်နဲ့ တူရကီနိုင်ငံတို့က ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်တဲ့ အကြောင်း အမေရိကန်သံရုံး ပြောခွင့်ရ အမျိုးသမီး Sarah Hutchinson က ဗွီအိုအေကို ပြောပါတယ်။

    “မြေပုံမြို့နယ်၊ တောင်ပေါ်စခန်းအတွင်းရှိတဲ့ ဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အင်မတန်စိုးရိမ်စရာကောင်းတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေ အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ် ပူပန်မှုတွေ ဖြစ်ပေါ်နေတာပါ။ မြန်မာအစိုးရ အနေနဲ့က အခုလို အခက်အခဲနဲ့ရင်ဆိုင်နေရတဲ့သူတွေကို လူသားချင်းစာနာတဲ့အကူအညီတွေ အဟန့်အတားမရှိ ချက်ခြင်းပေး ပို့နိုင်အောင် ဆောင်ရွက်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက အပြင်းအထန် တောင်းဆိုပါတယ်။”

    မိသားစုဝင်ပေါင်း ၇၅၀ ကျော်ဟာ အဲဒီ တောင်ပေါ် ဒုက္ခသည်စခန်းမှာ လွန်ခဲ့တဲ့ (၁၄) လလောက်ကတည်းက ရောက်ရှိနေခဲ့တာဖြစ်ပေမယ့် သူတို့အနေနဲ့ သန့်ရှင်းတဲ့သောက်သုံးရေ မရရှိတာ၊ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရှိတာ၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေ မရတာအပြင် စခန်းအပြင်ကိုလည်း လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် မရကြဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် သူတို့တွေဟာ လူမဆန်တဲ့ အခြေအနေတွေအောက်မှာ နေထိုင်နေကြ ရတယ်လို့ ဆိုပါတယ်။ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ နိုင်ငံတကာက လူသားချင်းစာနာတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း ဒေသခံတွေရဲ့ နှောင့်ယှက် ဟန့်တားမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

    “ဒီလုပ်ရပ်တွေဟာ လက်ခံနိုင်စရာကို မရှိပါဘူး။ အခုလို ဒုက္ခရောက်နေတဲ့သူတွေ လိုအပ်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ အလျင်အမြန်ပေး သင့်တယ်ဆိုတဲ့ နိုင်ငံတကာက လက်ခံထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီခြင်းမရှိတဲ့ အဲဒီလိုလုပ်ရပ်တွေကို ဖြစ်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မကြာသေးခင်ကပဲ အဲဒီဒေသမှာ သွားရောက်ပြီးတော့ လေ့လာ ခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီအောင် လုပ်ဆောင်ပါ့မယ်လို့ ဗဟိုအစိုးရကရော၊ ဒေသခံတာဝန်ရှိတဲ့ သူတွေကပါ အကြိမ်ကြိမ် လူသိရှင်ကြား ကတိပေးထားပေမယ့် အခုအချိန်အထိ ထိထိရောက်ရောက် လုပ်ဆောင်တာ မတွေ့ရသေးပါဘူး။”

    စခန်းအတွင်းက ဒုက္ခသည်တွေ လိုအပ်နေတဲ့အကူအညီတွေ အချိန်မီရောက်နိုင်အောင် အစိုးရအနေနဲ့ မဆိုင်းမတွ လုပ်ဆောင်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် စခန်းအတွင်းက ဒုက္ခသည်တွေ အပြင်ကို အနှောင့်အယှက်ကင်းကင်းနဲ့ ဝင်ထွက်သွားလာနိုင်အောင် လုံခြုံရေးတိုးမြှင့်ချထားပေးဖို့လည်း တောင်းဆိုထားပါတယ်။

    ရခိုင်ပြည်နယ်အတွင်းကို နိုင်ငံတကာက အကူအညီတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာစေချင်ရင် မြေပုံမြို့နယ် အတွင်းက တောင်ပေါ် ဒုက္ခသည်စခန်းမှာ ကြုံတွေ့နေရတဲ့ အခြေအနေမျိုးတွေ ပြေလည်အောင် ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။ အခုလို အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တဲ့ ကိစ္စတွေမှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်းလုပ်ဆေင်ဖို့ အဆင်သင့်ရှိနေပါတယ် လို့လည်း ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

    Link =>http://burmese.voanews.com/content/rakhing-refugees-/1820473.html

  • BBC: ဗြိတိသျှ သံအမတ် ရခိုင်ဒုက္ခသည်စခန်း လေ့လာ

    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    BBC (မြန်မာပိုင်း)

    121104121822_rohingyas_304x171_reuters
    မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး အန်ဒရူး ပက်ထရစ် ဟာ ပြီးခဲ့တဲ့ သီတင်းပတ် က ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းတွေ ကို သွားရောက် လေ့လာ ခဲ့ပါတယ်။ ဒီအခါမှာ အခြေအနေဆိုးဝါးတဲ့ ဒုက္ခသည် တွေ ဆီကို လိုအပ်တဲ့ အကူအညီတွေ ရောက် အောင် မပို့နိုင်တာဟာ စိုးရိမ်စရာ ကောင်းတဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

    ဒီဒေသမှာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုးမှု၊ ပါဝင်လေ့လာမှု တွေ အပေါ်မှာ ဒေသခံတွေ က ယုံကြည် လက်ခံမှု မရှိခြင်းဟာ အဓိက ပြဿနာ လို့ မြင်ခဲ့ရသလို၊ နိုင်ငံတကာ က အကူအညီတွေ အပေါ်မှာလည်း တချို့ ဒေသခံတွေ က ထိန်းချူပ်ဖို့ ကြိုးစားမှု တွေ ရှိနေကြောင်း၊ သူတို့ ဘာသာ စီမံခန့်ခွဲ လိုတဲ့ သူတွေ ရှိသလို၊ တချို့ကလည်း အထက်ပါ အကူအညီတွေ ကို စခန်းတွေထဲ မရောက် အောင် ထိန်းချူပ်ဖို့ ကြိုးစားသူတွေ ရှိကြောင်း သံအမတ်ကြီး က ရှင်းပြပါတယ်။

    ဒီလို စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ကို မြန်မာ အစိုးရ အနေနဲ့ သေသေချာချာ စိစစ် ကိုင်တွယ်ဖို့ လိုနေပြီလို့ လည်း သံအမတ်ကြီး က ပြောပါတယ်။ ဒုက္ခသည်တွေ အနက် အပြင်ထွက်ပြီး အလုပ် လုပ်ခွင့် မရတာကြောင့်၊ ဒီလူတွေ ဆီ အကူအညီ ရောက်ဖို့ ပိုလိုအပ်တဲ့ အကြောင်း၊ ရခိုင်ဒုက္ခသည် တွေ ကတော့ စခန်းအပြင်ဘက် အလုပ် လုပ်ခွင့် ရတဲ့ အတွက်၊ မွတ်ဆလင် ဒုက္ခသည်တွေ လောက် အခြေအနေ မဆိုးဘူး လို့ လည်း သံအမတ်ကြီး အန်ဒရူး ပက်ထရစ် က ဘီဘီစီ ကို ပြောပါတယ်။

    ရခိုင်ပြည်နယ် က ဒုက္ခသည် စခန်းတွေ မှာ ရခိုင်လူမျိုးတွေ ရော၊ မွတ်ဆလင် ဒုက္ခသည်တွေ ပါ ရှိနေကြတာပါ။

    ဓါတ်ပုံ အညွှန်း- ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်း
    Photo- Reuters

    Link=>http://www.bbc.co.uk/burmese/burma/2013/12/131224_british_hma_rakhine.shtml

  • မြန်မာမွတ်စလင် ဒုက္ခသည် အမျိုးသမီးတွေရဲ့ မျှော်လင့်ချက်တွေ ခန်းခြောက်ကုန်ပြီ

    ဒီဇင်ဘာ ၂၀၊ ၂၀၁၃
    M-Media
    ဘာသာပြန်ဆိုသူ- O’Laie Manzu

    Refugee-in-Myanmar

    ရန်ကုန်မြို့မှာကျင်းပပြုလုပ်တဲ့ ညီလာခံတစ်ရပ်ကို မြန်မာနိုင်ငံအနှံ့က အမျိုးသမီးတွေ တက်ရောက်ကြပြီး မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းရာမှာ ပါဝင်ကြတဲ့ သူတို့ရဲ့အခန်းကဏ္ဍတွေ၊ ပိုမိုကောင်းမွန်တဲ့အနာဂါတ်ဆီကို သူတို့တွေးမြင် ပုံဖော်ကြတာတွေကို စိတ်ဓါတ် ခိုင်မာစွာနဲ့ပြောဆိုခဲ့ကြပါတယ်။

    အဲဒီညီလာခံကျင်းပတဲ့နေရာနဲ့ မိုင်းအနည်းငယ်ဝေးတဲ့ ရခိုင်ပြည်မှာ လူမျိုးရေးဘာသာရေး အကြမ်းဖက်မှုတွေကြောင့် ကျေးရွာတွေကို စွန့်ပြီး ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ အမျိုးသမီးတွေ အဖို့ကတော့ သေခြာရေရာမှုမရှိတဲ့ အနာဂါတ်အတွက်၊ သူတို့ရဲ့အသက်အန္တရာယ်အတွက် စိုးရိမ်နေကြရပါတယ်။ သူတို့ရဲ့အခြေအနေဟာ အလွန်အမင်း ခက်ထန်လွန်းလို့ ယူအန် အရာရှိတွေကတော့ကတောင် “လိုဏ်ဂူကြီးရဲ့အဆုံးမှာ အလင်းရောင်လေး မတွေ့ရ ရုံတင်မကဘူး၊ လိုဏ်ဂူတောင်မှမရှိတော့ဘူး။” လို့ ပြောဆိုနေပါတယ်။

    အမျိုးသမီး ခြောက်ဦးနဲ့ အမျိုးသားတစ်ဦးပါတဲ့ ကျမတို့ လူတစ်စုကတော့ ကမ္ဘောဒီးယား တက္ကသိုလ်နဲ့ USAID က စီစဉ်ပေးတဲ့ နှစ်ရက်တာ ညီလာခံတစ်ရပ်ကို တက်ဖို့နဲ့ ရခိုင်ပြည်နယ်က အမျိုးသမီးတွေဆီကို သွားရောက်လည်ပတ်ဖို့ သွားရောက်ခဲ့ကြတာပါ။ ကျမတို့တွေကတော့ ဒီမိုကရေစီအသွင် ကူးပြောင်းမှုအတွင်းမှာ အမျိုးသမီးတွေရဲ့ ပါဝင်ပါတ်သက်မှုကို စမ်းစစ်လေ့လာဖို့အတွက် ရောက်ရှိခဲ့တဲ့ Women’s Refugee Commission က ကိုယ်စားလှယ်တွေဖြစ်ပါတယ်။ ဒီခရီးစဉ်လေးဟာ ကွဲပြားခြားနားနေမှုတွေကို အထင်းသားကြီးတွေ့စေနိုင်တဲ့ ခရီးစဉ်လေးတစ်ခုပါဘဲ။

    မြန်မာနိုင်ငံအတွင်းမှာ လက်ရှိ တိုက်ပွဲဖြစ်နေတာတွေရှိ သလို နှစ်ပေါင်း ခြောက်ဆယ်လောက် ပြည်တွင်း စစ်ဖြစ်နေတဲ့ နိုင်ငံလည်းဖြစ်တဲ့ အတွက် မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေး၊ ကျန်းမာရေး၊ ငြိမ်းချမ်းမှု တည်ဆောက်ရေးနဲ့ ပဋိပက္ခ တားမြစ်ရေး စတဲ့ခေါင်းစဉ်တွေကိုဆွေးနွေးကြဖို့ အတွက် ရန်ကုန်မြို့မှာ အမျိုးသမီး ၃၀၀ လောက် စုဝေးခဲ့ကြပါတယ်။ အမေရိကန်သံအမတ် Derek Mitchell က မြန်မာနိုင်ငံမှာ ရှိတဲ့ အမျိုးသမီးတွေအတူတကွ စုပေါင်းလုပ်ကိုင်ကြဖို့ လိုကြောင်း၊ ဘာသာရေး-လူမျိုးရေး နယ်စည်းခြားနေတာတွေကို ထိုးခွင်းဖို့အတွက် ကျယ်ပြန့်တဲ့ ကွန်ရက်ကြီး တည်ဆောက်ကြဖို့ လိုကြောင်း အကျယ်တဝင့်ပြောဆိုခဲ့ပါတယ်။

    ရွှေရောင်တဝန်းဝန်း ထွန်းလင်းတောက်ပနေတဲ့ ရွှေတိဂုံစေတီကြီးနဲ့ ဗုဒ္ဓဘာသာရဲ့ အရောင်တလင်းလင်းထင်ဟပ်နဲ့ ရန်ကုန်မြို့ကို ကျောခိုင်းပြီး ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှာရှိတဲ့ ဒုက္ခသည်စခန်းတွေဆီရောက်တော့မှဘဲ ဒီနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို မျက်ဝါး ထင်ထင်တွေ့မြင်ရပါတော့တယ်။

    မတူခြားနားတဲ့ လက်တွေ့ပုံရိပ်

    အရင်နှစ်တုန်းက အိမ်နီးချင်း ဗုဒ္ဓဘာသာဝင်တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာကြရတဲ့ မွတ်စလင် တစ်သိန်းလေးသောင်း အတွက် ယိုယိုယဲ့ယဲ့ ဝါးခြမ်း တဲကုပ်လေးတွေကို ဧပြီလလောက် ကမှ လေဟာပြင်ကြီးပေါ်မှာ ဆောက်ထားပေးပါတယ်။ အဲဒီမှာ ရိုဟင်ဂျာ အမျိုးသမီး ကိုးယောက်နဲ့တွေ့ခဲ့တယ်။ သူတို့ရဲ့ဓလေ့ထုံးစံ အတိုင်း ဖိနပ်တွေကို တံခါးဝမှာချွတ်ပြီး ကြမ်းပြင်ပေါ်မှာ အတူတကွထိုင်ခဲ့ကြတယ်။ သူတို့အိမ်ကနေ ထွက်ပြေးလာခဲ့တဲ့အကြောင်း၊ အိမ်တွေ မီးလောင်သွားတဲ့အကြောင်း၊ လူတွေ ထွက်ပြေးကြရင်း ရေနှစ်သေဆုံးကြရတဲ့ အကြောင်းတွေ ပြောပြကြပါတယ်။ အမျိုးသမီးတစ်ယောက်ဆိုရင် လူတစ်ရာလောက်ရှိတဲ့ အုပ်စုထဲက သူမအပါအဝင် သုံးယောက်တည်းသာ အသက်ရှင်ကျန်ခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီအမျိုးသမီးကတော့ ကျမတို့ လည်ပတ်ခဲ့တဲ့ အချိန်တလျှောက်လုံးမှာ နှုတ်ဆိတ်နေပြီး ခပ်လှမ်းလှမ်းကိုဘဲ ငေးကြည့်နေတယ်။

    မြန်မာနိုင်ငံဟာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အစဉ်တစိုက်အသွင်ကူးပြောင်းလာပေမယ့် ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ အကြားက တင်းမာမူကတော့ ရှိနေပါတယ်။ မွတ်စလင်တွေကို ခွဲခြားဆက်ဆံနေတာတွေ၊ အကြမ်းဖက်နေတာတွေကို ခိုင်ခိုင်မာမာ မပြောရကောင်းလား ဆိုပြီး ငြိမ်းချမ်းရေး နိုဘလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပေါ် ဒုက္ခသည် စခန်းတွေမှ ကူညီစောင့်ရှောက်ရေး လုပ်သားတွေက စိတ်ပျက်နေကြပါပြီ။ ဒေါ်စုဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတဖြစ်ဖို့ မျော်မှန်းထားပြီး ဒီကိစ္စကြောင့် ဗုဒ္ဓဘာသာဝင် လူများစုငြိုငြင်သွားကြမှာကို မလိုလားဘူးလို့ အများက ထင်ကြေးထုတ်နေကြပါတယ်။

    ရိုဟင်ဂျာ အများသမီးတွေကတော့ သူတို့ ဘဝခက်ထန်မှုတွေအကြောင်း ပြောပြပါတယ်။ တစ်အိမ်တည်းမှာ မိသားစု အများကြီး စုပေါင်းနေကြရတာတွေ၊ တခါတရံ အခန်း တစ်ခုတည်းမှာ လူ ရှစ်ယောက်လောက် စုနေကြရတာတွေ လည်း ရှိတယ်လို့ပြောပြပါတယ်။ ညအမှောင် အတွင်းမှာ အပေါ့အလေး သွားဖို့တောင် အန္တရာယ်မကင်းသလို ခံစားရတယ်လို့ ပြောကြတယ်။ ဒုက္ခသည် စခန်းထဲက ကောင်စီအဖွဲ့မှာတောင် အမျိုးသမီးတွေ မပါတဲ့အတွက် စခန်းထဲက အရေးကိစ္စမှာလည်း အမျိုးသမီးတွေပြောရေးဆိုခွင့် မရှိဘူးလို့လည်း ပြောပါတယ်။ ကလေး အများစု အတွက်လည်း ကျောင်းတွေ မရှိပါဘူး။ ကလေး တချို့ကတော့ နေပူကျဲထဲမှာ ကိုယ်လုံးတီးတွေနဲ့ ပြေးလွှား ကစားနေကြတယ်။

    သြဂုတ်လလောက်မှာတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းက ဆေးခန်းတစ်ခုဖွင့်ပေးပါတယ်။ ဒီဆေးခန်းလေးကြောင့် အဲဒီက လူတွေ တစ်နှစ် အတွင်းမှာ ပထမဆုံးအကြိမ် ဆေးကုသမှုခံယူခွင့်ရကြတာပါ။ အဲဒီက တစ်ဦးတည်းသော ဆရာဝန်ကတော့ တစ်နေ့တစ်နေ့ လူနာ ၂၃၀ လောက်အထိကြည့်နေ ရတယ်လို့ ပြောပါတယ်။ အသက်ရှုလမ်းကြောင်းနဲ့ အရေပြား ပိုးထိတဲ့ ဖျားနာမှုတွေက ကလေးတွေဖြစ်လေ့ ရှိတာတွေ့ရတယ်။ အစားအသောက်တွေကလည်း လျှော့နည်းလာတယ်။ ရေတုန်ကင် တစ်ဝက်လောက်ကလည်း ပျက်နေတယ်။

    အချိန်များများ ငွေရှားရှား

    အမျိုးသမီးအများစုကတော့ လုပ်စရာလည်းမရှိ၊ ပိုက်ဆံရှာစရာ နည်းလမ်းလည်းမရှိတော့ တော်တော်လေးကို စိတ်ပျက်နေကြပါတယ်။ သူတို့ဟာ ဒုက္ခသည် စခန်းထဲကနေ ထွက်လို့လည်းမရ။ ရွာမှာဆိုရင် သူတို့ယောင်္ကျားတွေနဲ့ အတူ ငါးဖမ်းထွက်လိုက်၊ လယ်ဝိုင်းလုပ်လိုက်နဲ့ မောင်တထမ်း မယ်တရွက် ကူလုပ်ပေးကြတယ်။ အခုတော့ ယောင်္ကျားတွေကို ကူလုပ်ပေးဖို့ အနေသာ သူတို့ယောင်္ကျားတွေမှာ ငါးဖမ်းပိုက်တွေလည်း မရှိ၊ လှေတွေနဲ့လည်းဝေး၊ မြေတွေလည်း ဆုံးလို့။ မောင်ရော မယ်ပါ ငုတ်တုတ်တုတ်လေးတွေ ထိုင်နေကြရရှာတယ်။ ဒီကြားထဲ လင်မယားပြဿနာတွေလည်း ပိုများလာတယ်။

    ဒီအမျိုးသမီးတွေက အပ်ချုပ်စက်လေးတွေနဲ့ အဝတ်အထည်တွေ လုပ်ချင်တယ်ဆိုတော့လည်း သူတို့ အတွက် ဈေးကွက်က မရှိ။ ဆိတ်တွေကို ချက်ပြုတ်စားသောက်ဖို့နဲ့ ရောင်းဝယ်ဖို့အတွက် မွေးမြူရေးလေး လုပ်ပါရစေဆိုတော့လည်း အဲဒီမြေနေရာမှာ ဒါတွေလုပ်ခွင့် မရှိဘူးလို့ တားမြစ်ထားတဲ့အတွက် ယူအန်ကလည်း မကူပေးနိုင်ဘူး။

    “ဒီလူတွေ အသက်ရှင်ရပ်တည်ဖို့အတွက် ကြံစရာဖန်စရာ နည်းလမ်းတွေ မရှိတော့ဘူးဖြစ်နေပြီ” လို့ ယူအန် အရာရှိတစ်ယောက် ကပြောတယ်။ “တော်တော်လေးကို စိတ်ဓါတ်ကျကုန်ပြီ” ကောက်ချက်ချပါတယ်။ တချို့ အမျိုးသမီးတွေ ဆိုရင် မိသားစု အသက်ဆက်ကြဖို့အရေး ခန္ဓာကိုယ်ရောင်းရတဲ့ ဘဝမျိုးတောင်ဖြစ်လာနေပြီ။

    အမျိုးသမီးအများစုကတော့ သူတို့ရဲ့ နေအိမ်လေးတွေဆီကိုဘဲ ပြန်ချင်ကြတယ်။ ဒါပေမယ့် အစိုးရကတော့ အခုအချိန်မှာ ဒီလူတွေအတွက် ဘာအစီအစဉ်မှ မရှိဘူး။ အိမ်ပြန်ခွင့်လည်းမပေး၊ အခြေချနေထိုင်ခွင့်လည်း မပေးဘူး။ မြန်မာနိုင်ငံမှာ မျိုးရိုးစဉ်ဆက် အလိုက်နေထိုင်လာခဲ့ကြတာတောင် ဘင်္ဂလားဒေ့ရှ်က တရားမဝင်ခိုးဝင်လာသူတွေလို့ဘဲ သက်မှတ်နေကြတယ်။

    ကျမတို့လည်း လည်ပတ်ပြီးတော့အပြန်မှာ သူတို့တွေရဲ့ဘဝအေ ကြာင်းပြောပြတာကို ကျေးဇူးတင်တယ် လို့ပြောခဲ့ပါတယ်။ ဒါပေမယ့် သူတို့က “လည်ပတ်တဲ့ သူတွေလာကြတယ်။ ကျမတို့ကပြော၊ သူတို့ကနားထောင်။ ပြီးတော့ ပြန်သွားကြတယ်။ ကျမတို့အတွက် ဘာမှမပြောင်းသွားဘူး” လို့ပြန်ဖြေကြတယ်။ ကျမတို့က ဘာကတိကဝတ်မှမပြုနိုင်ပေမယ့် Women’s Refugee Commission ကတော့ သူတို့ရဲ့ဘဝနေထိုင်နိုင်မှုကို ပညာရှင်တွေစေလွှတ်ပြီး စမ်းစစ်ဖို့ စဉ်းစားနေပါတယ်။

    Women’s Refugee Commission ရဲ့ ဦးဆောင်ညွန်ကြားရေးမှူး Sarah Costa က “သူတို့ရဲ့ ကြောက်ရွံ့မှုတွေ၊ အထီးကျန်မှုတွေ အစရှိတဲ့ စိတ်ဝေဒနာတွေကို ကုစားပေးနိုင်မယ့် နည်းလမ်းတွေရှာနိုင်အောင်၊ ဘဝရပ်တည်မှုအတွက် အခြေခံလိုအပ်ချက်တွေပြည့်ဝရအောင်၊ လက်တလော စခန်းတွင်း စီးပွားရေး လည်ပတ်နိုင်အောင် သူတို့ရဲ့ ဘဝခရီး ဆက်နိုင်ရေးအတွက် နည်းလမ်းရှာရာမှာ ကျမတို့တတွေလည်း ဝိုင်းကူကြဖို့လိုတယ်။” လို့ပြောပါတယ်။

    မှတ်ချက်။ Jurate Kazickas ရေးသားပြီး Women’s eNews မှာဖော်ပြထားတဲ့ “Myanmar Female Muslim Refugee Run Out of Hope” ဆောင်းပါးကို O’Laie Manzu မှာ ဆီလျှော်အောင် ဘာသာပြန်ထားပါတယ်။

    O’Laie Manzu ဘာသာပြန်ပြီး M-Media ကိုပေးပို့ထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။

  • ရခိုင် ပေါက်တောက မွတ်စလင်ဒုက္ခသည်စခန်း မီးလောင်

    ဒီဇင်ဘာ ၁၂၊ ၂၀၁၃
    Ref: ဘီဘီစီ
    ဓါတ်ပုံ Credit =>Soe Ye Tun FB

    1472087_1392588244321931_2020456485_n

    ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည် စခန်းမှာ မီးလောင်တဲ့အတွက် စခန်းထဲက အိမ်တွေ အားလုံး မီးထဲပါသွားခဲ့ပြီး ကလေး တစ်ယောက်လည်း သေဆုံးခဲ့ရတယ်လို့ ဘီဘီစီမြန်မာပိုင်းက သတင်းတင်ပြပါတယ်။

    ဒုက္ခသည်ပေါင်း တစ်ထောင့်သုံးရာကျော် နေထိုင်တဲ့ ပေါက်တောမြို့နယ် ငှက်ချောင်း မွတ်ဆလင် ဒုက္ခသည် စခန်းမှာ ဒီကနေ့ နေ့လယ်က မီးလောင်တဲ့အတွက် စခန်းထဲမှာ ဆောက်ထားတဲ့ အဆောင်တွေ အကုန်လုံး မီးထဲကို ပါသွားခဲ့ပါတယ်။

    မီးလောင်ပျက်စီးသွားတဲ့ အခြေအနေကို စခန်းထဲမှာနေထိုင်တဲ့ ဦးအဗ္ဗဒွလ် ကရီမ်က ပြောရာမှာ ရှစ်ခန်းတွဲ အဆောင် ၃၄ လုံး မီးထဲ ပါသွားပြီး ထမင်းချက်ရာက ကူးစက်လောင်ကျွမ်းတာ ဖြစ်တယ်လို့ ပြောပါတယ်။

    မီးဟာ နေ့လည် ၂ နာရီ ၅ မိနစ်ကနေ စတင်ပြီး သုံးနာ ရီကြာ အောင် လောင်သွားခဲ့တယ်လို့ ပြောပါတယ်။ မီးလောင်သွားတဲ့ အတွက် ဒုက္ခသည်တွေအတွက် ဘာမှ မကျန်လိုက်ဘူးလို့ ဆိုပါတယ်။

    အခု မီးလောင်မှုဟာ မတော်တဆ ဖြစ်ရာကနေ လောင်ကျွမ်းတယ်လို့ ဆိုပေမယ့်လည်း အခုအခါ ပေါက်တောမြို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ အဲဒီ ဒုက္ခသည်စခန်းကို ရောက်ရှိနေပြီး မီးလောင်မူ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမူတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

    1470175_1392588294321926_1609632128_n
    ဓါတ်ပုံများ FB တွင်ကြည့်လိုလျှင် Click Here

  • အကြမ်းဖက်မှုကြောင့် ဒုက္ခသည်စခန်းရောက် မွတ်စလင်မ် ကလေးငယ်များ အစိုးရကျောင်းများတွင် ပညာသင်ခွင့် မရ၊ ဘာသာရေးကျောင်းများတွင်သာ ဖြစ်သလို သင်ကြားနေရ

    နိုဝင်ဘာ-၂၅ ၂၀၁၃
    M-Media

    4ccfd2d23bd3b727430f6a7067007634

    မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့တွင် ဗုဒ္ဓဘာသာဝင် လူအုပ်စုကြီးက ရိုဟင်ဂျာမွတ်စလင်များအား အကြမ်းဖက် တိုက်ခိုက်မှုများပြုလုပ်ခဲ့မှုမှာ တစ်နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး အစိုးရကလည်း ရိုဟင်ဂျာများအား သီးခြားခွဲထားခြင်းကြောင့် ရိုဟင်ဂျာကလေးငယ်များမှာ ၎င်းတို့၏ ရှည်ကြာလှသည့် နေ့များအား ဖုန်ထူသော ဒုက္ခသည်စခန်းများတွင် ကုန်ဆုံးနေကြရသည်။

    ထို့ပြင် ရိုဟင်ဂျာကလေးငယ်များအား အစိုးရကျောင်းများတွင် ပညာသင်ကြားရန် ခွင့်မပြုသောကြောင့် စစ်တွေမြို့ဆင်ခြေဖုံးဒေသရှိ ယခင်က အစ္စလာမ်ဘာသာရေးပညာရပ်များ သင်ကြားပို့ချခဲ့သော မဒ်ရာဆာကျောင်းများတွင် ရိုဟင်ဂျာလူမျိုး ကလေးသူငယ်များမှာ မြန်မာနှင့် အင်္ဂလိပ်ဘာသာရပ်တို့အား စုပြုံတိုးဝှေ့ သင်ယူနေရသည်။

    ထိုကျောင်းများ၌ အချို့နေ့များတွင် ကျောင်းသား၊ ကျောင်းသူပေါင်း တစ်ထောင်ကျော်ခန့် လာရောက်သင်ကြားကြပြီး ၎င်းတို့၏ မိဘများက ကလေးငယ်များ စာအံ့သံများကို ကြားရသည့်နေရာတွင် ထိုင်စောင့်နေကြရသည်။

    ပျက်စီးယိုယွင်းနေသော အဆောက်အဦးရှိ သစ်သားကြမ်းခင်းများတွင် ကလေးငယ်များမှာ ပြွတ်သိပ်စွာ ပညာသင်ကြားရပြီး၊ ဆူညံမှုများကို လျော့ကြစေရန် ဆရာများက ကြိမ်လုံးများကိုင်ကာ လှည်လည်ကြည့်ရှုကြရသည်။

    ထိုမဒ်ရာဆာ စာသင်ကျောင်းများမှာ ပြင်ပမှ မည်သည့်ထောက်ပံမှုမှမရဘဲ၊ ထိုကျောင်းတွင် ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများမှာလည်း မည်သည့် အခကြေးငွေမှ မရရှိပေ။ ထို့ပြင် ပြဌာန်းစာအုပ်များ ပြတ်လပ်မှုကြောင့် ၎င်းတို့မှာ အခြေခံပြဌာန်းစာအုပ်များ ရရှိရန်အတွက်ပင် ရုန်းကန်နေကြရသည်။

    “ကျွန်တော်တို့ နိုင်သလောက် လုပ်နေကြတာပါ။ ဒါပေမယ့် ဒါ(ပညာသင်ကြားမှု) ဟာ အားလုံးနီးပါး မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် အသက်အရွယ်ကြီးနေတဲ့ ကလေးတွေ အတွက်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ တိုးတက်မှု အနည်းငယ်ကိုတွေ့ရပါတယ်။ တချို့ကလေးတွေဟာ သူတို့ရဲ့ အမည်တွေကို ရေးတတ်လာပြီး၊ ရေတွက်မှုကိုလည်း ပြုလုပ်နိုင်လာပါပြီ” ဟု ကျောင်းသား ၆၅ ဦးအား ပညာသင်ကြားပေးနေသည့် အဌမတန်းထိ ပညာသင်ကြားခဲ့သော ဆရာဖြစ်သူ အန်ဝါရ်က ပြောကြားခဲ့သည်။

    ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့တွင် ယမန်နှစ်အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး၊ ထိုမှတစ်ဆင့် ပြည်နယ်တစ်ဝှမ်းလုံးသို့ ပျံ့နှံ့ကူးစက်ခဲ့သည်။ ထို အကြမ်းဖက် တိုက်ခိုက်မှုများအတွင်း ရိုဟင်ဂျာများမှာ ပစ်မှတ်ထားသတ်ဖြတ်ခြင်းခံကြရပြီး လူဦးရေ ၂၄၀ ခန့် သေဆုံးခဲ့ကာ ရိုဟင်ဂျာလူမျိုး ၂ သိန်း ၄ သောင်းကျော်မှာလည်း အိုးအိမ်များကိုစွန့်ကာ ထွက်ပြေးခဲ့ကြရသည်။
    AP