News @ M-Media

Tag: ShweDaGon Pagoda

  • ရွှေတိဂုံစေတီ ဝတ္တကမြေအတွင်း ဘာသာခြားများကို ဈေးရောင်းခွင့် ကန့်သတ်ထားခြင်း မရှိဟုဆို

    ရွှေတိဂုံစေတီ ဝတ္တကမြေအတွင်း ဘာသာခြားများကို ဈေးရောင်းခွင့် ကန့်သတ်ထားခြင်း မရှိဟုဆို

    မင်းမော်ဦး ရန်ကုန်၊အောက်တိုဘာ-၇

    ရွှေတိဂုံစေတီ ဝတ္တကမြေအတွင်း ဘာသာခြားများကို ဈေးရောင်းခွင့် ကန့်သတ်ထားခြင်းမရှိ ကြောင်း ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၇ရက်တွင် စံတော်ချိန်သို့ အတည်ပြုပြောဆိုသည်။

    ဘယ်ဘာသာမဆို
    ——————–
    “ကျွန်တော်တို့ ဘာသာခြားတွေကို ဈေးရောင်းခွင့် ကန့်သတ်ထားတာမျိုး မရှိဘူး။ ဒီတလော ဖြစ်သွားတဲ့ကိစ္စက သူတို့ဘာသာ သူတို့လုပ်သွားတဲ့ကိစ္စဖြစ်တယ်။ ကျွန်တော်တို့ စည်းကမ်းချက်ထုတ် ထားတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့နဲ့လည်း သက်ဆိုင်ခြင်းမရှိဘူး။ ကောင်းရောင်းကောင်းဝယ် ဈေးရောင်းတယ်။ ဘုရားဖူးပြည်သူတွေကို အနှောင့်အယှက်မဖြစ်ဘူးဆိုရင် ဘယ်ဘာသာမဆို ရောင်းခွင့်ရှိတယ်” ဟု ၎င်းကပြောဆိုသည်။

    သို့သော်လည်း ရွှေတိဂုံစေတီတော်အရှေ့ဘက်မုခ်နှင့် အနောက်ဘက်မုခ်များ၌ ဈေးရောင်းချ ရာတွင် ဘုရားဖူးပြည်သူများ အနှောင့်အယှက်မဖြစ်စေရန် လမ်းဘေးဈေးသည်များနှင့် ကျူးကျော်ဈေး သည်များကိုမူ ရောင်းချခွင့် မပြုကြောင်း ၎င်းကပြောဆိုသည်။

    ပျံ့နှံ့
    ——
    အောက်တိုဘာ ၅ ရက်က ရွှေတိဂုံစေတီဝတ္တကမြေ အတွင်း အစ္စလာမ်ဘာသာဝင်များဈေး ရောင်းချမှု မပြုလုပ်ရဟုဆိုကာ သံဃာနှစ်ပါးနှင့် လူပုဂ္ဂိုလ်နှစ်ဦးတို့က ဈေးအတွင်း ငုံးဥပြုတ်ရောင်းချ ခဲ့သည့် အစ္စလာမ်ဘာသာဝင်တစ်ဦးကို မောင်းထုတ်ခဲ့သည့်ဖြစ်စဉ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့ နှံ့ခဲ့သည်။

    အဆိုပါသံဃာနှစ်ပါးနှင့် လူပုဂ္ဂိုလ်နှစ်ဦးကို အရေးယူနိုင်ရေးအတွက် အထက်အဆင့်ဆင့်သို့ တင်ပြထားကြောင်း ဗဟန်းမြို့နယ်ရဲစခန်းမှ သိရသည်။

    စံတော်ချိန် သတင်းစာမှ ကူးယူဖော်ပြပါသည်။

  • ၁၉၇၃ ရွှေတိဂုံစေတီတော်ကြီး မွမ်းမံပြင်ဆင်ခဲ့စဉ်က (ပါဝင်ပြုပြင်ခဲ့သည့် မွတ်လင်မ် ဘူမိ အင်ဂျင်နီယာ ကိုယ်တိုင်ရေး ဆောင်းပါး)

    ၁၉၇၃ ရွှေတိဂုံစေတီတော်ကြီး မွမ်းမံပြင်ဆင်ခဲ့စဉ်က (ပါဝင်ပြုပြင်ခဲ့သည့် မွတ်လင်မ် ဘူမိ အင်ဂျင်နီယာ ကိုယ်တိုင်ရေး ဆောင်းပါး)

    shwe bo tu taw sin kyee 4 par 1

    လှကြည်

    ဗုဒ္ဓံ ပူဇေမိ
    ဓမ္မံ ပူဇေမိ
    သံဃံ ပူဇေမိ
    .
    ၁၉၇၃ မှာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးသွားတဲ့ ရွှေတိဂုံဘုရားကြီးရဲ့အစိတ်အပိုင်းတစ်ခုကို လှကြည်တို့တက်ပြီး ပြုပြင်မွမ်းမံတဲ့ အချိန်မှာ ရွှေတိဂုံဘုရားကြီးကို အရိုအသေပြုတဲ့အနေနဲ့ ရွတ်ဆိုခဲ့တာဖြစ်ပါတယ်။
    .
    လှကြည်ဆိုတဲ့ကောင်မလွယ်ဘူး။ သူနဲ့မဆိုင်တာတွေ လျှောက်လျှောက်ရွတ်နေတယ်လို့ အကြောင်းသိတွေက ပြောကြဦးမယ်။ တကယ်တော့ ရာသီဥတုဒဏ်ကြောင့် ရွှေတိဂုံစေတီတော်ကြီး ကိုယ်လုံးတော်မှာ ပျက်စီးချို့ယွင်းနေတာတွေကို စေတီတော်ပေါ်တက်ပြီး ဘူမိဗေဒအင်ဂျင်နီယာပညာနဲ့ (Grouting)တွေလုပ်၊ ပြုပြင်မွမ်းခံခွင့်ရခဲ့တာဖြစ်ပါတယ်။ အဲဒီအတွက် လှကြည် တော်တော်ပဲ ကုသိုလ်ရခဲ့ပါတယ်။ရွှေတိဂုံဘုရားကြီး တန်ခိုးကြီးလှပါပေတယ်။၁၉၇၃-နှစ်ဦးပိုင်းလောက်မှာ လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်ကြီးကို ထုံးစံအတိုင်း နှစ်နှစ်တစ်ကြိမ် ရွှေသင်္ကန်းကပ်နိုင်ဖို့ သန့်ရှင်းရေးလုပ်ခြင်း၊ ရေညှိများခွာခြင်းကိစ္စတွေကို ပန်းရန်ဆရာကြီးများအဖွဲ့က လုပ်ကိုင်ခဲ့ကြတယ်။ ပန်းရန်သမားတစ်ယောက်က စေတီတော်ကြီးရဲ့ ရှစ်မြှောင့်တစ်နေရာမှာ အဲဒီလိုရေညှိခွာရင်း သန်လျက်နဲ့ခေါက်ကြည့်လိုက်တော့ အတွင်းက လှိုဏ်သံကြားလိုက်ရတယ်။ အဲဒါနဲ့ ပိုပြီးသေချာအောင် ထပ်ပြီးပြင်းပြင်းလေးခေါက် လိုက်တော့ အဲဒီနေရာကအုတ်တွေက ဆွေးမြည့်နေလို့ သံလျက်က အတွင်းကို ကျွံဝင်နေပြီး အပေါက်ကြီးဖြစ်သွားတယ်။ အဲဒီအုတ်တွေကို ကိုင်ကြည့်လိုက်တဲ့အခါမှာ ပေါင်ဒါလိုအမှုန့်ဖြစ်သွားတယ်။ဒါနဲ့ ပန်းရန်သမားလေးလည်း သူ့ဆရာကိုခေါ်ပြီး စေတီတော်ကြီးရဲ့ ဂေါပကအဖွဲ့ဝင်များကို အကျိုးအကြောင်းသွားပြီး ပြောပြကြတယ်။ အဲဒီအပေါက်ကြီးက လူကြီးတစ်ယောက် ကောင်းကောင်းဝင်လို့ရအောင်ကျယ်နေတယ်။ အဲဒီအပေါက်ကြီးကနေ အားကောင်းတဲ့ လက်နှိပ်ဓါတ်မီးနဲ့ထိုးကြည့်တဲ့အခါ အောက်အနက် ဘယ်လောက်ရှိတယ်ဆိုတာ မမြင်နိုင်ဘူးဖြစ်နေတယ်။ ဒါနဲ့ ငြမ်းလုပ်ဖို့ထားတဲ့ ၁၂-ပေခန့်ရှည်တဲ့ ၀ါးလုံးနှစ်လုံးကိုဆက်ပြီး ထောက်ကြည့်ကြတယ်။ ဒါလည်းပဲ အောက်ကို လုံးဝ မထိမိဘူး။ စေတီတော်ကြီးအတွင်းက လှိုဏ်ခေါင်းက တော်တော်နက်ပြီးကျယ်နေတာကို သွားတွေ့ရတယ်။စေတီတော်ကြီးကို မိုးမကျမီမှာ ရွှေသင်္ကန်းအပြီးကပ်ရမှာမို့ ဂေါပကအဖွဲ့နဲ့ ပန်းရန်ဆရာများအဖွဲ့က ကြိုးစားပြီးမြန်မြန်ဆန်ဆန် လုပ်ကြရမှာဖြစ်တယ်။ ပန်းရန်ဆရာများအဖွဲ့က ဒီလှိုဏ်ခေါင်းကြီးကတော့ သူတို့အနေနဲ့ ဘယ်လိုမှ မလုပ်တတ်ကြောင်းကို ဂေါပကအဖွဲ့ကိုပြောတယ်။ ဂေါပကအဖွဲ့ဝင်များဖြစ်ကြတဲ့ ဦးလှမြင့်(BelAir)၊ ဦးသော်ဇင်(Handicap9)၊ ဦးထွန်းလွင်၊ ဦးအောင်သိန်းတို့က အဲဒီတုန်းက ဆောက်လုပ်ရေးဝန်ကြီးကိုတင်ပြတော့ အင်ဂျင်နီယာအကျော်အမော်တွေခေါ်ပြီး တိုင်ပင်ဆွေးနွေးကြတယ်။ ဘယ်သူမှ မလုပ်တတ်ကြဘူး။ မလုပ်ရဲကြဘူး။ အစိုးရအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီးနေ၀င်းသိသွားတော့ “ဒီတန်ခိုးကြီးဘုရားကြီးကို ဂရုစိုက်ပြီးပြုပြင်ကြပါ။ ရှေးဟောင်းဘုရားကြီးလည်းဖြစ်တယ်။ ဒီလိုဘုရားကြီမျိုး တို့လည်းမတည်နိုင်ဘူး။ ငွေကုန်ချင်သလောက်ကုန်ပါစေ၊ ကောင်းအောင်လုပ်ကြပါ”ဆိုပြီး အမှာပါးလိုက်ပါတယ်။
    .
    ဂေါပကအဖွဲ့က ဒီအင်ဂျင်နီယာအကျော်အမော်တွေ မလုပ်တတ်ဘူးဆိုရင် အင်ဂျင်နီယာတွေ မွေးထုတ်ပေးနေတဲ့ စက်မှုတက္ကသိုလ်က ဆရာကြီး ပါမောက္ခချုပ် ဒေါက်တာအောင်ကြီးကို မေးမှပဲဆိုပြီး သူ့ကိုခေါ်ပြီးပြပါတယ်။
    .
    ဒေါက်တာအောင်ကြီးဟာ ကမ္ဘာကျော် မက်ဆာချူးဆက် စက်မှုတက္ကသိုလ်က ဒေါက်တာဘွဲ့(Ph.D) ရထားသူဖြစ်ပါတယ်။ ဒေါက်တာကြီးလည်း ဒီဧရာမလှိုဏ်ခေါင်းကြီးကိုကြည့်ပြီး ဘာမှမပြောနိုင်ပါ။
    .
    ဒေါက်တာအောင်ကြီးက “ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အင်ဂျင်နီယာများကတော့ မတတ်ကျွမ်းပါဘူး။ တစ်ခုတော့ရှိပါတယ်။ Engineering Geologist များကတော့ တတ်ကျွမ်းပါတယ်။ ဒီနည်းကတော့ ဘိလပ်မြေမှုတ်သွင်းခြင်းပညာဖြစ်ပါတယ်။ သတ္ထုတွင်းဝန်ကြီးဌာန ဘူမိဗေဒနှင့် ဓါတ်သတ္ထုရှာဖွေရေးဦးစီးဌာနက Engineering Geologist များဟာ ဆည်မြောင်းဌာနမှ ဆည်များ(Dams)များ အက်ကွဲတဲ့အခါ၊ ရေများယိုစိမ့်ထွက်တဲ့အခါများမှာ သွားရောက်ပြီး Grouting လုပ်ပေးကြပါတယ်။ ဒီနည်းနဲ့သာလျှင် လုပ်လို့ရပါမယ်”လို့ အကြံပြုခဲ့ပါတယ်။
    .
    စေတီတော်ကြီးရဲ့ ဂေါပကအဖွဲ့ဝင်တွေဟာ အတော်ကြီးပေါက်ရောက်ပါတယ်။ ဒီကိစ္စကို သတ္ထုတွင်းဝန်ကြီးဌာနက ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီး သူရအောင်ဖေကို ပြောပြလိုက်တယ်။ ချက်ချင်းပါပဲ။ ဘူမိဗေဒနှင့် ဓါတ်သတ္ထုရှာဖွေရေးဦးစီးဌာနက ညွှန်ချုပ်ဒေါက်တာတင်အေးကို တာဝန်ပေးလိုက်ပါတယ်။  ဒေါက်တာတင်အေးကလည်း Engeering Geology Section Head ဦးသိန်းလွင်ကို ချက်ချင်းအလုပ်စဖို့ အမိန့်ချလိုက်ပါတယ်။ အဲဒီအချိန် အဲဒီဌာနမှာက ဦးသိန်းလွင်နဲ့ ဦးလှကြည် နှစ်ဦးပဲရှိနေတဲ့အချိန်ဖြစ်ပါတယ်။ ဌာနက တစ်ခြားဝန်ထမ်းတွေဖြစ်တဲ့ ကိုမျိုးမြတ်၊ ကိုဥာဏ်စိုး၊ ကိုအောင်မြင့်စိုး၊ ကိုယောရှုတို့က အသက၊ အသက၊ နယ်အသီးသီးတာဝန်ကျရာဒေသတွေကိုသွားပြီး တာဝန်ထမ်းဆောင်နေကြရတယ်။ ဒီကိစ္စကို ၀န်ကြီးရုံးက အရေးကြီးလုပ်ငန်းအမှတ်စဉ်(၁)၊ ဦးစားပေးအဆင့်(၁) ချက်ချင်းဆောင်ရွက်ရန်လို့ သတ်မှတ်လိုက်တယ်။
    .
    ညွှန်ချုပ်က ဦးသိန်းလွင်ကိုခေါ်ပြီး ‘ဘာလိုလဲ၊ လိုတာပြောပါ’လို့ပြောတယ်။ ဦးသိန်းလွင်က မုံရွာ ကြေးနီစီမံကိန်းမှာရှိတဲ့ Grouting Machine ကို ရန်ကုန်သို့ အမြန်သယ်ဆောင်ပေးဖို့၊ အရည်အချင်းရှိတဲ့ လွန်တူးသမား(Driller) နှစ်ယောက်ပေးဖို့ တောင်းဆို လိုက်ပါတယ်။ (Driller မပါပဲ ဒီကိစ္စ လုံးဝလုပ်လို့ မရပါ။ ယခင့် ယခင်တုန်းကများ ဒီလိုတောင်းဆိုလိုက်ရင် ၃-၄ လနဲ့ ရောက်မလာဘူး။ ခုတော့လည်း မြန်လိုက်တာ။ ဒါတောင် နှစ်လတော့ ကြာသေးတယ်။
    .01
    Driller တွေ ရောက်လာရုံတင်မကဘူး Drilling Section Head ဦးစောထွန်း(Drilling CE)တောင် ပါလိုက်သေးတယ်။ ဦးစောထွန်းက အလွန်ဝပြီး ပေါင် ၂၂၀ ကျော်ပါတယ်။ အလွန် အသားမည်းပေမယ့် သူ့လုပ်ငန်းကို သူအလွန်ကျွမ်းကျင်ပြီး လူနဲ့မလိုက်အောင် လွန်စွာသွက်လက်ပေါ့ပါးတယ်။ Grouting Machine ကို Servicing လုပ်၊ သန့်စင်ဆေးကြောပြီး လုပ်ငန်းစလို့အချိန်ရောက်တော့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးလုပ်ပါတယ်။
    .
    ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံးမှာပြုလုပ်တဲ့ အဲဒီအစည်းအဝေးမှာ ၁။ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့၊ ၂။ ဆိပ်ကမ်းကော်ပိုရေးရှင်းမှ ဦးဥာဏ ခေါင်းဆောင်သောအဖွဲ့၊ ၃။ ဘဓရမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်အေးခေါင်းဆောင်တဲ့ Engineering Geologist အဖွဲ့တစ်ဖွဲ့၊ Drilling အဖွဲ့တစ်ဖွဲ့တို့ ပါဝင်ပါတယ်။
    .
    အဓိကဦးဆောင်ပြီးလုပ်ငန်းလုပ်ကိုင်မှာက ဘဓရ Engineering Geologist အဖွဲ့နဲ့ Drilling အဖွဲ့ပါပဲ။ ဆိပ်ကမ်းကော်ပိုရေးရှင်းကတော့ လိုအပ်တာတွေကို ကူညီပံ့ပိုးဖို့ပါပဲ။ ဂေါပကအဖွဲ့က “ကိုသိန်းလွင်တို့ ကိုလှကြည်တို့ ကောင်းအောင်ကြိုးစားပြီးလုပ်ကြပါ။ ငွေကိုတော့ အကန့်အသတ်မရှိ ကြိုက်သလောက်သုံးပါ”လို့ ပွင့်ပွင့်လင်းလင်းပြောပါတယ်။
    .
    ဂေါပကအဖွဲ့ကို ဦးသိန်းလွင်က တိုးတိုးတိတ်တိတ်တင်ပြတာ တစ်ခုရှိပါတယ်။
    .
        “ကိုလှကြည်ကို ကျွန်တော်တို့အားလုံး သိပြီးသားပါ။ သူက ဗုဒ္ဓဘာသာဝင်မဟုတ်ဘူး။ အဓိက ဒီလုပ်ငန်းကို သူပဲ အချိန်ပြည့်တာဝန်ယူပြီးလုပ်ရမှာ။ သူက မွတ်ဆလင်မို့ ကန့်ကွက်ချင်ရင် ခုကတည်းကပြောပါ။”
    .
        ဂေါပကအဖွဲ့က “မကန့်ကွက်ပါဘူး၊ လုပ်စရာရှိတာ လုပ်သာလုပ်ပါ”တဲ့။
    .
        ဒါကြောင့် မောင်လှကြည် မွတ်ဆလင်၊ ဘုရားပေါ် ရောက်လာတာပါ။
    .
    ခုနတုန်းက ပန်းရံဆရာတွေ တွေ့ရှိခဲ့တဲ့ ဧရာမလှိုဏ်ခေါင်းကြီးဆိုတာကို ရှစ်မြှောင့်ပစ္စယာ စနေထောင့်မှာ တွေ့ရတာပါ။ စနေထောင့်ဆိုတာ အကြမ်းနားလည်အောင်ပြောရရင် ဦးဝိစာရကျောက်တိုင်ဘက် နည်းနည်းကျပါတယ်။ ဒီလို အက်ကြောင်းကြီးက စနေထောင့်မှာပဲ ဖြစ်ပါတယ်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် စတဲ့ဘက်တွေမှာလည်းမဖြစ်ဘူး။ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ ထောင့်တွေမှာလည်းမဖြစ်ဘူး။ ဘာလို့ စနေထောင့်တစ်ခုတည်းမှာပဲဖြစ်ရသလဲဆိုတော့ စနေထောင့်ဟာ မုတ်သုံရာသီ (Moonsoon Weather)ကို တိုက်ရိုက်တည့်တည့်ခံရတဲ့ နေရာဖြစ်တယ်။ နှစ်ပေါင်းတစ်ထောင်ကျော်ကျော်လောက် ရာသီဥတုဒဏ်၊ ရေဒဏ်၊ မိုးဒဏ်နဲ့ ရေတိုက်စားမှုဒဏ်ခံခဲ့ရတယ်။ အဲဒီရေတွေထဲမှာလည်း ငှက်မျိုးစုံရဲ့ အညစ်အကြေးတွေ ပါလာပြီး အက်ဆစ်ပျော်ရည်အပျော့စားဖြစ်ပြီး စားသွားတာလည်းပါမှာပေါ့။ ဒီရာသီဥတုရဲ့ဒဏ်ကို နှစ်ပေါင်းများစွာခံခဲ့ရတဲ့အတွက် လှိုဏ်ခေါင်းဟာ ဖြည်းဖြည်းချင်းဖြစ်လာတာပါ။
    .
    ဒီ ရွှေတိဂုံဘုရားကြီးကို ရွှေချတယ်၊ ရွှေသင်္ကန်းကပ်တယ်ဆိုတာ တကယ့်ရွှေအစစ်ကို ကပ်ရတာ။ အကြိမ်ပေါင်းများစွာ ရွှေချခံရလို့ အချို့နေရာတွေမှာ ရွှေအထူကြီးဖြစ်နေတယ်။ တချို့ အတုံးလိုက်၊ အခဲလေးတွေ၊ အဖတ်ဖတ်ကလေးတွေကို ဒီအတိုင်း ရှစ်မြှောင့်ပစ္စယာနဲ့ အခြားပစ္စယာပေါ်မှာ ကျနေတာတွေ တွေ့ခဲ့ရတယ်။ ဒီပစ္စယာအတွင်းပိုင်းကို လူတိုင်းမ၀င်ရဘူးလေ။ လူတကာဝင်ရင် ဒီရွှေအတုံးလေးတွေ ဘယ်တွေ့ရတော့မတုံး။ အထူးယုံကြည်ရတဲ့လူ တာဝန်ရှိသူနဲ့ ဂေါပကအဖွဲ့တွေသာ ၀င်ရတာကိုး။ မိုးရေတိုက်စားပြီးပါလာတဲ့ ဒီရွှေတွေကို နှစ်စဉ်နှစ်တိုင်း စနစ်တကျစစ်ပြီး ရွှေချောင်းပြန်လုပ်ထားတာ ဂေါပကအဖွဲ့မှာ တွေ့ရတယ်။
    .
    Groating လုပ်တယ်ဆိုတာ Grout ကို စက်နဲ့ ကိုယ်လိုချင်တဲ့နေရာကို မှုတ်သွင်းတာပဲ ဖြစ်ပါတယ်။ Grout ဆိုတာ ရွှံ့၊ သဲ၊ ဘိလပ်မြေနှင့် တခြားအမှုန့် စတာတွေကို လိုသလို အချိုးအစားအမျိုးမျိုး ရေနဲ့ရောစပ်ပြီး စက်ရဲ့မှုတ်အား၊ ဖိအား Pressure နဲ့ ကိုယ်ရောက်စေချင်တဲ့နေရာကို ပိုက်တပ်မှုတ်သွင်းတာပဲဖြစ်ပါတယ်။ Pressure အတက်အကျကို Pressure Gauge နဲ့ ထိန်းထားရပါတယ်။ ဘယ်လိုနေရာ၊ ဘယ်လိုအခြေအနေမှာ Pressure ဘယ်လောက်ပဲ ရှိနေရမယ်ဆိုတာကို Geologist အမြဲပြောပြရမယ်။ ဒါ သူ့တာဝန်ပဲဖြစ်ပါတယ်။ Pressure များသွားရင် DAM ကွဲထွက်သွားနိုင်တယ်။ ကြောက်စရာကောင်းတယ်။
    .
    ၁၁-၁-၁၉၇၃ မှာ ရှစ်မြှောင့်ပစ္စယာ စနေထောင့်ကစပြီး Grouting လုပ်ပါတယ်။ လှကြည်ဆိုတဲ့ကောင်ကတော့ နံနက်အစောကြီး ၅-နာရီလောက်ကတည်းက ဘုရားပေါ်တက်၊ လူရှင်းတဲ့ ဇရပ်တစ်ခုကနေပြီး ဦးသုံးကြိမ်ချကာ ဘုရားရှိခိုးတော့တာပဲ။ ဒီကောင်က မြို့မကျောင်းသားဆိုတော့ ဗုဒ္ဓဘာသာ ဘုရားရှိခိုးနည်း ကောင်းကောင်းနားလည်တယ်။ သူပြောတာက “ဘာသာရေးဘေးဖယ်ထားပြီး သူ့အရပ်၊ သူ့ဒေသ၊ သူ့အရိပ် အာဝါသကို မှီခိုရတော့မယ်ဆိုရင် သူ့ကို အရိုအသေပေးရမယ်။ သူ့စည်းကမ်းအတိုင်း သူ့ကို ရိုသေလေးစားစွာ ရှိခိုးဦးချရမယ်”တဲ့။ သူ နေ့တိုင်းနေ့တိုင်း ဒီလိုလုပ်ပြီးမှ စိတ်အေးလက်အေးနဲ့ ဘုရားပေါ်တက် အလုပ်လုပ်တယ်။
    .
    ဒီမှာတော့ Grout ကို ဘိလပ်မြေပဲသုံးပြီး ရေ ၂၂-ဂါလန်ကို ဘိလပ်မြေ ၄-အိပ် အချိုးနဲ့ ရောစပ်ပါတယ်။ Pressure ကို Zero P.S.I သုည၊ တစ်ခါတစ်ရံ One P.S.I လောက်ပဲ သုံးတယ်။ တစ်နေ့တာ အလုပ်ကို မနက်က စလိုက်တာ ည ၉-နာရီ ၁၀-နာရီလောက်မှာမှ လက်စသတ်ပါတယ်။ Grouting စလုပ်တဲ့ ပထမနေ့တွေမှာတော့ ဒေါက်တာအောင်ကြီးတို့ ဒေါက်တာတင်အေးတို့ လာကြတာပေါ့။ နောက် ရက်တွေကြာလာတော့လည်း ထပ်ပြီးမလာကြတော့ပါဘူး။ ဆရာဦးသိန်းလွင်ကတော့ သူ့တာဝန်မပြတ်သေးတဲ့ တခြားအရပ်ဒေသတွေ သွားလိုက်၊ ပြီးတော့ ပြန်လာလိုက်ပါပဲ။ လှကြည်ဆိုတဲ့ကောင်ကတော့ နေ့တိုင်းရှိပါတယ်။
    .
    လုပ်ရကိုင်ရတာ အစပိုင်းမှာတော့ ရင်တုန်ရတယ်။ ကြောက်စရာကောင်းတယ်။ လုပ်ရတဲ့လုပ်ငန်းက စွန့်စားရတဲ့လုပ်ငန်းတစ်ခုပါပဲ။ စောစောကပြောသလို လိုအပ်တဲ့ Pressure ကို မထိန်းနိုင်ရင်၊ ထိန်းနေတဲ့ကြားထဲက တစ်ခုခုချွတ်ချော်သွားခဲ့ရင်၊ လုပ်ရင်းကိုင်ရင်း Pressure အလိုလို တက်သွားရင် ကိစ္စချောပြီ။ ပြီးပြီ။ ရွှေတိဂုံစေတီတော်ကြီး ပြိုကျသွားမှာပေါ့။ စေတီတော်ကြီးပြိုကျသွားရင် ‘ငလှကြည် နင်လည်းသေလိုက်တော့’။ ဒီဘုရားကြီးဟာ မြန်မာပြည်သာမဟုတ်၊ ဗုဒ္ဓဘာသာတစ်ခုတည်းသာမဟုတ်၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေရဲ့ မေတ္တာစုဝေးရာဖြစ်တယ်။ တစ်စုံတစ်ခုသာ လွဲမှားသွားလို့ကတော့ အဲဒီ မေတ္တာစူးတာနဲ့ သေသွားနိုင်တယ်။ ဘုရားကြီးရဲ့သက်တမ်းကလည်းကြည့်ဦး နှစ်ပေါင်း ၂၅၀၀ ကျော်ပြီ။
    .
    အဲဒီလို စွန့်စားလုပ်ကိုင်ရတာကလွဲရင် ကျန်တာ လုပ်ရကိုင်ရတာ စိတ်ချမ်းသာစရာကောင်းပါတယ်။ Driller တွေကလည်း ဦးရွှေ၊ ဦးဇော်ဝင်းအပြင် Drilling CE ဦးစောထွန်းကြီးကိုယ်တိုင် ပါဝင်လေတော့ အစစအရာရာ အဆင်ပြေပါတယ်။ ဂေါပကအဖွဲ့က နံနက်စာ၊ နေ့လည်စာ၊ ညစာ ကောင်းကောင်းမွန်မွန်ကျွေးတဲ့အပြင် ပြန်ရင်လည်း ဒံပေါက်တစ်ထုတ်စီ ပေးလိုက်သေးတယ်။ ကောင်းလေစွ၊ ကောင်းလေစွ။
    .
    လှကြည်ဆိုတဲ့ကောင်က ဦးသိန်းလွင်ရဲ့နောက်လိုက်သာဖြစ်ပေမယ့် ဒီကိစ္စကို သိပ်ကျေနပ်ပြီး ဂုဏ်ယူလို့မဆုံးဖြစ်နေတယ်။ Grouting စလုပ်တဲ့နေ့ နောက်တစ်ရက်နံနက် ကြေးမုံသတင်းစာထဲမှာ ရွှေတိဂုံဘုရားပေါ်မှာ လှကြည် အလုပ်လုပ်နေတဲ့ပုံကြီး မျက်နှာစာမှာ ပါလာပါလေရော။ တယ်လီဖုန်းလာပြီ အစ္စလာမ်သာသနာရေးရာကောင်စီ ဥက္ကဌကြီး မိုဟာမက် ဂါဇီဟာရှင်ထံမှ “မောင်လှကြည် အလွန်ကောင်းတဲ့ကိစ္စကို ဆောင်ရွက်တဲ့အတွက် တို့က ဂုဏ်ယူပါတယ်။ အေး တို့ဗလီတွေပျက်တဲ့အခါလည်း လာလုပ်ပေးပါဦး”တဲ့။
    .
    ဟောက်ကဲ့ – ဟောက်ကဲ့ – ဟောက်ကဲ့ (ဆလမ္မာလေကွန်း)
    .
    (၁၉၇၃၊ ရွှေတိဂုံစေတီတော်ကြီး Grouting ပြုလုပ် ပြင်ဆင်မွမ်းမံခြင်း အစီရင်ခံစာ၊ ရနံ့သစ်မဂ္ဂဇင်းပါ ရွှေတိဂုံစေတီတော်ပြုပြင်ခြင်း ဆောင်းပါး ကို တည်းဖြတ်ဖော်ပြထားခြင်းဖြစ်ပါသည်။)
    .=======================================
    ကို ညီလင်းဆက် Scan ဖတ်ပေးပြီး FB တွင်  မျှဝေထားသည်ကို Type ၇ိုက်ပြီးပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

    မူရင်းထဲကအတိုင်း စာလုံးပေါင်း မပြင်ထားပါ။

    ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ M-Media တွင် ဖော်ပြခဲ့သည့် ဆောင်းပါးကို ပြန်လည်ဖော်ပြအပ်ပါသည်။

  • ၂၀၁၂ ခုနှစ်က အခမ်းအနား တစ်ခုတွင် ဂျာမဏီဆိုင်ရာ မြန်မာသံအမတ်မှ ရွှေတိဂုံ ပုံစံတူ ကိတ်မုန့် ခွဲခဲ့သည့် ဓါတ်ပုံ ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့

    ဧပြီ ၂၅၊ ၂၀၁၄
    M-Media
    .ဝေယံ

    condor-slideshow-2

    ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ဂျာမနီနိုင်ငံအခြေစိုက် လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Condor လေကြောင်းလိုင်းက ဖရန့်ဖတ်နှင့်ရန်ကုန်မြို့သို့  အပတ်စဉ် လေကြောင်း ခရီးစဉ် ပြေးဆွဲရန် သဘောတူညီချက် ရပြီးနောက် ပြုလုပ်သည့် အခမ်းအနားတွင် ရွှေတိဂုံစေတီတော်မြတ်၏ ပုံစံတူ ကိတ်မုန့်အား ခွဲခဲ့သည့် သတင်းဓါတ်ပုံ ယခုရက်ပိုင်းအတွင်း ပြန့်နှံ့ခဲ့ပြီးနောက် ဗုဒ္ဓဘာသာဝင်များ အကြား မကျေနပ်သည့် သဘောထားဝေဖန်မှုများ ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့လျက်ရှိသည်။

    Condor လေကြောင်းလိုင်း နှင့် သဘောတူညီချက်မှ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ပျံသန်းသည့် ပထမဆုံး ဥရောပလေကြောင်းလိုင်း ဖြစ်သည်။

    လွန်ခဲ့သည့် ၂ နှစ် ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ဖရန့်ဖတ်-ရန်ကုန် လေကြောင်းခရီးစဉ် ပြေးဆွဲမှု သဘောတူညီချက် ရရှိခဲ့သော အထိမ်းအမှတ်ဖြင့် ပြုလုပ်သော အခမ်းအနားတွင် မြန်မာနိုင်ငံ၏ အမှတ်သညာဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တို့ အတွက် အထွဋ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်မြတ်၏ ပုံစံတူ ကိတ်မုန့်လုပ်၍ Fraport လေကြောင်းပို့ဆောင်ရေး ကုမ္ပဏီမှ တာဝန်ရှိသူနှစ်ဦးဖြစ်သော Pierre Dominique Prümm နှင့် Marie-Luise Thüne၊ Condor လေကြောင်းလိုင်းမှ အကြီးတန်းအရာရှိ Marie-Luise Thüne နှင့် ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးစိုးနွယ်တို့က အဆိုပါကိတ်မုန့်အား ဓားဖြင့် ခွဲပြီး အခမ်းအနားပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ အခမ်းအနား ပြုလုပ်ပြီး ၂ နှစ်ကျော် အကြာ ယခု ရက်ပိုင်းအတွင်း အဆိုပါဓါတ်ပုံမှာ ဆိုရှယ်မီဒီယာ အသုံးပြုသူများ အကြားပြန့်နှံ့ခဲ့ခြင်းဖြစ်ပြီး  ဤကဲ့သို့ ပြုလုပ်ခြင်းမှာ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးကို  မရိုမသေ၊ မလေးမစားဖြင့် အ,ဂါရ၀ပြုရာ ရောက်သောကြောင့် ဗုဒ္ဓဘာသာဝင်များ အကြားဝေဖန်မှုများ ထွက်ပေါ်နေသည်။

    ဂျာမဏီမှ မြန်မာသံရုံး ဝဘ်ဆိုဒ်-http://www.botschaft-myanmar.de/2.html

    ကိုးကား-Airline Route News

  • အီးဒ်နေ့မှာ ရွှေတိဂုံ ကို ဗုံးခွဲဖို့ အကြမ်ဖက်သမားများ ကြံစည်ခဲ့ကြောင်း KNU ပြော၊ လွန်ခဲ့သည့် ၂ ရက် အစိုးရသတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါအချက်မပါဝင်ခဲ့

    အောက်တိုဘာ၊ ၂၀
    M-Media

    phdo nyein maung

    မြန်မာနိုင်ငံအတွင်းက ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွေမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ အောက်ခြေအဖွဲ့ဝင်တွေ ပါဝင်နေပြီး အခုထိ နောက်ကွယ်ကနေ ဘယ်သူကြိုးကိုင်နေတယ် ဆိုတာကို မသိရသေးသလို အခုလို ကြံစည်မှုတွေရဲ့နောက်မှာ နိုင်ငံရေးရည်ရွယ်ချက် တခုခု ရှိပုံထောက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဖဒို မန်းငြိမ်းမောင်က ပြောပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ စစ်ကိုင်းနဲ့ နမ့်ခမ်းမြို့တွေမှာ ပေါ်ပေါက်ခဲ့တဲ့ ဗုံးကွဲမှုတွေ ၊ ဗုံးတွေ့မှုတွေဟာ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွားအောင်၊ အစိုးရနဲ့ တိုင်းရင်းသား အင်အားစုတွေ အကြား တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ပျက်ပြားအောင် စီစဉ်ဆောင်ရွက် ခဲ့တာသာဖြစ်တယ်လို့ KNU ကရင် အမျိုးသား အစည်းရုံးမှ တာဝန်ရှိသူတွေက ဒီကနေ့ပြောကြားပါတယ်။

    လက်ရှိဗုံးဖောက်ခွဲမှုတွေ လုပ်ဆောင်ခဲ့တဲ့ တရားခံတွေကို KNU ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေကစစ်ဆေးတဲ့ အခါမှာတော့ ရန်ကုန်မှာရှိတဲ့ ရွှေတိဂုံဘုရားကြီးကိုပါ ဗုံးဖောက်ခွဲဖို့ အထိ ကြံစည်ခဲ့တာကို တွေ့ရတယ်လို့ ဖဒို မန်းငြိမ်းမောင်က ပြောပါတယ်။

    ဗုံးဖောက်ခွဲဖို့ ကြိုးစားတဲ့ တရားခံတွေကို စစ်ဆေးမေးမြန်းကြည့်ခဲ့တဲ့အခါမှာ သာသနိက အဆောက်အအုံတွေ ကိုပါ ဖောက်ခွဲရေးလုပ်ဖို့ ကြံစည်ခဲ့တာကိုတွေ့ရပြီး မူဆလင် ဘာသာဝင်တွေရဲ့ အစ်နေ့မှာ ရွှေတိဂုံဘုရားမှာ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေဖြစ်ဖို့အထိ ကြံစည်ခဲ့တာ ကိုတွေ့ရတယ်-လို့လည်း သူကပြောပါတယ်။

    လက်ရှိအချိန်မှာတော့ KNu အောက်ခြေပိုင်းမှလည်း အခုလို ဗုံးဖောက်ခွဲမှုတွေ လုပ်ခဲ့တဲ့ လူတွေကို သိနိုင်အောင် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးကိုယ်တိုင် ကရင် ပြည်နယ်ပြန်ရောက်ရင် အောက်ခြေထိ ကိုယ်တိုင် မေးမြန်းစုံစမ်းမှုတွေ လုပ်ဆောင်မှာဖြစ်တယ်လို့လည်း ဖဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

    လွန်ခဲ့သည့် ၂ ရက် အောက်တိုဘာ ၁၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အတွင်းမှာ ပြုလုပ်တဲ့  လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံ အတွင်းက နေရာတချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိသူတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အဆိုပါ အချက်ကို ထုတ်ဖော်ထည့်သွင်းရှင်းလင်းသွားတာကို မတွေ့ခဲ့ရပါဘူး။

    ကိုးကား VOA,RFA
    ဓာတ်ပုံ အောင်ရဲမောင်မောင်/ဗွီအိုအေ (မြန်မာပိုင်း)

  • ရွှေတိဂုံတောင်ဘက်စောင်းတန်းတွင် မသင်္ကာသူအား ခေါ်ယူစစ်ဆေး

    shwe ti gone

    ရန်ကုန်၊ ဇူလိုင် ၁၂

    ၁၂.၇.၂၀၁၃ ရက်နေ့ ၀၇၄၅ အချိန် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်စောင်းတန်း အလယ်တွင် ဘုရားဖူးရန်ရောက်ရှိ လာသူ ကျော်ဦး၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးဌေးမြင့်၊ ၀မ်းတွင်းမြို့၊ မန္တလေးတိုင်းဒေသကြီး နေသူသည် အဖြူရောင်ကြွပ်ကြွပ်အိတ် (၁)လုံးအားဆွဲ၍ တက်လာသည်ကို မသင်္ကာဘွယ်တွေ့ရသဖြင့် လုံခြုံရေးတာဝန်ကျတပ်ဖွဲ့ဝင်မှ ၎င်းယူဆောင်လာသည့် ကြွပ်ကြွပ်အိတ်အား ရှာဖွေရာ အတွင်းမှ ဓါတ်ခဲအကြီး(၃)လုံး၊ ၀ါယာကြိုး(၁)ချောင်း၊ မီး ပိတ်/ဖွင့်ပြုလုပ်သည့် ခလုတ်(၁)ခု၊ အရိုးအသွား ၇ လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်း၊ ၈/၁၀ ဆိုဒ် ဂွ(၁)ချောင်း၊ ကိုရီးယားဝမ်ငွေ (၁၀၀၀)တန်(၁)ရွက်၊ ဗီယက်နမ်ဒေါင်ငွေ (၁၀၀၀၀)တန်(၁)ရွက်တို့အား စစ်ဆေးတွေ့ရှိရ သဖြင့် ဒဂုံမြို့နယ်ရဲတပ်ဖွဲမှ  အရေးယူဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း သတင်းရရှိပါသည်။

    Yangon Police FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
    Source =>http://goo.gl/n0tGr