News @ M-Media

Tag: UK Muslims

  • လန်ဒန်ဗလီတွင် ယူကေဘုရင်မကြီး၏​သားနှင့်ချွေးမတို့ အီးဒ်နေ့ လုပ်အားပေး

    လန်ဒန်ဗလီတွင် ယူကေဘုရင်မကြီး၏​သားနှင့်ချွေးမတို့ အီးဒ်နေ့ လုပ်အားပေး

    မေ ၂၆၊ ၂၀၂၀
    M-Media

    ရှားဂျဟန်ဗလီရှေ့တွင်တွေ့ရသည့် မင်းသား အဒ်ဝပ်နှင့် ကြင်ယာတော် ဆိုဖီ

    -ဗြိတိန်ဘုရင်မကြီး အလိဇဘက် ၂ ​ရဲ့ အငယ်ဆုံးသားနဲ့ ချွေးမတို့ဟာ လန်ဒန်မြို့က ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ ဝါကျွတ်အီးဒ်နေ့ အထိမ်းအမှတ် အစားအစာဝေငှရေးအစီအစဉ်မှာ လုပ်အားပေးခဲ့ကြတယ်လို့ သိရပါတယ်။

    မင်းသား အဒ်ဝပ်နဲ့ ကြင်ယာတော် ဆိုဖီတို့ဟာ တနင်္ဂနွေနေ့က လန်ဒန်အနောက်တောင်ပိုင်း ဝုတ်ကင်းရပ်ကွက်မှာရှိတဲ့ ရှားဂျဟန် ဗလီဝတ်ကျောင်းတော်ကို သွားရောက်ခဲ့ကြတာပါ။ ဝါကျွတ်အီးဒ်နေ့အထိမ်းအမှတ် အစားအသောက်ဝေငှရေး ထုတ်ပိုးတဲ့အစီအစဉ်မှာ မင်းသားနဲ့ ကြင်ယာတော်တို့ ပါဝင်လုပ်အားပေးခဲ့ကြပါတယ်။

    ကြင်ယာတော် ဆိုဖီက အခုလို အခက်အခဲဖြစ်နေတဲ့ကာလမှာ ကူညီဖေးမမှုကို တွေ့ရတဲ့အတွက် ပျော်ရွှင်ကြည်နူးမိတယ်လို့​ ဗြိတိန် ​တော်ဝင်မိသားစုရဲ့ Twitter စာမျက်မှာက ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

    “ဝုတ်ကင်းလူ့အဖွဲ့အစည်းမှာ မွတ်စလင်တွေဟာ မိတ်ဆွေစိတ်ဓာတ်နဲ့ ဘယ်လိုကူညီဖေးမနေလဲဆိုတာ၊ ဒီလို အကြပ်အတည်းကာလမှာ လူတွေကို ဘယ်လို ကူညီထောက်ပံ့နေလဲဆိုတာကို ကျွန်မတို့ တွေ့မြင်ခဲ့ရတယ်။ ဒီလို အားထုတ်ဆောင်ရွက်မှုတွေအတွက် ကျွန်မတို့ အထူးပင် ကျေးဇူးတင်ရှိပါတယ်”

    မင်းသား အဒ်ဝပ်ကလည်း လူ့အဖွဲ့အစည်းမှာ ကူညီဖေးနေတဲ့လူတိုင်းကို ကျေးဇူးဥပကာရ အထူးတင်ရှိတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဗီဒီယိုနောက်ဆုံးမှာ မင်းသားနဲ့ ကြင်ယာတော်တို့ဟာ ပျော်ရွှင်စရာအီးဒ်နေ့မင်္ဂလာ ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းခဲ့ကြပါတယ်။

    ဝုတ်ကင်းရပ်ကွက်က ရှားဂျဟန်ဗလီဟာ ကိုဗစ်သံသယနဲ့ သီးသန့်စောင့်ကြည့်ခံရသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် အရင်ကတည်းက အစားအသောက်တွေ ဝေငှလှူဒါန်းခဲ့ပါတယ်။

    Ref: Ib Times

  • ကိုရိုနာတိုက်ဖျက်ရေး နိုင်ရာဝန်ထမ်းနေတဲ့ စကော့တလန်က မွတ်စလင်ဇနီးမောင်နှံ

    ကိုရိုနာတိုက်ဖျက်ရေး နိုင်ရာဝန်ထမ်းနေတဲ့ စကော့တလန်က မွတ်စလင်ဇနီးမောင်နှံ

    စကော့တန်လန်နိုင်ငံ အလယ်ပိုင်းမှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ မွတ်စလင်ဇနီးမှောင်နှံဟာ ကိုရိုနာတိုက်ဖျက်ရေး လုပ်ငန်းမှာ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နေပြီး ဒေသခံပြုသူတွေရဲ့ ချီးကျူးမှုကိုလည်း ရရှိနေပါတယ်။

  • ဓားနဲ့ထိုးသူကို ခွင့်လွှတ်သည်ဟု လန်ဒန်ဗလီမှ မုအ်ဇင်ပြော

    ဓားနဲ့ထိုးသူကို ခွင့်လွှတ်သည်ဟု လန်ဒန်ဗလီမှ မုအ်ဇင်ပြော

    ဖေဖော်ဝါရီ ၂၂၊ ၂၀၂၀
    M-Media

    ဓားထိုးခံရသူ ရာဖတ် မဂ်လဒ်

    -မိမိကို ဓားနဲ့ထိုးသူကို ခွင့်လွှတ်တယ်လို့ လန်ဒန်ဂျာ‌မေဗလီဝတ်ကျောင်းတော်ရဲ့ မုအ်ဇင် နိဗ္ဗာန်ဆော်က ပြောကြားလိုက်ပါတယ်။

    အသက် ၇၀ ကျော်အရွယ် ရာဖတ် မဂ်လဒ်ဟာ ကြာသာပတေးနေ့က ဗလီထဲမှာ အသက် ၂၉ နှစ်အရွယ် လူဖြူအမျိုးသား ဒန်နီယဲလ် ဟော်တွန်ရဲ့ ဓားနဲ့ထိုးခြင်းကို ခံခဲ့ရတာပါ။ ဒီအဖြစ်အပျက်ကြောင် မဂ်လဒ်တစ်ယောက် လည်ပင်းမှာ ထိုးသွင်းဒဏ်ရာ ရသွားခဲ့ပြီး ဆေးကုသမှု ခံခဲ့ရပါတယ်။ တိုက်ခိုက်သူကိုတော့ ဝတ်ပြုဖို့လာသူတွေက ၀ိုင်းဖမ်းကာ ရဲလက်အပ်ခဲ့ပါတယ်။

    မနေ့က ဆေးရုံကနေဆင်းကာ သောကြာနေ့ဝတ်ပြုဖို့ ဗလီကိုပြန်လာတဲ့ မဂ်လဒ်က တိုက်ခိုက်ခဲ့သူကို ခွင့်လွှတ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့က ဒီအဖြစ်အပျက်ကို အကြမ်းဖက်မှုမဟုတ်ဘဲ ရိုးရိုးဓားထိုးမှုအဖြစ်နဲ့သာ စုံစမ်းစစ်ဆေးနေပါတယ်။ တိုက်ခိုက်ခဲ့သူ ဒန်နီယဲလ် ဟော်တွန်ဟာ အပြင်းအထန်နာကျင်စေမှု၊ ချွန်ထက်တဲ့လက်နက် ကိုင်ဆောင်မှုတွေနဲ့ တရားစွဲဆို ခံထားရပါတယ်။

    ‌လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းဟာ သောကြာနေ့က လန်ဒန်ဂျာမေဗလီကို သွားရောက်ကာ ဝတ်ပြုဆုတောင်းခဲ့ပြီး လန်ဒန်ပြည်သူတွေအနေနဲ့ သတိဝိရိယရှိကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: BBC

  • ဥရောပ၏ ပထမဆုံး Eco-friendly ဗလီကို ကမ်းဘရစ်ဂျ်မြို့တွင် ဖွင့်လှစ်

    ဥရောပ၏ ပထမဆုံး Eco-friendly ဗလီကို ကမ်းဘရစ်ဂျ်မြို့တွင် ဖွင့်လှစ်

    ဒီဇင်ဘာ ၆၊ ၂၀၁၉
    M-Media

    -ယူကေ ကမ်းဘရစ်ဂျ်မြို့က နာမည်ကျော် ‘ကမ်းဘရစ်ဂျ် ဂျာမေဗလီ’ (Cambridge Central Mosque) ကို မနေ့မှာ ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပက ဧည့်သည်ပေါင်း ရာနဲ့ချီ တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။

    Cambridge Central Mosque ဟာ ဥရောပရဲ့ ပထမဆုံး သဘာ၀ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ဗလီဖြစ်ပြီး အစ္စလာမ်ဘာသာဝင်တွေရဲ့ လှူဒါန်းငွေတွေနဲ့ တည်ဆောက်ထားတာပါ။ ဗိသုကာလက်ရာပိုင်းမှာလည်း ပြောင်မြောက်တယ်လို့ နာမည်ကြီးပါတယ်။

    ဗလီဟာ ကာဘွန်ထုတ်လွှတ်မှု လုံးဝမရှိတဲ့ အဆောက်အဦးတစ်ခုဖြစ်ပြီး နေစွမ်းအင်၊ လေစွမ်းအင်၊ မိုးရေစုဆောင်း ပြန်လည်အသုံးပြုရေး နည်းပညာလို ပြည့်ဖြိုးမြဲရင်းမြစ်တွေကို အသုံးပြုထားပါတယ်။ ဗလီဝတ်ကျောင်းတော်ကို ဗြိတိန်ရဲ့ နာမည်ကျော်အဆိုတော် ကက်စတီဗင်က ကမကထပြု တည်ဆောက်တာပါ။ ကက်စတီဗင်ဟာ ၁၉၇၇ ခုနှစ်မှာ အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်ခဲ့တာ ဖြစ်ပါတယ်။

    ဗလီ၀တ်ကျောင်းတော်ရဲ့ ဂေါပကအဖွဲ့ Cambridge Mosque Trust က လူမျိုးပေါင်း ၇၀ ကျော်လောက် စုစည်းထားတဲ့ ကမ်းဘရစ်ဂျ်မြို့ မွတ်စလင်လူအဖွဲ့အစည်းဟာ သဘာ၀ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ဗလီဝတ်ကျောင်းတော်တစ်လုံး ပေါ်ပေါက်လာဖို့ အချိန်တော်ကြာကတည်းက စီစဉ်လာတာဖြစ်ပြီး အခု အိပ်မက်တွေ အမှန်တကယ် ဖြစ်လာပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

    “လှူဒါန်းသူတွေ၊ ဒေသခံတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကမ်းဘရစ်ဂျ်မြို့ရဲ့ မိုးကုပ်စက်၀ိုင်းမှာ ငှားငှားစွင့်စွင့် တည်ရှိနေမယ့် ဒီအဆောက်အဦး ပေါ်ပေါက်လာဖို့အတွက် ၁၀ နှစ်လောက် စိတ်ရှည်ရှည်စောင့်ဆိုင်းခဲ့သူတွေကိုလည်း ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ အရှေ့တိုင်းနဲ့ အနောက်တိုင်းအကြား သဟဇာတဖြစ်မှုဆိုတဲ့ ပြယုဂ်နဲ့အတူ ဗလီဟာ ငြိမ်းချမ်းရေး၊ ဝတ်ပြုဆုတောင်းမှုနဲ့ အပြန်အလှန်နားလည်မှုတွေကို ဖြန့်ဖြူးသွားမှာ ဖြစ်ပါတယ်”

    Cambridge Mosque Trust ဗလီဝတ်ကျောင်းတော် တည်ဆောက်ရေးကို ၂၀၀၈ ခုနှစ်ကတည်းက စီစဉ်ခဲ့တာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ၁၀ နှစ်လောက်ကြာပြီးမှ အကောင်အထည်ပေါ်လာတာ ဖြစ်ပါတယ်။

    ဗလီဝတ်ကျောင်းတော်မှာ ဝတ်ပြုဆောင်၊ စာသင်ဆောင်တွေအပြင် အများပြည်သူ အပန်းဖြေနိုင်မယ့် ပန်းခြံတစ်ခုလည်း ပါဝင်ပါတယ်။ ပန်းခြံထဲမှာတော့ ယူကေ၊ အရှေ့အလယ်ပိုင်းနဲ့ အာရှက အပင်မျိုးစုံကို စိုက်ပျိုးထားပါတယ်။

    ကိုယ်လက်ဆေးကြောသန့်စင်ရာနေရာ၊ တရားဟောစင်မြင့်၊ ရှေ့ဆောင်အီမာန် ဝတ်ပြုရာနေရာတွေကိုတော့ တူရကီဗိသုကာပညာရှင် Hüseyin Kutlu က ဒီဇိုင်းဆွဲတည်ဆောက်ပေးထားတာ ဖြစ်ပါတယ်။ ဗလီရဲ့ တစ်ခြားအစိတ်အပိုင်းတွေကို ဗြိတိန်ဗိသုကာပညာရှင်တွေက ဒီဇိုင်းဆွဲပေးတာပါ။

    ဗလီဟာ British Construction Industry Awards ဆုပေးပွဲမှာ ‘၂၀၁၉ ခုနှစ် ယဉ်ကျေးမှုနှင့် အပန်းဖြေမှုဆိုင်ရာ စီမံကိန်းဆု'(Culture and Leisure Project of the Year) ဆုကို ရရှိထားသလို၊ ဒေသတွင်းက Royal Town Planning Institute ဆု၊ Wood Award ဆုပေးပွဲမှာ ‘ပညာရေးနှင့် အများပြည်သူဆိုင်ရာဆု’ (Education and Public Sector) ဆု၊ ဗြိတိန်သျှနိုင်ငံလုံးဆိုင်ရာ Best Community and Faith Project စီမံကိန်းမှာ
    ‘အကောင်းဆုံး ဗိသုကာလက်ရာဆု’ (AJ Architecture Awards) တွေကို ရရှိထားပါတယ်။

    Ref : Cambridge Independent

  • မွတ်စလင်အမျိုးသမီးများကို စော်ကားသည့် မှတ်ချက်အတွက် ဗြိတိန်ဝန်ကြီးချုပ် ပြန်တောင်းပန်

    မွတ်စလင်အမျိုးသမီးများကို စော်ကားသည့် မှတ်ချက်အတွက် ဗြိတိန်ဝန်ကြီးချုပ် ပြန်တောင်းပန်

    ဒီဇင်ဘာ ၅၊ ၂၀၁၉
    M-Media

    -မွတ်စလင်အမျိုးသမီးတွေကို စော်ကားရာရောက်တဲ့ အရင်ကမှတ်ချက်တစ်ခုအတွက် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြန်လည်တောင်းပန်လိုက်ပါတယ်။

    ဂျွန်ဆင်ဟာ ပြီးခဲ့တဲ့နှစ်က Telegraph သတင်းစာမှာ ဆောင်းပါတစ်ပုဒ် ရေးသားခဲ့ပြီး အဲဒီဆောင်းပါးမှာ ဘုရ်ခါဝတ်ရုံဝတ်တဲ့ မွတ်စလင်အမျိုးသမီးတွေကို ‘စာတိုက်ပုံး’ ‘ဘဏ်ဓားပြ’ စသဖြင့် ရေးသားခဲ့တာပါ။

    မနေ့က ITV ရဲ့ This Morning အစီအစဉ်မှာ အစီအစဉ်တင်ဆက်သူတွေက ဒီမှတ်ချက်ဟာ မွတ်စလင်တွေကို စော်ကားသလိုဖြစ်ပြီး ထိခိုက်နာကျင်စေခဲ့ရတယ်လို့ ပြောကြားရာမှာတော့ ဘောရစ်ဂျွန်ဆင်က ပြန်လည်တောင်းပန်ခဲ့ပါတယ်။

    “ဆောင်းပါးအမျိုးမျိုးကနေ လူတွေက လိုချင်တာ ဆွဲထုတ်ပြောကြတယ်။ ကျွန်တော်ရေးတာဟာ စော်ကားသလိုဖြစ်သွားရင်တောင်းပန်တယ်လို့ အရင်က ကျွန်တော်ပြောခဲ့ပြီး အခုလည်း ထပ်ပြောပါတယ်”

    သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီဟာ နိုင်ငံခြားသားကြောက်ရောဂါ၊ သမရိုးကျ ထင်မြင်ယူဆ စွပ်စွဲမှုတွေအားလုံးကို စုံစမ်းကိုင်တွယ်နေတယ်လို့လည်း ဘောရစ်ဂျွန်ဆင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Telegraph က ဆောင်းပါးမှာ လူတွေက စာတိုက်ပုံးလိုအဖြစ်ခံပြီး ဘုရ်ခါဝတ်ဆင်တာမျိုးဟာ ရူးနှမ်းပေမယ့် ဘုရ်ခါဝတ်ဆင်မှုကို မပိတ်ပင်သင့်ဘူးလို့ ရေးသားခဲ့တာပါ။ ဒီလိုရေးသားမှုအတွက် အဲဒီတုန်းက ဝန်ကြီးချုပ် ထရီဇာမေအပါအဝင် ကွန်ဆာဗေးတစ်ပါတီ အကြီးအကဲတွေက တောင်းပန်ဖို့ ပြောခဲ့ပေမယ့် ဂျွန်ဆင်ကတော့ မလိုက်နာခဲ့ပါဘူး။

    ဂျွန်ဆင်ဟာ Single mother နဲ့ သူတို့ရဲ့ကလေးတွေအကြောင်း ဝေဖန်ရေးသားတာမျိုး ရှိခဲ့ပြီး အဲဒီအတွက် ITV အစီအစဉ်တင်ဆက်သူတွေရဲ့ မေးမြန်းမှုမှာ တောင်းပန်ဖို့ ငြင်းဆိုခဲ့ပါတယ်။

    Ref: The Guardian