News @ M-Media

Tag: UK

  • ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးလျှင် အိန္ဒိယမှ ပုံပြောင်းကိုဗစ်ကိုလည်း ထိထိရောက်ရောက် ကာကွယ်နိုင်

    ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးလျှင် အိန္ဒိယမှ ပုံပြောင်းကိုဗစ်ကိုလည်း ထိထိရောက်ရောက် ကာကွယ်နိုင်

    မေ ၂၃၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားခြင်းအားဖြင့် အိန္ဒိယမှာ အကြီးအကျယ် ပြန့်နှံ့နေတဲ့ ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်လို့ ဗြိတိန်ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    Pfizer-BioNTech ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး ၂ ပတ်ကြာတဲ့အခါ အိန္ဒိယက ပုံပြောင်းကိုဗစ် B16172 ကူးစက်မှုကို ၈၈ ရာခိုင်နှုန်း ကာကွယ်နိုင်ပြီး ဗြိတိန်က ပုံပြောင်းကိုဗစ် B117 ကို ၉၃ ရာခိုင်နှုန်း ကာကွယ်နိုင်တာကို အင်္ဂလန်ကျန်းမာရေးဌာနရဲ့ လေ့လာမှုမှာ တွေ့ရပါတယ်။

    AstraZeneca နှစ်ကြိမ်ထိုးထားရင်တော့ B16172 ဗိုင်းရပ်စ်ကို ၆၀ ရာခိုင်နှုန်း၊ B117 ကို ၆၆ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

    ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့က ဒါဟာ အားတက်ဖွယ်တွေ့ရှိချက်ဖြစ်ပြီး နိုင်ငံအတွင်းထုတ်ထားတဲ့ ကိုဗစ်ကန့်သတ်ချက်တွေကို စီစဉ်ထားတဲ့အတိုင်း လာမယ့်လမှာ လျော့ချဖို့ မျှော်လင့်ချက်ရှိလာပြီလို့ ပြောကြားခဲ့ပါတယ်။

    ဗြိတိန်ဟာ ဥရောပမှာ အမြန်ဆုံး ကိုဗစ်ကာကွယ်ဆေးစီမံကိန်းကို အကောင်အထည်ဖော်နေတာဖြစ်ပြီး၊ အိန္ဒိယက ပုံပြောင်းကိုဗစ် ကူးစက်မှု တွေ့လာရတာကြောင့် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    ကာကွယ်ဆေး ပထမတစ်ကြိမ်ထိုးထားပြီး ၃ ပတ်ကြာရင် B16172 ဗိုင်းရပ်စ်ကို ၃၃ ရာခိုင်နှုန်း B117 ကို ၅၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့လည်း ဗြိတိန်ကျန်းမာရေးဌာနရဲ့ လေ့လာမှုမှာ တွေ့ရှိရပါတယ်။

    Ref: Reuters

  • ပုံပြောင်းကိုဗစ်ကြောင့် သေဆုံးမှုများနိုင်ဟု ယူကေဝန်ကြီးချုပ် သတိပေး

    ပုံပြောင်းကိုဗစ်ကြောင့် သေဆုံးမှုများနိုင်ဟု ယူကေဝန်ကြီးချုပ် သတိပေး

    ဇန်နဝါရီ ၂၃၊ ၂၀၂၁
    M-Media

    -နိုင်ငံတစ်ဝှမ်းမှာတွေ့ရတဲ့ ပုံပြောင်းကိုဗစ်ဟာ သေဆုံးမှုများပြားနိုင်တယ်လို့ ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောကြားလိုက်ပြီး ​လက်ရှိကာကွယ်ဆေးကတော့ ပုံပြောင်းကိုဗစ်အတွက် အလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီပုံပြောင်းကိုဗစ်ဟာ ယူကေမှာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက စတင်ပြန့်နှံ့နေတာဖြစ်ပြီး ကူးစက်မှုက သာမန်ထက် ၇၀ ရာခိုင်နှုန်း မြင့်မားပေမယ့် သေဆုံးမှုအန္တရာယ် မရှိဘူးလို့ အစောပိုင်းမှာ ထုတ်ပြန်ထားတာပါ။

    မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ဂျွန်ဆင်က သေဆုံးမှုမြင့်တက်လာတာနဲ့ ပုံပြောင်းကိုဗစ် ဆက်စပ်မှုရှိနိုင်တယ်လို့ ထုတ်ပြောပါတယ်။ ဒါပေမယ့် လက်ရှိ အသုံးပြုနေတဲ့ Pfizer-BioNTech၊ AsterAstrazeneca ကာကွယ်ဆေးတွေဟာ ပုံပြောင်းကိုဗစ်အတွက်လည်း ထိရောက်မှုရှိတယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ယူ​ကေ ထိပ်တန်းသိပ္ပံပညာရှင် ပက်ထရစ် ဗာလန့်စ်က ပုံပြောင်းကိုဗစ်ကြောင့် သေဆုံးမှုတွေရှိတယ်ဆိုတဲ့ အချက်အလက်ဟာ ခိုင်မာမှုသိပ်မရှိသေးဘူးလို့ သာမာန် ကိုဗစ်ကူးစက်နေသူတွေ ဆေးရုံကိုရောက်လာရင် သူတို့အတွက် စိုးရိမ်စရာ မရှိတော့ပေမယ့်၊ ပုံပြောင်းဗိုင်းရပ်စ်က ပိုစိုးရိမ်ရတယ်ဆိုတာကိုတော့ ဝန်ခံခဲ့ပါတယ်။

    ယူကေမှာတွေ့ရတဲ့ ပုံပြောင်းကိုဗစ်ကို တောင်အာဖရိကနဲ့ ဘရာဇီးလ်တို့မှာလည်း တွေ့ထားပါတယ်။

    Ref: Aljazeera

  • ပုံပြောင်းကိုဗစ် ပိုမိုပြန့်နှံ့လာမှုကြောင့် ယူကေတွင် တစ်နိုင်ငံလုံး လော့ဒေါင်းပြန်လုပ်

    ပုံပြောင်းကိုဗစ် ပိုမိုပြန့်နှံ့လာမှုကြောင့် ယူကေတွင် တစ်နိုင်ငံလုံး လော့ဒေါင်းပြန်လုပ်

    ဇန်နဝါရီ ၅၊ ၂၀၂၁
    M-Media

    -ပုံပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုဟာ အလွန်အမင်း မြန်ဆန်လာတဲ့အတွက် ယူကေမှာ မနေ့ကစတင်ပြီး လော့ဒေါင်းပြန်လုပ်လိုက်ပါတယ်။

    ယူကေတစ်ဝှမ်း Pfizer-BioNTech နဲ့ AstraZeneca ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးပေးနေပေမယ့် လူအများအပြားဆီ မရောက်သေးပါဘူး။

    ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က​ ပုံပြောင်းကိုဗစ်က ကျန်းမာရေးစနစ်ကို ခြိမ်းခြောက်လာတဲ့အတွက် တစ်နိုင်ငံလုံးကို လော့ဒေါင်းလုပ်ဖို့ လိုအပ်လာတယ်လို့ မနေ့က ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    “တစ်နိုင်ငံလုံးကို လော့ဒေါင်း လုပ်ကိုလုပ်ရပါတော့မယ်။ ဒါမှသာလျှင် ပုံပြောင်းကိုဗစ်ကို ထိန်းနိုင်မှာပါ။ လူတွေအားလုံး အိမ်ထဲမှာပဲနေဖို့ အစိုးရက ညွှန်ကြားမှာ ဖြစ်ပါတယ်”

    အခု လော့ဒေါင်းအသစ်မှာ ​စျေးဝယ်တာ၊ ကျန်းမာရေးလုပ်တာနဲ့ အခြား အခြေအနေတစ်ချို့ကလွဲပြီး လူတွေအားလုံး အိမ်ထဲမှာ နေရမှာဖြစ်သလို၊ ကျောင်းတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေလည်း ပိတ်ထားမှာ ဖြစ်ပါတယ်။

    ကာကွယ်ဆေးထိုးမှု စီစဉ်ထားတဲ့အတိုင်းဖြစ်ပြီး၊ ကူးစက်မှု၊ သေဆုံးမှုတွေ လျော့လာရင် ဖေဖော်ဝါရီလ အလယ်ပိုင်းလောက်မှာ လော့ဒေါင်း ပြန်ဖွင့်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ​ဝန်ကြီးချုပ် ဂျွန်ဆင်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • ပုံပြောင်းကိုဗစ်နဲ့ လက်ရှိကာကွယ်ဆေးတွေ အဆင်ပြေပါ့မလား?

    ပုံပြောင်းကိုဗစ်နဲ့ လက်ရှိကာကွယ်ဆေးတွေ အဆင်ပြေပါ့မလား?

    ဒီဇင်ဘာ ၂၃၊ ၂၀၂၀
    M-Media

    -နိုဝင်ဘာနှောင်းပိုင်းလောက်ကတည်းက ဗြိတိန်မှာ ပြန့်နှံခဲ့တဲ့ ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ်ဟာ တောင်အာဖရိမှာ တွေ့လာရသလို၊ အမေရိကန်မှာလည်း ရှိနေပြီလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    B.1.1.7 လို့ အမည်ပေးထားတဲ့ အဲဒီပုံပြောင်းကိုဗစ်ဟာ ဗီဇမျိုးစိတ် ၉ ကြိမ်အထိ ပြောင်းလဲသွားတာဖြစ်ပြီး ၇၀ ရာခိုင်နှုန်း ပိုမိုပြန့်နှံလွယ်ပါတယ်။ ၂၀၁၉ ခုနှစ်နှောင်းပိုင်း တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ပြန့်နှံ့လာတဲ့ ကိုဗစ်ဗိုင်းရပ်စ်ဟာ အခုအချိန်အထိဆိုရင် ပုံပြောင်းမှု အကြိမ်ထောင်ချီ ရှိနေပြီ ဖြစ်ပါတယ်။

    အင်္ဂလန်မှာစတွေ့ရတဲ့ ပုံပြောင်းဗိုင်းရပ်စ်ဟာ မူလဗိုင်းရပ်စ်၊ တစ်ခြားပုံပြောင်းဗိုင်းရပ်စ်တွေထက် သေဆုံးနိုင်ချေပိုမြင့်လား၊ လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေက ဒီပုံပြောင်းဗိုင်းရပ်စ်ကိုပါ ကာကွယ်နိုင်ပါ့မလားဆိုတာကို တိတိကျကျ မသိရသေးပါဘူး။

    Pfizer ဆေးအတွက် ၆ ပတ်ခန့်ကြာနိုင်

    လက်ရှိ နာမည်ကြီးနေတဲ့ Pfizer-BioNTech ကိုဗစ်ကာကွယ်ဆေးကို တီထွင်သူ အူရ် ဆာဟင်က သူတို့ကာကွယ်ဆေး ပုံပြောင်းကိုဗစ်အတွက်ပါ အလုပ်ဖြစ်မလားဆိုတာကို သိရဖို့ နှစ်ပတ် လေ့လာရမယ်လို့ ပြောပါတယ်။

    “ကျွန်တော်တို့ ကာကွယ်ဆေးဟာ ပုံပြောင်းကိုဗစ်ကိုပါ ကာကွယ်နိုင်မလားဆိုတာ လက်ရှိအချိန်မှာ မသိရသေးပါဘူး။ သိပ္ပံနည်းကျဆိုရင်တော့ ကာကွယ်ဆေးက ထုတ်ပေးတဲ့ ကိုယ်ခံစွမ်းအားက ပုံပြောင်းကိုဗစ်ကိုပါ ခုခံနိုင်စွမ်းရှိတယ်လို့ ပြောလို့ရပါတယ်”

    ဓာတ်ခွဲခန်းမှာ စမ်းသပ်မှု၊ လူတွေမှာ စမ်းသပ်မှု၊ ခွင့်ပြုချက်ရဖို့ အစိုးရထံ တင်ပြမှု အားလုံးပေါင်းရင် Pfizer-BioNTech ကာကွယ်ဆေးကို ပုံပြောင်းကိုဗစ်အတွက်ပါ အသုံးပြုနိုင်မလားဆိုတာ သိရဖို့ ၆ ပတ်လောက် ကြာနိုင်တယ်လို့လည်း ဆာဟင်က ဆိုပါတယ်။

    AstraZeneca အလုပ်ဖြစ်နိုင်တယ်

    ဗြိတိသျှဆေးကုမ္ပဏီ AstraZeneca က သူတို့ထုတ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ပုံပြောင်းဗိုင်းရပ်စ်ကိုပါ ကာကွယ်နိုင်ဖွယ်ရှိတယ် ရိုက်တာသတင်းဌာနကို အီးမေးလ်နဲ့ ဖြေကြားခဲ့ပါတယ်။

    “AZD1222 မှာ SARS-CoV-2 ဗိုင်းရပ်စ်က စပိုက်ပရိုတိန်း(spike protein) ရဲ့ ဗီဇမျိုးစိတ် ပါဝင်ပါတယ်။ ပုံပြောင်းဗိုင်းရပ်စ်အသစ်မှာတွေ့ရတဲ့ ဗီဇမျိုးစိတ် ပြောင်းလဲသွားပေမယ့် စပိုက်ပရိုတိန်းရဲ့ ပုံသဏ္ဍာန်ကတော့ ပြောင်းလဲသွားပုံ မပေါ်ပါဘူး”

    AZD1222 ကိုဗစ်ကာကွယ်ဆေးဟာ စပိုက်ပရိုတိန်း ပုံသဏ္ဍာန်အမျိုးမျိုးကို ကာကွယ်နိုင်အောင် ဖန်တီးထားတဲ့အတွက် ပုံပြောင်းဗိုင်းရပ်စ်ကို သတ်ပစ်နိုင်လိမ့်မယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။

    Ref: CNA, Mraket Watch

  • ပုံပြောင်းကိုဗစ်ပြန့်နှံ့သည့် ယူကေနှင့် ကမ္ဘာ့နိုင်ငံများ အဆက်အသွယ်ဖြတ်

    ပုံပြောင်းကိုဗစ်ပြန့်နှံ့သည့် ယူကေနှင့် ကမ္ဘာ့နိုင်ငံများ အဆက်အသွယ်ဖြတ်

    ဒီဇင်ဘာ ၂၁၊ ၂၀၂၀
    M-Media

    -ယူကေမှာ ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ် အလျင်အမြန်ကူးစက်မှုကို တွေ့လာရပြီးတဲ့နောက် ဥရောပနိုင်ငံတော်တော်များများနဲ့ ကမ္ဘာ့နိုင်ငံတွေက ယူ​ကေလေယာဉ်တွေကို ဝင်ခွင့်ပိတ်လိုက်ပါတယ်။

    လက်ရှိ ကမ္ဘာမှာပြန့်နှံ့နေတဲ့ အမျိုးအစားထက် ကူးစက်မှု ၇၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်တဲ့ ပုံပြောင်းကိုဗစ်ဟာ မြို့တော်လန်ဒန်နဲ့ အင်္ဂလန်အရှေ့တောင်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း စတင်ပြန့်နှံ့ခဲ့တာဖြစ်ပြီး လက်ရှိ အဲဒီဒေသတွေမှာ တင်းကြပ်တဲ့ ကိုဗစ်ဥ​ပဒေတွေ ထုတ်ပြန်ထားပါတယ်။

    ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဒီ ပုံပြောင်းဗိုင်းရပ်စ်ဟာ ပိုမိုသေဆုံးနိုင်တယ် ဒါမှမဟုတ် လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေး မတိုးဘူးဆိုတဲ့ သက်သေအထောက်အထားမျိုး မတွေ့ရဘူးလို့ မနေ့က မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ယူကေကျန်းမာရေးဝန်ကြီး မတ် ဟန်းကော့က ပုံပြောင်းကိုဗစ်ကူးစက်မှုကို ထိန်းချုပ်လို့ မရအောင် ဖြစ်နေတယ်လို့ မနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ်၊ အီတလီ၊ ဘလ်ဂျီယံတို့အပါအဝင် ဥရောပနိုင်ငံတော်တော်များများက ယူကေလေယာဉ်တွေ ဝင်ရောက်မှုကို ပိတ်ပင်လိုက်ပါတယ်။ ကနေဒါ၊ အီရန်၊ ဆော်ဒီအာရေဗျ၊ ​ဟောင်ကောင်နဲ့ အခြားနိုင်ငံတစ်ချို့ကလည်း ယူကေက လေယာဉ်တွေ ဝင်ရောက်မှုကို ပိတ်ပင်ထားပါတယ်။

    လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေဟာ ပုံပြောင်းကိုဗစ်အတွက် အသုံးဝင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ယူကေဟာ Pfizer-BioNTech ကာကွယ်ဆေးကို ပထမဆုံး အသုံးပြုတဲ့ နိုင်ငံပါ။

    နောက်ထပ် အသုံးပြုနိုင်တော့မယ့် ကိုဗစ်ကာကွယ်ဆေးက အမေရိကန်ဆေးကုမ္ပဏီ Moderna ထုတ် ဆေးဖြစ်ပြီး အမေရိကန်အစိုးရက အသုံးပြုဖို့ ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

    Ref: CNA