News @ M-Media

Tag: US_Muslim

  • ချီကာဂိုမြို့တော်ဝန်က မွတ်စလင်များအတွက် ၀ါဖြေပွဲပြုလုပ်ပေး

    ချီကာဂိုမြို့တော်ဝန်က မွတ်စလင်များအတွက် ၀ါဖြေပွဲပြုလုပ်ပေး

    ဇူလိုင် ၁၊ ၂၀၁၆
    M-Media

    chicago

    – အမေရိကန်ပြည်ထောင်စု ချီကာဂို မြို့တော်ဝန် ရဟမ် အီမန်နျူယဲလ်က ဥပုသ်သီလဆောက်တည်ကြတဲ့ မွတ်စလင်တွေအတွက် အစ်စ်သာရ် ၀ါဖြေပွဲတစ်ခုကို တည်းခင်းဧည့်ခံခဲ့ပြီး စုစုပေါင်း လူ ၃၀၀ နီးပါးလောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

    ချီကာဂိုယဉ်ကျေးမှုဌာနမှာ အင်္ဂါနေ့ညက ပြုလုပ်ခဲ့တာဖြစ်ပြီး လူ့အဖွဲ့အစည်းအကျိုးဆောင်ရွက်ရာမှာ ဘာသာစုံ၊ လူမျိုးစုံပါဝင်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။

    အဲဒီဝါဖြေပွဲကို အမေရိကန်ဖွား အာရပ်လူမျိုးတော်တော်များများ တက်ရောက်ခဲ့ကြပြီး မြို့တော်ဝန်ရဲ့ အမုန်းတရားနဲ့အကြမ်းဖက်မှုကို ဆန်ကျင်ဖို့ ပြောကြားမှုကို ချီးကျူးခဲ့ကြပါတယ်။

    “ကျွန်တော်ဟာ ဒီမြို့ကို ဂျူးမြို့တော်ဝန်အုပ်ချုပ်ပြီး တက်ကြွတဲ့ မွတ်စလင်လူ့အဖွဲ့အစည်းရှိတဲ့ မြို့တစ်မြို့ဖြစ်ချင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့မြို့ဟာ ဒီလိုညီညွတ်တဲ့မြို့ ဖြစ်တယ်ဆိုတာကိုလည်း ကမ္ဘာကြီးကို ပြသချင်ပါတယ်။ ခင်ဗျားက အမုန်းတရားဖြန့်ရင် ကျွန်တော်က မေတ္တာကိုဖြန့်မယ်။ ခင်ဗျားက ကြောက်ရွံ့အောင်လုပ်ရင် ကျွန်တော်တို့က မျှော်လင့်ချက်တွေ ရှိလာအောင်လုပ်မယ်။ ခင်ဗျားက သည်းမခံဖို့ပြောရင် ကျွန်တော်တို့က ပူးပေါင်းပါဝင်ဖို့ ပြောပါတယ်။ ဒါဟာ နွေးထွေးတဲ့ နေအိမ်လေးလို့ ကျွန်တော်တို့ ခေါ်တဲ့ ချီကာဂိုက ပေးချင်တဲ့ သတင်းစကားပါပဲ” လို့ အီမန်နျူယဲလ်က ပြောကြားခဲ့ပါတယ်။

    ထို့ပြင် မိမိအနေဖြင့် နိုင်ငံ၏ အခြားဒေသများတွင်လည်း ယခုကဲ့သို့ မြင်ချင်၊ ကြားချင်ကြောင်း၊ မိမိတို့၏မေတ္တာတရား၊ မျှော်လင့်ချက်နှင့် ပူးပေါင်းပါဝင်မှုတို့က အမုန်းနှင့် စိတ်ဝမ်းကွဲမှုများကို ချေမှုန်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref : IINA

  • ဗလီကို ဗုံးခွဲမည်ဟု ခြိမ်းခြောက်သူ အမျိုးသားတစ်ဦးကို အမေရိကန်က ထောင်ချ

    ဗလီကို ဗုံးခွဲမည်ဟု ခြိမ်းခြောက်သူ အမျိုးသားတစ်ဦးကို အမေရိကန်က ထောင်ချ

    မေ ၁၁၊ ၂၀၁၆
    M-Media

    ca

    – ပဲရစ်မှာ နိုဝင်ဘာအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး မကြာမီ ဗလီနှစ်လုံးကို ဗုံးခွဲကာ လာရောက်ဝတ်ပြုသူတွေကို သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ ဖလော်ရီဒါပြည်နယ်က အမျိုးသားတစ်ဦးကို ထောင်ဒဏ် တစ်နှစ်နဲ့တစ်ရက် အမိန့်ချမှတ်လိုက်တယ်လို့ အမေရိကန် တရားရေးဌာနက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

    အသက် ၄၃ နှစ်အရွယ်ရှိတဲ့ မာတင် အလန် ရှင်ဇလာဖြစ်ပြီး လွတ်လပ်စွာဘာသာရေးကျင့်သုံးမှု အခွင့်အရေးကို နှောက်ယှက်မှုစွဲချက်နဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ရှင်ဇလာအနေနဲ့ ပြည်ထောင်စု တရားရေးကျင့်သုံးမှုအရ ထောင်ဒဏ် နှစ် ၂၀ ထိ ကျခံရနိုင်ပမယ့် အမေရိကန်ခရိုင်တရားရုံး တရားသူကြီး ဂျိမ်းစ် ဒီ ၀ှိုက်တ် မိုးရ်က ၎င်းကို တစ်နှစ်နဲ့ တစ်ရက်အထိသာ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။

    “ဘယ်သူမဆို လူတစ်ဦးတစ်ယောက်ရဲ့ လွတ်လပ်စွာရွေးချယ် ကိုးကွယ်ပိုင်ခွင့်ကို အနှောင့်အယှက်ပြုပြီး ခြိမ်းခြောက်စော်ကားတဲ့သူတိုင်းကို အခုစီရင်ချက်က ပြတ်ပြတ်သားသား သတိပေးလိုက်တာ ဖြစ်ပါတယ်” လို့ ဖလော်ရီဒါပြည်နယ် အလယ်ပိုင်းခရိုင်ရဲ့ ရှေ့နေတစ်ဦးဖြစ်သူ အေလီဘန့်တလီ ၃ က တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။

    ရှင်ဇလာကိုယ်တိုင်ကလည်း ဗလီဝတ်ကျောင်းတော်တွေကို တိုက်ခိုက်ဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ ၀န်ခံခဲ့ပြီး ဒါဟာ လူပေါင်း ၁၃၀ သေဆုံးခဲ့တဲ့ ပဲရစ်တိုက်ခိုက်မှုက လှုံ့ဆော်ပေးလိုက်တာလို့လည်း ဆိုပါတယ်။

    Ref: IINA

  • အစ္စလာမ့်အသိပညာပေးသီတင်းပတ်ကို ဗာဂျီးနီးယားတွင် ကျင်းပ

    အစ္စလာမ့်အသိပညာပေးသီတင်းပတ်ကို ဗာဂျီးနီးယားတွင် ကျင်းပ

    ဧပြီ ၈၊ ၂၀၁၆
    M-Media

    marshall

    – ယခုတစ်ပတ်အတွင်း ကျရောက်တဲ့ အစ္စလာမ့်အသိပညာပေး သီတင်းပတ်မှာ ပါဝင်ဆင်နွှဲတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် မာရှယ်တက္ကသိုလ်က မွတ်စလင်ကျောင်းသားများအသင်း MSA ဟာ ရိုးရာမုန့်ရောင်းပွဲတစ်ခုကို အင်္ဂါနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    ဒီမုန့်ရောင်းပွဲဟာ MSA ရန်ပုံငွေမြှင့်တင်ရေးအတွက်လည်း ပါဝင်ပါတယ်။ အဖွဲ့ရဲ့ တာဝန်ရှိသူတွေကတော့ ဒီပွဲလေးဟာ မိမိတို့ရဲ့ ယဉ်ကျေးမှုကို တစ်ပါးသူတွေ သိစေလိုပြီး၊ အဓိကရည်ရွယ်တာကတော့ ကျောင်းဝင်းအတွင်းကသူတွေနဲ့ ထိတွေ့မှုရရှိအောင် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီမုန့်အရောင်းပွဲတော်မှာ စိတ်ဝင်စရားကောင်းတဲ့ လှည့်ကွက်လေးတစ်ခု ရှိပါတယ်။ ဒါကတော့ မာရှယ်တက္ကသိုလ်က ကျောင်းသားတွေကနေတဆင့် ပြည်သူတွေ အစ္စလာမ်အကြောင်း သိနားလည်ဖိုအတွက် ဒီလိုအခမ်းအနားမျိုး များများကျင်းပနိုင်ရေး ရန်ပုံငွေတွေတိုးလာဖို့ပါ” လို့ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သူ ခါဒါးရ်က ပြောကြားခဲ့ပါတယ်။

    ဒီလိုပွဲမျိုးတွေကနေ အဖွဲ့ဝင်သစ်တွေလည်း တိုးလာနိုင်ပြီး အစ္စလာမ့်ရဲ့ သွန်သင်မှုတွေကိုလည်း ဖြန့်ဖြူးနိုင်တယ်လို့ သူမက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “အဓိကရည်ရွယ်ချက်ကတော့ လူတွေ ကျွန်မတို့ကို စကားပြောဆိုလာဖို့ပါပဲ။ နောက်ဆုံး ဘာမှမ၀ယ်ဘူးပဲထားဦး၊ သူတို့လာပြီး စကားပြောရုံနဲ့တင် ကျွန်မတို့ရဲ့ ရည်မှန်းချက်ပြည့်ပါပြီ”

    MSA အသင်းဝင်တစ်ဦးဖြစ်သူ အလ်ကာဝါဆာမီကလည်း “မီဒီယာတွေမှာ ပုံဖော်ထားသလို ကျွန်မတို့ဟာ အကြမ်းဖက်သမားတွေမဟုတ်ကြောင်း လူတွေကို ပြသချင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

    “ကျွန်မတို့နဲ့ စကားပြောကြည့်ရုံနဲ့ သူတို့သဘောပေါက်သွားမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်” လို့ ခါဒါးရ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • မီဒီယာများ၏ ဘက်လိုက်ဖော်ပြမှုက မွတ်စလင်များအပေါ် ပြောင်းလဲစေသည်ဟု အမေရိကန် မွတ်စလင်ပညာရှင်တစ်ဦး ပြော

    မီဒီယာများ၏ ဘက်လိုက်ဖော်ပြမှုက မွတ်စလင်များအပေါ် ပြောင်းလဲစေသည်ဟု အမေရိကန် မွတ်စလင်ပညာရှင်တစ်ဦး ပြော

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    us

    – အစ္စလာမ်နှင့်ပတ်သက်သည့် ယူဆချက်အမှားများကို ဖြေရှင်းနေသည့် ထင်ရှားသော မွတ်စလင် ပညာရှင်တစ်ဦးဖြစ်သူ ဖိုင်ဆယ် အဘ်ဒူလ်ရာအွဖ်က မွတ်စလင်ကမ္ဘာအပေါ် အမေရိကန်များ၏ ရှုမြင်မှုများကို ဘက်လိုက်သော မီဒီယာများက ပုံဖော်နေပြီး မွတ်စလင်ဆန့်ကျင်ရေး သဘောထားများ မြင့်တက်လာစေသည်ဟု ပြောကြားခဲ့သည်။

    “အစ္စလာမ်နဲ့ပတ်သက်ပြီး အမေရိကန်တွေရဲ့ နားလည်မှုကို ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ မီဒီယာတွေက ပုံဖော်နေပါတယ်။ ကမ္ဘာတစ်ဝှမ်း မွတ်စလင်တွေနဲ့ မွတ်စလင်မဟုတ်သူတွေရဲ့ ဆက်ဆံရေးက ကောင်းမွန်နေချိန်မှာ သတင်းတွေမှာပါလာတဲ့ ဟာတွေက ကျွန်တော်တို့အပေါ် အမြင်တွေကို ပြောင်းလဲစေပါတယ်” ဟု နယူးယောက်ရှိ မတ်စဂျစ်ဒ် အလ်-ဖာရာ ဗလီဝတ်ကျောင်းတော်မှ
    ရှေ့ဆောင်အီမာမ်ဟောင်းဖြစ်သူ အဘ်ဒူလ် ရာအွဖ်က ဆိုသည်။

    Moving the Mountain: Beyond Ground Zero to a New Vision of Islam in America စာအုပ် အပါအ၀င် စာအုပ်ပေါင်းများစွာ ရေးသားခဲ့သည့် ရာအွဖ်မှာ မွတ်စလင်ကမ္ဘာနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေးကောင်းများ ဖြစ်ထွန်းရန် ဆယ်စုနှစ်ချီ၍ ဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။

    အစ္စလာမ်သာသနာမှာ အကြမ်းဖက်မှုကို အားမပေးသော်လည်း မီဒီယာများက မွတ်စလင်လူတစ်စု၏ ရက်စက်ယုတ်မာမှုကိုသာ မီးမောင်းထိုးပြနေသည်ဟု သူက ဆိုသည်။

    “တရားပွဲမှာ လူ ၃၀ ပြည့်အောင်တောင်မရှိတဲ့၊ ဧ၀ံဂေလိအသင်းတော်က ဘယ်သူမှမသိတဲ့ (ခရစ်ယာန်) တရားဟောဆရာ တစ်ယောက်က ကုရ်အာန်ကို မီးရှို့မယ်လည်း လုပ်လိုက်ရော ကမ္ဘာကျော်သွားတာပါပဲ။ ပြီးတော့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေကလည်း အမေရိကန်တွေအားလုံးက ဒီလိုလုပ်ချင်တဲ့သူတွေလို့ ထင်သွားကြပါရော။ ဒါမျိုးတွေက နှစ်ဖက်စလုံးကို ပုံသွင်းနေတာဗျ။ ဒါတွေကို တတ်နိုင်သမျှ နည်းလမ်းအားလုံးနဲ့ တိုက်ထုတ်ရမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    အချို့သော အကြမ်းဖက်သမားများက ၎င်းတို့၏ မကောင်းဆိုးဝါး အစီအစဉ်များအား အစ္စလာမ်အမည်တပ်၍ ဆောင်ရွက်နေကြသည်ဟုလည်း အဘ်ဒူလ် ရာအွဖ်က ထည့်သွင်းပြောကြားချဲ့သည်။ မွန်တားနား ကမ္ဘာ့ရေးရာကောင်စီမှ ယခုလအတွင်း မစ်ဆိုလာ၌ ပြုလုပ်မည့် အစီအစဉ်တစ်ခုတွင် အဘ်ဒူလ် ရာအုဖ်မှာ “မွတ်စလင်၊ မွတ်စလင်မဟုတ်သူများနှင့် မီဒီယာ” ခေါင်းစဉ်ဖြင့် ဟောပြောသွားမည်ဖြစ်သည်။

    Ref: Onislam

  • နာရီတီထွင်သည့် အမေရိကန်မွတ်စလင် အထက်တန်းကျောင်းသားတစ်ဦး ဗုံးလုပ်သည်ဟုဆိုကာ အဖမ်းခံရ

    နာရီတီထွင်သည့် အမေရိကန်မွတ်စလင် အထက်တန်းကျောင်းသားတစ်ဦး ဗုံးလုပ်သည်ဟုဆိုကာ အဖမ်းခံရ

    စက်တင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    us

    – ကျောင်းမှ ဆရာများအား ပြသရန် ရည်ရွယ်ကာ အိမ်တွင်းလုပ် နာရီတစ်လုံးကို တီထွင်ခဲ့သော အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှ မွတ်စလင်ဆယ်ကျော်သက် ကျောင်းသားတစ်ဦးမှာ ဗုံးလုပ်သည်ဟုဆိုကာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု သိရသည်။

    “ဆရာမက ဗုံးလို့ ထင်သွားတာပါ။ ကျွန်တော်က “ကျွန်တော့်အတွက်တော့ ဒါဟာ ဗုံးနဲ့မတူပါဘူး” လို့ ပြောခဲ့ပါတယ်” ဟု ဖမ်းဆီးခံခဲ့ရသည့် အသက် ၁၄ နှစ်အရွယ် အဟ်မဒ် မိုဟာမက်က စက်တင်ဘာ ၁၅ ရက်နေ့တွင် Dallas Morning သတင်းစာသို့ ပြောကြားခဲ့သည်။ အဟ်မဒ်မှာ တက္ကဆက်ပြည်နယ် အာရ်ဗင်းတွင် နေထိုင်သူဖြစ်သည်။

    လျှပ်စစ်ပတ်လမ်းဘုတ်၊ ပါဝါပေးစနစ်နှင် ဒစ်ဂျစ်တယ်စာလုံးပြ မျက်နှာပြင်တို့ ပါဝင်သည့် အဆိုပါနာရီကို အဟ်မဒ်က အိမ်တွင် ကိုယ်တိုင် တီထွင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းတက်ရောက်နေသည့် မက်အာသာ အထက်တန်းကျောင်းမှ အင်ဂျင်နီယာ ဆရာအား သွားရောက်ပြသသည့်အခါ ၎င်းမျှော်လင့်ခဲ့သည့် တုန့်ပြန်မှုမျိုး မရခဲ့ပေ။

    “သိပ်ကောင်းတယ်လို့ ဆရာကပြောပါတယ်။ ဒါပေမယ့် တစ်ခြားဆရာတွေကို သွားမပြဖို့ အကြံပေးခဲ့ပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ထို့နောက် အင်္ဂလိပ်သင်ခန်းစာအချိန်တွင် ထိုနာရီမှ အချက်အပေးအသံ မြည်လာခဲ့ပြီးနောက် ဆရာများက ဗုံးဟု ထင်မှတ်ကာ ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့ပြီး အဟ်မဒ်မှာ အဖမ်းခံခဲ့ရသည်။ ရဲစခန်းတွင် တပ်ဖွဲ့ဝင် ၄ ဦးက ၎င်းအား စစ်ကြောခဲ့သည်ဟု အဟ်မဒ်က ဆိုသည်။

    “အဖေ့ကို ဖုန်းခေါ်ဖို့ ကြိုးစားပါသေးတယ်။ သူတို့က စစ်ကြောမှုလုပ်နေတဲ့အချိန် ဖုန်းခေါ်လို့မရဘူးလို့ ပြောပါတယ်။ မျှတတယ်လို့ ကျွန်တော် တကယ်မထင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဘယ်သူ့ကိုမှ မခြိမ်းခြောက်တဲ့ ပစ္စည်းတစ်ခု ကျွန်တော် ကျောင်းကို ယူလာတယ်။ ကျွန်တော် ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ ကျွန်တော်တီထွင်တာကို ဆရာတွေဆီ ပြခဲ့ပါတယ်။ အဲဒီနေ့မှာပဲ အဖမ်းခံရတာနဲ့ အဆုံးသတ်ခဲ့ပါတယ်” ဟု NBC သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ဒါးလက်စ် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းစ် မက်လဲလန်ကမူ အဟ်မဒ်၏ အိမ်တွင်းလုပ် အဆိုပါနာရီမှာ အန္တရာယ်ရှိသည်ဟု ယူဆရန် မည်သည့်အကြောင်းအရင်းမှ မရှိဟု ပြောကြားခဲ့သည်။

    စိတ်ပျက်

    သားဖြစ်သူ၏ နည်းပညာပါရမီကို အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည့် အဟ်မဒ်၏ ဖခင်ဖြစ်သူ မိုဟာမက် အလ်-ဟာဆန် မိုဟာမက်က ၎င်းမှာ ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ တုန်လှုပ်မိသည်ဟု ပြောကြားခဲ့သည်။

    “သူဟာ လူသားတွေအတွက် ကောင်းမွန်တဲ့အရာတွေကို တီထွင်ချင်ခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ နာမည်ကြောင့်၊ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကြောင့် ကျွန်တော့်သားလေးဟာ စိတ်ကသိကအောက်ဖြစ်စရာ ဆက်ဆံမှုမျိုး ခံရတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု အလ်-ဟာဆန်က ပြောကြားခဲ့သည်။

    အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR ကလည်း ထိုအဖြစ်အပျက်အား ရှုတ်ချခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ပြီး တရားမျှတမှုကို လိုလားသည့် အမေရိကန်များကလည်း ထိုသတင်းအတွက် မကျေမနပ် ဖြစ်ခဲ့ကြပြီး ဆိုရှယ်မီဒီယာများမှတစ်ဆင့် ရှုတ်ချခဲ့ကာ အဟ်မဒ်ကိုလည်း အားပေးခဲ့သည်။

    ထိုအဖြစ်အပျက်ကြောင့် ကျောင်း ၃ ရက် နားခဲ့ရသည့် အဟ်မဒ်က မိမိ၏ တီထွင်မှုကို ထိုကျောင်းသို့ မည်သည့်အခါမှ ယူမသွားတော့ဟု ပြောကြားခဲ့သည်။

    “ဒုက္ခပေးဖို့အတွက် မဟုတ်ရင် ဒီလိုလူမျိုးက ဒါမျိုးကို ဘယ်လိုတီထွင်နိုင်မှာလဲ – လို့ သူတို့က ထင်ကြတယ်ဗျ” ဟု အဟ်မဒ်က ပြောကြားခဲ့သည်။

    Ref: Onislam