News @ M-Media

Tag: WiraThu

  • Facebook ပေါ်မှ ပြည်သူအသံ (၁)

    voice of the pp;
    ပြောပြချင်တဲ့ စကားတွေ။
    မခင်ဦး။
    ( ၂၂၇)

    မနေ့က မစိုးရိမ်တိုက်က ဦးဝီရသူရဲ.အငြင်းပွားဖွယ်ရာပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ဦးဝိရသူကို ဘုန်းကြီး မဟုတ်ဘူးပြောတာ ဘယ်ကောင်တွေလဲဆိုတဲ့ post တခုတက်လာတယ်။ မစိုးရိမ်တိုက်မှာနာယကဖြစ်ဘို့ စာတတ်ပေတတ်မှ ဖြစ်နိုင်ကြောင်းလဲ ပါပါတယ်။

    ဦးဝိရသူဟာ ကျောက်ဆည်ဘာသာရေးအဓိကရုန်းနဲ့ဆက်စပ်ပြီး စစ်အစိုးကိုယ်တိုင် ထိန်းသိမ်းထားခဲ့သူ ဆိုတာတော့ ငြင်းနိုင်မယ်မထင်ပါဘူး။

    နိုင်ငံရေးနဲ့ ပတ်သက်ပြီး အဖမ်းခံရတဲ့ သံဃာတော်တွေ၊ သီလရှင်တွေ ထောင်ကထွက်လာရင် ဘယ်ကိုယ်တော်၊ ဘယ်သီလရှင်မှ ကိုယ်ကျောင်းကိုယ် ပြန်နေခွင့်မရှိခဲ့တာ သတိရမိတယ်။

    ၁၉၉၃ခုနှစ်ကတဲက ကျောင်းသားသမဂ္ဂနဲ့တွေ့ဆုံဆွေးနွေးခဲ့လို့ အမှုဆင် အဖမ်းခံရတဲ့ ဦးဇ၀နကိုယ်တော်၊ ဦးစန္ဒောဘာသတို့ဆိုရင် ထောင်ထဲမှာ ၁၆နှစ်လောက်နေပြီး ပြန်ထွက်လာတော့ ဆရာတော်တို့ရဲ. မူလကျောင်းမှာတောင် ပြန်နေခွင့်မရဘူး။ ရဟန်းမှတ်ပုံတင်ပြန်မရလို့ မြန်မာပြည်ထဲမှာ မနေနိုင်ဘဲ နိုင်ငံခြားထွက်နေရတယ်။

    ရွေဝါရောင်မှာ အဖမ်းခံရတဲ့ သီလရှင်ကြီးတွေ သီလရှင်ပြန်ဝတ်ခွင့်မရလို့ လူဘ၀နဲ့စက်ချုပ်ပြန်သင်ပြီး အသက်မွေးရတယ်။ အတော်လေးဒုက္ခရောက်ကြရတယ်။

    ထောင်ကထွက်လာပြီး ကိုယ်ကျောင်းမှာကိုယ် ဇိမ်နဲ့ ပြန်သီတင်းသုံးနိုင်တာ ဦးဝီရသူတပါးဘဲ ကြားဘူးတာတော့အမှန်ဘဲ။ ထူးတယ်ပြောရမှာပေါ့။ အခွင့်အရေးခြင်းမတူတာကိုပြောတာပါ။

    ကျွန်မတို့တတွေ ဝေဖန်နေတယ်ဆိုတာ သံဃာတပါးကိုဝေဖန်နေတာမဟုတ်ဘဲ မလိုလားအပ်တဲ့ အမုန်းတရားတွေကို ပျိုးထောင်နေသူကို ဝေဖန်နေတာသာဖြစ်ပါတယ်။ သူမိန်းကြားနေတာတွေဟာ နိုင်ငံအတွက်လဲအကျိုးပျက်သလို လောကအတွက်လဲ အကျိုးမဲ့စေတယ်လို့ ထင်မိပါတယ်။

    ရှေ.့ ဆရာတော်ကြီးတွေ ဘယ်လိုသာသနာပြုခဲ့ကြသလဲ။ သာသနာတော်ကို ဘယ်လိုထိန်းသိမ်း စောင့်ရှောက် ခဲ့သလဲ နည်းလမ်းလေးများယူသင့်ပါတယ်။ လက်ရှိထေကြီးဝါကြီးပုဂ္ဂိုလ်တွေရောဒကာဒကာမကို ဘယ်လို ဆုံးမသွန်သင်သလဲ အတုယူသင့်ပါတယ်။

    ဒကာဒကာမကိုဆုံးမတဲ့အခါ ဆုံးမသွန်သူကလဲ တရာဓမ္မနဲ့ညီမှဘဲ လိုက်နာနိုင်မယ်။ ဒေ၀ဒတ်က ဗုဒ္ဓဘာသာဝင်တွေ သတ်သတ်လွတ်စားဘို့ကို မြတ်စွာဘုရားက မဖြစ်နိုင်တဲ့ကိစ္စ၊ တင်းကျပ်တဲ့ကိစ္စမို့ ခွင့်မပြုခဲ့ပါဘူး။

    ကျွန်မတို့ ဗုဒ္ဒဘာသာဝင်တွေအနေနဲ့ဖြစ်နိုင်တာနဲ့ ဖြစ်သင့်တာကိုဘဲ လိုက်နာရမှာပါဘဲ။ ဒါမှ ဘုရားအဆုံအမနဲ့ညီမယ်။

    အယူဝါဒဆိုတာကတော့ ဝေဖန်ရမှာဘဲ။ သုံသပ်ရမှာဘဲ။ မြတ်စွာဘုရားလက်ထက်တော်ကတဲက မြတ်စွာဘုရားဟောတာနာခံရမှာလား။ ဒေ၀ဒတ်ဟောတာ လိုက်တာရမှာလား ခွဲချမ်းစိတ်ဖြာကြရပါတယ်။ ဒေ၀ဒတ်လဲ သင်္ကန်းဝတ်ထားသူပါဘဲ။ နည်းလမ်းကလွဲနေရင် လက်မခံသင့်ဘူးလေ။

    မြတ်စွာဘုရားရဲ့ အယူတရားဒေသနာကို ၀ိဘဇ္ဇ၀ါဒလို့သေတ်မှတ်ပါတယ်။ ဆင်ခြင်တုံတရားကို လက်ကိုင်ထားရတဲ့ သဘောသဘာဝရှိပါတယ်။

    တိုင်းပြည်မှာ စည်းလုံးညီညွတ်ရေးလိုအပ်ချိန်မှာ သံဃာခြင်းတောင်သဘောထားကွဲလွဲစေတာတွေ ပြောဆိုနေတာကတော့ ဘုန်းကြီးပင်ဖြစ်လင့်ကစား ဆင်ခြင်ပြောဆိုသင့်တာတော့ အမှန်ပါဘဲ။

    အမှန်အတိုင်းပြောရရင် တရားစစ်လား-တရားမစစ်ဘူးလားသုံသပ်ရမှာ ဒကာဒကာမမှာလဲ တာဝန်ရှိတယ် မဟုတ်လား။

    စစ်အစိုးရအဆက်ဆက် တရားဥပဒေတွေ ဖေါက်ဖျက်ကျူးလွန်သမျှ အတိုက်အခိုက်ကိုနင်းချေဖျက်ဘို့ ဘာသာရေးနဲ့ လုတွေကိုမှိုင်းတိုက် ပြောဆိုမှုတွေကိုတော့လက်မခံနိုင်ပါဘူး။ အပြစ်တင်စားရှိရင် အစဉ်အဆက်တာဝန်ပျက်ကွက်ခဲ့သူ တာဝန်ရှိသူတွေကိုဘဲ အပြစ်တင်ပါ။

    အခုအချိန်မှာ မွတ်ဒေါင်းတွေ-မွတ်ဒေါင်းပါတီတွေ စသည်စသည် စွပ်စွဲပြောဆိုမှုတွေဟာလဲ မလုပ်သင့်ဘူး ထင်ပါတယ်။

    အမျိုးဘာသာ သာသနာဆိုတာ ကာကွယ်ရမှာ လူတိုင်းတာဝန်ပါ။ ဒါပေမဲ့ နည်းမှားကြီးနဲ့ သွေးချွတာမျိုးကိုတော့ လက်မခံနိုင်ပါဘူး။

    တိုင်းပြည်မျက်နှာရှိပါတယ်။

    ဘာသာတရားမျက်နှာရှိပါတယ်။

    ကျွန်မတို့လူမျိုးတွေဟာ အရိုင်းအစိုင်းတွေ၊ လူဂွစာတွေ၊ ပြောမရဆိုမရတွေ၊ မယဉ်ကျေးသူတွေဆိုတာမျိုး ကမ္ဘာပုံရိပ်မှာ အများကမြင်လာအောင် ပြောဆိုလုပ်ကိုင်နေတာတွေကိုတော့ ဘယ်လိုမှသဘောမတူနိုင်ပါဘူး။ ဒီအခြေအနေမျိုး ဒီပြောဆိုမှုတွေကို အစိုးရက လက်ပိုက်ကြည့်နေတာကလဲ စဉ်းစားစရာပါဘဲ။

    ဥပဒေတွေ ရှိပါတယ်။ ဥပဒေနဲ့ အညီလုပ်ရမယ့်ကိစ္စတွေ ဥပဒေလက်မဲ့ လုပ်ဘို့ မြှောက်ထိုးပင့်ကော် ပြောဆိုမှုတွေကို ရပ်တန်းကရပ်သင့်ပြီလိုသာ ပြောလိုပါတယ်။

    အစွန်းရောက်မှုကိုတားမြစ်ရမှာ အစိုးရတိုင်းမှာ တာဝန်ရှိပါတယ်။ အစွန်းရောက်မှုဆိုတာ ဘာသာတိုင်းမှာ တခါတရံပေါ်လာတတ်ပါတယ်။ အမေရိကားမှာ ခရစ်ယန်အစွန်းရောက်ဂုဏ်တွေဖြိုခွင်းခဲ့ရဘူးသလို ဂျပန်မှာလဲ သြောင်းအမည်ရှိတဲ့ ဗုဒ္ဓဘာသာအစွန်းရောက်ဂုဏ်းကို နှိမ်နင်းရဘူးပါတယ်။

    ကျွန်မတို့ဟာ ဒေ၀ဒတ်ကိုသင်္ကန်းဝတ်ထားသူဖြစ်သော်ခြား ယခုထက်တိုင် ပယ်ထားတယ်ဆိုတာ အသေအချာပါဘဲ။ သင်္ကန်းထက် အကျင့်တရာိးကုလ်ကမခံကြတာပါ။ ရှင်းလင်းပါတယ်။

    နိုင်ငံပုံရိပ်-ဘာသာပုံရိပ်တွေကိုထိပါးလာရင်တော့ လက်ခံဘို့ခက်သလို အစိုးရမှာတာဝန်လုံးဝရှိတယ်ဆိုတာ ပြောပါရစေ။

    ( ၁၅-၆-၁၃)

    https://www.facebook.com/makhin.oo/posts/574253449263847 မှ ကူးယူဖော်ပြပါသည်။

  • တောင်ကြီးတွင် ဦးဝီရသူ၏ ၉၆၉ တရားပွဲပြုလုပ်ရန် ကြေညာဘုတ်များ လိုက်လံ စိုက်ထူလျက်ရှိ

    M-Media
    ဇွန်လ ၉၊ ၂၀၁၃
    ကျောက်ခဲ

    wirathu
    တောင်ကြီးမြို့ပေါ်မှာ ၉၆၉ တရားပွဲ ကြေညာဘုတ်များ

    တောင်ကြီးမြို့ တွင် ဂျွန်လ ၈ ရက်နေ့ မှစ၍ ၉၆၉ တရားပွဲကြေညာ ဗီနိုင်းဘုတ်များကို လိုက်လံစိုက်ထူလျက်ရှိသည်။ ယင်းတရားပွဲကို ဇွန်လ ၁၇ ရက် မှ ၁၈ ရက်အထိ တောင်ကြီးမြို့  ရှိသိမ်တောင် ပရိယတ္တိစာသင်တွင် ည ၇ နာ၇ီတွင်ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

    “အေးဗျာ ကျွန်တော်တို့ မှာ ဟိုသတင်းကြားလိုက် ဒီသတင်းကြား လိုက်နဲ့ စိုးရိမ်နေရတဲ့ကြားက အခု ဦးဝီရသူတရားပွဲကို ဒီမှာ လာလုပ်မယ် ဆိုတော့ တော်တော်စိတ်ပျက်မိ တယ်ဗျာ။ နောက် အခုလုပ်မယ့်တရားပွဲကြေညာဘုတ်တွေကိုလည်း လူစည်ကားရာ လမ်းတွေမှာ သင်္ကန်းဝတ်တွေကိုယ်တိုင် လိုက်လံတပ်ဆင်နေကြ တာ။ ကျွန်တော့်တစ်သက်ဒီလောက် တက်တက်ကြွကြွလုပ်တဲ့ တရားပွဲမျိုးမမြင်ဖူးပါဘူးဗျာ” ဟု ဒေသခံနည်းပညာကျောင်းသား တစ် ဦးကM-Media သို့ ပြောကြားခဲ့သည်။

    မကြာခင်လများအတွင်းက မူဆယ်မြို့ တွင် အစွန်းရောက် ၉၆၉ တရားများဟောကြားပြီးနောက် လာရှိုးမြို့ ၌ အစွန်းရောက် ဗုဒ္ဓသာသာများ၏ အကြမ်းဖက်ရမ်းကားမီးရှို့ မှု၊ သတ်ဖြတ်မှုများ ကိုလာရှိုးမြို့ ရှိမွတ်စလင်များ ခံစားခဲ့ရသည်။ ယခုတဖန် ၉၆၉ အစွန်းရောက် တရားခွေများပြန့် နှံ့လျက်ရှိသော ရှမ်းပြည်တောင်ပိုင်းဒေသ များ တွင်လည်း ငြိမ်းချမ်းစွာနေထိုင်လိုသော ဗုဒ္ဓဘာသာဝင်များနှင့် ဒေသခံမွတ်စလင် များက ယင်းကဲ့သို့ အကြမ်းဖက် မှုများဖြစ် လာမည်ကိုစိုးရိမ်လျက်ရှိကြသည်။

    ယင်းသို့ နိုင်ငံအရပ်ရပ်တွင် မငြိမ်သက်မှုများတစ်မြို့ ပြီးတမြို့ ဖြစ်ပျက်လျက်ရှိနေစဉ်မှာပင် ယခုကဲ့သို့ အစွန်းရောက်တရားပွဲများကို ထပ်မံပြုလုပ်ကြ ခြင်းဖြစ်သည်။

    tgi
    တရားပွဲအတွက် လုံးပန်းနေကြသည့် သင်္ကန်းဝတ်များနှင့် လူဝတ်ကြောင် အချို့

    “ကျွန်တော် မသိတာတစ်ခုက နိုင်ငံနဲ့ အနှံ့ဒါမျိုးတွေဖြစ်နေတယ်ဗျာ။ နောက်ပြီးဘာသာတရားတစ်ခုကို ဒီလိုပေါ်ပေါ်ထင်ထင်စော်ကားတယ်ဆိုတာ ဥပဒေနဲ့ လည်းမညီဘူး။ ယဉ်ကျေးတဲ့လူ့ အဖွဲ့ အစည်းရဲ့စရိုက်လည်းမဟုတ်ဘူးဗျာ။ ဒါတွေကိုအစိုးရက ဘာလို့ မတားဆီးတာလဲဆိုတာ ကျွန်တော်ဘယ်လိုမှမစဉ်းစားတတ်ဘူးဗျာ။ ဒီလိုသာဆို ကျွန်တော်တို့ နိုင်ငံရဲ့ရှေ့ဆက်ရမယ့် အနာဂတ်ကို တော်တော်ရင်လေးမိတယ်ဗျာ” ဟု ဥပဒေပညာရှင် တစ်ဦးက မှတ်ချက်ပေး ပြောကြားခဲ့ပါသည်။

  • သံဃာများထဲမှ အဆိပ်တစ်ခွက် (By Francis Wade)

    သံဃာများထဲမှ အဆိပ်တစ်ခွက် (By Francis Wade)

    မေ-၃၁-၊၂၀၁၃
    M-Media
    ဘာသာပြန်- သာကီထက်ကောင်း

    မန္တလေးမြို့၊ သစ်ရွက်များဝေဆာသော လမ်းတစ်လမ်း၏ နောက်ဝယ် မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှု နှင့် မြန်မာနိုင်ငံအား ဦးဏှောက်ဆေးကြောနေသော ဘူမိနက်သန်ဗဟိုဌာနတစ်ခု တည်ရှိနေသည်။ ၄င်း၏ခေါင်းဆောင် သည်ကား အမူအယာကောင်း၍ သင်္ကန်းရုံထားကာ၊ မြန်မာနိုင်ငံကို အစ္စလာမ်က အန္တရာယ်ပေးခြိမ်းခြောက်နေကြောင်း ဖော်ပြထားသော လက်ကမ်းစာရွက်/စာစောင်များ ဝေငှလျက်ရှိသည်။ တစ်ဖက်မှာတော့ နေအိမ်အဆောက်အဦများကို ဓမ္မတေးများ ထွင်းဖောက်လွှမ်းမိုးနေပေသည်။

    နားလည်ရခက်သော ပန်းချီကားတစ်ချပ်တည်း။ နိုင်ငံတွင်းရှိ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းကို အကြောင်းရှာ အပုပ်ချရေး လှုပ်ရှားမှုခေါင်းဆောင်၊ ၄င်းပြင် သူ၏နောက်လိုက်များက ထောင်ပေါင်းများစွာသော မွတ်စ်လင်မ်တို့ကို ဒုက္ခသည်စခန်းသို့ တွန်းပို့ထားသူမှာ ဦးဝီရသူ ဖြစ်၏။ သူသည် ကျော်စော စာရင်းဝင် သံဃာတစ်ဦးဖြစ်ကာ သူအုပ်ချုပ်နေသည့် မစိုးရိမ်ကျောင်းတိုက်သည်လည်း တစ်ခါတုန်းက အစိုးဆန့်ကျင်ရေး ဗဟိုစုရပ်တစ်ခု ဖြစ်ခဲ့သည်။ ဗုဒ္ဓ၀ါဒကို ငြိမ်းချမ်းရေး အမြုတေအဖြစ် လက်ခံကြသူများအဖို့ ဦးဝီရသူမှာ အစွန်းရောက်အောင် လှုံ့ဆော်နေသူတစ်ဦး အဖြစ် ရှုမြင်ကြသည်။

    ဧပြီလအတွင်း မစိုးရိမ်ကျောင်းတိုက်တွင် သူနှင့်တွေ့ဆုံမေးမြန်းစဉ်က “ မိမိ၏ ဆန်းစစ်လေ့လာမှုအရ မြန်မာနိုင်ငံတွင်ဖြစ်ပွားသော မုဒိန်းမှု၏ ၁၀၀ ရာခိုင်နှုန်းသည် မွတ်စ်လင်မ်တို့၏ လက်ချက်ဖြစ်ပြီး ဗုဒ္ဓဘာသာဝင် တစ်ဦးတစ်လေမျှ ယင်းကဲ့သို့မပြု ”ဟူ၍ သူက ကျွန်ုပ်အား ပြောပြခဲ့သည်။  သူ၏ မှတ်ချက်ပေးမှုများမှာ မွတ်စ်လင်မ်များအပေါ်အကြမ်းဖက်မှုအမျိုးမျိုး အတွက် ဆက်လက်မီးမွှေးနေသည့်နှယ် ဖြစ်နေ၏။ ထိုအချိန်က မွတ်စ်လင်မ် ဆန့်ကျင်ရေးအကြမ်းဖက်မှုသည် မြန်မာနိုင်ငံအ လယ်ပိုင်းမိတ္တီလာမြို့၌ နောက်ဆုံးဖြစ်ပွားခဲ့သည်။ မတ်လ လနှောင်းပိုင်းက မွတ်စ်လင်မ်ပိုင်ရွှေဆိုင် တစ်ဆိုင်နှင့် ဗုဒ္ဓဘာသာဝင် လင်မယားနှစ်ဦးအကြား ဖြစ်ပွားပြီးသည့်နောက် ဘုန်းတော်ကြီးတစ်ပါးကို မွတ်စ်လင်မ်အုပ်စုတစ်စုမှ သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။ ထိုအချိန်မှစ၍ မိတ္ထီလာမြို့မှာ ကပ်ဆိုက်တော့၏။ နှစ်ရက်တာ အကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူ ၄၀ သေဆုံးပြီး လူပေါင်း ၁၂၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ယမန်နှစ် ရိုဟင်ဂျာမွတ်စ်လင်မ် ၁၂၅၀၀၀ ဦးကို မွေးရပ်မြေမှနှင်ထုတ်ခဲ့သည့် ရခိုင်ပြည်နယ် အကြမ်းဖက်မှုနှင့်တူညီနေသည်။ ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ မွတ်စ်လင်မ်ရပ်ကွက်များအားလုံး ပြာပုံ ဘ၀ရောက်ခဲ့ပုံနှင့်လည်း သဏ္ဍာန်တူဖြစ်နေသည်။  မကြာသေးမီက ထုတ်ပြန်လိုက်သော လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအဖွဲ့ HRW ၏ မြန်မာနိုင်ငံ လူမျိုးစုသုတ်သင်ရေး အစီရင်ခံစာကြောင့် လက်ရှိ ဒုက္ခသည်စခန်းများ၌ ရောက်နေသော မိတ္ထီလာ မွတ်စ်လင်မ်တို့အတွက် ပို၍စိုးရိမ်စရာဖြစ်လာသည်။

    ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရကာစ သမိုင်းဟောင်းတစ်ခုကို ရည်ညွှန်းလျက် မြန်မာနိုင်ငံတွင် မွတ်စ်လင်မ် ဆန့်ကျင်ရေးလှုပ်ရှားမှုကြီး ပွင့်ထွက်လာမှုအပေါ် ဦးဝီရသူမှ ဂုဏ်ယူဝံ့ကြွားစွာ စကားဆိုနေဆဲဖြစ်သည်။ ဗြိတိသျှများထွက်ခွာသွားပြီး ကိုလိုနီခေတ်လွန် အမျိုးသားရေးလှုပ်ရှားမှုသည် အိန္ဒိယလူမျိုးများအပေါ် မြှားဦးလှည့်ခဲ့သည်။ ဗြိတိသျှတို့သည် လုပ်သားများအဖြစ်လည်းကောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအဖြစ်လည်းကောင်း အိန္ဒိယလူမျိုးများကို မြန်မာနိုင်ငံသို့ သိန်းဂဏန်းအထိ ခေါ်သွင်းလာခဲ့သည်။ ယင်း အိန္ဒိယသားအများစုမှာ မွတ်စ်လင်မ်များဖြစ်ကြသည်။ ထိုစဉ်က ၀န်ကြီးချုပ်ဦးနုသည် ဗမာမွတ်စ်လင်မ် ကွန်ကရက်အား ဖျက်သိမ်းစေခြင်းဖြင့် မုန်းတီးမှုကို ကြီးထွားလာစေခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဦးနုထံမှ အာဏာလွှဲပြောင်းရယူလိုက်သော ဗိုလ်ချုပ်နေ၀င်းသည် မြန်မာနိုင်ငံ၏ပထမဦးဆုံး အာဏာရှင်ဖြစ်လာသည်။ ၄င်းနောက် မွတ်စ်လင်မ်တို့အား အစိုးရပိုင်းနေရာများတွင် ထည့်သွင်းရန် တားမြစ်ပိတ်ပင်ခဲ့သည်။

    ဦးဝီရသူသည် လှုံ့ဆော်မှု လမ်းကြောင်း၏ထွက်ကုန်များကို ကောင်းစွာ ကြိုမြင်ထားသူဖြစ်၏။ မွတ်စ်လင်မ်တို့အား ဗုဒ္ဓဘာသာဝင်တို့ကိုတိုက်ခိုက်နေသည့် ခြသေ့င်္ဆိုးကြီးများ သဖွယ် ရုပ်လုံးဖော်လိုက်သည်။ ရိုဟင်ဂျာတို့သည် ဗြိတိသျှတို့နှင့်ပူးပေါင်း၍ ဂျပန်တို့အား တိုက်ထုတ်ခြင်းမှာ အပြည်ပြည်ဆိုင်ရာ မွတ်စ်လင်မ်အုပ်စုများ၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံအား အစ္စလာမ်နိုင်ငံအဖြစ်ပုံသွင်းရန် ၁၉၄၂ ခုနှစ်ကတည်းက လျှို့ဝှက်ကြံစည်ချက် ဖြစ်ကြောင်း ဟောပြောလျက်ရှိသည်။ ယင်းဟောပြောချက်များကို ထောင်ပေါင်းများစွာသော DVD များဖြင့် ထုတ်လုပ်ဖြန့်ချိလျက်ရှိသည်။ ယမန်နှစ်က ရိုဟင်ဂျာ ၈ သိန်းခန့်ကို ပြန်လည်နေရာချထားရန် ကုလသမဂ္ဂ၏ တောင်းဆိုချက်ကို တုန့်ပြန်သောအားဖြင့် သံဃာတော် ရာပေါင်းများစွာကို ၄င်းဦးဝီရသူမှ ဦးဆောင်ကာ သမ္မတဦးသိန်းစိန်အား ထောက်ခံဆန္ဒပြပွဲပြုလုပ်ခဲ့သည်။ မရှေးမနှောင်းမှာပင် မွတ်စ်လင်မ်များနှင့် ထိမ်းမြားလက်ထပ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းမပြုရဟူသည့် တားမြစ်ချက်ဖြင့် မွတ်စ်လင်မ်တို့အပေါ် ထိထိရောက်ရောက်သပိတ်မှောက်ရန် ၄င်းမှ ဗုဒ္ဓဘာသာဝင်များကို စေခိုင်းသည်။

    သူသည် စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်သော ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး၌ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသည့် သံဃာတော် ထောင်ပေါင်းများစွာအနက် ပါဝင်ခဲ့သူမဟုတ်။ မြန်မာ့ ဘုန်းတော်ကြီး အသိုင်းအ၀ိုင်းကိုလည်း ကိုယ်စားပြုခဲ့သူ မဟုတ်။ ယင်းတော်လှန်ရေးတွင် သံဃာများစွာ သတ်ဖြတ်ခံရသည်။ ရက်စက်စွာနှိမ်နှင်းခံလိုက်ရသည့် ၄င်းတို့၏ အနစ်နာခံထုတ်ဖော်ချက်များက ယနေ့ကမ္ဘာ့သူရဲကောင်းလုပ်ရပ်များအဖြစ် သတ်မှတ်ခံရသည်။ ထိုစဉ်က ထောင်နန်းစံနေသော ဦးဝီရသူမှာ ၄င်းတို့နှင့် ပူးပေါင်းပါဝင်နိုင်ခြင်းမရှိခဲ့။ သူသည်  ဘာသာရေးအဓိကရုဏ်း ဖန်တီးမှုကြောင့် ၂၀၀၃ ခုနှစ်တွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး ၂၀၁၀ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်ထွက်လာ၏။

    သူ၏ ပစ်မှတ်ကား မြန်မာနိုင်ငံ၏ မွတ်စ်လင်မ်များသာ ဖြစ်၏။

    ဦးဝီရသူသည် ၁၁ ရာစု မြန်မာနိုင်ငံ၏ ဘာသာရေးသန့်စင်ရှင်းလင်းမှုဖက်သို့ ဆွဲခေါ်သောနည်းလမ်းကို အသုံးပြုထားသည်။ ယင်းကာလ၌ အနော်ရထာဘုရင်သည် ထေရ၀ါဒဗုဒ္ဓဘာသာကို ဗမာလူမျိုးတို့၏ဘာသာတရား အဖြစ် ပြောင်းလဲကျင့်သုံးစေခဲ့သည်။ စေတီပုထိုးနှင့် ဘုန်းတော်ကြီးကျောင်း ရာပေါင်းများစွာ တည်ဆောက်ခဲ့သည်။  သို့နှင့် ဗုဒ္ဓ၀ါဒသည် ဗမာလူမျိုးအသိုင်းအ၀ိုင်းနှင့် ခွဲခြားမရအောင်ဖြစ်လာပြီး ကချင်၊ မွန် နှင့် အိန္ဒိယလူမျိုးတို့နှင့် ထိပ်တိုက်တိုးခဲ့သည်။ ဘုန်းတော်ကြီး ကျောင်းပညာရေးစံနစ်သည် ဗုဒ္ဓ၀ါဒအား ထိန်းသိမ်းဖော်ဆောင်ရန်ဖြစ်ပြီး၊ ရဟန်းသံဃာများမှာ မြန်မာဘုန်းကြီးကျောင်းများကို အထွဋ်အမြတ်ထားအောင် လူငယ်များကို ညွှန်ကြားသည့် လူမှုကိုယ်စားလှယ်များ ဖြစ်လာကြသည်။ တစ်စစဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာသည် အခြားလူမျိုးနွယ်များအပေါ် သြဇာလွှမ်းမိုးလာသည်။ ဥပမာ ရှမ်းဘုရင်တို့သည် ဘုန်းတော်ကြီးကျောင်းတိုးပွားမှုအတွက် ပံ့ပိုးကူညီရာ၌ အထူး ရေပန်းစားခဲ့သည်။

    ယင်းသို့ အာဏာနှင့်ဘာသာပေါင်းစပ်ထားသော အမျိုးသားရေးဝါဒသည် ရာစုနှစ်များစွာ အခြေတည်လာခဲ့သည်။ ဗြိတိသျှအုပ်ချုပ်ရေးကိုအဆုံးသတ်စေမည့် ၁၉၂၀ ခုနှစ်များကာလ ရှေ့ပြေးလှုပ်ရှားမှုများတွင်လည်း သံဃာများ ပါဝင်ခဲ့ကြသည်။ ယနေ့မှာတော့ ယင်းဝါဒကို မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အစွန်းရောက်သံဃာများက ပုံသွင်းလိုက်ကြသည်။ ၉/၁၁ အကြမ်းဖက်မှုသည် ကမ္ဘာ့မွတ်စ်လင်မ်တို့၏ ဆိုးသွမ်းမှုဖြစ်ကြောင်း ရုပ်လုံးဖော်သည်။ အစ္စလာမ့်လမ်းစဉ်သည် အဓမ္မဘာသာ သွတ်သွင်းမှုဖြစ်ကြောင်း ကြောက်လန့်ရွံရှာသွားအောင် မှိုင်းတိုက်ကြသည်။ စင်စစ်၌ မြန်မာစစ်စစ်ဖြစ်ရန် ဗုဒ္ဓဘာသာဝင်ဖြစ်ရမည် ဟူသော အဓမ္မစံနစ်ကို ၄င်းတို့ကိုယ်တိုင်မှ ကျင့်သုံးနေကြသည်။ မြန်မာနိုင်ငံမြောက်ပိုင်းနှင့်အရှေ့ပိုင်းရှိ ခရစ်ယာန်ဘာသာဝင်လူနည်းစုများကို ဖိနှိပ်ညှင်းပန်းခြင်းက ဤ၀ါဒ၏ အနှစ်သာရကို ထုတ်ပြနေခြင်းဖြစ်သည်။ အစိုးရအနေနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သူများကို မြန်မာနိုင်ငံမှ ရှင်းထုတ်၍ (ဗုဒ္ဓဘာသာဟူသည့်) အလံတစ်ခုတည်းအောက်၌ စုစည်းရန် ကြိုးပမ်းနေခြင်းတည်း။

    ယင်းလူမျိုးကြီးဝါဒအတွေးအခေါ်များသည် မြန်မာရဟန်းသံဃာများအကြား ကျယ်ကျယ်ပြန့်ပြန့်ခေတ်စားသွားသည်။

    “ ကျွန်တော့်ကို မွတ်စ်လင်မ်ဆန့်ကျင်ရေးအတွက် မကြာခဏ မှိုင်းလာတိုက်ကြပါတယ် ” ဟု ၂၀၀၇ ရွှေဝါရောင်အရေးအခင်းဦးဆောင်၍အကျဉ်းကျခဲ့သူ ဘုန်းတော်ကြီးဟောင်း ဦးဂမ္ဘီရက မတ်လနှောင်းပိုင်း တစ်ညနေခင်း၌ မိတ္ထီလာမြို့တွင် ကျွန်ုပ်အား ပြောပြခဲ့ပါသည်။ ကျွန်ုပ်တို့ဆုံတွေ့သောနေရာနှင့်ကပ်လျက် ဘုန်းကြီးကျောင်း၌ ဦးဝီရသူသည် ယမန်နှစ် ဒီဇင်ဘာလက လာရောက်ခဲ့သည်ဟုသိရသည်။ ထိုအချိန်မှစတင်၍ မြို့တစ်မြို့လုံးမှာ ၉၆၉ နံပါတ်ပါ စတေကာများ ပလူပျံသွားခဲ့သည်။ ဗုဒ္ဓဂုဏ်တော်ကိုးပါး၊ ဓမ္မဂုဏ်တော်ခြောက်ပါး၊ သံဃာ့ဂုဏ်တော် ကိုးပါးကို ထင်ဟပ်စေသည် ဟုဆိုကာ သာသနာရေးဝန်ကြီးဌာနမှ ဗုဒ္ဓဘာသာဝင်ဝန်ကြီးများက ယင်းနံပါတ်အား မြန်မာနိုင်ငံတွင် သွတ်သွင်းလိုက်ခြင်းဖြစ်သည်။ ၄င်းနောက်တွင်တော့ မွတ်စ်လင်မ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို လုပ်ဆောင်လာကြတော့သည်။ ဗုဒ္ဓကျမ်းဂန်များကိုလေ့လာခြင်း၊ ဖခင်ဖြစ်သူနှင့်ဆွေးနွေးခြင်းတို့မှ တဆင့် မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ မှားယွင်းသောလမ်းစဉ်ဟု သိရှိလာပြီးနောက် မိမိမှ စွန့်လွှတ်ကျောခိုင်းလိုက်ပါကြောင်း ဦးဂမ္ဘီရက ဆိုသည်။ သူ့အား အဓမ္မလူဝတ်လဲစေ၍ ဘုန်းတော်ကြီးကျောင်းများသို့ ၀င်ရောက်ခြင်းကို ပိတ်ပင်ထားစေကာမူ မွတ်စ်လင်များကိုအကြမ်းဖက်မှုကဏ္ဍ၌ သံဃာတော်များ၏ ပါဝင် ပတ်သက်မှုအပေါ် ဝေဖန်ပြောဆိုသူများ အနက် ထင်ရှားနေဆဲဖြစ်သည်။

    သို့သော် ဦးဝီရသူမှာကား လှုံ့ဆော်နေဆဲပင်။ သူ၏ဟောပြောမှု DVDများ၊ ၉၆၉ စတစ်ကာများနှင့်တစ်ကွ ဗုဒ္ဓ၀ါဒကို ကာကွယ်ရန်ညွှန်ကြားချက်ပေးထားသည့်စာအုပ်များကို သူ့နောက်လိုက်တို့က မန္တလေးမြို့၏ လူစည်ကားရာဈေးများ တွင် လိုက်လံဝေငှနေကြသည်။ သို့ပါသော်လည်း ဦးဝီရသူကိုယ်တိုင်ကမူ သူ၏အမုန်းပွားဟောပြောမှုများကို ဖုံးကွယ်ထား၏။ “ တကယ်လို့များ (မိတ္ထီလာမှာ မွတ်စ်လင်မ်တွေကိုတိုက်ခိုက်တဲ့) သံဃာတွေဟာ ဦးဇင်းရဲ့စကားကို နားထောင်ခဲ့ယင် အကြမ်းဖက်မှုဖြစ်လာမှာမဟုတ်ဘူး ” ဟု သူက ပြောဆိုတတ်၏။ သို့သော် အင်တာဗျူးတိုင်း၌ သူ၏ မှတ်ချက်မှန်သမျှမှာ မွတ်စ်လင်မ်တို့အား ဒေါသူပုန်ထအောင် ဆွနေသည်ချည်းဖြစ်နေပြန်၏။ “ ရခိုင်ပြည်နယ်မှာ နေ့စဉ်နဲ့အမျှ မွတ်စ်လင်မ်တွေက တစ်အိမ်တက်ဆင်း ဗုဒ္ဓဘာသာဝင်တွေကို လိုက်သတ်နေကြတယ်။ ပစ္စည်းတွေ ခိုးယူလုယက်တာမဟုတ်ဘဲ သတ်ဖြတ်ဖို့သက်သက်ဖြစ်တယ် ” ဟုပြော၏။ သူသည် သူကိုယ်တိုင်ဆင်ယင်ခြယ်သထားသည့် နံရံတစ်ခု၏ရှေ့တွင် အင်တာဗျူးလုပ်ရန် နေရာရွေးလေ့ရှိ၏။ အင်တာဗျူးလုပ်စဉ်တစ်လျှောက်လုံး သူ့အနီးရှိလူများက ကျွန်ုပ်အား ဓာတ်ပုံနှင့်ဗီဒီယိုရိုက်ခဲ့ကြ၏။ များမကြာမီ သူ၏ ဖေ့စ်ဘွတ်စာမျက်နှာပေါ် ဤအကြောင်းခြင်းရာများကို တင်လိုက်၏။ အကယ်၍ မြန်မာနိုင်ငံရှိ လူအားလုံးတို့သည် မိမိကဲ့သို့ဖြစ်ပါက ငြိမ်းချမ်းရေးဖြစ်ထွန်းမည်ဟုလည်း ဆိုထားရာ – ဂျာနယ်လစ်များသည် သူ့ထံလာ၍ တရားနာခြင်း၊ သူ၏၀ိညာဉ်ရေး၌ခိုလှုံခြင်းဟု ၄င်းဖာသာအထင်ရောက်နေပုံရပေသည်။

    ဘုန်းကြီးကျောင်းမှ ထွက်လာသောအခါ ဥပဒေဘွဲ့ရဆရာမတစ်ဦးဖြစ်သော ကျွန်ုပ်၏စကားပြန်မှ “ မွတ်စ်လင်မ်တွေရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်သိထားတာ အံ့သြစရာဘဲ။ လေးစားဖို့ကောင်းလိုက်တာ ” ဟု ပြောဆိုခဲ့၏။ အင်တာဗျူးပြီး နှစ်ရက်အကြာ ကျွန်ုပ်နှင့်ဦးဝီရသူအား မိတ်ဆက်ပေးခဲ့သူက “ ဦးဝီရသူရဲ့ CD ကို ကျွန်တော်ကြည့်ပြီးပြီ။ ကျွန်တော်အရမ်းစိတ်ဆိုးတယ်ဗျာ။ သူတို့ဟာက အကြမ်းဖက်ဝါဒဘဲဗျ ” ဟူ၍ စာရေးသတင်းပို့လာလေသည်။

    ဦးဝီရသူသည် သံဃာတော်တစ်ပါးဖြစ်ပါလျက်  သူတစ်ပါးခံစားမှုကိုမျက်ကွယ်ပြုပြီး ယင်းသို့သော လီဆည်စကားများစွာဖြင့် ပံ့ပိုးကူညီသူများရအောင် ဆွဲဆောင်တတ်သည်။ ဘာသာရေးပုဂ္ဂိုလ်တစ်ဦး၏  စကားများမှာ မှားယွင်းချွတ်ချော်နေသည်ဟု မည်သူထင်နိုင်မည်နည်း ?  အထူးသဖြင့် ဗုဒ္ဓ၀ါဒသည် ကိုယ်ကျင့်တရားအတွက် အဆင့်အမြင့်ဆုံးဟု ရာစုပေါင်းများစွာ သွန်သင်မှုကိုခံယူလာကြသော မြန်မာလူထု၏အမြင်၌  မည်သို့ရှိမည်နည်း ?

    စစ်အုပ်ချုပ်ရေးစတင်ချိန်မှစပြီး သံဃာတို့၏ဦးတည်ချက်မှာ ဘယ်အရာဖြစ်သွားသည်ကို ဆန်းစစ်ရန် အချိန်တန်ပေပြီ။ ဗိုလ်ချုပ်နေ၀င်းလက်ထက်တွင် သံဃာတော်များသည် မြန်မာနိုင်ငံပေါ်ထားရှိသောအမြင်များ မတူညီကြ။ မတူကွဲပြားမှုကိုလက်ခံကြသည့် သံဃာတော်များအား သင်္ကန်းချွတ်ကာ လူဝတ်လဲစေခဲ့သည်။ ရဟန်းသံဃာများအနက် စစ်အုပ်ချုပ်ရေးကို ရပ်တည်ထောက်ခံပေးသည့် ဘုန်းတော်ကြီးများအား အဆင့်မြှင့်တင် နေရာပေးခဲ့သည်။ ၄င်းကို ဗုဒ္ဓ၀ါဒအားကယ်တင်ခြင်းဟု အမည်တပ်ခဲ့သည်။ လက်နက်ကိုင်တိုင်းရင်းသားအုပ်စုများ၊ နိုင်ငံတကာသြဇာ နှင့် အခြား ဘာသာတရားများပြန့်ပွားမှုတို့ကို ဖြိုခွင်းရန်မှာ စစ်အုပ်ချုပ်ရေး၏လိုအပ်ချက်ဖြစ်သဖြင့် ယင်းသို့ပြုခြင်းဖြစ်သည်။

    အချိန်ကြာလာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ပြည်တွင်းစစ်နှင့်စီးပွားရေးပျက်ကပ်ကြောင့် မြန်မာလူငယ်အမြောက်အများသည် ဆင်းရဲမွဲတေမှုမှလွတ်ကင်းရန် သာသနာ့ဘောင်ထဲသို့ ၀င်လာကြသည်။ ၄င်းမှာ သာသနာရေးယုံကြည်ချက်ကြောင့် မဟုတ်ချေ။ ရလဒ်မှာ သံဃာတော်များ မလိုအပ်ဘဲ အဆမတန်များပြားလာခြင်း နှင့် လိုအပ်ပါက ဘာသာရေးအခွံစွပ်အမိန့်ပေးနိုင်ခြင်း တို့ဖြစ်ပွားသွားစေသည်။ ရဟန်းသံဃာများအကြား စာရိတ္တပျက်စီးမှုက ကြီးထွားကျယ်ပြန့်လာသည်။ ယမန်နှစ် ဖေဖော်ဝါရီလတွင် မိမိ၏မူလကျောင်းတိုက်သို့ ပြန်လည်ဝင်ရန် ကြိုးစားခဲ့သော ဦးဂန္ဘီရအား ထပ်မံဖမ်းဆီးခဲ့သည်။ ရန်ကုန်မြို့ရှိ ဘုရားကျောင်းကန်တစ်ခုသို့ရဲများက သူ့အား ခေါ်ဆောင်သွားသည်။ ၄င်း၌ မဟာသံဃာ့နာယကဆရာတော်များကို တွေ့ရသည်။ မဟာသံဃာ့နာယကအဖွဲ့ကို ၁၉၈၀ ခုနှစ်တွင် နိုင်ငံတော်မှ ဖွဲ့စည်းပေးပြီး သာသနာရေးဝန်ကြီးဌာနအောက်၌ ထားရှိလျက် စစ်ဗိုလ်ချုပ်များနှင့်အနီးကပ်ဆက်ဆံမှုရှိသူတို့ကိုသာ ခန့်အပ်ထားသည်။ နောက်တစ်နေ့တွင် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ၌ ဦးဂန္ဘီရအား တရားဝင်အရေးယူရန် အစိုးရအားတိုက်တွန်းသည့်အကြောင်း ပါလာခဲ့သည်။

    မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ ဘာသာရေး နှင့် အမျိုးသားရေးကိုပေါင်းစပ်ထားမှုက အကွက်ချဝါဒဖြန့်မှုနှင့်အတူ ရခိုင်ပြည်နယ်၌ ယမန်နှစ်တွင် ပွင့်ထွက်သွားသည်။ ပြည်တွင်းပြည်ပရှိဗမာလူမျိုးတို့၏ ထောက်ခံကူညီမှုများဖြင့် ရိုဟင်ဂျာဆန့်ကျင်ရေးလှုပ်ရှားမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြသည်။ သို့သော် ယင်းသူတို့အများစုမှာ ရိုဟင်ဂျာ လူ့အဖွဲ့အစည်းဝင် မည်သူတစ်ဦးနှင့်မျှ ပတ်သက်ဆက်ဆံဖူးကြသည်မဟုတ်ဘဲ ခါးသည်းစက်ဆုပ်ဖွယ်ရာအမြင်ကို ဆုပ်ကိုင်၍ ၄င်းတို့အား လူမဆန်စွာဆက်ဆံအောင် အားပေးခဲ့ကြသည်။ ရိုဟင်ဂျာတို့ကို အခြေခံလူ့အခွင့်အရေးမရရှိစေခြင်းဖြင့် အစိုးရက အရှိန်အဟုန်ကို မြှင့်တင်ခဲ့ကြပြီး ညည်းတွားသံများထွက်လာစေသည်။ ၄င်းနောက်တွင်တော့ သူတို့အား အလိုမရှိသူများစာရင်းသွင်းလိုက်လေသည်။
    သို့ရာတွင် ဗုဒ္ဓဘာသာဝင် မဟုတ်သူများသည် ပြဿနာကောင်များသာဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးအမြင်အား လှည့်ပတ်ဆော့ကစားဟောပြေနေသောပုဂ္ဂိုလ်၏ ခြေထောက်အောက်၌ မိတ္ထီလာမွတ်စ်လင်မ်များ ပြားပြားဝပ်ခဲ့ရသည်။ ရခိုင်ပြည်နယ်နှင့်မိတ္ထီလာမျှသာ ရပ်တန့်မသွားဘဲ ရန်ကုန်နှင့်မိုင်၆၀မျှသာကွာဝေးသော ဥက္ကံအထိ မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုလှိုင်း ရိုက်ခတ်သွားသည်။ မြောက်ပိုင်းကချင်ပြည်နယ်ရှိ ဖားကန့်သို့တိုင် ဂယက်ရိုက်ခဲ့သည်။

    ယခုသော် မိတ္ထီလာမှာ မွတ်စ်လင်မ်များအတွက် အကန့်သတ်ခံနယ်မြေဖြစ်နေသည်။ ဘာသာတရားနှစ်ခု၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့သော ရပ်ဝန်းကြီးသည် ယခုအခါ အသက်နှုတ်ရာ စစ်မက်ဇုံအလား ဖြစ်နေ၏။ ဖြိုဖျက်ခံလိုက်ရသည့် အဆောက်အဦများ၊ အပျက်အစီးပုံများအကြား ကျွန်ုပ် ဖြတ်သန်းထွက်လာခိုက် လမ်းပေါ်တွင် လူတစ်စုနှင့် ပက်ပင်းတိုးခဲ့သည်။ ၄င်းတို့သည် ဧည့်သည်များကိုအလိုမရှိကြောင်း ပေါ်လွင်နေခဲ့သည်။

    မြို့နေလူထုသည် (အများအားဖြင့်)ကျောင်းများ၊ တက္ကသိုလ်နယ်မြေများရှိ ဒုက္ခသည်စခန်းသို့ ရွှေ့ပြောင်းခံရသည်။ အစိုးရမှတရားဝင်စီစဉ်ပေးမှုမဟုတ်သော မိတ္ထီလာပြင်ပ ယာယီဒုက္ခသည်စခန်းတစ်ခုတွင် လူပေါင်း ၃၄၀၀ ရှိပြီး ရိက္ခာနပ်မမှန်ကြသည့်အပြင် စခန်းဝန်းကျင်၌ မြွေများကလည်း ပေါသေးသည်။ မေလကုန်လွန်လျှင် ကျောင်းသူကျောင်းသားများအဖို့ ကျောင်းပိတ်ရက်ရှည် ကုန်ဆုံးပြီ။ ဒုက္ခသည်များအား စခန်းမှထွက်စေရန် လိုအပ်လာပြီ။ မီးလောင်ပြင်ရပ်ကွက်များအား ပြန်လည်ပြင်ဆင်တည်ဆောက်မှုကို အရိပ်အယောင်မျှ မမြင်ရသေး။ လူ့အသိုင်းအ၀ိုင်းကြီးနှစ်ရပ်ကို မစုစည်းမိအောင် ခွဲခြမ်းထားရှိဆဲ။ မေလနောက်ပိုင်း ဒုက္ခသည်များ၏လုံခြုံမှုဟူသည်
    အန္တရာယ်၏အနံ့ ထွက်ပေါ်လျက်ပင်။

    ***    Francis Wade ၏ Poison in the Sangha ဆောင်းပါးကို သာကီ ထက်ကောင်း မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။ Francis Wade သည် ထိုင်းနိုင်ငံအခြေစိုက် ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး ၂၀၀၉ ခုနှစ်မှစ၍ မြန်မာနှင့်အာရှပစိဖိတ်ရေးရာကို လေ့လာရေးသားသည်။ သူ၏လက်ရာများကို The Guardian ၊  Al Jazeera English ၊  Asia Times Online နှင့် New Internationalist တို့၌ တွေ့မြင်နိုင်သည်။ ဆောင်းပါးအထောက်အကူပြုဓာတ်ပုံပံ့ပိုးသူ Vincenzo Floramo သည် အလွတ်တန်းသတင်းဓာတ်ပုံဆရာဖြစ်ပြီး၊ လက်ရှိတွင် ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံ၌ အခြေစိုက်သည်။ သူ၏လက်ရာများကို The Guardian ၊ The Bangkok Post ၊ Witness Journal ၊ Life Force Magazine ၊ Der Spiegel ၊ Irrawaddy နှင့်  Io Donna တို့တွင် တွေ့ရမည်ဖြစ်သည်။   ***

  • လားရှိုးမြို့ အကြမ်းဖက်မှုများအပေါ် တရားဥပဒေစိုးမိုးရေး ရှိစေချင်သူ ပြည်သူတစ်ဦး ပြောကြားချက်

    မေလ-၃၀၊ ၂၀၁၃
    M-Media
    ဇာဏီ

    “လားရှိုးမြို့ အကြမ်းဖက်မှု ပြဿနာ အစ အမျိုးသမီးကို မီးရှို့တယ်ဆိုတဲ့ ကိုနေ၀င်းဟာ သာမန်လူမဟုတ်ပါဘူး။ သူဟာ အရက်ကြောင် ကြောင်တတ်ပါတယ်။ သူ့ရဲ့ ဆေးမှတ်တမ်းတွေကိုလည်း ကျိုင်းတုံကနေ ယူဖို့ လုပ်ထားပါတယ်။ သူရဲ့ ဆေးမှတ်တမ်းတွေရှိပါတယ်။ သူက အဲလို ပုံမှန်မဟုတ်တဲ့ အချိန်တွေဆို အိမ်ကနေ ၃-၄-၅ ရက် ပျောက်သွားတတ်တယ်။ ပြီးတော့မှ ပြန်လာတဲ့အခါတွေရှိတယ်။

    နောက်ဖြစ်စဉ်တစ်ခုက လွန်ခဲ့တဲ့ ၄-၅နှစ်က သူဟာ အလုပ်တစ်ခုနဲ့လာရင်း မန္တလေးမြို့ ၂၇-လမ်းဘက်က တည်းခိုခန်းတစ်ခုရဲ့ တိုက်ပေါ်ကနေ ခုန်ချဖို့ လုပ်လိုက်သေးတယ်။ သူဟာ သာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာ သိသာတယ်။ အဲဒီ ဆေးမှတ်တမ်းတွေကိုလည်း ရအောင် ယူထားသင့်ပါတယ်။ တာဝန်ရှိသူတွေက အဲဒါတွေကို ဖျောက်ဖျက်ပစ်လိုက်မှာ စိုးရိမ်ရပါတယ်။

    ရဲသတင်း(ရဲဇာနည်)က တက်လာတဲ့အထဲမှာ အဲဒီဖြစ်စဉ်ကို ဖော်ပြရာမှာ အမျိုးသမီးရဲ့ ကိုးကွယ်တဲ့ဘာသာမပါဘူး။ ဒီအမျိုးသားရဲ့ ကိုးကွယ်တဲ့ဘာသာကို ရဲဘက်က ထည့်ထားတာရှိတယ်။ အဲဒါမျိုးဆို ဒါက တမင် ပြဿနာတွေဖြစ်အောင် ဖန်တီးနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ တဖက်က တရားလိုက ဘာသာမဲ့ တရားခံက ဘယ်ဘာသာဆိုတာ ဖော်ပြပြီးရေးတာက ဘယ်လမ်းကို သွားနေတယ်ဆိုတာ သိသာထင်ရှားနေတယ်။

    1
    ပဋိပက္ခကြိုတင်ကာကွယ် တားဆီးရေး ကော်မတီ(မန္တလေး)ရဲ့ အရေးပေါ်စည်းဝေး

    မနေ့က ပဋိပက္ခကြိုတင်ကာကွယ် တားဆီးရေး ကော်မတီ(မန္တလေး)ရဲ့ အရေးပေါ်စည်းဝေးလုပ်တယ်။ ဦးဝီရသူလည်း အဲဒီထဲမှာ ပါနေတယ်။ ဦးဝီရသူရဲ့ အပြောတွေက မူမမှန်ဘူး စကားကို အမျိုးမျိုးပြောနေတာ သုံးသပ်လို့ရတယ်။ ဦးဝီရသူက လားရှိုး စိတ္တသုခကျောင်းကို ကုလား လေး-ငါးဆယ်က ၀ိုင်းထားတယ်လို့ပြောတယ်။ စိတ္တသုခကျောင်းဆိုတာက ကျောင်းထိုင်ဆရာတော် ဦးပုညက ဘ-ကကျောင်းလေးဖွင့်ထားတယ်။ ဘေးမှာက မွတ်စလင်မ်ရပ်ကွက်ရှိတယ်။ အဲ့ဒီက မွတ်စလင်မ်ကလေးတွေလည်း အဲ့ဒီကျောင်းမှာ လာတက်ရတယ်။ ဆရာတော် ဦးပုညက ဒီကလေးတွေကိုလည်း သံယောဇဉ်ရှိတဲ့အတွက် မိဘတွေကိုရော ကျောင်းထဲမှာ ခေါ်ပြီး ထိန်းသိမ်းထားပေးတယ်။ အဲဒါကို ဦးဝီရသူက ကုလားတွေက ပြန်ချဖို့ လူစုနေတယ်လို့ပြောတယ်။ ပဋိပက္ခကြိုတင်ကာကွယ် တားဆီးရေးကော်မတီက တချို့လည်း ဦးဝီရသူက ဒီအဖွဲ့မှာ ပါနေတာကို စိတ်ညစ်တယ်။ ဦးဝီရသူ လုပ်ထားတဲ့ကိစ္စတွေကိုပဲ လိုက်ရှင်းနေရသလိုဖြစ်နေတယ်။

    အခု လားရှိုးကိစ္စကလည်း ဦးဝီရသူ အဲ့ဒီဘက် တကြောသွားတယ်။ သူပြန်လာပြီး မကြာဘူး ဒီပြဿနာဖြစ်တယ်။ အခုဖြစ်နေတဲ့ ကိစ္စတွေကို အမြန်ဆုံး ထိန်းသိမ်းနိုင်ဖို့ လိုနေတယ်။ ကျွန်တော်တို့ကတော့ တရားဥပဒေစိုးမိုးရေး ဖြစ်စေချင်ပါတယ်”လို့ M-Media ကို ဆက်သွယ်ပြောပြလာပါတယ်။

  • ဘားအံမြို့တွင် ပြုလုပ်ခဲ့သည့် တရားပွဲ၌ ဘာသာရေး မုန်းတီးမှု တရားများဟောကြားခဲ့

    ဧပြီ ၂၃၊ ၂၀၁၃
    M-Media
    ဇွဲကပင်သား

    5
    ဓါတ်ပုံ- FB ( ၉၆၉ အဖွဲ့ဝင်များ ဦးဝီရသူနဲ့ တွေ့ဆုံစဉ်)

    ဘားအံ ။         ။   ဘားအံမြို့ပေါ်ရှိ မဲဘောင်ကျောင်းတွင် ဦးဝီရသူ၏ တရားဟောပွဲပြုလုပ်ခဲ့သော်လည်း တရားပွဲတွင် ဘာသာရေးမုန်းတီးမှု တရားများသာ ဟောကြားခဲ့ပြီး ယင်းတရားပွဲအား ဧပြီလ ၂၀-ရက်နေ့မှ ၂၂-ရက်နေ့အထိ ည(၇)နာရီ (၉)နာရီထိ ၃-ရက်တိုင် ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ တရားပွဲ လော်စပီကာဖြင့် ထုတ်လွှင့်ခဲသောကြောင့် တရားပွဲကျင်းပရာ အနီးနား ရပ်ကွက်ရှိ နေထိုင်သူများအားလုံး ကြားခဲ့ရကြောင်း သိရပါသည်။

    အဆိုပါပွဲတွင် တရားတော်များကို ဟောကြားခြင်းထက် သူတစ်ပါးရဲ့ ဘာသာ သာသနာကို စော်ကားပြီး ပြောကြားသွားခဲ့သည်။ တရားပွဲတွင်  ဦးဝီရသူမှ ပြောကြားခဲ့သည်များထဲမှ ကြားသိခဲ့ရသည့် ဘားအံမြို့ခံများက ဦးဝီရသူပြောကြားခဲ့သည့်အတိုင်း ပြန်လည်ပြောပြလာပါတယ်။

    ဦးဝီရသူပြောကြားခဲ့သည့် မုန်းတီးရေးတရားများမှာ –

    (၁)  ဗလီဆိုတာ ရန်သူ့အဆောက်အအုံဖြစ်တယ်။ ဒါကြောင့် ဗလီကိုဖြိုတာဟာ ရန်သူ့အဆောက်အအုံကို ဖြိုချခြင်းဖြစ်လို့ ငရဲမကြီးပါဘူး။

    (၂)  မွတ်စလင်မ်ကုလားတစ်ယောက်ဟာ ဗမာမိန်းကလေးတစ်ယောက်ကို မုဒိန်းကျင့်နိုင်ရင် မြင့်မြတ်ခြင်းကို ရတယ်။

    (၃)  ရိုဟင်ဂျာတွေကိစ္စမှာ သမ္မတကြီးဟာ ပြတ်သားစွာရပ်တည်ပေးခဲ့အတွက် အလွန်လေးစားဖို့ကောင်းတဲ့ပုဂ္ဂိုလ်ပါပဲ။ အများက ခေါ်ခေါ်နေတဲ့ အမေစုဟာ ဘာများလုပ်ပေးနိုင်ခဲ့လို့လဲ။ ဒါကြောင့် သမ္မတကြီးအတွက် ဆုတောင်းပွဲတွေကို မန္တလေးတစ်ခွင်မှာ ကျင်းပခဲ့ကြတယ်။

    (၄)  မဆီမဆိုင် ပဲခူးမှာ ဗလီတွေလိုက်ဖျက်ကြတဲ့ ဗမာတွေကို ဦးဇင်းရှက်မိတယ်။ မဆီမဆိုင် လိုက်လုပ်ကြတဲ့အတွက် မတရားမှုပါပဲ။ ဦးဇင်း အလွန်ပဲရှက်မိတယ်။

    (၅)  မြန်မာနိုင်ငံမှာလည်းနေသေးတယ်။ ဝက်သားလည်း မစားကြဘူး။ မြန်မာနိုင်ငံမှာ ဝက်သားပဲရတာလေ။ ကုလားတွေ ဝက်သားစားကြပေါ့။ ဝက်သားတော့ဖြင့် မစားကြဘူး။ ဝက်သားစားတဲ့ ပါးစပ်တွေရှိတဲ့ ဗမာမိန်းကလေးတွေကိုတော့ ငမ်းငမ်းတက်ဖြစ်နေကြတယ်။ ဦးဇင်းတို့က သူတို့ကို ဘယ်လိုနားလည်ပေးရမတုန်း။

    (၆)  မွတ်စလင်မ်ကုလားမတွေကဆိုရင် တကိုယ်လုံးကိုခြုံပြီးနေကြတာ။ တချို့ဆို မျက်နှာတွေမျက်လုံးတွေကိုပါ ပိတ်နေရတာ။ ရာသီဥတုပူတဲ့အချိန်ဆို ငရဲကျသလိုပါပဲ။ ဦးဇင်းတို့ မြန်မာအမျိုးသမီးတွေကိုများ သူတို့က မယဉ်ကျေးဘူးပြောသေးတယ်။ လွတ်လပ်ခွင့်ရှိတဲ့ တို့သာသနာကို တို့ပိုင်ဆိုင်ထားတာ ကံမကောင်းပေဘူးလားဟေ့။

    (၇)  NLD မှာ ကြည့်လိုက်ရင်လည်း မုတ်ဆိတ်တကားကားနဲ့ တိုက်ပုံဝတ်တဲ့ကုလားတွေကလည်း ရှိသေး။ ကြည့်လိုက်ရင် ဆိတ်သိုးတွေလိုပဲ သိပ်ရွံစရာကောင်းတယ်။ မဝတ်တတ်တော့ အကျီင်္ကို ဟိုဆွဲချ ဒီဆွဲချနဲ့ လုံးဝပုံမကျလှဘူး။

    (၈)  မြန်မာအမျိုးသမီးတစ်ယောက်ဆိုရင် ကုလားတစ်ယောက်ကို ကြိုက်လွန်းလို့ သဘောမတူတဲ့ ကိုယ့်မိဘကိုတောင် အဆိပ်ခပ်သတ်ပြီး ဘုရားပုံတော်ကို ခြေနဲ့နင်းလို့ ကုလားတွေက သူတို့ဘာသာထဲ ပြောင်းခိုင်းခဲ့တာကို ခံခဲ့ရတယ်။

    (၉)  မိတ္ထီလာလို လူညီဖို့လိုတယ်နော။ ကရင်ပြည်နယ်ကို ကုလားပြည်နယ် ဖြစ်ချင်သလားဟေ့။

    (၁၀)  ဦးဇင်းကို Facebook မှာ တိုက်ခိုက်သူတွေအများကြီးပဲ။ ဦးဇင်းက သောက်ဂရုမစိုက်ပါဘူး။ ဦးဇင်းက သာသနာ့အာဇာနည်တစ်ယောက်ပါ။

    (၁၁)  ငမဲတွေကိုကြောက်စရာမလိုဘူး။ ကုလားတွေအကုန်လုံးက မြန်မာတွေကိုမြင်ရင် ခေါင်းငုံ့သွားစေရမယ်။

    (၁၂)  ကုလားတွေက နောက်ဆုံးမရတော့မှ ဦးဇင်းဆီ လာဆွေးနွေးကြတယ်။ ကုလားတွေနဲ့ သွားမပတ်သက်မိစေနဲ့။ ကိုယ်ပါ အလိုလိုရိုင်းသွားလိမ့်မယ်။

    ယင်းတရားပွဲ၌ ယခုကဲ့သို့သော စကားလုံးများသုံးနှုန်း၍ ဦးဝီရသူပြောကြားသွားသည်မှာ သာမန် ဘုန်းတော်ကြီးများ တရားဟောကြားသည့်ပုံစံ မဟုတ်ကြောင်း၊ စကားပြောသည့် ပုံစံလည်း မူမမှန်ကြောင်း၊ ၃-ညတိုင်တိုင်ပြောသည့် စကားများဟာလည်း တစ်ခုနှင့်တစ်ခု အဆက်အစပ်မဲ့ပြီး တရားပွဲဟု အမည်ခံထားသော်လည်း ဘာသာရေးမုန်းတီးမှုလှုံ့ဆော်ပွဲသက်သက်သာဖြစ်ကြောင်း၊ စကားပြောရာတွင်လည်း လျှာလိပ်နေတဲ့အ သံတွေဟာလည်း တားမြစ်ဆေးဝါး တစ်ခုခုသုံးစွဲထားပြီး စကားပြောသည့် လူတစ်ဦးကဲ့သို့သာဖြစ်နေကြောင်းကိုလည်း ဘားအံမြို့ခံတစ်ဦးမှလည်း ပြောပြလာပါတယ်။