News @ M-Media
Blog
  • မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အစ္စလာမ်ဘာသာဝင်များသို့ ပန်ကြားလွှာ
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အစ္စလာမ်ဘာသာဝင်များသို့ ပန်ကြားလွှာ
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အစ္စလာမ်ဘာသာဝင် များသို့ (၅.၆.၂၀၁၂) ညနေ ၅ နာရီတွင် မေတ္တာရပ်ခံပန်ကြားလွှာ ထုတ်ပြန်ခဲ့ ကြောင်းသိရသည်။
    ပန်ကြားလွှာအပြည့်အစုံမှာ-
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ အစ္စလာမ်ဘာသာဝင် များသို့ မေတ္တာရပ်ခံပန်ကြားလွှာ
    “(၅.၆.၂၀၁၂) ရက်နေ့ထုတ်ဝေသည့်သတင်းစာတွင် ဖော်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံသားပြည်သူများ အကြားတွင် သဘောထားကွဲလွဲလျက် ရှိပါသည်။
    ယင်းကိစ္စနှင့် ပတ်သက်၍ထုတ်ပြန်ချက်အပေါ် နိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းကြီး အနေဖြင့်လည်း သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများထံသို့ တင်ပြပြီး တရား ဥပဒေဘောင်အတွင်းမှ အေးချမ်းစွာ ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။
    သို့ဖြစ်ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အစ္စလာမ့်တရားတော်နှင့် အညီ တည်ငြိမ်အေးချမ်းစွာ နေထိုင်ကြပါရန်၊ လူစုလူဝေးဖြင့် ဆန္ဒဖော်ထုတ်ခြင်း များ ရှောင်ကြဉ်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်”
    အဆိုပါ ထုတ်ပြန်ချက်ကို ပြည်တွင်းအစ္စလာမ်အဖွဲ့အစည်း ၅ခု၏ သဘောတူညီမှုဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    Credit- ပြည်သူ့ခေတ်ဂျာနယ်
  • ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနှင့် တွေ့ဆုံခြင်း
    မြို့တော်ခန်းမရှေ့ မြန်မာမွတ်စလင်မ်များ ဆန္ဒထုတ်ဖော်မှုအား ကိုမြအေးမှ လာရောက်ဖြောင်းဖျပေးစဉ်
    Messenger Journal က ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနဲ့ တွေ့ဆုံမေးမြန်းခန်းကို ဖော်ပြလိုက်ပါတယ်။
    မေး။ ။ ခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေအပေါ် မြန်မာနိုင်ငံသားတစ်ယောက်အနေ နဲ့ရော အစ္စလာမ်ဘာသာဝင်တစ်ဦးအနေနဲ့ရော ၈၈ မျိုး ဆက်ကျောင်းသားတစ်ယောက်အနေနဲ့ရော ဘယ်လိုရှုမြင် ပါသလဲ။
    ဖြေ။ ။ အခု အဖြစ်အပျက်က ကျောက်နီမော် လူသတ်မှုပေါ့။ ဒါက လုံးဝမဖြစ်သင့်ပါဘူး။ ဒီ ရခိုင်အမျိုးသမီးလေး မသီတာထွေးကို မတရားအဓမ္မပြုကျင့်တာ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူပါ။ ဒီကိစ္စနဲ့ပတ်သက် ပြီး ကျူးလွန်တဲ့ တရားခံသုံးယောက်ကို ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်။ တဆက်ထဲ မှာပဲ တောင်ကုတ်မြို့ကို ဖြတ်သွားတဲ့ ခရီးသည်တင် ကားပေါ်က လူ ၁ဝ ယောက်ကို သတ်ဖြတ်တာကလည်း ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ မရှိပါ ဘူး။ ဒီလိုကိစ္စတွေကိုလည်း ရာဇဝတ်မှုလို့ မြင်တယ်။ ဒါကိုလည်း ဥပဒေအကြောင်းအရပဲ အရေးယူစေချင်ပါ တယ်။ နောက်တစ်ခုပြောချင်တာက ကျွန်တော် ဒီနေ့ ဒီအချိန်မှာ အသွင်ကူးပြောင်းရေးကာလပေါ့။ လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ အဓိကရုဏ်းမျိုးကို ဘယ်အုပ် စုက ဖန်တီးဖန်တီး ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။
    မေး။ ။ သမိုင်းမှာလည်း ဒီလိုပဋိပက္ခတွေ ရှိခဲ့တယ်။ အခု အချိန်မှာလည်း လူတချို့ရဲ့ စိတ်ထဲ တစ်ခုခုလုပ်မယ် စိတ်မျိုးဝင်နေရင် ဦးမြအေးတို့အနေနဲ့ ဘယ်လို ဖြေရှင်းပေးချင်သလဲ။
    ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရင် ဒါက ရိုဟင်ဂျာအရေးပေါ့နော်။ တကယ့်ရိုဟင်ဂျာအရေးကို အကြောင်း ပြပြီး အစ္စလာမ်ဘာသာနဲ့ သက်ဆိုင်တဲ့ အရေး လိုဖန် တီးနေတဲ့ လူတွေရှိတယ်။ ရိုဟင်ဂျာအများစုက အစ္စလာမ် တွေလေ။ ဒါကို အကြောင်းပြုပြီး အစ္စလာမ်ဘာသာဝင်တွေ အရေးဆိုပြီး လုပ်နေတဲ့အစွန်းရောက်တဲ့ သူများရှိပါတယ်။ ကျွန်တော်တို့ လုံးဝလက်မခံနိုင်ပါဘူး။ ကျွန်တော်တို့က မြန်မာမွတ်စလင်ပါ။ ကျွန်တော်တို့က ရိုဟင်ဂျာ မဟုတ်ဘူး။ နောက်တစ်ခုကို ရခိုင်လူမျိုးတွေကို ပြောချင်တယ်။ မှန်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလား ဒေ့ရှ်နဲ့ ကပ်နေလို့ ကိုယ့်အမျိုးသားရေး ခံကတုတ်ကိုတော့ ပြင်ရမှာပဲ။ ဒါ ကျွန်တော်လုံးဝ နားလည် တယ်။ ဒီလိုမဟုတ်ရင် သန်းရာ ကျော် နိုင်ငံကနေ ပြိုလာမယ့် လူမျိုးတွေအနေနဲ့ ရခိုင် အမျိုးသားတွေ စိုးရိမ်မယ်ဆိုတာကို ကောင်းကောင်း နားလည်ထားတယ်။ ဒါက ဘင်္ဂါလီတွေ၊ ဘင်္ဂလားဒေ့ရှ် ကလာ တဲ့ ပြဿနာတွေကို ရင်ဆိုင်တဲ့အခါမျာ ပြည်တွင်းမှာရှိတဲ့ အေးချမ်းစွာ နေထိုင်စားသောက်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေနဲ့ မသက်ဆိုင်ဘူးလို့ ရှင်းရှင်းပြောချင်တယ်။ ဘင်္ဂလားဒေ့ရှ်က စိမ့်ပြိုလာမယ့်ကိစ္စကို ကျွန်တော်တို့လည်း မလိုလားဘူး။ အိန္ဒိယနဲ့လည်း ကပ်နေတယ်။ အလားတူပဲ တရုတ်ပြည်နဲ့လည်း ကပ်နေတာ။ ဒါ လူမျိုးရေး ကို ရှေ့တန်းတင်တာမဟုတ်ဘူး၊ သို့သော်လည်း ကျွန်တော်တို့ အမျိုးသားရေးကိုတော့ ရှေ့တန်း တင်ရမှာပဲ။
    မေး။ ။ အခု ဖြစ်ခဲ့တဲ့ကိစ္စမှာ နိုင်ငံရေးပါတီတွေ ပါဝင်ဖြန်ဖြေတာမျိုး မတွေ့ရသေးဘူး။ အဲဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။
    ကျွန်တော် ထင်ပါတယ်။ နိုင်ငံရေးပါတီတွေပဲ လုပ်ကြပြောကြမှာပါ။ ကျွန်တော်တို့အနေနဲ့ ကတော့ ဒီနေ့ ပြုပြင် ပြောင်းလဲတဲ့အချိန်ဆိုတော့ စိတ်ပူတယ်။ အခြေခံ ဖွဲ့စည်းပုံဥပဒေအရ ဆူပူမှုဖြစ်ရင် တပ်မတော် ရဲ့အခန်း ကဏ္ဍ၀င်လာပြီးတော့ ထိန်းသိမ်းမယ်လို့ ပြဌာန်းထားတာရှိတယ်။ အားလုံးပဲသိပါတယ်။ အဲဒီ အခြေအနေကို ပြန်မရောက်စေချင်ဘူး။ အမုန်းတရားပေါ်မှာ အခြေခံတဲ့ သွေးချောင်းစီး လူသတ်မှုတွေ မဖြစ်စေချင်ဘူး။ ကျွန်တော်တို့အားလုံး ချစ်ချစ်ကြည်ကြည် ရင်းရင်းနှီးနှီး၊ ပြဿနာဖြစ်ရင်လည်း ညှိနှိုင်း တိုင်ပင်စေချင်တယ်။ အဲဒါ ရင်ထဲက ဆန္ဒပါ။
    မေး။ ။မေလ ၂၈ ရက်နေ့က ရခိုင်အမျိုးသမီးလေး သတ်ခံရတဲ့ကိစ္စ၊ ပြီးတော့ ရိုးမသစ္စာယာဉ် ဖျက်စီးခံရပြီး လူ ၁၀ ယောက် အသက်ဆုံးရှုံးသွားရတဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ခု ရန်ကုန်အထိ ဆန္ဒထုတ်ဖော်တာတွေရှိလာတယ်။ အဲဒီရဲ့ အကျိုးဆက်အဖြစ်ဘာတွေရှိလာနိုင်လဲ။
    ဖြေ။ ။ ဒီနေရာကနေ တစ်ဆက်ထဲ ကျွန်တော် အကူအညီ တောင်းချင်တာက ဆရာတော်ကြီးတွေ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေက သက်ဆိုင်ရာ အာဏာပိုင်တွေရော အကုန်လုံး ကျွန်တော်တို့ ဝိုင်းဝန်း ထိန်းသိမ်း သင့်တယ်။ မဟုတ်ရင် အလားလာကောင်းတော့ မတွေ့ဘူး။ ကျွန်တော် အရမ်းစိတ်ပူနေတယ်။ အရမ်းလဲ စိုးရိမ်ပါတယ်။ နောက်တစ်ခုပြောချင်တာက ကျူးလွန်တဲ့သူတွေကို ထိထိရောက် ရောက် အရေး ယူပေးပါ။ အလားတူ ၁ဝ ယောက် အသတ် ခံရတာကိုလည်း စုံစမ်းရေးကော်မတီဖွဲ့ပြီး ဥပဒေအကြောင်း အရ ထိထိရောက်ရောက် အရေးယူပေးပါ။ ရာဇ၀တ်မှုကို ရာဇဝတ်မှုလို့ မြင်ပေးပါဗျာ။ အဲဒီထဲမှာ လူမျိုးရေး ဘာသာရေးတွေ အဆိပ်မခပ်စေချင်ဘူး။ ကျွန်တော် အစိုးရ သတင်းစာထဲမှာပါတဲ့ စကားလုံးတွေ ကို ပြောချင်တယ်။ ကျွန်တော်တို့ ခင်ဗျားတို့လည်း မှုခင်းဂျာနယ်တွေ ဖတ်ဖူးတယ်။ ဖတ်တဲ့အခါ မုဒိမ်းမှု ကျူးလွန်တာ လူသတ်မှုကျူးလွန် တာ ဖတ်ရတဲ့အခါတိုင်းမှာ ဘာသာလူမျိုးရေးထားတာ မတွေ့ဖူးဘူး။ ဒီပြဿနာဖြစ်တဲ့ အခါမှဘာသာ လူမျိုးကို ခွဲခြားဖော်ပြထားတာ ရိုးသားမှုရှိသလား၊ မရှိဘူးလားဆိုတော့ ကျွန်တော်တို့ စဉ်းစားစရာရှိတယ်။ မွတ်စလင်ကုလားလို့ သုံးတဲ့ အသုံးအနှုန်းက ကျွန်တော့်အသက် ၄၆ နှစ်ရှိ ပါပြီ။ တစ်လျှောက်လုံးမှာ အစိုးရက ခုလို တရားဝင် သုံးတာ မတွေ့ဘူးပါဘူး။ သုံးနှုန်းတဲ့ အသုံးအနှုန်း ပုံစံကို ကျွန်တော် လုံးဝမကြိုက်ဖူး။ ဒါက Yellow Journalism ပဲ။ နိုင်ငံသတင်းစာကြီးအနေနဲ့ ဒီလိုမျိုးမရေး သင့်ဘူး။ ကျူးလွန်တဲ့လူကိုလည်း အရေးယူသင့်တယ်။ ကျွန်တော့်ခံစားချက်ကိုပြောရင် ဥပဒေအကြောင်း အရ ဖြေရှင်းပါ။ မသက်ဆိုင်တဲ့သူတွေကို မလုပ်ပါနဲ့။ အလားတူ လူမျိုးရေးဘာသာရေးကို ဖြေရှင်းတာ ပြဿနာတစ်ရပ်အနေနဲ့ ဘယ်လိုမှ မရနိုင်ဘူး။ ကျွန်တော် မေတ္တာရပ်ခံပါတယ်။ ဒီပြဿနာတွေ မဖြစ်အောင် အရေးယူပါ။ ကျွန်တော့် အနေနဲ့ ဘယ်ဘက်မှ မလိုက်ပါဘူး။ ကျွန်တော် အစ္စလာမ်ဘာသာဝင် မှန်တယ်၊ ကျွန်တော် မြန်မာနိုင်ငံမှာရှိတဲ့ သန်း ( ၆၀ ) အတွက် ပဲ အလုပ်လုပ်မှာပါ။ လူမျိုးရေးအပေါ် ကျွန်တော့် ဘာသာရေးအပေါ် မလိုက်ပါဘူး။ ရိုဟင်ဂျာ ကိစ္စကို ထပ်ပြောပါမယ်။ ရိုဟင်ဂျာ အရေးကို အစ္စလာမ်အရေးလို့ လုပ်နေတဲ့သူတွေရဲ့ အန္တရယ်ကို လည်း ကျွန်တော်တို့ကာ ကွယ်တာဆီး၇မှာဖြစ်သလို ရိုဟင်ဂျာအရေးကိုဗန်းပြပြီး အခြားသော အစ္စလာမ် ဘာသာဝင်တွေကို စည်းခြား ဆက်ဆံဖို့ကြိုးစား နေသူတွေကိုလည်းသတိပြုရမှာဖြစ်ပါတယ်။
    မေး။ ။ အခု ရခိုင်၊ မြန်မာနဲ့ အစ္စလာမ်ဘာသာ ၀င်တွေ ကြားမှာ ဒီကိစ္စကြောင့် သံသယတွေ ရှိလာကြမယ်၊ မလုံခြုံမှုတွေ ခံစားနေကြရမယ်ဆိုရင် သူတို့အနေနဲ့ ဘယ်လို ခံယူချက်မျိုး ထားသင့်တယ်လို့ ထင်ပါသလဲ။
    ဖြေ။ ။ ကျွန်တော်တို့ ဘာသာရေးကို တကယ်တမ်းကိုးကွယ်ရင် ဘာသာရေးက ဆုံးမတဲ့အရာတွေကို လေးစား လိုက်နာရမှာပါ။ ကျွန်တော်သိသလောက် ကျွန်တော် သိမ်ဖြူကျောင်းတိုက်ကြီးဘေးမှာ နေဖူးတယ်။ ကျွန်တော် နားလည်သလောက် ဗုဒ္ဓဘာသာရဲ့ အဆုံးအမက မေတ္တာတရားပါ။ မေတ္တာနဲ့ ကမ္ဘာကြီးကို ဖြန့်ကျက်တာပါ။ ဗုဒ္ဓဘာသာဝင်တွေက မေတ္တာတရားလက်ကိုင်ထားကြတာကို လက်ခံထားပါတယ်။ အလားတူပဲ အစ္စလာမ် ဘာသာဝင်တွေအနေနဲ့ သူများသားသမီးကို သတ်ဖြတ် ဖျက်စီးရမယ်လို့ မပြဌာန်းထားပါဘူး။ ကိုယ့်ထဲမှာရှိတဲ့ အကျင့်ဖောက်ဖျက်သူတွေကို ဘာသာရေး ခေါင်းဆောင်တွေက ထိန်းသိမ်းပါ။ ဒါမှ လူတွေက ကိုယ်ကျင့် တရားအတိုင်း စွမ်းဆောင်နိုင်မယ်။ ဘာသာရေး အသွင်သဏ္ဍာန်ဆောင်လို့ ဘာသာရေး အဆုံးအမ နာခံကြ မယ်ဆိုရင် ငြိမ်းချမ်းမှုကို ခံယူပါ။ ငြိမ်းချမ်းစွာ ဖြေရှင်းပါ။ ဘာသာတရားရဲ့ အဆုံးအမကို ခံယူပါလို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။
    မေး။ ။ နောက်ဆုံးအနေနဲ့ ရိုဟင်ဂျာအရေးကို မြန်မာနိုင်ငံထဲမှာ လက်ခံဖို့ ပြည်ပမီဒီယာတွေက အမျိုးမျိုး ဖိအားပေးတယ်။ ပြည်တွင်းမီဒီယာတွေက ပါးစပ်ပိတ်နေကြတယ်လို့ ပြောနေကြတယ်။ ဒီရိုဟင်ဂျာအရေးကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။
    ဖြေ။ ။ ကျွန်တော်တို့ နိုင်ငံရေးလုပ်မယ်ဆိုရင် အမျိုးသားရေး အစွန်းရောက်လို့မရသလို အမျိုးသားရေးကို စွန့်ပစ်လို့လည်း မရဘူး။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူဦးရေကို တွက်ကြည့်ပါ။ သူတို့နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေကို ကြည့်ပါ။ ရခိုင်အမျိုးသားတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ပြိုဆင်းလာမဲ့ အန္တရာယ်ကို စိုးရိမ်တယ် ဆိုတာ သဘာဝကျတယ်။ ကျွန်တော်တို့ လက်ခံရမဲ့ ကိစ္စလည်းဖြစ်တယ်။ ကျွန်တော်ပြောချင်တာက အဲဒီက ပြိုဆင်းလာမဲ့ ရိုဟင်ဂျာတွေရဲ့ အရေးကိစ္စကို ဗန်းပြပြီး မြန်မာနိုင်ငံတွင်းက အစ္စလာမ်ဘာသာဝင်တွေကို အရေး ကို ဆောင်ရွက်ခြင်းဟာ မှားပါတယ်။ လုံးဝမဟုတ်ပါဘူး။ လက်လည်း မခံနိုင်ပါဘူး။ အလားတူ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ အနေနဲ့က မြန်မာပြည် မှာ နေပြီး၊ မြန်မာပြည်ကို ချစ်တယ်။ မြန်မာပြည်ရဲ့ ဆန်ကိုစားပြီး မြန်မာပြည်မှာ ကြီးတယ်။ အဲဒီအတွက် အမေကို ကျော်ပြီးဒွေးတော်လွမ်းနေစရာ အကြောင်းမရှိဘူး။ အဲဒီတော့ ရခိုင်အမျိုးသားတွေရဲ့ စိတ်ပူပန်မှုဟာ ကျွန်တော်တို့ရဲ့ စိတ်ပူပန်မှုပါ။ ကျွန်တော်တို့ကိုယ်တိုင် ရခိုင်အမျိုးသားတွေဘက်က ရပ်တည်ရမှာဖြစ်ပါတယ်။ ဒါက ရခိုင်ပြည်နယ်တစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာလည်း တရုတ်နိုင်ငံ ရှိနေပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ သန်းပေါင်း ၆၀ သော ပြည်သူတွေရဲ့ အနာဂတ်အတွက် စဉ်းစားရမှာပါ။ ပထ၀ီဝင်နိုင်ငံရေးအရ ကျွန်တော်တို့ နိုင်ငံဟာ လူဦးရေ သန်း ၁၀၀၀ ကျော်ရှိတဲ့ အိန္ဒိယက တစ်ဘက်၊ တရုတ် က တစ်ဘက် ကြားမှာ ရှိနေတဲ့အတွက် ကျွန်တော်တို့ရဲ့အမျိုးသားရေး ခံကတုတ်၊ ယဉ်ကျေးမှုခံကတုတ်ကို မပြင်နိုင်ရင် ကျွန်တော်တို့ ကျွန်ဖြစ်လိမ့်မယ်။ ရေစုန်မြောလိမ့်မယ်။ အဲလိုကတော့ ကျွန်တော်တို့မှာ ရှင်းလင်း ပြတ်သားတဲ့ အတွေးအခေါ်ရှိပြီးသားပါ။ ဒါ လူမျိုးရေးနဲ့ မဆိုင်ဘူး။ တိုင်းပြည်အတွက် ထားရ မယ့် နိုင်ငံရေး သမားစိတ်ဓါတ်ပဲ။
  • မမေးလည်းဖြေ (၄) – ဘာကြောင့် ကုလားမဟုတ်ချင်တာလဲ
    နေမျိုး
    ဒီကြွေးကြော်ချက်နဲ့  စချင်ပါတယ်။ ကုလားမဟုတ်  မြန်မာမွတ်စလင်မ်ဖြစ်သည်။
    တောင်ကုတ်မှာ ဗုဒ္ဓဘာသာ ရခိုင်အစွန်းရောက်တွေ ရက်ရက်စက်စက် အကြမ်းဖက်အသတ်ခံလိုက်ရတဲ့ အစ္စလာမ်ဘာသာဝင် ၁၀ ဦးကိစ္စ သတင်းကြေညာ ရာမှာ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြန်မာသတင်းစာတွေက “မူစလင် ကုလား” ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးပြီး ကြေညာသွားပါတယ်။ ဒါကို မြန်မာမွတ်စ လင်မ်တွေက မကျေနပ်လို့  မကျေနပ်တဲ့အကြောင်း ဆန္ဒထုတ်ဖော်တော့ ကုလားမလို့ ကုလားခေါ်တာဘာဖြစ်လဲတို့ ၊ ကုလားလို့  မခေါ်ရင် ဘယ်လို ခေါ်ရလဲ လို့  ရိုးရိုးသားသားမေးတဲ့လူရှိသလို ဒီလောက် ပူလောင်နေတဲ့ အချိန်မှာတောင် ကုလားကို ရမရာမရှိ မိဘမောင်နှမများရှေ့  မပြောရဲတဲ့ စကားလုံးများနဲ့  ဆက်ပြီး ဆဲနေတာတွေတွေ့ ရတယ်။
    ဘာကြောင့် ကုလားဆိုပြီး အခေါ်မခံချင်ကြတာလဲ။
    ဒီမေးခွန်းကို ကုလားဆိုပြီး မွေးကတည်းက အခေါ်ခံ အနှိမ်ခံလာရတဲ့ ကျနော်တယောက် ရှင်းပြပါမယ်။ ကျနော်ပြောတာ မသိလို့ လေ့လာချင်လို့ ဆိုရင် ဆက်ဖတ်ပါ။ လူတယောက်တည်းမဟုတ်ပဲ လူပေါင်းများစွာရဲ့  ခံစားနာကျည်းချက်ကို သူတို့ အားလုံးကိုယ်စား ကျနော်ပြောပါမယ်။ မွတ်စလင်မ်တွေ ကျနော်ပြောတာ လက်ခံရင် ခံစားချက်ချင်းတူတယ်ဆိုရင် Like လုပ်ခြင်း၊ Share ပေးခြင်း၊ ယဉ်ကျေးစွာ ကော်မန့် ချခြင်ဖြင့် ကိုယ့်ဆန္ဒကိုယ်ဖော်ထုတ်ပြပါ။
    ဘာကြောင့် ကုလားဆိုတဲ့ စကားလုံးကို မုန်းတာလဲ။ မဖြေခင် မေးခွန်းတခုမေးပါမယ်။ သင်သိပ်ချစ်ရမဲ့ သင့်သားလေးကို သန်းရွေဆိုပြီး နာမည်ပေး မလား။ သန်းနဲ့  ရွှေ စကားလုံး ၂ လုံးအကောင်းချည်းပဲ။ ဒါပေမဲ့ အဲ့ဒီနာမည်ပေးမလား။ ဒါနဲ့ တင် ပြည့်စုံပါပြီ။ အဲ့ဒီ စကားလုံးတွေရဲ့  နောက်ကွယ်က အဓိပ္ဗါယ်တွေကြောင့် အဲ့ဒီနာမည်ကို မထားချင်တာ မဟုတ်ဘူးလား။ ဒီလိုပါပဲ —
    ရုပ်ရှင်ဒါရိုက်တာဆိုတဲ့ ပညာတတ် နိုင်ငံခြားမှာလဲ နေနေတဲ့ မြန်မာတယောက်တောင် ကုလားလို့ ခေါ်တာ လက်မခံနိုင်တဲ့ လူတွေက မခေါ်ပါနဲ့ လို့  ပြောတာတောင် သူ့ စိတ်ထဲဘာမှမရှိလို့  ဆက်ခေါ်မယ်ဆိုမှတော့  နိုင်ငံခြားလည်းမရောက်ဘူး၊ ပညာလည်းအားနည်းတဲ့ မြန်မာအများစု နားလည် မပေးနိုင်တာလောက်တော့ မဆန်းပါဘူး။ ခံရတဲ့လူမဟုတ်တော့ ဘယ်နာပါ့မလဲ။ နာတဲ့လူတွေ နာတယ်လို့ အော်တာလည်း ဘယ်ကြားပါ့မလဲ။  ပညာရှိ သတိဖြစ်ခဲလား ငါအသိအတတ်ဆိုပြီး သူများတကာရဲ့  နေ့စဉ်နဲ့ အမျှ ထိတွေ့ ခံစားချက်ကို နားမလည်နိုင်အောင် အသိတရားတွေ စိုင်ခဲနေပြီး အသည်းမာကြောတာလားတော့ ပြောမတတ်ပါ။
    ဒါပေမဲ့ မြန်မာတွေဟာ ယဉ်ကျေးပျူငှာပြီး အေးချမ်းတဲ့ လူတွေမလို့  နားမလည်သေးတဲ့ ကျနော်တို့  ခံစားချက်ကို နားလည်ပေးအောင် တတ်နိုင်သလောက်ရှင်းပြပါမယ်။
    ကုလားဆိုတာ ဘယ်ကလာတယ်ဆိုတာ အမျိုးမျိုး အဓိပ္ဗါယ်ဖွင့်ကြတယ်။
    အနောက်ဖက်ကနေ မြန်မာပြည်ကို ကူးလာတဲ့လူတွေမလို့  ကုလားလို့ ခေါ်တာလို့ ပြောရင်
    (၁) ကျနော်တို့ ဟာ မြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီးတာပါ။ မိဘ မပြောနဲ့  အဖိုးအဖွားတွေတောင် မြန်မာပြည်မှာ မွေးကြတာ။ မကူးလာတဲ့ အတွက် ကျနော်တို့ ကုလားမဟုတ်ပါ။
    (၂) ကျနော်တို့ က ကုလားတွေဆိုရင် နှစ်ရာပေါင်းများစွာက တိဘက်၊ အန္ဒိယ၊ မွန်ဂို၊ တရုတ်တောင်ပိုင်းကနေ စတင်အခြေခံ ဆင်းလာတဲ့ ဗမာတွေရော တိုင်းရင်းသားတွေရော အားလုံး တနေနေရာက ကူးလာတာမလို့  ကုလားတွေချည်းမဟုတ်ဘူးလား။
    (၃) ထိုင်းနဲ့ မလေးရှားမှာ မြန်မာပြည်ကကူးလာတဲ့ ဗမာတွေ တိုင်းရင်းသားတွေရှိတယ်။ သူတို့ လည်း ကူးလာတဲ့ ကုလားတွေမဟုတ်ဘူးလား။ ဒါတွေထားလိုက်ပါ။ အဲ့ဒီစကားလုံး ဘယ်ကလာလာ ကျနော့်ကို ကုလားလို့ ခေါ်ရင် အသေနာတယ်။ အရင်က အဲ့ဒီလောက်မနာပေမဲ့ ခုဆိုရင် ရင်ထဲ အသည်းထဲကထိနာတယ်။ ဘာကြောင့်လဲ။ အွန်လိုင်းပေါ်မှာ ကုလားကို အကောင်းဖက်က ဘယ်တုန်းက သုံးလို့ လဲ။ ကုလားဆိုရင် Negative တွေက အလိုလို ပါပြီးသားပဲ။
    ကုလားပြီး အမေနှမတွေနဲ့ ကိုင်ဆဲတယ်။ (သီးခံပါ) အခုဆိုရင် မအေ -ိုးကုလား၊ ငါ -ိုးမကုလား။ သောက်ကုလား၊ -ီး ကုလား၊ ခွေးကုလား  ဆိုပြီး တွင်တွင်ကြီးဆဲနေကြတာ အားလုံးအသိပဲ။
    နေ့ တဓူဝ အပြင်လောကမှာလည်း ဆဲချင်ရင် ကုလားလို့ သုံးတယ်။ ချစ်တီးကုလား၊ ကုလားကျင့် ကုလားကြံ၊ ကလေးကုလား၊ သောက်ကုလား စသဖြင့်။ ကုလားဆိုတဲ့ စကားလုံးမှာ မကောင်းတဲ့အနေနဲ့  Negative အနေနဲ့ ပဲ သုံးတော့တယ်။ သီချင်းထဲမှာတောင် ကုလားတို့ စိတ်ဓာတ် အားကြီးမုန်းတယ်ဆိုပြီး ဆိုသမား ဆိုတယ်မလား။ ရုပ်ရှင်တွေထဲမှာလည်း ကုလားဆို နှိမ်ဖို့ လောက်ပဲ ပြောကြတယ်။
    ကုလားလို့ အခေါ်ခံလိုက်ရရင် နာမ၀ိသေသနာ ဘာမှမပါရင်တောင် နှိမ်ချပြီး ခေါ်သလို ခံစားရတယ်။ ဆဲတဲ့ စကားလုံးတွေ အော်တိုပါပြီးသားလို ခံစားရ တယ်။ အလွန်အမင်းနှိမ်ချပြီး ခေါ်တဲ့အခေါ်အဝေါ်လို့ ပဲ ခံစားရတယ်။
    ငယ်ငယ်တုန်းကတည်းက သူငယ်ချင်းတွေက ကုလားဆိုပြီးဆဲတယ်။ ဆရာဆရာမတွေကလည်း ဟဲ့ကုလား ဆိုပြီး ခေါ်တယ်။ ကုလားလေး ကုလားလေးဆိုပြီး သူငယ်ချင်းတွေက နောက်တယ် ပြောင်တယ်။ သူငယ်တန်းကအစ ၁၀ အောင်ပြီး အဲ့ဒီသူငယ်ချင်းတွေနဲ့  လမ်းခွဲတဲ့အထိပဲ။
    ကုလားဆိုတာ အနောက်တိုင်းမှာ အာဖရိကတွေကို ခေါ်တဲ့ နစ်ဂါတို့  နီဂရိုး လို ခွဲခြားတဲ့အသုံးအနှုန်းဖြစ်တယ်။ အနောက်တိုင်းမှာ နေ့ တဓူဝမှာတောင် သူငယ်ချင်း အချင်းချင်းကြားမှာတောင် နစ်ဂါလို့ ခေါ်လို့ မရဘူး။ သတင်းတွေ စာတွေ ရုပ်ရှပ်တွေမှာ သုံးရင် တရားစွဲခံရသလို အလုပ်လဲပြုတ်တယ်။
    ဒါပေမဲ့ မြန်မာပြည်မှာတော့ ကုလားဆိုတာကို နေရာတိုင်းမှာ တွင်တွင်ကြီးသုံးနေလေရဲ့ ။ အစိုးရသတင်းစာမှာရော အတိုက်အခံသတင်းဌာနတွေမှာပါ သုံးနေလေရဲ့ ။
    ကုလားဆိုတဲ့ အသံကြားရင် အဆဲခံရသလို ခံစားရတဲ့အတွက် မွတ်စလင်မ်တွေအားလုံး ကုလားဆိုပြီး အခေါ်ခံရရင် ရင်ထဲအသည်းထဲကထိနာတယ်။ ဒါကြောင့် မြန်မာတွေ ကိုယ်ချင်းစာစိတ်ဓာတ်ရှိတယ်ဆိုရင် ကျနော်တို့  ကို ကုလားလို့ မခေါ်ကြပါနဲ့ ။
    ဒါဆို ဘယ်လိုခေါ်ရမှာလဲ —
    လွတ်လပ်ရေးကာလတုန်းက အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်တွေကို ဗမာမွတ်စလင်မ်လို့ ခေါ်တယ်။ ဗမာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ် သူတွေလို့ ဆိုလိုတာပါ။ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ကိုယ်တိုင် အဲ့ဒီလို ခေါ်ဝေါ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အဲ့ဒီတုန်းက ခေါင်းဆောင်တွေ အသိအ မှတ်ပြုခဲ့တယ်။ အခု ဗမာနိုင်ငံအစား မြန်မာနိုင်ငံလို့ သုံးနှုန်းတဲ့အတွက် ဗမာအစား မြန်မာလို့ သုံးပြီး မြန်မာမွတ်စလင်မ် လို့  ခေါ်ဝေါ်စေချင်ကြ တာပါ။ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ အစ္စလာမ် ဘာသာဝင်တွေဆိုတာပါပဲ။ မြန်မာမွတ်စလင်မ်ဆိုတာ လူမျိုးမဟုတ်ပါ။ မြန်မာပြည်မှာနေထိုင်ပြီး အစ္စလာမ် ဘာသာတွေကို ခြုံငုံပြီး ခေါ်ဝေါ်တဲ့ ယေဘုယျ နာမည်တခုပါပဲ။
    ကုလားမဟုတ်ပါ – မြန်မာမွတ်စလင်မ်ဖြစ်သည်။
  • တောင်ကုတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ် မွတ်စလင်မ်အဖွဲ့ အစည်းများ ကြေငြာချက်
    မြန်မာမွတ်စလင်မ်များ တောင်ကုတ် တွင်အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရမူအပေါ် တရားဥပဒေ စိုးမိုးရေးအတွက် မြန်မာမွတ်စလင်မ် အင်အားစုများ စုပေါင်း၍  သိမ်ဖြူ ကြေငြာချက် အမည်ရသော ကြေငြာချက် တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ကြေငြာချက်အပြည့်အစုံမှာ
    တောင်ကုတ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပေါ်ကြေငြာချက်
    (ရန်ကုန်မြို့၊ ၂၀၁၂ ခုနှစ်၊ ဇွန်လ၊ ၄ ရက်)
    ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့နယ်တွင် သာသနာရေးဆိုင်ရာ တရားကျင့်ကြံသူ (၈) ဦးနှင့် သံတွဲမြို့မှ အစ္စလာမ်ဘာသာဝင် ခရီးသွား (၂) ဦးအား ရခိုင်အစွန်းရောက်အချို့၏ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခံခဲ့ရသူများနှင့်စပ်လျဉ်း၍ ၄.၆.၂၀၁၂ တွင် ရန်ကုန်မြို့တွင် တရားဥပဒေစိုးမိုးရေးကို လိုလားသူများ စိတ်မချမ်းမြေ့စွာဖြင့် တွေ့ဆုံဆွေးနွေးမှုပြုခဲ့ပါသည်။
    ယင်းသို့တွေ့ဆုံခဲ့ကြရာတွင် ကမ္ဘာတစ်ဝှမ်းမှ လူသားချင်းစာနာထောက်ထားမှုကို လေးစားသူများ သိသာစေရန် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များကိုယ်စား အောက်ဖော်ပြပါ ကြေငြာချက်အား ထုတ်ပြန်ကြေငြာအပ်ပါသည်။
    ၁။ ဒီမိုကရေစီ နိုင်ငံတော်သစ်၌ အပြစ်မဲ့နိုင်ငံသားများအား ပထမဆုံး ကြိုတင်ကြံစည်မှုဟုဆိုနိုင်သည့် တောင်ကုတ်အစုလိုက်အပြုံလိုက် သတ် ဖြတ်မှုကြီး ဖြစ်ပေါ်လာခြင်းကို ပြင်းထန်စွာရှုံ့ချသည်။
    ၂။ တရားဥပဒေစိုးမိုးရေးကို မထီမဲ့မြင်ပြုသည့် ယခုဖြစ်စဉ်အပေါ် နိုင်ငံတော်အစိုးရမှ ထိရောက်စွာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားရန် လေးနက်စွာတိုက်တွန်းသည်။
    ၃။ နိုင်ငံတကာ အစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဒေသဆိုင်ရာလုံခြုံရေးကို ထိပါးသည့် ယခုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဝမ်းနည်း ကြောင်း နှင့် စိုးရိမ်မကင်းဖြစ်ရကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရထံ အကြောင်းကြားစာ ပေးပို့ကြပါရန် တိုက်တွန်းအပ်ပါ သည်။
    ၄။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးလှုပ်ရှားမှုများအား မြန်မာနိုင်ငံအစိုးရမှ လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် မသမာသူ များ၏ ပဋိပက္ခဖန်တီးမှုများကို ထိရောက်စွာ ကာကွယ်ရန်တိုက်တွန်းသည်။
    ၅။ နိုင်ငံပိုင် မီဒီယာများမှ “မွတ်စလင်-ကုလား” ဟူ၍ ချိုးနှိမ်သောအသုံးအနှုန်းကို သုံးစွဲခြင်းသည် နိုင်ငံသားလူနည်းစုများကို နှိမ်ချစော် ကားရာ ရောက်ရုံသာမက မင်းမဲ့စရိုက်ပြုကျင့်သူများကို မြှောက်ပင့်ပေးရာရောက်သဖြင့် ပြင်းထန်စွာရှုံ့ချသည်။
    ၆။ ယခုကဲ့သို့ လူမျိုးရေးနှင့်ဘာသာရေးကို အခြေခံသော ပြဿနာများ ဖြစ်ပေါ်ရခြင်းမှာ ဒေသအတွင်း၌ အသိပညာနှင့်ဗဟုသုတ အားနည်းမှု ကြောင့် ဖြစ်ပေါ်သည်ဟု လေးနက်စွာယုံကြည်မိပါသည်။ သို့ပါ၍ နိုင်ငံတော်အစိုးရ၊ နိုင်ငံတကာအစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ မှ ၎င်းဒေသအတွင်း ပညာရေးမြှင့်တင်ခြင်း လုပ်ငန်းများအား တိုးချဲ့ဆောင်ရွက်ပေးရန် တိုက်တွန်းသည်။
    ၇။ ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်ရေးကို လမ်းကြောင်းပြောင်းစေနိုင်သော ယင်းကဲ့သို့ ဖြစ်စဉ်မျိုးများ မပေါ်ပေါက်စေရန် နိုင်ငံတော်အစိုး ရ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အလေးအနက်မေတ္တာရပ်ခံ အပ်ပါသည်။
    Burmese Muslim Association (BMA)
    Myanmar Muslim Students and Youth (MMSY)
    Myanmar Muslim Education & Cultural Society (MMEC)
    Myanmar Muslim Information Center (MMIC)
  • ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သတ်ပြီး သတင်းမီဒီယာများအပေါ် indepth analysis အသေးစိတ်ခွဲခြမ်းကြည့်ရာဝယ်
    ဒန်ငြာရှိန်း
    မြန်မာပြည်တွင်းမှာ လက်ရှိဖြစ်ပျက်လျက်ရှိတဲ့ အခြေအနေတွေကို သုံးသပ်ပြီး သတင်းမီဒီယာများအပေါ် indept analysis လုပ်ထားခြင်းဖြစ်ပါတယ်။
    ရခိုင်ပြည်နယ်က ကိစ္စရပ်နှစ်ခုအပေါ်မှာ အခြေခံပြီး ပြည်သူလူထုတွေဟာ မိမိတို့စိတ်တွင်းခံစားချက်တွေကို ငြိမ်းချမ်းစွာဖော်ထုတ်ရတဲ့အဖြစ်၊ တရား ဥပဒေစိုးမိုးစေရေး တောင်းဆိုရတဲ့အဖြစ်တွေဆီ အခြေအနေတစ်ရပ်က တွန်းပို့လိုက်ပါတယ်။
    ကမ္ဘာ့မီဒီယာတွေရဲ့ headlines တွေဆီမသွားမီ လော့ဂျစ်ကျကျသုံးသပ်ကြည့်ကြပါမယ်။ ဖေ့စ်ဘွတ်ခ်ခေါ်တဲ့ ဆိုရှယ်မီဒီယာပေါ်မှာ သတင်းကွန်မန့်တွေ အပြန်အလှန်ပေးကြပါတယ်။ အချို့ လည်း တော်တော်ဆိုးပါတယ်။
    ကိုမြအေး ဘာကြောင့် အပြင်ထွက်လာသလဲဆိုတာနဲ့ပတ်သတ်ပြီး ကွန်မန့်တွေပေးထားပါ တယ်။ မုဒိန်းကျင့် လူသတ်မှုကိုအခြေခံပြီး အပြစ်မဲ့ (အညာသားများအပါအ၀င်) လူ ၁၁ ဦးကို မသေမချင်း ရိုက်သတ်ပြစ်လိုက်တယ်။ နောက်ဆက်တွဲဘာဖြစ်မလဲ။ မုဒိန်းကျင့်လူ သတ်မှု၊ အဲဒီအတွက်တရားစီရင်ဆဲ၊ လက်စားချေမှုကြောင့် အပြစ်မဲ့ ၁၀ ဦးအသတ်ခံရ၊ minority  အစုများတဲ့နေရာတွေမှာ ထပ်ပြီးလက်စားချေမှု တွေမဖြစ်လာနိုင်ဘူးလား။ ဒီ လိုတွေ ဆက်ဖြစ်နေရင် ဒီမိုကရေစီရေးထိခိုက်မှာကြောင့် ကိုမြအေး အပြင်ထွက်လာတာ ပါ။ နိုင်ငံတော်အဆင့်ဖြစ်လာနိုင်တဲ့ ပဋိပက္ခကို ဟန့်တားဖို့ အပြင်ထွက်လာတာပါ။ မုဒိန်း ကျင့်လူသတ်မှုအတွက် ဘာမှအပြစ်မရှိတဲ့ အပြစ်မဲ့ ၁၁ ဦးကို ရိုက်သတ်လိုက်တာ မှန်တယ်လို့ ယူဆနေတဲ့ ကွန်မန့်များကတော့ စိတ်ပျက်ဖွယ်ရာများပါပဲ။
    အခုကျွန်တော်တို့ နိုင်ငံတကာမီဒီယာများကို လေ့လာပါမယ်။
    ဘီဘီစီသတင်းဌာနက အခုလိုခေါင်းစဉ်တပ်ဖော်ပြခဲ့ပါတယ်။ “Muslims Killed in attack in Burma’s Rakhine Province” ၊ “မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် မွတ်စလင်မ်များ တိုက်ခိုက်သတ် ဖြတ်ခံရ”။
    ဘီဘီစီသတင်းရဲ့ လူစုလူဝေးဖြင့် တိုက်ခိုက်ကြခြင်းဆိုတဲ့ ခေါင်းစဉ်ခွဲအောက်မှာ ဖော်ပြထားတာ က-
     “More than 100 people beat and killed those people,” a resident told AFP news agency. “The residents even torched the bus.”
     The reason for the attack is unclear, but some residents say it was a revenge attack following the rape and murder of a Buddhist girl in another part of the province last month.
    (ဘာသာပြန်) “လူအယောက်၁၀၀ ကျော်လောက်ဝိုင်းရိုက်ပြီး သတ်ပြစ်လိုက်ကြတာပါ။ အဲဒီအနားမှာ နေထိုင်တဲ့ လူတွေက ဘတ်စ်ကားကို မီးနဲ့ တောင် ရှို့လိုက်ကြသေးတယ်” လို့ တောင်ကုတ် မြို့ခံတစ်ဦးက အေအက်ဖ် ပီသတင်းဌာနကို ပြောပါတယ်။
    တိုက်ခိုက်မှု ဘယ်လိုဖြစ်ပျက်ခဲ့တဲ့ဆိုတဲ့ နောက်ခံအကြောင်းကတော့ မရှင်းမလင်းအနေ အထားပါ ပဲ။ ဒါပေမယ့် မြို့ခံအချို့ကတော့ ပြည်နယ်အ တွင်း အခြားတစ်နေရာမှာဖြစ်ပျက်ခဲ့ တဲ့ ဗုဒ္ဓဘာသာဝင် မိန်းကလေးတစ်ဦးအား မတော်မတရားပြုကျင့်သတ်ဖြတ်ခဲ့တာကြောင့် လက်စားချေ ကြခြင်းဖြစ်ကြောင်း ပြောကြပါတယ်။
    အခုတစ်ခါ ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်ကို လေ့လာပါမယ်။ ရိုက်တာကတော့ “Buddhist vigilantes kill 9 Muslims in Myanmar violence” လို့ ခေါင်းစဉ်တပ်ထားပါတယ်။ “ဘာသာရေး မုန်းတီးမှုအခြေခံ ဗုဒ္ဓဘာသာဝင်များက မွတ်စလင်မ် ၉ ဦးကို မြန်မာပြည်တွင်း တိုက်ခိုက်မှု၌ သတ် ဖြတ်” လို့ ယေဘုယျဘာသာပြန်ဆို နားလည်နိုင်ပါတယ်။
    သတင်းကို အခုလို အစချီဖော်ပြထားပါတယ် –
    The bus was besieged near Taunggoke town in the western state of Rakhine on Sunday evening by a group who blamed some of its passengers for the murder of a Buddhist woman a week ago, said local residents and politicians. One of those killed was travelling in a separate car.
    (ဘာသာပြန်) “တနင်္ဂနွေညနေပိုင်းလောက်အချိန်က ရခိုင်ပြည်နယ်အနောက်ဘက် တောင်ကုတ်မြို့အနီးမှာ ဘတ်စ် ကားကို ဝိုင်းဝန်းပိတ်ဆို့လိုက် ကြပါတယ်။ ပိတ်ဆို့လိုက် တဲ့သူတွေကတော့ ဘတ်စ်ကားပေါ်မှာ လွန်ခဲ့ တဲ့တစ်ပတ်က ဗုဒ္ဓဘာသာ မိန်းကလေး တစ်ဦးကို မုဒိန်းမှုကျူးလွန်သွား တဲ့ တရားခံပါကြောင်း ဆိုကြတယ်”လို့ ဒေသခံတွေနဲ့ နိုင်ငံရေးသမားတွေက ပြောဆိုကြပါတယ်။
    ရေဒီယို ဩစတေးလျကတော့ ခုလို ခေါင်းစဉ်တပ်ခဲ့ပါတယ်။ “Nine dead in mob attack in Burma” ၊ “မြန်မာပြည်တွင် လူစုလူဝေးဖြင့် တိုက်ခိုက်မှုကြောင့် လူကိုးဦးသေဆုံး”။
    သတင်းကို တင်ပြထားရာမှာ ကောက်နုတ်သင့်တဲ့အချက်တစ်ချက်ကတော့ –
    Clashes between Buddhists and Muslims occur periodically in Burma and Rakhine state, which borders Bangladesh, is a flashpoint for tensions.
    “We all have a duty to control the situation, no matter who is involved or which religion they are,” said Aye Maung, an MP for the Rakhine Nationalities Development Party.
    “We all are living here together. We, as well as the government, have the duty to control it,” he told AFP.
    (ဘာသာပြန်) ဗုဒ္ဓဘာသာဝင်များနဲ့ မွတ်စလင်မ်များအကြား မြန်မာပြည်နဲ့ ရခိုင်ဒေသတို့မှာ တင်းမာငြိစွန်းမှုတွေ အမြဲလိုလိုဖြစ်တတ်ပါတယ်။ ရခိုင်ဒေသကတော့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြစ်ပြီး တင်းမာမှုတွေ အတွက် အမြဲမီးမောင်းထွန်းပြနေရတဲ့ ဒေသပါ။
    “ဘယ်သူတွေ ပါဝင်ခဲ့ပါစေ၊ ဘယ်သူတွေက ဘယ်ဘာသာဝင်တွေပဲဖြစ်နေပါစေ။ အခြေအနေကို ထိန်းသိမ်းဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါ တယ်။ ကျွန်တော်တို့အားလုံး ဒီမှာအတူတကွနေထိုင် ကြတာပါ။ ကျွန်တော်တို့အပါအဝင် အစိုးရပိုင်းကလည်း ဒါမျိုးတွေကို ထိန်းချုပ်ဖို့လိုအပ်ပါ တယ်။” လို့ ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဝင် လွှတ်တော်အမတ် ဦးအေးမောင်က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။
    စင်ကာပူ နာမည်ကြီး straitstimes ကတော့ “At least 9 killed in mob attack in western Myanmar” ဆိုပြီး အုပ်ဖွဲ့တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအနောက်ပိုင်းတွင် လူကိုးဦးသေဆုံးလို့ ခေါင်းစဉ်တပ်ပါတယ်။ သတင်းကတော့ အကျဉ်းချုပ်လောက်ပဲဖြစ်ပါတယ်။ တောင်ကုတ်မြို့မှာ ဒေသခံ ရခိုင်အမျိုးသားများက လူကိုးဦးကို သတ်ပြစ်လိုက်ကြတယ်၊ ကျွန်တော်တို့ အသေးစိတ်မသိ သေးပါလို့ အစိုးရတာဝန်ရှိသူများက ဆိုကြောင်း ဖော်ပြထားပါတယ်။
    ဘန်ကောက်ပို့စ်ကတော့ “Nine dead in Myanmar mob attack: govt official” ဆိုပြီး မြန်မာပြည်က အုပ်စုဖွဲ့တိုက်ခိုက်မှုကြောင့် လူကိုးဦးသေ ဆုံးကြောင်း အစိုးရပိုင်းက ပြောကြား ဆိုပြီး ခေါင်းစဉ်တပ်ခဲ့ပါတယ်။ ရေဒီယို ဩစတေးလျရဲ့ တင်ပြပုံနဲ့ ဆင်တူပါတယ်။
    အခုလို နိုင်ငံတကာမီဒီယာများရဲ့ ခေါင်းစဉ်များကို လေ့လာရခြင်း အကြောင်းရင်းကတော့ ဒီမီဒီယာတွေအားလုံးက ခိုင်မာတဲ့မီဒီယာတွေဖြစ်ပြီး မြန်မာပြည်က တာဝန်ရှိသူများရဲ့ ပြောဆို မှုများအပေါ် အခြေခံခဲ့ကြတယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါ။
    နိုင်ငံပိုင် state media နဲ့ state newspaper တို့ရဲ့ သတင်းကြေညာချက်က ဘယ်အပေါ်မှာ အခြေခံပါသလဲ။ နိုင်ငံတကာမီဒီယာတွေရဲ့ ဆက်သွယ်မေး မြန်းမှုများကို အဖြေပေးခဲ့တဲ့ အရင်းအမြစ်တွေကိုပဲ အခြေခံပါသလား။ ဒီမေးခွန်းဖြစ်ပေါ်လာရတာက “ကုလား” ဆိုတဲ့ စကားလုံးကြောင့်ပါ။
    နိုင်ငံပိုင် state media နဲ့ state newspaper တွေမှာ “မွတ်စလင်ကုလား” ဆိုပြီး ထပ်ကာတလဲလဲ သုံးစွဲသွားပေမယ့် နိုင်ငံတကာ မီဒီယာတွေမှာ ဒီ derogatory term ကို ကိုယ်စားပြုတဲ့ စကားလုံး တစ်လုံးတောင် ရှာမတွေ့ရတာ ဘာကြောင့်ပါလဲ။ ကုလားဆိုတဲ့ စကားလုံးက နိုင်ငံတကာမှာ “Nigger” ဆိုတာနဲ့ ထပ်တူညီမျှပါပဲ။ နိုင်ငံတကာမှာ Nigger ဆိုတဲ့စကားလုံး သုံးစွဲဖော်ပြတဲ့ မီဒီယာ မရှိပါ။ လုံးဝမရှိပါ။
    သတင်းအရင်းအမြစ်က တစ်နေရာတည်းကလာပြီး သတင်းတင်ဆက်ပုံ၊ စကားလုံးရွေးချယ်ပုံတွေ ကွာနေတာ ဘာကြောင့်ပါလဲ။
    အခု ပြန်ကြားရေးညွှန်ကြားရေးမှူးရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က notes ကို လေ့လာပါမယ်။ ဦးရဲထွဋ်ရေးသားခဲ့တာက
    “အဲဒီလမ်းညွှန်ချက်များမှာ သတင်းများမှာ ဘာသာ၊ လူမျိုး၊ ဇာတ်နိမ့်/မြင့် ဖော်ပြတာနဲ့ပတ်သက်ပြီးအောက်ပါအတိုင်း လိုက်နာဖို့သတ်မှတ်ထားပါတယ်-
    ၁။ လူတစ်ဦး၏ အပြုအမူများ၊ လုပ်ဆောင်ချက်များ( အထူးသဖြင့် အဆိုးမြင်စေမယ့်၊ မကောင်းတဲ့သတင်းများ) နဲ့ပတ်သက်ပြီး ရေးသာရာမှာ ကိုးကွယ်တဲ့ဘာသာ၊ လူမျိုး၊ ဇတ်နိမ့်/မြင့်များကို ရည်ညွှန်းရေးသားခြင်းမပြုဖို့သတိပြုရန်။
    ၂။ ပြစ်မှုများတွင် စွတ်စွဲခံရသူ သို့မဟုတ် နစ်နာသူ၏ မျိုးနွယ်၊ လူမျိုး၊ ဘာသာကို ရည်ညွှန်းရေးသားခြင်းမပြုရန်။
    ၃။ စကားလုံးများသုံးစွဲရာတွင် ဓမ္မအဓိဋ္ဌာန်ကျကျ ရေးသားရန်၊ လှုံ့ဆော်ရာရောက်သည့် အသုံးအနှုန်းများကို ရှောင်ရှားရန်။
    ဒါ့အပြင် Communal Dispute လို့ခေါ်တဲ့ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ၊ ပဋိပက္ခများနဲ့ပတ်သက်ပြီး သတင်း ရေးသားတဲ့အခါ အောက်ပါအတိုင်းလမ်းညွှန်ထားတာတွေ့ရပါတယ်-….” စသဖြင့်ပါ။
    ဦးရဲထွဋ့်က ဇွန်လ ၄ ရက် ည ၈ နာရီမှာ တင်ထားတာပါ။ အဲဒီအချိန်လောက်မှာပဲ နိုင်ငံပိုင်မီဒီယာ က “တရားခံ မောင်… အစ္စလာမ်၊ မွတ်စလင်ကုလားလူမျိုး” စတဲ့စကားလုံးတွေ တရစပ်သုံးပြီး သတင်းတင်ဆက်သွားတာ ကတော့ နိုင်ငံတကာမှာ ရှက်ဖွယ်လိလိ သတင်းတင်ဆက်ပုံမျိုးပါ။
    နိုင်ငံပိုင်သတင်းစာက ခေါင်းစဉ်တပ်လိုက်ပုံက – “မွတ်စလင်ကုလား ၁၀ ဦးအသတ်ခံရ” ။
    ဒီလိုပဲ ဇွန်လ ၃၀ ရက် တောင်ကုတ် လူသတ်မှုမတိုင်ခင်တုန်းက သတင်းတွေကို လေ့လာကြည့်ရ အောင်။
    ရခိုင်းသတင်းဌာန နိရဉ္စရာသတင်း ဌာနရဲ့  မေလ ၂၉  ရက်နေ့ ထုတ် “ရမ်းဗြဲတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ” ခေါင်းစဉ်ပါသတင်း တစ်ပုဒ်ထဲမှာတင် လူမျိုးရေး ဘာသာရေးမှိုင်းတိုက်ပေးတဲ့ စာလုံး၊ စာကြောင်းပေါင်းများစွာ ထည့်ခဲ့ပါတယ်။ အဲ့ဒီစာကြောင်းတွေကတော့
    –       ကျောက်ထရံ ကုလားရွာအနီးမှာ မုဒိမ်းကျင့်ခံရပြီး
    –       မုဒိမ်းကျင့် သတ်ဖြတ်သူများမှာ ကျောက်ထရံကျေးရွာမှ မွတ်ဆလင် လူငယ် သုံးဦး ဖြစ်ပြီး
    –       ” သူမကို မုဒိမ်းကျင့်ပြီး သတ်သွားတာက ကျောက်ထရံကျေးရွာက ကုလား လူငယ် (၃)ဦးဖြစ်တယ်”
    –       တစ်ဦးတည်းပြန်စဉ် ကျောက်ထရံ ကုလားရွာ အလွန် တာတမံဘောင်ရှိ ကုက္ကိုပင်တွင် ပုန်းအောင်းစောင့်နေသော မွတ်ဆလင် လူငယ် ၃ ဦးက အတင်းဆွဲချုပ် ဖမ်းဆီးပြီး မုဒိမ်းကျင့်ကာ
    နိရဉ္စရာသတင်းဌာနရဲ့  မေလ ၂၉  ရက်နေ့ ထုတ် “ရမ်းဗြဲ မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကို ညတွင်းချင်း ဖမ်းမိ” ခေါင်းစဉ်ပါ သတင်းမှာလည်း လူမျိုးရေး ဘာသာရေး စကားလုံးထပ်ပြီး ရေးသားထားပါတယ်။
    –       သူတို့ သုံးဦးစလုံးမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။
    –       တစ်ခြား အစ္စလာမ်ဘာသာဝင် လူငယ် (၂)ဦးအား စစ်ဆေး မေးမြန်းနေသည်ကို
    –       အစ္စလာမ်ဘာသာဝင်များမှာ အပြင်ကို မထွက်ဘဲ ရှိနေကြသည်ဟု
    –       မေလ ၂၈ ရက် ညနေ ၅ နာရီကျော်ခန့်တွင် အစ္စလာမ်ဘာသာဝင် လူငယ် သုံးဦး မုဒိမ်းကျင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ မျက်မြင်များ အပြော အရ သူမလည်ပင်းအား လှီးဖြတ်ထားပြီး ရင်ဝကို ဓါးဖြင့် အကြိမ်ကြိမ်ထိုးသတ်ကာ အမျိုးသမီး အင်္ဂါစပ်များအားလည်း ဓါးဖြင့် ချေမွထားကြောင်း
    မေလ ၃၁ ရက်နေ့ ထုတ် “မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရမူကို မကျေနပ်သော ရမ်းဗြဲလူထု ဆန္ဒပြ” ခေါင်းစဉ်ပါသတင်းမှာ
    –       အခု ဖမ်းဆီးထားတဲ့ ကုလား ကောင်လေးတွေဟာ
    –       မုဒိမ်းမူ၊ လူသတ်မူ မဖြစ်ခင်မှာ လမ်းသွားလမ်းလာ မိန်းခလေးတွေ၊ ကျောင်းသူတွေကို ဒီဒေသပတ်ဝန်းကျင်မှာ ရှိတဲ့ ကုလားရွာတွေက တချို့ ဆိုးသွမ်းတဲ့ လူတွေဟာ
    –       အဆိုပါ ဒေသတွင် မွတ်ဆလင် တချို့မှ ကျောင်းသူ ကျောင်းသားများ၊ ဈေးသွား ဈေးလာများကို နှောင့်ယှက်မူများ ရှိခဲ့သဖြင့်
    –       စွပ်စွဲခံထားရသူ ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ကို ဖမ်းဆီးထားကြောင်း
    ဇွန်လ ၂ ရက်နေ့ ထုတ် “ကျောက်ဖြူလူထု မိုးရေကြားထဲ မသီတာထွေးအတွက် သွားရောက် ဆန္ဒပြ
    ပါသတင်းမှာ
    –       ဖမ်းဆီး ရမိထားသော တရားခံ မူဆလင်(၃) ဦးကို
     ရာဇ၀တ်မှုတွေကို လူမျိုးရေး ဘာသာရေး စကားလုံးချင်းထပ်ကာထပ်ကာ တွင်တွင်ရေးသားတင်ပြထားတဲ့ သတင်းတွေ ရခိုင်ပြည်မှာ ပျံ့ သွားပြီး ရခိုင်ပြည်သူတွေကို ဒေါသအမျက်ထွက်စေခဲ့ပါတယ်။
    အလားတူပဲ ဇွန်လ ၁ ရက်နေ့ ထုတ် အဓမ္မကျင့် လူသတ်သူများ သေဒဏ်ပေးရန် ဒေသခံများ တောင်းဆို ခေါင်းစဉ်ပါ ဧရာဝတီသတင်းမှာ
    –       အစ္စလမ် ဘာသာဝင် ၃ ဦးက အဓမ္မပြုကျင့်ခြင်း၊
    –       ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ်ဘာသာဝင်များအကြား မကြာခဏ ပဋိပက္ခ ဖြစ်လေ့ရှိပြီး ကုလားများနှင့်ပတ်သက်၍ တိုင်တန်းချက်များကို သက်ဆိုင်ရာက တာဝန်ယူမှုမရှိသည့် စသဖြင့်
    ရေးသားထားပါတယ်။
     ဒါကြောင့် မေလ ၃၀ ရက်နေ့ကတည်းက ထောင်သွင်းအကျဉ်းချခံရပြီးဖြစ်တဲ့ မုဒိန်းကောင်များကို အခြေခံပြီး ဇွန် ၃ ကျမှ လူသတ်ပွဲကြီးဖြစ်လာစေတာ ဘယ်သူ့မှာတာဝန်ရှိပါသလဲ။ ဇွန် ၅ ရက်မှာ လူထုတွေ လမ်းပေါ်ထွက်လာပြီး တရားဥပဒေစိုးမိုးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ဖို့ အခြေအနေထိ တွန်းပို့တာ ဘယ်မီဒီယာများပါလဲ။ ဒီလို မြန်မာနိုင်ငံတော်အစိုးရပိုင် မီဒီယာရဲ့ သတင်းတင်ဆက်ပုံမျိုးဟာ သွေးနားထင်ရောက်အောင် ဆွပေးတဲ့ သတင်းတင်ဆက်ပုံမျိုးဖြစ် ပါတယ်။ ဒါကို တာဝန်ယူပေးပါ။
    ငြိမ်းချမ်းလှတဲ့ မြန်မာမွတ်စလင်မ်တွေကြောင့်သာ နိုင်ငံအဆင့်အဓိကရုဏ်းမဖြစ်တာပါ။
    နိဂုံးချုပ်အနေနဲ့ကတော့ မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်အမှားပြင်ဆင်ချက်ထည့် ထားတဲ့ ကိစ္စကို ပြောရမှာပါ။
    မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနခင်ဗျား – လူကြီးမင်းတို့အနေနဲ့ လူမျိုးရေး၊ ဘာသာရေး သွေးခွဲသပ်လျှိုတဲ့ အသုံးအနှုံးများအတွက် အမှားပြင်ဆင် ချက်က လုံလောက်ပြီလို့ ထင်မြင်ပါသလားခင်ဗျား။
    ကျွန်တော်တို့ လိုအပ်နေတာ “Apology” လို့ ခေါ်တဲ့ တရားဝင်တောင်းပန်မှုပါ။
    စင်္ကာပူ တူဒေးစ်သတင်းစာက ကျိုက်ထီးရိုးအကြောင်း မကောင်းရေးကြတော့ တောင်းပန်ပါလို့ ပြောခဲ့ကြတဲ့ မြန်မာတွေ၊ အခု ကိစ္စမှာလည်း နိုင်ငံကြီးသားပီသစွာ လက်တွဲဆောင်ရွက်ပေးကြပါ။
    နိုင်ငံကြီးသား ဘာသာခြားမြန်မာများခင်ဗျား။ ပူးပေါင်းပါဝင်လက်တွဲကူညီကြရင်း Racial Harmony, Religious Harmony များဖွံ့ဖြိုးပြီး လူမျိုးခြားအချင်းချင်း ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အင်အားစိုက်ထုတ်ပေးကြပါ လို့ မေတ္တာရပ်ခံလိုက်ရပါတယ်။