News @ M-Media

Blog

  • အစ္စလာမ်မှ သင်ကြားသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး စာအုပ်ထုတ်ဝေရန် မလေးရှားတွင် ထုတ်ဝေရန်ရှိ

    အစ္စလာမ်မှ သင်ကြားသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး စာအုပ်ထုတ်ဝေရန် မလေးရှားတွင် ထုတ်ဝေရန်ရှိ

    ဂေဟဗေဒစနစ်ကာကွယ်ခြင်း အရေးကြီးပုံနှင့်ပက်သက်၍ အစ္စလာမ်၏ သင်ကြားမှုများကို မီးမောင်းထိုးပြထားသည့် စာအုပ်တစ်အုပ်ကို မလေးရှားနိုင်ငံတွင် ထုတ်ဝေရန် စီစဉ်လျက်ရှိသည်။ ထိုစာအုပ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုနှင့်ပက်သက်၍ အစ္စလာမ်သာသနာ့ရှုထောင့်မှ တင်ပြထားပြီး ကုရ်အာန်ကျမ်းတော်မြတ်၏ အာယသ်တော်များ၊ တမန်တော်မြတ် မုဟမ္မဒ်သခင်(ဆွ) ၏ ဟဒီဆ်းတော်များကို တိုက်ရိုက်ကိုးကားမည်ဖြစ်သည်။

    “ဒီစာအုပ်ကို မွတ်စလင်တွေအတွက် ရည်ညွှန်းချက်အဖြစ် ထုတ်ဝေသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းတွေမှာ ကူညီနိုင်တဲ့ ရှေ့ဆောင်ဆရာတော်တွေနဲ့ အစ္စလာမ့်ဓမ္မဆရာတွေ အတွက်ပါ။ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ အာယသ်တော်တွေ၊ တမန်တော်မြတ်(ဆွ)ရဲ့ ဟဒီးဆ်တော်တွေနဲ့ အချက်အလက်ပြည့်ပြည့်စုံစုံ ဖော်ပြထားတဲ့ ဒီစာအုပ်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေမှာ ကူညီဆောင်ရွက်နေသူ အားလုံးကို အကျိုးဖြစ်ထွန်းစေနိုင်မှာပါ။” ဟု Institute of Islamic Understanding Malaysia (IKIM)၏ ဒါရိုက်တာဖြစ်သူ မွတ်စ်တာဖါ ဟာဆန် (Mustapha Hassan) က Malaysia Star သတင်းစာသို့ မေလ ၂၁ ရက်၊ တနင်္လာနေ့က ပြောကြားခဲ့သည်။

    မလေးရှားနိုင်ငံရှိ World Wide Fund for Nature (WWF) မှ စီစဉ်လျက်ရှိသော အဆိုပါစာအုပ်ကို လာမည့် ဇူလိုင်လတွင် ထုတ်ဝေနိုင်မည်ဖြစ်သည်။ မွတ်စလင်များအား ရည်ညွှန်းခြင်းဖြစ်ပြီး အထူးသဖြင့် အီမာမ်များ၊ ပညာရှင်များနှင့် အစ္စလာမ့်ဓမ္မဆရာများအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုကဏ္ဍတွင် ပါဝင်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ မွတ်စ်သာဖာ၏ပြောဆိုချက်အရ အဆိုပါစာအုပ်ထုတ်ဝေခြင်းသည် အစဉ်အမြဲပြောင်းလဲနေသော ကမ္ဘာကြီးကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော အစ္စလာမ်နှင့် မွတ်စလင်များအဖို့ သုတေသနလုပ်ငန်းများလုပ်ဆောင်ရန် IKIM ၏ ဆောင်ရွက်ချက်ဖြစ်သည်။

    “အစ္စလာမ်ရဲ့သင်ကြားမှုနဲ့ စပ်ဆက်နေတဲ့ သဘာဝပတ်ဝန်းကျင်၊ သားရိုင်းတိရစ္ဆာန်တွေရဲ့ ကဏ္ဍတွေ၊ ပြဿနာတွေကို ကျွန်တော်တို့ အလေးထားချင်ပါတယ်။” ဟူ မွတ်စ်တာဖာက ဆိုသည်။

    အဆိုပါစာအုပ်ထုတ်ဝေရန် ပြင်ဆင်သည့်အနေဖြင့် IKIM ၏ စာရေးဆရာများသည် ပျောက်ကွယ်လုနီးပါး တိရိစ္ဆာန်များအား WWF Malaysia မှ ထိန်းသိမ်းစောင့်ရှောက်ထားသည့် Perak ပြည်နယ် Gerik ခရိုင်နှင့်၊ Terengganu ပြည်နယ် Setiu ခရိုင်တို့ရှိ the Belum-Temengor Forest Complex များသို့ သွားရောက်လေ့လာခဲ့သည်။

    “နေရာနှစ်ခုစလုံးကတော့ နိုင်ငံရဲ့ အဓိကအမှတ်အသားဖြစ်တဲ့ မလေးကျားနဲ့၊ ပင်လယ်လိပ်အပါအ၀င် ပျောက်ကွယ်လုနီးပါး တိရိစ္ဆာန်တွေရဲ့ ဗိမာန်တွေပါပဲ။ ကျွန်တော်တို့ ထုတ်ဝေမယ့် စာအုပ်မှာ အလေးပေးဖေါ်ပြသွားမှာပါ။” ဟု မွတ်စ်တာဖာက ဆိုသည်။

    အဆိုပါစာအုပ်သည် သားရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပက်သက်၍ အစ္စလာမ်၏သင်ကြားမှုများကို မီးမောင်းထိုးပြရန် အားထုတ်လုပ်ဆောင်နေမှု၏ တစိတ်တပိုင်း ဖြစ်လေသည်။

    “၂၀၀၈ ခုနှစ်က Terengganu ပြည်နယ်တစ်ဝှမ်းမှာရှိတဲ့ ဗလီပေါင်း ၄၂၈ လုံးကို ‘သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးသည် ကျွန်ုပ်တို့အားလုံး၏ တာဝန်ဖြစ်သည်။’ ဆိုတဲ့ခေါင်းစဉ်နဲ့ သောကြာနေ့ တရားဒေသနာ ဟောကြားစေခဲ့ပြီး၊ ဒါဟာ WWF-Malaysia၊ IKIM နဲ့ ဒေသတွင်းအဖွဲအစည်းတွေရဲ့ ပူးပေါင်းအားထုတ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီလိုပဲ Kelantan ပြည်နယ်Jeli မြို့မှာလည်း ပြည်နယ်အီမာမ်က ပေးပို့တဲ့ ‘ကာကွယ်စောင့်ရှောက်မှုလိုအပ်နေသော တိရစ္ဆာန်များ’ ခေါင်းစဉ်နဲ့ သောကြာနေ့ တရားဒေသနာဟောကြားခြင်းကိုလည်း ကျွန်တော်တို့ စတင်ဆောင်ရွက်ခဲ့ပြီး၊ ရှေ့ဆောင်ဆရာတော်တွေနဲ့ အစ္စလာမ့်ဓမ္မဆရာတွေ ပူးပေါင်းပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုကိုလည်း Perak မှာ ကျင်းပပြီးဖြစ်ပါတယ်။”ဟု WWF-Malaysia၏ အကြီးတန်းအရာရှိ Dato’ Dr. Dionysius Sharma က WWF ၀ဘ်ဆိုဒ်သို့ ပြောကြားသည်။

    WWF-Malaysia (World Wildlife Malaysia) သည် မလေးရှားနိုင်ငံဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းပေါင်း ၇၅ ခုကျော်တွင် ပါဝင်လုပ်ဆောင်လျက်ရှိသည်။ ၁၉၇၂-မှစ၍ ကျား၊ ပင်လယ်လိပ်များကဲ့သို့ ပျောက်ကွယ်လုနီးပါး တိရိစ္ဆာများအား စုဆောင်းထိန်းသိမ်းခြင်းလုပ်ငန်း၊ မြစ်များ၊ ပင်လယ်များနှင့်၊ ကုန်းမြင့်ဒေသရှိ သစ်တောများ ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်း စသည့် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို တက်ကြွစွာလုပ်ဆောင်ခဲ့သော အဖွဲ့လည်းဖြစ်သည်။

    မူရင်းကိုးကားသတင်း-http://ww2.onislam.net/english/news/asia-pacific/457186-malaysian-book-highlights-green-islam.html

    ဘာသာပြန်-ဝေဇင်

  • အီရန် နူးအစီအစဉ်တွင် မည်သည့် သံသယဖြစ်စရာ အလှည့်အပြောင်းမှ မတွေ့ဟု အိုင်အေအီးအေဆို

    အီရန် နူးအစီအစဉ်တွင် မည်သည့် သံသယဖြစ်စရာ အလှည့်အပြောင်းမှ မတွေ့ဟု အိုင်အေအီးအေဆို

    မေလ-၂၅ရက်။      ။သောကြာနေ့တွင် အိုင်အေအီးအေအကြီးအကဲ အမာနိုက အိုင်အေအီးအေဘုတ်အဖွဲ့သို့ အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ကြောင်း နိုင်ငံတကာ အစ္စလာမ်မစ် သတင်းအေဂျင်စီ (အိုင်အာရ်အင်အေ)က ဖော်ပြသည်။


    အိုင်အေအီးအေ အကြီးအကဲ ယူကီးရ အမာနို

    ထိုအစီရင်ခံစာတွင် စုံစမ်းစစ်ဆေးမှုများအရ အီရန်နူးအစီအစဉ်၌ တစ်စုံတစ်ရာ အလှည့်အပြောင်း မတွေ့ရကြောင်း တင်ပြထားသည်။ အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် အီရန်၏ အိုင်အေအီးအေ ကိုယ်စားလှယ် အလီအက်ဆ်ဂဲရ် စုလတားနီးယားက “အမာနိုရဲ့အစီရင်ခံစာအရ အီရန်အက်တမ်မစ် နည်းပညာ(နူးကလီးယား) ဆောင်ရွက်မှုတွေ၊ အထူးသဖြင့် ယူရေနီယံသန့်စင်မှုလုပ်ငန်းတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း အနေအထားမှာ ရှိနေတယ်ဆိုတာ နောက်ထပ် သက်သေတစ်ရပ်ဖြစ်ပါတယ်။ ဒါ့ပြင်အီရန်ကလည်း အိုင်အေအီးအေနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုတာ သက်သေပဲဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

    ဗီယင်နာတွင် ဇွန်လ၌ကျင်းပမည့် အိုင်အေအီးအေ အုပ်ချုပ်ရေးဘုတ် အဖွဲ့အစည်းအဝေးတွင် အီရန်နူးအရေး နောက်ဆုံးအစီရင်ခံစာနှင့် ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း လည်း သိရသည်။အိုင်အေအီးအေ လက်ထောက်အထွေထွေ ဒါရိုက်တာနှင့် လုံခြုံရေးဌာန အကြီးအကဲ ဟာမန်းနက်ကာယက်စ်၊ ပေါ်လစီပိုင်းဆိုင်ရာ လက်ထောက်အထွေထွေဒါရိုက်တာ ရာဖာရဲလ် မာရီယာနို ဂရော့ဆီတို့နှင့်အတူ ကုလသမ္မဂ၊ နူးကလီးယားအေဂျင်စီ အကြီးအကဲပါဝင်သော အဖွဲ့နှင့် အီရန်၏ စီနီယာ ကိုယ်စားလှယ်များ တီဟီရန်တွင် တွေ့ဆုံခဲ့ကြသည်။ ပီ ၅+၁ အုပ်စုဟုအမည်ရသည့် ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှ၊ အမေရိကန်နှင့် ဂျာမန်တို့ပါဝင်သောအဖွဲ့နှင့် အီရန်ကိုယ်စားလှယ်များ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် ဘက်ဂဒက်၌ ကဏ္ဍခွဲ နှစ်ကြိမ်ပါဝင်သော အစည်းအဝေးပြုလုပ်ခဲ့ကြောင်းလည်း PRESS TV သတင်းက ဖော်ပြထားသည်။နှစ်ဘက်စလုံးက လာမည့် ဇွန် ၁၈ နှင့် ၁၉ တို့တွင် ထပ်မံတွေ့ဆုံဆွေးနွေးဖို့ သဘောတူထားကြသည်။

    သတင်း – http://www.presstv.ir/detail/2012/05/25/243097/amano-no-diversion-iran-nprogram/

     

  • မလေးရှားနိုင်ငံ ပီနန်းတွင် ဘတ်စ်ကားတိမ်းမှောက် မြန်မာ ၂ ဦးသေဆုံး

    မလေးရှားနိုင်ငံ ပီနန်းတွင် ဘတ်စ်ကားတိမ်းမှောက် မြန်မာ ၂ ဦးသေဆုံး

    မလေးရှားနိုင်ငံ ပီနန်းမြို့တွင် မြန်မာအများစု စီးနင်းလာသော ခရီးသည်တင်ယာဉ်ဟာ အမြင့်ပေ ၁၀မီတာ (ပေ၃၀) ခန့်ရှိတဲ့ ချောက်ထဲကို ပြုတ်ကျသွားမှုကြောင့် မြန်မာလူမျိုး ၂ဦးသေဆုံးပြီး ၄၄ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ကွယ်လွန်သူဟာ  ဦးအောင်ကျော်(ခ) အဗ္ဗဒွလ် ဂျတ်ဗါး (Abdul Jatba)  ၄၇နှစ် ဖြစ်ပြီး ဘတ်စ်ကား ထဲကနေ အပြင်ကို လွင့်စင်ကျသွားခဲ့တာပါလို့ သိရပါတယ်။ တခြား ကွယ်လွန်သူကတော့ မည်သူဖြစ်မှန်းယခုထိ အမည်နှင့်တကွ မသိရသေးပါ၊ ထိုသူဟာ ယာဉ်အပျက်အစီးများ ထဲက ထုတ်ပြီးမှ ဒဏ်ရာများနဲ့ ဆုံးပါးသွားတာလို့သိရပါတယ်။ ဒီဖြစ်ရပ်မှာ ဘတ်စ်ကား ခေါင်းမိုးတစ်ခုလုံး ပြုတ်ထွက်သွားပါတယ်။

    ပီနန်းမှ မီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ.မှ ချောက်ထဲပြုတ်ကျ ပျက်ဆီးနေတဲ့ ဘတ်စ်ကားအား စစ်ဆေးကြည့်ရှု.နေကြစဉ်။

     ဘာလစ်ပူလော (Balik Pulau) ရဲဌာန မှ အကြီးအကဲ မိုဟမ္မဒ် ဟာတာ မိုဟမ္မဒ် ဇိန် (Mohd Hatta Mohd Zain) က ဘတ်စ်ကားထဲမှာ ကားမောင်းသမား ၂ဦးအပါအဝင် လူစုစုပေါင်း ၄၆ဦး စီးနင်းလိုက်ပါခဲ့ပြီး မြန်မာလူမျိုးများဟာ ဒီမှာ ကျင်းပတဲ့ ဘာသာရေးအစီအစဉ်တစ်ခုကို သွားနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ည ၈ နာရီက ဖြစ်ပွားခဲ့တဲ့ ဒီဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လူ ၁၃ဦးဟာ အရေးပေါ် အခြေအနေမှာရှိပြီး တခြားသူများက သာမန်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူက ဆိုပါတယ်။

    လေထန်ပြီး ရှုပ်ထွေးနေတဲ့ ထွန်းစာဒွန်းလမ်းမကြီး (Jalan Tun Sardon) မှာ မနေ့ည ၈ နာရီမှာ တောင်စောင်းကနေ ယာဉ်အဆင်းတွင်  ကားမောင်းသမားက အရှိန်မထိန်းနိုင်ခဲ့ပါဘူး။ ရဲများ၊ မီးသတ်နှင့် ကယ်ဆယ်ရေးသမားများ၊ အရပ်ဘက်ကူညီကယ်ဆယ်ရေးသမားများက ကြိုးစားကယ်တင်ခဲ့ကြပေမဲ့ ဆိုးရွားတဲ့ ရာသီဥတုနဲ့ အလင်းရောင်နဲပါးမှုကြောင့် နှောင့်နှေးခဲ့ကြပါတယ်။

    မီးသတ်သမားများဟာ ကျဉ်းမြောင်းလွန်းတဲ့ တောင်စောင်းမှာ ကြိုးတွေချပြီး ကယ်တင်ခဲ့ကြပြီး ဒဏ်ရာရသူတွေကို ဘာလစ်ပူလော ဆေးရုံကို ပို့ပေးကြပါတယ်။ အချို.ကို ပီနန်း ဆေးရုံကြီးကို လွဲပြောင်းပို့ပေးခဲ့ကြပါတယ်။

    ဘတ်စ်ကားအနောက်ဘက်မှာ ထိုင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား ထိန်ဝင်း (၃၀နှစ်)က ဘတ်စ်ကားဟာ တိမ်းစောင်းသွားတာကို သိလိုက်ရပြီးတော့ အော်ကြ၊ ညည်းတွားကြတဲ့ အသံတွေပါ တဆက်ထဲ ကြားလိုက်ရတယ်

    “နောက်သိလိုက်ရတာက ဘတ်စ်ကားက တိမ်းမှောက်သွားပြီး လူတိုင်းက ထွက်ပေါက်ကို ကြောက်လန့်တကြား ရှာနေကြတယ်”  လို့ ဆိုပါတယ်။ သူက ခေါင်းမှာ ထိခိုက်ဒဏ်ရာရပြီး အရေပြားမှာ အညိုအမည်းတွေစွဲသွားခဲ့ပါတယ်။

    တခြားခရီးသည်တစ်ဦးဖြစ်တဲ့ မိုဟမ္မဒ် ရှုအိုက်ဘ် (Mohd Shuib) ကတော့ တစ်ခုခု မီးလောင်သလို အနံမျိုးကို အရင်ရလိုက်တယ်။ ”သိပ်မကြာခင်ပဲ ဘတ်စ်ကား ဓါတ်မီးတိုင်နဲ့ တိုက်ပြီး တိမ်းမှောက်သွားတော့တာပဲ” လို့ဆိုပါတယ်။

    ပီနန်းမီးသတ်နဲ့ ကယ်ဆယ်ရေးဌာန ညွှန်မှူး အတ်ဇမီ တာနတ် (Azmi Tanat) က မနေ့က ည ဂ နာရီ ၅ မိနစ်လောက်မှာ သူတို့ အကူအညီတောင်းတဲ့ ဖုန်းဆက်သတင်း ရရှိခဲ့ပြီး ၁၀ မိနစ်အကြာမှာ ဖြစ်ပွားရာနေရာကို ပထမ မီးသတ်ကား ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

    source: http://thestar.com.my/news

    ကွာလာလမ်ပူမှ အကူညီပေးမည့် သူများမှာ ညတွင်းချင်း ပီနန်သို့ သွားရောက်ခဲ့ကြောင်း သိရှိရပါတယ်။

  • အစ္စရေးတွင် အဖျက်စွမ်းအား ကြီးမားသော လက်နက်များ အစုလိုက် အပြုံလိုက်ရှိ

    အစ္စရေးတွင် အဖျက်စွမ်းအား ကြီးမားသော လက်နက်များ အစုလိုက် အပြုံလိုက်ရှိ

    Israel’s Nuclear, Biological and Chemical Weapons by Stephen Lendmen (Source) ၊ မေလ ၁၇ ရက် ၊၂၀၁၂ နေ့စွဲပါ ဆောင်းပါးကို အတိုချုန်း တင်ဆက်ထားပါသည်။

    အစ္စရေး၏ သိုသိုသိပ်သိပ်မရှိလှသည့် လျို့ဝှက်ချက်မှာ စွမ်းအားပြင်းအနုမြူလိုက်နက်တိုက် ပိုင်ဆိုင်မှု ပင်ဖြစ်သည်။ သို့သော် အစ္စရေး၏ ဓာတုနှင့်ဇီဝလိုက်နက်စွမ်းအားများ အကြောင်းကိုမူ လူသိနည်းလှ ပေသည်။ အောက်တွင် ထိုအကြောင်းကို ဖော်ပြပေးထားပါသည်။
    အစ္စရေးနိုင်ငံ၊ ဒီမိုနာမြို့မှ နူးကလီးယားပညာရှင် မော်ဒက်ချိုင်း ဗနုနု (Mordechai Vanunu )က ဓာတုနှင့်ဇီဝ လက်နက်များ နှင့် ဆိုင်သည့် သံသယဖြစ်ဖွယ်စာရွက်စာတမ်းများကို ၁၉၈၆ ခုနှစ်က ဖွင့်ချပြခဲ့ဖူးသည်။ အစ္စရေး အနေဖြင့် နူးကလီးယားလက်နက်များကို ဖန်တီးစမ်းသပ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် အစုလိုက်အပြုံလိုက် သိမ်းဆည်း ခြင်းများကို နှစ်ပေါင်းများစွာ ပြုလုပ်လာခဲ့ကြသည်။
    ကျွမ်းကျင်သူများက ဗနုနု၏ သတင်းအချက်အလက် မှန်ကန်ကြောင်း ဆိုခဲ့ကြသည်။ အစ္စရေးတို့က အင်အားပြင်း နူကလီးယားသိုလှောင်ရုံတစ်ခု ဖြစ်လာရန်အတွက် ရှုပ်ထွေးလှသော နည်းပညာရပ်ကို ဖော်ထုတ်ခဲ့ကြသည်။ ယနေ့တွင်မူ ယ္ခင်ကထက်ပို၍ အင်အားကြီးမားလာပြီဖြစ်သည်။
    ၁၉၉၁ က ဆေးမို ဟားရှ် (Seymour Hersh) ဟုအမည်ရသော နာမည်ကြီးစာရေးဆရာ ရေးသားသည့် “The Samson Option: Israel’s Nuclear Arsenal and America Foreign Policy,” ခေါ် အစ္စရေးနူးကလီးယားလက်နက်တိုက်နှင့် အမေရိကန်နိုင်ငံခြားရေးမူဝါဒဟူသော စာအုပ်တွင် စာရေးသူက ပြင်းထန်သည့်ခြိမ်းခြောက်မှုများကို တုန့်ပြန်ရန်ရည်ရွယ်ချက်ဖြင့် ထားရှိသော အစ္စရေး၏ စွမ်းအားပြင်း နူကလီးယားတန်ပြန်တိုက်ခိုက်မှု နည်းနာများအကြောင်းကို ​ဆွေးနွေးထားသည်။
    ၁၉၉၇ တွင်ထုတ်ဝေသော ဆေးမိုဟာရှ်၏ “Open Secrets: Israeli Nuclear and Foreign Policies,” ခေါ် အစ္စရေးနူးကလီးယားနှင့် နိုင်ငံခြားရေးမူဝါဒများစာအုပ်တွင် ဟီးဗရူးတက္ကသိုလ်၊ ဂျေရုစလင်မ်၏ ဓာတုဗေဒပါမောက္ခ အစ္စရာအီလ် ရှာဟက်က အစ္စရေးအနေဖြင့် အရှေ့အလယ်ပိုင်း နိုင်ငံများအပေါ် ဩဇာလွှမ်းမိုးမှု ပိုမို အဆင့်မြှင့်တင်ရန် နူးကလီးယားနှင့် အခြားလက်နက်များ အသုံးပြု ဖို့ ဝန်လေးနေမှာမဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
    ၂၀၀၆ တွင်၊ အစ္စရေးဝန်ကြီးချုပ် အူဟုဒ် အိုမားတ်က ဂျာမနီ စက် (၁) ရုပ်မြင်သံကြား (Germany’s Sat. 1 channel) သို့ အောက်ပါအတိုင်း ပြောကြားခဲ့သည်။
    “အီရန်က အစ္စရေးကို မြေပုံပေါ်ကဖျောက်ပြစ်မယ်လို့ ပွင့်ပွင့်လင်းလင်းပဲ လူထုပရိသတ်ကို အသိ ပေး ခြိမ်းခြောက်နေတယ်။ သူတို့က ခုမှ အမေရိကန်၊ ပြင်သစ်၊ အစ္စရေးနဲ့ ရုရှတို့လိုမျိုး နူးကလီး ယားပိုင်ဆိုင်ဖို့ ကြိုးစားနေတုန်းရှိသေးတယ်၊ (ရာရာစစ) အဆင့်ချင်းမတူပဲ တန်ရာပြောတယ်လို့ ဘယ်လိုလုပ်ပြောနိုင်ပါ့မလဲ။”
    အူဟုဒ် အိုမားတ်ကမူ ပရိသတ်က ရှင်းရှင်းလင်းလင်းနားထောင်ခဲ့ရသော ထိုစကားမျိုးကို သူမပြော ပါဟု နောက်ပိုင်းတွင် ငြင်းချက်ထုတ်ခဲ့သည်။ သူ့အား နဲနဲလျော့ပါအုန်းဟု တောင်းဆိုရမည်ပင်။ သို့မဟုတ်ပါက အစ္စရေးတွင် နူးကလီးယားလက်နက်များ ရှိနေကြောင်း သေချာသည့်စုံစမ်းမှုမျိုး မပါဘဲ စွပ်စွဲနေမှုများအား သူ၏စကားကပင် လူသိရှင်ကြား ထောက်ခံအသိပေးသလိုမျိုး ဖြစ်ခဲ့သည်။
    အစ္စရေးတို့က အမြဲတမ်းလိုလို သူတို့၏နူကလီးယားပိုင်ဆိုင်မှုကိစ္စကို သို့လောသို့လောသံသယဝင် ရသည့်အဆင့်မျိုးသာ ဖော်ပြကြသည်။  အူဟုဒ် အိုမားတ်က နောက်ကြောင်းပြန်လှည့်ခဲ့သော်လည်း ဝေဖန်မှုများကိုမူ တစ်စုံတစ်ရာ ကျေနပ်မှုမပေးနိုင်ခဲ့ချေ။ သူ၏ ပြိုင်ဘက်ပါတီက သူ့အား မိမိစကား အပေါ် တာဝန် မယူနိုင်သူဟု သမုတ်ခဲ့သည်။
    မီရက်ဇ် (Meretz) ပါတီမှ ယော့စ်နီ ဘိုင်လင်က “ဝန်ကြီးချုပ်ရဲ့ နူးကလီးယားစွမ်းအားနဲ့ဆိုင်တဲ့ ပြောဆိုမှု ဟာ တာဝန်မယူနိုင်တဲ့ ပရမ်းပတာပြောစကားမျိုးဖြစ်တယ်ဆိုတာ မီးမောင်းထိုးပြနေ ပါတယ်။” ဟု ပြောဆိုခဲ့သည်။
    အိုမားတ်၏ ပြောစကားမှာ အတော်ကလေးတာသွားခဲ့သော်လည်း အပျက်ပျက်ကိန်းမဆိုက်ဖို့ ဖာထေးမှုများကလည်း များပြားခဲ့ပေသည်။ အိုမားတ်၏ ပြောခွင့်ရပုဂ္ဂိုလ် မီရီအိုင်ဆင်က ဝန်ကြီးချုပ် ၏ မှတ်ချက်မှာ အစ္စရေးတွင် နူးကလီးယားလက်နက်များရှိသည် သို့မဟုတ် အစ္စရေးက နူးကလီး ယားလက်နက် ပိုင်ဆိုင်လိုသည်ဟု အဓိပ္ပါယ်မရကြောင်း ပြောဆိုခဲ့သည်။
    သို့သော် မော်ဒက်ချိုင်း ဗနုနု၏ ဖော်ထုတ်မှုအရမူ လွန်ခဲ့သည့် အနှစ် ၂၀ ကတည်းက အမှန်တရား မှာ ဘူးပေါ်သလို ပေါ်ခဲ့ရပြီးဖြစ်သည်။ ဗနုနုက “အနှစ် ၂၀ လုံးလုံး သူတို့က ကျွန်တော့် သက်သေပြမှု ကို လိမ်လည်လှည့်ဖျားမှုတွေလုပ်ခဲ့တယ်။ ဒါပေမယ့် မအောင်ခဲ့ပါဘူး။” ဟု ဆိုသည်။
    အစ္စရေးကမူ ၎င်းတို့၏နူးလက်နက်ကိစ္စကို ဆွေးနွေးဖို့ ငြင်းဆန်နေမြဲဖြစ်သည်။ မေလ ၄ ရက်နေ့ ထုတ် ဟားရက်ဇ် (Haaretz) သတင်းစာ ခေါင်းကြီးပိုင်းတွင် “အစ္စရေး၏ အက်တမ်မစ် လက်နက် တိုက်မှာ အမေရိကန်နူးကလီးယားမူဝါဒ၏ သားကောင်ဖြစ်နိုင်” ဟု ခေါင်းစီးဖြင့် သတင်းဖော်ပြခဲ့ ဘူးသည်။ သတင်းက –
    “ပြီးခဲ့တဲ့ဖေဖော်ဝါရီက ဟီရိုရှီးမားကို အလယ်အပတ်ရောက်ခဲ့ပါတယ်။ (အစ္စရေး ကာကွယ်ရေး ဝန်ကြီး အူဟုဒ်ဘာရတ်) ၏ အာရုံကို ‘ ကမ္ဘာ့မြေပုံပေါ်တွင် အက်တမ်မစ်စွမ်းအား ပိုင်ဆိုင်သော နူးကလီးယားထိပ်ဖူးများ စာရင်းဇယားအလိုက် ရှိနေပြီဟု ‘ ဘာရတ်နှင့်အတူ လိုက်ပါသွားသူက ဆွဲဆောင်ပြောဆိုခဲ့ပြီး တဆက်တည်း ထိုစာရင်းဇယား၏ နံပါတ်စဉ် ၈၀ တွင် အစ္စရေးကလည်း နေရာယူလိုက်ပြီဟု ပြောကြားခဲ့သည်။ ဘားရတ်က ထိုပြောကြားချက်ကို မည်သို့မျှမတုန့်ပြန်ခဲ့ပေ။”
    ကျွမ်းကျင်သူ အများစုကြီးက အစ္စရေးတွင် နူးကလီးယားထိပ်ဖူး ရာပေါင်းများစွာနှင့် ရှုပ်ထွေးဆန်း ပြားသည့် အဝေးပြစ်စနစ်များလည်း ရှိနေပြီဟု ယုံကြည်ကြသည်။
    ပင်တဂွန်စစ်ဌာနချုပ်၏ စစ်ထောက်လှမ်းရေးအေဂျင်စီမှ ၁၉၉၀ နောက်ပိုင်းအခြေအနေများပါ လျို့ဝှက်စာတမ်းတစ်ခုမှာ သမ္မတဘုရှ်လက်ထက်၌ ပေါက်ကြားခဲ့ပြီး ထိုစာတမ်းအရ ၁၉၉၉ တွင် အစ္စရေးပိုင် နူးလက်နက်ထိပ်ဖူးပေါင်း ၆၀ မှ ၈၀ ထိရှိကြောင်း သိရသည်။
    အစ္စရေးသည် မည်သည့်အခါကမှ နူးကလီးယားပမာဏများပြားစွာ မထားရှိရေးနိုင်ငံတကာသဘော တူညီမှုကို လက်မှတ်မထိုးခဲ့ဖူးချေ။ ၁၉၆၉ တွင် အစ္စရေးဝန်ကြီးချုပ်က နူးကလီးယားကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမထိခိုက်စေရဟု အမေရိကန်ကို သဘောတူညီခဲ့ဖူးသည်။ ၁၉၉၈ တွင် ကလင်တန်နှင့် နတန်ယာဟုတို့က သည့်အတိုင်း သဘောတူခဲ့ကြပြန်သည်။ ၂၀၀၉ ၊ အိုဘာမား လက်ထက်တွင်လည်း ထိုအတိုင်းပင်။
    အဆုံးတွင် ကျွမ်းကျင်သူများ ပြောင်းလဲရပြီ။  ငြိမ်းငြိမ်းချမ်းချမ်းဆောင်ရွက်နေသည့် အီရန်နူး ကလီးယားအစီအစဉ်အပေါ် အစ္စရေး၏ စစ်ကြေညာသည့်နှယ် တုန့်ပြန်မှုမှာ သူ(အစ္စရေး)အနေဖြင့် (တနည်းအားဖြင့်) ၎င်းတို့ကိုယ်တိုင်၏ စစ်အင်အားကို တိုးတက်မြင့်မားစေရန် လုပ်ဆောင်နေခြင်း ပင်ဖြစ်သည်။
    အစ္စရေး၏ ဓာတုဇီဝလက်နက်များ ၁၉၉၃ တွင် အစ္စရေးက ဓာတုလက်နက်ထိန်းချုပ်ရေးသဘောတူညီမှု (CWC) ကိုလက်မှတ်ရေးထိုး ခဲ့သည်။ သို့သော် လက်တွေ့ဆောင်ရွက်မှုမျိုး မပြုလုပ်ခဲ့ပေ။ ၁၉၇၂ ဇီဝလက်နက်ထိန်းချုပ်ရေး သဘောတူညီမှု(BWC) ကိုမူ လက်မှတ်မထိုးခဲ့ပေ။
    ၁၉၉၃ ခုနှစ်၊ အမေရိကန်၊ ကွန်ဂရက်ရုံးဌာန၊ နည်းပညာသုံးသပ်မှုဆိုင်ရာကြေညာစာတမ်းတွင် အစ္စရေးကို ဓာတုလက်နက်စွမ်းအင်ပိုင် (ပိုင်ဆိုင်မှုကို ဖော်ပြခြင်းမရှိသော) နိုင်ငံတစ်ခုအနေဖြင့် စာရင်းသွင်းထားသည်။ ၁၉၉၈ တွင် ဒုတိယလက်ထောက် ကာကွယ်ရေးဌာနအတွင်းရေးမှူးဖြစ်သူ ဘီလ်ရစ်ချက်ဆင်က “အစ္စရေးက ဇီဝနဲ့ဓာတုလက်နက်တွေကို လုပ်နေတာကြာနေပြီဆိုတာ ကျွန်တော် သံသယမရှိပါဘူး။ သူတို့ဆီမှာ ဒါမျိုးတွေ နှစ်များစွာကပဲ ရှိနေခဲ့တာပါ။” ဟု ပြောဆိုခဲ့ သည်။
    ၂၀၀၆ ခုနှစ်၊ Cast Lead ဟု အမည်ပေးထားသည့် ဂါဇာစစ်ပွဲတွင် လက်ဘနွန်အား ဓာတုလက်နက်၊ ဇီဝလက်နက်ဆက်စပ်သည့် လက်နက်များဖြင့် အစ္စရေးကတိုက်ခိုက်ခဲ့သည်။ ဒဏ်ရာရသူများကို စစ်ဆေးရာ၊ တခါမှမမြင်ဘူးသည့် လက္ခဏာအခြေအနေများကို ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများ တွေ့ရှိခဲ့ရ ကြောင်း ဖော်ပြသည်။
    ဥပမာ ကိုယ်ခန္ဓာပေါ်တွင် အသားသေများကိုတွေ့ရသော်လည်း ထိုအသားများတွင် မည်သည့်ဒဏ်ရာ မှ မတွေ့ရခြင်း၊ အလောင်းများမှာ ကျုံ့ဝင်သွားပြီး မူလအရွယ်အစားထက် သေးငယ်နေခြင်း၊ အရပ်သားများတွင် ခြေသို့မဟုတ် လက်မောင်းများ၌ ပြင်းထန်သည့် ထိခိုက်မှုခံစားရပြီး ထိုနေရာများ ကို ဖြတ်ပြစ်လိုက်ရခြင်း စသည်များဖြစ်သည်။ မည်သို့ပင်ကုသစေကာမူ ထိုအသားသေ များ ရှိနေသူများသည် အဆုံးတွင် သေဆုံးခဲ့ကြသည်။
    ခန္ဓာကိုယ်အတွင်းပိုင်းဒဏ်ရာများကို စစ်ဆေးရာ၌လည်း မည်သည့်လက်နက်နှင့် ပြစ်ခတ်မှုကြောင့် ဒဏ်ရာရရှိနေကြောင်း ခွဲခြမ်းစိတ်ဖြာ၍ မရခဲ့ပေ။ အလောင်းကောင်များမှာ မီးမျိုက်ထားသလို မဲနေသော်လည်း လက်တွေ့တွင်မူ ၎င်းတို့မှာ မီးလောင်ခံခဲ့ရသည်မဟုတ်ပေ။ အချို့သော ဒဏ်ရာ ပြင်းထန်နေသူများသည် ဒဏ်ရာများမှ သွေးထွက်ခြင်းမရှိပေ။ ပါလစ္စတိုင်း ကျန်းမာရေးဝန်ကြီးဌာန ကမူ အစ္စရေးက အဆိပ်နှင့် ရေဒီယိုသတ္တိကြွပစ္စည်းများပါသည့် ဖောက်ခွဲရေးလက်နက်အသစ်ကို အသုံးပြုခဲ့သည်ဟု ဆိုသည်။ ပါလစ္စတိုင်းဆရာဝန်များက X ray ဖြင့် မစစ်ဆေးနိုင်သော အသား ပျော့များပေါ်၌ ထိခိုက်သည့် ဒဏ်ရာများမှာ အစ္စရေး၏ဓာတုလက်နက်ကြောင့်ဖြစ်ကြောင်း စွပ်စွဲပြော ကြားသည်။
    ၂၀၁၁၊  ဇွန် ၊ CounterPunch  သတင်းစာတွင် ဆာလေဟ်အလ် နာမီဆိုသူ၏ “အစ္စရေး၏ အန္တရာယ်အပြင်းဆုံး လျို့ဝှက်ချက်အား ဖော်ထုတ်ခြင်း” အမည်ဖြင့် ​ဆောင်းပါးတစ်ပုဒ် ပါဝင်ခဲ့သည်။ အစ္စရေး၏ ဇီဝသုတေသနဌာန၊ Israeli Institute for Biological Research (IIBR) သို့ ခွင့်ပြုသူများသာ ဝင်ရောက်ခွင့်ရကြောင်း၊ အစ္စရေးကမူ IIBR ကို အစိုးရနှင့်သက်ဆိုင်သော ဇီဝ၊ ဆေးဘက်ဆိုင်ရာ ဓာတုနှင့် ပတ်ဝန်းကျင်းသိပ္ပံဆိုင်ရာ ကဏ္ဍများ သုတေသနပြုလုပ်သည့် နည်းပညာဌာအဖြစ် ဖော်ပြကြောင်းသိရသည်။
    “အခြားသူများက IIBR ကို အစ္စရေး၏ ဓာတုဇီဝလက်နက်ထုတ်လုပ်ရာ နေရာအဖြစ် ဖော်ပြကြပြီး ထိုလက်နက်များကို စစ်ဘက်ဆိုင်ရာများအတွက် ပြင်ဆင်ထားကြောင်း သိရသည်။ ထိုနေရာမှာ အစ္စရေး၏ စစ်ဘက်ဆိုင်ရာ အလျို့ဝှက်ဆုံးနေရာဖြစ်ကြောင်း ဖော်ပြကြသည်။”
    ၁၉၄၈ ၌ အစ္စရေးဝန်ကြီးချုပ် ဒေးဗစ် ဘင်ဂူးရီယန်က လူများများသတ်ပြစ်နိုင်မည့် သိပ္ပံပညာရှင်နှင့် လူများများကုသပေးနိုင်မည့် သိပ္ပံပညာရှင် နှစ်မျိုးလုံးကို အလုပ်ပေးခန့်အပ်ရန်၊ ထိုနှစ်မျိုးလုံးမှာ အရေးကြီးကြောင်း ဥရောပတိုက်နေ ဂျူးသိပ္ပံပညာရှင်များကို အမိန့်ပေးခဲ့ဖူးသည်။ သူ (ဘင်ဂူးရီယန်) နှင့် လက်ရှိဝန်ကြီးချုပ် ရှီမွန်ပီရက်ဇ်တို့မှာ နူးလက်နက်၊ ဇီဝနှင့် ဓာတုလက်နက် ဖွံ့ဖြိုးရေးအစီအစဉ်များ၏ ခေါင်းဆောင်ပိုင်းများဖြစ်ကြောင်း www.opednews.com တွင် ချီကာဂိုမှ Stephen Lendman ဆိုသူ ဆောင်းပါးရှင်က တင်ပြထားသည်။

    အကျယ်ဖတ်ရှုရန် – http://www.opednews.com/articles/1/Israel-s-Nuclear-Biologic-by-Stephen-Lendman-120517-920.html

  • ပန်းတောင်းအနောက်ဗလီကို ခဲဖြင့်တိုက်ခိုက်မှုများ ညစဉ်ဖြစ်ပေါ်နေ

    မင်းမဲ့စရိုက်ကံမ အကြမ်းဖက်မှုကဲ့သို့ မကြီးထွားရန် အာဏာပိုင်တို့ ၏ အခန်းကဏ္ဍ အရေးပါ

    မကွေးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်ရှိ အနောက်ဗလီကို အမည်မသိ လူအချို့က ညစဉ် ၈ နာရီနှင့် ၁၀ နာရီဝန်းကျင်ခန့်တွင် ခဲများဖြင့် ပစ်ပေါက်နှောင့်ယှက်ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ပန်းတောင်းမြို့ခံ တစ်ဦးက ပြောကြားသည်။
    “ဒီလ ၁၈ ရက်နေ့က စဖြစ်တာပါ။ ဖြစ်ဖြစ်ချင်း ၃ရက်လောက်တော့ ရဲ ၅-၆ယောက်လာတယ်။ အဲဒီနောက်ပိုင်း မလာတော့ဘူး။ အခုရက်ပိုင်း ခဲနဲ့ပေါက်တာ ပိုဖြစ်လာတယ်။”ဟု အမည်မဖော်လိုသူပန်းတောင်းမြို့ခံတစ်ဦးက myanmarmuslim.net သို့ပြောကြားသည်။
    ပန်းတောင်းမြို့တွင် အရှေ့ဗလီနှင့် အနောက်ဗလီဟူ၍ ဗလီ ၂ လုံးရှိသည့်အနက် မကြာမီက မွမ်းမံပြင်ဆင် ခွင့်ဖြင့် ပြင်ဆင်ထားခဲ့သည့် အနောက်ဗလီကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း သိရသည်။“ခဲနဲ့ပေါက်တာက သာမန်အရပ်သားတွေပါပဲ။ အယောက် ၂၀ ၀န်းကျင်လောက်ရှိမယ်။ ကံမလို လုပ်မယ်လို့လဲ ပန်းတောင်းဈေးထဲမှာ သတင်းတွေဖြစ်နေတယ်”ဟု အထက်ပါပုဂ္ဂိုလ်ကပင် ဆက်လက်ပြောကြားသည်။ယခုကဲ့သို့ ပန်းတောင်းရှိ အနောက်ဗလီဝတ်ကျောင်းတော်အား တိုက်ခိုက်ဖျက်ဆီးမှုများ မပြုမီ သီတင်းနှစ်ပတ် ခန့်က အစ္စလာမ်ဆန့်ကျင်ရေး ကာတွန်းပုံများ၊ လက်ကမ်းစာစောင်များ၊ တရားခွေများ ဖြန့်ဝေခဲ့ကြသည်။ ခဲဖြင့် ပစ်ပေါက်တိုက်ခိုက်ဖျက်ဆီးမှုများ စတင်ခဲ့သည့် မေ ၁၈၊ ၁၉၊ ၂၀ ရက်နေ့တွင် ရဲအချို့ ပန်းတောင်းအနောက် ဗလီသို့ လာရောက်ခဲ့သော်လည်း ခဲဖြင့်ပစ်ပေါက်သူများကို ဖမ်းဆီးမှုမရှိဟု သိရသည်။“ဒီလိုသွေးတိုးစမ်းတာကို ဆက်လွှတ်ထားရင် မင်းမဲ့စရိုက် ကံမ အကြမ်းဖက်မှုလိုမျိုး ၀မ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်တွေ ထပ်ဖြစ်လာနိုင်တယ်။ သက်ဆိုင်ရာက အခုကတည်းက ထိထိရောက်ရောက် ဟန့်တားဖို့လိုတယ်” ဟု ကံမ မင်းမဲ့စရိုက်အကြမ်းဖက်မှုတွင် နစ်နာသူများဖက်မှ လိုက်ပါဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြောကြားသည်။

    သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့သည့် ကံမ မင်းမဲ့စရိုက်အကြမ်းဖက်မှုကို  သက်ဆိုင်ရာဒေသ ရဲစခန်းက ချက်ချင်း အမှုဖွင့်ခွင့် မပေးခဲ့ဘဲ၊ သမ္မတထံ စာတင်ပြီး ၄ ရက်အကြာ (အကြမ်းဖက်မှုဖြစ်ပွားအပြီး ၁၁ ရက်အကြာ) တွင်မှ ရဲစခန်းတွင် အမှုဖွင့်ခွင့်ပေးခဲ့သည်။ ယခုအချိန်အထိ ကျူးလွန်သူများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

    မူရင်း – http://myanmarmuslim.net/news.php?extend.678