News @ M-Media

Blog

  • မြန်မာ့အလှ (အလင်းတန်းဂျာနယ်ဆောင်းပါး)

    အေးလွင်

    မြန်မာနိုင်ငံ၏အလှမှာ ရုပ်ပိုင်းဆိုင်ရာမျှမဟုတ်ချေ။ မြန်မာပြည်သားတို့၏ နှလုံးသားတွင်လည်း ထင်ဟပ်လျက်ရှိပါသည်။ အမှန်တရားကို ခုံမင်တန်ဖိုး ထားကြသည့် မြန်မာတို့သည် ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ပုံစံအသီးသီးတို့ဖြင့် ထိုသစ္စာအမှန်ကို လွတ်လပ်စွာ ရှာဖွေခဲ့ကြ၏။ သက်သေအဖြစ်ပြပါဆိုလျှင် ကမ္ဘာ့အဓိက ဘာသာကြီးလေးခုတို့သည် မြန်မာနိုင်ငံ၌ ရောင်ဝါထွန်းလင်းလျက်ရှိ၏။

    မြန်မာတို့၏ ပင်ကိုဗီဇတွင် သနားကြင်နာတတ်သည့် ကရုဏာတရားသည် ကိန်းဝပ်လျက်ရှိပြီးဖြစ်၏။ မြန်မာပြည်သားလူများစုကိုးကွယ်သည့် ထေရဝါဒ ဗုဒ္ဓသာသနာသည် သတ္တဝါဟူသမျှ ကျောသားရင်သားမခွဲခြားဘဲ မေတ္တာထားရန် ညွှန်ပြထား၏။ ပုဂ္ဂိုလ်သတ္တဝါတို့မှာ ရုပ်နှင့်နာမ်ဖြင့်သာ စုဖွဲ့ထား၍ လူ မျိုးအားဖြင့်လည်းကောင်း၊ လူတန်းစားအားဖြင့်လည်းကောင်း ခွဲခြားမှုမရှိစေဘဲ ရှုမှတ်တတ်အောင် သွန်သင်ပြသခဲ့၏။ အိန္ဒိယနိုင်ငံတွင် စတင်ပေါ်ပေါက် ခဲ့သည့် မဟာယန၊ ထေဝါဒဗုဒ္ဓဘာသာနည်းတူ ဟိန္ဒူဓမ္မသည်လည်း ပျူခေတ်ကတည်းက မြန်မာနိုင်ငံတွင် ရောက်ရှိနေပြီဖြစ်ကြောင်း သမိုင်းအထောက် အထားများ ရှိပါသည်။ အရှေ့အလည်ပိုင်းမှာ အစပျိုးခဲ့သည့် ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာတို့သည်လည်း သူ့အတိုင်းအတာနှင့်သူ မြန်မာ့သမိုင်းမှာ ထည်ဝါသော အခန်းကဏ္ဍဖြင့် အတည်တကျရှိနေပါသည်။

    လူသားတို့အား ကောင်းကျိုးပြု၍ အလင်းဆောင်ခဲ့သည့် ဘာသာသာသနာအသီးသီးတို့မှာ ကမ္ဘာအနှံ့၌ ပွင့်ထွန်းခဲ့ကြသော်လည်း မြန်မာပြည်မှာ စည်ပင် သာယာ၍ ပြန့်ပွားထွန်းကားနေခြင်းမှာ မြန်မာတိုင်းက ဂုဏ်ယူသင့်သောအချက်ဖြစ်၏။ အကယ်စင်စစ်တွင်မူ လူသားတိုင်း၌ မိမိယုံကြည့်ရာကို ရွေးချယ် ပိုင်ခွင့်မှာ လူသား၏ မွေးရာပါအခွင့်အရေးတစ်ရက်ပင်ဖြစ်ပါသည်။ လူမျိုးဟူသည်မှာ မိမိနေထိုင်ရာဒေသ၊ မိမိခန္ဓာကိုယ်၏ ဖွဲ့စည်းတည်ဆောက်မှု စသည့် ရုပ်ဝိသေသလက္ခဏာတို့နှင့် သက်ဆိုင်ပါသည်။ ယုံကြည်ကိုးကွယ်မှုမှာ နှလုံးသားနှင့် လုံးဝသက်ဆိုင်လျက်ရှိပါသည်။ မည်သည့်လူမျိုးမဆို မိမိယုံကြည် ရာကို လွတ်လပ်စွာ လက်ခံကျင့်သုံးခွင်ရှိပါသည်။ ယင်းသို့ယုံကြည်ခြင်းအားဖြင့် လူမျိုးတစ်မျိုးအဖြစ် ပေါ်ထွန်းမလာနိုင်ပါ။ ဘာသာတရားတစ်ခုအား လက်ခံခြင်းသည် သက်ဆိုင်ရာပုဂ္ဂိုလ်နေထိုင်သော တိုင်းပြည်ပေါ်ချစ်မြတ်နိုးခြင်း၊ သစ္စာစောင့်သိခြင်းနှင့်လည်း မဆိုင်ပါ။ လူမျိုးပေါင်းစုံဖြစ့် ဖွဲ့စည်း ထား သာ နိုင်ငံတွင် ဘာသာပေါင်းစုံရှိနေမည်မှာ သဘာဝနိယာမဖြစ်ပါသည်။ မည်သည့်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ၊ တိုင်းပြည်နှင့် ယင်းတိုင်းပြည် တွင်း၌ နေထိုင်ကြသည့် လူသားတို့၏အကျိုးကို သယ်ပိုးဆောင်ရွက်ရန်သာ အဓိကကျပါသည်။

    ဤနေရာတွင် နိုင်ငံသား၊ လူမျိုးနှင့် ဘာသာတို့အား ခွဲခြားစွာသိနိုင်ပါက တိုင်းပြည်တစ်ပြည်၏ စည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင် ရွက် နိုင်ပါလိမ့်မည်။ တိုင်းပြည်တစ်ပြည်တွင် ဘာသာတူ၊ လူမျိုးခြား များရှိနိုင်သလို လူမျိုးတူ ဘာသာခြားများလည်း ရှိနိုင်ပါသည်။ သို့သော ယင်းတို့ အားလုံးမှာ နိုင်ငံသားများသာဖြစ်ကြပါ၏။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံတွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမှုထမ်းဆောင်ခဲ့သူ ဟန်နရီ ကစ်စင်ဂျာ သည် ဂျာမန်ဂျူးလူမျိုး၊ ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ပါသည်။ ဂျာမနီနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ကူးပြောင်းလာသူတစ်ဦး ဖြစ်ပါသည်။ လူမျိုးရေးနှင့်ပတ်သတ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ခံယူချက်အား ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်၊ ရွှေတိဂုံစေတီအလယ်ပစ္စယံ၊ ဖဆပ လညီလာခံသဘင်ကြီးတွင် မိန့်ကြားခဲ့သည့် မိန့်ခွန်းအား လေ့လာကြည့်လျှင် သိနိုင်ပါလိမ့်မည်။ အနည်းငယ်ကောက်နုတ်တင်ပြရပါလျှင်

    “လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ၊ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးခြင်းထပ်ပြီးလျှင် နှစ်ပရီစ္ဆေဒရှည်လျားစွာ တစ်မျိုးတစ်စားတည်းဟု စိတ်ထားရှိသူတို့ ကို တစ်စုတည်းပေါင်း၍ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့်ဘာသာတရား၊ ပြောဆိုသောဘာသာစကားတို့ အရေးထားရမည်ဖြစ် သော်လည်း အေးအတူ၊ ပူအမျှ၊ ကောင်းတူဆိုးဖက် ပူးပေါင်းလျက်နေလိုသော အစဉ်အလာဆန္ဒပေါ်တွင် ဝံဿနုရက္ခိတတရားသည် တည်နေပေသည်။”

    မည်သည့်ဘုရားမျှ မပွင့်ခဲ့သည့် မြန်မာပြည်၌ မှီတင်းနေထိုင်ကြသည့် လူသားတို့ ဘာသာပေါင်းစုံကို လက်ခံကိုးကွယ်လျက်ရှိကြပါသည်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးမှသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထူထောင်ရမည်ဖြစ်ပါသည်။ လွဲမှားသော အချက်အလက်များပေါ် အခြေခံပြီး စိတ်ဝမ်း ကွဲ ပြားမှုမဖြစ်သည့်ပါ။ လူအများစု ကိုးကွယ်သည့်ဘာသာနှင့် လူနည်းစုကိုးကွယ်သည့်ဘာသာဝင်တို့သည် အပြန်အလှန် စာနာထောက်ထားပြီး လေးစား ချစ်ကြည်ရန် အလွန်အရေးကြီးပါသည်။ လူကို လူလိုမြင်ပြီး ရုပ်နာမ်နှင့် တည်ဆောက်ထားသော လူသားတို့မှာ အခြေခံအားဖြင့် တူညီမှုရှိပြီး ကောင်းရာ လုပ်သောလူနှင့် မကောင်းရာလုပ်သောလူဟူ၍သာ ခွဲခြားအပ်ပါသည်။ ဘာသာတရားအဆုံးအမတို့ မည်မျှကောင်းစေကာမူ ယင်းဘာသာဝင်ပါဟု ခံယူ ထားသူတိုင်း ထိုတရားကောင်းတို့အား မကျင့်ကြပါ။ ထိုအခါ ဝါဒနှင့် ဝါဒီခွဲမြင်ရပါတော့မည်။ လက်မ မကောင်း လက်မ၊ ခြေမ မကောင်း ခြေမ ဖြစ်သင့်ပါ သည်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး မပုပ်ရအောင် ကြိုးစားအားထုတ်ကြရန်သာရှိပါ၏။ ဘာသာဝင်တစ်ဦး အဓမ္မမှုကျူးလွန်လျှင် ထိုသူ၏လုပ် ရပ်အဖြစ်မှတ်ယူပြီး ဘာသာတရား၏ အဆုံးအမကြောင့် ထိုမကောင်းမှုပြုဖြင်းဖြစ်သည်ဟု မခံယူအပ်ပေ။

    လူများစုက လူနည်းစုကို သက်ညှာရသလို လူနည်းစုကလည်း လူအများစု၏ မတူကွဲပြားမှုကို အသိအမှတ်ပြု၍ မှန်ကန်စွာ ဆက်ဆံမှသာလျှင် လူ့အစုဝေး တစ်ရပ်တွင် (Unity in Diversity) မတူကွဲပြားမှုမှ ညီညွတ်မှုတည်ဆောင်နိုင်ပေမည်။ ငါနှင့်မတူ ငါ့ရန်သူဟု မသတ်မှတ်ဘဲ မတူညီခြင်းမှာ ဉာဏ်ကူ ခြင်းဟုခံယူပါက ဗဟုဝါဒ (Pluralism) ၏ အကောင်းနှင့် အပြုသဘောသက်ရောက်မှု (Positive Impact) ကို ရရှိပေမည်။ မတူသူတို့နှင့်အတူ ငြိမ်းချမ်း စွာယှဉ်တွဲ၍ နေထိုင်နိုင်ရန် မတူညီမှုကို နားလည်သဘောပေါက်လက်ခံသည့် စိတ်ထား (Tolerance) ရှိရန်လိုအပ်ပါသည်။

    ~~~~~~~~~~
    နေ့စဉ်သတင်းစာအဖြစ် ထုတ်ဝေခွင့် မကြာမီက ရရှိထားသည့်သတင်းစာ (မေလ ၁ဝ ရက်နေ့ထုတ်) တွင် အစ္စလာမ်နှင့်ပတ်သတ်၍ လွဲမှားသော အချက် အလက်များဖော်ပြထားပါသည်။

    “ကိုလိုနီနယ်ချဲ့ခေတ်က မြန်မာပြည်တွင်းသို့ အိန္ဒိယမှလူများ တံခါးမရှိ ဓားမရှိ ဝင်ခွင့်ရ၍ ဘင်္ဂါလီလူမျိုးများဝင်လာကြောင်း၊ ယင်းတို့သည် သိမ်များကို ဖျက်၍ ဗလီများဆောက်ခဲ့ကြောင်း၊ အဆိုပါ ဘင်္ဂါလီ မွတ်ဆလင်၊ ချစ်တီးများ (ဆောင်းပါးရှင်၏ဖော်ပြချက်) သည် မြန်မာပြည်မှ တောင်သူလယ်သမားတို့ အား ငွေတိုးချေးပြီး ခေါင်းပုံဖြတ်ခဲ့ကြောင်း” စသဖြင့် ရေးသားထားပါသည်။

    မြန်မာပြည်သို့ အစ္စလာမ်သာသနာ ၇ ရာစုနှစ် အေဒီ၊ ပိတ်သုံမင်းလက်ထက် (အေဒီ ၆၅၂ – ၆၆၁) အတွင် အာရပ်လူမျိုးကုန်သည်တို့သည် သထုံ၊ မုတ္တမ အစရှိသော ဆိပ်ကမ်းမြို့သို့ ရောက်ရှိရာမှာ စခဲ့ပါသည်။ (ဦးကြည် ဘီအေ၊ ရာဇဝင်ဂုဏ်ထူး၊ မြန်မာရာဇဝင်သိအပ်ဖွယ်အဖြာဖြာ၊ စာမျက်နှာ (၈၁ – ၈၃)၊ သာသနာရောင်ဝါထွန်းပြောင်စေဖို့၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ၁၉၉၇ ခု မတ်လထုတ်)။

    ယင်းတို့တွင် ဆူဖီသူတောင်စင်တို့ပါဝင်ကာ မြန်မာပြည်သူတို့က ထိုသူတော်စင်တို့၏ သီလ၊ သမာဓိ၊ ပညာကို လေးစားကြည်ညိုခဲ့ကြပါ၏။ ထိုသူတော်စင် တို့ မြန်မာပြည်သူတို့၏နှလုံးသား (ပရမတ်တရား) နှင့် ဦးနှောက် (ဆင်ခြင်တုံတရား) တို့အပေါ် အောင်မြင်ခဲ့ကြ၏။ (Won the Hearts and Minds of the People) ပုဂံခေတ်ကျောက်စာတို့တွင် တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ်ဘာသာဝင်တို့အား ရည်ညွှန်းသည့် “ပန်းသိဃ်”၊ “ပသည်” ဟုရေးသား ချက်များ ပါရှိသည်။ (ဒေါ်တင်စိန်၊ ကုန်းဘောင်ခေတ်ယဉ်ကျေးမှု နိဒါန်း၊ အတွဲ ၃၊ အပိုင်း ၄၊ စာ – ၇၅။ ၁၉၇၃ ခုနှစ် ဇူလိုင်လထုတ်)

    ပုဂံခေတ်ရှေးဦးပိုင်းမှစ၍ တိုင်းပြည်နှင့်လူမျိုးအတွက် ဦးဆွေးဆံမြည့်အမှုထမ်းခဲ့သည့် တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်တို့သည် ယနေ့ ထက်တိုင်ရှိနေပါသည်။ မြန်မာမင်းများက နိုင်ငံခြားသားကျွမ်းကျင်သူ အသိပညာရှင်၊ အတတ်ပညာရှင်တို့အား ငွေကြေးပေး၍ ငှားရမ်းထားသည့် ကြေးစားများအဖြစ်မဟုတ်ဘဲ တိုင်းပြည်၏ ရင်နှစ်သည်းချာ သားသမီးကောင်းရတနာများအဖြစ် အမှုထမ်းသူများတွင် ဝန်ကြီး မဟာဗန္ဓုလ၏တပ်မှူး နေမျိုးဂုဏ္ဍရတ် (အစ္စလာမ်ဘွဲ့အမည် အဗ္ဗဒုလ်လာရင်မ်) (ကုန်ဘောင်ဆက် မဟာရာဇဝင် ဒု – တွဲ၊ စာ ၃၇၉ – ၃၉၂) တောင်တွင်းကြီးစစ်ကြောင်း၏ ဗိုလ်ချုပ်အဖြစ်ခန့်ထားခံရသော အစ္စလာမ်ဘာသာဝင် အက္ကပတ်မြင်းဝန်၊ ပင်လယ်မြို့စားကြီး၊ မင်းကြီးမဟာမင်းထင်ရာဇာဦးခြုံ (ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး (တ) တွဲ၊ စာ ၈ဝ၉ – ၇၁ဝ၂) တို့အပါအဝင် ဆရာကြီးဦးရာဇတ်ကဲ့သို့ အာဇာနည်သူရဲကောင်း မျိုးချစ်မြန်မာမွတ်ဆလင်ကြီးများ ရှိခဲ့ပါသည်။

    ဆောင်းပါးရှင်သည် ဘင်္ဂါလီလူမျိုးနှင့် ချစ်တီးလူမျိုးကိုပင် ခွဲခြားမသိပေ။ ချစ်တီးတို့မှာ အိန္ဒိယတောင်ပိုင်းမှ ဟိန္ဒူဘာသာဝင်တို့ဖြစ်၏။ ဘင်္ဂါလီလူမျိုးတို့ မှာ ဘင်္ဂလားနယ်မှ ပုဂ္ဂိုလ်များဖြစ်ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်ဘာသာဝင်များအဖြစ် ရှိနေကြပါသည်။ အစ္စလာမ်သာသနာသည် အတိုး စားခြင်းကို လုံးဝတားမြစ်ထားပါသည်။ ဝက်သားစားခြင်းထက်ပင် ပြစ်မှုထိုက်ပါသည်။ ဤကဲ့သို့ အခြေခံအချက်များကိုပင် မသိဘဲနှင့် မတူကွဲပြားမှု များနှင့် တည်ဆောက်ထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် သွေးဝမ်းကွဲ၍ စည်းရုံးမှုပျက်ပြားစေသည့် အခြေအမြစ်မရှိသော (Misinformation Disinformation) များကို သတင်းစာတစ်စောင်အနေဖြင့် မဖော်ပြသင့်ပါ။ နိုင်ငံ၏စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာတို့သည် အဆိပ်သင့်စာပေများ ဖြန့်ဖြူးရာဌာနဖြစ်လာပါက နိုင်ငံ၏ကံကြမ္မာမှာ အလွန်ရင်လေးဖွယ်ရာဖြစ်ပါမည်။ မြန်မာ့အလှကို အကျည်းတန်အရုပ်ဆိုးအောင် အမုန်းတရားတို့ဖြင့် မချယ်မှုန်းသင့်ပါကြောင်း တင်ပြအပ်ပါသည်။

    အလင်းတန်းဂျာနယ် အမှတ် (၇၀၅)၊ မေ၂၁၊ တနင်္လာ၊ ၂၁၀၂၊ စာမျက်နှာ ၂၈နှင့် ၂၉ ကိုပြန်လည်ဖော်ပြပါသည်။

  • အင်ဒိုနီးရှားမှာ ဖျော်ဖြေခွင့် အပိတ်ခံရတဲ့ လေဒီဂါဂါ

    အင်ဒိုနီးရှားမှာ ဖျော်ဖြေခွင့် အပိတ်ခံရတဲ့ လေဒီဂါဂါ

    ပွဲစဉ်ပေါင်း ၁၁၀ ပါဝင်တဲ့ ပေါ့အဆိုတော် လေဒီဂါဂါ ဖျော်ဖြေမယ့် Born This Way Tour ရဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တော်မှာ ကျင်းပမယ့် ပွဲစဉ်ဟာ ပိတ်ပင်ခံလိုက်ရကြောင်း သိရပါတယ်။

    (လေဒီဂါဂါ ကို ဆန့်ကျင်သော ပိုစတာများနှင့် ဆန္ဒပြနေသည့် အင်ဒိုနီးရှားနိုင်ငံသားများ)

    ဇွန်လ ၃ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဒီပွဲကို အင်ဒိုနီးရှားမှာ ရှိတယ့် အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး လေဒီဂါဂါရဲ့ အမြင်ရိုင်းစေတဲ့ ဖျော်ဖြေမှုကို ရှုံ့ချကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။

    အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ မွတ်စ်လင်မ် အများဆုံး နေထိုင်တဲ့ နိုင်ငံဖြစ်ပြီး ခရစ်ယာန် ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာ ကိုးကွယ်သူတွေလည်း ရှိပါတယ်။

    “သီချင်းဆိုတဲ့အခါ အောက်ခံအ၀တ်အစားကိုပဲ ၀တ်ပြီး ဆိုတယ်။ ပြီးတော့ သူ့ကိုယ်သူ မကောင်းဆိုးဝါးအဖြစ် ခိုင်းနှိုင်း ပြီး ဒီလို ယဉ်ကျေးမှုမရှိတဲ့ လုပ်ရပ်တွေကို ဖြန့်ဝေပေးနေသူ ဖြစ်တယ်လို့လည်း ပြောပါသေးတယ်” လို့ ဂျာကာတာ Islamic Defender Front ခေါင်းဆောင် Salim Alatas က ဝေဖန်ခဲ့ပါတယ်။ “ဒါဟာ ကျွန်တော်တို့အတွက် အန္တရာယ်ပါပဲ”

    ဂျာကာတာပို့စ် သတင်းစာရဲ့ အဆိုအရ စတိတ်ရှိုးပွဲအတွက် လက်မှတ် ၄၀၀၀၀ မှာ ၃၀၀၀၀ကျော် ရောင်းချပြီး ဖြစ်တယ်လို့သိရပါတယ်။ လက်မှတ်ဈေးနှုန်းကတော့ ဒေါ်လာ ၅၀ (၄၆၅ ၀၀၀ ရူပီ) ကနေ ၂၄၀ (၂.၂၅သန်း ရူပီ) အထိ ရှိပါတယ်။

    (လေဒီဂါဂါ ကို ဆန့်ကျင် ဆန္ဒပြနေသည့်ဖိလစ်ပိုင်နိုင်ငံသားများ)

    ထူးထူးဆန်းဆန်း ဖက်ရှင်တွေနဲ့ အဖော်အချွတ်ဦးစားပေးတဲ့ ဖျော်ဖြေမှုတွေနဲ့ လူသိများတဲ့ လေဒီဂါဂါရဲ့ မေလ၂၁ရက်နေ့မှာ ပြုလုပ်မယ့် ဖိလစ်ပိုင် tour ပွဲ ဟာလည်း ခရစ်ယာန် ဘာသာရေးအဖွဲ့အစည်းတွေရဲ့ တားဆီးမှုနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

    source-http://muslimvillage.com/2012/05/16/23081/lady-gaga-stopped-in-indonesia-after-islamic-opposition/

    ဘာာသာပြန်-မင်းဝေယံ

  • ခရမ်းမြို့နယ်ရှိ သာသနာပိုင်မြေတွင် ပြန်ကြားရေးရုံး တည်ဆောက်မှုအား မြန်မာ မွတ်စလင်မ်များ မကျေနပ်

    ခရမ်းမြို့နယ်ရှိ သာသနာပိုင်မြေတွင် ပြန်ကြားရေးရုံး တည်ဆောက်မှုအား မြန်မာ မွတ်စလင်မ်များ မကျေနပ်

    ထွန်းနေအောင်(မြစ်မခ)

    ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်၊အမှတ် (၂)ရပ်ကွက် မင်းလမ်းရှိ သာသနာပိုင်မြေဟု သတ်မှတ်ထားသောနေရာ တွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးမှ ရုံးခန်းတည်ဆောက်မှုပြုလုပ်နေကြောင်း မြန်မာ-မွတ်စလင်အကျိုးတော်ဆောင်များထံက သိရှိရသည်။

    “ရုံးခန်းကို (၁၄)ရက်နေ့ ကတည်းက လာဆောက်နေတာ။ ဒီမြေကို စည်းမျဉ်းနဲ့ ကန့်သတ်ပေးထားပြီဆိုရင် ဘုရားမြေဖြစ်တယ်။ အခွန်ကင်းလွတ်တယ်။ အဲ့ဒီ နေရာမှာလည်း ဘယ်သူမှ ဘာမှလာ ဆောက်လို့ မရဘူး။ ကျွန်တော်တို့အနေနဲ့ မြို့နယ်စည်ပင်ကိုလည်း အကြောင်းကြားတယ်။ ခရိုင်ရုံးတွေ၊အာဏာပိုင်အဖွဲ့အစည်းတွေကိုလည်း အကြောင်းကြားထားပါတယ်”ဟု မြန်မာ မွတ်စလင်အကျိုးတော်ဆောင်အဖွဲ့မှ ကိုရဲဝင်းကပြောသည်။

    အဆိုပါ မြေနေရာသည် ဧက(၀.၄၄) ကျယ်ဝန်းပြီး-၂၀၁၁ခုနှစ် ဒီဇင်ဘာလတွင် စည်ပင်သာယာရေး ကော်မတီမှ ချုံနွယ်များ ရှင်းလင်းကာ ရေမြောင်းများတူးဖော်၍ ခြံစည်းရိုးခတ်ခြင်းအား ခွင့်ပြုခဲ့ကြောင်း သိရသည်။

    “ကျွန်တော်တို့ကို မြို့နယ်စည်ပင်က သာသနာပိုင်မြေ ဖစ်တယ်။ ခြံစည်းရိုးခတ်လို့ ပြောတယ်။ သွားခတ်တော့  မြို့နယ်က ကျနော်တို့ကို လာတားတယ် ခြံစည်းခတ်လို့ မရဘူးလို့ပြောတယ်။ အဲဒီကနေ အဆင်ဆင့် တားမြစ်တယ်။ ဘာကြောင့်လဲလို့မေးတော့ ဘာမှမဖြေဘူး။” ဟု မြန်မာ မွတ်စလင်အကျိုးတော်ဆောင်အဖွဲ့မှ ကိုသန်းထိုက်အောင်က ပြောသည်။

    အဆိုပါ သာသနာပိုင်မြေပေါ်သို့ လာရောက်၍ ရုံးခန်းဖွင့်လှစ်ခြင်းအား မပြုလုပ်ရန် မြန်မာ မွတ်စလင် အကျိုး တော်ဆောင်များအသင်းမှ နိုင်ငံတော်သမ္မတထံနှင့် နေပြည်တော်ရှိ ၀န်ကြီးဋ္ဌာနများသို့ စာ တင်ထားကြောင်းကိုလည်း သိရှိရသည်။

    “ကျွန်တော်က ဒီကိုပြောင်းလာတာ သိပ်မကြာသေးပါဘူး။ အကျိုးအကြောင်းကို စုံစမ်းပြီးတော့ အထက်ကို တင်ပြပေးပါမယ်။ ချက်ချင်းကြီး မဖြေရှင်းပေးနိုင်တာကိုတော့ တောင်းပန်ပါတယ်။”ဟု ခရမ်းမြို့နယ်အုပ်ချုပ်ရေးမူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

    အဆိုပါ မြေနေရာသည်အား ၁၉၉၇ ခုနှစ်တွင်  ဦးအလီက မဟာဗေဒင် သာသနာမြေအဖြစ် လျှောက်ထားခဲ့ကြောင်း စာချုပ်ပါအချက်အလက်များအရ သိရှိရသည်။

     

    မြစ်မခ အွန်လိုင်းမီဒီယာမှ  ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

  • ဆရာ ဝင်းတင့်ထွန်းသို့ အိတ်ဖွင့်ပေးစာ

    ဆရာ ဝင်းတင့်ထွန်းခင်ဗျား

    ဆရာရေးသားတဲ့ ဗမာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်း အသင်းအပင်းများ အညွှန်းစာအုပ် ကို ဖတ်ရှုရပါတယ်။ (မဖတ်ရသေးသူများ ဖတ်နိုင်ရန် ပူးတွဲ ပေးပို့လိုက်ပါတယ်)။ ဆရာရေးတဲ့စာအုပ်တွေဟာ ရွှေလို တန်ဖိုးထားရတာမို့ ကျနော် အမြဲတန်ဖိုးထား ဖတ်ပါတယ်။ ဆရာသည် သမိုင်းဆိုင်ရာ စာအုပ်အများအပြားကို ရေးခဲ့သူဖြစ်တဲ့အပြင် တိုင်းပြည်အတွက် အနစ်နာခံခဲ့သူ လေးစားအပ်သော ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ အခုလည်း လေးစားလျှက်ပါ။

    ဆရာဝင်းတင့်ထွန်းက သူ့စာအုပ်သည် ပြီးပြည့်စုံသည်ဟု မဆိုနိုင်ပါဟု ဝန်ခံထားသော်လည်း မြန်မာ့လွတ်လပ်ရေး သမိုင်းမှာ ဖဆပလနှင့် လက်တွဲရုံတင်သာမက ဖဆပလ၏ လက်ရုံးပါတီတစ်ခုအနေနှင့် ထင်ထင်ရှားရှား ရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့ ဗမာမွတ်စလင် ကွန်ဂရက် (Burmese Muslim Congress)ကို စာအုပ်ထဲမှာ ထည့်သွင်းဖေါ်ပြထားခြင်း မရှိတဲ့အတွက် ဝမ်းနည်းမိသလို အံ့သြမိရပါတယ်။ တစ်ကယ်တော့ ဆရာကြီးဦးရာဇတ်ပင်လျှင် မြန်မာမွတ်စလင် ကွန်ဂရက်ရဲ့ အမတ်တစ်ဦးအဖြစ် ရွေးကောက်ပွဲဝင်ခဲ့သူပါ။

    ဗိုလ်ချုပ်အောင်ဆန်းက စစ်အပြီး မန္တလေးခရီးစဉ်မှာ မြန်မာမွတ်စလင် အဖွဲ့အစည်းတွေ အကွဲကွဲအပြားပြားနှင့် လွတ်လပ်ရေးတိုက်ပွဲဝင်ကြမည့်အစား အားထားလောက်သော အင်အားတစ်ရပ်ဖြစ်လာအောင် တစ်စုတစ်စည်းတည်း ပေါင်းစည်းလုပ်ကိုင်ကြရန် ဆရာကြီး ဦးရာဇတ်ကို မေတ္တာရပ်ခံချက်အရ မြန်မာမွတ်စလင် အဖွဲ့အစည်းပေါင်းစုံ၊ ခေါင်းဆောင်ပေါင်းစုံကို ဆရာကြီးက ဖိတ်ခေါ်ပြီး ၁၉၄၅ခု ဒီဇင်ဘာ ၂၅ မှာ ပျဉ်းမနားတွင် ဖွဲ့စည်းခဲ့သော နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။ ဆရာကြီးဦးရာဇတ်က ဗမာမွတ်စလင် ကွန်ဂရက်ရဲ့ ပထမဆုံး ဥက္ကဖြစ်ပါတယ်။ ဒီအဖွဲ့ကို အကြောင်းပြုပြီး နိုင်ငံအဝှမ်းက အမြို့မြို့အနယ်နယ်မှာ မြန်မာမွတ်စလင် နိုင်ငံရေးလှုပ်ရှားမှုတွေ ဖေါ်ဆောင်ရုံမက ဗမာမွတ်စလင် အမျိုးသမီးအဖွဲ့၊ ဗမာမွတ်စလင် လူငယ်အဖွှဲ့ ဆိုတာတွေလည်း ခြိမ့်ခြိမ့်သဲ အစီအရီ ပေါ်ပေါက်ခဲ့ပါတယ်။ (မြန်မာ့သမိုင်းမှာ မြန်မာအသင်းချုပ်GCBA(General Council of Burmese Association)ကို အတုယူပြီး မြန်မာမွတ်စလင် အသင်းချုပ်ကြီး GCBMA(General Council of Burmese Muslim Association) ပေါ်ပေါက်ခဲ့သလို မြန်မာမွတ်စလင် ပညာရေးအဖွဲ့ချုပ်၊ မြန်မာမွတ်စလင် နိုးကြားရေးအဖွဲ့အပြင် အခြားမြန်မာမွတ်စလင်အဖွဲ့အစည်းတွေ အများအပြားလည်း ရှိခဲ့ပါတယ်။ ရှိစေတော့။)

    ဗမာမွတ်စလင်ကွန်ဂရက်သည် မြန်မာ့လွတ်လပ်ရေးအတွက် ဖဆပလအလံတော်အောက်မှာ ဖဆပလ၏ လက်ရုံးပါတီအဖြစ် တိုက်ပွဲဝင်ခဲ့ပြီး မြန်မာမွတ်စလင် လူဦးရေများသော ဒေသများတွင် မြန်မာမွတ်စလင်တွေအတွက် တွဲဖက်အတွင်းရေးမှူးနေရာကိုပင် တမင်ရာထား နေရာပေးခံရသော အဖွဲ့အစည်းဖြစ်ပါတယ်။ တစ်ကယ်တော့ ဖဆပလသည် အဖွဲ့ချုပ်ဖြစ်သည်နှင့်အညီ ပါတီအများအပြားက တွဲဖက်လုပ်ဆောင်ကြရာမှာ ဗမာမွတ်စလင်ကွန်ဂရက်သည် ဖဆပလတည်ထောင်ကာစမှစ၍ ဦးနုလက်ထက်မှာ ဖဆပလနှစ်ခြမ်းကွဲပြီး ဖျက်သိမ်းလိုက်သည်အထိ ဖဆပလနှင့် အရှည်ကြာဆုံး လက်တွဲပြီး တိုင်းကျိုးပြည်ကျိုးဆောင်ခဲ့တဲ့ အင်မတန် ထင်ရှားသော နိုင်ငံရေးပါတီကြီး တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုထင်ရှားပြီး မြန်မာ့လွတ်လပ်ရေးတိုက်ပွဲသမိုင်းမှာ ဘယ်လိုမှ ဖယ်ချန်ထားလို့မရတဲ့ ဗမာမွတ်စလင်ကွန်ဂရက်ကို ဆရာဝင်းတင့်ထွန်းက ဘယ်လိုလုပ် ချန်လှပ်ထားခဲ့နိုင်ပါသနည်းဆိုတာကို မေးခွန်းထုတ်မယ်ဆိုရင် လက်ခံနားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ တစ်ကယ်တော့ သမိုင်းဆိုတာ မှတ်တမ်းတင်ဖို့၊ သင်္ခန်းစာထုတ်ယူတတ်ဖို့သာဖြစ်ပါတယ်။ သမိုင်းကို ဘယ်လိုလူစွမ်းကောင်းကမှ ပြန်ပြင်နိုင်ရိုး၊ ဖုံးကွယ်ထားတာမျိုး လုပ်လို့ မရနိုင်ပါဘူး။

    ဆရာ့ရဲ့ အမှောင်ကြားက ဗမာပြည်စာအုပ်မှာလည်း တကသကို သန္ဓေတည် စတင်ဖွဲ့စည်းတာကအစ၊ တက္ကသိုလ်မှာ God save The King အစား တို့ဗမာအစည်းအရုံး သီချင်းဆိုဖို့ တက္ကသိုလ်အာဏာပိုင်တွေ အရေးယူမှာကို မကြောက်ဘဲ ပထမဆုံး အဆိုတင်သွင်းတာကအလည်၊ တကသ၊ ဗကသ၊ တက္ကသိုလ်ကျောင်သားသပိတ်တွေနှင့် ပတ်သက်ပြီး သမိုင်းမှာ ဘယ်လိုမှ ဖယ်ချန်လို့မရတဲ့ ဦးရာရှစ်ရဲ့ အင်မတန် အရေးပါလှတဲ့ အခန်းကဏ္ဍတွေကိုတောင် မြန်မာမွတ်စလင်ဖြစ်လို့ တမင်မှိန်ထား၊ ချန်လှပ်ထားတာလားလို့ မေးခွန်းထုတ်ရမဲ့အချက်တွေ ရှိခဲ့ပါတယ်။ သို့သော် စာအုပ်တစ်အုပ်ထဲမှာ အားလုံးကို ဖေါ်ပြဖို့က မဖြစ်နိုင်ဘူးဆိုတာကို နားလည်ပြီး မထောက်ပြခဲ့ပါဘူး။

    အခုစာအုပ်မှာကျတော့ နယ်စပ်က အင်မတန်သေးငယ်သော အဖွဲ့အစည်း၊ မနေ့တစ်နေ့ကမှ ပေါ်ပေါက်လာသော အဖွဲ့အစည်း စသဖြင့် အဖွဲ့ပေါင်းစုံကို ထည့်သွင်းထားပေမဲ့ ကာလရှည်ကြာစွာ ရပ်တည်နေဆဲဖြစ်တဲ့ MLOB(Muslim Liberatoin Organization of Burma)နှင့် ABMU(All Burma Muslim Union)လို မြန်မာမွတ်စလင် အဖွဲ့အစည်းတွေကိုလည်း ချန်လှပ်ထားတာ ထပ်တွေ့ရပြန်တော့- – –

    ဆရာဝင်းတင့်ထွန်းခင်ဗျား။ မြန်မာမွတ်စလင်တွေရဲ့ သမိုင်းဆိုတာဟာ ဆရာဝင်းတင့်ထွန်းမြင်တဲ့ သမိုင်းမှာ တန်းမဝင်၊ စာရင်းမပေါက်များ ဖြစ်နေပါသလားဆရာ။ ဘယ့်အတွက်ကြောင့် ဗမာမွတ်စလင် ကွန်ဂရက်ကို ချန်လှပ်ထားရပါသလဲ ဆရာ။

    လေးစားစွာဖြင့်

    အောင်တင်
    မေလ (၂၂) ၂၀၁၂

     

    ဗမာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်း အသင်းအပင်းများ အညွှန်းစာအုပ်  PDF Version

  • (၁၄၈၆) နှစ်မြောက် တမန်တော်နေ့ အခမ်းအနားကျင်းပ

    (၁၄၈၆) နှစ်မြောက် တမန်တော်နေ့ အခမ်းအနားကျင်းပ

    ၁၄၈၆ နှစ်မြောက် တမန်တော်မြတ်နေ့ အထိမ်းအမှတ် အခမ်းအနား တစ်ရပ်ကို မေလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ ဆရာဝန် အသင်းခန်းမတွင်၁၄၈၆ နှစ်မြောက် တမန်တော်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီက ကျင်းပပြုလုပ်ခဲ့သည်။

    ပြည်ထောင်စုဝန်ကြီးမှ သ၀ဏ်လွှာပေးပို့

    အခမ်းအနားသို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်ထံမှ ဂုဏ်ပြု သ၀ဏ်လွှာ ပေးပို့သည်။

    အဆိုပါသ၀ဏ်လွှာကို ဆရာဦးအေးလွင်မှဖတ်ကြားသည်။

    အဆိုပါသ၀ဏ်လွှာတွင် ”ယနေ့ တွင် အစ္စလာမ်ဘာသာရေးအဖွဲ့ ၁၀ဖွဲ့တို့ကစည်းစည်းလုံးလုံးညီညီ ညွတ်ညွတ်ဖြင့် အောင်မြင်စွာ ကျင်းပသကဲ့သို့ ရှေ့သို့ဆက်၍ အစ္စလာမ်သာသနာ့တာဝန်များကို စွမ်းစွမ်းတမံ ညီညွတ်စွာ …..ထမ်းဆောင်နိုင်ကြပါစေ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို ခေတ်မှီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး အဖြစ်တည်ဆောက် နေချိန်တွင် နိုင်ငံသားကောင်း သမီးကောင်းများ ပီသစွာဖြင့် မိမိတို့ကျရာ ကဏ္ဍများမှ စွမ်းအားရှိသမျှ ပါဝင်ဆောင်ရွက်နိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါသည်ဟု” ပါရှိပါသည်။

    ဘာသာရေးအဖွဲ့များက မိန့်ခွန်းများပြောကြား

    အခမ်းအနားကို မောင်လာနာနိုင်ဝင်းမြင့်က ကေယာအသ်ဖြင့်ဖွင့်လှစ်ပေးသည်။

    ၁၄၈၆ နှစ်မြောက် တမန်တော်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီဥက္ကဌ ဟာဂျီဗိုလ်မှူးတင်မောင်ဝင်းက အဖွင့်မိန့်ခွန်းပြောကြားသည်။

    ၁၄၈၆ နှစ်မြောက် တမန်တော်နေ့ အခမ်းအနားကို ဦးဆောင်ကျင်းပသည့် အစ္စလာမ် ဘာသာရေးအဖွဲ့ ၁၀ဖွဲ့မှ ၁၄၈၆ နှစ်မြောက် တမန်တော်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပညာရှင် ၈ ဦးက တမန်တော်မြတ်နေ့ ဂုဏ်ပြုမိန့်ခွန်းများ ပြောကြားသည်။
    အခမ်းအနားတွင် အငြိမ်းစား သံအမတ်ကြီးဦးလှမောင်၊ အလ်ဟာဂ်ျမောင်လာနာ ဦးအုန်းသောင်၊ အလ်ဟာဂ်ျ ဦးကျော်စိုး (စာရေးဆရာ)၊ ဦးလှမြင့်၊ အလ်ဟာဂ်ျ ဒါဝူဒ်ဗာဂီးရား (ခ) ဦးကျော်အောင်၊ ဒေါက်တာ ဦးမောင်မောင်တာ(ဟာဂ်ျ )၊ ဦးသန်းတင်၊ ဦးစိန်ဌေး တို့က တမန်တော်နေ့ ဂုဏ်ပြုမိန့်ခွန်းများ အသီးသီး ပြောကြားသည်။

    ”. . . ကျွန်တော်ဖတ်သော ကလေမဟ်မှာ လာအိလာဟ အိလ္လလ္လာဟ် မုဟမ္မဒ်ဒုရ် ရစူလွလ္လာဟ် ဖြစ်ပါသည်ဟု” အစချီ၍ ရှီအာဟ်အဖွဲ့ချုပ်ခေါင်းဆောင် ဒေါက်တာ ဦးမောင်မောင်တာ(ဟာဂ်ျ)က စွန္နီရှီအာဟ်ချစ်ကြည်ရေးနှင့် မွတ်စလင်မ်များအကြား စည်းလုံးညီညွတ်ရေး အတွက် တိုက်တွန်းသည့် မိန့်ခွန်းကို ပြောကြားသည်။

    အစ္စလာမ်ဆိုတာ ငြိမ်းချမ်းရေး၊ အစ္စလာမ်ကြောက်ရောဂါ Islamophobia ရောဂါဆိုတာ ငြိမ်းချမ်းရေးကို ကြောက်ခြင်းပါပဲ။ အယူဝါဒတစ်ခုကို လွတ်လပ်စွာ ထုတ်ဖော်​​ ပြောဆို​ ရေးသားခွင့် မပြုတဲ့အပြင် ထိုအယူဝါဒတစ်ခုကို လုပ်ကြံ စွပ်စွဲ​ ရေးသားမယ်ဆိုရင် ဒါဟာ စာပေအကြမ်းဖက်မှု၊ မီဒီယာ အကြမ်းဖက်မှုပဲ ဖြစ်တယ်။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ပြုထားပါလျက် လွတ်လပ်စွာ ကျင့်သုံးခွင့် မရှိဘူးဆိုရင်လည်း ဒါဟာ လက်သီးပုန်းထိုး အကြမ်းဖက်မှုပဲ၊မွတ်စလင်မ်ဆိုတာ ကမ္ဘာ့အကြမ်းဖက်သမားမဟုတ်ဘူး။ အလ္လာဟ့်ကျမ်းကို ဖက်ကိုင်ထားရတဲ့ အလ္လာ့ဟ်ကျမ်းဖက်သမားသာဖြစ်တယ်။ ကုရ်အာန် (၃း၁၀၃)ဟူ၍ ၎င်းက မွတ်စလင်မ်တို့ ကျင့်သုံးရသည် ဟူ၍ ……ဓမ္မကထိက ဦးစိန်ဌေးက ပြောကြားခဲ့သည်။

    အခမ်းအနားကို ဆရာကြီးဦးခင်မောင်မြင့်ကဆုမွန်ကောင်းတောင်းပြီး ရုတ်သိမ်းခဲ့ ကြောင်းသတင်းရရှိပါသည်။
    မောင်လျှောက်(မြယာမြေ)