News @ M-Media
Blog
  • အစ္စလာမ်က ပြဆိုသော အလုပ်သမားအခွင့်အရေး (မေဒေးနေ့ ဂုဏ်ပြုအစီအစဉ်)
    အစ္စလာမ်က ပြဆိုသော အလုပ်သမားအခွင့်အရေး (မေဒေးနေ့ ဂုဏ်ပြုအစီအစဉ်)
    အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများသည် ယနေ့ကမ္ဘာတွင် အရေးတကြီး ဆွေးနွေးစရာ ခေါင်းစဉ်ကြီးများအနက် တစ်ခု ဖြစ်နေဆဲပင်။ အလုပ်သမားများနှင့်ပတ်သက်၍ အစ္စလာမ်သာသနာကရော မည်သို့ သွန်သင်ဆုံးမထားသည်ကို လေ့လာကြည့်ကြပါစို့…။
    အစ္စလာမ့်အခြေခံတန်ဖိုးမှာ တရားမျှတခြင်းပင်ဖြစ်သည်။ လူ့အသိုင်းအဝန်းတစ်ခုအတွင်း တရားမျှတခြင်းမရှိပါက ငြိမ်းချမ်းမှုနှင့် သဟဇတဖြစ်မှု လုံးဝ ရှိလိမ့်မည်မဟုတ်ပေ။ တရားမျှတခြင်းကို ကုရ်အာန်ကျမ်းတော်မြတ်တွင် အလ်-အဒ်လ် နှင့် အလ်-ကိစ်သ် ဟူ၍ အရဗီအသုံးအနှုန်းနှစ်ခုဖြင့် ဖော်ပြထားသည်။ အဒ်လ်ဆိုသည်မှာ အစွန်းနှစ်ဖက်ကို ရှောင်ပြီး အလယ်အလတ်ကျမျှတခြင်းဖြစ်ပြီး၊ ကိစ်သ်ဆိုသည်မှာ လောကရှိ လူတိုင်း သတ္တဝါတိုင်းနှင့် အရာရာတိုင်းတွင် ထိုက်တန် သင့်လျော်သော ရပိုင်ခွင့် အခွင့်အရေးများရှိကြောင်းကို အသိအမှတ်ပြုလက်ခံခြင်း ဖြစ်သည်။ တစ်ဖက်သား၏ ရပိုင်ခွင့်များကို အပြည့်အဝပေးခြင်းသည် တရားမျှတခြင်းဖြစ်ပြီး မပေးခြင်း၊ လျစ်လျူရှုခြင်းသည် မတရားမှု မမျှတမှုပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်တွင် တရားမျှတရန် လေးနက်စွာ မိန့်တော်မူထားသည်မှာ-
    “အို-သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည်(မည်သည့်ကိစ္စမျိုး၌မဆို) တရားမျှတမှုအပေါ်၌ မြဲမြံစွာ တည်တံ့သူများ ဖြစ်ကြလေကုန်။ မိမိတို့ ကိုယ်ကျိုးနှင့်ဆန့်ကျင်သည်ဖြစ်စေ၊ မိဘနှစ်ပါးနှင့် ဆန့်ကျင်သည်ဖြစ်စေ၊ ဆွေမျိုးနီးစပ်တို့နှင့် ဆန့်ကျင်သည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်ကိုသာ ထောက်ထား၍ (တိကျမှန်ကန်စွာ) သက်သေခံသူများပင် ဖြစ်ကြလေကုန်။
     အကယ်၍ (အသင်တို့က) ဆန့်ကျင်၍ သက်သေထွက်ဆိုရမည့်သူသည် ချမ်းသာကြွယ်ဝသူပင်ဖြစ်စေ၊ ဆင်းရဲသူပင်ဖြစ်စေ(မည်သို့ပင် ဖြစ်စေကာမူ) အလ္လာဟ်အရှင်မြတ်သည် (အသင်တို့ထက်) ၎င်းတို့နှစ်ဦးလုံးနှင့် အနီးစပ်ဆုံးသောအရှင်ဖြစ်တော်မူပေ၏။ သို့ဖြစ်ပေရာ အသင်တို့သည် တရားမျှတမှုမှ တိမ်းစောင်းမသွားကြရန် စိတ်၏ အလိုဆန္ဒကို မလိုက်နာ မလိုက်စားကြကုန်လင့်။
     သို့ရာတွင် အကယ်၍ အသင်တို့သည် ကွေ့ကောက်ပြောဆိုကြပါလျှင်၊ သို့တည်းမဟုတ် လွှဲဖယ် တိမ်းရှောင်ကြပါလျှင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမှုသမျှတို့ကို အကြွင်းမဲ့ သိမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။” (အမျိုးသမီးကဏ္ဍ၊ ပါဒတော် ၁၃၅)
    လူသားတိုင်းတွင် လူသားဖြစ်ခြင်းနှင့်ပတ်သက်ပြီး သာတူညီမျှ အခွင့်အရေး ရြှိကပေသည်။ ထိုအခွင့်အရေးသည် အသားအရောင်၊ လူမျိုး၊ ယောက်ျားဖြစ်မှု မိန်းမဖြစ်မှုနှင့် ဘယ်အရပ်ဒေသမှာ မွေးဖွားသည်၊ ငယ်ခြင်း ကြီးခြင်း၊ ဆင်းရဲချမ်းသာ စသည်တို့ပေါ်တွင် မမူတည်ပေ။  အလ္လာဟ်အရှင်မြတ်က မိန့်တော်မူထားသည်မှာ-
    “အို-လူခပ်သိမ်းတို့။ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ယောက်ျားတစ်ယောက်၊ မိန်းမတစ်ယောက်မှ ဖန်ဆင်းတော်တော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အချင်းချင်း တစ်ဦးကို တစ်ဦး ခွဲခြားသိမြင်မှတ်မိကြအံ့သောငှာ လူမျိုးစု အသီးအသီး၊ မျိုးနွယ်အသွယ်သွယ်ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် (အလ္လာဟ်အရှင်မြတ်အား) အကြောက်ရွံ့ဆုံး၊ အပြစ်များမှ အများဆုံး ရှောင်ကြဉ်သူသည် သာလျှင် အလ္လာဟ်အရှင်မြတ်အထံတော်၌ အမြင့်မြတ်ဆုံးသောသူဖြစ်၏။” (အတွင်းဆောင်များကဏ္ဍ၊ ပါဒတော် ၄၉)
    မုဟမ္မဒ်သခင်ကိုယ်တော်မြတ်(ငြိမ်းချမ်းပါစေကြောင်းမေတ္တာပို့သပါသည်)ကလည်း နောက်ဆုံးဟဂ်ျမိန့်ခွန်းတော်တွင် ဟောကြားတော်မူခဲ့သည်မှာ-
    “အရဗ်လူမျိုးဖြစ်ခြင်းသည် အခြားလူမျိုးထက် မြင့်မြတ်မှု သာမြတ်မှုမရှိ၊ အခြားလူမျိုးဖြစ်ခြင်းသည်လည်း အရဗ်လူမျိုးများထက် မြင့်မြတ်မှု၊ သာမြတ်မှုမရှိ။ လူမည်းဖြစ်ခြင်းကြောင့် လူဖြူများထက် မြင့်မြတ်မှု သာမြတ်မှုမရှိ။ လူဖြူဖြစ်ခြင်းကြောင်းလည်း လူမည်းများထက် မြင့်မြတ်မှုမရှိ။ သို့သော်မြင့်မြတ်မှု သာမြတ်မှုသည် ကိုယ်ကျင့်တရား မြင့်မြတ်ကောင်းမွန်မှုအပေါ်မှာသာ တည်ရှိသည်။”
    အလုပ်လုပ်ခြင်းနှင့် အလုပ်သမားများနှင့်ပတ်သက်၍
    အစ္စလာမ်သည် အလုပ်လုပ်ခြင်းကို ဂုဏ်ပေးသည်။ ကိုယ့်အားကိုယ်ကိုးရန် သွန်သင်သည်။ သို့သော် အလုပ်လုပ်ခြင်းဆိုရာ၌ ထိုအလုပ်သည် တရားသော သမာအာဇီဝအလုပ်မျိုးဖြစ်ရပေမည်။ အလုပ်လုပ်သူ သည်လည်း ရိုးသားမှုနှင့် စိတ်စေတနာဖြူစင်မှုအပေါ် အခြေခံရပေမည်။ မတရားသော လူမှုကျင့်ဝတ်နှင့် မညီသော အလုပ်များ ဥပမာ- အရက်သေစာဘိန်းဘင်းကစော်ရောင်းဝယ်ဖောက်ကားခြင်း၊ ချဲထီနှစ်လုံးမှစ၍မျိုးစုံသော လောင်းကစားဝိုင်းများ၊ အနှိပ်ခန်းမှစ၍ ပြည့်တန်ဆာခန်းများဖွင့်ခြင်း၊ လူမှောင်ခိုကူးခြင်း၊ အမြတ်ကြီးစားခြင်း၊ စားသုံးသူတို့ ဒုက္ခရောက်စေရန် ပစ္စည်းများသိုလှောင်ခြင်း၊ အပေါင်ခံအတိုးစားခြင်း စသည်တို့ကို အစ္စလာမ်က ပြင်းထန်လေးနက်စွာ တားမြစ်ထားသည်။ အလုပ်ရှင်ရော အလုပ်သမားများပါအားလုံး ရိုးသားရမည်ဖြစ်ပြီး တစ်ဦးနှင့် တစ်ဦး တရားမျှတစွာ အပြန်အလှန် ဆက်ဆံရမည်ဖြစ်သည်။
    အလုပ်သမားများအရေးနှင့်ပတ်သက်ပြီး အချက်ငါးချက်ပေါ် အခြေခံကာ ဆက်လက်တင်ပြပါမည်။
    (၁) ရှင်းလင်းသင့်တော်သော သဘောထူညီချက်များ
    နှုတ်ဖြင့်ဖြစ်စေ ရေးသားချုပ်ဆိုသည်ဖြစ်စေ သဘောတူညီချက်များ၊ စာချုပ်များအားလုံးသည် ရှင်းလင်းကာ ပွင့်လင်းမြင်သာရပေမည်။ တရားမျှတရပေမည်။ တရားဥပဒေနှင့်ညီညွတ်ရပေမည်။ (တရားဥပဒေဆိုရာတွင် မတရားသော ဥပဒေများ၊ ဖိနှိပ်ထားသည့် ဥပဒေများကို ဆိုလိုခြင်းမဟုတ်ဘဲ ဖြောင့်မတ်မှန်ကန်သော သစ္စာတရားပေါ်တွင် အခြေခံသည့် ဥပဒေကို ဆိုလိုသည်။) အလုပ်ရှင်များအနေဖြင့် အလုပ်သမားတိုင်းကို သူတို့၏ လုပ်ငန်းတာဝန်များသာမက  ရပိုင်ခွင့်များဖြစ်သည့် ခွင့်၊ အစားပေးခြင်း၊ ခွင့်ရက်ရှည်များ စသည့်တို့ကိုလည်း အသိပေးခြင်းခံထားရပေမည်။ အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်မှာ-
    “အို-ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် (မိမိတို့ထားရှိကြသော) ပဋိညာဉ် ကတိဝန်ခံချက်များအတိုင်း လိုက်နာဆောင်ရွက်ကြလေကုန်။” (ခဲဘွယ်ဘောဇဉ်ကဏ္ဍ၊ ပါဒတော် ၁)
    ကိုယ်တော်မြတ်မုဟမ္မဒ်သခင်(ငြိမ်းချမ်းပါစေကြောင်း မေတ္တာပို့သပါသည်)ကလည်း မိန့်တော်မူခဲ့သည်မှာ-
    “မတရားတာကို တရားတာလုပ်ထားတာ၊ သို့မဟုတ် တရားတာကို မတရားတာလုပ်ထားတာတွေ မဟုတ်ရင် မွတ်စလင်မ်တွေ မိမိတို့ သဘောတူညီချက် ကတိခံဝန်ချက်များကို လိုက်ကို လိုက်နာကြရမည်။” (သိရ်မိဇိ သြဝါဒကျမ်းတော်)
    ထို့ကြောင့် အစ္စလာမ့်တရားတော်အရ အလုပ်ရှင်ရော အလုပ်သမားများပါ မိမိတို့ သဘောတူညီချက် ကတိများကို မိမိတို့အစွမ်းရှိသလောက် အကောင်းဆုံး ဖြည့်ဆည်းရပေမည်။
    (၂) အလုပ်သမားများ၏ ဂုဏ်သိက္ခာ
    အစ္စလာမ့်တရားတော်သည် လူသားတို့အား တရားသော ကုန်သွယ်စီးပွားရှာခြင်းနှင့် အသက်မွေးဝမ်းကျောင်းပြု အလုပ်လုပ်ကိုင်ခြင်းများကို တိုက်တွန်းခွင့်ပြုထားပေးသည်။ သို့ဖြစ်၍ အလုပ်လုပ်သူတိုင်းကို ဂုဏ်ပေးကာ ဆက်ဆံရပေမည်။ တရားသော အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုသည့် အတိုင်းပင်။ မုဟမ္မဒ်သခင်(ငြိမ်းချမ်းပါစေကြောင်း မေတ္တာပို့သပါသည်)သည် အလုပ်ကြိုးစားခြင်းကြောင့် ကြမ်းမာနေသောလက်ရှင်များကို မြတ်နိုးတော်မူပြီး လူပျင်းလူဖျင်းများ၊ သူတောင်းစားများနှင့်ယှဉ်လျှင် များစွာဂုဏ်ပေး ဆက်ဆံစကားပြောတော်မူလေ့ရှိပြီး ဒုအာဆုမွန်ကောင်းတောင်းပေးလေ့ရှိသည်။ အစ္စလာမ်သည် အလုပ်သမားများကို ကြင်နာစွာ ဆက်ဆံရန် သင်ကြားသည်။ အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်မှာ-
    “အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ခဝကိုးကွယ် ဆည်းကပ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မည်သည့် တစုံတရာကိုမျှ ထိုအရှင်မြတ်နှင့် တွဲဘက်နှိုင်းယှဉ်ခြင်း မပြုကြကုန်လင့်။ ထိုမှတပါးတုံ အသင်တို့သည် အမိအဘနှစ်ပါးတို့ကိုလည်းကောင်း၊ ဆွေမျိုးနီးစပ်တို့ကိုလည်းကောင်း၊ မိဘမဲ့ကလေးတို့ကိုလည်းကောင်း၊ အထီးကျန်သူဆင်းရဲတို့ကိုလည်းကောင်း၊ နီးကပ်သော အိမ်နီးချင်းတို့ကိုလည်းကောင်း၊ ဝေးလံသော အိမ်နီးချင်းတို့ကိုလည်းကောင်း၊ အပေါင်းအဖော်တို့ကိုလည်းကောင်း၊ ခရီးသည်တို့ကိုလည်းကောင်း၊ အသင့်တို့ ညာဖက်လက်မှ ပိုင်ဆိုင်သောသူများ(မိမိတို့လက်အောက်ခံများနှင့် အလုပ်သမားများ)ကိုလည်းကောင်း ကောင်းစွာ ဆက်ဆံ ပြုစုကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မာနထောင်လွှားသောသူ၊ ဝင့်ကြွားပြောဆိုသောသူကို နှစ်သက်တော်မူသည် မဟုတ်ပေ။ အကြင်သူတို့သည် မိမိတို့ကိုယ်တိုင်လည်း စေးနဲကြကုန်၏။ သူတပါးတို့အားလည်း စေးနဲကြစေရန် ညွှန်ကြားကြ၏။ ထိုမျှသာမကသေး ယင်းသူတို့သည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်က မိမိကျေးဇူးတော်နှင့်  ပေးသနားတော်မူခဲ့သော အရာများကိုလည်း (လှူဒါန်းသုံးစွဲခြင်းမပြုဘဲ) လျှို့ဝှက် ထိမ်ချန်၍ ထားရှိကြ၏။ အမှန်စင်စစ် ငါ အရှင်မြတ်သည် ကျေးဇူးကန်းသော သူတို့အဖို့ ဂုဏ်အသရေ ပျက်စီးစေသော အပြစ်ဒဏ်ကို အသင့်ပြင်ဆင် ထားရှိတော်မူသည်။” (အမျိုးသမီးများကဏ္ဍ၊ ပါဒတော် ၃၆နှင့် ၃၇)
    (၃) အလုပ်သမားများအပေါ် သနားကြင်နာခြင်း
    အလုပ်သမားများသည် ကျွန်တော်တို့ ညီနောင်များ ညီအစ်မများပင်ဖြစ်ကြသည်။ သူတို့သည် ကျွန်တော်တို့ကို ကူညီသူများလည်းဖြစ်ကြသည်။ ကိုယ်တိုင်မလုပ်နိုင်သော အရေးကိစ္စများစွာအတွက် သူတို့ကို ကျွန်တော်တို့ မှီခိုနေရသည်။ အလုပ်ရှင်များသည် အလုပ်သမားများကို သူတို့လုပ်နိုင်စွမ်းထက် ပိုလွန်ပြီး တာဝန်များ အလုပ်များ မခိုင်းစေသင့်ပါ။ အလုပ်သမားများအတွက် လူသားဆန်ပြီး လုံခြုံသော လုပ်ငန်းခွင်ကို စီစဉ်ပေးရမည်။ အကယ်၍များ လုပ်ငန်းခွင်တွင် ထိခိုက်အနာတရာများရှိခဲ့ပါလျှင် ရပိုင်ခွင့်များနှင့် အစားပေးခြင်းများကို စီစဉ်ပေးရပါမည်။ အလုပ်သမားများကို အလုပ်အတွင်း အမြဲတမ်းနစ်မွန်းမနေစေဘဲ သူတို့ကိုယ်တိုင်နှင့် မိသားစုအတွက် ကိုယ်ပိုင်ချိန် ရှိစေရန်လည်း စီစဉ်ပေးရမည်။  အရွယ်မရောက်သေးသောကလေးငယ်များနှင့် လုပ်ငန်းလုပ်ဆောင်ရန် အရည်အသွေးမရှိလောက်အောင် စိတ် သို့မဟုတ် ကိုယ် မကျန်းမာ သူများကို အလုပ်မခိုင်းစေသင့်ပါ။ အလုပ်သမနှင့် အမျိုးသမီးဝန်ထမ်းများအတွက်လည်း ကာယအိနြေ္ဒမှအစ အစစအရာအရာ လုံခြုံစိတ်ချရသော လုပ်ငန်းခွင်ဖြစ်စေရန် စီစဉ်ထားရပေမည်။
    ကာယအိနြေ္ဒရေနှင့်  မကိုက်ညီသော အလုပ်များ (ယနေ့ ဆေးလိပ်နှင့် အရက်ကုမ္ပဏီများ၊ ဆေးလိပ်နှင့် အရက်ပရိုမိုးရှင်းများ၊ အရက်ဘီယာရောင်းချသော စားသောက်ဆိုင်များတွင် မြန်မာပြည်အမျိုးသမီးငယ်များကို လျပ်ပေါ်လော်လီစွာဝတ်စားစေကာ၊ အလှပြင်၊ စကတ်တိုများဝတ်စားစေကာ ကြော်ငြာများရိုက်ခြင်းနှင့် ညအချိန်အထိ အလုပ်များခိုင်းစေခြင်း၊ ကေတီဗီများနှင့် အနှိပ်ခန်းများကို လူသိရှင်ကြားဖွင့်ခြင်း စသည်တို့ကို တွေ့နေရသည်မှာ လွန်စွာ ဝမ်းနည်းဖွယ်ကောင်းလှပါသည်။ ပို၍ ဝမ်းနည်းဖွယ်၊ ရှယ်ဖွယ်ကောင်းသည်မှာ မိမိတို့ကိုယ်ကို အမျိုးဘာသာသာသနာကို စောင့်ရှောက်ကာကွယ်နေသူများဟု သံကုန် ဟစ်ကြွေးနေသူများသည် ထိုအရေးကိစ္စများတွင်မူ နှုတ်ဆိတ်နေပြီး မိမိတို့ဘာသာတရားက သွန်သင်သော မေတ္တာခန္တီတရားနှင့်ဝေးစွာသော လုပ်ရပ်များတွင် အားစိုက်အချိန်ကုန်ခံနေခြင်းများပင်ဖြစ်သည်။ ပို၍ သနားဖွယ်ကောင်းသည်မှာ ထိုသို့သော တလွဲဆံပင်ကောင်းများနောက်သို့လိုက်ကာ မိမိတို့တန်ဖိုးရှိသော အချိန်နှင့် အင်အားများကို ပေးနေသော ကျွန်တော်တို့ ညီနောင် ဘာသာခြား မြန်မာပြည်သူ ညီနောင်သားချင်းများပင်။ (မလုပ်သောသူများကို မဆိုလိုပါ) မြန်မာပြည်သူမွတ်စလင်မ်များအနေနဲ့ ဝမ်းမြောက်စရာမှာ ထိုရှယ်ဖွယ်ကောင်းသော လုပ်ငန်းများတွင် မွတ်စလင်မ်များမရှိသလောက်နည်းခြင်းပင်ဖြစ်သည်။) များ မလုပ်ရန်နှင့် အလုပ်သမများ၏ မီးဖွားမှုရပိုင်ခွင့်များကို စီစဉ်ပေးထားရမည်။ မုဟမ္မဒ်သခင်(ငြိမ်းချမ်းမှုကျရောက်ပါစေကြောင်း မေတ္တာပို့သပါသည်)က သြဝါဒချွေတော်မူခဲ့သည်မှာ-
    “အသင့် ညီနောင်များနှင့်ပတ်သက်၍ အသင်တို့တွင် တာဝန်အပြည့်အဝရှိပေသည်။ အလ္လာဟ်အရှင်မြတ်က သူတို့ကို အသင့်လက်အောက်ခံအဖြစ်ထားတော်မူသည်။ ထို့ကြောင့် အသင့်လက်အောက်ရှိ ညီနောင်တိုင်းကို အသင်စားသကဲ့သို့ ကျွေးမွေးပါ။ အသင်ဝတ်ဆင်သကဲ့သို့ ဝတ်စားပေးပါ။ သူတို့အပေါ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် မနိုင်တာဝန်များကို မပေးပါနှင့်။ ထိုကဲ့သို့သော တာဝန်ကြီးများပေးခဲ့လျှင် သူတို့ကို အလုပ်ကူများ စီစဉ်ပေးပါ။” (ဗုခါရီသြဝါဒတော်ကျမ်း)
    (၄) လုပ်အားခကို ထိုက်သင့်စွာနှင့် အချိန်မှီပေးအပ်ခြင်း
    လုပ်သားများကို လုပ်အားခ ထိုက်သင့်စွာနှင့် တရားမျှတစွာပေးအပ်ရမည်။ အစ္စလာမ်တွင် မည်သူတစ်ဦးတစ်ယောက်ကိုမှ မတရားလုပ်ခြင်းကို ခွင့်မပြုချေ။ အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်မှာ-
    “…အသင်တို့သည် လူတို့အား ၎င်းတို့၏ ဥစ္စာပစ္စည်းများကို မတရားသဖြင့် လျှော့၍ပေးခြင်းကိုလည်း မပြုကြကုန်လင့်၊…” (ကြငှန်းများကဏ္ဍ၊ ပါဒတော် ၇)
    အလ္လာဟ်အရှင်မြတ်က မိမိတို့ရပိုင်ခွင့်များကို အပြည့်အဝယူပြီးနောက်သော်မှ သူတစ်ပါးတို့အား လျှော့ပေးခြင်းသူများကို သတိပေးထားသည်မှာ-
    “အလေး၊ တင်းတောင်း၊ ခွက်၊ စသည်ကို စဉ်းလဲသူတို့သည် ပျက်စီးကြရပေမည်။ အကြင်သူတို့သည် သူတပါးထံမှ ခြင်တွယ်၍ ယူကြရသောအခါ အပြည့်ရယူကြလေသည်။ သို့ရာတွင် ၎င်းတို့သည် သူတပါးတို့အားခြင်တွယ်၍ သော်လည်းကောင်း၊ သူတပါးတို့အား ချိန်တွယ်၍ သော်လည်းကောင်း ပေးကြသောအခါ လျှော့၍ ပေးကြလေသည်။ ၎င်းတို့သည် မိမိတို့မှာ ဧကန်အမှန် ရှင်ပြန်ထကြရမည့်သူများ ဖြစ်ကြသည်ကို မယုံကြည်ကြလေသလော။ ကြီးကြယ်လှစွာသောနေ့တွင်။ အကြင်နေ့တွင် လူခပ်သိမ်းတို့သည် စကြဝဠာခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ရှေ့တော်မှောက်တွင် ရပ်ကြကုန်အံ့သတည်း။”
    (အလေးတင်းတောင်းစဉ်းလဲခြင်းကဏ္ဍ၊ ပါဒတော် ၁ မှ ၆)
    မုဟမ္မဒ်သခင်(ငြိမ်းချမ်းမှုကျရောက်ပါစေကြောင်းမေတ္တာပို့သပါသည်)က မိန့်ကြားတော်မူခဲ့သည်မှာ-
    “အလုပ်သမားများအား ချွေးမခြောက်ခင် လုပ်အားခပေးချေကြလော့။” (အဗ်နေ့မဂျဟ်သြဝါဒတော်ကျမ်း)
    (၅) သမဂ္ဂများနှင့် အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပေးခြင်း
    အထက်ပါ အချက်အလက်များအပေါ်အခြေခံကာ အစ္စလာမ့်သွန်သင်ချက်အရ အလုပ်သမားများအနေဖြင့် အသင်းအဖွဲ့များ အစည်းအရုံးများ လွတ်လပ်စွာ ဖွဲ့စည်းပိုင်ခွင့် ရှိပေသည်။ အထူးကုန်သွယ်မှုသမဂ္ဂများနှင့် အသင်းအဖွဲ့များသည် လူသမားတို့၏ လုပ်ငန်းခွင်နှင့် လူမှုရေးများကို ကူညီနိုင်ပေသည်။ ထိုအဖွဲ့များသည် လူသမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများနှင့်ပတ်သက်ပြီး တရားမျှတမှုရရှိစေရန်လည်း အကူအညီများပေးနိုင်သည်။ သို့သော် အလုပ်ရှင်များရော အလုပ်သမားများပါ မိမိတို့တာဝန်ဝတ္တရားများနှင့် ရပိုင်ခွင့်များနှင့်ပတ်သက်ပြီး အလ္လာဟ်ရှင်မြတ်ကို ကြောက်စိတ်နှင့် သိစိတ်ထားရှိကာ လိုက်နာကြရပေမည်။
    Muzammil H.Siddiq, Director, Orange County Islamic Centre, California ၏ OnIslam မှ Rights of Workers in Islamဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။
    အထက်ပါ ဆောင်းပါးဖြင့် MMSY Media မှ မေလ(၁)ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့ ကို ဂုဏ်ပြုလိုက်ပါသည်။
  • “မမ သူရဲကောင်း” (သို့) နိုင်ငံသားကောင်း မြန်မာမွတ်စလင်မ် တစ်ယောက် စက်ခေါင်းမှူးလက်ထောက် ဦးဌေးနိုင်
    မိုးပေါ်မှအပ်တစ်ချောင်းနှင့်  မြေပြင်မှအပ်တစ်ချောင်းထိတွေ့ရန်ထက် လူ့ဘဝ ရလာဖို့မှာ ပို၍မလွယ်ကူကြောင်း သိကြပါသည်။ ရရှိလာသောလူ့အသက်ကို  မိမိ အသက်နှင့်ရင်းပြီး   ကယ်တင်ခဲ့သည့်လုပ်ရပ်သည်  အင်မတန်လေးစားဂုဏ်ယူဖွယ်ကောင်းသည်ဆိုလျှင် မှားမည်မထင်ပါ။ နေရာအနှံ့၊  ဒေသအနှံ့အပြားတွင်  သဘာဝဘေးအန္တရာယ်ကျရောက်မှုကို လည်းကောင်း၊  ရောဂါဘယဖြစ်ပွားမှုကိုလည်းကောင်း၊   ရုတ်တရက်ပေါ်ပေါက်လာသော ဘေးအန္တရာယ်များကိုလည်းကောင်း လူသားအချင်းချင်း  စာနာထောက်ထား
    သောစိတ်ဓာတ်ဖြင့် သူ့နည်းသူ့ဟန်ကယ်တင်ကာ ကောင်းကျိုးပြုလျက်ရှိကြသည်။ စာရေးသူ၏ပတ်ဝန်းကျင်တွင် ကြုံတွေ့ခဲ့ရသော မှတ်ကျောက်တင်ခံနိုင်သည့် ဖြစ်ရပ်မှန်ဖြစ်စဉ်တစ်ခုအား တင်ပြလိုပါသည်။
    ၁၀-၄-၂၀၁၂ ရက်တွင်  မော်လမြိုင်မှရန်ကုန်သို့ထွက်ခွာလာသည့် အမှတ် (၁၇၆)အစုန်ရထားသည် ဒါးပိန်ဘူတာသို့မရောက်မီ ၁၀း၁၂ နာရီအချိန်၌ ပေ ၁၂၀ အရှည်ရှိတံတားပေါ်တွင်   ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါသည်။ မော်လမြိုင်ဘူတာမှ ည ၁၂ နာရီအချိန်ထွက်ခွာလာသော   ထားဝယ်-မော်လမြိုင်-ရန်ကုန်ရထားသည် စက်ခေါင်း၏ နောက်တွင် တွဲ ၁၀ တွဲ ချိတ်ဆက်လျက် စက်ခေါင်းမောင်း၏ဦးဆောင် မောင်းနှင်ခေါ်ယူမှုအောက်တွင် သတ်မှတ်အမြန်နှုန်းဖြင့် ခုတ်မောင်းလျက်ရှိရာ ရထားသံလမ်းပေါ်မလွတ်ကင်းသည့် လူ/တိရစ္ဆာန်များတွေ့ရှိရပါက  ဥဩဆွဲသတိပေးခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ခဲ့ပေသည်။
    ရထားလာသည်ကို တွေ့မြင်ကြားသိလျှင်လည်း ရထားသံလမ်းပေါ်တွင်ရှိနေသော လူ/တိရစ္ဆာန်များသည် ရထားရောက်မလာမီအချိန်အတွင်း   ရှင်းလင်းသွားသည်သာဖြစ်ပါသည်။   သို့ရာတွင် တစ်ကြိမ်တစ်ခါ၌  ရထားလမ်းပေါ်မှဆင်းမသွားသည့်လူနှစ်ဦးကို  စက်ခေါင်းမောင်းသည် ခပ်လှမ်းလှမ်းမှတွေ့မြင်ရချိန်တွင် ရထားအားအရှိန်လျှော့ပြီး စက်ခေါင်းဘရိတ်နှင့်အရေးပေါ်ဘရိတ်   (Emergency Brake)တို့ကိုအသုံးပြုကာ  ရထားရပ်တန့် နိုင်ရေးဆောင်ရွက်ခဲ့ရသည်။ ရထားမောင်းနှင်ရာတွင် အရေးပေါ်အခြေအနေမှအပ Emergency Brake ကို အသုံးပြုခဲသည်။ ထိုသို့အသုံးပြုပါက အရှိန်နှင့်သွားနေသော ရထားသည် တွဲဆိုင်းများ၏ တုံ့ဆိုင်း/တွန်းကန်မှုများကြောင့် တွဲဆိုင်းများပြတ်၍
    အန္တရာယ်ဖြစ်တတ်သောကြောင့် ဖြစ်ပါသည်။ တစ်ဖက်ရထားလမ်းပေါ်တွင်ရှိသော လူနှစ်ယောက်၏အခြေအနေမှာလည်း   ကန့်သတ်ချက်ရှိနေပြန်ပါသည်။ ဤကန့်သတ်ချက်မှာ ရထားကိုအဝေးမှ စောစီးစွာမမြင်ခဲ့ခြင်း၊ ပေ ၁၂၀ အရှည်ရှိသော တံတားအလယ်တွင် ရောက်ရှိနေခြင်း၊  ဘေးသို့ရှောင်ရန်နေရာမရှိဘဲ  တံတားပေါ်မှ ၁၂ ပေခန့်အမြင့်ရှိ ရေထဲသို့ခုန်ချရမည်ဖြစ်ခြင်း၊ တံတားအောက်ရှိ ချောင်းရေအနက် မည်မျှရှိသည်ကို မခန့်မှန်းနိုင်ခြင်းစသည့် ကန့်သတ်ချက်များရှိနေပါသည်။ ပိုဆိုး
    သည်မှာ (နောင်မှသိရသည်မှာ) ၄င်းနှစ်ဦးအနက် တစ်ဦးမှာအသက် (၆၂)နှစ်အရွယ် အဘွားဖြစ်သူနှင့် တစ်ဦးမှာ အသက် (၈) နှစ်ခန့်အရွယ်ရှိ မြေးတော်စပ်သူတို့ ဖြစ်နေခြင်းပင်။
    မြေးအဘွားနှစ်ဦးနှင့် စက်ခေါင်းမှူးလက်ထောက်သည် ရေထဲကျသွားသော်လည်း  ကံတရားအရသော်လည်းကောင်း၊   ဝိုင်းဝန်းဆယ်ယူပေးမှုအရသော်လည်းကောင်း အသက်ရှင်ရန် အခွင့်အလမ်းများပါသည်။ ရထားလမ်းပေါ် ရထားအကြိတ်ခံ ရလျှင်ကား အသက်ရှင်ရန်အခွင့်အလမ်းမရှိနိုင်ပေ။ ဤဖြစ်စဉ်တွင်လည်း စက်ခေါင်းနောက်တွဲမှ  လုံခြုံရေးလိုက်ပါလာသော  ရထားရဲများနှင့်ခရီးသည်များမှ  ရေထဲသို့ကျသွားသော အဘွားအို၊ မြေးမလေးနှင့် စက်ခေါင်းမှူးလက်ထောက်တို့ကို ဝိုင်းဝန်း
    ဆယ်ယူကူညီပေးမှုကြောင့် သုံးဦးစလုံးအသက်ချမ်းသာရာရခဲ့ပါသည်။ ရထားသည်လည်း မြေးအဘွားနှစ်ဦးရပ်နေသည့်  နေရာကိုကျော်လွန်ပြီး ပေ ၄၀ အကွာနေရာ တံတားတစ်ဖက်ကမ်းသို့ရောက်သည့်နေရာတွင် ရပ်တန့်သွားခဲ့ပါသည်။
    ဖြစ်စဉ်ကိုလေ့လာပါက ရထားလမ်းတစ်လျှောက်နေထိုင်သူ ပြည်သူများသည် ရထားလမ်းနှင့်တံတားများဖြတ်ကူးရာတွင် သတိနှင့်ဖြတ်ကူးရန်၊ ရထားလမ်းပတ်ဝန်းကျင်၌သွားလာရာတွင်  တစ်ကြိမ်တစ်ခါသာမဟုတ်ဘဲ   အမြဲတမ်းသတိပြုသွားလာနိုင်ပါရန် နှိုးဆော်အပ်ပါသည်။ ပြည်သူများလိုက်နာဆောင်ရွက်သင့်သည့် အချက်များကိုလည်း  မြန်မာ့မီးရထားဘူတာရုံများနှင့်  ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် အသိပေးကြေညာထားပြီးဖြစ်ရာ ပြည်သူများမှဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
    ရထားစက်ခေါင်းမောင်းများသည်လည်း ယခုစက်ခေါင်းမောင်းကဲ့သို့ အမြဲသတိရှိမောင်းနှင်ပြီး ရထားလမ်းပေါ်မှ  လူများ၏အသက်ကိုကယ်တင်နိုင်ရန်၊  ရထားဖြင့်စီးနင်းလိုက်ပါလာသည့်  ခရီးသွားပြည်သူများ၏အသက်သည်လည်း  စက်ခေါင်းမောင်း၏လက်ထဲတွင်ရှိပေရာ  လမ်းကြောင်းတစ်လျှောက်  တွေ့ကြုံလာမည့်အန္တရာယ် များကိုသတိရှိစွာဖြင့် ရင်ဆိုင်ဖြေရှင်းခြင်း၊ ကြိုတင်ကာကွယ်သွားခြင်းဖြင့် ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းမှုကို ဆောင်ရွက်သွားကြရပေမည်။
    စက်ခေါင်းမှူးလက်ထောက်(စက်ခေါင်းမောင်းအကူ)ကဲ့သို့ အရေးကြုံလာလျှင် “ကိုယ်ချင်းစာနာစိတ်၊ မီးရထားစိတ်ဓာတ် ” ဖြင့် အသက်ပေး၍ ကာကွယ်ပေးလိုသည့်စိတ်ဓာတ်များလည်း ရှိနေရန်လိုအပ်ပါသည်။ အားလုံးမှ ဤသို့သော စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာဆောင်ရွက်သွားမည်ဆိုလျှင်  မြန်မာ့မီးရထားသည်  စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ရှေ့သို့တက်လှမ်းတိုးတက်လာနိုင်မည်ဖြစ်ပေသည်။
    ဖြစ်စဉ်တွင်  အသက်စွန့်ကယ်တင်ခဲ့သော  စက်ခေါင်းမှူးလက်ထောက်နှင့် စက်ခေါင်းမောင်းတို့အားဂုဏ်ပြုသောအားဖြင့်    ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆုငွေ ငါးသိန်းချီးမြှင့်ခဲ့သလို မြန်မာ့မီးရထားကလည်း မေလ ၁ ရက်နေ့တွင်  ကျရောက်မည့် (၁၃၅)နှစ်မြောက်  မြန်မာ့မီးရထားနှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုကြေးငွေများထိုက်တန်စွာ  ချီးမြှင့်သွားမည်ဖြစ်ပါသည်။
    စက်ခေါင်းမှူးလက်ထောက်ကဲ့သို့သော ဦးဆောင်လမ်းပြပေးခဲ့သည့် ပုဂ္ဂိုလ်မျိုးအား “ မြန်မာ့ မီးရထား၏ သူရဲကောင်း”“ မမ” သူရဲကောင်း အဖြစ် ဂုဏ်ပြုပြောဆို လိုပေသည်။ စာရေးသူအနေဖြင့် မိမိနိုင်ငံတွင် “မမ” သူရဲကောင်းများ အများအပြားပေါ်ထွက်လာစေကြောင်းဆန္ဒပြုရင်း …။ ။
    (မြေးအဘွားနှစ်ဦးအား အသက်စွန့် ကယ်တင်ခဲ့သော နိုင်ငံသားကောင်း မြန်မာမွတ်စလင်မ် စက်ခေါင်းမှူး လက်ထောက်ဦးဌေးနိုင် အကြောင်း ဂုဏ်ပြုရေးသားထားသော ၂၈-၄-၂၀၁၂ ကြေးမုံသတင်းစာ စာမျက်နှာ(၆) တွင် ပါရှိသည့် ဆောင်းပါးရှင် ဦးသူရိန်(ဘားအံ့) ၏ “ မမ သူရဲကောင်း” ဆောင်းပါးဖြစ်ပါသည်။)
  • ကျောက်တံတားမြို့နယ်ရှိ မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ
    ကျောက်တံတားမြို့နယ်ရှိ မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ
    ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဘားလမ်း (မဟာဗန္ဓုလ ပန်းခြံလမ်း)တွင် တည်ရှိသော မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံ စတင်တည်ထောင်ခဲ့ပုံနှင့် လက်ရှိအခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
    လွန်ခဲ့သည့် ၇၂ နှစ်ကျော်ခန့်က မွတ်စ်လင်ဘာသာဝင်များထဲတွင် တိုးတက်သည့် အတွေးအမြင်ရှိသော လူငယ်အုပ်စုတစ်ခုသည် လွတ်လပ်မှုကို ပြင်းပြစွာ လိုလားခဲ့ကြပါသည်။ သို့သော် သူတို့၏ ကိုးကွယ်ယုံကြည်မှု၊ လူမျိုး၊ အဆင့်အတန်းကြောင့် အရည်အချင်းမီ ဆေးကုသမှုကို မရရှိနိုင်ကြဘဲ ခွဲခြားဆက်ဆံ ခံနေကြရသည်ဟု ခံစားခဲ့ကြရသည်။ လမ်းသစ်ထွင်လိုသည့် လူငယ်များသည် ၎င်းတို့၏ လူမှုအသိုင်းအဝိုင်း အတွင်းတွင် နားလည်မှုရှိသော လူကြီးအချို့ကို ချဉ်းကပ်ကာ စတင်စည်းရုံးခဲ့ကြသည်။ လူကြီးများသည် တစ်ခုတည်းသော ရည်ရွယ်ချက်နှင့်အတူ အလေးအနက်ထား ကြိုးပမ်းကြရန် လူငယ်တို့၏ အတွေးအမြင်တို့ကို လက်ခံခဲ့ကြသည်။ သူတို့၏ ကိုယ်ကျိုးမဖက်သော စွမ်းဆောင်မှုများကြောင့် သင့်တော်ရုံမျှသော ဆေးကုခန်းလေးတစ်ခုကို အကောင်အထည်ဖော်ကာ ၁၉၃၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်နိုင်ခဲ့ကြပါသည်။ စနစ်ကျသော စီမံခန့်ခွဲမှုများသည် ကုသိုလ်ဖြစ်စေရုံသာမက တိုးတက်အောင်မြင်ပြီး တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပါသည်။ အလ္လာအရှင်မြတ်၏ ကျေးဇူးတော်၊ စေတနာရှင် ပြည်သူများ တစ်ဦးချင်းနှင့် အဖွဲ့အစည်းများ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ အလှူရှင်များ၏ ကူညီပံ့ပိုးမှုများကြောင့် သာမန်ဆေးခန်းလေးမှသည် တိုးတက်ခေတ်မီသော ဆေးရုံကြီးအဖြစ် ထူထောင်နိုင်ခဲ့ကြပါသည်။ အဆောက်အဦးကြီး ၃ ခုကို မိုးပျံတံတားများထိုးကာ ပေါင်းကူးဆက်သွယ်စေပြီး မကျန်းမာသော လူနာများအား လူမျိုး၊ ဘာသာ မရွေး ဆေးကုသပေးနိုင်ခဲ့ပါသည်။
    မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံတွင် ခုတင် ၁၃၀ ဖြင့် အတွင်းလူနာများကို လက်ခံကုသပေးနေပြီး အရေးပေါ်လိုအပ်လာပါက ခုတင်အပိုများ ထည့်သွင်းနိုင်ကြောင်းလည်း သိရပါသည်။ ယခုအခါ အထွေထွေဆေးခန်း၊ သားဖွားနှင့် မီးယပ်၊ မျက်စိနှင့် ခွဲစိတ်ကုသမှုဆိုင်ရာ ဌာနခွဲများကိုလည်း ဖွင့်လှစ်ကုသပေးလျက်ရှိသည်။ ထို့အပြင် ဆေးဘက်ဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများအတွက် ဓာတ်ခွဲခန်း၊ X-Ray၊ USG၊ ECG စသည့် ခေတ်ပေါ်စက်ပစ္စည်းများအပြင် သွေးလှူဘဏ်ကိုလည်း ဖွင့်လှစ်နိုင်ကြောင်း သိရပါသည်။ ထိုဌာနများက ပြင်ပလူနာ ပျမ်းမျှ ၄၀၀ ခန့်ကို နေ့စဉ်ကုသပေးနေပါသည်။ ပြင်ပမှ အထူးကုဆရာဝန်များနှင့် စမ်းသပ်ကုသမှုကို ခံယူရန်လိုအပ်သော လူနာများအတွက် ကုန်ကျစရိတ်ကို မွတ်စ်လင်ဆေးရုံက ထောက်ပံ့ကူညီပေးပါသည်။ မွတ်စ်လင်ဆေးရုံတွင် ကုသပေးနေသော မျက်စိအထူးကုဆရာဝန်အချို့မှာ နိုင်ငံတဝှမ်း ကျော်ကြားကြသူများ ဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှ လူနာများ လာရောက်ဆေးကုသမှု ခံယူကြကြောင်း သိရပါသည်။
    မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံသည် ရန်ကုန်မြို့လယ်ခေါင်တွင် တည်ရှိသောကြောင့် လူအများ ဝင်ထွက်သွားလာရန် အထူးလွယ်ကူလှပါသည်။ ဤဆေးရုံမှာ ဂိုဏ်းဂဏစွဲ မရှိဘဲ၊ လူသားအကျိုးဆောင် စေတနာဆေးရုံတစ်ရုံအဖြစ်၊ ဆင်းရဲသော လူသားတိုင်းအတွက် ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။ အခြားသော မည်သည့်အသင်းအဖွဲ့နှင့်မျှ တွဲဖက်ထားခြင်းမရှိ၊ လွတ်လပ်စွာ ကူညီလည်ပတ်နေသော ဆေးရုံတစ်ရုံသာ ဖြစ်သည်။ ဆေးရုံ၏ စီမံခန့်ခွဲရေးအတွက် အောက်ပါအတိုင်း ဖွဲ့စည်းထားပါသည်။
    ၁   ဥက္ကဋ္ဌ                                    ၁ ဦး
    ၂   ဒု ဥက္ကဋ္ဌ                                 ၂ ဦး
    ၃   ဘဏ္ဍာထိန်း                            ၁ ဦး
    ၄   အတွင်းရေးမှူး                         ၁ ဦး
    ၅   တွဲဖက် အတွင်းရေးမှူး               ၁ ဦး
    ၆   ကော်မတီ အဖွဲ့ဝင်များ                ၉ ဦး
    စီမံခန့်ခွဲရေးကော်မတီကို သက်တမ်းအလိုက် အသင်းဝင်များက ရွေးချယ်တင်မြှောက်ပေးခြင်းဖြစ်ပြီး အားလုံး စေတနာ့ဝန်ထမ်း အကျိုးဆောင်များသာ ဖြစ်ကြသည်။
    ၂၀၀၈ ခုနှစ်တွင် နာဂစ်လေမုန်တိုင်း ဘေးဒုက္ခကျရောက်စဉ်ကလည်း မွတ်စ်လင်ကုသိုလ်ဖြစ်ဆေးရုံက ဆရာဝန်နှင့် သူနာပြုများ ပါဝင်သော အရေးပေါ် လေဘေးကယ်ဆယ်ရေးအဖွဲ့ကို ဖွဲ့စည်းစေခဲ့ပြီး၊ လေဘေးသင့် ဒေသများသို့ ဆေးဘက်ဆိုင်ရာ အကူအညီများ ပေးပို့ကူညီခဲ့ကြသည်။
    အစိုးရက ကူညီထောက်ပံ့ရေးကာလ ပြီးဆုံးကြောင်း ကြေညာချက်ထုတ်ပြန်သည်အထိ ထိုအဖွဲ့သည် လေဘေးသင့်ဒေသတွင် ဆေးခန်းဖွင့် ကူညီကုသပေးသည့်အပြင်၊ ကွင်းဆင်းဆောင်ရွက်ချက်များကို ကူညီဆောင်ရွက်ခဲ့ကြသည်။ ထိုအဖွဲ့ကို ပြန်လည်ခေါ်ယူပြီး ဒုက္ခသည် လူနာများအား ရန်ကုန်သို့ ပို့ဆောင်စေကာ အတွင်းလူနာအဖြစ် ကုသပေးခဲ့သည်။
    မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်နှင့် ဝန်ထမ်းအင်အားစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
    ၁    အထွေထွေကု ဆရာဝန် (M.O.’s Physician)    ၂ ဦး
    ၂    သားဖွားနှင့် မီးယပ် အထူးကု (O.G)                 ၂ ဦး
    ၃    ခွဲစိတ် အထူးကု (Surgeons)                          ၄ ဦး
    ၄    မျက်စိ အထူးကု (Eyes Specialist)                ၁ ဦး
    ၅    အရိုး အထူးကု (Bone Specialist)                  ၁ ဦး
    ၆    ရင်ဘတ် အထူးကု (Chest Specialist)            ၁ ဦး
    ၇    စိတ်ရောဂါ အထူးကု (Psychiatrist)                ၁ ဦး
    ၈    G.P                                                        — ဦး
    ၉    ရုံးဝန်ထမ်း၊ သူနာပြုနှင့် ဆေးရုံဝန်ထမ်းများ        — ဦး
    မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံ၏ အဓိက ရည်မှန်းချက်နှင့် ပန်းတိုင်မှာ ဘာသာ၊ အယူဝါဒ၊ အသွေးအရောင် ခွဲခြားမှုမရှိစေဘဲ ဆင်းရဲသားများအား လိုအပ်သော ဆေးကုသမှုကို ကူညီပေးရန် ဖြစ်သည်။     ။
    Credit- http://www.citizenofburma.org
  • ပြည်သူ့ဂုဏ်ရည်ဆု ပဏာမစာရင်းတွင် မွတ်စလင်မ် ကုသိုလ်ဖြစ်ဆေးရုံ ၃ ကြိမ်ဆက်တိုက်ပါဝင်ခဲ့
    မွတ်စလင်မ်ကုသိုလ်ဖြစ်ဆေးရုံသည် ပြည်သူဂုဏ်ရည်ဆု စတင်ချီးမြှင့်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် မှ ယခု ၂၀၁၂ အထိ (၃) ကြိမ်ဆက်တိုက် ပဏာမစာရင်းတွင်ပါဝင်ခဲ့သည်။
    မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု တတိယအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် နယူးယောက်မြို့၌ ၂၀၁၂ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။
    အဆိုပါဆုအတွက် လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့၏ အမည်စာရင်းများတင်သွင်းခြင်းကို မတ်လ ၃၁ ရက်နေ့အထိ လက်ခံခဲ့ရာ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် ၃၃ ဦး အဆိုပြုခဲ့ပါသည်။ ယင်းတို့အနက် အောက်ဖော်ပြပါ ၂၀ ဦးကို ဂုဏ်ပြုပွဲအခမ်းအနားများ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီက ပဏာမ ရွေးချယ်ခဲ့ပါသည်။
    ၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပဏာမ စာရင်းဝင်သူများ
    (မှတ်ချက်- အမည်များကို မြန်မာအက္ခရာစဉ်အတိုင်း စီထားခြင်းဖြစ်ပါသည်။)
    ၁။ ဇီဝိတဒါန သံဃာ့ဆေးရုံ
    ၂။ အရှင်ဥာဏိဿရ
    ၃။ အရှင်နာယက (မန္တလေး ဖောင်တော်ဦးကျောင်းဆရာတော်)
    ၄။ အရှင် ပညာစာရ
    ၅။ ဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်
    ၆။ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း
    ၇။ မေတ္တာမွန်ကုန်လှောင်ရုံ မီးလောင်မှုတွင် အသက်ပေးသွားသော မီးသတ်ရဲဘော် ၅ ဦး
    ၈။ မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံ
    ၉။ ရခိုင်သဟာရအသင်း (ရန်ကုန်)
    ၁၀။ ဦးရောဘတ်စန်းအောင်
    ၁၁။ ရွှေခြင်္သေ့ လူမှုစောင့်ရှောက်ရေးအဖွဲ့
    ၁၂။ လဖိုင်နော်မိန်း
    ၁၃။ လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
    ၁၄။ သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့လေးများ ဂေဟာ
    ၁၅။ ဦးသန်းနိုင် Community Water Filtration System
    ၁၆။ ဒေါ်သန်းမြင့်အောင်
    ၁၇။ ဆရာတော် ဦးအာစိဏ္ဏ (တေဇာရာမ ဘုန်းတော်ကြီးသင်အလယ်တန်းကျောင်း)
    ၁၈။ ဦးအုန်း (Minamata Environmental Award ဆုရှင်)
    ၁၉။ Metta Development Foundation
    ၂၀။ Swanyee Development Foundation
    ဤ ပဏာမ အမည်စာရင်းမှ ဆန်ခါတင် ၅ ဦးကို အမေရိကန်ပြည်ထောင်စုအတွင်းနှင့် ပြည်ပနိုင်ငံများရှိ ပြည်သူ့ဂုဏ်ရည်ဌာနခွဲများ တည်ရှိရာ မြို့အသီးသီးက ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထား၍ ရွေးချယ်ကြမည်ဖြစ်ပြီး စုစုပေါင်း ဆန္ဒမဲအများဆုံးရရှိသူ ၅ ဦး၏ အမည်စာရင်းကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ပါသည်။
    ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်တင်သွင်းခြင်း၊ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ရွေးချယ်ပုံ အပါအ၀င် အဖွဲ့နှင့်ပတ်သက်သည်များကို ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာ www.citizenofburma.org တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။ အခမ်းအနားနှင့်ပတ်သက်သည့် အစီအစဉ်များကို ဆက်လက် သတင်းထုတ်ပြန်သွားမည် ဖြစ်ပါသည်။ ။
    www.citizenofburma.org ဖော်ပြထားသော မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံ အကြောင်းအကျဉ်း
    ရန်ကုန် ကျောက်တံတားမြို့နယ်တွင်ရှိပြီး အထွေထွေရောဂါနှင့် မျက်စိကု ကုသိုလ်ဖြစ်ဆေးရုံဖြစ်သည်။ ၁၉၃၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်ခဲ့ပြီး ဂိုဏ်းဂဏစွဲ မရှိဘဲ၊ လူသားအကျိုးဆောင် စေတနာဆေးရုံ တစ်ရုံအဖြစ်၊ ဆင်းရဲသော လူသားတိုင်းအတွက် ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။ အခြားသော မည်သည့်အသင်းအဖွဲ့နှင့်မျှ တွဲဖက်ထားခြင်းမရှိ၊ လွတ်လပ်စွာ ကူညီလည်ပတ်နေသော ဆေးရုံဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် နာဂစ်လေမုန်တိုင်း ဘေးဒုက္ခကျရောက်စဉ်ကလည်း မွတ်စ်လင်ကုသိုလ်ဖြစ်ဆေးရုံက ဆရာဝန်နှင့် သူနာပြုများ ပါဝင်သော အရေးပေါ် လေဘေးကယ်ဆယ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ လေဘေးသင့် ဒေသများသို့ ဆေးဘက်ဆိုင်ရာ အကူအညီများ ပေးပို့ကူညီခဲ့ကြသည်။
    Credit –Citizen-of-Burma-Award
    www.citizenofburma.org
  • မကောင်းရင် သောက်ကုလား၊ ကောင်းရင် နောက်ထားတဲ့လား
    မကောင်းရင် သောက်ကုလား၊ ကောင်းရင် နောက်ထားတဲ့လား
    နေမျိုး
    မေလ ၃ ရက်နေ့ ထုတ် Weekly Eleven ဂျာနယ်မှာ ရထားစက်ခေါင်းမှုးလက်ထောက် ဦးဌေးနိုင်က ရထား တိုက်မိတော့မဲ့ အသက် ၆၀ ကျော် အဖွားအိုတဦးနဲ့  ကလေးငယ်လေးတစ်ယောက်ကို အသက်စွန့် ကယ် တင်ခဲ့တဲ့အကြောင်း ဖတ်ရပါတယ်။ ဂျာနယ်နဲ့  လုပ်တဲ့ အင်တာဗျူးမှာ ကိုယ့်အသက်စွန့် ဖို့  ၀န်မလေးပဲ တခြား အသက်နှစ်ချောင်းကို ကယ်တင်ခဲ့တဲ့ ဦးဌေးနိုင်က
    “ကျွန်တော်က မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါ။ အဲဒီတော့ ဘယ်ဘာသာ၊ ဘယ်လူမျိုးရယ်မှ မဟုတ်ပါဘူး။ လူရယ်လို့ဖြစ်လာရင် ကယ်တင်ထိုက်သူကို ကယ်တင်ရမယ်လေ။ ကျွန်တော့် အနေအထားအရလည်း တာဝန်ပိုင်းမှာ ဖြစ်နေတယ်လေ။ ကျွန်တော်ကယ်တင်လို့ ရနိုင်မယ့် အရည်အချင်းမှာ ကျွန်တော်မကယ်တင်ဘူး ဆိုရင် လူသားမဆန်တဲ့သူ ဖြစ်သွားမယ်။” လို့ ပြောပါတယ်။
    ဒီအင်တာဗျူး ဖေ့စ်ဘွတ်ပေါ်ရောက်လာတဲ့ခါမှာ မြန်မာအများစုက ဂုဏ်ပြုချီးကျူးကြပေမဲ့ မညှာမတာ ကော်မန့် ပေးတဲ့ မြန်မာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ တချို့ ကော်မန့် တွေကတော့
    “လူကယ်တာဟုတ်ပါပီ …….. အစ္စလန်ဘာသာဝင်က ဘာလို့ ထည်ေ၇း၇တာလဲဟ …… ကျက်သေ၇တုံးလာပီ … သေချာတယ် မရိုး သားဘူး ….. သတင်းစာထဲမှာ ဒီလို ရေးစရာအကြာင်းမရှိဘူး …….. ဘာထဲ့ မွှန်းစ၇ာလိုလဲဟ”
    “ မြန်မာပြည်ထဲမှာအချင်းချင်းကူညီတာဘဲ၊ ဒါပေမဲ့ဘာလို့ ဘာသာကိုပါဖေါ်ပြနေသလဲ”
    “ ဦးဌေးကိုလေးစားပါတယ် ဒါပေမဲ့လူမျိုးရေးမပါနဲ့ ဘာသာရေးမပါပါနဲ့ ”
    “ဘာဘာသာဖြစ်ဖြစ် ဒီလုပ်ရပ်ကတော့ ချီးကျူးဖို့အင်မတန်ကောင်းတဲ့ကိစ္စပါ .. ဘာသာကိုနောက်ထား … ဒီလူဟာ အရမ်းမွန်မြတ်တဲ့လုပ်ရပ်တစ်ခုကို လုပ်ပြနိုင်ခဲ့ပြီးပါပြီ…”
    စိတ်ပျက်ဖို့ ကောင်းတာက အပြစ်တခုခုတွေ့ ရင် ဒါမှမဟုတ် အာဖဂန်လိုနိုင်ငံက တဇောက်ကမ်း တယူသန်တွေရဲ့ လုပ်ရပ်ကို မရမကရှာပြီး ဘာမဆိုင် ညာမဆိုင် မြန်မာမွတ်စလင်မ်တွေကို အမျိုးမျိုးလာအပြစ်တင်နေပေမဲ့ မြန်မာနိုင်ငံက မွတ်စလင်မ်တယောက် ကိုယ့်အသက်ကိုပါစွန့် ပြီး ကောင်းတာလုပ် တော့ ဘာသာရေးကို ထည့်မပြောပါနဲ့ တဲ့လေ။ တော်တော်တရားကျစရာ လူတွေပါလား။
    အထက်က ကော်မန့် တွေကို ပြန်တုန့် ပြန်တဲ့ ကော်မန့် တွေနဲ့  ဒီဆောင်းပါးတိုကို နိဂုံးချုပ်ရရင်
    မီဒီယာတွေမှာ… အကြမ်းဖက်လုပ်ရပ်တွေလုပ်ရင်… အစ္စလာမ်ကိုထည့်လို့ရပြီး.. ဒီလို ကောင်းမှုလုပ်တဲ့သတင်းမှာတော့ အစ္စလာမ်ထည့်တာကို မရိုးသားတဲ့လုပ်ရပ်တဲ့လား… အော်… စိတ်ဓါတ်တွေ… စိတ်ဓါတ်တွေ…
    သူ့လုပ်ရပ်က အစ္စလာမ်ဘာသာဝင် တစ်ယောက်ဖြစ်နေတာနဲ့ပဲ လေးစားဂုဏ်ယူစရာတွေ ပျောက်သွားရ မယ်တဲ့လား……မှတ်သားလောက်ပါပေတယ်…
    ရည်ညွန်း – Eleven Journal
    Facebook