News @ M-Media
Blog
  • နိုင်ငံတစ်ခု မွဲတေရတဲ့ အကြောင်းရင်း- အပိုင်း-၁
    နိုင်ငံတစ်ခု မွဲတေရတဲ့ အကြောင်းရင်း- အပိုင်း-၁
    ကျွန်တော် ဆယ်တန်းအောင်ပြီးစ အချိန်- ၁၉၈၆ ခုနှစ်က ရခိုင်ပြည် သံတွဲမြို့နယ်ရှိ ကျီးကန်းရဲကျေးရွာလေးကို အလည်သွားတော့- တောနယ်က စာဆိုတစ်ဦးဖြစ်တဲ့ ကလောင်ရှင် မောင်ကြွေက “ဓါးကမကောင်း၊ ၀ါးမပျောင်း ၍- နှီးချောင်းကျွတ်ဆတ်ခဲ့ရပြီ၊” ဆိုတဲ့ စာသားလေးကို သူ့အိမ်နံရံမှာ မီးသွေးခဲနဲ့ ရေးသားထားတာကို တွေ့ လိုက်မိပါတယ်။ သူကိုယ်တိုင် ဘာကို ရည်ရွယ်ပြီး ရေးသားထားမှန်း ကျွန်တော် မသိပါ။ သို့သော် ထိုစဉ်ကပင် နိုင်ငံတော်အရေး- လူထုအရေးကို တစ်စုံတစ်ရာ စိတ်ဝင်စားမိသော ကျွန်တော်က- သြော်- ငါတို့နိုင်ငံမှာ အုပ်ချုပ်သူက မကောင်း၊ ပြည်သူကမလိမ္မာ- နိုင်ငံတော်မွဲခဲ့ရလေပြီ- လို့ ဆိုလိုလေသလားလို့-၊ မှတ်ချက်ချ မိပါတယ်။
    ဒီနေရာမှာ အုပ်ချုပ်သူက မကောင်း လို့ သုံးမိတဲ့ အတွက် အုပ်ချုပ်သူ ကောင်းတယ် ဆိုတာ ဘာလဲ- လို့ ကျွန်တော်တွေးမိသလောက် ပြန်လည် ရှင်းပြဘို့ လိုမယ် ထင်ပါတယ်။ အုပ်ချုပ်သူ တစ်ဦးအနေနဲ့-
    (၁) သူဟာ- လူမျိုးနွယ် ဘာသာတရား တစ်ခုခုပေါ်မှာ မျက်နှာလိုက် ဇောင်းပေးခြင်း ကင်းရပါမယ်- သူဟာ သူ့တစ်သီးပုဂ္ဂလအနေနဲ့ ကြိုက်တဲ့ ဘာသာကို ကိုးကွယ်ယုံကြည်နိုင်ပါတယ်- ဒါပေမယ့် အဲ့ဒီ ဘာသာ အတွက် သာသနာပြုတစ်ဦး မဖြစ်စေရပါ။ သူ့ယုံကြည်တဲ့ ဘာသာတရားကို သူ့နှလုံးသားထဲမှာသာ သိမ်းထားရ ပါမယ်- အဲ့ဒီဘာသာတရားကို ကိုယ်စားပြုပြီး နိုင်ငံတော်ကို အုပ်ချုပ်ခြင်း၊ ပြည်နယ်၊ မြို့ရွာ ဒေသများကို အုပ်ချုပ်ခြင်း မပြုလုပ်ရပါ။ ဘာကြောင့်လဲ ဆိုတော့ သူ အုပ်ချုပ်နေတဲ့ အသိုင်းအ၀ိုင်းမှာ သူနဲ့ ဘာသာတူလူ သားတွေချည်း နေထိုင်နေခြင်း မဟုတ်ပါ။ သူအုပ်ချုပ်ရာ ဒေသတစ်ခုလုံး တိုးတက်ရေး ကောင်းစားရေးကိုသာ သူ အာရုံ ထားရပါမယ်- သူ့ဘာသာ၊ သူ့လူ၊ သူ့ဘက်သား၊ သူ့ဆွေမျိုး ကောင်းစားရေးကို ပါယ်သတ်ထားရပါမယ်။ အလားတူ- လူမျိုးနွယ်စုံ နေထိုင်ရာ နိုင်ငံတစ်ခုမှာ မိမိကိုယ်စားပြုတဲ့ လူမျိုးတစ်ခုတည်း ကောင်းစားရေးကိုသာ အာရုံထားနေတဲ့ ခေါင်းဆောင်ဆိုတာလည်း အင်မတန်မှ အယူသည်းညံ့ဖျင်းတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပါ တယ်။ အဲ့လို ခေါင်းဆောင်တစ်ဦးဦးရဲ့ နောက်မှာ လိုက်နေရသူများဟာ အချင်းချင်း စိတ်ဝမ်းကွဲပြီး ရန်လို မုန်း တီးစိတ်များသာ တိုးပွားစေပါတယ်။
    ဥပမာ- ရပ်ကွက်တစ်ခုအတွင်း ဗမာတစ်ဦးနဲ့ ကရင်တစ်ဦး ရန်ဖြစ်တယ် ဆိုပါတော့- အုပ်ချုပ်သူဟာ ဗမာ ဖြစ်နေပါစေ- သူဟာ ရန်ဖြစ်သူ နှစ်ဦးရဲ့ လူမျိုးကို မကြည့်ဘဲ- ရန်ဖြစ်သူနှစ်ဦးရဲ့ အမှုအခင်းကိုသာ ကြည့်တဲ့ လူသားမျိုး ဖြစ်ရပါမယ်။ ဗမာ အုပ်ချုပ်သူ အောက်က ဗမာများတဲ့ ရပ်ကွက်မှာ ကရင်ကို မှားမှားမှန်မှန် အမှုရှုံး စေ ဆိုတာမျိုး မဖြစ်စေရပါ။
    အလားတူ ဗမာ၊ ကုလား၊ တရုတ်၊ ရှမ်း၊ ချင်း၊ မွန်၊ ကရင်၊ ပအို့- စသည်ဖြင့် လူမျိုးစုံ အတူနေတဲ့ တိုင်းပြည်တစ် ခုကို ဦးဆောင်နေသူ တစ်ဦးဟာ- ငါ ဟာ နိုင်ငံတစ်ခုရဲ့ ဦးဆောင်- ငါ့အသွေး ငါ့အသားဟာ တိုင်းပြည်တွင်း လူမျိုးအားလုံးနဲ့ ဖွဲ့စည်းထားတယ်- ငါဟာ ဗမာ မဟုတ်ဘူး၊ ငါဟာ ကုလားမဟုတ်ဘူး၊ ငါဟာ ရှမ်းမဟုတ်ဘူး-၊ ငါဟာ လူမျိုးအားလုံးပါဝင်သူ လို့ ခံစားနိုင်ရပါမယ်။ ကုလားကို နှိမ်ရင်လည်း ငါ့ကို နှိမ်တာ၊ ဗမာကို ဖိရင်လည်း ငါ့ကို ဖိတာ၊ ရခိုင်ကို နှိပ်ရင်လည်း ငါ့ကို နှိပ်တာလို့ ခံယူနိုင်ရပါမယ်။ ဒီလို ခံယူချက်ရှိတဲ့ ခေါင်းဆောင်များ ဦး ဆောင်ပါမှ အဲ့ဒီ ဦးဆောင်အောက်မှာ ရှိတဲ့ နိုင်ငံတော်ဟာ ညီညွတ်လာမယ်၊ တိုးတက်လာမယ်၊ အေးချမ်းလာ မယ် ဖြစ်ပါတယ်။
    (၂) အုပ်ချုပ်သူ သို့မဟုတ် နိုင်ငံဦးဆောင် တစ်ဦးဟာ- ကမ္ဘာမှာ ငါ ဦးဆောင် လမ်းလျှောက်နေတဲ့ နိုင်ငံဟာ အတိုးတက်ဆုံး ဖြစ်ရစေမယ်လို့ ခံယူချက် ရှိရပါမယ်။ ဒီခံယူချက်နဲ့ အတူ နိုင်ငံသား တစ်ဦးချင်းစီကိုလည်း တိုး တက်အောင် ကြံဆောင်ဘို့ ကြိုးစားဘို့ စိတ်ဓါတ်များဝင်လာအောင် လှုံ့ဆော်ပေးရပါမယ်။- ကမ္ဘာနဲ့ ရင်ဘောင် တန်းနိုင်အောင် ဆိုတဲ့ စိတ်ဓါတ်လောက်က အလွန်တရာမှ ညံ့ဖျင်းပြီး ရေသာခိုတဲ့ အတုအယောင် ရည်ရွယ် ချက်မျှသာ ဖြစ်တယ် ဆိုတာကိုလည်း နားလည်ရပါမယ်။ ဒီနေရာမှာ နည်းနည်း ရှင်းလိုပါတယ်- ရင်ဘောင် တန်းနိုင်အောင် ဆိုကတည်းက သူများနဲ့ တန်းတူဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်မျှသာ ရှိပါတယ်။ တန်းတူ ဖြစ်ဘို့ ကြိုးစားခြင်းဟာ- မိမိထက် တော်ပြီးသား တတ်ပြီးသား သူများအား တုပပြီး အတုခိုးမှု တစ်ခုမျှသာ ဖြစ် နေပါသေးတယ်။ ခေတ်စကားနဲ့ ပြောရရင် အတုယူ အတုခိုးခြင်းဟာ Made in China အဆင့်မျှသာ ဖြစ်ပါ တယ်။ မိမိက နံပါတ်တစ် ဘယ်တော့မှ မဖြစ်ဘဲ- သူများဆီကချည်း ခိုးချနေရတဲ့ ဘ၀ပါ။ ဒါကြောင့် အတုခိုးဘို့ ချည်း သွန်သင်လမ်းပြနေတဲ့ အဆင့် ခေါင်းဆောင်များဟာ အရည်အသွေးကောင်းတဲ့ ခေါင်းဆောင်များ မဟုတ် သေးပါ။
    အခြေခံအားဖြင့် တိုးတက်ကောင်းစားစေမယ့် နိုင်ငံတစ်ခုကို ထူထောင်မယ့် ဦးဆောင်များမှာ အခြေခံအား ဖြင့်
    (၁) မိမိသည် နိုင်ငံတော်အတွင်း နေထိုင်သည့် လူမျိုးအားလုံးကိုယ်စား လူသား တစ်ဦး ဖြစ်သည်၊
    (၂) မိမိသည် မိမိဦးဆောင်နေသည့် နိုင်ငံတော်အား ကမ္ဘာ့ထိပ်သီး ဖြစ်ရန် နည်းမျိုးစုံဖြင့် ကြိုးစားမည်- ဆိုတဲ့ စိတ်ဓါတ် ခံယူ ချက် ခိုင်မာနေဘို့ လိုပါတယ်။
    မိမိက ဗုဒ္ဓဘာသာ ဖြစ်လို့ မိမိဦးဆောင်သည့် နိုင်ငံသည် ဗုဒ္ဓဘာသာ လွှမ်းမိုးရမည် ဆိုတဲ့ ခေါင်းဆောင်များက နိုင်ငံတော်ကို ဦးမဆောင်သင့်ပါ။ သာသနာ့ဘောင်ဝင်ပြီး သင်္ကန်းဝတ်- သက်ဆိုင်ရာ တရားကိုကျင့်- တရားပြ ပုဂ္ဂိုလ်မျိုးသာ လုပ်သင့်ပါတယ်။ မိမိက ခရစ်ယာန်ဖြစ်လို့ နိုင်ငံတော်မှာ ခရစ်ယာန်လွှမ်းမိုးရမယ် ဆိုတဲ့ ပုဂ္ဂိုလ် များလည်း နိုင်ငံခေါင်းဆောင် မလုပ်သင့်ပါ- ခရစ်ယာန် ဓမ္မဆရာ လုပ်ပြီး ဂိုဏ်းချုပ်ဖြစ်ရန်သာ ကြိုးစားသင့်ပါ တယ်။ အလားတူ မိမိက မွတ်စလင် ဖြစ်လို့ နိုင်ငံတော်ကို အစ္စလာမ် သာသနာ လွှမ်းမိုးရမယ် ဆိုတဲ့ ပုဂ္ဂိုလ်များ လည်း နိုင်ငံတော်ကို အုပ်ချုပ်သူ ခေါင်းဆောင် မလုပ်သင့်ပါ-၊ ဗလီဆရာလုပ်ပြီး အစ္စလာမ်ဘာသာရေးမှာ အကြီးအကဲ ဖြစ်အောင်သာ ဆောင်ရွက်သင့်ပါတယ်။
    လူမျိုးရေး- ဘာသာရေး ရစ်ပတ်ထားသူ တစ်ဦးအနေနဲ့ နိုင်ငံကို ခေါင်းဆောင်လုပ်ခြင်းဟာ – နှီးချောင်း ကောင်းကောင်း တစ်မျှင်ကို စိတ်ဖြှာစေမယ့်- ဓါးကောင်းတစ်လက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါ။
    ဌေးလွင်ဦး
    (မှတ်ချက် – ဤဆောင်းပါးသည် ဆောင်းပါးရှင်၏ အမြင်နှင့် သုံးသပ်ချက်များသာဖြစ်သည်။)
  • မြေးအဘွားနှစ်ဦးအား အသက်စွန့် ကယ်တင်ခဲ့သော စက်ခေါင်းမှူး လက်ထောက်ဦးဌေးနိုင်
    မြေးအဘွားနှစ်ဦးအား အသက်စွန့် ကယ်တင်ခဲ့သော စက်ခေါင်းမှူး လက်ထောက်ဦးဌေးနိုင်
    ‘ကျွန်တော်ကယ်တင်လို့ ရနိုင်မယ့် အရည်အချင်းမှာ မကယ်တင်ဘူးဆိုရင် ကျွန်တော် လူသားမဆန်တဲ့သူ”
    ၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က မော်လမြိုင်မှ ရန်ကုန်သို့ သတ်မှတ်အမြန်နှုန်းအတိုင်း မောင်းနှင်လာသော အမှတ်(၁၇၆)အစုန်ရထား၊ ဒါးပိန်ဘူတာသို့ မရောက်မီ တံတားအမှတ်(၂၈)ပေါ်တွင် ရှိသော အသက် ၆၂ နှစ်အရွယ် အမယ်အိုကြီးတစ်ဦး နှင့် အသက်ရှစ်နှစ်အရွယ် လူမမယ် အရွယ်မြေးမလေးတစ်ဦး၊ တစ်နည်းဆိုသော် သေခြင်းတရားနှင့် လက်တစ်ကမ်း အကွာသို့ ရောက်ရှိနေသော မြေးအဘွားနှစ်ဦးအား အသက်စွန့် ကယ်တင်ခဲ့သူ တစ်ဦး၊ အကြောင်းမလှပါက ကယ်တင်သူ အပါအ၀င် သုံးချောင်းသော အသက်တို့ ဆုံးရှုံးပျက်စီးဖွယ် အခြေအနေတစ်ရပ်မှ သုံးဦးစလုံး ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ကြသည်။ ဤကဲ့သို့ ဖြစ်ပွားခဲ့စဉ်ကို ထိုသူသုံးဦးအနက်မှ မိမိအသက်ကို ပဓာနမထားဘဲ မြေးအဘွားနှစ်ဦးအား ကယ်တင်နိုင်ခဲ့သူ စက်ခေါင်းမှူး လက်ထောက် ဦးဌေးနိုင်အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။
    မေး – စတင်ဖြစ်ပွားမှု တွေ့ကြုံစဉ်က မြင်ကွင်းအခြေအနေကို သိပါရစေ။
    ဖြေ – စတွေ့တယ်ဆိုတာလည်း ကျွန်တော်တို့က မော်လမြိုင်ကနေ ရန်ကုန်ကို ညပြန်လာတဲ့ ရထားလေ။ အဲဒီတော့ ဒါးပိန်ဘူတာအ၀င် မိုင်၂၄/၁ နဲ့ မိုင် ၂၃/၂၄ ကြားမှာရှိတဲ့ တံတား အမှတ် (၂၈)။ အဲဒီတံတားပေါ်မှာ အမြဲတမ်းလည်း ခရီးသည်တွေ ဖြတ်သွားဖြတ်လာရှိတယ်။ ဘူတာတစ်ခုကို ချဉ်းကပ်ဝင်ရောက်တော့မယ်ဆိုရင် ကျွန်တော်တို့မီးရထားနဲ့ ပတ်သက်တဲ့ စက်ခေါင်းမောင်းနဲ့ ပတ်သက်တဲ့ အချက်ပြတွေကို တိတိကျကျလိုက်နာရပါမယ်။ အချက်ပြတွေ အကုန်လုံးRight အနေအထားမှာရှိတဲ့အတွက် ကျွန်တော့် စက်ခေါင်းမောင်းမှူးကလည်း သတ်မှတ်မိုင်နှုန်း အတိုင်းမောင်းနှင်တာပဲ။ အဲဒီအချိန် မှာ တံတားပေါ်မှာ ခရီးသွားလေး၊ ငါးယောက်တွေ့လိုက်ရတယ်။ ကျွန်တော်တို့က သတိပေးဥသြဆွဲတယ်။ ရထားမောင်းလာတဲ့အချိန် တံတားရဲ့ သုံးချိုးနှစ်ချိုးလောက်မှာ မြေးအဘွားနှစ်ဦးကို တွေ့လိုက်ရတယ်။ သူ တို့ဆုံးဖြတ်ချက်က တံတားကိုဆက်ပြီး ကူးပြေးတော့မလိုလို လုပ်ကြတယ်။ အမယ်အိုကြီးက လူမမယ် ကလေးတစ်ယောက်ပါတော့ ရှေ့ကို မပြေးတော့ဘဲ နောက်ကြောင်းပြန် လှည့်ပြေးလို့ရှိရင် နီးမယ်လို့ သူတွေးထင်လိုက်တယ် ထင်တယ်။ နောက် ပြန်လှည့်ပြေးရင်လည်း ပေ ၅၀ ကျော်လောက် ကျန်မှာပေါ့။ အဲဒီလိုအနေအထားမှာ ကျွန်တော့်စက်ခေါင်းမောင်းမှူးက စက်ရှိန်ကို လျှော့ချလိုက်ပြီ။ နောက်ဆုံးသတိထားပြီး မလွတ်တော့တဲ့အချိန်မှာ အရေးပေါ်ဘရိတ်ကို ဆွဲချလိုက်တယ်။ အရေးပေါ် ဘရိတ်ဆွဲလိုက်တာနဲ့ နောက်မှာပါလာ တဲ့ခရီးသည်တွေ၊ တွဲတွေ၊ ၀န်ချိန် တွေဟာ တွန့်ခေါက်လျော့ရဲ ဆုံးရှုံးပျက်စီးနိုင်တယ်။ တော်တော်ကို ဂရုစိုက်ပြီး ထိန်းသိမ်းရတယ်။
    မေး – အဲဒီအချိန်မှာ တံတားပေါ်က မြေးအဘွားနှစ်ဦးရဲ့ အခြေအနေကို သိပါရစေ။
    ဖြေ – ဆရာက သူ့အပိုင်းအခြားနဲ့ သူထိန်းသိမ်းပေမယ့် ဒီမြေးအဘွား နှစ်ယောက်က မလွတ်တော့ဘူး။ အဲဒီမှာ အမေကြီးကထိုင်ချလိုက်ပြီး မြေးမလေးကို ကောက်ဖက်ထားတယ်။ ဒါပေမယ့် ဘရိတ်ဖမ်းရပ်လို့ရမယ့် အကွာအဝေး မဟုတ်တာကြောင့် အန္တရာယ် နဲ့နီးကပ်နေတယ်။ အရေးပေါ်ဘရိတ် ကို လိုအပ်တဲ့ပမာဏအတိုင်း သုံးစွဲ ကိုင်တွယ်ထားပေမယ့် အကွာအဝေး က အမယ်အိုကြီးမြေးအဘွားရဲ့ အနေအထားနဲ့ လျှပ်တစ်ပြက်လောက်ပဲရှိတာမို့ အချိန်မီ ရထားရပ်တန့်သွားဖို့ မဖြစ်နိုင်တော့ဘူး။ နောက်ဆုံးသေချာပေါက် ရထားတိုက်ခံရမယ့် အနေအထားကို ရောက်သွားပြီ။ တအား ကြောက်လန့်နေပြီး လူတစ်ယောက် ရဲ့နောက်ဆုံး သေငယ်ဇောအချိန်ပဲ။ ကိုယ့်ကိုဝင်တိုက်တော့မယ့် အစီးအနင်းကြီးတစ်ခုကို မြင်တွေ့နေရတဲ့။ မိမိအသက် ဆုံးရှုံးရတော့မယ်ဆိုတာ သိနေတဲ့လူတစ်ယောက်ရဲ့ သေငယ်ဇောနဲ့ ကြောက်နေတဲ့ပုံမျိုးဘဲ။ ဒီအချိန်မှာ အမယ်အိုကြီးရဲ့ အသက်အရွယ်နဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်တဲ့ အသိတရား၊ ၀န်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နေတဲ့ သူရဲ့မြေးမလေးနဲ့ သူလွတ်မြောက်အောင် ပြေးနိုင်ဖို့ဆိုတာက မဖြစ်နိုင်တော့ဘူး။ တံတားအောက် ကို ခုန်ချဖို့ဆိုတာလည်း တံတားအမြင့်က ၁၂ ပေနဲ့ ၁၄ ပေကြားမှာရှိတယ်။ အောက်မှာရေစီးနေတယ်။ ဒီအသက်အရွယ်နဲ့ မိန်းမသားတွေ ခုန်မချနိုင်ဘူး။
    မေး – အဲဒီလိုအခြေအနေမှာ ကယ်တင်လိုက်ရပုံကိုလည်း ဆက်ပြောပေး ပါဦး။ အခုလိုကယ်တင်ဖို့ ဘယ်လိုစိတ်မျိုးနဲ့ လုပ်ဆောင်ခဲ့တာပါလဲ။
    ဖြေ – ကျွန်တော် စက်ခေါင်းမှူးက ထိန်းသိမ်းပေးတဲ့အချိန်မှာ ကျွန်တော် ကဖြစ်မှာစိုးလို့ စက်ခေါင်းပေါ်ကနေ ခေါင်းထွက်ပြီး ‘မယ်’ ‘မယ်’ နဲ့ထွက်အော်ချိန်မှာ ဟွန်းကလည်း ဆွဲထားတယ်။ ဂရုဏာဒေါသနဲ့ အော်နေတယ်။ အဲဒီအချိန်မျာ ကျွန်တော်ခန္ဓာကိုယ်က လက်ကိုင်ဘေးကနေ အပြင်ကိုပတ်ထွက်ပြီး ရထားရဲ့တွဲချိတ် ဆက်ပေါ်မှာ မတ်တပ်ရပ်နေတာ အဆင်သင့်ဖြစ်သွားတယ်။ ကျွန်တော့် စိတ်ရဲ့စေ့ဆော်မှုလို့ ပြောရမလား မသိဘူး။ ဒီအမေအိုကြီး မြေးအဘွား ကို ဘယ်လိုမှမကယ်နိုင်တဲ့ အနေအထားမှာ ဆင်းတွန်းမှရမလဲ ဆိုတဲ့ သဘာဝအလျောက် အတွေးလေး ၀င်သွားတယ်။ အလိုအလျောက်ဘဲ ရထားပေါ် က ဆင်းလိုက်တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း တွန်းဖယ်လိုက်တယ်။ ငါးစက္ကန့်လောက် အတွင်းမှာဘဲ ကျွန်တော်ကိုယ်တိုင်လည်း နှစ်လှမ်းလောက် လှမ်းလိုက်ပြီး ခုန်ဆင်းလိုက်တယ်။ “ဆင်း၊ လှမ်း၊ တွန်း၊ ခုန် ဆင်း”ပေါ့။ မြေးအဘွားနှစ်ယောက် ရေတောထဲကို ကျသွားပြီး ဖက်တွယ်ထားကြတယ်။ ကျွန်တော်က အရှိန် နဲ့ကျောက်ခုံစပ်ကို ကျသွားတယ်။ အကုန်လုံးရေတော ရွှံတောထဲမှာ ရေအနက်က ခန့်မှန်းခြေလေးပေလောက် ရှိမယ်။ ရေမြှုပ်သွားရင်လည်း အနီးဆုံးနေရာမှာရှိတဲ့ ကျွန်တော်က ဆက်ကယ်ရဦးမှာဘဲ။
    မေး – အခုလို သူ့အသက်နှစ်ချောင်း ကို ကယ်တင်နိုင်ခဲ့တဲ့ အတွက်ရော ဘယ်လိုခံစားရပါသလဲ။
    ဖြေ – ဟာ . . . ပျော်တယ်။ အရမ်း ၀မ်းသာပီတိဖြစ်တယ်။ ဒီအမေအိုကြီးရော မြေးမလေးရော၊ ကျွန်တော် ရော ဘာမှမဖြစ်ပွားတဲ့အခါ၊ ရေထဲက ဆယ်ယူပြီးတဲ့အချိန် ဒီကလေးမလေးရဲ့မျက်နှာကို မြင်လိုက်ရတဲ့အခါ မှာ ကျွန်တော့်သားသမီးကို မြင်လိုက်ရသလိုပါဘဲ။ ကျွန်တော်မှာလည်း သားလေးတစ်ယောက်ရှိတယ်။ သက်တူရွယ်တူလောက်ပါဘဲ။ ကျွန်တော့် ရင်ထဲမှာ ၀မ်းသာဝမ်းနည်းဖြစ်ပြီး တော့ စကားလည်းမပြောနိုင်ဘူး။ မျက်ရည်ကျပြီး အသားတွေလည်း တစ်ဆတ်ဆတ်တုန်နေတယ်။ အဲဒီလိုခံစားမှုမျိုး ခံစားရလိမ့်မယ်လို့ ထင်တောင်ထင်မထားမိဘူး။ အခုလို ကယ်တယ်နိုင်လိုက်လို့ သူတို့ဘ၀တွေ ပါရမီရှိသလောက် သက်တမ်းစေ့ နေနိုင်သွားတော့မယ် ဆိုတဲ့ အသိဝင်လာတဲ့အခါ အရမ်းကိုပီတိဖြစ်မိတယ်။ ဌာနတွင်းကလည်း ချီးကျူးဂုဏ်ပြုကြလို့ အရမ်းဝမ်းသာဂုဏ်ယူမိပါ တယ်။
    မေး – အခြားဖြည့်စွက်ပြောလိုတာများ ရှိပါသေးလား။
    ဖြေ – ကျွန်တော့်အနေနဲ့ သူတို့ကို မသေစေချင်တဲ့စိတ်ဆန္ဒရဲ့ စေ့ဆော်မှုအရ ကယ်တင်နိုင်ဖို့ အခွင့်အရေး ကြုံတဲ့အခါမှာ ကယ်တင်နိုင်လိုက်တာဟာ သူတို့ကုသိုလ်ကံ၊ ကျွန်တော့် ကုသိုလ်ကံ ပါရမီအကြောင်းဆုံလို့ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်က မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါ။ အဲဒီတော့ ဘယ်ဘာသာ၊ ဘယ်လူမျိုးရယ်မှ မဟုတ်ပါဘူး။ လူရယ်လို့ဖြစ်လာရင် ကယ်တင်ထိုက်သူကို ကယ်တင်ရမယ်လေ။ ကျွန်တော့် အနေအထားအရလည်း တာဝန်ပိုင်းမှာ ဖြစ်နေတယ်လေ။ ကျွန်တော်ကယ်တင်လို့ ရနိုင်မယ့် အရည်အချင်းမှာ ကျွန်တော်မကယ်တင်ဘူး ဆိုရင် လူသားမဆန်တဲ့သူ ဖြစ်သွားမယ်။ ၀န်ထမ်းကောင်းတစ်ဦးရဲ့ ကိုယ်ကျင့်စရိုက်၊ အတွေးစိတ်မရှိသူ ဖြစ်သွားမယ်။ ဒီနေရာမှာ ကျွန်တော် ပြောချင်တဲ့ စကားလေးတစ်ခုရှိတယ်။ အခုလို ပြန်ပြောတဲ့အချိန်မှာလည်း အရမ်းခံစားရတယ်။ ကျွန်တော်တို့ စက်ခေါင်းမောင်းတွေမှာ လူတွေကို အသားလွတ်တိုက်သွားတယ်။ သေကြေပျက်စီးစေလိုတဲ့ စိတ်လုံးဝမရှိကြပါဘူး။ ကျွန်တော်တို့ လူရယ်လို့ဖြစ် လာရင် ညီအစ်ကို၊ မောင်နှမ၊ မိဘ ဘိုးဘွား အကုန်ရှိကြတာပါပဲ။
    ရထားနှင့် တိုက်မိတော့မည့် မြေးအဖွားနှစ်ဦးအား ကယ်တင်ခဲ့သည့် ဖြစ်စဉ်အကျဉ်း
    ၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်ထွက်ခွာလာသည့် အမှတ်(၁၇၆) အစုန်ရထားသည် ဒါးပိန်ဘူတာ အ၀င်ရှိ ရထားလမ်းတံတားသို့ အရောက် နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။
    အဆိုပါရထားလမ်းတံတားပေါ်တွင် လမ်းလျှောက်ဖြတ်ကူးနေသော မြေးအဖွားနှစ်ဦးသည် ရုတ်တရက်ကြောက်လန့်ကာ တံတားအလယ်၌ တစ်ဦးကို တစ်ဦးဖက်လျက် အနေအထားဖြင့် ရှိနေခဲ့သည်။
    အမှတ်(၁၇၆) အစုန်ရထားသည် တံတားပေါ်တွင် မြေးအဖွားနှစ်ဦးကို မြင်သည့်အတွက် ဥသြဆွဲခဲ့သော်လည်း မြေးအဖွားနှစ်ဦးသည် အကြောက်လွန်၍ တံတားအလယ်တွင် ရှိနေခဲ့သည်။
    အဆိုပါရထားစက် ခေါင်းမောင်းမှ အရေးပေါ်ဘရိတ်ဆွဲသော်လည်း မောင်းနှင်လာသော အရှိန်ဖြင့် ချိန်ဆ လုပ်ဆောင်ရခြင်းကြောင့် ရထား၏အရှိန်လျော့သွားသော်လည်း ချက်ချင်းရပ်၍မရခဲ့။
    အရှိန်မရပ်သောရထား မြေးအဖွားနှစ်ဦးဆီ ဦးတည်နေရာ လက်ထောက် စက်ခေါင်းမောင်း ကိုဌေးနိုင်က စက်ခေါင်းပေါ်မှခုန်ချကာ မြေးအဖွားနှစ်ဦးစလုံး နှင့်အတူ ရထားလမ်းတံတားပေါ်မှ ရေထဲသို့ခုန်ဆင်း၍ အသက်ကယ်တင်ခဲ့။
    ဖြစ်စဉ်ကြောင့် အဆိုပါသုံးဦးစလုံး အသက်အန္တရာယ် တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်းမရှိ။
    အသက်ကယ်တင်ခံခဲ့ရသော မြေးအဖွားနှစ်ဦးမှာ ဒါးပိန်မြောက်ပိုင်း လက်ပံတန်းရပ်ကွက်တွင် နေထိုင်သူ ဒေါ်မြင့်ကြည် အသက်(၆၂)နှစ် ၎င်း၏မြေးတော်စပ်သူ မသဲစုဝင်း(၈)နှစ်တို့ဖြစ်သည်။
    ကိုယ်ရေးအကျဉ်း
    အမည် – ဦးဌေးနိုင်
    မိဘအမည် – ဦးမူဆာ၊ ဒေါ်မြင့်မြင့်ကြည်
    မွေးသက္ကရာဇ် – ၁၅-၉-၁၉၇၃
    မွေးရပ် – ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။
    ရာထူး – စက်ခေါင်းမှူးလက်ထောက်(၁)။
    တိုင်းအမှတ်(၇)၊ မလွှကုန်း ဒီဇယ်စက်ခေါင်းပြုပြင်စက်ရုံ၊
    Credit-Weekly Eleven
  • မ.မ.လ ဌာနချူပ်မှ ဦးစီးပြီး မြန်မာမွတ်စလင်မ်များ နဝမအကြိမ်မြောက် စုပေါင်းသွေးလှုဒါန်းပွဲပြုလုပ်မည်။
    မ.မ.လ ဌာနချူပ်မှ ဦးစီးပြီး မြန်မာမွတ်စလင်မ်များ နဝမအကြိမ်မြောက် စုပေါင်းသွေးလှုဒါန်းပွဲပြုလုပ်မည်။
    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင် လူငယ်များ(ဘာသာရေး)အဖွဲ့
    မ-မ-လဌာနချူပ်
    (န၀မအကြိမ်မြောက်)
    စုပေါင်းသွေးလှူဒါန်းပွဲ
     မြန်မာနိုင်ငံလုံးဆိုင်ရာမြန်မာမွတ်စလင် လူငယ်များ(ဘာသာရေး)အဖွဲ့
    မ-မ-လဌာနချူပ်မှ ကြီးမှူးရ်ျ ပုံမှန်ကျင်းပလျက်ရှိသော န၀မအကြိမ်မြာက်
    စုပေါင်းသွေးလှူဒါန်းပွဲကြီးကို(13.5.2012) တနင်္ဂနွေနေ့ နံနက်(83း0)နာရီတွင်
    ရန်ကုန်ပြည်သူဆေးရုံကြီးအမျိုးသား သွေးလှူဘဏ်တွင် ပြုလုပ်ပေးလှူမည်ဖြစ်ပါရ်ျ
    မွန်မြတ်သော သွေးလှူဒါန်းခြင်းကိုအင်တိုက်အားတိုက်ပါဝင်ကြပါရန်  လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
    ဒါနသရဖူ-သွေးအလှူ
ံ
    မြတ်သည့်ဒါန   –   အစဉ်ပြုက
    ကာလသုံးပါး    –   ရွှင်လန်းစရာ
    မြင့်မြတ်လူသား –  ကယ်တင်ခြင်းမှာ
    လူလိုလူသား     –  ပီသစေရာ
    ပစ္စည်း ဥစ္စာ      –   ပိုလျှံစေကာ
    သဒ္ဓါတရား       –   ပေးကမ်းခြင်းထက်
    ခန္ဓာတည်ရာ     –   နှလုံးသွေးမှ
    ပေးဆပ်ခြင်းမှာ  –   ဒါနသရဖူ
    မြတ်သည့်အလှူ –   မြတ်ပေတကား
    ကိုယ်ခြင်းစာနာတတ်ခြင်းသည်ပင်လျှင် တရားစစ်တရားမှန်ဖြစ်သည်။
    သွေးလှူဒါန်းလိုသူများ  မိမိတို့ဧ။်အမည်စာရင်းကို
    5.5.2012 (စနေနေ့)နောက်ဆုံးထားရ်ျ ဌာနချုပ်ရုံးခန်းသို့
    စာရင်းပေးသွင်းနိုင်ပါသည်။
    အမှတ်-(194/196) အခန်း(4-A) ဗိုလ်ဆွန်ပက်လမ်း၊
    ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့
    ဖုန်း  241212-25799
    မှတ်ချက်- လူဦးရေကန့်သတ်ထားခြင်းမရှိပါ။။
    ဆော်သြရေးမှူး
    သွေးလှူးဒါ်းရေးတာဝန်ခံ
    မ-မ-လ ဌာနချူပ်
    ကိုကို သတင်းပေးပို့သည်။
  • မောင်တောမြို့နယ်မှ အစ္စလာမ်ဘာသာဝင်များကို မြိုနယ်အတွင်း လွတ်လပ်စွာ ခရီး သွားလာခွင့် ပြု
     မောင်တောမြို့မှ ဗလီဝတ်ကျောင်းတော်တခု (Photo MMSY)
    မောင်တောမြို့နယ် အတွင်း မှီတင်းနေထိုင်နေကြသော အစ္စလာမ်ဘာသာဝင်များကို ယခုလ ၂၁ ရက်နေ့မှ စပြီး ခရီးသွား လက်မှတ်မလိုဘဲ မြို့နယ် အတွင်း လွတ်လပ်စွာ သွားလာခွင့် ပြုလိုက်ပြီ ဖြစ်သည်။
    downtown-maungdow
    ” နစက ကွပ်ကဲရေးမှူးက ခရိုင် အစ္စလာမ်ကောင်စီ ဥက္ကဌ ဒေါက်တာ ဦးထွန်းအောင်နဲ့ ဦးမာမတ်စီဒီ၊ ဦးခင်ဇော်၊ ဦးနုမာကိန်း တို့ကို ဖိတ်ခေါ်ပြီးတော့ ရွာထွက်လက်မှတ်လို့ ပြောတဲ့ ထောက်ခံစာတွေ မလိုဘဲ ခရီးသွားလာလို့ ရပြီလို့ ပြောပါတယ်။ အခုလက်ရှိ ကိုင်ဆောင်ထားတဲ့ ယာယီ သက်သေခံ ကဒ်ပြားတွေရယ်၊ တခြား ကိုင်ဆောင်ထားတဲ့ အနီ၊ အဖြူ ကဒ်ပြားတွေနဲ့ သွားလာလို့ ရပြီလို့ ပြောပါတယ်။ မြို့နယ် အတွင်းပေါ့။ နယ်ကျော်ပြီးတော့ မဟုတ်ပါဘူး” ဟု ဒေသခံ မွတ်ဆလင် လူကြီး တစ်ဦးက ပြောသည်။
    ဧပြီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က နစကမှူး ဗိုလ်မှူးကြီး အောင်ကြီးက အစ္စလာမ် ဘာသာဝင် လူကြီးများကို ခေါ်ယူပြီး ထိုသို့ ပြောလိုက်ခြင်း ဖြစ်ကြောင်း သူကဆိုသည်။
    မောင်တောမြို့နယ် အတွင်း အစ္စလာမ်ဘာသာဝင်များ၏ ခရီးသွားလာခွင့်ကို န၀တ စစ်အစိုးရ တက်လာသည့် ၁၉၈၈ ခုနှစ်စပြီး ကန့်သတ်မူများ ပြုလုပ်ထားခဲ့ရာမှ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ် လွတ်လပ်စွာ သွားလာခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
    မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် ရခိုင်ပြည်နယ်မှ ဘူးသီးတောင်နှင့် မောင်းတောမြို့နယ်များမှာ လူဦးရေ အလွန်ထူထပ်သော ဘင်္ဂလာဒေခ်ျ့နိုင်ငံနှင့် ကပ်ရပ်တည်ရှိသဖြင့် လူဝင် လူထွက်ကို စိစစ်ရန် လိုအပ်ရာမှ အစ္စလာမ်ဘာသာဝင်များ အပေါ် ခရီးသွားလာရေးနှင့် ပတ်သက်ပြီး ယခုလို ကန့်သတ်ထားရခြင်းကြောင်း လူဝင်မူ ၀န်ကြီးဌာ ၀န်ကြီး ဦးခင်ရီမှ များမကြာမှီက ကျင်းပ ပြုလုပ်ခဲ့သော ပြည်သူ့ လွှတ်တော် အမေးအဖြေ ကဏ္ဍ တစ်ခုတွင် ထုတ်ဖေါ် ပြောကြားခဲ့သည်။
    ” အခု လွတ်လပ်စွာ သွားလာခွင့်ပြုပေးလိုက်ပါပြီ။ မောင်တောမြို့နယ် အတွင်းပေါ့။ ဘာခရီးသွား လက်မှတ်မှ မလိုတော့ပါဘူး။ ရွာထွက်လက်မှတ်ဆိုတာတော့ မရှိပါဘူး။ ခရီးသွားလက်မှတ်ကို သူတို့ ပြောကြာတာ ဖြစ်မှာပါ။ အခု မရှိတော့ပါဘူး” ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးကလည်း အတည်ပြု ပြောကြားသည်။
    နှစ်ပေါင်း ၂၀ ကျော် အစ္စလာမ်ဘာသာဝင်များ၏ ခရီးသွားလာခွင့်ကို မောင်တောမြို့နယ် အတွင်း ပိတ်ပင်ထားရာမှ မည်သည့်အတွက်ကြောင့် ယခုအချိန်တွင် လျော့ပေါ့ပေးရပါသလဲဟု မေးမြန်းရာ ဖုံးလိုင်း မကောင်းသဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ ဖြေကြားခြင်းကို မရရှိခဲ့ပါ။
    ” ခုလို မြို့နယ် အတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့်ရတဲ့ အတွက် ၀မ်းသာပါတယ်။ အခက်အခဲတွေ ကြားထဲက တစ်ခုတော့ အောင်မြင်မူ ရသွားတယ်လို့ ခံစားမိပါတယ်။ ဒါပေမယ့် ပလီတွေ၊ အာရဗီ ကျောင်းတွေ ပြင်ဆင်ခွင့်တော့ မရဘူးပေါ့။ ဒါတွေက ကျန်နေသေးတယ်။ လက်ထပ်ခွင့်လည်း ကျန်နေသေးပါတယ်” ဟု ဒေသခံ မွတ်ဆလင် လူကြီးက ဆက် ပြောသည်။
    မောင်တောမြို့နယ် အတွင်းမှီတင်းနေထိုင်သော အစ္စလာမ်ဘာသာဝင်များထဲမှ အများစုမှာ အသက် အရွယ် မတိုင်မှီ အိမ်ထောင် ပြုခြင်း၊ အမျိုးသား တစ်ဦးအနေဖြင့် အမျိုးသမီး သုံးလေးဦးထိ လက်ထပ် ယူခြင်းတို့ကြောင့် အိမ်ထောင်ပြုလိုလျှင် သက်ဆိုင်ရာ နစက တာဝန်ရှိသူများသို့ လက်ထပ်ခွင့် တင်ပြီးမှ လက်ထပ်ခွင့် ပြုကြောင်း သိရသည်။
    ထိုသို့ ကန့်သတ် ထားချက်အပေါ် တချို့နစက တာဝန်ရှိသူများက မိမိ ကိုယ်ကျိုးအတွက် အသုံးချကာ လက်ထပ်ခွင့် တစ်စောင်ကို ကျပ် သုံးထောင်မှ ကျပ် တစ်သိန်းထိ တောင်းစားကြောင်း သိရသည်။
    မောင်တောမြို့နယ် အတွင်းရှိ အစ္စလာမ်ဘာသာဝင်များကို မြို့နယ် အတွင်း လွတ်လပ်စွာ ခရီးသွားခွင့် ပြုလိုက်ပြီ ဖြစ်သော်လည်း မြို့နယ်ကျော်ပြီး သွားလာမူကို ဆက်လက် ကန့်သတ်ထားဆဲ ဖြစ်ကာ မြို့နယ်ကျော် ပြီး သွားလိုပါက ပုံစံ (၄) နှင့် ခရီးသွား ထောက်ခံချက်ဖြင့် သွားလာရကြောင်း စုံစမ်း သိရှိရသည်။
    Credit နိရဉ္စရာ
  • မလေးရောက် ရခိုင် ကလေးငယ်များ ပညာမြင့်မားရေး ဆောင်ရွက်မည်
    မလေးရောက် ရခိုင် ကလေးငယ်များ ပညာမြင့်မားရေး ဆောင်ရွက်မည်
    ခိုင်မောင်ဦး (မလေး)
    ———————
    မလေးရှားနိုင်ငံသို့  အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသော ရခိုင် ကလေးငယ်များ၏ ပညာရည် တိုးတက် မြှင့်မားရေး အတွက် ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
    ရခိုင်ကလေးငယ်များ ပညာရည် တိုးမြင့်ရေးကို ဧပြီလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သော အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုတွင် ရခိုင် လူမူရေး လုပ်ကိုင်နေသူများ အကြား သဘောတူညီမူ ရရှိခဲ့ကြောင်း တက်ရောက်ခဲ့သူများက ဆိုသည်။
    ” အလုပ်ရုံ ဆွေးနွေးပွဲက မျိုးဆက်သစ် ကလေး လူငယ်များ ပညာမြင့်မာရေး အတွက် ပြုလုပ်တာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ ပူချုန်းနေမြေ Arakan Refugee Eduction Centre (AREC) ကျောင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ ကလေးတွေရဲ့ ပညာရည် မြင်းမားရေး အတွက် တိုးမြှင့် လုပ်ဆောင်ဖို့ ဆွေးနွေးပွဲ တက်လာတဲ့ သူတွေက သဘောတူခဲ့ကြပါတယ်” ဟု ရခိုင်ဒုက္ခသည် ကယ်ဆယ်ရေးရုံှး (ARRC) မှ ဥက္ကဌ ဖြစ်သူ ကိုစိုးထွန်းက နိရဉ္စရာသို့ ပြောသည်။
    ဆွေးနွေးပွဲကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးမှ ခေါင်းဆောင်များ၊ တသီးပုဂ္ဂလများ၊ ကျောင်း သားမိဘများ စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ကြသည်။
    ” ကလေး ပညာရေးကျောင်း ရည်ရှည် တည်တံ့ရေး၊ ကျောင်းဆရာ ဆရာမတွေ အချိန်ပြည့် ပညာသင်ကြားနိုင်ရေး၊ ရခိုင်စာ သင်ကြားရေးနဲ့ ကျောင်းရံပုံငွေ တောင့်တင်းရေး စတဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ကျောင်းရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီးလည်း တက်ရောက်လာသူ အသီးသီးဆွေးနွေးခဲ့ကြပါတယ်။ အကြံကောင်း ဥာဏ်ကောင်းတွေလည်း ရရှိခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။
    (AREC) ကျောင်းတွင် ထူထောင်ကတည်းက ယခုအချိန်ထိ ကလေးငယ်များအား စာသင်ပြနေသူ ကျောင်းဆရာ ကိုသီဟအား ကလေးငယ်များအား စာသင်ရသည့် အခက်အခဲနှင့် ပတ်သက်ပြီး နိရဉ္စရာ မေးမြန်းကြည့်ရာ သူက ယခုလို ပြောသည်။
    ” ရခိုင်က လာကြတဲ့  ကလေးတွေက ပညာအရေး အရမ်းညံတော့ နေ့တိုင်းလိုလို သင်တန်းတွေ ပေးပြီး အမြဲ လေ့ကျင့် ပေးရပါတယ်။ ကျောင်းသူ ကျောင်းသားတွေရဲ့ အဓိက အားနည်းချက်က အင်္ဂလိပ်စာတော်တော်လေး ညံ့တာကို တွေ့ ရတယ်။ နယ်မြေအသီးသီး၊ အလွာအသီးသီးက လာကြသူ့ တွေမို့  သူတို့ ရဲ့ အားနည်းချက် အားသာချက်တွေကို ကြည့်ပြီး ကျွန်တော်တို့  စာပြရပါတယ်” ဟု သူက ပြောသည်။
    Arakan-Refugee-Eduction-Centre
    ၎င်းပြင် အမျိုးသား ကြင်အန် လက္ခဏာများ မပျောက်ပျက်ရေးနှင့် မျိုးချစ်စိက်ဓါတ် ထက်သန်လာအောင် လေ့ကျင့်ပေးမူများလည်း ပြုလုပ်ပေးရကြောင်း သူက ပြောသည်။
    ” ကျောင်းသားတွေဟာ တချိန်ချိန်မှာ ဒီနိုင်ငံကနေ တတိယ နိုင်ငံ တစ်ခုခုကို ထွက်ခွာသွားကြမယ့် သူတွေ ဖြစ်ကြပါတယ်။ တတိယနိုင်ငံကို ထွက် တဲ့အချိန်မှာ သူတို့  ရဲ့ပညာရေး အဆင့်မြင့်ပြီးသား ဖြစ်နေဖို့ လိုတယ်။ နောက်ပြီး နှောင်တစ်ချိန်မှာ အမျိုးသားရေးကို ဦးဆောင်နိုင်တဲ့ လူတော် လူကောင်းတွေ ဖြစ်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီကျောင်းကိုဖွင်ပြီး ခုလို ပညာ သင်ကြားပေးနေတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
    ယခု ဒုက္ခသည် ကျောင်း ရပ်တည်နိုင်ရန်အတွက် အဓိက ရံပုံငွေ ရှိဖို့ အများကြီး လိုအပ်ကြောင်း၊ ရံပုံငွေရှိမှသာလျှင် ကျောင်းသူကျောင်သားများ၏ စားဝတ်နေရေး အဆင်ပြေလာမည် ဖြစ်ကြောင်း၊ သူတို့ ၏ အနာဂတ် ပညာရေးကို ကူညီပံ့ပို့ ရန် အများကြီးလိုအပ်ကြောင်း၊ ပြည်ပရှိ ရခိုင်သူ ရခိုင်သားများနှင့် ဆက်သွယ်ကာ အကူအညီများ ရရှိအောင် ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကိုစိုးထွန်းက ပြောကြားသွားသည်။
    Arakan Refugee Eduction Centre (AREC) ကျောင်းတွင် သင်္ချာ၊ အင်္ဂလိပ်စာ၊ သိပ္ပံ၊ ရခိုင်ဘာသာများကို ဆရာ ဆရာမ လေးဦးက တာဝန်ယူ သင်ကြားပို့ချပေးနေသည်ဟု သိရသည်။
    (AREC) ကျောင်းတွင် ညအိပ်ညစားကျောင်းသူ ကျောင်းသား ၅၀ ကျော်ရှိပြီး သူတို့၏ စားရေး သောက်ရေးများကို ရခိုင် ဒုက္ခသည်များ ကယ်ဆယ်ရေးရုံှး (ARRC) မှ လစဉ် ကူညီ ပံ့ပိုးပေးနေသည်ဟု သိရသည်။
    အဆိုပါ Arakan Refugee Eduction Centre (AREC) ကျောင်းကို ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ တွင် ဦးဘခိုင်မောင် ဦးစီးတည်ထောင်ပြီး ယခုအခါ ရခိုင် ဆရာတော်များဖြစ်ကြသည့် ဒေါက်တာ အရှင်ရာဇိန္ဒ (ပူးချုန်း)နှင့် အရှင်ပညာဝံသ (ဆူးဂိုင်းဘလို)တို့မှ ဦးဆောင်ပြီး လုပ်ဆောင်နေခြင်း ဖြစ်သည်။
    Credit နိရဉ္စရာ