News @ M-Media

Blog

  • လူမှုထူးချွန်ပထမအဆင့်ကို ပထမဆုံးရရှိသူ အမျိုးသမီး ဟာဂျီမပျဉ်းမနားဒေါ်ပု

    မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ် ယင်းတော်ရွာဇာတိ ဖြစ်သည်။ အဖ ပွဲစားကြီးဦးဘမြ အမိ ဒေါ်ခင်စီတို့မှ သက္ကရာဇ် ၁၂၆၈ (၁၉၀၆ ) ခုနှစ်တွင် ဖွားမြင်သည်။ ငယ်နာမည် မရွှေပု ဖြစ်သည်။ ၁၂၈၈ ခုနှစ်တွင် စိန်ရွှေကုန်သည် ဦးစံလှနှင့် အိမ်ထောင်ကျသည်။ ပျဉ်းမနားသို့ ရွှေ့ပြောင်း၍ စိန်ရွှေရတနာရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းဖြင့် နေထိုင်ခဲ့သည်။ ဒေါ်ပုသည် စိန်ရွှေရတနာ လုပ်ငန်း၌ကျွမ်းကျင်သည်။ ရတနာများကိုမြင်လျှင် အရည်အသွေးအဆင့်အတန်းကို ချက်ချင်းမှန်ကန်တိကျစွာ အကဲဖြတ်နိုင်စွမ်း ရှိသည်။

    ဒေါ်ပုသည် ဆက်ဆံမှုပြေပြစ်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ စိတ်ချယုံကြည်ရခြင်းတို့ကြောင့် ရတနာရောင်းဝယ်မှုတွင် အများကအားကိုး အားထားပြုကြသည်။ ဒေါ်ပုကို ပျဉ်းမနားမြို့သူမြို့သားများက စိန်ရွှေရတနာလုပ်ငန်းတွင် ကျွမ်းကျင်သောကြောင့် စိန်မပုဟု ချစ်စနိုး ခေါ်ဝေါ်ကြသည်။

    ဂျပန်ခေတ် ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ) ဖွဲ့စည်းစဉ်ရဲဘော် သုံးကျိပ်ဝင်များမှ အရာရှိအရာခံ အကြပ်တပ်သားများသည် ဒေါ်ပု နှင့် အကျွမ်းတ၀င်ရှိကြသည်။ မိခင်ပမာအမေပုဟု ခေါ်ကြသည်။ ဒေါ်ပုသည် ပျဉ်းမနားမြို့နယ် အာရှလူငယ်အစည်းအရုံး၏ ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးကာလတွင် ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ) ပျဉ်းမနား၌ ရှိနေစဉ်ကာလ၌ တပ်မတော်အတွက် လိုအပ်သည်များကို တတ်စွမ်းသမျှ အကူအညီပေးခဲ့သည်။

    ၁၉၄၇ ခုနှစ်တွင် ခင်ပွန်းဖြစ်သည် ဦးစံလှ ကွယ်လွန်ပြီးနောက် ပျဉ်းမနား မှ ရန်ကုန်မြို့သို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၁၉၄၉ မှ ၁၉၆၂ ခုနှစ်အထိ ရန်ကုန်မြို့ဗိုလ်ချုပ်ဈေးအနောက်ဘက်တန်း ၌ ထွန်းနေရောင် ကုမ္ပဏီကို တည်ထောင်သည် ။ ၁၉၆၁ မှ ၁၉၆၈ ခုနှစ်အထိ ဘုရင်မ နိုင်လွန်ဇာ နှင့် အထည်စက်ရုံ တစ်ရုံ တည်ထောင် ဖွင့်လှစ်ခဲ့သည် ။ ဒေါ်ပုသည်၁၉၅၁ ခုနှစ်တွင် ဟဂ်ျပြုလုပ်ခဲ့သည်။

    ၁၉၇၂ ခုနှစ်တွင် ပျော်ဘွယ်မြို့နယ် ယင်းတော်ရွာ အစ္စလာမ့်ရှေ့ဆောင်ကျောင်း ကလေးရိပ်သာများအတွက် ငွေကျပ်(၈)သိန်းကျော် လှူဒါန်းသည်။ ထို့အပြင် ဗလီဝတ်ကျောင်းအတွက်လည်းကောင်း၊ ရန်ကုန်မြို့ဇီဝကလမ်း (ဇဖရ်ရှားလမ်း)ဇဖရ်ရှားဒရ်ဂါဝတ်ကျောင်းတော် နှင့် အမျိုးသမီးဝတ်ပြုဆောင်ကိုလည်းကောင်း၊ ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ မွတ်စလင်အမျိုးသမီးရိပ်သာနှင့် ကျောင်းဆောင်အတွက် လိုအပ်သော မွမ်းမံပြင်ဆင်မှုများကိုလည်းကောင်း ပြုလုပ်လှူဒါန်းခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ရန်ကုန်မြို့ စိတ်ရောဂါအထူးကု ဆေးရုံဝင်းအတွင်း ငွေခြောက်သိန်းတန် ဘွဲ့လွန်စိတ်ပညာသင်တန်းခန်းမနှင့် စာကြည့်တိုက်အတွက်လည်း လှူဒါန်းခဲ့သည်။ ၁၉၇၉ ခုနှစ် အောက်တိုဘာလာ ၅ ရက်တွင် ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ဆီးနှင့်ကျောက်ကပ်ရောဂါအထူးကုဌာန အတွက် သိန်းသုံးဆယ်ကျော်လှူဒါန်းကာ ဆောက်လုပ်ခဲ့သည်။ လှူဒါန်းပွဲအခမ်းအနား ဖိတ်ကြားစာကို ဖော်ပြပါမည်။

    ၇၈၆
    ဇေယျတု သဗ္ဗ မင်္ဂလာ
    ဆီးနှင့်ကျောက်ကပ်ရောဂါ ဆေးအထူးကု ဌာန အဆောင်အဦး ပေးအပ်လှူဒါန်းပွဲ ဖိတ်ကြားစာ

    လူကြီးမင်းရှင့်-
    လူမျိုးမရွေး ဘာသာမရွေး ကုသနိုင်ရန်ရည်ရွယ်၍ သိန်း(၃၀)ကျော် အကုန်အကျခံကာ ဆောက်လုပ်ခဲ့သော ဆီးနှင့်ကျောက်ကပ်ရောဂါ ဆေးအထူးကုဌာန အဆောက်အဦးကို ပြည်သူလူထုကိုယ်စား ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် အစိုးရ ကျန်းမာရေး ၀န်ကြီးဌာန၀န်ကြီးထံ ပေးအပ်လှူဒါန်းမည့် အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ပါရန် ဖိတ်ကြားအပ်ပါသည်။

    ကျင်းပမည့် နေ့ရက် – ၅-၁၀-၇၉ (သောကြာနေ့)
    ကျင်းပမည့် အချိန် – နံနက် (၉) နာရီ
    ကျင်းပမည့်နေရာ – ရန်ကုန်ပြည်သူ့ဆေးရုံကြီး
    (လမ်းမတော် ၀င်ပေါက်)

    ဟာဂျီမ ပျဉ်းမနားဒေါ်ပု (ရန်ကုန်)

    ထို့အပြင် ၁၉၈၀ ပြည့်နှစ် သြဂုတ်လ ၁၄ ရက်၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ဆေးရုံဝင်းအတွင်းတွင် သိန်း(၂၀)တန် အထွေထွေ အရေပြားနှင့် ကာလသားရောဂါကုဌာန အဆောက်အအုံကိုပန္နရိုက်အုတ်မြစ်ချ လှူဒါန်းခဲ့သည်။ ထို့အပြင် ၁၉၈၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင်လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်း၌ သိန်း ၅၀ တန် လေးထပ်တိုက် အရေပြားရောဂါနှင့် ဦးနှောက်နှင့်အာရုံကြောရောဂါကု ဆေးရုံ အဆောက်အအုံအတွက်လည်း သိန်း ၂၀ လှူဒါန်းခဲ့သည်။

    ဒေါ်ပုသည် ပျဉ်းမနားမြို့နယ်အသင်း၏ နာယကကြီးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံကုန်သည် ကြီးများအသင်း တွင် အမှုဆောင်အဖြစ် လည်းကောင်း၊ နိုင်ငံတော် အစိုးရမှ နိုင်ငံခြားသို့ စီးပွားရေးမစ်ရှင်စေလွှတ်ရာတွင် အဖွဲ့ဝင်တစ်ဦး အဖြစ်လည်းကောင်း ပါဝင်ခဲ့သည်။

    ၁၉၈၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ကျင်းပသည့် အစ္စလာမ်မစ်ဒအ်ဝတ်ညီလာခံသို့ ဆရာချယ်၊ သီရိပျံချီ ဃာဇီ မုဟမ္မဒ်ဟာရှင်တို့နှင့်အတူ တက်ရောက်ခဲ့သည်။

    ၁၉၈၁ ခုနှစ် ဇန်န၀ါရီလတွင် နိုင်ငံတော်က ပထမဆုံးအကြိမ်ချီးမြှင့်သည့် လူမှုထူးချွန်ပထမအဆင့်ကို ပထမဆုံးရရှိသည့် အမျိုးသမီးဖြစ်သည်။ ဘာသာရေး၊ လူမှုရေးနှင့် နိုင်ငံအကျိုးပြုလုပ်ငန်းများတွင် ဓနအင်အားဖြင့် များစွာပါဝင်လှူဒါန်းခဲ့သူ ဖြစ်သည်။

    ဟာဂျီမဒေါ်ပုသည် အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် နာယက၊ အီးဒ်ဆွလာသ်ဗဟိုကော်မတီ နာယက၊ ဟစ်ဂျရီ ၁၅ ရာစု ကြိုဆိုရေးဗဟိုကော်မတီ (အ-ဟ-က)နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။

    ကန်တော်ကလေး ကဘရ်စတာန် (မွတ်စလင်မ်သုဿန်) ရှိ ဟာဂျီမ ပျဉ်းမနားဒေါ်ပု၏ ကဘရ် (မြှုပ်နှံထားရာနေရာ)

    ၁၉၈၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ။

    ရေးသားသူ …မောင်သန်းဝင်း(မြန်မာစာ)

     

    ဟာဂျီမဒေါ်ပုနှင့်ဆရာချယ်တို့ ၂ . ၅ . ၁၉၈၁ တွင်မုတ္တမမြို့ရေးစုရပ်ရှိ မြို့မဗလီကြီးဝန်းအတွင်း အစ္စလာမ်အမျိုးသမီးဝတ်ပြုဆောင် ကိုဖွင့်လှစ်ပေးခဲ့စဉ်

                          ဟာဂျီမဒေါ်ပုမှအမျိုးသမီးဝတ်ပြုဆောင်ဖွင့်ပွဲတွင်အမှာစကားပြောကြားနေပုံ

             အမျိုးသမီးဝတ်ပြုဆောင်ဖွင့်ပွဲမှ ဟာဂျီမဒေါ်ပု  ဗလီကြီးဥက္ကဌ  အဗ္ဖဒလ်မာလစ်နှင့်   ဆရာချယ်  နိုင်ငံဂုဏ်ရည်ပထမအဆင့်

  • မလေးရှားတွင် ပထမအကြိမ် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ကျင်းပမည်

    ခိုင်မောင်ဦး (မလေး)
    ———————
    မလေးရှား ရခိုင်အသင်းပေါင်းချူပ်ကြီး MAO(Malaysia Arakan Organization) မှကြီးမူး၍ ပထမဆုံး အကြိမ်မလေးရှားနိုင်ငံ ရခိုင်းရိုးရာသင်္ကြန်ပွဲတော်ကြီးကို ဧပြီ ၁၃ ရက်နေ့တွင် စည်းကား သိုက်မြိုတ်စွာ ကျင်းပသွားရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။

     

    စင်္ကာပူတွင် ရခိုင်ရိုးရာ သင်္ကြန်ပွဲ မြင်ကွင်း

    ယခုကဲ့သို့  ရခိုင်းရိုးရာသင်္ကြန်ပွဲတော်ကို မလေးရှားနှိင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပရန် စီစဉ်ရသည့် ရည်ရွယ်ချက်နှင့် ပက်သက်ပြီး ပွဲဖြစ်မြောက်ရေးတာဝန်ခံ ကိုစိုးထွန်းက ယခုကဲ့သို့ ပြောသည်။

    “ပြောရရင်တော့ဗျာ။ ကျွန်တော်တို့  ရခိုင်ပြည်ကနေ အကြောင်း အမျိုးမျိုးကြောင့် မလေးရှားကိုရောက်လာကြတယ်။ မလေးရှားကို ရောက်လာပေမယ့် ကိုယ့်ရပ် ကိုယ်ဒေသကို လူတိုင်းက လွမ်းနေကြပါတယ်။ ဒီလို သင်္ကြန်ဆို ပိုလွမ်းနေကြရပါတယ်။ ဒါပေမယ့်လည်း တစ်နေ့ တစ်နေ့  အလုပ်တွေနဲ့ ဘဲ လူတွေက ပိနေကြတော့ ဒီလို သင်္ကြန်အချိန်အခါမှာ စိက်အပန်း ဖြေနိုင်ဖို့နဲ့ ကိုယ်ရိုးရာ ကိုယ်ယဉ်ကျေးမူတွေကို ထိန်းသိမ်းစောင့်ရှောက် ဖေါ်ထုတ်ဖို့ ရည်ရွယ်ပြီး မလေးမှာ ရခိုင်သင်္ကြန်ကို ခုလို ကျင်းပဖို့ စီစဉ်ရတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

    မလေးရှား ရခိုင်ရိုးရာသင်္ကြန်ကို မြန်မာသက္ကရာဇ် ၁၃၇၄ တန်းခူးလဆုတ် (၇ ) ရက်သောကြာနေ့ ၊ ခရစ် သက္ကရာဇ် ဧပြီလ ၁၃ ရက်နေ့ တစ်နေ့တည်း ဆရမ်းဘန်း Port Dickson ကမ်းခြေတွင် နံနက် ၈နာရီမှ စတင်၍ ညနေ ၆နာရီ အထိ ကျင်းပ သွားမည် ဖြစ်သည်။

    ” နောက်ပြီး ဒီလို့  နိုင်ငံမျိုးမှာ ဒီလို တက်ညီ လက်ညီနဲ့ ခုလို ရခိုင်သင်္ကြန်ကို ကျင်းပနိုင်ရေး အတွက် အခွင့်ရေးရဖို့  ဆိုတာ သိပ် မလွယ်ဘူး။ အခုလို့ မလေးရှားမှာ တစ်ယောက်နဲ့ တစ်ယောက် အကြားမှာ ကွဲပြားမူ ဖြစ်နေချိန်မှာ လုပ်ရတာ ပိုမလွယ်ကူပါဘူး။ ဒါပေမယ့် အမျိုးသားရေး စိတ်ဓါတ်နဲ့ ကိုယ့် ရိုးရာ ကိုယ့်ယဉ်ကျေးမူကို ဖေါ်ထုတ်တဲ့ ပွဲမို့ အားလုံး ပူးပေါင်း ပါဝင်ပြီး ပျော်ရွှင်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ပြောသည်။

    ကိုယ်ရိုးရာ ကိုယ့်ယဉ်ကျေးမူ အစဉ်အလာများကို ဖေါ်ထုတ်ခြင်းဖြင့် မိမိတို့၏ ယဉ်ကျေးမူ အစဉ်အလာများကို တန်ဘိုး ထားနားလည် လာပြီး မိမိတို့ ရခိုင်လူမျိုးတွေအကြား စုစု စည်းစည်း ဖြစ်လာနိုင်ပြီး အမျိုးသား သွေးစည်း ညီညွက်ရေးကိုလည်း တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ကိုစိုထွန်းက နိရဉ္စရာသို့ ပြောသည်။

    ပထမအကြိမ် မလေးရှား နိုင်ငံ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်တွင် လာရောက်သူများ အားလုံး ပျော်ရွှင်နိုင်ရန် အတွက် ရခိုင်ရိုးရာ သင်္ကြန်အကများ၊ ရခိုင်ရိုးရာကျင်ပွဲ၊ ရိုးရာလွန်ဆွဲပွဲနှင့် ရခိုင်သီချင်းဆိုပြိုင်ပွဲများကို အားဖြည့်ကာ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

     

    နိရဉ္စရာ မှ ကူးပါသည်။

     

    မလေးရှားနိုင်ငံရှိ လူဦးအများစုမှာ အစ္စလာမ်သာသနာကိုးကွယ်သော နိုင်ငံဖြစ်ပြီး ကျန်သော ဘာသာများကိုလဲ လွတ်လပ်စွာကိုးကွယ်ခွင်ပြုထားသော မွတ်စလင်မ် နိုင်ငံဖြစ်သည်။ မလေးရှားတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား သန်းကျော်ရှိပြိး KL တမြို့ထဲတွင်ပင် မြန်မာဘုန်းတော်ကြီးကျောင်းပေါင်း ၅၀ ကျော်ရှိကြောင်းသိရှိရသည်။

  • ဆန္ဒပြ ပြည်သူတွေကြောင့် ဘာရိန်း ဖော်မြူလာဝမ်း ကားပြိုင်ပွဲ ရုတ်သိမ်းရဖွယ်ရှိ

    ဆန္ဒပြ ပြည်သူတွေကြောင့် ဘာရိန်း ဖော်မြူလာဝမ်း ကားပြိုင်ပွဲ ရုတ်သိမ်းရဖွယ်ရှိ

    ဧပြီလ ၂၀ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဘာရိန်း ဖော်မြူလာဝမ်း ကားပြိုင်ပွဲဟာ လူအခွင့်အရေးချိုးဖောက်တယ်လို့ စွပ်စွဲခံနေရတဲ့ ဘာရိန်းအစိုးရအဖွဲ့နဲ့ အစာအငတ်ခံဆန္ဒပြနေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ အယ်လ် ခါဝါဂျာ (Abdulhadi al-Khawaja) ကို ထောက်ခံသူ ပြည်သူတွေကြောင့် မသေချာမရေရာတဲ့ အနေအထားကို ရောက်ရှိနေတယ်လို့ သိရပါတယ်။


    (ဘာရိန်းပြည်သူတွေဟာ Formula 1 ပြိုင်ပွဲကို သပိတ်မှောက်ဖို့ နှိုးဆော်နေကြပါတယ်)

    ဘာရိန်းအစိုးရဟာ ဆန္ဒပြသူတွေကို အင်အားသုံးနှိမ်နင်းနေတာဟာ ရက်စက်တဲ့လုပ်ရပ်ဖြစ်တာကြောင့် ပြိုင်ပွဲဝင်အသင်းတွေအနေနဲ့ ဘာရိန်းကို လာရောက်ဖို့ တွန့်ဆုတ်နေကြတယ်လို့ AFP သတင်းဌာနက ဆိုပါတယ်။

    ပြိုင်ပွဲဝင်အသင်းတွေက လာရောက်ဖို့ ဆန္ဒမရှိသလို အစိုးရဆန့်ကျင်သူတွေကလည်း အဆိုပါကားပြိုင်ပွဲကို သပိတ်မှောက်ဖို့ ရက်အတန်ကြာကတည်းက ကြိုးပမ်းနေကြပြီး ဖြစ်ပါတယ်။

    ဖေဖော်ဝါရီလတည်းက အစာငတ်ခံ ဆန္ဒပြနေတဲ့ အယ်လ်ခါဝါဂျာဟာ အခုအခါမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထား ရောက်နေပြီလို့ သူ့ရှေ့နေက ပြောကြားပြီးတဲ့နောက် အစိုးရအဖွဲ့နဲ့ ပြည်သူတွေကြား အခြေအနေက အတင်းမာဆုံးအနေအထားကို ရောက်ရှိနေပါတယ်။

    အယ်လ်ခါဝါဂျာ ထောက်ခံသူတွေဟာ သူ့ကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုနေကြပြီး ဘာရိန်းတပ်ဖွဲ့ဝင်တွေဟာ ထောက်ခံသူတွေကို ဖြိုခွင်းဖို့ မျက်ရည်ယိုဗုံးတင်မက အပျော့စား ဗုံး လက်နက်ကိုပါ သုံးပြီးတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့အစည်း (Amnesty International) ကလည်း အယ်လ်ခါဝါဂျာဟာ သူ့ရဲ့ လွတ်လပ်စွာ သဘောထားထုတ်ဖော်ခြင်းအတွက် ဖမ်းဆီးခံရခြင်းဖြစ်တာကြောင့် ချက်ချင်းလွတ်မြောက်ခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။ အယ်လ်ခါဝါဂျာရဲ့ နောက်ဆုံးအခြေအနေကို မသိရသေးပဲ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကစပြီး ဘာရိန်းအာဏာပိုင်တွေက သူနဲ့ အဆက်အသွယ်လုပ်ခွင့်ပေးဖို့ ငြင်းဆန်ထားပါတယ်။

    ဖော်မြူလာဝမ်း ပြိုင်ပွဲဟာ ကမ္ဘာအနှံ့ကျင်းပတဲ့ ကားမောင်းပြိုင်ပွဲဖြစ်ပြီး ကျင်းပခွင့် အလွယ်တကူမရနိုင်သလို ဒီပြိုင်ပွဲကို လက်လွတ်ဆုံးရှုံးရရင် စီးပွားရေးအရရော၊ နိုင်ငံရေး ဂုဏ်သိက္ခာအရရော ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ပါတယ်။

    လက်ရှိ ဘာရိန်း ဘုရင် အယ်လ်ခါလီဖာ တို့ ဆွေစဉ်မျိုးဆက်ဟာ ဘာရိန်းနိုင်ငံကို နှစ်ပေါင်း ရာနဲ့ချီပြီး အုပ်ချုပ်လာတာဖြစ်ပြီး အာရပ်နွေဦး တော်လှန်ရေးက အစပြုခဲ့တဲ့ ဘာရိန်းပြည်သူတွေဟာ ၂၀၁၁ ဖေဖော်ဝါရီမှာ စတင်ပြီး အယ်လ်ခါလီဖာမိသားစု ကြီးစိုးမှုကို တော်လှန်ဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်း ဆန္ဒပြသူတွေကို အင်အားသုံးနှိမ်နင်းရာမှာ လူများစွာ သေကြေခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

     

    ဘာသာပြန်- မင်းဝေယံ

  • မွတ်စလင်မ် ပရိသတ်တွေ နားလည်မှုမလွဲစေဖို့  ရီးရဲယ်မက်ဒရစ် အသင်းတံဆပ်ပြင်မည်။

    မွတ်စလင်မ် ပရိသတ်တွေ နားလည်မှုမလွဲစေဖို့ ရီးရဲယ်မက်ဒရစ် အသင်းတံဆပ်ပြင်မည်။

    စပိန်ထိပ်သီး ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ မွတ်စလင်မ် ပရိသတ်ထုကို ပိုမိုဆွဲဆောင်နိုင်ဖို့ အသင်းတံဆိပ်က ခရစ်ယာန်အမှတ်အသား လက်ဝါးကပ်တိုင်ပုံကို ပယ်ဖျက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အချင်းအရာနဲ့ ပတ်သက်လို့ ရီးရဲလ်မက်ဒရစ် အသင်းဘက်က “မွတ်စလင်မ် ပရိသတ်အများစု ရှိတဲ့ ဒေသတွေမှာ မလိုလားအပ်တဲ့ နားလည်မှုလွဲမှားမှုတွေ၊ အငြင်းပွားမှုတွေ မဖြစ်ပေါ်စေဖို့ အခုလို ဆုံးဖြတ်လိုက်တာဖြစ်တယ်” လို့ ဆိုပါတယ်။

    ကမ္ဘာတစ်ဝှမ်းလုံးမှာ ပရိသတ် အခိုင်အမာ ရထားတဲ့ ရီးရဲမက်ဒရစ်ဟာ၁၉၂၀ခုနှစ်၊ သတ္တမမြောက် အယ်လ်ဖွန်ဆို ဘုရင် (King Alfonso XIII) လက်ထက်တည်းက လက်ဝါးကပ်တိုင်ပုံပါတဲ့ သူ့ရဲ့ သရဖူကို အသင်းတံဆိပ်မှာ ထည့်သွင်း အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အခုလို တံဆိပ်ပြင်ဆင်ခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ UAE နိုင်ငံမှာ ဆောက်လုပ်နေတဲ့ ဒေါ်လာ တစ်ဘီလျှံတန် အပန်းဖြေစခန်းနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ အသင်းအမှတ်တံဆိပ်အောက်မှာ လုပ်ဆောင်သွားမယ့် အဆိုပါ အပန်းဖြေစခန်း စီမံကိန်းဟာ အသင်းရဲ့ စီးပွားရေးအနေအထားအတွက် အလွန်အရေးပါနေသလို အခုဘောလုံးရာသီအစကမှ ကာတာဖောင်ဒေးရှင်းနဲ့ ပေါင် သန်း၁၅၀တန် စာချုပ်ချုပ်ထားတဲ့ အဓိက ပြိုင်ဘက် ဘာစီလိုနာ အသင်းနဲ့ အရှေ့အလယ်ပိုင်း ဈေးကွက်အပြိုင်အဆိုင်ချဲ့ထွင်မှုမှာလည်း အခရာကျနေပါတယ်။

    ဒီလို အသင်းတံဆိပ်ပြောင်းလဲမှုဟာ ရီးရဲမက်ဒရစ် တစ်သင်းတည်းတင် မဟုတ်ပဲ ဘာစီလိုနာအသင်းလည်း ပြုလုပ်ခဲ့ဖူးပါတယ်။ အသင်းတံဆိပ်မှာ ပါဝင်တဲ့ အနီရောင် ကြက်ခြေခတ်အမှတ်အသား (San Jorge Cross) ဟာ ခရူးဆိတ်စစ်ပွဲကို ကိုယ်စားပြုထားတာကြောင့် အစ္စလာမ်ဘာသာကို ထိပါးသလို ဖြစ်နေတယ်လို့ ဆော်ဒီအာရေဗျဘက်က စောဒကတက်ခဲ့တာမို့ အရှေ့အလယ်ပိုင်းမှာ ရောင်းချတဲ့ ဘာစီလိုနာအသင်းအင်္ကျီတွေမှာ ကြက်ခြေခတ်ပုံအစား ဒေါင်လိုက် လိုင်းတစ်လိုင်းတည်းနဲ့ တံဆိပ်ကိုသာ ထည့်သွင်းခဲ့ရပါတယ်။

    ဘောလုံးအားကစားကို ရူးသွပ်တဲ့ ဥရောပနဲ့ အာရှ စပ်ကြားမှာ တည်ရှိတဲ့ အရှေ့အလယ်ပိုင်းဒေသဟာ ဘောလုံးအသင်းတွေရဲ့ ဈေးကွက်မှာ အလားအလာကောင်းတွေ ရှိတဲ့အတွက် အဲ့ဒီ့မှာ အဓိက နေထိုင်တဲ့ မွတ်စလင်မ်တွေကို လစ်လျူရှုထားလို့မရဘူးဆိုတာကို ပြသနေသလို ပိုက်ဆံရဖို့အတွက်ဆိုရင် ဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့ သူတို့ရဲ့ အလေ့အထကိုပါ ပြသနေတာကိုလည်း တွေ့ရပါတယ်။

    ရီးရဲလ်မက်ဒရစ် အသင်းဟာ ၂၀၁၁ခုနှစ်အတွင်း ၀င်ငွေအကောင်းဆုံးအသင်းအဖြစ် ယူရို၄၃၈သန်းနဲ့ ရပ်တည်နေပြီး အသင်းမှာ ဘန်ဇီမာ၊ အိုဇေးလ်တို့လို မွတ်စလင်မ် ဘောလုံးသမားတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။

    ဒီလို အသင်းတံဆိပ်ကို ပြင်ဆင်ခြင်းဟာ အမြဲတမ်းအတွက်လား၊ သူတို့ရဲ့ အပန်းဖြေစခန်းစီမံကိန်းအတွက်ပဲလားဆိုတာတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။

    Ref:
    http://www.onislam.net
    http://muslimvillage.com/

    ဘာသာပြန်- မင်းဝေယံ

  • ဆီးရီးယားဒုက္ခသည်များအား ကယ်ဆယ်ထောက်ပံ့ရေး အတွက် ဆော်ဒီ် လခြမ်းနီအဖွဲ့နှင့် UNHCR တို့ ဆွေးနွေး

    ဆီးရီးယားဒုက္ခသည်များအား ကယ်ဆယ်ထောက်ပံ့ရေး အတွက် ဆော်ဒီ် လခြမ်းနီအဖွဲ့နှင့် UNHCR တို့ ဆွေးနွေး

    UNHCR  မှတာဝန်ရှိသူပုဂ္ဂိုလ်နှင့် မနေ့က တွေ့ဆုံရာမှာ ဆီးရီးယား ဒုက္ခသည်တွေအတွက် အိမ်နီးချင်းနိုင်ငံများမှ ယူအန်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ လူသားချင်းစာနာမှုအထောက်အပံ့ပေးနိုင်ရေးအတွက် ညှိနှိုင်းဆောက်ရွက်မှုတွေပြုလုပ်သွားဖို့  ဆော်ဒ်ီလခြမ်းနီအာဏာရအဖွဲ့၏ ဥက္ကဌ ဘုရင်ဖိုင်ဇယ်လ်ဘင်အဗ္ဗဒွလ်လာက အဆိုပြုပြောကြားသွားပါတယ်။

    ဆော်ဒီအာရေဗျအနေနဲ့ ကမ္ဘာတစ်ဝှမ်းမှ ဒုက္ခသည်များနှင့်တကွ အခြားကူညီရန်လိုအပ်သောနေရာများသို့ လူသားချင်းစာနာထောက်ထားခြင်းအားဖြင့်အကူအညီများပေးအပ်ရန်၊ ကယ်ဆယ်ရေးအကူအညီများပေးအပ်ရန် အသင့်အနေအထားမှာရှိနေပြီဖြစ်ကြောင်း ဖိုင်ဇယ်လ်ဘုရင်မှ GCC ရဲ့ UNHCR ကိုယ်စားလှယ် အင်မ်ရမ်းရီဒါနဲ့ တွေ့ဆုံအပြီးမှာ ထုတ်ဖော်ပြောကြားသွားပါတယ်။

    ဖိုင်ဇယ်လ်ဘုရင်နဲ့ ရီဒါတို့နှစ်ဦး တွေ့ဆုံစဉ် လက်ရှိဆီးရီးယားနိုင်ငံရဲ့ဒေသတွင်းဖွံ့ဖြိုးမှုအခြေအနေတွေကို သုံးသပ်ကြရာမှာ နိုင်ငံတွင်း အကြမ်းဖက်မှုတွေကြီးမားလာမှုကြောင့် ဒုက္ခသည်အရေအတွက်အဆမတန်များပြားလာမှုအပေါ် အလေးပေးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ဆီးရီးယားဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့နှင့် ကယ်ဆယ်ရေးအဖွဲ့တွေ ဖွဲ့စည်းသွားရန်အတွက် UNHCR နှင့် Saudi Red Crescent တို့မှ တူရကီ၊ လီဘနွန်၊ ဂျော်ဒန်နိုင်ငံများနှင့် အတူတကွပူးပေါင်းလုပ်ဆောင်သွားကြရန် မျှော်လင့်ကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးသွားခဲ့ပါတယ်။

    ရီဒါမှ ယခုလို ဒုက္ခသည်များနှင့် ကမ္ဘာအရပ်ရပ်မှ လူများရွေ့ပြောင်းနေရာချထားရေးတွေမှာ အကူအညီပေးအပ်မှုအတွက်  ဆော်ဒီအာရေဗျအပေါ် ချီးမွမ်းထောက်ခံပြောဆိုသွားခဲ့ပါတယ်။ ထို့ပြင် ဆီးရီးယားဒုက္ခသည်တွေရဲ့ ဒုက္ခဝေဒနာများ လျော့ပါးသက်သာစေရန် ဖိုင်ဇယ်လ်ဘုရင်ရဲ့ ကြိုးပမ်းအားထုတ်မှုတို့ကိုလည်း အလေးထားထည့်သွင်းပြောကြားသွားပါသေးတယ်။

     

    Ref: http://arabnews.com/

    ဘာသာပြန်- အလိမ္မာ