News @ M-Media
Blog
  • ရခိုင်မှ မွတ်(စ်)လင်ကျောင်းသား ၃ဦး မတရားဖမ်းဆီး ထောင်ချခံရ
    ရခိုင်ပြည်နယ်မှ အသက် ၂၀ အရွယ် မွတ်(စ်)လင် ကျောင်းသား သုံးဦးအား မြောက်ဦးမြို့တွင် ဒေသ အာဏာပိုင်များက မတရား ဖမ်းဆီး ထောင်ချလိုက်ကြောင်း (MLOB) မြန်မာနိုင်ငံ မွတ်(စ်)လင် လွတ်မြောက်ရေး အဖွဲ့က ပြောသည်။
    အဆိုပါ လူငယ်များမှာ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်မှ ဖြစ်ကြပြီး အဆိုပါအဖွဲ့၏ ဥက္ကဌဖြစ်သူ ဦးကျော်လှမှ ကျောင်းသားသုံးဦး ဖမ်းဆီးခံရပုံနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပြောသည်။
    “အဲဒီ ကျောင်းသားလေး ၃ဦးဟာ ၂၀၁၀ခုနှစ်က ကျောက်တော်မြို့ကို သွားပြီးတော့ ဘာသာရေး ပညာရပ် သွားသင်ပါတယ်။ နောက် ဒီနှစ် ဇွန်လမှာ သူတို့ ကျောင်းပိတ်တဲ့အတွက် ကိုယ့်နေရပ်ကို ကိုယ်ပြန်လာ ကြပါတယ်။ ပြန်လာတဲ့အခါ မြို့ဟောင်း(မြောက်ဦး) သင်္ဘောဆိပ်မှာ သူတို့ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ပြစ်မှုတစုံတရာမရှိပဲနဲ့ ဒီလ (နိုဝင်္ဘာလ) ၄ရက်နေ့က သူတို့ကို မြောက်ဦးတရားရုံးက ထောင်ဒဏ် ၂နှစ်ခွဲစီ ချမှတ်လိုက်ပါတယ်။ ဒါကတော့ အုပ်ချုပ်သူ လူတန်းစားတွေက ဘာသာရေး လူမျိုးရေး နှိပ်ကွက်တာဖြစ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။”
    ၎င်းပြင် ဦးကျော်လှမှ သူတို့အား စစ်ဆေးမေးမြန်းခဲ့ပုံများကိုလည်း ယခုလိုပြောသည်။
    “ဖမ်းဆီးတဲ့ အချိန်မှာလည်း အာဏာပိုင်တွေက “မင်းတို့ ဘယ်ကလဲ” လို့မေးပါတယ်။ သူတို့ ကလည်း မြောက်ဦးနဲ့ မင်းပြားက ဖြစ်တဲ့အကြောင်း ပြောတဲ့အခါ “မင်းတို့ ကျောက်တော်ကို ဘာသွားလုပ်တာလဲ။ တမြို့နယ်ကနေ တမြို့နယ်ကို မသွားရဘူးဆိုတာကို မသိဘူးလား” ဆိုပြီးတော့ ပြောပါတယ်။ ဒီတော့ မင်းတို့က မြောက်ဦးနဲ့ မင်းပြားကဖြစ်တယ်။ ကျောက်တော်ဆိုတာက သီးခြား မြို့နယ်တခု။ အဲဒါကြောင့် မင်းတို့မှာ အပြစ်ရှိတယ်ဆိုပြီးတော့ ဖမ်းပါတယ်။ တမြို့နယ်က တမြို့နယ်ကို မသွားရဘူးဆိုတာကတော့ ကျေညာထားတာလည်း မရှိပါဘူး။ ဥပဒေမှာလည်း မရှိပါဘူး။” ဟု သူကဆက်ပြောသည်။
    ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်များတွင် ရှိသော မွတ်(စ်)လင်များ အကြောင်း နှင့်ပတ်သက်ပြီး သူက ယခုကဲ့သို့ ဆက်ပြောသည်။
    “ကျနော်တို့ ဒီ မြို့ဟောင်း(မြောက်ဦး)၊ မင်းပြား၊ ကျောက်တော်ဘက်တို့မှာ ရှိတဲ့ မွတ်(စ်)လင် ဘာသာဝင် တွေဟာ ဟိုးအရင် ရခိုင်ပြည်ကို ဗမာဘုရင် မသိမ်းခင်ကတည်းက ရခိုင် ဘုရင်တွေ လက်ထက်ကတည်းက ရှိခဲ့တဲ့ မွတ်(စ်)လင်တွေပါ။ ရခိုင်သမိုင်းမှာ ကြည့်လို့ရှိရင် လေးမြို့ချောင်း အနောက်ဖက်မှာ ရှိတဲ့ မွတ်(စ်)လင် တွေဟာ အရင်တုန်းက ရခိုင် ဘုရင်လက်အောက်ခံ တပ်တွေမှာ စစ်သည်တော်၊ လေးသည်တော်တွေ ဖြစ်ကြပါတယ်။ အဲဒီတုန်းက ရခိုင်ပြည်ကို ရန်သူတွေ လာလို့ရှိရင် ခုခံတိုက်ထုတ်ဖို့အတွက် ချပေးထားတဲ့ ရွာတွေဖြစ်ပါတယ်။ ရွာတွေလည်း များများစားစား မဟုတ်သလို လူဦးရေလည်း အနည်းစုသာ ရှိပါတယ်။ ဗမာဘုရင် ရခိုင်ပြည်ကို မသိမ်းခင် ဒီလူမျိုးစုတွေကို “ပသီ” ဆိုပြီးတော့ ခေါ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အဲဒီတော့ ဒီလူတွေဟာ ရခိုင်ပြည်မှာနေထိုင်တဲ့ မွတ်(စ်)လင်တွေ ဖြစ်ပါတယ်။” ဟု ဦးကျော်လှက ပြောသည်။
    မြန်မာအစိုးရအနေဖြင့်လည်း တရားဥပဒေကို လေးစားလိုက်နာမည်ဆိုလျှင် ယခုကဲ့သို့သော ဖြစ်ရပ်များ ဖြစ်လာမည် မဟုတ်ကြောင်း ဦးကျော်လှ မှပြောသည်။
    အဆိုပါ ကျောင်းသား ၃ဦးမှာ အဆိုပါ ဖမ်းဆီးထောင်ချခံရသူ လူငယ်များမှာ မူဟာမတ်ဟာလိဒ် အသက်၂၂နှစ် (အဘ) ဦးအီးဗရာဟိန်း မြောက်ဦးမြို့နယ်၊ အာလောင်ဂီရ် အသက် ၁၈နှစ် (အဘ) မူဟာမတ်နာဆီရ် မြောက်ဦးမြို့နယ် ၊ နူရ်ဆောဖီ အသက် ၁၈နှစ် (အဘ) အဒူဆားလင်းမ် မင်းပြားမြို့နယ် တို့ဖြစ်ကြသည်။ မြောက်ဦးမြို့နယ်မှ ၂ဦးနှင့် မင်းပြားမြို့နယ်မှ ၁ဦးတို့ဖြစ်ကြပြီး ယခုအခါသူတို့ထဲမှ တဦးမှာ စစ်တွေအကျဉ်းထောင်တွင် ထောင်ဒဏ် ၂နှစ်ခွဲ ကျခံနေရပြီး ကျန်နှစ်ဦးမှာ ရန်ကုန် အကျဉ်းထောင်တွင် ထောင်ဒဏ် ၂နှစ်ခွဲ ကျခံနေရကြောင်း သူက ပြောသည်။
    (source နိရဉ္စရာ)
  • အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်မှု ပါကစ္စတန် ပြန်သုံးသပ်
    ပါကစ္စတန်နိုင်ငံထဲကို နေတိုးနဲ့ အမေရိကန်တို့ နယ်စပ်ဖြတ်ကျော် ၀င်ရောက် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး တဲ့နောက်မှာ သူတို့နဲ့ ဆက်ဆံရေးကို ပြန်ပြီးသုံးသပ်နေတယ်လို့ ပါကစ္စတန်အစိုးရက စနေနေ့ကပဲ ပြောကြားသွားပါတယ်။
    ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက်က စစ်စခန်းနှစ်ခုကို အမေရိကန်နဲ့ နေတိုးတပ်တွေ လေကြောင်းက တိုက်ခိုက်မှုကြောင့် ပါကစ္စတန်စစ်သား ၂၆ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တာပါ။ ပါကစ္စတန်ဝန်ကြီးချုပ် Yousuf Raza Gilani နဲ့ စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေ အစိုးရခေါင်းဆောင်တွေဟာ စနေနေ့ နှောင်းပိုင်းမှာ အရေးပေါ်အစည်းအဝေးထိုင်ပြီး ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။
    ဒီဖြစ်ရပ်ကြောင့် နဂိုကတည်းက အစွန်းအထင်းရှိထားတဲ့ အမေရိကန်နဲ့ ပါကစ္စတန်ဆက်ဆံရေး ပိုပြီး ပြဿနာရှိလာတဲ့ အနေအထားပါပဲ။ ပါကစ္စတန်အစိုးရရဲ့ ကြေညာချက်မှာ ပါကစ္စတန် အရာရှိတွေက ဘာပြောထားသလဲဆိုရင်တော့ အစိုးရဟာ အမေရိကန်၊ နေတိုး၊ ISAF
    အာဖဂန်က နေတိုးတပ်ဖွဲ့အတွက် လမ်းပိတ်လိုက်ပြီးဖြစ်သည်။
    တို့နဲ့ သံတမန်ရေး၊ နိုင်ငံရေး၊ စစ်ရေးနဲ့ ထောက်လှန်းရေး အပါအ၀င် ပူးတွဲလုပ်ဆောင်နေတဲ့ အစီအစဉ်အားလုံး ပူးတွဲလုပ်ဆောင်ဖို့ သဘောတူထားတာတွေ အားလုံးကို အပြည့်အ၀ ပြန်သုံးသပ်မယ်လို့ ပြောထားတာပါ။
    နေတိုးလေယာဉ်ရဲ့ တိုက်ခိုက်မှုက အကြောင်းမဲ့ တိုက်ခိုက်မှုသက်သက် ဖြစ်တယ်လို့ ပါကစ္စတန် အရာရှိတွေက ရှုတ်ချတာပါ။ ဒီလိုဖြစ်ရပ်မျိုးကို လုံးဝလက်ခံနိုင်စရာ မရှိဘူး၊ ဒါဟာ မှားယွင်း လုပ်ဆောင်မှုအဖြစ် မသတ်မှတ်နိုင်ဘူးလို့ ပြောပါတယ်။
    ဒီလိုမျိုး ရန်စမှုမျိုးအပေါ်မှာ တာဝန်ရှိတဲ့သူတွေကို အမြန်ဆုံး ထိထိရောက်ရောက် အရေးယူပေးဖို့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။ ပါကစ္စတန်က သူ့ရဲ့နယ်မြေကို ဖြတ်ပြီး အာဖဂန်နစ္စတန်နိုင်ငံထဲကို ပစ္စည်းတွေသယ်ယူနေတဲ့ နေတိုး ထောက်ပို့ လမ်းကြောင်းတွေအားလုံးကို ဖြတ်ပစ်လိုက်ခြင်းနဲ့ သူတို့က လက်တုံ့ပြန်ထားပါတယ်။ အမေရိကန်တွေကိုလည်း ရှန်စီ လေတပ်အခြေစိုက်စခန်းမှာ လုပ်ဆောင်မှုတွေ အားလုံး ၁၅ ရက်အတွင်းမှာ ရပ်ပစ်ဖို့အတွက် အချိန်သတ်မှတ်ပေးထားပါတယ်။ (source -VOA)
  • နေတိုးလက်ချက် ပါကစ္စတန်စစ်သား ၂၀ ကျော်သေဆုံး
    ပါကစ္စတန်နဲ့ အာဖဂန်နယ်စပ်အနီး ပါကစ္စတန်ဘက်က တောင်ပေါ်တိုင်းရင်းသားတွေရဲ့ Mohmand ဒေသ Salala ဆိုတဲ့ရွာကလေးက အင်အား ၄၀ ရှိတဲ့ ပါကစ္စတန်စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တစ်ခုကို ဒီကနေ့မနက် ဒေသစံတော်ချိန် မနက် လင်းအားကြီး ၂ နာရီလောက်မှာ အာဖဂန်နစ်စတန်ထဲက မြောက်အန္တလန္တိတ်စစ်စာချုပ် နေတိုးတပ်ဖွဲ့ ရဟတ်ယာဉ်တွေက လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ပါကစ္စတန်စစ်သည် ၂၅ ဦး သေဆုံးသွားပြီးတော့ ၁၄ ဦးထက်မနည်း ဒဏ်ရာတွေ ရရှိသွားတယ်လို့ ပါကစ္စတန်စစ်တပ်အရာရှိတွေက ပြောပါတယ်။
    ဒီကိစ္စကို လက်တုံ့ပြန်တဲ့အနေနဲ့ ပါကစ္စတန်ဘက်ကနေ အာဖဂန်နစ္စတန်ထဲက နေတိုးတပ်ဖွဲ့တွေအတွက် အဓိက ထောက်ပံ့ရေးလမ်းကြောင်းဖြစ်တဲ့ Torkham နယ်စပ်ဂိတ်ကို ပါကစ္စတန်ဘက်က ပိတ်ပစ်လိုက်ပါတယ်။ ဒီဖြစ်ရပ်ဟာ တမင်သက်သက် ရန်စတိုက်ခိုက်တာမျိုးတော့ မဟုတ်ဘူးလို့ ပါကစ္စတန်အရာရှိတွေက ဆိုပါတယ်။နေတိုးအရာရှိတွေက ဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီးတော့ အာဖဂန်နစ္စတန်ထဲက နေတိုး တပ်တွေနဲ့ အမေရိကန်တပ်တွေရဲ့ တပ်မှူးကြီး ဗိုလ်ချုပ်ကြီး
    က ကျဆုံး၊ ဒဏ်ရာရ ပါကစ္စတန် စစ်သည်တွေရဲ့ မိသားစုဆီကို
    ပါကစ္စတန် စစ်သားများ (Photo – Press-TV)
    ပါကစ္စတန်ဝန်ကြီးချုပ် Yousef Raza Gilani ကတော့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ နေတိုးနဲ့ အမေရိကန်အစိုးရတို့ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ဖို့ ညွှန်ကြားထားပါတယ်။ (source- VOA)
  • စိတ်နဲ့ ဆေးလိပ်
    လူတွေဘာ့ကြောင့် ဆေးလိပ်ဖြတ်ဖို့ လက်တွန့်နေကြတာလဲ???
    ဒီမေးခွန်းကို  ကျွန်တော့်အဖေနဲ့ဆွေမျိုးတွေအပါအ၀င် ကျွန်တော့်ပတ်ဝန်းကျင်က ဆေးလိပ်သောက်နေတဲ့လူတွေတော်တော်များများကို မေးခဲ့ဖူးပါတယ်။ အဖြေတွေကတော့အမျိုးမျိုးပြောကြတယ် ဒါပေမယ့် နောက်ဆုံးနိဂုံးကတော့ သူတို့ ဆေးလိပ်ကိုစွဲမှန်းမသိ စွဲနေတာဆိုတာနဲ့ မဖြတ်နိုင်ဘူးဆိုတာနဲ့ပဲ ပြီးသွားကြတယ်။ ဆေးလိပ်နဲ့ပတ်သတ်တဲ့ အန္တရာယ်တွေ နောက်ဆက်တွဲဖြစ်လာမဲ့ဆိုးကျိုးတွေ မသိလို့လားဆိုတော့လဲ မဟုတ်ပါဘူး  ဆေးလိပ်သောက်တဲ့လူတွေ အကုန်လုံးနီးပါးလိုလို သိကြပါတယ်။
    မီဒီယာတွေ ဂျာနယ်တွေနဲ့ စာစောင်တွေထဲမှာလဲ အမျိုးမျိုး ဖော်ပြထားကြပါတယ်။ ယုတ်စွအဆုံးသူတို့ သောက်မဲ့ဆေးလိပ်ဗူးပေါ်မှာကို ဖြစ်လာတတ်နဲ့ နောက်ဆက်တွဲဆိုးကျိုးရဲ့ ပုံတွေနဲ့ ကိုရောင်းနေတာပဲ။အဲ့ဒါလဲ တစ်ရှိုက်မက်မက် သောက်နေကြတုန်းပါပဲ။ လူတွေက အခုဆိုရင် ဖြစ်လာမှသာ ဖြစ်တော့ဆိုတဲ့ပုံစံနဲ့ ဆေးလိပ်ကို မဖြတ်တော့ပဲ ဖြတ်ဖို့ မကြိုးစားတော့ပဲ စိတ်အလိုကိုလိုက်ပြီး သောက်နေကြပါတယ်။ ကြော်ငြာတွေ ပညာပေးတွေမတိုးတော့ဘူးဆိုတဲ့ ( advertisement desensitization) ဆိုတာကို ဆေးလိပ်သောက်တဲ့လူတော်တော်များများမှာ တွေ့နေရပါတယ်။
    အဲ့ဒီတော့ ဘာ့ကြောင့် သူတို့ကိုယ်သူတို့ မပြောင်းလဲ ချင်ရတာလဲ ဆိုတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး smoking and psychology ဆိုတဲ့ အကြောင်းတွေကို လိုက်ဖတ်မိပါတယ်။ ဆေးလိပ်သောက်ခြင်းက လူတစ်ယောက်ရဲ့ စိတ်ကို ဘယ်လောက်လွှမ်းမိုးနိုင်လဲနဲ့ စိတ်ကရော အဲ့ဒီဆေးလိပ်သောက်ခြင်းကို ဘယ်လို ပြန်ပြီးတွန်းလှန်နိုင်လဲ ဆိုတာနဲ့ပတ်သတ်ပြီး ဖတ်မိတဲ့အခါ ကျွန်တော် ဒီအကြောင်းလေးကိုရေးဖို့ စိတ်ကူးမိသွားတယ်။ ကြော်ငြာတွေ ရောဂါအမျိုးမျိုးတွေ ပြပြီး ခြောက်ပြီး ဖြတ်ခိုင်းတာထက်စာရင် ကိုယ့်စိတ်ကိုယ် ကိုယ်နားလည်ပြီး ဘာဆက်လုပ်သင့်တယ်ဆိုတာကို အကောင်းဆုံးဆုံးဖြတ်ကြည့်မယ်ဆိုရင် အကျိုးပိုရှိနိုင်မလားပိုပြီး အထောက်အကူဖြစ်နိုင်မလားဆိုပြီး ကျွန်တော် ဒီစာလေးကို ရေးမိလိုက်တာပါ။ ကျွန်တော် လက်လှမ်းမီသလောက် ဥာဏ်မီသလောက် ရေးထားတာဖြစ်တဲ့အတွက် အမှားများပါရင် ခွင့်လွှတ်ပေးကြပါ လို့ ကြိုပြီးတောင်းပန်ချင်ပါတယ်။
    လူတွေ ဘာ့ကြောင့် ဆေးလိပ်သောက်ကြလဲ?                                                                      
    လူတိုင်းမှာ ဆေးလိပ်သောက်ရတဲ့ အကြောင်းအမျိုးမျိုးရှိကြပါတယ်။
    –       စိတ်ဖိစီးမှုများလို့ စိတ်ထွက်ပေါက်ရှာခြင်း
    –       မိမိ အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်တွင် ဆေးလိပ်သောက်သူများရှိသောကြောင့်လိုက်လျောညီထွေဖြစ်ရန် သောက်ရခြင်း
    ( peer pressure)
    –       အရသာကို ကြိုက်နှစ်သက်ခြင်း
    –       ဆေးလိပ်ကိုင်ထားလျှင်( သို့မဟုတ်) သောက်နေလျှင် မိမိကိုယ်ကိုယ် စတိုင်ကျသည် ဆွဲဆောင်မှုရှိသည်ဟု ထင်မြင်နေမိခြင်း
    –       မိမိ ချစ်ခင်လေးစားသောသူများ(admire persons)မှာ ဆေးလိပ်သောက်ကြသဖြင့် အားကျကာ လိုက်လံအတုယူခြင်း စသဖြင့် အကြောင်းအရင်းအမျိုးမျိုးနဲ့ ဆေးလိပ်ကို သောက်ကြပါတယ်။ ဒါတွေက ယေဘုယျ ဖြစ်ပျက်နေကြတဲ့ ဆေးလိပ်သောက်ရတဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ကြပါတယ်။ အဲ့ဒီလို အကြောင်းတစ်ခုခုနဲ့လူတစ်ယောက်က ဆေးလိပ် စသောက်မိလိုက်ပြီဆိုရင်  စပြီး ပထမဆုံး ဆေးလိပ် တစ်လိပ်ကို ကုန်အောင်သောက်လိုက်တဲ့အချိန်ကစ လို့ သူ့မှာ ဆေးလိပ် စွဲဖို့အတွက် အခွင့်အရေးက သာမာန်လူတွေထက် ပိုများသွားလေ့ရှိပါတယ်။
    Nicotine (နီကိုတင်း) ၏ စွမ်းဆောင်ချက်များ                       
     ၁ ။ ဆေးလိပ်၏ ဇာတ်လိုက် Nicotine (နီကိုတင်း)  
    ဆေးလိပ်ထဲမှာ ပါတဲ့ လူစွမ်းကောင်းကြီး nicotine (နီကိုတင်း)  ရဲ့စွမ်းဆောင်ချက်တွေပါ။ လူတော်တော်များများသိကြပါတယ် နီကိုတင်းက ကျန်းမာရေးကို ထိခိုက်စေတယ် မကောင်းဘူးဆိုတာ ဒါပေမယ့် သူက ဘယ်လိုတွေလုပ်ဆောင်လို့ လူတွေကို ဒုက္ခပေးနေလဲ ဆိုတာကို တော့ မသိကြတာ များပါတယ်။ လူတစ်ယောက်က ပထမဆုံးဆေးလိပ် စသောက်လိုက်တဲ့ အခါမှာ ပထမဆုံးတစ်ရှိုက်မှာထဲကိုက အဲ့ဆေးလိပ်ထဲမှာ ပါတဲ့ နီကိုတင်းဓာတ်က ဦးနှောက်ထဲကို ၇ စက္ကန့်ကနေ ၁၀ စက္ကန့်အတွင်း ရောက်သွားပါတယ်။
    အဲ့ဒီဦးနှောက်ထဲမှာ ( Dopamine) လို့ ခေါ်တဲ့ ဦးနှောက်ထဲမှာ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သတ်တဲ့ အလုပ်တွေကို လုပ်ဆောင်နေတဲ့ messenger (ပို့ဆောင်သူ) သဘောမျိုးဆောင်တဲ့ ဒိုပါမင်းရဲ့ လုပ်ဆောင်မှုစွမ်းရည်တွေကို သူက အစားထိုးယူဖို့ကြိုးစားတယ်။ ဒိုပါမင်းက စိတ်သာယာမှုတွေ တက်ကြွမှုတွေ ( mood, pleasure) အစရှိတာတွေနဲ့ပတ်သတ်တဲ့ ဦးနှောက်ရဲ့ ဓာတုဗေဒဖြစ်စဉ် ( brain chemistry) ကို ထိန်းသိမ်းပေးတဲ့ အရာတစ်ခုဖြစ်တယ်။
    နီကိုတင်းက ဒိုပါမင်းပေးတာထက်ကိုပိုတဲ့ စိတ်ခံစားမှုမျိုး( pleasure) ကို အခိုက်အတန့်လေး ပိုကြာရှည်ပေးလိုက်တယ်။ အဲ့ဒီအခါမှာ လူတွေက အဲ့ဒီအရသာကိုနှစ်သက်လာတယ် ပြီးတော့ထပ်ပြီး သောက်ကြည့်ဖို့ကြိုးစားကြတယ်။ နီကိုတင်းက နောက်ပိုင်းမှာ ဦးနှောက်ထဲမှာ လုံးလုံးလျားလျားနေရာယူဖို့အထိဖြစ်လာတယ်။ မသောက်ရင် မနေနိုင်တဲ့အထိ ဖြစ်လာအောင် သူက ကြိုးပမ်းတယ်။သွေးထဲမှာ နီကိုတင်းဓာတ်နည်းလာပြီဆိုတာနဲ့ နောက်ထပ်ဆေးလိပ်သောက်ဖို့ကို ပုံစံအမျိုးမျိုးနဲ့ အချက်ပေးလာခဲ့တယ်။
    ခံတွင်းချဉ်တာတို့ လက်တွေတုန်လာတာလို့ ဘာမှမလုပ်ချင် မကိုင်ချင်ဖြစ်နေတာတို့နဲ့ စလာခဲ့တယ်။ အဲ့ဒါနဲ့တစ်လိပ်သောက်ကြည့်တယ်သက်သာမလား ပေါ့ ပြိးတော့ နောက်တစ်လိပ်သောက်ကြည့်တယ် အဲဒီလိုနဲ့ပဲ ဆေးလိပ်စွဲရတဲ့ဘ၀အထိ ရောက်သွားကြတယ်။ တစ်ချို့တွေက ဖြတ်ဖို့ကြိုးစားကြတယ် ဒါပေမယ့် နီကိုတင်းရဲ့ စွမ်းအင်ကိုက ဆေးလိပ်ဖြတ်လိုက်တဲ့အခါ အလုံအလောက်မရတဲ့အခါမှာ စိတ်ဝင်စားမှုစွမ်းအင်ကျလာတာ(loss of concentration), စိတ်ကျရောဂါဆန်ဆန်ခံစားလာရတာ ( depression)စတဲ့လက္ခဏာတွေပြလာတဲ့အခါမှာ လူတွေက မလွန်ဆန်နိုင်ကြတော့ဘူး ခံစားရမှာ ကြောက်လာတယ်။ နောက်မှ ရောဂါဖြစ်လို့ ခံစားရမှာထက် လောလောလတ်လတ် ခံစားနေရတာကို အဆင်သင့်သလိုပဲ ဖြေရှင်းကြတယ်။ ဒီလိုနဲ့ ဆေးလိပ်စွဲတဲ့လူတွေ တစ်နေ့ထက် တစ်နေ့ များများလာခဲ့ကြတယ်။
    ၂ ။ မိမိနှင့်မသက်ဆိုင်သော ကုမ္မဏီများ၏ လောဘ
    ဆေးလိပ်ကိုအဓိက တင်သွင်းနေကြတဲ့ ကုမ္ပဏီတွေရဲ့ လောဘပါ။ စီးကရက် ရောင်းနိုင်အားမြှင့်လာဖို့အတွက် နီကိုတင်းရဲ့ စွမ်းအားကို သိနေကြတဲ့ ထုတ်လုပ်သူတွေက စီးကရက်ထဲမှာ နီကိုတင်းပမာဏကို ပိုထည့်လာကြပါတယ်။ Havard school က public health researchers တွေ လုပ်ခဲ့တဲ့ study အရဆိုရင် ၁၉၉၈ ခုနှစ် နဲ့ ၂၀၀၅ ခုနှစ်အတွင်းမှာ ဆေးလိပ်ကုမ္ပဏီတွေရဲ့ နီကိုတင်းပမာဏ ထည့်သွင်းမှုနှုန်းဟာဆိုရင်  စီးကရက်တစ်လိပ်ကို ၁၁% အထိ ပိုမြင့်လာခဲ့ပါတယ်။ နီကိုတင်းပမာဏများလေ စီးကရက် ဖြတ်နိုင်တဲ့နှုန်းထားက ပိုမိုကျဆင်းလာပြီး ဆေးလိပ်စွဲသူတွေ ပိုမိုများပြားလာခဲ့ပါတယ်။
    ၃ ။ အကျင့်ပြုလုပ်ခြင်း ။
    မိမိကိုယ်ကိုယ် အကျင့်လုပ်ခြင်းပါ။ တစ်ချို့တွေက မိုးလင်းတာနဲ့ကော်ဖီလေးနဲ့  ဆေးလိပ်လေးနဲ့တွဲသောက်လိုက်ရမှ ၊ တစ်ချို့ကျတော့ စာအုပ်တို့ စာစောင်ဖို့ဖတ်နေတဲ့အချိန် ဆေးလိပ်သောက်လိုက်ရမှ ၊ တစ်ချို့ကျတော့ ထမင်းစားပြီးတာနဲ့ဆေးလိပ်သောက်လိုက်ရမှ အဲ့လိုမျိုးတွေ နဲ့မိမိကိုယ်ကိုယ်ဆေးလိပ်စွဲအောင် အကျင့်လုပ်တတ်ကြပါတယ်။ အဲ့လို အကျင့်လုပ်တတ်ခြင်းဟာဆိုရင် ကြာလာတဲ့အခါမှာ မိုးလင်းမှာ ကော်ဖီနဲ့တွဲသောက်တဲ့အဆင့်မဟုတ်တော့ပါဘူး ကော်ဖီဆိုတာကိုမြင်တာနဲ့ ဆေးလိပ်ကို သောက်ချင်လာပါတော့တယ်။ စာစောင်ကို ကိုင်လိုက်တာနဲ့ ဆေးလိပ်သောက်ချင်တဲ့ အာသီသ ပြင်းပြလာပါတော့တယ်။ အဲ့ဒီလိုမျိုးနဲ့ မိမိကိုယ်ကိုယ် အကျင့်ဖျက်ပြိး ဆေးလိပ်ကို စွဲစေကြတာပါ။
    ဆေးလိပ်ဖြတ်ရန်စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှု
    လူတွေက ဆေးလိပ်ဖြတ်ချင်တယ် ဆေးလိပ်မသောက်မှဖြစ်တော့မယ် ဆိုပြီး ပါးစပ်က ပြောကြပါတယ်။ တကယ်လက်တွေ့လုပ်ဆောင်ဖို့ကိုတော်တော်များများ မလုပ်ကြပါဘူး။ တစ်ချို့ကတော့လုပ်ကြပါတယ် ဆေးလိပ်ဖြတ်လိုက်တယ် မသောက်တော့ဘူး ဒီနေ့ဆို ဒီနေ့ပဲ ချက်ခြင်းကိုမသောက်တော့ပဲနေလိုက်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ကြိုတင်ပြင်ဆင်ပြီးမှ ဖြတ်တာ မဟုတ်တဲ့အခါကျရင် ဆုံးဖြတ်ချက်က မတည်မြဲပဲ အကြောင်းအရာ ခိုင်ခိုင်လုံလုံမရှိပဲ ကို အလိုလို ဆေးလိပ် ပြန်သောက်တတ်ကြပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ဒုတိယနှစ် psychology သင်တုန်းက Dr.James Bell ရဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နည်း အချက် ၈ ချက် (8 steps of self control) ဆိုတာလေးကို ဒီနေရာလေးမှာ သုံးချင်ပါတယ်။ ဒီသီအိုရီက အရက်ဖြတ်တာ ဆေးလိပ်ဖြတ်တာတင်မဟုတ်ပါဘူး မိမိကိုယ်တိုင် တစ်ခုခု ကို လုပ်ဆောင်ချင်ပြီ ဒါမှမဟုတ် စနစ်တကျ အကောင်အထည်ဖော်ချင်ပြီ ဆိုတဲ့အခါကျရင် သုံးစွဲလို့ရတဲ့ သီအိုရီလေးပါ။ ဒီနေရာမှာတော့ ဆေးလိပ်နဲ့ပတ်သတ်ပြီး ကိုယ့်စိတ်ကိုယ်ကိုယ်ဘယ်လိုများ နိုင်အောင်ထိန်းမလဲ ဘယ်လောက်အောင်မြင်အောင်လုပ်ကြည့်မလဲ ကြိုးစားကြည့်မလဲဆိုတာကိုဖော်ပြချင်ပါတယ်။
    ၁.မိမိ ဖြေရှင်းချင်တဲ့ လုပ်ဆောင်ချင်တဲ့ ပြသနာကို အရင်ရွေးချယ်ပါ။ (Select the problem)
    မိမိက ဆေးလိပ်ဖြတ်ချင်တယ်လို့ ရည်ရွယ်ထားရင် ကိုယ်ကိုယ်တိုင် တကယ်ဖြတ်ချင်တာလား ? တကယ်ရော ရှေ့ဆက်ပြီးလုပ်ဆောင်နိုင်မှာလား? စိတ်ဓာတ်ရော ခိုင်ခိုင်မာ မာရှိရဲ့လား နဲ့ အချိန်အတိုင်းအတာ တစ်ခုကို ကိုယ့်ဘာသာ သတ်မှတ်ပြီး ဆုံးဖြတ်ချက် အရင်ချကြည့်ပါ။
    ၂။ မိမိ ဖြစ်စေချင်တဲ့ ရလဒ်ကို စာရွက်ပေါ်မှာပဲ ဖြစ်ဖြစ် ချရေးကြည့်ပါ။ ( Choose your target behavior)
    ဆေးလိပ်ကို လုံးဝ ပြတ်သွားချင်တာမျိုးလား? ကိုယ့်စိတ်က မသေမချာတွေနဲ့ ခေတ္တပဲ ဖြတ်ဖို့ ကြိုးစားကြည့်တာလား၊
    ဘယ်လိုမျိုးအတိအကျ ရည်မှန်းချက်ထားပြီး ဆေးလိပ်စွဲနေတာကို ဖြတ်အောင် ကြိုးစားရမလဲ? ဆိုတာတွေကိုမိမိကိုယ်ကိုယ်မေးခွန်းပြန်ထုတ်ပြီး ချရေးကြည့်ပါ။
    ၃။ မိမိကိုယ်မိမိ လေ့လာပါ ၊စောင့်ကြည့်ပါ. (Self –Observation)
    ဒီအချက်မှာတော့ မိသားစုတွေ သူငယ်ချင်းတွေရဲ့ အကူအညီကိုယူနိုင်ပါတယ်။ ကိုယ့်ရဲ့ ပြောင်းလဲ လာတဲ့အပြုအမူနဲ့ပတ်သတ်ပြီး သူတို့ရဲ့ထင်မြင်ချက်တွေနဲ့ ပိုကောင်းလာနိုင်မဲ့နည်းလမ်းတွေကို အကြံဥာဏ်ယူသင့်ပါတယ်။ မိမိကိုယ်ကိုယ်လဲ ကိုယ်ထားတဲ့ရည်မှန်းချက်နဲ့ပတ်သတ်ပြိး record လေးဖြစ်ဖြစ်ထားသင့်ပါတယ်။ ဘယ်လိုတွေပြောင်းလဲလာလဲဆိုတာ မိမိကိုယ်ကိုယ်သုံးသပ်နိုင်အောင်လို့ပါ။
    ၄။ မိမိနဲ့ကိုက်ညီမဲ့ ဖြေရှင်းနိုင်မဲ့နည်းလမ်းကိုရှာပါ။ ( Analyze observations and brainstorm possible solutions)
    ဒီနေရာမှာ နည်းအမျိုးမျိုးရှိပါတယ်။ ဆေးလိပ်ဖြတ်နည်းဆိုတာမှာလဲ လူတွေတဲ့ခံယူချက်နဲ့ လုပ်ဆောင်ချက်ဖော်မူတည်ပြီးပုံစံအမျိုးမျိုးကွဲသွားပါတယ်။ တစ်ချို့က တကယ်ကို ပြင်းပြတဲ့ အာသီသနဲ့ဖြတ်ချင်တာဆိုရင် မိမိစိတ်ကိုနိုင်တဲ့အခါမှာ ဘာဆေးအကူအညီမှမလိုပဲနဲ့လဲ ဖြတ်နိုင်ပါတယ်။ ဥပမာ အစားထိုးပေါ့ ခံတွင်းချဉ်လာတဲ့အခါ ပီကေစားတာတို့။ သကြားလုံးငုံတာတို့ လိုနည်းမျိုးတွေပေါ့။ နောက်တစ်နည်းကတော့ ခုခောတ်စားနေတဲ့nicotine pad လို့ခေါ်တာလေးတွေနဲ့ nicotine addiction ကို ဖြေဖျောက်ကြတာပါ။ ဒါကတော့ ကိုယ်ရွေးချယ်တဲ့နည်းလမ်းပေါ်မှာမူတည်ပါတယ်။ ကိုယ့်ရှေ့က တကယ်ဆေးလိပ်ဖြတ်သွားတဲ့လူတွေရဲ့အတွေ့အကြုံတွေကိုမေးကြည့်ပါ။ ဘယ်လို အပြုအမူမျိုးက ကိုယ့်အတွက် သင့်တော်မလဲ ဆိုတာ ရွေးကြည့်ပါ။ ဆေးလိပ်ဖြတ်ရင် ဖြစ်လာမဲ့ နောက်ဆက်တွဲခံစားရမှုအတွက်လဲ စိတ်ထဲက ကြိုတင်ပြင်ဆင်ထားကြည့်ပါ။
    ၅။ ဆေးလိပ်ဖြတ်ဖို့ကို မိမိနဲ့သင့်တော်မဲ့နည်းလမ်းကို ဆုံးဖြတ်ပြီး အစီအစဉ်ဆွဲလုပ်ဆောင်ကြည့်ပါ။ ( Designing a plan)
    ဒီအချိန်က နည်းနည်းခက်ခဲတဲ့အချိန်ဖြစ်တတ်ပါတယ်။ မိမိရှေ့က ဆေးလိပ်ဖြတ်သွားတဲ့သူတွေရဲ့အတွေ့အကြုံတွေနဲ့  မိမိကိုယ်တိုင်ခံစားလာရမှာတွေက ခြောက်လှန့်နေတတ်ပါတယ်။အဲ့ဒီအတွက် ဆေးလိပ် ဖြတ်ခြင်းရဲ့ ကောင်းခြင်းတွေကိုပဲ အရင်တွေးပါ။ တွေဝေမနေပဲ မိမိကိုယ်တိုင် ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချပါ။ တကယ်ခံစားလာရတဲ့အချိန်ကျရင် ကိုယ့်ကိုယ်ကိုယ်ဘယ်လိုပြင်ဆင်ထားမလဲဆိုတာ ရယ် အဲ့ဒီအချိန်မှာ တခြား နည်းလမ်းတွေနဲ့ ဆေးလိပ် သောက်တာကို ဖြစ်မလာနိုင်အောင်ဘယ်လိုတားမလဲ ဆိုတာတွေရယ်ကို ကြိုတင်စဉ်းစားထားပါ။ ဒီအချက်မှာပဲ နောက်တစ်ခုက  မိမိရဲ့လုပ်ဆောင်နေကျ အကျင့်တွေ ကော်ဖီသောက်တာနဲ့ဆေးလိပ်သောက်ချင်တာတို့ စာအုပ်ဖတ်တာနဲ့ ဆေးလိပ်ကိုတောင့်တလာတာတို့ အဲ့လိုမျိုးအကျင့်တွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြည့်ပါ။ မိမိ ပတ်ဝန်းကျင်မှာ လည်း ဆေးလိပ်ပြန်သောက်လာနိုင်အောင်စေ့ဆော်တဲ့အရာတွေ လူတွေ နဲ့ တတ်နိုင်သမျှ ဝေးဝေးနေကြည့်ပါ။ နောက်ဆုံးအချက်ကတော့ မိမိကို အားပေးမဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေရဲ့အကူအညီကိုယူပါ။ ဆေးလိပ်ဖြတ်တဲ့အခါ လူက အလိုလိုနေရင်း အထီးကျန်ဆန်နေတတ်တာ ( loneliness), အားငယ်နေတတ်တာတွေဖြစ်နေတတ်တဲ့ အခါမှာ မိမိပတ်ဝန်းကျင်မှာ အားပေးမဲ့လူတွေ ရှိနေဖို့လိုအပ်ပါတယ်။
    ၆။ မိမိရဲ့ ရည်မှန်းချက်အတိုင်း စတင်လုပ်ဆောင်ပါ။ ( Put your plan to action)
    ဒီအဆင့်မှာ ပထမ ငါးဆင့်လုံးမှာ လုပ်ခဲ့တာတွေ ပြင်ဆင်ခဲ့တာတွေအကုန်လုံးနဲ့ စပြီး ဆေးလိပ်ကို ဖြတ်ဖို့ ကြိုးစားကြည့်ပါ။ ကိုယ့်မှာလဲ လုံလောက်တဲ့ အချက်အလက်တွေနဲ့ ခိုင်မာတဲ့စိတ်ဓာတ်ရှိနေပြီဆိုရင် ဒီအဆင့်က လွယ်လွယ်ကူကူနဲ့ ဖြတ်သန်းသွားနိုင်မှာပါ။ အပေါ်က အချက်တွေနဲ့စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေက ဖြတ်တဲ့အခါမှာလွယ်ကူလာစေပါတယ်။ အဓိကက နီကိုတင်းကို တောင့်တနေတဲ့ စိတ်ကို တွန်းလှန်နိုင်ဖို့ပါပဲ။ အဲ့ဒီအတွက် မိမိမှာ ခိုင်မှာတဲ့စိတ်ဓာတ်နဲ့ ယုံကြည်ချက် ရှိနေဖို့လိုအပ်ပါတယ်။
    ၇။ မိမိရဲ့အပြုအမူတွေ အကုန်လုံးကို အမြဲ သုံးသပ်နေပါ။ ( evaluate and revise your plan)
    ဒီအချက်မှာ ဆိုရင် ဆေးလိပ်ဖြတ်နေတဲ့ကာလအတွင်းမိမိကိုယ်ကိုယ်ယုံကြည်မှုရှိနေဖို့နဲ့ ကိုယ့်အပြုအမူတွေ မှားမသွားအောင် လုပ်ခဲ့တာတွေ သဲထဲရေသွန်မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ်သုံးသပ်နေဖို့အတွက်လိုအပ်ပါတယ်။ ကိုယ်လုပ်ခဲ့တာ ဘယ်နေရာမှာများ မှားနေလဲ ဘယ်လိုများ ပြောင်းလဲ ပစ်လိုက်ရင် အကောင်းဆုံးဖြစ်လာမလဲ ဆိုတဲ့ စိတ်တွေနဲ့ မိမိယုံကြည်မှုကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ကြည့်ပါ။
    ၈။ မိမိရဲ့ ပြောင်းလဲလာမှုကို ထိန်းသိမ်းထားပါ ( maintain the changes that you have developed)
    ဒီအချက်ကလဲ အရေးကြီးတဲ့အချက်ပါ။ မိမိ ရှေ့က ပြောင်းလဲလာသမျှကို ထိန်းသိမ်းထားဖို့ အတွက် လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင် ဒီနေ့ဖြတ် နောက်နေ့ကျ ပြန်သောက်ဆိုတာမျိုးတွေ ဖြစ်လာမှာပါ။ အဲ့ဒီတော့ ရှေ့က ကိုယ်လုပ်ခဲ့သမျှတွေ အရာထင်အောင် ပြောင်းလဲလိုက်တဲ့အပြုအမူကိုထိန်းသိမ်းထားဖို့အတွက်လိုအပ်ပါတယ်။ ..
    ဒီအချက်တွေကတော့ ဆေးလိပ်ဖြတ်ဖို့အတွက်အသုံးဝင်မယ်ထင်ဖို့ တင်ပြလိုက်တာလေးတွေပါ။ မိမိ ဆေးလိပ်သောက်တော့မယ် ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်ထိခိုက်မှာရယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေ ထိခိုက်မှာရယ်ကို အရင်ဆုံးတွေးကြည့်ပါ။ ခု ကမ္ဘာပေါ်မှာ သေဆုံးမှု အများဆုံးက ဆေးလိပ်ကိုယ်တိုင်သောက်တဲ့လူတွေထက် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရတဲ့ လူတွေပါ ( secondary smoker)။ သူတို့တွေထဲမှာ ကလေးငယ်ငယ်လေးတွေပါတယ် ကိုယ်ဝန်သည်တွေပါတယ် နာမကျန်းဖြစ်နေတဲ့လူတွေပါတယ် ကိုယ်ခံအား အားနည်းနေတဲ့လူတွေပါတယ်။ ဒါကြောင့် မိမိဆေးလိပ်သောက်တော့မယ်ဆိုရင် ပထမဆုံး ပတ်ဝန်းကျင်ကို အရင် စာနာ ကြည့်ပါလို့ ပြောချင်ပါတယ်
    ကျွန်တော် ဒီစာကိုရေးရတယ်ဆိုတာက ကျွန်တော်ကိုယ်တိုင်က anti-smoker ဖြစ်နေလို့မဟုတ်ပါဘူး။ ဆေးလိပ်သောက်ပြီးဖြတ်ဖို့မလွယ်ဘူးဆိုတာလဲ နားလည်ပါတယ်။ ဆေးလိပ်သောက်သူတွေရဲ့ ခံစားချက်ကိုလဲ ကိုယ်ချင်းစာမိပါတယ်။ ဒါပေမယ့် လူဆိုတာ စိတ်ဆောင်ရင် အရာရာဖြစ်ပါတယ်။ မိမိမှာ တကယ်ပဲ ဆေးလိပ်ကိုဖြတ်ချင်တဲ့အာသီသရှိမယ်ဆိုရင် ကျွန်တော် ခုရေးပေးတဲ့ နည်းလမ်းလေးတွေနဲ့ ကြိုးစားကြည့်ပါ။ ဆေးလိပ်သောက်နေတဲ့လူတွေကို ဆေးလိပ်ဖြတ်ဖို့ ကျွန်တော် မတိုက်တွန်းသလို ဆေးလိပ်သောက်ဖို့လဲ မတိုက်တွန်းပါဘူး။ မိမိဘာသာ ကိုယ်ပိုင်အသိနဲ့ဆုံးဖြတ်ပြီးတော့ အကောင်းဆုံးကိုလုပ်ဆောင်နိုင်ကြပါစေလို့ပဲ အားပေးချင်ပါတယ်။
    စူးရှအိမ် (6:33pm.15-Oct-2011)
    ကိုးကား
    http://www.netdoctor.co.uk/smoking/psychologicalinfluences_000509.htm
    http://www.scientificpsychic.com/health/smoking-psychology.html
    http://www.livestrong.com/article/99211-psychological-problems-caus…
    http://quitsmoking.about.com/od/nicotine/a/nicotineeffects.htm
  • ဟာဂ်ျခရီးစဉ်စောင့်ကြည့်ကူညီရေးအဖွဲ့
    “ဟာဂ်ျခရီးစဉ်စောင့်ကြည့်ကူညီရေးအဖွဲ့”
    ၂၀၁၁ ခုနှစ် ဟာဂ်ျရာသီတွင် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်သည် ယခင့် ယခင်နှစ်များထက် ယခုနှစ်ဟာဂ်ျခရီးစဉ်တွင် ဟာဂ်ျခရီးစဉ်အကျိုးဆောင်များ၏ အဆင်မပြေမှု့များရှိခဲ့ပါသဖြင့် ဗီဇာ မရရှိလိုက်၍ သွားခွင့်မရရှိသူများ ၊ ဗီဇာရရှိထားသော်လည်း လေယာဉ်ပျံ အခက်အခဲကြောင့် လိုက်ပါခွင့် မရရှိသူများ၏ စိတ်ပိုင်းဆိုင်ရာ နစ်နာမှုများနှင့် ရုပ်ပိုင်း(ငွေကြေး)ဆိုင်ရာ နစ်နာဆုံးရှုံးမှုများကို ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ “ဟာဂ်ျ ခရီးစဉ်စောင့် ကြည့်ကူညီရေးအဖွဲ့” ကို စုစည်းဖွဲ့စည်းပြီးဖြစ်ကြောင်းသိရပါသည်။
    အဆိုပါအဖွဲ့တွင် အငြိမ်းစားအရာရှိကြီးများ ဥပဒေပညာရှင်များ ဆေးပညာရှင်များ သာသနာ့ပညာရှင်များနှင့် တတ်သိပညာရှင်များဖြင့် စုပေါင်း ဖွဲ့စည်းထားကြောင်းနှင့် ယခုနှစ် ဟာဂ်ျ ခရီးစဉ်အတွင်း နစ်နာခဲ့ကြသောသူများအတွက် စုစည်းထားပါသည်။ ဟာဂ်ျခရီးစဉ်နှင့်ပါတ်သက်သော အရေးကိစ္စများကို တတ်စွမ်းသရွေ့ ကူညီပေးသွားမည်ကြောင်းနှင့် အကျိုးအမြတ်ကို မမျှော်ကိုးပဲ မိမိရပ်ရွာ ဒေသရှိ ယခုနှစ် ဟာဂ်ျခရီးစဉ်အတွင်း နှစ်နာဆုံးရှုံးသည့်သူများကို ကူညီပေးလိုသူများအနေဖြင့် ပူးပေါင်း၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဖွဲ့ခွဲများ ဖွဲ့စည်းသွားရန်လည်း စီစဉ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
    နောက်လာမည့် ဟာဂ်ျခရီးစဉ်များတွင် ယခုနှစ်လိုအဖြစ်မျိုး ထပ်မံကြုံတွေ့မှု မရှိစေရန် ပြဿနာအရင်းအမြစ်ကို ရှာဖွေ၍ စနစ်ကျသော စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးပေါင်းပါဝင်လိုသူများအနေဖြင့် လည်းကောင်း ၊ အကူအညီရယူလိုသူများအနေဖြင့် လည်းကောင်း
    “ဟာဂ်ျခရီးစဉ်စောင့်ကြည့်ကူညီရေးအဖွဲ့” ဖုန်း 09-91039055 ၊ 09-91000723 ၊ 09-2009110 ၊ 09-73192119 ၊ Email: [email protected] သို့ ဆက်သွယ်နိုင်ကြောင်း သိရပါသည်။
    ယနေ့ 12-11-2011 စနေနေ့ နံနက် ၉း၃၀ နာရီ တွင် Tiptop Intenartonal Education Service Provider ကျင်းပပြုလုပ်သော
    “ဟာဂ်ျခရီးစဉ်စောင့်ကြည့်ကူညီရေးအဖွဲ့”၏ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် ယခုနှစ် ဟာဂ်ျခရီးစဉ်အတွင်း နစ်နာသူများအတွက် အကူအညီပေးနိုင်ရန်နှင့် လုပ်ငန်းကော်မတီအဖွဲ့ငယ်များ ဖွဲ့စည်းပြီးသည့်နောက်တွင် သောကြာနေ့က မန္တလေးမြို့ဗလီကြီးများတွင်၏ ကြော်ငြာသင်ပုန်းများတွင် “ဟာဂ်ျခရီးစဉ်စောင့်ကြည့်ကူညီရေးအဖွဲ့” ဖွဲ့စည်းပြီးစီးကြောင်း ကြေငြာခဲ့ရမှာ ယခုနှစ် ဟာဂ်ျခရီးစဉ်အတွင်း နှစ်နာခဲ့ကြသူများ တစ်ဖွဲဖွဲ လာရောက်၍ မိမိတို့၏ နစ်နာမှုများကို ထုတ်ဖော်ပြောပြကြပါသည်။ “ဟာဂ်ျခရီးစဉ်စောင့်ကြည့်ကူညီရေးအဖွဲ့” မှ တာဝန်ရှိသူများမှလည်း မိမိတို့ အကောင်းဆုံးဖြစ်စေရန် နစ်နာသူများကိုယ်စား စဉ်းစားလုပ်ကိုင်သွားမှာဖြစ်ကြောင်း အားပေးနှစ်သိမ့်ပြီး မည်သို့မည်ပုံလုပ်ကိုင်ဆောင်ရွက်သွားမည်ကို ဥပဒေ အကြံပေးအဖွဲ့အနေဖြင့် စီစဉ်နေပါကြောင်းပြောကြားပြီး လာရောက် တိုင်တန်းကြသောသူများအားလည်း အချက်အလက်ဖြည့်ပေးရမည့်ပုံစံဖေါင်များ မနက်ဖြန်တွင် လာရောက်ထုတ်ယူပေးကြရန် ပြောကြားပြီး အကောင်းဆုံးဖြစ်စေရေးအတွက် အားလုံး ညီညီညွတ်ညွတ်ပူးပေါင်း လုပ်ဆောင်သွားကြဖို့လိုအပ်ကြောင်း ပြောခဲ့သည်ဟု သတင်းရရှိပါသည်။
    အောက်က Attach ဖိုင်ကို  ဆွဲပြီး Print ထုတ်ပြီးဝေဌနိုင်ပါတယ်။ ဖိုင်ကတော့ ဒီနှစ်ဟဂ်ျသွားရာမှာ အကြောင်းကြောင်းအမျိုးမျိုးကြောင့်ကျန်ခဲ့သူများ ဖြည့်ရန်ဖြစ်ပါတယ်။
    Download လုပ်ရန်
     form.pdf