News @ M-Media

နာမည်ကြီးနေတဲ့ ဒေတာပြန်ပေးဆွဲ ဆိုက်ဘာတိုက်ခိုက်မှုအကြောင်း သိကောင်းစရာ

မေ ၁၃၊ ၂၀၁၇
M-Media

– သောကြာနေ့က ransomware လို့ခေါ်တဲ့ ဆောဖ့်ဝဲကိုသုံးပြီး ပြုလုပ်တဲ့ ဒေတာပြန်ပေးဆွဲ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု ကမ္ဘာတစ်ဝှမ်းမှာ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး နိုင်ငံပေါင်း ၉၉ နိုင်ငံက ကွန်ပျူတာပေါင်း ၅၇၀၀၀ လောက် ထိခိုက်သွားခဲ့တယ်လို့ ဆိုက်ဘာ လုံခြုံရေးကုမ္ပဏီတွေက သတင်းထုတ်ပြန်ပါတယ်။

ဟက်ကာတွေဟာ ရုရှား၊ ယူကရိန်းနဲ့ ထိုင်ဝမ်နိုင်ငံက ကွန်ပျူတာတွေကို အဓိကထား တိုက်ခိုက်တာဖြစ်ပြီး၊ ဗြိတိန်က ဆေးရုံတွေ၊ ဆေးခန်းတွေဟာ ဒီတိုက်ခိုက်မှုကြောင့် လူနာတွေကို ပြန်လွှတ်လိုက်ရတာ၊ ရက်ချိန်းတွေ ပယ်ဖျက်လိုက်ရတာတွေအထိ ဖြစ်ခဲ့ပါတယ်။

စပိန်က ကုမ္ပဏီတွေ၊ အစိုးရဌာနတွေနဲ့ စီးပွားရေးကုမ္ပဏီတွေက ကွန်ပျူတာကွန်ယက်တွေလည်း ဒီတိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။

ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြစ်ပွားခဲ့တဲ့ ဒီ ဆိုက်ဘာတိုက်ခိုက်မှုအကြောင်း ဘာတွေသိထားရမလဲ။

ဘယ်လိုအလုပ်လုပ်သလဲ

WannaCry ဆိုတဲ့ malware ဟာ ransomaware ရဲ့ ပုံစံတစ်မျိုးဖြစ်ပြီး ကွန်ပျူတာထဲက ဖိုင်တွေကို အသုံးပြုလို့မရအောင် ပုံဖျက်၊ ပိတ်ဆို့လိုက်ပါတယ်။

တိုက်ခိုက်မှုဟာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ မိုက်ခရိုဆော့ဖ်ရဲ့ Windows ကို အဓိက ပစ်မှတ်ထားပါတယ်။

ကွန်ပျူတာတိုက်ခိုက်ခံလိုက်ရရင် မက်ဆေ့ခ်ျတစ်ခု ပေါ်လာတတ်ပြီး ဟက်ကာတွေက ကန်ဒေါ်လာ ၃၀၀ ပြန်ပေးငွေတောင်းခံမှုနဲ့အတူ ဘယ်လိုပေးချေရမလဲဆိုတာကို ဖော်ပြထားမှာ ဖြစ်ပါတယ်။

အဲဒီ pop-up မက်ဆေ့ခ်ျမှာ အချိန်ပေးမှု နှစ်ခုပါဝင်ပြီး တစ်ခုက ၃ ရက်အတွင်း ဒီငွေကို မပေးရင် ငွေပမာဏက နှစ်ဆ ၆၀၀ အထိတက်သွားမယ်လို့ဆိုပါတယ်။ နောက်တစ်ခုက ၆ ရက်ကျော်သွားရင် အချက်အလက်တွေ ထာဝရပျောက်ကွယ်သွားမယ်လို့ ဖော်ပြထားပါတယ်။

ငွေကိုတော့ အွန်လိုင်းငွေပေးချေမှု စနစ်တစ်ခုဖြစ်တဲ့ Bitcoin နဲ့ လုပ်ရမှာပါ။

အဲဒီ ransomware ရဲ့ နာမည်က WCry ဖြစ်ပြီး တစ်ချို့ ကျွမ်းကျင်သူတွေကတော့ WannaCry လို့ခေါ်ဝေါ်ကြပါတယ်။

ဟက်ကာအဖွဲ့ Shadow Brokers က ဒီ ဗိုင်းရပ်စ်ကို ဧပြီလမှာ ထုတ်ပြန်ခဲ့ပြီး အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ရဲ့ အမှားတွေကနေ ရရှိခဲ့တာဖြစ်တယ်လို့ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတွေက ပြောပါတယ်။

ဘယ်လိုပြန့်လဲ

Ransomware ဆိုတာ ကွန်ပျူတာထဲကို ၀င်ရောက်တဲ့ ပရိုဂရမ်တစ်ခုပါ။ ကလစ်လုပ်တာ၊ ဒေါင်းလုတ်ဆွဲတာတွေကနေတစ်ဆင့် ကွန်ပျူတာထဲ ရောက်ရှိနိုင်ပါတယ်။ အဲဒီနောက်မှာတော့ အချက်အလက်တွေကို သိမ်းပိုက်ပြီး ပြန်ပေးငွေ တောင်းပါတော့တယ်။

အချို့ လုံခြုံရေးဆိုင်ရာ သုတေသန ပညာရှင်တွေကတော့ WannaCry ကူးစက်မှုဟာ ဖိုင်တစ်ခု၊ အီးမေးလ်တစ်ခုကို ကလစ်လုပ်တာထက် ကွန်ယက်တစ်ခုအတွင်း သူ့ဖာသာသူ ပြန့်နှံ့တာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပရိုဂရမ်က ဒေတာတွေကို ပုံဖျက် သိမ်းပိုက်ကာ ပြန်လိုချင်မယ်ဆိုရင်တော့ ပြန်ပေးငွေ ပေးရမှာပါ။

ဒါပေမယ့် ငွေပေးပြီးရင်လည်း အချက်အလက်တွေကို ပြန်ရနိုင်တယ်ဆိုတဲ့ အာမခံချက် မရှိဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ransomware ရဲ့ အချို့ပုံစံတွေက ကွန်ပျူတာထဲမှာရှိတဲ့ ပရိုဂရမ်တွေအားလုံးကို ပိတ်ပစ်လိုက်ပြီး ကွန်ပျူတာတွေကို lock ကျသွားစေကာ ပြန်ပေးငွေတောင်းတဲ့ မက်ဆေ့ခ်ျတစ်ခုသာ မြင်ရတော့မှာပါ။

အချို့ပုံစံတွေမှာတော့ ဒီ ငွေတောင်းတဲ့ မက်ဆေ့ခ်ျတွေဟာ ပြန်ပိတ်ဖို့ခက်တာ၊ ဒါမှမဟုတ် မဖြစ်နိုင်တာကို တွေ့ရပြီး ကိုယ့်ရဲ့ ကွန်ပျူတာကို အသုံးပြုလို့ မရနိုင်တော့ပါဘူး။

ဘယ်တွေမှာပြန့်လဲ

Avast ဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆော့ဖ်ဝဲထုတ်လုပ်တဲ့ ပညာရှင်တွေကတော့ ရုရှား၊ ယူကရိန်းနဲ့ ထိုင်ဝမ်တို့ဟာ ဒီတိုက်ခိုက်မှုရဲ့ အဓိက ပစ်မှတ်တွေဖြစ်ပြီး အခြား ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေလည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဝါရှင်တန်အခြေစိုက် Institute of Critical Infrastructure Technology လုပ်ငန်းက ဂျိမ်းစ်စကော့ ကတော့ ransomware တိုက်ခိုက်မှုဟာ ၂၀၁၆ ခုနှစ်ကလည်း ပေါ်ထွက်ခဲ့ပြီး၊ ဒစ်ဂျစ်တယ်လုံခြုံရေး အသိ နည်းပါးတဲ့ ကျန်းမာရေးကဏ္ဍဟာ ထိခိုက်လွယ်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

“ဆိုက်ဘာလုံခြုံရေး အသိမရှိတဲ့ ၀န်ထမ်းတွေက လင့်တွေကို တစ်ချိန်လုံး နှိပ်နေတာပါ။ ၀မ်းနည်းစရာ ကောင်းတာက သူတို့ဟာ သူတို့ရဲ့ အချက်အလက်တွေကို ကောင်းကောင်းမွန်မွန် Back Up မလုပ်ထားတာပါပဲ။ ဒါဟာ ကြီးမားတဲ့ ပြဿနာကြီးတစ်ခုပါ။ သူတို့ဟာ တစ်ချိန်လုံး ဒါပဲ လုပ်နေကြပါတယ်” လို့ စကော့က ထည်သွင်းပြောကြားခဲ့ပါတယ်။

ဘယ်လိုကာကွယ်မလဲ

မိုက်ခရိုဆော့ဖ်ရဲ့ Malware Protection Center ကတော့ ဒီတိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် အချက်အချို့ကို ဖော်ပြထားပါတယ်။

– up-to-date ဖြစ်နေတဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆော့ဖ်ဝဲ (Antivirus Software) တွေကို သုံးပါ။ (ဥပမာ – Microsoft Security Essentials)

– Antivirus ကို update အမြဲတမ်းလုပ်ထားပါ။

– မသိတဲ့သူ၊ ကိုယ့်အလုပ်နဲ့မဆိုင်တဲ့ ကုမ္ပဏီတွေကနေ ပေးပို့လာတဲ့ ဖိုင်တွေ၊ အီးမေးလ်တွေကို ဖွင့်တာ၊ ဖတ်တာမျိုး ရှောင်ပါ။

– (Internet Explorer) မှာ smart screen လုပ်ဆောက်ချက်ကို ဖွင့်ထားပါ။ ဒီလိုဖွင့်ထားရင် အချက်အလက်ခိုးတဲ့၊ ဗိုင်းရပ်စ်ဖြန့်တဲ့ ၀ဘ်ဆိုက်တွေကို အသိပေးမှာဖြစ်ပြီး၊ download ဆွဲတဲ့အခါတွေမှာလည်း သတိပေးမှာ ဖြစ်ပါတယ်။

– မိမိအသုံးပြုနေတဲ့ Browser မှာ pop-up ပိတ်တဲ့ လုပ်ဆောင်ချက်ကို ဖွင့်ထားပါ။

– အရေးကြီးတဲ့ဖိုင်တွေကို ပုံမှန် Backup လုပ်ပါ။

ပြန့်နှံ့မှုကို တားဆီးနိုင်

ဆိုက်ဘာလုံခြုံရေး သုတေသန ပညာရှင်တစ်ဦးက သူ့အနေနဲ့ WannaCry ပြန့်နှံ့ကို တားဆီးနိုင်တဲ့ Kill switch တစ်ခုကို တွေ့ရှိခဲ့တယ်လို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒါကို မတော်တ တွေ့ရှိခဲ့တာလို့ @MalwareTechBlog ရဲ့ Twitter စာမျက်နှာမှာ ရေးသားထားတာဖြစ်ပြီး ပြန့်နှံ့မှုကို တားဆီးဖို့အတွက် ဒီ malware က အသုံးပြုတဲ့ Domain နာမည်ကို ထည့်သွင်းရမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကူးစက်ပြီးသား ကွန်ပျူတာတွေအတွက်တော့ ဒီနည်းလမ်းက အသုံးမ၀င်ပါဘူး။

@MalwareTechBlog က ဒီပြဿနာဟာ မပြီးဆုံးသေးဘဲ ဒီတိုက်ခိုက်မှုနောက်ကွယ်မှာရှိတဲ့သူတွေဟာ code တွေကို အချိန်မရွေး ပြောင်းလဲနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

Ref: Aljazeera