News @ M-Media

Author: M-Media

  • ရခိုင်အကြမ်းဖက်မှု ဘယ်သူ အမြတ်ထွက်သလဲ (ဘာသာပြန်)

    ရခိုင်အကြမ်းဖက်မှု ဘယ်သူ အမြတ်ထွက်သလဲ (ဘာသာပြန်)

    နိုဝင်ဘာ၊ ၅ ၊ ၂၀၁၂
    M-Media
    ဆောင်းပါးရှင်- အလ်ဂျာဇီးရာရဲ့ Asia/Pacific Roving Correspondent  Wayne Hay ၏ http://blogs.aljazeera.com/blog/asia/winners-and-losers-myanmar-violence ကို M-Media မှ ဆီလျော်အောင်ဘာသာပြန်ဆိုပါသည်။

     

    ပွင့်လင်းရိုးသားမှုမရှိခြင်း ၊ တရားမျှတမှု့ နှင့် ရှင်းလင်းသေချာသော နိုင်ငံရေး သုံးသပ်ချက်များ မရှိခြင်းတို့ သည် ရခိုင်ပြည်နယ် အကြမ်းဖက်မှုနှင့် တင်းမာမှု များကို ပိုမိုကြီးထွားတောက်လောင် စေပြီး ၊ မြန်မာနိုင်ငံ တွင် ရခိုင်ဗုဒ္ဓဘာသာများနှင့် ရိုဟင်ဂျာ မွတ်စလင်မ်များ ၏ ပြဿနာဖြစ်ပွားမှု့ အကြောင်းအရင်း စုံစမ်း ရှာဖွေခြင်းတွင် များစွာသော လစ်ဟာမှု များကို ဖြစ်စေသည်။

    ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာ မွတ်စလင်မ်များ

    မေလ ကုန်ပိုင်းလောက်တွင်   ရခိုင်ဗုဒ္ဓဘာသာအမျိုးသမီးအား မုဒိမ်းကျင့်မှု့ကြောင့် ရိုဟင်ဂျာသုံးယောက် အား ဖမ်းဆီးစီရင် ခဲ့ခြင်းအား ကျွန်ုပ်တို့ သိပြီးဖြစ်သလို တဖန် နောက်ထပ် ငါးရက်အကြာတွင်  ရခိုင်ဗုဒ္ဓ ဘာသာများရဲ့ ကလဲ့စားချေမှု့ အနေဖြင့် ရိုဟင်ဂျာလူမျိုး ဆယ်ဦးအားကြမ်းကြုတ်စွာ အမဲဖျက်သကဲ့သို့ သတ်ဖြတ်ခဲ့သည်ကိုလည်း ကျွန်ုပ်တို့ သိပြီးဖြစ်သည်။

    (အသတ်ခံရသူ ၁၀ ဦးမှာ ပြည်မ မှ မြန်မာမွတ်စလင်မ်များဖြစ်ပါသည် M-Media)

    ထိုလူသတ်မှူများ အတွက် မည်သည့်တစ်စုံတစ်ဦး မှ ဖမ်းဆီးခံရခြင်းမရှိသည့်အပြင် ထိုလူသတ်မှု ၏ နောက်တွင် မြောက်များစွာသော လူတို့သေဆုံးခြင်း၊ ထောင်ပေါင်းများစွာသော နေအိမ်များ နှင့် အခြား အဆောက်အဦးများ မီးရှို့ခံရခြင်းနှင့် လူပေါင်း တစ်သိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ရခြင်းတို့ဖြင့် အတိပြီးသော အကြမ်းဖက်ဖြစ်ရပ်များ ဆင့်ကဲ ဖြစ်ပွါးခဲ့လေသည်။

    အစိုးရ၏ တုန့်ပြန်မှု သည် အားနည်းလှသောကြောင့် နိုင်ငံရေးစနစ်အတွင်းပါဝင်လျှက်ရှိသူများသည် ပဋိပက္ခတွင်ပါဝင်ပတ်သက်မှုရှိသည်ဟု ယုံကြည်သူများ၏ ယုံကြည်မှုကို အားကောင်းစေသည်။

    လက်တွေ့ကျကျ စဉ်းစားကြည့်ကြပါစို့။

    အကယ်၍သာ နိုင်ငံ့ အာဏာပိုင်များ / အာဏာပိုင်တို့နှင့်ပေါက်ရောက်သူများသည် ပဋိပက္ခအား အမှန်တကယ်ရပ်တန့်စေလိုခဲ့ပါလျှင်၊ အစကနဦးကပင် ရပ်တန့်နိုင်မည်သာ။

    ယခင်စစ်အစိုးရ သည် ထင်သာမြင်သာသော ပဋိပက္ခများအား ရက်စက်စွာ နှိမ်နင်းခဲ့သည်မှာ မကြာသေးပေ။ ယခုအစိုးရ တစ်စိတ်တစ်ပိုင်းသည် အရပ်သားအစိုးရ ဖြစ်သော်လည်း တိုင်းပြည်အား လည်ပတ်နေစေသူများတွင် ယခင်လူများထဲမှ အများအပြားပါဝင်လျှက်ရှိသည်။

    နိုင်ငံရေး ဝေဝါးမှု

    အစိုးရသည် ယခင်က ပြုဖူးသကဲ့သို့၊ ရခိုင်ပြည်နယ် ၏ လမ်းများပေါ်တွင် စစ်သားများဖြင့် ချက်ခြင်း ဖြည့်တင်းနိုင်ပေသည်။ ရခိုင်ဒေသတစ်ဝှမ်းတွင် လုံခြုံရေးတိုးမြှင့်ချထားသည် ဟု ပြောကြားသော်လည်း မျက်မြင်အရဆိုလျှင် စစ်သားဦးရေသည် အလွန့် အလွန်နည်းပါးလှပါသည်။

    ၎င်းပဋိပက္ခသည် ရိုးရှင်းသော လူမျိုးရေး တင်းမာဆူပူမှု မျှ မဟုတ်ဆိုသည် ကို ရည်ညွှန်းသည့် နိုင်ငံရေးဝေဝါးမှု များရှိနေသည်။

    မြန်မာ့အာရုံသစ် စနစ် အတွင်း၌ အာဏာရှင်အမာခံများ ရှိနေသေးသည့် အပြင် ၊ ဒီမိုကရေစီသည် စစ်တပ် ၏ အာဏာ နှင့် လွှမ်းမိုးမှုတို့အား ဖယ်ရှားပစ်သည်ဟု မြင်ကြသော စစ်တပ်သည်လည်း ရှိနေသေးသည် ဆိုသည်ကို လွယ်ကူစွာ မေ့ပျောက်မရနိုင်ပါ။

    လက်နက်ကိုင်တပ်များသည်သာလျှင် မြန်မာနိုင်ငံ ၏ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်သူများ ဖြစ်သည်ဟု ၎င်းတို့က စောဒကတက် အငြင်းဝင် ချင်ကြမည်။ ပဋိပက္ခ ကို စတင်ဖန်တီးမှ မဟုတ်၊ ပဋိပက္ခအား ချုပ်ငြိမ်းရပ်တန့်ရန် မပြုခြင်း နှင့် ဖြစ်သင့်သည်ထက် ပိုမိုကြီးထွားအောင် အားပေးအားမြှောက် ပြုခြင်းသည်လည်း စစ်တပ်၏ လုပ်ရပ် အား ထင်ရှားစွာသက်သေပြနိုင်ခြင်းမည်ပါသည်။

    ယခင်စစ်တပ်ဗိုလ်ချုပ်များ၊ အာဏာရှင်အမာခံများ ဦးဆောင် ပါဝင်သည့် တိုင်းပြည်၏ အကြီးဆုံး နိုင်ငံရေးပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သည် စစ်တပ်နှင့် ပတ်သက်ဆက်နွယ်လျှက်ရှိသည်။

    ၎င်း ပြည်ခိုင်ဖြိုး (USDP) ပါတီ၏ အကြီးမားဆုံးပြဿနာမှာ ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပင်ဖြစ်သည်။

    NLD ပါတီသည် အလွန်လူကြိုက်များသော ပါတီဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲ ၌လည်း NLD ပါတီက အနိုင်ရရှိခဲ့ပြီးနောက် စစ်တပ် က အာဏာသိမ်းခဲ့သည်။ ၂၀၁၂၊ ဧပြီလ ရွေးကောက်ပွဲတွင်လည်း NLD ပါတီသည် လွှတ်တော်အမတ်နေရာ အများဆုံးအနိုင်ရရှိခဲ့သည်။ အကယ်၍ ၂၀၁၅ အထွေထွေရွေး ကောက် ပွဲသည်လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲဖြစ်မည်ဆိုပါက၊USDP ပါတီသည်အခက်ကြုံရမည်ဖြစ် သည်။

    ယေဘုယျ တွက်ကိန်း

    အထက် ရေးသား ဖော်ပြချက်များသည် လက်ရှိဖြစ်ပွါးနေသော ရခိုင်တင်းမာမှုများနှင့် လုံးဝ မပတ် သက်သယောင်ထင်ရသော်လည်း၊အချို့သောသူများသည် ရခိုင်အကြမ်းဖက်မှု အား ကြိုးကိုင် အခွင့်ကောင်းယူ၍ ၎င်းတို့၏ လက်ရှိ ရာထူးအနေအထားများကို မြဲမြံအောင် ပြုလုပ်နေကြရုံမက ယခင်က ရှိခဲ့သော ၎င်းတို့၏ အနေအထားကို ပြန်လည်ရယူလိုကြသည် ဟု  မြန်မာနိုင်ငံ၏ လူမှုမီဒီယာ များတွင် ဇွန်လဆန်း ပိုင်း လောက်ကတည်း က ယေဘုယျ ခန့်မှန်းတွက်ကိန်းများ ရှိနေခဲ့သည်။

    ၎င်းတွက်ကိန်း ၏ သော့ချက်မှာ USDP ပါတီ ၏ အရာရှိဟောင်း ၊ ဗိုလ်ချုပ်ဟောင်း အောင်သောင်း နှင့် မွတ်စလင် ဆန့်ကျင်ရေး နာမည်ကြီးသော ရဟန်းပျို (ဝီရသူ မန္တလေး) တို့၏ လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးမှုပင် ဖြစ်သည်။

    ဝီရသူသည် မန္တလေးမြို့တွင် ၂၀၀၁ ၌ဖြစ်ပွါးခဲ့ သော ဗုဒ္ဓဘာသာ နှင့် မွတ်စလင်တို့ ၏ အဓိကရုဏ်းတွင် ပါဝင်ကျူးလွန်မှုကြောင့် ထောင် ဆယ်နှစ်မက ကျခံ ဖူးသူဖြစ်သည်။ ၎င်းသည် အစိုးရသစ်၏ လွတ်ငြိမ်း ချမ်းသာခွင့် ကြောင့်  ယခင်နှစ်ကုန်ပိုင်း က ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။

    USDP ပါတီ အထိနာခဲ့သည့် ဧပြီလ ရွေးကောက်ပွဲ အပြီးတွင် အာဏာရှင်ဟောင်းသန်းရွှေနှင့် အလွန်နီးစပ် သည် ဟု လူသိများသော အောင်သောင်း က ဝီရသူ အားတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

    နိုင်ငံ၏ အာဏာရပါတီ ခေါင်းဆောင် တစ်ဦး နှင့် မွတ်စလင်ဆန့်ကျင်ရေးကြောင့် လူသိများသော သာမန် ဘုန်းကြီးရဟန်း တစ်ဦးတို့၏ သမားရိုးကျပုံမှန် မဟုတ်သော တွေ့ဆုံဆွေးနွေးပွဲ ဓာတ်ပုံများပေါ်ထွက် ခဲ့သည်။

    ၎င်းတို့အဘယ်ကြောင့် တွေ့ဆုံ ခဲ့ပါသနည်း? မည်သည့်ရှင်းလင်းဖြေရှင်းချက်မျှ မရှိခဲ့ပါ။ သို့ရာတွင် ရခိုင် အကြမ်းဖက်မှုစတင်ပြီးနောက်၊ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ၏ တရားဝင်နိုင်ငံသားများ မဟုတ်၊ ၎င်းတို့ အား ဖမ်းဆီးပြီးနောက် အခြားနိုင်ငံသို့ ပို့ဆောင်ရမည် ဟူသော သမ္မတသိန်းစိန် ၏ အဆိုအား ထောက်ခံ ရန် လမ်းများပေါ်သို့ထွက်၍ ချီတက်ကြသည့် ဘုန်းကြီးများ ၏ ရှေ့တန်းတွင် ဝီရသူသည် ဦးစီးဦးဆောင် အဖြစ်  ပါဝင်ခဲ့လေသည်။

    အနောက်ဖက် (ရခိုင်) ရှိ တိုက်ခိုက်မှုများကြောင့် USDP မည်သည့်အကျိုးအမြတ်ရရှိသနည်း?

    မြန်မာနိုင်ငံသည် ရုတ်ချည်းနိုင်ငံရေး အပြောင်းအလဲအတွက် အဆင်သင့်မဖြစ်သေးကြောင်း မငြိမ်မသက် မှုများက သက်သေဖြစ်သည် ဟု အာဏာရှင်အမာခံ များက ပြောကောင်းပြောနိုင်သည်။

    မြန်မာနိုင်ငံသည် တက်ကြွစွာလှုပ်ရှားရာ၌ အတွေ့အကြုံများစွာရှိပြီး၊ နိုင်ငံရေးသမား အတွေ့အကြုံနည်း သော သူမျိုးကို အလိုမရှိဘဲ၊ တိုင်းပြည်အုပ်ချုပ်ရာ၌ အတွေ့အကြုံရင့်ကျက်သော တည်ငြိမ်လက်ပိုင်ရှင် များကိုသာ အလိုရှိသည်ဟုထိုသူများ ကပြောကောင်းပြောကြပေလိမ့်မည်။

    အကျပ်အတည်းများကြားက စုကြည်

    တိုက်ခိုက်မှု ပဋိပက္ခများသည် အောင်ဆန်းစုကြည် အား အလွန်ခက်ခဲသော အခြေအနေသို့ ရောက်ရှိ စေသည်။ သူမသည် လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး နှင့် တရားမျှတမှု အတွက် ကြာရှည်စွာ တိုက်ပွဲ ဝင်လာသူဖြစ်သည်။ ယခုမူ သူမသည် လွှတ်တော် အမတ် တစ်ဦးအဖြစ် စနစ်အတွင်းအလုပ်လုပ်နေရသူ ဖြစ်နေပြီး၊ သူမ၏ နိုင်ငံမှ ရာထောင်ချီသော ပြည်သူ အပေါင်းတို့သည် သူမ၏ နိုင်ငံ ၌ပင် တစ်နေ့တစ်ခြား ခွဲခြားဆက်ဆံခံနေရချိန်တွင် သူမ အနေဖြင့် ဆောင်ရွက်စဲ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားရန်   ကမ္ဘာ က သူမအား မျှော်လင့်လျှက်ရှိပေသည်။

    သူမ၏ တုန့်ပြန်မှုများမှာ မည်သို့မျှ အရာမထင်ပေ။ သူမသည် မည်သည့်ဘက်ကိုမျှ ဘက်လိုက် ထောက်ခံမည်မဟုတ်၊ မည်သူကောင်း၏၊ မည်သူဆိုး၏ ဆိုသည်ကို ဆုံးဖြတ်သည့် “လူ့စရိုက်အား ဦးဆောင်မှု” မျိုးကိုလည်း သူမကျင့်သုံးမည် မဟုတ်ဟူသောအားနည်း ပျော့ညံ့သည့် ပြောကြားချက်အချို့ ကိုသာ ထုတ်ပြနိုင်ခဲ့သည်။

    အပြောင်းအလဲကို မလိုလား ကြ သော USDP ပါတီ နှင့် စစ်တပ် လက်ဟောင်းကြီးများသည် NLD ခေါင်း ဆောင်အနေဖြင့် လက်ရှိအခြေအနေ အားမည်သို့ကိုင်တွယ်မည်နည်း ဆိုသည်ကို ပျော်ရွှင် စွာကြည့်နေကြ ပေလိမ့်မည်။

    ရိုဟင်ဂျာ များ အားထောက်ခံ၍ ပြောကြားရန် နိုင်ငံခြားအစိုးရများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ ၏ ဖိအားပေးမှု များ အောက်တွင် သူမရောက်ရှိမည်ဆိုသည်ကို ၎င်းတို့သိရှိကြပြီး၊ အကယ်၍ သူမသည် ရခိုင် ဗုဒ္ဓဘာသာဝင်များအား ဆန့်ကျင်ပြောကြားပါ က ပြည်တွင်ထောက်ခံမှုများကိုဆုံးရှုံး ရမည့် အန္တရာယ် ရှိ ကြောင်းကို လည်း သူမက သိရှိနေပေသည်။

    ပြည်တွင်းထောက်ခံမှု ဆုံးရှုံးခြင်းသည် ထောက်ခံမဲဆုံးရှုံးခြင်းပင်။ ဒီမိုကရေစီ အရေးလှုပ်ရှားသူ တစ်ဦး ၏ ဘဝထက်စာလျှင်၊ စစ်အာဏာရှင် နိုင်ငံအဖြစ်မှ  ပြောင်းလဲခဲ့သော ပူပူနွေးနွေးလတ်လတ်ဆတ်ဆတ် နိုင်ငံ ရှိ နိုင်ငံရေး သမားတစ်ဦး ၏ ဘဝ သည် မည်သို့မည်နှယ် ရှိသည်ကို သူမ စတင် သိရှိခံစားနေရပေ လိမ့်မည် ဖြစ်နိုင်၏။

    ရခိုင်အရေးအခင်းနောက်ကွယ် အမှန်တရား အား ကျွန်ုပ်တို့ မည်သည့်အခါမျှ မသိရှိနိုင်မည်မှာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် တိုင်းပြည် ၏ ထိုအစိတ်အပိုင်း ရှိ မွတ်စလင် နှင့် ဗုဒ္ဓဘာသာဝင်များသည် ဆုံးရှုံး သူများ သာဖြစ်ကြသည်ကို ကျွန်ုပ်တို့သိရှိကြပေသည်။ အဆိုပါ အရေးအခင်းများသည် ဒီမိုကရေစီမြန်မာ နိုင်ငံ ၏ နေ့သစ်ဦးများ၌ ဖြစ်ပေါ်ခဲ့သည် ကို လည်းကောင်း၊ အပြောင်းအလဲကိုမလိုလားသော အင်အားစု များသည် တိုင်းပြည်၏ အနာဂတ် အားဆုံးဖြတ်ရာတွင် ကြီးမားသောအခန်းကဏ္ဍမှ  ယနေ့တိုင်ပါဝင် လျှက်ရှိကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်း က လေ့လာလျှက်ရှိနေမည် ဖြစ်ပေတော့သည်။

  • အကျွန့်ဆုတောင်း (ကဗျာ/ Blog ကဏ္ဍ)

    အကျွန့်ဆုတောင်း (ကဗျာ/ Blog ကဏ္ဍ)

    နိုဝင်ဘာ၊ ၁၁၊ ၂၀၁၂

    M-Media

    ရေးသူ ။ စိန်ဌေးဟန်

     

    *ဖေါက်ပြန်လေတဲ့သူ

    အကောက်ကြံနေတဲ့လူ

    မြောက်ပြန်လေနဲ့အတူ

    မနက်များစွာလှဖို့

    အရှက်များစွာ ရစေတော်မူပါ။

     

    *ပညာနဲ့ မေတ္တာအပေါ် အခြေခံကာ

    အကြင်နာနဲ့ သစ္စာအပေါ် အနေမှန်စွာ

    ရပ်တည်နိုင်စွမ်း ပေးသနားတော်မူပါ။

     

    *တစ်ကိုယ်ကောင်းဆန် ဥာဏ်မလှသူတို့ကြောင့်

    ပက်ကြားအက်ကွဲရာ မြေသားမြေဆိုင်မှာ

    ပိုကောင်းရန် ကြံဆသူတို့ကြောင့်

    နှစ်ဖက်သားလက်တွဲကာ နေသွားစေနိုင်ရန်

    ဖန်တီးနိုင်စွမ်း ပေးသနားတော်မူပါ။

     

    *စော်ကားနှိပ်စက်သူတို့အား

    ဒဏ်ခတ်ကာ ဘ၀ညှိုးနောင်ကြဉ်စေတော်မူပြီး

    စော်ကားနှိပ်စက်ခံရသူတို့အား

    ပြန်မတ်ကာ နှစ်ဆတိုး အောင်မြင်စေတော်မူပါ။

     

    *အများလှပမှု မဆိတ်သုဉ်းရစေဖို့

    တရားမျှတမှု ထိပ်ဆုံးကနေလို့

    ဦးစားပေးတတ်သော လူတော်လူကောင်းများ

    ပြန်မြန်မာရော၊ ဒီကမ္ဘာမှာပါ

    များစွာပေါ်ထွန်းစေတော်မူပါ။

     


  • ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် အမှန်တရားအား သိပိုင်ခွင့်

    ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် အမှန်တရားအား သိပိုင်ခွင့်

    နိုဝင်ဘာ၊ ၁၀ ၊ ၂၀၁၂

    ရေးသူ- O’Laie Manzu

    အရာရာတိုင်းတွင် အဖြေရှိစမြဲပင်။ အဖြေသည် မှန်၏ မှား၏ လက်ခံနိုင်၏ လက်မခံနိုင်၏ ဆိုသည်မှာ ရရှိလာသော အဖြေအတွက် မှန်ကန်ကြောင်းသက်သေထူသည့် အချက်အလက်များအပေါ်တွင် မူတည်နေသည်။ သို့သော် သက်သေသာဓကများအား လှစ်လှူရှု့ကြပါမည်ဆိုလျင် တွေ့ရှိသော အဖြေမှာ မှန်ကန်သည့်တိုင်အောင် လက်ခံနိုင်ကြမည် မဟုတ်ပေ။ သိပံ္ပနည်းကျသော်လည်းကောင်း၊ သင်္ချာနည်းဖြင့်သော်လည်းကောင်း၊ သက်သေအထောက်အထားများဖြင့်သော်လည်းကောင်း၊ ကာယစွမ်းအား ဉာဏစွမ်းအား ဖြင့်သော် လည်းကောင်း ကမ္ဘာတစ်ဝှမ်းရှိ လူသားများသည် အဖြေမှန်များကို နေ့စဉ်နှင့်အမျှ စူစမ်းရှာဖွေနေကြသည်။ လေ့လာသုံးသပ်နေကြသည်။ ထိုနည်းတူစွာပင် အဖြေမှန်များအား ဖုံးကွယ်နေကြသည်မှာ လူ့ပတ်ဝန်းကျင်တွင် အစဉ်အမြဲတွေ့မြင်နေရသည်။

    ပညာသင်ကြားသည် ဆိုသည်မှာလည်း သတင်းအချက်အလက်များအား လေ့လာဆည်းပူးကြခြင်းပင်ဖြစ်ပေသည်။ ပညာရေးစနစ်၊ နိုင်ငံရေးခံယူချက်၊ ဘာသာရေးယုံကြည်ချက်နှင့် ပတ်ဝန်ကျင်၏ လွှမ်းမိုးမှုများ အပေါ်မူတည်ပြီး လေ့လာဆည်းပူးကြသည့် သတင်း အချက်အလက်များမှာလည်း ကွာခြားကြသည်။ စာသင်ခန်းများအပြင် စာဖတ်ခြင်း၊ ဆွေးနွေးပွဲများ တက်ရောက်ခြင်း၊ စကားဝိုင်းထိုင်ခြင်း၊ အယူအဆ ဖလှယ်ခြင်း၊ သတင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းအားဖြင့် သတင်း အချက်အလက်များအား နည်းအမျိုးမျိုးဖြင့် လေ့လာကြသည်။ တစ်ချိန်တည်းမှာပင် စာရေးသားသူ၊ ပြောဆိုသူ၊ တင်ပြသူ တို့၏ အာဘော်များလည်း ရောထွေးပါလာတက်ကြစမြဲဖြစ်သည်။

    အရင်းအမြစ်တစ်ခုတည်းမှ ထွက်ပေါ်လာသော သတင်းအချက်အလက်များအား ပုံအော ယုံမှတ်ပါက ယင်းအရင်းအမြစ်အား တင်ပြသူအာဘော်၏ လွှမ်းမိုးမှုအောက်သို့ ကြရောက်သွားမည်သာဖြစ်သည်။ ထို့ကြောင့် ဘက်ပေါင်းစုံမှ ရရှိလာသော သတင်းအချက်အလက်များ အားလုံးအား တင်ပြသူ၏ အာဘော်လွမ်းမိုးမှု မရှိစေဘဲနှင့်သော်လည်းကောင်း၊ မိမိ၏ ပင်ယင်းခံယူချက်များနှင့် ယုံကြည်ချက်များ လွှမ်းမိုးမှုမရှိစေဘဲနှင့်သော် လည်းကောင်း သက်သေ အထောက်အထားများနှင့် ယှဉ်တွဲကာ လေ့လာသုံးသပ်ကြရမည်ဖြစ်သည်။ မိမိစိတ်တွင် စွဲမြဲနေသော ပင်ယင်းခံယူချက်-ယုံကြည်ချက်များနှင့် လေ့လာသုံးသပ်လျင် လေ့လာတွေ့ရှိချက်များသည်လည်း မိမိရှိရင်းစွဲပင် ကိုယ်စိတ်၏ လမ်းညွန်ရာသို့ သာ ရောက်ရှိသွားမည်ဖြစ်ပြီး မှန်ကန်သည့် သတင်း အချက်အလက်များအား ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပေ။ ရရှိသောသတင်း အချက်အလက်များ၏ တန်ဖိုး မူရင်းအားလည်း သိရှိနားလည်နိုင်မည် မဟုတ်ပေ။

    သတင်းအချက်အလက်များအား ပွင့်လင်းထင်သာစွာဖြင့် ထုတ်ဖော်နိုင်ခွင့်၊ လေ့လာနိုင်ခွင့်နှင့် မျှဝေနိုင်ခွင့် အစရှိသည့် လွတ်လပ်မှုများသည် ဒီမိုကရေစီ စနစ်သည်သာလျင် ပိုမို အာမခံပေးနိုင်သည်။ ထို့ကြောင့် ကမ္ဘာအရပ်ရပ်တွင် ဒီမိုကရေစီစနစ်အား လက်ခံကျင့်သုံးကြရန်အတွက် အာဇာနည် အမြောက်အများ အသက်ပေးခဲ့ကြသည်။ မြန်မာနိုင်ငံတော်အားလည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံမှ မြန်မာ့မျိုးချစ် အာဇာနည် အမြောက်အများသည်လည်း အသက်ပေးခဲ့ကြသည်ကို အများသိကြပေလိမ့်မည်။ ဘဝများ ပေးဆပ်ခဲ့ကြသည်ကိုလည်း မေ့ပျောက်ကြလိမ့်မည်မဟုတ်။

    ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် သတင်းမီဒီယာမှာ အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသောကြောင့် အချို့မှာ ဒီမိုကရေစီစနစ်၏ ပင်မမဏ္ဍိုင်ကြီးသုံးရပ်ဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အစရှိသည်တို့အပြင် သတင်းမီဒီယာအား ဒီမိုကရေစီစနစ်၏ စတုထ္ထ မဏ္ဍိုင်ကြီးအဖြစ်တင်စားကြသည်။ ဒီမိုကရေစီ ယန္တရား လည်ပတ်နိုင်ရန်အတွက် ဤ မဏ္ဍိုင်ကြီးလေးရပ်သည် ကျရာ အခန်းကဏ္ဍမှ လွတ်လပ်စွာ လည်ပတ်နေရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သတင်းမီဒီယာများသည် စီးပွားရေးလုပ်ငန်းများကဲ့သို့ ထင်ပေါ်ကျော်ကြားမှုနှင့် အောင်မြင်မှုရရှိရေးအတွက် ပရိတ်သတ်များအား စွဲဆောင်ကြရသည်။ ဈေးကွက် သဘောတရားအတိုင်း လူအများ စိတ်ဝင်စားမှုရယူနိုင်ရန် ဖန်တီးကြသည်။ ထို့အပြင် ငွေကြေးထောက်ပံ့သူများ၏ အရိပ်အောက်တွင် လည်ပတ်ကြရသည်ဖြစ်ရာ အမှန်တရားများမှ ယိမ်းယိုင်မှုများ ရှိတတ်ကြသည်။ သတင်းမီဒီယာသည် ဒီမိုကရေစီစနစ်၏ ပင်မဏ္ဍိုင်ကြီး သုံးရပ်ဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ကဲ့သို့ အပြန်အလှန် ထိမ်းချုပ်ညှိနှိုင်းမှုမရှိသောကြောင့် အရေးကြီးသည့် ကဏ္ဍတွင် တည်ရှိနေသော်လည်း လွဲမှားစွာ အသုံးပြုပါက ဒီမိုကရေစီစနစ်တစ်ခုလုံးအား ပြိုလှဲသွားနိုင်သည်အထိ အဆိပ်အတောက်ဖြစ်စေနိုင်သည့် အင်အားရှိသည်။

    သတင်း အချက်အလက်များအားလည်း လွတ်လပ်စွာ ရယူပိုင်ခွင့်၊ ဖြန့်ဝေပိုင်ခွင့်ရှိကြသော်လည်း မှန်ကန်သည့် သတင်းအချက်အလက်များ မရရှိပါက မိမိတို့ထံတွင် ရှိသည့် လွတ်လပ်စွာ သတင်းရယူခွင့်သည် နွံအိုင်ထဲတွင် ရေကူးခွင့်ပြုထားသည်နှင့် အလားသဏ္ဍန်တူနေပေသည်။ ထို့ကြောင့် ပိုမိုအရေးကြီးသည်မှာ အမှန်တရားအား သိပိုင်ခွင့်ပင်ဖြစ်သည်။ မှန်ကန်သည့် သတင်းအချက်အလက်များ ရရှိရန်လိုအပ်သည်။ မှန်ကန်သည့် သတင်းအချက်အလက်များ မျှဝေတင်ပြရန်မှာ သတင်းမီဒီယာများ၏ တာဝန်တစ်ရပ်ဖြစ်ပေသည်။

    မြန်မာနိုင်ငံတွင် သတင်းအမှောင်ချထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး သတင်းမှန်များရရှိရေးအတွက် ပြည်ပသတင်း မီဒီယာများအား အားကိုးခဲ့ကြရသည်။ ပြည်သူလူထုမှာ စစ်အစိုးရမှ ဖော်ပြသည့် သတင်းမှားများနှင့် ဆင်ဆာ ဖြတ်တောက်ပြီးမှ ထွက်ပေါ်လာခဲ့သော သတင်းများအား လက်ခံယုံကြည်ခဲ့ခြင်းမရှိပေ။ သို့သော် ၂၀၁၀ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလများတွင် သတင်းလွတ်လပ်ခွင့်များအား လှမ်းစဖွင့်ပေးခဲ့ခြင်းကြောင်း ပြည်တွင်း သတင်းမီဒီယာများအား မြန်မာပြည်သူများအနေဖြင့် ယခင်ကထက် ပိုမိုလက်ခံစပြုလာခဲ့သည်။ မှန်ကန်သည့် သတင်းများအဖြစ် လက်ခံလာကြသည်။

    ရခိုင်ပြည် အရေးအခင်းဖြစ်ပွားသည့် အချိန်တွင် ပဋိပက္ခကြီးမား ကျယ်ပြန့်မှု မရှိစေရန်အကြောင်းပြကာ သတင်းမီဒီယာများအား ပြန်လည် ထိမ်းချုပ်လာခဲ့သည်။ အပြောင်းအလဲများအား မြင်တွေ့နေရသည့် မြန်မာပြည်သူများမှာလည်း ထိမ်းချုပ်မှုအောက်တွင် ရှိနေသေးသည့် သတင်းမီဒီယာများမှ ထွက်ပေါ်လာသည့် သတင်းများအား ဆက်လက်ယုံကြည်နေကြသည်။ ပွင့်လင်းမှုအတိုင်းအတာ တစ်ခုအထိ တွေ့မြင့်လာရသောကြောင့် သတင်းမှားများ၊ ထိမ်ချန်မှုများ၊ ဖုံးကွယ်မှုများ၊ သွေးထိုးလှုပ်ဆော်မှုများ၊ ဖျားယောင်းသွေးဆောင်မှုများ၊ အာရုဏ်ပြောင်းမှုများ အား အမှန်ထင်၍ လက်ခံယုံကြည်လာကြသည်။ ထို့အပြင် ဒီမိုကရေစီရရှိရေးအတွက် အားပြုခဲ့သည့် ပြည်ပမီဒီယာများအား ဆန့်ကျင်လာကြသည်။ ပြည်ပမီဒီယားများမှထွက်လာသည့် သတင်းအချက်အလက်များအား ငြင်းပယ်ကြသည်။ ပြစ်တင်ရှုတ်ချကြသည်။

    အထူသဖြင့် ရခိုင်ပြည်နယ်အရေးအခင်းနှင့် ပတ်သက်၍အစိုးရ ထိမ်းချုပ်မှုအောက်တွင် ရေးသားဖော်ပြနေသည့် သတင်းများ၊ ထင်ပေါ်ကျော်ကြားရေးကို အဓိကထားကာ အများအကြိုက် ရေးသားဖော်ပြနေသည့် သတင်းများနှင့် ပြည်ပသတင်းမီဒီယာများမှ ထွက်ပေါ်လာသည့် သတင်းအချက်အလက်များမှာ များစွာကွာခြားနေပါသည်။ ယင်းကွာခြားမှုများကို သုံးသပ်ခြင်းအားဖြင့် မြန်မာပြည်တွင် သတင်းမီဒီယာများအပေါ် ချုပ်ကိုင်မှုရှိနေပြီး သတင်းမီဒီယာများ ကိုယ်တိုင်ကပင် ထင်ပေါ်ကျော်ကြားရေးအတွက် အများအကြိုက်ရေးသားကာ ဒီမိုကရေစီစနစ်အား အဆိပ်အတောက်ဖြစ်စေမည့် ဒီမိုကရေစီနည်းလမ်းမကျသည့် ကျင့်ဝတ်များအား ကျင့်သုံးနေကြောင်းတွေ့ရပါသည်။ လွတ်လပ်မျှတသည့် သတင်းမီဒီယာနှင့် မှန်ကန်သည့် သတင်းအချက်အလက်များသိရှိပိုင်ခွင့် ရှိမှသာလျှင် စစ်မှန်သည့် ဒီမိုကရေစီစနစ်အား ကျင့်သုံးနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

  • ဟိန္ဒူ မိသားစုဥပဒေ

    ဟိန္ဒူ မိသားစုဥပဒေ

    နိုဝင်ဘာ၊ ၁၀၊ ၂၀၁၂
    M-Media
    ရေးသူ – သုတေသီ

      မြန်မာနိုင်ငံတရားဥပေးများအက်ဥပဒေ (၁၈၉၈) ပုဒ်မ ၁၃(၁)အရ မြန်မာနိုင်ငံတရားရုံးများတွင် အမွေဆက်ခံရေး၊ အမွေခွဲဝေရေး၊ ထိမ်းမြားလက်ထပ်ရေး (သို့) မျိုးနွယ်ရေး (သို့) ဘာသာရေးဆိုင်ရာအစဉ်အလာ (သို့) အဖွဲ့အစည်းတစုံတရာတို့နှင့်ပတ်သက်သည့် မည်သည့်ပြသနာကိုမဆို အဆုံးအဖြတ်ပေးရန် ရှိလျှင်-

             (ဂ) အမှုသည်များသည် ဟိန္ဒူဘာသာဝင်များဖြစ်လျှင် ဟိန္ဒူဥပဒေအရ အဆုံး အဖြတ်ပေးရမည်။

    ဟုပြဌာန်းထားပြီး ယနေ့တိုင်တည်မြဲကာ လိုက်နာကျင့်သုံးလျှက်ရှိသောကြောင့် ဟိန္ဒူ ဘာသာဝင်များအကြား ပေါ်ပေါက်သော မိသားစု ပြသနာများကို ဟိန္ဒူမိသားစုဥပဒေ အရသာ လျှင်ဖြေရှင်းလျှက်ရှိပါသည်။

    သို့သော်လည်း ဟိန္ဒူမိသားစု ဥပဒေဟူ၍ စာအုပ်ပြဌာန်းထားခြင်းကား ယနေ့တိုင်မတွေ့ရှိရသေးပါ။

    ထိုမိသားစုဥပဒေသည် ဘုရား၏ဒေသနာများပေါ်တွင်တည်မှီသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၆၀၀၀ကျော် ဘီစီ ၄၀၀၀ ခန့်မှ စတင်ပေါ်ပေါက် လိုက်နာကျင့်သုံးလာသော အလေ့အထများမှ ဥပဒေသဖွယ် အာဏာသက်ရောက်လာသည် ဟုဆိုသည်။ ဟိန္ဒူမိသားစုဥပဒေသည် ဒေသအလိုက်၊ ဇာတ်အလိုက်၊ မိသားစုရိုးရာဓလေ့ ထုံးစံ အလိုက် အနည်းငယ်ကွာခြားမှုရှိသည်။ မြန်မာနိုင်ငံတွင်း နေထိုင်ကြသော ဟိန္ဒူဘာသာဝင်များမှာ အိန္ဒိယနိုင်ငံ ဒေသအနှံ့မှ လာရောက်ခဲ့သူများနှင့် ၄င်းတို့၏ သားစဉ်မြေးဆက်များ ဖြစ်ရာ ၄င်းတို့ ဘိုးဘွားများ၏ မူလဒေသဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေများသည် ၄င်းတို့အပေါ် ဆက်လက် အာဏာသက်ရောက်လျှက် ရှိသည်။

    ဟိန္ဒူမိသားစုဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းသည် ဘာသာရေး ဖြစ်သည်။ ထုံးတမ်းတကျ အခမ်းအနား မရှိမဖြစ် လိုအပ်သည်။ ဘုရားရှေ့မှောက်ရှိ ပူဇော်ထားသော မီးပုံတွင် ဘုရားစာများရွတ်ဖတ်ခြင်းနှင့် သတို့သားသတို့သမီးတို့ တူစုံတွဲကာ လျှောက်လှမ်းရခြင်း ဖြစ်သည်။ သတ္တမမြောက်ခြေလှမ်း ပြည့်သည်နှင့်တပြိုင်နက် ထိမ်းမြားခြင်း အထမြောက်သည်။ ပေါင်းသင်းစပ်ယှက်မှုရှိရန် မလိုအပ်ပေ။

    ထိမ်းမြားခြင်းပြုနိုင်သည့် အသက်ကို ကန့်သတ်ထားခြင်းမရှိသော်လည်း ကျမ်းများအလိုအရ ယောကျာင်္းလေး ၁၆နှစ်၊ နှင့် မိန်းကလေးကိုမူ အပျိုဖေါ်မ၀င်မီအရင် ၁၀နှစ် ၁၂နှစ် တွင်ပင်လျှင် မိဘ၊ အုပ်ထိးသူတို့က သဘောတူလက်ထပ်ပေးနိုင်ကြောင်းတွေ့ရှိရပါသည်။ ၁၉၅၅ ခုနှစ် အိန္ဒိယနိုင်ငံတွင် ပြဌာန်းခဲ့သော ဟိန္ဒူထိမ်းမြားခြင်း ဥပဒေ တွင်မူ ယောကျာင်္းလေး အသက် ၁၈နှစ်၊ မိန်းကလေး အသက် ၁၅နှစ် ဟု အတိအလင်း ပြဌာန်းခဲ့သော်လည်း ထိုဥပဒေမှာ မြန်မာနိုင်ငံ ဟိန္ဒူ မိသားစုများအပေါ် အာဏာသက်ရောက်ခြင်းမရှိပါ။

    သို့သော် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သူများမှာ မြန်မာနိုင်ငံ၏ပြဌာန်းဥပဒေများကို လိုက်နာရန်တာဝန်ရှိသည်ဖြစ်ရာ ကလေးသူငယ်များ ထိမ်းမြားမှုကို ကာကွယ်သည့်ဥပဒေ (၁၉၂၉) အရ ယောကျာင်္းလေး အသက် ၁၈နှစ်၊ မိန်းကလေးအသက် ၁၆နှစ် မပြည့်မီ အုပ်ထိန်းသူများက လက်ထပ်ရန် သဘောတူညီမှုပြုခဲ့ပါက ထိုဥပဒေအရ အုပ်ထိန်းသူများပင်လျှင် ပြစ်ဒဏ်ကျခံရမည်ဖြစ်ပါသည်။

    တရားဝင် လင်မယားဖြစ်ရန် ဘာသာရေးဆိုင်ရာတားမြစ်မှု၊ ဇာတ်ဆိုင်ရာ တားမြစ်မှု၊ သွေးသားတော်စပ်မှုဆိုင်ရာ တားမြစ်မှုများရှိပါသည်။ ၂ဦးစလုံး ဟိန္ဒူဘာသာဝင်များ ဖြစ်ရန်လိုသည်။ သတို့သား သတို့သမီးတို့သည် ၄င်းတို့နှင့် သက်ဆိုင်သော ဓလေ့ထုံးစံ (သို့) အလေ့အထက တားမြစ်ထားသော သွေးသားတော်စပ်မှု မရှိစေရ။ တစ်မိဘထည်းမှ ဆင်းသက်လာပြီး  (၅) နှင့် (၇) ဒီကရီအတွင်း သွေးသားတော်စပ်သူများ မဖြစ်စေရပေ။ ဇာတ်မတူသူများ အကြားလည်း လက်ထပ်ခွင့်ကို ပညတ်ချက်များရှိရာ အခြားဘာသာဝင်များ အနေဖြင့် နားလည်ရန် မလွယ်ကူပေ။

    ဟိန္ဒူမိသားစုဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းသည် ဘာသာရေးဖြစ်ရာ ထိမ်းမြားမှုအထမြောက်သည်နှင့် ပျက်ပျယ်ခြင်း မရှိစေရ။ မည်သည့်အကြောင်းနှင့်မျှ ကွာရှင်းခွင့်မရှိပါ။ တဦးဦးက ဘာသာကူးပြောင်းယုံမျှဖြင့်လည်း ထိမ်းမြားမှုမပျက်ပျယ်ပေ။

    ထူးဆန်းသော ဓလေ့ထုံးစံအဖြစ် မိန်းကလေးသည် ယောကျာင်္းလေးနှင့် အိမ်ထောင်ပြုသည်နှင့်တပြိုင်နက် မိဘ များနှင် အဆက်ပြတ်ပြီး ယောကျာင်္း၏ မိသားစုဝင်အဖြစ် သေတပန်သက်တဆုံး နေထိုင်ရခြင်းပင် ဖြစ်ပါသည်။ လင်ယောကျာင်္း သေဆုံးသည့်တိုင် လင်ယောကျာင်္း အိမ်တွင် ဆက်လက်နေထိုင်ခွင့် ခံစားပိုင်ခွင့်ရှိသည်။

    ယောကျာင်္းတယောက် အနေဖြင့် တချိန်တည်းတွင် မိန်းမအမြောက်အမြားယူနိုင်သည်။ မယားကြီး၊ မယားငယ် အဆင့်အတန်းများ ရှိသည်။ သားမွေးသော မယားနှင့် သားမမွေးသော မယားတို့ အဆင့်အတန်းကွာခြားမှုရှိသည်။ မိန်းမတွင်မူ ထိမ်းမြားချိန်၌ တည်မြဲသော အိမ်ထောင်မရှိစေရပေ။ မူရင်းဓလေ့ထုံးစံ အရ လင်ယောကျာင်္း သေဆုံးလျှင်လည်း မုဆိုးမများသည် နောက်အိမ်ထောင်ပြုခွင့်မရှိခဲ့ပေ။ သို့သော် ၁၈၅၆ ခုနှစ်တွင် ဟိန္ဒူမုဆိုးမများ နောက်အိမ်ထောင်ပြုခွင့် ဥပဒေ ကို ပြဌာန်းခဲ့ရာ မြန်မာတနိုင်ငံလုံး ကိုလိုနီဘ၀ကျရောက်သည့်အခါ ထိုဥပဒေသည်လည်း မြန်မာနိုင်ငံရှိ ဟိန္ဒူမိသားစုများ အပေါ် အာဏာသက်ရောက်မှု ရှိခဲ့သည်။ ထို့ကြောင့် ယခုအခါ ဟိန္ဒူမုဆိုးမများသည် နောက်အိမ်ထောင်ပြုခွင့် ရရှိကြပြီး ဒုတိယအိမ်ထောင် ထူထောင်ခဲ့  ပါက ပထမအိမ်ထောင်၏ မိသားစုများမှ အခွင့်အရေးများစွန့်လွှတ်ရသည်။ ထို့အတူ ပထမအိမ်ထောင်နှင့်ရသော သားသမီးများ၏ အုပ်ထိန်းခွင့်လည်း ဆုံးရှုံးသည်။

    ပစ္စည်းပိုင်ဆိုင်ခွင့်နှင့် စပ်လျဉ်း၍ လင်သက်ရှိထင်ရှားရှိစဉ်အတွင်း လင်၏မိသားစုပိုင် ပစ္စည်းအပေါ်တွင်မယားအနေဖြင့် တစုံတရာ အရေးဆိုနိုင်ခွင့် မရှိသကဲ့သို့ မယား၏ တဦးတည်းပိုင် (မိဘပေးလိုကသော) ပစ္စည်းပေါ်တွင်လည်း လင်ယောကျာင်္း အနေဖြင့် အရေးဆို ပိုင်ခွင့်မရှိပါ။ သီးခြားစီ ပိုင်ဆိုင်ခွင့် အခွင့်အရေးဖြစ်သည်။ သို့သော် မိန်းမခွင့်ပြုပါက ယောကျာင်္းအနေဖြင့် သုံးစွဲနိုင်သည်။

    ဟိန္ဒူမိသားစု ဥပဒေ၏ မူလအရင်းအမြစ်ဖြစ်တည်ရာ အိန္ဒိယနိုင်ငံသည် ၁၉၅၅ ခုနှစ်တွင် ဟိန္ဒူထိမ်းမြားမှု ဥပဒေကို ပြဌာန်းခဲ့ပြီး ထိမ်းမြားချိန်တွင် တည်မြဲသော အိမ်ထောင်ဘက် မရှိစေရ ဟူသော ပြဌာန်းချက်ကို ယောကျာင်္း မိန်းမ ၂ဘက်စလုံးနှင့် သက်ဆိုင်ကြောင်း ပြဌာန်းခဲ့သော်လည်း ပြည်နယ် ဒေသတိုင်းတွင် အာဏာ သက်ရောက်မှုမရှိပါ။ အချို့ဒေသများတွင်မူ ယောကျာင်္း၁ဦးသည် အိမ်ထောင်တခု တည်မြဲနေစဉ်အတွင်း နောက်အိမ်ထောင်ပြုခဲ့ပါက ပထမအိမ်ထောင်၏ သဘောတူညီမှု လိုအပ်သည်။ ထို့အတူ ကွာရှင်းနိုင်ခွင့်၊ ထိမ်းမြားမှု ပျက်ပျယ်ကြောင်း လျှောက်ထားနိုင်ခွင့်တို့လည်း ထိုဥပဒေတွင် တွေ့ရသည်။ သို့သော် ထိုဥပဒေသည် မြန်မာနိုင်ငံ၌ အာဏာ သက်ရောက်မှုမရှိပါ။

     

    အခြားဆက်စပ် ဆောင်းပါး

  • နယ်ကျော် ပုဒ်မဖြင့် ဖမ်းခံရပြီး နေရပ်ပြန်ပို့သည့် ရိုဟင်ဂျာများအား ပြည်မြို့ခံ မွတ်စလင်မ်များ အကူညီပေး

    နယ်ကျော် ပုဒ်မဖြင့် ဖမ်းခံရပြီး နေရပ်ပြန်ပို့သည့် ရိုဟင်ဂျာများအား ပြည်မြို့ခံ မွတ်စလင်မ်များ အကူညီပေး

    နိုဝင်ဘာ၊ ၉၊၂၀၁၂
    M-Media
    သတင်း- ဇာဏီ

    ကော့သောင်းမြို့တွင် နယ်ကျော် လ.ဝ.က ဥပဒေဖြင့် အဖမ်းခံရသည့်  ရိုဟင်ဂျာ(၇၈) ဦးအား ၄င်းတို့နေရပ် ရခိုင်ပြည်နယ်သို့  မနေ့က (၉.၁၁.၁၂)နေ့တွင် ရန်ကုန်မှတဆင့် ပြန်လည် ပို့ဆောင်ခဲ့ရာ ပြည်မြို့မှာ ခရီးတထောက်နားခဲ့ပါတယ်။  အဆိုပါ  ရိုဟင်ဂျာ(၇၈) ဦးကို ပြည်မြို့မွတ်စလင်မ်များမှ ညစာ ကျွေးမွေးလှူဒါန်း ကြကြောင်း သတင်းရရှိပါသည်။

    ကော့သောင်းမြို့တွင် နယ်ကျော်ပုဒ်မဖြင့် ဖမ်းခံရသည့် ရခိုင်မှ ရိုဟင်ဂျာများကို တောင်ကြီးသင်္ဘောဖြင့်ခေါ်ဆောင်လာပြီး Asia Express ကားဖြင့် ရခိုင်ပြည်နယ် ၄င်းတို့ နေရပ်သို့ ပြန်ပို့ရန် ရွှေ့ပြောင်းရာ သာကေတဆိပ်ကမ်းတွင် တွေ့ရစဉ်
    ကော့သောင်းမြို့တွင် နယ်ကျော်ပုဒ်မဖြင့် ဖမ်းခံရသည့် ရခိုင်မှ ရိုဟင်ဂျာများကို ရခိုင်ပြည်နယ် ၄င်းတို့ နေရပ်သို့ ပြန်ပို့ရန် ခရီးလမ်းတထောက်နားရာ ပြည်မြို့တွင် ရပ်နားစဉ် မြို့ခံ မွတ်စလင်မ်များမှ ညစာကျွေးမွေးလှူဒါန်းစဉ်

    ရိုဟင်ဂျာ အမျိုးသား(၇၆)ယောက်၊ အမျိုးသမီး(၂)ယောက်သည် မနေ့ကမနက်ကပိုင်းတွင် ရန်ကုန် သာကေတဆိပ်ကမ်းသို့ တာဝန်ရှိ လ.၀.က ၀န်ထမ်းများနှင့်အတူ ရောက်ရှိလာပြီး ထိုမှတဆင့် ညပိုင်းတွင် ပြည်မြို့သို့ ရောက်ရှိမည်ဟု တာဝန်ရှိသူများ၏ ပြောကြားချက်အရ ပြည်မြို့ရှိ မွတ်စလင်မ်များက ညစာကျွေးမွေးခဲ့ကြပြီး မုန့်များ၊ အအေးဗူးများပေးခြင်း၊ စောင်နှင့်အ၀တ်အစားများပေးခြင်းဖြင့် ကူညီခဲ့ကြကြောင်းသိရပါသည်။

    ယင်း ရိုဟင်ဂျာ(၇၈)ယောက်တွင် အများစုမှာ မြန်မာလို ရေလည်အောင်ပြောနိုင်ကြကြောင်း၊ စစ်တွေမှအများဆုံးဖြစ်ပြီး၊ မြောက်ဦးမှ ၂၀-ယောက်နှင့် ကျောက်တော်မှ အနည်းငယ်ပါဝင်သည်။ အများစုသည် အသက်(၂၅)နှစ်နှင့် (၃၀)၀န်းကျင်ဖြစ်ကြောင်း၊ ၇၈-ယောက်အနက် တချို့မှာ မလေးရှားသို့ အလုပ်သွားလုပ်ရန် ထွက်ခွာခဲ့၍ လွန်ခဲ့သော ဧပြီလက ဖမ်းဆီးခံထားရသူများ၊ တချို့မှာ ရခိုင်ပြည်နယ်တွင် ဇွန်လကဖြစ်ပွားခဲ့သော အရေးများကြောင့် ထွက်ပြေးလာသူများဖြစ်ကြောင်း သိရသည်။

    နယ်ကျော်ပုဒ်မဖြင့် ဖမ်းရာမှ ပါဝင်တဲ့ ရိုဟင်ဂျာ အမျိုးသမီး(၂) ဦးကို ပြည်မြို့ခံ မွတ်စလင်အမျိုးသမီးများမှ အားပေးစကားပြောကြားစဉ်

    “အခုဒီမှာပါတာ စစ်တွေက (၅၀)ကျော်၊ မြောက်ဦးက(၂၂)ယောက်၊ ကျောက်တော်က(၁)ယောက်ပါ။ ရခိုင်ကထွက်လာရတာက ကျွန်တော်တို့ မြို့တစ်မြို့နေ တစ်ခြားမြို့ကို သွားလို့မရဘူး။ ကျွန်တော်တို့သွားမယ်ဆိုရင် ထောက်ခံချက်လိုတယ်။ ရခိုင်မှာ အလုပ်လုပ်လို့မရဘူးလေ။ တစ်ရွာကနေ တစ်ရွာကိုသွားရင် အဖမ်းခံရတယ်။ အဲဒါကြောင့် ထွက်လာပြီး တစ်ခြားမှာအလုပ်လုပ်တာ။ ကျန်တဲ့ပိုက်ဆံကို စုစုပြီးနေတာ။ အဲဒီအချိန်မှာ အဖေအမေက ဒုက္ခကျပြီဟိုမှာ။ ဒါကြောင့်ပြန်ချင်ပြီ။”လို့ ဒုက္ခသည်တစ်ယောက်ကပြောပြခဲ့ပါတယ်။

    “ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ၊ ကမန် နှင့် အခြားသော အစ္စလာမ်ဘာသာ ကိုးကွယ်သူများမှာ မြို့နယ်ကျော်ပြိး ခရီးသွားလာလိုလျင် သက်ဆိုင်ရာမှ ခရီးသွားခွင့် လက်မှတ် တောင်းခံရကြောင်း၊ အဆိုပါ လက်မှတ်မပါဘဲ သွားလာလျင် နယ်ကျော်ပုဒ်မဖြင့် ဖမ်းဆီး အရေးယူခြင်းခံရတယ်။ လက်မှတ်ကလဲ ဘယ်တော့မှ လွယ်လွယ်နဲ့မရဘူး။   အိမ်ထောင်ပြုချင်ရင်လဲ သက်ဆိုင်ရာကို လက်ထပ်ခွင့် လျောက်လွှာတင်ပြီး ခွင့်ပြုမှာသာ လက်ထပ်ခွင့်ရကြောင်း၊ ယခုကဲ့ သို့ ဖိနှိပ်ချူပ်ချယ်မှုများပြုလုပ်နေသည့်မှာ နှစ်ပေါင်း ၂၀ ကျော်နေပြီဖြစ်ကြောင်း ၊ မိမိတို့ အ၇ပ်ဒေသမှာ လုပ်ကိုင်နေထိုင်စားသောက်ရန် အခက်အခဲပေါင်းစုံ ရှိသဖြင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာအများစုမှာ အန္တရာယ်များပြားလှတဲ့ ရေလမ်းခရီးမှတဆင့် ထိုင်း၊ မလေးရှားနိုင်ငံများသို့ အလုပ်လုပ်ရန်  အသက်စွန့် ပြိး ထွက်ပြေးလာရာမှ ယခုကဲ့သို့ နယ်ကျော်ပုဒ်မှ ဖြင့် အဖမ်းခံရခြင်း ဖြစ်ကြောင်း” ဒုက္ခသည်များထဲက တယောက်မှ ပြောကြားခဲ့တယ်။