News @ M-Media

Author: M-Media

  • သမ္မတအိုဘာမား  ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြောကြားခဲ့သည့် မိန့်ခွန်း အပြည့်အစုံ

    သမ္မတအိုဘာမား ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြောကြားခဲ့သည့် မိန့်ခွန်း အပြည့်အစုံ

     

    နိုဝင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media
    U.S. President Barack Obama speaks at the Young Southeast Asian Leaders Initiative town hall in Yangon 2
    – မြန်မာလူငယ်များ မင်္ဂလာပါ။ (လက်ခုပ်သံများ) မြန်မာနိုင်ငံကို တစ်ခေါက်ပြန်ရောက်လာတာ ၀မ်းမြောက်စရာပါပဲ။ အားလုံးပဲ ထိုင်ကြပါ။ အို- ကျွန်တော် ဆိုင်းဘုတ်တွေ တွေ့တယ်- “ပြုပြင်ပြောင်းလဲရေးဆိုတာ အတုအယောင်” ဟိုတစ်ခု “အပြောင်းအလဲ” အိုကေ၊ ကောင်းပါပြီ။ ခင်ဗျားတို့အနေနဲ့ နောက်ပိုင်းမှာ မေးခွန်းမေးခွင့်ရမှာပါ။ အဲဒီ ဆိုင်းဘုတ်တွေကို ချထားပါဦး။ အမေးအဖြေတွေလုပ်ဖို့ ဒီကိုရောက်လာတာပါ။ ကြည့်စမ်းပါဦး။ အမေးအဖြေ လုပ်ပြီဆိုရင် ခင်ဗျားတို့ ဆန္ဒပြကြမှာမဟုတ်ဘူးလေ။ ဘာ့ကြောင့်လည်းဆိုတော့ ခင်ဗျားတို့ မေးခွန်းတွေ တိုက်ရိုက် မေးနိုင်တာကိုး။

    လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ကျွန်တော်ဟာ ဒီတိုင်းပြည်ကို ပထမဆုံးရောက်လာတဲ့ အမေရိကန်သမ္မတ ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းကဆို ကျွန်တော့်ကို ဖော်ဖော်ရွေရွေနဲ့ ကြိုဆိုခဲ့ကြတာတွေ၊ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ အလံတွေကို ကလေးတွေက ကိုင်ပြီး ဝှေ့ယမ်းနေတဲ့ မြင်ကွင်းတွေကို တွေ့ရပြီး စိတ်တွေတောင် အရမ်း လှုပ်ရှားခဲ့ရပါတယ်။ ပြီးတော့ အံ့သြလောက်စရာကောင်းတဲ့ မတူကွဲပြားသူတွေ အတူယှဉ်တွဲနေထိုင်မှု၊ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ မတူညီတဲ့ လူအဖွဲ့အစည်းတွေက အမျိုးမျိုးသော ဘာသာရေးအဆောက်အအုံတွေကို တွေ့ခဲ့ရပြီး ကျွန်တော့် အားကျမိခဲ့ပါတယ်။ ပြီးတော့ ဒီနေ့မှာလည်း ကျွန်တော် လေးစားအားကျခဲ့ရပြန်ပါတယ်။ ဒါကတော့ ဗမာ၊ တရုတ်၊ အိန္ဒိယ၊ ဗုဒ္ဓဘာသာ၊ မွတ်စလင်၊ ဟိန္ဒူနဲ့ ခရစ်ယာန်တို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြတဲ့ ခေတ်သစ်မြန်မာပြည် မွေးဖွားရာ၊ ဒီမိုကရေစီ ပုံစံကို စတင်ခဲ့ရာ ၀န်ကြီးများရုံးကို သွားခွင့်ရခဲ့တာပါပဲ။ ဒါဟာ ယဉ်ကျေးမှုမျိုးစုံ၊ မတူကွဲပြားတဲ့ အယူဝါဒမျိုးစုံ ယှဉ်တွဲနေထိုင်ခြင်းနဲ့ သည်းခံမှုရှိခြင်းတို့ရဲ့ အံ့သြစရာ ဥပမာတစ်ခုလည်း ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ ဒီတိုင်းပြည်ရဲ့ မတူကွဲပြားစွာ ယှဉ်တွဲနေထိုင်မှု ကြွယ်ဝခြင်း၊ ဒီဒေသရဲ့ အလားအလာတွေအတွက် သိမ်မွေ့တဲ့ လက္ခဏာတစ်ခုပါပဲ။

    ဥရောပ၊ အာဖရိက၊ တောင်အမေရိက၊ အရှေ့တောင်အာရှ စသဖြင့် ကျွန်တော်ဘယ်ကိုပဲသွားသွား ကျွန်တော်အနှစ်သက်ဆုံး အလုပ်တစ်ခုကတော့ ခင်ဗျားတို့လို လူငယ် အမျိုးသား အမျိုးသမီးတွေနဲ့ တွေ့ဆုံရတာပါပဲ။ ဒါဟာ အစည်းအဝေးခန်းမထက် ပိုပြီး ပျော်ရွှင်ဖို့ကောင်းပါတယ်။ ခင်ဗျားတို့ဟာ အနာဂတ်ကို ဆုံးဖြတ်ကြမယ့် လူငယ်ခေါင်းဆောင်တွေ ဖြစ်တဲ့အတွက် ဒီလိုတွေ့ဆုံမှုဟာ သိပ်ကို အရေးပါ ပါတယ်။ ခင်ဗျားတို့ဆီက မေးခွန်းတွေ၊ မှတ်ချက်တွေကို ကျွန်တော် နားထောင်ချင်တာကြောင့် မိန့်ခွန်းကိုလည်း တိုတိုပဲပြောသွားမှာပါ။

    အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ တစ်ယောက်အနေနဲ့ ကျွန်တော်ဟာ အမေရိကန်နဲ့ အရှေ့တောင်အာရှရဲ့ ဆက်ဆံရေးကို နက်ရှိုင်းအောင် ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှက လူငယ်တွေနဲ့ ဆက်ဆံရေးပေါ့ဗျာ- အရှေ့တောင်အာရှ နိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားမှာ ကျွန်တော့်ရဲ့ ကလေးဘ၀ကို ကုန်ဆုံးခဲ့တယ်ဆိုတဲ့ အကြောင်းအရင်းတွေထက် ကျော်လွန်ပြီး ဒါကို လုပ်တာပါ။ ဒီလိုကုန်ဆုံးခဲ့ရတာကြောင့် ထူးခြားတဲ့တွယ်တာမှု၊ အရှေ့တောင်အာရှနဲ့ ဒီဒေသအတွက် ထူးခြားတဲ့ခံစားမှုတွေလည်း  ကျွန်တော့်မှာရှိနေပါတယ်။ ဒါပေမယ့် အရှေ့တောင်အာရှနဲ့ ဒီလိုဆက်ဆံရေး ထူထောင်ရခြင်းဟာ အဓိကအားဖြင့်တော့ အာဆီယံက ကမ္ဘာ့လူဦးရေရဲ့၁၀ ပုံ ၁ ပုံ ရှိတာကြောင့်ပါ။ အရှေ့တောင်အာရှလူဦးရေရဲ့ သုံးပုံ နှစ်ပုံလောက်ဟာ အသက် ၃၅ နှစ်အောက် အရွယ်တွေပါ။ ပြီးတော့ ဒီဒေသဟာ စီးပွားရေးဖွံ့ဖြိုးနေတဲ့၊ ဒီမိုကရေစီထွန်းကားနေတဲ့၊ တောတောင်ရေမြေတွေ၊ ကျွန်းတွေ၊ မြို့ပြကြီးတွေ၊ မတူညီတဲ့ လူမျိုးတွေ၊ ဘာသာတရားတွေ၊ ယုံကြည်မှုတွေအပါအ၀င် မတူကွဲပြားမှုတွေနဲ့ အသက်ဝင်လှတဲ့ ဒေသလည်းဖြစ်ပါတယ်။ ဒီဒေသဟာ ၂၁ ရာစုကို ပုံဖော်ပေးမှာပါ။

    ဒါ့ကြောင့်ပဲ ကျွန်တော်ဟာ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မှု စွမ်းရည် အစီအစဉ်ကို စတင်ခဲ့တာပါ။ အစိုးရနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေမှာ၊ ပညာရေးမှာ၊ စီးပွားရေးမှာ စသဖြင့် ဒီလို ကဏ္ဍတွေမှာ နောက်ပိုင်းမျိုးဆက် ခေါင်းဆောင်တွေနဲ့ အမေရိကန်ရဲ့ စေ့စပ်ဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေဖို့ပါပဲ။ ဒီအစီအစဉ်မှာ ခင်ဗျားတို့လိုပဲ လူငယ်ခေါင်းဆောင် ၁၀၀၀၀ လောက် ပါဝင်လာကြပါတယ်။ စိန်ခေါ်မှုတွေဖြေရှင်းဖို့ သူတို့အလုပ်လုပ်ကြတယ်၊ အပြန်အလှန် နားလည်မှု၊ လေးစားမှုတွေကနေပြီး ဒီဒေသမှာ အခွင့်အလမ်းတွေ ရှာဖွေကြပါတယ်။ ဒါ့ကြောင့် ဒီနှစ် အစောပိုင်းက မလေးရှားမှာ ဒီလိုမျိုး တွေ့ဆုံဆွေးနွေးမှုတစ်ခု လုပ်ခဲ့ပါသေးတယ်။ ဒီနေ့တော့ ကျွန်တော်တို့ရဲ့ နောက်ထပ်ခြေလှမ်းကို ခင်ဗျားတို့နဲ့အတူ လှမ်းချင်ပါတယ်။

    လွန်ခဲ့တဲ့ ၆ နှစ် ကျွန်တော်သမ္မတ စဖြစ်တဲ့အခါ အမေရိကန်ဟာ လက်သီးဆုပ်ဖြေဖို့ ဆန္ဒရှိတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေး ချဲ့ထွင်သွားရမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒီမှာဆိုရင် ဆယ်စုနှစ်များစွာ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်ရေးရှိခဲ့ပြီးတဲ့နောက် နှစ်အနည်းငယ်အတွင်းမှာ သိသာတဲ့ တိုးတက်မှုကို ကျွန်တော်တို့ စမြင်ရပါပြီ။ တစ်ချိန်က ကမ္ဘာကြီးနဲ့ အဆက်ပြတ်ခဲ့တဲ့ နိုင်ငံဟာ အခုတော့ ဒေသတွင်းနဲ့ ကမ္ဘာ့ရဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်နိုင်တဲ့ မျှော်လင့်ချက် ပိုမိုရှိလာခဲ့ပါပြီ။

    ဒါပေမယ့် တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်ရမယ့် ခရီးဟာ တစ်ည၊ နှစ်ညလောက်နဲ့ မပြည့်စုံဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ရှေ့တိုးလို့မရတာတွေ၊ မှားယွင်းစွာ စတင်မိတာတွေနဲ့ တစ်ခါတစ်ရံ နောက်ပြန်သွားတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ရဲ့ သမိုင်း ၂၃၈ နှစ်အတွင်းမှာလည်း ဒါတွေဟာ ဖြစ်ခဲ့ပါတယ်။ ဒီမှာလည်း လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်အတွင်းမှာ ဒီလိုပဲ ဖြစ်ခဲ့ပါတယ်။ တိုးတက်မှုအချို့ကို ကျွန်တော်တို့တွေ့ရတယ်။ ဒီတိုးတက်မှုကိုလည်း ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။

    နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတယ်၊ လွှတ်တော်နဲ့ အရပ်ဖက်အဖွဲ့တွေ ပေါ်ထွက်လာတယ်၊ ဒါမျိုးတွေရှိတာ ကျွန်တော်တို့ သိပေမယ့်လည်း တစ်ချို့ ပြုပြင်ပြောင်းလဲမှုတွေဟာ မြန်သင့်သလောက် မမြန်ပါဘူး။ ဂျာနယ်လစ်တွေကို တိုက်ခိုက်တာတွေရှိနေတယ်၊ တိုင်းရင်းသားလူနည်းစုတွေကို တိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။ ရခိုင်ပြည်နယ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ နှိမ့်ချစော်ကားမှုတွေကို ခါးစည်းခံနေရတဲ့ လူနည်းစုတွေအပေါ် ပြုမူဆက်ဆံပုံတွေကို အမေရိကန်က အလွန်အမင်း စိုးရိမ်နေရတုန်းပါပဲ။

    ဒီတစ်ခေါက်ရောက်တဲ့အခါ ကျွန်တော်ဟာ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ အဲဒီလိုပဲ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့စည်းက ကိုယ်စားလှယ်တွေနဲ့ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ မဖြစ်မနေလုပ်ရမယ့် ပြုပြင်ပြောင်းလဲမှုဖြစ်တဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို လေးစားဖို့အကြောင်းတွေ၊ ဒီနိုင်ငံ ပြည်သူတွေဟာ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ နေရာမှန်ကို ရောက်နိုင်တယ်ဆိုတာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံက ပြည်သူတွေရဲ့ ဆက်ဆံရေး နက်ရှိုင်းစေဖို့ မြန်မာနိုင်ငံမှာ Peace Corps အစီအစဉ်တစ်ခု လာရောက်တော့မယ်ဆိုတာကိုလည်း ကျွန်တော်ကြေညာလိုပါတယ်။ ဒီအစီအစဉ်ကနေ အမေရိကန်လူငယ်တွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေနဲ့ အပြန်အလှန်ထိတွေ့ဆက်ဆံဖို့ အခွင့်အရေး ရစေမှာပါ။ ပြည်သူအချင်းချင်း ဆက်သွယ်ကြတာဟာ အစိုးရအချင်းချင်း ဆက်သွယ်တာလောက် ဒါမှမဟုတ် အစိုးရအချင်းချင်းဆက်သွယ်တာထက် တစ်ခါတစ်ရံမှာ ပိုပြီးအရေးပါပါတယ်။

    ဒါ့ကြောင့် တိုးတက်မှုတွေဟာ မလွဲမသွေဖြစ်လာမှာပါ။ သမိုင်းဆိုတာက အမြဲတမ်းတော့ အရှေ့မရောက်ပါဘူး။ တစ်ခါတစ်လေမှာ လမ်းချော်သွားတတ်ပြီး တစ်ခါတစ်ရံ အနောက်ကိုတောင် ပြန်ရောက်သွားနိုင်ပါတယ်။ နှစ်ပေါင်းများစွာ ပဋိပက္ခတွေပြီးတဲ့နောက် ယုံကြည်မှုတည်ဆောက်ဖို့ဆိုတာ အချိန်ယူရမှာပါ။ အတိတ်က ဒဏ်ရာဒဏ်ချက်တွေကို ပြန်ကြည့်နိုင်တာဟာ သတ္တိတွေဖြစ်စေပါတယ်။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို သေသေချာချာရဖို့အတွက်ဆိုရင် ယုံကြည်မှုကောင်းတွေ၊ ပြင်းပြတဲ့ ဆန္ဒတွေ၊ မတူကွဲပြားမှုအပေါ်မှာ သည်းခံလေးစားတတ်တာမျိုးတွေလိုအပ်ပြီး နိုင်ငံသားအားလုံးက နိုးနိုးကြားကြားရှိဖို့လည်း လိုအပ်ပါတယ်။ လူ့အခွင့်အရေးတွေ၊ လွတ်လပ်မှုတွေဟာ ဒီအတိုင်းရလာတာမဟုတ်ဘဲ ရုန်းကန်ကြိုးစားမှု၊ စည်ကမ်းရှိမှု၊ မဆုတ်မနစ်ကြိးစားမှုနဲ့ ယုံကြည်မှုတွေကနေတစ်ဆင့် ဒါမျိုးတွေရအောင် လုပ်ခဲ့ရတယ်ဆိုတာကို အမေရိကန်ပြည်သူတွေကတော့ ကောင်းကောင်းသိပါတယ်။ တစ်ခါတစ်ရံမှာ ဒီရုန်းကန်မှုတွေကို ဦးဆောင်တဲ့ ဒီလူငယ်တွေဟာ နှေးကွေးသွားအောင် အတင်းအကျပ်လုပ်ခဲ့တာမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် သေချာတာကတော့ အမေရိက က ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပြည်ထောင်စုဟာ အချိန်နဲ့အမျှ ပြည့်စုံနေတာပါပဲ။

    အခု ကျွန်တော် မြန်မာစကားပုံတစ်ခု တတ်ထားပါတယ်။ ကျွန်တော်ပြောကြည့်ပါမယ်။ “ငုပ်မိသဲတိုင်……” လုပ်ပါအုံး၊ မှန်ရဲ့လား “တက်နိုင်ဖျားရောက်” (လက်ခုပ်သံများ)

    ဟုတ်ပြီ။ ကျွန်တော့်လို မြန်မာစကားမပြောတတ်တဲ့ အမေရိကန်တွေအတွက် (ရယ်သံများ) ဒီစကားပုံဟာ ဘာကိုညွှန်းသလဲဆိုတော့ “ရေထဲငုပ်ပြီဆိုရင် ဟိုး-ကြမ်းပြင်က သဲအထိရောက်အောင်ငုပ်ပါ။ သစ်ပင်ပေါ်တက်ပြီဆိုရင်လည်း အဖျားအထိ ရောက်အောင် တက်ပါ” လို့ အဓိပ္ပါယ်ရပါတယ်။

    အမေရိကန်ဟာ ဒီနိုင်ငံ၊ ဒီဒေသကလူငယ်တွေ ထိပ်ဆုံးကို မရောက်မချင်း ကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီနိုင်ငံကို ကျွန်တော်ယုံပါတယ်။ ဒါ့ကြောင့်လည်း ပြီးခဲ့တဲ့ နှစ်တွေမှာ ၂ ကြိမ် လာရောက်ခဲ့တာပါ။ တာဝန်ခံနိုင်ပြီး အရာဝင်တဲ့ ဒီမိုကရေစီ အသင်းအဖွဲ့တွေ ရှိတဲ့နိုင်ငံမျိုး၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ လွတ်လပ်စွာ လှုပ်ရှားခွင့်ရတဲ့ နိုင်ငံမျိုး၊ မျှတတဲ့ရွေးကောက်ပွဲတွေ ကျင်းပတဲ့ နိုင်ငံမျိုး၊ ဂျာနယ်လစ်တွေ အမှန်တရားကို ဖော်ပြနိုင်တဲ့ နိုင်ငံမျိုး၊ လူနည်းစုတွေ ကြောက်ရွံ့မှုကင်းစွာ နေထိုင်နိုင်တဲ့ နိုင်ငံမျိုး ဖြစ်လာနိုင်တဲ့ အနာဂတ်ကို တွေ့မြင်နေရတာကြောင့်လည်း ပါပါတယ်။

    ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဒီနိုင်ငံနဲ့ ပတ်သက်ပြီး လောင်းကြေးထပ်နေသလို ဒီဒေသကိုလည်း လောင်းကြေးထပ်နေတာပါ။ ဘာ့ကြောင့်လည်းဆိုတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူ့အခွင့်အရေး၊ ပညာရေးတိုးတက်မှု၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ ပိုမိုလာရေး၊ သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ရာမှာ ကြံ့ကြံ့ခံနိုင်မှု တိုးတက်လာရေး၊ စီးပွားရေးဖွံ့ဖြိုးမှု တိုးတက်လာရေး စတဲ့ စိန်ခေါ်မှုတွေကို အတူတကွ ရင်ဆိုင်ဖြေရှင်းချင်ကြတဲ့ အခြားနိုင်ငံတွေ၊ ဘာသာတရားတွေနဲ့ လူမျိုးစုတွေက လူငယ်တွေဟာ ခင်ဗျားတို့ရဲ့ ခြေလှမ်းအတိုင်း လိုက်နိုင်တယ်လို့ ကျွန်တော်တို့ မြင်နေတာကြောင့်ပါပဲ။

    ပြီးတော့ ဒီဒေသရဲ့ မတူကွဲပြားမှုဟာ အားနည်းချက်လို့မမြင်ဘဲ ခွန်အားတစ်ခုလို့ မြင်ကြတဲ့ လူငယ်တွေကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းစီဟာ ကွဲပြားခြားနားနေပေမယ့်၊ မတူညီတဲ့ ဓလေ့ထုံးစံတွေ လူ့အဖွဲ့အစည်းတွေက လာကြပေမယ့် အတူတကွ အလုပ်လုပ်တဲ့အခါ ပိုပြီးအင်အားရှိလာတယ် ဆိုတာကိုလည်း သူတို့တွေက သိရှိနားလည်ကြပါတယ်။

    ဒါ့ကြောင့် ဒီဒေသရဲ့- ခင်ဗျားတို့ဒေသရဲ့ အနာဂတ်ကို အာဏာရှင်တွေ၊ စစ်တပ်တွေကနေ ဆုံးဖြတ်မှာမဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ အတွေးအခေါ်သမားတွေနဲ့ လူ့အဖွဲ့အစည်းတွေအတွက် အလုပ်လုပ်ကြတဲ့ လူတွေကသာ ဆုံးဖြတ်သွားပါလိမ့်မယ်။ ပြီးတော့ ခင်ဗျားတို့ဟာ ဒီလိုမျိုးဖြစ်အောင် လုပ်မယ့် ခေါင်းဆောင်တွေပါပဲ။ ခင်ဗျားတို့ရဲ့မျိုးဆက်မှာ အရင်ကရှိခဲ့တဲ့ မျိုးဆက်တွေထက်ပိုပြီး လူ့အဖွဲ့အစည်းကို ပုံဖော်နိုင်တဲ့အလားအလာတွေရှိပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ခင်ဗျားတို့ဟာ အသိပညာကို နေရာပေါင်းစုံက ရရှိနိုင်တာကြောင့်ပါပဲ။ ခင်ဗျားတို့ဟာ ခင်ဗျားတို့ရဲ့ မိဘတွေ၊ ဘိုးဘွားတွေထက် ခေတ်မီ ဆန်းပြားမှုတွေ၊ အတွေ့အကြုံတွေ ပိုရှိနေပါတယ်။ ပြီးတော့ အသိပညာတွေ အတွေ့အကြုံတွေကို ဒီဒေသတစ်ဝှမ်းနဲ့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူငယ်တွေကို မျှဝေနိုင်တဲ့ အခွင့်အရေးတွေလည်း ရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ဒါမှမဟုတ် နှစ် ၅၀ အရင်တုန်းကတော့ ဒီလိုမဟုတ်ပါဘူး။

    လမင်းဦးဟာ သူ့နိုင်ငံက သူတွေ အကြောင်းကို ပြောပြဖို့ ဒီစွမ်းအားကို အသုံးချခဲ့ပါတယ်။ သူဟာ အမေရိကန်က Gettysburg ကောလိပ်မှာ တက်ရောက်နေတာပါ။ Facebook ကနေ သူစောင့်ကြည့်ခဲ့တဲ့ ပြောင်းလဲမှုတွေက သူ့ကို လှုံ့ဆော်ပေးခဲ့ပြီး မြန်မာနိုင်ငံကိုပြန်ကာ မြန်မာလယ်သမားတွေရဲ့ ဒုက္ခသုက္ခတွေအကြောင်း မှတ်တမ်း ရုပ်ရှင်ရိုက်ပြီး ဆုရတဲ့အထိ ဖြစ်စေခဲ့ပါတယ်။ သူက “ကျွန်တော့်တိုင်းပြည်ဟာ နှစ်ပေါင်းများစွာ ပိတ်ခံထားရပြီး ပြောရမယ့် အကြောင်းအရာတွေလည်း အများကြီးရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ကြောင့် ခင်ဗျားတို့လူငယ်တွေဟာ ဒီဇာတ်လမ်းတွေကို ပြောပြဖို့၊ ဖွင့်ချဖို့  အခွင့်အရေး ရှိနေပါတယ်။ ဒီမိုကရက်တစ်အစိုးရအတွက် အင်မတန်အရေးပါတဲ့ အသင်းအဖွဲ့တွေဖြစ်လာအောင်လုပ်ဖို့လည်း ခင်ဗျားတို့မှာ စွမ်းအားရှိနေပါတယ်။ အရပ်ဖက်အဖွဲ့တွေ၊ သမာသမတ်ကျတဲ့ တရားရေးအဖွဲ့တွေ၊ လွတ်လပ်တဲ့ စာနယ်ဇင်းအဖွဲ့တွေနဲ့ ကိုယ်ပိုင်ကုမ္ပဏီတွေပါပဲ။ ဒါမျိုးတွေ ဒီမှာ အများကြီးဖွဲ့ရမှာပါ။

    ဒီလိုတိုင်းပြည်မျိုးမှာ ခင်ဗျားတို့ဟာ အဲဒီလိုအဖွဲ့တွေမှာ ပါဝင်ဖို့ အရေးကြီးပါတယ်။ ကျွန်တော် ဥပမာလေးတစ်ခုပြောပြပါမယ်။ ရိုင်ယန် လူးဝစ် မက်ဒရစ်ဟာ ဂျာနယ်လ စ်တစ်ယောက်ဖြစ်ဖို့ စိတ်ကူးရှိပါတယ်။ ဒါမေယ့် သူချစ်ရတဲ့ ဖိလစ်ပိုင်မှာ တိုင်ဖုန်းမုန်တိုင်းကြောင့်ဖြစ်လာတဲ့ အပျက်အစီးတွေကြားထဲ ရောက်သွားတဲ့အခါမှာတော့ သူ့နိုင်ငံသားတွေ ပြန်လည်ထူထောင်ရေး အတွက် ပြုလုပ်ပေးရမယ့် သူတစ်ယောက်အဖြစ် သူ့ကိုယ်သူ ခံယူလိုက်ပါတယ်။ ဒီနေ့တော့ သူ ပူးတွဲတည်ထောင်ခဲ့တဲ့ အဖွဲ့ဟာ ဖွံ့ဖြိုးလာတဲ့၊ ပြန်လည်ထူထောင်လာတဲ့ အဲဒီဒေသမှာ နေစွမ်းအင်သုံး အမိုးပြားတွေ လိုက်ပြီး တပ်ဆင်ပေးတဲ့ အဆင့်ရောက်နေပါပြီ။ ပြီးတော့ သူဟာ သူ့ရဲ့ စွမ်းရည်ကို တိုင်းပြည်ဖွံ့ဖြိုးအောင် လုပ်နေတဲ့ အခြားအဖွဲ့တွေက လူငယ်တွေကို အားပေးဖို့၊ နိုင်ငံအတွင်းမှာ၊ ဖြန့်ဝေဖို့၊ သူ့ရဲ့ပြည်သူတွေဟာ ကမ္ဘာလုံးဆိုင်ရာ၊ ဒေသတွင်းဆိုင်ရာ ကိစ္စတွေကို ခြုံငုံစဉ်းစားစေဖို့ ကူညီရာမှာလည်း အသုံးပြုချင်ပါတယ်။ လူသားဂုဏ်သိက္ခာဆိုတာ စကြ၀ဠာဆိုင်ရာ လှုံ့ဆော်အားပေးမှုတစ်ခုသာ မဟုတ်ဘဲ လူသားတွေရဲ့အခွင့်အရေးဖြစ်တာဆိုတာ ကျွန်တော်တို့လို အစိုးရကို သတိပေးဖို့ ခင်ဗျားတို့မှာ စွမ်းအားရှိနေပါတယ်။

    ဝေေ၀နု [1] ဟာ သူ့ရဲ့ လူငယ်ဘ၀ ၇ နှစ်တာကို နိုင်ငံရေးအကျဉ်းသားအဖြစ် သံတိုင်အနောက်မှာ ကုန်ဆုံးခဲ့ရပါတယ်။ ဒါကို သူကတော့ “ဘ၀တက္ကသိုလ်” လို့ သုံးနှုန်းခဲ့ပါတယ်။ ဒီကနေ့မှာတော့ အဲဒီဘ၀တက္ကသိုလ်က ခက်ခက်ခဲခဲရခဲ့တဲ့ ဒီဘွဲ့ကိုသုံးပြီး “ဒီမိုကရေစီဆိုတဲ့အကြောင်းအရာအတွက် ကျွန်မတို့ဟာလည်း အများကြီး စွန့်လွှတ်စတေးခဲ့ရပါတယ်” လို့ပြောရင်း သည်းခံမှုနဲ့ လက်သင့်ခံမှုတွေအတွက် ပညာပေးမှုတွေ ဆောင်ရွက်နေပါတယ်။

    အမုန်းတရားကိုကျော်လွှားဖို့၊ ဖိနှိပ်မှုတွေက လွတ်လပ်မှုရအောင်လုပ်ဖို့၊ ခင်ဗျားတို့တိုင်းပြည်ကို စိုးမိုးနေတဲ့ ကြောက်ရွံ့မှုထက် မျှော်လင့်ချက်ရှင်သန်လာအောင်လုပ်ဖို့  ခင်ဗျားတို့မှာ အခွင့်အရေးရှိနေပါတယ်။ နောက်ပြီး ခင်ဗျားတို့ရဲ့ တိုင်းပြည်တွေကို သစ်လွင်ပြီး ထူးခြားတဲ့လမ်းကြောင်းတင်ဖို့လည်း ခင်ဗျားတို့မှာ စွမ်းအားရှိပါတယ်။

    ဒီလိုဆောင်ရွက်မှုတွေအားလုံးမှာ အမေရိကန်ဟာ ခင်ဗျားတို့ရဲ့ မိတ်ဆွေဖြစ်ချင်ပါတယ်။ ခင်ဗျားတို့ရဲ့ အနာဂတ်ကို ပုံဖော်ရာမှာ ဘယ်လိုနည်းမျိုးနဲ့မဆို ကူညီပေးချင်ပါတယ်။ ကမ္ဘာကြီးကို ပြောင်းလဲဖို့ ခင်ဗျားတို့လိုအပ်တဲ့ နည်းလမ်းတွေ၊ အဆက်အသွယ်တွေ၊ ရင်းမြစ်တွေကိုလည်း ကျွန်တော်တို့က ခင်ဗျားတို့ကို ရစေချင်ပါတယ်။

    ဒါ့ကြောင့် ကျွန်တော်တို့လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကတော့ နှစ်စဉ် အရှေ့တောင်အာရှက ခေါင်းဆောင် ၅၀၀ လောက် အမေရိကန်ကို ခေါ်ယူမယ့် အစီအစဉ်ဖြစ်ပြီး အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မှုစွမ်းရည်အစီအစဉ်ကို တိုးချဲ့လိုက်တယ်လို့ ကျွန်တော် ကြေညာလိုပါတယ်။ ဒီလူငယ်တွေဟာ သူတို့ရဲ့ ပရော်ဖက်ရှင်နယ် ခေါင်းဆောင်မှု စွမ်းရည်တွေ၊ တစ်ဦးနဲ့တစ်ဦး ကွန်ယက်ချိတ်ဆက်မှု၊ အတွေ့အကြုံတွေ အယူအဆတွေကို မျှဝေမှု စတာတွေကို ခိုင်မာအောင်လုပ်ဖို့ အခွင့်အရေးတွေ၊ အဲဒီနောက်မှာ အိမ်ပြန်လာကာ ပိုမိုကောင်းမွန်စွာပြင်ဆင်ပြီး ဒေသကို ဦးဆောင်ဖို့၊ ကမ္ဘာကြီးကို ပြောင်းလဲဖို့ အခွင့်အရေးတွေလည်း ရမှာဖြစ်ပါတယ်။

    အဲဒီထဲဟာ လူငယ်အချို့ဟာ အမေရိကန်က အကောင်းဆုံး တက္ကသိုလ်တွေထဲက အချို့မှာ စီးပွားရေးစွမ်းဆောင်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုတွေလို ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သီတင်းပတ် ၅ ပတ်ကြာ သင်ကြားမှုကနေ အကျိုးကျေးဇူးတွေလည်း ရပါလိမ့်မယ်။ တစ်ချို့တွေကတော့  ဖက်ဒရယ်အစိုးရ၊ ပြည်နယ် အစိုးရတွေနဲ့ အမေရိကန် နိုင်ငံတစ်ဝှမ်းက အန်ဂျီအိုတွေဆီမှာ ပရော်ဖက်ရှင်နယ် အလုပ်မျိုး လုပ်လို့ရမယ့် အခွင့်အရေးမျိုးတွေ ရပါလိမ့်မယ်။ ပြီးတော့ ဒီအစီအစဉ်ကနေတစ်ဆင့် ခင်ဗျားတို့ဟာ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းနိုင်သလို အမေရိကန်နိုင်ငံအတွင်း ခင်ဗျားကုန်ဆုံးခဲ့တဲ့အချိန်မှာ ကျွန်တော်တို့ပြည်သူတွေ ကလည်း ခင်ဗျားဆီကနေ သင်ယူနိုင်ပါလိမ့်မယ်။ အဲဒီတော့ ခင်ဗျားကပဲ ကျွန်တော်တို့ဆီက သင်ရသလို မဖြစ်တော့ဘူးပေါ့။

    အဲဒီ အယူအဆအသစ်တွေ၊ အတွေ့အကြုံအသစ်တွေနဲ့ ဒီလူငယ်တွေ အိမ်ပြန်ရောက်လာတဲ့အခါ ကျွန်တော်တို့ သံရုံးတွေနဲ့ USAID အဖွဲ့တွေက ခင်ဗျားတို့ရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် လုပ်တဲ့နေရာမှာ အကူအညီတွေ၊ အထောက်အပံ့တွေ ပေးပါလိမ့်မယ်။ ဒါ့ကြောင့် အမေရိကန်ဟာ ဒီဒေသမှာ နှစ်စဉ် အရှေ့တောင်အာရှ ခေါင်းဆောင်မှုအစီအစဉ် ထိပ်သီးအစည်ဝေးပွဲကို ကျင်းပမယ်လို့ ဂုဏ်ယူစွာ ကြေညာလိုက်ပါတယ်။ ဒီအစည်းအဝေးကနေ လူငယ်တွေဟာ သူတို့ရဲ့ အောင်မြင်မှုကို တစ်ယောက်နဲ့တစ်ယောက် မျှဝေကြဖို့၊ လုပ်ငန်းတွေ ပိုမိုပြီးမြောက်ဖို့အတွက် သူတို့ရဲ့ ကွန်ယက်တွေကို ခိုင်မာအောင်ဆောင်ရွက်ဖို့ အခွင့်အရေးလည်း ရပါလိမ့်မယ်။

    ဒါ့ကြောင့် ဒီအစီအစဉ်ကနေ ခင်ဗျားတို့ထဲကအချို့ဟာ အကျိုးကျေးဇူးတွေ ရမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပြီးတော့ ခင်ဗျားတို့ အများစုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင် တို့လို တက်ကြွလှုပ်ရှားသူတွေကနေတစ်ဆင့် ပြုပြင်ပြောင်းလဲရေးဝတ်ရုံကို လွှမ်းခြုံကြလိမ့်မယ်၊ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ အရှေ့တောင်အာရှမှာ ခေါင်းဆောင်တွေအဖြစ် ထိုက်တန်တဲ့နေရာကို ရယူကြလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ တကယ်လို့ ဒီလိုဖြစ်လာပြီဆိုရင်တော့ အမေရိကန်ထက် ပိုကောင်းတဲ့ မိတ်ဆွေမျိုးကို ခင်ဗျားတို့မှာ မရှိတော့ဘူးဆိုတာ ကျွန်တော်ကတိပေးပါတယ်။

    Thank you very much. ကျေးဇူးတင်ပါတယ် (လက်ခုပ်သံများ)

    လေးမောင်(M-Media) မှ ဘာသာပြန်ဆိုသည်။
    ref_The White House
    Photo-Credit-AP\Getty Images

  • အာဆင်နယ် ကွင်းလယ်လူအိုဇေးလ် Laureus Sport For Good ဆု ရရှိ

    အာဆင်နယ် ကွင်းလယ်လူအိုဇေးလ် Laureus Sport For Good ဆု ရရှိ

    နိုဝင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media
    1415873301952_Image_galleryImage_Mandatory_Credit_Photo_by
    – ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ကွင်းလယ်လူ မီဆုအိုဇေးလ်မှာ နွမ်းပါးသူများအား ကူညီမှုအတွက် အားကစားသမားများကို ပေးအပ်ချီးမြှင့်သည့် Laureus Sport For Good ဆုအား ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    အိုဇေးလ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရရှိသည့် ဘောနပ်စ်များကို ခွဲစိတ်ကုသရန် လိုအနေသည့် ဘရာဇီးကလေးငယ် ၂၃ ဦးအတွက် လှူဒါန်းခဲ့သောကြောင့် အဆိုပါဆုအား ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ခွဲစိတ်ကုသမှု အားလုံးမှာလည်း အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

    ဆုပေးပွဲအခမ်းအနားကို ဘာလင်တွင် နိုဝင်ဘာ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အိုဇေးလ်ကမူ အဆိုပါဆုအား မိမိ၏အိမ်တွင် အထူးနေရာ ချထားမည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့အသင်းမှာ ကစားသမား ၂၃ ယောက်ရှိတာမို့ ကလေး ၂၃ ယောက်အတွက် လှူဒါန်းဖို့ စိတ်ကူးရခဲ့တာပါ။ ခွဲစိတ်မှု အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီး ဆရာဝန်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကလေးတွေအားလုံး အဆင်ပြေသွားတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ဒီဆုကို ကျွန်တော့်ရဲ့အိမ်မှာ အထူးနေရာ ပေးထားမှာပါ။ ဒီဆုအတွက် ကျေးဇူးတင်ပါတယ်” ဟု ဆုပေးပွဲအခမ်းအနားတွင် အိုဇေးလ်က ပြောကြားခဲ့သည်။

    အိုဇေးလ်နှင့်အတူ ယခင်အာဆင်နယ်ကစားသမားဟောင်း လေးမန်းကလည်း ၎င်း၏ ကျော်ကြားမှုအတွက် Laureus Media ဆုကို ရရှိခဲ့သည်။

    အိုဇေးလ်ကမူ မိမိအနေဖြင့် မသန်စွမ်းသော ကလေးများအတွက် အကူအညီပေးရေး စီမံကိန်းများကိုလည်း စတင်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့သည်။

    ref_ Daily Mail

  • ကြွယ်ဝမှုကို Instagram ပေါ် တင်ကြွားတဲ့ အမေရိကန် ဘောက်ဆာသမား မေ၀ယ်သာ

    ကြွယ်ဝမှုကို Instagram ပေါ် တင်ကြွားတဲ့ အမေရိကန် ဘောက်ဆာသမား မေ၀ယ်သာ

    နိုဝင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media
    1415193325861_wps_8_image001_png
    – ကမ္ဘာပေါ်မှာရှိတဲ့ အားကစားသမားတွေထဲမှာ ၀င်ငွေအကောင်းဆုံးဖြစ်တဲ့ အမေရိကန်ဘောက်ဆာသမား ဖလွိုဒ်မေ၀ယ်သာတစ်ယောက် သူ့ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ပတ်သက်ပြီး Instagram စာမျက်နှာမှာ ဗီဒီယိုတစ်ခုတင်ပြီး ကြွားဝါလိုက်ပါတယ်။

    ဗီဒီယိုအတိုလေးတစ်ခုဖြစ်ပြီး ဒေါ်လာ ၁၀၀ တန်အုပ်လိုက် ဖြန့်ချထားတဲ့ စားပွဲခုံအနောက်မှာ ဖုန်းကို ကိုင်တွယ်အသုံးပြုနေတဲ့ မေ၀ယ်သာရဲ့ ပုံကို ရိုက်ကူးထားတာပါ။ သူဆောင်းထားတဲ့ အနက်ရောင် ဦးထုတ်မှာလည်း $1M ဆိုပြီး သူ့ရဲ့ ကြွယ်ဝမှုကို ဖော်ကျူးထားပါသေးတယ်။

    အားကစား မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Forbes ရဲ့ စစ်တမ်းအရတော့ မေ၀ယ်သာဟာ လက်ရှိ ကမ္ဘာပေါ်မှာ ၀င်ငွေအများဆုံးရတဲ့ အားကစားသမားတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်က ၀င်ငွေဟာ ပေါ ၆၆ သန်းတောင်ရှိပါသတဲ့။ ဒီပမာဏဟာ မေ၀ဲသာအနေနဲ့ ၂ ပွဲထိုးပြီး အနိုင်ရခဲ့ရကာ ရရှိခဲ့တဲ့ ၀င်ငွေဖြစ်ပြီး ကြော်ငြာကနေ ရတဲ့ဝင်ငွေ မပါပါဘူး။

    မေ၀ယ်သာဟာ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုကို ပြီးခဲ့တဲ့ လနည်းငယ်ကလည်း ပြသခဲ့ဖူးပါတယ်။ အဲဒါကတော့ သူရဲ့ အိပ်ရာပေါ်မှာ ဒေါ်လာ ၁၀၀ တန်အုပ်တွေ အများကြီး တင်ထားတဲ့ပုံကို သူ့ရဲ့ Instagram မှာ တင်ခဲ့တာပါပဲ။

    ရှုံးပွဲမရှိသေးတဲ့ မေ၀ယ်သာရဲ့နောက် ဒုတိယ၀င်ငွေအကောင်းဆုံး အားကစားသမားကတော့ ရီးယဲလ်မက်ဒရစ်က ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဖြစ်ပြီး စုစုပေါင်း တစ်နှစ်ဝင်ငွေ ပေါင် ၅၀.၃၆ သန်းရှိပါတယ်။ သူ့နောက်မှာတော့ ဘက်စကတ်ဘောကစားသမား လီဘရွန်ဂျိမ်းစ်၊ ဘာစီလိုနာက လီယွန်နယ် မက်ဆီတို့ အသီးသီးရှိနေကြပါတယ်။

    ref_Daily Mail

  • MH 17 ကို ယူကရိန်း တိုက်လေယာဉ်က ပစ်ချခဲ့တာလား?

    MH 17 ကို ယူကရိန်း တိုက်လေယာဉ်က ပစ်ချခဲ့တာလား?

    နိုဝင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media
    mh17shotdownlogo2014new
    – ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ယူကရိန်းပိုင်နက်မှာ ပျက်ကျသွားခဲ့တဲ့ မလေးရှားခရီးသည်တင် လေယာဉ် MH 17 ဟာ ယူကရိန်း တိုက်လေယာဉ်တစ်စင်းရဲ့ ဒုံးကျည်နဲ့ ပစ်ခံမှုကို ခံခဲ့ရတယ်လို့ ယူဆရမယ့် ဂြိုဟ်တု ဓာတ်ပုံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

    အဲဒီ ဂြိုဟ်တုဓာတ်ပုံကို ရုရှားနိုင်ငံပိုင် မီဒီယာက အောက်တိုဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ယူကရိန်းက သူပုန်တွေရဲ့ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်ကြောင့် MH 17 ပျက်ကျသွားတာမဟုတ်ဘဲ ယူကရိန်း တိုက်လေယာဉ်ရဲ့ ဒုံးကျည်နဲ့ ပစ်ချခဲ့တာကြောင့် ပျက်ကျခဲ့တဲ့ အထောက်အထားအဖြစ် ဒီဓာတ်ပုံကို ဖော်ပြခဲ့တာပါ။

    ဗြိတိန် ဒါမှမဟုတ် အမေရိကန်ဂြိုဟ်တုက ရိုက်ထားတယ်လို့ ယူဆရတဲ့ အဲဒီဓာတ်ပုံဟာ လျှို့ဝှက် ပေါက်ကြားလာတာဖြစ်ပြီး တိုက်လေယာဉ်တစ်စီးက MH 17 ရဲ့ ခါးလည်ကို ဒုံးကျည်နဲ့ ပစ်ခတ်နေတဲ့ ပုံဖြစ်ပါတယ်။

    သတင်းကြေညာသူကတော့ ဒီဓာတ်ပုံကို အမည်မဖော်နိုင်တဲ့ သတင်းရင်းမြစ်တစ်ခုကနေ “Mig 29 တိုက်လေယာဉ်က ဘိုးအင်း ခရီးသည်တင်လေယာဉ်ကို ဖျက်ဆီးပုံ” ဆိုတဲ့ အမည်နဲ့ ရရှိခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

    ခရီးသည် ၂၉၈ ဦး သေဆုံးခဲ့တဲ့အဆိုပါ လေယာဉ်ပျက်ကျမှုဟာ ယူကရိန်းက ခွဲထွက်ရေးသမားတွေကို ရုရှားက ပေးထားတဲ့ မြေပြင်က ဝေဟင်ပစ် BUK ဒုံးကျည်ကြောင့်လို့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ပြောကြားထားပြီး ရုရှားကတော့ ပျက်ကျချိန်မှာ MH 17 လေယာဉ်အနီး အမည်မသိလေယာဉ်တစ်စင်းကို တွေ့ရှိခဲ့ရတယ်လို့ ယခင်ကတည်းက ပြောကြားခဲ့ပါတယ်။

    အခုနောက်ဆုံး ရုရှားမီဒီယာတွေက ဖော်ပြခဲ့တဲ့ ဒီဂြိုဟ်တုဓာတ်ပုံနဲ့ ပတ်သက်လို့ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက ဘာမှတုန့်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

    ref_ Mirror

  • ဦးဂျာရစ်ကို    မေးလို့ဖြေ

    ဦးဂျာရစ်ကို မေးလို့ဖြေ

    နိုဝင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media
    ProfessorWhatnot
    မေး။    ။ ဦးဂျာရစ် ရေ အခုတစ်လောကြားနေရတဲ့ သတင်းတွေက စိတ်ထိခိုက်စရာတွေ ချည်းပဲနော်။ ဘာတဲ့ သာသနာရေး ဝန်ကြီးဦးဆန်းဆင့်ကို လာဒ်စားမှု၊ အလွဲသုံးစားမှု ပုဒ်မတွေတပ်ပြီး ထောင် (၁၃) နှစ်ချလိုက်ပြီဆိုတဲ့ သတင်း၊ သတင်းထောက်ကိုပါကြီး အသတ်ခံရတဲ့သတင်း၊ မီဒီယာသမားတွေကို ထောင်ချလိုက်ပြန်တဲ့သတင်း၊ အိုကွယ် အနိဌာရုံသတင်းတွေချည်းပဲ။ ကိုယ့်လူမျိုးကိုယ့်နိုင်ငံသား အချင်းချင်းတွေကြတော့ မညှာမတာကွယ် သူ့ပြည်မှာမွေးပြီး ကိုယ့်ပြည်မှာ လုပ်ချင်တာတွေ အကုန်ဖြစ်နေကြတဲ့သူတွေကိုတော့ ဘယ်တရားမှ မစီရင်ပါလားကွယ်တို့ရယ်။
    တောကမိဂျမ်းစိန်

    ဖြေ။    ။ ဒါကဒီလိုရှိတယ် တောကမိဂျမ်းစိန်ရယ် ဥပဒေဆိုတာ ကျောသား ရင်သားမခွဲခြားဘူးဆိုတာ သက်သေပြတဲ့သဘောပါ။ မြန်မာလူမျိုးတွေ ဆိုတော့ မြန်မာစကားပုံတွေအတိုင်း ကျင့်သုံးကြတာပါ။ မိဂျမ်းစိန်ကြားဖူးတယ်မလား။ “ဆန်ရင်းနာနာဖွတ်” ဆိုတဲ့စကားပုံ၊ “အိမ်ကြက်ချင်း အိုးမဲသုတ်” တို့၊ “အမေကျော်ဒွေးတော်လွမ်း” တို့ဆိုတာမျိုးတွေပေါ့။ အဲ…အဲ ခုတစ်လောတောင် စကားပုံအသစ်တစ်ခုထွက်နေဆိုပဲ။ မိဂျမ်းစိန်ကြားမိသေးလားဘာတဲ့… “အဖေ ပါပါးလို့သာခေါ် မြေပေါ်မြေအောက်လို သလိုအပြီးရောက်မယ်” …တဲ့။ မကြားဖူးသေးရင်မှတ်ထားနော်။

    မေး။    ။ ဦးဦးဂျာရစ်ရေ အားကစား သတင်းတွေကြားရ၊ ဖတ်ရတာသိပ်ကိုဂုဏ်ယူစရာပဲဗျာ။ ခုဆိုရင် ကမ္ဘာမှာမြန်မာဟေ့လို့ လက်မထောင်နိုင်အောင် ကြိုးစားခဲ့ကြတဲ့ဘောလုံးသမား လူငယ်လေးတွေ၊ လက်ဝှေ့သမား လူငယ်တွေ၊ အားကစားနဲ့ ပတ်သက်ပြီး လူငယ်တွေတော်တော်ထူးချွန်နေကြပြီးနော်။ ဒါပေမယ့် ကျနော်တစ်ခုဘဝင်မကျဘူးဗျ။ ဘာလဲဆိုတော့ စီးပွားရေးနဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဘက်မှာ လူငယ်တွေနေရာမရကြတာ ဘာကြောင့်လဲ။
    မောင်စူးစမ်း- ဒလ

    ဖြေ။    ။ အော်… မောင့်ရင့်နှယ် အတွေးကလဲခေါင်ရန်ကောကွယ် လူငယ်တွေပါဆိုမှ လူကြီးမှ မဟုတ်တာ။ စီးပွားရေးတို့ နိုင်ငံရေးတို့ဆိုတာ လူကြီးအလုပ်… လူကြီးအလုပ်။

    မေး။    ။  ဦးရေ ကြားပြီးပြီလား။ တောင်အာဖရိက လက်ရွေးစင်ဂိုးသမားဆန်ဇိုမီယီဝါကို သေနတ်နဲ့ ပစ်သတ်သွားတဲ့သတင်းလေးဘာတဲ့။ သူတို့နိုင်ငံကရဲတွေများ ပြည်သူတွေကို ဂရုစိုက်ပုံပြောပါတယ်။ တရားခံကို သတင်းပေးနိုင်ခဲ့ရင် ဒေါ်လာ (၁၄၀၀၀) ကြီးများတောင်ချီးမြှင့်ဦးမယ်တဲ့။ ကျုပ်တို့နိုင်ငံမှာတော့ ဘယ်သူ့ကို ဘယ်သူကပဲသတ်သတ်၊ ဘယ်သူကဘယ်သူ့ကိုပဲ ရိုက်ရိုက်၊ ဘယ် ကလေးသူငယ်ကို ဘယ်သူကပဲ မတရားကျင့်ပြီးသတ်သတ်၊ ဘယ်သူတွေက ဘယ်လိုပဲမတရားမှုတွေလုပ်ပြီး ဘယ်လိုပဲ ရက်စက်ရက်စက်။ ဘယ်သူတွေကမှ ထိထိရောက်ရောက် အရေးမယူဘူး။ အဲဒါဘယ်လိုကြောင့်လဲဟင်။
    မီးငယ်- စဥ့်ကူ

    ဖြေ။    ။ မီးငယ်ရယ် အပြီးစလွယ်ဖြေတယ်လို့တော့ မထင်ပါနဲ့နော်။ မီးငယ်ရဲ့မေးခွန်းတွေက “ညာ” မပါဘဲ ဘယ်တွေများနေတော့ ဆရာကြီးမင်းသင်္ခအလုံး (စကား) ခဏဌားပြောချရင် ဘာ. ဘာ. ဘာမှမသိပါဘူးကွယ်။

    ဂျာရစ်