News @ M-Media

Author: M-Media

  • နျူ ကိစ္စ ပြေလည်ရန် ပိတ်ဆို့မှုများ အားလုံး ဖယ်ရှားရန်လိုအပ်ဟု အီရန်သမ္မတပြော

    ဇွန်လ ၁၅ ရက်၊ ၂၀၁၄
    M-Media
    Hassan Rouhani
    – အီရန်နျူကိစ္စနှင့် ပတ်သက်၍ အလုံးစုံ သဘောတူညီချက်ရရန်အတွက် ပိတ်ဆို့မှုများအားလုံးကို ဖယ်ရှားပေးရန် လိုအပ်သည်ဟု အီရန်သမ္မတ ဟာဆန်ရူဟာနီက သမ္မတသက်တမ်း တစ်နှစ်ပြည့် မိန့်ခွန်းတွင် ပြောကြားလိုက်သည်။

    အနောက်နိုင်ငံများကမူ အီရန်၏ ယူရေနီယံကြွယ်ဝရေး လုပ်ဆောင်မှုများကို လျော့ချရန် တောင်းဆိုထားပြီး နျူလက်နက်ထုတ်လုပ်ရန်အတွက် ပစ္စည်းများကို ထုတ်ပေးနိုင်ဖွယ်ရှိသည့် Arak ဓာတ်ပေါင်းဖိုကြီးနှင့် ပတ်သက်၍လည်း စိုးရိမ်မှုများရှိနေသည်။ သို့သော်လည်း အီရန်နိုင်ငံက ထိုဓာတ်ပေါင်းဖိုမှာ နျူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးအတွက်ဟု အခိုင်အမာပြောဆိုထားပြီး ပိတ်ဆို့မှုများအားလုံးကို ရုပ်သိမ်းပေးရန် တိုက်တွန်းထားသည်။

    အီရန်နျူအရေး အချို့အကြောင်းအရာများနှင့် ပတ်သက်၍ မတူညီသောအမြင်များ ရှိနေသော်လည်း အင်အားကြီး ၆ နိုင်ငံနှင့် အီရန်နိုင်ငံတို့၏ နောက်ဆုံးအဆင့် ဆွေးနွေးမှုကို လာမည့် တနင်္လာနေ့တွင် ဗီယင်နာ၌ စတင်ပြုလုပ်သွားမည်ဖြစ်ပြီး ထိုဆွေးနွေးမှုမှတဆင့် ဇူလိုင် ၂၀ ရက်မတိုင်ခင် နောက်ဆုံး သဘောတူညီချက် ရနိုင်ဖွယ်ရှိနေသည်။

  • ခွဲထွက်ရေးသမားများ ပစ်ခတ်မှု ယူကရိန်း စစ်သုံးလေယာဉ် ပျက်ကျ၊ စစ်သား ၄၉ ဦးသေဆုံး

    ဇွန်လ ၁၄ ရက်၊ ၂၀၁၄
    M-Media
    201461483518621734_20
    – ယူကရိန်းနိုင်ငံအရှေ့ပိုင်း လူဟန့်စ်မြို့တွင် ယူကရိန်း စစ်သုံး ပို့ဆောင်ရေးလေယာဉ် တစ်စင်းအား ခွဲထွက်ရေးသမားများက ပစ်ချခဲ့သောကြောင့် ထိုလေယာဉ်ပေါ်တွင် လိုက်ပါလာသည့် စစ်သား၄၉ ဦးစလုံးသေဆုံးခဲ့သည်ဟု သိရသည်။

    Ilyushin-76 လေယာဉ်မှာ ယမန်နေ့က လူဟန့်စ်လေဆိပ်သို့ ဆင်းသက်ရန် ပျံသန်းလာစဉ် အကြမ်းဖက်သမားများက စက်သေနက်ဖြင့် ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ယူကရိန်းအစိုးရက ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။ ထို့ပြင် သေဆုံးသွားသူများ အတွက် ၀မ်းနည်မိကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    ခွဲထွက်ရေးသမားများက လွတ်လပ်သောနိုင်ငံ အဖြစ် ကြေညာထားသော လူဟန့်စ်မြို့မှာ ရုရှားနှင့် နီးစပ်သည့်မြို့ဖြစ်ပြီး နိုင်ငံအရှေ့ပိုင်း တိုက်ပွဲများဖြစ်ပွားနေသည့် အဓိကမြို့နှစ်ခုမှ တစ်ခုလည်းဖြစ်လည်းဖြစ်သည်။ ထို့ပြင် လူဟန့်စ်လေဆိပ်မှာ ယူကရိန်း အစိုးရတပ်များ ထိန်းချုပ်ထားသည့် တစ်ခုသောနေရာဖြစ်သည်။

    Ref: Al Jazeera and agencies

  • အိန္ဒိယရုပ်ရှင် သရုပ်ဆောင် Jai အစ္စလာမ်သို့ ကူးပြောင်းလိုက်ပြီလော

    ဇွန်လ ၁၅ ရက်၊ ၂၀၁၄
    M-Media
    HasIndian-Actor-Jai-Reverted-to-Islam
    ကိုင်ရို။    ။ အိန္ဒိယ ရုပ်ရှင်မင်းသမီး မိုနီကာမှ အစ္စလာမ်သာသနာသို့ ကူးပြောင်းသက်ဝင်ကြောင်း တရားဝင်ကြေငြာပြီးနောက် များမကြာမီ ဗလီဝတ်ကျောင်းတော်ထဲရောက်နေသော အိန္ဒိယရုပ်ရှင်သရုပ်ဆောင် Jai ၏ ဓာတ်ပုံများထွက်လာရာ သူသည် အစ္စလာမ်သို့ကူးပြောင်းသည့် အကျော်အမော် အိန္ဒိယအနုပညာရှင်များစာရင်း၌ ပါဝင်လာသည်ဟု မီဒီယာများအကြား သတင်းပျံ့နှံ့သွားခဲ့သည်။

    “ Chennai က T Nagar ရဲ့ ဗလီတစ်လုံးမှာ Jai ရဲ့ ၀တ်ပြုပုံ ထွက်လာတယ်။ သူ့ကို ဂီတဒါရိုက်တာ Yuvan Shankar RAja နဲ့ အတူတစ်ကွ တွဲလျက်ရှိနေခဲ့တယ်။ သူဟာ အစ္စလာမ်အပေါ် ထက်သန်တိမ်းညွှတ်နေခဲ့တယ် လို့ ရာဂျာက ပြောဖူးတယ် ” ဟု ဆို၍ ဗလီတစ်လုံးအတွင်း သံပုရာခွံဦးထုပ်ငယ် ဆောင်းထားသည့် သရုပ်ဆောင်၏ ဓာတ်ပုံနှင့်တစ်ကွ ဇွန်လ ၁၀ ရက်တွင် Times of India မှ ဖော်ပြခဲ့သည်။

    သူ၏အစ္စလာမ်ကူးပြောင်းခြင်း ကောလဟလသတင်းကို ဓာတ်ပုံနှင့်တစ်ကွ ဖော်ပြသည်မှာ Times of India တစ်ခုတည်း မဟုတ်ပါ။

    ၎င်းထက်အလျင် Deccan Chronicle မှ ယင်း ဗလီဝတ်ကျောင်းအတွင်း ရောက်နေသော သူ၏ဓာတ်ပုံ ၂ ပုံနှင့်အတူ ဇွန်လ ၈ ရက်နေ့က ဖော်ပြပြီး၊ ဟိန္ဒူ- မွတ်စ်လင်မ် ထိမ်းမြားမှုများအကြောင်း ရုပ်ရှင်ရိုက်ကွင်းတစ်ခုဟူ၍ တင်ပြခဲ့သည်။

    JAI_MUSLIM1742014_M

    “ ကျွန်တော် အစ္စလာမ်သာသနာကို ကူးပြောင်းမထားပါဘူး ” ဟူသော ငြင်းဆိုချက်ဖြင့် သရုပ်ဆောင် Jai က ထိုသတင်းကို ပယ်ချခဲ့သည်ဟု အခြားကောလဟလသတင်းများထွက်လာခဲ့သော်လည်း သူ့စကားသယ်လာသူက ၀မ်းမြောက်ဖွယ်ဘာသာရေး စကားရေးတင်လိုက်သောကြောင့် အတင်းအဖျင်းစကားများအတွက် မီးလောင်ရာလေပင့် ဖြစ်သွားခဲ့ရသည်။

    ဧပြီလအစောပိုင်းတွင် ယင်းနာမည်ကြီးသရုပ်ဆောင်နှင့်နီးစပ်သောအသိုင်းအ၀ိုင်းတစ်ရပ်၏စကားကို TOI မှ  “ Jai  ဟာ အစ္စလာမ်ကို လေ့လာကျင့်သုံးနေတာ ပြီးခဲ့တဲ့နှစ်ကတည်းကပါပဲ။ ယမန်နှစ် ဥပုသ်လမှာတောင် ဥပုသ်သီလ ဆောက်တည်ခဲ့ပါသေးတယ်။ သူ့အတွေးအမြင် အပြောင်းအလဲနောက်ကွယ်က အကြောင်းရင်းမှန်ကိုတော့ ကျွန်တော်တို့ မသိပါဘူး။ ကျွန်တော်တို့အားလုံးသိကြတာက သူဟာ ဒီသာသနာလေ့လာကျင့်သုံးနေပြီး တရားဝင် ကူးပြောင်းမှုတော့ မရှိသေးပါဘူး။ သူ့နာမည်ကိုလည်း အပြောင်းအလဲ မလုပ်ထားသေးပါဘူး ” ဟူ၍ ဖော်ပြခဲ့သည်။

    အကယ်၍ အတည်ဖြစ်ခဲ့ပါလျှင် အစ္စလာမ်သာသနာသို့ ရွေးချယ်ဝင်ရောက်ခဲ့သော အိန္ဒိယနာမည်ကြီးအနုပညာသည်များ၏ လတ်လတ် ဆတ်ဆတ်စာရင်းတွင် Jai လည်း ပါဝင်လာတော့မည်ဖြစ်၏။

    ပြီးခဲ့သည်လအတွင်း အိန္ဒိယရုပ်ရှင်မင်းသမီး မိုနီကာသည် အစ္စလာမ်သို့ ကူးပြောင်းခဲ့ပြီး သူမ၏အမည်ကို MG Rahima ဟု ပြောင်းလဲခဲ့သည်။

    ဖေဖော်ဝါရီအစောပိုင်းက ဂီတသမားနှစ်ဦးဖြစ်သော AR Rahman နှင့် Yuvan Shankar Raja တို့ကလည်း အစ္စလာမ်သာသနာသို့ ကူးပြောင်းသက်ဝင်ပြီးဖြစ်သည်ဟု သတင်းများကဆိုသည်။

    ဟိန္ဒူလူများစုရှိ အိန္ဒိယတွင် မွတ်စ်လင်မ်ဦးရေမှာ သန်း ၁၈၀ ရှိနေပါသည်။

    Ref: OnIslam & Newspapers

    OnIslam  မှ ” Has Indian Actor Jai Reverted to Islam? ” မှ သတင်းဆောင်းပါးကို မင်းထွဋ်ခေါင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • ကာဖျူးအမိန့်အား ထိုင်းစစ်တပ် ရုပ်သိမ်း

    ဇွန်လ ၁၄ ရက်၊ ၂၀၁၄
    M-Media
    20146152643956734_20
    – နိုင်ငံအတွင်း မငြိမ်သက်မှုများကြောင့် မေလ ၂၂ ရက်နေ့မှစတင်ကာ ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထုတ်ပြန်ခဲ့သော ကာဖျူးအမိန့်ကို ပြီးခဲ့သည့် သောကြာနေ့က ရုပ်သိမ်းလိုက်သည်ဟု သိရသည်။

    သန်းခေါင်ယံအချိန်မှ နံနက် ၄ နာရီအထိ အချိန်ပြောင်းလဲပြီးနောက်ပိုင်း မည်သည့် ရုန်းရင်းဆန်ခတ်မှုမှ မဖြစ်သောကြောင့် နိုင်ငံ တစ်ဝှမ်း ပြည်သူများ၏ နေ့စဉ် ဘ၀နှင့် ခရီးသွား လုပ်ငန်းကို မထိခိုက်စေရန်အတွက် ကာဖျူးအမိန့်ကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကောင်စီ(NCPO) ၏ အကြီးအကဲ ပရာယွတ် ချန်အိုချက ရုပ်မြင်သံကြားမှ ပြောကြားခဲ့သော အပတ်စဉ် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    နိုင်ငံရေးနှင့် ပတ်သက်၍ ဆန္ဒပြမှုများ၊ အာဏာသိမ်းမှုများအား ဝေဖန်ခြင်းကို ထိုင်းစစ်တပ်က တားမြစ်ထားပြီး ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ကာ အစိုးရသစ်ပြန်လည်ရွေးကောက်ရန်မှာ လာမည့် ၁၅ လအတွင်း ဖြစ်လာမည်မဟုတ်သေးပေ။

    Ref:Agencies

  • မိမိအသင်းမှာ ရင့်ကျက်သော အသင်းသာဖြစ်ကြောင်း စပိန်နည်းပြ ဒဲလ်ဘော့စကေးဆို

    ဇွန်လ ၁၃ ၊ ၂၀၁၄
    M-Media
    422304_heroa
    – သက်ကြီးကစားသမားများပါဝင်နေသည့် မိမိတို့အသင်းမှာ အိုမင်းနေခြင်းမဟုတ်ဘဲ ရင့်ကျက်နေခြင်းသာဖြစ်သည်ဟု ကမ္ဘာ့ဖလားလက်ရှိချန်ပီယံ စပိန်အသင်း နည်းပြ ဒဲလ်ဘော့စကေးက ပြောကြားလိုက်သည်။

    စပိန်အသင်း၏ လူစာရင်းတွင် အသက် ၃၀ ကျော် ကစားသမား ၇ ဦးခန့် ပါဝင်နေပြီး အိုမင်းနေပြီဟု ဝေဖန်မှုများရှိနေသောကြောင့် ဒဲလ်ဘော့စကေးက ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

    “စစ်မှုထမ်းဟောင်း အသင်းလို ကျွန်တော်တို့ ခြေစစ်ပွဲအောင်ခဲ့တာ မဟုတ်ပါဘူး။ ရင့်ကျက်တဲ့အသင်းအဖြစ်သာ ခြေစစ်ပွဲအောင်ခဲ့တာပါ။ ၃၀ ကျော်ကစားသမား ၄၊ ၅ ယောက်လောက်ရှိပါတယ်။ ဒါဟာ မများပါဘူး။ ကျွန်တော်တို့ အကောင်းဆုံး ပုံစံမှာ ရှိနေပြီး၊ ဘယ်သူ့ကိုမှ မကြောက်ပါဘူး။ သက်ကြီးကစားသမားတွေဟာ အရမ်း အရမ်းကို ထူးချွန်ပြောင်မြောက်ကြပါတယ်” ဟု ဒဲလ်ဘော့စကေးက ပြောကြားခဲ့သည်။

    အိမ်ရှင်ဘရာဇီးလ်၊ ဂျမနီတို့နှင့်အတူ ဗိုလ်စွဲရန် ရေပန်းစားနေသည့် စပိန်အသင်းမှာ ၂၀၁၀ ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲတွင် အနိုင်ယူခဲ့သည့် ဟော်လန် အသင်းနှင့် ယနေ့ညတွင် အုပ်စု B ပွဲဦးထွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။