News @ M-Media

Author: M-Media

  • စင်္ကာပူသွားမည့် အိမ်ကူအလုပ်သမ (၅၀၀) ကျော် မြန်မာအစိုးရ ခွင့်မပြု

    စင်္ကာပူသွားမည့် အိမ်ကူအလုပ်သမ (၅၀၀) ကျော် မြန်မာအစိုးရ ခွင့်မပြု

    ဇွန် ၆ ၊ ၂၀၁၅
    M-Media

    indonesian050615e
    ဓါတ်ပုံအညွှန်း- Hougang ရှိ အေဂျင်စီတစ်ခုတွင်တွေ့ရသော အိမ်ကူအလုပ်သမများ (ဓာတ်ပုံ – ST FILE )

    .
    လွန်ခဲ့တဲ့ရက်သတ္တပတ် ၃ ပတ်မှာ မြန်မာနိုင်ငံက စင်္ကာပူကို ထွက်ခွာပြီး အိမ်ကူအလုပ်သမအဖြစ် လုပ်ကိုင်မယ့် အမျိုးသမီး ၅၀၀ ကို တားဆီးလိုက်တယ်လို့ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများက ဆိုလိုက်ပါတယ်။
    .
    အိမ်ကူအလုပ်သမတွေကို စော်ကားတယ်၊ မဖွယ်မရာ ဆက်ဆံတယ်လို့ဆိုပြီး မြန်မာအစိုးရက တားမြစ်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့တာပါ။

    “ မြန်မာပြည်ကလာတဲ့ အိမ်ကူ အလုပ်သမ ဦးရေ ၂၀ လောက်ကို ကျွန်တော်တို့ အပတ်စဉ် ရနေကြပါ။ အခုတော့ တစ်ယောက်မှ မရရှိတော့ပါဘူး ” ဟု Nation Employment ရဲ့ စီမံအုပ်ချုပ်မှုဒါရိုက်တာ မစ္စတာ ဂယ်ရီချင်း က ဆိုပါတယ်။
    .
    အေဂျင်စီပေါင်း ၁၅ ခု အနည်းဆုံး ထိခိုက်နစ်နာသွားရတဲ့ အကြောင်း စင်္ကာပူ အလုပ်သမားရေးရာအေဂျင်စီများ အသင်းဥက္ကဋ္ဌ Ms K. Jayaprema က ပြောပြပါတယ်။

    ဒီပိတ်ဆို့ချက် ဖယ်ရှားနိုင်ဖို့ အေဂျင်စီများက အလည်အပတ်ပြည် ၀င်ခွင် ဗီဇာလျှောက်စေခြင်း (သို့) တတိယနိုင်ငံကနေ တဆင့် လေယာဉ်ခရီးစဉ် အသုံးပြုပြီး ခေါ်သွင်းခဲ့တယ်လို့ တရုတ် ညနေခင်း သတင်းစာ Shin Min Daily News က ဖော်ပြပါတယ်။ ဒါပေမယ့်လည်း မြန်မာ အစိုးရဖက်က ဒီနည်းလမ်းကို မြန်မြန်ဆန်ဆန်ပဲ သိမြင်သွားခဲ့တယ်။
    .
    ယမန်နှစ် စက်တင်ဘာလက မြန်မာ အလုပ်သမားရေးရာဝန်ကြီးဋ္ဌာနဟာ မိမိတို့ရဲ့ အိမ်ကူ အလုပ်သမတွေအပေါ် မဖွယ်မရာ ဆက်ဆံခြင်း၊ ညှင်းဆဲစော်ကားခြင်း ရှိနေတယ်ဆိုတဲ့ အချက်အပေါ် (လုပ်သားပို့ဆောင်ခြင်းကို) ငါးလတာ ပိတ်ပင်ခဲ့ပါတယ်။ သို့သော်လည်း အမျိုးသမီးများက တားဆီးချက်ကို အရေးမစိုက်ဘဲ ဆက်လက် လာနေကြဆဲဖြစ်ပါတယ်။
    .
    ယမန်နှစ်ကအထိ စင်္ကာပူမှာ မြန်မာအိမ်ကူအလုပ်သမပေါင်း သုံးသောင်းကျော် ရှိတယ်လို့ သတင်းများကဆိုပါတယ်။ စင်္ကာပူရဲ့ပြည်တွင်း လုပ်သားဈေးကွက်မှာ ဖိလစ်ပိုင်နဲ့ အင်ဒိုပြီးရင် မြန်မာက တတိယနေရာလိုက်နေပါတယ်။
    .
    တစ်လလုပ်ခငွေ အနည်းဆုံး စင်္ကာပူဒေါ်လာ ၄၅၀၊ တစ်ပတ်မှာ အနည်းဆုံးတစ်ရက် အလုပ်နားခွင့် ပေးရမယ်လို့ မြန်မာအစိုးရက စည်းမျဉ်းသတ်မှတ်ချိန်ကစ ပြီးခဲ့တဲ့နှစ်ရဲ့မတ်လအထိ မြန်မာအမျိုးသမီးတွေဟာ အိမ်ကူအလုပ်သမ အဖြစ်လာရောက်လုပ်ကိုင်ခွင့် မရရှိခဲ့ပါဘူး။ သူတို့အတွက် ၀န်ဆောင်ခကလည်း လစာငွေရဲ့လေးလစာထက် မများရဘူးလို့ မြန်မာ့ သတင်းစာများမှာ ဖော်ပြထား ပါတယ်။ အဲ့ဒီတောင်းဆိုမှုအတိုင်း လိုက်လျောပေးဖို့ မလွယ်ကြောင်း Dynamic  Maids agency က ပြောဆိုခွင့်ရသူက ဆိုပါတယ်။ မီဒီယာများရဲ့မေးမြန်းမှုကို မြန်မာသံရုံးက အဖြေမပေးခဲ့ဘူးလို့ သိရပါတယ်။
    .
    Ref : The Straits Times
    .

  • မြန်မာသံစဉ် တေးသံရှင် လူငယ်များ ပေါ်ထွန်းစေလိုသည့် ဓာတ်ပြားခေတ် အဆိုကျော် ဒေါ်မာမာဝေ

    မြန်မာသံစဉ် တေးသံရှင် လူငယ်များ ပေါ်ထွန်းစေလိုသည့် ဓာတ်ပြားခေတ် အဆိုကျော် ဒေါ်မာမာဝေ

    ဇွန် ၅ ၊ ၂၀၁၅
    M-Media
    မိုးစက်တွေ့ဆုံ မေးမြန်းသည်။
    2
    ဓာတ်ပြားခေတ်က အဆိုတော်တစ်ဦးဖြစ်ခဲ့သူ တေးသံရှင် ဒေါ်မာမာဝေကို M-Media မှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    မြန်မာ့ဂီတ မပျောက်ဆုံးရန်အတွက် ယနေ့ခေတ်တွင် မြန်မာသံစဉ် တေးသံရှင် လူငယ်များ ပေါ်ထွန်းလာစေ လိုကြောင်းကိုလည်း အသက် (၉၁) နှစ်အရွယ် ခေတ်ဟောင်း တေးသံရှင် ဒေါ်မာမာဝေက ပြောကြားခဲ့သည်။

    တေးသံရှင် ဒေါ်မာမာဝေကို အဖ ဦးမာမွတ်နှင့် အမိ ဒေါ်စိန်မြိုင်တို့မှ ၁၉၂၅-ခုနှစ် နိုဝင်ဘာလ ၂၉-ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်အနက် ဒေါ်မာမာဝေမှာ အကြီးဆုံးဖြစ်သည်။ဒေါ်မာမာဝေနှင့် မိသားစုတို့မှာ အစ္စလာမ်ဘာသာဝင်ဖြစ်ကြပါသည်။

    ဒေါ်မာမာဝေသည် ငယ်စဉ်ကတည်းက အနုပညာများနှင့် နီးစပ်ခဲ့ဖြစ်ကြောင်းကို သူမကပြောဆိုခဲ့သည်။ “အဘွား ပါးပါးက ကုန်သည်သူဌေးကြီးဆိုတော့ အိမ်မှာ ပါးပါးအပေါင်းအသင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ခဏခဏလုပ်ဖြစ်တယ်။ အဲဒီလိုပွဲတွေ အိမ်မှာလုပ်ရင် အိမ်မှာ အငြိမ့်ကကြတယ်၊ သီချင်းတွေဆိုကြတယ်။ အဲ့လိုဆိုင်းသံ ဗုံသံတွေကြားရရင် မနေနိုင်ဘူး။ သူတို့ကတာ လိုက်က သီချင်းတွေလိုက်ဆိုရင်းပေါ့။ အဲ့ကစလို့ အနုပညာပိုးပါခဲ့တာပါ ” ဟု အဘွားက ငယ်စဉ်ဘဝ ၁၀-နှစ်အရွယ်လောက်က အမှတ်တရများကို စဉ်းစားရင်းပြောဆိုခဲ့သည်။
    1
    တဖြည်းဖြည်းနှင့် အငြိမ့်ပွဲတွေကိုကြည့်ရင်း နောက်ပိုင်းတွင် အိမ်တွင် ကကြသည့် အခါ အငြိမ့်မင်းသမီး နေရာတွင် တစ်ခါတစ်ခါ ဝင်က ခဲ့သည်ဟု အဘွားကပြောသည်။ လူကြီးသူမများကလည်း စင်အောက်ကနေအားပေးတော့ အားရှိပြီး တက်တက်ကြွကြွနှင့် ကခဲ့သည်ဟုဆိုသည်။ သင်္ကြန်အခါ သမယများတွင်လည်း ယိမ်းအလှအကများကိုပင် ကခဲ့ကြောင်း သိရသည်။

    “အကကို ဝါသနာပါတော့ အဘွားက အကကို သင်ကြည့်တယ်။ တချို့လက်ချိုးတဲ့နေရာတွေဆို အဘွားသိပ်မရဘူး။ ငယ်ငယ် ကလေးဘဝကတော့ ကတဲ့သူတွေကို အားကျပြီး လိုက်ကတာပေါ့။ ဒါပေမယ့် ကကွက်ကဟန်တော့ မတူဘူးလေ။ သေချာ သင်ကြည့်တော့ အဘွား အတွက် သိပ်မလွယ်ဘူးဖြစ်နေတယ်။ အဲဒါနဲ့ ငယ်ငယ်လေး ကတည်းက သီချင်းကလည်း ဆိုတတ်တော့ သီချင်းဆန်းဆိုကြည့်တော့ သီချင်းမှာတော့ ဆိုရတာ သံစဉ်တွေကအစ အဆင်ပြေနေတယ်။ နောက် ဓာတ်ပြားလောကမှာလည်း အဆက်အသွယ်တွေက ရှိနေတော့ ဂီတလောကထဲကိုပဲ ရောက်လာခဲ့တယ်” ဟု ဒေါ်မာမာဝေက သူမဂီတလောကထဲသို့ ဝင်ရောက်ခဲ့ပုံနှင့် ပတ်သက်ပြီး ပြန်လည်ပြောဆိုခဲ့သည်။

    ၁၉၅၀-ခုနှစ်တွင် ဂီတလောကထဲသို့ ရောက်ရှိခဲ့ပြီး တက္ကသိုလ်စိုး (ကာလပေါ်) တူရိယာအဖွဲ့တွင် ဝင်ရောက် သီဆိုခဲ့သည်။ ဂီတလောကထဲသို့ ရောက်ရောက် ချင်း ဒေါ်ခင်မာဝေ၏ လက်ဦးဆရာမှာ ဆရာ တက္ကသိုလ်စိုး ဖြစ်ခဲ့သည် ဟု ပြောခဲ့သည်။ သူမ၏ ကြားဆရာမှာတော့ ဒေါ်မေရှင်ဖြစ်သည်ဟုဆိုသည်။ ငယ်စဉ်ကလေးဘဝကတည်းက ဒေါ်မေရှင် သီချင်းများကို ကြိုက်နှစ်သက်ပြီး အမြဲနားထောင်၍ အားကျခဲ့ရသည်ဟု ဒေါ်မာမာဝေက အတိတ်ကအကြောင်းအရာများကို ပြန်လည်ပြောဆိုခဲ့သည်။

    ဒေါ်မာမာဝေသည် ဂီတလောကသို့ ရောက်ရှိချိန်တွင် သီချင်းပေါင်း (၆၀) ကျော်လောက်ကို သီဆိုခဲ့သည်။ တစ်ကိုယ်တော် ဓာတ်ပြား (၁၀) ချပ် သီဆိုခဲ့သည်ဟု ဆိုသည်။ ရွှေမိုးလေးကညိုတယ်၊ ရွှေမိုး၊ ဝေဝေ၊ အောင်၊ ဟန်းနီး၊ သနားမေတ္တာ၊ လူထုမေတ္တာ၊ စပါယ်ရုံ၊ အပျင်းပြေ၊ နွယ်နီနတ်ပန်း အစရှိသည့် သီချင်းများကို သီဆိုခဲ့သည်။

    ထို့ပြင် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ ဂီတပဒေသာကပွဲ၊ တောင်သူ လယ်သမားနေ့၊ အလုပ်သမားနေ့၊ မဟာသင်္ကြန် အစရှိသည့် နေ့ကြီးရက်ကြီးများ တွင်လည်း ဒေါ်ခင်မာဝေသည် သီချင်းများဖြင့် တက်ကြွစွာ ဖျော်ဖြေခဲ့သည်။

    ဘာသာရေးဘက်တွင်လည်း ၀ဏ္ဏကျော်ထင် ဟာဂျီမ ဆရာမကြီး ဒေါ်စောရွှေ၏   တပည့်ရင်းဖြစ်ပြီး မဟာ တမန်တော်မွေးနေ့ သာသနာ့ မှတ်ကျော်တင် စာပေပြိုင်ပွဲများတွင် ဟာဂျီမ ဒေါ်စောရွှေနှင့် အတူ ပြိုင်ပွဲဝင် ကလေးများအား ကဆွီဒါ (လင်္ကာ) များ သင်ပေးခြင်း အစရှိသည့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။

    ၁၉၅၃-တွင်အိမ်ထောင်ပြုခဲ့ပြီး သားသမီးနှစ်ဦး မွေးဖွားခဲ့သည်။ အသက် (၃၀) ကျော်တွင် ဂီတလောကမှ အနားယူခဲ့သည်ဟုဆိုသည်။

    ယနေ့ခေတ် ဂီတများနှင့် ပတ်သက်၍လည်း “အဘွားတော့ အခုခေတ်ဂီတတွေကို နားထောင်လို့ကို မရပါဘူး။ အော်ဟစ်နေတာပဲ။ သီချင်းစာသားတွေကလည်း ယဉ်ကျေးမှုမရှိတော့ဘူး။ အဘွားတို့နားမှာတော့ ရိုင်းနေတာပေါ့။ အဘွားကတော့ သီချင်းအေးအေးလေးတွေကိုပဲ အရသာခံပြီးနားထောင်ရတာ ကြိုက်တာပေါ့။ အခုခေတ်က မြန်မာသံစဉ်က ပျောက် သလိုကို ဖြစ်နေပြီ။ မြန်မာသံစဉ် သီဆိုတတ်တဲ့ အခုခေတ် ကလေးတွေကိုလည်း သေချာလေ့ကျင့်ပြုစုပေးသင့်တယ်။ ဒါမှ မျိုးဆက်တွေဆိုတာ ကျန်ခဲ့မှာ ။ ဒီနေ့ခေတ် မြန်မာသံစဉ်တွေ ထဲမှာတော့ အဘွားက မာမာအေးကိုတော့ ကြိုက်တယ်။ သူဆိုတာ အဘွားတို့ခေတ်ကလိုပဲ။ သီချင်းတွေက ခံစားလို့ရနေသေးတယ်” ဟု မျိုးဆက်သစ်မြန်မာ သံစဉ်သီဆိုတတ်သော လူငယ်များ ပေါ်ထွန်းစေကြောင်း သုံးသပ်ပြောဆိုခဲ့သည်။

    with min ko naing
    ဒေါ်မာမာဝေအား ကိုမင်းကိုနိုင်၊ မြေးဖြစ်သူ ကိုစည်သူမောင်နှင့် အတူတွေ့ရစဉ်

    ငယ်စဉ်ကတည်းက နိုင်ငံရေးကို စိတ်ဝင်စားသူလည်းဖြစ်ပြီး ၁၉၈၈ အရေးအခင်းတွင် လည်း ကျောင်းသားများနှင့် အတူ ပါဝင် လှုပ်ရှားခဲ့သည်ဟု ဒေါ်မာမာဝေက ပြောခဲ့သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလတွင် ပါဝင်ခဲ့၍ ထောင်သွင်း အကျဉ်းကျခံရသူ ကျောင်းသားခေါင်းဆောင် ကိုစည်သူမောင်မှာ ဒေါ်မာမာဝေ၏ မြေး အရင်းဖြစ်ကြောင်းသိရသည်။

    အသက် (၉၁)နှစ်အရွယ်ရှိပြီဖြစ်သော တေးသံရှင် ဒေါ်မာ မာဝေသည် ယခုအခါ (၁၀) ရပ်ကွက် လှိုင်မြို့နယ်၊ ရန်ကုန် ရှိနေအိမ်တွင်  မိသားစုနှင့် အတူ ကျန်းမာစွာနေထိုင်လျက်ရှိသည်။

  • တချိန်က စိတ်ဓာတ် နဲ့ အခုစိတ်ဓါတ် (အမှတ်တရ ဘောလုံးနေ့များ)

    တချိန်က စိတ်ဓာတ် နဲ့ အခုစိတ်ဓါတ် (အမှတ်တရ ဘောလုံးနေ့များ)

    ဇွန် ၅ ၊ ၂၀၁၅
    ဇင်ဘိုအောင် ရေးသည်။
    .Football
    ၁၉၉၂ နှစ်ခုနှစ် က သုဝဏ္ဏ  အားကစားကွင်းမှာ မြန်မာလက်ရွေးစင် vs စင်ကာပူ လက်ရွေးစင် အသင်း ခြေစမ်းပွဲကစားခဲ့တယ်၊ ( ၁၉၉၃ မှာ စင်ကာပူမှာ ကျင်ပမယ့် SEA game ပြိုင်ပွဲအကြို ခြေစမ်းပွဲပေါ့ ၊ အဲဒီ အချိန်က ယခုလို ယူ၂၃ သာ ၀င်ပြိုင်ရမယ်လို့ မသတ်မှတ်သေးဘူး ၊ အရှေ့တောင်အာရှ ဘောလုံး ချန်ပီယံလုပွဲ တိုက်ဂါးဖလား / ဆူဇူကီး ဖလား ဆိုပြီး မပေါ်လာသေးတော့ SEA game က ဘောလုံး ရွှေတံဆိပ် ရရင် အရှေ့တောင်အာရှ ဒေသမှာ အကောင်းဆုံး အသင်း အဖြစ်ယူဆလို့လို့ရတဲ့ အချိန်ပေါ့။)
    မှတ်မှတ်ရရ အဲဒီနေ့က ကျနော်က ၉ တန်းကျောင်းသား ကျောင်းဖွင့်တဲ့ weekday ကြီးမှာ ဘောလုံးပွဲက ကန်မှာ။
    .
    အခုခေတ်လို အွန်လိုင်းက လက်မှတ်ဝယ်လို့လည်းမရ ကြိုလည်း မဝယ်နိုင်တဲ့အခြေအနေပါ။
    .
    သေချာပေါက် လက်မှတ်ရဖို့ ခက်မှာသိနေတဲ့ ကျနော် နဲ့ သူငယ်ချင်း တယောက် ဆရာမ ကို အသနားခံပြီ နေ့တဝက် Time Out ယူကာ သုဝဏ္ဏ ကွင်းဆီသို့ စိန်ပေါကျောင်းကနေ ၃၉ စီးပြီး ချီတက်ကြတယ်။ ဟိုရောက်တော့ ထုံးစံအတိုင်း ရိုးရိုးတန်း နေပူ ထဲ ထိုင်ရမယ့် လက်မှတ်တောင် မှောင်ခို လုပ်စားများ ဝယ်ယူထားလို့ ကုန်ပြီ၊ အပင်ပန်းခံ ပြီး ကြည့်ဖို့လာတာ မကြည့်ရရင် မဖြစ်လို့ ရှိစုမဲ့စု မုန့်ဖိုးလေးနဲ့ ၂ဆ ပေးပြီး မှောင်ခိုကပဲ ဝယ်လိုက်ရတယ်။

    ပွဲက ၅ နာရီမှ စကန်မှာ ဖြစ်ပေမယ့် လူတွေက နေရာကောင်းမရမှာ စိုးရိမ်စိတ် နဲ့ နေ့လည်၂ နာရီကတည်းက ကွင်းအတွင်း နေရာဝင်ဦးနေကြတယ်။ သုဝဏ္ဏ ကွင်း အရှေ့ဘက်တန်းက ဟင်းလင်းပြင် နေက ခေါင်းပေါ်မှာ အသေပူတာ မတတ်နိုင်ဘူး ၊ လွယ်အိတ် ကို ထီးလုပ်ပြီး သူများတကာလို သွားထိုင်နေရတယ်၊ အရှေ့ဘက်တန်းရဲ့ အလယ် မကျတကျ လောက်မှာ နေရာရမှ view က ကြည့်လို့ ကောင်းမှာ၊

    ပွဲစဖို့ နီးလာတော့ အခု SEA game ပြိုင်ပွဲ ဝင် ယူ၂၃ အသင်း မန်နေဂျာကြီး သန်းတိုးအောင် (ကျနော်တို့က ချစ်စနိုးနဲ့ နာမည်ပေးထားတာ ကိုတိုးကြီး) က Line Up ပါဖို့ မသေချာဘူးဖြစ်နေတယ် သူရဲ့ BE Civil ဘွဲ့ယူရမယ့် rehearsal အခမ်းအနား နဲ့ တိုက်နေလို့ ထရိန်နင် မလာနိုင်ဘူး၊ နောက်ကျနေတယ် အရံခုံမှာ ထိုင်မယ်လို့ သတင်းက တက်လာတယ်။

    အားကိုးစရာ ရှေ့တန်း က ဝင်းအောင်ကြီး (ချစ်စနိုးအခေါ် နွားကြီး) နဲ့ မျိုးလှိုင်ဝင်း (ကိုမျိုး) တို့တော့ ပါလောက်မယ် လို့တော့ မျှော်လင့်နေကြတယ်။
    .
    အထူးသဖြင့် စင်ကာပူမှာ ပရို အဆင့် ကစာဖူးတဲ့ ဝင်းအောင်ကြီးဟာ ကျနော့် အသည်းစွဲ ကစားသမားပေါ့ အခုပွဲက စင်ကာပူ နဲ့ ပွဲ ဖြစ်လို့ ဝင်းအောင်ကြီး ပါဖို့ အရေးကြီးတယ်။
    .
    မြင်ဖူးသမျှ မြန်မာ အားကစားသမားတွေထဲမှာ ဝင်းအောင်ကြီး ရဲ့ heading power နဲ့ jumping power ကို မှီသူ မတွေ့ဖူး သေး။
    .
    အထူးသဖြင့် အဲ့ဒီ အချိန်က ဆောက်လုပ်ရေး ဝန်ကြီးဌာန အသင်းမှာ အတူတွဲကစားနေတဲ့ သန်းတိုးအောင် နဲ့ ဝင်းအောင် ရဲ့ one touch technique ဟာ အတော်လှတယ်။ ပွဲစကန်တော့ စင်ကာပူ ဘက်က အပေးအယူ ညီတဲ့ Fandi Ahmed (now head coach of LionXII) နဲ့ V. Sundramoorthy (now Tampines Rovers (head coach) ,sg) အတွဲက စင်ကာပူ ရှေ့တန်းကို ဦးဆောင်လာတယ် ၊ မြန်မာ ဘက်က ဝင်းအောင်ကြီး ပါပေမယ့် သန်းတိုးအောင်မပါဘူး၊ နောက်တန်းက စောဘမြင့် ၊ Slide စိုးနိုင် ၊ ဂိုး အောင်ကျော်ကျော် ပါတယ်။

    ဘယ်လိုဖြစ်တယ် မသိ ခေတ်မီ တဲ့ ၂၀၁၅ ရောက်မှ ၊ စင်ကာပူ နိုင်ငံမှာ မြန်မာ အလုပ်လုပ်နေသူ နေထိုင်သူ ၂၀၀,၀၀၀ ရှိတဲ့ ခေတ်ရောက်မှ စင်ကာပူ အသင်းမှာ မလေး နဲ့ အိန်ဒီယန်း ကစားသမား ပါတာ အဆန်းဖြစ်ရတယ် ၊ လူမျိုးရေး racist ဖြစ်တဲ့ အသုံးအနှုန်း နဲ့ social media ကနေ အဖွ ခံရတယ်။
    .

    ဒီပွဲဟာ ၁၉၉၃ Singapore SEA game အကြို ခြေစမ်းပွဲ ဖြစ်လို့ အရေးကြီးတယ် တသင်းနဲ့ တသင်း အမှားမခံ ခံစစ် အားပြု ကွင်းလယ် အားပြိုင် ကစားတယ်၊ သန်းတိုးအောင် မပါတော့ ကွင်းလယ် အားနည်းတာ မြန်မာ ဘက်က သိသာလာတယ်။ စင်ကာပူကလည်း chance တွေ မဖန်တီးနိုင်ဘူး ၊ ဒုတိယပိုင်း ၇၀ မိနစ် လောက်မှာ ဆွန်ဒယာမူတီ ခေါင်းတိုက် ချပေးတာကို ထုံးစံအတိုင်း ဖန်ဒီ အာမက် အဆုံးသတ်ကာ ၁ ဂိုးသွင်းသွား တယ်။ မြန်မာ အသင်းလည်း သန်းတိုးအောင် ကို အမြန်ထည့်ကာ ခြေပဂိုး ရရန် တင်ကစားပေမယ့် စင်ကာပူအသင်းနောက်တန်းလုံစွာ ဖျက်နိုင်တော့ ပွဲအပြီးမှာ စင်ကာပူ က ၁ ဂိုး ဂိုးမရှိနဲ့ မြန်မာကို နိုင်တယ် ၊ ပရိသတ်ကြီးက သုဝဏ္ဏ ကွင်း အပြည့်ပါ နေရာ တနေရာ မလွတ်ဘူး ။
    .
    လုံထိန်းလည်း မစောင့်ဘူး သာမန်ရဲတော့ ရှိတယ်၊ ပရိသတ် က နားလည်တယ် ဒါ ခြေသွေးပွဲ ရှုံးပေမယ့် မြန်မာအသင်း နည်းပြ ဂျာမန်လူမျိုး မစ္စတာ ဝါနာ အတွက် အများကြီး စမ်းသပ်ခွင့်ရတယ် ၊ ကစားသမားတွေ အတွက် နိုင်ငံတကာ အတွေ့အကြုံ ရတယ် ၊ ဘောလုံးပွဲ ထုံးစံ အဝါကဒ် ရှိတယ် ထိခိုက်မှု ရှိတယ် ဟန်ဆောင် မှု ရှိတယ် တွန်းတိုက်တာရှိတယ်၊ ပွဲပြီးတော့ သန်းတိုးအောင် ဝင်းအောင် တို့နဲ့ ဖန်ဒီအာမက် အတူတောင် ဓာတ်ပုံ ရိုက်ကြသေးတယ်။
    .
    ဘယ်ပရိသတ်ကမှ စင်ကာပူက ကုလားတွေ တရုတ်တွေ မလေးတွေ နိုင်ငံခြားသား လူမျိုးခြား မွေးစားသားတွေလို့ ဆဲနေတာကို ကျနော်ထိုင်ကြည့်နေတဲ့ နေရာပတ်ဝန်းကျင်မှာ မကြားခဲ့ရဘူး၊ နောက်နေ့ ဘယ်သတင်းစာ ဘယ်ဂျာနယ်ကမှလည်း အဲလိုပုံစံမရေးဘူး၊ အဲဒီ အချိန်က စင်ကာပူ လက်ရွေးစင် အသင်းမှာ လင်တောင်ဟိုင်း၊ စတီဘင်တန်၊ လီမန်းဟန် (ချိုင်းနီစ် စင်ကာပူရီယန်း) ဆွန်ဒယာမူတီ၊ ရာဖီအလီ ၊ အဝဘ်မာလစ် ၊မန်နီမိုဟန် (အားလုံး အိန်ဒီယန်း စင်ကာပူရီယန်း) ၊ ဖန်ဒီအာမက် ၊ နာဇရီနာဆာ ၊ ကိုင်ဒယ် ယာယာ၊ လက်ရှိ စင်ကာပူ ယူ ၂၃ နည်းပြ အိုင်ဒီ အစ်စကန်ဒါ (အားလုံး မလေး စင်ကာပူရီယန်း) တို့ ပါဝင် ကစားခဲ့ကြတယ် ထို အချိန်က အားကစား ဂျာနယ် အင်အား ၊ တံခွန် ကို မှန်မှန် ဖတ်သူတိုင်း စင်ကာပူ လက်ရွေးစင်အသင်းမှာ လူမျိုး စုံ ပါတာ သိကြတယ်
    .
    ဘယ်လိုဖြစ်တယ် မသိ ခေတ်မီ တဲ့ ၂၀၁၅ ရောက်မှ ၊ စင်ကာပူ နိုင်ငံမှာ မြန်မာ အလုပ်လုပ်နေသူ နေထိုင်သူ ၂၀၀,၀၀၀ ရှိတဲ့ ခေတ်ရောက်မှ စင်ကာပူ အသင်းမှာ မလေး နဲ့ အိန်ဒီယန်း ကစားသမား ပါတာ အဆန်းဖြစ်ရတယ် ၊ လူမျိုးရေး racist ဖြစ်တဲ့ အသုံးအနှုန်း နဲ့ social media ကနေ အဖွ ခံရတယ်။ အားကစားပြိုင်ပွဲ တိုင်းမှာ ၀င်ပြိုင်ရင် အရှုံး အနိုင် ၂ ခု သာ ၇ှိမယ် ၊ နိုင်ရင် ဂုဏ်ယူပါ ပျော်ရွှင်ပါ ရင်ခုန်ပါ ၊ ရှုံးရင် စိတ်ဓါတ်မကျဘဲ နောင် လာမယ့် ပြိုင်ပွဲအတွက် သင်ခန်းစာယူပါ အားနည်းသည့်အရာများကို ပိုပြီးလေ့ကျင့်ပါ ၊ ဟိုလူ ဒီလူ ဟိုအကြောင်း ဒီအကြောင်း လက်ညှိုးထိုးနေတာဟာ နိုင်ငံကြီးသားကောင်းတွေ အတွေးအခေါ်မြင့်မားသူတွေ အလုပ်မဟုတ်ဘူး။
    .
    အားကစားပြိုင်ပွဲတွေကို အရောင်ဆိုးနေကြတာ ခုတုံး လုပ်နေကြတာ အကြံသမား ဥာဏ်သမား ၀ိသမလောဘသား၊ လောင်းကစားသမား များသာဖြစ်တယ်၊ ခုတုံးလုပ်မှု အခွင့်အရေးယူမှုကို နောက်ကွယ်က လုပ်တတ်တာ အာဏာရှင်အစိုးရတွေ ၊ ပါတီအာဏာရရေး လုပ်ဆောင်နေသူတွေ ကမ္ဘာ့နိုင်ငံအချို့ မှာ ရှိတတ်တယ်ဆိုတာ မျက်စိဖွင့်နားစွင့် ကြည့်ရင်တွေ့နိုင်ပါတယ်။
    .
    ## ဘယ်လိုဘဲဖြစ်ပါစေ ဘောလုံးအားကစားကို ချစ်မြတ်နိုးတဲ့ ကျနော့်အတွက်တော့ ငယ်စဉ်ဘ၀ ဘောလုံးကွင်းအတွေ့အကြုံ များဟာ အမြဲ ထာဝရ အမှတ်တရ ရှိနေမှာပါ။

    ဇင်ဘိုအောင်
    ၀၅-၀၆-၂၀၁၅

    စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ၄င်း၏ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

    .—————————————
    ** M-Media သို့ သတင်းဆောင်းပါးများပေးပို့နိုင်ပါသည်။ [email protected] သို့ ဆက်သွယ်နိုင်ပါသည်။ ပေးပို့လာသည့် ဆောင်းပါးများကို စိစစ်ပြီး ဖော်ပြပေးသွားပါမည်။

  • မီဒီယာအချို့ အမုန်းတရားရဲ့ ရေသောက်မြစ်ဖြစ်နေပြီလား?

    မီဒီယာအချို့ အမုန်းတရားရဲ့ ရေသောက်မြစ်ဖြစ်နေပြီလား?

    ဇွန် ၄ ၊ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်- Dr ကိုကိုကြီး
    Hate Speech

    အွန်လိုင်း မီဒီယာ အများစုရဲ့ Pages အောက်က comments တွေ ကိုဝင်ဖတ်ကြည့်ကြည့် ၊ ဆဲဆိုတာ စော်ကားတာ၊ မိုက်ရိုင်းတာ၊ ဘာသာတရားတွေကို ပုတ်ခတ်တာ၊ လူမျိုးရေး ခွဲခြားနှိမ်ချတာနဲ့ လွတ်တဲ့ကင်းတဲ့ post မရှိသလောက်ပါဘဲ။
    .
    ကျွန်တော်စဉ်းစားမိတာက
    .
    – မီဒီယာ တွေရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာတွေမှာ ဘာကြောင့်ဒီလို comments တွေကိုရေး ခွင့်ပြုထားပါသလဲ။ (မြန်မာမီဒီယာ အများစုကိုဆိုလိုပါတယ်။)
    .
    – ဘယ်ဒီမိုကရေစီ စနစ်မှာမှ ဒီလို အစွန်းရောက် စော်ကား ခွင့်မရှိပါဘူး။
    .
    – ဒါ ရပိုင်ခွင့်မဟုတ်ပါဘူး။
    .
    – မီဒီယာ အချို့ အနေနဲ့ သူတို့ရေးခွင့်မသာတဲ့ အမုန်းတရားကို စာဖတ်သူရှဲ့ comments မှ တစ်ဆင့် သွယ်ဝိုက်ဖြန့်ချိချင်နေတာလား။
    .
    – မီဒီယာတွေရဲ့ ဆိုရှယ် စာမျက်နှာက သတင်းတွေအောက်မှာ ပုံမှန် စတင်ဆဲဆိုဖို့ အစပျိုးပေးတဲ့ Accounts ၁၀၀ – ၂၀၀ ထက်မပိုပါဘူး။ နှစ်ဘက်စာဖတ် သူတွေပါ ဝင်ရောက်ဆဲဆိုလာကြပြီဆိုရင် သူတို့တွေ အောင်မြင်စွာနဲ့ နောက်ထပ် Media Page တွေ၊ Journal Page တွေမှာ ပြဿနာ ဖန်တီးဖို့ထွက်ခွါသွားတော့တာပါပဲ။
    .
    အစွန်းရောက် မီဒီယာ တစ်ချို့မှာ အကောင့်အတုနဲ့ ဂျာနယ်လစ် တွေကိုယ်တိုင် comments တွေဝင်ရေး လှုံ့ဆော်တာတောင် ရှိနေတာတွေမြင်တွေ့နေရတာပါ။
    .
    အဖြေက အကောင့်ပုန်းအချို့ဟာ မီဒီယာတွေ အပြင် လူမျိုးရေး ဘာသာရေးမှ တဆင့် အကျိုးအမြတ်ရှာနေတဲ့ နိင်ငံရေး အဖွဲ့အစည်းတွေနဲ့ပါ ပတ်သက်နေတာ လုံးဝမငြင်းနိုင်ပါဘူး။
    .
    – ဒီ Accounts တွေဟာ ရိုးသားပါရဲ့လား၊ လိုင်းပေါ်မှာ ၂၄ နာရီလုံးပတ်လုံးရှိနေတာထောက်ရင် အဖွဲ့အစည်း တစ်ခုရဲ့အောက်မှာ စနစ်တကျ လှုပ်ရှားနေတာ သေချာပါတယ်။ဘယ်သူမှအခကြေးငွေတစ်စုံတစ်ရာမရဘဲ ရေရှည် မလှုပ်ရှားနိုင်ပါဘူး။( တစ်နာရီ ၄၀၀ ကျပ်နဲ့ ၂၄နာရီအတွက် ၉၆၀၀ကျပ် ကုန်မှာပါ၊ တစ်လ အနည်းဆုံး သုံးသိန်း ဝန်းကျင်သုံးရပါ့မယ်။)
    .
    သာမန် ဝင်ငွေရှိတဲ့ လူတစ်ယောက် အနားတောင် မကပ် နိုင်တဲ့ငွေပမာဏပါ။ လူတစ်ယောက်လိုင်းပေါ်မှာ ၂၄ နာရီနေဖို့ လိုင်းသုံးစွဲခ၊ electronic devices တွေအပြင်၊ စားဝတ်နေရေး အတွက်ပါထောက်ပံ့ပေးရမှာပါ။
    .
    – ဒီ Accounts တွေရဲ့ အမည်တစ်ချို့ဟာ တရုတ်၊ အစ္စလာမ်၊ ခရစ်ယာန် အမည်တွေ ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဘွဲ့အမည်တွေနဲ့ ဟန်ဆောင်ထားလေ့ရှိပြီး ဘာသာတရား တွေကို စတင်ဆဲဆိုပြီး ပြဿနာ စတင်လေ့ရှိပါတယ်။
    .
    သူတို့ကိုဘယ်အဖွဲ့အစည်းက ထိန်းချုပ်ထားပါသလဲ။ မီဒီယာတွေဘာကြောင့် ဒီလို အကောင့်တွေကို စိတ်တိုင်းကျ ရေးသားခွင့်ပြု ထားရပါသလဲ။
    .
    -ကျွန်တော့်ရဲ့ Timeline အောက်မှာ ဘယ်သူကိုမှဆဲဆို စော်ကား ခွင့်မပေးပါဘူး၊ အစွန်းရောက် comments များလဲပေးခွင့်မပြုပါဘူး။ဘယ်လူမျိုး၊ ဘယ်ဘာသာတရား ကိုမှ စော်ကားမော်ကား လုပ်ခွင့်မပြုပါဘူး။ ချက်ချင်း block ပါတယ်။ ချက်ချင်းဖျက်ပစ်ပါတယ်။ timeline ပေါ်လည်း view before post လုပ် စီစစ်ပြီးမှ တင်ခွင့်ပြုပါတယ်။
    .
    – ကျွန်တော့်လို ဘာမှမဟုတ်တဲ့ လူတစ်ယောက်တောင် လွယ်လွယ်လေးလုပ်နိုင်ရင်၊ ပြည်သူသန်း ၅၀ ကျော် ကို ကိုယ်စားပြုနေတဲ့ မီဒီယာတွေက မလုပ်နိုင်တာဟာ အများကြီး စဉ်းစားစရာပါ။
    .
    ကျွန်တော်ကတော့ ဂျာနယ်တွေ ၊မီဒီယာတွေ တွေကိုယ်တိုင် သူတို့ရဲ့ အကျိုးစီးပွားနဲ့အတ္တကြောင့် မလုပ်ချင်တာလို့မြင်ပါတယ်။
    .
    – ဒီတော့ဗျာနိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ကိုယ်က သဘောထား မပြောင်း လိုရင်၊ နိုင်ငံအေးချမ်းသာယာတာကို မလိုချင်ရင် တော့ ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီနိုင်ငံတော်ဆိုတာ ၂၀၁၅ မရောက်မီမှာဘဲ ၉၆ပါးသော ရောဂါများစွဲကပ်ပြီး အနိစ္စ သဘောနဲ့ ကိစ္စချော သွားတော့မှာ သေချာကြောင်းပါ ခင်ဗျား။
    .—————————————
    ** M-Media သို့ သတင်းဆောင်းပါးများပေးပို့နိုင်ပါသည်။ [email protected] သို့ ဆက်သွယ်နိုင်ပါသည်။ ပေးပို့လာသည့် ဆောင်းပါးများကို စိစစ်ပြီး ဖော်ပြပေးသွားပါမည်။

  • ခေတ် ဖက်ရှင်ဖြစ်လာတဲ့ ကုလားမုန်းဝါဒ

    ခေတ် ဖက်ရှင်ဖြစ်လာတဲ့ ကုလားမုန်းဝါဒ

    ဇွန် ၃ ၊ ၂၀၁၅
    M-Media
    ခင်မောင်ထွန်း(MDY) ရေးသည်။
    .Inn Lay
    ခေတ်ဖက်ရှင်ဖြစ်လာတဲ့ ကုလားမုန်း ဝါဒထဲ သယ်ချင်းတွေ ဒရောသောပါး ဝင်လာနေသည်။ မသိနားမလည် နားမလည်မှု့မှ မြစ်ဖျား ခံလာသော အတွေးအမြင်တွေကို တင်ပြလာသည်။ ဘာသာရေးတိုက်ခိုက်မှု့များနှင့် ပတ်သက်၍ ပြန်လည်ဖြေရှင်းမှု့များကို မလုပ်ချင်တော့ပါ။ သို့ပေမယ့် သူငယ်ချင်း ပညာတတ် တယောက်ဖြစ်နေ၍ မနေနိုင်လို့ပြန်ရှင်းခြင်းဖြစ် ပါသည်။ သို့ရာတွင် သူငယ်ချင်း wall ပေါ် ပြန်မန့်လို့ မရလို့ ကိုယ့်ဖာသာပဲ post တင်လိုက်တာပါ။ ငြိမ်းချမ်းသော အတွေးအခေါ်မှာ ရှင်သန်ပြီး မသိနားမလည် မလိုလားခြင်းများ ကင်းဝေးကြပါစေ။
    .
    ရိုးရိုးသားသားတွေးပြီးဖြေပါမည်။
    .
    ၁ ။ မွတ်စလင်အရေးက ငြိမ်ငြိမ်ချမ်းချမ်းဖြေရှင်း မရတော့ဘူးထင်တယ် ဆိုရာမှာ မြန်မာ မွတ်စလင်တွေက အုပ်စုအားကိုးနဲ့ တခြားဘာသာရဲ့ အိမ်၊ ကျောင်း၊သာသနိက အဆောက်အဦ၊ လူတွေကို တိုက်ခိုက် ရန်မူတာမျိုးရှိခဲ့ပါသလား? မြန်မာပြည်က မွတ်စလင်တို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေသာ ဖျက်ဆီးခြင်း ခံရတာသေချာပါသည်၊ အမုန်းတရားလှုံ့ဆော်နေသော နိုင်ငံရေး အသာစီးရလိုသော လူတစု၏ စနစ်တကျ လုပ်ကွက်များဖြစ်နေတာကို ရိုးသားသူတွေ ဒေါသမာန် တက်စေခြင်းဖြစ်နေတာကို သိပါသလား? အရင်းအမြစ်က အစိုးရ ကိုယ်တိုင်ဖြစ်နေ၍ ထို root cause ကို ဖြေရှင်းနိုင်လျှင် ငြိမ်းချမ်းပါမည်။  ယခုထိ အိုးအိမ်ပျက်ဆီး ထိခိုက်သူများမှ ဘာမှ မတတ်နိုင် လက်မှိုင်ချ စိတ်အားငယ်ကြောက်ရွံ့နေရတာကို သင်သာ ခံစားရသူဖက်က ရှိခဲ့မည်ဆိုလျှင် သေချာ နားလည်ပါလိမ့်မည်။ တစုံတရာ အသံကြားရပြီဆိုလျှင် တထိတ်ထိတ် တလန့်လန့်နဲ့ နေထိုင်ရတဲ့ ဘဝတွေကို သိပါသလား?
    .
    ၂ ။ ကျုးကျော်သူတွေကို ဘာသာတူလို့ ဘက်လိုက်ငြင်းတာ ဆိုသောအချက် မဟုတ်ပါ၊ တိုင်းရင်းသား အဖြစ်ရှိနေသော ကမန် လူမျိုးအပါအဝင် အမည်နာမ အငြင်းခံနေရသော လူမျိုးစုတစုတို့သည် ရှေးယခင် ကတည်းက မြန်မာပြည်ကြီးမှာ အသေအချာ ရှိနေတာကို သိပါသလား? နှစ်ပေါင်း ရာချီသက်တမ်းရှိ ဗလီကြီးများ ရှိနေပါသေးသည်။၊ ခိုးဝင်ရှိကောင်းရှိမည် ဆိုသော်လည်း အထက်ပါ ခိုးဝင်ဆိုတဲ့ စကားရပ်ကို ရခိုင်တွင် မူလ ဘူတ ကတည်းက ရှိခဲ့သော မွတ်စလင်တို့ကိုပါ ရည်ညွှန်း တိုက်ခိုက်လာနေခြင်းဖြစ်သည်ကို သိပါသလား?
    .
    မြန်မာပြည်တွင် ဗုဒ္ဓဘာသာဝင်သာ ရှိသည်ဟူသော logic အတွေးမှ ဒီအမြင်ဖြာ ထွက်လာခြင်းဖြစ်နိုင်ပါသည်။ လှေစီးပြေး ဖမ်းမိ တဖက်နိုင်ငံက ဘင်္ဂါလီများကို ဘယ်ပြည်တွင်း မွတ်စလင်မှ လက်မခံပါ။ ကျုးကျော်လာသူများကို မည်သည့် ဘာသာဖြစ်စေ လက်မခံနိုင်ပါ၊ သို့သော် တဖက်နိုင်ငံတွင် ရှိနေသော ရခိုင် ဗုဒ္ဓဘာသာဝင်များကို အလုံးအရင်း ဝင်ရောက်နေတာကို သိပါသလား? အဆိုပါသူများမှာ မြန်မာ့ဥပဒေပါ အချက်များ အရ နိုင်ငံသားများ မဟုတ်ပါ။
    .
    NLD ရော အစိုးရဖက်ကရော racist တွေ အများကြီးရှိနေပါသည်၊ အစိုးရဖက်က တမင် ရည်ရွယ်ချက်နှင့် လုပ်နေတာဖြစ်၍ တဖက်ကတော့ လူတွင်ကျယ်လုပ်လို၍ လူအများ လူပြိန်းကြိုက် ဘာသာရေးအကြောင်းနဲ့ စင်ပေါ်ရောက်ချင်လို၍ဖြစ်သည်ဟု နားလည်သည်။
    .
    ၃ သူများနိုင်ငံက ဆိုးသွမ်း အစွန်းရောက်တာ များကို မြန်မာပြည်တွင်းနေများနှင့် ရောထွေး စဉ်းစား သုံးသပ်ခြင်းမှာ မြန်မာ မွတ်စလင်များကို ကိုယ်နှင့်မတူ Outsider များ အဖြစ် သင် မှတ်ယူထား၍ သာဖြစ်ပါသည်၊ ပြသနာက အဲ့ဒါဖြစ်ပါသည်၊ အဆိုပါနိုင်ငံများမှ ရူးသွပ်သူတို့၏ အပြုအမူများကို ဒီမှာရှိနေသော လူနည်းစုများအပေါ် ရောင်ပြန်ဟပ်ခြင်းဖြစ်ပါသည်၊ majority ၏ စိုးမိုးနှိပ်ဆက်မှု့ကို မြန်မာပြည်သားတွေ ပုံတူးကူးချလာအောင် စစ်အစိုးရ လုပ်နေပါသည်။ သွေးခွဲပါသည်။ ရန်တိုက်ပါသည်။
    .
    ဆော်ဒီ၊ အီရန်၊ အီရတ်တို့တွင် majority ကြီးစိုးမှု့မှ အစွန်းရောက် အတွေးအခေါ်များ ဖြစ်ပေါ်နေသလားဆိုတာ သူတို့ လုပ်ရပ်သာဖြစ်၍ မြန်မာပြည်တွင်းမှ မွတ်စလင်များနှင့် မည်သို့မှ မသက်ဆိုင်သည်ကို ဆက်စပ်ပြီး သူတို့ဆီမှာတော့ မရှိလို့ ငါတို့ဆီမှာ မရှိရဘူးဟုထင်မြင်လျှင် အထက်ပါ သူတို့စိတ်ဓာတ်ကို ပုံတူ အားကျခြင်းမျိုးပဲဖြစ်နိုင်ပါသည်။
    .
    အင်ဒို၊ မလေးတို့မှာ မြန်မာဘုန်းကြီးကျောင်းများရှိသည်ဟု သိရသည်။ အစွန်းရောက် လူပေလူတေများ၏ မြန်မာသံရုံး ဗုံးခွဲဖို့ ကြံစည်သည်များကို အမြန်ဖြိုခွင်းကာ၊ တလောက ဆန္ဒပြမှု့ကို ချက်ချင်းဖြိုခွဲသော နိုင်ငံများဖြစ်သည်။ အင်ဒိုနီးရှားတွင်  ရှေးအကျဆုံးနှင့် အကြီးဆုံးဘုရားကြီးကိုလည်း ထိန်းသိမ်းစောင့်ရှောက်ထားတာကို သိမြင်နိုင်ပါသည်။ မလေးသည်လည်း အလားတူသာဖြစ်သည်။
    .
    ကုရ်အာန်ကျမ်းရဲ့ အဆိုအမိန့်ထဲက တချို့အချက်တွေဟာ အင်မတန်ဆိုးပါသည် ဟူသော အတွေးကို မည်သည့် source မှ လက်ခံထားပါသနည်း? သူငယ်ချင်းအနေနဲ့ တခြားဘာသာရဲ့ အမွန်အမြတ်ကို သည်လို မဝေဖန်သင့်ပါ၊ ကိုယ်က သယ်ချင်းတို့ အမွန်အမြတ်ကို ဝေဖန်မည်ဆိုလျှင် လက်မခံမှာ သေချာ ပါသည်။ ကုရ်အာန် ကို စော်ကားထိခိုက်တာမျိုးကို အင်တာနက်မှ ဟောင်နေသော ခွေးတို့သာ လုပ်ပါစေ၊
    .
    စစ်အစိုးရပေါ်လာမှ၊ တိတိကျကျဆိုလျှင် ကြားဖြတ်ရွေးကောက်ပွဲပြီးမှ ဘာသာရေး ပြသနာတွေပေါ်လာတာကို သူငယ်ချင်း သတိချပ်ပါ၊
    .
    အရင်းအမြစ်က အမုန်းတရားများ ဖြန့်ဖြူးနေသော ဘုန်းကြီးတုများ၏ ဗုဒ္ဓဓလေ့နှင့် မအပ်စပ်သော အပြုအမူများကို ရပ်တန့်စေလျှင်ပြီးပါပြီ၊ ဒီအစိုးရပြုတ်လျှင် ငြိမ်းချမ်းပါပြီ၊ အန္တရာယ်က ကိုယ်တို့လူနည်းစုအပေါ်မှာ ကျရောက်နေ၍ လူအများစုအနေနှင့် ကိုယ်နှင့်မဆိုင်၊ ငါတို့က ဘာမှမဖြစ်ဟု စိတ်အေးနေနိုင်၊ သူများက ကုလားချဟေ့ဆိုတိုင်း ရောယောင် ချကြနှင် နေနိုင်သော်လည်း မွတ်စလင်များမှာ ဘယ်တော့ ငြိမ်းချမ်းမလဲဟု မျှော်လင့် စောင့်စားနေကြသူများချည်းဖြစ်သည်ကို စာနာပေးပါ။

    Photo Credit- DVB