News @ M-Media

Author: M-Media

  • ဆီးရီးယား ဒုက္ခသည်များ ကူညီရာတွင် အနှောက်အယှက်ဖြစ်မှု အစိုးရနှင့် သူပုန် နှစ်ဘက်စလုံးကို ကုလပြစ်တင်

    မတ် ၂၅၊ ၂၀၁၄
    M-Media

    – ဆီးရီးယားနိုင်ငံအတွင်း တိုက်ခိုက်မှုများ မြင့်တက်လာခြင်းနှင့် လူသားချင်းစာနာသည့် အကူအညီများအား ပိတ်ပင်ထားခြင်းတို့ အတွက် အစိုးရနှင့် အတိုက်အခံနှစ်ဘက် စလုံးကို ကုလသမဂ္ဂ အထွေထွေ အတွင်းရးမှူးချုပ် ဘန်ကီမွန်က ပြစ်တင်ပြောဆိုခဲ့သည်။

    201432513529394734_20

    ယခုနှစ်အစတွင် အကူအညီ မရရှိသေးသည့် ဒုက္ခသည့် ၁ သန်းသာရှိခဲ့ရာမှ နိုင်ငံအတွင်း တိုက်ခိုက်မှုများမြင့်တက်လာသည့် အတွက်ကြောင့် ယခုအချိန်တွင် အကူအညီ မရသေးသူ ဒုက္ခသည် ၃.၅ သန်းအထိ ရှိလာပြီး၊ စုစုပေါင်း ဒုက္ခသည့် ၉.၃ သန်းတွင် နိုင်ငံအတွင်းရှိနေသည့် ဒုက္ခသည်ဦးရေမှာ ၆.၅ သန်းခန့်ရှိနေသည်ဟု ဘန်ကီမွန်က ပြောကြားခဲ့သည်။

    ဒုက္ခသည်များအားပေးအပ်မည့် အကူအညီများကို ၀င်ခွင့်ပြုရန် အစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံးအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုထားခဲ့သည်။ သို့သော်လည်း အတိုက်အခံ အဖွဲ့များ အကြား တိုက်ခိုက်မှုများ မြင့်တက်လာခြင်းက အကူအညီပေးရေး အတွက် အနှောက်အယှက်များကို ဖြစ်စေပြီး နိုင်ငံမြောက်ပိုင်းရှိ လမ်းကြောင်း အချို့မှာလည်း ဖြတ်တောက်ခြင်းခံခဲ့ရသည်။

    ထိုကဲ့သို့ အခြေအနေများ ဆိုးရွားနေခဲ့သော်လည်း ကုလ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှ ဖေဖော်ဝါရီလ အတွင်း ဒုက္ခသည် ၃.၇ သန်းသို့ အကူအညီများ ပေးပို့နိုင်ခဲ့သည်ဟု ဘန်က ထပ်လောင်းပြောကြားခဲ့သည်။

    ၂၀၁၁ ခုနှစ် မတ်လက စတင်ခဲ့သည့် ဆီးရီးယားပြည်တွင်းစစ်မှာ ၃ နှစ်ကြော်ကြာလာပြီဖြစ်ပြီး လူ သိန်းချီသေဆုံးခဲ့ကာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ဒုက္ခသည်ဦးရေမှာလည်း သန်းချီရှိနေသည်။

    AP

  • Muslim Brotherhood အဖွဲ့ဝင် ငါးရာကျော်အား အာဏာသိမ်း စစ်တပ်နောက်ခံ အီဂျစ်တရားရုံး သေဒဏ်ပေး

    မတ် ၂၅၊ ၂၀၁၄
    M-Media

    – ပြီးခဲ့သည့်နှစ် သြဂုတ်အတွင်းက ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း ရဲစခန်းများအား တိုက်ခိုက်ခဲ့သည်ဟူသော စွဲချက်ဖြင့် Muslim Brotherhood  အဖွဲ့ဝင် (၅၂၈) ဦးအား အီဂျစ်တရားရုံးက သေဒဏ်ပေးခဲ့သည်ဟု သိရသည်။

    140324102902-muslim-brotherhood-supporters-story-top

    ၎င်းတို့အားလုံးမှာ Muslim Brotherhood  အဖွဲ့ခေါင်းဆောင် သမ္မတမော်စီအား ပြီးခဲ့သည့်နှစ် ဇူလိုင်လက စစ်တပ်မှဖြုတ်ချ ခဲ့ပြီးနောက် နိုင်ငံမြောက်ပိုင်း မင်ယာပြည်နယ် မက်တိုင်းခရိုင်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့ အဆောက်အဦးအား တိုက်ခိုက်မှုနှင့် ရဲအရာရှိ တစ်ဦးအား သတ်ဖြတ်မှုများဖြင့် စွဲချက်တင်ခံခဲ့ရခြင်းဖြစ်သည်။

    ထို့ပြင် အစိုးရအသင်းအဖွဲ့များအား ဖျက်ဆီးမှု၊ လုံခြုံရေးဝန်ထမ်းများကို ပစ်ခတ်မှု၊ ရဲတပ်ဖွဲ့၏ လက်နက်များ ခိုးယူမှု၊ ရဲစခန်းများအား မီးရှို့မှု၊ ဒေသခံများကို အကြမ်းဖက်မှု၊ ပြည်သူ့ငြိမ်းချမ်းရေး နှောက်ယှက်မှု စသည့် စွဲချက်များလည်းပါဝင်သည်။

    အဆိုပါ အဖွဲ့ဝင် ၅၂၈ ဦးမှာ မင်ယာပြည်နယ်တွင် ဖမ်းဆီးထားခဲ့သည့် Muslim Brotherhood  အဖွဲ့၏ အဖွဲ့ဝင် (၁၂၀၀) ကျော်ထဲမှဖြစ်ပြီး ကျန်ရှိသည့် အဖွဲ့ဝင် ၇၀၀ ကျော်အား မနက်ဖြန်တွင် တရားရုံး၌ စစ်ဆေးမည်ဖြစ်သည်။

    အီဂျစ်နိုင်ငံ၏ အာဏာရှင်ဟောင်း ဟိုစနီမိုဘာရက်အား ဖြုတ်ချကာ နိုင်ငံသမိုင်း ဒီမိုကရေစီနည်းလမ်းဖြင့် ပထမဆုံး သမ္မတဖြစ်လာသည့် Muslim Brotherhood အဖွဲ့ခေါင်းဆောင် မုဟမ္မဒ် မော်စီအား အီဂျစ်စစ်တပ်က ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း ဖြုတ်ချခဲ့သည်။ ထို့နောက် အီဂျစ်နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်မှ ပစ်ခတ်နှိမ်နင်းခဲ့သောကြောင့် လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့ကာ၊ မော်စီအပါဝင် ထောင်ပေါင်းများစွာမှာလည်း ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ထို့ပြင် Muslim Brotherhood  အဖွဲ့ကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ် စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် အီဂျစ်အစိုးရက သတ်မှတ်ခဲ့သည်။

    ဆင်ဟွာ

  • ပရိတ်သတ်၏ အပြုအမူကြောင့် ဘိုင်ယန် အိမ်ကွင်း ပွဲကြည့်စင် နေရာအချို့ ပိတ်ခံရ

    မတ် ၂၄၊ ၂၀၁၄
    M-Media

    – အာဆင်နယ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပြုလုပ်ခဲ့သည့် ဘိုင်ယန်ပရိတ်သတ်များ၏ အပြုအမူကြောင့် လာမည့်ပွဲတွင် ပွဲကြည့်စင်တစ်စိတ်တစ်ပိုင်းအား ပိတ်ထားရန် ဥရောပဘောလုံးအဖွဲ့ချုပ်က ဘိုင်ယန်မြူးနစ်အသင်းအား ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။

    381894_heroa

    မတ်လ ၁၆ ရက်နေ့က ဘိုင်ယန်မြူးနစ်အသင်း၏  Allianz Arena ကွင်းတွင် ကစားခဲ့သည့် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်တွင် ဘိုင်ယန်ပရိတ်သတ်များက အာဆင်နယ်အား စော်ကားသည့် နဖူးစီးအား ဝှေ့ယမ်းပြသခဲ့သည်။

    ထို့ကြောင့် လာမည့်လအတွင်းကစားမည့် မန်ယူအသင်းနှင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အိမ်ကွင်းပွဲစဉ်တွင်  Allianz Arena ကွင်း၏ ပွဲကြည့်စင် တစ်စိတ်တစ်ပိုင်းကို ပိတ်ထားရန် ဥရောပ ဘောလုံးအဖွဲ့ချုပ်က ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး၊ ယူရို ၁ သိန်းဒဏ်ရိုက်ခဲ့သည်။

    “ယူအီးအက်ဖ်အေရဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက Allianz Arena ကွင်းရဲ့ ပွဲကြည့်စင် တစ်စိတ်တစ်ပိုင်းကို ပိတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဧပြီ ၉ ရက်နေ့ မန်ယူနဲ့ကစားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အိမ်ကွင်းပွဲစဉ်မှာပါ” ဟု ယူအီးအက်ဖ်အေမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါနဖူးစီးအပြင် ဘိုင်ယန်ပရိတ်သတ်များမှာ အာဆင်နယ်ကစားသမား အိုဇေးလ်အား ရိုင်းစိုင်းစွာ စော်ကားလှောင်ပြောင်သည့် ရုပ်ပုံကားချပ်ကိုလည်း ဝှေ့ယမ်းပြသခဲ့သည်။

  • Dhaka Tribune ဆောင်းပါးကိစ္စ ဘင်္ဂလားဒေ့ရှ် သံအမတ်အား မြန်မာ ဆင့်ခေါ်မည်။ အဆိုပါ ဆောင်းပါးကို မွတ်စလင် အသိုင်းအဝိုင်းမှ ရှုတ်ချ

    မတ် ၂၅၊ ၂၀၁၄
    M-Media

    Dhaka Tribune ရဲ့ ရိုဟင်ဂျာရေးရာ ဆောင်းပါး ကိစ္စ ဘင်္ဂလားဒေ့ရှ်သံ အမတ်အား မြန်မာဆင့်ခေါ်မည်။ အဆိုပါ ဆောင်းပါးကို ပြည်တွင်း မွတ်စလင် အသိုင်းအဝိုင်းမှ ရှုတ်ချ

    A_referendum_in_Rakhine_state_Dhaka_Tribune_-_2014-03-25_10.44.58မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများကို ပြည်ထောင်စုမှ ခွဲရေးတွဲရေး ဆန္ဒခံယူပွဲပြုလုပ်ပေးသင့်ကြောင်း Dhaka Tribune ၏ အတွေးအမြင် ဆောင်းပါးအပေါ် ကန့်ကွက်ရေးအတွက် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနသည် ဘင်္ဂလားဒေ့ရှ် သံအမတ်အား ဆင့်ခေါ်ပြောဆိုရန် စီစဉ်နေကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်က တနင်္လာနေ့တွင် DVB သို့ ပြောကြားသည်။

    “ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာနဲ့ ပိုင်နက်ပျက်စီးစေမယ့် အဲ့ဒီလိုအမှုမျိုးကို ကျွန်တော်တို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုရေးသားချက်မျိုးကို ကန့်ကွက်ရပါလိမ့်မယ်။ အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေဖို့ အတွက် ကျွန်တော်တို့ အမိနိုင်ငံတော်ကို ကြည့်ရှုစောင့်ကြပ်သွားမှာဖြစ်တယ် ” ဟု ဦးရဲထွဋ်က ဆိုသည်။

    ထိုဆောင်းပါးမှာ လက်ရှိ ခရိုင်းမီးယားပြဿနာနှင့် ဆက်စပ်၍ နှိုင်းယှဉ်ဥပမာပေးပြီး “ရိုဟင်ဂျာတို့သည် ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ စပ်ကြား၌ လွတ်လပ်သောနိုင်ငံတစ်ခု တည်ထောင်သင့်သည်ဟု သုံးသပ်ချက်၊ အကယ်၍ ယင်းသို့သော ရတောင့်ရခဲ အခွင့်အလမ်းကို ဖော်ဆောင်ပြီး စားပွဲဝိုင်းဆွေးနွေးပွဲ မပြုလုပ်ပါက ထိရောက်အောင်မြင်မည် မဟုတ်ကြောင်း စသဖြင့် စာနယ်ဇင်းသမား Zasheen Khan က ၎င်း၏ ကိုယ်ပိုင်အမြင်ဖြင့် ရေးသားထားသည်။

    စာရေးသူသည် ဘင်္ဂလားဒေ့ရှ်အစိုးရသော်လည်းကောင်း၊ ရိုဟင်ဂျာတစ်ဦးတစ်ယောက်သော်လည်းကောင်း မည်သည့် အရင်းအမြစ်မှ ရယူထားခြင်း မရှိဘဲ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာလူ့အစုအဝေး ဖိနှိပ်ညှင်းပန်းခံရခြင်း အဆိုများ၊ ကောက်နှုတ်သမိုင်း အပိုင်းအစများ၊ နိုင်ငံတကာထင်ကြေးများကိုသာ အခြေပြုရေးသား ပုံဖော်ထားခြင်း ဖြစ်သည်။

    အချက်အလက် အရည်အသွေးမပြည့်မီသော်ငြား ထိုဆောင်းပါးမှာ ဆိုရှယ် မီဒီယာဆိုဒ်များပေါ်တွင် မြန်မာနိုင်ငံသားများနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားမျာ့း အကြား တမဟုတ်ချင်း ဂယက် ရိုက်သွားစေခဲ့သည်။ ရိုဟင်ဂျာ သတင်းသမားများသည်ပင် ထိုဆောင်းပါးကို မနှစ်မြို့ကြသည်သာမက၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စ်လင်မ် လူ့အဖွဲ့အစည်းအား မြန်မာပြည်မှ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် ခွဲထွက်ရေး အကြောင်းကို ဝေဖန်ရှုတ်ချလျက်ရှိကြသည်။

    ပြည်တွင်း ရိုဟင်ဂျာသတင်းများ  ဖော်ပြပေးလျက်ရှိတဲ့ Rohingya Blogger website မှ နေဆန်းလွင် မှ ထိုဆောင်းပါးကို အလွန်စိတ်ပျက်စရာ ရေးသားချက်ဟု သမုတ်ခဲ့ပြီး ရိုဟင်ဂျာများမှာ မြန်မာနိုင်ငံမှ မည်သည့်အခါမျှ ခွဲထွက်မည်မဟုတ်ဟု တုန့်ပြန်လိုက်သည်။

    “ တကယ်လို့ ရိုဟင်ဂျာ ဆန္ဒခံယူပွဲလုပ်ရင်လည်း – ကျွန်တော်တို့ဟာ မြန်မာနိုင်ငံသားတွေ၊ မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာ လူမျိုးတွေဖြစ်တယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်း တစ်ရပ်ဖြစ်သလို မြန်မာ့ အစိတ်အပိုင်းအဖြစ် ထာဝရ ရှိနေဦးမှာပါဘဲ – လို့ ဆိုကြပါလိမ့်မယ် ”။

    တစ်ချိန်တည်းမှာပင် ထိုဆောင်းပါးမှာ ပုံပျက်ပန်းပျက် နောက်ခံသမိုင်းကြောင်းနှင့် တလွဲတချော်အချက်အလက်များကို အခြေခံထားကြောင်း၊ မြန်မာနိုင်ငံအတွင်း လူမျိုးရေးဘာသာရေးဆိုင်ရာ ပဋိပက္ခမီးမွှေးလိုသည့်သဘော ပါဝင်နေကြောင်း၊ စာနယ်ဇင်း ကျင့်ဝတ်ကို ချိုးဖောက်ထားကြောင်း၊ မြန်မာ့ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်ထားကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးနေကြောင်း ဟုဆိုကာ မြန်မာစာနယ်ဇင်းအဖွဲ့မှ စာရေးသူအား ရှုတ်ချလိုက်ပါသည်။

    Dhaka Tribune ဆောင်းပါးဟာ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ မွတ်စလင်တွေ အပေါ်မှာ အထင်အမြင်လွှဲမှားအောင် လုပ်ကြံဖန်တီးမှု တစ်ခု ဖြစ်တယ်လို့ မွတ်စလင် ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဟာဂျီ ဦးအေးလွင်က RFA နဲ့ တွေ့ဆုံခန်း တခုမှာ ပြောပါတယ်။ ဆောင်းပါးရှင်ဟာ ရိုးသားမှုမရှိကြောင်း မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တိုင်းရင်းသား/နိုင်ငံသား အစ္စလာမ်ဘာသာဝင်တွင်ဟာ နိုင်ငံအပေါ် သစ္စာရှိကြောင်း၊ အေးတူပူအမျှ တသားထဲရှိကြောင်း၊ ခွဲထွက်ရေးဆိုတာ ဘယ်တုံးကမှ မလုပ်ဆောင်ခဲ့ကြောင်း ဟာဂျီဦးအေးလွင်က ဆက်လက်ပြောကြားခဲ့ပါသည်။

    ** ကိုးကား DVB အင်္ဂလိပ်ပိုင်း၊ RFA

  • MH 370 လေယာဉ် အိန္ဒိယသမုဒ္ဒရာထဲ ပျက်ကျခဲ့ဟု မလေးဝန်ကြီးချူပ် သတင်းစာရှင်းလင်း

    မတ် ၂၄၊ ၂၀၁၄
    M-Media

    Malaysia's Prime Minister Najib Razak makes an announcement on the latest development on the missing Malaysia Airlines MH370 plane at Putra World Trade Center in Kuala Lumpur
    မတ်လ ၈ ရက်နေ့ ကတည်းက ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းစဉ် ပျောက်ဆုံးခဲ့သော မလေးရှားလေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းမှာ အဆုံးသတ်ပြီး ပျက်ကျသွားခဲ့တယ်လို့ နောက်ဆုံး ရရှိတဲ့ သတင်းအချက်အလက် အထောက်အထားများကို ကိုးကားပြီး မလေးရှားဝန်ကြီးချူပ် နာဂျစ်မှ ယနေ့ ည ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

    လေယာဉ်အမှုအထမ်းအများအပါဝင် လေယာဉ်ပေါ်တဲ့ လူ ၂၃၉ ဦးစလုံး အသက်ရှင်ဖွယ်မရှိဘူးလို့ ယူဆရကြောင်းကို MAS လေကြောင်းလိုင်း ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

    မလေးဝန်ကြီးချုပ်ရုံးမှ ကြေညာချက်အပြည့်အစုံကို အောက်ပါလင့်မှ ဖတ်ရှုနိုင်ပါတယ်။

    https://pbs.twimg.com/media/Bjf3noSCQAAHrx5.jpg

    Ref: reuters