News @ M-Media

Author: M-Media

  • မိုဘိုင်းဆော့ဖ်ဝဲ WhatsApp အား ဒေါ်လာ ၁၆ ဘီလီယံ ဖြင့် Facebook ၀ယ်ယူ

    ဖေဖော်ဝါရီ ၂၀ ၊ ၂၀၁၄
    M-Media

    2156-Facebook-buys-WhatsApp-for-16bn
    မိုဘိုင်းဆော့ဖ်ဝဲ တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း လူကြိုက်များသည့် WahtaApp ဆော့ဖ်ဝဲကို Facebook က ကန်ဒေါ်လာ ၁၆ ဘီလီယံ (၁ဘီလီယံ=သန်း ၁၀၀၀) ဖြင့် ၀ယ်ယူလိုက်သည်ဟု သိရသည်။

    WhatsApp အသုံးပြုသူများမှာ လစဉ် သန်း ၄၅၀ ခန့်ရှိပြီး၊ အသုံးပြုသူ သန်းထောင်ချီ ရှိလာမည့် လမ်းကြောင်းပေါ်တွင် ရောက်နေသည်ဟု Facebook ၏ အမှုဆောင်အရာရှိချူပ် မာ့ခ် ဇူကာဘာ့ဂ်က ပြောကြားခဲ့သည်။

    “WhatsApp နဲ့ Facebook တို့ရဲ့ပေါင်းစည်းမှုကနေ ကမ္ဘာတစ်ဝှမ်းက အခြားလူပေါင်းများစွာကို ဆက်သွယ်ခွင့် ကျွန်တော်တို့ရပါလိမ့်မယ်။ Instagram နဲ့ Messenger တို့လို မိုင်းဘိုင်းလောက မိုဘိုင်းလောကရဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုဖွံ့ဖြိုးအောင် ကျွန်တော်လို့ လုပ်ချင်ပါတယ်” ဟု ဇူကာဘာ့ဂ်က ပြောကြားခဲ့သည်။

    WhatsApp အား ၀ယ်ယူသည့် ကန်ဒေါ်လာ ၁၆ ဘီလီယံတွင် လက်ငင်းငွေသား ၄ ဘီလီယံနှင့် Facebook ရှယ်ယာ ၁၄ ဘီလီယံတို့ပါဝင်ပြီး၊ သီးသန့်ဘုတ်အဖွဲ့နှင့် စီမံခန့်ခွဲသွားမည်ဖြစ်သည်။ ထို့ပြင် WahatsApp ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်ချုပ်ဖြစ်သူ ဂျန်ကွမ်မှာ Facebook ၏ ဘုတ်အဖွဲ့ထဲသို့ ပါဝင်လာမည်ဖြစ်သည်။
    Ref: dailymail

  • အင်ဒိုနီးရှား၏ ဒီမိုကရေစီစနစ်ကို အတုယူသင့်ကြောင်း KNU ခေါင်းဆောင်ပြော

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄
    M-Media
    ပြည့်ပြည့်

    မတူညီသည့် ယဉ်ကျေးမှုဓလေ့ စရိုက်များ ညီမျှစွာထိန်းညှိရန် အင်ဒိုနီးရှား၏ ဒီမိုကရေစီစနစ်ကို အတုယူသင့်ကြောင်း KNU ခေါင်းဆောင်ပြော

    New-KNU-Top-leaders-300x203

    မတူညီသည့် ယဉ်ကျေးမှုဓလေ့စရိုက်များကို ညီမျှစွာထိန်းညှိရန်နှင့် ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေသည့် မြန်မာနိုင်ငံအနေဖြင့် အင်ဒိုနီးရှား၏ ဒီမိုကရေစီစနစ်ကို အတုယူသင့်ကြောင်း The Habibie Center(TBC) မှ ဦးဆောင်ဆွေးနွေးသည့်  အများပြည်သူဆိုင်ရာ ဆွေးနွေးပွဲ၌ ကေအင်န်ယူ အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောကြားခဲ့ကြောင်းသိရသည်။

    ၎င်း အင်ဒိုနီးရှား-မြန်မာ ဆွေးနွေးပွဲအား နှစ်ရက်ကြာပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ နိုင်ငံရေးအခြေအနေများ၊ လက်ရှိ အင်ဒိုနီးရှားနိုင်ငံ၏ ပြဿနာများကို ဆွေးနွေးခဲ့ကြသည်။

    အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံသည် အင်ဒိုနီးရှားနှင့် အခြေအနေချင်းတူညီများရှိနေပြီး စစ်မှန်သော ဒီမိုကရေစီ ဖြစ်လာစေရန် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်းကို THC ဥက္ကဌ Dewi Fortuna Anwar က ပြောကြားခဲ့သည်။

    နှစ် ၆၀-ကျော် ဖြစ်ပွားခဲ့သည့် ကေအင်န်ယူနှင့် မြန်မာ ပဋိပက္ခအား ၂၀၁၂-ခု ဇန်န၀ါရီလတွင် လုံးဝ အပစ်အခတ်ရပ်ဆဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ကေအင်နယူသည် အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။

    ဓါတ်ပုံ- KNU ထိပ်သီး ခေါင်းဆောင်များ (Photo-kayantimes)

  • EU မှပိတ်ဆို့မှုပြုလုပ်မည်ဟု ပြောပြီးနောက် အတိုက်ခံများနှင့် တွေ့ဆုံမည်ဟု ယူကရိန်းသမ္မတပြော

    ဖေဖော်ဝါရိ ၂၀ ၊ ၂၀၁၄
    M-Media

    အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်မည်ဟု ယူကရိန်း သမ္မတ ကြေညာ၊ ပိတ်ဆို့မှုများပြုလုပ်သွားမည်ဟု အီးယူ၏ ခြိမ်းခြောက်မှုနောက်ပိုင်း ထွက်ပေါ်လာခြင်းလည်းဖြစ်

    Ukraine's political crisis

    – လူ ၂၀ ကျော်သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့သည့် ဆန္ဒပြမှုတစ်ခု မြို့တော်ကိဗ်တွင် ယခုသီတင်းပတ် အတွင်း ဖြစ်ပွားခဲ့ပြီးနောက် ယူကရိန်း သမ္မတက ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် အတွက် အတိုက်အခံများအား ကမ်းလှမ်းခဲ့ပြီး စစ်တပ် အကြီးအကဲကိုလည်း ထုတ်ပယ်လိုက်သည်ဟု သိရသည်။

    နိုင်ငံအတွင်းဖြစ်ပွားနေသည့် အကြမ်းဖက်မှု အတွက် ပိတ်ဆို့မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ထားသည့် ဥရောပ နိုင်ငံခြားရေးဝန်ကြီးများနှင့် မတွေ့ဆုံမီအလျင် သမ္မတ ဗစ်တာယာနူကိုဗစ်ခ်ျက ယမန်နေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

    သမ္မတရုံး ၀ဘ်ဆိုဒ်မှ ထုတ်ပြန်သော အဆိုပါ ကြေညာချက်တွင် နိုင်ငံအတွင်းဖြစ်ပွားနေသည့် သွေးထွက်သံယိုမှုများ ရပ်တန့်ရန်၊ လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးအကျိုးငှာ နိုင်ငံ၏ အခြေအနေအား တည်ငြိမ်စေရန် ရည်ရွယ်၍ ညှိနှိုင်းဆွေးနွေးမှုများကို စတင်ပြုလုပ်ရန် သဘောတူညီချက် တစ်ခုကို ထည့်သွင်းဖော်ပြထားသည်။

    အီးယူနှင့် ကုန်သွယ်ရေး သဘောတူညီချက်ကို အစိုးရက လက်မှတ် မထိုးသည့်အတွက် နိုင်ငံအတွင်း ဆန္ဒပြမှုများဖြစ်ပွားနေသည်မှာ ၃ လ နီးပါးကြာနေပြီဖြစ်ပြီး ယခုတစ်ပတ် အင်္ဂါနေ့ကဖြစ်ပွားခဲ့သော ဆန္ဒပြမှု အတွင်း ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားခဲ့ကာ အနည်းဆုံး ၂၆ ဦးသေဆုံးခဲ့ပြီး လူ ၂၀၀ ခန့်ဒဏ်ရာရခဲ့သည်။

    ထိုအကြမ်းဖက်မှုများအား တုန့်ပြန်သော အနေဖြင့် ပိတ်ဆို့မှုများ ချမှတ်သင့် မသင့်ကို ဆုံးဖြတ်ရန် အတွက် ဥရောပ ၂၈ နိုင်ငံ၏ နိုင်ငံခြားရေး ၀န်ကြီးများက ဆွေးနွေးရန်ရှိနေပြီး ထိုအစည်းအဝေး မတိုင်မီ ပြင်သစ်၊ ဂျာမနီနှင့် ပိုလန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများမှာ သမ္မတ ယာနူကိုဗစ်ခ်ျနှင့် တွေ့ဆုံမည်ဖြစ်သည်။
    Ref: aljazeera

  • ကျဆုံး မွတ်စလင် စစ်သည်ဟောင်းများကို ဂုဏ်ပြုသောအားဖြင့် ပဲရစ်မြို့ ဗလီကြီးသို့ သမ္မတ Hollande သွားရောက်လည်ပတ်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄
    M-Media
    1_2624098
    မွတ်စလင် စစ်သည်များကို ဂုဏ်ပြုလေးစားသောအားဖြင့် ပဲရစ်မြို့ Grand Mosque သို့ ရောက်ရှိလာသည့် ပြင်သစ် သမ္မတ Francois Hollande  (ဓာတ်ပုံ)

    ၁၉၁၄ နှင့် ၁၉၁၈ ခုနှစ်အတွင်း ပြင်သစ်နိုင်ငံ အတွက် အသက်ပေးသွားခဲ့ကြသော မွတ်စလင် စစ်သည်တော်များ အပေါ် တန်ဖိုးထား လေးစားသောအားဖြင့် ပြင်သစ် သမ္မတ Francois Hollande  သည် ပဲရစ်မြို့Grand Mosque ဗလီကြီးသို့ အလည်အပတ် သွားရောက်ခဲ့သည်။

    ဤသို့ရောက်ရှိစဉ်၌ အခမ်းအနား မိန့်ခွန်း မပြောကြားမီ အလျင် မွတ်စလင် စစ်သည်များ၏ မမေ့နိုင်သော လုပ်ရပ်တို့ကို တန်ဖိုးထားကြောင်း Hollande   မှ အမှတ်တရ ဂုဏ်ပြုစကားဆိုသည်။

    ၁၉၂၂ နှင့် ၁၉၂၆ ခုနှစ် အတွင်း တည်ဆောက်ခဲ့သော ပဲရစ်ရှိ Grand Mosque သည် ပြင်သစ်နိုင်ငံတွင် အကြီးမားဆုံး ဗလီဝတ် ကျောင်းတော်ဖြစ်သည်။ ၂၂ မီတာအမြင့်ရှိ ၀တ်ပြုရေး ဖိတ်ခေါ်မျှော်စင် ပါဝင်သည့် ၎င်းဗလီ၌ ပထမဆုံး စုပေါင်းဝတ်ပြုမှုကို ၁၉၂၆ ခုနှစ်တွင် အယ်လ်ဂျီးရီးယားနိုင်ငံသား နာမ်ပိုင်း ဓမ္မ ပညာရှင်(ဆွူဖီ) အဟ်မဒ် အလ် အလ၀ီမှ ဦးဆောင်ခဲ့သည်။

    ပထမ ကမ္ဘာစစ် အတွင်း ဂျာမဏီကို ရင်ဆိုင်ရာ၌ မွတ်စလင် စစ်သည်ပေါင်း တစ်သိန်းခန့် အသက်ပေးသွား ခဲ့ကြသည်ဟု Inter France သတင်းဌာနမှ ထုတ်ပြန်ဖော်ပြသည်။

    Ref:Al Arabiya News

  • ရခိုင် နိုင်ငံရေးခေါင်းဆောင်တို့အား လုပ်ကြံမှုအပေါ် သံသယ မေးခွန်းများ

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆို- မြင့်မိုရ်မောင်မောင်

    04059220
    PETALING JAYA။    ။ ကွာလာလမ်ပူမြို့ထဲတွင် လုပ်ကြံရန်ကြိုးစားခံရပြီးနောက် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၇ ရက်တွင် ပြန်သွားသော ဒေါက်တာ အေးမောင် နှင့် ဦးအေးသာအောင်တို့အား သူရဲကောင်းများအလား ကြိုဆိုခဲ့ကြသည်။

    ထိုရခိုင်နိုင်ငံရေး ခေါင်းဆောင်တို့ကို ရာဂဏန်းရှိလူစုမှ အလံများ၊ ဆောင်ပုဒ်များ ကိုင်ဆောင်၍ ကြိုဆိုနှုတ်ဆက်ရာ ယင်းဆောင်ပုဒ် စကားများအနက် “ အစ္စလာမ် အစွန်းရောက်များ သတ်ရန်ကြိုးစားလာသော်လည်း လွတ်မြောက်လာကြသည်” ဟု အဓိပ္ပာယ်ရသော စာသားလည်း အပါအ၀င်ဖြစ်သည်။

    “လုပ်ကြံရန်ကြိုးစားမှု” ဟု ဆိုနေကြသော အချက်သည် မြန်မာမီဒီယာများ၌ တခမ်းတနားဖော်ပြထားကြသည်။

    ဆောင်ပုဒ်ပါ စာသားအတိုင်းပင် အာရကန်ဒီမိုကရေစီ အဖွဲ့ချုပ် Arakan League of Democracy ၏ ဥက္ကဌ ဦးအေးသာအောင်ကလည်း ယင်းတိုက်ခိုက်မှုကို အစ္စလာမ်မစ် အကြမ်းဖက်သမားက ပြုလုပ်ခဲ့သည်ဟု စွပ်စွဲပြစ်တင်ခဲ့သည်။

    “ အဲ့ဒီသေနတ်သမားတွေဟာ အစ္စလာမ်မစ် အကြမ်းဖက်သမားတွေဖြစ်ကြောင်း မလေးရှားနဲ့မြန်မာက ရခိုင်လူမျိုးအားလုံး သိကြပါတယ် ” ဟူသော သူ့စကားကို Myanmar Times မှ ဖော်ပြထားသည်ကို တွေ့ရ၏။

    return malay
    မလေးရှားမှပြန်လာသည့် ရခိုင်ခေါင်းဆောင်များကို ကြိုဆိုနေကြသူများကို ဖေဖေါ်ဝါရီ ၇ရက်နေ့က ရန်ကုန် လေဆိပ်တွင် တွေ့ရစဉ် ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ

    ဖေဖော်ဝါရီ ၅ ရက် ညဥ့် ၁၁ နာရီခန့်က အဆိုပါ နိုင်ငံရေးသမားနှစ်ဦးနှင့် အပေါင်းအပါတို့သည် စင်္ကာပူတွင် မှတ်ပုံထားသည့် နံပါတ်ပြားတပ်ဟု ယူဆရသော BMW 7 ကားများအတွင်း Bukit Bintang ရှိ  အာလော လမ်းမ (Jalan Alor) ပေါ်ရှိနေစဉ် ဆိုင်ကယ်သမား တစ်ဦး ဖြတ်သန်း ပစ်ခတ်ပြီးနောက် မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

    ထိုနေ့မတိုင်မီတစ်ရက်က ရခိုင်လူမျိုး ၈၈ မျိုးဆက် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးဖြစ်သော ကိုအောင်ကြီးအား Ampang (အမ်ပန်းမြို့) ၌ ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ခဲ့ရသည်။ သေဆုံးမှု နှင့် သံသဖြစ်ဖွယ်ရာ လုပ်ကြံမှုတို့အကြား ဆက်နွှယ်မှု ရှိနေနိုင်သည်ဟု ရဲတပ်ဖွဲ့မှ သုံးသပ်ပြောကြားသည်။

    “ အဲ့ဒီ ရခိုင် ခေါင်းဆောင်များဟာ မလေးရှားကို မကြာခဏဆိုသလို လာကြတယ်။ ဒါပေမယ့် ဒီလိုကြုံတွေ့တာကတော့ ပထမဆုံးအကြိမ်ပါပဲ ” ဟု မြန်မာမွတ်စ်လင် မ်အရေး လှုပ်ရှားသူ အဟ်မဒ်က The Star Online သို့ ပြောပြခဲ့သည်။

    ဒေါက်တာအေးမောင်သည် ရခိုင်အမျိုးသား တိုးတက်ရေးပါတီ Rakhine Nationalities Development Party (RNDP) ၏ ဥက္ကဌ နှင့် မြန်မာအစိုးရမှ ဖွဲ့စည်းပေးခဲ့သော  ရခိုင်ပြည်နယ် အရေးအခင်း စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ဦးဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သည်။

    ရခိုင်ခေါင်းဆောင်များသည် ဖေဖော်ဝါရီ ၄ ရက်က မလေးနိုင်ငံသား တရုတ်လူမျိုးများ ပိုင်ဆိုင်သည့် တရုတ်အမျိုးသားများ အစည်းအဝေးခန်းမတွင် ကျင်းပသော “မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှု နှင့် ရခိုင်ပြည်နယ်အရေး” ဆွေးနွေးပွဲအတွက် မလေးရှားသို့ လာရောက်ခြင်းဖြစ်သည်။

    လုပ်ကြံရန်ကြိုးစားမှုကို ခိုင်မာစွာ မဖော်ပြနိုင်သဖြင့် ထိုကိစ္စမှာ ရိုဟင်ဂျာများနှင့်ပတ်သက်၍ လုပ်ဇာတ်ထွင်ခြင်း၊ ပြည်တော်ပြန်၌ လူထုမေတ္တာ ခံယူနိုင်အောင် ဖန်တီးခြင်း ဖြစ်နိုင်သည်ဟု အဟ်မဒ်က ယုံကြည်ယူဆထား၏။

    မြန်မာမီဒီယာစာစောင် နှင့် အွန်လိုင်းရေးသားချက် များစွာကလည်း (ရိုဟင်ဂျာတို့ကို ၎င်းတို့မှခေါ်ဆိုသော) ဘင်္ဂလီများသည် ရခိုင်မှ လာသည့်အုပ်စုအား လုပ်ကြံမှု၌ တာဝန်ရှိသည်ဟု ဆိုထားကြသည်။

    ရိုဟင်ဂျာတို့မှာ ကမ္ဘာ့အညှင်းပန်းခံရဆုံးလူ့အစုဝေးတစ်ရပ်ဖြစ်ကြောင်း ကျော်ကြားသည်။ သူတို့သည် ဘင်္ဂလားဒေ့ရှ်နှင့်ကပ်လျက် သူတို့၏ဇာတိမြေ ရခိုင်ပြည်နယ်၌လည်းကောင်း၊ မြန်မာပြည်တွင်း၌လည်းကောင်း ချိုးနှိမ်ဆက်ဆံမှုကို ရင်ဆိုင်နေရသည်။ နိုင်ငံသားအဖြစ် အသိအမှတ်ပြု မခံရသည်သာမက နိုင်ငံမဲ့ အဖြစ် သတ်မှတ်ခံထားကြရ၏။ သူတို့သည် လူများစုဖြစ်သော ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတို့၏ အကြမ်းဖက်မှုကို မကြာခဏ ကြုံတွေ့နေရသည်။

    လုပ်ကြံရန်ကြိုးစားမှု၌ မည်သည့်ရိုဟင်ဂျာမှ မပါဝင်ကြောင်း မလေးရှားရှိ Rohingya Arakanese Refugee Committee (RARC) တာဝန်ခံ Mohammad Sadek “ ကျွန်တော် စုံစမ်းစစ်ဆေးပြီးပါပြီ။ အဲ့ဒီတိုက်ခိုက်မှုမှာ ရိုဟင်ဂျာ တစ်ဦးတစ်လေမျှ မပါဝင်ပါဘူး။ ရိုဟင်ဂျာတွေအပေါ် စွပ်စွဲချက်မှန်သမျှက မှားယွင်းနေပြီး ကျွန်တော်တို့ကို အမည်ဖျက်ခြင်း သာလျှင် ဖြစ်ပါတယ်။ ကမ္ဘာ့တစ်နေရာရာမှာ မြန်မာပြည်က လူတစ်ဦးကို ကျွန်တော်တို့ တိုက်ခိုက်မိတာနဲ့ နေရင်းဌာနီမှာရှိနေတဲ့ ကျွန်တော်တို့ မိသားစုတွေ မိတ်ဆွေတွေ တိုက်ခိုက် ခံရပါလိမ့်မယ်။ အဲ့ဒီ အလုပ်မျိုးလုပ်ဖို့ ကျွန်တော်တို့ မစဉ်းစားကြပါဘူး ” ဟု အခိုင်အမာဆိုပါသည်။

    သို့သော် ရိုဟင်ဂျာ နှင့် ရခိုင်တို့အကြား တင်းမာမှုရှိနေကြောင်း ဒေါက်တာအေးမောင်မှာ ရိုဟင်ဂျာတို့အပေါ် စတင်စော်ကား တိုက်ခိုက်မှုတို့၌ အဓိက ဇာတ်ဆောင်တစ်ဦးဖြစ်ကြောင်းကိုမူ သူက ပြောဆိုခဲ့သည်။
    “ သူဟာ အကြမ်းဖက် ဆူပူသောင်းကျန်းမှုကို ဦးဆောင်ခဲ့လို့ စစ်ရာဇ၀တ်ကောင်အဖြစ် သတ်မှတ်သင့်ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဘယ်လိုဦးဆောင်မှုပေးနိုင်မှာလဲ။ ရိုဟင်ဂျာတွေကို ဆက်လက်ဒုက္ခပေးဖို့သာရှိပါတယ် ”။

    လွန်ခဲ့သောနှစ် အနည်းငယ်ခန့်က လူမျိုးရေး အကြမ်းဖက်မှုကြောင့် ရိုဟင်ဂျာ အများအပြား အသတ်ခံရပြီး ထောင်နှင့်ချီ၍ နေရပ်စွန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

    မလေးရှားတွင် ရိုဟင်ဂျာ ၃၄,၀၀၀ မှာ ဒုက္ခသည်များ အဖြစ် ရှိနေပြီး၊ ရခိုင်လူမျိုး ၈၅,၀၀၀ ခန့်မှာ ဒုက္ခသည်အဖြစ်နှင့်လည်းကောင်း အလုပ်သမားများ အဖြစ်နှင့် လည်းကောင်း ရှိနေကြသည်။

    ပြီးခဲ့သည့်ဇွန်လကKlang Valley မြို့တွင် ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာဝင်မြန်မာနှင့် ရိုဟင်ဂျာတို့ အကြားဖြစ်ပွားသည့်  ဂယက်ကြောင့် လူအနည်းငယ် သေဆုံးပြီး ဒဏ်ရာရခဲ့မှုများရှိခဲ့သည်။

    လုပ်ကြံရေးကြိုးပမ်းမှု ဇာတ်လမ်းထဲတွင် ယိုပေါက်များစွာရှိနေကြောင်း အဟ်မဒ်က ဆိုသည်။ သူတို့သည် “ပစ်၊ ပစ်” ဟု အော်သံကြားပြီး သေနတ်သမားထံ မုတ်ဆိတ် ပါရှိသည်ဟု မြန်မာမီဒီယာများသို့ ပြောပြသည်။ အကယ်၍ သူတို့သည် ကားထဲ၌ ရှိနေပြီး ပစ်ခတ်ခံရသည်ဟု ဆိုပါလျှင် တစ်စုံတစ်ရာကို အဘယ်ကဲ့သို့ ကြားနိုင်မြင်နိုင်ပါမည်နည်း။ တကယ့် သေနတ်သမားသည် ရွေ့လျားနေသည့် အရာပေါ်မှနေ၍ ပစ်မှတ်ကိုရွေးချယ်မည် မဟုတ်ဘဲ စောင့်ဆိုင်းနေမည်သာ ဖြစ်သည်ဟု သူက ထောက်ပြခဲ့သည်။

    “ သူတို့ပြောတဲ့နေရာမှာ ဖြစ်ခဲ့တယ်လို့ ကျွန်တော် မယုံပါဘူး။ အမှန်တကယ်ဖြစ်ခဲ့ရင်တောင်မှ သူတို့ဖာသာ ဖန်တီးတာခဲ့တာမျိုး ဖြစ်ပါလိမ့်မယ် ”။

    ထိုဖြစ်စဉ်တစ်ခုလုံးမှာ များမကြာသေးမီက ရိုဟင်ဂျာ အမျိုးသား အမျိုးသမီးနှင့် ကလေးငယ် ၄၀ ကျော် သတ်ဖြတ်ခံရသော ဒုချီရာတန်းကျေးရွာအမှုကို အာရုံလွှဲဖယ်လို၍ ကြံစည်လိုက်ခြင်းဖြစ်နိုင်ချေရှိသည်ဟု သူက ဆိုသည်။ အမျိုးသမီးများမှာ သူတို့မိသားစုမျက်မှောက်မှာပင် အဓမ္မစော်ကားမှု ခံခဲ့ကြရကြောင်း သတင်းများ၌ တွေ့ရသည်။

    အစိုးရသည် ဗုဒ္ဓဘာသာဝင်များကို မကာကွယ်ဘဲ မွတ်စ်လင်မ်တို့ဖက် ရပ်တည်သည်ဟု စွပ်စွဲခံရမည်ကို စိုးသဖြင့် ရခိုင်တို့အား မည်သည်မျှ ပြောကြားလိမ့်မည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာတို့သည် ရခိုင်လူမျိုးများနှင့် ရာစုနှစ်များစွာ ငြိမ်းငြိမ်းချမ်းချမ်း အတူ ယှဉ်တွဲနေထိုင် လာခဲ့ကြကြောင်း၊ RNDP အဖွဲ့သည် ရခိုင်ပြည်နယ်အား ၁၀၀ ရာခိုင်နှုန်း ချုပ်ကိုင်ထားလိုသဖြင့် ဒေသတွင်းရှိနေသည့် ရိုဟင်ဂျာအားလုံးကို ရှင်းထုတ်ချင်နေကြောင်း အဟ်မဒ်က ဖွင့်ချပြောပြခဲ့သည်။

    ** မလေးရှား The Star သတင်းဌာနတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် Rashvinjeet S. Bedi ၏ “Questions arise over ‘assassination attempt’ of Myanmar politicians ” ဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။