News @ M-Media
Author: M-Media
  • “အဝါရောင် ဂျာနယ်လစ်ဇင် နှင့် အနာဂတ် မြန်မာနိုင်ငံ”
    ဇန်နဝါရီ ၉၊ ၂၀၁၄
    ဆောင်းပါးရှင် – ဝါးလုံးရှည်-အတီး
    yellow journalism
    အင်္ဂလိပ် စကားလုံး ဝေါဟာရဖြစ်သော yellow journalism အဝါ ရောင် ဂျာနယ်လစ်ဇင် ကို မြန်မာလို အဓိပ္ပာယ် ရိုးရိုးရှင်းရှင်း ဖွင့်ဆိုရရင်ဖြင့် တနပ်စား လူပြိန်းကြိုက် စာနယ်ဇင်း လို့ပဲ ဆိုရမှာဖြစ်ပါတယ်။
    မဂ္ဂဇင်းဂျာနယ်တွေရဲ့ သဘောသဘာဝ အရ နိုင်ငံပိုင် သတင်းစာ ဒါမှမဟုတ် အစိုးရ သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုက အထောက်အပံ့ အကူအညီ ဖြင့် လုပ်ကိုင်နေကြသော ဂျာနယ်၊စာစောင် လိုမျိုးမှ လွဲ၍ ကျန်ရှိသည့် စီးပွါးဖြစ် လုပ်ကိုင်နေကြသော ပုဂ္ဂလိက ဂျာနယ် အားလုံးသည် ကိုယ့်ဆီကို စာဖတ်ပရိသတ် များများရောက်လာအောင်၊တနည်းအားဖြင့် ကိုယ့်ရဲ့ ဂျာနယ်ကို လူကြိုက်များ ရေပန်းစားပြီး ဂျာနယ်စောင်ရေ ရောင်းအားကောင်းဖို့ မှာ အဓိက အခရာ ကျသည့်အချက်ဖြစ်ပါသည်။
    ထိုသို့ဂျာနယ်ရောင်းအား ကောင်းအောင် လုပ်ဆောင်ရာတွင် သင့်တင့်လျှော်ကန်သော နည်းများ ဖြင့်သာမက တခါတရံတွင်တော့ မသင့်တော်သော နည်းလမ်းများ၊ စာနယ်ဇင်းကျင့်ဝတ်ကို သိသိကြီးနဲ့ပင် တမင်တကာ ချိုးဖောက်လျှက် မိမိတို့ဂျာနယ် ဈေးကွက် အတွင်း ဝေစုရရန် အတွက် အလျှင်အမြန် ခြေကုန်သုတ် ရတတ်တာမျိုးလည်း ရှိပါသည်။
    ထိုသို့ ကျင့်သုံးရာတွင် မမှန်ကန်သော သတင်းဌာနတစ်ခု သို့ မဟုတ်၊ သတင်းစာ၊ဂျာနယ်စာစောင် သို့မဟုတ် သတင်းထောက် ဂျာနယ်လစ် သည် ၎င်းတို့ တင်ပြသည့် သတင်း အချက်အလက်များကို လိုအပ်သည်ထက် ချဲ့ကားခြင်း သို့မဟုတ် ထိန်ချန်ပြီး ရေးသားတတ်ကြလေသည် ။
    ဤကဲ့သို့ ရေးသားကြရာတွင် ပညာရှင် ဆန်ဆန် သတင်း ပုံစံမဟုတ်ဘဲ မိမိ၏ ပုဂ္ဂလိက ခံစားချက်များ ကို အသားပေး၍ ရေးသားသော သတင်းဌာန (သို့မဟုတ်) သတင်းထောက် သည် အဝါရောင် ဂျာနယ်လစ်ဇင် ကို ကျင့်သုံး ခြင်းဟုခေါ်ဆိုနိုင်ပေသည်။
    ဘာမှ မထူးခြားသော ပုံမှန် ဖြစ်ရိုးဖြစ်စဉ် သတင်းတစ်ခုကို အချိန် ကာလတစ်ခုတွင် လူအများ အာရုံစိုက် လာစေရန် ခေါင်းစဉ် အကြီးကြီး၊စာလုံး အမည်းများဖြင့် ခေါင်းစဉ်တပ်ရေးသားကာ မီးမောင်းထိုး ဟိုက်လိုက်ပြုလုပ်ခြင်း၊မူလ သတင်းဖြစ်စဉ်မှ ပါဝင်သည်များကို ထိန်ချန်၍ရေးသားခြင်း၊ ပိုမိုချဲ့ကားရေးသားခြင်းများ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်း တစ်ခုအား မတိကျ မသေချာသော အချက်အလက်များနှင့် စွပ်စွဲတိုက်ခိုက်ခြင်း၊(နာမည်ကျော် ဆီလီဘရစ်တီများ အဖို့ အများဆုံး ခုတုံးလုပ် ခံရတတ်ပါသည်။) ထိုသို့ ပြုလုပ်လိုက်ခြင်းအားဖြင့် မိမိတို့၏ဂျာနယ်စောင်ရေ ရောင်းအား တက်လာနိုင်သော်လည်း တခါတရံတွင်တော့ တဖက်သားလူရဲ့ ဆုံးရှုံးမှုကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ မျက်နှာလွဲ ခဲပစ် လက်လွတ်စံပယ် လုပ်တတ်ကြလေသည်။
    အနီးစပ်ဆုံး ဥပမာပြရလျှင် နာမည်ကျော် ခရိုနီ သူဌေးကြီး ဦးတေဇမှ နေ၍ အာဏာရှင် ဟောင်းကြီး၏ မိသားစုအား ဂေါက်ကွင်း ကားလေးဖြင့် ကိုယ်တိုင် ကိုယ်ကျ ဒရိုင်ဘာလုပ်ကာ တယုတယ မောင်းနှင်ပေးနေပုံကို သူရိယနေဝန်း ဂျာနယ်မှ မျက်နှာဖုံးတွင် စာလုံး အကြီးကြီး တပ်ကာ မင်းတို့ ခရိုနီတွေ ဘင်္ဂလားပင်လယ်အော် အတွင်းသာ ခုန်ချလိုက်တော့ ဟူ၍ ဈေးထဲမှ ငါးစိမ်းသည်များ ရန်ဖြစ်သည့်လေသံမျိုးဖြင့် ပညာရှင် မဆန်စွာ တင်ထားသည်ကိုတွေ့နိုင်ပါသည်။ ရိုးရှင်းစွာ တွေးကြည့်ပါက ပုံထဲတွင်ပါဝင်သော လူများသည် ထင်ရှားကျော်ကြားသည့် အလျောက် ထိုသူတို့၏ လှုပ်ရှားသွားလာမှု ပုံရိပ်များသည် သတင်းဖြစ်နိုင်သော်လည်း ထို သတင်းသည် သာမန် သတင်း မျိုးသာဖြစ်ပြီး မျက်နှာဖုံးတွင် တင်ရလောက်အောင် အထိ ဘာမှ အရေးမကြီး စာဖတ်သူအား မည်သို့မှ အကျိုးမရှိသော သတင်းမျိုးသာ ဖြစ်သော်လည်း အဝါရောင် ဂျာနယ်လစ်ဇင်ကို ကျင့်သုံးကာ စာဖတ်ပရိသတ် ၏ မိမိတို့ဂျာနယ်အပေါ် သုံးစွဲသော ငွေကြေးအား နှင့် တန်ဖိုးရှိလှသော အချိန်များကို အချည်းနှီး ဖြစ်စေပါသည်။ထိုသို့သော သတင်းမျိုး၏ မူရင်း စိတ်စေတနာ မှန်မမှန် ပုဂ္ဂိုလ်ရေး မုန်းတီးမှုများ ပါမပါကိုကို ရေးသားသူ ကာယကံရှင်သည်သာ အသိနိုင်ဆုံးဖြစ်သော်လည်း သေချာသည်ကတော့ ထိုကဲ့သို့သော ရေးသားမှုသည် အစိုးရနှင့် အတိုက်အခံကိုလည်း အပြုသဘောမဆောင်၊ စာဖတ်ပရိတ်သတ် ကိုလည်း မည်သို့မှ အကျိုးမရှိ ဘယ်ဘက်ကကြည့်ကြည့် ကောင်းကျိုး မမြင်ရသည့် လုပ်ရပ်သာဖြစ်လေသည်။
    တခါတရံတွင်တော့ အဝါရောင် ဂျာနယ်လစ်ဇင်တွင် သမိုင်း ရာဇဝင် ဆိုင်ရာ၊ဆောင်းပါးများ စာတမ်းများ ကိုတင်ပြရာတွင် မိမိတို့ သဘောထားနှင့် မတိုက်ဆိုင်၊မကြိုက်နှစ်သက်ခြင်း သို့မဟုတ် လူထု အများ မကြိုက်နှစ်သက်သော ဖြစ်ရပ်များကို ထိန်ချန်ခြင်း၊ ချဲ့ကားခြင်း၊ အမှားအယွင်းများ ရေးသားခြင်းများပြုလုပ်ကာ အမှန်တရားကိုလက်မခံဝံ့ပဲ စာဖတ် ပရိတ်သတ်အား မလိမ့်တပတ်လုပ် စော်ကားခြင်းမျိုးလည်းရှိတတ်ပါသည်။
    အနီးစပ်ဆုံး ဥပမာပြရလျှင် Eleven Media Group ၏ ၃ ရက်နေ့ ဇန်နဝါရီ ၂၀၁၃ တွင် တင်ထားသော ဆောင်းပါးရှင် လှမြင့် (ရန်ကုန်တက္ကသိုလ်)”ပထမဆုံး လွတ်လပ်ရေးနေ့၏ ဦးတည်ချက်များ” ဆောင်းပါးတွင် ပါရှိသော “ဝန်ကြီးချူပ် သခင်နု၏ လွတ်လပ်ရေးနေ့ မိန့်ကြားချက်” ဆိုရာ၌ “ယနေ့ရရှိသော လွတ်လပ်ရေးသည် အသင်းအဖွဲ့အစည်း တစ်ခုတည်း၏ လွတ်လပ်ရေးမဟုတ်။ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမား၊ အလုပ်သမား၊ အစည်းအရုံး၊ သမဂ္ဂ အစရှိသော များမြောင်လှသော အသင်းအဖွဲ့ အားလုံး၏ လွတ်လပ်ရေးဖြစ်သည်။” ဟု ရေးသားထားပါသည်။
    32
    ဝန်ကြီးချူပ် သခင်နု မိန့်ကြားချက် မူရင်း အပြည့်အစုံဖတ်လိုလျင် Click Here
    တကယ်တမ်းမှာတော့ မူရင်းအမှန်ဖြစ်သော “သခင်နု၏ လွတ်လပ်ရေးနေ့ မိန့်ကြားချက်”တွင် ပါရှိသော “ဗမာမူစလင်” ဟူသော ဝေါဟာရ စကားလုံး အသုံးအနှုံးကို ဖယ်ရှားကာ မူရင်း သမိုင်းဝင် မိန့်ကြားချက်ကိုပင် ကိုယ် အလိုရှိသလို ထုတ်နှုတ်တည်းဖြတ်ကာ လိုတိုးပိုလျှော့ လုပ်သွားသည်ကို တွေ့နိုင်ပါသည်။ အဓိပ္ပာယ်ကတော့ ရှင်းပါသည်။
    ယနေ့ကာလတွင် အထိအရှလွယ် sensitive ဖြစ်နေသောထို “ဗမာ မူစလင်” ဟူသော အသုံးအနှုန်းကို ရှောင်ရှား လိုက်ခြင်းအားဖြင့် သမိုင်း အမှန်၊သတင်းအမှန်ဖြစ်ဖို့ အရေးထက် စာဖတ်ပရိသတ်၏ အငြိုအငြင်ကို မခံရရေး၊မိမိ စာစောင် မျက်နှာပန်း လှရေးကိုသာ အဓိကထားကာ အဝါရောင် ဂျာနယ်လစ်ဇင်ကို ကျင့်သုံး သွားသည်ကို တွေ့နိုင်ပါသည်။သမိုင်းကို လိမ်လည်ခြင်း၊ထိန်ချန်ရေးသားခြင်းမျိုးသည် အနာဂတ်မျိုးဆက် များအပေါ်တွင် သစ္စာဖောက်သော လုပ်ရပ်မှားသာဖြစ်ပြီး အင်မတန်မှ ရှက်ရွံဖွယ်လည်းကောင်းလှပါသည်။
    ယနေ့ တိုးတက်ပွင့်လင်းရန် အရှိန်ယူကာစပြုလာပြီ ဖြစ်သော ကျွန်တော်တို့၏ ဒီမိုကရေစီ အမိမြန်မာနိုင်ငံတော်ကြီးတွင် နိုင်ငံတကာမှ သတ်မှတ်ထားသော စံချိန်စံညွန်းများနှင့် အညီ စာပေလွတ်လပ်ခွင့်များ မီဒီယာဖိနှိပ် ချုပ်ချယ်မှုများကို တလေးတစား အရေးပေး၍ တောင်းဆိုနေကြရာ ကျွန်တော်တို့ စာဖတ်ပရိတ်သတ် ပြည်သူတို့မှနေ၍ ထောက်ခံအားပေး ကူညီသင့်သလို အပြန်အလှန် အားဖြင့် စာနယ်ဇင်း လောကသားများ အနေဖြင့် မြန်မာပြည်သူတို့ အပေါ် စိတ်ရင်းစေတနာ အမှန် ဖြင့်သတင်း အမှန်များအား တင်ပြပေးနိုင်ရန်လိုအပ်ပြီး ပွဲဆူရုံ ရောင်းအားကောင်းရုံ သက်သက် တနပ်စား အဝါရောင် ဂျာနယ်လစ်ဇင် ကျင့်သုံးမှုများကို ရှောင်ရှားသင့်ပေသည်။ ထိုသို့ ကျင့်သုံးသော သူများရှိပါကလည်း မိမိနှင့် မဆိုင်သလို မနေသင့် စာနယ်ဇင်းလောကအတွင်း လက်မခံပဲ ဖော်ထုတ်တားဆီး ရှုတ်ချ သင့်ပေသည်။
    သိပ်မကြာလှသေးသော အတိတ်ကာလမှ ဂျာနယ်လစ် တစ်ယောက်အဖို့ မိမိ စိတ်စွမ်းအင်မှ ညှစ်ထုတ် ရရှိကာ လုံ့လ ဝီရိယအားစိုက်၍ ကြိုးစားပမ်းစား ရေးသားထားသော သတင်း တစ်ပုဒ်အား စာပေကင်ပေတိုင်ခေါ် စိစစ်ရေး တင်လိုက်သော အခါကျမှ အမြီးဖြတ် ခေါင်းဖြတ်ဖြစ်လိုဖြစ် အချို့ဆိုလျှင် လုံးဝ ခွင့်ပြုချက်မရရှိသလို ကြုံတွေ့ရရင် ခဲလေသမျှ သဲရေကျဖြစ်ကာ အတော်ကြီးကို ခြေကုန်လက်ပန်းကျ စိတ်မကောင်းဖြစ်ခဲ့ရသည်ကို ပြန်လည် သတိရ ဆင်ခြင်သင့်ပေသည်။
    မဝေးတော့သော အနာဂါတ် မြန်မာနိုင်ငံတွင်လည်း ပွင့်လင်းလာသော စာပေလွတ်လပ်ခွင့် နှင့် အတူ ကြီးမား ကျယ်ပြန့်လာနေသော စာနယ်ဇင်း ဈေးကွက် အတွင်းတွင် မိမိတို့ ဈေးကွက် ဝေစု ရရှိရေးအတွက် ယှဉ်ပြိုင်မှူများလည်း ပြင်းထန်လာနိုင်ဖွယ်ရှိရာ ယေဘုယျအားဖြင့် ထိုသို့သော တနပ်စား အဝါရောင် ဂျာနယ်လစ်ဇင် လုပ်ရပ်များလည်း ရေတက် ငါးဇင်ရိုင်းများလို အပြိုင်းအရိုင်း ခါတော်မှီ ပေါ်ထွက်လာနိုင်ဖွယ် ရှိနိုင်ပါသည်။
    စစ်မှန်သော ဒီမိုကရေစီ စနစ်တွင် သတင်းလွတ်လပ်ခွင့်သည် အသက်တမျှ အရေးကြီးသလို မိမိရေးသားလိုက်သော သတင်း၏ တိကျသေချာမှူနှင့် တာဝန်ယူမှူတို့ကိုလည်း မမေ့လျော့သင့်ပေ။
    နိဂုံးချုပ်အနေဖြင့် ဆိုရသော် ကျွန်တော်တို့၏ အနာဂတ် မြန်မာနိုင်ငံတော်တွင် ရဟန်းရှင်လူ ပြည်သူလူထုတို့ အနေဖြင့်အထိရောက်ဆုံးနဲ့ အကောင်းဆုံး ကာကွယ်နိုင်ရန် နည်းလမ်း ကတော့ ထိုသို့သော အဝါရောင် ဂျာနယ်လစ်ဇင် ကျင့်သုံးလေ့သုံးထရှိသော ဂျာနယ်၊ မဂ္ဂဇင်းများကို မိမိတို့၏ ချွေးနှဲစာ ငွေကြေးထဲကို အသုံးပြုပြီး ဝယ်ယူကာ အဆိပ်ပင် ရေလောင်းခြင်းမျိုးမှ ရှောင်ရှားခြင်းမှသာလျှင် အကောင်းဆုံးဖြစ်ပေသည်။ ထို့အပြင် စစ်မှန်သော စာနယ်ဇင်း လောကသား များအနေဖြင့် မိမိတို့ တိုင်းပြည်ကို တကယ် တိုးတက်စေချင်သော စေတနာ အမှန်ရှိလျှင် ထို့သို့ တနပ်စား အကြံရှိသော သတင်းထောက်၊ဂျာနယ်လစ် ၊ဆောင်းပါးရှင်များအားလည်း စာနယ်ဇင်း လောကသား အချင်းချင်းမို့ မသိချင်ယောင်ဆောင် မျက်နှာလွှဲ မနေသင့်ပဲအရေးယူဖော်ထုတ် ရှုတ်ချ သင့်ပါသည်ဖြစ်ကြောင်းတင်ပြလိုက်ရပါသည် ခင်မျာ။
    အညွှန်း
    • Eleven Media Group ၏ “ပထမဆုံး လွတ်လပ်ရေးနေ့၏ ဦးတည်ချက်များ” ဆောင်းပါး လင့်=> http://goo.gl/wC6lne
    • “ဝန်ကြီးချူပ် သခင်နု၏ လွတ်လပ်ရေးနေ့ မိန့်ကြားချက်” လင့် =>http://www.m-mediagroup.com/news/22435
  • သြစတြေးလျ SBS Radio နှင့် အလ်ဟဂ်ျ ဆရာဦးအေးလွင်တို့ တွေ့ဆုံမေးမြန်းခန်း
    သြစတြေးလျ SBS Radio နှင့် အလ်ဟဂ်ျ ဆရာဦးအေးလွင်တို့ တွေ့ဆုံမေးမြန်းခန်း
    ဇန်နဝါရီ ၉ ၊ ၂၀၁၄
    M-Media
    Australia နိုင်ငံမှ မြန်မာမိသားစုဝင်များ ကြီးမှုးပြီး “ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲ နေထိုင်ရေးနှင့် တရားဥပဒေ စိုးမိုးမှု အရေးကြီးပုံ” ဆွေးနွေးဖလှယ်မှု အစီအစဉ်ကို ၂၀၁၃-ခု ဒီဇင်ဘာ ၁၄-ရက်နေ့မှ ၁၉-ရက်နေ့အထိ ဆစ်ဒနီမြို့တွင် ကျင်းပခဲ့ရာ အလ်ဟာ၈်ျ ဆရာ ဦးအေးလွင် (အစ္စလာမ့် ဓမ္မဗိမ္မာန်) တက်ရောက်ဆွေးနွေးခဲ့ပါသည်။
    အဲဒီနောက် SBS ရေဒီယို မြန်မာပိုင်း အစီအစဉ်မှာ ဦးအေးလွင်ကို ဒီဇင်ဘာ ၂၁ ရက်နေ့မှာ တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ တွေ့ဆုံမေးမြန်းမှု အသံဖိုင်ကို M-Media စာဖတ်ပရိတ်သတ် လွယ်ကူစွာ ဖတ်ရှုနားဆင်နိုင်အောင် တင်ဆက်ပေးလိုက်ရပါသည်။
    SBS  –  ဦအေးလွင် ခင်ဗျား ကျွန်တော်တို့ SBS Radio နဲ့ အခုလို စကားပြောခွင့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။
    ဦးအေးလွင်  –  ဟုတ်ကဲ့ ကျွန်တော်ကလည်း ဒီလိုအခွင့်ရေးရတဲ့ အတွက်အများကြီးဘဲ ကျေးဇူးတင်ပါတယ် ခင်ဗျား
    SBS  –  ဟုတ်ကဲ့ ဦးအေးလွင်ကို ကျွန်တော်ပထမဆုံးမေးချင်တာကတော့ ကျွန်တော် ဦးအေးလွင်နဲ့ ပတ်သက်ပြီးဖတ်ရတဲ့အထဲမှာ ဦးအေးလွင်က ဒီမြန်မာလွတ်လပ်ရေးမှာ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ အတူတွဲ လုပ်လာတဲ့ ဦးရာရှစ်နဲ့ တူတော်တယ်လို့သိရပါတယ်၊ အဲ့တူတော်တော့ ဒီအလုပ်အကိုင်လျှောက်တဲ့နေရာမှာ ဗမာ့လွတ်လပ်ရေး အတွက် တိုက်ခဲ့တဲ့ ခေါင်းဆောင် တစ်ယောက်ရဲ့တူဖြစ်ပေမဲ့ ဒီမွတ်စလင်မ်ဖြစ်တဲ့ အတွက်ကြောင့်  အလုပ်အကိုင်လျှောက်တဲ့နေရာမှာ အနိမ်ခံရတာတွေရှိတာ ဦးအေးလွင် အနေနဲ့ ဘယ်လိုမြင်ပါသလဲ၊
    ဦးအေးလွင်  –  ဟုတ်ကဲ့ ကျွန်တော်ကိုယ်တိုင်ခံစားခဲ့ရတာပါ။ ၁၉၇၁-ခုနှစ်မှာ ကျွန်တော် Master တက်နေတဲ့ အချိန်မှာ နိုင်ငံခြားရေးရုံးက Third Secretary ပေါ့နော် Post ခေါ်တဲ့အခါမှာ ကျွန်တော် ၀င်လျှောက် ပါတယ်၊ လျှောက်တဲ့အခါမှာ  ရေးဖြေတာမှာရော လူတွေ့မှာရော ကျွန်တော်၊ ကျွန်တော်ထင်တယ် Fourth ရပါတယ်။ ကျွန်တော်အရွေးခံနေရပြီ ဌာနတွင်း သင်တန်းဆင်းနေပြီ။ သို့သော်လည်း နောက်ပိုင်းကျမှ NIP Report ဆိုပြီးတက်လာတယ်။  (၁) အချက် က ကျွန်တော် မွတ်စလင်မ်ဖြစ်တာရယ်၊ (၂) အချက်က ဦးရာရှစ်ရဲ့ တူတော်တယ်ဆိုတဲ့ဟာကိုပေါ့လေ၊ သူတို့က ဒါကိုဖွင့်တော့ မပြောဘူးပေါ့၊ သို့သော်လည်း ကျွန်တော်တို့ between the lines  သိခဲ့ရပါတယ်။ အဲ့ဒီတော့ အဲ့ဒီလို ကျွန်တော်တို့ ခွဲခြားဆက်ဆံမှုဆိုတာ အဲ့ဒီတုန်းကတည်းကရှိခဲ့တယ်ဆိုတာ သိခဲ့ရတယ်။ ကျွန်တော်ကိုယ်တိုင် တွေ့ကြုံခဲ့ရတယ်။
    SBS  –  အဲ့လိုငယ်ငယ်အရွယ်မှာတုန်းက ဒီလိုခွဲခြား ဆက်ဆံမှုကို ခံရတဲ့အခါမှာ ဘယ်လိုခံစားမှုရှိပါသလဲ။
    ဦးအေးလွင်  –  အဲ့ဒီ့အချိန်တုန်းက ကျွန်တော် တော်တော်လေး ခံစားရတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဘာသာတရားကတော့ မိရိုးဖလာ အတိုင်းဘဲပေါ့နော်၊ နောက်ပြီးတော့ ကျောင်းမှာကလည်း အားကစားဘက်မှာ ပိုပြီးတော့ အားသန်တယ်။ ဆိုတော့ ဒီလိုဘာသာရေး လှုပ်ရှားမူတွေဆိုတာ တက္ကသိုလ်မွတ်စလင်မ် အသင်းမှာတောင် မပါဘူး၊ နိုင်ငံရေးတွေဘာတွေလဲ ကျွန်တော် အဲ့ဒီ့တုန်းက စာတာဖတ်တာ လက်တွေ့မှာ မလုပ်ခဲ့ဘူး။ အားကစားလောက လောက်ပဲရှိတယ်။ ကိုယ်ကိုတိုင်ဘာမှမလုပ်ရဘဲ ဒီလိုဖြစ်တယ် ဆိုတော့က တော်တော်လည်း ခံစားရတယ်။ ခံစားပြီးတဲ့အခါမှာ ဒီလိုခွဲခြားဆက်ဆံမှုဆိုတာ မရှိသင့်ဘူးဆိုပြီးတော့လေ အဲ့ဒီတုန်းကတည်းက ကျွန်တော် စွဲစွဲမြဲမြဲ ကျွန်တော်လက်ခံထား ပါတယ်ခင်ဗျား။
    SBS  –  ဦးအေးလွင် အားကစားမှာ တော်တော်လေး ထူးချွန်တာကို ကျွန်တော်တွေ့ရပါတယ်။ ရွှေတံဆိပ်တွေ စီးယက်စ် ဂိမ်းတွေမှာ ရွှေတံဆိပ်တွေဘာတွေရဆိုတာ သိရပါတယ်။ အဲ့လို အားကစားတဲ့နေရာမှာရော အဲ့လိုခွဲခြားမှု နိမ့်ကျမှုတွေ ရှိပါသလား။
    ဦးအေးလွင်  –  အဲ့ဒါတော့ တော်တော်ထူးခြားပါ ခင်ဗျား။ မရှိသလောက်ပဲ။ ဟိုကစားဖော် ကစားဖက် PS တွေ အတွင်းမှာ လည်းမရှိဘူး၊ နည်းပြဆရာဘက်မှာလဲမရှိဘူး။ ဟို အဆင့်မြင့် ဘက်ပိုင်းမှာ ရှိမလားတော့မသိဘူး။ သို့သော် ကျွန်တော်ကတော့ လက်ရွေးစင် အဆင့်အထိ ကစားခဲ့တဲ့ အခါမှာ ဒီလိုခွဲခြားဆက်ဆံမှုဆိုတာ မကြုံရတဲ့ အပြင်ကို လေးလေးစားစားတောင် အသက်ငယ်ပေမဲ့လည်း နယ်တွေဘာတွေသွားရင်လည်း ကျွန်တော်ကို လေးလေးစားစား ဆက်ဆံတယ်။ နောက်ပြီးတော့ ကျွန်တော် နည်းပြဆရာလည်း လုပ်ရတယ်။ စက်ရုံအလုပ်ရုံရော နယ်ဘက်မှာရော စစ်ဘက်မှာရော
    အဲ့လို နည်းပြဆရာ လုပ်ရတဲ့ အခါမှာ လေးလေးစားစားပဲ ဆက်ဆံတယ်။ မွတ်စလင်မ်မှန်း သိတယ်နော် ကျွန်တော်ကို။ သူတို့အစားအသောက်တွေ ဘာတွေလည်း သီးသန့် စီစဉ်ပေးပါတယ်။
    SBS  –  ကျွန်တော်တို့ လွတ်လပ်ရေးရပြီးတော့ ဦးနုခေတ်၊ နောက်ပြီးတော့ ဗိုလ်ချုပ်နေ၀င်းအာဏာ သိမ်းပြီးတော့ ဒီစစ်အာဏာရှင်ခေတ်၊ ဒီခေတ်တွေမှာ ကျွန်တော်လည်း မြန်မာပြည်မှာ ၇၁-ခုနှစ်ထိ နေခဲ့ပါတယ်။ ကျွန်တော်တို့ ဒီမွတ်စလင်မ် မြန်မာတွေနဲ့ ဗုဒ္ဓဘာသာ မြန်မာတွေကြားမှာ အခုလိုမျိုး ပြဿနာတွေ အကြီးအကျယ်ရှိတယ်ဆိုတာ တခါမှ မတွေ့ခဲ့ဘူး၊ အခုကျမှဘာကြောင့်ဖြစ်လာတယ်လို့ ဦးအေးလွင်အနေနဲ့ ထင်ပါသလဲ။
    ဦးအေးလွင်  –  ဒါတမင်ဖန်တီးမှုတွေပါ ကျွန်တော်တို့က နှစ်ပေါင်းထောင်နဲ့ချီပြီး အတူတကွနေ ခဲ့ကြပါတယ်။ လူတွေဆိုတော့ ပြဿနာတော့ ရှိတာပေါ့ Social Dispute  ပေါ့နော် ။ သို့သော်လည်းပဲ ဘာသာရေးအနေနဲ့ ဘယ်တုန်းကမှ စွဲဖက်ခဲ့တာမရှိခဲ့ပါဘူး။ အခုဖြစ်ခဲ့တဲ့ ကိစ္စတွေကလည်း ဒီလိုဘဲ ရာဇ၀တ်မှုတွေပါ။ ရာဇ၀တ်မှုတွေ၊ ခိုက်ရန်ဒေါသဖြစ်တာတွေ ရှိတယ်။ သို့သော်ဘာသာရေးနဲ့ မပတ်သက်တာလေးကို ဘာသာရေးဖြစ်လာအောင် ဖန်တီးမှုတွေရှိပါတယ်။ အဲဒီ့လိုလူတစ်စုရဲ့ စနစ်တကျ ဖန်တီးမှုတွေကြောင့် ဒီလိုဘာသာရေးအသွင်ဆောင်တဲ့ လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ဖြစ်နေတယ်လို့ ကျွန်တော် အဲ့လိုဘဲ ယုံကြည်ပါတယ်။
    SBS : ဟုတ်ကဲ့ ကျွန်တော် အဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လူတိုင်းအတော်များများ သတင်းစာတွေ ပါလီမန်ထဲက အမတ်တွေ သူတို့တွေ လူတစ်စုကဒီလို ပြဿနာကို တမင်တကာလုပ်နေတယ်ဆိုပြီး ပြောကြတယ်။ ဒါပေမယ့် အခုချိန်ထိ အဲ့ဒီလူတစ်စုဆိုတာ ဘယ်သူလဲဆိုတာ ဘယ်သူမှ ထုတ်ဖော်မပြောကြသေးပါဘူး။ အဲ့ဒါဘာကြောင့်ပါလဲ။
    ဦးအေးလွင်  –  အဲ့ဒါက လူတစ်စုဆိုတာမှာ ကျွန်တော်စကားလေး တစ်လုံးသုံးထားတာ ရှိတယ်။Unholy Alliance ဟို အုပ်စုတစ်စုထဲက မဟုတ်ဘဲနဲ့ ၀ိုင်းပြီးတော့ ဒါကို Exploit လုပ်တဲ့ လူအုပ်စုတွေ Sector တွေ Different Sectors တွေ ဥပမာ စီးပွားရေး အရဖြစ်မယ်၊ နိုင်ငံရေး အရဖြစ်မယ်။ အဲ့လိုပုဂ္ဂိုလ်တွေက စုပေါင်းပြီးတော့ ဖန်တီးတာ ရှိတယ်။ နောက်တစ်ခုက ကျွန်တော်မြင်တာက ဒီဘာသာရေး လူမျိုးရေး အထိကရုဏ်း မဟုတ်ဘူးဆိုပေမယ့်လည်း  တစ်ကမ္ဘာလုံးမှာရှိသူ Nationalism အမျိုးသားရေးဝါဒ ဆိုတဲ့ဟာလေးကလဲ Globalization  React လုပ်တဲ့အနေနဲ့ တစ်ကမ္ဘာလုံးမှာရှိသလို ကျွန်တော်တို့ မြန်မာပြည်မှာလည်း ဒီ Element တွေကရှိတယ်။ အဲ့လို ရိုးရိုးသားသား သူတို့ ကိုယ့်အမျိုးကာကွယ်ရေး၊ ကိုယ့်ဘာသာကာကွယ်ရေး ဆိုတဲ့ အမျိုးဘာသာ သာသနာ ကာကွယ်ရေးဆိုပြီးတော့ ရိုးရိုးသားသား ကိုယ့်မျိုးချစ် စိတ်ဓာတ် ရှိနေတဲ့လူတွေကို အဲ့ဒီလို သိမ်းသွင်းစည်းရုံး ပြီးတော့ကာ သူတို့က ဒါကို ဖန်တီးလိုက်တဲ့အခါမှာ ကိုင်တွယ်ရ နည်းနည်း ခက်သွားတယ်။ နောက်ပြီးတော့ အများပြည်သူတွေ နားယောင်သွားမှာလည်း ကျွန်တော်တို့ကစိုးရိမ်ရတယ်။ အဲ့ဒီလို Element လေးတွေကိုလဲ သူတို့ အသုံးချနေတာကိုတွေ့ ရတယ်။ အဲ့တော့ နောက်ကွယ်က လက်သည်ကိုဖော်တဲ့အခါမှာ အဲ့ဒီ့ barrier ကလည်း ရှိနေတယ် ။ အဲ့ဒါကြောင့်  ကျွန်တော်တို့ အခက်အခဲလေးနဲနဲ ရှိနေပါတယ်။
    SBS  –  ဒါပေမယ့် နောက်ကွယ်မှာပေါ့လေ အတိအလင်းတော့ မဟုတ်ဘူး နောက်ကွယ်မှာတော်တော် များများက ပြောကြတယ်။ ဒါက စစ်အာဏာရှင်ခေတ်က အာဏာ မရှိတော့တဲ့ စစ်ဗိုလ်တွေက စစ်တပ်က အာဏာပြန်သိမ်းရင် သူတို့နေရာပြန်ရမယ်ဆိုတဲ့ အတွက်ကြောင့် တမင်တကာသက်သက်တိုင်းပြည်ထဲမှာ ဒီလိုပဋိပက္ခတွေဖြစ်ပြီး အကြီးအကျယ် တိုင်းပြည်က မငြိမ်မသက်ဖြစ်လို့ရှိရင် ကျွန်တော်တို့ အခြေခံအုပ်ချုပ်ပုံ ဥပဒေအရဆိုလို့ရှိရင်လည်း စစ်တပ်က အချိန်မရွေး အာဏာပြန်ယူလို့ရတယ် စစ်တပ်က အာဏာပြန်ယူလို့ရှိရင် သူတို့က အာဏာပြန်ရမယ်ဆိုတဲ့ သဘောနဲ့လုပ်နေတယ်ဆိုပြီး အတိအလင်းတော့ မဟုတ်ဘူးလေ နောက်ကွယ်မှာ လူတိုင်းပြောနေကြပါတယ်။ အဲ့ဒါကရော ဟုတ်တယ် ထင်ပါသလား။
    ဦးအေးလွင်  –  ဒီသီအိုရီတွေက အများကြီးရှိတယ် နောက်ပြီးက ကျွန်တော်တို့ တွေ့ခဲ့ရတာတော့ အုပ်ချုပ်သူ လူတန်းစားကပေါ့လေ ဘယ်ခေတ်မှာဘဲဖြစ်ဖြစ် အာဏာရှင် လူတန်းစားဆိုတာ မိမိအုပ်ချုပ်သူကို အုပ်ချုပ်ရလွယ်အောင် အမြဲသွေးခွဲရတယ်။
    Divided Rule ဆိုတာ အင်္ဂလိပ် လက်ထက်မတိုင်ခင်မှာ ပဒေသရာဇ်ခေတ်မှာလည်း ဒါရှိခဲ့တယ်။
    အင်္ဂလိပ်ခေတ်မှာလည်း ရှိခဲ့တယ်။ အုပ်ချုပ်သူ လူတိုင်းအဆင့်ဆင့်က ဒီ Divide Rule Policy ကို  ကျင့်သုံးခဲ့တယ်ဆိုတာ ကျွန်တော်တို့ establish fact ပေါ့နော်။ အခုလည်းဘဲ ဒီလူတန်းစားတွေက အပြောင်းအလဲ တစ်ခုကိုလုပ်ချင်တယ်။ အပြောင်းအလဲက သိပ်များမြန်ဆန်သွားရင် သူတို့ရဲ့နောက်ကြောင်းတွေ ပြန်ပေါ်မှာကို စိုးရိမ်တဲ့ လူတွေက သတိထားဖို့ အတွက် Signal လေးပေးနေတာလား။ ကျွန်တော့်ရဲ့ မှန်းဆချက်ပေါ့နော်။ အပြောင်းအလဲ သိပ်မြန်သွားလို့ democratization Process က တတယ် Full Refresh  ဖြစ်သွားရင် Rule of law လာမယ်။ Rule of law လာရင် သူတို့ရဲ့ နောက်ကြောင်းတွေ ပြန်ကောက်လိုက်လို့ရှိရင် သူတို့ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေ အပြင်ကို ကျွန်တော်ထင်တာ စီးပွားရေးမှာ တော်တော် နက်နက်ရှိုင်းရှိုင်းဝင်နေတာရှိတယ်။ စီးပွားရေးမှာ တော်တော် နက်နက်ရှိုင်းရှိုင်း ၀င်နေတဲ့အခါမှာ သူတို့အနေနဲ့ တော်တော်လေးဒါနဲ့ ပတ်သက်ပြီးဖြေရှင်းရတာတွေ ခက်လာမယ်။ အဲ့တော့ ဒီ democratization process ကို နဲနဲလေးမြန်တာကို သူတို့မလိုလားဘူးနဲ့ တူတယ်။ နောက်ပြီးတော့ သတိပေးတဲ့ သဘောပေါ့နော်။ ငါတို့အချိန်မရွေးပြန်လာနိုင်တယ်ဆိုတဲ့ အဲ့ဒီ့ပုံစံမျိုး လုပ်နေတယ်လို့ ကျွန်တော် ထင်တယ်။
    SBS  –  နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကို ဒီမွတ်စလင်မ် ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေကြားမှာ ပြဿနာဖြစ်နေတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဘာမှ ၀င်မပြောတဲ့ အတွက် တော်တော်များများက ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ကြတယ် ဝေဖန်ကြတယ်။ ဦးအေးလွင် အနေနဲ့ရော ဘယ်လို မြင်ပါသလဲ ဒေါ်အောင်ဆန်းစုကြည်ကို။
    ဦးအေးလွင်  –  ကျွန်တော် မြင်တာကတော့ဖြင့်ရင်လေ အဲ့ဒီ့ဖန်တီးနေတဲ့ ပုဂ္ဂိုလ်က ကျွန်တော်တို့ ဘာပြောမလဲ အင်္ဂလိပ်စကားပုံကို  မြန်မာလိုပြန်ရင် ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို ပစ်တဲ့သဘောရှိတယ်နော်။ သူတို့ အနေနဲ့က ဒေါ်စုရဲ့ ဒီထင်ပေါ်ကျော်ကြားမှုရယ်၊ ပြည်သူရဲ့ အများထောက်ခံမှုရယ်ကို လုပ်ဖို့ သူတို့ ရရှိနေတာကို ဘယ်လိုဆုတ်ယုတ် သွားအောင်လုပ်ရမယ်ဆိုတဲ့ နည်းဟန်ပုံစံတွေကို သူတို့လုပ်ပါလိမ့်မယ် ဒေါ်စုက ဘာဖြစ်နေလဲဆိုရင် ဗုဒ္ဓဘာသာတချို့ရဲ့ကြားမှာ အထူးသဖြင့် ရခိုင်အမျိုးသားတွေရဲ့ကြားမှာ မွတ်စလင်မ်တွေကို ကာကွယ်တယ်လို့ထင်တယ်။ မွတ်စလင်မ်တွေ ဟာလည်းဘဲ ပြောသင့်ပြောထိုက်တာကို ပွင့်ပွင့်လင်းလင်း မပြောဘူးလို့ထင်တယ်။ အဲ့ဒီတော့ အုပ်စုနှစ်စုစလုံးက ဒေါ်စုကို အထင်လွဲခြင်းခံနေရတယ်။ ကျွန်တော့် အနေနဲ့ကတော့ သူ့ကို ခုခံကာကွယ်နေစရာမလိုပါဘူး။ ကျွန်တော့်စိတ်ထင် သူ့ရပ်တည်မှု့က အစကတည်း တစိုက်မတ်မတ်ပဲရှိခဲ့တယ်။ (၁) အချက်က ဘာလဲ လူ့အခွင့်အရေး ချိုးဖောက်မှု့မရှိစေရ၊ ကြီးနိုင်ငယ်ညှင်းဆိုတာ မရှိစေရ၊ နောက်ပြီးတော့ ဒီဥပဒေတွေဘာတွေ အထူးသဖြင့် နိုင်ငံသား ဥပဒေတို့ဘာတို့ဆိုတာ အပြည်ပြည်ဆိုင်ရာ စံချိန်စံနှုန်းနဲ့ ပြည့်မှီရမယ် ဆိုတာတွေကို  ပြောတယ်။ ဒီထက်ပိုပြီးတော့လဲ ပြောလို့ရမှာမဟုတ်ဘူး။
    SBS  –  နောက်တစ်ခု ဒီ ကျွန်တော်တို့ မြန်မာပြည်ထဲမှာဖြစ်တဲ့ မိထ္တီလာတို့၊ လားရှိုးတို့မှာ ဖြစ်တဲ့ ဒီဘာသာရေး အထိကရုဏ်းကို တစ်ချို့တွေက ဒါပေါ့လေ မြန်မာ မွတ်စလင်မ်နဲ့ မြန်မာဗုဒ္ဓဘာသာကြားမှာ ဖြစ်တဲ့ ပြဿနာလို့မြင်တယ်။ ဒီရခိုင်ပြည်နယ်မှာဖြစ်တဲ့ ဟာကျတော့ သူတို့ အတော်များများက အဲ့ဒီလိုမမြင်ကျဘူး။ ဒါက ဘင်္ဂလားဒေ့ရှ်က လာတဲ့လူတွေနဲ့ ရခိုင်လူမျိုးတွေကြားမှာ ဒါလူမျိုးရေးလို ဟာမျိုးလို့ ပြောပါတယ်။ ဦးအေးလွင်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
    ဦးအေးလွင်  –  ကျွန်တော်ကလည်း Same Patten ပဲထင်တယ်။ ဒီကိစ္စဟာလည်း မရှိဘူးတော့ မဟုတ်ဘူး။ တစ်ဖက်နဲ့ တစ်ဖက်အငြင်းပွားမှုလေးတွေရှိနေကြတာ မှန်သော်လည်းဘဲ ရခိုင်ဒေသမှာ ဖြစ်နေတာဟာကလည်း ဖန်တီးမှုပဲ။ အဲ့ဒါက ပြည်မကိုကူးလာတဲ့အခါမှာလည်း ဖန်တီးမှုပဲ။ အဲ့တော့ပြည်မမှာ အခုန အကိုကြီးပြောသလို မြန်မာမွတ်စလင်မ် စစ်စစ်များနှင့်ဖြစ်လာတဲ့ ကိစ္စကျတော့ အစ္စလာမ်ကို ဘာသာရေးအနေနဲ့ အသုံးချတယ်ဆိုတာ ပိုပေါ်လွင်လာတယ်။ ရခိုင်မှာလည်း သူတို့က ဒီရည်ရွယ်ချက်နဲ့ ဒီပြဿနာကို ပြန်ပြီးတော့ ဖော်လာတာ၊ ပြီးတဲ့အခါမှာ မတည်ငြိမ်မှုနဲ့ အခုနပြောတဲ့ သူတို့အမြတ်ထုတ်ချင်တဲ့ ဒီအုပ်စုရဲ့လက်ရာတွေဆိုတာ ကတော့ ဘယ်ဒေသမှာဘဲဖြစ်ဖြစ် အင်မတန် ထင်ရှားပေါ်လွင်ပါတယ် ခင်ဗျား။
ှSBS  –  ဟုတ်ကဲ့ နောက် ကျွန်တော်တို့ ဒီ ရခိုင်မှာပေါ့ အခုလက်ရှိအစိုးရပြောနေတာ ဒီလွတ်လပ်ရေး မတိုင်ခင်မှာ ရောက်နေတဲ့ ဒီဘင်္ဂလားဒေ့ရှ်ကလူတွေကို တိုင်းရင်းသားပေးမယ်။ လွတ်လပ်ရေးနောက်ပိုင်းမှာ ရောက်လာတဲ့ လူတွေကတော့ ကမ္ဘာ့ ကုလသမဂ္ဂက တစ်ခုခုလုပ်ရမယ်ပြောပါတယ်။ အဲ့ဒီ့ အဆိုနဲ့ပတ်သက်လို့ရော ဦးအေးလွင် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
    ဦးအေးလွင်  –  ကျွန်တော်အနေနဲ့ကတော့ ကျွန်တော် အကြိမ်ကြိမ်လည်းပြောဖူးတယ်။ ဘာသာတူခြင်းဖြစ်တဲ့ အတွက်ကြောင့် ဘက်လိုက်ပြီး ကျွန်တော် မပြောပါဘူး။ အဲ့လိုမပြောရခြင်းသည် ကျွန်တော်တို့ တရားတော်က ကန့်ကွက်ထားတယ်။ မင်းဘာတွက်ဖြစ်စေ ဆွေမျိုး အတွက်ဖြစ်စေ၊ ညီအကိုတွက်ဖြစ်စေ နောက်ဆုံး မင်း ကိုယ်တိုင်ရဲ့ Interest ကို ဖြစ်စေ ထိလာပါစေတဲ့ အမှန်တရားဘက်ကပဲရပ်ရမယ်တဲ့။ အဲ့တော့ ဘာသာတူတွေဆိုပြီး တစ်ဖက်ကလိုက်ပြောနေတာ မဟုတ်ပါဘူး။ သမိုင်းကြောင်းပြန်ကြည့်ရင် အကိုကြီး ကျွန်တော်တို့ Geography မှာလည်းborder ကို လူကလုပ်တာ။ အဲ့ဒီခေတ်အခါတုန်းက မြန်မာဗုဒ္ဓဘာသာတွေ ရခိုင် ဗုဒ္ဓဘာသာတွေရဲ့ ဘုရင်များ အားကောင်းရင် ဟိုး ဒါကား   အထိ သူတို့နိုင်တယ်။ ဟိုဘက်က မဂိုဘုရင်တွေ အားကောင်းရင်လည်းပဲ စစ်တွေအထိ သူတို့နိုင်ခဲ့တယ်။ အဲ့တော့ ဒီအုပ်စုတွေဟာ မတူကျပေမဲ့လည်း အတူတကွ ယှဉ်တွဲပြီးနေထိုင်ကြတယ်ဆိုတာ သမိုင်းကြောင်းရ အများကြီးရှိတယ်။ အင်္ဂလိပ်ကလာတယ် အင်္ဂလိပ်လုပ်ခဲ့တဲ့ border ကို အတည်ယူပြီးတော့ ဒီဘယ်နှစ်အတွင်းမှာ နေခဲ့တဲ့ လူကျတော့ပေးမယ် မနေခဲ့တဲ့လူတော့ မပေးဘူး ဆိုတာလေးကတော့ဖြင့် ဒါနည်းနည်းလေး ဒီ မ.ဆ.လ ခေတ်က သွေးခွဲ အုပ်ချုပ်ချင်တဲ့ လူများရဲ့ ပြုလုပ်ထားသော ဥပဒေပေါ်မှာ ဒါကို အမြတ်ထုတ်သွားတဲ့ သဘောလို့ ကျွန်တော်ထင်ပါတယ်။ ဒီအုပ်စုတွေဟာ ဒီဒေသမှာ ဒီ Region မှာ interminglion ပါ။ သူတို့ဟာ အမြဲတမ်း လူမျိုးစရိုက် ဘာသာမတူရင်လည်း မတူမယ် တူတာတွေလည်း ရှိတယ်။ တော်တော်လေး တူတာတွေလည်းရှိမယ်။လူတွေကမသိကျလို့ Similarities တွေလည်းရှိတယ်။မတူတာတွေလည်းရှိတယ်။ သို့သော် They were there all together သူတို့ နှစ်ပေါင်းမြောက်မြားစွာကတည်းကိုက ဒီ border ဆိုတာ အင်္ဂလိပ်က လုပ်လိုက်တဲ့အခါမှာ ကျွန်တော်တို့ ဟိုဘက်ဒီဘက်ဆိုတာ ကျွန်တော်တို့ ဖြစ်သွားတဲ့ သဘောပါ။ ကျွန်တော်တော့ အဲ့လိုပဲမြင်ပါတယ်။
    SBS  –  အဲ့ဒီ့တော့ နောက်တစ်ခုက ကျွန်တော် ဒီ youtube မှာလိုက်ကြည့်တော့ တောင်ကြီးမှာ ဆရာတော်က နာမည်တော့ ကျွန်တော်မမှတ်မိတော့ဘူး။ ဒီဘုန်းကြီးတစ်ပါး က ကျွန်တော် အထင်ကပေါ့လေ ဒီကုရ်အာန်ထဲက အချို့ဟာတွေကို ရွတ်ပြီးတော့ အဲ့ဟာကို အမျိုးမျိုး နောက်ပြောင်ပြီး လုပ်တာတွေဘာတွေရှိတယ်။ အဲ့လိုမျိုးတွေကို ဒါက ဘာသာရေး ပြဿနာဖြစ်အောင်လုပ်နေတာ တစ်ခုကို အစိုးရက ဘာကြောင့်မတားပါလဲ။
    ဦးအေးလွင်  –  အဲ့ဒါကတော့ အင်မတန်ကို ဖြေရ ခက်တဲ့ မေးခွန်းတစ်ခုပါပဲ။ ကျွန်တော့်ကိုလည်း ဒီအမေရိကမှာ VOA ကလဲ မေးဖူးပါတယ်။ အဲ့တုန်းက ကျွန်တော် ဘယ်လိုဖြေဖူးလဲဆိုတော့ ဒီပုဂ္ဂိုလ်တွေကို အရေးယူလိုက်ရင် သူတို့ Hero ဖြစ်သွားမယ်။ Hero ဖြစ်သွားရင် သူတို့လိုချင်တဲ့ဟာကို သူတို့ရသွားမယ်။ အဲ့ဒီနည်းထက် ဒီဖြင့်နည်းနဲ့များဖြေရှင်းမလားဆိုပြီးတော့ ကျွန်တော်စောင့်ကြည့်နေတာပေါ့နော်။ Hate Speech တွေပေါ့နော် . အဲ့ဒီတရားဟော ထားတွေရော နောက်ဘာသာရေးကို တိုက်ရိုက်စော်ကား ထားတွေရောရှိပါတယ်။ ကျွန်တော်တို့ complain လုပ်ရင်လည်း သူတို့ အရေးယူနေပါတယ် ဟန့်တားနေ ပါတယ်လို့ပြောတယ်။သို့သော်လည်းပဲ အကိုကြီးပြောတဲ့ အခွေတွေဟာ အများကြီး ပြန့်နှံ့နေတယ်။ ဘာသာကတော့ ကျွန်တော်တို့ မပြောဘူး ဘာသာထဲမှာရှိတဲ့ အစွန်းထွက်သမားတွေ ဘာသာရေးကို မလိုက်နာကျတဲ့ လူတွေကိုတော့ ကျွန်တော်တို့ ကန့်ကွက်ပါတယ်ဆိုရင် ကျွန်တော်တို့ နားခံသာသေးတယ်။အခုက ဘာသာတရားကို တိုက်ရိုက်ဦးတည်ပြီးတော့ တိုက်ခိုက်လာမှုတွေရှိပါလျက်နဲ့ ယနေထက်တိုင်အောင် ထိထိရောက်ရောက် အရေးယူမှုတွေ မရှိသေးဘူးဆိုတာ ကျွန်တော်တို့ တွေ့ရပါတယ်။ တွေ့ရသည့် တိုင်အောင် ဒီဟာကို တမင်များ ဖန်တီးပြီးတော့ မွေးထားချင်တဲ့ အုပ်စုရှိတယ်ဆိုတဲ့ သီအိုရီက ပိုပိုပြီးအားကောင်းလာတယ်လို့ ကျွန်တော်ထင်ပါတယ် ခင်ဗျာ။
    SBS  –  နောက်တစ်ခုက ဒီ သမ္မတ အိုဘာမားနဲ့မြန်မာပြည် လာတုန်းက တွေ့တုန်းကရော ဦးအေးလွင်အနေနဲ့ ဘာတွေများ ဆွေးနွေး ဘာတွေများတိုင်ပင်ခဲ့ပါသလဲ။
    ဦးအေးလွင်  –  ကျွန်တော် သူနဲ့ကတော့ Private တွေ့တဲ့ အထဲမှာ ကျွန်တော် မပါဘူး။ သူ့ရဲ့ speech ကိုဘဲ သွားနားထောင်ရတာရှိပါတယ် နောက်ပိုင်း ကျတော့ သူ့ကိုယ်စားလှယ်တွေ ဘာတွေနဲ့ ကျွန်တော်တို့ တွေ့ရပြု ရတာတွေ ရှိပါတယ် ဒီလို အမေရိကန်ရဲ့ သဘောကတော့ဖြင့် diversity လို့ခေါ်တဲ့ မတူကွဲပြားမှုကို ဂုဏ်ယူရမယ်ဆိုတဲ့ အိုင်ဒီယာက ကျွန်တော်တိုနဲ့ သဘောထားခြင်း တူညီပါတယ် ခင်ဗျ။ ကျွန်တော်တို့ မြန်မာပြည်မှာလဲ ဒါရှိခဲ့ပါတယ်။
    SBS  –  နောက်ဆုံး အနေနဲ့ ကျွန်တော်မေးချင်တာကတော့ ဒီသြစတေးလျမှာ မြန်မာလူမျိုးစုပေါ့နော် မွတ်စလင်မ်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ သူတို့ကိုပေါ့နော် ဘာများ မှာကြားလိုပါသလဲ။
    ဦးအေးလွင်  –  ကျွန်တော် ပြောချင်တာက ဗုဒ္ဓဘာသာဟာ အင်မတန် ငြိမ်းချမ်းတဲ့သာသနာတစ်ခုပါ။ ထိုနည်းတူစွာဘဲ ဒီ ခရစ်ယာန်၊ ဟိန္ဒူဟာလည်း အင်မတန်မြင့်မြတ် သန့်စင်တဲ့ ဘာသာတစ်ခပါ၊ အစ္စလာမ်ဆိုတာလည်း နာမည်ကိုက ငြိမ်းချမ်းရေးပါ။ ဒီတော့ ဘာသာရေးတွေက ထွဋ်မြတ်တယ်။ သို့သော်ဘာသာရေးကို ကိုယ်စားပြုပါတယ်ဆိုသော အချို့သူများရဲ့လုပ်ရပ် အဲ့ဒီ့လုပ်ရပ်တွေကို ကြည့်လိုက်တာနဲ့ သူတို့ကိုယ်သူတို့ ဒီဘာသာဝင်လို့ ပြောထားသော်လည်း ဘာသာရဲ့ သွန်သွင်ဆုံးမမှုနဲ့မကိုက်ညီတယ် မကိုက်ညီသမျှ လုံးဝဆန့်ကျင်တယ်တဲ့ လုပ်ရပ်တွေကိုလုပ်တယ် အဲ့လိုလုပ်လာပြီဆိုရင် ကိုယ်က ဒီဘာသာကို ကိုယ်စားပြုတယ်လို့ ပြောပါသော်လည်း ဘာသာနဲ့ ဆန့်ကျင်နေတာလုပ်တဲ့ အတွက် သူ့ရပ်လုပ်ရပ်ကို သူ့လုပ်ရပ် Individual လုပ်ရပ်အဖြစ်နဲ့ပဲမြင်ပါ။ ဒီဘာသာကိုလာပြီးတော့ မမြင်ပါနဲ့။ အဲ့လိုဆိုလို့ရှိရင် ကျွန်တော်တို့ ခြေမ မကောင်း ခြေမ လက်မ မကောင်း လက်မ ဆိုပြီးတော့ ၀ါဒနဲ့ ၀ါဒီ ခွဲမြင်ရင် ဘာသာကို ကိုယ်စားပြုပါတယ်ဆိုတဲ့ လူတွေရဲ့ လုပ်ရပ်သည် သီးခြား ဘာသာသာသနာရဲ့ အဆုံးအမသည် သီးခြားဆိုလို့ရှိရင် ကျွန်တော်တို့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေနိုင်မယ်ဆိုတဲ့ စိတ်ဓာတ် ကလေးက ပိုရှင်သန် လာပါမယ်။ ခွဲခြားပြီး မြင်ပေးပါလို့ ကျွန်တော် မေတ္တာ ရပ်ခံပါတယ်။
    SBS  –  ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် ဦးအေးလွင်။
    ဦးအေးလွင်  –  ဟုတ်ကဲ့ Thank you ပါ ခင်ဗျား အများကြီးကို။
  • ဗြိတိန်ဘုရင်မ၏ နှစ်သစ် ဂုဏ်ပြုပွဲ၌ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရသော ဗြိတိသျှ မွတ်စလင်များ
    ဇန်နဝါရီ ၈၊ ၂၀၁၄
    M-Media
    Queen-Honors-British-Muslim-Dignitaries
    (ဓာတ်ပုံရှင်) ကင်းဘရစ်ဂ်ျ တက္ကသိုလ်၊ FBA ပထ၀ီဗေဒပါမောက္ခ Ash AMIN
    လန်ဒန်
    ဗြိတိသျှလူ့အဖွဲ့အစည်းတွင် ကျန်းမာရေး၊ သိပ္ပံပညာ နှင့် လူမှု လုပ်ငန်းများ၌ ထိုက်ထိုက်တန်တန် အကျိုးပြုဆောင်ရွက်ခဲ့ကြသဖြင့် ဘုရင်မ၏နှစ်သစ် ဂုဏ်ပြုဆုချီးမြှင့်ခံရသော ဂုဏ်သိက္ခာရှင် ဗြိတိသျှ မွတ်စလင်၂၀ ဦး၏အမည် စာရင်းကို ဗြိတိသျှ မွတ်စလင် ဦးဆောင် အဖွဲ့အစည်းတစ်ခုမှ ထုတ်ပြန်ခဲ့သည်။
    “ ယခုနှစ်ဂုဏ်ပြုစာရင်းထဲပါဝင်တဲ့ ဂုဏ်ပြုခံရသူ အားလုံးကို ဗြိတိန် မွတ်စလင်ကောင်စီက ဂုဏ်ပြုချီးကျူးပါတယ် ” ဟု ဗြိတိန်မွတ်စလင်ကောင်စီ Muslim Council of Britain (MCB) မှ ထုတ်ပြန်ကြေငြာသည်။
    ယင်းထုတ်ပြန်ကြေငြာချက်၌ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရပ်၊ စီးပွားရေး၊ လူမှုလုပ်ငန်း နယ်ပယ် အသီးသီးမှ ထိရောက်စွာ စွမ်းဆောင်ချက်များကြောင့် အသိအမှတ်ပြုခံရသည့် ဗြိတိသျှမွတ်စလင် များ၏အမည်များကို ဆက်လက်ဖော်ပြခဲ့သည်။
    ဗြိတိသျှ အင်ပါယာရပ်ဝန်း၏ ဂုဏ်ထူးဆောင်ပါမောက္ခများ
    ———————————————
    ၁။ Professor Ash AMIN, FBA Professor of Geography, University of  Cambridge
    လူမှုသိပ္ပံစွ မ်းဆောင်ချက် လုပ်ငန်းများအတွက် ချီးမြှင့်ခံရသည်။
    ဗြိတိသျှအင်ပါယာ ရပ်ဝန်း၏ အမှုထမ်း အရာထမ်းများ
    ———————————————
    ၂။ Mahmood AHMED Chair, Birmingham City Labour Party
    စေတနာ့ဝန်ထမ်းနိုင်ငံရေးလုပ်ငန်းများအတွက် ချီးမြှင့်ခံရသည်။
    ၃။ Tasmina, Mrs AHMED-SHEIKH
    စကော့တလန်ရှိ အာရှသား အသိုင်းအ၀ိုင်းနှင့် စီးပွားရေး အကျိုးပြုလုပ်ငန်းများ အတွက် ချီးမြှင့်ခံရသည်။
    ၄။ Shahed Ahmed BATTIWALA Headteacher, Elmhurst Primary School, Newham
    ပညာရေးလုပ်ငန်းများအတွက် ချီးမြှင့်ခံရသည်။
    ၅။ Asim HAFIZ Religious Adviser and Imam, HM Armed Forces
    ကာကွယ်ရေး လုပ်ငန်းများ အထူးသဖြင့် အာဖဂန် စစ်ဆင်ရေး၌ ပံ့ပိုးမှုများအတွက် ချီးမြှင့်ခံရသည်။
    ၆။ Sofina Aktar Motin, Mrs ISLAM Headteacher, Stanton Bridge Primary School, Coventry
    ပညာရေးလုပ်ငန်းများ အတွက် ချီးမြှင့်ခံရသည်။
    ၇။ Muhammad Khawar Amin MANN Founding Member and Chair, Mosaic
    စေတနာ့ဝန်ထမ်း နှင့် ကုသိုလ်ဖြစ် လုပ်ငန်းများအတွက် ချီးမြှင့်ခံရသည်။
    ၈။ Dr Hamid Ghafour MUGHAL Director of Global Manufacturing, Rolls-Royce plc
    နည်းပညာ၊ ဆန်းသစ် တီထွင်မှု နှင့် ထုတ်လုပ်ရေး လုပ်ငန်းများ အတွက် ချီးမြှင့်ခံရသည်။
    ၉။ Rafaat, Mrs MUGHAL Founder and Director, JAN Trust
    Haringey ရှိ နိမ့်ကျသော အမျိုးသမီးများနှင့် လူ့အသိုင်းအ၀ိုင်းရေးရာ လုပ်ငန်းအတွက် ချီးမြှင့်ခံရသည်။
    ဗြိတိသျှအင်ပါယာရပ်ဝန်း၏တစ်သီးပုဂ္ဂလဂုဏ်ပြုခံရသူများ
    ———————————————
    ၁၀။ Zaidah Parveen, Mrs AHMED, JP Schools Community Engagement and Cohesion Lead, Rotherham Borough Council
    South Yorkshire ရှိ Rotherham လူ့အဖွဲ့အစည်းဆိုင်ရာဆောင်ရွက်ချက်များ အတွက် ဂုဏ်ပြုခံရသည်။
    ၁၁။ Ms Aysha ESAKJI Prevent Officer, London Borough of Hammersmith and Fulham and Royal Borough of Kensington and Chelsea
    အစွန်းရောက်ဝါဒ စိန်ခေါ်ခြင်းဆိုင်ရာဆောင်ရွက်ချက်များ အတွက် ဂုဏ်ပြုခံရသည်။
    ၁၂။ Mahammed Ameenuddin HUSSAIN Manager, Asian Resource Centre, Greenwich
    Greenwich ရှိ လူ့အဖွဲ့အစည်း နှင့် သက်ကြီး ပညာရေးဆောင်ရွက်ချက်များအတွက် ဂုဏ်ပြုခံရသည်။
    ၁၃။ Faiza, Mrs KHAN Deputy Chief Executive, National Council for Voluntary Youth Services
    လူငယ်ရေးရာဆောင်ရွက်ချက်များ အတွက် ဂုဏ်ပြုခံရသည်။
    ၁၄။ Fathir KHAN
    South Yorkshire မှ Sheffield ရှိ အာရှတိုက်သား အသိုင်းအ၀ိုင်းဆိုင်ရာ စွမ်းဆောင်ချက်များ အတွက် ဂုဏ်ပြုခံရသည်။
    ၁၅။ Yasmin Shabir, Mrs KHAN Administrative Officer, Personal Tax, Bradford, HM Revenue and Customs
    သာတူညီမျှရေး၊ မတူကွဲပြားမှု လက်ခံရေး စွမ်းဆောင်ချက်များ အတွက် ဂုဏ်ပြုခံရသည်။
    ၁၆။ Miss Zanib RASOOL
    South Yorkshire မှ Rotherham လူ့အဖွဲ့အစည်းဆိုင်ရာဆောင်ရွက်ချက်များ အတွက် ဂုဏ်ပြုခံရသည်။
    ၁၇။ Salim SIDAT
    Lancashire မှ Blackburn တွင် လူ့အဖွဲ့အစည်းစောင့်ကြည့်ကာကွယ်ရေးလုပ်ငန်းများအတွက် ဂုဏ်ပြုခံရသည်။
    ၁၈။ Ghulam SIDDIQUIE General Secretary, Lanarkshire Muslim Welfare Society
    ယဉ်ကျေးမှုတိုးမြှင့်ရေးနှင့် Lanarkshire လူ့အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ချက်များအတွက် ဂုဏ်ပြုခံရသည်။
    ဘုရင်မတံဆိပ်ဆု ချီးမြှင့်ခံရသည့် စံပြပုဂ္ဂိုလ်များ
    —————————————————-
    ၁၉။ John Ahmed Anwar, Police Constable, Derbyshire Constabulary
    ၂၀။ Akra Mullah Khan, Chief Superintendent, Nottinghamshire Police
    Ref: Onislam
  • ဂျွန်ကယ်ရီ၏ အရှေ့အလယ်ပိုင်း ခရီးစဉ်ပြီးဆုံး၊ အစ္စရေး-ပါလက်စတိုင်း အရေး အဖြေမထွက်
    ဇန်န၀ါရီ ၇၊ ၂၀၁၄
    M-Media
    1545825_644262775616196_2094221734_n
    – အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် သဘောတူညီချက် မရရှိခဲ့သော်လည်း မိမိ၏ ခရီးစဉ်တွင် တိုးတက်မှုများရရှိခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။ ဂျွန်ကယ်ရီမှာ အရှေ့အလယ်ပိုင်းသို့ လေးရက်ကြာ သွားရောက်ခဲ့ပြီး ယမန်နေ့က အမေရိကန်သို့ ပြန်လာခဲ့သည်။
    အမေရိကန်၏ သံတမန်ဆိုင်ရာ အမြင့်ဆုံးပုဂ္ဂိုလ်အဖြစ် အရှေ့အလယ်ပိုင်းဒေသသို့ ၁၀-ကြိမ်မြောက် သွားရောက်ခဲ့သည့် ဂျွန်ကယ်ရီမှာ အစ္စရေး ၀န်ကြီးချုပ် နေတန်ရာဟု၊ ပါလက်စတိုင်း သမ္မတ မဟ်မူးဒ် အဘတ်စ်တို့နှင့် နာရီပေါင်းများစွာကြာ တံခါးပိတ်ဆွေးနွေးမှုများ သီးခြားစီ ပြုလုပ်ခဲ့သည်။
    မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့သော်လည်း ၁၉၄၈ ခု အစ္စရေးနိုင်ငံ စတင်ထူထောင်ခဲ့ချိန်က မောင်းထုတ်ခံခဲ့ရသည့် ပါလက်စတိုင်း ဒုက္ခသည်များအား ပြန်လည်လက်ခံရေးအတွက် ဂျွန်ကယ်ရီက ဖိအားပေးခဲ့ပြီး နေတန်ယာဟုက လက်မခံခဲ့ဟု အစ္စရေးနေ့စဉ်သတင်းစာ Maariv က ရေးသားဖော်ပြခဲ့သည်။
    ထို့ပြင် အမေရိကန်၏ မဟာမိတ်နိုင်ငံများဖြစ်သည့် ဂျော်ဒန်နှင့် ဆော်ဒီအာရေဗျသို့လည်း သွားရောက်ခဲ့ပြီး အစ္စရေး-ပါလက်စတိုင်း ပြဿနာအတွက် ၎င်းတို့၏ အခန်းကဏ္ဍများနှင့် ပက်သက်၍ ဆွေးနွေးခဲ့ကြသည်။
    Ref : ChannelNewsAsia
  • နိုင်ငံတိုးတက်ရန် အတွက် ပြည်သူ ဗဟိုပြု အစီစဉ် တစ်ခုအား မြန်မာအစိုးရ ရေးဆွဲ
    ဇန်န၀ါရီ ၇၊ ၂၀၁၄
    M-Media
    1475960_443691702425368_174634829_n
    – ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေှးနှစ် အတွင်း မျှော်မှန်းထားသော ရည်မှန်းချက်များ  အောင်မြင်ရန်အတွက် ပြည်သူ့ဗဟိုပြု အစီစဉ် တစ်ခုအား မြန်မာနိုင်ငံက ရေးဆွဲနေသည်ဟု သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင် မီဒီယာများမှ ယနေ့တွင် ဖော်ပြခဲ့သည်။
    ထိုအစီအစဉ်မှာ ပတ်ဝန်းကျင်နိုင်ငံများနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးလိုအပ်ချက်များနှင့် ကိုက်ညီမည်ဟု နေပြည်တော်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည် အစိုးရ စီမံကိန်းကော်မရှင် အစည်းအဝေးတွင် ဦးသိန်းစိန်က ပြောကြားခဲ့သည်။
    ထို့ပြင် တိုင်းပြည်၏ နည်းပညာဆိုင်ရာနှင့် လူသား အရင်းအမြစ်ဆိုင်ရာတို့တွင် ဖွံ့ဖြိုးမှုများရရှိရန်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် လိုအပ်ကြောင်းနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ ၈ ရာခိုင်နှုန်းအထိ ရောက်ရှိရန် နိုင်ငံ၏ ကဏ္ဍ ၇ ရှိ ထုတ်ကုန် စွမ်းရည်အား နှစ်ဆဖြစ်အောင် ပြုလုပ်ရန် ကိုလည်း အလေးပေးပြောကြားခဲ့သည်။ ထိုကဏ္ဍ ၇ ခုမှာ စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ အခြေံအဆောက်အဦး၊ စွမ်းအင်၊ သတ္တုတွင်း၊ ခရီးသွားလာရေး၊ ဘဏ္ဍာရေးနှင့် ဆက်သွယ်ရေး ကဏ္ဍတို့ ဖြစ်ကြသည်။
    ထို့ပြင် နိုင်ငံရှိ စီမံကိန်းများအား အကောင်အထည်ဖော်ရန်နှင့် လျားထား ထားသောဘဏ္ဍာငွေအား အသုံးပြုရန်တို့တွင် အစိုးရဌာနအားလုံးအား အတူတကွ ညီညွတ်မျှတစွာ ပါဝင်လုပ်ဆောင်ရန် တိုက်တွန်းပြောဆိုသွားသည်။
    ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံက စိုက်ပျိုးရေးကဏ္ဍတွင် ၃.၉ ရာခိုင်နှုန်း၊ စက်မှုလက်မှုကဏ္ဍတွင် ၁၀.၄ ရာခိုင်နှုန်းနှင့် ၀န်ဆောင်မှုကဏ္ဍတွင် ၁၂.၄ ရာခိုင်နှုန်း တိုးတက်ရန် လျာထားသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကမူ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ စီပွားရေးမှာ ၆.၇၅ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းထားသည်။
    Ref: ဆင်ဟွာ
    Photo- ပြန်ကြားရေး