News @ M-Media

Author: M-Media

  • ဒီဇင်ဘာ ၂၃ အားကစားသတင်းများ

    ဒီဇင်ဘာ ၂၃၊ ၂၀၁၃
    M-Media

    5171402-3x2-700x467

    အာဖရိက ချန်ပီယံ မော်ရိုကို ကလပ်ကို အနိုင်ယူကာ ဖီဖာ၏ ကမ္ဘာ့ကလပ်ချန်ပီယံဘွဲ့အား ဘိုင်ယန်ဆွတ်ခူး၊ ၂၀၁၃ အတွင်း ၅ ခုမြောက်ဖလားဖြစ်

    မော်ရိုကိုနိုင်ငံ Marrakech မြို့Stade de Marrakech ဘောလုံးကွင်းတွင် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ကလပ် ချန်ပီယံ ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲတွင် ဥရောပ ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းမှာ အာဖရိက ချန်ပီယံ မော်ရိုကို ကလပ် ရာဂျာ ကာစာဘလန်ကာ အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်ဟု သိရသည်။

    ဘိုင်ယန် အသင်းမှာ အိမ်ရှင်အသင်းအား ခြေအသာဖြင့် ဖိကစားနိုင်ခဲ့ပြီး အနိုင်ဂိုးများကို ပထမပိုင်း ၂၅ မိနစ်အတွင်း သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ဗိုလ်စွဲနိုင်ခဲ့ခြင်းမှာ ဘွန်ဒစ်လီဂါ၊ ဂျာမန်ရှုံးထွက်ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလားနှင့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်တို့ကို အရယူနိုင်ခဲ့သည့် ဘိုင်ယန်မြူနစ် အသင်းအတွက် ၂၀၁၃ ခုနှစ်အတွက် ၅ လုံးမြောက် ဆုဖလားလည်း ဖြစ်သည်။

    ဘိုင်ယန်အသင်းအတွက် ဂိုးများကို ၇ မိနစ်တွင် ဒန်တီနှင့် ၂၂ မိနစ်တွင် သီယာဂို အလ် ကန်တာရာတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

    Ref: Goal.com

    ——————————————

    အဒီဘာယောနှင့် ပြဿနာမရှိဟု စပါးနည်းပြပြော

    – အသင်းရှိ တိုဂိုတိုက်စစ်မှူး အဒီဘာယောမှာ အသင်းအတွက် မည်သည့်ပြဿနာမှ မဖြစ်ဟု စပါးအသင်း၏ ယာယီနည်းပြ တင်မ် ရှားဝုဒ်က ပြောကြားခဲ့သည်။ နည်းပြဟောင် ဘိုအာ့စ် လက်ထက်က အသင်းတွင် နေရာမရှိခဲ့သည့် အဒီဘာယောမှာ ရှားဝုဒ်လက်ထက်တွင် ကစားခဲ့ရသည့် ၂ ပွဲတွင် ၃ ဂိုးအထိသွင်းယူပေးခဲ့သည်။
    …………………………..

    အာဆင်နယ်ကို ပြောင်းမည့်သတင်း ချယ်ဆီးတိုက်စ်မှူး ဒမ်ဘာဘားငြင်း

    – အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ရန် ဆက်သွယ်နေသည့်ဟူသောသတင်းအား ချယ်ဆီးအသင်း၏ ဆီနီဂေါတိုက်စစ်မှူး ဒမ်ဘာဘားက ငြင်းဆိုခဲ့ပြီး၊ ချယ်ဆီးအသင်းတွင်သာ ပျော်ရွှင်နေသည်ဟု ပြောဆိုလိုက်သည်။ နည်းပြမော်ရင်ဟိုမှာ တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်နှင့် အီတူးတို့အား ပိုမိုအကြိုက်တွေ့သောကြောင့် ဘားမှာ ချယ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် ၂ ပွဲသာ ပွဲထွက်ကစားခွင့်ရထားပြီး ၁ ဂိုးသာသွင်းယူပေးထားသည်။ ချယ်ဆီးအသင်းသို့ ပြောင်းရွှေ့ရမှုကို နောင်တမရကြောင်း၊ အာဆင်နယ်အသင်းမှလည်း ကမ်းလှမ်းလာမှုများမရှိကြောင်း ဘားက The Sun သတင်းစာသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။
    …………………………….

    အာဆင်နယ်ကို အနိုင်ကစားဖို့နည်းလမ်း မိမိတို့သိဟု ချယ်ဆီး ကစားသမား တောရက်စ်ပြောကြား

    – အာဆင်နယ်အသင်းအား မည်ကဲ့သို့ အနိုင်ကစားရမည်ကို မိမိတို့သိသည်ဟု ချယ်ဆီးအသင်း၏ တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က ပြောကြားခဲ့သည်။ ချယ်ဆီးအသင်းမှာ ပြီးခဲ့သည့် အောက်တိုဘာလက ကစားခဲ့သည့် လိဂ်ဖလားပြိုင်ပွဲတွင် အာဆင်နယ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး၊ ယခုတစ်ကြိမ်တွင်လည်း အနိုင်ယူနိုင်ရန် တောရက်စ်က ယုံကြည်နေသည်။ ချယ်ဆီအသင်းမှာ ယခုပွဲအနိုင်ရရှိပါက ထိပ်ဆုံးတွင်ဦးဆောင်နေသည့် လီဗာပူးလ်အသင်းနှင့် အမှတ်တူသွားမည်ဖြစ်သည်။
    …………………………
    ရဲအရာရှိကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုကြောင့် ၀က်စ်ဟမ်းအသင်း၏ နောက်ခံလူ ဂျိမ်းတွမ်ကင် တရားစွဲခံရ

    – ရဲအရာရှိတစ်ဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုကြောင့် ၀က်စ်ဟမ်းအသင်း၏ နောက်ခံလူ ဂျိမ်းတွမ်ကင် မှာ တရားစွဲဆိုခြင်းခံထားရသည်ဟု သိရသည်။ တွမ်ကင်မ်မှာ ယမန်နေ့ နံနက်အစောပိုင်းက အင်္ဂလန်အရှေ့ပိုင်း Brentwood ရှိ Sugar Hut နိုက်ကလပ်တွင် အရက်မူးကာ ရမ်းကားမှုကြောင့် လုံခြုံရေးများက ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များအား ရောက်လာသောအခါ တွမ်ကင်မှာ ရဲအရာတစ်ဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် တွမ်ကင်အား မူးယစ်ရမ်းကားမှု၊ ဖမ်းဆီးခြင်းအားခုခံမှုတို့ဖြင့် Basildon တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကာ လာမည့် ဇန်န၀ါရီ ၉ ရက်နေ့တွင် အမှုရင်ဆိုင်ရမည်ဖြစ်သည်။

  • ဆွီဒင်တွင် လူမျိုးရေးခွဲခြားသည့် နာဇီလက်သစ် ဝါဒကို ဆန့်ကျင်သည့် လူထောင်ချီပါဝင်သော ဆန္ဒပြပွဲပြုလုပ်

    ဒီဇင်ဘာ ၂၃၊ ၂၀၁၃
    M-Media

    Protesters rally against racism during a demonstration in the Stockholm suburb of Karrtorp
    – ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ ဆင်ခြေဖုံးတွင် လူမျိုးရေးခွဲခြားမှုနှင့် နာဇီလက်သစ်ဝါဒအား ဆန့်ကျင့်သည့် ဆန္ဒပြပွဲတစ်ခုကို ယမန်နေ့က ပြုလုပ်ခဲ့သည်ဟုသိရသည်။

    လွန်ခဲ့သည့် တစ်ပါတ်က လူ ရာကျော်ခန့်ပါဝင်သည့် အလားတူ ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့ပြီး ထိုဆန္ဒပြပွဲအား လူမျိုရေးခွဲခြားသူများက တိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ ဒုတိယအကြိမ် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ထိုဆန္ဒပြပွဲတွင် အနုပညာရှင်များ အပါအ၀င် လူပေါင်း ၁၆၀၀၀ ခန့်ပါဝင်ခဲ့ပြီး စတော့ဟုမ်းတောင်ဘက်မှ Karrtorp ဘောလုံးကွင်းသို့ ချီတက်ခဲ့ကြကာဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ခြင်း မိန့်ခွန်ပြောကြားခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။

    ထိုဆန္ဒပြပွဲအား ရဲတပ်ဖွဲ့ ၁၀၀ ခန့်ကလည်း စောင့်ကြပ်ပေးခဲ့ကြပြီး၊ ရဟတ်ယာဉ်များမှာလည်း စတော့ဟုမ်းတစ်ဝိုက် ကင်းလှည့်ပေးနေခဲ့သည်။
    Ref: aljazeera
    Photo-reuters

  • တောင်ပိုင်း ဆူဒန်အား လိုအပ်လျှင် စစ်ရေးအရ အရေးယူမည်ဟု အိုဘားမားပြော

    ဒီဇင်ဘာ ၂၃၊ ၂၀၁၃
    M-Media

    obama
    – တောင်ဆူဒန်နိုင်ငံတွင် အမေရိကန်တပ်များ တိုက်ခိုက်ခံခဲ့ရပြီးနောက် လိုအပ်လာလျှင် စစ်ရေးအရ အရေးယူမည်ဟု အမေရိကန်သမ္မတ ဘာရက် အိုဘားမားက ပြောကြားလိုက်သည်။

    ကွန်ဂရက်သို့သမ္မတက ပေးပို့ခဲ့သောစာတွင် ရေးသားထားခြင်းဖြစ်ပြီး တောင်ဆူဒန်နိုင်ငံ၏ အခြေအနေများကို စောင့်ကြည့်နေကြောင်း တောင်ဆူဒန်ရှိ အမေရိကန်နိုင်ငံသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် အမေရိကန်သံရုံးတို့၏ လုံခြုံရေးအား အားပေးရန်အတွက် အရေးယူမှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ထည့်သွင်းရေးသားခဲ့သည်။ ပြီးခဲ့သည့် စနေနေ့က သူပုန်များကြီးစိုးရာ ဒေသတွင် အမေရိကန် လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရကာ အမေရိကန် စစ်သားလေးဦးဒဏ်ရာရရှိခဲ့ပြီးနောက် အမေရိကန်နိုင်ငံသားများအား ဘေးလွတ်ရာ နေရာများသို့ ယမန်နေ့က ပြောင်းရွှေ့ခဲ့သည်။

    တောင်ဆူဒန်နိုင်ငံတွင် အစိုးရနှင့် သူပုန်များအကြား တိုက်ခိုက်မှုများဖြစ်ပွားနေပြီး ယခုအခါ ပြည်တွင်းစစ် အသွင်ဆောင်လာ ခဲ့သည်။ မကြာသေးခင်ကလည်း ကုလ ငြိမ်းချမ်းရေး တပ်ဖွဲ့ စခန်းတစ်ခု တိုက်ခိုက်ခြင်းခံခဲ့ရပြီး တင်ဖွဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦး သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရခဲ့သည်။

    Photo-(Reuters)
    Ref:Al Arabiya News

  • တိုင်းရင်း မွတ်စလင် ကလောင်ရှင်များ အသင်း (မြန်မာနိုင်ငံ) ဖြစ်မြောက်ရေး ကော်မတီဖြင့် ကြိုးစားမည်

    ဒီဇင်ဘာ ၂၃၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    2013-12-22 13.43.05
    ရန်ကုန် ။       ။           စာပေရေးရာများကို ဆောင်ရွက်နေကြသည့် မြန်မာပြည်ဖွား မွတ်စလင်များ စုစည်း၍ စာပေရေးရာများကို ဆောင်ရွက်နိုင်ရန် တိုင်းရင်းမွတ်စလင် ကလောင်ရှင်များအသင်း (မြန်မာနိုင်ငံ) ဖြစ်မြောက်ရေး ကော်မတီ တစ်ရပ်ကို ယနေ့ မနက်ပိုင်းက ရန်ကုန်မြို့တွင် ဖွဲ့စည်းလိုက်သည်။

    ၎င်း တိုင်းရင်း မွတ်စလင် ကလောင်ရှင်များ အသင်း (မြန်မာနိုင်ငံ) ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဖြစ်သူ ပသီဦးကျော်ဦးအား အဖွဲ့နှင့် ပတ်သက်၍ မေးမြန်းခဲ့ပါသည်။

    ကလောင်ရှင်များအသင်း (မြန်မာနိုင်ငံ) ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်ကို မေးမြန်းရာမှာ “ခုနက ဒေါက်တာအောင်ဇော် လည်း ပြောသွားပါတယ်။ အစ္စလာမ်ဘာသာဝင် စာရေးဆရာတွေရဲ့ စုစည်းမှုတွေ ရှိခဲ့တယ်။ အဲ့ဒီ စာရေးဆရာကြီးတွေ ပူးပေါင်းပြီး စာဆိုတော်နေ့တွေ၊ စာပေရေးရာတွေ လုပ်ခဲ့တယ်။ အဓိက ရည်ရွယ်ချက်ကတော့ ပြန့်ကြဲနေတဲ့ စာပေသမားတွေ တစ်နေရာတည်းမှာ တစ်စုတစ်စည်းထဲ ဖြစ်သွားဖို့ရယ် အများအတွက် လိုအပ်တဲ့ ကိစ္စရပ်တွေကို စာပေရှုထောင့်ကနေ လုပ်ဆောင်သွားဖို့ရယ်ဆိုတဲ့ ရိုးရိုးရှင်းရှင်း ရည်ရွယ်ချက်ကလေးနဲ့ စတင်လိုက်တာပါ။ ဖြစ်မြောက်ရေး ဖြစ်တဲ့အတွက် ရည်ရွယ်ချက်တွေကို သတ်သတ်မှတ်မှတ် မလုပ်ရသေးပါဘူး။ ဒါပေမယ့် ရည်ရွယ်ချက်တွေကတော့ အများကြီး ရှိထားပါတယ်။ အဲ့ဒါကို ရည်ရွယ်ချက်ဆိုတဲ့ စကားလုံးမသုံးပဲနဲ့ ကဗျာဆရာတွေ လည်းပါတော့ အိပ်မက်ဆိုတဲ့ စကားလုံးလေး သုံးလိုက်ကြတယ်။”လို့ ဥက္ကဋ္ဌဖြစ်သူ ပသီဦးကျော်ဦးက ဖြေကြားခဲ့ပါတယ်။

    ယနေ့ဖွဲ့စည်းလိုက်ခြင်းဟာ ဖြစ်မြောက်ရေးကော်မတီ သက်သက် ဖြစ်ခြင်းလား၊ ကလောင်ရှင်များအသင်းဟု အတည်အဖြစ် သတ်မှတ်မည်လားဟု မေးမြန်းမှုအား ၎င်းကပင် “အဖွဲ့အစည်းတွေ ဖွဲ့တဲ့အခါမှာ တစ်ခါတည်းဖွဲ့လိုက်ရင် နေရာက စကားပြောပါတယ်။ နောက်မှ ၀င်လာတဲ့ သူတွေအတွက်လည်း ဖွင့်ထားပါတယ် ဆိုတာ ဖြစ်ချင်တယ်။ ကိုယ်တွေဘက်က မူသေယူထားပြီးမှ တကယ်အလုပ်လုပ်မယ့်သူ၊ ထိုက်တန်တဲ့သူတွေ ပါဝင်လာစေဖို့အတွက် ဖြစ်မြောက်ရေးကိုပဲ လုပ်တာပါ။ ဒီကော်မတီက တစ်ပြည်လုံးက ကလောင်ရှင်တွေ ပါဝင်စေဖို့ လုပ်ဆောင်သွားမှာပါ။ စာပေသမားတွေအနေနဲ့ အခွင့်အရေးရှိခဲ့ရင် စာပေညီလာခံ တစ်ခု လုပ်ဆောင်ပါမယ်။ စာပေညီလာခံပြီးတဲ့နောက်မှာတော့ ဒီဖြစ်မြောက်ရေး ကော်မတီက ပျက်ပြယ်သွားမှာပါ။ လောလောဆယ် အခုမှ စရတာဖြစ်တဲ့အတွက် ညီလာခံက ဘယ်တော့ ဖြစ်မလဲဆိုတာတော့ သေချာ မပြောနိုင်သေး ပါဘူး။ နောက်ပြီး ခေတ်ကာလ အရ တော်တော်စဉ်းစဉ်းစားစားလုပ်ရတဲ့အပိုင်းလည်း ရှိပါတယ်။ ဖြစ်နိုင်ရင်တော့ နယ်တွေအလိုက် ဖြစ်မြောက်ရေးကော်မတီလေးတွေနဲ့ လုပ်ဆောင်ချင်ပါတယ်။”ဟု ပြောကြားပါတယ်။

    လတ်တလောအခြေအနေတွင် ဖြစ်မြောက်ရေးကော်မတီအနေဖြင့် စာပေညီလာခံတစ်ခု ဖြစ်မြောက်ရေးကို ရည်ရွယ်ထားသည်လား ဆိုသည့်မေးခွန်းအား “မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အစ္စလာမ်ဘာသာဝင် စာပေနဲ့ပတ်သက်တဲ့ ကလောင်ကိုင်ထားသူ အားလုံးရဲ့ ကိုယ်စားပြု အဖွဲ့အစည်းတစ်ခု ဖြစ်ဖို့ ရည်ရွယ်ပါတယ်။”လို့ ပသီဦးကျော်ဦးမှ ပင် ဖြေကြားခဲ့ပါတယ်။

    ယခု ဖြစ်မြောက်ရေးကော်မတီလုပ်ဆောင်ရန် စတင်စဉ်းစားမိသည့် ရည်ရွယ်ချက်ကို ထပ်မံမေးမြန်းရာ –
    “စာပေမြင့်မှ လူမျိုးမြင့်မည် ဆိုသည့် စကားက တော်တော်လေး ရိုးရှင်းပါတယ်။ ရိုးတယ်ဆိုသော်လည်း ဒီဆောင်ပုဒ်ကို သုံးနေကြတယ်ဆိုတော့ စာပေရဲ့ သြဇာ၊ စာပေရဲ့ အင်အား ဘယ်လောက်ကြီးတယ်ဆိုတာ သိတယ်။ စာပေဆိုတဲ့နေရာမှာ ကဏ္ဍတွေက တအားကြီးပါတယ်။ ကျွန်တော်တို့တွေရဲ့ ဘာသာတရားမှာကိုက စာပေက ပါထားပြီးသားဖြစ်လို့ ဒီအဖွဲ့အစည်းကို ဖွဲ့စည်းဖို့လုပ်ခဲ့တာပါ။ တစ်ဘက်ကလည်း ဘာသာရေးတစ်ခုတည်း သွားမယ်ဆိုရင် ခေတ်ကာလရဲ့ တောင်းဆိုချက်တွေကို မဖြည့်ဆည်းပေးနိုင်ဘူး။ တစ်ဘက်ကလည်း ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့ တသီးပုဂ္ဂလ နေနေသူတွေရှိတယ်၊ နောက်တစ်ခါ အခု ပွင့်လင်းမှုနဲ့ပေါ်ထွက်လာတဲ့ မီဒီယာလောကက ဂျာနယ်လစ်တွေကိုလည်း စုစည်းမိစေချင်တယ်။ ဒီလို အားလုံးရဲ့ အင်အားကို ယူလိုက်တဲ့အခါ ဂျာနယ်လစ်ရယ်၊ ကဗျာဆရာရယ်လို့ မယူဆပဲ အားလုံးကို ကလောင်ရှင်လို့ ယူဆလိုက်တဲ့အတွက် ကလောင်ကိုင်ထားသူတွေ အားလုံးပါသွားမယ်။ အဲဒီအခါမှာ လိုချင်တဲ့ပန်းတိုင်ကို အင်နဲ့အားနဲ့ သွားနိုင်လိမ့်မယ်လို့ မျှော်လင့် ယုံကြည်လို့ လုပ်ဆောင်တာပါ။ စာပေဆိုတာ ဈေးကွက် ရှိရတယ်။ မြန်မာ မွတ်စလင်မှာက ဈေးကွက် ရှိထားတယ်။ ဒီဈေးကွက်အတွင်းမှာ ဘာအခက်အခဲရှိလဲဆိုတော့ စာက နည်းနည်း ပညာရပ်ဆန်တဲ့ စာလေးတွေကို ဒီအဖွဲ့က ထုတ်နိုင်အောင် ကြိုးစားမယ်။ ဒါက လူ့အဖွဲ့အစည်းတစ်ခုမှာ လိုအပ်တဲ့စာပေတွေ။ ဒါပေမယ့် စီးပွားဖြစ်ထုတ်ဖို့တော့ ခက်ခဲတယ်။ ဥပမာ အဘိဓါန်လိုမျိုး၊ စွယ်စုံကျမ်းလိုမျိုးတွေ ကျရင်တော့ ဒီအဖွဲ့က အင်အားရှိလာရင် လုပ်ဆောင်သွားမယ်။ သာမန်ကတော့ တစ်ဦးချင်း ကိုယ့်စာပေ ကိုယ်ရေးသားလို့ ရပါတယ်။”

    တိုင်းရင်းမွတ်စလင် ကလောင်ရှင်များအသင်း အကယ်၍ ဖြစ်လာပြီးရင် မြန်မာနိုင်ငံမှာ အစ္စလာမ်ရေးရာနဲ့ပတ်သက်ပြီး သုံးနှုန်းနေတဲ့ အသုံးအနှုန်းအရေးအသား ကွဲပြားမှုများအား တစ်သတ်မှတ်တည်း ဖြစ်သွားအောင် လုပ်ဆောင်ဖို့ ရည်ရွယ်ချက်ရောရှိမလားဟု မေးမြန်းမှုအား “ဒီအကြောင်းက ကလောင်ရှင်များအသင်း စတင်တဲ့ ရည်ရွယ်ချက်မှာကိုပါပါတယ်။ သာမန်ကတော့ spelling လို့ ခေါ်ပါတယ်။ သတ်ပုံပေါ့။ အသံဖလှယ်တာကျတော့ transliteration လို့ခေါ်တယ်။ အဲ့ဒါ sentence တစ်ခုရှိရမယ်။ မြန်မာစာပေမှာ အစ္စလာမ့်စာပေရေးလာတာ နှစ်ပေါင်း ရာနဲ့ချီသွားပြီ။ အဲ့ဒါက အခုအချိန်မှာ အနည်ထိုင်သင့်ပြီ။ ဒီလို အနည်ထိုင်သင့်တဲ့အခါမှာ တစ်ဦးကောင်း တစ်ယောက်ကောင်းတဲ့ စာလုံးပေါင်း သတ်ပုံတွေကို လုပ်တာထက် စာပေသမားတွေ ပါဝင်တဲ့ အဖွဲ့အစည်းကနေ အစ္စလာမ့် စာပေရေးသားမှုတွေမှာ မြန်မာသတ်ပုံကို ၀ိုင်းဝန်းလုပ်ဆောင်ကြပြီး အများသဘောတူ သတ်ပုံတစ်ခု သတ်မှတ်လိုက်နိုင်တာ ပိုသင့်တော်ပါတယ်။ ။ ဖြစ်နိုင်ရင် စာပေတွေ မရေးခင်အောင် ဒီလို အသုံးအများဆုံး စကားလုံးတွေကို စာရင်းပြုစုပြီး သတ်ပုံအတူတူလေးဖြစ်စေချင်တာပါ။”

    “ဟုတ်ကဲ့ ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲဆိုတော့ ကျွန်တော်တို့ အခု လုပ်ဆောင်တာက ကျွန်တော်တို့ လုပ်တတ်လို့လည်းမဟုတ်ဘူး။ အရည်အချင်းရှိလို့လည်း မဟုတ်ဘူး။ ၀ါသနာပါလို့လုပ်တာလို့ ပြောရင်လည်း လွဲတယ်။ ကျွန်တော်တို့ရဲ့ သမိုင်းတစ်ကွေ့မှာ ဒါဟာ တာဝန်တစ်ရပ် အဖြစ် ပေါ်လာတယ်။ တခြား လုပ်ဆောင်မယ့်သူမရှိသေးတဲ့အပေါ်မှာ ကြားဖြတ်ဝင်ရောက် ထမ်းဆောင်ပေးလိုက်ခြင်းဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ဒီ ပလပ်ဖောင်းလေးတစ်ခု လမ်းလေးတစ်ခု ပီပီပြင်ပြင် ခိုင်ခိုင်မာမာလေးဖြစ်သွားအောင်က ဘေးကနေ စာပေအပေါ် သံယောဇဉ်ရှိသူတွေ၊ စာပေကို မြတ်နိုးသူတွေ အားလုံးရဲ့ အမြင်ကျယ်ကျယ် သဘောထားကြီးကြီးနဲ့ ပူးပေါင်းပါဝင်မှုအပေါ်မှာပဲ ကျွန်တော်တို့ရဲ့ ရှေ့ လုပ်ငန်းစဉ် အောင်မြင်မှုက ရှိနေပါတယ်။ ဒီလိုလည်း ပူးပေါင်းပါဝင်ပြီး တတ်နိုင်တဲ့ဘက်က ပါဝင်ကြဖို့ ကျွန်တော်အနေနဲ့ တိုက်တွန်းလိုပါတယ်။”ဟု ဆရာပသီဦးကျော်ဦးမှပင် ဖြေကြားပေးခဲ့ပါတယ်။

    အဆိုပါ ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းရာတွင် စာရေးဆရာများဖြစ်သည့် ၀ါးခယ်မမောင်မင်းနိုင်၊ ဒေါက်တာ သန်းဝင်း(ရန်ကုန်တက္ကသိုလ်)၊ ဟာဖိဇ်ရဖီး၊ ပသီကျော်ဦး၊ ဒေါက်တာအောင်ဇော်၊ ကိုအင်းဝ၊ မောင်ရင်ဆု တို့အပါအ၀င် စာရေးသူ ၁၅-ဦးခန့် တက်ရောက် ခဲ့ကြပြီး ဖွဲ့စည်းရာတွင် မတက်ရောက်နိုင်သည့် စာပေနယ်မှ စာရေးသူများအပါအ၀င် စုစုပေါင်း ၂၂-ဦးပါဝင်သည့် ဖြစ်မြောက်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ကြပါသည်။

  • အသင်းကြီးများ အားလုံးအနိုင်ရခဲ့သည့် ပရီးမိးယားလိဂ် ပွဲစဉ် ၁၇

    ဒီဇင်ဘာ ၂၃၊ ၂၀၁၃
    M-Media
    mun-whu-1314-211213-ps15
    ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ ကို စနေနေ့က ၇ ပွဲ တနင်္ဂနွေ့နေ့က ၂ ပွဲကစားခဲ့ကြပြီး အသင်းကြီးများအားလုံးအနိုင်ရရှိခဲ့သည်။ ပြီးခဲ့သည့်တစ်ပါတ်က စပါးအသင်းအား အဝေးကွင်းတွင် ၅ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် လီဗာပူးလ်အသင်းမှာ ယခုပွဲတွင်လည်း ဇယားအောက်နားမှ ကာဒစ်ဖ်အား ဆွာရက်ဇ်၏ သွင်းဂိုး ၂ ဂိုးနှင့်အတူ ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ဆွာရက်ဇ်မှာလည်း စုစုပေါင်း သွင်းဂိုး ၁၉ ဂိုးဖြင့် ပရီးမီးယားလိဂ် ဂိုးသွင်းစာရင်းတွင် ထိပ်ဆုံးမှဦးဆောင်နေသည်။

    အဝေးကွင်းတွင် ရလဒ်ဆိုးလေ့ရှိသည့် မန်စီးတီးအသင်းမှာ စနေနေ့က ကစားခဲ့သည့် ဖူလ်ဟမ်အသင်းနှင့် ပွဲတွင် အကောင်းဆုံးကစားသွားခဲ့ပြီး တိုက်စစ်မှူး အဂူရိုမပါဝင်သော်လည်း ၄ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

    အိုးထရက်ဖို့ဒ်တွင် ကစားခဲ့သည့် မန်ယူအသင်းမှာလည်း အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပြီး ၀က်စ်ဟမ်းအသင်းအား အနိုင်ရခဲ့သည်။ နည်းပြသစ်နှင့် စပါးအသင်းမှာ အဒီဘာယော၏ ခြေစွမ်းပြမှုနှင့် အတူ အဝေးကွင်းတွင် ဆောက်သက်တမ်အသင်းအား တွင် ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ နောက်ဆုံး ငါးပွဲတွင် ရှုံးပွဲ မရှိသည့် အဲဗာတန်အသင်းမှာလည်း အဝေးကွင်းတွင် ရော့စ် ဘာကလေ၏ နောက်ကျသွင်းဂိုးကြောင့် ဆွမ်ဆီးအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အလန်ပါဂျူး၏ နယူးကာဆယ်အသင်းမှာ နောက်ပိုင်းပွဲစဉ်များတွင် သိသိသာသာ ခြေစွမ်း တက်လာသည့် ခရစ္စတယ်ပဲလေ့စ် အသင်းအား ၃ ဂိုး ပြတ်ဖြင့်အနိုင်ကစားနိုင်ခဲ့သည်။ လိဂ်ဖလားတွင် ချယ်ဆီးအသင်းအား ဖြုတ်ချနိုင်ခဲ့သည့် ဆန်းဒါးလန်းမှာ အလင်းရောင် ကွင်း၌ နော်ဝစ်ခ်ျတို့အား အနိုင်မ ယူနိုင်ခဲ့ဘဲ ဂိုးမရှိဖြင့်သရေဖြင့် ပွဲပြီးခဲ့သည်။ စတုတ်စီးတီးအသင်းမှာ အက်စတွန်ဗီလာအား ချာလီအဒမ်နှင့် ပီတာခရော့တို့၏သွင်းဂိုးဖြင့်အနိုင်ရခဲ့သည်။ ၀က်စ်ဘရွန်းအသင်းနှင့် ဟားလ်စီးတီးတို့ပွဲစဉ်တွင် ဟားလ်စီးတီးမှာ လစ်ဗာမိုး၏ ၂၈ မိနစ်သွင်းဂိုးဖြင့် ဦးဆောင်နေနိုင်ခဲ့သော်လည်း အိမ်ရှင် ၀က်စ်ဘရွန်းက ၈၆ မိနစ်တွင် ချေပဂိုးသွင်းယူသွားခဲ့သောကြောင့် သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

    ယခုတစ်ပါတ်၏ Match of The Week ပွဲစဉ်ဖြစ်သည့် ချယ်ဆီးနှင့် အာဆင်နယ်တို့ပွဲစဉ်ကို နက်ဖြန်  နံနက် ၂ နာရီခွဲတွင် ကစားမည်ဖြစ်ပြီး၊ ပွဲစဉ် ၁၇ ၏ ၉ ပွဲကစားပြီးနောက် လီဗာပူးလ်အသင်းမှာ ၃၆ မှတ်ဖြင့် ဇယားထိပ်ဆုံးတွင် ဦးဆောင်နေကာ မန်စီးတီးက ဒုတိယ အာဆင်နယ်က တစ်ပွဲလျော့ဖြင့် တတိယနေရာ၌ ရှိနေသည်။ မန်ယူအသင်းမှာ အဆင့် ၈ နေရာတွင် ရပ်တည်နေပြီး အဆင့် ၁၄ မှ ၂၀ အထိအသင်းများမှာ နေရာအပြောင်းအလဲမရှိခဲ့ပေ။

    League Table   Barclays Premier League current   previous standings

    Photo-premierleague.com