News @ M-Media
Author: M-Media
  • အီးဒ်နေ့မှာ ရွှေတိဂုံ ကို ဗုံးခွဲဖို့ အကြမ်ဖက်သမားများ ကြံစည်ခဲ့ကြောင်း KNU ပြော၊ လွန်ခဲ့သည့် ၂ ရက် အစိုးရသတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါအချက်မပါဝင်ခဲ့
    အောက်တိုဘာ၊ ၂၀
    M-Media
    phdo nyein maung
    မြန်မာနိုင်ငံအတွင်းက ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွေမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ အောက်ခြေအဖွဲ့ဝင်တွေ ပါဝင်နေပြီး အခုထိ နောက်ကွယ်ကနေ ဘယ်သူကြိုးကိုင်နေတယ် ဆိုတာကို မသိရသေးသလို အခုလို ကြံစည်မှုတွေရဲ့နောက်မှာ နိုင်ငံရေးရည်ရွယ်ချက် တခုခု ရှိပုံထောက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဖဒို မန်းငြိမ်းမောင်က ပြောပါတယ်။
    ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ စစ်ကိုင်းနဲ့ နမ့်ခမ်းမြို့တွေမှာ ပေါ်ပေါက်ခဲ့တဲ့ ဗုံးကွဲမှုတွေ ၊ ဗုံးတွေ့မှုတွေဟာ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွားအောင်၊ အစိုးရနဲ့ တိုင်းရင်းသား အင်အားစုတွေ အကြား တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ပျက်ပြားအောင် စီစဉ်ဆောင်ရွက် ခဲ့တာသာဖြစ်တယ်လို့ KNU ကရင် အမျိုးသား အစည်းရုံးမှ တာဝန်ရှိသူတွေက ဒီကနေ့ပြောကြားပါတယ်။
    လက်ရှိဗုံးဖောက်ခွဲမှုတွေ လုပ်ဆောင်ခဲ့တဲ့ တရားခံတွေကို KNU ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေကစစ်ဆေးတဲ့ အခါမှာတော့ ရန်ကုန်မှာရှိတဲ့ ရွှေတိဂုံဘုရားကြီးကိုပါ ဗုံးဖောက်ခွဲဖို့ အထိ ကြံစည်ခဲ့တာကို တွေ့ရတယ်လို့ ဖဒို မန်းငြိမ်းမောင်က ပြောပါတယ်။
    ဗုံးဖောက်ခွဲဖို့ ကြိုးစားတဲ့ တရားခံတွေကို စစ်ဆေးမေးမြန်းကြည့်ခဲ့တဲ့အခါမှာ သာသနိက အဆောက်အအုံတွေ ကိုပါ ဖောက်ခွဲရေးလုပ်ဖို့ ကြံစည်ခဲ့တာကိုတွေ့ရပြီး မူဆလင် ဘာသာဝင်တွေရဲ့ အစ်နေ့မှာ ရွှေတိဂုံဘုရားမှာ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေဖြစ်ဖို့အထိ ကြံစည်ခဲ့တာ ကိုတွေ့ရတယ်-လို့လည်း သူကပြောပါတယ်။
    လက်ရှိအချိန်မှာတော့ KNu အောက်ခြေပိုင်းမှလည်း အခုလို ဗုံးဖောက်ခွဲမှုတွေ လုပ်ခဲ့တဲ့ လူတွေကို သိနိုင်အောင် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးကိုယ်တိုင် ကရင် ပြည်နယ်ပြန်ရောက်ရင် အောက်ခြေထိ ကိုယ်တိုင် မေးမြန်းစုံစမ်းမှုတွေ လုပ်ဆောင်မှာဖြစ်တယ်လို့လည်း ဖဒိုမန်းငြိမ်းမောင်က ပြောပါတယ်။
    လွန်ခဲ့သည့် ၂ ရက် အောက်တိုဘာ ၁၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အတွင်းမှာ ပြုလုပ်တဲ့  လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံ အတွင်းက နေရာတချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိသူတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အဆိုပါ အချက်ကို ထုတ်ဖော်ထည့်သွင်းရှင်းလင်းသွားတာကို မတွေ့ခဲ့ရပါဘူး။
    ကိုးကား VOA,RFA
    ဓာတ်ပုံ အောင်ရဲမောင်မောင်/ဗွီအိုအေ (မြန်မာပိုင်း)
  • နာဇီလက်သစ် ဗြိတိသျှ အမျိုးသားတစ်ဦးရဲ့ အစ္စလာမ့် အေးရိပ်ဆာရာသို့ ခိုဝင်လာရာ ခရီးစဉ်
    အောက်တိုဘာ၊ ၂၀
    M-Media
    ဘာသာပြန်ဆိုသူ -သြရသ ရေချမ်း
    157141008_640
    “ ကျွန်တော့်ဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် သေးသိမ်နှိမ့်ချခြင်းကို ခံစားလိုက်ရပါတယ် ”
    အလ္လာဟ်အရှင်မြတ်မှအပ ခ၀ပ်ကိုးကွယ်ဆည်းကပ်နာခံရာ အရှင်သခင်ဟူသည် မရှိ၊ ထို့နောက် မုဟမ္မဒ်သည် ထိုအရှင်၏ စေတမန်တော်စင်စစ်ဖြစ်ခြင်း ဆိုတဲ့အကြောင်းရပ်က ကျွန်တော့် အသိတရားရော နှလုံးသားကပါ လက်ခံလိုက်တဲ့အချိန်မှာ ကျွန်တော် အစ္စလာမ်သာသနာကို သက်ဝင်ကူးပြောင်းခဲ့ပါတယ်။
    ဒီကူးပြောင်းမှုမတိုင်ခင်က ကျွန်တော့်ယုံကြည်ခဲ့တာ၊ လက်ကိုင်ပြုခဲ့တာတွေအားလုံးဟာ အမှားကြီးမှားယွင်းပြီး လုံးဝအခြေအမြစ်မဲ့နေခဲ့တယ်လေ။
    အခုတော့ အလ္လာဟ်အရှင်မြတ်ရဲ့အလိုတော်(လမ်းညွှန်)ကို လုပ်ဆောင်ဖို့၊ အရှင့်အလိုတော်ဆီ အပ်နှင်းနာခံအားထုတ်ဖို့၊ သာသနာကိုင်းရှိုင်းပြီးကောင်းမြတ်တဲ့ မွတ်စ်လင်မ်တစ်ဦး ဖြစ်လာဖို့က ကျွန်တော့်ဘ၀ရည်ရွယ်ချက်ဖြစ်လာပါပြီ။ ဒါဟာ ကျွန်တော့်တာဝန်ပဲ ဖြစ်ပါတယ်။ အရှင်မြတ်ရဲ့စေတမန်တော်နဲ့ကိုယ်စားလှယ်တော်ကြီး မုဟမ္မဒ် ကနေတဆင့် အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်းတော်မူထားတဲ့ လမ်းစဉ်အတိုင်း မွတ်စ်လင်မ်တစ်ဦးပီသအောင် နေထိုင်ရှင်သန်သွားမှာ ဖြစ်ပါတယ်။
    အစ္စလာမ်ကိုလက်ခံခြင်းဖြင့် ကျွန်တော်ဟာ ဘ၀သစ်တစ်ခုကို စတင်လိုက်ခြင်းဖြစ်တယ်၊ အလ္လာဟ်အရှင်မြတ်က ကျွန်တော့်ပြစ်မှုဒုစရိုက်အပေါင်းကို ခွင့်လွှတ်ပ,လပ်တော်မူလိုက်မယ်၊ ကျွန်တော့်ရဲ့ သုစရိုက်ဒုစရိုက်မှတ်တမ်းကိုလည်း ဒုစရိုက်မှုတွေကို ရှင်းလင်းလိုက်ပြီး သစ်လွင်သောရှင်သန်မှုကို ပြန်လည်စတင်လိုက်တဲ့အလားဖြစ်တယ်လို့ ၀တ်ကျောင်းတော်ရှေ့ဆောင်တစ်ဦးက ရှင်းပြလိုက်တဲ့အခါ ကျွန်တော် ကူးပြောင်းသက်ဝင်ခဲ့ပါတယ်။ အဲ့ဒီနေ့မှာ ထူးထူးခြားခြားဖြစ်ပွားခဲ့တဲ့ ဖြစ်အင်များစွာထဲက တစ်ခုသာဖြစ်ပါတယ်။
    အခုဆိုယင် ကျွန်တော့်မှာ သစ်လွင်တဲ့ဘ၀၊ သစ်လွင်တဲ့အမှတ်သညာနဲ့ ဖြစ်နေပါပြီ။ အဲ့ဒါကတော့ ကျွန်တော်ဟာ မွတ်စ်လင်မ်တစ်ဦးဖြစ်တယ်။ မွတ်စ်လင်မ်အပေါင်းဟာ ဘယ်နေရာဒေသမှာနေနေ ဘာလူမျိုးပဲဖြစ်ပါစေ ကျွန်တော့်ရဲ့ ညီနောင်မောင်နှမတွေဖြစ်နေတယ် ဆိုတာပါပဲ။
    လက်ျာစွန်းရောက် နိုင်ငံရေးအဖွဲ့အစည်းများထဲ အစဉ်တစိုက်ပါဝင်ပတ်သက်လှုပ်ရှားတဲ့ အနောက်တိုင်းသား ကျွန်တော့်အဖို့ တစ်နေ့မှာ ဗလီဝတ်ကျောင်းတော်တစ်ခုရဲ့အပြင်မှာ ရပ်နေမိရာက အတွင်းထဲဝင်လို့ ဖြူစင်ကြည်လင်တဲ့ဆန္ဒနဲ့တစ်ကွ အစ္စလာမ်ကိုကူးပြောင်းသက်ဝင်မယ်ဆိုတာ ဘယ်လိုဖြစ်နိုင်ပါ့မလဲ ? အရိုးစင်းဆုံးပေးနိုင်တဲ့အဖြေကတော့ အလ္လာဟ်အရှင်မြတ်ရဲ့အလိုတော်အရ လို့သာ ဆိုရပါမယ်။ အရှင်မြတ်က အဲ့ဒီကို ပို့ဆောင်လမ်းညွှန်တော်မူခဲ့တယ်။ တစ်ချိန်က ကျွန်တော့်နိုင်ငံရေးသမိုင်းဟာလည်း အတိတ်မှာကျန်ရစ်ခဲ့ပါပြီ။ အနှိုင်းမဲ့ကြင်နာထောက်ထားတော်မူသော အနန္တကရုဏာတော်ရှင်၊ လောကအပေါင်းရဲ့ဖန်ဆင်းစိုးမိုးရှင် အလ္လာဟ်အရှင်မြတ်ကို ယုံစားအပ်နှံခြင်းမှတစ်ပါး ကျန်တာတွေအားလုံး စာရင်းမရှိတော့ပါဘူး။
    ထင်ရှားတဲ့ပညာရှင်တစ်ဦးဖြစ်သူ အရှ် ရှိုင်းခ် မုဟမ္မဒ် ဆွာလိဟ် အလ်မုနဂ်ျဂျိဒ် က ဒီလိုဆိုထားပါတယ်။
    “ အစ္စလာမ်အကြောင်း ဘာမျှမသိရှိချိန်က လူတစ်ဦးရဲ့ ဒုစရိုက်မှုတွေကို သိရှိလိုခြင်း နဲ့ အသေးစိပ်မေးမြန်းဖို့ဆိုတာ ဘယ်သူ့ဆီမှာမှ အခွင့်မရှိပါဘူး။ လူသားတွေရဲ့ ပြစ်မှုဒုစရိုက်တွေကို အလ္လာဟ်အရှင်မြတ်က ဖုံးကွယ်ပေးသနားတော်မူတယ်။ မဖွင့်ဟအောင် ဖုံးကွယ်ပေးခြင်းကို နှစ်မြို့တော်မူပါတယ်။ အကြွင်းမဲ့ နောင်တသံဝေဂ ရပြီဆိုတာနဲ့ သူ့ရဲ့ဒုစရိုက်ဟာ ပ,လပ်ပြီးသား ဖြစ်ပါတယ်။ အစ္စလာမ်ဆိုတာ အတိတ်ကအရာမှန်သမျှကို ပယ်ဖျက်ပါတယ်။ ဒါကြောင့် လူတွေ ကျဉ်းကြပ်စေမယ့်မေးခွန်းမျိုးတွေကို ကျွန်တော်တို့ ဘာကြောင့် မေးမြန်းစရာလိုအပ်ပါတော့မလဲ ? အလ္လာဟ်အရှင်မြတ်က လူတွေရဲ့ အမှားဝန်ခံမှုကို (တိုက်ရိုက်) လက်ခံတော်မူပါတယ်။ မိမိရဲ့အပြစ်ဒုစရိုက်တွေကို အခြားတစ်ဥိးဦးထံ ဖွင့်ဟ၀န်ခံခြင်းဆိုတာ မလိုအပ်ပါဘူး။ တမန်တော်မြတ်ရဲ့ဆွေသဟာတော် အမြောက်အများဟာ တရားမ၀င်ကာမမှုတွေ၊ လူသတ်မှုတွေကို ကျူးလွန်ခဲ့ဖူးတယ်။ မွေးကင်းစသမီးမိန်းကလေးတွေကို အရှင်လတ်လတ် မြေမြုပ်ခဲ့ဖူးတယ်။ ခိုးဝှက်မှုတွေ ကျူးလွန်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အစ္စလာမ့်ဘောင်အတွင်းရောက်ရှိသွားချိန်ကစလို့ အကောင်းဆုံးလူသားတွေ ဖြစ်ကုန်ကြတယ်။ တစ်ချိန်က အရှက်ရဖွယ်ရာတွေအပေါ် ဘယ်သူမှ အစမဖော်ခဲ့ကြဘူး။ ပြီးခဲ့တာပြီးသွားပါပြီ။ ကျော်လွန်ပြီးသားတွေသာ ဖြစ်တယ်။ အလ္လာဟ်အရှင်မြတ်ဟာ အကြွင်းမဲ့ ခွင့်လွှတ်သနားတော်မူသော အနှိုင်းမဲ့ ကရုဏာတော်ရှင်ပါ ”။
    အီဂျစ်မှာ
    ———-
    အနောက်တိုင်းဆိုတဲ့စကားလုံးကို သုံးနှုန်းထားတဲ့အတွက် ကျွန်တော့်ရဲ့ ကူးပြောင်းသက်ဝင်မှုကို နားလည်သဘောပေါက်ချင်ကြပါလိမ့်မယ်။ ကျွန်တော့် အစ္စလာမ့်ခရီးစဉ်က အီဂျစ်ကို ကမ္ဘာလှည့်ခရီးသွားအနေနဲ့ ပထမဆုံးရောက်ရှိပြီး ဗလီဝတ်ကျောင်းတစ်ခုကိုလည်ပတ်ရာက မြစ်ဖျားခံလာတယ်လို့ ဆိုချင်ပါတယ်။ အဇာန် လို့ခေါ်တဲ့ “၀တ်ပြုရေးနှိုးဆော်ခေါ်ယူသံ” ကနေ စတင်တာပါ။ ကျွန်တော်ဟာ အဲ့ဒီ အဇာန်ထဲ နစ်မျောသွားခဲ့ပါတယ်။
    အဲ့ဒီအချိန်မှာ ကျွန်တော့်ရင်ထဲကနေ ဖိတ်ခေါ်မှုအပေါ်ပြန်လည်ဖြေကြားခဲ့တာကို ကျွန်တော် နားမလည်ခဲ့ဘူးလို့ပဲ ဆိုရပါလိမ့်မယ်။ နောက်တော့ အစ္စလာမ်အကြောင်း မဆိုစလောက်လေး သိလာခဲ့တယ်။ သို့တစေ အီဂျစ်ကိုရောက်တဲ့ အကြိမ်တိုင်း နည်းနည်းချင်းစီ လေ့လာခဲ့ပါတယ်။ အီဂျစ်လူမျိုးတော်တော်များများနဲ့ သူတို့ဘာသာတရားအကြောင်း ကျွန်တော် ပြောဆိုဆွေးနွေးတယ်။ အင်္ဂလိပ်ဘာသာပြန်ကုရ်အာန်ကျမ်းတစ်စောင်ကိုလည်း ၀ယ်ယူခဲ့တယ်။ အနည်းငယ်ဖတ်ကျင့်ရလာတဲ့အခါ အလွန်ကိုစိတ်ဝင်တစားဖြစ်လာခဲ့တယ်။ အစ္စလာမ်အကြောင်းလေ့လာလေ ဒီသာသနာက နှစ်သက်မြတ်နိုးဖွယ်ဖြစ်လာလေ ခံစားလိုက်ရတယ်။ မွတ်စ်လင်မ်တွေနဲ့ ဆုံတွေ့ရလေ သူတို့ကို နှစ်သက်အားကျလေ ဖြစ်လာပါတယ်။
    ဒါပေမယ့် ကျွန်တော့်ရဲ့အနောက်တိုင်းဘ၀လမ်းစဉ်ဆိုတဲ့ အတ္တတရားက ကြီးစိုးနေဆဲပါ။ အစ္စလာမ်ကို အပြည့်အ၀ အသိအမှတ်ပြုဖို့ နဲ့ ရှေ့ဆက်တိုးလေ့လာဖို့ နောက်ထပ်အကြောင်း ၂ ရပ်က ကျွန်တော့်ကို တားဆီးခဲ့တယ်။ ပထမတစ်ခုက – ကျွန်တော့်ဘ၀တစ်လျှောက်လုံး သဘာဝတရား ဆိုတာကို ယုံကြည်လာခဲ့လို့ဖြစ်တယ်။ ကျွန်တော်တို့ဟာ ပင်ရင်းမြေကမ္ဘာနဲ့ အထူးဆက်နွယ်မှုနည်းလမ်းတစ်ရပ်ရပ် ရှိနေတယ်၊ ကျွန်တော်တို့ရဲ့အသိတရားဟာ သဘာဝရဲ့အသိတရားသာဖြစ်တယ် ဆိုတဲ့ ယုံကြည်မှုပါ။ ဒီအယူအဆက ဘုရားအများကိုတစ်ပြိုင်တည်းယုံကြည်လက်ခံကိုးကွယ်တဲ့ဝါဒ – Paganism နဲ့ မကွာခြားသလောက်ပါပဲ။
    ဒုတိယအချက်ကတော့ – ကျွန်တော်တို့ရဲ့လူမျိုး၊ ယဉ်ကျေးမှု ဖြစ်တယ်။ ဒီအရာက ကျွန်တော်တို့ကို ဘာ ဆိုတာ သတ်မှတ်ထားတယ်။ ကျွန်တော်တို့အဖို့ သိပ်အရေးပါတဲ့အရာပေါ့ဗျာ။ သို့သော်လည်း ကျွန်တော့်ရင်ထဲမှာ ထာဝရအရှင်သခင်ဆီကလာတဲ့ စကြ၀ဠာဆိုင်ရာ ပရမတ္တသစ္စာတရားကို သိဖို့လိုအပ်တယ်လို့ ကြိမ်ဖန်များစွာ ဖြစ်ပေါ်ခံစားရတယ်။ တစ်ချိန်တည်းမှာပဲ အဲ့ဒီအရာက သဘာဝကဆင်းသက်တယ်၊ စကြာဝဠာဖြစ်စဉ်က အလိုအလို ဆင်းသက်ဖြစ်ပေါ်တယ်လို့ ကျွန်တော် ယုံကြည်နေခဲ့တယ်။ အဲ့ဒါကို နတ်ဘုရားတွေလို့ ရံဖန်ရံခါ ကျွန်တော် သုံးနှုန်းတတ်တယ်။
    အဲ့ဒီထူးမြတ်တဲ့ ဇစ်မြစ်နဲ့ပတ်သက်ပြီး ဒီအမြင်နှစ်ရပ်အကြား ဆယ်စုနှစ်များစွာ လူးလာခေါက်တုန့်ဖြစ်နေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသိအမြင်၊ ဒီခံစားချက်တွေက လူတွေအပေါ်အမုန်းထားတဲ့ အဓိပ္ပာယ်မဲ့အစွန်းရောက်နိုင်ငံရေးသမားဘ၀ကို တွန်းပို့ထားလို့ပါဘဲ။ ကျွန်တော်ဟာ အလွန်အမင်း ဘ၀င်လေဟပ်ခဲ့တာ၊ ကိုယ့်ကိုယ်ကိုနဲ့မိမိရရှိထားတဲ့သိနားလည်မှုကိုသာ အလွန်အကျူးတန်ဖိုးထားခဲ့တာ ဖြစ်နိုင်ကောင်းတယ်လို့ အခုဆိုယင် ကျွန်တော်ပြောနိုင်သွားပါပြီ။ ကျွန်တော်ဟာ အနှိုင်းမဲ့ထူးမြတ်သော အနန္တစွမ်းအားရှင်ရဲ့ သာမန်ဖန်ဆင်းခံသာဖြစ်တယ်လို့ အသိဝင်လက်ခံရမယ့်အစား – မိမိကိုယ်ပိုင်ယုံကြည်မှုနဲ့သိနားလည်မှုပေါ်မူတည်ပြီး သိပ်မကွဲပြားမခြားနားလှစွာ ကျွန်တော်လည်း ဖန်တီးနိုင်မယ်လို့ ယုံကြည်ခဲ့တယ်လေ။
    လက်ခံကူးပြောင်းသက်ဝင်ခြင်း
    ———————————
    တကယ်တမ်းကျတော့ ကျွန်တော့်ရဲ့အကူးအပြောင်းက လယ်မြေတစ်ကွက်ထဲ အများအားဖြင့် တစ်ဦးတည်း အချိန်ကြာကြာလုပ်ကိုင်တဲ့ လုပ်ငန်းသစ်တစ်ခု စတင်ချိန်ကျမှပါ။ ကိုယ်တိုင်ကိုယ်ကျ ပင်ပင်ပန်းပန်းလုပ်ကိုင်ပြီး သဘာဝတရားနဲ့အနီးကပ်ထိတွေ့လိုက်ခြင်းက ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်၊ ကျွန်တော့်ရဲ့လူသားဖြစ်မှုကို အမှန်တကယ် ပြန်လည်ခိုအောင်းလာစေခဲ့တယ်။ ဒါ့ပြင် စကြ၀ဠာရဲ့တစ်ပါးတည်းသောအရှင်ကိုသာမက၊ အရှင်မြတ်ဖန်ဆင်းခဲ့တဲ့ ဒီလို ထူးခြားအံ့ဖွယ်အစီအမံထဲမှာ ကျွန်တော်လည်း တစ်စိတ်တစ်ပိုင်းအပါအ၀င်ဖြစ်ကြောင်းကို အသိဝင်လာတော့တယ်။
    ဒီလိုအစီအမံဟာ တိုက်ဆိုင်မှုကြောင့်(အလိုလို)ပေါ်ထွက်လာတာ မဟုတ်ပေဘူး။  ဒါဟာ ဖန်ဆင်းခံရတာပဲ။ ကျွန်တော်သည်လည်းပဲ ရည်ရွယ်ချက်တစ်ခုနဲ့ ဖန်ဆင်းခံရတာ ပါပဲ။ ကျွန်တော့်ကို လှည့်စားဖြားယောင်းခဲ့တဲ့ ယှိုင်သွာန် နဲ့ ကျွန်တော့်ပင်ကိုယ်ဗီဇတို့ စစ်ပွဲရှည်ကြီးတစ်ရပ် ဆင်နွှဲခဲ့တာပါလား ဆိုပြီး နှလုံးသားနဲ့အသိဥာဏ်တွင်းက ယုံကြည်နားလည်သွားခဲ့တယ်။ ဒီယှိုင်သွာန်က ကျွန်တော့်ကို လှည့်စားလို့ လုံးဝ မရတော့ပါဘူး။ ကျွန်တော့ နှလုံးသားနဲ့အသိဥာဏ်အတွင်းထဲကနေ တစ်ဆူတစ်ပါးတည်းသောဖန်ဆင်းရှင်ဆိုင်ရာ သစ္စာတရားကို ခံစားနိုင်ခဲ့ပြီလေ။
    ကျွန်တော့်ဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် သေးသိမ်နှိမ့်ချခြင်းကို ခံစားလိုက်ရပါတယ်။ အဲ့ဒီနောက် အီဂျစ်ကိုသွားခဲ့စဉ်တုန်းက ၀ယ်ယူခဲ့ပြီး စာအုပ်စင်မှာသိမ်းထားခဲ့တဲ့ ကုရ်အာန်(ဘာသာပြန်)ကို ထုတ်ယူလိုက်တယ်။ ပြီးတော့ အနုလုံပဋိလုံ အစအဆုံး ဖတ်ရှုလေ့လာပါတော့တယ်။ ဒီ့မတိုင်ခင်က ဟိုတစ်စ ဒီတစ်ပိုင်းနဲ့ ရောက်တတ်ရာရာ လှန်လျောဖတ်ကြည့်တာမျိုးပဲ ရှိခဲ့တာပါ။
    ကြောင်းကျိုးကျနခိုင်လုံမှု၊ မှန်ကန်မှု၊ (အရှင်မြတ်ရဲ့)ထုတ်ပြန်ချမှတ်မှုဖြစ်ခြင်း၊ တရားမျှတမှု၊ လူသားဝါဒ နဲ့ အနှစ်သားလှလှကို ကျွန်တော် တွေ့လိုက်ရပါပြီ။ ပြီးတဲ့အခါ အစ္စလာမ်အကြောင်း ပိုမိုရှာဖွေလိုသောအာသီသနဲ့ အင်တာနက်ပေါ်က အစ္စလာမ့်ဝက်ဘ်ဆိုဒ်တွေထဲ ၀င်ရောက်မွှေနှောက်ပါတော့တယ်။ အဇာန်၊ ဆွလာဟ်၊ ကုရ်အာန် မုက္ခပါဌ်တော်တွေကို အသံဖိုင်ပါတွဲထားတဲ့ ဆိုဒ်တစ်ခုကို တွေ့တယ်။ ကျွန်တော့်နှလုံးသားက နောက်တစ်ကြိမ် တုန့်ပြန်မှု ပြုလိုက်တဲ့အခါ ဖော်ပြနိုင်တဲ့စကားလုံး မရှိတော့ပါဘူး။
    တမန်တော် မုဟမ္မဒ် ရဲ့ ဘ၀ဖြစ်စဉ်တော်ကို ကျွန်တော် အာသာငမ်းငမ်း ဖတ်ရှုပြန်ပါတယ်။ အဲ့ဒီထဲမှာ ထူးခြားမှတ်သားဖွယ်ရာတွေ ရှိကိုရှိနေတယ်လေ။
    နောက်ရက်အနည်းငယ်ကြာတော့ အစ္စလာမ့်ယုံကြည်ချက်အကြောင်း ဖတ်ရှုလေ့လာနိုင်တဲ့ ဆိုဒ်တွေ ထပ်မံတွေ့ရတယ်။ ကျွန်တော့်ရဲ့အစွဲတွေ၊ မာနတွေ ကွာကျကုန်တယ်။ ယှိုင်သွာန်လည်း တစ်စုံတစ်ရာလှည့်ဖျားမှု မလုပ်နိုင်တော့တဲ့အခါ (ကျွန်တော့်ဖာသာခံစားရချက်ကိုပြောတာပါ) အရာရာအားလုံးကို အရှိအတိုင်း အမှန်အတိုင်း မြင်လာပါတော့တယ်။ သိက္ခာ၊ ဂုဏ်အင်၊ အားထားမှု၊ တရားမျှတခြင်း၊ လူ့ဘောင်လောက၊ သစ္စာတရား၊ နေ့စဉ်နှင့်အမျှ အရှင်မြတ်အား သတိတရ ဖြစ်မှု၊ မိမိဖာသာ စည်းကမ်းသတ်မှတ်ရေး၊ ရုပ်ဝါဒရှေ့မှောက်က နာမ်လမ်းစဉ်၊ ကျွန်တော်တို့အားလုံးရဲ့ ကိုယ်စီကိုယ်ငှ ဖြစ်တည်မှု ….. အားလုံး အားလုံးဟာ အရှင်မြတ်ထံ နာခံနေလျက် ရှိပါတကား။
    မုဟမ္မဒ်ကိုယ်တော့်ဘ၀ဖြစ်စဉ်တော် နဲ့ အစ္စလာမ့်ပြန့်ပွားမှုအကြောင်းမှာ ကျွန်တော့်အဖို့ အကြီးအကျယ် အံအားသင့် နှစ်ခြိုက်ခဲ့ရတယ်။ အခြေတကျမနေ ကြမ်းတမ်းခက်ထန်လှပါတယ်ဆိုတဲ့ ရှေးဦးမွတ်စ်လင်မ်အုပ်စုလေးတစ်စုဟာ ဗျာဒိတ်ထုတ်ပြန်ချက်၊ ကိုယ်တော်မြတ်ရဲ့ လုပ်ရပ်နဲ့သြ၀ါဒတော်များအားဖြင့် တစ်ကြိမ်တစ်ခါမှမရှိဖူးသော အမြင့်မားဆုံးယဉ်ကျေးမှုစံနစ်ကြီးကို တည်ထောင်ဖန်တီးနိုင်ခဲ့တာကတော့ သြချလောက်စရာပါပဲ။ ကိုယ်တော်မြတ်ကြီးဟာ ကျွန်တော့်နှလုံးသားနဲ့အသိဥာဏ်ထဲက ခံစားချက်မှန်သမျှကို ကိုယ်စားပြုနေသလိုပါဘဲ။ သူဟာ ကျွန်တော့်အဖို့ အပြည့်ဝဆုံးလူသား၊ အကောင်းဆုံးစံနမူနာတင်ထိုက်သူ ဖြစ်သွားပါတယ်။
    အစ္စလာမ့်အကြောင်း ပိုမိုသိရှိလာတာနဲ့အမျှ လွန်ခဲ့တဲ့ နှစ် ၃၀ က သံသယတွေအားလုံး မေးခွန်းတွေအားလုံးအတွက် ပိုပြီး အဖြေထွက်လာခဲ့တယ်။ ကျွန်တော့်ဇာတိအိမ်ထဲ ပြန်ရောက်လာသလို ခံစားလိုက်ရတယ်။ မိမိကိုယ်ကိုရှာဖွေတွေ့ရှိခြင်း လို့ ဆိုရပါလိမ့်မယ်။ ကျွန်တော် အီဂျစ်ကို ပထမဆုံးအကြိမ်ရောက်ပြီး ကိုင်ရိုအနှံ့ လျှောက်သွားနေရသလိုပါပဲ။
    ဒါကြောင့် ကျွန်တော့်ရဲ့ကူးပြောင်းသက်ဝင်မှုဟာ ပြဿနာ မဟုတ်ပါဘူး။ ၀တ္တရား တစ်ရပ်သာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ “ အလ္လာဟ်အရှင်မြတ်မှအပ ခ၀ပ်ကိုးကွယ်ဆည်းကပ်နာခံရာ အရှင်သခင်ဟူသည်မရှိ၊ ထို့နောက် မုဟမ္မဒ်သည် ထိုအရှင်၏ စေတမန်တော်စင်စစ်ဖြစ်ခြင်း ” ဆိုတာကို ကျွန်တော်ကိုယ်တိုင်က ရှာဖွေတွေ့ရှိလက်ခံလိုက်လို့ပဲ ဖြစ်ပါတယ်။
    ဒီတော့ ကျွန်တော်ဟာ ဗလီဝတ်ကျောင်းတစ်ခုထဲဝင်ရောက်ပြီး အစ္စလာမ်သာသနာကို ကူးပြောင်းသက်ဝင်ရေးအတွက် ပြောကြားဖို့ဖြစ်လာခဲ့တာပါပဲ။ ကျွန်တော် မှတ်မိနေပါသေးတယ်။ သူတို့တွေဟာ အလွန်အင်မတန် ၀မ်းမြောက်နေခဲ့ကြတယ်။ အလွန်ဖော်ရွေပြီး ညီနောင်တစ်ယောက်လိုဆက်ဆံလိုက်ကြပုံက ကျွန်တော့် မျက်လုံးတွေကနေ မျက်ရည်များစီးဆင်းစေခဲ့ပါတယ်။ အဆုံးသတ်ချိန်မှာ လမ်းမှန်တရားကို ရှာဖွေတွေ့နိုင်ခဲ့လို့ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်မဆုံးတော့ပါဘူးဗျာ။
    ကျွန်တော့်ဘ၀သစ်မှာ သင်ယူဆည်းပူးစရာ အများအပြား ရှိပါသေးတယ်။ ဆန္ဒလည်း ပြင်းပြပါတယ်။ ကျမ်းတော်မြတ် ကုရ်အာန် နဲ့ တမန်တော်မြတ်မုဟမ္မဒ်ရဲ့စံနမူနာ တည်းဆိုသော အကောင်းတကာ့အကောင်းဆုံးလမ်းညွှန်ကို ကျွန်တော် ရရှိပြီလို့ ယုံကြည်ပါတယ်လို့ ပြောလိုက်ပါရစေ။
    A British Neo-Nazi’s Journey to Islam ကို “ သြရသ ရေချမ်း ” မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
  • မြန်မာနိုင်ငံက မျှော်လင့်ချက် ကင်းမဲ့နေရှာသည့် အခိုင်းခံ ရိုဟင်ဂျာကလေးငယ်များ
    အောက်တိုဘာ၊ ၁၉
    M-Media
    ဘာသာပြန်ဆိုသူ- မင်းသိုက်
    9b92c008c3fa3c22400f6a706700eefd
    မောင်းတော၊ မြန်မာ (AP)။    ။အသက် ၁၀ နှစ်အရွယ်ကလေးငယ်သည် တောင်ပေါ်သို့ ကျောက်တုံးများအပြည့်ပါသည့်ပုံးများကို သယ်ဆောင်ကာ ကြိုးစားပမ်းစားတက်နေရသည်။ သူ့သူငယ်ချင်းများအရှေ့တွင်တော့ အားခဲမာန်တင်းထားသော်လည်း သူ့မျက်ဝန်းတွင်တော့ မျက်ရည်စများ စွတ်စိုနေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး၌ ယားယံမှုကိုခံစားနေရပြီး၊ သူ့ထံအဖျားဝင်နေကြောင်း နှင့် အလေးအပင်များသယ်ထမ်းရသဖြင့် မူးဝေနေကြောင်း သူက ဆိုသည်။
    “ ဒီအဖြစ်ကို ကျွန်တော် ရွံမုန်းပါတယ် ” ဟု အဏ္ဏ၀ါ စာဒတ် (Anwar Sardad) က ဆိုသည်။ သူသည် သူ့မိသားစုအား ထောက်ပံ့ရမည်ဆိုသည်ကို သိပါ၏။ သို့ပေမင့် အစိုးရ၏ဆောက်လုပ်ရေးလုပ်ငန်းခွင်ထက် အခြားနည်းလမ်းဖြင့်လုပ်ကိုင်မှုကိုသာ လိုလားလျက်ရှိပါသည်။ “ ကျွန်တော်သာ မွတ်စ်လင်မ် မဟုတ်ခဲ့ရင် ဒီလိုမျိုးဘ၀ကို ဖြတ်သန်းရမှာမဟုတ်ဘူး ” ဟု သူက ဆက်ပြောပြသည်။
    ဗုဒ္ဓဘာသာ ကြီးစိုးသည့် လူဦးရေ သန်း ၆၀ ရှိ နိုင်ငံအတွင်း ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးအား အဆုံးသတ်မှုအတွက် ချီးမွှမ်းခံခဲ့ရသော်လည်း အဏ္ဏ၀ါကဲ့သို့ ရာထောင်ချီသည့် ရိုဟင်ဂျာကလေးငယ်များသည် တိုင်းပြည်ထဲတွင် မျှော်လင့်ချက်ကင်းမဲ့လျက်ရှိသည်။
    မွတ်စ်လင်မ်လူ့အဖွဲ့အစည်းသည် အချိန်အတော်ကြာ ခွဲခြားဆက်ဆံမှုကို ခံခဲ့ရပြီး၊ လူ့အခွင့်အရေးအုပ်စုများက ကမ္ဘာအတွင် အဆိုးဝါးဆုံးဟု ဆိုစမှတ်ပြုထားကြသည်။ သို့သော်လည်း ရခိုင်ပြည်နယ်သည် နိုင်ငံ၏ ရိုဟင်ဂျာ ၁ သန်းတွင် ၈၀ ရာခိုင်နှုန်းထိ နေထိုင်နေသောဒေသဖြစ်သည်။ ယခုသော် ကလေးငယ်များအတွက် ပညာရေး၊ အစာရေစာ နှင့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာလိုအပ်ချက်များသည် စစ်အုပ်ချုပ်ရေးကာလထက်ပင် ဆိုးရွားသောအခြေအနေသို့ ရောက်ရှိနေ၏။ တစ်နေ့လျှင် တစ်ဒေါ်လာသာရရှိရေးအတွက် အလုပ်ကြမ်းလုပ်ကိုင်ရန်မှအပ သူတို့ထံ မည်သည့်ရွေးချယ်မှုမျှ မရှိပေ။
    နိုင်ငံခြားသားသတင်းထောက်များ လုံးဝမရောက်ဖူးသေးသောနေရာသို့  The Associated Press (AP သတင်းဌာန) မှ ရောက်ရှိခဲ့ပါသည်။ ရိုဟင်ဂျာများအား တွေ့ဆုံမေးမြန်းသော အခါ ဒေသခံအာဏာပိုင်များသည် သင်္ကာမကင်းစွာဖြင့် တင်းတင်းမာမာ တုံ့ပြန်ခဲ့ကြသည်။ ရဲများနှင့်တွေ့ဆုံရန် ခေါ်ယူခံရသည်။ သတင်းထောက်များမှာ ထပ်ကြပ်မကွာ နောက်ယောင်ခံလိုက်ခြင်းခံရသည်။ ၄င်းအပြင် ကလေးငယ်များ အပါအ၀င် တွေ့ဆုံမေးမြန်းပြီးသောသူများကိုလည်း ခြိမ်းခြောက်အကြပ်ကိုင်မှုများ ပြုလုပ်ကြလေသည်။
    လွန်ခဲ့သော ၁၅ လကတည်းက လူမျိုးရေးအကြမ်းဖက်မှုဖြင့် ဖရိုဖရဲဖြစ်ခဲ့သော နိုင်ငံအတွင်း ဤနေရာသည် မွတ်စ်လင်မ် အကြမ်းဖက်သူများက ဗုဒ္ဓဘာသာဝင်များအား သတ်ဖြတ်ခဲ့သည့်နေရာဟု ဆိုကြသည်။ သို့သော် အဖြစ်အပျက်များကို ပြောင်းပြန်ဖော်ကျူးထားသည့် အဓိပ္ပာယ်ထွက်နေကြောင်း လေ့လာမှုများက ဖော်ပြသည်။ ယခုနေရာသည် နိုင်ငံအ၀ှန်းသေဆုံးသူ ၂၄၀ အတွင်းမှ ၁၀ ယောက်သာ သေဆုံးခဲ့သောနေရာဖြစ်သော်လည်း လူမျိုးတစ်စုလုံးမှာ ခရီးသွားလာခွင့်ကို တင်းကြပ်ခြင်းများ၊ အခြားသီးသန့်မူဝါဒများအားဖြင့် အပြစ်ပေးခံနေရသည့် တစ်ခုတည်းသောဒေသဖြစ်သည်။
    27e42e4cc4043d22400f6a7067000894
    မဒ်ရဆာ (Madrassas) ဟုခေါ်သော မွတ်စ်လမ်ကျောင်းများသည် အပိတ်ခံထားရပြီး ကလေးငယ်များသည် အစိုးရကျောင်းများအတွင်းသို့ တွန်းပို့ခြင်းခံခဲ့ရသည်။ ပြည်နယ် လူဦးရေ၏  ၉၀ ရာခိုင်နှုန်း နီးပါးရှိ ရိုဟင်ဂျာတို့မှာ မိမိနားမလည်သည့် ဘာသာစကားဖြင့် ဗုဒ္ဓဘာသာဝင် ဆရာများဖြင့် သင်ကြားစေခြင်းခံရသည်။
    ယမန်နှစ်အကြမ်းဖက်မှု၌ ဘုန်းတော်ကြီးတစ်ဦးအသတ်ခံရသည့် ဘဂုဏ်းနား ဆိုသော ရွာငယ်လေးတွင် သေးငယ်သော အစိုးရကျောင်း၌ လက်ခံထားသော ကလေးငယ်ဦးရေ ၁၂၅၀ နီးပါးရှိသည်။  မူကြိုကျောင်းသားအရွယ် မှ ၈တန်းကျောင်းသားအရွယ်ထိ ထိုကျောင်းလေးအတွင်း၌ ကျောင်းသားများအကြား လမ်းလျှောက်ဖို့ပင် မလွယ်ကူလောက်အောင်  ပြည့်ကျပ်နေခဲ့သည်။
    “ ကျွန်တော်တို့ဆရာများက သင်ပုန်းပေါ်မှာ စာတွေအများကြီးတော့ရေးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို အဲဒါတွေ ဘယ်လိုဖတ်ရမလဲဆိုတာတော့ မသင်ပေးကြဘူး။ ဒီလိုကျောင်းမျိုးမှာ သင်ကြားတတ်မြောက်ဖို့ အရမ်းကိုခက်ခဲပါတယ် ” ဟု အသက် ၈ နှစ် အရွယ် အဏ္ဏ၀ါ စဂျခ် (Anwar Sjak) က ဆိုသည်။
    ကျောင်းထဲတွင် အစိုးရခန့်ဆရာ ၁၁ ယောက်သာရှိပြီး၊ ဆရာတစ်ဦးလျှင် ကလေးငယ် ၁၁၄ ယောက်အား သင်ကြားရသည်။ သတင်းထောက်များ ကျောင်းသို့သွားရောက်လေ့လာသောနေ့တွင် ၄င်းတို့သည် ကျောင်း၏ ပုံမှန်အခြေအနေအား မပြသခဲ့ကြပေ။
    ရိုဟင်ဂျာစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်းများသည် ကျောင်းအတွင်း ငြိမ်သက်မှုရှိစေရန် ထိန်းသိမ်းပေးနေကြပြီး၊ လူတစ်ဦးသည် လက်ထဲတွင်ကြိမ်လုံးကိုင်၍ အမှိုက်များပြည့်နေသည့် ကွန်ကရစ်ကြမ်းပြင်အား ရိုက်ကာ ဆိတ်ငြိမ်စွာနေကြစေသည်။ ကလေးအနည်းငယ်မျှသာ ခုံ သို့မဟုတ် စားပွဲများ ရှိကြ၏။ အတော်များများသည် အချင်းချင်း စကားပြောနေကြသလို၊ ဗလာကျင်းဖြစ်နေသော မှတ်စုစာအုပ်များကို လှန်လျောနေကြသည်။ ထို့အတူ သူတို့ကျောင်းထဲ ၀င်ရောက်လာကြသော သူစိမ်းများအား ငေးမောလျက်သာရှိနေကြသည်။
    “ ဖြစ်ချင်တာဖြစ်ခွင့်ရမယ်ဆိုရင် ကျွန်တော်ကြီးလာတဲ့အခါ ဆရာဝန်တစ်ဦးဖြစ်ချင်တယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့မိသားစုထဲမှာ တစ်စုံတစ်ယောက် နေမကောင်း ဖြစ်လာတိုင်း ဆေးရုံကိုသွားရင် ၀န်ထမ်းတွေက ကျွန်တော်တို့အပေါ် ဂရုမစိုက်ကြဘူး။ ကျွန်တော် အဲဒါကို အလွန်ခံပြင်းပါတယ်။ ဒါပေမယ့် အစိုးရက ခွင့်ပြုမှာမဟုတ်လို့  ကျွန်တော့်ရည်မှန်းချက် ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်  ” ဟု တတိယတန်းကျောင်းသား အဏ္ဏ၀ါက ဆိုသည်။
    မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအား ဆေးကျောင်းတက်ရောက်ခွင့် မပေးချေ။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တက္ကသိုလ်များ မရှိ။ ၄င်းပြင် ရိုဟင်ဂျာများအား ထိုဒေသပြင်ပ ဘယ်ကိုမှ ထွက်ခွာခွင့် မပေးသည်မှာ ဆယ်စုနှစ်တစ်ခုမက ကြာမြင့်ခဲ့ပြီဖြစ်သည်။ ခြွင်းချက်အဖြစ် ရိုဟင်ဂျာတစ်ချို့အား ပြည်နယ်မြို့တော်စစ်တွေ၌ စာသင်ကြားခွင့် ခွင့်ပြုထားခြင်းသည်လည်း လွန်ခဲ့သောနှစ် သွေးချောင်းစီးမှု၏နောက်  နိဋ္ဌိတံခဲ့ပြီ ဖြစ်သည်။
    “ ကျွန်တော်တို့ကို သူတို့ စာသင်မပေးချင်ကြဘူး။ ကျွန်တော်တို့ကို (မွတ်စ်လင်မ်တွေကို ချိုးနှိမ်ခေါ်ဆိုတဲ့ အသုံးအနှုန်းဖြစ်တဲ့) ကုလား လို့ခေါ်ကြတယ်။ မင်းတို့ဟာ တန်းတူနိုင်ငံသားတွေမဟုတ်ဘူး၊ ဒါကြောင့် မင်းတို့ ဘာပညာမှရှိစရာမလိုအပ်ဘူး လို့ သူတို့ကပြောလေ့ရှိပါတယ် ” ဟု ပင်လယ်ကမ်းခြေရွာလေးဖြစ်သော မြင်းလွတ်ရွာမှ ရိုဟင်ဂျာကလေးငယ်များအတွက် ကိုယ်ပိုင်စာသင်ခန်းလေးအား မိမိနေအိမ်တွင် ဖွင့်လှစ်ထားသူ အသက် ၂၅ နှစ်အရွယ် စိုယဒ် အလမ် (Soyed Alum) က ပြောပြသည်။
    နှစ်စဉ်နှစ်တိုင်း ထောင်ချီသော ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းကို စွန့်လွှတ်ကာ၊ အခြားနိုင်ငံများ၌ ခိုလှုံသူဒုက္ခသည်အနေနှင့် နေထိုင်ခွင့်ရရေးမျှော်လင့်ချက်ဖြင့် အန္တရာယ်များသော ပင်လယ်ခရီးကို သွားကြသည်။ ရိုဟင်ဂျာအများစုပါဝင်သည့် လူပေါင်း  ၂၅၀,၀၀၀ ကို အဓမ္မအိုးအိမ်စွန့်စေသော မကြာသေးမှီက ဖြစ်ပျက်ခဲ့သည့် ဘာသာရေးအကြမ်းဖက်မှုများကြောင့် ထိုသို့ပြုကြခြင်းဖြစ်သည်။  ဤလ မုတ်သုံရာသီအကုန် ပင်လယ်ပြင်ငြိမ်သက်ချိန်စတင်သည်နှင့် အကြီးမားဆုံးစွန့်စားခန်းတစ်ခု စတင်ကြလိမ့်မည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက တွက်ဆထားကြောင်း သိရသည်။
    ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရာစုနှစ်များစွာ နေထိုင်လာခဲ့သူများဖြစ်သည်။ သို့သော် ယခုအခါ ယင်းနေရာတွင် နေထိုင်နေသူအချို့မှာကား အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်မှ လတ်တစ်လော ပြောင်းရွှေ့ဝင်ရောက်လာကြသူများဟု အချို့ သမိုင်းပညာရှင်များက ဆိုသည်။ သူတို့အားလုံးမှာ နိုင်ငံသားအဖြစ်မှ ငြင်းပယ်ခံရသဖြင့် နိုင်ငံမဲ့လူသားများဘ၀သို့ ရောက်နေရသည်။
    “ သူတို့ဟာ တရားမ၀င် ခိုးဝင်နေထိုင်သူများဖြစ်တယ် ” ဟု ပြည်နယ်အာဏာပိုင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ် လှသိန်းက တင်းမာစွာပြောကြားသည်။
    သူတို့ကို နိုင်ငံသားဖြစ်ဖို့ တားမြစ်ခံရသလို၊ နိုင်ငံ့ဝန်ထမ်းအဖြစ်လည်း တာဝန်ထမ်းဆောင်ခွင့် မပေးချေ။ မည်သည့် ရိုဟင်ဂျာကိုမှ မွေးစာရင်း မထုတ်ပေးခဲ့သည်မှာ ၁၉၉၀ နှစ်များအလယ်ပိုင်းကာလကတည်းကပင်ဖြစ်သည်။ မိဘ နှစ်ပါးသည် တရားဝင်လက်ထပ်ထားခြင်းမရှိပါက သို့တည်းမဟုတ် ၄င်းတို့လူမျိုးတစ်စုတည်းပေါ်တွင်သာ ပြဋ္ဌာန်းထားသော တစ်မိသားစုတွင် ကလေး ၂ ဦးသာယူရေးမူဝါဒထက် ပိုယူပါက ယင်းရိုဟင်ဂျာ ကလေးငယ်များသည် “ ပယ်ဖျက်စာရင်း (Blacklist) ” ၀င်အဖြစ် သတ်မှတ်ခံထားရသဖြင့် သူတို့အတွက် အခြေခံရပိုင်ခွင့်လေးများပင် မခံစားကြရပေ။
    အာဏာပိုင်များသည် လျစ်လျူရှုပစ်ပယ်မှုမှသည် အမှန်းတရားအဆင့်သို့ ပြောင်းလဲလာကြသည်။
    AP ၏ ခရီးစဉ်အား ကူညီပေးရန်အတွက် ဗဟိုအစိုးရမှ လုံခြုံရေးထည့်ပေးသူသည် ဘာလို့များ ဒီလို “ ခွေးတွေ ” နဲ့ တွေ့ဆုံမေးမြန်းဖို့ စိတ်အားထက်သန်နေကြရတာလဲ ဟူ၍ပင် မေးမြန်းခဲ့သည်။ ရိုဟင်ဂျာမိန်းကလေးငယ်များသည် အဖွဲ့သား၏ကားမှန်များအတွင်း စောင်းငဲ့ကြည့်ရှု့ကြသောအခါ ယင်းလုံခြုံရေးပေးရန်လိုက်ပါလာသူမှ နှမချင်းမစာနာ  ရုန့်ရင်းရိုင်းစိုင်းသောအသုံးအနှုန်းများဖြင့် ဆဲဆိုတုံပြန်ခဲ့သည်။
    အစိုးရမှ ရိုဟင်ဂျာကလေးငယ်များကို ပေးအပ်သည့်အရာမှာ အလုပ်ခိုင်းစေခြင်း တစ်ခုသာ ရှိနေ၏။ သူတို့သည် အသက် ၁၀ နှစ်မျှသာ ရှိနေသော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တစ်နေ့တွင် ၁၀၀၀ ကျပ် (တစ်ဒေါ်လာ) ပေး၍
    ၈ နာရီကြာအထိ နေပူပြင်းပြင်းအောက်တွင် ကျောက်တုံးများကို ကောက်ယူသယ်ထမ်းခိုင်းနေကြပေသည်။
    နံနက်စောစော ရွာများသို့လာရောက်သောာထရပ်ကားကြီးများဖြင့်  အိပ်ချင်မပြေသေးသည့် ရိုဟင်ဂျာ ယောင်္ကျားကလေးများကို တင်ဆောင်သွားကာ မြစ်ကမ်းနံဘေးသို့ ဖြန့်ကျက်နေရာချပေးကြသည်။
    “ တွေ့လား၊ သူတို့က အလုပ်လုပ်လိုချင်ကြတာပါ ” ဟု လေးမိုင်၏ အုပ်ချုပ်ရေးမှူး ဦးလှမိုးက ဆိုသည်။
    ထိုနေ့ နေ့လည်ပိုင်းလောက်တွင် သူသည် တွေ့ဆုံမေးမြန်းခြင်းခံရသော ကလေးငယ်များအား သူ၏ရုံးသို့ခေါ်ယူခဲ့သည်။ AP ၏ လုံခြုံရေးအတွက်ဟု သူကဆိုခဲ့သည်။ သို့သော်လည်း မိမိတို့အား မေးမြန်းဖြေကြားသည်များကို ပြန်လည်ပြောပြရန် ၄င်းက ခြိမ်းခြောက်တောင်းဆိုခြင်း ဖြစ်သည်ဟု ကလေးငယ်များက ဆိုသည်။
    ထိုကလေးငယ်များထဲတွင် အဏ္ဏ၀ါ စာဒတ် ဆိုသော အသက် ၁၀ နှစ်အရွယ် ကျောက်သယ်သူလည်း ပါဝင်သည်။ နံနက် ၈ နာရီမှ ညနေ နေ၀င်ချိန်အထိ သူ၏ အမွှာအစ်ကို နှင့် အခြားသော ကောင်လေး ၅၊ ၆ ယောက် နှင့်အတူ မြစ်ထဲမှ ကျောက်တုံးများအား တောင်ကုန်းပေါ်သို့ သယ်ပို့ရသော အလုပ်ကြမ်းကို လုပ်ဆောင်ရသည်။ သူတို့မှာ ကလေးငယ်များ ဆိုသည်ထက် မြီးကောင်ပေါက်များကဲ့သို့ ထင်မြင်စရာဖြစ်နေကြသည်။ သူတို့ထံ ရယ်မောခြင်း မရှိ။ သူတို့၏ ခြေလှမ်းတိုင်းသည် ကြမ်းတမ်းမာကြောပြီး ဆုံးဖြတ်ချက်ပြည့်နှက်နေသည်။ သူတို့၏ခွန်အားကိုလည်း တစ်ရွေးသားမှ အထိခိုက်မခံကြပေ။
    အဏ္ဏ၀ါသည် ပင်ပန်းနေသည့်တိုင် အလုပ်ကို ခပ်သွက်သွက်လုပ်ကိုင်သည်။ သူ့သူငယ်ချင်းများကိုပင် ပုံးများ သယ်ကူလိုက်သေး၏။ ကလေးငယ်များအဖို့ ပင်ပန်းကြမ်းတမ်းသည့်အလုပ်ဖြစ်သော်လည်း ၄င်းတို့နှင့်၎င်းတို့မိသားစု၏ စားသောက်ရေးအတွက် အထောက်အကူရစေသည်။ ဥရောပ လူမှုကယ်ဆယ်ရေး နှင့် အရပ်ဖက်စောင့်ရှောက်ရေးဌာန (European Commission Humanitarian Aid and Civil Protection Department) မှထုတ်ပြန်ခဲ့သော ယမန်နှစ်စာရင်းအရ နိုင်ငံ၏အကြီးမားဆုံး အာဟာရချို့တဲ့မှုနှုန်းကို အများဆုံးတွေ့ရသည်မှာ ထိုဒေသပင်ဖြစ်သည်။ ထိုချို့တဲ့မှုသည် စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ ပြင်းထန်သည့်ဆိုးကျိုး သက်ရောက်စေပါသည်။
    ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများ၏လုပ်ပိုင်ခွင့်မှာ အကြီးအကျယ်ကန့်သတ်ခံထားရသည်။ ပစ်ပယ်ခံနေရာများတွင် ကာကွယ်ဆေးထိုးမှု မရှိသောကြောင့် ကလေးငယ်များသည် မည်သသည့်ရောဂါမဆို အလွယ်တကူ ဖြစ်ပွားနိုင်ချေရှိနေသည် ဟု မြန်မာနိုင်ငံအတွင်း ယင်းဒေသ၌ ၁၅ နှစ်ကြာ တာဝန်ယူလာသူ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (Doctors Without Borders) ၏ ဒုဦးစီးမှူး ဗစ်ကီ ဟော့ကင်းစ် (Vickie Hawkins) က ဆိုသည်။
    အကယ်၍ ရိုဟင်ဂျာကလေးငယ်များသည် စိုးရိမ်ဖွယ်ကျန်းမာရေးအခြေအနေဖြင့် ကြုံတွေ့ရပါက သူတို့သည် ဆေးရုံသို့ တက်ရောက်နိုင်ခြင်း အလျဉ်းမရှိကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏မိသားစုသည် စစ်ဆေးရေးဂိတ်များမှတောင်းဆိုသော လာဘ်ငွေများအား မပေးနိုင်ကြသလို၊ စစ်တွေသို့ကူးသန်းသွားလာခွင့်ကိုလည်း ပိတ်ပင်ခံထားရ၍ဖြစ်သည်။
    အသက် ၁၀ နှစ်အရွယ်  ရိုဟင်ဂျာကလေးငယ် မုဟမ္မဒ် သွိုင်ယုဗ် (Mohamad Toyoob)သည် ဆေးဝါးကုသခွင့်ကို ရရှိခဲ့သော်လည်း ဆရာဝန်များညွှန်ကြားထားသော ခွဲစိပ်မှုကိုတော့ မပြုလုပ်နိုင်ခဲ့ပေ။ ကလေးငယ်သည် ရှပ်အင်္ကျီကို မ,တင်လိုက်ပြီး သူ့ဝမ်းဗိုက်ညာဘက်ခြမ်းကို ဖိနှိပ်ပြကာ၊ လွန်ခဲ့သော ၃ နှစ်ခန့်ကပင် ထိုနေရာ၌ စူးစူးရှရှ နာကျင်နေလေ့ရှိကြောင်းကို “ ဘာဖြစ်မှန်း ကျွန်တော် မသိဘူး။ အထဲမှာ တစ်ခုခုရှိနေသလို ခံစားနေရတာပဲ ” ဟု သူက ပြောပြသည်။ သူမှသိမ်းဆည်းထားသော ဆေးစစ်တမ်းတစ်ခုတွင် ၀မ်းဗိုက်တွင်းအစိုင်အခဲ ဟုသာရေးသားထားပြီး မေးခွန်းသင်္ကေတများစွာ ခြစ်ထားသည်ကို တွေ့ရ၏။ မုဟမ္မဒ်ပြသခဲ့သော ဆရာဝန်များသည် ဆေးကိရိယာမပြည့်စုံသည့် အစိုးရဆေးရုံမှဖြစ်ပြီး၊ အသက်ကယ် ခွဲစိတ်ကုသမှုကို လုပ်ဆောင်နိုင်စွမ်းမရှိကြပေ။ ထိုခွဲစိတ်မှုအား ပြုလုပ်နိုင်ရန် သူသည် သွားလာရေးကန့်သတ်ထားသည့် စစ်တွေမြို့ သို့မဟုတ် ဘင်္ဂလားဒေ့ရှ်သို့သွားရောက်ရမည်ဖြစ်သည်။ သူ့မိသားစုက လာဘ်ငွေ တနင့်တပိုးကို ပေးဆောင်နိုင်ပါက သူသည် ဘင်္ဂလားဒေ့ရှ်သို့ထွက်သွားနိုင်မည် ဖြစ်သော်လည်း ဌာနီပြန်လာရန်မူ လွယ်ကူမည် မဟုတ်တော့ပေ။
    အခြားအခက်အခဲတစ်ခုမှာ ငွေကြေးပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့မိသားစုထံ၌ သူ၏ ကျန်းမာရေးစားရိတ်နေနေသာသာ ခွဲစိတ်ကုသရန်အတွက်ပင် ငွေကြေး မလုံလောက်။ သူသည် အိတ်အတွင်းသို့လက်နှိုက်ကာ အနီ၊ ပန်းရောင်၊ အ၀ါ နှင့် အပြာနုရောင် ဆေးလုံးလေးများပါရှိသော ပလစ်စတစ်အိတ်ငယ်လေး နှစ်ခုကို ထုတ်ယူလိုက်သည်။ ၄င်းသည် တစ်ရက်စာဖြစ်၍ ဆေးဖိုး ၂၀၀ ကျပ် (ဆင့် ၂၀) စာမျှသာ ရှိ၏။ ထိုပိုက်ဆံအားရရှိရန် မုဟမ္မဒ်သည် ရွာမှ အခြားကလေးငယ်များနှင့်အတူ မြစ်ကမ်းနံဘေးတွင် ကျောက်တုံးများကို ခက်ခဲပင်ပန်းစွာ ထမ်းနေရရှာသည်။ ရံဖန်ရံခါ ထိုပင်ပန်းမှုများကြောင့် နာကျင်မှုပိုမို ဆိုးရွားလာသည်ဟု သူက ဆိုသည်။
    “ ကျွန်တော့်အဖေဟာ အကြမ်းဖက်မှုများအပြီးမှာ အလုပ်ပြုတ်သွားတယ်။ သူ အလုပ်လုပ်နေတုန်းကတော့ ကျွန်တော်တို့ တတ်နိုင်ပါတယ်။ အခုတော့ ကျွန်တော်တို့မှာ ဘာမှ မရှိတော့ဘူး။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ကရုစိုက်ဖို့သာ ရှိပါတော့တယ်ခင်ဗျာ ” ။
    **  အယ်ဒီတာမှတ်ချက်  **
    ဤအကြောင်းသည် ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးလက်အောက်မှလွတ်မြောက်လာပြီးနောက် ကာလရှည်ထီးတည်းရှိနေခဲ့သည့် မြန်မာနိုင်ငံ၏ တံခါးဖွင့်မှု နှင့် ဖြစ်စဉ် အပြောင်းအလဲရှိမရှိကို AP သတင်းဌာနက တစ်နှစ်ပတ်လုံး သုံးသပ်ဖော်ပြချက်ဇာတ်လမ်းရှည် “ ပြောင်းလဲမှု၏ ပုံတူကားချပ် ” (Potraits of Change) မှ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါသည်။
    AP သတင်းဌာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် ROBIN McDOWELL၏ Rohingya kids in Myanmar: hard labor, bleak lives ဆောင်းပါးကို ‘မင်းသိုက်’ ဘာသာပြန်ဆိုပါသည်။
  • ယာယာ တိုယေး (မန်စီးတီး/အိုင်ဗရီကို့စ်)
    အောက်တိုဘာ-၁၉
    M-Media
    ရှာဖွေတင်ဆက်သူ- ကိုလေး
    Yaya Toure
    အမည်အပြည့်အစုံ    ဂျန်နီရီ ယာယာတိုးယေး(Gnégnéri Yaya Touré)
    မွေးသက္ကရာဇ်    ၁၃.၅.၁၉၈၃
    ကစားသည့်နေရာ    အလယ်တန်း
    လက်ရှိကလပ်    မန်ချက်စတာစီးတီး
    နိုင်ငံ        အိုင်ဗရီကို့စ်
    ကိုးကွယ်သူဘာသာ- အစ္စလာမ်
    ယာယာတိုးယေးကို ၁၉၈၃ ခုနှစ် မေလ ၁၃ ရက်နေ့တွင် အိုက်ဗရီကို့စ်နိုင်ငံ ဘောက်ကီမြို့၌ မွေးဖွားခဲ့သည်။ အိုက်ဗရီကို့စ် လက်ရွေးစင် ကစားသမားဖြစ်သည့် ယာယာတိုးယေးမှာ ယခုလက်ရှိတွင် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ စီးတီး အသင်းတွင် ကစားနေသူဖြစ်သည်။
    ကွင်းလယ်နှင့် နောက်တန်းနှစ်နေရာ စလုံးတွင် ကစားနိုင်သည့် တိုးယေးမှာ သူ၏ အကွက်မြင်မှု၊ ဖြတ်တင်ဘော စွမ်းရည်နှင့် နည်းစနစ်ကျလှသည့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့ကြောင့် ကျော်ကြားသည်။ နေရာမျိုးစုံကစားနိုင်သည့် ကစားသမားဖြစ်ပြီး ငယ်စဉ်ဘ၀က တိုက်စစ်ကစားသမား အဖြစ်ကစားခဲ့သည်။ နောက်ခံ အတွင်းလူအဖြစ် ပွဲ အနည်းငယ်ကစားခဲ့ပြီး ၂၀၀၉ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်တွင်လည်း ဘာစီလိုနာအသင်း၏ နောက်ခံအတွင်းလူနေရာ၌ ကစားပေးခဲ့ရသည်။  တိုးယေးသည် နိုင်ငံအသင်းနှင့် ကလပ်အသင်းများတွင် မကြာခဏ ကွင်းလယ် ဖန်တီးရှင်အဖြစ်ကစားခဲ့ပြီး ပွဲတစ်ပွဲလုံးတွင် ခံစစ်၊ တိုက်စစ်အားလုံးတွင် လိုက်ပါကစား နိုင်သူဖြစ်သည်။
    တိုးယေးမှာ သူ၏ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို အိုက်ဗရီကို့စ်ကလပ် ASEC Mimosas တွင် စတင်ခဲ့သည်။ အသက် ၁၈နှစ်အရွယ်တွင် ASEC Mimosas, အသင်းကြီးအတွက် ပထမဆုံးပွဲထွက်ခွင့်ရခဲ့သည်။ ထိုက်နောက် ဘယ်လ်ဂျီယံကလပ် ဘီဗီရန်အသင်းသို့ရောက်ရှိလာခဲ့သည်။ ထို့နောက်အာဆင်နယ်အသင်း၏ စိတ်ဝင်စားခြင်းကိုခံခဲ့ရပြီး အာဆင်နယ်အသင်းမှ စမ်းသပ်မှုများရှိခဲ့သော်လည်း ၎င်း၏ အလုပ်လုပ်ခွင့်ပါမစ်အခက်ခဲကြောင့် အာဆင်နယ် အသင်းမှ ခေါ်ယူနိုင်ခြင်းမရှိခဲ့ပေ။ ထို့နောက် ယူကရိန်းကလပ် မီတာလာ ဒိုးနက်အသင်း၊ ဂရီကလပ် အိုလံပီယာကော့စ် အသင်းနှင့် ပြင်သစ်ကလပ် အေအက်စ်မိုနာကို အသင်းများသို့ အဆင့်ဆင့်ပြောင်းရွှေ့ခဲ့သည်။
    ဥရောပပြိုင်ပွဲငယ်များတွင် ပြသသည့် သူ၏ စွမ်းရည်များကြောင့် ဥရောပ ကလပ်အသင်းကြီးများက တိုးယေးအား စိတ်ဝင်စားခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် စပိန်ထိပ်သီး ဘာစီလိုနာအသင်းက ခေါ်ယူခဲ့သည်။ ဘာစီလိုနာအသင်းတွင် ပွဲပေါင်း ၁၀၀ ကျော်ကစားခဲ့ပြီး ၂၀၀၉ ခုနှစ် ဖလားခြောက်လုံးရရှိခဲ့သည့် ဘာစီလိုနာအသင်း၏ သမိုင်းဝင်အောင်ပွဲတွင် တိုးယေးမှာ အသင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။
    ထို့နောက် ၂၀၁၀ ခုနှစ်တွင် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အသင်း၏ အလယ်တန်းတွင် အရေးပါသည့် ကစားသမားတစ်ဦးဖြစ်လာခဲ့ကာ အသင်း၏ ပဲ့ကိုင်ရှင်လည်းဖြစ်လာသည်။ မန်စီတီးအသင်းတွင် တိုးယေးမှာ အရေးပါသောဂိုးများစွာကို သွင်းယူပေးခဲ့ပြီး သူ၏အကျော်ကြားဆုံးဂိုးမှာ ၂၀၁၀ ခုနှစ် FA ဖလားပြိုင်ပွဲ ဆီးမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်တို့တွင် သွင်းယူခဲ့သောဂိုးများဖြစ်သည်။
    တိုးယေးမှာ ၂၀၀၄ ခုနှစ်တွင် အိုက်ဗရီကို့စ်လက်ရွေးစင်အသင်း၏ ရွေးချယ်မှုကိုခံခဲ့ရပြီး ၂၀၀၆ နှင့် ၂၀၁၀ ကမ္ဘာ့ဖလားတို့တွင် လက်ရွေးစင်အသင်း၏ အဓိကပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့သည်။ ၂၀၁၁၊ ၂၀၁၂ ခုနှစ်တွင် အာဖရိက အကောင်းဆုံးဘောလုံးသမားဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည့် တိုးယေးမှာ နိုင်ငံအသင်းအတွက် စုစုပေါင်း ပွဲ ၈၀ ကစားပေးထားပြီး ၁၆ ဂိုးသွင်းယူပေးထားသည်။
    အောင်မြင်မှုများ
    ASEC Mimosas
    —————–
    အိုင်ဗရီကို့စ် ပရီးမီယားလိဂ်ဖလား(၂၀၀၁)
    အိုလံပီယာကော့စ်
    ——————-
    ဂရိစူပါလိဂ် (၂၀၀၅-၀၆)
    ဂရိဖလား (၂၀၀၅-၀၆)
    ဘာစီလိုနာ
    ————
    လာလီဂါ -၂ ကြိမ် (၂၀၀၈-၀၉၊ ၂၀၀၉-၁၀)
    ကိုပါဒီရေးဖလား (၂၀၀၈-၀၉)
    စပိန်စူပါဖလား (၂၀၀၉)
    ချန်ပီယံလိဂ်ဖလား (၂၀၀၈-၀၉)
    ဥရောပစူပါဖလား (၂၀၀၉)
    ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံ (၂၀၀၉)
    မန်ချက်စတာစီးတီး
    ——————-
    ပရီးမီယားလိဂ်ဖလား (၂၀၁၁-၁၂)
    FA ဖလား (၂၀၁၀-၁၁)
    ကွန်မြူနတီဒိုင်း (၂၀၁၂)
    တစ်ဦးချင်းဆုတံဆိပ်များ
    ————————-
    အာဖရိကအကောင်းဆုံးဘောလုံးသမား – ၂ ကြိမ် (၂၀၁၁၊ ၂၀၁၂)
    ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးအသင်း (၂၀၁၁-၁၂)
    ကွန်မြူနတီဒိုင်း အကောင်းဆုံးဘောလုံးသမားဆု (၂၀၁၂)
  • အောက်တိုဘာ-၁၉ အားကစားသတင်းများ
    အောက်တိုဘာ-၁၉ အားကစားသတင်းများ
    အောက်တိုဘာ၊ ၁၉
    M-Media
    ခြေစွမ်းပြနေသည့်တောင်းဆန် စပါးနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆို
    စပါးအသင်း၏ အကယ်ဒမီမှထွက်ပေါ်လာခဲ့ပြီး စပါးအသင်းကြီးနှင့် အင်္ဂလန် လက်ရွေးစင်အသင်းတို့တွင် ခြေစွမ်းပြနေသည့် ကွင်းလယ်လူ တောင်းဆန်မှာ စပါးအသင်းနှင့် သက်တမ်းတိုး စာချုပ် ချုပ်ဆို လိုက်ပြီဟုသိရသည်။
    ပြီးခဲ့သည့်ရာသီက ကျူပီအာ အသင်းသို့အငှားဖြင့် သွားရောက်ကစားခဲ့သည့် အသက် ၂၂ နှစ်အရွယ်ရှိတောင်းဆန်မှာ စပါးအသင်းနှင့် ၄ နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
    တောင်းဆန်မှာ ယခုရာသီတွင် စပါးအသင်းတွင် ပုံမှန်နေရာ ရရှိနေပြီး အသင်းအတွက် ကစားထားသည့် ၈ ပွဲတွင် ၁ ဂိုးသွင်းယူထားကာ သုံးဂိုး ဖန်တီးပေးနိုင်ခဲ့သည်။
    Ref: Goal.com
    ……………………………………….
    ရူနီမှာ မန်ယူအသင်း၏ အဓိကကစားသမားဖြစ်သည်ဟု မိုယက်စ်ပြော
    Rooney
    တိုက်စစ်မှူး ရူနီမှာ မန်ယူအသင်း၏ အရေးပါသောကစားသမားတစ်ဦးဖြစ်ပြီး ၎င်း၏ခြေစွမ်းများအရ လာမည့်နှစ်နွေရာသီအပြောင်းအရွှေ့တွင်လည်း အသင်းမှထွက်ခွာခွင့်ပြုလိမ့်မည်မဟုတ်ဟု မန်ယူအသင်း၏ နည်းပြဖြစ်သူ ဒေးဗစ်မိုယက်စ်က ပြောကြားလိုက်သည်။
    ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က ချယ်ဆီးမှခေါ်ယူရန် အလွန်အမင်း စိတ်ဝင်စားခဲ့သော်လည်း ခေါ်ယူနိုင်ခြင်းမရှိခဲ့သည့် ရူနီမှာ ယခုအချိန်အထိ မန်ယူအသင်းနှင့် သက်တမ်းတိုးစာချုပ်အတွက် ဆွေးနွေးရန် ငြင်းဆန်နေဆဲဖြစ်သည်။
    ရူနီ၏ ရင့်ကျက်လာမှုက သူ၏စွမ်းဆောင်ရည်အား တိုးတက်စေသည်ဟု ယုံကြည်နေသည့် မိုယက်စ်က “သူရဲ့ကစားသမားသက်တမ်းမှာ အကောင်းဆုံး အချိန်ကိုရောက်နေပြီး မန်ယူအတွက် အဓိက ကစားသမားတစ်ဦးပါပဲ။ သူဟာ တာဝန်ယူနိုင်တယ်၊ အသင်းအတွက် လိုအပ်တဲ့ဂိုးတွေသွင်းနိုင်တယ်။ ပြီးတော့ ငယ်ငယ်ကတည်းကလည်း သူဟာ ဒီလိုပါပဲ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
    ရူနီမှာ ယခုနှစ်တွင် မန်ယူအသင်းအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၁၁ ပွဲကစားပေးထားပြီး ၇ ဂိုးသွင်းယူပေးထားသည်။
    ……………………………………….
    ATP Erste Bank Open တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ဆွန်ဂါတက်ရောက်
    သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင်ကျင်းပပြုလုပ်နေသည့် ATP Erste Bank Open တင်းနစ်ပြိုင်ပွဲဆီးမီးဖိုင်နယ်သို့ ပြင်သစ်တင်းနစ်သမား ဂျိုး ၀ိုင်းလ်ဖရိုင်း ဆွန်ဂါ တက်ရောက်သွားပြီဟုသိရသည်။
    နိုင်ခြေအဆင့် ၁ ရရှိခဲ့သည့် ဆွန်ဂါမှာ အိမ်ရှင်တင်းနစ်သမား  ဒိုမီနစ်သီယမ်အား အကြိတ်အနယ်ကစားခဲ့ကာ အနိုင်ရရှိခဲ့သောကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ၂ နာရီနှင့် ၁၅ မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ဆွန်ဂါက ၆-၄၊ ၃-၆၊ ၇-၆(၇-၃) ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    “သူ(ဒိုမီနစ်)ဟာ ငယ်ရွယ်တဲ့ကစားသမားဖြစ်ပြီး သူ့ပရိတ်သတ်အရှေ့မှာ ကစားရတဲ့အတွက် အခြေအနေကောင်းခဲ့ပါတယ်။ ကျွန်တော်အနေနဲ့ ပြင်းပြင်းထန်ထန်ကစားခဲ့ရတာပါ။ ကျွန်တော်ဟာ ကမ္ဘာ့ဆင့် ၁၀ ၀င်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဒီလိုပွဲမျိုးကို နိုင်အောင်ကစားဖို့ဆိုတာ ကျွန်တော့်အလုပ်ပါ ” ဟု ဆွန်ဂါက ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    ဆွန်ဂါမှာ ဆီမီးဖိုင်နယ်တွင် အီတလီတင်းနစ်အကျော်အမော် ဖေဘီယို ဖော့ဂ်နီနီအား အနိုင်ကစားနိုင်ခဲ့သည့် ဒခ်ျ တင်းနစ် သမား ရော်ဘင်ဟေ့စ်နှင့် တွေ့ဆုံ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
    ……………………………..
    အရှေ့အလယ်ပိုင်း ခရီးကြမ်းကားမောင်းပြိုင်ပွဲအား အီရန် လက်ခံကျင်းပမည်
    ကားမောင်းအားကစားနည်းမှာ အီရန်နိုင်ငံတွင် တစ်စထက်တစ်စ လူကြိုက်များလာပြီး ပထမဦးဆုံးအကြိမ်ဖြစ် ခရီးကြမ်းကားမောင်းပြိုင်ပွဲအား ကျင်းပရန် အီရန်နိုင်ငံက စီစဉ်နေသည်ဟုသိရသည်။
    အီရန်မော်တော်ဆိုင်ကယ်နှင့် ကားမောင်းအဖွဲ့ချုပ်(MAFIRI)က အရှေ့အလယ်ပိုင်းနိုင်ငံ များပါဝင်မည့် ကားမောင်းပြိုင်ပွဲတစ်ရပ်ကို ကျင်းပမည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။ နိုင်ငံတကာ စက်တပ်ယာဉ်များအဖွဲ့ချုပ်(FIA) ၏ ဒုတိယဥက္ကဌ မိုဟာမက်ဘင် ဆူလေမန်၊ ယူအေအီးကားမောင်းကလပ် (ATCUAE)မှ ဥက္ကဌနှင့် MAFIRI တို့ ယမန်နေ့က ဒူးဘိုင်းတွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပြိုင်ပွဲအား အီရန်နိုင်ငံ၌ ကျင်းပရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။
    ထိုပြိုင်ပွဲအား မြို့တော်တီဟီရန်၏တောက်ဘက် ၉၁၉ ကီလိုမီတာအကွာရှိ ရှီရက်ဇ်မြို့တွင် ကျင်းပရန်စီစဉ်ထားပြီး၊ အီရန်နိုင်ငံ၏ သမိုင်းဝင်ပြိုင်ပွဲတစ်ခုဖြစ်လာမည့် ထိုပွဲအတွက် ပြိုင်ပွဲကျင်းပရေးကော်မတီကလည်း လိုအပ်သောဆောင်ရွက် မှုများကို လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။