News @ M-Media
Author: M-Media
  • လက်ရှိ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံရေး ရဲ့ မုန့်လုံးစက္ကူကပ်ဇာတ်လမ်း
    သြဂုတ်လ-၂၈ ရက်၊ ၂၀၁၃
    M-Media
    မြင်မိုရ်မောင်မောင်
    chart
    August 26 နေ့က ၀ါရှင်တန်ပို့စ်(Washington Post) မှာ Max Fisher တင်ပြတဲ့ဆောင်းပါးတစ်ပုဒ်ကို ကြည့်ပြီး နိုင်ငံရေးဗေဒပညာရှင်တွေ ပါးစပ် အဟောင်းသား ဖြစ်သွားကြကုန်သတဲ့။
    လက်ရှိ (အီဂျစ်၊ ဆီးရီးယား အပါအ၀င်) အရှေ့အလယ်ပိုင်းဒေသအနေအထားကို နောက်ခံဆက်စပ်မှုဇယားတစ်ခုနဲ့တစ်ကွ နာမည်ကြီး အီဂျစ်ဘလော့ဂါ တစ်ဦးက ပေးပို့ချက်ပေါ်မူတည်ပြီး ရေးသားဖော်ပြလိုက်တာပါ။
    အဲ့ဒီပဋိပက္ခတွေရဲ့နောက်ကွယ်မှာ အုပ်စုကြီး ၂ ဖွဲ့ ရှိကြောင်း၊ တစ်ဖွဲ့က ဇာတ်ဆရာအုပ်စု (အမေရိကန်၊ အီရန်၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ တူရကီ နဲ့ အစ္စရေး ) ဖြစ်ပြီး၊ နောက်တစ်ဖွဲ့က အသုံးတော်ခံအုပ်စု (အီဂျစ်၊ ဆီးရီးယား၊ လက်ဘနွန် နဲ့ ပါလက်စတိုင်းဝန်းကျင် ) လို့ ခွဲခြားနိုင်ကြောင်း ရေးသားထားတယ်။
    လက်ရှိ အရှေ့အလယ်ပိုင်းနိုင်ငံရေး ရဲ့ မုန့်လုံးစက္ကူကပ်ဇာတ်လမ်းနဲ့ပတ်သက်လို့ အောက်ပါအတိုင်းလိုတိုရှင်း ဆွဲထုတ်ပြထားတာက စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဟာသလိုလို သရော်ချက်လိုလိုနဲ့ ပကတိတရားကို ကွင်းကွင်းကွက်ကွက် မြင်သာအောင် ဖော်ပြချက်လေးကို ဖတ်ရှုကြည့်ပါ။
    **  အီရန်က အာဆဒ် ရဲ့နောက်က ရပ်တည်နေတယ်။ ပင်လယ်ကွေ့နိုင်ငံတွေက အာဆဒ်ကို ဆန့်ကျင်နေတယ်။
    **  အာဆဒ်က မုစ်လင်မ်ညီနောင်များအဖွဲ့ကို ဆန့်ကျင်တယ်။ မုစ်လင်မ်ညီနောင်များအဖွဲ့နဲ့အိုဘားမားတို့က ဗိုလ်ချုပ် စစ်စီကို ဆန့်ကျင်ပြန်တယ်။
    **  ဒါပေမယ့် ပင်လယ်ကွေ့နိုင်ငံများက ဗိုလ်ချုပ်စစ်စီကို ထောက်ခံသူတွေဖြစ်နေပြန်တော့ မုစ်လင်မ်ညီနောင်များအဖွဲ့ကို ဆန့်ကျင်သူတွေ ဖြစ်နေပြန်ရော။
    **  အီရန်က ဟားမားစ်အဖွဲ့ကို ထောက်ခံနေတယ်။ ဒါပေမယ့် ဟားမားစ်က မုစ်လင်မ်ညီနောင်များအဖွဲ့ရဲ့နောက်က ရပ်တည်လျက်ရှိတယ်။
    **  အိုဘားမားက မုစ်လင်မ်ညီနောင်များအဖွဲ့ဖက်က ရပ်တည်နေပေမယ့် ဟားမားစ်က အမေရိကကို ဆန့်ကျင်သူပါတဲ့။
    **  ပင်လယ်ကွေ့နိုင်ငံအားလုံးက အမေရိကကို ထောက်ခံကြတယ်။ တူရကီကတော့ ပင်လယ်ကွေ့နိုင်ငံတွေနဲ့အတူ အာဆဒ်ကို ဆန့်ကျင်နေတယ်။ တစ်ခါ တူရကီက ဗိုလ်ချုပ်စစ်စီကိုဆန့်ကျင်တဲ့ မုစ်လင်မ်ညီနောင်များအဖွဲ့ဖက်က ရပ်တည်ထားတယ်။ ဗိုလ်ချုပ်စစ်စီဖက်က ရပ်တည်နေသူများဟာ ပင်လယ်ကွေ့နိုင်ငံများ ပြန်ဖြစ်နေတဲ့အခါ …….
    (အရှေ့အလယ်ပိုင်းဒေသမှ အသင့်အား လှိုက်လှဲစွာကြိုဆိုပါ၏။ ပျော်ရွှင်ချမ်းမြေ့တဲ့နေ့တစ်နေ့ဖြစ်ပါစေ)
    KN Al-Sabah,
    London EC4, U.K.
    အပြည့်အစုံကို >>
    http://www.washingtonpost.com/blogs/worldviews/wp/2013/08/26/the-middle-east-explained-in-one-sort-of-terrifying-chart/  မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါပြီ။
  • မာတင် လူသာကင်းရဲ့“ငါ့မှာ မျှော်လင့်ခြင်း အိပ်မက် တစ်ခုရှိတယ်” ကမ္ဘာကျော် သမိုင်းဝင် မိန့်ခွန်း (နှစ် ၅၀ ပြည့်) ဂုဏ်ပြု သီချင်း
    သြဂုတ်လ ၂၈ ရက်၊ ၂၀၁၃
    M-Media
    martin luther king jr
    မာတင် လူသာကင်းရဲ့ သြဂုတ်လ ၂၈ ရက်၊ ၁၉၆၃ ခုနှစ် ပြောကြားခဲ့သော “ငါ့မှာ မျှော်လင့်ခြင်း အိပ်မက် တစ်ခုရှိတယ်” သမိုင်းဝင် ကမ္ဘာကျော် မိန့်ခွန်း (နှစ် ၅၀ ပြည့်) ဂုဏ်ပြု
    တေးဆို Aldo ၏
    Racism ဆန့်ကျင်ရေး မြန်မာသီချင်း
    M-Media presents
    Youtube Link >>http://youtu.be/qlSguWZjWkI
    လိုင်းမကောင်းသော M-Media ပရိတ်သတ် Download လုပ်ပြီးနားထောင်ရန်။
    Size = 14.5 MB
    Google Drive >> http://goo.gl/ubiWI6
  • မွတ်စ်လင်မ် ဖိုရမ် တစ်ရပ်ကို နယူးဇီလန်နိုင်ငံမှ ပထမဆုံးအကြိမ် လက်ခံကျင်းပမည်။
    သြဂုတ်လ- ၂၈ ရက်၊ ၂၀၁၃
    M-Media
    New Zealand Hosts First Muslim Forum
    “ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းဟာ  နယူးဇီလန် လူ့အဖွဲ့အစည်းနဲ့နိုင်ငံတကာ အသိုင်းအ၀ိုင်းအပေါ် အပြုသဘောဆောင်နေတဲ့ အတွက် နိုင်ငံတော် ဖိုရမ် တစ်ရပ်ကို ကျင်းပပေးမှာဖြစ်တယ်။ ဒီလိုဖိုရမ်ကျင်းပခြင်းက ကျွန်မတို့နိုင်ငံသားတွေ မတူကွဲပြားခြားနားတဲ့ထဲက လက်တွေ့ကောင်းကျိုးကို တွေ့မြင်နိုင်ဖို့ နဲ့ လက်သင့်ခံနိုင်ဖို့အခွင့်အလမ်းသစ်တစ်ရပ်ကို ရစေပါတယ်။  နယူးဇီလန် က မွတ်စ်လင်မ် အသိုင်းအ၀ိုင်း အနေနဲ့လည်း ခေတ်ပြိုင်စိန်ခေါ်ချက်တွေ၊ အတူတစ်ကွ ပူးပေါင်းအဖြေရှာရေး နည်းလမ်းတွေ၊ နိုင်ငံ့ပန်းတိုင် တစ်ခုဖြစ်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို ပါဝင်ဆွေးနွေးနိုင်မှာဖြစ်ပါတယ် ” ဟု လူမျိုးရေးရာဝန်ကြီး ဂျူးဒစ် ကောလင်းစ် (Judith Collins) က  သြဂုတ်လ ၂၆ ရက်၊ တနင်္လာနေ့တွင် Scoop New Zealand website မှ ဖော်ပြခဲ့၏။
    သြဂုတ်လ ၂၆ ရက်မှ စက်တင်ဘာလ ၁ ရက်နေ့အထိ သတ်မှတ်ထားသော Islam Awareness Week တွင်လည်း အစ္စလာမ် အကြောင်းကို ကောလင်းစ်မှ ထည့်သွင်းပြောဆိုမည်ဖြစ်သည်။
    သူမမှ ဆက်လက်ပြောသည်မှာ ဤအစီအစဉ်သည်  နယူးဇီလန် သားတို့အား အစ္စလာမ်အကြောင်း ပိုမိုနားလည်စေမည့်အပြင်နယူးဇီလန် နိုင်ငံသား အစ္စလာမ်ဘာသာဝင် ငါးသောင်းခန့်မှာ မိမိတို့လူ့ဘောင်ရှိ ကဏ္ဍတိုင်း၌ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေခြင်းကိုလည်း သိရှိသွားစေမည်။ လူမျိုးရေးရာဝန်ကြီးရုံးသည်  နယူးဇီလန် ရှိ Federation of Islamic Associations နှင့်လက်တွဲ၍ ဖိုရမ် ဖြစ်မြောက်အောင် ဆောင်ရွက်သွားမည်ဖြစ်သည်။
    များမကြာသေးမီကပင် ကောလင်းစ်သည် မွတ်စ်လင်မ်တို့၏ ၀ါကျွတ်ပွဲတော်အခမ်းအနားတစ်ရပ်ကို ပါလီမန်၌ အခြား ဘာသာရေး ခေါင်းဆောင်များနှင့် အတူ မွတ်စ်လင်မ် လူ့အဖွဲ့အစည်းဝင်တို့အား ဖိတ်ကြားတည်ခင်းခဲ့သည်။
    “ ယဉ်ကျေးမှုကွဲပြားချက်တွေအကြား အကောင်းဆုံး ပေါင်းကူး တံတားထိုးနိုင်တဲ့ ကမ္ဘာ့အခန်း ကဏ္ဍထဲမှာ ကျွန်မတို့နိုင်ငံလည်း ပါဝင်နေကြောင်း အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုချက်ရှိပါတယ်။ ဒီလိုအခမ်းအနားနဲ့ လာမယ့်အစီအစဉ်တွေက မတူကွဲပြားယဉ်ကျေးမှုတွေအပေါ်  နယူးဇီလန် ပြည်သူတွေကို ပိုမိုရင်းနှီးထိတွေ့စေပါလိမ့်မယ် ” ဟု သူမက ပြောကြားခဲ့သည်။
    Ref: OnIslam
  • အစ္စလာမ်အပေါ် တစ်ဖက်သတ် အမြင်စောင်း မုန်းတီးမှုများကို ယူကေ မွတ်စ်လင်မ် စစ်သည်များမှ တုန့်ပြန်လုပ်ဆောင်မည်
    သြဂုတ်လ-၂၈ ရက်၊ ၂၀၁၃
    M-Media
    military_2217941b-460x288
    မွတ်စ်လင်မ်ဆန့်ကျင်ရေး တိုက်ခိုက်မှုများ ကြီးထွားလာမှုအပေါ် ဒေးဗစ်ကင်မရွန်းမှ ကမကထပြုထားသော တန်ပြန် စစ်ဆင်ရေးတစ်ရပ် အနေနှင့် မွတ်စ်လင်မ် အမျိုးသား အမျိုးသမီး ၀န်ထမ်းတို့ကို ကျောင်းများထံ စေလွှတ်၍ ဟောပြောစေရန် စီစဉ်နေကြောင်း သိရသည်။
    “ ဘာသာပေါင်းစုံကလူတွေဟာ ကျွန်တော်တို့ရဲ့တပ်မတော်ထဲမှာ အတူလက်တွဲ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း မွတ်စ်လင်မ်တွေရော မွတ်စ်လင်မ်မဟုတ်သူတွေပါ တစ်ပြေးညီ သိရှိသွားစေမယ့် အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ စစ်သည်တွေကို တိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး ဒါဟာ ထိရောက်တဲ့ အသိပေးချက် တစ်ရပ် ဖြစ်ပါလိမ့်မယ်။ ဒါတင်မက တပ်မတော်ထဲမှာ မွတ်စ်လင်မ်တွေ ပါဝင်ခွင့်မရှိဘူး၊ ဗြိတိသျှ သစ္စာခံနိုင်ငံသားဖြစ် မလာနိုင်ဘူး ဆိုတဲ့ အစွန်းရောက် ပြောဆိုချက်တွေကို ချေဖျက်ရာလည်း ရောက်သွားပါမယ် ” ဟု အစိုးရအကြီးတန်းအရာရှိတစ်ဦးမှ Independent သတင်းဌာနသို့ ပြောကြားသည်။
    ဤအစီစဉ်သစ်အရ အာဖဂန်နစ္စတန် နှင့် အီရတ်၌ တာဝန် ထမ်းဆောင်ခဲ့သူများ၊ တာဝန် ထမ်းဆောင်မှုအတွင်း ထိခိုက် ဒဏ်ရာရရှိသူတို့အား နိုင်ငံတစ်ဝှန်းရှိ ကျောင်းများထံသို့ ဖိတ်ခေါ် သွားရောက်စေမည်၊ လှည့်လည်ဟောပြောစေမည်ဖြစ်သည်။
    လာမည့်ရက်သတ္တပတ်တွင် ကျင်းပမည်ဖြစ်သော အစွန်းရောက်ဝါဒအားတုန့်ပြန် စစ်ဆင်ရေးဆိုင်ရာ အစိုးရ၏ ဒုတိယမြောက် အစည်းအဝေး၌ စီမံချက်များ ဆွေးနွေးချမှတ်မည်ဟု ဆိုသည်။
    EDL ကဲ့သို့ လူ့အခွင့်အရေးကို ဂရုမစိုက်သောအဖွဲ့အစည်းများ၊ မွတ်စ်လင်မ်တို့သည် ဗြိတိန်နိုင်ငံသား မျိုးချစ်ပုဂ္ဂိုလ်များ ဖြစ်မလာနိုင်ကြောင်းဟူ၍ အစွန်းရောက်ဘာသာရေးဆရာတို့ဟောပြောချက်များ စသည်တို့မှ မြစ်ဖျား ခံလာသော အခြေမခိုင်သည့် အဆိုများကို ချေဖျက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
    လက်ရှိကာလ၌ ရှေ့တန်းစစ်မျက်နှာပြင်ကဏ္ဍအပါအ၀င် တပ်မတော်အတွင်း တာဝန် ထမ်းဆောင်နေကြသည့် မွတ်စ်လင်မ်များမှာ ၆၅၀ ၀န်းကျင်ရှိသည်။
    “ အနောက်တိုင်းက အစ္စလာမ်အပေါ် စစ်ဆင်နေတယ်ဆိုတဲ့အဆိုကို ချေဖျက်သွားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲ့ဒီလိုအမြင်စောင်းမှု မှန်သမျှကို ရင်ဆိုင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ” ဟု ထိပ်တန်းအာဏာပိုင်အသိုင်းအ၀ိုင်းမှ ဆိုလိုက်သည်။
    လာမည့်နှစ်တွင် ပထမကမ္ဘာစစ်ကြီး နှစ်တရာပြည့် အထိမ်းအမှတ်ကျင်းပရန်ရှိနေရာ  ယင်းခရီးစဉ်၌ ပထမ ကမ္ဘာစစ်အတွင်း ဗြိတိန်အတွက် တိုက်ခိုက်ခဲ့သော၊ ကျဆုံးခဲ့သော သောင်းနှင့်ချီသည့် မွတ်စ်လင်မ်တို့အား အမှတ်တရဂုဏ်ပြုခြင်းကိုလည်း ထည့်သွင်းထားသည်။ ထိုစဉ်က ဗြိတိသျှစစ်သည်တော်ပေါင်း ၇၄၀၀၀ ဦး ကျဆုံးခဲ့ရသည်။
    ယနေ့ဖြစ်ပေါ်နေသော တင်းမာမှုများသည် ရာပြည့် အခမ်းအနားကို ပိုမို ကြေကွဲဖွယ်ဖြစ်သွားစေသည်ဟု ဒုတိယကမ္ဘာစစ်၌ ပါဝင်ခဲ့သူများ၏ မြေးတစ်ဦးဖြစ်သူ Baroness Warsi မှ လတ်တစ်လောရင်ဖွင့်ပြောဆိုသွားခဲ့သည်။
    Ref: OnIslam
  • ပြည်သူကို အကျိုးမပြုသည့် ပုဒ်မ ၁၈ ဖျက်သိမ်းပေးရေး သတင်းစာ ရှင်းလင်းပွဲ
    သြဂုတ်-၂၇၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    ရန်ကုန်  ။         ။ Generation Youth နှင့် ဒီမိုကရေစီ အင်အားစုတို့ ပူးပေါင်းကျင်းပသည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ ၁၈ အား လုံးဝ ဖျက်သိမ်းပေးရေး ရှင်းလင်းပွဲ အခမ်းအနားကို သြဂုတ်လ ၂၆-ရက်နေ့က ရန်ကုန်မြို့၊ အလုံမြို့နယ်၊ သစ်တောလမ်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    P8260001
    ဒဂုံဆိပ်ကမ်း အလုပ်သမား သမဂ္ဂများ အင်းအားစုက ကိုတင်ကိုဦးက “ပုဒ်မ ၁၈ က နိုင်ငံသားတိုင်းဟာ မိမိနိုင်ငံ နယ်နမိတ်အတွင်း လွတ်လပ်စွာ သွားလာနေထိုင်မှု ရှိပါတယ်။
    ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရေစီ ရနေပြီလို့ ပြောနေပေမယ့် လူ့အခွင့်အရေးတွေကို ဘာမှ မပေးနိုင်သေးဘူး။ ပြီးတော့ အလုပ်သမား၊ လယ်သမား အရေး  ဆောင်ရွက်နေသူတွေကိုလည်း အတင်းချုပ်ချယ်နေတဲ့ ဥပဒေပါ။ ဒါကြောင့် ဒီပုဒ်မ ၁၈ က ကျွန်တော်တို့ အလုပ်သမား၊ လယ်သမား ပြည်သူတွေအတွက် ဥပဒေနဲ့ အညီ ရပိုင်ခွင့်တွေကို ပိတ်ပင်ချုပ်ကိုင်ထားတဲ့ ဥပဒေလို့ ယူဆတဲ့အတွက်ဒီပုဒ်မ ၁၈ ဟာ ပယ်ဖျက်သင့်ပါပြီလို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
    “ပုဒ်မ ၁၈ ဆိုတာ တကယ်တန်း ပြည်သူကို ဖိနှိပ်ထားသည့် ဥပဒေ ဖြစ်ကြောင်း၊ ပြည်သူလူထုဟာ အမျိုးမျိုးချုပ်ချယ် ဖိနှိပ်မှုတွေ ခံနေရတယ်။ ပုဒ်မ ၁၈နဲ့ပဲ ထောင်ချတယ်၊
    တရားစွဲတယ်၊ နိုင်ငံသား အခွင့်အရေးတွေကို လုံးလုံးလျားလျား ပိတ်ဆို့ထားတယ်။ ပုဒ်မ ၁၈ နဲ့ ပတ်သပ်ပြီး ဘာလုပ်မလဲဆိုရင် မနက်ဖြန် သြဂုတ်လ ၂၇-ရက်နေ့က စပြီး မြေနီကုန်း ကနေ စတင်ပြီး ဆူးလေ မြို့တော်ခန်းမရှေ့အထိ မြို့နယ် (၇)မြို့နယ်ကို ဖြတ်ပြီး  ပုဒ်မ ၁၈ ကို ဆန္ဒဖော်ထုတ်မယ်။ အဲလိုဆန္ဒဖော်ထုတ်တာကို တကယ်တမ်း နားထောင်တဲ့
    ပြည်သူ့လွှတ်တော်လို့ ပြောနေတဲ့ လွှတ်တော်က ကျွန်တော်တို့ ပြည်သူတွေရဲ့ အသံကို သေချာနားထောင်ပြီး ကျွန်တော်တို့ လုပ်ချင်တဲ့ အလုပ်တွေကို သေချာ တစိုက်မတ်မတ် လုပ်ပေးပါ။ အဲဒါဆိုရင်တော့ ကျွန်တော့်အနေနဲ့ ပြည်သူ့လွှတ်တော်လို့ လုံးဝ တထစ်ချ ယုံကြည်ပေးမယ်။ ဒီလိုမှ မဟုတ်ဘဲ ပုဒ်မ ၁၈ တွေနဲ့ တရားထပ်စွဲနေမယ်၊ လုပ်ပိုင်ခွင့်တွေကို ဒီ့ထက်မက ပိတ်ထားမယ် ဆိုရင် ကျွန်တော်တို့ အသက်နဲ့ ဘ၀တွေ ပေးပြီး ကျွန်တော်တို့ရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို တွန်းလှန်သွားမယ် ” ဟု ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခြင်းခံထားရသော ကိုလှိုင်မင်းဦးက ဆိုသည်။
    ” နိုင်ငံတော်က တရားဝင် အသိအမှတ်ပြုထားသည့် အဖွဲ့အစည်းတွေ အားလုံးသည် ဥပဒေကို ချိုးဖောက်နေတယ်။ ၂၀၀၈ အခြေခံ ဥပဒေအတိုင်း မဆောင်ရွက်ဘဲနဲ့ အထက်အမိန့်က ညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေတယ်။ လက်ရှိ ဥပဒေကို ကျွန်တော်တို့ နိုင်ငံသားတွေက ဘယ်လို နားလည်ပေးရမှာလဲ။ ပြည်သူတွေ အကျိုးအတွက် ပြည်သူတွေဘက်က ရပ်တည်ပြီး တောင်းဆိုပေးနေတဲ့ သူတွေကိုကြတော့ ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုခံနေရတယ်။ လက်ပံတောင်း ဆောင်ရွက်တဲ့သူတွေ၊ ငြိမ်းချမ်းရေး လမ်းလျှောက်တဲ့သူတွေ၊ လယ်သမားအရေး လုပ်တဲ့သူတွေ၊ အလုပ်သမားအရေး လုပ်တဲ့သူတွေ အားလုံးကို နိုင်ငံတော်ကို ပုန်ကန်တယ်ဆိုတဲ့ ပုန်ကန်မျိုးနဲ့ ပုဒ်မ ၁၈တပ်ပြီး တရားစွဲတယ်။ ပုဒ်မ ၁၈ ဟာ နိုင်ငံရေးမှာ တတ်ကြွစွာ လှုပ်ရှားတဲ့ သူတွေအတွက်ပဲ သက်သက် ရေးဆွဲထားသလို ဖြစ်နေတယ်။ အဲဒါကြောင့် အပြင်းထန်ဆုံး ကန့်ကွက်တယ် “ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုခံထားရသူများက ဆိုသည်။
    ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈တွင် ခွင့်ပြုချက် မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း (သို့မဟုတ်) စီတန်းလှည့်လည်ကြောင်း ပြစ်မှုထင်ရှားပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။
    အစိုးရသစ်လက်ထက် ယင်းဥပဒေပြဌာန်းပြီးနောက် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို အရေးယူခံထားရသော အမှုပေါင်း ၁၃၄ မှု ရှိကြောင်း၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ ဖျက်သိမ်းရန် နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်  နိုင်ငံရေး ပါတီ များသို့ အိပ်ဖွင့်ပေးစာများ ပေးပို့ထားကြောင်း သိရသည်။
    IMG_1583
    ယနေ့ သြဂုတ်လ ၂၇-ရက်နေ့ နေလည် ၂-နာရီမှ စတင်၍ မြေနီကုန်းမှ ဆူးလေ ပန်ခြံထိ ကို ပုဒ်မ ၁၈ ဖျက်သိမ်းပေးရေး၊ အလုပ်သမား အရေး၊ လယ်သမားအရေး၊ လူ့အခွင့်အရေး လှုပ်ရှားရေးတို့ကြောင့် မတရားဖမ်းဆီး တရားစွဲဆိုသူများအား ချက်ချင်းလွှတ် စသည့် ပိုစတာများကိုင်စွဲကာ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြဆိုခဲ့ကြောင်း သတင်း ရရှိသည်။
    ဓါတ်ပုံများကို FB တွင် ကြည့်ရှု့လိုလျှင် >> Click Here