News @ M-Media

Author: M-Media

  • Goal မှ ရွေးချယ်သည့် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆုအား မက်ဆီ တတိယအကြိမ် ဆွတ်ခူး

    ဇူလိုင်-၃၀၊၂၀၁၃

    M-Media

    Messi

    ကမ္ဘာကျော် ဘောလုံး ၀ဘ်ဆိုဒ်တစ်ခုဖြစ်သည့် goal.com က ပေးအပ်ချီးမြှင့်သော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဘာစီလိုနာတိုက်စစ်မှူး လိုင်ယွန်နယ် မက်ဆီက ဆွတ်ခူးရရှိသွားသည်ဟု သိရသည်။

    ဘောလုံးအားကစားနှင့်ပက်သက်သည့် အကြီးဆုံး ၀က်ဆိုဒ်တစ်ခုဖြစ်သော goal.com တွင် တာဝန်ထမ်းဆောင်နေသည့် ကမ္ဘာတစ်ဝှမ်းမှ ဂျာနယ်လစ် ၅၀၀ ကျော်က ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ၅၀ ကို မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး မက်ဆီက နံပါတ်တစ်နေရာရရှိခဲ့ကာ ဘိုင်ယန်အလယ်တန်းလူ ဖရန့် ရီဘာရီနှင့် ရီးရဲလ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုတို့က ဒုတိယနှင့် တတိယနေရာ အသီးသီးရရှိခဲ့ကြသည်။

    မက်ဆီမှာ ၂၀၀၉ ခုနှင့် ၂၀၁၁ ခုနှစ်များတွင်လည်း goal.com၏ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး ယခုအကြိမ်မှာ တတိယအကြိမ်ဖြစ်သည်။

  • တစ်ယောက်တည်းရှိနေချိန် Heart Attack ဖြစ်ရင် ဘယ်လို လုပ်မလဲ?

    ဇူလိုင် ၃၀၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    Heart Attack

    Heart attack ဖြစ်သော လူအများစုဟာ တစ်ယောက်တည်းရှိနေချိန်တွင် ဖြစ်တတ်ပြီး အကူအညီမရပါက သတိလစ်မေ့မျောသွားရန် ၁၀ စက္ကန့်သာကြာပါတယ်။

    ထိုကဲ့သို့ဖြစ်ချိန်တွင် လူနာကိုယ်တိုင် ချောင်းကို ခပ်ပြင်းပြင်း ဆက်တိုက်ဆိုးပေးခြင်းဖြင့် အခြေအနေကို ထိန်းထားနိုင်ပါတယ်။ ချောင်းဆိုးမည့်အကြိမ်တိုင်း မဆိုးမီအလျင် အသက်ပြင်းပြင်းရှူပါ။ ချောင်းဆိုးရာတွင်လည်း အတွင်းမှ ချွဲသလိပ်ထုတ်သကဲ့သို့ ရှည်လျားစွာနှင့် နက်နဲစွာ ဆိုးပေးပါ။ ထိုကဲ့သို့ ပြုလုပ်ရင်း အမြန်ဆုံး အကူအညီရရန် အရေးပေါ်နံပါတ်များသို့ လှမ်းအကြောင်းကြားပါ။

    အသက်ပြင်းရှူခြင်းနှင့် ချောင်းပြင်းဆိုးခြင်းကို အကူအညီမလာမချင်း (သို့) ပုံမှန်အသက်မရှူမချင်း ၂ စက္ကန့် တစ်ခါပြုလုပ်ပေးပါ။

    အသက်ပြင်းရှူခြင်းက အဆုပ်အတွင်းသို့ အောက်ဆီဂျင်ရောက်စေပြီး ချောင်းဆိုးခြင်းက နှလုံးကိုညှစ်စေကာ ပုံမှန်ဖြစ်စေပြီး သွေးလည်ပတ်စေပါတယ်။ ဒီလိုနည်းနှင့် ဝေဒနာရှင်ဟာ ဆေးရုံရောက်အောင် ထိန်းထားနိုင်ပါတယ်။

    ဒီနည်းအား တတ်နိုင်သလောက် ဖြန့်ဝေပြောကြားပေးခြင်းဖြင့် လူ့အသက်တွေကို ကယ်တင်ရာမှာ သင်လည်းပါဝင်နိုင်ပါတယ်။

    ကိုးကား – Genejostory

  • လက်ပံတောင်း အကြမ်းဖက်မှု ၈-လပြည့် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရ

    ဇူလိုင် ၃၀၊ ၂၀၁၃
    M-Media
    အိမေ

    လက်ပံတောင်းတောင်သပိတ်စခန်း အကြမ်းဖက်မှု ၈-လပြည့် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှုကြောင့် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရ

    copper mine 8 months

    ရန်ကုန် ။ ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ကန့်ကွက်ဆန္ဒပြခဲံသော ဒေသခံများနှင့် သံဃာတော်များအား ၂၀၀၉-ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့က မီးလောင်ဗုံးဖြင့် အကြမ်းဖက် ဖြိုခွင်းခဲ့ရာ ယနေ့တွင် ၈-လပြည့်မြောက်ပြီဖြစ်သော်လည်း အကြမ်းဖက် ဖြိုခွင်းသူများအား တာဝန်ရှိသူများက ဖော်ထုတ်ပေးမှုမရှိသေးသောကြောင့် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ၂၀၁၃-ခု ဇူလိုင်လ (၂၉)ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

    “သံဃာတော်များအား မီးလောင်ဗုံးဖြင့် ဖြိုခွင်းခဲ့မှုအပေါ် စစ်ဆေးစုံစမ်းခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းမရှိသည့်အတွက် တစ်ကိုယ်တော်ဆန္ဒပြရခြင်း ဖြစ်ပါသည်။ ဒါကြောင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ အရေးယူ ဆောင်ရွက်ပေးပါရန် တောင်းဆိုအပ်ပါသည်”ဟု တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူ Genderation Youths မှ ကိုတင်ထွဋ်ပိုင်က ပြောကြားခဲ့သည်။

    “လက်ပံတောင်း အရေးဆန္ဒ ထုတ်ဖော်ခဲ့သည့် အကြိမ်တိုင်း၌ သံဃာတော်များ မီးလောင်းဗုံးဖြင့် ဖြိုခွင်းခံရခြင်းကို ဖော်ထုတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ယနေ့အချိန်ထိ ဖော်ထုတ်ပေးနိုင်ခြင်းမရှိပဲ လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင်လည်း မီးခိုးဗုံးဟုသာ ဖော်ပြထားပြီး လက်ပံတောင်းတောင် စီမံကိန်းအား ဆက်လက်ဆောင်ရွက်နိုင်ရန် စာချုပ်သစ်တစ်ရပ် ထပ်မံချုပ်ဆိုပြီးဖြစ်တာ သိရတဲ့အတွက် အစိုးရဟာ ပြည်သူ့ဆန္ဒ၊ ပြည်သူ့လေသံတွေကို နားမထောင်ဘူးလို့ ကျွန်တော်မြင်ပါတယ်။ ဒီလို နားမထောင်ဘူးဆိုရင် ဘာကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားနေတယ်လို့ ပြောနေရတာလဲ။ ဘာကြောင့် အရပ်သားအစိုးရလို့ ကိုယ့်ကိုယ်ကို နာမည်တပ်နေရတာလဲ။ အဲလို မပြောပါနဲ့။ အာဏာရှင်လို့ပဲ ပြောလိုက်ပါ။ အဲဒါဆို ကျွန်တော်တို့အားလုံး လက်ခံမှာပါ”ဟု ယင်းက ထပ်မံပြောကြားသည်။

    အဆိုပါ ဆန္ဒထုတ်ဖော်နေစဉ်အတွင်း ညနေ ၄-နာရီခန့်တွင် ကျောက်တံတားရဲစခန်းမှ လာရောက်၍ ကိုတင်ထွဋ်ပိုင်အား လာရောက်ခေါ်ဆောင်ခဲ့သည်။ ယင်းရဲစခန်းမှ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ပြီး ညနေ ၅-နာရီတွင် အာမခံဖြင့် ရဲစခန်းမှ ပြန်လည် ထွက်လာခဲ့ကြောင်းသိရသည်။

    ဓါတ်ပုံများ ဆက်လက်ကြည့်ရှုရန် Click Here

  • စင်ကာပူ Suria Channel ထုတ်လွှင့်ပြသ သွားခဲ့သော စင်ကာပူရောက် မြန်မာ မွတ်စလင်မ် ကွန်မြူနတီ အကြောင်း

    ဇူလိုင်-၃၀၊၂၀၁၃
    via-Zaw Min Oo

    RayaEkspats

    စင်ကာပူနိုင်ငံရဲ့ မလေးစကားပြော Suria Channel ကပြသနေတဲ့ Raya Ekspats ဆိုတဲ့အစီအစဉ်က စင်ကာပူမှာ လာရောက်နေထိုင်ကြတဲ့ မလေးမဟုတ်သော အခြား မွတ်စ်လင်မ်လူ့အဖွဲ့အစည်းများ ဥပုသ်လနှင့် အီးဒ်ပွဲတော်တွေကို ဘယ်လို ကျင်းပလေ့ရှိတယ်၊  ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ လူနေမှုဘ၀၊ အလေ့အကျင့်များနှင့် ဘာလိုမျိုး ရိုးရာအစားအသောက်တွေ စားသောက်လေ့ ရှိတယ်ဆိုတာကို ရိုက်ကူးပြသတာပါ၊ ဒီအစီအစဉ်ရဲ့ Episode 2 အနေနဲ့ စင်ကာပူမှာရှိတဲ့ မြန်မာမွတ်စ်လင်မ်တွေအကြောင်းကို  ကြည့်ရှုနိုင်ပါတယ်။

    လိုင်းမကောင်းသော M-Media စာဖတ်ပရိတ်သတ်များ Download ယူရန်
    File Size= 245 MB
    Google Doc =>http://goo.gl/7ZZ9Tm

  • မိတ္ထီလာမှ မွတ်စလင် ဒုက္ခသည်များကို ဥပုသ်လအတွင်း ကူညီရန် စာရင်းကောက်ယူမှု အာဏာပိုင်များ တားမြစ်

    ဇူလိုင် ၃၀၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    မွတ်စလင်မ် ဥပုသ်လအတွင်း ထောက်ပံ့မှုများပြုလုပ်ရန် မိတ္ထီလာမြို့တွင် စာရင်းကောက်ယူရာ ခရိုင် အုပ်ချုပ်ရေးမှူးအဖွဲ့မှ ခေါ်ယူတားမြစ်ခံရ

    IDP
    ဓါတ်ပုံအညွန်း- မတ်လအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် မွတ်စလင်မ် ဒုက္ခသည်များ

    မိတ္ထီလာ ။ ။ မတ်လအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် နေအိမ်နှင့် ပစ္စည်းဥစ္စာများ ဆုံးရှုံးကာ ဒုက္ခရောက်နေကြသည့် မိတ္ထီလာမြို့ရှိ မွတ်စလင်မ်များကို ဥပုသ်လတွင် ဒါနကြေးများ ပေးဆောင်ရန်အတွက် စာရင်းများ ကောက်ယူရာတွင် ခရိုင်အုပ်ချုပ်ရေးမှူးမှ ခေါ်ယူ တားမြစ်ပြီး ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ မိတ္ထီလာမြို့ခံမှာ ပြောပြခဲ့ပါသည်။

    “မိတ္ထီလာက ဒုက္ခသည်တွေအတွက် ဦးဆောင်လုပ်ပေးနေတဲ့ အိုလမာအပါအ၀င် အခြားအဖွဲ့တွေနဲ့ ဂေါပကတွေကို မိတ္ထီလာခရိုင်အုပ်ချုပ်ရေးအဖွဲ့က မနေ့က ခေါ်တယ်။ ဒီမှာက စာရင်းတွေ ကောက်နေတာရှိတယ်။ အရင်ကလည်း စာရင်းကောက်တယ်။ ဟိုးအရင်ကတော့ စာရွက်နဲ့လုပ်တယ်။ အခုက ကတ်ပြားနဲ့လုပ်တယ်။ စာရင်းကောက်တာက အိမ်ထောင်စုတစ်စုမှာ လူဘယ်နှစ်ယောက်ရှိတယ်။ ကျား-မ၊ အသက်၊ ကျောင်းသူ ကျောင်းသား၊ ဒုက္ခသည်စခန်းအတွင်းမှာရှိနေတာလား၊ အပြင်မှာလား၊ သက်ရှိ ရှိနေသေးလား၊ အဲဒါတွေကို မှတ်တမ်းလုပ်တယ်။အဲဒါတွေကို မြို့နယ်က သိမ်းပြီး၊ ခရိုင်က ခြိမ်းခြောက်တယ်။ မရိုးမသားလုပ်တယ်ဆိုပြီး ခြိမ်းခြောက်တယ်။ နောက် မလုပ်ပါဘူးဆိုပြီး ၀န်ခံလက်မှတ်ထိုးခိုင်းတယ်။

    ဟုတ်ကဲ့။ ကျွန်တော်တို့ စာရင်းတွေ ကောက်ယူတာက ဇကားသ်(ဒါနကြေး)၊ ပေးဖို့ပါ။ တချို့အလှူရှင်ကလည်း အိမ်ထောင်စု လူဦးရေအလိုက်ပေးချင်တာရှိတယ်။ တချို့က အရင်က အိမ်ထောင်စု စာရင်းထဲမှာ ရှိပေမယ့် အခု သက်ရှိ ထင်ရှားမရှိတော့လို့ စာရင်းက ထုတ်လိုက်ရမှာတွေ ရှိတယ်။ အဲလို မထုတ်ရင် အဲ့ဒီအိမ်ထောင်စုက လူစာရင်းပိုနေရင် ပေးတဲ့ငွေကြေး မမျှတတော့ဘူးဖြစ်မယ်။ တချို့ကျတော့လည်း Camp ထဲမှာ ရတယ်။ အပြင်မှာလည်း စာရင်းပါနေတာတွေရှိတယ်။ အဲဒါမျိုးတွေကို သေချာစိစစ်ဖို့၊ နောက်ပြီးတော့ ကျောင်းဝတ်စုံတွေ၊ အိုးခွက်ပန်းကန်တွေ ပေးဖို့ အတွက် စာရင်း သေချာပြန်ကောက်ယူတာ။

    နောက်ပြီး ၂၀၁၄-ခု သန်းခေါင်စာရင်းကောက်တဲ့အခါမှာလည်း အဆင်သင့်ဖြစ်နိုင်တယ် ဌာနဆိုင်ရာနဲ့ နိုင်ငံတော်ကိုတောင် ကူညီပေးရာ ရောက်ပါ တယ်။ အဲလို စေတနာနဲ့လုပ်တာကို သေဆုံးတွေ၊ ပျောက်ဆုံးစာရင်းတွေပါတယ်။ ဒါ ဘာလုပ်တာလဲ ဆိုပြီး ခြိမ်းခြောက်တယ်။ ဟုတ်တယ် ခရိုင်က ခြိမ်းခြောက်တာပါ။ ဒါဟာ တရားစွဲလို့ရတယ်၊ လှုံ့ဆော်ရေးလုပ်တာဆိုပြီး ခရိုင်အဆင့် တရားသူကြီး၊ ရဲမှူး အားလုံးခေါ်ထားပြီး ခြိမ်းခြောက်တယ်။ ဟုတ်တယ်။ အဲ့ဒီအစည်းအဝေးမှာပဲ ပြောတယ်။

    အဲဒါ နောက်တစ်ခုက ချမ်းအေးနဲ့ သီရိမာလာ ရပ်ကွက်တွေမှာ ကွန်ဒိုတွေ ဆောက်မှာကို လက်ခံအောင် ဖိအားပေးပါ။ ဖျောင်းဖြပေးပါဆိုပြီးပြောတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက ပြောတာပါ။ အဲလို ပြောရင်းနဲ့ သူက ဘာပြောလဲဆိုတော့ အခုလို ကွန်ဒိုကို လက်မခံဘူး၊ လက်တွဲမလုပ်ဘူးဆိုရင် နောက်တစ်ကြိမ်ဖြစ်ရင် ဒီထက်ပိုနာမယ်ဆိုပြီး သူ့ပါးစပ်ကနေ ပြောတယ်။ ချော့တစ်ခါ ခြောက်တလှည့်နဲ့ ပြောတယ်။ ဟိုးအရင်တစ်ခါ အစည်းအဝေးလုပ်တုန်းက သူပဲပြောတယ် နောက်ဘယ်တော့ အဖြစ်မခံဘူးဆိုပြီး အခုကျတော့ နောက်တစ်ကြိမ်ထပ်ဖြစ်ရင် ဒီထက် ပိုနာမယ်လို့ ခြိမ်းခြောက်တယ်။

    ဗလီတွေကိစ္စကိုတော့ သူတို့လုံးဝ ဘာမှ အပြောမခံဘူး။ ကွန်ဒိုကိစ္စပဲ ပြောနေတယ်။ ကွန်ဒိုတွေလုပ်တာ ကျူးကျော်တွေ ၂၀၀ လောက်ရှိနေတဲ့အတွက် ကွန်ဒိုလုပ်မှ အဆင်ပြေမယ်ဆိုပြီး ပြောတယ်။ ကွန်ဒိုကိုပဲ လက်ခံအောင် ကျွန်တော်တို့တွေက နားချဖို့ဆိုပြီး ပြောတယ်။

    ကွန်ဒိုဆောက်မယ့်ကိစ္စက မွတ်စလင်မ်တွေက လက်မခံသလို ဗုဒ္ဓဘာသာတချို့လည်း လက်မခံပါဘူး။” လို့ M-Media ကို ပြောပြခဲ့ပါတယ်။