News @ M-Media

Author: M-Media

  • ကချင် လူမှုကယ်ဆယ်ရေး အမျိုးသမီး ၀န်ထမ်း လဖိုင် ဆိုင်းရော် အာရှနိုဗယ်ဆု(ခေါ်) မက်ဆေးဆေးဆု ရရှိ

    ဇူလိုင်-၂၅-၂၀၁၃
    M-Media

    072413-magsaysay
    အာရှနိုဗယ်ဆု(ခေါ်) မက်ဆေးဆေးဆု ချီးမြှင့်ခြင်းခံခဲ့ရသူ ၄ ဦးမှ  ၂ဦးဖြစ်သူ မွတ်စလင်မ် နှင့် ခရစ်ယျာန်အမျိုးသမိး နှစ်ဥိး

    ကြသာပတေးနေ့က ကချင်ပြည်နယ်ရှိလူမှုကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးဖြစ်သော ခရစ်ယာန်ဘာသာဝင် လဖိုင် ဆိုင်းရော်အား ယခုနှစ်အတွက် ဂုဏ်ထူးဆောင် မက်ဆေးဆေးဆု ရရှိသူ ၅ ဦးအနက် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း ကြေညာပြီးနောက် သူမနှင့်ကာလကြာရှည် တာဝန်ထမ်းဆောင်ခဲ့သူများက သူမအား ကြိုဆိုဂုဏ်ပြုခဲ့ကြောင်းသိရသည်။

    ထိုဆုအား မြန်မာနိုင်ငံ၏ နှစ်ရှည်လများ လူမှုလုပ်ငန်းလုပ်ဆောင်ခဲ့သော မက်တာ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Metta Development Foundation) တည်ထောင်သူ အပါအ၀င်၊ ဖိလစ်ပိုင်နိုင်ငံမှ ကျန်းမာရေးဝန်ထမ်း အန်းနက်စ်တို ဒိုမင်းဂို (Ernestro Domingo)၊ အာဖဂန်မှ  တက်ကြွလှုပ်ရှားသူ ဟဘီဘဟ် စာရာဘီ (HabibaSarabi)၊ အင်ဒိုနီးရှားမှ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးဌာန နှင့် နီပေါလ်မှ တရားမ၀င်ကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ ရှက်ခ်တီ စမူဟာ (Shakti Samuha) တို့မှ အသီးသီးရရှိခဲ့ကြသည်။

    စစ်ဒဏ်ခံ ကချင်ပြည်နယ်အတွင်း ၁၉၉၈ ခုနှစ်မှစတင်ကာ ဆိုင်းရော် နှင့်အတူ မက်တာတွင် တာဝန်ထမ်းဆောင်ခဲ့သော စောမင်းနိုင်က ဆိုင်းရော်သည် အသက် ၆၄ နှစ်ရှိသော်လည်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၌် ငြိမ်းချမ်းရေးတည်တံ့ရန်အတွက် ထဲထဲဝင်ဝင် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း ပြောပြခဲ့သည်။
    “ သူမဟာ အယူအဆများ နဲ့ နောက်ခံဘ၀များ မတူကွဲပြားတဲ့ တော်လှန်ရေးသမားတွေ နဲ့ အစိုးရခေါင်းဆောင်တွေကို စည်းရုံးပြီး ငြိမ်းချမ်းရေး နှင့် ပြန်လည်သင့်မြတ်ရေးအခန်းကဏ္ဍမှာ အစပျိုးလုပ်ဆောင်ခဲ့သူဖြစ်ပါတယ် ” ဟုစောမင်းနိုင် ကဆိုသည်။

    ကချင်လွတ်လပ်ရေးတပ်မတော် (Kachin Independence Army  – KIA) ဟုအမည်ရသော တော်လှန်ရေးသမားများနှင့် မြန်မာစစ်တပ်သည် မကြာသေးမှီက ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး၊ တရုတ်နိုင်ငံနယ်စပ်အနီး မြန်မာနိုင်ငံမြောက်ပိုင်းအတွင်း လွန်ခဲ့သောနှစ်များက ဖြစ်လိုက်ရပ်လိုက်တိုက်ပွဲများကို အဆုံးသတ်ရန် ဦးတည်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    ၁၉၈၇ ခုနှစ်မှ စတင်ကာ ဆိုင်းရော်သည် KIA ၏ နိုင်ငံရေးလုပ်ရှားမှုခေါင်းဆောင်မှ သူမအား ဒုက္ခသည်ပြည်သူများကို ကူညီရန် အကူအညီတောင်းခဲ့ပြီးနောက်တွင် ကချင်ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

    လူမျိုးရေးခွဲခြားမှုများ နှင့် နှစ်ရှည်လများလက်နက်စွဲကိုင်တိုက်ခိုက်မှုများ အကြား သူမ၏ သမမျှတစွာ စွမ်းဆောင်မှုကြောင့် သူမအား ဆုချီးမြှင့်ပေးအပ်ရခြင်းဖြစ်ကြောင်း မနီလာအခြေစိုက် မက်ဆေးဆေး ဆုပေးအပ်မှုဆိုင်ရာကော်မတီမှ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

    ထိုဆုချီးမြှင့်ခံရသည့်သတင်း ကြားပြီးနောက်၊  သူမသည် မိမိ၏ ဆုကြေးငွေ ဒေါ်လာ ၅၀,၀၀၀ အား ဧရာဝတီမြစ်အနီး တရုတ်နိုင်ငံမှ ရေအားလျှပ်စစ်ထုတ်လုပ်ရေးဆည်ကြီးအားတည်ဆောက်နေသော  ကချင်ပြည်နယ် မြစ်ဆုံဒေသစောင့်ရှောက်ကူညီရေး ကြိုးပမ်းမှုများထံသို့ ပေးအပ်လှူဒါန်းမည်ဖြစ်ကြောင်း ဆိုင်းရော်က ပြောကြားလိုက်သည်။

  • ၂၈-၇-၂၀၁၃ နိုင်ငံတကာသတင်းအကျဉ်းချူပ် စုစည်းမှု

    ၂၈-၇-၂၀၁၃ နိုင်ငံတကာသတင်းအကျဉ်းချူပ် စုစည်းမှု

    ဇူလိုင်-၂၈-၂၀၁၃
    M-Media

    အမေရိကန် သေနတ်သမား ပစ်ခတ်မှု ခြောက်ဦးသေ

    စနေနေ့က သေနတ်သမားသည် ၎င်း၏အခန်းတွင် ဒေါ်လာ တစ်သောင်းကို မီးတင်ရှို့ပြီး တွေ့ရာလူကို ပစ်ခတ်ခဲ့၍ ၆ဦးသေဆုံးသွားပြီး အထူးရဲတပ်ဖွဲ့က အသေပစ်ခတ် ခဲ့ရသည်။
    ___________________________________________
    ရုရှ အာကာသယာဉ် နိုင်ငံတာကာ အာကာသစခန်းသို့ရောက်

    ယနေ့မနက် ၂.၄ မက်ထရစ်တန် ရှိသော ကုန်ပစ္စည်းများကို သယ်ယူသွားသော ရုရှ အကာသယာဉ် Progress M-20M သည် ကာဇက်ကစ္စတန် စခန်းမှ ပစ်လွှတ်ပြီး ခြောက်နာရီခန့် အကြာတွင် နိုင်ငံတာကာ အာကာသစခန်းနှင့် ချိတ်ဆက်နိုင်ခဲ့သည်။
    ___________________________________________
    မာလီနိုင်ငံ ရွေးကောက်ပွဲ ကျင်းပ

    နိုင်ငံရေးအခြေအနေ ကာလရှည်ကြာ ရှုတ်ထွေးနေရာမှ ယနေ့ကျင်းမသော သမ္မတ ရွေးကောက်ပွဲ သို့ ပြည်သူအများ မဲပေးခဲ့ကြပြီး ထင်မှတ်ထားကြသည်ထက် ရွေးကောက်ပွဲမှာ အောင်မြင်မှုရှိပြီး ရွေးကောက်ပွဲရလာဒ်များကို ပြည်သူအများ စောင့်မျှော်လျက်ရှိသည်။
    ___________________________________________
    အစ္စရေးတွင် ဆန္ဒခံယူပွဲ ပြုလုပ်မည

    ပါလက်စတိုင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ပါတ်သတ်သော ဥပဒေကို အတည်ပြုရန် နိုင်ငံသားများ၏ ဆန္ဒမဲကို ကောက်ခံမည် ဟုဆိုသည်။
    ___________________________________________
    အမေရိကန်တွင် သမီးဖြစ်သူကို အဓမ္မကျင့်သူကို နောက်ထပ် နှစ် ၅၀ ထောင်ချ

    နယူးဂျာစီမှ (အမည်ထုတ်ဖေါ်ခြင်းမရှိ) လူတစ်ဦးသည် ၎င်း၏ သမီးနှစ်ဦးကို အဓမ္မပြုကျင့်မှုတွင် ပထမ အမှုအတွက် ထောင်ဒါဏ် ၄၀နှစ် ကျခံနေရပြီး ဒုတိယ အမှုအတွက် ထောင်ဒါဏ် ၅၀ ကျခံစေလိုက်သည်။
    ___________________________________________
    တူနီးရှားပါလီမန်ဖျက်သိမ်းဖို့ ဆန္ဒပြသမားတွေတောင်းဆို

    တူနီးရှားနိုင်ငံမှာ အဓိက အတိုက်အခံနိုင်ငံရေးသမားတဦး လုပ်ကြံသတ်ဖြတ် ခံခဲ့ရပြီးနောက် ဆန္ဒပြပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေရာမှာ စနေနေ့မှာတော့ လွှတ်တော်အဆောက်အဦး အပြင်မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ အသုံးပြု ဖြိုခွဲခဲ့ပါတယ်။ ဆန္ဒပြသူတွေကတော့ လွှတ်တော်ကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ကြတာပါ။ Tunis မြို့တော်မှာပဲ အစိုးရကို ထောက်ခံသူတွေကလည်း ဆန္ဒပြပွဲတခုကို သီးခြား ပြုလုပ်ခဲ့ကြ ပါတယ်။

  • ၂၈-၇-၂၀၁၃ အားကစားသတင်းများ

    ဇူလိုင်-၂၈၊၂၀၁၃
    M-Media
    LuisSuarez_2978072
    ကစားသစ်များအား မခေါ်ယူဘဲ ပရီးမီးယားလိဂ်ဖလားအား ရယူနိုင်သည်ဟု ၀င်းဂါးဆို

    အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ဆွာရက်ဇ်အား စောင့်ဆိုင်းခေါ်ယူသွားမည်ဖြစ်ပြီး မိမိအသင်းသို့ ကစားသမားအသစ်များရောက်ရှိသည်ဖြစ်စေ၊ မရောက်ရှိသည်ဖြစ်စေ အသင်းအနေဖြင့် ပရီးမီးယားလိဂ်ဖလားအား ရယူနိုင်သည်ဟု ပြောဆိုလိုက်သည်။ လီဗာပူးလ်တိုက်စစ်မှူးဆွာရက်ဇ်အား ခေါ်ယူရန်ကမ်းလှမ်းမှုမှာ တိုးတက်မှုမရှိသောကြောင့် ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ၎င်းတို့အသင်းအနေဖြင့် ဆွာရက်ဇ်အတွက် ကမ်းလှမ်းမှုများကိုပြုလုပ်ထားသော်လည်း ကစားသမားအပြောင်းအရွှေ့အား ၎င်းတို့တစ်ဖက်တည်းကသာ ဆောင်ရွက်ရန်မဖြစ်နိုင်ကြောင်း၊ လာမည့်သီတင်းပတ်အတွင်းကျင်းပမည့် အီမရိတ်ဖလားပြိုင်ပွဲမတိုင်မီအထိ ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၀င်းဂါးက ဆိုသည်။
    ………………………………………………………………
    ဘိုင်ယန်အားအနိုင်ယူကာ ဂျာမန်စူပါဖလားအား ဒေါ့မွန်ရရှိ

    ဘိုင်ယန်မြူးနစ်အသင်းနှင့် ဒေါ့မွန်အသင်းတို့ စနေနေ့က ယှဉ်ပြိုင်ကစားခဲ့ကြသည့် ဘွန်ဒီလီဂါအကြို ဂျာမန်စူပါဖလားပြိုင်ပွဲတွင် ဒေါ့မွန်အသင်းက ဘိုင်ယန်အား လေးဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိကာ စူပါဖလားအား ဆွတ်ခူးရရှိခဲ့သည်။ ဒေါ့မွန်အတွက် ဂိုးများကို မာကို ရီအက်စ်မှ နှစ်ဂိုး၊ အီလ်ကီဂန်ဒါဂန်မှတစ်ဂိုးသွင်းယူပေးခဲ့ပြီး ဘိုင်ယန်နောက်ခံလူ ဗန်ဘိုက်တန်မှ ကိုယ့်ဂိုးကိုသွင်းမိသဖြင့် တစ်ဂိုးရခဲ့ကာ ဘိုင်ယန်အသင်းအတွက် ချေပဂိုးနှစ်ဂိုးကို အာဂျန် ရော်ဘင်မှ သွင်းယူပေးခဲ့သည်။
    ………………………………………………………………
    ဘေးလ်အတွက် ယူရို ၉၄ သန်းဖြင့် ကမ်းလှမ်မှူအား တော့တင်ဟမ်ပယ်ချပြန်

    ဂါရက်ဘေးလ်အားခေါ်ယူရန် ရီးရဲလ်အသင်းမှ ကမ်လှမ်းမှုများကို အကြိမ်ကြိမ်ပယ်ချခဲ့သော တော့တင်ဟမ်အသင်းနေဖြင့် ယခုနောက်ဆုံး ရီးရဲလ်မက်ဒရစ်အသင်း၏ ယူရို ၉၄ သန်းဖြင့်ခေါ်ယူရန်ကမ်းလှမ်းမှုကိုလည်း ထပ်မံပယ်ချခဲ့သည်ဟုသိရသည်။ ရီးရဲလ်မက်ဒရစ်အသင်း၏ ကမ်းလှမ်းမှုများကို လက်ခံဆွေးနွေးပြီး ၎င်းအား သင်းပြောင်းရွှေ့ခွင့်ပေးရန် ဂါရက်ဘေးလ်က အသင်းအား မေတ္တာရပ်ခံခဲ့သော်လည်း တော့တင်ဟမ်အသင်းက ယခုကဲ့သို့ ငြင်းပယ်လိုက်ခြင်းဖြစ်သည်။
    ………………………………………………………………
    ဗလင်စီယာတိုက်စစ်မှူးအား မခေါ်ယူနိုင်ခဲ့ပါက ဇစ်ကိုအား ခေါ်ယူရန် တော့တင်ဟမ် ပစ်မှတ်ထား

    တော့တင်ဟမ်အနေဖြင့် စပိန်လာလီဂါကလပ် ဗလင်စီယာအသင်း၏ တိုက်စစ်မှူး ရောဘတ်တို ဆိုလ်ဒါဒိုအား မခေါ်ယူနိုင်ခဲ့ပါက မန်စီတီးအသင်းတိုက်စစ်မှူး အီဒင် ဇစ်ကိုအား ခေါ်ယူရန်ကြိုးပမ်းသွားမည်ဟု သိရသည်။ ဆိုလ်ဒါဒိုအား ခေါ်ယူရန် စိတ်အားထက်သန်နေသော်လည်း ဆွေးနွေးမှုများမှာ မရေရာသောကြောင့် ဇစ်ကိုအား အစားထိုးခေါ်ယူရန် စဉ်းစားနေခြင်းဖြစ်သည်။
    ………………………………………………………………
    ရူနီအား ပြည်ပကလပ်အသင်းများသို့သာ ရောင်းချသွားမည်

    အာဆင်နယ်အသင်းနှင့် ချယ်ဆီးအသင်းတို့ကခေါ်ယူရန်စိတ်ဝင်စားနေသည့် တိုက်စစ်မှူးဝိန်းရူနီအား ပြည်တွင်းကလပ်များသို့ပြောင်းရွှေ့လိုပါက ရောင်းချသွားမည်မဟုတ်ဘဲ မန်ယူအနေဖြင့် ပြည်ပကလပ်များသို့သာ သွားရောက်ခွင့်ပြုလိမ့်မည်ဟု သိရသည်။
    ………………………………………………………………
    ဘိုင်ယန်ကွင်းလယ်လူအား ခေါ်ယူရန် မော်ရင်ဟို စီစဉ်နေ

    ချယ်ဆီးအသင်းသည် ချန်ပီယံလိဂ် လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းမှ ကွင်းလယ်ကစားသမား လူးဝစ်ဂတ်စတာဗိုအားခေါ်ယူရန် ပြင်ဆင်နေသည်ဟုသိရသည်။ အသင်းနည်းပြမော်ရင်ဟိုအနေဖြင့် အသင်းရှိ ကွင်းလယ်လူ အိုဘီလ် မီးခေးလ်၏ စွမ်းဆောင်ရည်အား အားမရသည့်အတွက် ၎င်း၏နေရာ၌အစားထိုးရန် ခေါ်ယူလိုနေခြင်းဖြစ်သည်။
    ………………………………………………………………
    ပီပီအား မန်စီးတီးအသင်းမှ အလိုရှိနေ

    မန်စီးတီးနည်းပြ မန်နျူရယ် ပီလီဂရီနီအနေဖြင့် ရီးရဲလ်မက်ဒရစ်အသင်း၏ နောက်ခံလူး ပီပီအား ခေါ်ယူပြီး အသင်းနောက်တန်းအင်အားဖြည့်တင်းရန် အလိုရှိနေသည်ဟု သိရသည်။
    ………………………………………………………………
    ခရိုအေးရှားအိုးပင်း တင်းနစ်ပြိုင်ပွဲ ဗိုလုပွဲသို့ ဖေဘီယို ဖောဂ့်နီနီ တက်ရောက်

    ခရိုအေးရှားအိုးပင်းတင်းနစ်ပြိုင်ပွဲ ဆီးမီးဖိုင်နယ်တွင် အီတလီ တင်းနစ်သမား ဖေဘီယို ဖောဂ့်နီနီမှာ ပြင်သစ်တင်းနစ်သမား ဂရေးလ် မွန်ဖီးလ်စ်အား ၆-၀၊ ၃-၆၊ ၇-၆(၇-၃)ဖြင့် အနိုင်ရရှိကာ နောက်ဆုံးဗိုလ်လုပွဲသို့တက်ရောက်သွားပြီဟုသိရသည်။ စတုဂတ်တွင်ကျင်းပခဲ့သည့် မာစီဒီးဖလား တင်းနစ်ပြိုင်ပွဲနှင့် ဟမ်းဘဂ်တွင်ကျင်းပခဲ့သည့် ဂျာမန်အိုးပင်း တင်းနစ်ပြိုင်ပွဲတို့တွင် ဗိုလ်စွဲခဲ့သည့် ဖောဂ့်နီနီမှာ တနင်္ဂနွေနေ့တွင်ကျင်းပမည့် ဗိုလ်လုပွဲတွင် စပိန်တင်းနစ်သမား တွန်မီ ရိုဘရီဒိုနှင့် တွေ့ဆုံရမည်ဖြစ်ပြီး သီတင်းသုံးပတ်အတွင်း တတိယမြောက် ဆုဖလားရရှိရန် အခွင့်အရေးရှိနေသူလည်းဖြစ်သည်။
    ………………………………………………………………
    ဘာကူးဖလား တင်းနစ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရှာဟာ ဆန္ဒရှိနေ

    အဇာဘိုင်ဂျန်တွင်ကျင်းပနေသည့် ဘာကူးဖလား တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲသို့တက်ရောက်သွားပြီဖြစ်သည့် အစ္စရေးတင်းနစ်မယ် ရှာဟာ ပီးယားသည် သူမ၏ကစားသမားဘ၀ြေ ခာက်ကြိမ်မြောက်ဖလားအား ရရှိရန် ဆန္ဒရှိသည်ဟုသိရသည်။ ယခင်က ကမ္ဘာ့အဆင့် ၁၁ ရရှိသည်အထိ အောင်မြင်ခဲ့သည့် ရှာဟာမှ တနင်္ဂနွေနေ့တွင်ကျင်းပမည့် ဘာကူးဖလား တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ၂၀၁၀ ပြင်သစ်အိုးပင်း အငယ်တန်းချန်ပီယံ အသက် ၁၈ နှစ်အရွယ်ရှိ ယူကရိန်းနိုင်ငံသူ ဆဗီတိုလီနာနှင့် တွေ့ဆုံ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
    ………………………………………………………………
    RBC ကနေဒီယန် အိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲမှ မာဟန်နှုတ်ထွက်

    အမေရိကန် ဂေါက်သီးသမား ဟန်တာမာဟန်မှာ ကျင်းပလျက်ရှိသည့် ကနေဒီယန်အိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲမှ နှုတ်ထွက်သွားသည်ဟုသိရသည်။ တတိယအဆင့်ပြိုင်ပွဲတွင် နှစ်ချက်အသာဖြင့်ဦးဆောင်နေသည့်ဟန်တာက ၎င်းတို့မိသားစု၏ ပထမဦးဆုံးရင်သွေးငယ်အား ဇနီးဖြစ်သူမှမွေးဖွားခဲ့သောကြောင့် အိမ်ပြန်ရန်အတွက် ပြိုင်ပွဲမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လာမည့်နှစ်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ………………………………………………………………
    M2M ရုရှားအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲ တတိယအဆင့်ပြိုင်ပွဲတွင် မိုက်ကယ်ဟေး ဦးဆောင်

    မြောက်အိုင်ယာလန် ဂေါက်သီးသမား မိုက်ကယ်ဟေးသည် ကျင်းပလျက်ရှိသည့် ရုရှားအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲ တတိယအဆင့်တွင် ဒုတိယနေမှ ကစားသမားထက် ၅ ချက်အသာ စုစုပေါင်းရိုက်ချက် ၆၅ ချက်ဖြင့် ဦးဆောင်လျက်ရှိသည်ဟုသိရသည်။

  • ဥရောပတိုက်က အထူးခြားဆုံး တံတားတစ်စင်း (သို့) Øresund တံတား

    ဇူလိုင်-၂၈၊၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ- မိုးတိမ်

    M-Media ရဲ့ Knowledge အစီအစဉ်အနေနဲ့ ဥရောပတိုက်က အထူးခြားဆုံး တံတားတစ်စင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

    panorama-Oresund-Bridge-Lin

    Øresund ခေါ် Öresund တံတားဟာ ဥရောပက မြို့ကြီးနှစ်မြို့ဖြစ်တဲ့ ဒိန်းမတ်နိုင်ငံ မြို့တော် Copenhagen နဲ့ ဆွီဒင်နိုင်ငံရဲ့ မြို့ကြီး Malmö တို့ကို အထပ်နှစ်ထပ်နဲ့ ဆက်သွယ်ထားတဲ့ တံတားတစ်စင်းပါ။ ရထားလမ်းရောကားလမ်းပါ ပါဝင်ပြီး ရေပေါ် တံတားအနေနဲ့တစ်ပိုင်း ရေအောက်လှိုင်ဂူအနေနဲ့ တစ်ပိုင်းတည်ဆောက်ထားပြီး ထိုအမျိုးအစားတွေထဲက အကြီးဆုံး တံတားတစ်ခုဖြစ်ပါတယ်။

    ၁၉၉၅ မှာ စတင်တည်ဆောက်ပြီး ၁၉၉၉ မှာ ပြီးစီးသွားတဲ့ တံတားကို ၂၀၀၀ ခုနှစ် ဇူလိုင်လမှာ စတင်အသုံးပြုခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံ ကုန်ကျတဲ့ တံတားကို ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံတို့က တဝက်စီ ပိုင်ဆိုင်ပြီး ၂၀၃၅ ခုနှစ်မှာ အရင်းကျေမှာဖြစ်ပါတယ်။

    တံတားဟာ ဆွီဒင်ကမ်းဘက်ကနေ ၅ မိုင်အကွာမှာ တည်ဆောက်ထားတဲ့ လူလုပ်ကျွန်း Peberholm အထိ သွယ်တန်းထားပြီး ကျန်တဲ့ ၂ မိုင်ခွဲကိုတော့ ဒိုင်းမတ်ကျွန်း Amager အထိ ရေအောက်လှိုင်ဂူနဲ့ သွယ်တန်းထားပါတယ်။ တံတားအမြင့် မဆောက်ပဲ အကုန်အကျပိုများတဲ့ ရေအောက်လှိုင်ဂူတည်ဆောက်ရတာကတော့ အနီးအနားမှာရှိတဲ့ Copenhagen အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ လေယာဉ်လမ်းကြောင်းတွေ မရှုပ်ထွေးစေဖို့ပါ။နောက်ပြီး ရာသီဥတုဆိုးရွားတဲ့အချိန်တွေမှာတောင် သင်္ဘောတွေလွပ်လွပ်လပ်လပ် သွားနိုင်အောင်အောင် စီစဉ်ထားတဲ့ Øresund တံတားကို အံ့ဖွယ် အင်ဂျင်နီယာတည်ဆောက်မှု တစ်ခုလို့ သတ်မှတ်ကြပါတယ်။

    Ref: Wiki

  • ဇကာ့သ် (သို့)အစ္စလာမ် သာသနာ၏ မဏ္ဍိုင် တခုဖြစ်သော မရှိဆင်းရဲသူအား အလှူဒါနပေးအပ်ခြင်း

    ဇူလိုင်-၂၈၊၂၀၁၃
    M-Media
    ဘာသာပြန်- ကောင်းလွန်းအိမ်

    zakah-for-allah-sake

    ကျွန်ုပ်တို့အားလုံးလိုလို အစ္စလာမ်၏ အဓိက မဏ္ဍိုင် ၅ ရပ်အား အလွယ်တကူ အခက်ခဲမရှိ ပြောနိုင်ကြသည်။ ၄င်းတို့ကို ကျွန်ုပ်တို့ အလွတ်ရကြသည်။

    ထို မဏ္ဍိုင် ၅ ရပ်စလုံးသည် ကျွန်ုပ်တို့ အစ္စလာမ်သာသနာ၏ အဓိက အခြေခံအကျဆုံး ပုံဟန်ကို ပုံဖော်ထား၏။ ၄င်းတို့အနက် မဏ္ဍိုင် ၂ ရပ်သည် နေ့စဉ်လုပ်ဆောင်ရပြီး၊ အစ္စလာမ့်ယုံကြည်သက်ဝင်မှု ထွက်ဆိုချက် နှင့်  ၅ ကြိမ် ၀တ်ပြုခြင်းတို့ဖြစ်သည်။

    နောက်ထပ် ၂ ရပ်သည် နှစ်စဉ်လုပ်ဆောင်ရသော မဏ္ဍိုင်များဖြစ်ပြီး၊ ၄င်းတို့မှာ သတ်မှတ်အလှူဒါန ပေးကမ်းခြင်း နှင့် ရမဿွာန်လတွင် ဥပုသ်သီဓလစောင့်တည်ခြင်း ပင်ဖြစ်သည်။

    နောက်ဆုံးတစ်ရပ်သည်ကား ဘ၀တစ်လျှောက်လုံးတွင် အနည်းဆုံးတစ်ကြိမ်လုပ်ဆောင်ရမည့် မဏ္ဍိုင်ဖြစ်ပြီး၊ မက္ကဟ်မြို့တော်သို့ ဘုရားဖူးသွားရောက်ခြင်း ဖြစ်ပါ၏။

    ထိုမဏ္ဍိုင်ငါးရပ်အား ဖော်ပြရန် လွယ်ကူသလောက် ယင်းလုပ်ဆောင်ချက် တစ်ခုချင်းစီ၏နောက်ကွယ်မှ အကြောင်းတရားကိုမူ ရှင်းလင်းပြောပြရန် လူတိုင်း မစွမ်းသာလှပေ။ ကျွန်ုပ်တို့အား မွတ်စ်လင်မ် မဟုတ်သော မိတ်ဆွေ သူငယ်ချင်းများ၊ အိမ်နီးချင်းများ၊ လုပ်ဖော်ကိုင်ဖက်များက ထိုမဏ္ဍိုင်များအကြောင်း မေးမြန်းလာသောအခါ လွယ်လင့်တကူပင် ရှင်းပြတတ်ကြ၏။ သို့သော်လည်း ကျွန်ုပ်တို့ ပေးသင့်ပေးထိုက်သည့် ထိရောက်သောဖြေကြားခြင်း ဟုတ်မဟုတ် သေချာပြီလော ?

    အစ္စလာမ့်မဏ္ဍိုင်များအနက် နှစ်စဉ် မပြုမနေရ သတ်မှတ်ဒါနပေးကမ်းခြင်းဖြစ်သော ဇကာ့သ် အကြောင်းကို အဓိကထား ဦးတည်ကြည့်ကြပါစို့။ ထိုခေါင်းစဉ်အား ဆွေးနွေးလေသော အခါ လူအများစုသည် ၄င်းအရာမှာ အလှူဒါန နှင့် ပတ်သက်သည့် လူမှု ကဏ္ဍဖြစ်ကြောင်း၊ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ သက်ဝင်ယုံကြည်သူ တစ်ဦးအနေနှင့် မိမိ၏ ပိုင်ဆိုင်မှု အတွင်းမှ ဆင်းရဲချို့တဲ့သူ နှင့် ဒုက္ခရောက်နေသူများအတွက် ပေးအပ်ရမည့်တာဝန်တစ်ခုဖြစ်ကြောင်း အလေးအနက်ထား ပြောဆိုကြပေမည်။

    အစ္စလာမ်တွင် ချမ်းသာသူများထံမှ ဥစ္စာဓနများ အရယူ၍ ဆင်းရဲသူများအား ပြန်လည်မျှဝေမည့် ရော်ဘင်ဟုဒ် (Robin Hood) ကဲ့သို့ လူစားမျိုး မလိုအပ်။ အကြောင်းမှာ ကြွယ်ဝချမ်းသာသူက မရှိဆင်းရဲသူအား အလှူဒါနပေးအပ်ရမည့် မပြုမနေရ တာဝန် ၀တ္တရားကို ပြဋ္ဌာန်းထားသောကြောင့်ဖြစ်ပေသည်။ အစ္စလာမ်သာသနာ၌ လူတစ်ဦး တစ်ယောက်အား အလွန် ချမ်းသာကြွယ်ဝ မသွားစေအောင် အခြေခံကျကျတားမြစ်ချက် ဟူ၍ မရှိကြောင်း၊ မိမိဝန်းကျင်မှ လူ့အဖွဲ့အစည်း တိုးတက်ရေး အပေါ် ကောင်းကျိုးဆောင်စေမှု တစ်ရပ်သာဖြစ်ကြောင်း ရည်ညွှန်းခြင်းသာ ဖြစ်သည်။

    ဇကာ့သ်ဒါန နှင့် (သာမန်)အလှူဒါန ကွာခြားပုံ

    ဇကာ့သ်၏အကြောင်း ပြောကြားပါက ကျွန်ုပ်တို့သည် “ဆွဒကဟ်” မည်သော အလှူဒါန၏ အယူအဆဖြင့် မှားယွင်းစွာ ဖွင့်ဆိုတတ်ကြပါသည်။ ဆွဒကဟ် ကိုလည်း အလှူဒါန ဟူ၍သာ လက်ဆင့်ကမ်း အနက်ပြန်လေ့ရှိကြသည်။ ထိုအရာနှစ်ခုစလုံးသည် မိမိတို့၏ဥစ္စာဓနများဖြင့် မိမိတို့ထက် ဆိုးဝါးစွာ လိုအပ်နေသူများအား လှူဒါန်းပေးကမ်းသည့် အဓိပ္ပာယ် သဘောကိုပင် ဆိုလိုခြင်းဖြစ်သည်။

    ယင်းအလှူဒါနနှစ်မျိုး အကြား အဓိကကွာခြားချက် အချို့ရှိသည်။ ဇကာ့သ် ဆိုသည်မှာ သတ်မှတ်ထားသော ပမာဏတစ်ခုအထိ အနိမ့်ဆုံးပိုင်ဆိုင်ထားပြီး၊ ၄င်းအနက်မှ သတ်မှတ်ချက် အတိုင်း နောင်တမလွန်၏ အကျိုးကုသိုလ်ကို ရည်မျှော်၍ ပြုလုပ်ဆောင်ရွက်ရသည့် မပြုမနေရ ကျင့်ဝတ်တစ်ခုဖြစ်သည်။ ထိုအမှုကို စွန့်လွှတ်ပါက အပြစ်ထိုက်သက်ပြီး နောင်တမလွန် ၀ယ် ပြစ်ဒဏ်ခံစားရမည်ဖြစ်သည်။ ဆွဒကဟ် ဆိုသည်မှာကား ပိုင်ဆိုင်မှုပမာဏနှင့် မသက်ဆိုင်ဘဲ မိမိ၏စေတနာအလျောက် လှူဒါန်းမှုဖြစ်သည်။ ပေးအပ်လိုက် သော အလှူဒါနတစ်မျိုးဖြစ်ပြီး၊ နောင်တမလွန်၏ အကျိုးကုသိုလ်ကို ရည်မျှော်၍ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်သော်လည်း မပြုလုပ်ပါက အပြစ်ထိုက်သက်မှု မရှိချေ။ ဇကာ့သ်ကို အစ္စလာမ့်ပြက္ခဒိန်၏ တစ်နှစ်တာအကန့်အသတ်အတွင်း ပေးကမ်းလှူဒါန်းရန် စည်းမျဉ်းရှိသော်လည်း ဆွဒကဟ်ကိုမူ မည်သည့်အခြေအနေ၊ အနေအထားမှာ မဆို ပေးကမ်းလှူဒါန်းနိုင်ပေသည်။

    ဇကာ့သ်တွင် ၀င်ငွေအပေါ် မူတည်၍ မည်မျှလှူဒါန်းရမည်ကို သတ်မှတ်ထားချက်ရှိသည်။ ဆွကဒဟ်ကမူ ကောင်းမှုအမျိုးအစားပေါ်မူတည်၍ ကျယ်ပြန့်သောအဓိပ္ပာယ်ထွက်သည်။  တမန်တော်မြတ် မုဟမ္မဒ် (ငြိမ်းချမ်းသာယာခြင်းနှင့် မင်္ဂလာအပေါင်းသက်ရောက်ပါစေသား) ၏ မိန့်ဆိုပြောကြားချက် တစ်ခုတွင် အသင်တို့သည် ညီနောင်တစ်ဦးတစ်ယောက်အား ပြုံးရွှင်ချိုသာစွာ ဆက်ဆံခြင်းသည်ပင်လျှင် အလှူဒါန(ဆွဒကဟ်) ပြုရာရောက်၏ – ဟူ၍ တွေ့နိုင်ပေမည်။ ဤသည်မှာ ဇကာ့သ် နှင့် ဆွကဒဟ် အကြားရှိ ခြားနားချက် အချို့မျှသာ ဖြစ်သေး၏။

    ဇကာ့သ် နှင့် ဆွဒကဟ်၏ သဘောတရားနှစ်ရပ် စလုံးကို အစ္စလာမ့်အခြေခံအရင်းအမြစ်ဖြစ်ကြသော ကုရ်အာန်ကျမ်းတော်တွင်လည်းကောင်း၊ တမန်တော်မြတ်၏သြ၀ါဒတော် (ဟဒီးဆ်)တွင်လည်းကောင်း ခြေမြစ်နက်ရှိုင်းစွာ ဖော်ပြထားပေသည်။ ထိုရင်းမြစ်နှစ်ရပ်စလုံးအတွင်း၌မူ ဤသဘောတရားနှစ်မျိုးကို ဝေါဟာရသီးသန့်စီဖြင့် ခွဲခြားဖော်ပြထားခြင်းတော့ မရှိပါ။ ဥပမာတစ်ခုဆိုရသော် ကုရ်အာန် ကျမ်းတော်အတွင်းရှိ မုက္ခပါဌ်တော် (၉:၆၀) တွင် ဇကာ့သ်ပေးထိုက်သူများအား ရည်ညွှန်းရာ၌၊ ဇကာ့သ် “zakah” ဟူသောစာလုံးအား အသုံးမပြုဘဲ “sadaqat” ဟူသော ဝေါဟာရကိုသာ သုံးနှုန်းထားလေသည်။ အသုံးအနှုန်းနှစ်ခုလုံးမှာ တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေသောကြောင့် ထိုအကြောင်းအရာနှစ်ခုကို ကွဲပြားအောင် ခွဲခြားရန် စံနစ်တကျလေ့ကျင့်သင်ကြားထားခြင်းမရှိသူအဖို့ခက်ခဲလှပေသည်။

    ဇကာ့သ် နှင့် ဆွဒကဟ်၏ သဘောတရားများကို အပြည့်အ၀နားလည်ရေး၌ အကြီးမားဆုံးအဟန့်အတားမှာ မူရင်းအရဗီ အသုံးအနှုန်းအစား ဘာသာပြန်ချက်များအား အသုံးပြုခြင်းပင်ဖြစ်သည်။ အခြားဘာသာ စကားဖြင့်ပြန်ဆိုထားသည့် ဝေါဟာရများမှာ မူရင်းရည်ရွယ်ချက်နှင့်ထပ်တူထပ်မျှ မဖြစ်ဘဲ စကားလုံး ဖလှယ်ပြီးဖော်ပြထားချက် သာဖြစ်သည်ကို ကျွန်ုပ်တို့မှ မကြာခဏတွေ့နေရပေသည်။ ဇကာ့သ်အား “အလှူဒါနပေးခြင်း”ဟု ပြန်ဆိုပါက လုပ်ရပ်တစ်ခု၏ မြင်သာသောပုံဟန်ကို အခြေတည်၍ ဖော်ပြသည့် စကားလုံးသာ ဖြစ်သွားပေမည်။ ဆွဒကဟ် သည်လည်း အလှူဒါနပေးခြင်းဟူသော လုပ်ရပ်ကိုပင် ဖော်ညွှန်းနေသည်။ ထို့ကြောင့် “အလှူဒါနပေးကမ်းခြင်း” ဟု သုံးစွဲပါက လုပ်ဆောင်မှုအား ခြုံငုံဖော်ပြချက်တစ်ရပ်သာဖြစ်ပြီး သက်ဆိုင်ရာရည်ရွယ်ချက်ကိုဖော်ပြမှုမဟုတ်ကြောင်း သိရပေမည်။

    ဤအကြောင်းအရာနှင့် စပ်လျဉ်း၍ ကျွန်ုပ် အလွန်နှစ်သက်သည့် ကုရ်အာန် မုက္ခပါဌ်တော် တစ်ရပ်မှာ အောက်ပါအတိုင်းဖြစ်၏။

    “ အို – (မုအ်မင်န်) သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် ရှိုင်တွာန်မိစ္ဆာကောင်၏ ခြေရာများကို မလိုက် ကြကုန်လင့်။ စင်စစ်သော်ကား မည်သူမဆို ရှိုင်တွာန် မိစ္ဆာကောင်၏ခြေရာများကို လိုက်ပါလျှင် ဧကန်မလွဲ ထိုရှိုင်တွာန် မိစ္ဆာကောင်သည် (ထိုသူအား) ရှက်ဖွယ်ကိစ္စနှင့်မကောင်းမှုဒုစရိုက်ကိုသာလုပ်ရန် ညွှန်ကြားပေမည်။ စင်စစ် အကယ်၍သာ အသင်တို့ အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော် နှင့် ကရုဏာတော် မရှိခဲ့လျှင် အသင်တို့အနက် မည်သူတစ်ဦး တစ်ယောက်မျှ၊ မည်သည့်အခါမျှပင် (၀န်ချတောင်းပန်၍) စင်ကြယ်သန့်ရှင်း လွတ်ကင်းခဲ့မည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား (၀န်ချတောင်း ပန်ခွင့်ပြုတော်မူ၍) စင်ကြယ်သန့်ရှင်း လွတ်ကင်းစေတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ ကို အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင် ဖြစ်တော်မူပေသတည်း ” ။                                           ရောင်ခြည်တော်ကဏ္ဍ (၂၄း၂၁) (An-Nur 24: 21)

    ဤမုက္ခပါဌ်တော်သည် အလ္လာဟ့်နှစ်မြို့မှုအတွက်လှူဒါန်းသုံးစွဲခြင်းနှင့် မည်သို့သက်ဆိုင်မှုရှိသနည်းဟု အသင် မေးမြန်းလိုပေလိမ့်မည်။ သို့သော် မူရင်းအရဗီဘာသာဖြင့် ရေးသားချက်အား စေ့စပ်သေချာစွာလေ့လာပါက  “စင်ကြယ်သန့်ရှင်းလွတ်ကင်း” ဟူသော စကားလုံးများမှာ ဇကာ့သ်၏မူရင်းပုဒ်မှ တစ်ဆင့် ဆင်းသက်လာကြောင်း တွေ့ရှိရပေမည်။

    အများသုံးဘာသာပြန်များတွင် လုပ်ဆောင်ပုံ/လုပ်ရပ်အား ဖော်ပြထားသော်လည်း မူလဝေါဟာရအသုံးအနှုန်းများကတော့ လုပ်ဆောင်မှု၏ရည်ရွယ်ချက်အား ဖော်ညွှန်းထားသည်။ ဇကာ့သ်ပေးအပ်ခြင်းသည် မိမိကိုယ်ကို (လောဘ၊ စေးနည်းမှု၊ တွယ်မက်မှု စသည်တို့မှ) သန့်စင်သွားအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ ဆွဒကဟ် အတွက်လည်း ကုရ်အာန်တွင် မှန်ကန်ဖြောင့်မတ်မှု (truthful) သို့မဟုတ် အတည်ပြုခြင်း (confirming) စသည့် အဓိပ္ပါယ်သက်ရောက်သော ဝေါဟာရများသုံး၍ ပုံဟန်အသွယ်သွယ်ဖြင့် အကျယ်တ၀င့်ဖော်ပြထားသည်ကို တွေ့ရမည်ဖြစ်၏။

    လူတစ်ဦးတစ်ယောက်အား အဆင်ပြေပါစေ ဟုပြောဆိုလိုက်ခြင်းသည် အသင့်အဖို့ လွယ်ကူသော နှုတ်၏စောင်မခြင်းဖြစ်သော်လည်း သင်၏အိပ်ကပ်ထဲမှ  ထိုလူအား ဆွဒကဟ် ပေးအပ်လိုက်ခြင်းက အသင်၏ အသင်ကိုယ်တိုင်အတည်ပြုလိုက်သဖြင့် (လုပ်ရပ်ဖြင့်သက်သေပြသဖြင့်) အသင်သည် မှန်ကန်ဖြောင့်မတ်သူ ဖြစ်လေ၏။ တမန်တော်မြတ် (ငြိမ်းချမ်းသာယာခြင်းနှင့်မင်္ဂလာအပေါင်းသက်ရောက်ပါစေသား) ကလည်း ဤသို့ ဆိုထားပါသည်။
    “ ဆွဒကဟ်သည် သက်သေအထောက်အထားတစ်ခုပင်ဖြစ်သည် ”            (မွတ်စ်လင်မ် သြ၀ါဒတော်ကျမ်း)

    မွတ်စ်လင်မ်လောကအတွင်း နှစ်စဉ်နှစ်တိုင်း ဇကာ့သ် သို့မဟုတ် ဆွဒကဟ်အတွက် အသုံးပြုငွေသည် အမေရိကန် ဒေါ်လာ ၂၀၀ ဘီလီယံ မှ ၁ ထရီလီယန် အကြား၌ ရှိနေကြောင်း အစ္စလာမ့်ရေးရာငွေကြေး လည်ပတ်မှုသုတေသီများက ခန့်မှန်းတွက်ဆကြသည်။ အခြားလှူဒါန်းမှုများနှင့်နှိုင်းယှဉ်ကြည့်ပါက (၂၀၁၁ ခုနှစ်မှတ်တမ်းအရ) ကမ္ဘာတစ်ဝှန်းရှိ လူသားချင်းစာနာထောက်ထားရေး လှူဒါန်းငွေပမာဏ၏ ၁၅ ဆကျော် သာလွန်နေကြောင်းကို တွေ့ရှိရသည်။ အလွန်ကြီးမားစွာသော ဤ အလှူငွေရေစီးကြောင်းသည် ကမ္ဘာပေါ်ရှိ အငတ်ဘေးဆိုက်သူများ၊ အလွန်အမင်း ဆင်းရဲဒုက္ခရောက်နေသူများထံသို့ စီးဆင်းလျက် လိုအပ်နေသော လူထုအကျိုးပြုလုပ်ငန်းများကိုလည်း ဖြစ်ပေါ်လာစေသည်။

    သို့တစေ မြောက်များလှစွာသော လှူဒါန်းမှုဒါနသည်  ချို့တဲ့သူများထံသို့ ပမာဏအနည်းငယ်သာ တိုက်ရိုက်ရောက်ရှိနေကြသည်။ ယင်းသို့ဖြစ်ခြင်းမှာ မှားယွင်းနေသည်ဟု မဆိုသာသော်လည်း ရေရှည်တိုးတက်မှု၌ လိုအပ်သော အဓိကရင်းနှီးမြှုပ်နှံမှုများကို ထိုအရာက တားဆီးရာရောက်နေ၏။ ထို့အတူ ငွေပမာဏကြီးတစ်ရပ်ကို လွှဲချော်မှားယွင်းစွာ စီမံခန့်ခွဲမိပါက အလဟဿ ဖြုန်းတီးမှုသော်လည်းကောင်း၊ မထိရောက်သော အသုံးချမှုသော်လည်းကောင်း ဖြစ်သွားပါသည်။

    အစ္စလာမ့်လူ့ဘောင်သမိုင်းအား ပြန်လည်လေ့လာကြည့်ရှုလိုက်ပါလျှင် ဇကာ့သ်ပေးအပ် လှူဒါန်းမှုတစ်ခုတည်းဖြင့် ဆိုးဆိုးဝါးဝါး ဆင်းရဲမွဲတေမှုကို ပပျောက်သွားစေသော ခေတ်ကာလများ ရှိခဲ့ဖူးလေသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ သတ်မှတ်ဒါနများ နှင့် ဆန္ဒအလျောက်အလှူဒါနများကို နည်းလမ်းတကျအသုံးပြု၍ အခြားလူ့အသိုင်းအ၀ိုင်းများအဖို့ တောက်ပရွှန်းလဲ့သော စံပြလူ့ဘောင်တစ်ရပ် ဖြစ်လာအောင် ဖန်တီးဖော်ဆောင်ခြင်းဖြင့် ကမ္ဘာ့မွတ်စ်လင်မ်လူ့အဖွဲ့အစည်းဝင် ကျွန်ုပ်တို့မှ ထိုခေတ်ကာလမျိုးကို ပြန်လည်ရရှိအောင် ယခုခေတ်၌ ကြိုးစားအားထုတ်သင့်လှပေ၏။

    Ref:OnIslam
    ===========================================================
    (ဗဟုသုတအလို့ငှာ အချက်အလက်အချို့)  

    မွတ်စ်လင်မ်တစ်ဦးအဖို့ ဇကာ့သ် ထုတ်နိုင်သည့် ဥစ္စာဓနပမာဏတစ်ရပ်(နိစာ့ဗ်)ကို အသားတင်ပိုင်ဆိုင်မှုအဖြစ် မိမိ၏လက်ဝယ်၌ တစ်နှစ်တိတိရှိပြီးနောက်တွင် ၄င်းပမာဏ၏ ၂.၅ % နှုန်း(တစ်ရာကျပ်လျှင် ၂.၅ ကျပ်နှုန်း) မဖြစ်မနေ ထုတ်၍ လှူဒါန်းပေးကမ်းကြသည်။ တစ်နှစ်ကာလဟူသည် အစ္စလာမ့်ပြက္ခဒိန်အရ တွက်ချက်ယူရသည်။ မိမိနှစ်သက်သော (အရဗီ)လကို သတ်မှတ်နိုင်သည်။ သို့သော် သတ်မှတ်မှုလွယ်ကူရန်လည်းကောင်း၊ ဥပုသ်လ – ရမဿွာန်လသည် အစ္စလာမ့်ပြက္ခဒိန်အရ အမွန်မြတ်ဆုံးလ တစ်လဖြစ်ခြင်းကြောင့် လည်းကောင်း အများစုက ရမဿွာန်လတွင် ဇကာ့သ်ပေးလှူကြခြင်းဖြစ်သည်။ ပိုင်ဆိုင်မှုဟုဆိုရာ၌ ရွှေ၊ ငွေ(ငွေထည်)၊ အိမ်မွေးတိရစ္ဆာန်များ စသည်ဖြင့် သီးသန့်သတ်မှတ်ချက် ကိုယ်စီဖြစ်သည်။ လူအများစုမှ လွယ်ကူစွာ နားလည်စေရန် ရွှေ နှင့် ငွေ(ထည်) ၏ အချိန်အတွယ် နိစာ့ဗ်ကို မြန်မာလိုဖော်ပြပါသည်။

    ရွှေပိုင်ဆိုင်မှု ၅ ကျပ်၊ ၄ ပဲ၊ ၁.၅ ရွေး နှင့်အထက် ရှိသည်ဆိုပါက ယင်းစုပေါင်းတန်ဖိုး၏ ၂.၅ % ကို ဇကာ့သ်ထုတ်ရ၏။

    ငွေထည်ပိုင်ဆိုင်မှု ၃၆ ကျပ်၊ ၁၃ ပဲ၊ ၁.၅ ရွေး နှင့်အထက် ရှိသည်ဆိုပါက ယင်းစုပေါင်းတန်ဖိုး၏ ၂.၅ % ကို ဇကာ့သ်ထုတ်ရ၏။ (ခေတ်ကာလ၏ပေါက်ဈေးအတိုင်း တွက်ချက်ရပါမည်)။ ပိုင်ဆိုင်မှုသည် ယင်းပမာဏအောက်၌သာရှိလျှင် ဇကာ့သ် ထုတ်ရန် တာဝန်မရှိပါ။

    ကျွဲနွား၊ သိုး၊ ဆိတ်၊ ကုလားအုပ် စသည့် တိရစ္ဆာန်များနှင့်ပတ်သက်၍လည်း သီးသန့်သတ်မှတ်ချက်များရှိသည်။ အသေးစိပ်ကိုအကျယ်တ၀င့်သိလိုပါက နီးစပ်ရာပညာရှင်များထံ မေးမြန်းနိုင်ပါသည်။