News @ M-Media
Author: M-Media
  • ရိုဟင်ဂျာနှင့် လဝကများ ဧပြီ-၂၆ ကဖြစ်တဲ့ ပြဿနာ ရှေ့နေ ဦးကျော်လှအောင်အား ကြိုးကိုင်သူဟု စွပ်စွဲ ဖမ်းဆီး
    ဇူလိုင် ၁၉၊ ၂၀၁၃
    M-Media
    သတင်း – ငွေသော်တာ (S.S.H)
    MSF-staffArrested UKyaw Hla Aung
    ၂၀၁၂ ခုနှစ်က အလ်ကိုင်ဒါနဲ့ ဆက်သွယ်သည့်ဟု မီဒီယာများတွင် ဝါဒဖြန့်ခံရပြီး ဖမ်းဆီးခံရ ရာမှ ပြန်လွတ်လာစဉ် ဓါတ်ပုံ- မဇ္ဈိမ
    စစ်တွေ  ။      ။      ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သက်ကယ်ပြင်ကုန်း ကျေးရွာတွင် လက်ရှိနေထိုင်သူ ဦးကျော်လှအောင် အသက် (၇၄)နှစ်အား ၂၀၁၃-ခုနှစ် ဇူလိုင်လ (၁၅)ရက်၊ နေ့လည် ၁၂နာရီအချိန်တွင် စစ်တွေ အမှတ်(၁) ရဲစခန်း၊ စခန်းမှူး အရပ်သား နှစ်ယောက်မှ ၉ဃ/ ၁၅၅၉ SURF အပြာရောင်ကားဖြင့် လာရောက် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
    ၂၀၁၃-ခုနှစ် ဧပြီ ၂၆-ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာ ဒုက္ခသည်များကို လ၀ကမှ သန်းခေါင်းစာရင်း ကောက်ယူရာတွင် ဘင်္ဂါလီဟု သုံးနှုန်းခဲ့မှုကြောင့် ရိုဟင်ဂျာများနှင့် လ၀က ၀န်ထမ်းများ ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၎င်းကိစ္စတွင် ဦးကျော်အောင်လှအား နောက်ကွယ်မှ ကြိုးကိုင်သူ အဖြစ် စွပ်စွဲကာ ဖမ်းဆီးရန် ကြိုးပမ်းလျှက်ရှိကြောင်း သိရသည်။ ဦးကျော်လှအောင်အား လာရောက် ဖမ်းဆီးသည့် အချိန်၌ ကျန်းမာရေး ချို့တဲ့မှုကြောင့် ကောင်းမွန်စွာ လမ်းမလျှောက်နိုင်ကြောင်းကို သူ၏ မိသားစုဝင် တစ်ဦးက ပြောကြားခဲ့သည်။
    “နိုင်ငံခြားက ဧည်သည် ရောက်နေတယ်။ ဦးကျော်လှအောင်နဲ့ တွေ့ချင်တယ်” လို့လိမ်လည် ပြောနေချိန်မှာ စခန်းမှူး ၀င်ရောက်လာပြီး “စစ်ဆေးမေးမြန်းစရာ ရှိတယ်” ဆိုကာ ခေါ်ဆောင်သွားပါတယ်။ ဦးကျော်လှအောင်က အသက်ကြီးပြီ ဖြစ်သဖြင့် လမ်းကောင်းကောင်း မလျှောက်နိုင်ဘူး။ ဒါကြောင့် အရင်တုန်းက နိုင်ငံတကာ သံအမတ်တွေ၊ အရာရှိတွေ လာရောက် တွေ့ဆုံလေ့ ရှိပါတယ်။ နိုင်ငံတကာ NGO အရာရှိများနှင့် ဒုက္ခသည် အရေးကိစ္စများကို ဦးကျော်လှအောင်မှ ဆွေးနွေး အကြံပြုချက်များ ပြုလုပ်လေ့ ရှိပါသည်ဟု မိသားစုဝင် တစ်ဦးက ပြောဆိုခဲ့ပါသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဒေသခံများအား ဆက်သွယ်မေးမြန်းခဲ့ရာ –
    ” မနက် ၁၀-နာရီမှာ ကားတစ်စီးရောက်လာပြီးတော့ ဦးကျော်လှအောင် နေအိမ်ကို ၀င်သွားခဲ့ပါတယ်။ သူအရင်တုန်းက မြို့ထဲမှာ နေတယ်။ ဘာသာရေး အထိကရုဏ်း ဖြစ်ပြီးတဲ့နောက်မှ သက်ကယ်ပြင်ကုန်း ကျေးရွာကို ပြောင်းရွှေ့နေထိုင်ခဲ့တာပါ။ သူ့ကိုအရင်တစ်ခါလည်း လာရှာတာကို သိရပါတယ်။ လ၀က ကိစ္စမှာ နောက်ကွယ်က ကြိုးကိုင်သူလို့ ထင်မြင်ပြီး လာဖမ်းသွားတာ ဖြစ်ပါတယ်။ နိုင်ငံခြား ဧည့်သည် တစ်ဦးရောက်နေတယ်။ ရှေ့နေ ဦးကျော်လှအောင်ကို တွေ့ချင်တယ်” လို့ဖုန်းဝင်လာပြီး စောင့်နေတုန်းမှာ ၀င်ရောက် ဖမ်းဆီးခဲ့တာပါ။ သူတို့ စီးလာတဲ့ ကားအမျိုးအစားကလည်း နိုင်ငံခြား ဧည်သည့်ကား ဖြစ်နေတယ်လို့ သူနှင့် အနီးကပ် နေထိုင်သူ တစ်ဦးက M-Media သို့ရင်ဖွင့်ပြောကြားခဲ့သည်။
    ဦးကျော်မြင့်ကို ဖမ်းဆီးထားတဲ့ အမှုထဲ ရောထည့်ပြီး ဖမ်းတာ ဖြစ်သည်ဟု သိရသည်။
    စစ်တွေမြို့တွင် နိုင်ငံတကာမှ အဖွဲ့အစည်းများ၊ သံတမန်များ ရောက်ရှိလာလျှင် မွတ်စလင်မ် ဒုက္ခသည်များ၏ အခြေအနေမှန်ကို ရှေ့နေ ဦးကျော်လှအောင်မှ တစ်ဆင့် မေးမြန်း စုံစမ်းလေ့ရှိသည်ဟု သိရှိရသည်။ အမေရိကန် သံအမတ်ကြီး ဒီရစ်မစ်ချယ်က ရောက်ရှိစဉ်ကလဲ ရှေ့နေ ဦးကျော်လှအောင်အား ဖိတ်ခေါ်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
    အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဒေသခံများကို စုံစမ်းမေးမြန်းရာ –
    ” ရိုဟင်ဂျာများကို နောက်ကွယ်မှ ကြိုးကိုင်သည်ဟု ယူဆပြီး ဖမ်းတာလို့ ထင်ပါတယ်။ မေလ ၂၆ ရက်နေ့က ပဋိပက္ခအပြီးနှင့် ပတ်သက်၍ ၁၉၈၂ ဥပဒေကို အကောင်အထည်ဖော်ရန် လူဦးရေ စာရင်းကောက်ခံရာ၌ ဒုက္ခသည် စခန်းရှိ ရိုဟင်ဂျာများအား ဘင်္ဂါလီ ဟုသတ်မှတ်ခြင်းအား ရိုဟင်ဂျာတို့က လက်မခံပေ။ လူမှု အဖွဲ့အစည်းတွေ၊ ဒေသခံတွေ၊ ဒုက္ခသည်တွေ အကုန်လုံးက လက်မခံတဲ့ အတွက် ပဋိပက္ခ ဖြစ်ခဲ့တာပါ။ မွတ်စလင် ပညာတတ် လူကြီး ဖြစ်သဖြင့် ကြိုးကိုင်သည်ဟု ဦးကျော်လှအောင်ကို သက်ဆိုင်ရာက ထင်တယ်။
    ပထမ အရေးအခင်းတုန်းကလည်း အထောက်အထား ခိုင်လုံမှု မရှိဘဲ သူတို့ သဘောနဲ့ စွဲချက်တင်ခဲ့တယ်။ သူတို့ဟာ သူတို့ကြိုက်သလို ပြင်ဆင်ပြီး နယ်ထိန်း ခင်မောင်လှက ထွက်ဆိုပုံမှာ ” ဦးကျော်လှအောင်က အယ်လ်ကိုင်တာနဲ့ ဆက်သွယ်တယ်” ဟုပြောကြားခဲ့တယ်။ ကုလသမဂ္ဂမှ လူကြီးများ၏ တောင်းဆိုမှုကြောင့် သမ္မတကြီး အမိန့်ဖြင့် ပထမ အကြိမ်တွင် လွှတ်ပေးခဲ့ပါတယ်။ အဲဒီတုန်းကလည်း တရားသေ မဟုတ်ဘဲ တရားရှင် လွှတ်ပေးခဲ့တာပါ။ နောက်ပိုင်းတွင် အာဏာပိုင်များက ဦးကျော်လှအောင်အား လာရောက်ခြိမ်းခြောက်ခဲ့သည်။ အမေရိကန် သံအမတ်ကြီး ဒီရစ်မီချယ်တို့၊ အီရန် သံအမတ်ကြီး အပါအ၀င် လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲတွေ လာရောက် တွေ့ဆုံတဲ့အခါ ယခင်မြို့နယ်မှူး ဦးကံကြီးက လာရောက် ခြိမ်းခြောက် ခဲ့ပါတယ်။ နိုင်ငံခြား အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်းအား တားမြစ်ခဲ့တယ်။ RNDP လူကြီး ဦးမြအောင်က ”  ဦးကျော်လှအောင် ခင်ဗျား အသက်လည်း ကြီးပြီ၊ ဆက်ပြီး နိုင်ငံရေး မလုပ်နဲ့” လို့ တားမြစ်ခဲ့ပါတယ်။
    “အိမ်ယာမဲ့ ဒုက္ခသည်တွေဟာ မိုးတွင်းမှာ သူများအိမ်ကပ်ခိုလုံရာမှ ယခု လယ်ကွင်းတွေမှာ ကောက်ရိုး တည်ထိုးပြီးနေတယ်။ ဒါဟာ အစိုးရ သိက္ခာကျအောင် လုပ်တယ်။ ခင်ဗျားတို့ ဘာမှ မလုပ်ပေးဘူးလား” လို့မေးတယ်။ ရွာသားများကလည်း မိမိတို့ မထောက်ပံ့ နိုင်စွမ်းကြောင်း၊ ရွက်ဖျင်တဲ အလုံအလောက် မရကြောင်း စသည့်ဖြင့် ပြောကြားခဲ့သည်။  လ၀က နယ်စပ် လုံခြုံရေး ဗိုလ်မှူးကြီး ထိန်လင်း၊ ဥပဒေချုပ် ဦးလှသိန်း၊ ၀န်ကြီးချုပ် ဦးလှမောင်တင် တို့က အစိုးရ သိက္ခာ ကျစေသည်ဟု ပြောကြား ခဲ့သည်။ လူဦးရေ စာရင်း အတိအကျ ကောက်ရန် သူတို့ အဖွဲ့က ပြောသောအခါ ရိုဟင်ဂျာတွေဟာ ” သူတို့ကို လူမျိုး သတ်မှတ်ပေးပါ” ဟုတောင်းဆိုခဲ့တယ်။ လူမျိုး (——ကွက်လပ်———-) ထားမည်ဟု ၎င်းတို့ အဖွဲ့က ပြောသောအခါ ရွာသားများက လက်မခံကြပေ။
    ဧပြီ ၂၆-ရက်က ဒေသခံ အာဏာပိုင်နဲ့ န.စ.က ပူးပေါင်းပြီးတော့ သန်းခေါင်းစာရင်း လာရောက် ကောက်ခံတဲ့အခါ လက်မခံသဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပြီး သူတို့ အဖွဲ့မှ တစ်ယောက် ဒဏ်ရာရသဖြင့် သန်းခေါင်းစာရင်း ကောက်ခံခြင်း ခေတ္တ ရပ်စဲခဲ့သည်။ အဲဒီနောက် ဗိုလ်မှူးကြီး ထိန်လင်းရောက်လာပြီး ရွာသားများအား ဆဲဆို ကြိမ်းမောင်းခဲ့တယ်။ ” မင်းတို့ ကုလားတွေကို အကုန်မီးရှို့ သတ်မယ်” လို့ပြောဆိုခဲ့တယ်။ အဲဒီ့နောက် အစည်းအဝေး ခေါ်တယ်။ ဦးကျော်မြင့်၊ ဦးဘသာ အပါအ၀င် လူငါးယောက် တက်ရောက်ခဲ့ရာမှ  ဦးကျော်မြင့်နှင့် ဦးဘသာတို့အား ဖမ်းဆီးထားခဲ့တယ်။ ပြီးတော့ UN ကုလသမဂ္ဂ ပါဝင်တဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုလုပ်ခဲ့ရာ ” ဒီပဋိပက္ခ ဇစ်မြစ်နဲ့  ရှောင်ရန် အချက်” ကိုမေးရာ သက်ဆိုင်ရာက တစ်စုံတစ်ရာ ဖြေကြားခြင်း မရှိခဲ့ပေ။ နောက်တစ်ရက်တွင် နောက်နှစ်ယောက်ကို ထပ်ပြီး ဖမ်းတယ်။ ဦးစံလင်းနှင့် ဦးကျော်ခင်တို့ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်။
    ဒုက္ခသည် စခန်းရှိ ကလေးငယ် တစ်ဦးကောက်ရသော ဖုန်းကို ဦးလှမြင့် ဆိုသူအား သွားပေးခဲ့ရာ ဦးလှမြင့်က ခရိုင်မှူးကို ဆက်သွယ်၍ ပြန်ပေးခဲ့တယ်။ အဲဒီအခါ ဦးလှမြင့်ကို ဖုန်းခိုးမှုနဲ့ ဖမ်းဆီးခဲ့တယ်။ ဦးကျော်လှအောင်ဟာ နာမည်ကြီး ရှေ့နေ တစ်ယောက်၊ NGO ၀န်းထမ်းဟောင်း တစ်ယောက်၊ သမိုင်းသိ ပုဂ္ဂိုလ် တစ်ယောက်၊ နိုင်ငံရေး သမား လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ယောက် ဖြစ်ခဲ့တာကြောင့် သူ့ကို ပစ်မှတ်ထားပြီး ကြိုးကိုင်တယ်လို့ ထင်မြင်ကြတာပါ။ အာဏာပိုင် အဖွဲ့အစည်းတွေဟာ ဦးကျော်လှအောင်ကို ဖမ်းဆီးဖို့ ကြိုးစားနေတာ တစ်လကျော်ကြာခဲ့ပြီ ဖြစ်ကြောင်း ရွာသားများက သိခဲ့ကြသည်” ဟုဒေသခံ တစ်ဦးက ပြောကြားခဲ့သည်။
    ၁၉၉၀-ခုနှစ် စစ်တွေမြို့တွင် အမျိုးသား ဒီမိုကရက်တစ်နှင့် လူ့အခွင့်အရေးပါတီ ၌ ဦးကျော်လှအောင်မှာ ဒုဥက္ကဌ နေရာ၌ တာဝန်ယူ ပေးခဲ့ပြီး အမှတ်(၁) စစ်တွေ အမတ် မဲဆန္ဒနယ် အနေနဲ့ ယှဉ်ပြိုင်ခဲ့သည်။ ထိုရွေးကောက်ပွဲ တစ်ပတ်အလို မဲနိုင်မှာ သေချာသည့် အတွက် တခြားရခိုင် ပါတီများက တိုင်းမှူး ဗိုလ်ချုပ်မြသန်းကို ၀ိုင်းဝန်း တိုင်ကြားခဲ့သဖြင့် ဦးကျော်လှအောင်အား စစ်ခုံရုံး တင်၍ ပါတီ နိုင်ငံရေး အမှုအပါအ၀င် ၁၉၈၆-ခု စစ်တွေ တက္ကသိုလ် စီမံကိန်းကြောင့် မတရား မြေနေရာသိမ်းခံရသော လယ်သမားများဘက်မှ အမှုလိုက်ပေးခဲ့ခြင်းကိုပါ ပေါင်းပြီး ထောင်ဒဏ် (၁၂)နှစ် ချပေးခြင်း ခံခဲ့ရပါတယ်။
    ရှေ့နေဦးကျော်လှအောင် ပိုင်ဆိုင်သည့် မဲများကိုလည်း ကမန် အမျိုးသား ပါတီမှ ဦးရွှေယကို ပေးလိုက်သောကြောင့် ဦးရွှေယသည် ၁၉၉၀- ပြည်နှစ်တွင် ရခိုင်ပြည်နယ် လွှတ်တော် အမတ် ဖြစ်လာခဲ့သည်။ ရှေ့နေ ဦးကျော်လှအောင်သည် ၁၉၉၈-ခုနှစ် သြဂုတ်လတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာခဲ့သော်လည်း ရှေကနေလိုင်စင်ကို အသိမ်းခံခဲ့ရသည်။ ထိုနောက် နယ်သာလန် နိုင်ငံ အခြေစိုက် M SR Holland (Doctor Without Borders ) နယ်စည်းမထား ဆရာဝန် အဖွဲ့ AZG တွင် အုပ်ချုပ်ရေး အရာရှိ အဖြစ် အလုပ်လုပ်ကိုင်လျှက် ရှိရာမှ ၂၀၁၂-ခုနှစ် ဇွန်လ ၁၁ရက် ရခိုင် အကြမ်းဖက်မှုများတွင် Freedom News အင်တာနက် ၀က်ဘ်ဆိုက်ဒ် အပါအ၀င် ရခိုင် ၀က်ဘ်ဆိုဒ်များမှ ည ၁၀နာရီ ၄၅ မိနစ် အချိန်တွင် အလ်ကိုင်ဒါနှင့် ပတ်သက်သည့် စာရွက် စာတမ်းများနှင့် လက်နက် သေတ္တာ နှစ်လုံး ဦးကျော်လှအောင် အိမ်မှာ တွေ့ရသည်ဟု မဟုတ်မမှန် သတင်းများ လွှင့်ခဲ့သည်။ ဇွန်လ- ၁၂ရက် ညနေ ၃နာရီ ၃၀ အချိန်ခန့်တွင် ရခိုင် အကြမ်းဖက် သမားများ ဦးကျော်လှအောင် နေအိမ်ကို ရောက်လာပြီး လုယက် ဖျက်ဆီး အကြမ်းဖက်ခြင်း ပြုလုပ်ကြသည်။ ညနေ ၅နာရီ အချိန်ခန့်တွင် ရဲနှစ်ယောက်နှင့် ဦးခင်မောင်လှက ဦးကျော်လှအောင်အား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
    ၂၀၁၂- သြဂုတ်လ ၁၂ရက်တွင်သောမတ်ကင်တားနား အပါအ၀င် လူ့အခွင့်အရေး လှုပ်ရှားမှုတို့၏ တောင်းဆိုမှုကြောင့် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့သည်ဟု လေ့လာတွေ့ရှိရသည်။
  • အာဇာနည်နေ့ နှင့် မြန်မာမွတ်စလင်မ်
    ဇူလိုင်- ၁၉ ၊ ၂၀၁၃
    M-Media
    photo
    ၁၉ ဇူလိုင် ကျရောက်ပြန်ခဲ့ပါပြီ။ ဒီအချိန်အခါကတော့ အာဇာနည်နေ့ ရဲ့ စစ်မှန်တဲ့ အရေးပါမှုကို ထုတ် ဖော် ပြသကြရမယ့် အချိန်ပါပဲ။
    မြန်မာ့မြေပေါ်က အစ္စလာမ်သာသနာဝင်များအတွက် ယခုနှစ် အာဇာနည်နေ့ဟာ ဥပုသ်လနဲ့ တိုက်ဆိုင်နေတာကြောင့် လည်းကောင်း၊ ဖြစ်ပျက်နေခဲ့တဲ့ အနေအထားတွေအရ လည်းကောင်း ယခင်နှစ်များထက်ပိုပြီး ထူးခြားနေသလို အခြားနိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသားညီရင်းအစ်ကိုမောင်ရင်းနှမများကလည်း မြန်မာပြည်ဖွား မွတ်စလင်မ်များကို သူတို့ရဲ့သာသနာအပေါ်မှာ လုံးဝဥဿုံ ပျပ်ဝပ်ထားရင်းနဲ့မှ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ကို ဘယ်လို ထုတ်ဖော်ပြသမလဲ၊ ဘယ်လို ရပ်တည်ပြမလဲဆိုတာ တွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်ကောင်း စောင့်ကြည့်နေပါလိမ့်မယ်။
    အစ္စလာမ့်သွန်သင်ချက်ကတော့ ဒီလိုပါ။ မွတ်စလင်မ်တစ်ဦး တစ်ယောက်က မိမိရဲ့ တစ်ပြည်တည်း သားချင်းကို ရန်ဘက်ပြုမယ် ဆိုရင်တော့ အဲဒီမွတ်စလင်မ်က အစ္စလာမ့်အရင်းခံ သွန်သင်ချက်ကို ဖောက်ဖျက် ကျူးလွန်သူပါ။ အစ္စလာမ့် တမန်တော်ကြီး မုဟမ္မဒ် (သခင့်အပေါ်သို့ ငြိမ်းချမ်းခြင်း သန္တိ သုခအဖြာဖြာ ကျရောက်ပါစေ)က အသင်တို့ရဲ့ တိုင်းပြည်ပေါ်မှာ ချစ်တဲ့စိတ် (မျိုးချစ်စိတ်) ဟာ (သာသနာအပေါ်) သက်ဝင်ယုံကြည်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုပြီး အလွန်တရာ လှပသိမ် မွေ့စွာ သွန်သင်မိန့်ကြားတော်မူခဲ့ပါတယ်။
    ကုရ်အာန်ကျမ်းတော်က မွတ်စလင်မ်များကို မိမိတို့အထက်က အုပ်ချုပ်သူများအား နာခံဖို့ အခု လို သွန်သင်ထားပါတယ်။
    “အို-သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကြလေကုန်၊ ထိုနည်းတူစွာ အသင်တို့သည် ရစူလ် တမန်တော်၏ အမိန့်တော်များကို လည်းကောင်း၊ မိမိတို့အနက်မှ အာဏာပိုင်များ၏အမိန့်ကို လည်းကောင်း၊ လိုက်နာကြလေကုန်။” (ကုရ်အာန် ၄.၅၉)
    တဖန် တမန်တော်မုဟမ္မဒ်က အခုလို သွန်သင်ထားပြန်ပါတယ်။
    “ငါ့အားနာခံသူဟာ ဘုရားရှင်ကို နာခံသူဖြစ်တယ်။ ငါ့ကို မနာခံသူကတော့ ဘုရားရှင်ကို မနာခံသူဖြစ်တယ်။ ဘယ်သူမဆို မိမိအထက်က အုပ်ချုပ်သူကို နာခံမယ်ဆိုရင် ငါ့ကို နာခံတာနဲ့ သဏ္ဌာန်တူဖြစ်တယ်။ မိမိအထက်က အုပ်ချုပ်သူကို မနာခံသူကတော့ ငါ့ကို မနာခံတာနဲ့ သဏ္ဌာန်တူပဲ ဖြစ်တယ်။” (မွတ်စလင်မ်ကျမ်း၊ ကိတာဗ်အလ် အိမာရာဟ်)
    ဒါကြောင့် တိုင်းပြည်အုပ်ချုပ်သူများကို နာခံဖို့နဲ့ မျိုးချစ်စိတ်ဓာတ် ထားရှိကြဖို့ကို ကုရ်အာန်ကျမ်း တော်နဲ့ တမန်တော်ကြီး မုဟမ္မဒ်တို့က ရှင်းလင်းစွာ သွန်သင်ထားပြီးဖြစ်ပါတယ်။ ဒီလို မိမိတို့ရဲ့ မွေးရပ်မြေနိုင်ငံတော် အပေါ် သာမက အမျိုးသားချင်းများ အပေါ်မှာပါ သစ္စာမဖောက် ဖျက်စတမ်း ထားရှိရမယ့် မျိုးချစ်စိတ်ဓာတ်နဲ့ ပတ်သက်ပြီး အစ္စလာမ့်သွန်သင်ချက် ကတော့ လက်တွေ့ကျသလို မင်းမဲ့ စရိုက်တွေနဲ့ သူပုန်ထမှု တွေကိုပါ အမြစ်ကနေ တွန်းလှန်ဖို့ ရည်ရွယ်ပါတယ်။
    အစ္စလာမ့်သွန်သင်ချက်က ကမ္ဘာလုံးဆိုင်ရာ(ယူနီဗာဆယ်) ဖြစ်သလို မွတ်စလင်မ်တွေအားလုံးကိုလည်း ငြိမ်းချမ်းစွာ ဘ၀ကျောင်းလမ်းစေဖို့  ဆင့်ဆိုပါတယ်။ ဒီသွန်သင်ချက်က မွတ်စလင်မ်တွေကို သစ္စာစောင့်သိရိုသေမှုနဲ့ပတ်သက်ပြီး ဘယ်သောအခါမှ  ဇဝေဇဝါဖြစ်စေဖို့ရာ လမ်းညွှန်ထားတာမျိုးမရှိပါ။ ဒါကြောင့် လည်း မြန်မာ့လွတ်လပ်ရေးကျိုးပမ်းမှုသမိုင်းမှာ အစ္စလာမ်သာသနာကို မမှိတ်မသုန် ယုံကြည် သက်ဝင်ထားကြတဲ့ မြန်မာနိုင်ငံသား အမြောက်အမြား ကို တွေ့ရမှာဖြစ်သလို အာဇာနည်ကြီးများ စာရင်းမှာ လည်း မြန်မာမွတ်စလင်မ်များ ကိုယ်စားပြု ဆရာကြီး ဦးရာဇတ်နဲ့ ရဲဘော် ကိုထွေးတို့ကို တွေ့ကြရမှာပါ။
    ဒါကြောင့် ယနေ့ကြရောက်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့ အခါသမယမှာ မြန်မာမွတ်စလင်မ်များကလည်း ထက်သန်သော မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များနဲ့ အာဇာနည်ကြီးများကို ဂါရ၀ပြုအပ်ပါကြောင်း ဖော်ပြလိုက်ပါတယ်။
  • အလွှာစုံညီ မြန်မာ့အာဇာနည်  (ကဗျာ)
    အလွှာစုံညီ မြန်မာ့အာဇာနည် (ကဗျာ)
    ဇူလိုင်-၁၉၊ ၂၀၁၃
    M-Media
    ရေးသူ-မောင်ဝတ်လုံ(မြောင်းမြ)
    အလွှာစုံညီ မြန်မာ့အာဇာနည်
    19July
    ကမ္ဘာနိုင်ငံအချို့မှာ
    အာဇာနည်သူရဲကောင်းဆိုတာတွေ…….ရှိပါလေရဲ့။
    အမေရိကန်ပြည်မှာ
    ကနေဒီလို……..လင်ကွန်းလို
    တစ်ခေတ်တစ်ယောက်ထွန်း
    မော်ကွန်းတင်ရပါတဲ့
    အာဇာနည်သူရဲကောင်းတွေ….ရှိပါလေရဲ့။
    အိန္ဒိယပြည်မှာ
    ဂန္ဒီလို….အင်ဒီရာလို တစ်ခေတ်တစ်ခါ
    တစ်ယောက်ထွန်း
    မော်ကွန်းတင်ရပါတဲ့
    အာဇာနည်သူရဲကောင်းတွေ……ရှိပါလေရဲ့။
    ပါကစ္စတန်ပြည်မှာ
    ဘနာဇီယာဘူတိုလို
    တစ်ခေတ်တစ်ခါ တစ်ယောက်ထွန်း
    မော်ကွန်းတင်ရပါတဲ့
    အာဇာနည်သူရဲကောင်းတွေ…….ရှိပါလေရဲ့။ ။
    မြန်မာပြည်မှလည်း
    အာဇာနည်သူရဲကောင်းတွေ…ရှိပါလေရဲ့။
    ဒါပေမယ့်
    တကယ့်ကိုထူးကဲ
    တစ်ဦးတည်းမဟုတ်
    တစ်ရက်ထဲ…..တစ်ချိန်ထဲ…..ကံဆိုး
    ကိုးဦးတောင်ကျရှာ
    မြန်မာ့အာဇာနည်သူရဲကောင်းတွေ….ကြေကွဲရပါလေပြီ။ ။
    ဦးအောင်ဆန်းလို…စစ်ဗိုလ်ချုပ်လည်း ပါရဲ့၊
    သခင်မြလို…ရှေ့နေလည်းပါရဲ့၊
    ဦးဘချိုလို……စာဆိုအယ်ဒီတာလည်း ပါရဲ့၊
    ဦးရာဇတ်လို …..ကျောင်းအုပ်ဆရာကြီးလည်းပါရဲ့၊
    ဦးဘဝင်းလို……ကျောင်းဆရာလည်းပါရဲ့၊
    စဝ်စံထွန်းလို…..စော်ဘွားကြီးလည်းပါရဲ့၊
    မန်းဘခိုင်လို…….လယ်သမားလည်းပါရဲ့၊
    ဦးအုန်းမောင်လို……ရုံးဝန်ထမ်းလည်းပါရဲ့၊
    ကိုထွေးလို……..ရဲဘော်လေးလည်းပါရဲ့၊
    ဗမာတွေလည်း ပါရဲ့၊
    ရှမ်းလည်း ပါရဲ့၊
    ကရင်လည်း ပါရဲ့၊
    ဗမာမွတ်စလင်မ်တွေလည်း ပါရဲ့၊
    ကပြားလည်း ပါရဲ့၊
    ဗုဒ္ဓဘာသာဝင်တွေလည်း ပါရဲ့၊
    အစ္စလာမ်ဘာသာဝင်တွေလည်း ပါရဲ့၊
    ကြုံခဲ့ရပုံ
    လူတန်းစားစုံ၊လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ
    သားကောင်းဇာနည်တွေ
    မြန်ပြည်လွတ်လပ်ရေးအတွက်
    အသက်စတေးခဲ့တာ၊
    ကမ္ဘာမှာတောင်…….မရှိပါဘူး
    ထူးတဲ့တိုင်းပြည်။
    အာဇာနည်တွေလို
    တို့ပြည်သူတွေလည်း
    လူတန်းစားပေါင်းစုံ၊လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ
    ဆူကြုံနိမ့်မြင့်မခွဲ……လက်ချင်းတွဲလို့
    ရဲတဲ့အာဇာနည်သွေးတွေနဲ့ အရယူပေးခဲ့တဲ့
    လွတ်လပ်ရေးကိုခိုင်မြဲအောင်
    လူတန်းစားမကွဲရအောင်
    လူမျိုး မခွဲဘဲ
    ဘာသာမခွဲဘဲ
    လက်တွဲထိန်းသိမ်းသွားကြပါစို့။ ။
    မောင်ဝတ်လုံ(မြောင်းမြ)
  • ၁၈-၇၊ ၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု့ အကျဉ်း
    ၁၈-၇၊ ၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု့ အကျဉ်း
    ဇူလိုင်-၁၈၊ ၂၀၁၃
    M-Media
    အိန္ဒိယတွင် ကျောင်းမှနေ့လည်စာကြောင့် ကလေး ၂၂ဦးသေဆုံး
    ဇူလိုင်လ ၁၇ ရက်က အိန္ဒိယနိုင်ငံ Biharပြည်နယ် Gandamal ရွာ ရှိကျောင်းမှနေ့လည်စာတွင် ပိုးသတ်ဆေးများပါဝင်နေသောကြောင့် ကြောင့် ကလေး ၂၂ဦးသေဆုံးခဲ့ပြီး နှစ်ဒါဇင်ခန့်မှာ ဆေးရုံတင်ထားရသည်။
    ———————————–
    အီရန် သမ္မတသစ် အီရတ်သို့ ခရီးထွက်
    ပွင့်လင်းမှုရှိသော အီရန်သမ္မတသစ်သည် အီရတ်နိုင်ငံသို့ ယနေ့ သွားရောက်လည်ပတ်သည်။ ရှီယာခေါင်းဆောင်သော နိုင်ငံနှစ်ခု နောင်တွင်ပိုမို နီးစပ်လာမည့် အလားအလား ရှိလာသည့် သဘောဖြစ်သည်။
    ————————————–
    ဆီးရီးယား – တူရကီနယ်စပ်မြို့ကို ကာဒ်ပါတီမှ သိမ်းပိုက်
    ဆီးရီးယားရှိ ကာဒ်ပါတီသည် တူရကီရှိ ကာဒ်သူပုန်များနှင့်လည်း ဆက်နွယ်မှုရှိပြီး တူရကီနယ်စပ်အနီးရှိ ဆီးရီးယားမြို့ငယ်လေးကို ယနေ့ သိမ်းပိုက်လိုက်ကြောင်း တူရကီစစ်တပ်မှ ပြောသည်။
    ——————————————-
    ရုရှ အတိုက်အခံ ခေါင်းဆောင်ကို ထောင် ၅နှစ်ချ
    ရုရှသမ္မတ ပူတင်၏ အဓိက အတိုက်အခံခေါင်းဆောင် Alexei Navalny ကို ခိုးမှုဖြင့် စွဲချက်တင် ထောင်ချလိုက်ခြင်းသည် ပူတင်၏ အာဏာရှင် ဆန်လာခြင်း ဖြစ်ပြီး ရုရှနိုင်ငံသည် ဒီမိုကရေဆီမှ ဖယ်ခွာလာနေကြာင်း ဂျမဏီ အစိုးရပိုင်းမှ ပြောဆိုသည်။
    ——————————————–
    ပါလက်စတိုင်းနှင့် အစ္စရေး ဆွေးနွေးဖွယ်ရှိ
    အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ၏ အဆိုပြုသော ငြိမ်းချပ်းရေး ဆွေးနွေးပွဲ ကို ပါလက်စတိုင်းခေါင်းဆောင်များက လက်ခံဆွေးနွေးမည်ဆိုသည်ကို ကြေငြာဖွယ်ရှိကြောင်း သတင်းထွက်ပေါ်လာသည်။
    ———————————————
    ပါကစ္စတန် တာလီဘန်ခေါင်းဆောင် မှ မာလာလာသို့ အိတ်ဖွင့်ပေးစာ
    တာလီဘန်ခေါင်းဆောင် တစ်ဦး ဖြစ်သော Adnan Rasheed က ၎င်းသည် မာလာလာ ပစ်ခတ်ခံရသည့် သတင်းကြားရစဉ်က တုန်လှုပ်မိပါကြောင်း နှင့် တာလီဘန်၏ အမျိုးသမီးများအတွက် ပညာရေးအပေါ် အမြင်တို့ကို ရေးသားထားသည့် အိတ်မွင့်ပေးစာ ထုတ်ပြန်ခဲ့သည်။ မူရင်းစာကို အောက်ပါလင်ခ်တွင် ဖတ်နိုင်ပါသည်။
    https://www.documentcloud.org/documents/727684-adnan-rasheed-s-letter-to-malala-yousafzai.html
    ———————————–
    ငွေတိုးချေး ကုမ္ပဏီ၏ ၀တ်စုံ စပွန်ဆာ ကိစ္စကြောင့် Newcastle ရာသီအကြိုပွဲစဉ်မှ ဆစ်ဆေး နှုတ်ထွက်
    အသက် ၂၈ နှစ်အရွယ် ဆီနီဂေါကစားသမား တိုက်စစ်မှူး ဆစ်ဆေး က ငွေချေးကြွေးချ အတိုးပေးသည့် ကုမ္ပဏီကို အားမပေးနိုင်ကြောင်း ကလပ်အသင်းသို့ တရားဝင်ပြောကြားခဲ့ သဖြင့် ၄င်းတံဆိပ် အစား သူ့ကို တံဆိပ်မဲ့အင်္ကျီ သို့မဟုတ် ဒါနအဖွဲ့တံဆိပ်တစ်ခု ပါဝင်သောအင်္ကျီ ၀တ်ဆင်ခွင့်ပေးရန် အဆိုပြုခဲ့သည်။
    Read More=>http://www.m-mediagroup.com/news/16197
    ——————————
    PayPal မှ အမေရိကန် တစ်ဦး အကောင့်ထဲသို့ ဒေါ်လာ ဘီလီယံ ၉၂ သန်း မှားလွှဲပေးမိ
    PayPal မှ အမေရိကန် နိုင်ငံသား၏ အကောင့်ထဲသို့ ဒေါ်လာ ၉၂ quadirllion (စတာလင်ပေါင် 60 quadrillion) မှားယွင်းစွာ လွှဲပြောင်းပေးမိကြောင်း ဝန်ခံခဲ့သည်။
    Read More=>http://www.m-mediagroup.com/news/16186
  • ငွေတိုးချေး ကုမ္ပဏီ၏ ၀တ်စုံ စပွန်ဆာ ကိစ္စကြောင့် Newcastle ရာသီအကြိုပွဲစဉ်မှ ဆစ်ဆေး နှုတ်ထွက်
    ဇူလိုင်-၁၈၊ ၂၀၁၃
    M-Media
    Newcastle ကလပ်အသင်းအတွက် ၀တ်စုံစပွန်ဆာဖြစ်သော Wonga တံဆိပ်သည် ဘာသာရေးကိစ္စနှင့်ငြိစွန်းနေသဖြင့် ၄င်းအားဝတ်ဆင်ရန်ငြင်းဆန်လိုက်ပြီး ပါပစ္စ ဆစ်ဆေး (Papiss Cisse) သည် ပေါ်တူဂီသို့ထွက်ခွာမည့် အသင်း၏ ရာသီအကြိုပွဲစဉ်မှ နှုတ်ထွက်လိုက်သည်။
    Papiss Cisse
    အသက် ၂၈ နှစ်အရွယ် ဆီနီဂေါကစားသမား တိုက်စစ်မှူး ဆစ်ဆေး က ငွေချေးကြွေးချ အတိုးပေးသည့် ကုမ္ပဏီကို အားမပေးနိုင်ကြောင်း ကလပ်အသင်းသို့ တရားဝင်ပြောကြားခဲ့ သဖြင့် ၄င်းတံဆိပ် အစား သူ့ကို တံဆိပ်မဲ့အင်္ကျီ သို့မဟုတ် ဒါနအဖွဲ့တံဆိပ်တစ်ခု ပါဝင်သောအင်္ကျီ ၀တ်ဆင်ခွင့်ပေးရန် အဆိုပြုခဲ့သည်။
    သူနှင့်သူ့ကိုယ်စားလှယ်များက အသင်းတာဝန်ရှိသူများ၊ Professional Footballers’ Association (PFA) အဖွဲ့တို့နှင့် ယခုရက်ပိုင်း၌ ပြောဆိုဆွေးနွေးခဲ့ကြသော်လည်း ကလပ်အသင်းနှင့်ဝတ်စုံစပွန်ဆာတို့မှ အဖြေမရှာနိုင်ခဲ့ကြချေ။ နယူးကာဆယ် အသင်းတွင် ဆစ်ဆေး နှင့်ကစားဖက်များဖြစ်ကြသော တီယိုတီ(Tiote) နှင့် မူဆာ ဆစ်စကို(Moussa Sissoko) တို့သည်လည်း မွတ်စ်လင်မ်များ ဖြစ်ကြသည်။ သို့သော် စပွန်ဆာတီရှပ်ဝတ်ဆင်ခြင်းအပေါ် မည်သည့်ပြဿနာမှ မရှိကြောင်း ၄င်းတို့က ပြောသည်။
    လာမည့် နိုင်ငံတကာပြိုင်ပွဲ အတွက် ဆီနီဂေါနိုင်ငံ လက်ရွေးစင်အသင်းနှင့် လေ့ကျင့်ပြီး ပြန်လာလျှင် ဆစ်ဆေးသည် မိမိ၏ပုံမှန် ခြေစွမ်းကို ထိန်းထားရန် မိမိဖာသာလေ့ကျင့်မှု ဆက်လက်ပြုလုပ် သွားမည်ဖြစ်သည်။ ယင်းအဖွဲ့ ၂ ရပ်လုံးမှ အဖြေတစ်ခုထွက်လာရန်  မျှော်လင့်နေကြသည်။ သို့သော် ဆစ်ဆေး သည် သူ့ရပ်တည်ချက်အား ပြောင်းလဲရန် အစီအစဉ်မရှိနိုင်ကြောင်း သုံးသပ်ကြ၏။
    နှုန်းထားမြင့် နေ့ပြန်တိုးငွေချေးကုမ္ပဏီ Wonga မှာ နယူးကာဆယ် အသင်း ၀တ်စုံနှင့်ကုန်ကျစရိတ်အတွက် ၂၀၁၃-၁၄ ဘောလုံးရာသီမှစပြီး ဒိုင်ခံ တာဝန် ယူမည်ဖြစ်ကြောင်း ကြေငြာထား၏။ ၄င်းမှာ တစ်နှစ်လျှင် ပေါင်စတာလင် (၈) သန်းနီးပါး တန်ကြေးရှိသော သဘောတူညီချက်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။
    PFA ၏ ဒုတိယအကြီးအကဲ ဘော်ဘီဘန်းစ်(Bobby Barnes)က  “ ကလပ်အသင်းတွေဟာ ပုံမှန်ဝင်ငွေရှိနေဖို့ လိုအပ်တာကို ကျွန်တော်တို့အားလုံး သိကြပါတယ်။ ရံဖန်ရံခါမှာ ကုမ္ပဏီတွေရဲ့အလှမ်းကျယ်မှုကိုလည်း အသုံးချရလေ့ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်အနေနဲ့ မိမိအယူဝါဒနဲ့မကိုက်ညီကြောင်း တူးတူးခါးခါးဖြစ်လာပြီ ဆိုရင်တော့ အဖြေတစ်ခုမဟုတ်တစ်ခု ရအောင်ရှာရတော့မှာပါ ” ဟူ၍ ဇွန်လအတွင်း BBC Sport သို့ ပြောကြားခဲ့သည်။
    ဆစ်ဆေီးသည် ၂၀၁၂ ဇန္န၀ါရီတွင် ပြောင်းရွှေ့ရေး အဆက်အသွယ်များနှင့်ချိတ်ဆက်ခဲ့ပြီး ပြိုင်ပွဲအားလုံး၌ သွင်းဂိုး ၂၆ လုံးထိ ရှိခဲ့ပြီဖြစ်သည်။