News @ M-Media

Author: M-Media

  • ၇၊၇၊ ၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း

    ၇၊၇၊ ၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း

    ဇူလိုင်-၇ ၊၂၀၁၃
    M-Media

    အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာတွင် ဗုံးကိုးလုံးပေါက်ကွဲ
    ယနေ့မနက်ပေါက်ကွဲခဲ့သော ဗုံးသည် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်သည်ဟု အိန္ဒိယ အစိုးရက ကြေငြာခဲ့သည်။ နှစ်ဦး ဒါဏ်ရာရသည်။

    ကနေဒါနိုင်ငံ ဆီတင်ရထား ပေါက်ကွဲ
    အနီးရှိရွာ ဘူတာတွင် ဘရိတ်ဖမ်း ရပ်တန့်ထားသော ရေနံစီမ်းတင် ရထားမှာ စနေနေ့မနက်တွင် ဆင်ခြေလျှောတစ်လျှောက် လိမ့်ဆင်းသွားရာမှ Lac-Megantic မြို့ငယ်လေး သို့ အရောက် လမ်းချော် တိမ်းမှောက်ပြီး ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့သည်။ တစ်ဦးသေဆုံးသည်ဟု တွေ့ရှိထားသော်လည်း လူတစ်ရာခန့် ပျောက်ဆုံးနေဆဲ ဖြစ်သည်။

    ဆန်ဖရန်ဆစ်စကို လေဆိပ်ဆင်းသက်စဉ် ဘိုးရင်း ၇၇၇လေယာဉ်ပျက်ကျ
    တရုပ်နိုင်ငံမှစတင်၍ ခရီးသည် ၃၀၇ ဦးသယ်ဆောင် ပျံသန်းလာသော ကိုးရီးယား Asiana လေကြောင်းလိုင်းမှာ ဆန်ဖရန်ဆစ်စကို လေဆိပ်သို့ ဆင်းသက်စဉ် ပျက်ကျ၍ နှစ်ဦး သေဆုံးခဲ့သည်။ မြေပြင်သို့ ရိုက်ခတ်မိစဉ် အမြှီးပိုင်း ကျိုးပြတ်သွားပြီး မီးလောင် သွားခဲ့သော်လည်း လူအများစုမှာ အရေးပေါ်ထွက်ပေါက်မှ လျှောဆင်း လွတ်မြောက်နိုင်ခဲ့သည်။

    စနိုးဒန်းအား ဘိုလီးဗီးယားမှ ခိုလှုံခွင့်ပေး
    ယခင်နေ့က ဗန်နီဇွဲလား နှင့် နီကာရာဂွာ နိုင်ငံများမှ ခိုလှုံခွင့် များ ရရှိပြီဖြစ်သော်လည်း ယနေ့ ဘိုလီးဗီးယားနိုင်ငံမှလည်း ခိုလှုံခွင့်ပေး မည်ဟု ကြေငြာသွားသည်။

    ကစားသမားအား ကွင်းထဲမှမထွက်သဖြင့် ဓါးဖြင့်ထိုးသည့် ဒိုင်လူကြီးအား ပရိတ်သတ်က ခေါင်းဖြတ်သတ်
    ဘရားဇီးနိုင်ငံ ဘောလုံးပွဲစဉ် တခုတွင် အနီကတ်ပြခံရသည့် ဘောလုံးကစားသမား တစ်ဦးကို ကွင်းထဲမှ ထွက်သွားရန် အမိန့်ပေးရာတွင် ငြင်းဆန်သဖြင့် ၎င်းဒိုင်လူကြီးက ဓါးဖြင့်ထိုးရမှ ပရိသတ်က ဒိုင်လူကြီးအား ခေါင်းဖြတ်သတ်လိုက်ကြသည်။

    ဗုဒ္ဓဂယာဗုံးကွဲမှု – လွန်ခဲ့သည့် ၆ လခန့်ကတည်းက ကြိုတင်သတင်းပေးမှုများရှိခဲ့
    ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်ပြီးနောက် သံသယတရားခံနှစ်ဦး၏ ရုပ်ပုံကြမ်း ပေါ်ထွက်လာပြီဖြစ်သည်။ ဗုဒ္ဓဂယာရှိ ဟိုတယ်နှစ်ခု အကြားတွင် လည်း မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးရှာဖွေတွေ့ရှိခဲ့သေးကြောင်း သိရသည်။ ဘီဟာရ်ပြည်နယ်၊ ရဲအရာရှိချုပ်ဖြစ်သူက ဘုရားဝတ်တက်နေသူများ ရှိနေသော်လည်း မဟာဗောဓိဘုန်းကြီးကျောင်းအ၀န်းတွင် လုံခြုံရေးထပ်မံ တိုးမြှင့်ထားကြောင်း၊ လက်ရှိအနေအထားတွင်မူ အများပြည်သူ ဘုရားဖူးလာရောက်ခြင်းမှ တားမြစ်ထားကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

    အာရှ ဖလား ဖူဆယ်ဘောလုံးပွဲ အီရန် အသင်း (၄) ကြိမ်မြောက် ဗိုလ်စွဲ
    တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့တဲ့ Asian Indoor and Martial Arts Games ဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင်  အီရန် အမျိုးသား ဘောလုံးအသင်းက ဂျပန်အသင်းကို ၅-၂ ဂိုးဖြင့် အနိုင်ရပါ ရွှေတံဆိပ် ဆွတ်ခူးရရှိသွားပါသည်။

  • အနီကတ်ပြခံရ ကစားသမားအား ကွင်းထဲမှမထွက်သဖြင့် ဓါးဖြင့်ထိုးသည့် ဒိုင်လူကြီးအား ပရိတ်သတ်က ခေါင်းဖြတ်သတ်

    ဇူလိုင်-၇၊၂၀၁၃
    M-Media

    ဘရာဇီးတွင် အနီကတ်ပြခံရ ကစားသမားအား ကွင်းထဲမှမထွက်သဖြင့် ဓါးဖြင့်ထိုးသည့် ဒိုင်လူကြီးအား ပရိတ်သတ်က ခေါင်းဖြတ်သတ်

    494303-football

    ဘရားဇီးနိုင်ငံ ဘောလုံးပွဲစဉ် တခုတွင် အနီကတ်ပြခံရသည့် ဘောလုံးကစားသမား တစ်ဦးကို ကွင်းထဲမှ ထွက်သွားရန် အမိန့်ပေးရာတွင် ငြင်းဆန်သဖြင့် ၎င်းဒိုင်လူကြီးက ဓါးဖြင့်ထိုးရမှ ပရိသတ်က ဒိုင်လူကြီးအား ခေါင်းဖြတ်သတ်လိုက်ကြသည်။

    မြောက်ပိုင်း ဘရာဇီးလ်ရှိ Pio XII မြို့တွင် ထိုကိစ္စတွင် ပါဝင်ခဲ့သောကြောင့် တစ်ဦးကို ဖမ်းဆီးထားသည်။

    အသက် ၂၀ အရွယ် ဘောလုံးဒိုင် Octavio da Silva သည် အသက် ၃၀ အရွယ် ဘောလုံးသမား Josenir dos Santos အား ဓါးဖြင့်ထိုးခဲ့၍ ထို ကစားသမားမှာ ဆေးရုံသို့ အသွားလမ်းတွင် သေဆုံးခဲ့ရသည်။

    ဒေါသဖြစ်နေသော ပရိသတ်သည် ကွင်းထဲဆင်း၍ ဒိုင်ကို ခဲနှင့်ပစ်ပေါက်ကြပြီး ခေါင်ဖြတ်၍ ကွင်းလည်တွင် တိုင်တွင် ချိတ်ပြီးထောင်ထားခဲ့ကြသည်။

    ၂၀၁၀ခုနှစ်တွင် ဘရာဇီးလ်တွင် လူသတ်မှု ငါးသောင်း ရှိခဲ့၍ ၂၀၁၆တွင် ပြုလုပ်မည့် ကမ္ဘာ့ ဖလား ဘောလုံးပွဲနှင် အိုလံပစ်ပွဲ လုံခြုံရေး စိုးရိုမ်လျက် ရှိကြသည်။

    ယခုလအတွင်း နှစ်ပေါင်းနှစ်ဆယ်အတွင်း အကြီးဆုံး ဆန္ဒပြမှုလည်း ဖြစ်ပေါ်ခဲ့ပြီး ဒေါ်လာ ၁၄သန်းကုန်ကျမည့် ကမ္ဘာ့ ဖလား ဘောလုံးပွဲ နှင့် အများပြည်သူအတွက် ဝန်ဆောင်မှုများ အားနည်းမှုကို ဝေဖန် ခဲ့ကြသည်။

    Ref: Aljazeera

  • တောင်ကိုးရီးယား အေးရှားနား လေယာဉ် မီးလောင်ကြွမ်း

    ဇူလိုင်-၇၊ ၂၀၁၃
    M-Media

    ဆိုးလ်။    ။ အေးရှားနား လေကြောင်းလိုင်းမှ ဘိုးအင်း ၇၇၇ (Asiana Airlines Boeing 777) လေယာဉ်သည် ဆန်ဖရန်စစ္စကို အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းတွင် ဆင်းသက်ချိန်၌ လေယာဉ်အမြီးသည် လေယာဉ်ပြေးလမ်းဖြင့် ရိုက်မိခဲ့ပြီးနောက် ပျက်ကျခဲ့သည် ဟု တောင်ကိုးရီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားသည်။

    asianatailrt07e

    “ အေးရှားနား လေယာဉ်အမြီးသည် လေယာဉ်ပြေးလမ်းဖြင့်ရိုက်မိပြီး လေယာဉ်ပြေးလမ်းမှ ချော်ထွက်ကာ ပျက်စီးသွားခဲ့သည် ” ဟု ၀န်ကြီးက ဆိုသည်။ ၄င်းမတော်တဆမှုအား စစ်ဆေးလေ့လာရန် လူလေးယောက်ပါ စုံစမ်းရေးအဖွဲ့တစ်ဖွဲ့အား အခင်းဖြစ်ရာနေရာသို့ စေလွှတ်ထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    လေယာဉ်အမှတ် ၂၁၄ ပျက်ကျ၍ ပေါက်ကွဲလောင်ကျွမ်းခဲ့စဉ်က လူနှစ်ဦးသေဆုံးခဲ့ပြီး၊ လူ ၁၈၁ ယောက် ဒဏ်ရာရရှိခဲ့သည်။ ဆိုးလ်မြို့မှထွက်ခွာခဲ့သောစာရင်းအရ လေယာဉ်ပေါ်တွင် လူ ၃၀၇ ယောက်ပါရှိပြီး၊ ၂၉၁ မှာ စီးနင်းလိုက်ပါသူများဖြစ်ကာ၊ ၁၆ ယောက်မှာ လေယာဉ်ဝန်ထမ်းများဖြစ်ကြသည်။

    ၁၉၉၃ ခုနှစ်၊ ဇွန်လက အေးရှားနား ဘိုးအင်း ၇၃၇ လေယာဉ်သည် တောင်ကိုးရီးယားအတွင်း တောင်တစ်လုံးနှင့် ၀င်တိုက်မိ၍ ပျက်ကျခဲ့ကာ လူ ၆၈ ယောက် အသက်ဆုံးရှုံးခဲ့သည်။ ထိုအဖြစ်အပျက်ပြီးစဉ်ကတည်းက ယခုအကြိမ်သည် အေးရှားနား လေကြောင်းလိုင်း၏ ပထမဆုံးအကြီးစား ပျက်စီးဆုံးရှုံးမှု ဖြစ်သည်။

    သေဆုံးခဲ့သူနှစ်ဦးတွင် တစ်ဦးမှာ တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြောင်း၊ ကျန်တစ်ဦးသည် မည်သည့်နိုင်ငံသား ဆိုသည်ကို သေချာမသိရကြောင်း ကိုးရီးယားပြည်ပဆက်ဆံရေးနှင့်အကြံပေးတာဝန်ခံ နိုင်ငံခြားရေးရာဝန်ကြီးဌာန၏ သံအမတ် လီဂျောင်ဂွန် (Lee Jeong-Gwan) မှ တောင်ကိုးရီးယားအာဏာပိုင်များနှင့် ဆက်ဆံနေသော အမေရိကန် သိပ္ပံမှုခင်းရေးရာဌာန၏စကားကို ကိုးကား၍ သတင်းထောက်များသို့ ပြောကြားခဲ့သည်။
    ယင်းသို့ဖြစ်ပျက်မည်ကို မည်သူမှ မထင်မှတ်ထားခဲ့ကြောင်း အမေရိကန်အရာရှိများက ဆိုသည်။ လေယာဉ်ပေါ် စီးနင်းလိုက်ပါလာသော ကျန်ရှိသူ ၁၂၃ ယောက်မှာ ဒဏ်ရာအနာတရ မရရှိခဲ့ဟု သိရသည်။

    US Federal Bureau of Investigation (FBI) မှ လေယာဉ်ပျက်စီးမှုသည် အကြမ်းဖက်သူများ၏လုပ်ရပ်ဖြစ်ကြောင်း ညွှန်ပြချက် တစ်စုံတစ်ရာမရှိဟု ပြောကြားခဲ့သည်။

    National Transportation Safety Board – သယ်ယူပို့ဆောင်မှုဆိုင်ရာ အမျိုးသားလုံခြုံရေးဦးစီးအဖွဲ့မှ ကျွမ်းကျင်သူတစ်စုသည် လေယာဉ်ပျက်ကျမှုကို လေ့လာစစ်ဆေးရန် ဆန်ဖရန်စစ္စကိုသို့ သွားနေပြီဖြစ်သည်။
    တောင်ကိုးရီးယားအစိုးရစေလွှတ်သော လူလေးယောက်ပါ စုံစမ်းရေးအဖွဲ့သည်လည်း ယင်းမတော်တဆမှုအား စုံစမ်းရန် အခင်းဖြစ်ရာသို့ ဦးတည်ထွက်ခွာနေပြီ ဟု ဆိုးလ်မြို့မှ အာဏာပိုင်များက ဆိုသည်။

    အေးရှားနားသည် ဆိုးလ်မြို့အခြေစိုက် လေကြောင်းလိုင်းဖြစ်ပြီး၊ အင်ဂျင်စက်နှစ်လုံးတပ် ၇၇၇ လေယာဉ်သည် ကမ္ဘာတွင် ခရီးရှည်ပျံသန်းနိုင်သော လေယာဉ်များအနက် အကျော်ကြားဆုံး ဖြစ်သည်။ ၁၂ နာရီ သို့မဟုတ် ၄င်း၏အထက် ခရီးစဉ်များဖြစ်သော ကမ္ဘာ့တိုက်များအကြား လှည့်လည်ပျံသန်းရာ၌ အသုံးများသည့် လေယာဉ်အမျိုးအစားဖြစ်သည်။

    – AFP/fa

    PHOTO: REUTERS

  • ပုံတစ်ပုံက ဖော်ပြတဲ့ သမိုင်း” The Roaring Lion ” (M-Media Blog ကဏ္ဍ)

    ဇူလိုင်- ၇ ၊ ၂၀၁၃
    M-Media
    ရေးသူ- အောင်ဝင်းထွဋ်

    ကျတော်ဒီနေ့ ပုံတစ်ပုံရဲ့ သမိုင်းကြောင်းကို ရေးချင်ပါတယ်… ။  အဲဒီပုံက portraits ပုံတွေထဲမှာ တော်တော် နာမည်ကြီးတဲ့ပုံပါ…။  သမိုင်ကို ဖော်ပြတဲ့ပုံလို့တောင် ပြောကြပါတယ် … ။ ဒုတိယ ကမ္ဘာစစ်ပြီးဆုံးသွားတော့ LIFE magazine ရဲ့ cover ပုံအဖြစ် ဖော်ပြခြင်းခံခဲ့ရတာပါ…။

    ဒီပုံကို နာမည်ကြီး Portrait ဓါတ်ပုံဆရာ Yousuf Karsh က ဗြိတိန်ဝန်ကြီးချုပ် ၀င်စတန် ချာချီ ကို 1941 ခုနှစ် ဒီဇင်ဘာလ ထဲမှာ ရိုက်ခဲ့တာပါ…။ ကနေဒါ အစိုးရက ဗြိတိန်ဝန်ကြီးချုပ် ကို ရိုက်ဖို့  Yousuf Karsh ကို ငှားလိုက်တာ ဖြစ်ပါတယ်… ။ ဗြိတိန်ဝန်ကြီးချုပ် ကို ရိုက်ဖို့ အချိန်အနည်းငယ်ပဲ ရမယ်ဆိုတာ သူသိခဲ့ပါတယ်… ။ ဒါ့ကြောင့်  ဗြိတိန်ဝန်ကြီးချုပ် ၀င်စတန် ချာချီ ရဲ့ အလေ့အကျင့် ၊ အပြုအမူ ၊ ဘ၀ ဖြတ်သန်းမှု ၊ စိတ်ဓါတ် … စတာတွေကို ကြိုတင်လေ့လာခဲ့ပါတယ် …. ။

    နောက်ဆုံး ပုံရိုက်တဲ့အချိန် ရောက်လာပြီး  ဗြိတိန်ဝန်ကြီးချုပ် ကို ခုံပေါ်မှာ ထိုင်ခိုင်းပြီး မီးတွေဖွင့်လိုက်တဲ့အချိန်မှာ ၀န်ကြီးချုပ်က  ” မင်းကို အချိန် ၂ မိနစ်ပေးမယ် ….  ၂ မိနစ်ပဲ …  ” လို့ ပြောပါတော့တယ် … ။  တစ်ကယ်တန်း အမှန်က သူ့ Portrait ကို ဒီနေ့ ရိုက်မယ်ဆိုတာ ကို ဘယ်သူကမှ  ဗြိတိန်ဝန်ကြီးချုပ်ကို ကြိုမပြောထားပါဘူး…. ။

    အဲဒီနောက်ပိုင်းမှာ  ဓါတ်ပုံဆရာ Yousuf Karsh က  ၀န်ကြီးချုပ် ၀င်စတန် ချာချီ ခဲထားတဲ့ ဆေးပြင်းလိပ်ကို ဖြုတ်ခိုင်းတော့ ၀န်ကြီးချုပ်က ငြင်းဆန်ပါတယ် … ။  Yousuf Karsh က ထသွားပြီးတော့  ၀န်ကြီးချုပ် ၀င်စတန် ချာချီ ရဲ့ အမှတ်လက္ခဏာ လို့ပြောလို့ရတဲ့ ဆေးပြင်းလိပ်ကို ၀န်ကြီးချုပ် ရဲ့ ပါးစပ်ထဲကနေ ဆွဲဖြုတ်လိုက်ပြီး ကင်မရာ ဆီကို ပြန်သွားပြီး Remote နဲ့ ပုံကို ရိုက်ချ လိုက်ပါတယ်…  ( ရိုက်ပေါက်…. )  ။    ရလာဒ်ကတော့……..     ၀န်ကြီးချုပ် ၀င်စတန် ချာချီ  ရဲ့ မာကြောရဲ့ စရိုက် ၊ ဆုံးဖြတ်ချက်ကို ပြင်လေ့မရှိတဲ့ သူ့ရဲ့ စိတ်ဓါတ်ကို ထင်ဟပ်ပြသလိုက်တဲ့ ပုံကောင်းတစ်ပုံကို ရလိုက်ပါတယ် …. ။

    Char che
    နောက်ပိုင်းမှာ ဓါတ်ပုံဆရာ Yousuf Karsh က ဒီလိုပြန်ပြောပါတယ်….  ”  ကျတော် သူ့ဆီကို သွားပြီးတော့ ရိုသေစွာနဲ့ ” Forgive me , Sir ” လို့ ပြောပြီး သူ့ပါးစပ်ထဲက ဆေးပြင်းလိပ်ကို ဆွဲဖြုတ်လိုက်တာပါ ။ ပြီးတာနဲ့ ကင်မရာဆီကို တစ်ခါတည်း အမြန်သွားလိုက်တာပါ… ။ အဲဒီအချိန် သူက ကျတော့်ကို အမှုန့်ချေပစ်လိုက်မယ့် အကြည့်နဲ့ ကြည့်နေတာပါ …။ ကျတော် အဲဒီ အကြည့်ကို ရိုက်နိုင်ခဲ့လိုက်ပါတယ် …. ။ ခဏလောက်ကြာတော့  ၀န်ကြီးချုပ် က ” နောက်တစ်ပုံ ရိုက်နိုင်ပါတယ် ”  လို့ အေးအေးဆေးဆေး ပြောပါတယ်… ။ နောက်ပြီး  ” “You can even make a roaring lion stand still to be photographed.” လို့ပြောပါတယ် …. ( Original quote အတိုင်း ဘာသာမပြန်ပဲ ထည့်ပေးလိုက်တာပါ ) ။  ဓါတ်ပုံဆရာ Yousuf Karsh က ဒီစကားကို အလွန်ကြိုက်သွားပြီး သူရိုက်လိုက်တဲ့ ပုံကို  ” The Roaring Lion ” လို့ နာမည်ပေးလိုက်ပါတယ် …. ။

    နောက်တစ်ပုံရိုက်တော့  ၀န်ကြီးချုပ် ၀င်စတန် ချာချီ က ပြုံးနေခဲ့ပြီး  အမှတ်ရစရာ ပုံမဖြစ်ခဲ့ပါဘူး…..။

    Char che2

    ©Yousuf Karsh , Text by Aung Win Htut

  • ကျောခိုင်းခံရတဲ့ မြန်မာပြည်က စုပြုံသတ်ဖြတ်မှု (ဘာသာပြန် သတင်းဆောင်းပါး)

    ဇူလိုင် ၇ ရက် ၂၀၁၃၊
    M-Media
    ဘာသာပြန်- မြင့်မိုရ်မောင်မောင်

    မိတ္ထီလာ၊ မြန်မာ။    ။တစ်ခါက သူတို့ကွန်းခိုခဲ့တဲ့ အစ္စလာမ့်စာသင်ကျောင်းဘော်ဒါဆောင်လေး မရှုမလှ ပျက်စီးခဲ့ပြီ။ အဆောက်အဦး ပျက်ကနေ တစ်မျှော်သာသာ တောင်ကုန်းလေးတစ်ခုအလွန် မီးကျွမ်းမည်းနက်နေတဲ့ မြေပြင်မှာ သူတို့ရဲ့ အရိုးတွေ ဟိုတစ်စ ဒီတစ် ပြန့်ကျဲနေလို့ရယ်ပေါ့။

    miketelar

    ဖုန်တွေသဲတွေဖုံးလွှမ်းနေတဲ့ ဦးခေါင်းခွံ အပိုင်းအစတွေ၊ သွားတွေတွဲလျက်ရှိနေသေးတဲ့ မေးရိုးတစ်စုံရဲ့ အကျိုးအပဲ့တွေ၊ ၀ါးရင်းတုတ်နဲ့ရိုက်နှက်တိုက်ခိုက်ခံရပြီး မြေပေါ်လဲကျခိုက် အရှင်လတ်လတ်ဓာတ်ဆီလောင်းမီးရှို့ခံလိုက်ရတဲ့ ရုပ်အလောင်းတွေ လဲလျောင်းနေကြပါတယ်။

    မြန်မာပြည်အလယ်ပိုင်း၊ မိတ္ထီလာမြို့ပေါ်၊ မတ်လ နံနက်ခင်းမှာ ဘုန်းတော်ကြီးတစ်ပါးသတ်ခံရတယ်ဆိုပြီး ဗုဒ္ဓဘာသာလူအုပ်စုတွေ ဒေါသပေါက်ကွဲသွားကြတယ်။ ကယ်တင်နိုင်ပါလျက်နဲ့ ဓားစားခံဖြစ်သွားသူများကတော့ အစဉ်အလာရှိတဲ့အစ္စလာမ့်ကျောင်းတစ်ကျောင်းက ဆရာနဲ့ကျောင်းသားတွေ ဖြစ်သွားခဲ့တယ်။ သူတို့ဟာ အဲ့ဒီအမှုနဲ့ ဘာမှမသက်ဆိုင်ကြတဲ့ မွတ်စ်လင်မ်တွေပါ။

    သူတို့ရဲ့ရှင်သန်မှုနောက်ဆုံးအချိန်ပိုင်းလေးမှာ ရဲတပ်ဖွဲ့ဝင်တွေကို စေလွှတ်ပြီး ကယ်ဆယ်စေခဲ့တယ်။ သူတို့ဟာ မီးလောင်နေတဲ့ကျောင်းဝင်းအတွင်းမှာ ရှိနေပြီး ဒေါသထွက်နေတဲ့လူအုပ်ကြီးက ၀ိုင်းရံထားတာ ခံနေရတယ်။ ကြောက်ရွံ့တုန်လှုပ်စွာနဲ့ ခေါင်းပေါ်လက်တွေတင်လို့ ထွက်လာကြတဲ့အခါ လမ်းပေါ်မှာအသင့်ရပ်စောင့်နေတဲ့ ထရပ်ကားလေးစင်းပေါ် တက်စေခဲ့တယ်။

    လမ်းတစ်ဝက်မှာတင် အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားတယ်။ မြန်မာနိုင်ငံရဲ့ စစ်အုပ်ချုပ်ရေးခေတ်လွန် ခေါင်းဆောင်များက ဒီမိုကရေစီရောင်နီသစ်ထွန်းလင်းရမယ်လို့ ကတိက၀တ်ပြုလိုက်တဲ့ နှစ်နှစ်ကျော်ကာလအတွင်း အရှေ့တောင်အာရှမှာ အမှောင်မိုက်ဆုံးနေ့ရက်များထဲက တစ်ရက်ပါဘဲ။ ဆယ်ကျော်သက်အများစုပါဝင်နေတဲ့ မွတ်စ်လင်မ် ၃၆ ဦးကို ရဲတွေ၊ ဒေသအာဏာပိုင်တွေရဲ့မျက်စေ့ရှေ့မှာတင် ခုတ်သတ်လှီးဖြတ်ခဲ့ကြတယ်လေ။ တာဝန်ရှိသူများက တားမြစ်ခြင်း အလျဉ်း မရှိခဲ့ကြဘူး။

    ကာကွယ်မှုနဲ့တရားမျှတမှု မခံစားရဘဲ လူနည်းစုဘာသာရေးအုပ်စုဝင်တွေအပေါ် လျစ်လျူရှုခဲ့တဲ့ ဒီအဖြစ်အပျက်က -ပြုပြင်ပြောင်းလဲရေးကတိက၀တ်ဟာ အပေါ်ယံသက်သက်သာဖြစ်ကြောင်း ပြသလိုက်တာပါဘဲ။

    ဗုဒ္ဓဘာသာဝင်တွေ လွှမ်းမိုးကြီးစိုးနေတဲ့ ဒီတိုင်းပြည်က သမ္မတဟာ သေဆုံးသူတွေနဲ့ပတ်သက်ပြီး ၀မ်းနည်းကြောင်းပြောဆိုနှစ်သိမ့်ဖို့ မိတ္ထီလာကို လုံးဝ မလာရောက်ခဲ့ပေဘူး။ ဒီကုန်းစောင်းတွေရဲ့တစ်ဖက်ခြမ်းက ရုပ်အလောင်းပုံတွေနဲ့ပတ်သက်ပြီး အထောက်အထားစုဆောင်းဖို့၊ အခင်းဖြစ်နေရာကို ကြိုးတားထိန်းသိမ်းဖို့ ရဲဌာနက ဆောင်ရွက်ပြုလုပ်ခြင်း မရှိကြပါဘူး။ ကျောင်းသားတွေကို သေတဲ့အထိ ရိုက်နှက်ခုတ်ဖြတ်ပြီး မီးရှို့ခဲ့တဲ့ ဒုစရိုက်သား တွေဟာ တစ်ဦးတစ်ယောက်တည်းက ကျူးလွန်တာမဟုတ်ကြောင်း အွန်လိုင်းပေါ်က ဗီဒီယိုကလစ်ပ် တွေက သက်သေ အဖြစ် ရှိနေကြပါတယ်။

    တရားမျှတမှုကင်းမဲ့ခြင်းဟာ ဗုဒ္ဓဘာသာဝင်တွေအကြား လွတ်လပ်စွာ ဒုစရိုက်ကျူးလွန်ဖို့၊ အကြမ်းဖက်မှု ပိုမို တိုးပွားလာဖို့ လမ်းကြောင်းပေးနေခြင်းသာဖြစ်တယ်ဆိုပြီး နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များက ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ပြန်လည်ပြုပြင်ရေးကို အားသွန်ခွန်စိုက်လုပ်မဲ့အစား အုပ်ချုပ်ရေးကဏ္ဍအားလုံးမှာ ဗုဒ္ဓဘာသာဝင်ဗမာလူမျိုးတွေရဲ့အာဏာသြဇာ တည်မြဲရေး၊ လွှမ်းမိုးချုပ်ကိုင်ရေးသာလျှင် အလေးထားနေတယ်ဆိုတဲ့ အရှိတရားကို လှစ်ဟပြသနေခြင်း ဖြစ်တယ်။

    “ မြန်မာနိုင်ငံမှာရှိနေတဲ့ ဥပဒေစည်းမျဉ်းအားလုံးဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့အကျိုးအတွက်သာ ဖြစ်နေကြတယ်။ မွတ်စ်လင်မ်တွေအတွက် တရားမျှတမှုဖြစ်အောင် ဆောင်ရွက်ပေးထားတာမျိုး လုံးဝ မရှိတာကို ကျွန်မတို့သိပါတယ် ” လို့ မသီတာက ပြောပြပါတယ်။ မသီတာရဲ့ခင်ပွန်းက မိတ္ထီလာမှာ အသတ်ခံရသူများအနက် တစ်ဦးဖြစ်ပါတယ်။ အခြားသော ရှင်သန်လွတ်မြောက်လာခဲ့သူများအတိုင်း မိမိရဲ့နာမည်ရင်းကို မဖော်ပြဖို့ သူမက မေတ္တာရပ်ခံထားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သက်ဆိုင်ရာက သိရှိတာနဲ့ ခေါ်ယူနှိပ်စက်ပြစ်ဒဏ်ချမှာကို စိုးကြောက်နေရလို့ပါဘဲ။

    ရုပ်သံကြည့်လိုလျှင်=>https://www.youtube.com/watch?v=nfpQzf-mC_k&list=PLrN3vEHYCFKJ-4jvIsEhOqJd1eddiBaiJ&index=7

    ( TODD PITMAN | AP Massacre of Muslims in Myanmar ignored ၏ ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ပြန်ဆိုရေးသားသည် )