News @ M-Media
Author: M-Media
  • ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ ဟောပြောပွဲ ပြုလုပ်
    ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ ဟောပြောပွဲ ပြုလုပ်
    ဇွန် ၃၀၊ ၂၀၁၃
    M-Media
    အမ်တူးအေ
    ရန်ကုန် ။ ။ ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ ဟောပြောပွဲ တစ်ရပ်ကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး)အဖွဲ့မှ ယနေ့ နေ့လည် (၁း၃၀)တွင် ၎င်းတို့  ဌာနချုပ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အဆိုပါ ဟောပြောပွဲအား ဦးခင်မောင်ချို(တရားလွှတ်တော်ရှေ့နေ)မှ ဦးဆောင်ဟောပြောတင်ပြခဲ့ပြီး ၁၉၈၂-ခုနှစ် ဥပဒေနှင့်ပတ်သက်၍ သိသင့်သည်များကို အဓိက ဆွေးနွေးခဲ့ပြီး။ ၁၉၆၇-ခုနှစ်ဥပဒေ၊ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ ဥပဒေတို့ကိုလည်း ထည့်သွင်း ဟောပြောခဲ့ပါသည်။ ဦးခင်မောင်ချို၏ ဟောပြောမှုအပြီးတွင် တက်ရောက်လာသူများမှ မရှင်းလင်းသည်များ၊ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး ဟောပြောသူမှ ပြန်လည် ဆွေးနွေးပေးခဲ့ပါသည်။
    ယခုကဲ့သို့ ဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး “ယခုလို ၈၂-ခုနှစ် ဥပဒေဆိုင်ရာ ဟောပြောပွဲမှာ အဓိကတင်ပြသွားတာတွေက ဥပဒေတစ်ခုရဲ့ အားနည်းချက် အားသာချက်တွေ၊ ဥပဒေတစ်ခုနဲ့ တစ်ခု ချိတ်ဆက်တဲ့ အကြောင်းအရာတွေကို လေးလေးနက်နက် တင်ပြသွားတာ တွေ့ရကြောင်း၊ ဥပဒေတစ်ခုနဲ့ တစ်ခု ချိတ်ဆက်မှုတွေကို အဓိကထားရမှာဖြစ်ကြောင်း၊ ဥပဒေကို အခြေပြုပြီးဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေ များစွာရှိကြောင်း၊ ဥပဒေကို အသုံးမပြုပဲဖြစ်နေတဲ့ကိစ္စရပ်များစွား ရှိခဲ့ကြောင်း၊ ရှိပြီးသားဥပဒေကို ဟန့်တားခွင့်များ ဆုတ်ယုတ်နေသည်များလည်းရှိကြောင်း၊ ယခု ဟောပြောပွဲသည် ဥပဒေ၏ ရေသောက်မြစ်ကို အဓိက ရှာဖွေခြင်းဖြစ်ကြောင်း၊ ယနေ့အချိန်အခါသည် ဘာသာကိုအကြောင်းပြုပြီး လူမျိုးသတ်မှတ်လေ့ရှိပြီး ကိုးကွယ်သည့် ဘာသာကိုကြည့်၍ ဥပဒေကို သတ်မှတ်သည့် အခြေအနေများ ရှိနေသည့် အတွက် ယခုလို ဟောပြောပွဲပြုလုပ်ရသည်ကို နားလည်စေလိုကြောင်း၊ ယခုလို ဟောပြောဆွေးနွေးပွဲများတွင် လိုအပ်၍ ဆွေးနွေးပါက ခိုင်ခိုင်လုံလုံဆွေးနွေးတတ်ရန် လိုအပ်ကြောင်း၊ အင်တာနက်နှင့် ဖေ့ဘွတ် စာမျက်နှာများတွင် ပြောကြားနေကြသလို မပြောမိကြစေရန် အထူးမေတ္တာရပ်ခံကြောင်း”ကို မ.မ.လ ဌာနချုပ် ဥက္ကဋ္ဌ ဦးမြင့်ထွန်းမှ ဟောပြောပွဲနိဂုံးချုပ်စကားတွင် ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
  • Android ဖုန်းသုံး M-Media ပရိတ်သတ်များ အလွယ်တကူ ဖတ်ရှုနိုင်ရန် M-Media Android app ထွက်ပြီ
    ဇွန်-၂၈၊၂၀၁၃
    M-Media
    Android  ဖုန်းသုံး M-Media ပရိတ်သတ်များ အလွယ်တကူ ဖတ်ရှုနိုင်ရန် M-Media Android app ထွက်ပြီ
    11
    မြန်မာဗားရှင်း
    logoM-Media သတင်းဆိုဒ်မှာ တင်ဆက်ပေးလျှက်ရှိသော မြန်မာ- အင်္ဂလိပ် ဗားရှင်း ၂ ခုစလုံးအတွက် Android application ကို Google Play Download လုပ်ကာ Android ဖုန်းအသုံးပြုသူ M-Media စာဖတ်ပရိတ်သတ်များ ဖုန်းတွင် အလွယ်တူ ဖတ်ရှုနိုင်ကြပါပြီ။
    app အတွင်း မြန်မာဖောင့်ကို ထည့်သွင်းထားပြီး၊ ads-free ဖြစ်ပြီးတော့ Google Play ကနေ အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါတယ်။ Android 2.2 နှင့် အထက် အသုံးပြုထားသော မိုဘိုင်းဖုန်းများ အသုံးပြုနိုင်အောင် ဆောင်ရွက်ထားပါသည်။
    M-Media Android application ကို M-Media အဖွဲ့မှ နည်းပညာရှင်လူငယ်များကိုယ်တိုင် စုပေါင်းဆောင်ရွက်ထားခြင်းဖြစ်ပြီး စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပါသည်။ အင်တာနက် ကော်နက်ရှင် မကောင်းသော ဒေသမှ M-Media စာဖတ်ပရိတ်သတ်များ Connection ရချိန် M-Media App ကို ခေတ္တမျှဖွင့် update လုပ်လျှင် ဖုန်းထဲသို့ ဒေါင်းလုတ်လုပ်ပြီးသိမ်းထားလို့ရမည်ဖြစ်သောကြောင့် အင်တာနက်မရှိချိန် offline ဖတ်ရှုနိုင်ပါသည်။
    M-Media Android app မှာ မြန်မာ-အင်္ဂလိပ် ဗားရှင်း ၂ ခုစလုံးကို App တခုထဲဖြင့် ကြည့်ရှုနိုင်ပြုလုပ်ထားပြီး Chanel ပြောင်းပုံကို ပုံပါအတိုင်း ပြောင်းလဲပြီးဖတ်ရှုနိုင်ပါသည်။ အခြားသော သတင်း App များအတိုင်း နှစ်သက်သည့် ပိုစ်များကို ဆိုရှယ်မီဒီယာနှင့် အီးမေးလ်များဖြင့် အလွယ်တကူ လက်ဆင့်ကမ်းမျှဝေနိုင်အောင် ပြုလုပ်ထားပါသည်။
    3
    M-Media Android app ကို ဒေါင်းလုတ်လုပ်ရန် [0.57 MB]
    Google Play မှ ဒေါင်းလုတ်လုပ်ရန်
    Mediafire မှ ဒေါင်းလုတ်လုပ်ရန်
    22
    အင်္ဂလိပ်ဗားရှင်း
    M-Media ဆိုသည်မှာ
    M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင်  လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
    စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအခုအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
    M-Media ကို အကူအညီပေးလိုလျင် [email protected] သို့ ဆက်သွယ်နိုင်ပါသည်။
  • အမုန်းပွားစေတဲ့ ပုံရိပ်တွေကို လျှော့ချဖို့ ဘယ်လို အစီအစဉ်တွေ လုပ်ကြမလဲ (ဆွေးနွေးပွဲမှ အမေးအဖြေများ)
    ဇွန်လ ၂၈၊ ၂၀၁၃
    M-Media
    ဆူးထက်
    တရားရုံးချုပ် ရှေ့နေ ဦးကျော်ငြိမ်းမှ မေးခွန်းမေးရာတွင် ” အမုန်းတရားပွားစေတဲ့ ဟောပြောချက် အချို့ဟာ ကျွန်တော်တို့ ပြည်တွင်းမှာ မလွှဲမရှောင်သာ ရှိခဲ့ပါတယ်။ အဲဒီအမုန်းတရားပွားစေတဲ့ ဟောပြောချက်တွေကြောင့် ရှိရင်းစွဲ ပြည်သူ ပြည်သားကြားမှာ ရှိရင်းစွဲ ပုံရိပ်တွေ ဟာ ထိခိုက် ပွန်းရှမှု ရှိခဲ့ပါတယ်။ အဲဒီ့ အမုန်းပွားစေတဲ့ ပုံရိပ်တွေကို လျှော့ချဖို့ အစီအစဉ်တွေ၊ ဥပဒေတွေ စဉ်းစားသလို၊ ယိုယွင်း၊ ထိခိုက်ပွန်းရှခဲ့တဲ့ ပုံရိပ်တွေကို ဘယ်လိုပြန်လည် တည်ဆောက်ကြမလဲဆိုတဲ့ အချက်ကိုလည်း မစဉ်းစား သင့်ပါဘူးလား။ စဉ်းစားမယ် ဆိုရင်လည်း ဘယ်လို လမ်းကြောင်းတွေနဲ့ ချပေးသင့်ပါလဲဆိုတာကို ဆရာတော်ပဲ ဦးဆောင်ပြီး ဖြေကြားပေးပါဟု မေးမြန်းလျှောက်ထားခဲ့သည်။
    P6280066
    မေးခွန်းများကို အရှင် ဓမ္မပီယ ဖြေကြားပေးစဉ်
    ” ဥပမာ အိမ်တစ်အိမ်မှာ မိခင်မှာ သားသမီးတွေရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမုန်းတွေ ပွားပြီးတော့ မခေါ်နိုင် မပြောနိုင် ဖြစ်တဲ့ အခါမှာ အနောက်တိုင်းအနေနဲ့ကတော့ နွေးထွေးစွာ ကြိုဆိုတယ်၊ တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးခြင်း စသည့်ဖြင့် ပြန်လုပ်ပေးနိုင်လို့ ရှိရင် တစ်ယောက်နဲ့တစ်ယောက် ပြီးခဲ့တဲ့ ဟာတွေကိုလည်း အမုန်းဒဏ်ရာတွေပျောက်မယ်၊နားလည်ပေးမှု၊ အပြန်အလှန် ရိုသေလေးစားမှု ဖြစ်လာမယ်။
    ” ခုနက မိတ်ဆွေကြီမေးတဲ့ မေးခွန်းက ‘ကျွန်တော်တို့ရဲ့ အမုန်းတရားတွေကြောင့် ပျက်ယွင်းသွားတဲ့ ပုံရိပ်တွေဆိုတာကို ဘယ်လို ပြန်ပြင်ဆင်မလဲ ဆိုတဲ့ ‘ အတွက် ကျွန်တော်တို့ရဲ့ဒုတိယ ၀န်ကြီးရဲ့ လမ်းညွှန်ချက်ထဲမှာလည်း ပါသွားပါတယ်။ သူဘယ်လို ပြောသွားလဲ ဆိုရင် လူနည်းစုများရဲ့ဂျောင်ထိုးထားခြင်းခံရတဲ့၊ အသံတွေ ကြားခြင်း မခံရအောင် ပြုလုပ်ထားခြင်း ခံရတဲ့ သူတွေရဲ့ အသံတွေကိုလည်း ကြားလာအောင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံ နေထိုင်တဲ့ အတွက် တစ်ဦး တစ်ယောက်ကို ဘေးဖယ်ထားလျှင် ဘယ်တော့မှ တိုင်းပြည် မကြီးပွား မတိုးတက်ဘူး ဆိုတာကို မှန်ကန်စွာ သုံသပ်သွားတဲ့ အတွက် ကျွန်တော်တို့ အနေနဲ့ အင်မတန်မှ အားရတယ်။ အဲဒီ့ အဖြေ ပါသွားပြီ။ ဘယ်လို ပါသွားသလဲဆိုရင် ဒီလူတွေရဲ့ အသံကြားရအောင်လို့ ဥပမာ စွပ်စွဲတယ်၊ လွဲမှားသော စွပ်စွဲချက်သည် အမုန်းတရားတွေနဲ့ အတိ ပြည့်နေတယ်။ အဲဒီ့ စွပ်စွဲချက်တွေကို ပြန်လည် ချေပဖို့အတွက်က ပြန်လည် ချေပဖို့ဆိုတဲ့ နေရာမှာ ရိုင်းရိုင်းစိုင်းစိုင်း ချေပဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အစ္စလာမ် ဘက်ကဆိုလို့ရှိရင်တော့ ” မင်းတို့ကို မကောင်းပြုထားတဲ့ သူကို တန်ပြန်ပါတဲ့။ ဘယ်လို တန်ပြန်ရမလဲ ဆိုရင် အကောင်းနဲ့ တန်ပြန်တဲ့။မင်းတို့ အပေါ်မှာ အမုန်းပွားတဲ့ သူတွေက မင်းတို့ရဲ့ အကောင်းဆုံး မိတ်ဆွေတွေ ဖြစ်လာလိမ့်မယ်တဲ့ ကုရ်အာန် ကျမ်းမြတ်ထဲမှာ လမ်းညွှန်ထားတာပါ။ ၀န်ကြီးက ကျွန်တော်တို့ကို လမ်းဖွင့်ပေးထားတယ်။ တစ်ချိန်မှာ ကျွန်တော်တို့ကို စွပ်စွဲထားတဲ့ စွပ်စွဲချက်များဟာ မှားယွင်းပါတယ် ဆိုတာ ကျမ်းကိုးကျမ်းကား၊ အထောက်အထားနဲ့ သမိုင်းအစဉ်အလာများ၊ လတ်တလော ဖြစ်နေတဲ့ အရာတွေနဲ့ ကျွန်တော်တို့ ပြန်ပြီးတော့ ပျက်ယွင်းနေတဲ့ ပုံရိပ်တွေကို အသက်သွင်းပေးနိုင်မယ် ဆိုရင်တော့ အဲဒါဟာ အဆိပ်ဖြေဆေး ဖြစ်ပါလိမ့်မယ်လို့ ယုံကြည်ပါတယ် ” ဟု ဆရာဦးအေးလွင် မှအထက်ပါ မေးခွန်းအား ဖြည့်စွက်ဖြေကြားခဲ့သည်။
    DSCN5196
    ပြီးနောက် ပြန်ကြားရေး ၀န်ကြီး၊ ဒုဝန်ကြီး ဦးရဲထွဋ်က ပြည်တွင်း ပြည်ပ မီဒီယာများ၏မးမြန်းချက်များကို
    ” အွန်လိုင်း Facebook  ကနေ သတင်းတွေ တင်နေတာ မှန်ကန်မှု ရှိစေချင်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း Facebook သုံးနေပါတယ်။ နိုင်ငံသားထဲက နိုင်ငံသား ဖြစ်တ့ အတွက် Facebook ကို သုံးတာပါ။ ပြန်ကြားရေး တာဝန် ထမ်းဆောင်နေရတာ မို့လို့ ကျွန်တော်ရဲ့ Facebook  အကောင့်ကနေ တဆင့် ကျွန်တော်ပေးနိုင်တဲ့ သတင်းအချက်အလက်တွေကို ပေးတာပါ။ ဒီထက် မပိုပါဘူး။ ”
    ” တိုင်းမ်မဂ္ဂဇင်းကို အမေရိကန် သံအမတ်ကြီးက ဘာဖြစ်လို့ ဒါကို ပိတ်တာလဲ၊ သူတို့  နိုင်ငံမှာဆို မပိတ်ဘူး ဆိုတာ ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ ဒီကိစ္စကြောင့် ပိုမို ကြီးထွားနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ရှိလာနိုင်လို့ပါ။ ပိတ်တယ် ဆိုတာဟာလည်း နောက်ဆုံး နည်းလမ်း အနေနဲ့ ရွေးချယ်ခဲ့တာပါ။ တိုင်းမ် မဂ္ဂဇင်းက ကျွန်တော်တို့ ဆီမှာ အစောင်ရေ (၉၀၀)ပဲ ရှိတာ။ ဒါပေမယ့် Social Media တွေနဲ့ ပြည်တွင်း မီဒီယာတွေက တိုင်းမ်မဂ္ဂဇင်းမှာ ပါလာတာကို ကျယ်ကျယ်ပြန့်ပြန့် ပြောလာတော့ လူတွေက ပိုပြီး စိတ်ဝင်စားလာတယ်။ မျက်နှာဖုံး မြင်ရုံနဲ့ ဒီလောက် အရှိန်က မြင့်နေတယ် ဆိုရင် ဒီစာစောင်သာ ရောက်လာရင် မလိုလားအပ်တဲ့ ဘာသာရေးဆိုင်ရာပြဿနာတွေ ဖြစ်လာမှာ ဆိုးလို့ပါ။ ”
    ” တယ်လီဖုန်း အော်ပရေတာ လိုင်စင် ယူတာ ဆက်သွယ်ရေး ၀န်ကြီး ကိုယ်တိုင်တောင် မပါပါဘူး။ အမှတ်ပေး စည်းမျဉ်းက ၁၀၀ ပေးရင် သုံးပုံ နှစ်ပုံက သူရဲ့ နည်းပညာ အဆင့်အတန်း၊ မြန်မာနိုင်ငံမှာ မိတ်ဆက်ပေးမယ် ဆိုတဲ့ နည်းပညာ အဆင့်အတန်း၊ ဆောင်ရွက်ပေးမယ် ဆိုတဲ့ ၀န်ဆောင်မှုတွေနဲ့ ဆုံးဖြတ်ပြီး ကျန် သုံးပုံ တစ်ပုံက အော်ပရေတာ လိုင်စင်ကြေးပေါ်မှာ ဘယ်လောက်ပေးနိုင်မလဲ ဆိုတာနဲ့ ဆုံးဖြတ်တာပါ။ ဘာသာရေး၊ လူမှုရေးနဲ့ ဆုံးဖြတ်တာ မဟုတ်ပါဘူး ” ဟု အထက်ပါအတိုင်း ဖြေကြားပေးသည်။
  • ဗြိတိန်အစိုးရက အစ္စလာမ်ဆန့်ကျင့်ရေးBlog ရေးသူများကို ပြည်ဝင်ခွင့် ပိတ်ပင်
    ဇွန်-၂၈၊ ၂၀၁၃
    M-Media
    LONDON- မွတ်စလင်အကြောင်း မကောင်းရေးသားမှုများနှင့် နာမည်ဆိုးကျော်ကြားသော Blogရေးသူ အမေရိကန်နှစ်ဦးကို ဗြိတိန်အစိုးရက ဥရောပနိုင်ငံ(ဗြိတိန်)အတွင်း ၀င်ခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။
    Geller spencer“ပါမီလာဂျလ်လာ(Pamela Geller) နှင့် ရောဘဒ်စပန်စာ(Robert Spencer) တို့အား နိုင်ငံအတွင်း ၀င်ခွင့်ကို ပြည်ထဲရေးဝန်ကြီးမှ ပိတ်ပင်လိုက်တာကို ကျွန်တော် ထောက်ခံတယ်” BBC News Online သို့ Home Affairs Select Committee၏ ဦးဆောင်သူ ကိဒ်သ်ဗဇ်(Keith Vaz) က ပြောကြားခဲ့သည်။
    “ဒါဟာမှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ပြီး၊ ဗြိတိန်နိုင်ငံသည် အမုန်းတရားတိုးပွားစေမည့် လုပ်ဆောင်ချက်အား အားပေးသည့် နိုင်ငံတစ်ခုလုံးဝ မဖြစ်စေရဘူး”
    ဂျလ်လာနှင့် စပန်စာသည် မွတ်စလင်များ နှင့် အစ္စလာမ်အပေါ် တိုက်ခိုက်ရေးသားမှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားပြီး၊ အပြောင်းအလဲကို မလိုလားသော အင်္ဂလိပ် ကာကွယ်ရေး အဖွဲ့စည်း(English Defence League)က စီစဉ်ထားသော လူထုချီတက်ပွဲတစ်ခုတွင် ဟောပြောရန်အတွက် ဗြိတိန်သို့ လာရောက်ရန် စီစဉ်ထားကြသည်။
    ဇွန် ၂၉ နေ့တွင် ကျရောက်သော တပ်မတော်နေ့ (Armed Forces Day) အထိန်းအမှတ် အဖြစ်EDL မှ စီစဉ်ထားသော လူထုချီတက်ပွဲသည် ဗြိတိန် စစ်သားတစ်ဦး အသတ်ခံခဲ့ရသော လန်ဒန်မြို့ အရှေ့တောင်ဘက် အခြမ်းတွင်ရှိ သော ၀ူးလ်ဝခ်ျ(Woolwich) တွင် အဆုံးသတ် မည်ဖြစ်သည်။
    ဗြိတိန်အစိုးရသည် နိုင်ငံအတွင်း တင်းမာမှုများ မဖြစ်ပေါ်လာစေရန် အစ္စလာမ်မုန်းတီးရေး Blog ရေးသူများအား ၀င်ရောက်ခွင့် တားမြစ်ချက်ကို ထုတ်ပြန်စေခဲ့သည်။
    လာရောက်သူများသည် နိုင်ငံရှိ ပြည်သူများအတွက် ကောင်းကျိုးမပြုနိုင်ပါက ဗြိတိန်အစိုးရမှ လာရောက်ခွင့်ကို ပယ်နိုင်ကြောင်း အစိုးရမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။
    “ကျွန်တော်တို့ အတူတကွမျှဝေခံစားနေကြတဲ့ တန်ဖိုးထားမှုများအား ဆန့်ကျင်တဲ့ အပြုမူများ၊ အမြင်များ ရှိသူများအားလုံး ကို ပယ်ရှားရမည်ဖြစ်တယ်။ နိုင်ငံအတွင်း ဘယ်လိုပုံစံမျိုးဖြစ်ဖြစ် အစွမ်းရောက်ဝါဒဖြစ်ပေါ်မှုများကို လက်မခံနိုင်ဘူး”
    ဂျလ်လာ သည် နယူးယောက်မြို့ 9/11 နေရာတွင် ပလီကျောင်းတော် တည်ဆောက်ရေးအား ဆန့်ကျင်သော လုပ်ဆောင်ချက်မှစကာ မွတ်စလင် ဆန့်ကျင်ရေး လုပ်ဆောင်ချက် အမြောက်အများအား ဦးဆောင်ခဲ့သူဖြစ်သည်။
    သူမသည် တောင်ဘက် ဆင်းရဲသူပပျောက်ရေး(Southern Law Poverty Center) တွင်ရှိသော မွတ်စလင်မုန်းတီးရေး အဖွဲ့ဖြင့် “အမေရိကန်အတွင်း အစ္စလာမ်ပပျောက်ရေး” ဆိုသော အဖွဲ့စည်းကို ဦးဆောင်လျက်ရှိသည်။
    ထို့အတူ သူတို့ နှစ်ဦးသည် နယူးယောက်မြို့တွင်ရှိသော မြေအောက်ရထားဘူတာများတွင် အစ္စလာမ်ဆန့်ကျင်ရေး ပိုစတာများအား ကပ်ခဲ့သူများဖြစ်ကြောင်း၊ ပိုစတာတွင် “တိုးတက်သူ တစ်ဦးနှင့် ရိုင်းစိုင်းသူတစ်ဦး တိုက်ခိုက်ကြပါက၊ တိုးတက်သူအား ထောက်ခံရမည်။ ထို့ကြောင့် အစ္စရေးအား ထောက်ခံ၍ ဂျီဟဒ်ကို ဆန့်ကျင်စို့” ဟု ရေးသားထားခဲ့သည်။
    စည်းလုံးမှု
    ဗြိတိန်ပြည်သူများသည် အစိုးရမှ မွတ်စလင်မုန်းတီးရေး Blog ရေးသူများအား ပိတ်ပင်ခြင်းသည် နိုင်ငံအတွင်း စည်းလုံးမှုကို အားပေးရာရောက်ကြောင်း ပြောဆိုခဲ့ကြသည်။
    “သူတို့ နှစ်ဦးဟာ ကမ္ဘာပေါ်က မွတ်စလင် တိုက်ခိုက်ရေး အစွန်းအရောက်ဆုံးသမားများအနက်မှ ဖြစ်ပြီး၊ နိုင်ငံအတွင်း သူတို့ထံမှ ဘယ်လို ပံ့ပိုးမှုမှရစရာမရှိဘူး” ဟု BBC သို့ Hope Not Hate ဖက်ဆစ်ဝါဒ ဆန့်ကျင်ရေးလှုပ်ရှားမှုမှ သုတေသနလုပ်သူ မတ်ဟူးကော်လင်း(Matthew Collins) က ပြောကြားခဲ့သည်။
    “သူတို့ဟာ ဒီလိုလာရောက်ပြီး ပြည်သူတွေကြားမှာ စည်းလုံးမှုတိုးပွားအောင် လုပ်မှာမဟုတ်ပဲ၊ EDL ကို ကူညီပြီး ပြသနာပိုမိုဖြစ်ပွားအောင် ပြုလုပ်မှာဖြစ်တယ်”
    “ဗြိတိန်နိုင်ငံက အမုန်းတရားကိုမလိုချင်ဘူး၊ ရက်အနည်းငယ် လေးတောင် မရှိစေချင်ဘူး”
    အရင်လက ၀ူးလ်ဝခ်ျတွင်တောခုတ်ဓားကြီးဖြင့် စစ်သားတစ်ဦး သတ်ခံခဲ့ရပြီးနောက်တွင် ဗြိတိန်တွင်း တင်းမာမှုများ ပိုမိုဖြစ်ပွားလာခဲ့သည်။
    ထိုအသတ်ခံရမှုမှ တစ်ဆင့် ဗြိတိန်နိုင်ငံရှိ မွတ်စလင်များနှင့် သူတို့၏ အထိပ်အမြတ်ထားသော ကိုးကွယ်ရာနေရာများအား တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့သည်။ ဗြိတိန်နိုင်ငံသည် မွတ်စလင်ဦးရေ ၂.၇ သန်းနီးပါး၏ အမိမြေ ဖြစ်သည်။
    ယခုလ အစောပိုင်းက ဘာမင်ဟမ်(Birmingham) တွင် ညအချိန်ဘုရားဝတ်ပြုကာ ပြန်လာသော မွတ်စလင် ၃ ဦးအား ဓားဖြင့် ထိုးခံခဲ့ရသည်။
    လွန်ခဲ့သော ရက်သတ္တပတ် နှစ်ခုက လန်ဒန်မြို့ အရှေ့တောင်ပိုင်းတွင် ရှိသော ဖော့စ်ဘယ်ရီ(Foxbury) လမ်းတွင် ဒါရွလ်အူလွမ်း အစ္စလာမ်ဘာသာရေးကျောင်း (Darul Uloom Islamic School) သည် မီးလောင်ကြွမ်းခဲ့ပြီး၊ ရဲများက ရှို့မီးဖြစ်နိုင်ကြောင်း စုံစမ်းနေသည်ဖြစ်သည် ဟု သိရသည်။
    Ref: http://www.onislam.net/
  • အမေရိကန်သံရုံးမှ စီစဉ်သည့် အမုန်းတရား ရေးသားပြောဆိုမှု ရှောင်ရှားရေး ဆွေးနွေးပွဲ ကျင်းပ
    ဇွန်-၂၈ ၊၂၀၁၃
    M-Media
    ဆူးထက်
    သတင်းမီဒီယာနှင့် ဆိုရှယ်မီဒီယာ စာမျက်နှာများတွင် လူမျိုးရေး၊ ဘာသာရေး ကိုဦးတည်ပြီး အမုန်းတရား တိုးပွားစေသည့် ရေးသာပြောဆိုမှုတွေ ကို ရှောင်ရှားနိုင်ဖို့ ဆွေးနွေးပွဲ တရပ်ကို ရန်ကုန်မြို့ Chatrium Hotel ချက်ထရီယမ် ဟိုတယ်၌ ယနေ့ မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ပြုလုပ်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    P6280063
    ယင်းအခမ်းအနားသို့ အမေရိကန်နိုင်ငံ သံအမတ်ကြီးအပါအ၀င် နိုင်ငံတကာမှ သတင်းထောက်မှ၊ ပြည်တွင်းမီဒီယာများမှ သတင်းထောက်များ နှင့် စိတ်ပါဝင်စားသူ ၂၀၀-၀န်းကျင် တက်ရောက်ခဲ့ပါသည်။
    အမုန်းတရား ရေးသားပြောဆိုမှု ရှောင်ရှားရေး ဆွေးနွေးပွဲ သို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ ခေါင်းဆောင်များမှ အမုန်းတရား ရေးသားပြောဆိုမှုများ ရှောင်ရှားရန် သြ၀ါဒများ ပြောကြားခဲ့ပြီး တက်ရောက်လာသူ တချို့၏ မေးခွန်းအနည်းငယ်ကိုလည်း ဖြေကြားခဲ့ကြပါသည်။
    အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေး ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဦးရဲထွဋ်မှ “လာမည့် ဂျူလိုင်လ ၁၅-ရက်နေ့ ကစပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်း အစီအစဉ်တွေ၊ ရေဒီယို အစီအစဉ်တွေကို  မိုဘိုင်းလ်ဖုန်းတွေပေါ်ကနေ ကြည့်နိုင်အောင် ကျွန်တော်တို့ လုပ်နေပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာ အပြိုင် ကောလဟာလတွေကို ငြိမ်သက် လုပ်နိုင်ဖို့ လိုပါတယ်။ နိုင်ငံပိုင် မီဒီယာ၊ အများပြည်သူ ၀န်ဆောင်မှု မီဒီယာတွေ အားလုံးကို အကြံပြုချင်တာက ပထမဆုံးက အပြုသဘောဆောင်တဲ့ အမြင်တွေနဲ့ အနာဂတ်ရဲ့ မျှော်လင့်ချက် အားလုံးကို ပြည်သူတွေကို အသိပေးဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မျှော်လင့်ချက် မရှိဘူး၊ အထီးကျန်နေတယ်လို့ ယူဆရတဲ့ သူတွေမှာ အစွန်းရောက်တဲ့ အယူဝါဒတွေ ရှိတတ်ပါတယ်။ ကျွန်တော်တို့တွေဟာ ဘာသာတွေ၊ လူမျိုးတွေ ဘယ်လောက်ပဲ ကွဲခြား ကွဲခြား ကျွန်တော်တို့ ကြားထဲမှာ တူညီတဲ့ တန်ဖိုးတွေကို ဦးစားပေးပြီး ဖော်ထုတ်ဖော် လိုပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ နိုင်ငံပေါ်မှာ ထားရှိတဲ့ တန်ဖိုး၊ မျှော်လင့်ချက် ဒါတွေကို ဖော်ထုတ်ပြီးတော့ ကွဲပြားခြားနားတဲ့ဟာတွေကို စပြောမယ့် အစား ဒီတူညီတဲ့ တန်ဖိုးတွေကို မူတည်ပြီး အားလုံး ဘယ်လို အလုပ်လုပ်နိုင်လဲဆိုတာစပြီး ရပ်တည်ပြီး အဖြေရှာဖို့ လိုပါတယ်” ဟုထည့်သွင်းပြောကြားသွားခဲ့သည်။
    ဓါတ်ပုံများ ကြည့်ရန် Click Here