News @ M-Media
Author: M-Media
  • ဥက္ကံတွင် ယနေ့ည တရားပွဲပြီးချိန်၌ အိမ်များ ဖျက်မည့် သတင်းများကြောင့် မွတ်စလင်မ်များ စိုးရိမ်
    မတ်လ ၂၉၊ ၂၀၁၃
    M-Media
    သုတ
    ဥက္ကံတွင် ယနေ့ည တရားပွဲပြီးချိန်၌ မွတ်စလင်မ်အိမ်များ ဖျက်မည်ဟုဆိုသော သတင်းများကြောင့် မွတ်စလင်မ်များစိုးရိမ်ထိတ်လန့်ကြ (ည ၉း၃၀ နာရီ)
    Oak Kan
    ဥက္ကံ ။ ။ ဥက္ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ ယနေ့ည တရားပွဲအပြီးတွင် ဖျက်ဆီးမည်ဟု သတင်းထွက်ပေါ်လာသောကြောင့် မွတ်စလင်မ်များ စိုးရိမ်ထိတ်နေ့ပြီး မွတ်စလင်မ်တချို့မှာ ရှောင်ပြေးနေကြောင်းသတင်းရရှိသည်။
    ဥက္ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ ဖျက်ဆီးမည်ဟု လွန်ခဲ့သောရက်ကတည်းမှ သတင်းများထွက်ပေါ်ခဲ့ပြီးနောက် စစ်တပ်မှ လုံခြုံရေးချထားသော်လည်း ၂၇-ရက်ညမှ စတင်ခဲ့သော (၃)ရက်တိုင် တရားပွဲပြီးဆုံးမည့် ၂၉-ရက်နေ့ ညပိုင်းရောက်မည်ကို ဥက္ကံမှ မွတ်စလင်မ်လင်များ စိုးရိမ်သောကရောက်နေခဲ့ကြကြောင်း သိရပြီးဖြစ်သည်။
    (၃)ရက် တရားပွဲမှာ ယနေ့ည နောက်ဆုံးဖြစ်ပြီး တရားပွဲပြီးသည်နှင့် ဗလီနှင့် မွတ်စလင်မ်အိမ်များအား ဖျက်ဆီးမည်ဟုစီစဉ်ထားကြောင်း၊ ယခင်က ရပ်ကွက်အတွင်းရှိခဲ့သူ တချို့အား ကတုံးများတုံးပြီး သင်္ကန်းများဝတ်ပေးထားကြောင်း၊ တရားပွဲအပြီး ဖျက်မည်ဟု သံဓိဌာန်ချပြီး ကြိုတင်စီမံမှုများပြုလုပ်ထားပြီးဖြစ်သောကြောင့် မွတ်စလင်မ်များအား ရှောင်နေကြရန် ဗုဒ္ဓဘာသာဝင် မိတ်ဆွေတချို့မှ တိတ်တဆိတ်သတိပေးလာကြောင်းသိရသည်။
    ယခုအခါ စစ်တပ်မှ စစ်ကား ၂-စီးမှာ ဥက္ကံမြို့ အနော်ရထာ ရပ်ကွက်အုပ်ချုပ်ရေးရုံးရှေ့တွင် ရှိနေပြီး၊ တရားပွဲပြုလုပ်နေသည့် နေရာမှာ အနော်ရထာရပ်ကွက် ဘုရားကြီးဘုန်းကြီးကျောင်းဘေးက ကွင်းတွင် ဖြစ်ကြောင်းသိရသည်။ ယနေ့ည တရားဟောပြောမည့် ဆရာတော်မှာ မစိုးရိမ်တိုက်မှ ဖြစ်သည်ဆိုသောကြောင့် ဥက္ကံမြို့သားများ ပိုမိုထိတ်လန့်နေကြောင်းလည်းသိရသည်။ မစိုးရိမ်တိုက်ဆရာတော်မှာ ဦးဝီရသူ မဟုတ်ကြောင်းနှင့် နာမည်ကို မပြောတတ်ကြောင်း ဥက္ကံမြို့ခံမှ M-Media အား ပြောကြားလာပါသည်။
  • တရားဥပဒေစိုးမိုးရေး၊ ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေး ကိစ္စရပ်များကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချူပ်နှင့် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူများတွေဆုံ ဆွေးနွေးခဲ့
    မတ်- ၂၉ ၊ ၂၀၁၃
    M-Media
    ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဥာဏ်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့(၂၉.၃.၂၀၁၂)ရက်၊ နေ့လည် (၂)နာရီမှ (၃း၃၀) နာရီထိသွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
    မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ သွားရောက် တွေ့ဆုံခဲ့သူများမှာ
    • အလ်ဟာဂ်ျ ဦးတင်နိုင်(အိုလမာအစ္စလာမ် သာသနာ့ ပညာရှင်များ အဖွဲ့ချုပ်)၊
    • ဦးဝဏ္ဏရွှေ(တွဲဖက်အတွင်းရေးမှူး၊ အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌာနချုပ်)၊
    • အလ်ဟာဂ်ျ ဦးမြင့်ထွန်း (ဥက္ကဋ္ဌ၊ မြန်မာမွတ်စလင် လူငယ်များ ဘာသာရေးအဖွဲ့မ.မ.လ)၊
    • ဟာဂျီဦးကျော်ခင်(အထွေထွေ အတွင်းရေးမှူး၊ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ်)တို့ဖြစ်ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ ပဲခူးတိုင်းအတွင်းအကြမ်းဖက်မှုများ ချုပ်ငြိမ်းကာ တည်ငြိမ် အေးချမ်းရေး၊ အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်သူများအား ကူညီထောက်ပံ့နိုင်ရေး၊ အိုးအိမ်စွန့်ခွာခဲ့ကြရသူများမိမိတို့အိုးအိမ်တွင်ပြန်လည် အခြေချနေထိုင်နိုင်ရေးနှင့် ပျက်စီးသွားသော သာသနာ့ အဆောက်အအုံများပြန်လည် ပြင်ဆင်နိုင်ရေးကိစ္စများ တင်ပြဆွေးနွေးခဲ့တယ်လို့ သိရှိရပါသည်။
    (၂၈.၃.၂၀၁၃)၊ ည(၈)နာရီခန့်တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာအစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်၍ လတ်တလောဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများ တည်ငြိမ်အေးချမ်းစေရန်အတွက် သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးထံလိပ်မူ၍ စာတစ်စောင်လည်း ပေးပို့ခဲ့ကြောင်းသိရှိရပါသည်။
    (ဓါတ်ပုံအညွန်း- ဗလီဝတ်ကျောင်းများနှင့် အစ္စလာမ်ဘာသာဝင်တို့၏ အိုးအိမ်စည်းစိမ်များကို အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ပဲခူးတိုင်းဒေသာကြီး အနောက်ဘက်ခြမ်းရှိ မြို့များ ပြပုံ)
  • ပုဒ်မ ၁၄၄ ထုတ်ထားသော ဇီးကုန်းမြို့ လုယက်မှုများ ဆက်လက်ဖြစ်ပွားနေ
    မတ်လ ၂၉၊ ၂၀၁၃ (နံနက် ၉း၁၅ – နာရီ)
    M-Media
    zingon
    မတ်လ ၂၇ ရက်နေ့က ဇီးကုန်းမြို့တွင် မတရား ရက်စက်စွာ အကြမ်းဖက်ဖျက်ဆီးမှုခံရသော ဇီးကုန်းမြို့မှမွတ်စလင်မ်များသည် ဇီးကုန်းမှ ၂-မိုင်ခန့်ဝေးသော လယ်မအုပ်စု ကျွဲခြံရွာသို့ သွားရောက် ခိုလှုံနေကြရသည်။
    ယမန်နေ့က နိုင်ငံတော် သမ္မတမိန့်ခွန်းပြောပြီး ယနေ့ ၂၉-ရက်နေ့ နံနက် (၉း၁၅နာရီ)တွင် မွတ်စလင်မ်များ ထွက်ပြေး တိမ်းရှောင်နေသည့် ကျွဲခြံရွာသို့ အကြမ်းဖက်အုပ်စု ရောက်ရှိလာပြီး မွတ်စလင်မ်များပိုင် ပစ္စည်းများ ကျပ်သိန်း ၃၀ ဖိုးခန့်ကို အဓမ္မလုယက်ဖျက်စီးခဲ့ကြောင်း သိရသည်။ ၄င်း ပစ္စည်းများသည် အလယ်တန်းပြ မွတ်စလင်မ်ဆရာမ ဒေါ်ခင်ထွေးမူနှင့် ၎င်းမိသားစုတို့  ပိုင်ဆိုင်သော ပစ္စည်းများဖြစ်ပြီး အကြမ်း ဖက်မှုများကို စိုးရိမ်သဖြင့် ၄င်းရွာရှိ အသိ လက်သမား ဦးတင်စိန်ဆီသို့ လွန်ခဲ့သည့် ၁၀-ရက်ခန့်က ကြိုတင်ပို့ဆောင်ထားခြင်းဖြစ်ပြီး ဆိုင်ကယ်၊ရေခဲသေတ္တာ၊ တီဗီနှင့် အခြားသောအဖိုးတန်ပစ္စည်းများစွာ ပါဝင်သည်။
    ဆရာမ ဒေါ်ခင်ထွေးမူတို့မှာ အစိုးရကျောင်းဆရာ/မ မိသားစုများဖြစ်ကြပြီး ၎င်းတို့ မိသားစုတွင် အလယ်တန်းပြ ၅ ဦးနှင့် အထက်တန်းပြ ၁ ဦးတို့ပါဝင်သည်။ ၎င်းတို့သည် ဇီးကုန်းမြို့ပတ်ဝန်းကျင်တွင် ဗုဒ္ဓဘာသာ ကလေးငယ်များကို အနစ်နာခံ စာသင်ကြားပေးနေသူများဖြစ်ကြသည်။ ယခုအခါ ဇီးကုန်းမြို့ရှိ ၄င်းတို့အိမ်များပျက်စီးရုံမက ၄င်းတို့၏ကျောင်းစိမ်း ၀တ်စုံများကိုလည်း နင်းချေစုတ်ဖြဲထားရာ စာသွားသင်ဖို့ပင် ကျောင်းစိမ်းအင်္ကျီ မရှိတော့ကြောင်း သိရသည်။
    ဇီးကုန်းမြို့နယ်ဝန်းကျင်ကို ပုဒ်မ ၁၄၄ အမိန့်ထုတ်ထားသည့်ကြားက ယခုလို အကြမ်းဖက် လုယက်မှုဖြစ်သွားခဲ့ခြင်းဖြစ်သည်။
  • စောင့်ကြည့် သတိထားရမည့် ရန်ကုန်အခြေအနေ
    မတ်လ ၂၉၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    police
    ပျံလွန်တော်မူသွားသော မစိုးရိမ် ကျောင်းတိုက်မှ ဆရာတော် ကိုရည်စူး၍ ဆုတောင်းပွဲတစ်ရပ်ကို (၂၉)ရက်၊ သောကြာနေ့ နေ့လည် ၁၂း၃၀ အချိန်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမအနီး ဆူးလေစေတီတော်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ထိုဆုတောင်းပွဲကို ဦးဝီရသူ တက်ရောက်မည် ဖြစ်ကြောင်းသတင်းရရှိသည်။
    ထိုအတူ လက်ပတောင်းတောင် ကြေးနီ စီမံကိန်း အရေး ဆန္ဒပြပွဲ တရပ်ပြုလုပ်ရန်ခွင့်ပြုချက် ရထားပြီးဖြစ်ကြောင်း သိရသည်။ ညနေ (၄း၀၀) နာရီတွင် ဆန္ဒပြပွဲကိုပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
    သို့ပါ၍ အစ္စလာမ်ဘာသာဝင် မိဘပြည်သူများ အနေဖြင့် ဂျွမ္မာအချိန်(သောကြာနေ့ဘုရားဝတ်ပြုချိန်)နှင့် အချိန်ကိုက်ဖြစ်နေသည်ကို သတိမူစေလိုကြောင်း၊ ရန်ကုန်မြို့တွင် ဆူပူအကြမ်းဖက်မှုဘက်သို့ ဦးတည်လာနိုင်သည်ကို သတိထားရမည် ဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင်များ အနေဖြင့် ၎င်းအနီးတ၀ိုက်မှ ရှောင်ကြဉ်ကြစေလိုကြောင်း၊ မိဘများ အနေဖြင့် မိမိသား သမီးများကို အိမ်ထဲတွင်သာ ထားရှိစေလိုကြောင်း၊ ပြဿနာဖြစ်စေနိုင်မည့် အရေးများမှ အတတ်နိုင်ဆုံး ကာကွယ် စောင့်ရှောက်ကြရန် တစ်ဦးချင်းစီမှာ တာဝန် ရှိကြောင်း၊ မိမိတစ်ဦးတစ်ယောက်ကြောင့် အစ္စလာမ်ဘာသာဝင်များ၏ အသက် အိုးအိမ်ကို မထိခိုက် မပျက်ဆီးစေရန် နေထိုင်ပြောဆိုသင့်ကြောင်း ကို ပန်းပဲတန်းမြို့နေ ပြည်သူတစ်ဦးမှ M-Media ကို ပြောပြလာပါသည်။
  • အင်းမမြို့ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များအား ဖျက်ဆီးရန် အကြမ်းဖက်သမားများ ချီတက်လာနေ
    မတ်လ ၂၈၊ ၂၀၁၃
    M-Media
    အေးမောင်
    In Ma, Bago Region, Myanmar
    ပဲခူး ။ ။ ပဲခူးတိုင်း သဲကုန်းတိုက်နယ် အင်းမမြို့ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များအား ဖျက်ဆီးရန် အကြမ်းဖက်သမားများ အုပ်စုဖွဲ့၍ ချီတက်လာနေကြာင်း သတင်းရရှိသည်။
    အင်းမမြို့ရှိ ဗလီအား လွန်ခဲ့သောရက်က ဖျက်ဆီးရန်ပြုခဲ့ပြီး ယနေ့ညတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား ဆက်လက်ဖျက်ဆီးရန်အတွက် အင်းမအနီးရှိ ဘုရားကြီးကုန်းရွာနှင့် ပျားစည်ရွာတို့မှ အကြမ်းဖက်သမားများစုပေါင်း၍ လူ-၁၅၀ ခန့် ချီတက်လာကြောင်းကို အခြားရွာမှနေ၍ အင်းမမြို့သို့ သတိပေးပြောဆိုသောကြောင့် အင်းမမြို့ရှိ မွတ်စလင်မ်များ အလွန်အမင်း စိုးရိမ်ထိတ်လန့်နေသောကြောင်း အင်းမမှ M-Media သို့ လွန်ခဲ့သော ၁၅-မိနစ်ခန့်တွင် ပြောကြားလာပါတယ်။
    အင်းမ နောက်ဆက်တွဲသတင်း –
    ရေကျော်ရွာအကျော် အင်းမအနီးရှိ နွားပွဲဈေးမှ မွတ်စလင်မ်ပိုင် ကြက်ခြံတစ်ခုအား လွန်ခဲ့သော ၄၅-မိနစ်ခန့်က ၀င်ရောက်ဖျက်ဆီးနေကြောင်း၊ အင်းမအနီးတွင် လုံခြုံရေးချထားသော စစ်တပ်ကို လွန်ခဲ့သော နာရီဝက်ခန့်က အကြောင်းကြားစဉ် တပ်မမှူးရောက်နေ၍ ခဏကြာလျှင် လာခဲ့မည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများသည် ယခုအခါ ကြက်ခြံအား တချို့တ၀က်ဖျက်ဆီး၍၊ မီးလုံးများလည်း ရိုက်ခွဲသွားကြောင်း၊ ယခုအချိန်ထိ စစ်တပ်မှ မရောက်ရှိလာသေးကြောင်း သိရသည်။