News @ M-Media
Author: YinYin
  • ရန်ကုန် ၃၈-လမ်းတွင် ဗုံးတွေ့သည်မဟုတ်ပဲ အိတ်တစ်လုံးသာဖြစ်
    ရန်ကုန် ၃၈-လမ်းတွင် ဗုံးတွေ့သည်မဟုတ်ပဲ အိတ်တစ်လုံးသာဖြစ်
    အောက်တိုဘာ ၁၅၊ ၂၀၁၃
    M-Media
    လင်းလင်း
    ရန်ကုန်     ။       ။   ရန်ကုန်မြို့၊ မဟာဗန္ဓုလမ်းနှင့် ၃၈-လမ်းထောင့်တွင် ယနေ့ နံနက် ၁၀း၀၀-နာရီခန့်က ဗုံးတစ်လုံး တွေ့ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့ရာ ဗုံးမဟုတ် လက်ဆွဲအိတ်တစ်လုံးသာဖြစ်နေကြောင်း သိရသည်။
    ၃၈-လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် စည်ပင်သာယာအမှိုက်ပုံးတွင် ဗုံးတွေ့ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ ဗုံးမဟုတ်ပဲ အတာချီကေ့အခွံတစ်လုံးသာဖြစ်နေကြောင်း သိရသည်။
    ယခုရက်ပိုင်းအတွင်း တောင်ငူမြို့ ဗုံးပေါက်ကွဲမှုမှစတင်၍ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတို့တွင် ဆက်တိုက်ဆိုသလို ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများ ဖြစ်ပေါ်လာနေ သဖြင့် အများပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြောင်း သိရသည်။
    “ရန်ကုန်မှာ ဆက်တိုက် ဗုံးတွေပေါက်နေတာ အမေကြီး စိတ်ပူတယ်။ အိမ်က သားသမီးတွေ မြေးတွေ အပြင်သွားရင် စိတ်ပူနေရတယ်။ ဘာလို့များ ဒီလောက်တောင် အကြမ်းဖက်မှုတွေ လုပ်ချင်နေကြတာလဲ။ ပြည်သူတွေ အေးအေးချမ်းချမ်း မနေရတာကြာလည်း ကြာပါပြီ။ မသေခင်တော့ တိုင်းပြည် အေးအေးချမ်းချမ်းလေး နေနေကြတာ မြင်သွားချင်သေးတယ်”လို့ ရန်ကုန်မြို့ ၃၈-လမ်းအနီး နေထိုင်သည့် အသက် (၇၀)ကျော် အဘွားအိုတစ်ဦးမှ ပြောပါသည်။
  • စစ်ကိုင်းမြို့ နေရာ ၂-ခုတွင်လည်း ပေါက်ကွဲမှုဖြစ်
    စစ်ကိုင်းမြို့ နေရာ ၂-ခုတွင်လည်း ပေါက်ကွဲမှုဖြစ်
    အောက်တိုဘာ ၁၅၊ ၂၀၁၃
    M-Media
    KK
    ဓါတ်ပုံ - google image တွင် ဖော်ပြထားသည့် စစ်ကိုင်းတံတားပုံဖြစ်ပါသည်။
    ဓါတ်ပုံ – google image တွင် ဖော်ပြထားသည့် စစ်ကိုင်းတံတားပုံဖြစ်ပါသည်။
    စစ်ကိုင်း ။ ။ ယခုရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေးနှင့် တောင်ငူမြို့တို့တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲမှု၊ တွေ့ရှိမှုများရှိခဲ့သလို ယနေ့တွင် စစ်ကိုင်းမြို့ နေရာ၂-ခု၌လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
    စစ်ကိုင်းမြို့ ရွှေပြည့်စုံဟိုတယ်၌ ယနေ့မနက် ၃-နာရီခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး လူသေပျောက်မှု မရှိကြောင်း သိရပါသည်။
    ၎င်းနည်းတူ စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်စေတီ၌လည်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး ပေါက်ကွဲရာနေရာမှာ မန္တလေးဘက် မျက်နှာလှည့်ထားသည့် ကားရပ်နားရန်နေရာအနီးတွင်ဟု သိရှိရပြီး အသေအပျောက် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရပါသည်။
    ပေါက်ကွဲမှုများမှာ မည်သည့်ပေါက်ကွဲမှုများဖြစ်သည်ဆိုသည်ကိုမူ မသိရှိရသေးပဲ ဆက်လက်စုံစမ်းမှုများ ပြုလုပ်ဆဲဖြစ်ကြောင်း သိရပါသည်။
  • ယခုရက်ပိုင်းအတွင်း ဆက်တိုက်တွေ့ရှိနေသော ဗုံးများအတွက် သတိပြုရန်
    ယခုရက်ပိုင်းအတွင်း ဆက်တိုက်တွေ့ရှိနေသော ဗုံးများအတွက် သတိပြုရန်
    အောက်တိုဘာ ၁၅၊ ၂၀၁၃
    M-Media
    Shrithu Aung ဖေ့ဘွတ်မှ ကူးယူမျှဝေပါသည်။
     ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ Western Park 2 စားသောက်ဆိုင်တွင် ယနေ့ တွေ့ရတဲ့ မပေါက်ကွဲသေးသောမိုင်းတခု၊  ဓာတ်ပုံ- ရန်ကုန်တိုင်း ရဲတပ်ဖွဲ့
    ဓါတ်ပုံအညွှန်း – ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ Western Park 2 စားသောက်ဆိုင်တွင် မနေ့က တွေ့ရသည့် မပေါက်ကွဲသေးသောမိုင်းတခု၊
    ဓာတ်ပုံ- ရန်ကုန်တိုင်း ရဲတပ်ဖွဲ့
    လက်လုပ်မိုင်း(ဗုံး) နှင့် အန္တရာယ် ရှိနိုင်သော မြို့တွင်း နေရာဒေသများ
    – လူစည်ကားရာ ဈေးများ
    – ယာဉ်ရပ်နားရာ နေရာများ
    – လမ်းဘေး အမှိုက်ပုံများ
    – ခြုံနွယ်ထူထပ်သော လမ်းဘေးများ
    – ရုပ်ရှင်ရုံ နှင့် ဟိုတယ်အ၀င်လမ်းများ
    – ခရီသည်တင်ယာဉ်လူတင်လူချရာနေရာများ
    – အဝေးပြေးကားကွင်းများ
    – မီးရထားဘူတာရုံ
    – လေဆိပ်
    – အများသုံးအိမ်သာများ
    – မီးလောင်လွယ်သည့် သိုလှောင်ရုံးအနီးဒေသများ
    – ကုန်တိုက်များ
    – လူကူးဂုံးကျော်တံတားများ
    (အထက်ဖော်ပြပါ နေရာတွေကိုအထူးသတိပြုသင့်ပါတယ်)
    ထင်ရှားနိုင်သည့် အမှတ်အသားများ
    – ပလပ်စတစ်အိတ်အမဲ/လုံးထွေးထားသည့်ပီနံအိတ်အပြဲအစုတ်
    – လက်ကိုင်အိတ်/လွယ်အိတ်/မျက်မှန်ထည့်သည့်ဗူးခွံ/စက္ကူဖြင့်ထုပ်ပိုးပြီး တိတ်ဖြင့်ပတ်ထားသည့် အထုပ်များ
    – သာမာန်စွန်ပစ်ပစ္စည်းမဟုတ်သည့် ရေဒီယီု/ကက်ဆက်/ဖုန်း/စားပွဲတင်နာရီများ/ခရီးဆောင်အိတ်များ/ ပုံမှန်မဟုတ်သည့်အမှိုက်သရိုက်အစုအပုံများ
    – ၀ါယာကြိုးအစများ/ဓါတ်ခဲမှ အခွံပလပ်စတစ်အစများ/ပုံမှန်မဟုတ်သည့် သစ်ရွက်စုပုံသဏ္ဍာန်များ/သံဗူးများ/ တိတ်အ၀ါအစအနများ/သံပိုက်လုံးများ/ယမ်းဟုယူဆ ရသောအမှုန်.များ/ပုံပျက်နေသည့် မြေသဏ္ဍာန်များ
    ( အထက်ဖော်ပြပါ အနေအထားတို့ကို တွေ.ရှိတတ်ပါသည်)
    အထူးသတိပြုရန်
    ( မိမိ မမြင်ဖူးသော(သို.) မသင်္ကာသော ပစ္စည်းတစုံတရာကို တွေ့ပါက ကိုင်တွယ်ကြည့်ရှုခြင်းမှ ရှောင်ရှားရန် နှင့် တာဝန်ရှိသူများသို. သတင်းပေးရန်အထူးအရေးကြီးပါသည် )
    *  ကံကောင်းသည့် အချက်မှာ ဒေသန္တရ လက်လုပ်မိုင်း များသာများပြီး စနစ်တကျထုတ်လုပ်ထားသည့် မိုင်း(ချိန်ကိုက်မိုင်း) ဖျက်အားပြင်း မိုင်းများ မဟုတ်ခြင်းပင်ဖြစ်သည်။
    အထက်ပါ ဖြစ်စဉ်များနှင့်ပတ်သက်၍
    –  သတင်းများ၊ မသင်္ကာဖွယ်ရာလူများ၊ သံသယဖြစ်ဖွယ်ရာပစ္စည်းများ တွေ့ရှိပါက –
    ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး Hot Line ဖုန်း ၀၁-၂၃၀၂၁၉၉၊
    နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး Hot Line ဖုန်း ၀၆၇-၅၅၀၃၃၃၊
    မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး Hot Line ဖုန်း ၀၂-၆၁၄၄၄၊
    ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးဖုန်း ၀၅၂-၂၃၉၉၉ သို့ ဆက်သွယ်သတင်းပေး တိုင်ကြားနိုင်ကြောင်း သိရှိရသည်
  • International Study Centres နှင့် Bellerbys College၏ ပညာရေးဟောပြောပွဲ
    International Study Centres နှင့် Bellerbys College၏ ပညာရေးဟောပြောပွဲ
    စက်တင်ဘာ ၁၄၊ ၂၀၁၃
    M-Media
    ဆူးထက်
    untitled
    Study Group နှင့် Bellerbys College ၏ အထောက်အပံ့ဖြင့် British Council မှ ကျင်းပပြုလုပ်သော ပညာရေးဆွေးနွေးပွဲတရပ်ကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၁-ရက်နေ့တွင် ဗြိတိသျှကောင်စီစာကြည့်တိုက်၏ Self-Access Centre တွင် နံနက် ၉:၃၀ မှ နေ့လည် ၁၂:၀၀ အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
    အဆိုပါ ဆွေးနွေးပွဲတွင် Study Group နှင့် International Study Centers UK (ISC UK) မှ Recruitment Specialist Kelly Hsieh နှင့် Bellerbys College မှ Recruitment Specialist Gledpet Sumonphandh တို့က UK ရှိ Study Group ၏ မိတ်ဖက်တက္ကသိုလ် ၅၀ကျော်၏ ကျောင်းပရဝုဏ်တွင် ဖွင့်လှစ်ထားရှိသော ISC များနှင့် Study Group ပိုင် Bellerybys College မှ ဖွင့်လှစ်ပို့ချနေသော သင်တန်းများ၊ ဘာသာရပ်များအကြောင်း နှင့် ဝန်ဆောင်မှုများအကြောင်းကို ရှင်းလင်းပြောကြားသွားမည်ဖြစ်သည်။
    Study Group ၏ ISC များတွင်ပို့ချနေသော ဘွဲ့ကြို၊ဘွဲ့လွန်ဝင်ခွင့် သင်တန်းများသည် ၎င်းတို့၏ မိတ်ဖက်တက္ကသိုလ်များ၏ သင်ရိုးညွှန်းတန်းများ၊ သင်ခန်းစာများ နှင့် ကိုက်ညီမှုရှိအောင် ဖန်တီးပေးထားပါ၍ တက်ရောက်ခဲ့သောကျောင်းသားများ၏ ၉၀% သည် သက်ဆိုင်ရာ ISC နှင့် ချိတ်ဆက်ထားသောတက္ကသိုလ်များသို့ ဝင်ရောက်ခွင့်ရကြသည်။ ယင်းကျောင်းသားများသည် တက်ရောက်ခဲ့သည့် သင်တန်းအမျိုးအစား နှင့် စာမေးပွဲရလဒ်ပေါ်တွင် မူတည်၍ သက်ဆိုင်ရာ မိတ်ဖက် တက္ကသိုလ် များသို့ ပထမနှစ်၊ ဒုတိယနှစ် နှင့် ဘွဲ့လွန်ဒီဂရီတန်းများကို ဆက်လက်တက်ရောက်နိုင်သည်။
    Study Group UK ၏ မိတ်ဖက်တက္ကသိုလ်များ၏ ကျောင်းပရဝုဏ်ရှိ ISC များအပြင် Study Group ၏ ကိုယ်ပိုင်ဖြစ်သော Bellerbys College တွင်လည်း ဘွဲ့ကြို ဝင်ခွင့်ပြင်ဆင်ပေးသည့် GCSE, A-level, Foundation year သင်တန်းများနှင့် ဘွဲ့လွန်အတွက်ပြင်ဆင်ပေးသည့် Pre-masters သင်တန်းများကိုလည်း ဘာသာရပ် ပေါင်းစုံလင်စွာ သင်ကြားပေးသည်။ London, Oxford, Cambridge နှင့် Brighton မြို့များတွင် များဖွင့်လှစ်ထားသော Bellerbys College သည် နိုင်ငံတကာ အဆင့်မှီ နည်းပညာမြင့်မားသည့် သင်ထောက်ကူပစ္စည်းများနှင့် အရည်အချင်းပြည့်ဝသည့် ဆရာများထားရှိပြီး ကျောင်းသားများကို ပံ့ပိုးမှုပေးသည့်ဝန်ဆောင်မှုများ၊ ကျောင်းသားများနေထိုင်မှုနှင့် လူမှုရေးဆိုင်ရာ ပျော်ပွဲရွှင်ပွဲအစီအစဉ်များကိုလည်း စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
    Bellerbys College ၏ ကျောင်းသား ၅၇% သည် ၂၀၁၂တွင် UK ၏ တက္ကသိုလ်ဝင်ခွင့် A – Level စာမေးပွဲတွင် အဆင့်အမြင့်ဆုံး Grade များရရှိခဲ့ပြီး၊ ၅၀% မှာ UK ၏ ထိပ်တန်း တက္ကသိုလ် ၁၅ခုသို့ဝင်ခွင့်ရရှိခဲ့ကြသည်။
    UK ၏ နိုင်ငံတကာအဆင့်မှီ ဒီဂရီ ရရှိရန်မျှော်မှန်းထားသော မြန်မာကျောင်းသားများနှင့် မိမိ၏ သားသမီးများကို နိုင်ငံတကာအလုပ်အကိုင်ဈေးကွက်တွင် ဝင်ဆံ့နိုင်ရန် အတွက် နိုင်ငံတကာအသိအမှတ်ပြု ပညာရေးရရှိရန် ကြံရွယ်သောမိဘများ တက်ရောက်သင့်သော ပညာရေးဆွေးနွေးပွဲတရပ်ဖြစ်ကြောင်း သိရသည်။ [email protected] သို့ စရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
  • အောက်တိုဘာ၁၄၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    အောက်တိုဘာ၁၄၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    အောက်တိုဘာ ၁၄၊ ၂၀၁၃
    M-Media
    ရန်ကုန်-မန္တလေး ဗုံးတွေ့ရှိ၊ အချိန်မီတားဆီး
    ယနေ့ အောက်တိုဘာ ၁၄-ရက်နေ့တွင် ရန်ကုန်နှင့် မန္တလေးမြို့ရှိ လူသွားလူလာများသည့်နေရာများတွင် မိုင်းနှင့်  ချိန်ကိုက်ဗုံးထောင်မှုများဖြစ်ပွားခဲ့ရာ တပ်မတော်နှင့် ရဲမှ အချိန်မီ တားဆီးနိုင်ခဲ့ပြီး ရန်ကုန်မြို့တွင် အလုံမြို့နယ်ရှိ Western Park Ruby စားသောက်ဆိုင်တွင် တွေ့ရှိခဲ့ပြီး မန္တလေးမြို့တွင် လမ်း၈၀x၁၆လမ်းထောင့် အနီးတွင် ချိန်ကိုက်ဗုံးတစ်လုံး တွေ့ရှိကာ စနက်တံဖြုတ်ရန် ခက်ခဲသောကြောင့် စနစ်တကျ ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်းနှင့် ၆၂လမ်း၊ ၂၉-၃၀လမ်းကြား အနီးတွင် မသင်္ကာဖွယ်ရာ အထုတ်တထုတ်တွေ့ရှိတာကြောင့် ဗုံးဟုတ် မဟုတ် စစ်ဆေးနေကြောင်း၊ မနေ့ကလည်း ရန်ကုန်မြို့ အင်းစိန်စော်ဘွားကြီးကုန်း ကားမှတ်တိုင်နှင့် သာကေတမြို့နယ် အခွန်လွတ်စေးအနီးတွင်လည်း ဗုံးများတွေ့ရှိခဲ့ရကြောင်း၊ ချိန်ကိုက်ဗုံးနှင့် မိုင်းများ မတွေ့ရှိမီ အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၃ ရက်အတွင်း ရန်ကုန်မြို့နှင့် ပဲခူးတိုင်းအတွင်း ဗုံးပေါက်ကွဲမှု ၃ ခုဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံး၍ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရကြောင်း ဧရာဝတီသတင်းတွင် ဖော်ပြထားပါသည်။
    _______________________
    လက်ပံတောင်းမှာ ခြံစည်းရိုး ဆက်လက်ကာရံနေတဲ့အတွက် အခြေအနေတင်းမာဆဲ
    စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအတိုင်း လုပ်ဆောင်တာ မဟုတ်ကြောင်း၊ ဒေသခံ ၂၀၀ ၀န်းကျင်လောက်က ၀မ်ပေါင်ကုမ္ပဏီကို သွားရောက် ဆန္ဒပြခဲ့ ကြောင်း နှင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း ဆောင်ရွက်ရန် တောင်းဆိုမှုများ ပြုလုပ်သွားမယ်လို့ RFA သတင်းမှာ ဖော်ပြထားပါတယ်။
    ______________________
    ဆီးဂိမ်းဖွင့်ပွဲ လက်မှတ်အရေအတွက် ရောင်းချမှု နည်းမည်
    ဒီဇင်ဘာ ၁၁-ရက်နေ့ နေပြည်တော်တွင် ပြုလုပ်မည့် ၂၇-ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ဆီးဂိမ်းဖွင့်ပွဲတွင် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော
    ဧည့်သည်များ၊ အထူးဧည့်သည်များ များပြားမှုကြောင့် ရောင်းချမည့် လက်မှတ်အရေအတွက် နည်းပါးမည်ဟု အားကစားဝန်ကြီးဋ္ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်
    ဦးအုန်းမြင့်ဦးက ပြောကြောင်း မဇ္ဈိမသတင်းမှာ ဖော်ပြထားပါတယ်။
    ______________________
    မြန်မာနိုင်ငံရှိ ဘဘာဝဓာတ်ငွေ့လုပ်ကွက်နှစ်ခုအား အိန္ဒိယကုမ္ပဏီတစ်ခု ရရှိ
    အိန္ဒိယအစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီတစ်ခုဖြစ်သည့် ONGC Videsh Ltd(OVL) ကုမ္ပဏီမှာ မြန်မာနိုင်ငံရှိ ဘာဝဓာတ်ငွေ့လုပ်ကွက် နှစ်ခုအား
    လုပ်ကိုင်ခွင့်ရရှိခဲ့သည်ဟု သိရသည်။
    မြန်မာနိုင်ငံ ကုန်းတွင်းသဘာဝဓာတ်ငွေ့လုပ်ကွက်အတွက် ၂၀၁၃ ခုနှစ်နှစ်ဒုတိယအကြိမ်မြောက် တင်ဒါခေါ်ယူမှုတွင် OVL က တင်ဒါ အောင်မြင်ခဲ့ခြင်း ဖြစ်ပြီး ဇေဗျူတောင်-နန်းတော်လုပ်ကွက်နှင့် သဲကုန်း-ရွှေဂူလုပ်ကွက် တို့ကိုရရှိခဲ့သည်။
    မြန်မာ့စွမ်းအင်ဝန်ကြီးဌာနမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ်ရေး လုပ်ငန်းလုပ်ကိုင်ရန် လုပ်ကွက် ၁၃ ခုကို ချပေးခဲ့ပြီး အိန္ဒိယမှ OVL၊ အီတလီမှ Eni၊ ပါကစ္စတန်မှ PVTနှင့် ကနေဒါမှ Pacific Hunt Energy Corp ကုမ္ပဏီတို့မှာ လုပ်ကွက်နှစ်ကွက်စီ အသီးသီးရရှိခဲ့ကာ၊ မလေးရှားမှ Petronas၊ ဘရူနိုင်းမှ National Petroleum ၊ လူဇင်ဘတ်မှ CAOG၊ ရုရှားမှ Bashneftနှင့် ထိုင်းနိုင်ငံမှ PTT ကုမ္ပဏီတိုမှ လုပ်ကွက်တစ်ကွက်စီ ရရှိခဲ့ကြသည်။ စွမ်းအင်ဝန်ကြီးဌာနမှ ပြီးခဲ့သည့် ဇန်န၀ါရီလ ကလည်း လုပ်ကွက် ၁၈-ခုချပေးခဲ့သေးသည်။
    Ref : thehindu
    ________________________
    အပူပိုင်းမုန်တိုင်းကြောင့် အိန္ဒိယတွင် ၂၃ ဦးသေဆုံး
    ပြီးခဲ့သည့် စနေနေ့ညက အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အိုဒစ်ရှာပြည်နယ်နှင့် တောင်ပိုင်း အန်ဒရာ ပရာဒရှ်ပြည်နယ်တို့တွင်တိုက်ခတ်ခဲ့သော အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်း ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း ရေကြီးခြင်းတို့ ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၂၃ ဦး သေဆုံးခဲ့သည်ဟုသိရသည်။
    ဖိုင်လင်အမည်ရသည့် အဆိုပါဆိုကလုန်းမုန်းတိုင်းဒဏ်အား ပြင်းထန်စွာ ခံစားခဲ့ရသည့် အိုဒစ်ရှာပြည်နယ်တွင် စနေနေ့ည ၉ နာရီခွဲဝန်းကျင်က မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး ဓာတ်အားလိုင်းများ၊ ဆက်သွယ်ရေးလိုင်းများပြတ်တောက်ခြင်း၊ သစ်ပင်များအမြစ်မှ ကျွတ်ထွက်ခြင်း၊ အဆောက်အအုံများ၊ ကောက်ပဲသီးနှံများ ပျက်ဆီးခြင်းကြောင့် ရူပီသန်းထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။
    သေဆုံးခဲ့သူများမှာလည်း ထိုပြည်နယ်မှပင်ဖြစ်သည်။ အိုဒစ်ရှာပြည်နယ်မှာ ၁၉၉၉ ခုနှစ်ကလည်း ဆိုင်ကလုန်းမုန်ဒိုင်းဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရပြီး လူ ၁၀၀၀၀ ကျော် သေဆုံးခဲ့သည်။
    အပူပိုင်းမုန်တိုင်းဖိုင်လင်ကြောင့် လူပေါင်း ၅ သိန်းကျော်ကို ဘေးလွတ်ရာနေရာသို့ပြောင်းရွှေ့ပေးခဲ့ရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    Ref : xinhua
    ________________________
    သမိုင်းဝင်နေရာ ၅၀ ခန့်အား အီတလီရောင်းချတော့မည်
    စီးပွားရေးကျဆင်းမှုနှင့်ရင်ဆိုင်နေရသော အီတလီနိုင်ငံမှာ တင်ရှိနေသော အကြွေးများအား ပေးဆပ်ရန်အတွက် ၁၈ ရာစုနှစ်ကတည်ဆောက်ထားသည့် နန်းတော် အပါအ၀င် သမိုင်းဝင်နေရာ ၅၀ ခန့်အား ရောင်းချတော့မည်ဟု သိရသည်။
    ဂျီဒီပီ ၃ ရာခိုင်နှုန်းအောက်ရောက်နေသော တိုင်းပြည်၏ လိုငွေပြမှုများ ရပ်တန့်စေရန် ရည်ရွယ်၍ အီတလီနိုင်ငံ၏ ရတာနာဟုခေါ်ဆိုနိုင်သည့် ထိုနေရာများအား ရောင်းချရန်စီစဉ်ရခြင်းဖြစ်သည်။
ုရောင်းချမည့်စာရင်းတွင် ပါဝင်သည့် အဆောက်အအုံများမှာ မီလန်မြို့အနီးတွင်ရှိသည့် ၁၈ ရာစုက တည်ဆောက်ထားသော Villa Mirabello နန်းတော် ရောမ မြို့မှ ၂၇-မိုင်ကွာဝေးသည့် ဘရာစီယာနိုင်မြို့တွင်ရှိသည့် Orsini Odescalchi ရဲတိုက် စသည့်တို့ ပါဝင်ကြသည်ဟု သတင်းများက ဖော်ပြကြသည်။
    အီတလီနိုင်ငံမှာ ၂၀၁၁ ခုနှစ် တတိယ သုံးလပတ်တွင် စီးပွားရေးကျုံ့ဝင်မှု ၀.၂ ရာခိုင်နှုန်းနှင့် စတုတ္ထ သုံးလပတ်တွင် ၀.၇ ရာခိုင်နှုန်းရှိပြီးချိန်မှစ၍ စီးပွားရေးကျဆင်းမှု နှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
    Ref : presstv
    ________________________
    အိန္ဒိယနှင့် ရုရှားတို့ ပူးပေါင်းစစ်ရေးလေ့ကျင့်မည်
    လာမည့်အောက်တိုဘာ ၁၈ ရက်နေ့တွင် အိန္ဒိယပြည်နယ်တစ်ခု၌ အိန္ဒိယနှင့် ရုရှားတို့ ပူးပေါင်းကာ စစ်ရေးလေ့ကျင့်မည်ဟု သတင်းများက ဒီကနေ့တွင် ရေးသားဖော်ပြ ကြသည်။
    ၁၀-ရက်တာကြာမြင့်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို နိုင်ငံအနောက်ပိုင်း ရာဂျက်စ်သန်ပြည်နယ်ရှိ မဟာဂျန်ကွင်းပြင်တွင် ပြုလုပ်မည်ဖြစ်ပြီး မြေပြင်တိုက်ခိုက်ရေး လေ့ကျင့်ခန်းများ ပါဝင်မည်ဖြစ်သည်။
    အိန္ဒိယနိုင်ငံမှာ ထိုကဲ့သို့မြေပြင်တိုက်ခိုင်ရေးကို ယခင်ကလည်း အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တိုင်း၊ ကာဇက်စတန်တို့နှင့်ပူးပေါင်းကာ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ဖူးသည်။
    Ref : xinhua
    ________________________
    ကိုလံဘီယာတွင် ရထားတစ်စီးအား သူပုန်များဗုံးခွဲတိုက်ခိုက်
    ကိုလံဘီယာလွတ်မြောက်ရေးတပ်(FARC) မှကျောက်မီးသွေးများတင်ဆောင်ထားသည့် ရထားတွဲကို ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု သိရသည်။
    ကိုလံဘီယာမြောက်ပိုင်း ဗင်နီဇွဲလားနယ်စပ်ရှိ လာဂူဂျီရာပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောက်မီးသွေးများ နိုင်ငံခြားသို့တင်ပို့ရန် Cerrejon မိုင်းတွင်းမှ
    Puerto Bolivar သို့ ခုတ်မောင်းနေသည့် Cerrejon ကုမ္ပဏီပိုင် ကျောက်မီးသွေးတင်ရထားအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ရထားတွဲ ၄၃-တွဲ တိမ်းမှောက်ခဲ့ သည်။ ထိုပြင့် ထိုတိုက်ခိုက်မှုကြောင့် ဓာတ်အားပေးတာဝါတိုင် သုံးခုမှာလည်း ပျက်ဆီးခဲ့ရသည်။
    မူးယစ်ဆေးဝါးများလုပ်ငန်းများနှင့် ဆက်စပ်နေသည့် အကြမ်းဖက်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံပိုင်ပစ္စည်းများအားတိုက်ခိုက်မှုများနှင့် ပြည်သူများအား ကာကွယ်ရန် ထိုဒေသတစ်ဝိုက်တွင် တိုက်လေယာဉ်များကို ကင်းလှည့်နေစေသည်ဟု ကိုလံဘီယာ လေတပ်က ထုတ်ဖေါ် ပြောကြားခဲ့သည်။
    Ref : xinhua
    ________________________
    ဆီနီဂေါတွင် ကုလငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရ
    အငြင်းပွားဖွယ်ပြဿနာများဖြစ်ပွားနေသည့် ဆူဒန်နိုင်ငံ ဒါဖာဒေသတွင် ယမန်နေ့ကတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ သည်ဟု သိရသည်။
    ဒါဖာရှိ အာဖရိကယူနီယံနှင့် ကုလသမဂ္ဂတပ်ဖွဲ့ (UNAMID) မှ တနင်္ဂနွေနေ့ကထုတ်ပြန်သော ကြေညာချက်တွင် အလ်ဂီအီနာမြို့မှ ဒါဖာအနောက်ဘက်ရှိ ကုလသမဂ္ဂ ရုံးချုပ်သို့ သွားရောက်သည့်အဖွဲ့အား လုံးခြုံရေးပေးကာ လိုက်ပါသွားစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး သေဆုံးသွားသူများမှာ ဆီနီဂေါ စစ်သားများ ဖြစ်ကြကာ၊ အခြား ဆီနီဂေါ စစ်သားလေးဦးမှာလည်း ဒဏ်ရာရရှိခဲ့သည်ဟု ရေးသားဖော်ပြထားသည်။
    အဆိုပါတိုက်ခိုက်မှုမှာ ဒုတိယမြောက်တိုက်ခိုက်မှုဖြစ်ပြီး လွန်ခဲ့သည့် သုံးရက်ကလည်း ကုလငြိမ်းချမ်းရေးတပ်သားများကို ဦးတည်သည့် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွား ခဲ့သည်။
    Ref : presstv
    _______________________
    အလ်ဆာဗေးဒိုးတွင် ဘတ်စ်ကားတစ်စီး ချောက်ထဲပြုတ်ကျ ဘောလုံးပရိတ်သတ် ၆-ဦးသေဆုံး
    အမေရိကတိုက် အလယ်ပိုင်းရှိ လူဦးရေအသိပ်သည်းဆုံး နိုင်ငံတစ်ခုဖြစ်သည့် အလ်ဆာဗေဒိုးနိုင်ငံအနောက်ပိုင်းတွင် ဘောလုံးသမားများကို တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီ ချောက်ထဲသို့ ထိုးကြခဲ့ပြီး ၆ ဦးသေဆုံးခဲ့သည်ဟုသိရသည်။
    ယမန်နေ့နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းကလပ်အသင်းတစ်ခု ဖြစ်သည့် Sonsonate အသင်း၏ ပရိတ်သတ်များတင်ဆောင်လာသည့် အဆိုပါ ဘတ်စ်ကားမှာ ၁၀မီတာ(၃၂ ပေ)အမြင့်ရှိ တောင်ကမ်းပါးယံမှာ ပြုကျခဲ့ခြင်းဖြစ်သည်ဟု မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့သည်။
    စက်ပိုင်းဆိုင်ရွာချို့ယွင်းမှုကြောင့်ဖြစ်ပွားခဲ့ရသည့် အဆိုပါတိမ်းမှောက်မှုတွင် ၅ ဦးမှာ နေရာတွင်ပင်သေဆုံးခဲ့ပြီး၊ ၁ ဦးမှာ ဆေးရုံရောက်မှ သေဆုံးခဲ့ခြင်းဖြစ်ကာ အခြားပရိတ်သတ် ၄၈ ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
    Ref : edition
    ________________________