News @ M-Media

Author: YinYin

  • ရန်ကုန်ဆေးရုံကြီး ကင်ဆာကုသဆောင် ကလေးသူငယ်များအတွက်အလှူငွေပေးအပ်

    အောက်တိုဘာ ၁၂၊ ၂၀၁၃
    M-Media
    လင်းလင်း

     

    ရန်ကုန်  ။            ။      ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်အတွင်းရှိ ကလေးဆေးရုံ ကင်ဆာကုသဆောင်တွင် တက်ရောက်ကုသသော အနယ်နယ်အရပ်ရပ်မှ ကလေးသူငယ်များအတွက် အသုံးအပြုနိုင်ရန် ကျိုလီယာမွတ်စလင်မ် သာသနာ့ရန်ပုံငွေအဖွဲ့မှ ယနေ့ မနက်ပိုင်းက အလှုငွေ များပေးအပ်ခဲ့သည်။

    ရန်ကုန်မြို့ကလေးအထူးကုဆေးရုံ ကင်ဆာရောဂါကုသဆောင်တွင်အနယ်နယ်အရပ်ရပ်မှ လာရောက်ဆေးဝါးကုသနေ ကြသည့် ကလေးသူငယ်များ၏ ဆေးဝါးကုသစရိတ်နှင့် လူနာစောင့် မိသားစုဝင်များ၊ အထွေထွေကုန်ကျ စရိတ်အဖြစ်သုံးစွဲနိုင်ရန် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ဆွန်ပက်လမ်းရှိ ကျိုလီယာမွတ်စလင်မ် သာသနာ့ရန်ပုံငွေအဖွဲ့မှ အလှူငွေ (၅၀၀၀၀၀) (ငါးသိန်းကျပ်တိတိ)ကို ပေးအပ်လှူဒါန်းပြီး ကလေးဆေးရုံကြီးတာဝန်ရှိ ပုဂ္ဂိုလ်များက
    လက်ခံရယူခဲ့ကြပါသည်။

    ဆက်လက်၍ ကျိုလီယာ သာသနာ့ရန်ပုံငွေအဖွဲ့ ဥက္ကဌ ဟာဂျီ ဦးလှရွှေ(JVC)မှ ‘ယခုအကြိမ်လှုဒါန်းခြင်းမှာ တတိယအကြိမ်ဖြစ်ပြီး ကင်ဆာရောဂါ ခံစားနေရသော ကလေးသူငယ်လူနာများအတွက် လစဉ် နို့မှုန့်များလည်း လှုဒါန်းနေကြောင်းနှင့် ယင်း လူနာများ၏ လိုအပ်ချက်များကိုလည်း အစဉ်မပြတ် လေ့လာကြည့်ရှု၍ တက်စွမ်းရှိသ၍ ဆက်လက်လှုဒါန်းသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

  • ဟမ္မူရာဘီထက် လက်စောင်းထက်သော မြန်မာပြည်မှ ပုဂ္ဂိုလ်များ

    ဟမ္မူရာဘီထက် လက်စောင်းထက်သော မြန်မာပြည်မှ ပုဂ္ဂိုလ်များ

    အောက်တိုဘာ ၁၂၊ ၂၀၁၃
    M-Media
    ဆောင်းပါးရှင် – ဝေယံ

    HAMMURABI CODE
    HAMMURABI CODE

    ရှေးနှစ်ပေါင်း (၃၅၀၀) ကျော်ခန့်က ဘေဘီလုံဘုရင် ဟမ္မူရာဘီ၏ ကိုဓဥပဒေ အကြောင်းကို သမိုင်းတွင် ဖတ်ဖူးကြပေမည်။ လူသားသမိုင်းတွင် ပထမဦးဆုံး ရေးဆွဲ ခဲ့သော အဆိုပါဥပဒေတွင် မျက်လုံးတစ်လုံး အစား မျက်လုံးတစ်လုံး အလျော်ပေးရမည်။သွားတစ်ချောင်းအစား သွားတစ်ချောင် အလျော်ပေးရမည်ဟု  ပြဌာန်းခဲ့သည်။ (eye for eye , tooth for tooth) အကြမ်းမဖက် မူဝါဒအား အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့သော အိန္ဒိယ နိုင်ငံ၏ ငြိမ်းချမ်းရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ မှ အကယ်၍ မျက်လုံးတစ်လုံး အစား မျက်လုံးတစ်လုံး အလျော် ပေးနေရပါက ကမ္ဘာပေါ်ရှိ လူသားတိုင်းမျက်လုံးတစ်လုံးဘဲ ကျန်ရှိနေမည်ဟု သတိပေး ဟောပြောခဲ့ဖူး သည်။
    လူ့သမိုင်းတွင် လူသားများသည် အလွန်တရာအရုပ်ဆိုးအကျဉ်းတန်သောခေတ် သမိုင်းများကို ဖြတ်သန်းခဲ့ကြရသကဲ့သို့ လူမှုရေး၊ စီးပွားရး၊ နိုင်ငံရေးရာများ တော်လှန် ပြောင်းလဲခဲ့ရသည့် ခေတ်ကာလများကိုလည်းဖြတ်သန်းခဲ့ကြရသည်။ ထိုကဲ့သို့လူသားတို့ဖြတ်သန်းခဲ့ရသည့် ခေတ်သမိုင်းအဖြစ်အပျက်များ အတွင်းမှ ကောင်းဆိုးများ အား သင်ခန်းစာ ယူကာ လက်ရှိလူသားများအနေဖြင့် အသိဥာဏ်မြင့်မားပြီး ငြိမ်းချမ်းသာယာသော လူမှုအသိုင်းအ၀ိုင်းတစ်ခုအား  ကြိုးစားတည်ဆောက်နေကြရသည်။ သို့မဟုတ်ပါက မိမိတို့သည် အနာဂါတ်မျိုးဆက်များ၏ သမိုင်းတရားခံများအဖြစ်ပြစ်တင်ပြောဆိုခြင်းကိုခံရပေမည်။
    မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပျက်နေသော အကြမ်းဖက်မှုများအား အနုလုံ ပတိလုံ လေ့လာကြည့်ပါက မြန်မာနိုင်ငံအတွင်း အသိဥာဏ်နုံခြာပြီး ဆင်ခြင်တုံတရား အားနည်းသော လူ့အသိုင်းအ၀ိုင်းတစ်ခု အခိုင်အမာ ရှိနေပြီဆိုသည်ကို သိရှိလာရပေမည်။ ၂၀၁၂-ခု ဇွန်လ အတွင်း အကြမ်းဖက်မှုကြီး စတင်ဖြစ်ပွားရာ ရခိုင်ပြည်နယ် ရှိ လူ့အဖွဲ့အစည်းအားလေ့လာကြည့်မည်ဆိုပါက ဤအကြမ်းဖက်မှု၏ အခြေခံ အကြောင်းအရာများအား ခြုံငုံသုံးသပ်နိုင်ပေမည်။

    လူဦးရေ (၄) သန်းနီးပါးခန့်ရှိသော ရခိုင်ပြည်နယ်အတွင်း (၂-သန်းခွဲ) နီးပါးသော လူဦးရေမှာ ရခိုင်လူမျိုးဗုဒ္ဓဘာသာဝင်များဖြစ်ကြပါသည်။ ၈၀% သော ရခိုင်လူမျိုးများ သည် တောနေလူတန်းစားများဖြစ်ကြသည်။ ရခိုင်ပြည်နယ်ရှိ မြို.နယ်တစ်ခုတွင် ပျမ်းမျှအားဖြင့် အထက်တန်းကျောင်း(၃)ကျောင်း အလယ်တန်း ကျောင်း(၈)ကျောင်း၊ မူလတန်းကျောင်း(၁၅၀) ကျောင်းသာရှိပါသည်။ ထို့ကြောင့်ရခိုင်ပြည်နယ်သည် တိုင်းနယ် ပြည်နယ် (၁၄) ခုတွင် ပညာရေး၊စီးပွားရေး၊ လူမှုဆက်ဆံရေး အလွန်တရာမှ အားနည်းသော ပြည်နယ်တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ဤလူ့အဖွဲ့အစည်းသည် စီးပွားရေး နှင့်ဘာသာရေးအား အကြောင်းပြပြီး သွေးထိုး လှုံ့ဆော်ရန် အလွန်လွယ်ကူ နေပါသည်။ ရခိုင်လူမျိုးများ၏ အထွေထွေအားနည်းချက်အား အသုံးချပြီး ရခိုင်ခေါင်းဆောင်ဆိုသူများမှ နိုင်ငံရေး၊စီးပွားရေး အမြတ်ထုတ်နေသည်မှာ တနေ့တခြား ပေါ်လွှင်ထင်ရှားလာနေပါသည်။

    ၂၈.၀၉.၂၀၁၃ နေ့တွင်စတင်ဖြစ်ပွားခဲ့သော သံတွဲမြို့အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှဦးဝင်းမြိုင်၏ အင်တာဗျူး တစ်ခု တွင် ရခိုင်ပြည်နယ်နှင့် ပြည်မအတွင်းဖြစ်ပွားခဲ့သော မွတ်ဆလင်များအပေါ် အကြမ်းဖက် မီရှို့၊ လူသတ်မှု အားလုံးသည် မွတ်စလင်မ်များမှ အစပြုခဲ့ခြင်းဖြစ်သည်ဟု ဆင်ခြင်တုံတရားမဲ့၊ လူ့ဂုဏ်သိက္ခာမဲ့စွာ ပြောဆိုခဲ့သည်။ ဦးဝင်းမြိုင်ကဲ့သို့ တခြားရခိုင်ခေါင်းဆောင်းများ အနေဖြင့်လည်း ဤကဲ့သို့ အရှက်သိက္ခာ ကင်းမဲ့သော စကားများ အား လူထုရှေ့ရောက်အောင် ပြောဆိုရဲသည်မှာ အလွန် အံ့သြဖွယ်ရာ ဖြစ်ပါသည်။ ၎င်း တို့အနေဖြင့် ပညာမဲ့အသိုင်းအ၀ိုင်း ရှေ့မှောက်တွင် ယာယီ သူရဲကောင်းဖြစ်လာ နိုင်သော်လည်း ပြသနာတစ်ခုအား ရှုထောင့်စုံမှ လေ့လာသုံးသပ်တတ်သော အသိဥာဏ်ရင့်ကျက်သည့် လူ့အသိုင်းအ၀ိုင်းရှေ့မှောက်တွင် အဆိုပါပုဂ္ဂိုလ်များအား လူ့အသိဥာဏ်မဖွံ့ဖြိုးသေးသော လူသားများအဖြစ် ထင်မြင်ယူ ဆကြပေမည်။

    ကမ္ဘာပ်ါရှိမည်သည့်လူ့အသိုင်းအ၀ိုင်းတွင်မဆို လူပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦး ကြားပြစ်မှုဆိုင်ရာ ပြသနာ ကြီးငယ်များ ရှိနိုင်ပါသည်။ ဘာသာ လူမျိုးပေါင်းစုံ အတူတကွ နေထိုင်သော လူ့အသိုင်းအ၀ိုင်းတစ်ခုအတွင်း ဘာသာတူခြင်းသော်လည်းကောင်း၊ ဘာသာမတူခြင်းသော်လည်းကောင်း ပြသနာရှိနိုင်သည်မှာလည်း သဘာဝတရားပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေသော ပြစ်မှုဆိုင်ရာပြသနာများအတွင်း မွတ်ဆလင်တစ်ဦးမှ ဗုဒ္ဓဘာသာဝင်တစ်ဦးအား ကျူးလွန်မိသော ပြစ်မှုတစ်ခုအားရွေးထုတ်ပြီး မွတ်စလင်မ်များအား အကြမ်းဖက်၊မီးရှိုး၊လူသတ် နေကြသည်ကို အပြစ်မမြင်သည့်အပြင် မွတ်စလင်မ် အသိုင်းအ၀ိုင်းတစ်ခုလုံးအား အပြစ်တင်နေကြသူများသည် ပုံမှန်အသိဥာဏ်ရှိသောလူသားများ ဟုတ်မဟုတ် ဦးနှောက်အထူးကု ပါရဂူ များဖြင့် စမ်းသပ်စစ်ဆေးသင့်ပေသည်။ ပြစ်မှုကျူးလွန်သူ မွတ်စလင်မ်တစ်ဦးအား တရားဥပဒေအရ အပြစ်ပေးခြင်းသည် မွတ်စလင်မ်အသိုင်းအ၀ိုင်းအနေဖြင့် မည်သို့မှ အပြစ်ဆိုဖွယ်မရှိပေ။ သို့သော် မြန်မာမွတ်စလင်မ် အသိုင်းအ၀ိုင်းတစ်ခုလုံးအပေါ်တရားမ၀င်သီးသန့် ပြဌာန်းထားသော မွတ်စလင်မ်တစ်ဦးနှင့်ဗုဒ္ဓဘာသာဝင်တစ်ဦးပတိပက္ခဖြစ်ပါက ပတ်ဝန်းကျင်ရှိမွတ်ဆလင်များနှင့် ၎င်းတို့ပိုင်ပစ္စည်းများ မီးရှို့၊ ဖျက်ဆီး၊သတ်ဖြတ်နိုင်သည် ဟူသော ဥပဒေသည် လွန်ခဲ့သော နှစ်ပေါင်း (၃၅၀၀) ကျော်ခန့်ကဘေဘီလုံနိုင်ငံမှ လူထုအားပြဌာန်းခဲ့သော ဥပဒေထက် ပိုဆိုးနေပါသည်။ ကိုးကွယ်ရာဘာသာတရား မရှိသေးသော ထိုခေတ်လူသားများရေးဆွဲခဲ့သောဥပဒေတွင် သူတပါး သွားတစ်ချောင်းအား ရိုက်ချိုးခဲ့သူသည် မိမိသွားတစ်ချောင်း ရိုက်ချိုးခံရပေမည်။ မြန်မာနိုင်ငံတွင် မွတ်စလင်မ်တစ်ဦးမှ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ သွားတစ်ချောင်းအား ရိုက်ချိုးခဲ့ပါက ထိုပြစ်မှုအားကျူးလွန် ခဲ့သော မွတ်စလင်မ်၏ သွားအားလုံး ရိုက်ချိုးခံ ရသည့်အပြင် မွတ်စလင်မ်အသိုင်းအ၀ိုင်းတစ်ခုလုံး၏ သွားများလည်းရိုက်ချိုးခံနေရပါသည်။

    ဤ ဥပဒေအား မြန်မာနိုင်ငံအတွင်း မေတ္တာတရား ကြီးမားသော ဘာသာဝင် လူပုဂ္ဂိုလ် တစ်စုမှ လူထုရှေ့မှောက်တွင် တရားဝင် ထောက်ခံအတည်ပြုထားသော ဥပဒေဖြစ်ပါသည်။ တနည်းဆိုရသော် ရှေ့နှစ်ပေါင်း (၃၅၀၀)ကျော်ခန့်က တည်ရှိခဲ့ သာ ဘာသာမဲ့လူ့အသိုင်းအ၀ိုင်းတစ်ခုထက် အသိဥာဏ်နိမ့်ကျနေသော၊ လူသားမပီသသော ဘာသာရှိလူ့အသိုင်းအ၀ိုင်းတစ်ခု မြန်မာနိုင်ငံအတွင်း အခိုင်အမာရှိနေပါ သည်။ ထိုလူ့အသိုင်းအ၀ိုင်းရှိ ခေါင်းဆောင်များသည် ဟမ္မူရာဘီထက် ပိုလက်ဇောင်းထက် နေကြောင်းတွေ့မြင်နေရသည်မှာ မြန်မာနိုင်ငံအနာဂါတ်အတွက်
    အလွန်တရာရင်လေးစရာ ဖြစ်နေပါသည်။

     

  • ကုရ်ဘာနီအိဒ်နေ့ မန္တလေးတွင် သားကောင်အရေအတွက် ကန့်သတ်ခံရ

    ကုရ်ဘာနီအိဒ်နေ့ မန္တလေးတွင် သားကောင်အရေအတွက် ကန့်သတ်ခံရ

    အောက်တိုဘာ ၁၂၊ ၂၀၁၃
    M-Media
    ချမ်းငြိမ်းအေး

    eid

    မန္တလေး  ။        ။    မွတ်စလင်မ်တို့၏ အိဒ်နေ့တွင် ကုရ်ဘာနီပြုလုပ်ရန် သားကောင်အရေအတွက်ကို လျှော့ချကန့်သတ်ရန် ခရိုင်ဥက္ကဋ္ဌနှင့် ၀န်ကြီးများက မန္တလေးမြို့လုံး ဆိုင်ရာ ကုရ်ဘာနီရေးရာကော်မတီကအား မနေ့ကခေါ်ယူ၍ ပြောဆိုလိုက်ကြောင်းသိရသည်။

    အိဒ်နေ့တွင် ကုရ်ဘာနီပြုလုပ်လေ့ရှိသည့်အတွက် မန္တလေးတွင်လည်း နှစ်စဉ် ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင် ကြာနီကန်၊ တောင်မြင့်၊ ကံရွာ၊ သိုးခြံ တို့တွင် ကွင်း ၄-ကွင်း သတ်မှတ်ပြီး ဖြစ်ပါတယ်။ ယခုနှစ်တွင် ကုရ်ဘာနီ ပြုလုပ်ရန်အတွက် တိုင်းအဆင့်ဆင့်သို မန္တလေးမြို့လုံးဆိုင်ရာ ကုရ်ဘာနီ ကော်မတီမှ သားကောင် ၁၁၇၅-ကောင် စာရင်းတင်သွင်းခဲ့ကြောင်း၊ မနေ့က အောက်တိုဘာ ၁၁-ရက်နေ့ မနက် ၁၀း၀၀-နာရီမှာ ခရိုင်အုပ်ချုပ်ရေးမှူးမှ အစည်းအဝေးခေါ်ယူသည့်အတွက် ကုရ်ဘာနီကော်မတီမှ တာဝန်ရှိသူများ သွားရောက်ခဲ့ရာ သားကောင် ၇၅၀ ပြုလုပ်ရန်သာ ပြောဆိုကြောင်း၊ အစည်းအဝေးပြီးချိန်မှ ဖုန်းဆက်၍ တစ်ခါခေါ်ယူသဖြင့် ညနေ ၅း၀၀-နာရီတွင် ထပ်မံ သွားရောက်တွေ့ဆုံရာ ကွင်းတစ်ခုလျှင် ကောင်ရေ (၅၀)ဖြင့်၊ သားကောင်(၂၀၀)သာ လုပ်ခွင့်ပြုမည်ဟု ထပ်မံ ပြောဆိုလာသဖြင့် ကုရ်ဘာနီကော်မတီမှ တာဝန်ရှိသူများအနေဖြင့် ယနေ့ညပိုင်းတွင် အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
    အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ “မနေ့က မနက် ၁၀-နာရီမှာ အစည်းအဝေးခေါ်တာက သစ်တောနဲ့ သတ္ထုတွင်းဝန်ကြီးဌာန ရုံးမှာပါ။ ခရိုင်ကခေါ်လို့ ကုရ်ဗာနီကော်မတီဝင်တချို့သွားရောက်ခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးအပါအ၀င် မြို့နယ်အုပ်ချုပ်ရေးမှူးတွေပါတယ်။ အဲ့ဒီမှာ ပြောတာက ကုရ်ဗာနီသားကောင်လုပ်မယ့် ကိစ္စနဲ့ပတ်သက်ပြီး မန္တလေးမြို့လုံးဆိုင်ရာ ကုရ်ဗာနီရေးရာကော်မတီက တင်ထားတာက သားကောင်က ၁၁၇၅-ကောင်တင်ထားပါတယ်။ သက်ဆိုင်ရာက ခွင့်ပြုထားတဲ့ ကြာနီကန်၊ သိုးခြံ၊ ကံရွာ၊ တောင်မြင့် ကွင်းလေးကွင်းမှာ အဲ့ဒီကောင်ရေအတိုင်းလုပ်ဖို့ အရင်နှစ်ကအတိုင်း တင်ထားပါတယ်။ အဲဒီမှာ ၀န်ကြီးချုပ်က ကောင်ရေများလွန်းတယ်။ လျှော့လုပ်ပါလို့ ပြောတယ်။ ဆွေးနွေးရင်း နောက်ဆုံးကျတော့ ၇၅၀ လုပ်ဖို့ သဘောတူခဲ့ကြတယ်။ အဲဒါက မနက်ပိုင်းမှာ အစည်းအဝေးပြီးသွားတယ်။

    နေ့လည်ပိုင်းမှာကျတော့ ညနေ ၅-နာရီ အစည်းအဝေးပြန်လာပါလို့ ဖုန်းဆက်ပြီး ခေါ်ပြန်တယ်။ အဲဒါ ထပ်သွားကြတော့ လယ်ယာဝန်ကြီးကပြောတယ် မြန်မာပြည်က ခိုင်းနွားတွေဟာ အရေအတွက် သိပ်နည်းသွားတဲ့အတွက် အခုလုပ်မယ့် သားကောင်ကများတယ်။ ဒါကြောင့် ကောင်ရေ ၂၀၀ ပဲ ခွင့်ပြုနိုင်မယ်လို့ပြောပါတယ်။ ဒါနဲ့ ဘာမှ ဆုံးဖြတ်ချက်မပေးပဲ ပြန်လာခဲ့ပြီး ဒီနေ့ညမှာ မန္တလေးမြို့လုံးဆိုင်ရာ ကုရ်ဘာနီရေးရာကော်မတီအစည်းအဝေးလုပ်ပြီး တိုင်ပင် ဆုံးဖြတ်ကြပါမယ်”လို့ M-Media ရဲ့ ဆက်သွယ် မေးမြန်းချက်ကို မန္တလေးမြို့လုံးဆိုင်ရာ ကုရ်ဘာနီရေးရာကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။
    “လယ်ယာဝန်ကြီးက လယ်လုပ်ငန်းအတွက် ခိုင်းနွားမရှိတော့ဘူးလို့ပြောတယ်ဆိုတော့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာပြီး လယ်ယာလုပ်ငန်းမှာ စက်ပစ္စည်းကိရိယာတွေ သုံးလာပြီဆိုပြီး ပြောခဲ့တာတွေက လိမ်ညာမှုတွေ ဖြစ်နေပြီပေါ့။ အခုလိုပြောတာကလည်း အကြောင်းပြချက် သက်သက်လို့ပဲ မြင်တယ်။ အခုမှ ခိုင်းနွား မရှိလို့ ၂၀၀-ပဲ လုပ်ပါလို့ ပြောပေမယ့် နှစ်စဉ် တရုတ်ပြည်ကို တင်ပို့နေတဲ့ သိန်းချီပြီး တင်ပို့နေတာကျ မသိသလို လုပ်နေပြီး အခုလို ကန့်သတ်လာတာကတော့ တမင်ကို လုပ်ဆောင်တယ်လို့ ကျွန်တော်တို့ ခံစားရတယ်”လို့ မန္တလေးမြို့ခံတစ်ဦးကလည်း ပြောပါတယ်။

  • ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇလန်တို့ ခြေစစ်ပွဲအောင်မြင်ခဲ့ကြပြီး အင်္ဂလန်၊ ရုရှား၊ ဘော့စနီးယားတို့ အခြေအနေကောင်းခဲ့ကြသည့် ၂၀၁၄ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲ

    ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇလန်တို့ ခြေစစ်ပွဲအောင်မြင်ခဲ့ကြပြီး အင်္ဂလန်၊ ရုရှား၊ ဘော့စနီးယားတို့ အခြေအနေကောင်းခဲ့ကြသည့် ၂၀၁၄ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲ

    အောက်တိုဘာ ၁၂၊ ၂၀၁၃
    M-Media

    Untitled

    ဘရာဇီးနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၄ ကမ္ဘာ့ခြေစစ်ပွဲ ဥရောပဇုန်ပွဲများကို ယနေ့နံနက်ပိုင်းက ကစားခဲ့ကြရာ ကမ္ဘာ့ဖလား သုံးကြိမ်ရ ဂျာမနီ၊ ယုခနောက်ပိုင်းတွင် ခြေစွမ်းထက်လာသည့် ဘယ်လ်ဂျီယံနှင့် ဆွစ်ဇလန်အသင်းတို့ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ကြသည်။

    နာမည်ကြီးအင်္ဂလန်၊ ရုရှားနှင့် အသင်းငယ် ဘော့စနီယားတို့မှာလည်း အသီးသီးအနိုင်ရရှိခဲ့ကြပြီး ခြေစစ်ပွဲအောင်မြင်ရန်အတွက် အခြေအနေကောင်းနေသည်။

    ဂျာမနီ ၃-၀ အိုင်ယာလန်

    ဂျာမနီနိုင်ငံ ကိုးလုန်းမြို့တွင် ကစားခဲ့သည့် ဂျာမနီအသင်းနှင့် အိုင်ယာလန်တို့ပွဲစဉ်တွင် အိမ်ရှင်ဂျာမနီက ၃-ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စု C တွင် ရမှတ် ၂၅ မှတ်ဖြင့် တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်သည်။ ဂျာမနီအသင်းအတွက်ဂိုးများကို ရီးယဲလ်အသင်း၏ ဆာမိ ခိဒီရာ၊ ချယ်ဆီးကစားသမား အန်ဒရီ ရှူဝယ်ရယ်လ် နှင့် အာဆင်နယ် ကွင်းလယ်လူ မီဆု အိုဇေးလ်တို့က အသီးသီးသွင်းယူပေးခဲ့သည်။

    ခရိုအေးရှား ၁-၂ ဘယ်လ်ဂျီယံ

    ဘယ်လ်ဂျီယံမှာလည်း ဇာဂရက်မြို့တွင် ခရိုအေးရှားအသင်းအား ၂-ဂိုး ၁-ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စု A ၏ ထိပ်ဆုံးသို့ရောက်ရှိလာကာ ၂၀၀၂-ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံး အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဘယ်လ်ဂျီယံအတွက်ဂိုးများကို ပထမပိုင်းကတည်းက ရရှိခဲ့ခြင်းဖြစ်ပြီး အဲဗာတန်အသင်းတွင် ခြေစွမ်းပြနေသည့် တိုက်စစ်မှူး လူကာကူက ၁၆ မိနစ်နှင့် ၃၈ မိနစ်တို့တွင် နှစ်ဂိုးစလုံး သွင်းယူပေးခြဲ့ခင်းဖြစ်သည်။ ခရိုအေးရှားအသင်းအတွက် နှစ်သိမ့်ဂိုးကို ကရန်ဂျကာက သွင်းယူပေးခဲ့သည်။

    အလ်ဘေးနီးယား ၁-၂ ဆွစ်ဇလန်

    ထို့ပြင် ဆွစ်ဇလန်အသင်းမှာ အလ်ဘေးနီးယားအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စု E တွင် ထိပ်ဆုံး နေရာသို့ရောက်ရှိသွားကာ ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်သည်။ ထိုကဲ့သို့ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမှာ သမိုင်း တစ်လျှောက် သုံးကြိမ်မြောက်အောင်မြင်သွားခဲ့ခြင်းဖြစ်သည်။ ဘယ်လ်ဂျီယံအသင်းအတွက် ဂိုးများကို ရှာကွီရီနှင့် မိုက်ကယ်လန်တို့က ဒုတိယပိုင်းတွင် သွင်းယူပေးခဲ့သည်။

    အီတလီနှင့် နယ်သာလန်အသင်းတို့မှာ ယခင်ပွဲများပြီးကတည်းကပင် ခြေစစ်ပွဲကို စောစီးစွာ အောမြင်ခဲ့ပြီဖြစ်သောကြောင့် ဥရောပမှ ခြေစစ်ပွဲအောင်မြသည့် အသင်းမှာ ၅ သင်းရှိလာပြီဖြစ်သည်။
    ……………………………..

    အင်္ဂလန် ၄-၁ မွန်တီနီဂရိုး

    အုပ်စုပွဲစဉ်များတွင် ရုန်းကန်နေရသည့် အင်္ဂလန်အသင်းမှာ ဥရောပအသင်းငယ် မွန်တီနီဂရိုးအား အိမ်ကွင်းတွင် အမှားအယွင်းမရှိအနိုင်ရရှိခဲ့သည်။ ၄ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သော ထိုပွဲတွင် အင်္ဂလန်အသင်းအတွက်ဂိုးများကို ရူနီ၊ တောင်ဆန်နှင့် ပင်နယ်တီမှတစ်ဆင့် စတားရစ်ခ်ျတို့ကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ကျန်တစ်ဂိုးမှာ မွန်တီနီဂရိုး ကစားသမားမှ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့သဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။ ယခုပွဲအနိုင်ကြောင့် အုပ်စု H တွင် ယူကရိန်းအသင်းထက် တစ်မှတ်အသာဖြင့် ထိပ်ဆုံးတွင်ရှိနေသည့်အင်္ဂလန်အသင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ရန် အခြေအနေကောင်းနေပြီး လာမည့်အင်္ဂါနေ့ အိမ်ကွင်းတွင်ကစားရမည့် ပိုလန်အသင်းနှင့်ပွဲတွင် အနိုင်ရရှိရန်လိုအပ်နေသည်။

    လူဇင်ဘတ် ၀- ၄ ရုရှား

    အင်္ဂလန်နည်းပြဟောင်း ဖေဘီယိုကာပယ်လို ကိုင်တွယ်နေသည့် ရုရှားအသင်းမှာ လူဇင်ဘတ်အသင်းအား ၄ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး အုပ်စု F တွင် ပေါ်တူဂီအသင်းထက် ၄ မှတ်အသာဖြင့် အုပ်စုအား ဦးဆောင်နေသည်။ ရုရှားအသင်းအတွက်ဂိုးများကို အလက်ဇန်းဒါး စာမီဒေါ့ဗ်၊ ဗစ်တာ ဖိုင်ဇူကင်၊ ဒင်းနစ် ဂလက်ရှာကော့ဗ်၊ အလက်ဇန်းဒါး ကာဇာကော့ဗ် တို့က အသီးသီးသွင်းယူပေးခဲ့သည်။

    ဘော့စနီးယား-ဟဇိဂိုဗီနာ ၄-၁ လက်ချန်စတိန်း

    အဓိကပြိုင်ပွဲများတွင် မည်သည့်အခါမှ ပါဝင်ယှဉ်ပြိုင်မကစားခဲ့ဖူးသည့် ဘော့စနီးယား-ဟဇိဂိုဗီနာအသင်းမှာ လက်ချန်စတိန်းအသင်းအား ၄ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ယခုပွဲအနိုင်ကြောင့် အုပ်စု C တွင် ဂရိအသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံးတွင်ဦးဆောင်နေပြီး ခြေစစ်ပွဲအောင်မြင်ရန် အလားအလာကောင်းနေပြီဖြစ်သည်။

    အခြားပွဲစဉ်များတွင် ဟော်လန်အသင်းက ဟန်ဂေရီအသင်းအား ၈ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ ဆွီဒင်အသင်းက သြစတြီးယားအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ တူရကီအသင်းက အက်စ်တိုးနီးယားအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ရိုမေးနီးယားအသင်းက အန်ဒိုရာအသင်းကို ၄ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။

    ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

    Wales 1 – 0 Macedonia
    Germany 3 – 0 R. of Ireland
    Azerbaijan 2 – 0 Northern Ireland
    England 4 – 1 Montenegro
    Croatia 1 – 2 Belgium
    Armenia 2 – 1 Bulgaria
    Malta 1 – 4 Czech Rep.
    Denmark 2 – 2 Italy
    Faroe Islands 1 – 1 Kazakhstan
    Sweden 2 – 1 Austria
    Andorra 0 – 4 Romania
    Estonia 0 – 2 Turkey

    channelnewsasia

  • တောင်ငူမှာဖြစ်တဲ့ ပေါက်ကွဲမှုကြောင့် ၂-ဦးသေ

    တောင်ငူမှာဖြစ်တဲ့ ပေါက်ကွဲမှုကြောင့် ၂-ဦးသေ

    အောက်တိုဘာ ၁၂၊ ၂၀၁၃
    M-Media
    KK

    Taungoo, Bago Region, Myanmar (Burma) - Google Maps - 2013-10-12_11.45.03

    တောင်ငူ  ။       ။      ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ တည်းခိုခန်းတစ်ခုတွင် မနေ့ည ၈း၅၀-နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် ၂-ဦး သေဆုံးပြီး ၁-ဦး ဒဏ်ရာရရှိကြောင်းသိရပါတယ်။

    တောင်ငူမြို့ ဘူတာရုံအနီးရှိ ချမ်းမြေ့တည်းခိုခန်းမှာ မနေ့ည ၈း၅၀-နာရီခန့်က ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦးလည်း ဒီနေ့မနက်မှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

    ပေါက်ကွဲမှုကြောင့် သေဆုံးသူများက တောင်ငူမြို့ မြန်မာ့မီးရထားမှ ရဲတပ်သား နေမျိုးကျော်နှင့် ညောင်လေးပင်မြို့မှ မယုယုခိုင်တို့ဖြစ်ပြီး ဒဏ်ရာပြင်းထန်စွာရခဲ့တဲ့ မငြိမ်းသီတာကတော့ ဆေးရုံမှာ ဆေကုသမှု ခံယူနေရကြောင်းလည်းသိရပါတယ်။

    ယခုပေါက်ကွဲမှုသည် မည်သည့်ပေါက်ကွဲမှု ဖြစ်ကြောင်းကို မသိရှိရသေးပဲ ယခုအခါ ထိုနေရာအနီးတ၀ိုက်တွင် ပိတ်ထားပြီး လုံခြုံရေးချထားတယ်လို့ တောင်ငူမြို့ခံက ပြောပါတယ်။