ဇူလိုင် ၇၊ ၂၀၁၄
M-Media
– ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ခရစ်ယာန်ဘုန်းတော်ကြီးများက ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာစော်ကားမှုများကို ဖြေရှင်းရန် ဗာတီကန် ကော်မရှင်၏ ကြိုးပမ်းမှု တစ်ရပ် အနေနှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စော်ကားခံရသူများအား ပထမဆုံးအကြိမ် အဖြစ် ယနေ့တွင် တွေ့ဆုံခဲ့သည်ဟု သိရသည်။
ဗြိတိန်၊ ဂျာမနီနှင့် အိုင်ယာလန်တို့မှ အစော်ကားခံရသူ ၆ ဦးနှင့် ဗာတီကန်ရှိ စိန့်ပီတာဘုရားကျောင်းအနီး ၎င်း၏ ကိုယ်ပိုင်နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးမှုတွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုများဖြစ်ပွားခဲ့သည်ဟု သတင်းထွက်ခဲ့သည့် အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့မှ ခရစ်ယာန်ဘုန်းတော်ကြီး ဆီယန် အိုမာလေးလည်း ပါဝင်ခဲ့သည်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ပုပ်ရဟန်းမင်းအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည့် ဖရန်စစ်မှာ ဆယ်စုနှစ်တစ်ခုကြာ ဖြစ်ပွားခဲ့ပြီး ကက်သလစ်အသင်းတော်၏ ပုံရိပ်ကို ပျက်ဆီးစေသည့် ခရစ်ယာန်ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများအတွက် ထိရောက်သော ဆောင်ရွက်မှုများ မရှိသောကြောင့် ကမ္ဘာတစ်ဝှမ်းမှ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
သို့သော်လည်း အဆိုပါရာဇ၀တ်မှုများအတွက် လုံးဝ သည်းခံတော့မည်မဟုတ်ဟု ပြီးခဲ့သည့်မေလက ကြေညာခဲ့ပြီး ထိုပြဿနာအားဖြေရှင်းရန် ကော်မရှင်တစ်ခု ကိုလည်း ဖွဲ့စည်းခဲ့သည်။
လွန်ခဲ့သည့် ၁၀နှစ်အတွင်း ကက်သလစ်ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၃၄၂၀ မှုအား အသင်းတော် တရားရေးအဖွဲ့မှ စစ်ဆေးခဲ့ပြီး ဘုန်ကြီး ၈၄၈ ပါးအား လူဝတ်လဲစေခဲ့ကာ ၂၅၇၂ ပါးအား ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုအတွင် ဘ၀တစ်သက်တာလုံး ဆုတောင်းအာပတ်ဖြေရန် အမိန့်ချမှတ်ခဲ့သည်ဟု ဗာတီကန် တာဝန်ရှိသူများက ယခုနှစ်အတွင်း သတင်းထုတ်ပြန်ခဲ့သည်။
Ref : Aljazeera







