News @ M-Media
Category: ဘာသာပြန်
  • အလွယ်တကူ မပြေလည်နိုင်တဲ့ ရိုဟင်ဂျာတို့ရဲ့ မူရင်းဇစ်မြစ်
    အလွယ်တကူ မပြေလည်နိုင်တဲ့ ရိုဟင်ဂျာတို့ရဲ့ မူရင်းဇစ်မြစ်
    Hosne Ara, 4, a Rohingya refugee who fled Myanmar two-months ago listens to children singing at a children’s centre in the Kutupalong refugee camp near Cox’s Bazar, Bangladesh, November 5, 2017. REUTERS/Hannah McKay/File Photo SEARCH “POY GLOBAL” FOR THIS STORY. SEARCH “REUTERS POY” FOR ALL BEST OF 2017 PACKAGES. TPX IMAGES OF THE DAY
    မကြာသေးမီက မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိလာခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်မှာ “ရိုဟင်ဂျာ” လို့ လူမျိုးအမည်တပ်ပြီး ပြောဆိုခဲ့ခြင်းမရှိတဲ့အပေါ် သဘောထားကွဲလွဲမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ တချို့ကတော့ ဒါဟာ အမျိုးသားရေးအစွန်းရောက်တွေကို မသိမသာ အားပေးလိုက်ရာကျတယ်လို့ဆိုကြပြီး တချို့ကတော့ ဒါဟာ သဘောထားတင်းမာမှုကို ရှောင်ကျင်တဲ့ သံတမန်ရေးရာ သဘောရိုးဖြစ်တယ်လို့ ဆိုကြပါတယ်။
    ကသ်လစ်ချက်ခ်ျရဲ့ အရှိုန်အဝါအရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ “လူမျိုးစု သန့်စင်ရေး” စံနမှုအဖြစ် မှတ်တမ်းတင်လောက်တယ်လို့ ကုလသမဂ္ဂက ညွန်းဆိုရလောက်အောင် ဖြစ်ပျက်နေတဲ့ မြန်မာစစ်တပ်ရဲ့ “ရှင်းလင်းရေးလှုပ်ရှားမှု” ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလွတ်မြောက်လာတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံတဲ့အခါမှာတော့ “ရိုဟင်ဂျာ” လို့ လူမျိုးအမည်တပ်ပြီး ပြောဆိုခဲ့ပါတယ်။
    ဒီလို ပုပ်ရဟန်းမင်းကြီးအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ “ရိုဟင်ဂျာ” လို့နာမည်တပ်မခေါ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်မှ နာမည်တပ်ခေါ်တာကို ထောက်ကြည့်ခြင်းအားဖြင့် လက်ရှိရခိုင်ပြည်နယ်အနောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ လူသားခြင်းစာနာထောက်ထားမှု ချွတ်ခြုံကျနေတဲ့ အရေးကိစ္စဟာ မြန်မာပြည်အနေနဲ့ ပြည်တွင်း ပြည်ပ အမြင်သဘောထား ဘယ်လောက်ကွာခြားနေသလဲဆိုတာကို မှန်းဆကြည့်လို့ရနိုင်ပါတယ်။ ဒုက္ခသည်ပြန်လည်နေရာချထားရေး အစီအစဉ်တွေ စတင်ဖို့ ဆောင်ရွက်နေချိန် ရှေ့ ရက်သတ္တပတ်ကာလတွေမှာ “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းအပေါ် အခြေအတင် ငြင်းခုံမှုတွေ ပေါ်လာဦးမှာဖြစ်ပါတယ်။
    မြန်မာနိုင်ငံသားအဖြစ် ပိုင်းခြားသက်မှတ်မှုဟာ တိုင်းရင်းသားဖြစ်ခြင်း သို့မဟုတ် နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ လူမျိုးစုဝင်ဖြစ်ခြင်း ဆိုတဲ့ သဘောတရားအပေါ်မှာ အခြေခံပါတယ်။ ဒါဟာလည်း အာရကန် ဒေသကြီး [လက်ရှိ ရခိုင်ပြည်နယ်] နဲ့ တချို့နိုင်ငံတော်ပိုင်နက်တွေကို ဗြိတိသျှထံ ပေးအပ်လိုက်ရတဲ့ ပထမ အင်္ဂလိပ်-မြန်မာ စစ်မတိုင်မီ တနှစ်၊ ၁၈၂၃ ခုနှစ် မတိုင်မီ မှာ အခြေချနေထိုင်တဲ့ လူမျိုးစုတွေကို ရည်ညွန်းတယ်လို့ ခြုံငုံပြီး အဓိပ္ပါယ်ဖွင့်ဆိုထားတာ ဖြစ်ပါတယ်။
    ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံသား အပြည်အဝရှိဖို့ဆိုတာ အလုံးစုံမဟုတ်ရင်တောင် တိုင်းရင်းသားမျိုးနွယ်စုဝင်ဖြစ်တည်မှုက အဓိကကျနေပါတယ်။ ဒီလို နိုင်ငံသားဥပဒေ အတည်ပြုပြီး ၉ နှစ်အကြာမှ တိုင်းရင်းသားမျိုးနွယ်စုစာရင်း ၁၃၅ မျိုးကို အစိုးရက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ က တော့ အဲ့ဒီစာရင်းထဲမှာ ပါမလာပါဘူး။ ဒါဟာ စစ်တပ်ဦးဆောင်တဲ့ မြန်မာအစိုးရက ရိုဟင်ဂျာတွေကို နိုင်ငံသမိုင်းက ဖျက်ပစ်ဖို့ ကြိုးစားတယ်ဆိုတဲ့ အငြင်းပွားဖွယ်ရာဖြစ်လာပါတယ်။
    ရိုဟင်ဂျာတွေနဲ့ ရိုဟင်ဂျာအရေးလုပ်ရှုားသူ တွေဟာ ရိုဟင်ဂျာတွေက ရခိုင်ဒေသမှာ ၈ ရာစုလောက်ကတည်းက အခြေချနေထိုင်ကြသူတွေဖြစ်တယ်လို ဆိုပါတယ်။ တဖက်မှာ ရိုဟင်ဂျာအရေးဆန့်ကျင်သူ အများစုဟာ ဒီသမိုင်းကြောင်းကို ငြင်းဆိုကြပြီး ရိုဟင်ဂျာတွေဟာ ဗြိတိသျှ ကိုလိုနီခေတ် (၁၈၂၄-၁၉၄၈) အကြားမှာ ဒါမှမဟုတ် ကိုလိုနီအုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာပြီး ၁၉၄၈ ခုနှစ်နောက်ပိုင်းမှသာ ရောက်ရှိလာတဲ့ တရားမဝင်ပြောင်းရွှေ့လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
    နိုင်ငံခြားသားတွေက ဆင်းသက်လာတယ်ဆိုတာ ပေါ်လွင်အောင် သူတို့ကို “ဘန်ဂါလီ” လို့ ရိုဟင်ဂျာဆန့်ကျင်ရေးသမားတွေက ခေါ်ဝေါ်ကြပါတယ်။ “ဘန်ဂါလီ” တွေဟာ တိုင်းရင်းသားရခိုင်ဗုဒ္ဓဘာသာဝင်တွေ ပိုင်တဲ့ဒေသကို အန္တရာယ်ဖြစ်စေတယ်လို့ ဆန့်ကျင်ရေးသမားတွေက မကြာခဏ သတိပေး ပြောကြားလေ့ရှိပါတယ်။
    ရခိုင်ပြည်နယ်သမိုင်းကို ပြန်ကြည့်ရင်တော့ ဒီကိစ္စက ရောထွေးနေပါတယ်။ သေခြာတာကတော့ အမှန်တရားဟာ နှစ်ဘက်လုံးရဲ့ အလယ်မှာ ရှိနေပါတယ်။ တကယ့်အရေးကြီးတဲ့ အချက်ကတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာ ဆိုတာ လူအုပ်စု တစုတည်းကို ရည်ညွန်းတာမဟုတ်ဘူးဆိုတာပါပဲ။
    တကယ်တန်း ဖြစ်နိုင်ခြေများတာကတော့ အုပ်စုသုံးစုကနေ ပူးတွဲဆင်းသက်လာတာပါပဲ။ ပထမတစုကတော့ ဗမာ့ယဉ်ကျေးမှု မလွမ်းမိုးမီ ၁၀ နဲ့ ၁၄ ရာစုနှစ်တွေအကြားမှာ အာရကန် ဒေသ [နေထိုင်ကြပြီး လက်ရှိ ရခိုင်ဒေသ] မှာနေထိုင်ကြသူတွေရဲ့ မျိုးရိုးအနွယ်ဝင်တွေဖြစ်ပါတယ်။ ဒုတိယအစုကတော့ ၁၆ ရာစုနဲ့ ၁၇ ရာစုအကြား ရခိုင်ဘုရင်နဲ့ ပေါ်တူကီ ကုန်သည်တွေခေါ်ဆောင်လာတဲ့ သုန့်ပန်းတွေနဲ့ ကိုလိုနီခေတ်အတွင်းမှာ ဝင်ရောက်လာကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဖြစ်ပါတယ်။ တတိယအစုကတော့ လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောင်းရွှေ့လာသူတွေဖြစ်ကြပါတယ်။
    ဘယ်လိုပဲဖြစ်ဖြစ် ဗြိတိသျှဝင်ရောက်လာပြီးတဲ့နောက် ဥရောပရဲ့ “နိုင်ငံတော်” ဆိုတဲ့ အတွေးအခေါ်တွေမတိုင်ခင်က အခုခေတ်မှာ မျက်ဝါးထင်ထင်တွေ့မြင်ရတဲ့ နှစ်နိုင်ငံကြားက နယ်ခြားစည်းဆိုတာ ခိုင်ခိုင်မာမာ ရှိခဲ့တာမဟုတ်ပါဘူး။ အာရကန် ဒေသ [လက်ရှိ ရခိုင်ပြည်နယ်] ဆိုတာကလည်း ဗမာ နဲ့ ဘန်ဂါလီ တို့ရဲ့ နှစ်ကမ္ဘာ အလည်မှာ တည်ရှိနေပြီး နယ်နမိတ်တွေ ကြပ်ကြပ်မတ်မတ် ကားစည်းထားတာမရှိတဲ့ ကြားခံ ဒေသကြီးတခုဖြစ်ပါတယ်။
    သမိုင်းကြောင်းရဲ့ အချိန်ကာလ အပေါ်မူတည်ပြီး တချို့ကာလတွေမှာ အာရကန် ဒေသတွေဟာ ဘန်ဂါလီဘုရင်တွေလက်အောက်ကို ကျရောက်ခဲ့တာရှိသလို၊ တချို့ကာလတွေမှာ ရခိုင်ဘုရင်တွေက လက်ရှိ ဘင်္ဂလားဒေ့ရှ်ရဲ့ မြို့ဖြစ်တဲ့ စစ်တကောင်း အထိ သိမ်းပိုက် အုပ်ချုပ်ခဲ့တာတွေလည်း ရှိပါတယ်။
    နာမည်ကိစ္စပြန်ဆက်ပြောရရင် ရိုဟင်ဂျာ ဆိုတာ ၁၉၅၀ ခုနှစ်လောက်ကမှာ ပထမဆုံး ပေါ်ပေါက်လာပြီး ရခိုင်ပြည်မြောက်ပိုင်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ထုထောင်ချင်တဲ့ နိုင်ငံရေးတည်ဆောက်မှု ဒါမှမဟုတ် အရှေ့ပါကစ္စတန် [လက်ရှိ ဘင်္ဂလားဒေ့ရှ်] ထဲ သွတ်သွင်းချင်တဲ့ ဆန္ဒအပေါ် အခြေခံပြီး ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ ရိုဟင်ဂျာအရေး ဆန့်ကျင်လှုပ်ရှားသူတွေကဆိုပါတယ်။
    တဘက်က ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကလည်း ဗြိတိသျှကိုလိုခေတ်မတိုင်မှီ ၁၇၉၉ ခုနှစ်ကမှတ်တမ်းတခုဖြစ်တဲ့ စကောဒ့်လူမျိုး Francis Buchanan ရဲ့ မှတ်တမ်းစာအုပ် “A Comparative Vocabulary of the Languages Spoken in the Burma Empire” မှာ “Rooinga” ရိုအ်ဂျာ လို့ အတိအလင်းရည်ညွန်းထားတာကို ထောက်ပြကြပါတယ်။
    Buchanan ရေးထားတာကို ပြန်ကြည့်ရင် “ဗမာအင်ပါယာမှာ သုံးနှုန်းပြောဆိုကြတဲ့ ပထမဆုံး ဘာသာစကားဟာ အာရကန်နယ်သား သို့မဟုတ် သူတို့ကိုယ်သူတို့ “ရိုအ်ဂျာ” လို့ခေါ်တဲ့ အာရကန်ဒေသမှာ အခြေချနေထိုင်ကြသူ မိုဟာမဒ်သာသနာဝင် [မွတ်စလင်] တွေပြောဆိုတဲ့ ဟိန္ဒူ နိုင်ငံက ဘာသာစကားက ဆင်းသက်လာတာဖြစ်တယ်” လို့ ရေးသားထားပါတယ်။
    ပြဿနာက ရိုဟင်ဂျာအရေး ထောက်ခံသူတွေရော ဆန့်ကျင်သူတွေဘက်ကပါ ပြောဆိုနေတဲ့အထဲမှာ အမှန်တရား လက္ခဏာတွေပါဝင်နေပါတယ်။ ကိုလိုနီခေတ်မတိုင်ခင်ကတည်းက ရှိခဲ့ကြောင်း သက်သေအထောက်အထားရှိတဲ့အတွက် ရိုဟင်ဂျာဆိုတာဟာ နောက်ပိုင်းမှ တီထွင်လာတဲ့ နာမည်အသစ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ကိုလိုနီခေတ်တလျောက် မှတ်တမ်းတွေ မှာ ဒီနာမည်ကို လုံးဝမတွေ့ရဘဲ ၁၉၅၀ ခုနှစ်လောက်မှာ တွင်တွင်ကျယ်ကျယ်သုံးစွဲလာပြန်ပါတယ်။
    ဒါကို အဖြေရှာကြည့်တဲ့အခါမှာ မျက်မှောက်ခေတ်က “ရိုဟင်ဂျာ” တချို့ဟာ “ရိုအ်ဂျာ” ဆိုတဲ့ မိဘမျိုးရိုးက ဆင်းသက်လာပေမယ့် ဖြစ်နိုင်ချေရှိတာကတော့ ၁၇၉၉ ခုနှစ်က မှတ်တမ်းမှာပါတဲ့ “ရိုအ်ဂျာ” ဆိုတာ ယနေ့မျက်မှောက်ခေတ်မှာ သုံးနေတဲ့ “ရိုဟင်ဂျာ” နဲ့ ရည်ညွန်းချက် အတူတူတော့ မဟုတ်နိုင်ပါဘူး။ ဒီအခေါ်အဝေါ်ဟာလည်း “အာရကန်” ဒေသကို ဘန်ဂါလီ အခေါ်အရ “ရိုဟဂ်” လို့ ခေါ်ရာက ဆင်းသက်လာဟန်ရှိပါတယ်။
    ဒါကြောင့် “ရိုဟဂ်” သား လို့ ရည်ညွန်းခေါ်ဝေါ်တဲ့ ရိုဟင်ဂျာ ဟာလည်း “အာရကန်” သား ကို ရည်ညွန်းတာဖြစ်ပါတယ်။ မကြာသေးမီကာလကမှ “ရိုဟင်ဂျာ” ဆိုတာကို လူမျိုးစုအမည်အဖြစ် တွင်တွင်ကျယ်ကျယ် သုံးစွဲလာတာဖြစ်နိုင်ပြီး တခြားလူမျိုးစုအမည်တွေနည်းတူ နိုင်ငံရေးရည်ရွယ်ချက်ကြောင်းလည်း ဖြစ်ပါတယ်။ လူမျိုးစုသွင်ပြင်လက္ခဏာ ဆိုတာဟာလည်း နိုင်ငံရေးအမွေအနှစ်ပဲ ဖြစ်ပါတယ်။
    ရိုဟင်ဂျာ လူမျိုးစုရဲ့ မူရင်းဇစ်မြစ်အပေါ် အမြောက်အများ ရေးသားပြောဆိုနေကြပေမယ့် မြန်မာနိုင်ငံသားအဖြစ် အလိုအလျောက် အသိအမှတ်ပြုခြင်းခံကြရတဲ့ တခြားလူမျိုးစုတွေရဲ့ မူရင်းဇစ်မြစ်တွေကို တွင်တွင်ကျယ်ကျယ် ဖော်ထုတ်တာတွေ သိပ်မရှိပါဘူး။ ရခိုင်ဆိုတဲ့ အမည်နာမနဲ့ လူမျိုးစု သွင်ပြင်လက္ခဏာဖော်ဆောင်လာတာတောင်မှ ၁၉ ရာစုနှစ်လောက်ကစတင် ခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာပြဿနာ ဆိုတာကလည်း မြန်မာနိုင်ငံအတွင်းမှာ ရခိုင်လူမျိုးတို့ရဲ့ နိုင်ငံရေး အားနည်းချက်နဲ့ သူတို့ရဲ့သွင်ပြင်လက္ခဏာဖော်ဆောင်မှု နောက်ကျခြင်းရဲ့ အပိုင်းအစလည်းဖြစ်ပါတယ်။
    ဘယ်လိုပဲဖြစ်ဖြစ် ဒီအငြင်းပွားမှုရဲ့ အခြေခံအကြောင်းတရားကတော့ လူမျိုးစုဆိုတာ စည်းဘောင်ပိတ်ထားတယ်၊ အပြောင်းအလဲမရှိဘူး၊ ရှေ့ယခင်ကတည်းက ယခုထက်တည်း တသတ်မှတ်တည်းရှိနေတယ် လို့ ထင်မြင်ယူဆနေကြလို့ပဲဖြစ်ပါတယ်။ တကယ်တန်းတော့ လူမျိုးစုဆိုတာ ပြောင်းလဲတက်တယ်၊ တိုးပွားတတ်တယ်။ လူမျိုးစုအဖြစ် သက်မှတ်တဲ့ သဘောတရားကိုယ်နှိုက်ကလည်း ပြောင်းလဲတတ်တဲ့ သဘောရှိတယ်။ မြန်မာနိုင်ငံရဲ့ မတူကွဲပြားလှတဲ့ လူမျိုးစုတွေအကြားမှာ လူမျိုးစု ဆိုတာရော၊ လူမျိုးစုအဖြစ်သက်မှတ်တဲ့ သဘောတရားတွေကရော အချိန်ကာလ ကြာမြင့်တာနဲ့ အမျှ ပြောင်းလဲလာခဲ့ပါတယ်။
    မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို ကြည့်တဲ့အခါ လူမျိုးစုတွေနဲ့ လူမျိုးစုအဖြစ် သတ်မှတ်တဲ့ သဘောတရားတွေဟာ အချိန်ကာလနဲ့မျှ ပြောင်လဲလာခဲ့ပြီး လက်ရှိကာလမှာ နိုင်ငံရေးရဲ့ အလယ်ဗဟိုမှာ အနယ်ထိုင် နေရာဝင်ယူလာတယ်ဆိုတဲ့ သမိုင်းကြောင်းကြီးတခုလုံးကို ခြုံငုံ ရှု့မြင်သင့်ပါတယ်။
    Edmund Leach၊ F K Lehman နဲ့ Victor Lieberman တို့လို မနုဗေဒပညာရှင်တွေ၊ သမိုင်းသုတေသီတွေ ဖော်ထုတ်ပြသခဲ့သလို ကိုလိုနီခေတ်မတိုင်မှီ မြန်မာနိုင်ငံတော်က လူမျိုးစု အသွင်လက္ခဏာတွေဟာလည်း အစဉ်ပြောင်းလဲနေခဲ့ပါတယ်။ လူတွေကို ဘာသာစကားအပေါ်အခြေခံပြီး ဘောင်ခပ်၊ စည်းတား၊ အမျိုးအမည် ခွဲခြားခဲ့တာဟာ ဗြိတိသျှတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ တခါတရံမှာ တစုနဲ့တစု ကူးလူးဆက်ဆံမှုတွေကိုပါ ပိတ်ပင်ခဲ့တဲ့အတွက် အရင်က မရှိခဲ့တဲ့ သူ့လူ၊ ကိုယ့်လူ ဆိုတဲ့ အမာခံ ခွဲခြားတာတွေ စတင်လာခဲ့ပါတယ်။
    အဲဒီအပြင် ၂၀ ရာစု အတွင်းမှာ ဗမာလူမျိုးကြီးဝါဒတွေ၊ လူမျိုးစုအခြေခံ အမျိုးသားရေး လှုပ်ရှားမှုတွေ၊ စစ်အာဏာရှင်အုပ်ချုပ်ရေးတွေဟာ ဒီခွဲခြား သက်မှတ်မှုတွေကို ပိုမို တင်းမာစေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ စတင်ပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားလာတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီတို့ရဲ့ အမျိုးသားရေးလှုပ်ရှားမှုနဲ့ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာလည်း ဒီလို ခွဲခြားမှုတွေကို ထပ်လောင်း တင်းမာစေခဲ့ပြန်ပါတယ်။
    လူမှုဗေဒပညာရှင် Michael Mann ဟာ ယခုခေတ်နိုင်ငံတွေဟာ ရှုပ်ထွေးပြီး မထင်မှတ်ထားတဲ့ သမိုင်းကြောင်းတွေအပေါ်မှာ အခြေခံတဲ့ အတွေးအခေါ်အယူအဆတွေ၊ စီးပွားရေးတွေ၊ အစုအဖွဲ့တွေ၊ နိုင်ငံရေးတွေနဲ့ ပုံဖော်ထားတဲ့ လှောင်အိမ်တွေ လို့ တင်စားဖော်ပြဖူးပါတယ်။ မြန်မာနိုင်ငံက ပုံဖော်ထားတဲ့ လှောင်အိမ် ရဲ့ သံတိုင်တွေမှာတော့ လူမျိုးစု ဆိုတဲ့ သံတိုင်တွေလည်း ပါဝင် ဘောင်ခပ်ထားပါတယ်။
    ရိုဟင်ဂျာခေါင်းဆောင်တွေအနေနဲ့ ဒီလို သူတို့ရဲ့ လူမျိုးစုနာမည်ကို စွဲကိုင်ထားတာဟာ မြန်မာနိုင်ငံအတွင်းက သတ်မှတ်ထားတဲ့ လူမျိုးစုနိုင်ငံရေး ကစားကွက်တွေအတွင်း အံတုယှဉ်ပြိုင်နေရတာပါ။ သူတို့တွေဟာ ဒီလို လူမျိုးစု သက်မှတ်ချက်စည်းကမ်းတွေကို ရေးဆွဲသူတွေမဟုတ်ပေမယ့် ဒီကစားကွက်တွေထဲမှာ အံတုယှဉ်ပြိုင်နေခြင်းဟာလည်း သူတို့ကို ဖိနှိပ်နေပါတယ်ဆိုတဲ့ လူမျိုးစုနိုင်ငံရေးကို အားပေးအားမြှောက်လုပ်ပေးသလို ဖြစ်နေပြန်ပါတယ်။ သူတို့လည်း ဒီ မြန်မာ့လှောင်အိမ်ထဲမှာ ပိတ်မိနေတာပါပဲ။ သူတို့ရဲ့အခွင့်အရေးကို အာမခံရနိုင်ဖို့အတွက် တခြားရွေးချယ်စရာရှားပါးလာတယ်လို့ ခံစားရလို့ ဒီလို ရှိရင်းစွဲ လူမျိုးစုနိုင်ငံရေးအတွင်းကို ဝင်တိုးရတာဖြစ်တယ်ဆိုတာကိုတော့ နားလည်ပေးနိုင်ပါတယ်။
    ဒီလို သူတို့ရွေးချယ်ထားတဲ့ လူမျိုးစုနာမည် “ရိုဟင်ဂျာ” ဆိုတာကို အသိအမှတ်ပြုဖို့ ငြင်းဆန်နေတာဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်တဲ့ ဖိနှိပ်ချုပ်ချယ်မှု တစိတ်တဒေသဖြစ်တယ်ဆိုတာကတော့ သံသယရှိနိုင်ဖွယ်ရာမဟုတ်ပါဘူး။ တဆက်တည်းမှာလည်း ဒီလို ဖိနှိပ်မှုတွေဟာ “ရိုဟင်ဂျာ” ဆိုတဲ့ နာမည်ကို ပိုပြီးခိုင်မာအောင် စွဲကိုင်စေဖို့ တွန်းပို့သလို ဖြစ်နေပြန်ပါတယ်။
    သူတို့ရဲ့ ကိုယ်ပိုင်သွင်ပြင် လက္ခဏာသတ်မှတ်ပိုင်ခွင့် (Right of Self-Identification) ဟာ ငြင်းပယ်ထားစရာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ရိုဟင်ဂျာအရေး လုပ်ရှားသူတွေကြားမှာလည်း ဒီအခွင့်အရေးဟာ တထစ်ကျမရမနေရ အခွင့်အရေးတရပ်အဖြစ် မှတ်ယူထားတာလည်း ရှိပါတယ်။ ပြဿနာရဲ့ အခြေအမြစ်ကတော့ ရိုဟင်ဂျာ သွင်ပြင်လက္ခဏာကို ငြင်းဆန်နေတယ်ဆိုတာထက် မြန်မာနိုင်ငံရဲ့ လူမျိုးစုနိုင်ငံရေးကို ဦးစားပေးနေမှု နဲ့ မြန်မာနိုင်ငံရေးကို ပုံဖော်ထားတဲ့ လှောင်အိမ်တွေရဲ့ သံတိုင်တွေ အကြား ဆက်စပ်မှုတွေပဲ ဖြစ်ပါတယ်။
    အများစုမဟုတ်တောင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာအတော်များများဟာ မြန်မာနိုင်ငံအတွင်းမှာ သူတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေရရှိမယ်ဆိုရင် ဒီနာမည်ကို စွန့်လွတ်ကြမယ့်သူတွေရှိနေပါတယ်။ တချို့ကလည်း ဒီလို အခွင့်အရေး ပေးတာကို ရယူခဲ့တာတွေရှိပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရခိုင်ပြည်နယ်အလယ်ပိုင်း မြေပုံမြို့နယ်မှာ နိုင်ငံသားစီစစ်ရေး စမ်းသပ်တဲ့ အစီအစဉ်တခုကို အစိုးရက ပြုလုပ်ခဲ့ဖူးပါတယ်။
    ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ရခိုင်ပြည်နယ်မှာ နေထိုင်လာတဲ့ မျိုးဆက် သုံးဆက် ကို သက်သေပြနိုင်ရင် နိုင်ငံသား ပေးမှာဖြစ်ပါတယ်။ ဝေးလံလှတဲ့အရပ်ဒေသတွေမှာ နေထိုင်ကြပြီး နှစ်ရှည်လများ စာရွက်စာတမ်းအထောက်အထား မရရှိတဲ့အတွက် ဒီလို သက်သေပြဖို့ကတော့ အတော်လေးကို ခက်ခဲပါတယ်။ တချို့ဆိုရင် ၁၉၉၀ ခုနှစ်လောက်ကတည်း နိုင်ငံသားစာရင်းက ဖယ်ထုတ်ခြင်းခံရတာတွေလည်းရှိပါတယ်။
    နောက်တခုကတော့ အကယ်လို့ မျိုးရိုးသုံးဆက် သက်သေပြနိုင်တယ်ဆိုရင်တောင် နိုင်ငံသား ကဒ်မှာ “ရိုဟင်ဂျာ” လို့ မသုံးဘဲ “ဘန်ဂါလီ” လူမျိုး ဆိုတဲ့ တံဆိပ်တပ်တာကို လက်ခံပေးရပါလိမ့်မယ်။ မြေပုံမှာရှိတဲ့ ရိုဟင်ဂျာ အားလုံးဟာ ၂၀၁၂ ခုနှစ် အဓိကရုန်း ကတည်းက ဒုက္ခသည်စခန်းမှာ နေထိုင်နေကြရပြီး တော်တော်များများက အစိုးရရဲ့ နိုင်ငံသား စီစဉ်ရေး အစီအစဉ်ကို လက်ခံခဲ့ကြပါတယ်။
    ဒီအစီအစဉ်အရ လူအယောက် ၃၀၀၀ လောက်ပါဝင် လျောက်ထားပေမယ့် ၉၇ ယောက်ပဲ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီလို အစိုးရရဲ့ အစီအစဉ်ကို လက်ခံ ပြီး နိုင်ငံသားအဖြစ်အသိအမှတ်ပြုခံရသူတွေကလည်း ဘာမှမထူးခြားလာဘူးဆိုတာကို တွေ့ရပြန်ပါတယ်။ ဒုက္ခသည်စခန်းမှာ ဆက်နေထိုင်ရပြီး ဆေးရုံကိုတောင်မှာ သွားပိုင်ခွင့်မရရှိပါဘူး။ သူတို့အတွက်ကတော့ နိုင်ငံသား ဆိုတာ မျှော်မှန်းထားသလို နိုင်ငံသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပါမလာခဲ့ပါဘူး။
    နိုင်ငံသား ရရှိသွားတဲ့ အမျိုးသမီးတယောက်ကတော့ သူ့အဖေဟာ မြို့ထဲမှာ လူအများ လေးစားရတဲ့ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အရင်က ဆိုရင် မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ခွဲခြားမှုမရှိဘဲ ဆက်ဆံရေးကောင်းခဲ့တယ်လို့ ပြောပြပါတယ်။ လေးနှစ်ကြာ ဒုက္ခသည်စခန်းမှာ နေထိုင်ပြီးတာတောင် သူမအနေနဲ့ အရင်က ကိစ္စတွေက အကျုံးမဝင်တော့ဘူးဆိုတာ လက်မခံနိုင်သေးဘူး ဖြစ်နေပါတယ်။
    ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အစုလိုက်အပြုံလိုက် တွန်းပို့ပြီး သူတို့ရဲ့ သမိုင်းကြောင်းကိုဖျောက်ဖျက်ကြသလို၊ အဲဒီအမျိုးသမီးရဲ့ ဘဝပုံပြင်ဟာလည်း ရခိုင်သိုင်းအဝိုင်းထဲမှာ မရှိတော့ပါဘူး။ ရိုဟင်ဂျာ အတွက် ကြေကွဲစရာကတော့ သူတို့တမျိုးသားလုံးရဲ့ သမိုင်းကို ထိမ်ချန်ထားတာထက် ပိုဆိုးတာကတော့ အဲဒီမှာနေထိုင်ကြသူ တဦးတယောက်ချင်းစီရဲ့ ဘဝသမိုင်းစာမျက်နှာတွေကို ဖျောက်ဖျက်ခြင်းခံနေတာပဲ ဖြစ်ပါတယ်။
    Carlos Sardina Galache ရေးသားထားတဲ့ The true origins of Myanmar’s Rohingya ဆောင်းပါးကို O’Laie Manzu မှာ ဆီလျော်သလို ဘာသာပြန်ထားသည်။
    မူရင်း ဆောင်းပါး http://www.atimes.com/article/true-origins-myanmars-rohingya/
  • ကောင်းကင်ဘုံ
    ကောင်းကင်ဘုံ
    ကျွန်တော့်ကိုယ်ပွားလေးရေ…
    လောကကြီးကို ကျွန်တော်စွန့်ခွာခဲ့တာ အခုဆိုရင် လေးလကျော်ကြာခဲ့ပြီနော်။ အခုလို စောစောစီး စီးထွက်ခွာသွားမှုက ကျွန်တော့်ကို ပိုပြီးရင့်ကျက်သူတစ်ယောက်ဖြစ်စေခဲ့ပါတယ်။ ခင်ဗျားကို အခု လိုမျိုး စာပြန်ရေးနိုင်လောက်တဲ့အထိ ရင့်ကျက်စေခဲ့ပါတယ်ဆိုပါတော့ဗျာ။ ကျွန်တော်ဆိုတာကအ ခြားသူမဟုတ်ပါဘူး။ အလန်ကာဒီ (Alan Kurdi) ပါဗျ။ တူရကီနိုင်ငံရဲ့ ဘိုဒရမ် (Bodrum) ကမ်းခြေမှာ သောင်တင်သေဆုံးခဲ့တဲ့ သုံးနှစ်အရွယ်ဆီးရီးယားနိုင်ငံသား ကမ္ဘာကျော်လေးပါဗျ။ အခု ကျွန်တော်က အသက်၄၅ နှစ်ရှိနေမှာဖြစ်တဲ့ ကမ္ဘာမြေက ကျွန်တော့်ကိုယ် ကျွန်တော် (ခင်ဗျားကို) စာရေးလိုက်ပါတယ်ဗျာ။
    ချစ်ရပါသော ကျွန်တော့်ကိုယ်ပွားလေးရေ…
    ကျွန်တော်ကတော့ အခုကောင်းကင်ဘုံမှာဗျ။ ဘယ်လောက်တောင် ထွန်းလင်းတောက်ပပြီး စွဲမက် ဖွယ်ကောင်းတဲ့နေရာလဲဗျာ။ ဒီမှာက နေ့တွေ ညတွေ ဆိုပြီး ခွဲခြားရှိမနေဘူးဗျ။ နေ၊လ နဲ့ကြယ်တွေက ကြည်လင်နေတဲ့ ကောင်းကင်ပြင်မှာ အတူတကွ ဝင်းလက်နေလိုက်တာများဗျာ။ အမေနဲ့အစ်ကိုလား? သူတို့လည်း အခြားသူတွေနဲ့အတူ ပြုံးလို့ပျော်လို့ဗျ။ ဒီမှာဆို နိုင်ငံတွေ၊ နယ်စပ်တွေဆိုပြီးလည်း ခွဲခြားကန့်သတ်ထားတာမျိုးမရှိသလို ရွှေ့ပြောင်းနေထိုင်မှုတွေ၊ ဘာသာရေးခွဲခြားမှုတွေ၊ အကြမ်းဖက်လုပ်ရပ်တွေနဲ့ အကြမ်းသမားတွေလည်းမရှိကြဘူးဗျ။ အားလုံးက တန်းတူရည်တူတွေပါပဲဗျာ။ ကျွန်တော်တို့ ဝိညာဉ်အားလုံးက အေးအေးချမ်းချမ်း ညီညီ ညွတ်ညွတ်ပဲနေထိုင်ကြတာဗျ။
    အခု ခင်ဗျားတို့ ကမ္ဘာကြီးရဲ့ နှစ်သစ်ကူး အခါသမယကို ကျွန်တော်တို့ရဲ့ ကြည်နူးစရာကောင်းကင် ဘုံကနေ ကောင်းကောင်းမြင်နေရတယ်ဗျ။ ခင်ဗျားတို့ရဲ့ ခမ်းနားတဲ့ မီးရှုး၊မီးပန်းတွေကို မြင်နေရ သလို ခေါင်းလောင်းသံချိုတွေကိုလည်း ကြားနေရတယ်ဗျ။ ခင်ဗျားတို့ရဲ့ ကမ္ဘာကြီးကတော့ (ထုံးစံ အတိုင်း) ဆန့်ကျင်ဘက်တွေကို ဖြီးလိမ်းဆဲပါပဲလား။ ကမ္ဘာရဲ့တစ်ချို့နေရာတွေက လင်းလို့ထင်းလို့ နေပေမယ့် တစ်ချို့နေရာတွေကျပြန်တော့ မှောင်ဆဲမိုက်ဆဲပါလား။ ကြည်နူးဖွယ်ခေါင်းလောင်းသံ တွေနဲ့ ချောက်ချားဖွယ်သေနတ်သံတွေကလည်း ရောထွေးဆဲပါလား။ ပျော်ရွှင်မှုတွေရဲ့ နောက်မှာလည်း ဝမ်းနည်းပူဆွေးမှုတွေက ကပ်လျက်ပါဆဲပါလား။ အမုန်းတရားတွေကလည်း မေတ္တာတရားနဲ့ လက်တွဲညီညီလျှောက်လှမ်းဆဲပါလား။ အလိုလေးဗျာ… လူ့ဘဝဆိဆုတာကြီးက အဲ့လိုကြီးပါပဲဗျာ။ ကျွန်တော်နဲံတော့ ဒီအရာတွေ အကုန်လုံးက အဝေးကြီးဝေးခဲ့ပါညပီဗျာ။
    ကိုယ်ပွားလေးရေ…
    ကျွန်တော့်အဖြစ်ကိုရော မှတ်မိသေးလားဗျ။ ဥရောပ သုခကမ္ဘာကို မျှော်ရည်မှန်းပြီး ဇာတိမြေ ကိုဘာနီ (Kobani) ရဲ့ အကြမ်းဖက်မှုကနေလွတ်မြောက်ဖို့ မိဘတွေနဲ့အတူ ထွက်ပြေးခဲ့ကြတာကို လေဗျာ။ လှေထွက်ပြီး မိနစ်အစိတ်လောက်အကြာမှာ ကျွန်တော်တိုရဲ့ စိတ်ကူးအိမ်မက်လေး အဆုံး သတ်ခဲ့ရတယ်လေဗျာ။ ကြီးမားတဲ့ လှိုင်းလုံးတွေကြားမှာ ကျွန်တော်တို့စီးခဲ့တဲ့ လှေကလေးမှောက် တော့ ကျွန်တော့်လက်က အမေ့ဆီကနေ လွတ်သွားခဲ့တယ်လေ။ ကျွန်တော်က “သားကိုချန်မထားခဲ့ပါနဲ့ ဖေဖေ”လို့ အော်ပြောခဲ့ပါသေးတယ်။ ဒါပေမယ့်ဗျာ လှိုင်းလုံးကြီးတွေကြား မှာ လူးလွန့်ရင်း မျှော်လင့်ချက်ရောင်နီလေးကို ဆုပ်ကိုင်ဖို့ မရှုမလှ ကြိုးစားရင်းပေါ့။ မှောင်မိုက်နေ တဲ့ ပင်လယ်ကျယ်ကြီးထဲမှာ သုံးနှစ်သား ဒီကောင်လေးက ဘယ်လောက်များတတ်စွမ်းနိုင်မှာ မို့လို့ လဲဗျာ။ နောက်ဆုံးမှာတော့ သမုဒ္ဒရာကြီးက ကျွန်တော့်ကို လက်ကမ်းပေးပြီး သူမရဲ့ရင်ခွင်ထဲမှာ သိမ်မွေ့စွာ ပွေ့ဖက်ထားပေးပါတယ်။ သူမရဲ့ကြင်နာလိုက်ပုံများဗျာ… နောက်ပြီးတော့ဗျာ ကျွန်တော့်ကို သူမက ဟိုးအောက်အထိ ဆွဲနှစ်မချဘဲ အပေါ်ဘက် ကမ်းစပ်ကို ပို့ပေးခဲ့ရှာသေး တယ်ဗျ။ အဲ့ဒီနေ့ကို ခင်ဗျားသေချာမှတ်မိပါတယ်နော်။ အနီရောင်ရှပ်အင်္ကျီလေးနဲ့ အပြာရောင် ဘောင်းဘီလေးဝတ်ထားပြီး ဖိနပ်ကလေးပါစီးထားတဲ့။ မျက်နှာကိုလည်း ကမ်းခြေမှာမှောက်လျက် အပ်လို့ အိပ်ပျော်နေတဲ့ ကျွန်တော်လေဗျာ။ လှိုင်းကြပ်ခွပ်ကလေးတွေကတောင် ကျွန်တော့်ကို ချော့ မော့နေခဲ့သေးတယ်ဗျာ။ အဲ့ဒီနေ့က အိပ်စက်ခြင်းကတော့ ကျွန်တော့်အတွက် ထာဝရအိပ်စက်ခြင်း ပါပဲဗျာ။
    ကျွန်တော့်ရဲ့အဲ့ဒီပုံလေးက လူမှုကွန်ယက်တွေနဲ့ သတင်းမီဒီယာတွေကြားမှာ တော်တော်လေးပျံ့နှံ့ ခဲ့တယ်လေဗျာ။ လူတွေက ဘာတွေများပြောခဲ့ကြသလဲဗျာ။ ကမ္ဘာ့လူသားဆန်မှု ဘေးဒုက္ခလား။ လွတ်မြောက်ရေးအတွက် ဆိုးဆိုးဝါးဝါးကြိုးစားခဲ့တဲ့ ဆီးရီးယားလူမျိုးတွေရဲ့ နာကျင်မှုသင်္ကေတ လား။ အဲဒီပုံက ကမ္ဘာကြီးကို ဆွံ့အသွားစေခဲ့တာလား။ လူတွေရဲ့ အသိစိတ်ကိုရော နိုးဆွစေခဲ့သလား။ သူတို့တွေကျွန်တော့်အတွက် နတ်သားတောင်ပံတွေတပ် ပေးခဲ့ကြသေးတယ်။ ဒါတွေဟာ တကယ်တော့ကျွန်တော့်ရဲ့သေခြင်းကို အကျယ်ချဲ့ အလွမ်းသယ်ခဲ့ကြတာ မဟုတ်ပါဘူး။ သူတို့ရဲ့ နာကျင်မှုကို သူတို့ဘာသာ နှစ်သိမ့်ခဲ့ကြတာပါ။ အမှန်တော့ (သူတို့ဘယ်လိုပဲလုပ်လုပ်) အသက်တစ်ချောင်းကတော့ ဘယ်တော့မှ ပြန်လည်ရှင်သန်လာမှာ မဟုတ်တော့ပါဘူး။ ကျွန်တော်က ထာဝရသုံးနှစ်သားလေးပဲပေါ့ဗျာ။ ကျွန်တော်တို့မိသားစုက ကျည်ဆံမိုးတွေ၊ ဗုံးမုန်တိုင်းတွေကြား မငြိမ်းချမ်းတဲ့ ဆီးရီးယားက လွတ်မြောက်အသက်ရှင်ဖို့ ရုန်းကန်ခဲ့ကြတယ်။ တည်ငြိမ်အေးချမ်းတဲ့မြေမှာ အခြေချဖို့ကြိုးစားရင်း ကျွန်တောတို့ဘဝတွေ အခုလို ဆုံးရှုံးခဲ့ကြရတယ်ဗျာ။ ဒီလိုသေဆုံးမှုတွေကြောင့် အလွန်ပဲနာကျင်ရပါတယ်။ မထိုက်တန်လှပါဘူး။ အလိုလေးလေး… စဉ်းစားကြည့်ပေါ့ဗျာ။ ကျွန်တော်ရဲ့သုံးနှစ်ဆိုတဲ့ သက်တမ်း က အလွန်တိုတောင်းလွန်းမနေဘူးလားဗျာ။
    အကယ်၍ အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေသာ မရှိခဲ့ဘူးဆိုရင်…
    အကယ်၍ ပိုကောင်းတဲ့ လှေတစ်စီးသာ ကျွန်တော်တို့ စီးခွင့်ရခဲ့မယ်ဆိုရင်…
    အကယ်၍ ကျွန်တော့်အဖေသာ အသက်ကယ် အင်္ကျီဝတ်ထားခဲ့မယ်ဆိုရင်…
    အကယ်၍ ဥရောပနိုင်ငံတွေက သူတို့ရဲ့နှလုံးသားနဲ့ အတူ သူတို့ရဲ့နယ်စပ်တွေကို ဖွင့်ထားခဲ့မယ် ဆိုရင်… ကျွန်တော်သေရပါ့မလားဗျာ။
    အခုတော့ဗျာ ကျွန်တော့်ရဲ့(အသက်မဲ့) ခန္ဓာကိုယ် ကျွန်တော်ရဲ့အမိမြေ (ကျွန်တော်ထွက်ပြေးခဲ့တဲ့ နေရပ်ပေါ့ဗျာ) ဆီကို သယ်ဆောင်သွားကြပြီ။ ကျွန်တော့်ခန္ဓာကိုယ် အဲဒီမှာမြေချခဲ့ကြတယ်။ တကယ်တော့ ကျွန်တော့်ရဲ့ဘဝဟာ အပေါစား ကံကြမ္မာနဲ့ ဆိုးဝါးတဲ့ဘဝတစ်ခုပါပဲဗျာ။
    ကျွန်တော်ကတော့ဗျာ အနည်းဆုံး လူသိများခဲ့ရပြီး နှစ်သိမ့်ခံခဲ့ရပါတယ်။ အခြားထောင်ပေါင်းများ စွာ ဒုက္ခသည် တွေကတော့ အမေ့ခံတွေပေါ့ဗျာ။ ထောင်ချီတဲ့ရွှေ့ပြောင်းနေထိုင်သူတွေဟာ (ကျွန်တော်တို့လိုပဲ) မြေထဲပင်လယ်ကိုကျော်ဖြတ်ရင်း သေနေကြတယ်။ များစွာသော ကလေးသူငယ်တွေကလည်း အငတ်ဘေးနဲ့ အအေးဒဏ်တွေကြောင့် သေနေကြတယ်။ ရာနဲ့ချီတဲ့ လူတွေဟာလည်း အကြမ်းဖက်မှုကြောင့် သေနေကြသေးတယ်။ (ဖြတ်ပြောရဦးမယ်) ရေမနစ်ခင်က ကျွန်တော်နဲ့ တစ်နယ်တည်းသား သူငယ်ချင်းက ပြောခဲ့တယ်။ သူက သမုဒ္ဒရာကြီးကို အရမ်းကျေး ဇူးတင်ပါသတဲ့။ ဘာကြောင့်ဆို သူ့ကိုသမုဒ္ဒရာကြီးက ဗီဇာလည်းမစစ်ဘဲ၊ ကိုးကွယ်တဲ့ဘာသာလည်း မမေးဘဲ လက်ခံခဲ့လို့ပါတဲ့။ အေးဗျာ… ကျွန်တော်တို့လို နှစ်သိမ့်ခံ သတိရခံရတဲ့ သေသူတွေရှိသလို အပယ်ခံ၊ အမေ့ခံပြီး သေသွားတဲ့သူတွေလည်းရှိပါတယ်။ အိုဗျာ… တကယ်တော့ သေခြင်းတရားဟာ တရားမှ တရားရဲ့လားဗျာ။
    ဒီနေရာမှာ မေးစရာရှိတာက နာကျင်စွာသေဆုံးခဲ့ရပြီး ငြိမ်းချမ်းလှတဲ့ သုခဘုံရောက်ကလေးတစ် ယောက်ဟာ ဘာကြောင့်များ ကမ္ဘာမြေက (၄၅) နှစ်ရှိတဲ့ ခင်ဗျားဆီကို စာရေးရသလဲဆိုတာကိုပါ။ (၄၅)နှစ်ဆိုတဲ့ အသက်အရွယ်ကိုမှ ဘာကြောင့်ရွေးချယ်ပြီး စာရေးရသလဲ။ အမှန်ကတော့ (၄၅) နှစ် ဆိုတဲ့ အရွယ်ဟာ ဘဝမှာ ပြည့်စုံတည်ငြိမ်တဲ့ အရွယ်မဟုတ်လားဗျာ။ ကျွန်တော်သာ အသက်ရှင်ပြီး အခုလို (၄၅) နှစ်အရွယ်ကို ရောက်မယ်ဆိုရင် ကျွန်တော်ဘာများဖြစ်နေမလဲ မသိဘူးနော်။
    အဖေတစ်ယောက်လား? ဒါမှမဟုတ် အရာရှိတစ်ယောက်လား ? ဒါမှမဟုတ် ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်မယ့် အထင်ကရတစ်ယောက်လား? ဒါနဲ့ စကားမစပ်ဗျာ Apple ကုမ္ပဏီရဲ့ CEO စတီးဗ်ဂျော့ ကလည်း ရွှေ့ပြောင်းနေထိုင်သူ တစ်ယောက်ဆိုတာ ခင်ဗျားသိပါတယ်နော်။ ကျွန်တော်သာ အသက်ရှင်ခဲ့ရင် ကျွန်တော်ဘယ်နေရာမှာများ ရောက်နေမှာလဲ။ အမိမြေဆီးရီးယား ကို ပြန်ရောက်နေမှာလား? ဒါမှမဟုတ် ဥရောပနိုင်ငံတစ်ခုခုကိုများ ရောက်နေမလား။ ကမ္ဘာကြီးကရော ဘယ်လိုအခြေအနေမှာ ရှိနေမလဲ? ကျွန်တော်အခုရောက်နေတဲ့ နိဗ္ဗာန်ဘုံနဲ့ ကမ္ဘာ ကြီးက တူနေမှာလား? တကယ်တော့ဗျာ အသက်တွေကြီးဖို့နဲ့ (၄၅) နှစ်ရောက်ဖို့ဆိုတာ သဘာဝပဲ မဟုတ်လားဗျာ။ ဒါပေမယ့်လူတော်တော်များများနဲ့ ကျွန်တော် အတွက်တော့ လုံးဝမဟုတ်ပါဘူး။ အသက်(၄၅)နှစ်ဆိုတာ ကျွန်တော်တို့အတွက် ထာဝရအိမ်မက်တစ်ခုပါဗျာ။ ဘယ်တော့မှဖြစ်လာ မျာမဟုတ်တဲ့ အိမ်မက်တစ်ခုပေါ့ဗျာ။ ဘယ်သူကများ ကျွန်တော်နဲ့ ကျွန်တော့်လိုကလေးတွေကို (၄၅) နှစ်ဆိုတဲ့ အသက်ကို ရအောင်လုပ်ပေးနိုင်မှာလဲဗျာ။ ဘယ်သူကများ ကျွန်တော်တို့တွေရဲ့ အသက်တွေကို ပြန်ပေးနိုင်မှာလဲဗျာ။ ကျွန်တော်တို့တွေအသက် (၄၅) နှစ်၊ (၅၅) နှစ်နဲ့ နောက်ထပ် နှစ်များစွာအထိ ဘယ်လိုလုပ်နေထိုင်ခွင့်ရနိုင်တော့မှာလဲဗျာ။ ဒီမေးခွန်းကို ဘယ်သူကများ ဖြေပေး နိုင်မှာလဲ ကိုယ်ပွားလေးရာ။
    ချစ်ခြင်းအားဖြင့်
    ကျွန်တော်
    ဗီယက်နမ်နိုင်ငံမှ ၁၅ နှစ်အရွယ်ရှိကျောင်းသူလေး “ငုယင်သီသူထရန်” ၏ ရွှေတံဆိပ်ဆုရ
    “အသက် ၄၅ နှစ်ရှိသော သင့်ကိုယ်သင်စာတစ်စောင်ရေးပါ” ဟူသောပေးစာကို ဆီလျော်အောင် ဘာသာပြန်သည်။
    စန္ဒာမြင့် (ပညာရေး)
  • သမ္မတနှင့် သားသတ်သမားတို့၏ လောင်းကြေးထပ်ခံရသည့် အာဖဂန်နိုင်ငံရေးအခင်းအကျင်း
    သမ္မတနှင့် သားသတ်သမားတို့၏ လောင်းကြေးထပ်ခံရသည့် အာဖဂန်နိုင်ငံရေးအခင်းအကျင်း
    အောက်တိုဘာ ၁၀၊ ၂၀၁၆
    M-Media
    kabul
    အာဖဂန်နစ္စတန်၊ ကဘူးလ်မြို့တွင် ဂူလ်ဘွတ်ဒီးန် ဟိက်မတ်ယာ ဦးဆောင်သော ဟိဇ်ဘီအစ္စလာမီအုပ်စုနှင့် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးနေသည့် အရှ်ရဖ် ဂနီ
    – ကဘူးလ်မြို့၏သားသတ်သမား ဂူလ်ဘွတ်ဒီးန် ဟိက်မတ်ယာနှင့် သဘောတူညီချက်ရယူလိုက်သော အာဖဂန်သမ္မတအဖို့ နိုင်ငံရေးအရ အသာစီးရသွားသော်လည်း ယင်းလုပ်ဆောင်ချက်က နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ပေါ်လာစေနိုင်သည်။
    ပြီးခဲ့သည့်သီတင်းပတ်က အာဖဂန်အစိုးရသည် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် စစ်ဘုရင် တဖြစ်လဲ ၀န်ကြီးချုပ်ဟောင်း ဂူလ်ဘွတ်ဒီးန် ဟိက်မတ်ယာနှင့် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးခဲ့ရာ မျှော်လင့်ချက်ရော စိုးရိမ်စရာပါ မြင့်တက်လာခဲ့သည်။ အဓိကရသောင်းကျန်းသူအုပ်စုတစ်စု၏ ခေါင်းဆောင်ဖြစ်သူမှ ပထမဆုံး လက်နက်ချရန် သဘောတူညီခြင်း၊ နိုင်ငံ့ဥပဒေအောက်၌ ခိုလှုံခြင်းနှင့် မြေပေါ်နိုင်ငံရေးလမ်းကြောင်းသို့ ၀င်ရောက်ခြင်းဖြစ်၍ အဆိုပါသဘောတူစာချုပ်သည် မျှော်လင့်ချက်ကို သယ်ဆောင်လာစေသည်။
    သို့သော် ဟိက်မတ်ယာ၏ ဦးလှည့်ခြင်းက နိုင်ငံရေး၊ စစ်ရေးနှင့် လူမှုပြဿနာများအား ဒလဟော သွန်ချပေးလိုက်သလို ဖြစ်သွားနိုင်ပေသည်။ နိုင်ငံ့အနာဂတ်ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်၏။
    “ကဘူးလ်မြို့မှသားသတ်သမား” ဟု အမည်တွင်သည့် ဟိက်မတ်ယာထံ၌ အငြင်းပွားဖွယ်သမိုင်းကြောင်း ရှိနေသည်။ လွန်ခဲ့သော နှစ် ၃၀ ကျော်က သူသည် ကွန်မြူနစ်ခေါင်းဆောင်များနှင့်အတူ အာဏာသိမ်းရန် အနည်းဆုံးနှစ်ကြိမ် ကြံစည်ဖူးသည်။ သို့သော် မအောင်မြင်ခဲ့ပေ။
    ၁၉၉၀ နှစ်များမှ အာဖဂန်ပြည်တွင်းစစ်ပွဲကာလအတွင်း သူ၏ အာဏာရရေးကြိုးပမ်းမှု၌ ဥဇဘက်ခေါင်းဆောင် ဗိုလ်ချုပ် အဗ်ဒုလ်ရရှီးဒ်ဒေါ့စ်သူးမ်နှင့် ဟာဇရာခေါင်းဆောင် အဗ်ဒုလ် အလီ မဇာရီ စသော သူ၏ ဂိုဏ်းကွဲမဟာရန်သူတော်များနှင့်ပင် မဟာမိတ်ဖွဲ့ခဲ့သူဖြစ်သည်။
    ၎င်းနောက် မဟာမိတ်အားလုံးနီးပါးများထံမှ ခွဲထွက်ဘက်ပြောင်းပြီး မိမိ၏ကျော်စောမှုနောက်ကိုသာ အဖန်တလဲလဲ လိုက်ပါသူဖြစ်၍ စဉ်းလဲကောက်ကျစ်သည့်၊ ယုံကြည်ကိုးစားမှုနှင့်မထိုက်တန်သည့် စရိုက်သဘာဝ ရှိနေသည်။
    အကြံကြီးမှုများ
    လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်က သူသည် နိုင်ငံအများအပြားမှ ထောက်လှမ်းရေးအေဂျင်စီများနှင့် ပတ်သက်ဆက်နွှယ်ခဲ့သူလည်းဖြစ်သည့်အပြင်၊ အလွန်အကြံကြီးပြီး အာဏာအတွက် ရက်စက်ရန် လက်မတွန့်သူတတ်သူ ဖြစ်ခဲ့၏။
    အာဖဂန်ပြည်တွင်းစစ်အတွင်း သမ္မတဖြစ်ရေးတိုက်ပွဲတွင် ဟိက်မတ်ယာသည် ကဘူးလ်မြို့အား ဒုံးကျည်များ ထောင်ချီသုံးကာ ဗုံးမိုးရွာစေခဲ့သဖြင့် သောင်းနှင့်ချီသော မြို့နေလူထုများ သေကြေဒဏ်ရာရခဲ့ကြသည်။
    သူသည် မိမိ၏ပြိုင်ဖက်များကို အမြစ်လှန်နိုင်ရန်၊ အာဏာရရှိရန် လူမျိုးရေးတင်းမာမှုများကို သွတ်သွင်းမီးမွှေးခဲ့သဖြင့် နာမည်ဆိုးတွင်ထားသူလည်း ဖြစ်ပြန်သည်။ ဤငြိမ်းချမ်းရေးစာချုပ်သစ်တွင် သူ၏နောက်ကြောင်းရာဇ၀င်ကဏ္ဍတိုင်းက သူ၏ ကြမ်းကြုတ်ရက်စက်ခြင်းနှင့် အာဏာမက်မောခြင်းအား ညွှန်ပြလျက်ရှိနေသည်။
    ကဘူးလ်မြို့ရှိ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ ဖြစ်လွယ်ပျက်လွယ် အပြောင်းအလဲများနိုင်သော အနေအထား၌ရှိနေ၏။ နိုင်ငံ့ဒေသအများအပြားတွင် မလုံခြုံမှုများက အဆက်မပြတ် ခြိမ်းခြောက်နေ၏။ ၂၀၁၄ ခုနှစ်က ဖွဲ့စည်းတည်ထောင်သော အမျိုးသားညီညွတ်ရေးအစိုးရ – National Unity Government (NUG) အတွင်း၌ အုပ်စုကွဲအားပြိုင်နေမှုများက ဤအပြောင်းအလဲများနိုင်သော အခြေအနေကို ထပ်မံအားဖြည့်ပြီး လူမျိုးရေးတင်းမာမှုအား အသစ်တဖန် မြင့်တက်သွားစေခဲ့သည်။
    ဗဟိုအစိုးရ၏ ပျော့ကွက်က စစ်ဘုရင်များကို အင်အားဖြည့်ပေးရာရောက်ပြီး အာဏာကို အချည်းနှီး ဖြစ်စေခဲ့သည်။ အာဖဂန်နစ္စတန်သို့ ဟိက်မတ်ယာ၏ ပြန်လှည့်လာမှုသည် နိုင်ငံရေးအခင်းအကျင်းအား ထပ်ဆင့် ရှုပ်ထွေးစေနိုင်သည်သာမက နိုင်ငံရေး၊ လူမျိုးရေးနှင့် ဂိုဏ်းကွဲတင်းမာမှုများဆိုင်ရာ လှိုင်းဂယက်တစ်ခု အသစ်တဖန် ဖုံးလွှမ်းလာနိုင်ပေသည်။
    အကယ်၍ သူသည် ပြည်တွင်းစစ်ကာလအတွင်း ပြုမူခဲ့သကဲ့သို့ အာဏာရရှိရေးနှင့် ပြိုင်ဖက်ဖြိုလှဲရေးအတွက် လူမျိုးရေးကို ရှေ့ဆက်အသုံးချသည့် လမ်းကြောင်းကို ရွေးချယ်ပါက လူမျိုးရေးတင်းမာမှုများကို ထပ်မံ ဆိုးရွားလာစေတော့မည်ဖြစ်သည်။
    kabul-2
    ကဘူးလ်မြို့ အာဖဂန်အစိုးရနှင့် ဂူလ်ဘွတ်ဒီးန် ဟိက်မတ်ယာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားထုတ်လွှင့်ချက်ကို စိတ်ဝင်တစားစောင့်ကြည့်နေကြသည့် အာဖဂန်ပြည်သူများ 
    ၁၉၈၀ ခုနှစ်များကပင် ဟိဇ်ဘီ အစ္စလာမီသည် တာဂျစ်တို့၏ အဓိကအုပ်စုကွဲတစ်ခုဖြစ်သော ဂျမအတ်သီ အစ္စလာမီနှင့် ပြိုင်ဖက် ဖြစ်နေခဲ့၏။ ဤနိုင်ငံရေးပြိုင်ဖက် လက်နက်ကိုင်အုပ်စုနှစ်စုလုံးမှာ ဒီမိုကရေစီဘက်တော်သားများဖြစ်သော်လည်း ဟိက်မတ်ယာ၏ ဦးလှည့်လာမှုမှာကား နိုင်ငံရေးအရရော၊ ၎င်းတို့အကြား ပြင်းထန်သည့်ပဋိပက္ခကိုပါ မီးထတောက်စေမည့် အဓိကလောင်စာတစ်ရပ်ဖြစ်နေပေသည်။
    ခေတ်သစ်အာဖဂန်နစ္စတန်၌ လက်ခံကျင့်သုံးနေသော လွတ်လပ်စွာဖော်ထုတ်ခွင့်နှင့် ရေးသားတင်ပြခွင့်၊ အမျိုးသမီးများအခွင့်အရေး၊ အပြန်အလှန်လေးစားမှုအခြေတည် နိုင်ငံရေးပြိုင်ဆိုင်ခြင်း အစရှိသည်တို့အပေါ် ဟိက်မတ်ယာဖက်မှ လက်ခံသည့် အရိပ်အယောင် မပြသနိုင်သေးပေ။
    နိုင်ငံရေးခြေလှမ်းသာဖြစ်သည်
    ဟိက်မတ်ယာအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ခေါ်ဆောင်လိုက်သည့် သမ္မတ အရှ်ရဖ် ဂနီ၏ ပင်မရည်ရွယ်ချက်သည် နိုင်ငံရေးအရသာဖြစ်၏။
    စောင့်ကြည့်မှုအရ NUG ၏ ပုံဖော်ချက်ဖြစ်သော အာဏာခွဲဝေခြင်း သဘောတူညီချက်အရ ဟိက်မတ်ယာသည် သူ၏ပြိုင်ဖက် အမှုဆောင်ချုပ် အဗ်ဒုလ္လာဟ်အဗ်ဒုလ္လာဟ်နှင့် သူ့အုပ်စုကို ပခုံးချင်းယှဉ်နိုင်မည့် အခြေခံပါဝါလိုအပ်ချက်များ လစ်ဟင်းလျက်ရှိနေသေးသည်။
    ဟိက်မတ်ယာ၏ တစ်ကျော့ပြန်လာခြင်းက သူ၏ပြိုင်ဖက်အုပ်စုကွဲ ဂျမအတ်သီ အစ္စလာမ်မီအုပ်စုမှ အာဏာရလာသည့် အဗ်ဒုလ္လာဟ်နှင့် ဂနီတို့အကြားရှိ သြဇာချိန်ခွင်လျှာအား ထိုးနှက်မှု ဖြစ်လာနိုင်၏။ သမ္မတ ဂနီ၏ လူမျိုးနွယ် ပက်ရှ်တွန်းမှ မျိုးကွဲအုပ်စုဖြစ်သော အရှေ့ပိုင်းဂီလ်ဇာအီတို့အကြားရှိ ဟိက်မတ်ယာ၏သြဇာလွှမ်းမိုးမှုက ဂနီအတွက် အဗ်ဒုလ္လာဟ်နှင့် ဂျမအတ်အုပ်စု၏ ဖိအားပေးမှုအပေါ် ရင်ဆိုင်ရေး၌ အသုံးတည့်လှချေသည်။
    ထို့အပြင် ဂနီအတွက် ၂၀၁၄ ခုနှစ်တွင် အနားယူသွားပြီး အာဏာပြန်လည်ရယူရန် အပူတပြင်းဖြစ်နေသော သမ္မတဟောင်း ဟာမစ်ကာဇာအီ(ဟာမစ်ကာဇိုင်း)၏ သြဇာနှင့်အာဏာကို ချိန်ညှိထိုးဆွခြင်း၌လည်း အထောက်အကူဖြစ်စေနိုင်၏။ NUG အတွင်း မညီညွတ်မှုကြောင့် အာဖဂန်နစ္စတန်၏ ပြည်တွင်း နိုင်ငံရေးနှင့် လုံခြုံရေးအနေအထား ပိုမို ဆိုးဝါးလာရသည်ဟု လူအများက ယုံကြည်လျက်ရှိကြသည်။
    ဟိက်မတ်ယာ၏ နိုင်ငံရေးသမိုင်းက ကာဇာအီထက် ပိုမိုခြေလှမ်းကျယ်သဖြင့် Loya Jirga (ခေါ်) နိုင်ငံရေးအကူးအပြောင်းတစ်ရပ်ဖြစ်သော အမျိုးသားရေးညှိနှိုင်းတိုင်ပင်မှု ထပ်မံပျက်ပြယ်မသွားအောင် လိုအပ်သည်ရှိသော် ကာဇာအီ၏ အာဏာပြန်ရရေးအပေါ် ကာကွယ်ခြင်း၌ ဟိက်မတ်ယာအနေနှင့် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လာပေမည်။
    ဤသဘောတူညီချက်အား ဖြစ်မြောက်စေရေးနှင့်ပတ်သက်ပြီး ပါကစ္စတန်၏သဘောထားကမူ ပဟေဠိ ဖြစ်နေဆဲပင်။ ပါကစ္စတန်က ဟိက်မတ်ယာအား ကာလရှည် ပံ့ပိုးကာကွယ်ပေးခဲ့ပြီး လက်ရှိတွင် သူနှင့် သူ၏မိသားစုအား ခိုလှုံခွင့်ပေးထားသည်။ ယခုငြိမ်းချမ်းရေးပဋိညာဉ်အပေါ် ပါကစ္စတန်မှ တရားဝင်တုန့်ပြန်မှု တစ်စုံတစ်ရာ မရှိသေးလင့်ကစား ၎င်းတို့၏နှုတ်ဆိတ်နေမှုက လျစ်လျူရှုထားခြင်းသဘောလည်း မသက်ရောက်ပေ။
    kabul-3
    အရှ်ရဖ်ဂနီကို အဗ်ဒုလ္လာဟ်အဗ်ဒုလ္လာဟ်နှင့်အတူ တွေ့ရစဉ် 
    ပါကစ္စတန်၏ထောက်ခံအားပေးမှု
    ပါကစ္စတန်၏ထောက်ခံအားပေးမှု မပါဘဲ ဟိက်မတ်ယာသည် အရေးကြီးသည့် နိုင်ငံရေးဆုံးဖြတ်ချက်ကို ပြုလုပ်မည်မဟုတ်။ ကဘူးလ်နှင့် အစ္စလာမဘတ်အကြားရှိ ဆက်ဆံရေးမှာ မည်သည့်အခါမှ မတိုးတက်စဖူး။ NUG မှာလည်း စတင်ထူထောင်သည့် ၂၀၁၄ ခုနှစ်ကတည်းက နိုင်ငံရေးနှင့်လုံခြုံရေးအရ အကြီးမားဆုံး စိန်ခေါ်မှုများကို ရင်ဆိုင်နေရချိန်ဖြစ်နေသည်။ ယင်းသဘောတူညီမှုကို ထောက်ခံသည့်အသွင်ဆောင်ခြင်းမှာ တိုက်ရိုက်အကျိုးအမြတ်တစ်ရပ် ရှိမရှိ ရှင်းလင်းစွာ မသိနိုင်သေးပါ။
    ဖြစ်နိုင်ချေအလားအလာနှစ်ရပ်ရှိ၏။ ပါကစ္စတန်သည် အာဖဂန်၌ အိန္ဒိယ၏ သြဇာကြီးထွားလာမှုအား ဖြိုလှဲရန် ဟိက်မတ်ယာကို အသုံးချခြင်း ဖြစ်နိုင်သည်။ နောက်တစ်ချက်မှာ အိန္ဒိယနှင့် အာဖဂန်နစ္စတန်အကြား ဖက်လှဲတကင်းရှိနေမှုက ၎င်း၏နိုင်ငံလုံခြုံမှုအတွက် အန္တရာယ်တစ်ရပ်အဖြစ် ရှုမြင်ထားသည်။
    ၁၉၈၀ နှစ်များတွင် ဆိုဗီယက်အား စတင် ခုခံတိုက်ခိုက်ချိန်ကတည်းက မူဂျာဟစ်ဒင်အုပ်စုများအကြားဟိက်မတ်ယာသည် ကက်ရှမီးယားနယ်ရှိ သူပုန်များအား မီးမွှေးပေးနိုင်သည့် ပြိုင်ဖက်ကင်းသူဖြစ်ခဲ့သည်။
    အိန္ဒိယသားများအား ဆန့်ကျင်မုန်းတီးမှု ဟူသော ဟိက်မတ်ယာ၏ကျောထောက်နောက်ခံက အာဖဂန်ရှိ အိန္ဒိယကြီးစိုးမှုကို ဖြိုလှဲရေး၌ အသုံးချနိုင်မည်ဟု အစ္စလာမာဘတ်က နားလည်ထားဟန်ရှိ၏။ ဤသည်မှာ ဖြစ်နိုင်ချေ ပထမအချက်တည်း။
    ဒုတိယအချက်မှာ ချည့်နဲ့နေသော ကဘူးလ်အုပ်ချုပ်ရေးအပေါ် ပါကစ္စတန်မှ အာဏာလွှမ်းရန် ကြိုးစားလာမှု၌ အခြေတည်နေ၏။ အာဖဂန်၏ ယိုင်နဲ့နေပြီဖြစ်သော နိုင်ငံရေးအခင်းအကျင်း (နှင့်) ကဘူးလ်၌ အရှိန်မြင့်နေသော အစ္စလာမဘတ်၏ သြဇာလွှမ်းမိုးမှုတို့ကို ဟိက်မတ်ယာ၏ ဦးလှည့်ဝင်လာမှုဖြင့် အကြွင်းမဲ့ ရှုပ်ထွေးသွားစေမည်ဟု ပါကစ္စတန်က ယုံကြည်ထားဟန်ရှိသည်။
    ဂနီအတွက်တော့ ဟိက်မတ်ယာအား ခေါ်ယူခြင်းမှာ နိုင်ငံရေးအသာစီးရမှု ဖြစ်သည်။ သို့ပင်သို့ငြား ၎င်း၏ ပြန်ရောက်လာမှုက နိုင်ငံရေးတည်ငြိမ်မှုကို အထောက်အကူပြုမည်လော သို့မဟုတ် ထိခိုက်စေမည်လော မသိနိုင်သေးပေ။
    အကယ်၍ ဟိက်မတ်ယာသည် ခွေးမြီးကောက်ကျည်ထောက်စွပ်သည့် ဥာဉ်အတိုင်း အာဖဂန်၏ လက်ရှိဒီမိုကရေစီစနစ်ကို လက်မခံဘဲ ငြိမ်းချမ်းရေးပဋိညာဉ်အပေါ် သဘောထားမဖြောင့်မှန်ပါက – ဂနီအစိုးရထံ၌သာ လုံးလုံးလျားလျား တာဝန်ရှိပေတော့မည်။ နိုင်ငံရေးအခင်းအကျင်းမှာ တိုးတက်မှုမဖြစ်ထွန်းဘဲ အဆိပ်ခံသလို ဖြစ်တော့မည်။ ဒီမိုကရေစီထောက်ခံသည့် ခေတ်သစ် အာဖဂန်နစ္စတန်မြေအတွင်းမှာပင် အန္တရာယ်တွင်းတူးရာ ရောက်ပေမည်။ ပြင်ပမှ သူဆောင်ယူလာသော နိုင်ငံရေးစနစ်ထက် ဆိုးဝါးသွားနိုင်သည်။
    ဟိက်မတ်ယာသည် အာဖဂန်နစ္စတန်၏ အကြမ်းကြုတ်ဆုံး စစ်ဘုရင်တစ်ဦး ဟူသော ခေါင်းစဉ်အောက်တွင် ရှိနေဆဲ။ သို့ဖြစ်ရာ ဂနီသည် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံရေးတည်ငြိမ်မှု နှစ်ခုစလုံးအပေါ် လောင်းကြေးတစ်ရပ်၏ ပန္နက်တိုင်ကို စိုက်ထူမိလေပြီ။
    (ကဘူးလ်အခြေစိုက်ပညာရှင်၊ အာဖဂန်နစ္စတန်ရေးရာနှင့် နိုင်ငံရေးကျွမ်းကျင်သူ သုတေသီအဖွဲ့ဝင် နဂျစ် ရှရဖီ၏ Al Jazeera ဖော်ပြချက်ပါ Ashraf Ghani’s gamble with ‘butcher of Kabul’ အတွေးအမြင်ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။)
  • မြန်မာပြည်ရဲ့ အမုန်းတရားဖြန့်ဝေရာ လော်စပီကာ ဖြစ်လာသော ဆိုရှယ်မီဒီယာ
    မြန်မာပြည်ရဲ့ အမုန်းတရားဖြန့်ဝေရာ လော်စပီကာ ဖြစ်လာသော ဆိုရှယ်မီဒီယာ
    အောက်တိုဘာ ၄ ၊ ၂၀၁၆
    M-Media
    6-ma-ba-tha-posters_aung-myin-ye-zaw
    ယမန်နှစ် စက်တင်ဘာလအတွင်း မျိုးစောင့်ဥပဒေလေးရပ် အတည်ပြုခံရခြင်း အခမ်းအနား၌ မဘသအဖွဲ့မှ ခင်းကျင်းဆင်ယင်ထားသည့် မွတ်စ်လင်မ်ဆန့်ကျင်ရေး ပိုစတာနှင့် ဓာတ်ပုံများကို တွေ့ရစဉ်။ (ဓာတ်ပုံ – အောင်မြင်ရဲဇော်၊ The Myanmar Times)
    မြန်မာနိုင်ငံ၏ လက်ရှိ အင်တာနက် တော်လှန်ရေးမှာ အမှောင်ဖုံးလွှမ်းနေဆဲပင်။
    ဖေ့စ်ဘွတ်ကဲ့သို့သော ဆိုရှယ်မီဒီယာ ပလက်ဖောင်းများသည် ဆဲလ်ဖီဓာတ်ပုံများ၊ စတစ်ကာများ၏နောက်ကွယ်တွင် အမုန်းတရားအမုန်းစကားများ ပျိုးထောင်သန်စွမ်းရေးအတွက် အခင်းအကျင်းသစ်တစ်ခု ဖြစ်လို့နေသည်။
    အမုန်းစကားပြန့်ပွားမှု (တစ်နည်း) လူ့အခွင့်အရေးဆိုင်ရာအပိုဒ် ၁၉ ရည်ညွှန်းချက်ဖြစ်သည့် “နိုင်ငံသား၊ လူမျိုး၊ ကိုးကွယ်ရာဘာသာတရားအပေါ် အခြေခံသော အမုန်းရန်ငြိုးကို အားပေးအားမြှောက်ပြုခြင်း” ဟူသည် ဤနိုင်ငံထဲတွင် သမိုင်းနှင့်ချီ၍ ကြာမြင့်လာလေပြီ။
    ထို့ပြင် ဆယ်စုနှစ်များတစ်လျှောက် မီဒီယာကဏ္ဍမှာ အပြောင်းအလဲ ဖြစ်လာကြသော်လည်း စိတ်ကူးစိတ်သန်း အများစုမှာမူ ထူးမခြားနားသေးပေ။
    ၁၉၃၀ ခုနှစ်များမှ နာမည်ကြီးသီချင်းတစ်ပုဒ် ရှိ၏။ ၎င်း၌ အိန္ဒိယသားနှင့် မွတ်စ်လင်မ်တို့အပေါ် “ငါတို့၏အကျိုးစီးပွားကို ဖျက်ဆီးသူ၊ ငါတို့အမျိုးသမီးတို့ကို လူမျိုးရေးအရ ၀ါးမျိုးသူ” အဖြစ် အဆိုးမြင်သဘောဖြင့် စပ်ဆိုသီကုံးထားခဲ့သည်။
    ၁၉၉၆ ခုနှစ်အရောက်တွင်လက်ကမ်းစာစောင်တစ်ခု၌ “မြန်မာနိုင်ငံသားတို့ သတိပြုကြ။ မွတ်စလင်မ်တို့သည် မြေ၊ ငွေ၊ အမျိုးသမီးနှင့် အာဏာများကို တိတ်တဆိတ် ရယူခြင်းဖြင့် ဗုဒ္ဓဘာသာအား ဖျက်ဆီးကာ ၎င်းတို့၏ သာသနာကို ပြန့်ပွားအောင် ကြံဆောင်ကြိုးစားနေကြသည်” ဟူ၍ ပြင်းထန်စွာ ရေးသားထားကြောင်း တွေ့ရပြန်သည်။
    လတ်တလောသမယများမှာတော့ အမျိုးသားရေးဝါဒီဆိုသူများက စီဒီ၊ ဒီဗီဒီခွေများဖြင့် အလားတူ သွေးထိုးလှုံ့ဆော်သည့် သတင်းစကားတို့ကို ထည့်သွင်း၍ ကျေးလက်ဒေသအဆင့်ထိပင် ပုံဟန်အမျိုးမျိုးဖြင့် ဖြန့်ချိနေလျက်ရှိကြ၏။
    တစ်ချိန်တစ်ခါက ဤအခြင်းအရာမှာ အရင်းအမြစ်၊ လူအင်အား၊ ပထ၀ီဝင်အနေအထားများအရ အတိုင်းအတာတစ်ရပ်အထိ အကန့်အသတ် ရှိခဲ့သော်လည်း ယခုအခါမှာတော့ အင်တာနက်ဆက်သွယ်မှု ပေါ်ထွက်လာခြင်းက မကြုံစဖူးလောက်အောင် ကျယ်ပြန့်လာစေတော့သည်။
    ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မိုဘိုင်းသုံးစွဲမှု တိုးတက်နှုန်းမှာ ၄ ရာခိုင်နှုန်းမျှသာရှိသည်ဟု ခန့်မှန်းခဲ့ကြသည်။ ယမန်နှစ်၌ ၆၃ ရာခိုင်နှုန်းအထိပင် ရောက်ရှိသွားကြောင်း ဆိုကြသည်။
    ရန်ကုန်မြို့အခြေစိုက် Amara Digital Marketing Agency ၏အဆိုအရ ဖေ့စ်ဘွတ်အသုံးပြုသူ အရေအတွက်မှာ တစ်နှစ်မပြည့်မီကာလအတွင်း နှစ်ဆမြင့်တက်ပြီး ၉.၇ သန်းအထိ များပြားလာခဲ့သည်။
    Telenor နှင့် MPT ၏ အခမဲ့အသုံးပြုနိုင်မှု အစီအစဉ်ကြောင့် ဆိုရှယ်မီဒီယာအသုံးပြုသူ အရေအတွက် ဤမျှအထိ မြင့်တက်လာရပေသည်။ ယင်းကွန်ရက်နှစ်ရပ်ပေါင်း၏ ပုံမှန်ငွေဖြည့်အသုံးပြုနေကြသူများမှာ ၃၆.၉ သန်း အနိမ့်ဆုံး ရှိနေ၏။
    ဤသို့ ရုတ်တရက် တအုံတကျင်း အသုံးပြုလာမှုသည် အများနှင့် ပုဂ္ဂလဆိုင်ရာ ဆွေးနွေးချက်တို့နှင့် ဒွန်တွဲဖြစ်တည်လာခြင်း မဟုတ်သောကြောင့် အကြောင်းအရာများအပေါ် ဝေဖန်ဆန်းစစ်ခြင်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူများစွာတို့မှ စိုးရိမ်မိကြောင်း The Myanmar Times သို့ပြောကြားသည်။
    မြန်မာနိုင်ငံသည် မီဒီယာနှင့် သတင်းအချက်အလက်ပညာအပေါ် ခွဲခြားသိမြင်မှု အဆင့်နိမ့်ပါးနေသေးသည်ဟု ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO ယူနက်စကို(မြန်မာ)ရုံး၏ အဆိုအရ သိရသည်။
    လူပေါင်းများစွာတို့သည် စူးစမ်းသော (၀ါ) ခွဲခြမ်းစိပ်ဖြာသော အမြင် မရှိဘဲ မြင်မြင်သမျှ အဟုတ်အမှန်ဟု ယုံကြည်နေတတ်သည်ကို ဤအချက်က ညွှန်းဆိုပြသနေသည်။
    “(အသုံးပြုသူအချို့က) ဘယ်ဟာက အဖြစ်မှန်၊ ဘယ်ဟာက လုပ်ကြံဖန်တီးချက် ဆိုတာကို ဝေဖန်ပိုင်းခြားမှု မလုပ်တတ်ကြဘူး” ဟု NGO ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။
    အမျိုးသားရေးဝါဒီများသည် တစ်ဦးချင်းသော်လည်းကောင်း၊ အုပ်စုလိုက်သော်လည်းကောင်း အွန်လိုင်းကျင့်ဝတ်ချိုးဖောက်၍ လူနည်းစုဝင်များအား သွေးခွဲချိုးနှိမ်နှိမ့်ချခြင်း၊ အကြမ်းဖက်မှုဖြစ်ပေါ်အောင် အွန်လိုင်းပေါ်မှတွန်းအားပေးခြင်း စသည်တို့ကို လုပ်ဆောင်နေကြကြောင်း အမုန်းစကားစောင့်ကြည့်ရေး အဖွဲ့အစည်းအသီးသီးက The Myanmar Times သို့ ပြောပြကြ၏။
    စောင့်ကြည့်လေ့လာရေးအဖွဲ့များက ဘာသာရေးနှင့် လူမျိုးရေးဆန့်ကျင်ခွဲခြားခြင်းကို အတုအယောင်လုပ်ကြံသတင်းများနှင့် သိမှတ်ဖွယ်အသွင်ဆောင်အချက်အလက်ပို့စ်များအားဖြင့် ဆိုရှယ်မီဒီယာပေါ်မှ လမ်းကြောင်းဖော်လျက်ရှိသည်ဟု ဖွင့်ချအသိပေးခဲ့ကြသည်။
    “အွန်လိုင်းပေါ်က အမုန်းစကားရဲ့ တာသွားမှုကို တစ်ယူသန်အစွန်းရောက်တွေက ကောင်းကောင်း သိနေကြပြီး ဒါကိုပဲ ထပ်ခါတလဲလဲ အသုံးချနေကြပါတယ်။ သတင်းအတုအယောင်တွေ၊ မုသားအချက်အလက်တွေအပေါ် like ပေး၊ comment ရေး၊ share လုပ်တဲ့အရေအတွက်ဟာ ကြောက်ခမန်းလိလိ ဖြစ်နေပါတယ်ရှင်” ဟု PEN Myanmar Center ပညာပေးအဖွဲ့မှ ပရိုဂရမ်မန်နေဂျာ မဇာခြည်ဦးက ပြောဆိုလိုက်ပါသည်။
    ×××××××××××××××
    မြင့်မိုရ်မောင်မောင်
    The Myanmar Times မှ Nick Baker ၏ How social media became Myanmar’s hate speech megaphone ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
  • ခိုးယူထားသည့်မြေမှ အစ္စရေးဘောလုံးကလပ်များအား ပိတ်ပင်ရန် နိုင်ငံတကာအဖွဲ့များ ဖီဖာထံ တောင်းဆို
    ခိုးယူထားသည့်မြေမှ အစ္စရေးဘောလုံးကလပ်များအား ပိတ်ပင်ရန် နိုင်ငံတကာအဖွဲ့များ ဖီဖာထံ တောင်းဆို
    စက်တင်ဘာ ၂၉၊ ၂၀၁၆
    M-Media
    pales-tem
    – ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ကျူးကျော်ဆောက်လုပ်ထားသော တရားမ၀င်အိမ်ယာများတွင် အခြေစိုက်ထားသည့် ဘောလုံးအသင်းများကို ကစားခွင့်ပိတ်ပင်ရန်အတွက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO မှ တာဝန်ရှိသူတစ်ဦးက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာထံ တောင်းဆိုလိုက်သည်။
    “တရားမ၀င်အိမ်ယာတွေ ဆောက်လုပ်ထားတဲ့ ပါလက်စတိုင်းမြေမှာ ဘောလုံးပွဲကစားခွင့်ကို ခွင့်ပြုခြင်းအားဖြင့် နိုင်ငံတကာဥပဒေအရ တရားမ၀င်တဲ့၊ ဥပဒေချိုးဖောက်တဲ့ အဲဒီ အိမ်ယာတွေကို နိုင်ငံရေးအရ၊ စီးပွားရေးအရ ထောက်ခံအားပေးမှုမှာ ဖီဖာကလည်း အလိုတူအလိုပါ ဖြစ်လာမှာပါ” ဟု PLO ၏ အားကစားဆိုင်ရာ ကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အလီ အစ္စဟာ့က်က ယမန်နေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ ပြောကြားခဲ့သည်။
    လွန်ခဲ့သည့် ၂ ရက်လည်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ပါလက်စတိုင်းပိုက်နက်ဖြစ်သော အနောက်ဖက်ကမ်းရှိ အစ္စရေး၏ တရားမ၀င် အခြေချအိမ်ယာများတွင် အခြေစိုက်သော အသင်း ၆ သင်းအား အရေးယူရန် ဖီဖာအား တိုက်တွန်းခဲ့သည်။
    “ခိုးယူထားတဲ့ နယ်မြေတွေမှာ ဘောလုံးပွဲတွေ ကျင်းပခြင်းအားဖြင့် ဖီဖာဟာ ဘောလုံးအားကစားနည်းရဲ့ လှပတဲ့ပုံရိပ်ကို ညစ်နွမ်းစေပါတယ်” ဟု အစ္စရေးနှင့် ပါလက်စတိုင်းဒေသများဆိုင်ရာ HRW ၏ ညွှန်ကြားရေးမှူး ဆာရီ ဘရှီက ပြောကြားခဲ့သည်။
    နိုင်ငံတကာဥပဒေနှင့် ညီညွတ်စေရန်အတွက် အဆိုပါကလပ်အသင်းများမှာ အစ္စရေးပိုင်နက်သို့ ပြောင်းရွှေ့ ကစားရမည်ဟုလည်း သူမက ဆိုသည်။
    အစ္စရေးစစ်တပ်မှာ ၁၉၆၇ ခုနှစ် စစ်ပွဲတွင် အနောက်ဖက်ကမ်းကို သိမ်းယူပြီးကတည်းက ထိုဒေသအား ၎င်းတို့၏ ပိုင်နက်အဖြစ် သိမ်းပိုက်လာခြင်းဖြစ်သည်။
    ထိုတရားမ၀င်အခြေစိုက်အိမ်ယာများတွင် အခြေစိုက်သည့် ကလပ်အသင်းများ အစ္စရေးဘောလုံးပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်မှုကိုလည်း ပါလက်စတိုင်းက အချိန်အတော်ကြာကတည်းကပင် ဆန့်ကျင်ခဲ့သည်။ ထိုကလပ်သင်းများမှာ များသာအေားဖြင့် တတိယတန်း၊ စတုတ္ထတန်းနှင့် ပဉ္စမတန်းတို့တွင် ၀င်ရောက်ယှဉ်ပြိုင် ကစားနေသည်။
    ဖီဖာက ထိုကိစ္စနှင့်ပတ်သက်၍ အောက်တိုဘာ ၁၃-၁၄ ရက်များတွင် ပြုလုပ်မည့် အမှုဆောင်ကော်မတီ အစည်းအဝေးတွင် ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။
    “ဖီဖာရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အဖွဲ့ဝင်နိုင်ငံတွေကြားတဲ့မှာ ရင်းနှီးတဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ အားထုတ်မှုတွေကို ဖီဖာက ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ဘောလုံးပြိုင်ပွဲနဲ့ အဲဒီပြိုင်ပွဲမှာ ပါဝင်သူတိုင်း အကျိုးဖြစ်ထွန်းစေမယ့် အဖြေမျိုး ဖော်ဆောင်ဖို့ကိုလည်း လုပ်ဆောင်သွားမှာပါ” ဟု ဖီဖာမှထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
    အစ္စရေးဘောလုံးအဖွဲ့ချုပ်ကတော့ HRW ၏ လုပ်ရပ်မှာ ဘောလုံးပြိုင်ပွဲကို ဘောလုံးကွင်းထဲမှ နိုင်ငံရေးနယ်ပယ်ထဲကို ဆွဲသွင်းနေသည်ဟု တုန့်ပြန်ခဲ့ပြီး ဖီဖာအနေဖြင့် ထိုပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်မည်ဟု ယုံကြည်သည်ဟုလည်း ဆိုသည်။
    ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်အကြီးအကဲ ဂျီဘရီလ် ရာဂျွဘ်က ထိုပြဿနာအား ဖြေရှင်းပေးရန် အာရှဘောလုံးအဖွဲ့ချုပ်နှင့် ဥရောပသမဂ္ဂတို့ကိုလည်း တောင်းဆိုထားပြီး ဖီဖာအမှုဆောင်ကော်မတီကလည်း ဆောင်ရွက်ပေးမည်ဟု မျှော်လင့်ကြောင်း ဖွင့်ဟခဲ့သည်။
    ထိုပြဿနာကို မဖြေရှင်းနိုင်ပါက ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်မှာ အစ္စရေးကို ဖီဖာမှ ဖယ်ရှားရန် သို့မဟုတ် ပိတ်ပင်ရန် အားထုတ်မှုကို ထပ်မံဆောင်ရွက်လာနိုင်သည်။
    ပြီးခဲ့သည့်နှစ်က ပါလက်စတိုင်းကစားသမားများ၏ လွတ်လပ်စွာသွားလာမှုကို ပိတ်ပင်သည့် အစ္စရေးအား အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းရန်အတွက် ဖီဖာကို တိုက်တွန်းသည့် ဆုံးဖြတ်ချက်တစ်ခု ထွက်လာအောင် ဆောင်ရွက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထိုလှုပ်ရှားမှုတွင် တရားမ၀င် အခြေချိအိမ်ယာများမှ အသင်းများအား ဆန့်ကျင်ကန့်ကွက်ရန်လည်း ပါဝင်သည်။
    သို့သော်လည်း နောက်ဆုံးအချိန်ကျမှ ထိုအစီအစဉ်ကို ရုပ်သိမ်းခဲ့ပြီး ဖီဖာက ထိုပြဿနာကို ဖြေရှင်းရန် စောင့်ကြည့်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီက ဖီဖာ၏ လာမည့်အစည်းအဝေးတွင် ၎င်းတို့၏ အကြံပြုချက်များကို တင်သွင်းမည် ဖြစ်သည်။
    ယခုနှစ်အစောပိုင်းကလည်း ဥရောပ ပါလီမန်မှ အမတ် ၆၆ ဦး လက်မှတ်ရေးထိုးကာ ပါလက်စတိုင်းပိုင်နက်များရှိ တရားမ၀င် အခြေချအိမ်ယာများ၌ အခြေစိုက်သည့် အစ္စရေးကလပ်များကို ပိတ်ပင်ရန်အတွက် ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုအား တိုက်တွန်းသည့် စာတစ်စောင်ကို ပေးပို့ခဲ့သည်။
    အဆိုပါ အမတ်များက ခရိုင်းမီးယားအခြေစိုက် ကလပ်များကို ရုရှားပြိုင်ပွဲများတွင် ၀င်ရောက်ကစားခွင့် ပိတ်ပင်ရန် ၂၀၁၄ ခုနှစ် ဖီဖာက ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကို အစ္စရေး၏ တရားဝမင်အိမ်ယာများမှ အသင်းများကို ပိတ်ပင်ရန် ရှေ့ပြေးနမူနာ ဖြစ်သည်ဟု ထောက်ပြကြသည်။
    ပါလက်စတိုင်းပိုင်နက်များ ဖြစ်သည့် အနောက်ဖက်ကမ်းနှင့် ဂျေရုစလင်တို့တွင် အစ္စရေးက အခြေချအိမ်ယာများ ဆောက်လုပ်ခြင်းမှာ နိုင်ငံတကာ ဥပဒေအရ တရားမ၀င်ဘဲ ပါလက်စတိုင်းနှင့် အစ္စရေးတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွင်လည်း အဓိက အဆီးအတား ဖြစ်နေသည်။
    ထိုကဲ့သို့ ကျူးကျော်ဆောက်လုပ်မှုများကို ကုလအပါအ၀င် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများက ရှုတ်ချထားပြီး ယခုလ အစောပိုင်းကလည်း ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ထို အခြေချအိမ်ယာများမှာ နိုင်ငံတကာ ဥပဒေအရ တရားမ၀င်ဟု ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Aljazeera