News @ M-Media
Category: ကြေငြာချက်
  • မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အစ္စလာမ်ဘာသာဝင်များသို့ ပန်ကြားလွှာ
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အစ္စလာမ်ဘာသာဝင်များသို့ ပန်ကြားလွှာ
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အစ္စလာမ်ဘာသာဝင် များသို့ (၅.၆.၂၀၁၂) ညနေ ၅ နာရီတွင် မေတ္တာရပ်ခံပန်ကြားလွှာ ထုတ်ပြန်ခဲ့ ကြောင်းသိရသည်။
    ပန်ကြားလွှာအပြည့်အစုံမှာ-
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ အစ္စလာမ်ဘာသာဝင် များသို့ မေတ္တာရပ်ခံပန်ကြားလွှာ
    “(၅.၆.၂၀၁၂) ရက်နေ့ထုတ်ဝေသည့်သတင်းစာတွင် ဖော်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံသားပြည်သူများ အကြားတွင် သဘောထားကွဲလွဲလျက် ရှိပါသည်။
    ယင်းကိစ္စနှင့် ပတ်သက်၍ထုတ်ပြန်ချက်အပေါ် နိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းကြီး အနေဖြင့်လည်း သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများထံသို့ တင်ပြပြီး တရား ဥပဒေဘောင်အတွင်းမှ အေးချမ်းစွာ ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။
    သို့ဖြစ်ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အစ္စလာမ့်တရားတော်နှင့် အညီ တည်ငြိမ်အေးချမ်းစွာ နေထိုင်ကြပါရန်၊ လူစုလူဝေးဖြင့် ဆန္ဒဖော်ထုတ်ခြင်း များ ရှောင်ကြဉ်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်”
    အဆိုပါ ထုတ်ပြန်ချက်ကို ပြည်တွင်းအစ္စလာမ်အဖွဲ့အစည်း ၅ခု၏ သဘောတူညီမှုဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    Credit- ပြည်သူ့ခေတ်ဂျာနယ်
  • တောင်ကုတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ် မွတ်စလင်မ်အဖွဲ့ အစည်းများ ကြေငြာချက်
    မြန်မာမွတ်စလင်မ်များ တောင်ကုတ် တွင်အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရမူအပေါ် တရားဥပဒေ စိုးမိုးရေးအတွက် မြန်မာမွတ်စလင်မ် အင်အားစုများ စုပေါင်း၍  သိမ်ဖြူ ကြေငြာချက် အမည်ရသော ကြေငြာချက် တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ကြေငြာချက်အပြည့်အစုံမှာ
    တောင်ကုတ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပေါ်ကြေငြာချက်
    (ရန်ကုန်မြို့၊ ၂၀၁၂ ခုနှစ်၊ ဇွန်လ၊ ၄ ရက်)
    ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့နယ်တွင် သာသနာရေးဆိုင်ရာ တရားကျင့်ကြံသူ (၈) ဦးနှင့် သံတွဲမြို့မှ အစ္စလာမ်ဘာသာဝင် ခရီးသွား (၂) ဦးအား ရခိုင်အစွန်းရောက်အချို့၏ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခံခဲ့ရသူများနှင့်စပ်လျဉ်း၍ ၄.၆.၂၀၁၂ တွင် ရန်ကုန်မြို့တွင် တရားဥပဒေစိုးမိုးရေးကို လိုလားသူများ စိတ်မချမ်းမြေ့စွာဖြင့် တွေ့ဆုံဆွေးနွေးမှုပြုခဲ့ပါသည်။
    ယင်းသို့တွေ့ဆုံခဲ့ကြရာတွင် ကမ္ဘာတစ်ဝှမ်းမှ လူသားချင်းစာနာထောက်ထားမှုကို လေးစားသူများ သိသာစေရန် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များကိုယ်စား အောက်ဖော်ပြပါ ကြေငြာချက်အား ထုတ်ပြန်ကြေငြာအပ်ပါသည်။
    ၁။ ဒီမိုကရေစီ နိုင်ငံတော်သစ်၌ အပြစ်မဲ့နိုင်ငံသားများအား ပထမဆုံး ကြိုတင်ကြံစည်မှုဟုဆိုနိုင်သည့် တောင်ကုတ်အစုလိုက်အပြုံလိုက် သတ် ဖြတ်မှုကြီး ဖြစ်ပေါ်လာခြင်းကို ပြင်းထန်စွာရှုံ့ချသည်။
    ၂။ တရားဥပဒေစိုးမိုးရေးကို မထီမဲ့မြင်ပြုသည့် ယခုဖြစ်စဉ်အပေါ် နိုင်ငံတော်အစိုးရမှ ထိရောက်စွာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားရန် လေးနက်စွာတိုက်တွန်းသည်။
    ၃။ နိုင်ငံတကာ အစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဒေသဆိုင်ရာလုံခြုံရေးကို ထိပါးသည့် ယခုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဝမ်းနည်း ကြောင်း နှင့် စိုးရိမ်မကင်းဖြစ်ရကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရထံ အကြောင်းကြားစာ ပေးပို့ကြပါရန် တိုက်တွန်းအပ်ပါ သည်။
    ၄။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးလှုပ်ရှားမှုများအား မြန်မာနိုင်ငံအစိုးရမှ လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် မသမာသူ များ၏ ပဋိပက္ခဖန်တီးမှုများကို ထိရောက်စွာ ကာကွယ်ရန်တိုက်တွန်းသည်။
    ၅။ နိုင်ငံပိုင် မီဒီယာများမှ “မွတ်စလင်-ကုလား” ဟူ၍ ချိုးနှိမ်သောအသုံးအနှုန်းကို သုံးစွဲခြင်းသည် နိုင်ငံသားလူနည်းစုများကို နှိမ်ချစော် ကားရာ ရောက်ရုံသာမက မင်းမဲ့စရိုက်ပြုကျင့်သူများကို မြှောက်ပင့်ပေးရာရောက်သဖြင့် ပြင်းထန်စွာရှုံ့ချသည်။
    ၆။ ယခုကဲ့သို့ လူမျိုးရေးနှင့်ဘာသာရေးကို အခြေခံသော ပြဿနာများ ဖြစ်ပေါ်ရခြင်းမှာ ဒေသအတွင်း၌ အသိပညာနှင့်ဗဟုသုတ အားနည်းမှု ကြောင့် ဖြစ်ပေါ်သည်ဟု လေးနက်စွာယုံကြည်မိပါသည်။ သို့ပါ၍ နိုင်ငံတော်အစိုးရ၊ နိုင်ငံတကာအစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ မှ ၎င်းဒေသအတွင်း ပညာရေးမြှင့်တင်ခြင်း လုပ်ငန်းများအား တိုးချဲ့ဆောင်ရွက်ပေးရန် တိုက်တွန်းသည်။
    ၇။ ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်ရေးကို လမ်းကြောင်းပြောင်းစေနိုင်သော ယင်းကဲ့သို့ ဖြစ်စဉ်မျိုးများ မပေါ်ပေါက်စေရန် နိုင်ငံတော်အစိုး ရ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အလေးအနက်မေတ္တာရပ်ခံ အပ်ပါသည်။
    Burmese Muslim Association (BMA)
    Myanmar Muslim Students and Youth (MMSY)
    Myanmar Muslim Education & Cultural Society (MMEC)
    Myanmar Muslim Information Center (MMIC)
  • မြန်မာမွတ်စလင် တစ်ဦးရဲ့ ကြေညာချက်။
    မြန်မာမွတ်စလင် တစ်ဦးရဲ့ ကြေညာချက်။
    ၁။ ယခု ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ မြန်မာမွတ်စလင် တစ်ဦးဖြစ်သူ မှ စိတ်မချမ်းသာ ၀မ်းနည်းကြေကွဲ ရသဖြင့် ယခုကဲ့သို့ ကြေညာ အပ်ပါသည်။
    ၂။ ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံလင်စွာ ဖြင့် အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။
    ၃။ ယခုအခါ ရခိုင်ပြည်နယ်တွင် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုသော ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်ပွားနေကြောင်း ကြားသိရပါသည်။
    ၄။ ယခုဖြစ်စဉ်ကိုလေ့လာသုံးသပ်ကြည့်လျှင် လွန်ခဲ့သည့်ရက်ပိုင်းက ရဗ်းဗြဲ မြို့ တွင် အမျိုးသမီးတစ်ဦး အား မတရားပြုကျင့် ခဲ့ပြီးရက်စက်စွာ သတ်ဖြတ်ခဲ့သည့် လုပ်ရပ်ကိုအခြေခံပြီး ဖြစ်ပွားလာရခြင်းဖြစ်ပါသည်။
    ၅။ အထက်ပါ ပြစ်မှုကျူးလွန်သူ ၃ ဦး ကို မြန်မာနိုင်ငံ တရားဥပဒေ အရ အပြစ်ပေးပါ။ အစ္စလာမ့်တရားဥပဒေ အရ ယင်းသို့သောသူကို သေဒဏ်ပေးရမည်သာဖြစ်သည်။
    ၆။ ယင်းသို့ ကျူးလွန်သူ ၃ ဦးရဲ့ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုံချအပ်ပါသည်။
    ၇။ အမှုတစ်ခုကို ကျူးလွန် သူတစ်ဦး ကကျူးလွန်းပြီး ကျန်သော လူ့အစုအဝေးက ပြစ်ဒဏ်ခံရမည်ဆိုတာ တရားပါသလား။
    ၈။ မျက်လုံး တစ်လုံး အဖောက်ခံ ရရင် မျက်လုံး တစ်လုံးသာ အစားပေးရမည် ဖြစ်ပါသည်။ ဒါဟာ ကိုဓဥပဒေဖြစ်ပါတယ်။
    ၉။ ယခု ထပ်မံပြီး ယင်းဖြစ်စဉ်ကိုအခြေခံကာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယမန်နေ့က သံတွဲမှ လာသော ကားတစ်စီးကို တောင်ကုတ်မှ လူအုပ်စု တစ်ခုက တိုက်ခိုက်ရာ အစ္စလာမ် ဘာသာဝင် ၁၀ ဦး သေဆုံးသွားကြောင်းသိရှိရပါသည်။ ယင်းသို့လူအုပ်စု တစ်ခု ရဲ့ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုံချအပ်ပါသည်။ ဥပဒေမဲ့ ပြုကျင့်ခံရပါသည်။
    ၁၀။ ဘာသာရေး အဓိကရုံး အသွင် မဆောင်စေ လိုပါ။အခြားသော တိုင်းနှင့်ပြည်နယ် များသို့ ပြသာနာ မကူးစက်စေရန် အမျိုးသားရေး အသွင်ဖြင့် ပူးပေါင်း လက်တွဲ ကာကွယ် ကြရမည် ဖြစ်ပါသည်။
    ၁၁။ တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ် များ ရှေးယခင်ကတည်းက တိုင်းပြည်နှင့် မြန်မာလူထုအတွက် အသက်နှင့်ရင်းပြီး ဆောင်ရွက်ကြ ပါတယ်။
    ၁၂။ စင်စစ်အားဖြင့် မတရားပြုကျင့်၍ သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့မှာ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းမှ မည်သို့မျှ လက်ခံနိုင်စရာမရှိသည့်အပြင် မည်သည့် ဘာသာတရားကမှလည်း လက်သင့်ခံနိုင်မည် မဟုတ်ပါ။
    ၁၃။ ၄င်းပြင် ထိုအခြေအနေဆိုးများသည် ကျွန်ုပ်တို့နိုင်ငံ၏ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများကို အကျိုးမပြုနိုင်ရုံမျှ မက နောက်ကြောင်းပြန်လှည့်သွားနိုင်သော ထောင်ချောက်များသာဖြစ်သည်ကို သတိပြုမိစေချင်ပါသည်။
    ၁၄။သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများကို ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ဋ္ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး အနေဖြင့် မေတ္တာကိုအခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြပါရန် နှိုးဆော်ပန်ကြားအပ်ပါသည်။
    မောင်လျောက် (ရွှေမြယာ)
    အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ်တစ်ဦး
  • ရှင်ဂေါတမဗုဒ္ဓအား ပြတ်ချော်ပြောင်လှောင်သည့် NBC ရုပ်သံအားကန့်ကွက်ခြင်း (ကြေငြာချက်)
    (၁) မတ်လ ၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ NBC ရုပ်သံတွင် ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ် သည့် Saturday Night Live (SNL) တွင် Rude Buddha (ရိုင်းပျသော ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအား ထုတ်လွှင့်သွားခဲ့သည်။ ၄င်း အစီအစဉ်တွင် ရှင်ဂေါတမအား ကာမဆန္ဒမြူကြွနေသူ အဖြစ် ပြက်ချော်ပြောင်လှောင်သည့် အခန်းပါဝင်သည်။
    (၂) ဤတင်ဆက်မှုတွင် ကမ္ဘာကျော် မင်းသား မင်းသမီးများပါဝင်ပြီး ကမ္ဘာ့အ၀ှမ်း ထုတ်လွှင့်ခြင်းဖြစ်သဖြင့် ကမ္ဘာတလွမ်းရှိ ဗုဒ္ဓဘာသာကို ယုံကြည်သူများအား အတိအလင်း မထီမဲ့ပြင်ပြုသည်ဟု ယူဆသည်။
    (၃) လွတ်လပ်မှုနှင့် လူ့အခွင့်အရေးဟူသည့် ခေါင်းစဉ်အား အလွဲသုံးစားပြုလုပ်ပြီး ကမ္ဘာပေါ်ရှိ ဘာသာကြီးများ၏ ကိုး ကွယ်ရာ၊ အထွတ်အမြတ်ထားရာများအား လှောင်ပြောင်စော်ကားခြင်းမှာ မတူဝါဒများအား အပြန်အလှန်လေးစားမှုမရှိဘဲ စော်ကားခြင်းဖြစ်သည်။
    (၄) အစ္စလာမ်သာသနာ၏ ကျမ်းတော်မြတ်ကုရ်အာန်တွင် မည်သည့် ဘာသာတရားအား စော်ကားသည် ဖြစ်စေ- မိမိနှင့် မဆိုင်ဟု ဘေးထိုင်ပွဲကြည့်နေခြင်း မပြုရန် သွန်သင်ထားသည်နှင့် အညီ အရှင်ဂေါ်တမအား မထီမဲ့မြင် စော်ကားထားတဲ့ Rude Buddha အစီအစဉ်အား မိမိတို့  မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များအဖွဲ့ (Myanmar Muslim Student& Youth) မှ ကန့်ကွက်ပါသည်။
    ရှင်ဂေါတမဗုဒ္ဓအား  ပြတ်ချော်ပြောင်လှောင်ထားသည့် သတင်းကိုဤနေရာတွင်ဖတ်ပါ။