News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • တေးဂီတသမိုင်း ပြောင်းစေခဲ့သည့် ကက်ဆက် တိတ်ခွေ ရွှေရတုတိုင်ပြီ….

    သြဂုတ် ၀၃၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    Tape
    ၁၉၆၃ ခုနှစ် သြဂုတ်လမှာ တေးဂီတသမိုင်းကိုပြောင်းလဲစေမယ့် “ကက်ဆက်”ဆိုတဲ့ နည်းပညာအသစ်တစ်မျိုး ကမ္ဘာပေါ်ကို ရောက်လာပါတယ်။ ဒီလကတော့ ကက်ဆက်တွေရဲ့ နှစ် ၅၀ မြောက်မွေးနေ့ပါ။

    အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ ကက်ဆက်တီထွင်သူ Lou Ottens က “တစ်ရက်နေ့တည်းကနေ ခံစားမိပါတယ်” လို့ တိုင်းမ်မဂ္ဂဇင်း ကိုပြောပါတယ်။ ဒီအပတ်ထုတ် တိုင်းမ်မဂ္ဂဇင်းမှာ ကက်ဆက်တွေဟာ ယနေ့အထိ ဘယ်လိုလွှမ်းမိုးထားသေးလဲဆိုတဲ့ သရုပ်ဖော်သမိုင်း ဖော်ပြထားပါတယ်။

    ကက်ဆက်တွေရဲ့ခေတ်ကုန်ဆုံးသွားပြီလို့ ထင်ရပေမယ့် ကျွန်တော်တို့နားထောင်တဲ့ သီချင်းတွေကို လမ်းကြောင်းပေးခဲ့တယ်။ ကက်ဆက်မြတ်နိုးသူတွေကတော့ ခုထိဒုနဲ့ဒေးပါ။ သူတို့ဟာရှားပါးတဲ့ ကက်ဆက်ထောင်ပေါင်းများစွာကို စုဆောင်းထားကြတာဖြစ်ဖြစ်၊ အတိတ်ကိုလွမ်းလို့ သူတို့ရဲ့ကက်ဆက်ခွေဟောင်းတွေကို ပြထားတာဖြစ်ဖြစ် လုပ်နေကြပါတယ်။

    ကိုးကား – Time

  • အမိုးခုံးအား ရွှေသားအစစ်ဖြင့် တည်ဆောက်ထားသည့် ဘရူနိုင်းက ဗလီဝတ်ကျောင်း

    သြဂုတ် ၊ ၂ ရက်၊ ၂၀၁၃
    M-Media
    ရှာဖွေတင်ဆက်သူ- ကိုလေး

    Sultan Omar Ali Saifuddin Mosque

    ဗလီဝတ်ကျောင်းတော်အမည် – ဆူလ်တန် အိုမာအလီဆိုက်ဖူဒီယန်
    တည်နေရာ – ဘရူးနိုင်းဒါရူဆလာမ်၊ ဘန်ဒါဆရီဘဂ်ဝန်မြို့
    တည်ဆောက်ပြီးစီးသည့်ခုနှစ် – ၁၉၅၈
    ဗိသုကာလက်ရာ – မွန်ဂိုနှင့် အီတလီ ဗိသုကာလက်ရာ

    ဆူလ်တန် အိုမာအလီဆိုက် ဖူဒီယန် ဗလီဝတ်ကျောင်းတော်သည် ဘရူးနိုင်း ဒါရူဆလာမ်နိုင်ငံ ဘန်ဒါဆရီ ဘဂ်ဝန်မြို့တော်တွင် တည်ရှိသော တော်ဝင်ဗလီဝတ်ကျောင်းတော်ဖြစ်သည်။ အာရှပစိဖိတ်ဒေသရှိ အလှပဆုံး ဗလီဝတ်ကျောင်းတော်များထဲမှ တစ်လုံးဟု သတ်မှတ်ထားပြီး ဘရူးနိုင်းနိုင်ငံ၏ အထင်ကရ အမှတ်တံဆိပ် တစ်ခုဖြစ်ကာ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သော နေရာလည်းဖြစ်သည်။

    ၂၈ ဆက်မြောက် ဘရူးနိုင်းဘုရင် ဆူလ်တန် အိုမာအလီဆိုက်ဖူဒီယန် ၃ ၏ အမည်အား မှည့်ခေါ်ထားခြင်းဖြစ်သည်။ ထို ဗလီဝတ်ကျောင်းတော်သည် ဘရူးနိုင်းနိုင်ငံရှိ အစ္စလာမ်အယူဝါဒ ထွန်းကားမှုကို ဖော်ပြနေပြီး ဘန်ဒါဆရီဘဂ်ဝန် မြို့၏ပုံရိပ်အား ထင်ရှားစေသည်။ ထိုဗလီဝတ်ကျောင်းတော်အား ၁၉၅၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ခေတ်သစ်အစ္စလာမ့် ဗိသုကာ လက်ရာများ၏ နမူနာတစ်ခုဖြစ်လေသည်။

    mosque-in-brunei-sultan-omar-ali-saifuddin-mosque-9

    ထိုဗလီဝတ်ကျောင်းတော်မှာ မွန်ဂို ဗိသုကာလက်ရာနှင့် အီတလီပုံစံများဖြင့်ပေါင်းစပ် တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုင်းပင်လယ်ကွေ့ဒေသများတွင် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည့် အီတလီလူမျိုး ဗိသုကာ ပညာရှင် ကာဗာလီရီ ရူဒိုလ်ဖို နိုလ်လီ(Cavaliere Rudolfo Nolli) မှ ဒီဇိုင်းထုတ်ပေးထားပြီး Booty and Edwards Chartered Architects ဗိသုကာ ကုမ္ပဏီမှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

    ထိုဗလီဝတ်ကျောင်းတော်ကို ဘရူးနိုင်းမြစ်ကမ်းရှိ ဧရာရွာ(Kampong Ayer) တွင် ဖန်တီးထားသည့် လူလုပ်ရေကန်ကြီးထဲတွင် တည်ဆောက်ထားပြီး ရေပေါ်ဗလီဝတ်ကျောင်းတော် ဟူ၍လည်း အမည်တွင်သည်။ စကျင်ကျောက်ဖြင့်တည်ဆောက်ထားသည့် မင်နာရာ(၀တ်ပြုရန် ဖိတ်ခေါ်သံ ဟစ်ကြွေးသည့်မျှော်စင်) ရှိပြီး ရွှေရောင် အမိုးခုံး၊ လှပသည့် ရေပန်းများနှင့်တကွ စိမ်းလမ်းစိုပြည်သည့် ပန်းခြံတစ်ခုကိုလည်း ထည့်သွင်းတည်ဆောက်ထားသည်။ ဗလီဝတ်ကျောင်းတော်အား အစ္စလာမ်သာသနာမှ ရည်ညွှန်းဖော်ပြသည့် နိဗ္ဗာန်ဘုံကဲ့သို့ သစ်ပင်ပန်းမာလာမျိုးစုံပါဝင်သည့် ပန်းခြံကြီးများဖြင့် ၀န်ရံထားသည်။

    mosque-in-brunei-sultan-omar-ali-saifuddin-mosque

    ဗလီဝတ်ကျောင်းတော်တည်ရှိရာ ရေကန်ကြီးမှ ဧရာရွာသို့ ရောက်ရှိနိုင်သည့် တံတားတစ်ခုရှိကာ ထိုရေကန်ကြီးထဲတွင် ၁၆ ရာစု ဘရူးနိုင်းဘုရင် ဆူလ်တန် ဘိုလ်ကိုင်ယာ အသုံးပြုခဲ့သည့် ဖော်တော်နှင့်တစ်ထေရာတည်းတူသည့် ပုံတူဖောင်တော်တစ်ခုကိုလည်းတည်ဆောက်ထားသည်။ ဗလီဝတ်ကျောင်းတော်မှ ထိုဖောင်တော်သို့တိုက်ရိုက်သွားရောက်နိုင်ရန် စကျင်ကျောက်ဖြင့်ပြုလုပ်ထားသည့် တံတားတစ်ခုလည်း ပါဝင်သည်။ ထိုဖောင်တော်အား ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်သည့် နှစ် ၁၄၀၀ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပရန် ရည်ရွယ်တည်ဆောက်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ထိုဖောင်တော်တွင် ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်သရဇ္ဈာယ်မှု ပြိုင်ပွဲများကိုလည်း ကျင်းပလေ့ရှိသည်။

    roofထိုဗလီဝတ်ကျောင်းတော်၏ အထင်ကရ အမှတ်အသားတစ်ခုမှာ အမိုးခုံးဖြစ်ပြီး ထိုအမိုးခုံးအား ရွှေသားအစစ်ဖြင့် တည်ဆောက်ထားသည်။ ၅၂ မီတာ (၁၇၁ ပေ) အမြင့်ရှိသည့် ထိုဗလီဝတ်ကျောင်းတော်ကို ဘန်ဒါဆရီဘဂ်ဝန်မြို့၏ မည်သည့်နေရာမှမဆို တွေ့မြင်နိုင်သည်။
    မင်နာရာမျှော်စင်မှာ ဗလီဝတ်ကျောင်းတော်ထက် ပိုမိုမြင့်မားပြီး အတွင်းတွင် ဓာတ်လှေကားတစ်စင်းကို ထည့်သွင်းတည်ဆောက်ထားကာ ထိုမင်နာရာအပေါ်မှ ဘန်ဒါဆရီဘဂ်ဝန်မြို့၏ လှပသော ရှုခင်းကိုကြည့်ရှုခံစားနိုင်သည်။

    ဗလီဝတ်ကျောင်းတော်၏ အတွင်းပိုင်းမှာ ၀တ်ပြုဆုတောင်းရန်အတွက်သာဖြစ်ပြီး၊ မှတ်ပြူတင်းပေါက်များ၊ အမိုးခုံးငယ်များနှင့် စကျင်တိုင်များပါဝင်သည်။ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများကို နိုင်ငံရပ်ခြားမှ တင်သွင်းအသုံးပြုခြင်းဖြစ်သည်။ စကျင်ကျောက်ကို အီတီလီနိုင်ငံမှ၊ နှမ်းဖတ်ကျောက်ကို ရှန်ဟိုင်းမှ၊ ခရစ်စတယ် မီးဆိုင်းများကို အင်္ဂလန်နှင့် ဗလီဝတ်ကျောင်းတော်အတွင်း ခင်းကျင်းထားသည့် ကော်ဇောများကို ဆော်ဒီအာရေဗျနိုင်ငံများမှတင်သွင်းပြီး စုစုပေါင်း ကန်ဒေါ်လာ ၇ သန်းမှ ၉ သန်းခန့် ကုန်ကျခဲ့သည်။

    ဘရူးနိုင်းနိုင်ငံ၏ အမှတ်တံဆိပ်ဖြစ်သော အိုမာအလီဆိုက်ဖူဒီယန်ဗလီဝတ်ကျောင်းတော်မှာ ဘရူးနိုင်းမွတ်စလင်များအတွက် ၀တ်ပြုဆုတောင်းရာ နေရာတစ်ခုလည်းဖြစ်လေသည်။

  • ဖရန့် ရီဘာရီ(Franck Ribéry) (ဘိုင်ယန်မြူးနစ် / ပြင်သစ်)

    သြဂုတ်-၂၊ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ-ဝေဇင်

    franck ribery

    အမည်အပြည့်အစုံ – ဖရန့် ရီဘာရီ(Franck Ribéry)
    မွေးသက္ကရာဇ်       – ၇၊ ၄၊ ၁၉၈၃
    ကစာသည့်နေရာ   – အလယ်တန်း
    ကလပ်               – ဘိုင်ယန်မြူးနစ်
    နိုင်ငံ                  – ပြင်သစ်

    ဖရန့်ရီဘာရီ(Franck Ribéry) ကို ၁၉၈၃ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ပြင်သစ်နိုင်ငံမြောက်ပိုင်းရှိ Boulogne-sur-Mer မြို့တွင် မွေးဖွားခဲ့သည်။ ပြင်သစ်လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်ပြီး ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်အသင်းတွင် ကစားနေသူဖြစ်သည်။ သူသည် ကွင်းလယ်ဘယ်တောင်ပံတွင် ကစားသူဖြစ်ပြီး သွက်လက် လျင်မြန်မှု၊ ဘောလုံးစွမ်းရည် ကျွမ်းကျင်မှုနှင့် သူ၏ တိကျသေချာသော ဘောလုံးပေးပို့မှုများကြောင့် လူသိများသည်။ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ပြီးနောက် ရီဘာရီမှာ ကမ္ဘာ့ဘောလုံးစင်မြင့် ထက်တွင် သူ့ခေတ်သူ့အခါ၏ ဘောလုံးမျိုးဆက်မှ ပြင်သစ်နိုင်ငံ၏ အကောင်းဆုံးဘောလုံးသမားတစ်ဦးအဖြစ် သတိပြုခြင်း ခံခဲ့ရသည်။ ပြင်သစ်နိုင်ငံ၏ ဂန္တ၀င် ကစားသမားဖြစ်သည့် ဇီဒိန်းက ပြင်သစ်ဘောလုံးလောက၏ အဖိုးတန် ရတနာတစ်ပါးအဖြစ် ရီဘာရီအား တင်စားခဲ့သည်။

    ပရော်ဖက်ရှင်နယ်စကားသမားဘဝ

    5

    ရီဘာရီသည် ဘောလုံးကစားသမားဘ၀ကို ၁၉၈၉ ခုနှစ်တွင် သူ၏မွေးရပ်မြေရှိ ကွန်တီ ဘိုလွန်နီ(Conti Boulogne) ကလပ်တွင်စတင်ခဲ့သည်။ ထိုကလပ်တွင် ၇ နှစ်ကြာကစားပြီးနောက် လိုင်လီအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ဖရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို စတင်ခဲ့သည်။ လိုင်လီအသင်းတွင် ၃ နှစ်ကြာကစားပြီးနောက် ၁၉၉၉ခုနှစ်တွင်  ယူအက်စ် ဘိုလွန်နီ(US Boulogne) အသင်းသို့ပြောင်းရွေ့ခဲ့ပြီး ၂ နှစ်ကြာ ကစားခဲ့သည်။ နောက်ပိုင်းတွင် ပြင်သစ်အပျော်တမ်းလိဂ် အသင်းဖြစ်သည့် အဲလက်စ်(Alès) နှင့် ဘရက်စ်(Brest) အသင်းတို့တွင် ၂ နှစ်ကြာကစားခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်တွင် ပြင်သစ်လိဂ်ဝမ်းကလပ် မတ်ဇ်(FC Metz) သို့ပြောင်းရွှေ့ခဲ့သည်။ သို့သော်လည်း မတ်ဇ်အသင်းတွင် ၆ လ သာကစားခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် တူရကီကလပ် ဂါလာတာစရေးသို့ပြောင်းရွှေ့ခဲ့ကာ ဂါလာတာစရေးနှင့် တူရကီဖလား(Turkish Cup) ကို ဆွတ်ခူးရရှိခဲ့သည်။

    ဂါလာတာစရေးတွင် ခြောက်လကြာပြီးနောက် ပြင်သစ်ကလပ်မာဆေးလ်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ မာဆေးလ်အသင်းတွင် နှစ်ရာသီကစားခဲ့ပြီး မာဆေးလ်အသင်းအား ပြင်သစ်ရှုံးထွက်ဖလား နောက်ဆုံးဗိုလ်လုပွဲထိ ရောက်ရှိအောင် ကူညီပေးခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ဂျာမနီကလပ် ဘိုင်ယန်မြူးနှစ်မှ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းပေး၍ ခေါ်ယူခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းတွင် ခြေစွမ်းပြခဲ့သည့် ရီဘာရီမှာ အသင်းနှင့် ၂၀၁၃ ချန်ပီယံလိဂ်အပါဝင် ဆုဖလားပေါင်းများစွာကို ရရှိခဲ့သည်။

    နိုင်ငံလက်ရွေးစင်

    3

    ရီဘာရီသည် ပြင်သစ် ယူ ၂၁ အသင်းတွင်ကစားခဲ့ပြီး ပြင်သစ်လက်ရွေးစင်အသင်း၏ အဓိက ကစားသမားတစ်ဦးလည်းဖြစ်လာခဲ့သည်။ ၂၀၀၆ ခုနှစ် မေလတွင် မက္ကဆီကိုနှင့်ကစားသောပွဲတွင် နိုင်ငံအသင်းအတွက် ပထမဦးဆုံး ပွဲထွက်ကစားခွင့်ရခဲ့သည့် ရီဘာရီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်နှင့် ဥရောပဖလားဘောလုံးပြိုင်ပွဲနှစ်ကြိမ် ကစားခဲ့သူဖြစ်သည်။ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲ စပိန်အသင်းနှင့်ကစားသောပွဲတွင် သူ၏ ပထမဦးဆုံး နိုင်ငံတကာဂိုးကို သွင်းယူခဲ့ပြီး ဗိုလ်လုပွဲ အီတလီအသင်းနှင့်ကစားသည့်ပွဲတွင်လည်း ပါဝင်ခဲ့သည်။
    ရီဘာရီမှာ ပြင်သစ်နိုင်ငံ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို နှစ်ကြိမ်တိုင်တိုင်ရရှိခဲ့သူဖြစ်ပြီး ဂျာမနီနိုင်ငံ၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။ ယူအီးအက်ဖ်အေမှရွေးချယ်သည့် တစ်နှစ်တာ အကောင်းဆုံးဘောလုံးအသင်းတွင်လည်း ပါဝင်ခွင့်ရရှိခဲ့သူဖြစ်ပြီး ပြင်သစ်နိုင်ငံ၏ အကောင်းဆုံး လူငယ်ကစားသမားအဖြစ်သတ်မှတ်ခံခဲ့ရသူဖြစ်သည်။

    ရီဘာရီနှင့် အစ္စလာမ်သာသနာ

    2

    ရီဘာရီမှာ ၂၀၀၆ ခုနှစ်တွင်အစ္စလာမ်သာသာဝင်တစ်ယောက်ဖြစ်လာခဲ့ပြီး အစ္စလာမ်က သူ့အား ငြိမ်းချမ်းလုံခြုံစေသည်ဟုသူကဆိုသည်။

    ၂၀၀၉ ခုနှစ်တွင် ရီဘာရီသည် အွမ္မရာ ဘုရားဖူးခရီးစဉ်အဖြစ် မက္ကမြို့တော်သို့ မွတ်စလင်အသင်းဖော်များနှင့်အတူ သွားရောက်ခဲ့သည်။ ရီဘာရီမှာ ၎င်း၏ မွေးရပ် Boulogne-sur-Mer တွင် O’Shahiz  ဟု အမည်ရသည် အရက်မပါဘဲ သစ်သီးဖျော်ရည်များကို သာရောင်းသော ဘားတစ်ခုကို ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းက ဖွင့်လှစ်ခဲ့သည်။ ပြင်သစ်များအား အရက်ကင်းစင်သည့် ရပ်ဝန်းတစ်ခု ဖန်းတီပေးလိုသည့် ရည်ရွှယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု သူကဆိုသည်။

    အောင်မြင်မှုများ

    1

    ကလပ်

    ဂါလာတာစရေး၊ တူရကီဖလား (၂၀၀၅)

    မာဆေးလ်၊ ယူအီးအက်ဖ်အေ အင်တာတိုတိုဖလား (၂၀၀၅)

    ဘိုင်ယန်မြူးနစ်

    ဘွန်ဒစ်လီဂါ (၂၀၀၇-၂၀၀၈၊ ၂၀၀၉-၂၀၁၀၊ ၂၀၁၂-၂၀၁၃)
    ဂျာမနီရှုံးထွက်ဖလား (၂၀၀၈၊ ၂၀၁၀)
    ဂျာမနီလိဂ်ဖလား(၂၀၀၇)
    ဂျာမနီစူပါဖလား(၂၀၁၀၊ ၂၀၁၂)
    ချန်ပီယံလိဂ်ဖလား(၂၀၁၃)

    နိုင်ငံ
    ၂၀၀၆ ကမ္ဘာ့ဖလား ဒုတိယ

    တစ်ဦးချင်း
    UNFP ၏ တစ်နှစ်တာ အကောင်းဆုံး လူငယ်ဘောလုံးသမားဆု (၂၀၀၅၊ ၂၀၀၆)
    လိဂ်ဝမ်း အကောင်းဆုံးဂိုးသွင်းရှင်ဆု (၂၀၀၅-၂၀၀၆)
    UNFP ၏ တစ်လတာ အကောင်းဆုံး ဘောလုံးသမား (သြဂုတ် ၂၀၀၄၊ အောက်တိုဘာ ၂၀၀၅၊ ဧပြီ ၂၀၀၆)
    ပြင်သစ်နိုင်ငံ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု(၂၀၀၇၊ ၂၀၀၈)
    ဂျမနီနိုင်ငံ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု(၂၀၀၈)
    ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးအသင်း (၂၀၀၈)

  • “အင်္ဂလိပ်ခေတ် ရန်ကုန်မြို့ တည်ဆောက်ပုံ သမိုင်းနှင့်ရှေးဟောင်းစေတီ ပုထိုးများပျောက်ကွယ် သွားရခြင်း အကြောင်း”

    သြဂုတ်-၁၊ ၂၀၁၃
    ရေးသူ- အတီး (ဝါးလုံးရှည်)

    “အင်္ဂလိပ်ခေတ် ရန်ကုန်မြို့ တည်ဆောက်ပုံသမိုင်းနှင့် ရှေးဟောင်းစေတီပုထိုးများ ပျောက်ကွယ်သွားရခြင်း အကြောင်း”

    1014205_494145244003961_1912705607_n

    ယခု လက်ရှိမြင်ရသောပုံမှာ B.R. PEARN ရေးသားသည့် History of Rangoon စာအုပ်တွင်ပါရှိသော ၁၈၂၄ ခုနှစ်တွင် ရေးဆွဲထားခဲ့သည့် ရန်ကုန်မြို့လယ်ခေါင်ရှိ ရေ ပတ်လည်ဝိုင်းနေသည့် ဆူးလေစေတီတော်နှင့် အနီးပတ်ဝန်းကျင်ရှိဘုန်းတော်ကြီးကျောင်းများ၏ ပုံပင် ဖြစ်ပါသည်။

    ယနေ့ရန်ကုန်ဟုဖြစ်လာလတ္တံ့သော အရပ်ဒေသသည် ခိုင်မာသော သမိုင်းကြောင်းများအရ အေဒီ ၆ ရာစုခန့်တွင် မွန်လူမျိုးများမှ တည်ထောင်ခဲ့ကြပြီး မူလ အမည်မှာ ဒဂုံ မြို့ဖြစ်သည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ သည် ၁၇၅၅ခုနှစ်တွင် မွန်လူမျိုးများအား အောင်မြင်ပြီးနောက် ရန်အပေါင်း ကုန်စင်သည့် အဓိပ္ပာယ်ဖြင့် ရန်ကုန်ဟု သမုတ်ခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မှီ အချိန်က ဒဂုံအရပ်သည် တံငါရွာသာသာ လောက်သာရှိကာ အလောင်းမင်းတရားကြီး ၏ အစီအမံဖြင့် ပင်လယ်ကူး သင်္ဘောများဆိုက်ကပ်သည့် ဆိပ်ကမ်းကို မူလ နေရာ ဖြစ်သည့် သန်လျင် မှ ရန်ကုန် ဘက်သို့ ပြောင်းရွှေ့၍ အခွန်အကောက်များ စနစ်တကျ ကောက်ခံခြင်း၊ မြို့ရိုး တံတိုင်းများ၊ ခံတပ်များ ဆောက်လုပ်ခြင်း၊မြို့ရွာ စည်ကားအောင် ပြည့်တန်ဆာများ ထားရှိခြင်း စသည့် အစီအမံများကို ဉာဏ်အမျှော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်စီမံခဲ့ခြင်းဖြစ်သည်။
    အလောင်းမင်းတရားကြီးလက်ထက် ရန်ကုန်မြို့၏ အကျယ်အဝန်းမှာ မြောက် ဘက်တွင် ဆူးလေဘုရား တောင်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်၌ ကုန်သည်လမ်းဝန်းကျင်၊ (သိမ်ဖြုလမ်းနား အထိ) အနောက်ဘက်တွင် လမ်း(၃၀)သို့မဟုတ် စစ်ကဲမောင်ထော်လေးလမ်း ၀န်းကျင် စသည့် အကျယ်အဝန်းလောက်သာ ရှိပြီး နိုင်ငံခြားသား ကုန်သည်များ၊ မင်းမှူထမ်းများ ဖြင့် ဘာသာလူမျိုးပေါင်းစုံ အခြေချ နေထိုင်ရာဒေသဖြစ်သည်။ပိုမိုရှင်းလင်း လွယ်ကူအောင် ကြည့်ရှူလိုသူများ အနေဖြင့် ကျွန်တော်ရေးသားတင်ဆက်ပြီးဖြစ်သည့်ရန်ကုန်မြို့ရဲ့ သမိုင်းတစွန်းတစ နဲ့ လူမျိုးများ ဝင်ရောက် အခြေချနေထိုင်ပုံ ပို့စ် တွင် ထိုခေတ်မြေပုံနှင့်တကွသွားရောက် ဖတ်ရှူနိုင်ပါသည်။
    http://www.ateewarloneshay.com/2013/02/blog-post_2858.html

    ပထမ အင်္ဂလိပ် မြန်မာ စစ်ပွဲ (၁၈၂၄-၂၆)ခုနှစ်တွင် အင်္ဂလိပ်တို့သည် ရန်ကုန်မြို့နှင့်တကွ အောက်မြန်မာနိုင်ငံကို ကောင်းစွာ သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ပွဲအပြီးတွင် အုပ်ချုပ်ရေး အာဏာကို မြန်မာ မင်းများလက်သို့ ပြန်လည်အပ်နှင်းခဲ့လေသည်။
    ဒုတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲ (၁၈၅၂)ခုနှစ် အပြီးတွင်တော့ အင်္ဂလိပ်တို့သည် ရန်ကုန်မြို့ တစ်လုံးအား သိမ်းယူ၍ ဆူးလေ စေတီတော်အား ဗဟိုထားကာ စစ်တပ် အင်ဂျင်နီယာ တစ်ဦးဖြစ်သည့် ဗိုလ်ချုပ် အလက်ဇဒ္နြား ဖရေဇာ၏ ဒီဇိုင်း ကို အခြေခံကာ ယနေ့ခေတ် ရန်ကုန်မြို့ဟုဖြစ်လာမည့် ပုံစံကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

    ထိုခေတ်ကာလမှရန်ကုန်မြို့၏ မြေမျက်နှာသွင်ပြင်မှာကြမ်းတမ်းပြီး တောင်ကုန်း၊ စိမ့်စမ်း ရေထွက်များ ပေါများ၍ အချို့နေရာများတွင် ဒီရေ အတက်အကျနှင့် ပင်လယ်ရေ ဝင်ရောက်ပင် ဝင်ရောက်နိုင်လေ၏။ ဆူးလေစေတီတော် ၏ ပတ်ပတ်လည်သည် အင်းကြီး ဖြစ်ကာ ရန်ကုန်မြစ်နှင့် ဆက်စပ်လျှက်ရှိသောကြောင့် ပင်လယ်ဝမှ ဒီရေတက်ချိန်တွင် ရန်ကုန်မြစ်မှ တဆင့် စေတီတော်သို့ လှေ သင်္ဘောများဖြင့်ပင်တိုက်ရိုက် ဖူးမျှော်နိုင်လေသည်။ ဖရေဇာ Plan အရ တောင်ကုန်းများကိုဖြို၊အင်းအိုင်များကို မြေဖို့ရာမှ ပျောက်ကွယ်သွားခဲ့ရာ ယခု မဟာဗန္ဓုလ ပန်းခြံ အတွင်းရှိရေကန်ကြီးမှာ ထို အင်းကြီး၏ နောက်ဆုံး ကျန်ရစ်သော အစိတ်အပိုင်းဖြစ်ပြီး ယနေ့ထက်တိုင် မြင်တွေ့နိုင်ပါသေးသည်။

    ရွှေတိဂုံ စေတီတော်၏ အနောက်ဘက်သည် တောကြီးမျက်မည်း အတိဖြစ်ကာ သားရဲတိရိစ္ဆာန်များ ပေါများသောကြောင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ ဘုရားဖူး လာသူများသည် လူအုပ်စု အများဖြင့်သာ လာရောက်လေ့ရှိကြပြီး ယခု ဦးဝိစာရလမ်း နေရာသည် ဆင်များ သွားလာလေ့ရှိသောကြောင့် ဆင်လမ်းဟုပင် ခေါ်ဝေါ်ကြသည်။ ယခု ကန်တော်ကလေး ရပ်ကွက်နှင့် ဖဆပလ ရပ်ကွက်နေရွာတွင် ရေကန် ကြီးများ ဖြစ်ကြပြီး မြောက်ဘက်က အိုင်ကို ကန်တော်ကလေးအိုင် (Kandawgalay Tank) လို့ ခေါ်ပီး တောင်ဘက်အိုင်ကို ဒိုဘီလိုင်းသစ်အိုင် (New Dobie Tank) လို့ ခေါ်ပါတယ်။ အရင်တုန်းက ဒိုဘီ ကုလားတွေ အဝတ်လျှော်ကြလို့ ဒိုဘီလိုင်းလို့ အခုတိုင် အမည်တွင်နေပါသေးတယ်။

    ထိုသို့ မညီမညာ တောင်ကုန်းများ၊ ရေအိုင်များနှင့် မညီမညာ ဖြစ်နေသော ရန်ကုန်မြို့၏ မြေမျက်နှာသွင်ပြင် ကို အင်္ဂလိပ်တို့သည် အတတ်နိုင်ဆုံး ညှိယူကာ မြေလှန်ပြီး အညစ် အကြေးစွန့်သည့်ပိုက်များ ကို ရန်ကုန်မြစ်အတွင်းသို့ရောက်အောင် စနစ်တကျ သွယ်တန်းခြင်း၊ လမ်းများကို ဖောက်လုပ်ခြင်း အစရှိသဖြင့် မြို့တော်သစ်ကို တည်ဆောက် ခဲ့ကြလေသည်။ ထိုသို့ တည်ဆောက်ရာတွင် လမ်းနှင့် မလွတ်၍ ၊ စီမံကိန်းနှင့် မကိုက်ညီ၍ ဘုရားစေတီပုထိုးများ၊ဗလီများကို ဖျက်ဆီးခံခဲ့ရကာ ဘုန်းတော်ကြီးကျောင်း အများအပြားကို ရွှေ့ပြောင်းစေခဲ့လေသည်။

    မှော်ဘီ ဆရာ သိန်းကြီး မှ Journal of the Burma Research Society (JBRS) တွင် ရေးသား သည်များအနက်မှ အချို့ကို နားလည်လွယ်စေရန် ယခုခေတ်စာလုံးပေါင်းနှင့် ထုတ်နှုတ်၍ ပြန်လည်တင်ပြအပ်ပါသည်။

    “ယခု ကျုံးကြီးလမ်းနှင့် ဘုန်းကြီးလမ်းဆုံ နေရာတွင် ရှေးက ဘုရားငုတ်တို တဆူ ရှိခဲ့ဖူးပြီး ၎င်းဘုရားငုတ်တိုကို ဖျက်၍ လမ်းပြုလုပ်လေရာ၎င်းလမ်းကို ဘုရားငုတ်တိုတန်း(ယခု ဘုန်းကြီးလမ်း)ဟု အခှောများကြသည်။”

    “ယခု မဟာဗန္နုလလမ်းမကြီးနှင့် လမ်းမတော်လမ်း ဆုံရာတွင် ရှေးက ဘုရားတိုက် အုတ်ရိုး ရုပ်ပွားတော်များ ခြင်္သေရုပ်များ ရှေးကရှိခဲ့ဖူးသည်။ ယခု သံဈေးရှေ့ နေရာများ ဖြစ်နိုင်သည်။”

    “ယခု နာရီစင်ကပ်လျှက် သိမ်ကြီးဈေး နေရာတွင် ဆူးလေစေတီထက်ကြီးသော ဘုရားစေတီတဆူ ရှိသည်။ နောင်တော်ကြီး စေတီခန့် ရှိပြီး ဘုရားကုန်းမှာ အုတ်သားကို ဆူးလေစေတီကုန်းကဲ့သို့ မြှင့်ထားသည်။ မဟာရံတံတိုင်း ကို သစ်သားဖြင့် ကာရံထားသည်။ ၎င်းဘုရားအနီးတွင် သခွတ်ပင်ကအစေး ကျောက်သီးကဲ့သို့ ထွက်နေသည်ကို အစွဲပြု၍ တလိုင်းဘာသာ။ ကျိုက်မဲသံကရော(ခ) ကျိုက်မြတ်သံချိုဟု ပြောကြသည်။ ဘုရားအရှေ့ကပ်လျက်တွင် ရဟနဿတာများ သမုတ်သော သိမ်တလုံး ယခုတိုင် တည်ရှိသည်။ မြေအုတ်ကြွပ်မိုးသော ဇရပ်များရှိသည်။ ယခု သိမ်ကြီး၏ မြောက်ကပ်လျက် ဘုရားကုန်းတော်ကို တက်ရန်။ ဘုရားအရှေ့စောင်းတန်းလမ်း ရှိသည်။ ၎င်းပြင်။ တောင်။ မြောက်။ အနောက် စောင်းတန်းလမ်းများလည်း ရှိသည်။ ”

    “ယခု သိမ်ကြီးဈေး အရှေ့တောင်ထောင့်။ ပန်းပဲတန်း သံဖြူတန်းလမ်း ၂ ခုအကြားတွင် ရှေးက မှန်ကင်းကျောင်းတိုက် ရှိသည် ဂိုဏ်းထောက်ကြီး ဦးရွှန်း နေသည်။ ကျောင်းတော်တိုက် ခေါ်သည်။ “၎င်း မှန်ကင်းကျောင်းတိုက်၏ တောင်ဘက်တွင်။ သျှင်ပင်ရွှေကြိုး ဘုရားစေတီတဆူ ရှိပြီး ဉာဏ်တော် အတောင် ၃၀ ခန့် ရှိသည်။ မဟာရံတံတိုင်းမရှိ။ ဘုရားစေတီပတ်လည်။ တဲ။ အုံ။ ရုံ။ ထိုးလျက်။ ကစားကရိယာ အမျိုးမျိုးနှင့်။ အလောင်းအစားပြုလုပ် နေထိုင်ကြသူများစွာ ရှိသည်။ ဘုရားပတ်လည် လူနေအိမ်ခြေ ရှိသည်။”

    မှော်ဘီ ဆရာသိန်းကြီး ရေးသားသည့်စာများထဲမှ
    ထိုခေတ်ကာလမှ ရန်ကုန်မြို့ ရှိ သာသနိက အဆောက် အအုံများ အကြောင်း တစွန်းတစ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် စီမံကိန်း အရ လမ်းနှင့် မလွတ်၍ ဖျက်လိုက်ရသည်တွင် ရှေးဟောင်း စေတီ ပုထိုး အတော်များများပါသွားကြောင်း သိသာထင်ရှားပါလေသည်။ ဆရာ သိန်းကြီးပြောသွားသည့် ကျိုက်မြတ်သံချို စေတီနှင့် သျှင်ပင်ရွှေကြိုး စေတီတို့မှာ အခြားမဟုတ်၊ လက်ရှိပုံထဲတွင် ဆူးလေ စေတီတော်၏ အနောက်နားခပ်ကျကျတွင် ဖူးတွေ့ရသော စေတီ နှစ်ဆူပင် ဖြစ်လေသည်။

    ဒီနေရာ မှာ ကြုံလို့ သမိုင်းတွင် အမှတ်မှားနိုင်သော အဖြစ်အပျက်တစ်ခုကို တခါတည်း ရှင်းလင်းတင်ပြပေးပါရစေ၊ကျွန်တော် ဟိုတလောက ဖတ်လိုက်ရသည့်ပို့စ် အချို့တွင် ”သိမ်ကြီးဈေး” မရှိစဉ်က အဲဒီနေရာမှာ ”ကျိုက်မြတ်သံချို”ဆိုတဲ့စေတီတော်ကြီး ရှိပြီး မွတ် စလင်တွေက ဈေးဆောက်ဖို့ တောင်းလို့ ပဲ ဖြိုချဖျက်ဆီးလိုက်သလိုလို၊ ဗလီ ပဲ ကျန်ခဲ့သလိုလို၊ ဆူးလေ စေတီတော်၏ ဝတ္တက မြေနေရာ မှာ ဗလီပဲ လာဆောက်လိုက် သယောင်ယောင် နှင့် ဟိုလိုလို ဒီလိုလို မသေချာ မရေရာ သောအထောက်အထားများနှင့် လုပ်ကြံဖန်တီး ရေးသားထားသည်ကို ဖတ်ရှူလိုက်ပါတယ်။ ဒါကြောင့် နှောင်းလူတို့ အမှတ် အမှား နိုင်ရန် အတွက် သမိုင်း အမှန်ကို ဒီနေရာမှာ တခါတည်းရှင်းလင်းတင်ပြအပ်ပါသည်။

    မူလ က မြန်မာ အခေါ် ကျိုက်မြတ်သံချို မွန်အမည် ကျိုက်မဲသံကရောစေတီ နှင့် သျှင်ပင် ရွှေကြိုးစေတီတို့ဖြိုချဖျက်စီး ခံလိုက်ရခြင်းမှာ ဒုတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲ အပြီး ၁၈၅၂ ခုနှစ်တွင် ဖြစ်သည်။ထို အရင် က အနီးအနားတွင် ဘာဗလီ မှ မရှိပါချေ။မည်သည့် စူလတန်ကုမ္ပဏီမှလဲ အင်္ဂလိပ် အစိုးရထံ တောင်းဆိုခဲ့ခြင်း မရှိခဲ့ပါ။ သမိုင်း အမှန်မှာထိုသို့ ဖြိုချဖျက်စီး ခံလိုက်ရပြီး နှစ်နှစ် ကြာသော အခါတွင်မှ ၁၈၅၄ ခုနှစ်တွင် ယခု သိမ်ကြီးဈေး ဟုဖြစ်ပေါ်လာမည့်နေရာကို မော်လမြိုင် အခြေစိုက် “စူရတီဘရားဘဇားရ် ကုမ္ပဏီ
    လီမိတက်”မှ သိမ်တော်ကြီးနှင့် ကပ်လျက်နေရာရှိ အကွက်ကို အင်္ဂလိပ် အစိုးရထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကာ စူရတီဘရားဘဇားအမည်ဖြင့် မူလက ဝါးဖြင့် ဆောက်လုပ်ထားပြီး ဓနိသက်ကယ်မိုးဈေးသာဖြစ်သည်။၁၈၅၅ နှင့် ၁၈၅၇ ခုနှစ်တွင် မီးသင့်၍ပျက်စီးခဲ့ရပြီးနောက် ပိုင်းမှ အေ၊ဘီ၊စီ ရုံများကို နာရီစင်နှင့် တကွ ပြန်လည်တည် ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ သိမ်ကြီးဈေးရှိ ဗလီ ဆိုသည်မှာလည်း ၂၅လမ်းထဲရှိ ဘီရုံနှင့် ကပ်ရပ်ရှိနေသော ဗလီကိုသာ မှားယွင်းဆိုလိုခြင်းဖြစ်ဟန်တူသည်။ထို့ကြောင့် အင်္ဂလိပ်တို့က ဘုရားကို ဖြိုပြီး ဗလီကို ချန်ကာ ဈေးအားဆောက်လုပ်ခြင်း ဆိုသည့် သမိုင်းမှာ လုံးဝ မှားယွင်းနေသည် ဖြစ်ကြောင်းကို သက်သေပြအပ်ပါသည်။

    အပြည့်အစုံကို ဖတ်ရှူလိုသူများ အတွက်http://books.google.com.mm/books?id=s6QLW_HLSEsC&pg=PA175&lpg=PA175&dq=Theingyi+Market+built+in&source=bl&ots=dE4vgPhIPS&sig=nPQyKQ9KwPNLqUULc4DGSY65w3o&hl=en&sa=X&ei=IoX5UZTpLI3OkQXh24DgCA&ved=0CEkQ6AEwBg#v=onepage&q=Theingyi%20Market%20built%20in&f=false

    ဤ အချက်ကို ပိုမိုခိုင်မာသွားစေသည့် သမိုင်း အထောက် အထား နောက်တစ်ခုမှာ အင်္ဂလိပ် အစိုးရ၏ စီမံကိန်းနှင့် မလွတ်သည်များကို ဖျက်သိမ်းပြီးနောက်သိမ်ကြီးဈေးနှင့် ကပ်လျက်ရှိသော ရဟန္တာသိမ်တော်ကြီး အား ပြန်လည်နေရာ ချထားပေးပုံကို B.R. PEARN ရေးသားသည့် History of Rangoon စာအုပ်၏ Chapter Nine, Planning of Modern city စာမျက်နှာ ၁၉၅ တွင် ဤသို့ ဖော်ပြထားခြင်းဖြစ်ပေသည်။

    A number of free grant had also been made;the American Baptist Mission had been allotted a free side at the south-west corner of Marchant and Phayre street:the Armenian Church was given a site at the South -west corner of Marchant and Spark street:at the North west corner of Dalhousie and Phyare street a Hindu temple was granted a free site: a “Mogul Mosque” was given a site of the south side of Dalhousie street between 29th street and 30th streets,and site given also to the “Soortees Mosque at the south west corne of Dalhosie and Mogul street,the Synagogue on the south of Dalhosie street between 25th and 26th street ,the “Thaingee” on the north side of Dalhosie street between 26th street and Edwards street,the Chinese temple on the same side of that street between 20th and Latter street,the “Foken Chinese temple”on the Strand between 18th and Crisp streets,and the Convent on the North side of Fraser street between “Mg Taw Lay” and 31st Streets.

    ဒါကို ကြည့်ခြင်း အားဖြင့် အင်္ဂလိပ် အစိုးရဟာ ရန်ကုန်မြို့ကို မြေလှန် အကွက်ချ တူးဖော်ကာ ပြန်လည် ရောင်းစားခဲ့သော်လည်း၊ ရဟန္တာ သိမ်တော်ကြီးနှင့် တကွ၊ခရစ်ယာန် ချာခ်ျများ၊ မွတ်စလင် ဗလီများ၊တရုတ်ဘုံကျောင်းများ၊ ဟိန္နုဘုရားကျောင်းနှင့် ဂျူး ဘုရားကျောင်းတို့ အား အသီးသီး အခမဲ့ ပြန်လည်နေရာချထားပေးခဲ့ကြောင်း ထင်ရှားစွာ သိနိုင်လေသည်။
    ဆူးလေ စေတီတော်ကြီး ၏ ဝတ္တက မြေနှင့် ပတ်သက်၍ ဆက်လက်ရှင်းလင်းပါမည်။
    ထိုစဉ်က ဆူးလေစေတီတော်သည် ရန်ကုန် မြို့ရိုး အပြင်တွင် ရှိပြီးရေပတ်လည်ဝိုင်းရံလျှက် ကုန်းမြင့်ပေါ်မှ စေတီတစ်ဆူအဖြစ်ရှိနေ၏။ သာယာဝတီမင်းလက်ထက်တွင်တော့ အလောင်းမင်းတရားကြီး တည်ထားခဲ့သည့် ရန်ကုန်မြို့အား တိုးချဲ့လျှက် အောင်မြေရန်နှင်းမြို့သစ် အဖြစ်သမုတ်ကာ ဆူးလေစေတီသည် မြို့သစ်နယ်နိမိတ်အတွင်းသို့ ရောက်ခဲ့၏။ ဆူးလေစေတီ၏ ၀န်းကျင်တွင် ရွံ့ဗွက်၊ ရေအိုင် နှင့်တောချုံများ ထူထပ်စွာပေါက်ရောက်နေပြီး ဒီရေအတက်အကျ ဖြစ်ပေါ်၍ စေတီတော်ဝန်းကျင်ကို ဒီရေလွှမ်းမိုးမှု ရှိခဲ့သည်။ စေတီအနီးဝန်းကျင်ရှိ ဗွက်တောများ အလယ်၌ပင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများတည်ရှိခဲ့သည်ဟုဆို၏။

    ဆူးလေစေတီ၏ အနောက်ဘက်စောင်းတန်းသည် ယခုတည်ရှိသည့် ဆက်သွယ်ရေးရုံးအထိရှိသည်ဟု ဆို၏။ မြန်မာ သက္ကရာဇ် (၁၂၁၄)ခုနှစ် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲပြီးချိန်အထိ ဗန္ဓုလပန်းခြံ၏ တောင်ဘက်ကျွန်းနေရာများသည် အင်းကြီး ဖြစ်နေပြီး ဆူးလေဘုရားသို့ကူးရန် ကျောက်တံတား တစ်ခုတည်ဆောက်ထားသည်ဟု အဆိုရှိ၏။

    ထို့နောက် စီမံကိန်းနှင့် မလွတ်ဟု အကြောင်း ပြကာစေတီ ၀န်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း(၅၀)အား သရက်ဥယျာဉ်(ယခု ဗိုလ်ချုပ်လမ်းပေါ်ရှိသရက်တော ကျောင်းတိုက်များ) တည်ရှိရာသို့ ဖယ်ရှားပြောင်းရွှေ့ခဲ့၏။ အင်္ဂလိပ်တို့သည် ကျိုက်မြတ်သံချို စေတီအား ဖြိုဖျက်ခဲ့ပြီးနောက် ဆူးလေစေတီကြီးအား ဆက်လက် ဖြိုဖျက်ရန် ကြိုးပမ်းကြ၏။

    သို့သော် အင်္ဂလန်တွင်ရှိသည့် ၀ိတိုရိယ ဘုရင်မကြီးက `ဆူးလေစေတီသည် ထူပါစေတီဖြစ်သဖြင့် မတူးဖြို၊ မဖျက်ဆီးရ ဆူးလေစေတီအားကွေ့ပတ်သွားရမည်´ဟု အမိန့်ပြန်ကြားခဲ့၏။ ယင်းသို့ ပြန်ကြားသော်လည်းဆူးလေစေတီတော် ၀တ္တကမြေဖြစ်သည့် ကုန်းတော်အောက်ခြေများအား တူးဖြိုဖဲ့ချကြ၏ ထို့ကြောင့် ဆူးလေစေတီသည် မှန်ကူကွက်သဏ္ဍာန် ကုန်းတော်ငယ်ဖြစ်နေခြင်းဖြစ်၏။ ဆူးလေစေတီတော်၏ ခြေတော်ရင်း ပတ်လည်တွင်ရှိသည့် ဂန္ဓကုဋိတိုက် တန်ဆောင်းနှင့် စောင်းတန်းစသည့် သာသနိက အဆောက်အအုံများ ပျက်စီးခဲ့ရ၏။

    တကယ်တမ်းတွင်တော့ အင်္ဂလိပ်တို့၏ စီမံကိန်းသည် လူနေအိမ်ခြေများ၊ဘုရား စေတီများကိုသာ ဖြိုချခဲ့သည် မဟုတ် သိမ်များ၊ ဗလီများ ကိုပါ အလွတ်မပေးခဲ့ပါချေ၊ အထင်ရှားဆုံး သက်သေ အနေဖြင့် ပြရရင်တော့ အောင်ဆန်းကွင်းဘေးရှိ တခြမ်းပဲ့ ဗလီပင်ဖြစ်ပါသည်။

    ရန်ကုန်မြို့ရှိ တခြမ်းပဲ့ ဗလီသည်လည်း ရှေးဟောင်း သမိုင်းဝင် အဆောက် အဦးဖြစ်ပြီး ၁၈၂၆ ခုနှစ် ပထမ အင်္ဂလိပ် မြန်မာစစ်ပြီးနောက် ဘကြီးတော် စစ်ကိုင်းမင်းမှ သစ္စာတော်ခံ တပ်များကို ဆုလာဒ်များ ပေးသနားရာ ကမန်လူမျိုး လေးသည်တော် စစ်ဗိုလ်ခေါင်းဆောင်များဖြစ်ကြသော ခေါင်းဦးရွှေမှိုင်းနှင့် ခေါင်းဦးရွှေသိုင်း တို့အား အစ္စလာမ် ဘာသာဝင်တို့၏ ထုံးစံ အတိုင်း ဝတ်ပြုရန် မြေနေရာ နှစ်နေရာ အား လှူဒါန်းပေးသနားတော်မူခဲ့လေသည်။ တစ်နေရာမှာ ယခု အောင်ဆန်းကွင်းဟုဖြစ်ပေါ်လာမည့်နေရာ အနီးရှိ တခြမ်းပဲ့ဗလီဖြစ်ပြီး နောက်တစ်နေရာမှာ မင်္ဂလာ တောင်ညွန့် မြို့နယ် အတွင်းရှိ ပိန္နဲကုန်း ရခိုင် ဂျာမေ ဗလီ တို့ဖြစ်ကြသည်။၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ် မြန်မာစစ် ပွဲအပြီးတွင် အင်္ဂလိပ်တို့မှ စီမံကိန်း အရ လမ်းဖောက်ခဲ့ ရာလမ်း နှင့်မ လွတ်၍ ဖဲ့ချခဲ့ရပြီး ဘီအေအေကွင်း(ယခု အောင်ဆန်းကွင်းဘေး)တွင် နေရာ အစားပြန်ပေးကာ တစ်ခြမ်းပဲ့ ဗလီဟူသော အမည်တွင် ခဲ့ခြင်းဖြစ်လေသည်။
    ထို့ ပြင် ရန်ကုန်မြို့ရှိ ရှေးဟောင်း သိမ်အတော်များများသည်လည်း လမ်းနှင့် မလွတ်၍ဖျက်သိမ်းလိုက်သည့် အထဲတင် ပါသွား ကြလေသည်။

    အင်္ဂလိပ်တို့သည် ရန်ကုန်တက္ကသိုလ်၊ အထွေထွေ ရောဂါကုဆေးရုံကြီး ကဲ့သို့သော အခြေခံ အဆောက်အအုံများဆောက်လုပ်ပေးခြင်း၊ပန်းခြံများ၊ရေကန်များ ဖန်တီးခြင်း၊ ကိုလိုနီခေတ်လက်ရာ အဆောက်အဦးများဖြင့် ရန်ကုန်မြို့တော်ကို အလှဆင်ကာ အရှေ့တိုင်း၏ လှပသော ဥယျာဉ်မြို့တော် အဖြစ် နာမည်ကျော်ကြားခဲ့ဖူးလေသည်။ ၁၉၄၈ ခုနှစ် မြန်မာ့လွတ်လပ်ရေး ရပြီးနောက်ပိုင်း လမ်းအမည်၊ပန်းခြံအမည်များကို ကိုလိုနီ အင်္ဂလိပ် အမည်များမှ မြန်မာ အမည်သို့ ပြောင်းလဲခေါ်ဆောင်ခဲ့ကြသည်။၁၉၈၉ ခုနှစ်တွင်တော့ မြို့တော် ရန်ကုန် စာလုံးပေါင်းအား “Rangoon “မှ ” Yangon”သို့ ပြောင်းလဲ သတ်မှတ်ကာ အခြားသော အင်္ဂလိပ် အခေါ်အဝေါ်များကိုလည်း မြန်မာ အမည်သို့ ပြောင်းလဲ သတ်မှတ်လိုက်ကြလေသည်။

    နိုင်ငံတစ်နိုင်ငံကို ကျူးကျော်သိမ်းပိုက်သည့်နယ်ချဲ့ဆိုသည်မှာ ကျူးကျော်ခံရသော နိုင်ငံ၏ သယံဇာတများကို အနည်းနဲ့ အများ ထုတ်ယူဖျက်ဆီးသွားကြသည်သာဖြစ်သည်။အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ပြီး နှစ်တစ်ရာကျော် အုပ်ချုပ်သွားသလို ကျွန်တော်တို့ မြန်မာလူမျိုးများသည်လည်း အင်အားကောင်းစဉ် အချိန်က အိမ်နီးချင်း အယု ဒ္ဓယမြို့ကို တိုက်ခိုက်ကာ ဗုဒ္ဓရုပ်ပွါးတော်များ၊ ဘုရား ကျောင်းကန်များကို ဗုဒ္ဓဘာသာဝင် အချင်းချင်းပင် ဖြစ်သော်ငြားလည်း ဖျက်စီးပြီး တမြို့လုံးကို မီးတင်ရှို့ခဲ့ဖူးသည့် သမိုင်းလည်း ရှိခဲ့ဖူးသည်။ ပဒေသရာဇ် စနစ်နှင့် ကိုလိုနီနယ်ချဲ့ စနစ်တို့၏ ဆိုးမွေများကို ခံစားလိုက်ရခြင်းပင်ဖြစ်သည်

    နိဂုံးချုပ်အနေနဲ့ပြောရရင်ဖြင့်

    နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်း ဆိုသည်မှာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အရှိတရား အတိုင်း အမှန်ကို ရဲရဲဝံ့ဝံ့ လက်ခံနိုင်ဖို့ လိုပါတယ်။ကောင်းသည့် သမိုင်းများကို ဂုဏ်ယူဝမ်းမြောက် ရမည်ဖြစ်သလို ဆိုးရွားခါးသီးတဲ့ သမိုင်းများမှ သင်ခန်းစာများကို ထုတ်ယူပြီး နောင် မဖြစ်အောင် စဉ်းစားဆင်ခြင် သုံးသပ်ကာ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ် များ ပေါ်ထွက်လာအောင် ပညာပေးရမည်သာဖြစ်ပါတယ်။

    သို့သော်လည်း မိမိလူမျိုး၏ အမျိုး၊ဘာသာ၊သာသနာ ချစ်စိတ်ကို မဟုတ်၊ မမှန်သော နည်းလမ်းဖြင့် မြင့်တက်လာစေရန် ရည်ရွယ်၍ ရှိပြီးသား သမိုင်းတစ်ခုကို နောက်ထပ် လုပ်ကြံရေးထားသည့် သမိုင်းအသစ်တစ်ခုနှင့် အစားထိုးခြင်း၊ သမိုင်းလိမ် သမိုင်းတုများ ဖန်တီးကာ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်အောင် လှုံ့ဆော် တဲ့ နည်းလမ်းမျိုးဟာ အလွန်အင်မတန်မှ မူမမှန်ပဲ ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး နိုင်ငံနှင့် လူမျိုး၏ဂုဏ်သိက္ခာကိုပါ ကျဆင်းစေနိုင်သလို ရှက်ဖို့လဲကောင်းလှပါတယ်။ သာသနာ့တာဝန်ကို ထမ်းဆောင်နေရသော ရဟန်းတော်များဟာ သမိုင်းနဲ့ ပတ်သက်လို့ လေ့လာမှူ အားနည်းပြီး လုံးစေ့ပတ်စေ့ ကို မသိနိုင်ဘူးဆိုတဲ့ အမှန်တရားကိုတော့ လက်ခံလို့ရပါတယ်။

    သို့သော်လည်း ကိုယ်မသိတဲ့ သမိုင်းကိစ္စတစ်ခုကို သိသလိုလို နဲ့ ထင်ယောင်ထင်မှားဖြစ်အောင် ဟောပြောပြီး နားမလည်တဲ့ ပရိသတ်ကို ရမ်းရွှီးလိုက်ခြင်းမျိုးတော့ မဖြစ်သင့်သလို လက်လဲ လက်မခံနိုင်ပါ၊နှောင်းလူများ အမှတ်မှားနိုင်ပြီး ရှက်ဖွယ်လိလိသာဖြစ်ပါတော့သည်။

    အတီး(ဝါးလုံးရှည်)

    ကိုးကား
    -Journal of the Burma Research Society (JBRS)http://igpweb.igpublish.com/igp/journal-of-the-burma-research-society-jbrs-ejournal

    – B.R. PEARN ရေးသားသည့် History of Rangoon

    -Megacity Yangon: Transformation Processes and Modern Developments
    http://books.google.com.mm/books?id=s6QLW_HLSEsC&pg=PA175&lpg=PA175&dq=Theingyi+Market+built+in&source=bl&ots=dE4vgPhIPS&sig=nPQyKQ9KwPNLqUULc4DGSY65w3o&hl=en&sa=X&ei=IoX5UZTpLI3OkQXh24DgCA&ved=0CEkQ6AEwBg#v=onepage&q=Theingyi%20Market%20built%20in&f=false

  • မုန်လာဥတွေရဲ့ အရောင်အစစ်က ဘာလဲ?

    သြဂုတ် ၀၁၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    onion

    တကယ်လို့ တယောက်ယောက်က “မုန်လာဥ”လို့ ပြောလာရင် လိမ္မော်ရောင် ခပ်ရှည်ရှည်နဲ့ ထိပ်က အစိမ်းရောင်ရှိတဲ့ အသီးအနှံကို မမြင်မိဘူးလား။ မုန်လာဥကို ကျွန်တော်တို့ လိမ္မော်ရောင် ဒါမှမဟုတ် အဖြူရောင်ကိုပဲ မြင်ဖူးကြမှာပါ။ ဒါပေမယ့် ဒါတွေဟာ မုန်လာဥရဲ့ မူလအရောင်အစစ်မဟုတ်ပါဘူး။

    ၁၇ ရာစုမတိုင်ခင်က စိုက်ခင်းထဲက မုန်လာဥတွေအားလုံးနီးပါး ရဲ့ အရောင်က “ခရမ်း” ပါ။ ဒီနေ့တွေ့နေရတဲ့ လိမ္မော်ရောင် မုန်လာဥကတော့ ၁၆ ရာစုနှောင်းပိုင်းမှာ ဒတ်ခ်ျလူမျိုး စိုက်ပျိုးရေးသမားတွေက ခရမ်းရောင် မုန်လာဥထဲက တိမ်မြုပ်နေတဲ့ မျိုးဗီဇတွေကို ပြုပြင်ပြီး ဒီနေ့တွေ့ရသလို ဖွံ့ဖွံ့ချိုချို လိမ္မော်ရောင် အမျိုးအစားရလာတာပါ။ ဒီ့အရင်ကတော့ ရှိရှိသမျှသော မုန်လာဥတွေအားလုံးဟာ ခရမ်းရောင်ဖြစ်ပြီး တစ်ခါတလေ အဝါနှင့် အဖြူရောင်တွေ ပေါ်လာတတ်ပါတယ်။ ဒီအရောင်တွေကိုတော့ စိုက်ပျိုးခဲပြီး ခရမ်းရောင် ရောင်ချယ်ဓါတ် anthocyanin မပါဝင်ပါဘူး။

    ယနေ့တွေ့နေရတဲ့ လိမ္မော်ရောင် မုန်လာဥတွေကို မျိုးဗီဇတိမ်မြုပ်နေတဲ့ အဝါ၊ အဖြူနဲ့ စိုက်ပျိုးမုန်လာတွေနဲ့ တော်တော်ကွဲပြားပြီး အလေ့ကျပေါက်တဲ့ အခြားမုန်လာဥ အရိုင်းတွေကို ရောစပ်ပြုပြင်ပြီး ရလာတာလို့ ယူဆထားကြပါတယ်။ လိမ္မော်ရောင် မုန်လာဥတွေဟာ ပိုစားကောင်းပြီး အသားပိုများပေမယ့် ကျန်းမာရေးရှုထောင့်အရတော့ ခရမ်းရောင်မုန်လာတွေလောက် အကျိုးမပေးပါဘူး။

    နယ်သာလန်မှာ လိမ္မော်ရောင် မုန်လာတွေ အရမ်းကျော်ကြားအောင်မြင်လာတဲ့ အကြောင်းရင်းကတော့ ဒတ်ခ်ျတွေရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အရေးပါတဲ့ House of Orange အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုခဲ့တာလို့ အချို့ ယူဆကြပါတယ်။ ဒါကဖြစ်နိုင်သလို ဒတ်ခ်ျတွေလုပ်ထားတဲ့ လိမ္မော်ရောင် မုန်လာဥတွေဟာ ခရမ်းရောင်တွေထက် ပိုချိုပြီး ပိုအသားများလို့လည်း ဖြစ်နိုင်ပါတယ်။

    ကိုးကား – Today I Found Out