News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • လူ့ စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးဖို့ အခြေခံဥပဒေနှင့်  နိုင်ငံသား ဥပဒေ ပြင်ဆင် ကြပါစို့

    လူ့ စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးဖို့ အခြေခံဥပဒေနှင့် နိုင်ငံသား ဥပဒေ ပြင်ဆင် ကြပါစို့

    ဒီဇင်ဘာ ၇ ၊ ၂၀၁၂
    M-Media
    မောင်သမာဓိ

    လူ့ စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ၁၉၈၂ နိုင်ငံသား ပြုမှု ဥပဒေတွေကို ပြင်ဆင်ရေးဆွဲ ကြပါစို့

    Alternative Headings

    (A) လူသား သယံဇာတ နှင့် သဘာဝ သယံဇာတ အပြန်အလှန် အကျိုးပြုမှသာ တိုင်းပြည်တစ်ခုသည် တည်ငြိမ်စွာ ရေရှည် ဖွံ့ဖြိုးနိုင်မည်။

    (B) သင်္ဃန်းကျွန်း လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ထံ အိတ်ဖွင့်ပေးစာ

     

     

     

     (က)။ လူ့ စွမ်းအား အရင်းအမြစ် တစ်ခုတည်း ဖွံ့ဖြိုးရုံမျှနှင့် ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံ တစ်ခု ဖြစ်နိုင်သည်။

            လူ့ စွမ်းအား အရင်းအမြစ် ဟူသောစကားရပ်ကို သက်ဆိုင်ရာ လုပ်ငန်းအလိုက် နည်းပညာများကို ကျွမ်းကျင် ပိုင်နိုင်သည့်အပြင် ကိုယ်တိုင် လုပ်ဆောင်နိုင်သူများ ဟု ကိုယ်ပိုင် အဓိပ္ပါယ် (Definition) ဖွင့်ဆို ချင်သည့် အပြင် လူသား သယံဇာတ ဟူ၍ တင်စား ခေါ်ဝေါ်ချင်ပါသည်။

    သောက်ရေကိုပင် အိမ်နီးချင်းနိုင်ငံများမှ ဝယ်ယူသောက်ရသည့် သယံဇာတရှားပါးသော စကာင်္ပူ နိုင်ငံသည် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး၍ ကမ္ဘာပေါ်တွင် အချမ်းသာဆုံး စာရင်းဝင် နိုင်ငံတစ်ခု  ဖြစ်၏။ ကိုလိုနီ အဖြစ် ချဲ့ထွင်စရာ မြေမရှိတော့ မြန်မာနိုင်ငံမှ သဲများကို ဝယ်ယူပြီး (Man-made) ကျွန်းလုပ်ကာ နယ်မြေ ချဲ့ရသည့် အထိ တိုးတက်ကုန်၏။

    သဘာဝ သယံဇာတဆိုလို့ ကျောက်မီးသွေး တစ်မျိုးသာ ထွက်သော ဂျပန်နိုင်ငံ၏ ဒုတိယကမ္ဘာစစ်ကြီး အပြီးအံ့မခန်းတိုးတက်မှုသည်လည်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု အပေါ်တွင် အဓိက မူတည်၏။

    မြန်မာနိုင်ငံလောက် မြေပေါ် မြေအောက် သယံဇာတ မကြွယ်ဝသော ကိုရီးယား နိုင်ငံသည်လည်း ဒုတိယ ကမ္ဘာစစ်အပြီး လူ့စွမ်းအားအရင်းအမြစ်ကြောင့်ပင် တိုးတက်၏။ အနုပညာဖက်တွင်လည်း ကိုရီးယား အဆိုတော် Psy (စိုင်း)၏ Gangnam Style နှင့် K-pop သည် ကမ္ဘာကြီးကို ကိုင်လှုပ်သောကြောင့် သင်ကိုယ်တိုင် လက်နှစ်ဖက်ကို လက်ကောက်ဝတ် နေရာတွင် ယှက်လျှက် ရှေ့သို့ဆန့်တန်းကာ ကလေးငယ်များ မြင်းစီး သည့်သဏ္ဍန် ဆတ်တောက် ဆတ်တောက်ပြုရင်း ခြေနှစ်ဖက်ကား၍ ကွတတ နေအထားဖြင့် ဘယ်ညာ တစ် လှည့်စီ ခုံဆွခုံဆွ လုပ်ကြည့်ဘူးပါလိမ့်မည်။

    အထက်ပါ နိုင်ငံတွေဟာ လူ့စွမ်းအား အရင်းအမြစ်တွေကို ပြည်တွင်းဖြစ်နဲ့ မလုံလောက်လို့ ပြည်ပကပါ မှာယူတင်သွင်းနေချိန်မှာ မြန်မာနိုင်ငံကတော့ ခွဲခြားဆက်ဆံမှု နည်းမျိုးစုံသုံးပြီး ပြည်တွင်းက လူ သယံဇာတ တွေကို ပြည်ပကို မထွက် ထွက်အောင် တစိုက်မတ်မတ် လုပ်နေကြတယ်ခင်ဗျာ့။ မြန်မာဘုရင်များခေတ်က လူ သယံဇာတ၊ လူ့ စွမ်းအင် အရင်းအမြစ်နဲ့ ပညာရှင်တွေကို စစ်တိုက်ပြီး ရှာဖွေစုဆောင်းခဲ့ကြရတယ်။

    ကောင်းပြီ……..ဒါဆိုရင် သူတို့လို ချမ်းသာတဲ့  နိုင်ငံတွေလိုမျိုး လူသားသယံဇာတ ပေါကြွယ်ဝအောင် ဘာတွေလုပ်ရင် ကောင်းမလဲ။ ရှေးက ဗမာဘုရင်များလို စစ်တိုက် နိုင်တဲ့ စွမ်းရည်တွေလည်းမရှိလေတော့ အခြားနည်းလမ်းများ စဉ်စားကြည့်ကြရအောင်။

    (ခ)။ ပြန်ပြည့်မြဲ လူ သယံဇာတ (Renewable Human Resources)                             

            လူတွင် သင်ကြား၍ ရသူနှင့် သင်ကြား၍ မရသူ ဆိုပြီး နှစ်မျိုးသာ ရှိကြောင်း အမေစု ပြောဘူးပါသည်။ ခေတ်မီနည်းပညာများကို ပြည်တွင်းနှင့် ပြည်ပတို့တွင် နည်းစံနစ်ကျစွာ လေ့ကျင့်ပေးပြီး လူတော် သယံဇာတ များ မွေးထုတ် နိုင်ပါသည်။ အသစ်အသစ်သော နည်းပညာတွေကို သင်ပေးနိုင်လို့၊ Recrew လုပ်လို့ ရတဲ့ အတွက် လူ သယံဇာတတွေကို ပြန်ပြည့်မြဲ အရင်းအမြစ် (Renewable Resources)  လို့ ကျနော့် စိတ်ကြိုက်  နာမည် ပေးလိုက်မိပါတယ်။

    အသားအရောင်၊ ဘာသာ၊ လူမျိုး၊ ကပြား၊ သွေးနှော စသည်ဖြင့် ခွဲခြားဆက်ဆံမှု မပြုဘဲ၊ လွတ်လပ်စွာ ယှဉ်ပြိုင်စေခြင်းဖြင့်သာလူတော်၊ လူကောင်းများကို ရွေးချယ် နိုင်ပါလိမ့်မည်။ သမ္မတ အိုဘားမား ပြောသကဲ့ သို့ မြန်မာနိုင်ငံ၏ ကွဲပြားခြားနားမှုများ (Diversities) ကို အားအဖြစ် ပြောင်းကာ ရှေ့သို့  ၂ ဆတိုးကာ အမြန်ချီ မှ နှစ် ၅၀ နောက်ကျနေလျှင် နှစ် ၅၀ အကြာတွင် တန်းတူရည်တူ ဖြစ်နိုင်သည်။

    အလျှင်းသင့်၍ နမူနာအနေဖြင့် ပြောပြချင်သေးသည်။ ဂျပန်နိုင်ငံတွင် ပြုလုပ်လေ့ရှိသည့် ကျောင်းသား စုံညီပွဲတော်သို့ စေလွှတ်ရန် မြန်မာ ကိုယ်စားလှယ် ကျောင်းသား လူငယ်များ ရွေးချယ်ရာတွင် မွတ်ဆလင် ကျောင်းသားများကို မရွေးချယ်ရန် ညွှန်ကြားထားကြောင်း ကြားသိရပါသည်။ ကောလဟာလ ဖြစ်ပါစေဟုသာ ဆုတောင်းနေမိပါသည်။

    တစ်နည်းအားဖြင့် Citizen Right အပြည့်အဝ ပေးရန်လို၏။ အိုဘားမား မိန့်ခဲ့သည့် အတိုင်း ဥပဒေ အောက်တွင် နိုင်ငံသားအားလုံး အညီအမျှ ဖြစ်ရာ၏။ ဘက်မလိုက်သင့်ပါ။ သို့မှသာ လူ့စွမ်းအား အရင်းအမြစ် များနှုင့် လူတော် သယံဇာတများ အမှန်တကယ် ဖွံ့ဖြိုးနိုင်မည် ဖြစ်၏။

    (ဂ)။ ဘူးသီးအပွေးသတ် လူသားအရင်းအမြစ် ပိုင်ဆိုင်ရသည့် အကြောင်းရင်းများ။

            ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကို ပြန်ပြောင်းပြောပြချင်ပါသေးသည်။ တနေ့သောအခါ မော်စီတုံး၏ စီမံ ခန့်ခွဲမှု ညံ့ဖျင်းသောကြောင့် ထမင်းရည် သောက်ရလောက်အောင် ဆင်းရဲတွင်းနက်နေသော တရုတ်ပြည်မှ ငယ်သူငယ်ချင်း ၂ ဦးသည် သင်္ဘောံအတူစီးကာ အရှေ့တရုတ်ပင်လယ်မှ ထွက်ပြေးခဲ့ကြလေ၏။ လမ်းစားရိတ် လုံလုံလောက်လောက် မပါသော ဆင်းရဲသည့် သူငယ်ချင်း ဖြစ်သူသည် စင်္ကာံပူဆိပ်ကမ်းတွင် ဆင်းကျန် နေရစ် ခဲ့ရပြီး၊ လမ်းစားရိတ် ပိုက်ဆံအနည်းငယ် ပို၍ပါသော ကျန်တစ်ဦးမှာ ထိုအချိန်က စီးပွားရေး အခွင့်အလမ်းများ ပိုမိုကောင်းမွန်သော မြန်မာပြည်သို့ အရောက် သင်္ဘောံကို ဆက်လက်စီးနင်းခွင့်ရလေ၏။

    နောင်အနှစ် ၃၀ အကြာ လူသားအရင်းအမြစ် အမှန်တကယ် ဖွံ့ဖြိုးအောင် ဆောင်ရွက်နေသော စင်္ကာံပူနိုင်ငံတွင် ဆင်းကျန်ရစ်ခဲ့ရသည့် သူငယ်ချင်းသည် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းနှင့် ကုမ္ပဏီများ တည် ထောင်ကာ ချမ်းသာနေချိန်တွင် နောင်များ မကြာမီ ဘူးသီးအပွေးသတ် လူသားသယံဇာတများ ဖန်တီးမွေးထုတ် တော့မည့် မြန်မာနိုင်ငံ၌ ဆိုက်ဆိုက် မြိုက်မြိုက် အခြေချမိသည့် ကျန်တယောက်မှာမူ တရုတ်ပြည်တွင် နေခဲ့ ရသော ဘဝထက်စာလျှင် ပိုမို ကောင်းမွန်သော်လည်း လူတန်းစေ့နေနိုင်ရုံသာရှိလေ၏။

    (မှတ်ချက်။     ။ မြန်မာနိုင်ငံ၏ ကုန်ထုတ်စွမ်းအားစုများနှင့် လူသား သယံဇာတအပါအဝင် ကုန်လုပ် အရင်းအနှီးများ ဘူးသီး အပွေးသတ် ဖြစ်ခဲ့ရပုံကို ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရ၏ မှားလို့ မှားမှန်း မသိခဲ့သော အမှားများ ဆောင်းပါးတွင် စောင့်မျှော် ဖတ်ရှုပါရန်။)

    ကမ္ဘာပေါ်တွင် ကိုလိုနီဖြစ်ခဲ့ဘူးသော နိုင်ငံများနှင့်သော် လည်းကောင်း ဒုတိယ ကမ္ဘာစစ် စစ်မီးတောက် ခဲ့သော နိုင်ငံများနှင့်သော် လည်းကောင်း၊၊ မြန်မာနိုင်ငံနှင့် လွတ်လပ်ရေး တပြိုင်နက် ရသော နိုင်ငံများ နှင့်သော် လည်ကောင်း၊  မြန်မာနိုင်ငံ ထက် လွတ်လပ်ရေး နောက်ကျ၍ ရသောနိုင်ငံများနှင့်သော် လည်းကောင်း၊ နောက်ဆုံး အိမ်နီးနားချင်း နိုင်ငံများနှင့်သော် လည်းကောင်း၊  မြန်မာနိုင်ငံကို နှိုင်းယှဉ်ကြည့်လျှင် မြန်မာနိုင်ငံ၏ အထွေထွေ ခေတ်နောက်ကျမှုသည် ဒုတိယကမ္ဘာစစ်နှင့် ကိုလိုနီ သမိုင်း အမွေဆိုးကြောင့်ဟု သမိုင်းကို မှားယွင်းစွာ သုံးသပ် သောကြောင့် သမိုင်း သင်ခန်းစာအမှန် ဖြစ်သော လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ အဘက်ဘက်တွင် အားနည်းချွတ်ချော်သော စီမံခန့်ခွဲမှုများရှိနေသည်ကို မျက်ကွယ်ပြုရာရောက်၏။

    ထင်ရှားအောင်ပြောရလျှင် ခေတ်အဆက်ဆက်မှ ယနေ့တိုင် တိုင်းပြည်အရေး ဆုံးဖြတ်ပိုင်ခွင့်ရှိသူ အများစုသည် မနာလို ဝန်တိုစိတ်ဟူသော မောဟ ကြီးသူများဖြစ်၍ တရားမျှတမှုကို မမြင်နိုင်ကြသောကြောင့် ရေလိုက်လွဲနေ ကြရသည်။၂၀၁၂ ခုနှစ် အတွက် ကမ္ဘာပေါ်မှာ အဂတိ အကင်းဆုံး(အကျင့်ပျက် ချစားမှု အနည်းဆုံး) နိုင်ငံများ စားရင်းတွင် အောက်ဖက်မှ ပြန်ကြည့်လျှင် ၅ နိုင်ငံမြောက် နေရာတွင်ရှိနေသော မြန်မာနိုင်ငံတွင် တရားမျှတမှုများ မလွဲမသွေ ကင်းမဲ့နေပါလိမ့်မည်။

             ၁၉၈၂ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ပြန်မပြင်လျှင် တတိယမျိုးဆက်ကျမှသာ နိုင်ငံသားဖြစ်ခွင့် ရှိသည်ဆိုသည့် ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံကမျှ မကျင့်သုံးသော ကန့်သတ်ချက်ကြောင့် လူသား သယံဇာတကောင်း မြောက်မြားစွာ ဆုံးရှုံး နေပါ ဦးမည်။ ခွဲခြားဆက်ဆံမှုများသည် လူ့စွမ်းအား အရင်းအမြစ်ကို မဖွံ့ဖြိုးစေသည် သာမက လူသယံဇာတကို ပြုန်းတီးစေ၏။ တစ်နည်းအားဖြင့် ဦးနှောက်ကို ယိုစီးစေ၏။

             လွတ်လပ်စွာ ယှဉ်ပြိုင်မှုကို အားပေး ခွင့်ပြုမှသာ လူတော် သယံဇာတများကို ရမည်။ တော်မည် ထင်သူ များကို ဘေးဖယ်၍ ညံ့သူများ အချင်းချင်းသာ ပြိုင်စေပါက အနူတောမှ လူချောများသာ ရမည်။ နိုင်ငံတော် ယန္တရားကို အနူတောမှ လူချောများနှင့် အနှစ် ၅၀ ခန့် လည်ပတ်စေပြီးသောအခါ လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေသို့ ဆိုက်ရောက်သွားကြောင်း မျက်ဝါးထင်ထင် တွေ့မြင်ရ၍ အကြိမ်ကြိမ် နောင်တရသင့်ကြပါပြီ။

    ယ္ခင် တွေ့ကြုံခဲ့ဘူးသော ပိတ်ဆို့မှု (Sanction) အသီးသီးသည် မြန်မာနိုင်ငံ ပြည်တွင်းမှ စတင်သည်ဟု ပြောရမလောက်ပင် ဖြစ်၏။ ပိတ်ဆို့၊ ခွဲခြားရေးကရိယာများမှာ အခြားမဟုတ်၊ ၂၀၀၈ ဖွဲ့စည်းပုံပါ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အချင်း ပုဒ်မ ၁၂၀ (ခ) (ဃ)၊ ရွေးကောက် တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေနှင့် ၁၉၈၂ နိုင်ငံသားပြုမှု ဥပဒေ၊ ကပြား၊ သွေးနှော၊ ဘာသာခြား၊ ရိုဟင်ဂျာလူမျိုး၊ တိုင်းရင်းသား သူပုန်နှင့် နိုင်ငံရေးသမားဟူ၍ ဖြစ်ပါသည်။

    အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ဟု ဗုဒ္ဓဟောသော မေတ္တာသုတ်ကဆို၏။  နိုင်ငံတွင်းရှိ လူမျိုးစုံတို့အကြား အပြန်အလှန် အသိအမှတ်ပြုမှု၊ နားလည်မှုနှင့် အပြန်အလှန်လေးစားမှု ရှိသော လူ့အဖွဲ့အစည်း နှင့် ထိုအရာများမရှိသော အဖွဲ့အစည်း ဘယ်သင်း (ဒင်း) က တိုးတက် သာယာအေးချမ်း မည်နည်း။ ထို့ကြောင့် ကျနော် စကားပြောဆိုရာတွင် အခွင့်အခါသာတိုင်း ကျဉ်းမြောင်းသော အဓိပ္ပါယ်ရှိသည့် တိုင်းပြည် နှင့် လူမျိုး အတွက်ဟု မသုံးနှုံးဘဲ တိုင်းပြည်နှင့် နိုင်ငံသားများ အတွက် အလုပ်လုပ်ပါသည်ဟု သုံးနှုံးလေ့ ရှိပါသည်။

    လွန်ခဲ့သော ၃၅ နှစ်ခန့်က မှားယွင်းစွာ ရေးဆွဲထားသော ဥပဒေများဖြင့် ဝိုင်းပယ်ခြင်း၊ တပ်နှင့် အရပ် သား ခွဲခြားဆက်ဆံ ခံရခြင်း၊ မထိုက်တန်သော လုပ်ခလစာများကြောင့် ပြုံးတီးခဲ့ရသည့်ကျနော့် ပတ်ဝန်းကျင် သေးသေးလေးတွင် ရှိသော လက်လှမ်းမီသမျှ လူသားသယံဇာတ(၇) မျိုး အကြောင်းကို ပြောပြ ချင်ပါ သေးသည်။

    (၁) ပထအဆုံး တင်ပြချင်တဲ့ အချက်က နိုင်ငံရေးလုပ်လို့ သို့မဟုတ် နိုင်ငံရေး သမားနှင့်အမျိုးတော်လို့ သို့မဟုတ် နဝတ အစိုးရရဲ့ မေးခွန်း ၃၀ ကို အာဏာပိုင်များ အကြိုက် မဖြေမိလို့ လူ့ အရင်းအမြစ် အများအပြား ပြုန်းတီး ခဲ့ရတဲ့ အကြောင်းများနှင့် စချင်ပါသည်။

    ခေတ်အဆက်ဆက် ဆန္ဒပြရာတွင် ပါဝင်သူများသည် အပြစ်ဒဏ် ကျခံပြီးသော်လည်း ကျောင်းအသီးသီး တွင် ဆက်လက် ပညာသင်ခွင့်ကို ပိတ်ပင်ခြင်း ခံခဲ့ကြရ၏။ သခင်ဗသိန်းတင်နှင့် ညီအစ်ကို ဝမ်းကွဲတော်လို့ နိုင်ငံခြားသို့ Study Tour သွားရန် ငြင်းပယ်ခြင်းခံရသူ ကျနော်၏ ဆရာရင်း OG ပါမောက္ခ တစ်ဦး ရှိခဲ့ဘူးပါသည်။

    အမျိုးသမီး တစ်ဦးသည် နိုင်ငံတစ်ခုကို နိုင်နင်းစွာ အုပ်ချုပ်နိုင်ပါမည်လားဟု မေးလာသော မေးခွန်းကို သိချင်ရင် သမ္မတအဖြစ် အစမ်းခန့်ကြည့် လိုက်ပါဟု ဖြေဆိုသော ဆေးသုတေသန ဦးစီးဌာန ဝန်ထမ်း ဆရာဝန်တစ်ဦး အလုပ်ဖြုတ်ခံရသည်။

    Code of conduct ကို မချိုးဖေါက်သော်လည်း နိုင်ငံရေုးလုပ်လို့ဟု အကြောင်းပြကာ ဆမ အသိမ်းခံရသော ဆရာဝန်များ ထုနှင့်ဒေး ရှိ၏။ ကျနော်အပါအဝင်ဖြစ်သော ဆရာဝန်များကိုယ်တိုင်က ဘဝတူ ဆရာဝန်များ၏ အခွင့်အရေး ချိုးဖေါက်ခံနေရမှုကို လက်ပိုက်ကြည့်နေခဲ့ခြင်းက Hell hound at large ဖြစ်စေတော့တာပါဘဲ။ ကိုယ့်အလှည့် ဘယ်အချိန် ရောက်လာလေ မလဲ မှန်းဆရင်း ထိုင်စောင့် နေခဲ့ကြရတယ်။

    လက်ရှိ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး ဟင်္သာံတမြို့ကို အုပ်ချုပ်ချိန်ကဖြစ်၏။ အော်တို တယ်လီ ဖုန်း ၅  လုံးကို ချိတ်ပိတ်တင်ဒါခေါ်ရာ ဆရာဝန်တစ်ဦးသည် ကျပ်ငွေ ၇၁၀၀၀ (ခုနှစ်သောင်း တစ်ထောင်) နှင့် ဖုန်းတစ်လုံးတပ်ဆင်ခွင့် ဒုတိယ အများဆုံး တင်ဒါအောင်သောကြောင့် ဘဏ်သို့ငွေ ပေးသွင်း ရ၏။ နောက် တနေ့တွင် ဆရာဝန်၏  အစ်မ သည် ၈ လေးလုံး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ဘူး၍ ဖုန်းတပ်ဆင်ခွင့် မရှိပါဟု အကြောင်းကြားကာ အခွန်ဦးစီးမှ ငွေပြန်ထုတ်အမ်း ပေးပါသည်။ ထိုဆရာဝန်လေး၏ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု စွမ်းရည် လျှော့ခဲ့ရပါသည်။

    (၂) ဒုတိယ ခွဲခြားဆက်ဆံပုံက ထင်ရှားသည်။ ကရင့်တော်လှန်ရေးကြောင့် ကရင် တိုင်းရင်းသားများ တပ်တွင်း ရာထူး မတက် တော့ပါ။

    (၃) ရေးဖြေနှင့် ကြံ့ခိုင်ရေး ဖြေဆိုမှုများတွင် ဒုတိယ အမှတ် အများဆုံးဖြစ်သော်လည်း DSA တက်ခွင့် စားရင်းတွင်မပါ၍  စုံးစမ်းကြည့်ရာ ကိုးကွယ်သည့် ဘာသာကို အစ္စလာမ်ဟု ရေးထားသောကြောင့်ဟု အကြောင်းပြန်၏။ တပ်သား စုဆောင်းရေး ဌာနများတွင်မှု မွတ်ဆလင် လူငယ်များကိုမူ ပုံစံစာရွက်တွင် ဗုဒ္ဓ ဘာသာဟု ဖြည့်သွင်းစေကာ တပ်သားသစ်အဖြစ် လက်ခံစုဆောင်း၏။

    ကျန်းမာရေးဝန်ကြီး ဦးဖေသိန်းခေတ် မွတ်ဆလင်ဖြစ်၍ Professor ရာထူးမပေးသောကြောင့် မလေးရှားနိုင်ငံသို့ ထွက်ခွာသွားသော ခန္ဓာဗေဒ ကထိက ကျနော့်ဆရာ PhD Dr. John လှခိုင်သည် မလေး ဆေးကျောင်းတွင် Professor ရာထူး တန်း၍ ခန့်အပ်ခြင်းခံရ၏။

             (၄) ရိုဟင်ဂျာလူမျိုးဖြစ်၍ အထက်တန်းလွန် ပညာရပ်များ သင်ယူခြင်း ပိတ်ပင်ခံရ၏။ ကြုံကြိုက်တုံး ရိုဟင်ဂျာ တယောက်အကြာင်း ပုံပြင်တပုဒ်ပြောပြချင်ပါသေးတယ်။ တက္ကသိုလ်မှာ ဆက်လက်ပညာသင်ခွင့်ကို ဦးနေဝင်းအစိုးရက ပိတ်ပင်ခဲ့လို့ အမေရိကားကို ထွက်ပြေး ပြီး ပညာသင်ခဲ့ရတဲ့ ရိုဟင်ဂျာတယောက်ဟာ နျူးကလီးယား ပညာရှင် ဖြစ်သွားတယ် ခင်ဗျာ့။ ဘယ်သွားသွား Escort သုံးယောက် ပါတယ်။ နိုင်ငံရဲ့ အဖိုးတန် လူသယံဇာတ၊ ဦးနှောက် တစ်လုံး ယိုစီးသွားတာပေါ့။ ဒီဇာတ်လမ်းမှာ နစ်နာ သွားတာ ရိုဟင်ဂျာ မဟုတ်ဘူး။ မြန်မာပြည်သာ နစ်နာသွားတာပါ။

           (၅) သွေးနှော(One FRC) ဖြစ်လို့ အသက်မွေးဝမ်းကြောင်း တက္ကသိုလ် တက်ခွင့်မရသူ၊ ဘွဲ့လွန် သင်တန်းများ တက်ခွင့် မရသူတွေ အနတ္တဂ္ဂမ။ နောက်ဆုံး ပွဲစား၊ ဈေးသည်နဲ့ ကျူရှင်ဆရာတွေ ဖြစ်ကုန်ကြ၏။

             မှတ်ချက်။      ။ One FRC = ကိုယ်တိုင် မွေးရာပါ နိုင်ငံသားဖြစ်ပေမဲ့ မိဘတစ်ဦးဦးက နိုင်ငံခြားသားလက်မှတ် (FRC) ကိုင်ဆောင်သူ၊ တနည်း အားဖြင့် ၁၉၈၂ နိုင်ငံသားပြုမှု ဥပဒေအရ ဒုတိယ မျိုးဆက်ဖြစ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖြစ်ပင် ရွေးကောက်ခံ ပိုင်ခွင့် မရှိသော်လည်း စစ်မှုထမ်းရန် တာဝန်ရှိသူ။

           (၆) All FRC ( ကိုယ်တိုင်က မြန်မာပြည်မှာ မွေးပေမဲ့ မိဘနှစ်ဦးစလုံး နိုင်ငံခြားသား လက်မှတ် ကိုင်ဆောင်သူ) ဖြစ်လို့ ဆေးကျောင်းက ကျောင်းထုတ်ခံရတဲ့ ကျောင်းသူ တစ်ယောက် ထိုင်ဝမ်မှာ ကျောင်းပြန်တက်ပြီး ဆရာဝန်ဖြစ်ကာ ထိုင်ဝမ်ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်ပေးနေပါတယ်။

    All FRC ဖြစ်လို့ပညာရေး တက္ကသိုလ် တက်ခွင့်မရတဲ့ ကျောင်းသူတယောက်လည်း တိုင်ဝမ်မှာ ဆရာဖြစ် လက်မှတ် ၄ စောင်ရ စာသင်ကျွမ်းကျင်တဲ့ ဆရာမ ဖြစ်လို့နေပါပြီ။

    ဒါပေမဲ့ အဲ့ဒီ All FRC ကလေးကို နိုင်ငံသား မိဘ နှစ်ဦးက တရားဝင် စာချုပ်စာတန်းနဲ့ မွေးစားလိုက်ရင် အသက်မွေးဝမ်းကျောင်း တက္ကသိုလ် (Institute) တွေတက်ခွင့်၊ ဘွဲ့လွန် တက်ခွင့်တွေ ရပြန်ရောဗျ။ တော်တော်များများက ဒီအချက်ကို မသိလေတော့ အပေါ်က အမျိုးသမီး နှစ်ယောက်ဆိုရင် တရုတ် စာတွေ ကြိုးစားသင်ပြီး တိုင်ဝမ်ကိုသွားလို့ ဘဝကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ကြရတယ်။

    ကျနော့်နားထဲမှာ ကြားယောင်နေတာက လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ဆိုတဲ့ ရွှေဝါရောင် တော်လှန်ရေးမှာ သံဃာတော်များ ရွတ်ဆိုတဲ့ ရှင်ကြီး ဂေါတမရဲ့ မေတ္တာသုတ်ကိုပါ။

           မှတ်ချက် ။     ။ သွေးနှောများကို အနှစ် ၅၀ ခန့် ပိတ်ဆို့ထားသော ဥပဒေကြောင့် ဖုံးမရ ဖိမရ ပေါ်လာတဲ့ ကိစ္စနက ကပြား (သွေးနှော) များကို နိုင်ငံသားများ အဖြစ် အသိအမှတ် မပြုတဲ့ နိုင်ငံတော်ကြီးက နိုင်ငံခြားတိုင်းပြည် အသီးသီးသို့ ပညာတော်သင် စေလွှတ်လိုက်ပြီး လုံးဝ ပြန်မလာတဲ့ သူများစာရင်း (Black List) ကိုလေ့လာကြည့်လိုက်တော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အချင်း ပုဒ်မ (၁၂၀) အပိုဒ်ခွဲ (ခ) မှာ ပြဌာန်းထားတဲ့ အတိုင်း အားလုံးဟာ နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံ သားများသာ ဖြစ်နေပါတော့တယ်။ ဒါကြောင့် ဥပဒေပြုသူများ ရွတ်ဆိုရန် ဆောင်ပုဒ်လေးတစ်ခု ရေးပေး လိုက်ပါတယ်။ “ သွေးနှော ကင်းကွာ မရှိပါ ”။ ဌာနမှကင်းကွာ ဝန်ထမ်းကို အတိုကောက် ကင်းကွာဟု ခေါ်လေ့ ရှိကြပါသည်။

           (၇) တက္ကသိုလ် ကျောင်းဆရာမ တစ်ဦးသည် အလုပ်ထွက်၍ စင်္ကာံပူတွင် အိမ်ဖေါ်သွားလုပ်၏။        မြန်မာပြည်တွင် လုပ်ခလစာနည်း၍  (3 Ds) အလုပ်များ ဖြစ်သော ပန်းကန် ဆေးခြင်းနှင့် အခြားသော အလုပ်ကြမ်းမျိုးစုံ ကိုမြန်မာပြည်မှ ဆရာဝန်နှင့် အင်ဂျင်နီယာ ဘွဲ့ရများ ဂျပန်ပြည်သို့ အလုအယက် သွားရောက် လုပ်ကိုင်ခြင်းတို့ ခေတ်စားလာသည်အထိ ပြောင်းဆန် အောင်ဖြစ်နေပေမဲ့  အုပ်ချုပ်သူများ အနေဖြင့် ၎င်းတို့၏ Policy အမှားများကို ပြင်ရကောင်းမှန်း မသိလောက် မောဟတွေ ဖုံးနေခဲ့ကြ၏။ ဦးနှောက်မယိုစီးရန် ပညာရှင် များကို လုပ်ခလစာ ထိုက်ထိုက်တန်တန် ပေးရန်လိုပါသည်။ နှိမ်လို့ရတိုင်း မနှိမ်သင့်ပါ။

    အထက်ပါ ခွဲခြားဆက်ဆံခြင်း ဝါဒကို အနှစ် ၅၀ ခန့် စွဲစွဲမြဲမြဲ ကျင့်သုံးပြီးသောအခါ တိုင်းပြည်အဖို့ လူ့စွမ်းအား အရင်း အမြစ်များလေလွင့် ပြုံးတီး ယိုစီးသောကြောင့် အဆင်းရဲဆုံးနိုင်ငံ အဖြစ်ကြေငြာခဲ့ရရုံမက အကြွေး မဆပ် နိုင်သော နိုင်ငံအဖြစ် မှတ်တမ်း ဝင်သွားပါတော့သည်။

    ဝိုင်းပယ် ခွဲခြားဆက်ဆံခြင်း ခံရသူ အများစုမှာမူ အခြေအနေပေးရာ ဒေသနှင့် လောကအသီးသီးသို့ ဝင် ရောက်လုပ်ကိုင်ကြရာ ၎င်းတို့ Crazy ဖြစ်ခဲ့၊ စိတ်ကူးယဉ်ခဲ့ရသော ဘဝများထက် ပိုမို သာလွန် သော အောင်မြင် မှုများကို ရကြသည့် အတွက် အနှိမ်ခံရပေမဲ့ မနိမ့်ကျခဲ့ပါ။ တိုင်းပြည်သာ နစ်နာကျန်ခဲ့၏။

    (ဃ)။ သဘာဝ သယံဇာတများသည် အမွေလော၊ ကျိန်စာလော။

            မြန်မာနိုင်ငံ၏ ပေါများသောဆန်ရေစပါး၊ သစ်တော သယံဇာတ၊ သတ္တုမိုင်းများနှင့် အရောင်ရှိ ကျောက်မျက် (Colour stones) တွင်းတို့ကြောင့် အင်္ဂံလိပ်တို့၏ နှစ် ၁၀၀ ကျော် ကျွန်ပြုခြင်းကို ခံခဲ့ရ၏။

            Blood Diamond နာမည်ကျော် ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖူးကြပါလိမ့်မည်။ အာဖရိက နိုင်ငံတစ်ခု၏ စိန်တွင်းများသည် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးရှိစေမည့် အရင်းအနှီးများ မဖြစ်ခဲ့ဘဲ စိန်တွင်းလုသည့် ဒုစရိုက်မှုများသာ ထူပြောစေခဲ့သည့်အပြင် နိုင်ငံတော်သမ္မတကိုယ်တိုင် ဟောလီဝုဒ် မင်းသမီးတစ်ဦးကို စိန်တုံးများ လက်ဆောင်ပေးခဲ့၍ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သေးသည်။

    အီရတ်နိုင်ငံသည် ရေနံသိုက်များ ပိုင်ဆိုင်မှုကြောင့် အမေရိကန်နှင့် ဗြိတိသျှတို့၏ ဖျက်အားပြင်း လက်နက် Weapon of Mass Destruction (WMD) ကို ရမယ်ရှာကာ သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။

    ရာစုနှစ်နှင့်ချီ၍ အတူနေခဲ့သော ရခိုင်နှင့် ရိုဟင်ဂျာတို့သည် ရခိုင်ကမ်းလွန် ရွှေ ရေနံနှင့် သဘာဝ ဓါတ်ငွေ့သိုက် တွေ့ရှိပြီးနောက် အထိကရုံး ဖြစ်ကြ၏။ ထိုင်းနိုင်ငံကို ဓါတ်ငွေ့ရောင်း၍ ရသည့် ဒေါ်လာငွေများ ခွဲဝေသုံးဆွဲ ရာတွင် ပွင့်လင်းမြင်သာမှု မရှိဟု အမေစုက ဝေဖန်ဘူး၏။ နိုင်ငံတကာ သတင်းဌာနများကမူ မြေအောက်လှိုင်ခေါင်းတူးခြင်းနှင့် နျူကလီးယား လက်နက်ထုတ်လုပ်ရေး စီမံကိန်းတို့အတွက် သုံးဆွဲခဲ့သည်ဟု စွပ်စွဲကြ၏။

    စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု ရပ်တန့်စေလိုသော ရည်ရွယ်ချက်နှင့် ဖွင့်လှစ်ထားသော သပိတ်စခန်းကို ၂၀၁၂ ခုနှစ် နိုဝင်္ဘာံလ ၂၉ (တန်ဆောင်မုန်း လပြည့်ည သန်းကောင်ကျော်) နံနက် လင်းအားကြီးအချိန်က အာဏာပိုင်များက ဝင်ရောက်ရှင်းလင်းရာ သံဃာ တော်အပါး ၆၀ ကျော် မီးလောင်ဒဏ်ရာများ ရရှိကာ ဆေးပေါင်းမခဘဲ သွေးပေါင်းခသောည ဖြစ်သွားကြောင်းဆရာတော်တစ်ပါးက RFA တွင်မိန့်၏။

    ထို့ကြောင့်သဘာဝ သယံဇာတသည် အမွေလည်းဖြစ်နိုင်သလို၊ ကျိန်စာလည်းဖြစ်နိုင်ပါသည်။

    (င)။ လူ သယံဇာတ နှင့် သဘာဝ သယံဇာတ သဟဇီဝ (Symbiosis) ဖြစ်ရန်လိုသည်။

    မြစ်ဆုံဆည် တည်ဆောက်ပြီးစီးပါက သဘာဝပတ်ဝန်းကျင်ကြိမ်းသေ ပျက်စီးမည် ဖြစ်ကြောင်း တရုတ် သုတေသနစာတမ်းများက ဆို၏။ မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းသည်လည်း တောင်များ ကိုဖြို၍ ကြေးနီထုတ်ယူသည့် နည်းစံနစ်ကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီး၏။ ထို့ကြောင့် ထိုစီမံ ကိန်းနှစ်ခုစလုံးကြောင့် ပျက်စီးရမည့် သဘာဝ ပတ်ဝန်းကျင်များ ကုစားရေး စီမံကိန်းများ တပါတည်း တွဲလျှက် ရေးဆွဲထားသည်ဟု ဆို၏။

    မြစ်ရေချောင်းရေ ညစ်ညမ်းခြင်း၊ ငါးမျိုးတုံးနိုင်ခြင်း၊ လယ်ယာမြေပျက်စီးခြင်းနှင့် သဘာဝ သစ်တော ပျက်စီးမှုတို့ကြောင့် လူ သယံဇာတ၊ လူ့ စွမ်းအားအရင်းအမြစ်၊ လူသားမျိုးနွယ်များ တစ်နွယ်ငင် တစ်စင်ပါ ပျက်စီးနိုင်သောကြောင့် ထိုသို့သော သယံဇာတများကို ထုတ်ယူသုံးဆွဲဖို့ အလွယ်တကူ မဆုံးဖြတ်သင့်ပါ။ တစ်ဖက်ကမ်းပြို တစ်ဖက် သောင်ထွန်းဆိုသော မြန်မာစကားပုံသည် ဤပြဿနာ အတိမ်အနက်ကို ထင်းရှားစေ၏။ လူ့ စွမ်းအား အရင်းအမြစ်များ ကမ်းပြိုမည့် ကိစ္စကို အစကတည်းက လက်ရှောင်သင့်၏။

    လူသား သယံဇာတ နှင့် သဘာဝ သယံဇာတအပြန်အလှန် အကျိုးပျြုမှသာ တိုင်းပြည်တစ်ခုသည် တည်ငြိမ်စွာ ရည်ရှည် ဖွံ့ဖြိုးနိုင်ပါမည်။

    လူ သယံဇာတ၊ လူ့စွမ်းအင် အရင်းအမြစ်များကို ဖွံ့ဖြိုးစေမည့် သဘာဝ သယံဇာတ ထုတ်ယူသုံးဆွဲခြင်း များကိုသာ ဦးစားပေး စဉ်းစားသင့်ပါသည်။ သယံဇာတဟူသည် လူတို့ မဖြုံးတီးဘဲ သုံးစွဲရန်သာဖြစ်သင့်ပြီး လူသားတို့ အတွက် ကျိန်စာ မဖြစ်သင့်ပါ။ ဤဆက်စပ်မှုကို သဟဇီဝ (Symbiosis) ဟု အမည်ပေးချင်သည်။ တနည်းအားဖြင့် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ပေါ့။

    ယ္ခုအခါ ကမ္ဘာပေါ်မှာ သဘာဝ ပတ်ဝန်းကျင် မပျက်စီးရလေအောင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) တွေကို ဦးစားပေး ထုတ်ယူသုံးစွဲနေကြတာကလည်း အတုယူစရာ သဟဇီဝ (Symbiosis) တစ်ခုလို့  ပြောချင်ပါတယ် ခင်ဗျာ။

    (စ)။ Natural resources များအကြောင်း ဇာတ် ပေါင်းရင်း အကြံပြုကြပါစို့။

    အစိုးရတရပ်သည် အမွေရ သူဌေးသားကဲ့သို့ ဘိုးဘွားပိုင် သဘာဝ သယံ ဇာတများကို မဆင်မခြင် ထုခွဲ ရောင်းချကာ တိုင်းပြည်၏ ဝင်ငွေကိုမရှာဘဲ၊ ခွဲခြားဆက်ဆံမူ မရှိသည့်အပြင် ကောင်းမွန် မှန်ကန် မျှတစွာ ရွေးချယ် လေ့ ကျင့် ပေးထားသော လူတော် သယံဇာတ၊ လူ့အရင်းအမြစ်များကိုသာ ဦးစားပေး၊ အခြေခံ အရင်းတည်ပြီးတိုင်းပြည်၏ GDP (Gross Domestic Product) တိုးတက် ရန် ဆောင်ရွက်သင့် ပါသည်။

    သဘာဝ သယံဇာတများကို တိုင်းပြည်၏ အနာဂတ်နှင့် နောင်လာနောက်သားများအတွက် တတ်နိုင်သမျှ ထုတ်ယူမသုံးစွဲဘဲ ထိန်းသိမ်းထားသင့်သည်။ အမေရိကန်နိုင်ငံတွင် ကမ်းလွန်ရေနံ တူးဖေါ် ထုတ်လုပ်ရန် ကိစ္စကို Senate နှင့် Congress က ကန့်ကွက်၏။ တိုင်းပြည်အနာဂတ် အတွက် သယံဇာတ အရန်အဖြစ် ထိန်းသိမ်းထား၏။

    တိုင်းပြည်၏ သယံဇာတများကို ပြည်သူလူထုအတွက် အမွေသာဖြစ်စေပြီး၊ ကြိမ်စာမဖြစ်ရလေအောင်၊ သဘာဝပတ်ဝန်းကျင်ကိုလည်း မပျက်စီးရအောင် သတိကြီးစွာဖြင့်၊ ခေါင်းကြီးကြီးနှင့် စဉ်းစားပြီးမှ ထုတ်ယူရန် ဆုံးဖြတ်သင့်ပါသည်။

    မိမိတိုင်းပြည်၏ ပိုင်ဆိုင်သော သယံဇာတများကို သဘာဝ ပတ်ဝန်းကျင် မထိခိုက်ရအောင် ထုတ်ယူ သုံးဆွဲ နိုင်မည့် အဆင့်မြင့် နည်းပညာ အမျိုးမျိုးနှင့် အကျိုးအပြစ်များကို နောကျေအောင် ကြိုတင်လေ့လာ ထားသင့်ပါသည်။ Renewable Enegy များ ထုတ်လုပ်ရေးအတွက် နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံသင့်သည်။

    နိုင်ငံပိုင် သယံဇာတများကို ရောင်းချ၍ရသော ဘဏ္ဍာငွေများကိုလည်း တိုင်းပြည်နှင့်လူထု အတွက် အကျိုးဖြစ်ထွန်းမည့် ကဏ္ဍများ၌သာ ပွင့်လင်းမြင်သာစွာ သုံးစွဲသင့်ပါကြောင်း အကြံပြု ရေးသားအပ်ပါသည်။

    (ဆ)။ Human resources များအကြောင်း ဇာတ်ပေါင်းရင်း အကြံပြု ကြပါစို့။

    လူသယံဇာတ၊ လူ့စွမ်းအားအရင်းအမြစ်များကို မပြုန်းတီးရအောင်၊ မယို စီးရလေအောင် ဂရုပြုဆင်ခြင်ကာ အဖေ သို့မဟုတ် အမေကိုယ်တိုင် မြန်မာဖြစ်ပါလျှက်နဲ့ တတိယ မျိုးဆက်ကျမှ နိုင်ငံသားဖြစ်ခွင့် ရမယ်ဆိုတဲ့ မည်သည့် နိုင်ငံမှ မကျင့်သုံးသည့် လူဝင်မှု ကြီးကြပ်ရေးဥပဒေကို အမြန်ဆုံး ပြန်လည်ပြင်ဆင် ရေးဆွဲသင့် ပါသည်။ ငကန်းသေ ငစွေပေါ်လိမ့် မည်ဟု တဇောက်ကန်း စိတ်ဓါတ်များ မထားသင့်တော့ပါ။

    ဆိုရိုးစကား တစ်ခုရှိ၏။ ဆရာဝန်မှားလျှင် တစ်ကြိမ်လျှင် လူနာတစ်ဦးသာ သေ၏။ အင်ဂျင်နီယာ မှားလျင် တိုက်ပြို၊ တံတားကျိုး၊ ရထားလမ်းချော်၊ တိုက်တင်းနစ် သင်္ဘောံနစ်မြုပ်ခြင်းနှင့် လေယာဉ်များ ပျက်ကျ နိုင်သောကြောင့် လူရာနှင့်ချီကာ သေနိုင်၏။ နိုင်ငံရေးသမား အနှစ် ၅၀ တိတိ မှားသောအခါ တစ်နိုင်ငံလုံး သေရုံမက တောင်ပိုင်းတွင် မြန်မာများ မဲဆောက် အမှိုက်ပုံသို့ ရောက်ပြီး၊ မြောက်ပိုင်းတွင် ကလေးအငှား မွေးကြရ ကုန်၏။

    မဲဆောက်၊ ရနောင်းတို့တွင် 3D (Difficult, Danger, Danger) အလုပ်များ လုပ်နေကြရသူ မြန်မာ များကို လက်သီးပုန်း စစ်ဝါဒီ (တိုင်းတပါးသားကိုကြောက်ပြီး ကိုယ့်နိုင်ငံသား အချင်းချင်း နှိပ်ကွပ်သောဝါဒီ) တို့က အမေကျော် ဒွေးဒေါ် လွမ်းသူများဟု ကင်းပွန်းတပ်ကာ မသိကျွမ်းကျင် ပြုကြ၏။ လူမျိုးကြီးဝါဒကိုင်စွဲသူ အမျိုးသားရေး ဝါဒီတို့ စားပြီး နားမလည်လုပ်နေကြ၏။ တစ်ချို့အိပ်ချင်ယောင်ဆောင်နေကြ၏။ ဒီလိုအဖြစ်မျိုး တွေ တကယ်ဖြစ်နေသလားဟု တစ်ချို့က ပြည်သူ့တရားရှင် ပေါင်ချိန်၏ လေသံနှင့် မေးကြကုန်၏။

    ကျနော်အားကျသော ဗိုလ်ချုပ်အောင်ဆန်း၏ လေသံဖမ်း၍ ပြောကြည့်ချင်ပါသေးသည်။ လုပ်ချင်ရာတွေ တဇွတ်ထိုးလုပ်ပြီး အချိန်တန်တော့ တာဝန်ယူမဲ့သူမရှိတာ ဗမာအစိုးရ အဆက်ဆက်ရဲ့ ယဉ်ကျေးမှု (ေ_ာက်ကျင့်) ဘဲ ဖြစ်တယ်လို့ ကျနော် ပြောရင် ခင်ဗျားတို့ ကျနော့်ကို စိတ်ဆိုးပါလိမ့်မည်။ နိုင်ငံ ချစ်ဇောနှင့် ပြောသော ပေါက်ကွဲ သံဇဉ်ဖြစ်၍ သည်းခံ ပေးကြပါဟု တောင်းပန်ချင်ပါသည်။

    အာဏာရှင်ခေတ်တွင် ပြည်သူများ နိုင်ငံရေး တာဝန်ကင်းသော်လည်း ဒီမိုကရေစီခေတ်တွင် ပြည်သူ များအနေဖြင့် တိုင်းပြည်အကျိုးပြုမည့် အတွေးအခေါ် ဝါဒ ရှိသူ နိုင်ငံရေးသမားများကို မှန်မှန်ကန်ကန် ရွေးချယ်တတ်ရန် အထူးလို၏။ နိုင်ငံရေးသမားများကိုလည်း ထိရောက်သော မေးခွန်းများကို အားမနာတမ်း မေးတတ် ရန်၊ မေးရဲရန်လို၏။

    (ဇ)။ သင်္ဃံန်းကျွန်း လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ထံ အိတ်ဖွင့်ပေးစာ။

             သင်္ဃံန်းကျွန်း လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ကို ကြုံကြိုက်တုံး ပြောချင်ပါသည်။ ဥပဒေသမား ဖြစ်ဖြစ်၊ စစ်သားဖြစ်ဖြစ် လူမျိုးကြီး မျိုးချစ်ဝါဒ ဟူသော မောဟအမှောင် ဖုံးနေလျှင် မနာလို ဝန်တိုစိတ်များ အစဉ် တိုးပွားကာ အမှန်ကိုမြင်နိုင်စွမ်း ရှိမည် မဟုတ်ပါ။ ဆေးကုစားတဲ့ ဆရာဝန်အများစု ကတော့ Ethic ရှိလို့ မောဟကင်း ပြီး လူ ကို လူ လို့ဘဲ မြင်တယ်ခင်ဗျာ့။ နိုင်ငံရေးသမား အတွက် ပြဌာန်းထားတဲ့ Ethic မရှိတော့ လုပ်ချင်ရာ လျှောက်လုပ်ပြီး၊ ပြောချင်ရာ စွတ်ပြောလေ့ ရှိကြတယ်။

    ဦးသိန်းညွှန့် အနေဖြင့် ၁၉၈၂ နိုင်ငံသားပြုမှု ဥပဒေကို မောဟမျက်မှန် ချွတ်ပြီး ချဉ်းကပ်စေချင်ပါတယ်။ အခု မြန်မာနိုင်ငံဘွား နိုင်ငံတကာရောက် နိုင်ငံခြားသားတွေကို အမြဲတမ်းနေထိုင်ခွင့် PR (Permanent Resident) ပေးဖို့ ဥပဒေ ပြဌာန်းနေတယ်လို့ ဦးခင်ရီက အသံလွှင့်ဌာန တစ်ခုနဲ့ အင်တာဗျူးရာမှာ ပြောသွား ပါတယ်။

    မြန်မာနိုင်ငံမှာရှိနေတဲ့ မြောက်မြားစွာသော နိုင်ငံမဲ့များ (ဗုဒ္ဓဘာသာဝင် နိုင်ငံမဲ့ များအပါအဝင်) အတွက် ဦးစားပေး မစဉ်းစားဘဲ နိုင်ငံခြားသားတွေကို PR လက်မှတ်ထုတ်ပေးပို့ ကြိုးစားနေကြတာဟာ ကျနော်တို့ မွေးရပ်ဘန်းစကားနဲ့ ပြောရရင် တစ်ပြားကျော်လို့ ခေါ်တယ်ခင်ဗျာ့။ စစ်အစိုးရခေတ် သတင်းစာ အသုံးအနှုံး အတိုင်းပြောရရင် အမေကျော် ဒွေးတော်လွမ်းသူများကို PR ထုတ်ပေးဖို့ ကြိုးစားနေသူများဟာလည်း အမေကျော် ဒွေးတော်လွမ်းသူများဘဲ မဟုတ်ပါလား။

    နောက်တဆင့်တက်ပြီး စဉ်းစားကြည့်ကြပါစို့။ ဦးသိန်းညွန့် အလွန်မြတ်နိုးတဲ့ ၁၉၈၂ နိုင်ငံသား ပြုမှုဥပဒေအရ FRC(ဧည့်နိုင်ငံသား) လို့ သတ်မှတ်ခြင်း ခံရပြီး ပြည်တွင်းခရီး လွတ်လပ်စွာ သွားလာခွင့် ကန့်သတ် ခံနေရတဲ့ သူတွေ PR လျှောက်ရင် ပေးဖို့ ထည့်သွင်း စဉ်းစားထားမှ မျှတတဲ့ PR ဥပဒေဖြစ်လာမယ်။ ဘာကြောင့် လဲ ဆိုတော့ FRC ထက် PR အခွင့်အရေးက အများကြီး ပိုသာနေပါတယ်။

    နိုင်ငံသား အခွင့်အရေးထက်တောင် PR အခွင့်အရေးက လက်တွေ့မှာ ပိုမိုသာလွန်နေလို့ ရိုဟင်ဂျာတွေကို နိုင်ငံသားမပေးဘဲ PR ပေးမယ်ဆိုရင်တောင် အိမ်တွေ မြေတွေ ဝယ်ခွင့်နဲ့ လွတ်လပ်စွာ ခရီးသွားခွင့် တွေရတော့မှာဖြစ်တဲ့အတွက် သူတို့တတွေ ဝမ်းသာလွန်းလို့ ထလို့ ကနေကြမှာကို မြင်ယောင်နေမိ ပါသေး တယ်။

    ဘာသာခြားနှင့် ကပြား (သွေးနှော) များကို နှိပ်ကွပ်လိုသော ရည်ရွယ်ချက် သဘောဆိုးနဲ့ နိုင်ငံတကာ စံများနှင့် ကင်းလွတ်စွာ ၁၉၈၂ နိုင်ငံသား ပြုမှု ဥပဒေကို ရေးဆွဲလို့ရနိုင်ပေမဲ့ PR  ဥပဒေကျတော့ မဖြစ်မနေ နိုင်ငံ တကာစံများနှင့် ကိုက်ညီဖို့လိုတယ် မဟုတ်လား။ ဒါမှ မြန်မာပြည်ဘွား နိုင်ငံခြားသားတွေ PR လျှောက်မှာပေါ့။

    တဖက်ကလည်း လက်ရှိရေးဆွဲနေတဲ့ PR ဥပဒေကို မြန်မြန် ထက်ထက် အတည်ပြုစေချင်တယ်။ ဒီဥပဒေနှစ်ခုကို ယှဉ်ကြည့်လိုက် တာနဲ့ ၁၉၈၂ နိုင်ငံသား ပြုမှု ဥပဒေကို ဖက်တွယ်နေလိုသူတွေရဲ့ သေးသိမ်ပြီး အဆင့်နိမ့်လွန်းတဲ့ စိတ်ဓါတ်နဲ့ နည်းလွန်းတဲ့ ပညာကို ကမ္ဘာ့ခေါင်းဆောင်များနဲ့ နိုင်ငံတကာ ဥပဒေပညာရှင် များ ထင်ထင်ရှားရှား တွေ့မြင် သိရှိနိုင်ပါ လိမ့်မည်။

    ၂၀၀၈ ဖွဲ့စည်းပုံနှင့်သော်၎င်း၊ ၁၉၈၂ နိုင်ငံသားပြုမှု ဥပဒေနှင့်သော်၎င်း၊ ဥပဒေအချင်းချင်း ထိပ်တိုက်ရင်ဆိုင်တွေ့မဲ့ နောက်တစ်ခုက သမ္မတလက်မှတ်ထိုးရင် အတည် ဖြစ်တော့မယ့် စစ်မှုထမ်း ဥပဒေဘဲဖြစ်တယ်။

    ဥပဒေ ပြုသူတွေ လည်ပုံကတော့ ပြောမဆုံးပေါင် တောသုံးတောင်ဟု ဆိုရမလောက်ပင်။ မိမိ မမွေးမီကပင် မိဘနှစ်ပါးစလုံး နိုင်ငံသားဖြစ်ပြီးသူများသာ စစ်မှုထမ်းရမည်လို့ မပါဘူးခင်ဗျာ့။ သွေးနှော (ကပြား) များ အနေ ဖြင့် DSA တက်ခွင့်မရှိ၊ လွှတ်တော်ကိုယ်စားလှယ် လုပ်ခွင့်လည်း မရှိပေမဲ့ အသေခံရမယ် ဆိုရင်  တော့ ရှေ့ဆုံး တန်းက ပါဝင်ရမယ်လို့ တစ်စုံတစ်ရာကို ရည်ရွယ်ပြီး ရေးဆွဲထားတဲ့ ဥပဒေတွေ ဖြစ်နေ တယ်ခင်ဗျာ့။

    သမ္မတနဲ့ သာမန်လူတယောက်ဟာ ဥပဒေအောက်မှာ အတူတူဖြစ်ရမယ်လို့ အိုဘားမားက အာချောင် ပြီး လျှောက်ပြောသွားတော့ ဟုတ်မယ်မထင်မိပါ။ နိုင်ငံသားတွေရဲ့ တာဝန်နဲ့ ရပိုင်ခွင့်တွေ တန်းတူရည်တူ ဖြစ်ရမယ်လို့ ဆိုလိုရင်း သာဖြစ်တယ်။ မြန်မာပြည်၏ ဥပဒေပြုသူများ ရှက်ဖွယ် ဖြစ်သည်။

    ဦးသိန်းညွှန့်ရဲ့ အဖေနဲ့ အမေ သူ့အကြောင်းနဲ့သူ ညားခဲ့ကြလို့ မွေးလာရတဲ့ ကလေး ဖြစ်သည့် အတွက် မိဘများကို ရွေးချယ်ခွင့် မရှိသူ ဦးသိန်းညွှန့် မှာ တစုံတရာ အပြစ်ရှိပါသလား။ မြန်မာစစ်စစ် ကျနော့် အမေဟာ ဧည့်နိုင်ငံခြားသား (FRC) လက်မှတ်ကိုင်သူ ကျနော့် အဖေကို ရွေးချယ်လက်ထပ်ခဲ့လို့ ဘုမသိ ဘမသိ မွေးလာတဲ့ ကျနော့်ကို အပြစ်ပေးတဲ့အနေနဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေ တက်ခွင့် မပေးတာ၊ ဘွဲ့လွန်သင်တန်းတွေ တက်ခွင့်ပိတ်ပင်တာ၊ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိတာတွေဟာ တရားမျှတပါသလား။ ကိုယ်ရည်ကိုယ်သွေး တိုးတက် အောင်ပြုလုပ်ခွင့်တွေကို ပိတ်ပင်တာဟာ တိုင်းပြည်ရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကို ဖျက်ဆီးနေတာဖြစ်လို့ တိုင်းပြည်ဖွံ့ဖြိုးမှုကို နှေးကွေးစေ ပါလိမ့်မည်။ လူ့အခွင့်အရေးတွေကို အကြီးအကျယ်ချိုးဖေါက်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၁၉၈၂ နိုင်ငံသား ပြုမှုဥပဒေတွေ ကို အမြန်ဆုံး ပြန်ပြင်ဖို့လည်း လိုပါတယ်။

             စိတ်ပျက်စရာ အကောင်းဆုံးက သားသမီးများသည် အမိနှင့် အဖကို ရွေးချယ်ခွင့် (လုံးဝ) မရှိ ဆိုတဲ့ အချက်ကို ဥပဒေရေးဆွဲခဲ့သူများနှင့် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် အများစုကြီးက မသိကြတဲ့ အတွက် မိဘ များ၏ လုပ်ရပ်အတွက် သားသမီးဖြစ်သူများကို အရေးယူရန် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ၊ ၁၉၈၂ နိုင်ငံသား ပြုမှု ဥပဒေနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေများဟာ (လုံးဝ) မှားယွင်း နေပေမဲ့ ယနေ့တိုင် သက်ဆိုးရှည်နေ ရခြင်း ဘဲဖြစ်တယ် ခင်ဗျာ့။

           တစ်ပါးသူကို ပျက်စီးအောင်ကြံဆောင်ခြင်းဟာ မိမိကိုယ်တိုင်ကိုလည်းဘဲ ပျက်စီးစေလိမ့်မယ်လို့ ဂေါတမ ဗုဒ္ဓက ဟောထားလေတော့ မမျှတတဲ့ ဥပဒေကို ပြင်ခိုင်းနေတာ သွေးနှောတွေအတွက် အခွင့်အရေး တောင်းဆို ပေးနေတာမဟုတ်ဘူး။ ပျက်စီးနေတဲ့တိုင်းပြည် နောက်ထပ် ရေမမျောရလေအောင် မမျှတတဲ့ ဥပဒေတွေကို အမြန်ဆုံး ပြင်ဖို့တောင်းဆိုနေ ခြင်းသာဖြစ်ပါတယ်။

    အလျှင်းသင့်တုန်း ကြားဖြတ် Campaign တစ်ခုလုပ်ချင်ပါသေးသည်။ ရန်ကုန် ဘွဲ့နှင်းသဘင် ခန်းမမှာ အိုဘားမား ပြောခဲ့သလို ကွဲပြားခြားနားမှု(Diversity) တွေကို တိုင်းပြည်အတွက် အင်အားအဖြစ် ပြောင်းလဲအသုံးချလိုတဲ့ မဲဆန္ဒရှင်များနှင့် သဘာဝ သယံဇာတကို အနာဂတ် အတွက် အရန်အဖြစ် ထိန်းသိမ်းထားလိုပြီး၊ ပြန်ပြည့်မြဲ (Renewable) ဖြစ်တဲ့ လူကောင်း သယံဇာတ၊ လူ့စွမ်း အား အရင်းအမြစ်များ မှန်မှန်ကန်ကန် အသုံးချကာ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ မဲဆန္ဒရှင်များ အနေ ဖြင့် သူ၏ နိုင်ငံသားပြုမှု ဥပဒေဆိုင်ရာ Policy မပြောင်းလဲသရွေ့ သူစိန်ခေါ် ခဲ့သည့်အတိုင်း ၂၀၁၅ ရွေး ကောက်ပွဲတွင် ဦးသိန်းညွှန့်ကို မဲမပေးသင့်ပါ။

    (စ်)။ လူ့ စွမ်းအား အရင်းအမြစ်တွေ ဖြုန်းတီးမလား၊။ ဥပဒေ တွေကို ပြင်မလား။

    ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့ မြန်မာခေါင်းဆောင်အများစုရဲ့ Concept and Attitude တွေမကောင်းမှန်း မြန်မာပညာတတ် တစ်ချို့က သိနေပေမယ့် အဆဲခံရမှာ ကြောက်လို့ ထောက်မပြရဲကြဘူး။ နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း မိန့်ခွန်းပြောခဲ့တဲ့ အိုဘားမားနဲ့ အမေစု၊ သမိုင်းအမှန်တွေကို ရေးပြခဲ့တဲ့ ဆရာမကြီး ဒေါ်ရီကြိန်နဲ့ ဒေါက်တာသန်းထွန်းတို့တောင် အဆဲခံရသေးရင် မဲမဲမြင်တိုင်း အဆဲခံနေကြရတာ အဆန်း မဟုတ်တော့ဘူးပေါ့။

    တကယ်တော့ ခေတ်မမီတဲ့ ဖွဲ့စည်းပုံနဲ့ နိုင်ငံသားပြုမှု ဥပဒေကြောင့်အပြင် တိုင်းပြည်မတည်ငြိမ်လို့ မကြာခဏ ဖြစ်ပေါ်လာတဲ့ အဓိကရုဏ်းနဲ့ ဆန္ဒပြပွဲတွေကြောင့် တက္ကသိုလ်၊ ကောလိပ်နဲ့ ကျောင်းတွေ ခဏခဏ ပိတ်ရ၊ သေသူသေ၊ ထောင်ကျသူ ထောင်ကျ၊ Refugee ဖြစ်သူဖြစ်နဲ့ ကမ္ဘာအနှံ့ ထွက်ပြေးသူပြေးနဲ့ လူ့ စွမ်းအင်အရင်းအမြစ်တွေ ဖိတ်စင်ခဲ့ရတာလည်း မနည်းတော့ဘူး။

    နိုင်ငံအတွက် လူတော် သယံဇာတများ၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေချင်ရင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၁၉၈၂ နိုင်ငံသား ပြုမှုဥပဒေကို နိုင်ငံတကာစံများနှင့် အညီ အရင်ဆုံး ပြင်ဆင်ရေးဆွဲဖို့ လိုမယ်ခင်ဗျာ့။ ဒီလိုတစာစာ အော်နေတာဟာ ဘာသာခြား၊ ကပြား (သွေးနှော)နဲ့ ရိုဟင်ဂျာ တွေရဲ့ အကျိုးအတွက် တောင်းဆိုပေးနေတယ်လို့ တလွဲတချော် တွေးမနေနဲ့ဦး။ မမျှတတဲ့ ဥပဒေတွေကြောင့် တိုင်းပြည် နလံမထူ နိုင်အောင် လက်တွေ့မှာ တကယ် နစ်နာနေပြီ ဖြစ်လို့ ဆက်ပြီး ဂျောက်ထဲ မကျရလေအောင် နိုင်ငံသား အချင်းချင်း Sanction လုပ်ထားတဲ့ ဥပဒေ တွေကို ခပ်မြန်မြန်လေး ပြောင်းလဲရေးဆွဲဖို့ ပြောနေရခြင်းသာ ဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ရ ပါတယ်။

    မောင်သမာဓိ

  • အစ္စလာမ်ကောင်စီ (၅၈) နှစ်တိုင်ခဲ့ပြီ

    အစ္စလာမ်ကောင်စီ (၅၈) နှစ်တိုင်ခဲ့ပြီ

    ဒီဇင်ဘာ ၄ ၊ ၂၀၁၂
    M-Media
    မောင်လျှောက် (မြယာမြေ)

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီကတော့ (၅၈) နှစ်တိုင်ခဲ့ပြီ။

    အစ္စလာမ်ကောင်စီဆိုတာ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ ဖဆပလအဖွဲ့ကြီးတွင် တပ်ပေါင်းစုအဖြစ်ပါဝင်ပြီး ကြိုးပမ်းခဲ့တဲ့ ဗမာမွတ်စလင်ကွန်ကရက် (ဗ.မ.က)ကို မြစ်ဖျားခံစီးဆင်းလာခဲ့တဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။ အစ္စလာမ်ကောင်စီ အကြောင်းပြောလျှင် မိခင် ဗ.မ.ကအဖွဲ့ကြီးအကြောင်းကို မေ့ထားလို့ မရ၊ ချန်ထားလို့  မရပါ။

    လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “ယနေ့တိုင်းပြည်အခြေအနေဟာ တစ်မျိုးသားလုံးသွေးစည်း ညီညွှတ်ရန်အလွန် လိုအပ်နေတဲ့အတွက် ဗမာမွတ်စလင်များ ညီညီညွှတ်ညွှတ်နဲ့အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းပြီး ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် (AFO or The Anit-Fascist Organization) ) အဖွဲ့ကြီးမှာ တပ်ပေါင်းစုအဖြစ် ပါဝင်ရန်” ဆိုတဲ့တိုက်တွန်းချက်အရ အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ်က ဦးဆောင်ကာ ၁၉၄၅ခုနှစ်၊ ဒီဇင်ဘာလ၂၄ရက်နေ့တွင် ပျဉ်းမနားမြို့မှာညီလာခံကြီး တစ်ရပ် ခေါ်ယူကျင်းပခဲ့ပါတယ်။ အဲ့ဒီညီလာခံမှာ ဆရာကြီးဦးရာဇတ် ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး “ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်ကွန်ကရက်”(ဗမက) အဖွဲ့ကြီးကို ဖွဲ့စည်းခဲ့ပါတယ်။

    မြန်မာလွတ်လပ်ရေး အရယူရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ “ဗ.မ.က” မှပုဂ္ဂိုလ်များပါဝင်ခဲ့ပါတယ်။ ဦးရာဇတ်တို့လို အာဇာနည်ပုဂ္ဂိုလ်တွေ၊ ဦးဖေခင်တို့လို ပင်လုံညီလာခံကို နောက်ကွယ်မှ ပံ့ပိုးခဲ့သူတွေ၊ ရွှေတိဂုံ အလယ်ပစ္စယံ ညီလာခံကြီးမှာ လွတ်လပ်ရေး အရယူရန်”ဗ.မ.က” ကိုယ်စားလှယ်များပါဝင်ပြီး အဆိုတင်သွင်းခဲ့တာတွေ၊ ထောက်ခံဆန္ဒပြုခဲ့တာတွေကို မေ့ထားလို့မရပါဘူး။

    လွတ်လပ်ရေးရပြီး ဖဆပလ ဟာ နိုင်ငံရေးပါတီတစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။ အဲဒီ ဖဆပလ မှာ “ဗ.မ.က” ကိုယ်စားလှယ်တွေပါဝင်နေတုန်းပဲ။ ဦးခင်မောင်တို့ ဦးရာရှစ်တို့ စတာတွေဟာ ဖဆပလတွင်းက “ဗ.မ.က” ၀န်ကြီးတွေပါ။ ပါလီမန်အမတ်များဖြစ်ကြတဲ့ ၀ဏ္ဏကျော်ထင်ဒေါ်စောရွှေတို့၊ နိုင်ငံ့ဂုဏ်ရည် ပထမဆင့်ဆရာကြီးချယ် (နောင်အခါရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်)တို့ဟာ ဖဆပလထဲက “ဗ.မ.က” လူတွေပါ။ နောက်တော့ ဖဆပလ နှစ်ပိုင်းကွဲတယ်။ သန့်ရှင်း(နုတင်)နဲ့ တည်မြဲ(ဆွေငြိမ်း) ပေါ့။ သို့ပေမယ့် “ဗ.မ.က” ဟာ နိုင်ငံရေးနှင့် ဘာသာရေးရောထွေးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၁၉၅၆ခုနှစ်မှာ “ဗ.မ.က” ကို ၀န်ကြီးချုပ်ဦးနုက ဖျက်သိမ်းခိုင်းပါတယ်။

    “ဗ.မ.က” ဖျက်သိမ်းပြီးနောက် ဗမာမွတ်စလင်ကွန်ကရက်အစား “အစ္စလာမ်သာသနာရေးရာကောင်စီ”ဖြင့် အစားထိုးလိုက်ပါတယ်။ အစ္စလာမ် သာသနာရေးရာ ကောင်စီအား ၁၉၅၄ခုနှစ် ဒီဇင်ဘာလ ၅ရက်၍ ဗမာမွတ်စလင်ကွန်ကရက် (ဗမက)၊ အိုလမာပညာရှင်များအဖွဲ့ချုပ်၊ ဗမာမွတ်စလင်အမျိုးသမီးများအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ စသည့်အင်အားစု ၃ရပ်ကို မဏ္ဍိုင်ပြုပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။

    အစ္စလာမ် သာသနာရေးရာ ကောင်စီသည် နိုင်ငံရေးအဖွဲ့အစည်းမဟုတ်၊ တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ်ဘာသာဝင်များ၏ ဘာသာရေးဆိုင်ရာ ကိုယ်စားပြုအဖွဲ့ကြီး အဖြစ်လည်းကောင်း၊ အခြားသာသနာဝင် တိုင်းရင်းသားညီနောင်တို့နှင့် အချင်းချင်း ပိုမိုသိနားလည်မှု၊ အပြန်အလှန်ထောက်ထားစာနာ လေးစားမှု၊ ချစ်ခင်ရင်းနှီးမှုများ အစဉ်ရှင်သန်ရေးအတွက် အစဉ်အလာကောင်းများကို ထိန်းသိမ်းရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။

    လက်ရှိအခြေအနေမှာ အစ္စလာမ်သာသနာရေးရာ ကောင်စီသည် အချိန်အခါအားလျော်စွာ ပေါ်ပေါက်လာသော အစ္စလာမ့်ရေးရာ ကိစ္စအ၀၀တို့ကို သာသနာအဆုံးအမနှင့် အညီ နိုင်ငံတော်၏ ရေမြေသဘာဝ၊ အခြေအနေ၊ သမိုင်းအစဉ်အလာ၊ ယဉ်ကျေးမှုတို့နှင့် သဟဇာတဖြစ်စေကာ အစ္စလာမ့်တရားဘောင်အတွင်းမှ တိုင်းရင်သား/နိုင်ငံသား အစ္စလာမ်သာသနာဝင်များအား ကိုယ်စားပြု ရပ်တည်ဖြေရှင်း ဆောင်ရွက်လျှက်ရှိကြောင်း တွေ့ရပါတယ်။

    ဒါအပြင် မိခင်အဖွဲ့ကြီးဖြစ်သော ဗမကကို ဆက်ခံသည့် အဖွဲ့အစည်းဖြစ်သည့် အားလျော်စွာ ပုံမှန်အစည်းအဝေး၊ ဦးစီးအစည်းအဝေး၊ ညီလာခံများကို အဖွဲ့အစည်းအင်္ဂါရပ်များ အများဆန္ဒနှင့်အညီ ဆောင်ရွက်နေသော အဖွဲ့အစည်းကြီးလည်း ဖြစ်ကြောင်းသိရပါတယ်။

    အချုပ်အားဖြင့်ဆိုရလျှင် ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင်ရေးခဲ့သော အစ္စလာမ့်ဝန်ထမ်း တေးကဗျာလေးထဲက မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ ခံယူချက်၊ စိတ်ဓါတ်ကို ဖော်ကျူးသော စာသားလေးကို ပြေး၍ သတိရမိပါသည်။

    ̀̀ဘာသာစုံညီထောက်ထားရမည်၊ နိုင်ငံစည်ပင်ဖွံ့ဖြိုးရမည်၊ အကျိုးမျှော်တို့နော် ရွက်ဆောင်ခဲ့သည်၊ ရပ်ရေးတွေ၊ ရွာရေးတွေ အေးချမ်းစေ၊ ပြည်ထောင်စုအတွက် အသက်ပေးဝန်ထမ်းမည် ́ ဟူ၍ဖြစ်သည်။

    ၂၀၁၂ခုနှစ် ဒီဇင်ဘာ(၅)ရက်နေ့၌ ကျရောက်သော အစ္စလာမ့်ကောင်စီ၏ (၅၈)နှစ်မြောက် နှစ်ပတ်လည်နေ့မှသည် ကမ္ဘာတည်သရွေ့ မြန်မာ့အကျိုး၊ ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ်ဘာသာဝင်များ၏ အကျိုးများကို ဆထက်တပိုး သယ်ပိုးထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ ဂုဏ်ပြုရေးသားလိုက်ရပါသည်

  • ပြဿနာများကို အဖြေရှာ (M-Media Blog ကဏ္ဍ)

    ပြဿနာများကို အဖြေရှာ (M-Media Blog ကဏ္ဍ)

    ဒီဇင်ဘာ ၄ ၊ ၂၀၁၂
    M-Media
    ရေးသူ- Rapunzel

    မှားပြီ…..မှားပြီဟု..အတန်တန်တွေးရင်း ကိုယ့်ကိုယ်ကို စိတ်ပျက်မိသည်။ဘယ်သူမပြုမိမိမှု ဟူသောဆိုရိုးအတိုင်း အခုတော့ သူဆင်သောထောင်ချောက်မှာ သူကိုယ်တိုင်ပိတ်မိနေသည်။ ဤကိစ္စ၏အဓိက တရားခံမှာ အသစ်အဆန်းထွင်ချင်သော မိမိ၏ စိတ်ပင်။ ဆရာဖေမြင့်၏ စာအုပ်ကိုဖတ်ရင်း မိသားစုထမင်းဝိုင်းပြီးလျှင် တွေ့ကြုံခဲ့သမျှ ရရှိခဲ့သမျှ ဗဟုသုတများကို ပြန်လည်ဖောက်သည်ချရမည်ဆိုသော စည်းကမ်းလေးကို နှစ်သက်မိသည်။ ဒီအလေ့အထလေးမျိုး ကိုယ့်အိမ်မှာလည်း ရှိစေချင်သည်။ သို့သော် အတွေ့အကြုံ ဗဟုသုတကို ပြန်ပြောရသည်မျိုး မဟုတ်ပဲ နားမလည်တာ မရှင်းလင်းတာမျိုးကို မိသားစု ထမင်းဝိုင်းပြီးလျှင် မေးမြန်းတာမျိုးလေး လုပ်ချင်မိသည်။ ပြဿနာရပ်တော်တော်များများကို ဖြေရှင်းနိုင်မည်ဟု ကိုယ့်ကိုယ်ကို အထင်ကြီး စိတ်ကလည်း နောက်ကွယ်မှ တွန်းအားပေးသည်။

    ကိုယ့်စိတ်ကူးကို ကိုယ်သဘောကျရင်း မိသားစုကို ဒီအကြောင်းလေးပြောပြလိုက်သည်။ အစကနဦးမှာတော့ အားလုံး ဇဝေဇ၀ါပုံစံများနှင့် သူ့ကို ကြည့်နေကြသည်။ နောက်တော့မှ အဖေက မေးသည်။

    “ငါ့သားရယ်……အဖေသိချင်တာအားလုံးကို မေးရမှာလား…”တဲ့။

    အဖေ့စကားကြောင့် သူနည်းနည်းစဉ်းစားမိသည်။ ရှိသမျှအားလုံးသာ မေးနေရင် ပြီးတော့မှာမဟုတ်မှန်း သူရိပ်မိသည်။ ထို့ကြောင့် တစ်နေ့လျှင် တစ်ယောက်ကို မေးခွန်းတစ်ခုသာဟု သတ်မှတ်ကြောင်း၊ တနေ့တာကြုံတွေ့ရသော ပြဿနာနှင့် မရှင်းလင်းသည်များကိုသာ ဆွေးနွေးမည်ဟု သတ်မှတ်ကြောင်း ရှင်းပြလိုက်သည်။ဒီကိစ္စကို မလုပ်ချင်ဘူး ဘာညာကန့်ကွက်သူ သူ့အိမ်တွင်မရှိနိုင်မှန်း သူသိသည်။ အိမ်မှာက ပြောရမည်ဆိုလျှင် သူ့ခေတ်သူ့အခါက အလွန်တော်ခဲ့ပေမယ့် အခုတော့ ပင်စင်စားနေရပြီ ဖြစ်တဲ့ အသက် ၇၀ ကျော် အဖေ၊ အရာရာ သူ့မျက်နှာကိုသာကြည့်၍ သူ့သြဇာသာ အတည်ဖြစ်သော အိမ်သူသက်ထား၊ အသစ်အဆန်းလေးတွေလုပ်တတ်သော သူနှင့်စိတ်သဘောထားတူသူ သားကြီးသြရသ၊ပြီးတော့ အရာရာကို စူးစမ်းချင်ပေမယ့် သူ့ကို ချစ်ကြောက်ရိုသေသောသမီးငယ်….. ဒီလူတွေနဲ့ဖွဲ့စည်းထားသော သူ့အိမ်လေးမှာ ညနေထမင်းစားပြီးလျှင် ပြဿနာ အဖြေရှာ ဆွေးနွေးပွဲလုပ်မည်ဆိုသော သူ့စိတ်ကူးလေးက အတည်ဖြစ်ရမည်သာ။

    ကိုယ်တိုင်စီစဉ်ထားတာလေး အကောင်အထည်ဖော်ရမယ့် ညနေခင်းမို့ အိမ်အပြန်သူ့ခြေလှမ်းတွေက တက်ကြွနေမိသည်။ အိမ်ကိုရောက်လို့ အိမ်သားတွေအခြေအနေ တချက်လှမ်း အကဲခတ်တော့လည်း သူတို့လည်း စိတ်လှုပ်ရှားနေပုံရသည်။ သမီးငယ်က ဖေဖေ..သမီး မေးစရာရှိတယ်ဆိုပြီးအနားရောက်လာ၍ ထမင်းစားပြီးမှလေ သမီးငယ်ဟု သတိပေးရသေးသည်။ ထမင်းစားပြီးတော့ အိမ်ရှေ့ခန်းမှာ အားလုံးထိုင်လိုက်ကြသည်။

    ” အဖေအရင်မေးမယ်ကွာ ငါ့သား…” တဲ့။ အဖေက အလွန် သိချင်နေသော မျက်နှာထားနှင့် သူ့ကိုပြောသည်။

    “ဟုတ်ကဲ့…အဖေ…ဘာတွေများ ဒီလောက်တောင် သိချင်လာရတာလဲ…” ဟု သူမေးတော့ အဖေက ပြောပြသည်။

    “ဒီလိုငါ့သားရဲ့ ….ဒီနေ့ အဖေ့ပင်စင်လစာလေး ထုတ်ရလို့ အရင်လတွေက အဖေစုထားတာလေးတွေနဲ့ပေါင်းပြီး တလုံးတခဲတည်း ဖြစ်သွားအောင် ဘဏ်မှာသွား အပ်တယ်လေကွာ။ အဲ့ဒါ ဘဏ်က၀န်ထမ်း အမျိုးသမီးလေးက ဘဘခဏနော် ဆိုပြီး အဖေ့ဘဏ်စာအုပ်လေး ယူသွားတာမှ မင့်ကွာ ကြာလိုက်တာများဆိုတာ…… နာရီဝက်ကျော်သာကြာသွားတယ်… အဖေ့နာမည်လည်း မခေါ်သေးဘူးဟ။ ဒါနဲ့ ကလေးမလေးကို သွားမေးတော့ သူကပြောတယ် ငါ့သားရဲ့။
    ဟုတ်ကဲ့… ဘဘရယ်… ခဏလောက်တော့ စောင့်ပေးပါဦးတဲ့…. အခု ဘဘရဲ့ ဘဏ်စာအုပ်မှာ ငွေသွင်းတာကို ကွန်ပျူတာဆိုတဲ့စက်ကြီးနဲ့ လုပ်နေတာမို့ ကြာနေတာပါတဲ့လေ။

    အဲ…အဖေလည်း သားတို့အိမ်မှာ သုံးနေလို့ ကွန်ပျူတာကို မြင်ဖူးပါ့မောင်ရာ….။ မင်းတို့စာရိုက်တာများ မြန်ချက်မဟုတ်လား။ အိမ်က ကွန်ပျူတာ နဲ့ ဘဏ်ကကွန်ပျူတာ ဘာများကွာပါလိမ့်လို့ အဖြေရှာမရတာနဲ့…မင့်ပဲမေးတော့မဟလို့ဟေ့။ ရှင်းပါဦး သားရ…” တဲ့။

    အဖေ့မေးခွန်းကြောင့် သူရယ်ချင်မိသည်။ ထုံးစံအတိုင်းကြာတတ်သော ဘဏ် အသွင်းအထုတ်ကိစ္စကို ကွန်ပျူတာဆိုတဲ့စက်ကြီးနဲ့လုပ်လို့ဟု ဆင်ခြေ လှလှပေးခြင်းဖြစ်ကြောင်း အဖေ့ကိုရှင်းပြရသည်။ ပထမဆုံးမေးခွန်းကို ပေါ့ပေါ့ပါးပါးဖြေရှင်းနိုင်၍ သူပျော်မိသည်။

    အဖေပြီးတော့ ရှင်မ အလှည့်ဆိုတော့ အိမ်သူသက်ထားက ပြုံးပြုံးလေးကြည့်ရင်း မေ့မှာ ပြဿနာရယ်လို့ကြီးကြီးမားမား မရှိလှပါဘူး ကိုရယ် တဲ့။ အနေအေးဆေးလှသော ဇနီးသည်ကို ကြည့်ရင်း အားမလို အားမရဖြစ်မိသည်။ ပြဿနာကြီး မရှိလည်း တခုခုတော့ မေးကွာ ဟု ဘ၀င်မကျစွာပြောဖြစ်သည်။

    ” စိတ်ထဲမရှင်းတာတော့ ရှိသား…” ဆိုပြီး သူမက ဆက်ပြောသည်။

    ” TV ကြည့်ရင်း မြေသြဇာကြေငြာတွေကြည့်မိတယ် ကို။ ဟိုနေ့က သတင်းတွေမှာ ပါတော့ တောင်သူဦးကြီးတွေ လယ်ယာမြေ ဖျက်သိမ်းခံရတယ်ဆို……ဒီမြေသြဇာတွေက ဘယ်မှာ သွားသုံးရမှာလဲတဲ့။”

    အဲ…..ပေါက်ပေါက်ရှာရှာ မေးလည်း မေးတတ်တဲ့ မိန်းမလို့တွေးရင်း

    “နိုင်ငံတော်အစိုးရက ပြန်စီစဉ်ပေးနေပါတယ်ကွာ…တောင်သူဦးကြီးတွေအတွက် နစ်နာငွေထောက်ပံ့ကြေးတွေတောင် ပေးနေပါပကော ” လို့ ဖြေလိုက်ရသည်။

    မေကြီးပြီးရင် သားနော် ဖေဖေဆိုလို့ သားကြီးပြောမယ့်စကားကို အာရုံစိုက်လိုက်သည်။

    ” သားဒီအလုပ်က ထွက်တော့မယ် ဖေဖေတဲ့။ “

    ဟောဗျာ…. “ဘာလို့လဲ ငါ့သားရ အခုအလုပ်လေးလည်း ကောင်းနေသားပဲ။လစာလည်းကောင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အဆင်ပြေတယ်ဆိုကွ။ “

    ” ဟုတ်ကဲ့….အဆင်ပြေတာတော့ ပြေပေမယ့် အခုသား အားကစားကွင်းတွေမှာပဲ အလုပ်သွားလုပ်တော့မယ်ဖေဖေ။ ဘာလုပ်ရ လုပ်ရ အားကစားကွင်းမှာသွားလုပ်တော့မယ်တဲ့။ “

    “ဟေ…..မင်းရထားတဲ့ဘွဲ့က ကွန်ပျူတာ နည်းပညာ။ ဒီဘွဲ့နဲ့အားကစားကွင်းမှာ ဘာအလုပ်ရမှာတဲ့လဲကွ …နေပါဦးသားရဲ့… မင်းကဘာကြောင့်များ အားကစားကွင်းမှ အားကစားကွင်း ဖြစ်နေရတာလဲကွ..”  ဆိုတော့

    “ဖေကြီးလည်းသိသားနဲ့ သားက ဖုန်းတလုံးနဲ့ အင်တာနက်သုံးနေတာလေ…သွားလေရာ သတင်းလေးတွေ့ရင်လည်း FB ပေါ် Share ချင်သေးတာ။”
    ” အေးလေကွာ…ဒါဘာဆိုင်လို့လဲ။ “

    “ဟာဗျာ….အခု ဖုန်းအင်တာနက်သုံးခတွေ စနစ်ပြောင်းတော့မယ်တဲ့လေ…..သားသုံးပုံမျိုးနဲ့ဆို အခုပြောင်းမယ့်စနစ်နဲ့ မကိုက်ဘူး ဖေကြီးရ။ လာမယ့်ဆီးဂိမ်းကျ အားကစားကွင်းတွေမှာ Wifi free လွှင့်ပေးမယ်…လိုင်းလည်း ကောင်းမယ်ဆိုတော့ သိဘူး ဖေကြီးရာ အားကစားကွင်းတွေမှာ အလုပ်သွားလျှောက်တော့မယ်… ” ဆိုတဲ့ သားစကားကြောင့် သူခေါင်းကြီးသွားမိသည်။

    ဒီကိစ္စဘယ်လိုရှင်းရမလဲ သူမသိ…… တိုးတက်ပြောင်းလဲနေသော နိုင်ငံတော်သစ်၏ မတိုးတက်သေးပေမယ့် အစဉ်ပြောင်းနေသော မူဝါဒတွေကို သူသည်လည်းပဲ လိုက်၍မမှီ။ အဖြေတခုကို အသည်းအသန် စဉ်းစားရင်းငြိမ်သက်နေသော သူ့ကို အကြာကြီးစောင့်ရ၍ ပျင်းရိနေပြီ ဖြစ်သော သမီးငယ်က မေးသည်။

    “ဖေဖေ…ဖေဖေ….. သတင်းစာမှာ ဖတ်ရတဲ့…နောက်ကွယ်က ကြိုးကိုင်သူကို သမီး သိချင်တယ်ဖေဖေ…..တဲ့။”

  • အမြင်မမှားသင့်သော ဂျီဟားဒ်

    အမြင်မမှားသင့်သော ဂျီဟားဒ်

    ဒီဇင်ဘာ ၃ ၊ ၂၀၁၂
    M-Media
    နတ်တော်သူရိန်


    ဂျီဟားဒ်ဆိုတာ အကြမ်းဖက်ဝါဒ မဟုတ်ပါ။

    ဂျီဟားဒ်ဆိုတာ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်နေခြင်း မဟုတ်ပါ။

    ဂျီဟားဒ်ဆိုတာ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်ခြင်း၊ ကြီးနိုင်ငယ်ညှင်းပြုခြင်း မဟုတ်ပါ။

    ဂျီဟားဒ်ဆိုတာ အချင်းချင်း ဖျက်စီးနေခြင်း မဟုတ်ပါ။

    ဂျီဟားဒ်ဆိုတာ တရားမဲ့ ပြုကျင့်မှုကို သည်းခံနေခြင်းမဟုတ်ပါ။

    ဂျီဟားဒ်ဆိုတာ တရားသော အမှုကို ဆန့်ကျင်ရန် နှုတ်ပိတ်နေခြင်း မဟုတ်ပါ။

    ဂျီဟားဒ်ဆိုတာ လူအများ လုပ်ကြံဖန်တီးထားတဲ့ ဖြစ်စဉ်တစ်ခု မဟုတ်ပါ။

    ဂျီဟားဒ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

    အနောက်မီဒီယာများ၏ ဂျီဟားဒ်ဆိုသည့် ဝေါဟာရကို “ဘာသာရေးစစ်”ဟု တမင်တကာ ဖန်တီးကြသည်။ တစ်ချို့ကလည်း Holy War “မြင့်မြတ်သော ဘာသာရေး စစ်ပွဲ”ဟု တလွဲအဓိပ္ပါယ်ကောက် တမင်ပြောဆိုကြသည်။ သို့သော် ဤဘာသာပြန်ဆိုချက်များသည် ပြည့်စုံလုံလောက်သော ဘာသာပြန်ချက်တော့ မဟုတ်ပေ။

    “ဂျီဟားဒ်”ဟူသည် အာရဗီ ဘာသာစကား ဝေါဟာရ ဖြစ်ပြီး မူရင်းအဓိပ္ပါယ်မှာ “အလ္လာဟ်အသျှင်မြတ်၏ အလိုတော်နှင့်အညီ ဘ၀တည်ဆောက်နိုင်ရန် ရုန်းကန်ကြိုးစား အားထုတ်ခြင်း” ဟူ၍ ဖြစ်သည်။ အာရဗီ – အင်္ဂလိပ် အဘိဓာန်တွင် သွားကြည့်လျှင် ဂျီဟားဒ်ကို Struggle ဟု ဖော်ပြထားသည်။

    တဖန် ၀ီကီပီဒီယားတွင်လည်း အောက်ပါအတိုင်း တွေ့ရပြန်သည်။

    There are two commonly accepted meanings of jihad: an inner spiritual struggle and an outer physical struggle.[1] The “greater jihad” is the inner struggle by a believer to fulfill his religious duties.[1][5] This non-violent meaning is stressed by both Muslim[6] and non-Muslim[7] authors.

    ထို့ကြောင့် ပို၍မြင့်မြတ်သော ဂျီဟားဒ်မှာ အတွင်းပိုင်း စိတ်ဓာတ်ရေးရာပြုပြင်ပြောင်းလဲရေးသာဖြစ်ချိမ့်သည်။

     

    ဂျီဟားဒ်ကို ပုံဖော်ခြင်း

    လူသားတစ်ဦးသည် အလ္လာဟ်အသျှင်မြတ်က တမန်တော်မြတ်ထံမှတစ်ဆင့် လူသားများထံ ထုတ်ပြန်ပို့ချသော ကုရ်အာန်ကျမ်းတော်မြတ်နှင့်အညီ ဘ၀တည်ဆောက်နိုင်ရန် မကောင်းမှု၊ ဒုစရိုက်၊ အကုသိုလ်၊ မတရားမှု စသည်တို့ကို တွန်းလှန်ချေမှုန်း တိုက်ခိုက်ရန် ကိုယ်စွမ်း၊ ဥာဏ်စွမ်း၊ စိတ်ဆန္ဒအား၊ ဥာဏအား၊ ဓနအား စသည့် စွမ်းအားအစုစုတို့ဖြင့် ရုန်းကန်ကြိုးစား အားထုတ်ခြင်းကို ဂျီဟားဒ်ဟု ကုရ်အာန်ကျမ်းတော်မြတ်က ရည်ညွှန်းသုံးစွဲပါသည်။ အာရဗီ ဝေါဟာရအရ “ဂျီဟားဒ်”ပြုသူများကို “မုဂျာဟိဒ်”ဟု ခေါ်ပါသည်။

    ဂျီဟားဒ်ကို စစ်ပွဲဟု ဆိုရာဝယ်

    “ဂျီဟားဒ်”ဆိုသည့် ဝေါဟာရသည် စစ်တိုက်ခြင်းဟူ၍ အဓိပ္ပါယ်ကို မရည်ညွှန်းသော်လည်း အစ္စလာမ်က သတ်မှတ်ပြဌာန်းထားသော တရားမျှတမှု အတွက်လည်းကောင်း၊ မကောင်းမှု အ၀၀ နိဂုံးချုပ် ပျက်သုဉ်းစေရန်အတွက် လည်းကောင်း၊ လူ့ဂုဏ်သိက္ခာနှင့် လူ့အဖွဲ့အစည်းတစ်ရပ်၏ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက် တိုက်ခိုက် စော်ကားလာလျှင် စစ်မြေပြင်သို့ ထွက်ခြင်းကို “ဂျီဟားဒ်”ဟု မလွှဲမရှောင်သာ သုံးနှုန်းရခြင်းဖြစ်သည်။ သို့သော် ဂျီဟားဒ်ဟုဆိုတိုင်း စစ်ပွဲကိုချည်း ရည်ညွှန်းသည်ဟုဆိုလျှင် မှားသွားပါလိမ့်မည်။ အစ္စလာမ်သည် မတရားသော ကျူးကျော်တိုက်ခိုက်မှုများကို တရားသော၊ မျှတသော ခုခံကာကွယ်မှုဖြင့်သာ စစ်ပွဲကို ပြန်လည် ခုခံတွန်းလှန်ရန် ခွင့်ပြုပါသည်။

    အစ္စလာမ်က ခုခံကာကွယ်စစ်ကို ခွင့်ပြုထားသော်လည်း တင်ကြိုတိုက်ခိုက်ခြင်း (Pre- emptive Attack)၊ ကျူးကျော်စော်ကားခြင်းကို လုံးဝတားမြစ်ထားပါသည်။ ကုရ်အာန်ကျမ်းတော်မြတ်က ဤသို့ ပြဌာန်းထားပါည်။

    ထို့ပြင်တ၀ အသင်တို့သည် အလ္လာဟ်အရှင်မြတ် ၏ လမ်းတော်၌ အသင်တို့ကို (စတင်) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူတို့နှင့် ပြိုင်ဆိုင် တိုက်ခိုက် ကြကုန်လော့။ သို့ရာတွင် (ဤသို့ တိုက်ခိုက်ရာ၌) အသင်တို့သည် (မည်သည့်နည်းနှင့်မျှ) မကျူး လွန်ကြကုန်လင့်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ် သည် ကျူးလွန်သူတို့ကို နှစ်သက်တော်မူသည် မဟုတ်ချေ။

    (ကုရ်အာန် ၂း ၁၉၀ )

    ထို့ပြင်တ၀ အသင်တို့သည် ထိုကာဖိရ်တို့အား တွေ့ဆုံဖမ်းဆီးမိရာ အရပ်၌ သုတ်သင် ရှင်းလင်း ကြကုန်လော့။ ထို့ပြင်တ၀ ထိုကာဖိရ်တို့က အသင်တို့အား(မက္ကာမြို့တော် မှ)  နှင်ထုတ်သကဲ့သို့ အသင်တို့သည်လည်း ထိုကာဖိရ်တို့အား (မက္ကာမြို့တော်မှ)နှင်ထုတ်ကြကုန်။ အမှန်သော်ကား (သာ သနာရေး၌) ညှဉ်းဆဲ နှိပ်စက် နှောင့်ယှက်ခြင်းသည် သတ်ဖြတ် ခြင်းထက်ပင် ပိုမို၍ ဆိုးရွားလှ၏။ သို့ဖြစ်ငြားလည်း မတ်စ်ဂျိဒ် ဟရာမ်ခေါ် ရိုသေ မြတ်နိုးအပ်သော(အလ္လာဟ်အရှင်မြတ်၏) ကျောင်းတော်ပါး၌ ထိုကာဖိရ်တို့က အသင်တို့အား စတင် မတိုက်ခိုက်သမျှ ကာလပတ်လုံး အသင်တို့သည် ၄င်းတို့အား မတိုက်ခိုက် ကြကုန်လင့်။ အကယ်၍ ထိုကာဖိရ်တို့သည် အသင် တို့အား စတင်တိုက်ခိုက် ကြပါမူ အသင်တို့သည် ထိုသူတို့အား တုံ့ပြန် တိုက်ခိုက်ကြ လေကုန်။ ဤသည်ပင် ကာဖိရ်တို့အား အပြစ်ဒဏ်ပေးခြင်းပင်ဖြစ်သည်။

    ( ကုရ်အာန် ၂း ၁၉၁ )

    (ယခုသော်) တိုက်ခိုက်ခြင်း ခံနေကြရသော (မွတ်စ်လင်မ်)တို့သည် (ခုခံတိုက်ခိုက်)ခွင့် ရရှိလေပြီ။ အကြောင်းမူကား၊ ၎င်းတို့သည် နှိပ်စက် ညှဉ်းပန်းခြင်းကို ခံခဲ့ကြရလေသည်။ ၎င်းပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ကူညီ စောင်မနိုင်စွမ်း ရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်

    ( ကုရ်အာန် ၂၂း ၃၉ )

     

            အထက်ပါ ကုရန်အာန် အာယသ်တော် ဖော်ပြချက်များကို ကြည့်ခြင်းအားဖြင့် အစ္စလာမ်တွင် ကျူးကျော် တိုက်ခိုက်ခြင်း၊ ကြိုတင်တိုက်ခိုက်ခြင်း (Pre – emptive Attack) အစရှိသည်တို့ကို ခွင့်မပြုကြောင်း ထင်ရှားသော သက်သေ အထောက်အထားများပင် ဖြစ်သည်။ အစ္စလာမ်က ငြိမ်းချမ်းရေး သာသနာဖြစ်သည့် အားလျော်စွာ ငြိမ်းချမ်းရေးကို ထူထောင်ထိန်းသိမ်းရန် မတရားသော ကျူးကျော်မှုကို ခုခံကာကွယ်ရန် မဖြစ်မနေ ဆောင်ရွက်ရသော အနေအထား တစ်ရပ်သာလျှင် စစ်ပွဲကို ခွင့်ပြုရခြင်းဖြစ်သည်။ သို့မှသာ ယင်းသို့သော စစ်ပွဲမျိုးကို ဂျီဟားဒ်ဟု သတ်မှတ် နိုင်မည်ဖြစ်သည်။

    စစ်ပွဲအတွက် ကျမ်းမြတ်ကုရ်အာန်၏  အောက်ဖော်ပြပါ စည်းကမ်းချက် (၉)ချက်နှင့် ကိုက်ညီမှုရှိရန် လိုအပ်ပါသည်။

    (၁)     စစ်ပွဲသည် နိုင်ငံရေး ခေါင်းဆောင်တစ်ဦးက ကြေငြာတိုက်ခိုက်ခြင်းမျိုး မဖြစ်ရဘဲ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်တစ်ဦးက ကြေငြာတိုက်ခိုက်သည့် စစ်ပွဲဖြစ်ရမည်။ တစ်နည်းအားဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး၊ နယ်နိမိတ် ပိုင်ဆိုင်ရေးအပေါ် အခြေမခံရဘဲ ဘာသာရေးယုံကြည်ချက်အပေါ် အခြေခံသည့် စစ်ပွဲဖြစ်ရမည်။

    (၂)     ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ နိုင်ငံတစ်နိုင်ငံ၊ အဖွဲ့အစည်းတစ်ရပ်အပေါ် အခြေခံခြင်းမရှိစေရဘဲ မွတ်စလင်မ်ဟု တစ်ရပ်လုံးက ထောက်ခံသော စစ်ပွဲဖြစ်ရမည်။

    (၃)     တင်ကြိုတိုက်ခိုက်ခြင်း (Pre – emptive attack)၊ ကျူးကျော်တိုက်ခိုက်ခြင်းမျိုး မဖြစ်စေရပေ။

    (၄)     စစ်ဖြစ်ရခြင်း၏ ပြဿနာရပ်ကို တိုက်ခိုက်ခြင်းမပြုမီ အခြားငြိမ်းချမ်းသော နည်းလမ်းများဖြင့် ဦးစွာ ဆွေးနွေး ဖြေရှင်းပြီးနောက် ပြေလည်မှု မရရှိ၍ တိုက်ခိုက်ခြင်းမျိုးသာ ဖြစ်ရမည်။

    (၅)     အခြားသူများအား အစ္စလာမ်ဘာသာအတွင်းသို့ ကူးပြောင်းဝင်ရောက်ရန် ရည်ရွယ်ချက်ဖြင့် ဆင်နွှဲသော စစ်ပွဲမျိုး မဖြစ်စေရ။

    (၆)     စစ်ပွဲဆင်နွှဲရခြင်းသည် သြဇာအာဏာဖြန့်ကျက် ထူထောင်နိုင်ရန် အတွက်သော်လည်းကောင်း၊ နယ်မြေချဲ့ထွင် နိုင်ရန်သော်လည်းကောင်း မဖြစ်စေရပေ။

    (၇)     အပြစ်မဲ့သည့် အရပ်သားများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအား ထိခိုက်ပျက်စီးခြင်း မရှိစေရပေ။

    (၈)     သစ်ပင်များ၊ ကောက်ပဲသီးနှံများ၊ တိရိစ္ဆာန်များနှင့် သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်ပျက်စီး ဆုံးရှုံးမှုမျိုး မရှိစေရပေ။ တနည်းအားဖြင့် ဓါတုဗေဒလက်နက်၊ အဆိပ်ဓာတ်ငွေ့စသည်တို့ကို လုံးဝ မသုံးစွဲရပေ။

    (၉)     လူနေအိမ်များ၊ အဆောက်အဦးများနှင့် ဘုရားကျောင်းကန်၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ အစရှိသည့် အရပ်သား ပစ်မှတ်များကို တိုက်ခိုက်ခြင်း မပြုရပေ။

    ထို့ကြောင့် လွယ်လွယ်ကူကူ ဓားဆွဲ၊ သေနတ်ဆွဲ၊ ရရာလက်နက် ဆွဲကိုင်ရုံမျှဖြင့် “ဂျီဟားဒ်”ဟု ခေါ်ဆိုနိုင်မည် မဟုတ်ကြောင်း အထူးသိစေလိုပါသည်။

    အစ္စလာမ်ကို စစ်သွေးကြွဟု စွပ်စွဲခြင်း

    မိတ်ဆွေတစ်ဦးက ပြောဖူးပါတယ်။ ကမ္ဘာမှာ ပြဿနာဖြစ်တိုင်း မင်းတို့ မွတ်စလင်မ်တွေ ပါနေတယ်တဲ့။ အစ္စလာမ်မစ် စစ်သွေးကြွတွေက အကြမ်းဖက်လုပ်ရန်တွေ လုပ်နေတယ်။ စသဖြင့် ပြောပါတယ်။

    အစ္စလာမ်က စစ်သွေးကြွဖို့ မပြောနဲ့၊ စစ်ဖြစ်စေလောက်တဲ့ အခြေခံအကြောင်းရင်း လေးတွေကိုတောင်မှ ရှောင်ရှားခိုင်းတဲ့ သာသနာဖြစ်ကြောင်း အထက်မှာ တင်ပြခဲ့ပြီးပါပြီ။ အစ္စလာမ်သည် အကြမ်းဖက်မှု၊ ဗုံးဖောက်ခွဲမှု၊ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ သေစေလိုမှု၊ မတရားကျူးကျော်မှု၊ တရားမဲ့ပြုကျင့်မှု မှန်သမျှကို လုံးဝရှုတ်ချပါတယ်။ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။

    စစ်စစ်အားဖြင့် ယင်းကဲ့သို့ အဖက်အမှောင့် လုပ်ရပ်များကို အစ္စလာမ် သာသနာအပါအ၀င် မည်သည့်ဘာသာ သာသနာကမှ လက်သင့်မခံပါ။

    အစ္စလာမ်သည် ခုခံကာကွယ်ခွင့်ကို ပေးထားပါသည်။ ကျူးကျော်တိုက်ခိုက်မှုကို ခွင့်မပြုပါ။ ကျူးကျော်တိုက်ခိုက်မှုသည် မတရားသော အမှုသာဖြစ်သည်။ ခုခံကာကွယ်ခွင့်သည် တရားသဖြင့်သာ ဖြစ်သည်။ အစ္စလာမ်သည် မတရားသော ကျူးကျော်တိုက်ခိုက်မှုများကို တရားသော ခုခံကာကွယ်မှုဖြင့်သာ တုန့်ပြန်ရန်သာ ခွင့်ပြုပါသည်။ တရားသော ခုခံကာကွယ်ခွင့်ကို တလွဲအသုံးချသူ အချို့ကြောင့် မလိုလားအပ်သော ပြဿနာများ ပေါ်လာခြင်းဖြစ်ပါသည်။ အစ္စလာမ်သည် စစ်ပွဲများကို လုံးဝ (လုံးဝ) ဆန့်ကျင်ပါသည်။

    ဂျီဟားဒ်နှင့် ပတ်သက်ပြီး လိုရာဆွဲ အဓိပ္ပါယ် ဖွင့်ဆိုခြင်းများ ရှိသကဲ့သို့ အစ္စလာမ်၏ ပြင်ပမီဒီယာများမှ ဂျီဟားဒ်ကို ပုံပျက်ပန်းပျက် ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် တလွဲအဓိပ္ပါယ် ဖွင့်ဆိုခြင်းကိုလည်း တွေ့ရှိရပါသည်။ စင်စစ်အားဖြင့် ဂျီဟားဒ်ဆိုသည်မှာ ၄င်းတို့ ရည်ညွှန်းသကဲ့သို့ စစ်သွေးကြွခြင်း မဟုတ်သည်ကို နားလည်ထားသင့်ပေသည်။ ဂျီဟားဒ်နှင့် ပတ်သက်ပြီး လိုရင်းနှင့် အနှစ်ချုပ်ဆိုရလျှင် မွတ်စလင်မ်တစ်ဦးသည် မိမိ၏ စိတ်နှလုံးတွင် ကိန်းအောင်းနေသော အစ္စလာမ်နှင့် ဆန့်ကျင်သည့် မကောင်းမှုများဖြစ်သည့် ဒေါသ၊ မောဟ၊ မာန်မာန၊ မနာလိုဝန်တိုမှု အစရှိသည့် ဒုစရိုက်အပေါင်းကို ငြိမ်းသက်စေပြီး မိမိ၏ စိတ်နှလုံးအား အေးချမ်း၍ ရင့်ကျက်တည်ငြိမ်စေသည့် စိတ်ဝိဥာဉ်အဖြစ် မွတ်စလင်မ်တိုင်းအတွက်၊ လူပုဂ္ဂိုလ် တစ်ဦးချင်းစီအတွက် အကြီးကျယ်ဆုံးသော ဂျီဟားဒ် (ဂျီဟားဒေ အက္ကဗရ်)ပင် ဖြစ်ကြောင်း တမန်တော်မြတ်၏ သြ၀ါဒတော်ကို ထပ်ဆောင်း တင်ပြလိုက်ရပါသည်။

     

    မှီငြမ်း             –         အစ္စလာမ့်ဗဟုသုတ လေ့လာရန်အချက်များ၊ မမလဌာနချုပ်

    ကိုးကား                   –         ကျမ်းတော်မြတ်ကုရ်အာန် မြန်မာဘာသာပြန်

    –         အာရဗီ – အင်္ဂလိပ် အဘိဓာန်

    –         Invitation to Understanding Islam, Jihad ဆောင်းပါး

    –         www.islam.gov.my

     

  • လူမျိုးစုအမုန်းတရားများ၏ ဆုတ်ဖဲ့ ချေမွခံ မြန်မာ့အစိတ်အပိုင်း (သောမတ်ဖူလာ)

    လူမျိုးစုအမုန်းတရားများ၏ ဆုတ်ဖဲ့ ချေမွခံ မြန်မာ့အစိတ်အပိုင်း (သောမတ်ဖူလာ)

    နိုဝင်ဘာ ၂၉ ၊ ၂၀၁၂
    The New York Times
    Thomas Fuller

    စစ်တွေ၊ မြန်မာ – ပင်လယ်ကမ်းစပ်မြို့လေး၏ အစွန်းတဘက်တွင်တည်ရှိကာ မြင့်မားတဲ့သစ်ပင်ကြီးအောက် အရိပ်ခိုနေသော ရွှေဝါရောင် သင်္ဃန်းများ လွှမ်းခြုံထားသည့် ကိုရင်လေးများနှင့် ဧည့်သည်ကို နေရောင်တောက်ပနေသော ဘုရားခန်းထဲမှာ နှုတ်ဆက် စကားဆိုသည့် သူတို့ရဲ့ ဆရာတော် ဦးဥာဏ တို့၏ ဘုန်းကြီးကျောင်းလေးက အေးချမ်း စိတ်ငြိမ်မှုကို ဖေါ်ဆောင် နေပါသည်။

    သို့သော်လည်း ထိုသို့ အေးချမ်းငြိမ်သက်လှသည့် ပတ်ဝန်းကျင်တွင် ဦးဥာဏ၏ မိန့်ခွန်းမှာ သက်ရှိသတ္တ၀ါများအပေါ် အန္တရာယ်ပြုခြင်းမှ ရှောင်ကျဉ်ရာ၏ ဟူသော ဗုဒ္ဓ၏ ပညတ်ချက်နှင့် လုံးဝခြားနား ဆန့်ကျင် ကွဲလွဲ နေပါသည်။ ကောက်ကာငင်ကာပင် ဦးဥာဏက မွတ်စလင်များမှာ ကျူးကျော် ၀င်ရောက်လာသူများ ဖြစ်ကြောင်း၊ မလိုလားအပ်သော ဧည့်သည်များဖြစ်ကြောင်း၊  မြွေပွေး ခါးပိုက်ပိုက် ထားရသကဲ့သို့ ဖြစ်ကြောင်းဖြင့် မွတ်စလင် ဆန့်ကျင်ရေးကို ကျယ်လောင်စွာ စတင် ပါတော့သည်။

    “ဗုဒ္ဓရဲ့ အဆုံးအမအရ တို့တတွေဟာ အသက်မသတ်ရဘူး။” “ဒါပေမဲ့လည်း တို့တတွေ ခြိမ်းခြောက်ခံရတယ်လို့ ခံစားရတဲ့အခါ တို့တတွေ ရဟန္တာ သူတော်စင်တွေ မလုပ်နိုင်ဘူး။” ဟုဦးဥာဏကပြောပါသည်။

    ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှု ပဋိပက္ခဖြစ်ပွားခဲ့မှု – အနည်းဆုံး ၁၆၇ ဦး အသက်ဆုံးရှုံပြီး လူဦးရေ ၁၀၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ထိုအထဲ၌ အများစုမှာ မွတ်စလင်များပင် ဖြစ်ပါသည်။ ထိုသို့ လူအများတစုတဝေးထဲ ထွက်ခွာသွားရအောင် ဖန်တီးခြင်းအပေါ် လူမျိုးတုန်း သတ်ဖြတ်ရေးဝါဒ အဖြစ် အချို့သော လူ့အခွင့်အရေး အဖွဲ့အစည်းများက ရှုံ့ချကြသည်။ ထိုသို့ သည်းခံနိုင်စိတ် ပျောက်ဆုံးလောက်အောင် မြန်မာနိုင်ငံ အနောက်ဘက်ပိုင်း ဘင်္ဂလားပင်လယ်အော် ကမ်းမြှောင်ဒေသအတွင်း ပျံ့နှံ့စေသည့် အဖြစ်အပျက်ကို နက်နက်နဲနဲ တိုင်းတာကြည့်သော် မကြာသေးမီ အချိန်ကာလကမှ စတင်၍ အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်း နေသော မြန်မာနိုင်ငံအတွင်းမှ အစ္စလာမ် ဘာသာဝင်များကို အပြီးတိုင် သုတ်သင်ချေမှုန်းရန် လှုံ့စော်တိုက်ပွဲဝင်ရာတွင် ရဟန်းပျိုအဖွဲ့အစည်းများကို ခေါင်းဆောင်သည့် ဦးဥာဏကဲ့သို့သော ဗုဒ္ဓဘာသာ သာသနာ့ ခေါင်းဆောင်များ ပါဝင်နေကြောင်းတွေ့ရပါသည်။

    လွန်ခဲ့သော ၅လကျော်ခန့်က စဉ်ဆက်မပြတ်ဖြစ်ပွားခဲ့သည့် ရန်ညှိုးကြီးလှသော ဒေါသအလျောက် တိုက်ခိုက်မှုများနှင့် မီးရှို့တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ဗုဒ္ဓဘာာဝင်များက  ဆွေစဉ်မျိုးဆက် ၃ဆက်တိုင် တရားဝင် နေထိုင်ခွင့်ရှိသူအဖြစ် သက်သေ မပြနိုင်သော ပြည်နယ်တွင်းရှိ လူဦးရေ ၁သန်းနီးပါးရှိ မွတ်စလင်များကို ဒုက္ခသည်စခန်းများ၌ထားရှိပြီး ၄င်းတို့အား လက်ခံထားရှိလိုသော မည်သည့် နိုင်ငံကိုမဆို ပို့ဆောင်ပေးရန် တောင်းဆိုခဲ့သည်။ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်များအကြား အလွန်တရာ မုန်းတီးနေမှုမှာ  နှစ်ပေါင်း ၅၀ကြာမျှရှိခဲ့ပြီး စစ်အာဏာရှင်စနစ် အတွင်း မြိုသိပ်ထားခဲ့ရမှုများ မကြာသေးမီ လများအတွင်း တားမရ နိုင်လောက်အောင် ပေါက်ကွဲထွက် ပေါ်လာခြင်းဖြစ်သည်။

    နိုင်ငံ၏ လွတ်လပ်စွာပြောရေးဆိုခွင့်ကို ဦးဆောင်သူနှင့် အဖိနှိပ်ခံများဘက်မှ ရပ်တည်သူဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ပင်လျှင် ထိုအကြမ်းဖက်မှုနှင့် စပ်လျှဉ်း၍ သတိထား ပြောဆိုနေသည်ကို တွေ့ရသည်။ သမ္မတ အိုဘးမား၏ ယခုလအတွင်း လာရောက်ခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်တွင် ထိုကိစ္စကို ဦးစားပေး ပြောကြားခဲ့သည်။ ထို့အတူ အင်ဒိုနီးရှားနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ကလည်း တလှည့်စီ ထုတ်ဖေါ်လှုံ့ဆော်ခဲ့ကြသည်။

    မြန်မာနိုင်ငံ အနောက်ဒေသတွင် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များ ဘ၀င်မကျသော်လည်း အတူတကွ ယှဉ်တွဲ နေထိုင်လာကြရသည်မှာ ဆယ်စုနှစ်များစွာ ရှိခဲ့ပြီး အချို့နေရာများတွင် ရာစုနှစ်ပင်တိုင်ခဲ့ပြီ။ သို့သော်လည်း ထိုသို့ အတူတကွ ဆုပ်ကိုင်လာသော ပါးလွှာသည့် ရခိုင်ပြည်နယ်၏ လူမှုရေးကြိုးမျှင် ကလေးမှာ ယခုနှစ်တွင် ပြတ်တောက်ခဲ့ရပေပြီ။

    အိုးအိမ်စွန့်ခွာ ထွက်ပြေးရသော မွတ်စလင်များမှာ စားရေရိက္ခာနှင့် ဆေးဝါး လုံလောက်မှုမရှိသော၊ ၄င်းတို့အား အိမ်နီးချင်းအဖြစ် မလိုလားသော ဗုဒ္ဓဘာသာဝင်များ ၀န်းရံလျှက် လူဦးရေ သိပ်သည်း ကြပ်ညပ်လှသည့် ဒုက္ခသည် စခန်းများတွင် နေထိုင်နေရပါသည်။

    အစ္စလာမ်ဘာသာဝင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးရွှေမောင်က “ဒီကိစ္စကအမြန်ဖြေရှင်းရမဲ့ကိစ္စဖြစ်တယ်။  အမိုးမရှိ၊ စားစရာမရှိတဲ့နေရာမှာ လူတွေအကုန်သေသွားမယ်” ဟုပြောပါသည်။

    ဒေသတွင်းရှိ မွတ်စလင်များ၏ အခြေအနေမှာ လုံခြုံမှုမရှိ ဖြစ်လာနေကြောင်း အစိုးရစီစဉ်ပေးသော လုံထိန်းများနှင့် လှည့်လည်သွားလာ နေသည့် ဦးရွှေမောင်က ပြောပါသည်။ “သူတို့ကကျွန်တော့ကို ကားတစီးအပြည့် နဲ့ ရဲတွေပေးထားတယ်။ ၃၊၄ ယောက်လောက်နဲ့တော့ မလုံလောက်ဘူးလေ။” ဟုဆိုသည်။

    ပြည်နယ်တွင်းရှိ အများစုဖြစ်သော ဗုဒ္ဓဘာသာဝင်တို့၏ ခေါင်းဆောင်များက မွတ်စလင်တွေရဲ့ မြင့်မားတဲ့ မွေးဖွားနှုန်း ကြောင့် တိုးတက်လာတဲ့လူဦးရေက သူတို့ကို ခြိမ်းခြောက်သည်ဟု ခံစားရကြောင်း နှင့် အစ္စလာမ်ဘာသာရဲ့ ဓလေ့အရ သားကောင် သတ်ဖြတ်ခြင်းသည် စော်ကားပုတ်ခတ်ခြင်းအဖြစ် သူတို့တွေ့ရှိကြောင်း ပြောပါသည်။

    ရခိုင်ပြည်နယ်၏ အကြီးဆုံးပါတီဖြစ်သည့် ရခိုင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အထွေထွေ အတွင်းရေးမှုး ဦးဦးလှစောက “ကျွန်တော်တို့ အစ္စလာမ်ဘာသာရဲ့ ၀ါးမြိုမှုကို အလွန်စိုးရိမ် ပူပန်ပါတယ်။” “ ဒီမြေက ကျွန်တော်တို့ ဘိုးဘွားတွေရဲ့မြေ၊ ကျွန်တော်တို့ရဲ့ မွေးရပ်မြေပါ။” ဟုပြောပါသည်။

    ဇွန်လနှင့် အောက်တိုဘာလအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သော လူမျိုးရေးအထိကရုဏ်းတွင် ရွာသားများကိုယ်တိုင် ဓါး၊ တင်းပုတ်၊ ဂျင်ဂလိ စသော ကိုယ်တိုင်လုပ် လက်နက်များ ဖြန့်ဝေ စွဲကိုင်ခဲ့ကြပါသည်။ မွတ်စလင် အများစု နေရာများတွင် ဘုန်းကြီးကျောင်းများ မီးရှို့ခံရသည်။ ဗုဒ္ဓဘာသာ အများစုနေရာများတွင် ဗလီများ အဖျက်အစီး ခံရသည်။ အဓိကအစပြုသည်မှာ ဗုဒ္ဓဘာသာ မိန်းကလေးတဦးအား မုဒိန်းကျင့် သတ်ဖြတ်ရာမှ အစ မွတ်စလင်များ အပေါ် အပြစ်ပုံချ လာခြင်းဖြစ်သည်။

    ယခင်က မွတ်စလင် ကုန်တင်ကုန်ချလုပ်သားများ၊ လက်လုပ်လက်စား လုပ်သားများ အများစုအလုပ်လုပ်ခဲ့သော ကိုလိုနီခေတ်က ရှေတန်း ကင်းစခန်း ဖြစ်သည့် စစ်တွေ မြို့လည်ခေါင် တွင် ယခုအခါ မွတ်စလင်များမရှိ လစ်ဟာနေသည်။

    “ကျွန်တော် မပြန်ရဲဘူး။” အဓိကရုဏ်းမဖြစ်ခင်က အစိုးရကျောင်းမှ ကျောင်းဆရာတဦးဖြစ်သူ အေးထွန်းစိန်က ပြောပါသည်။ စစ်တွေမြို့မှ မိနစ်၂၀ ခရီးခန့်အကွာအဝေးသာရှိသော သူ၏ အရှေ့သဲချောင်းရွာ တွင် မည်သူမျှ ရွာက ထွက်ခွာ၍ မရသဖြင့် အလုပ်အကိုင်မရှိဘဲ ကျဉ်းမြောင်းသော ရွက်ဖျဉ်တဲကလေး ထဲတွင်သာ စုဝေးနေနေရသည် ဟုဆို၏။

    နိုင်ငံရေးခေါင်းဆောင်များက မွတ်စလင်များအပေါ် လူမျိုးရေးအထိကရုဏ်းမှာ ယာယီမျှသာဖြစ်သည်ဟု ဆိုသော်လည်း ပိုမို၍ အတည်တကျအသွင် ဆောင်လျှက်ရှိသည်။

    ဇွန်လအတွင်း အရေးအခင်း၌ သူ၏အိမ်ကို အိမ်နီးခြင်း မွတ်စလင်များက မီးရှို့ခြင်းခံရသူ ဆိုက္ကားဆရာ ဦးဝင်းမောင်က “ကျွန်တော်မလွမ်းပါဘူး။” “ကျွန်တော်တို့ရဲ့ တဦးနဲ့တဦး အမုန်းတရားက တနေ့တခြား ကြီးထွားလာနေတယ်။” ဟုဆိုသည်။

    မစ္စတာအိုဘားမားရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ်ကြီးတွင် တန်ဘိုးကြီးလှစွာသော မိန့်ခွန်းကြီးတရပ် ခြွေခဲ့ပါသည်။ ထိုမိန့်ခွန်းထဲတွင် အရေးကြီးအကြောင်းအရာ အမျိုးမျိုးအထဲမှ တခုဖြစ်သော ရခိုင်ပြည်နယ်၏ စိုးရိမ်ပူပန်ဖွယ်ရာ အခြေအနေကို အာရုံစိုက်ကာ ပြောကြားခဲ့ပြီး ပရိသတ်ကြီးကို “အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုအတွက် စောဒကမရှိစေရ” ဟုပြောကြားခဲ့ပါသည်။

    ကျွန်တော်တို့ အမေရိကန်နိုင်ငံမှာ သင်ယူခဲ့တာကတော့ လူတိုင်းဟာ ဘယ်လို ဥပဓိရုပ် ရှိသည်ဖြစ်စေ၊ ဘယ်ဒေသက လာသည်ဖြစ်စေ၊ ဘယ်ဘာသာ သက်ဝင်ယုံကြည်သည် ဖြစ်စေ။ မည်သူမဆို ကျင့်သုံးနိုင်တဲ့ လူသား အားလုံးနှင့်ဆိုင်သော  သေချာတိကျသော နိယာမများ ရှိတယ် ဆိုတာပါဘဲ။ ဟု ပြောဆိုခဲ့သေးသည်။

    ရခိုင်ပြည်နယ်အတွင်း  မွတ်စလင် များကို မည်သို့ခေါ်ဆိုရမည်ဆိုသည်ကို အဖွဲ့အစည်းများက သဘောမတူနိုင်ဘဲ ခွဲခြားမှုများမှာ နက်ရှိုင်းလျှက်ရှိပါသည်။ မွတ်စလင် အများစုက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟုဆိုသော်လည်း ၄င်းကို မြန်မာနိုင်ငံတွင် တရားဝင် အသိအမှတ်ပြု ထားခြင်းမရှိပါ။

    ဗုဒ္ဓဘာသာ အများစု ဖြစ်သော မြန်မာနိုင်ငံတွင် မွတ်စလင်လူနည်းစု အစုအဝေးများ တနိုင်ငံလုံးတွင် အတူတကွ ယှဉ်တွဲ နေထိုင်ကြသော်လည်း ရိုဟင်ဂျာများပေါ်တွင် အမုန်းတရား အကြီးမားဆုံးဖြစ်ရခြင်းမှာ သူတို့၏ လူဦးရေ များပြားမှုကြောင့် တကြောင်း (ကုလသမဂ္ဂ စစ်တမ်းအရ အနည်းဆုံး ၈၀၀၀၀၀) နှင့် ရခိုင်ပြည်နယ်အတွင်း စုစည်းတည်ရှိမှုကြောင့် တကြောင်း တို့ဖြစ်သည်။ (မြန်မာနိုင်ငံတွင် လူဦးရေ ၅၅သန်းရှိသည်။)

    ရခိုင်ပြည်နယ်တွင်းရှိ ဗုဒ္ဓဘာသာဝင်များက သူတို့ကိုယ်သူတို့ ရှေးဟောင်း မြောက်ဦး ဗုဒ္ဓဘာသာ ဘုရင့်နိုင်ငံတော်၏ အမွေစားအမွေခံများဟု ရှုမြင်သည်။ သူတို့ကိုယ်သူတို့ မြန်မာလူမျိုးဟု မသတ်မှတ်။ အစိုးရကလည်း သီးသန့် အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုသည်။ ရခိုင်ဗုဒ္ဓဘာသာဝင်များက ၄င်းတို့အား အများစုဖြစ်သော မြန်မာတို့က အမြဲတမ်း ဖိနှိပ် ချုပ်ချယ်ပြီး များပြားလာသော လူနည်းစု မွတ်စလင်များကလည်း ခြိမ်းခြောက်သည်ဟု ခံစားရကြောင်း ပြောသည်။

    အထိကရုဏ်းမဖြစ်မီက ရခိုင်ဗုဒ္ဓဘာသာ နှင့် မွတ်စလင်များ အကြားတွင် မွတ်စလင်များမှာ အလုပ်သမားများဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များမှာ အလုပ်ရှင်များ အဖြစ် အလုပ်ရှင်အလုပ်သမား အဆင့်အတန်းခွဲခြား ဆက်ဆံမှုမျိုး ရှိခဲ့သည်။

    “ကျွန်မတို့ ဘေးချင်းကပ်နေပေမဲ့ တခါမှ တယောက်နဲ့တယောက် စကားမပြောဘူးကြဘူး။” ဟု ၅၁ နှစ်အရွယ်ရှိ အထိကရုဏ်းအတွင်း သူမအိမ်မီးရှို့ခံရသည့် စစ်တွေဒေသခံ ဒေါ်ထွေးမေက ပြောပါသည်။

    “ကလေးတောင်မှ ကုလား (အိန္ဒိယနွယ်ဖွားများအပေါ် ရှုတ်ချခေါ်ဆိုသော အသုံးအနှုန်း) နဲ့ မကစားရဘူးဆိုတာ သိတယ်။” ဟု ဒေါ်သိန်းလှရီ ၅၅နှစ် ကပြောပါသည်။

    ဗုဒ္ဓဘာသာဝင်တွေက မွတ်စလင်တွေသည် တရားမ၀င် ၀င်ရောက်နေထိုင်သူများဖြစ်ကြောင်း နှင့် သူတို့အနေဖြင့် နိုင်ငံခြား တိုင်းပြည်များနှင့် နိုင်ငံခြားသတင်းဌာနများက မွတ်စလင်များအပေါ် ကရုဏာထားသည့်အတွက် ဒေါသဖြစ်ကြောင်း ပြောပါသည်။

    နှစ်ဖက် ခေါင်းဆောင်များက သူတို့အဖြစ်အပျက်များအတွက် တရားမျှတမှုရစေရန် သမိုင်းကြောင်း နောက်ခံများကို စုပ်ကိုင်လာကြသည်။

    “ဒီလူတွေဟာ ဘယ်ကမှ ရွှေ့ပြောင်းနေထိုင်လာတဲ့ လူတွေမဟုတ်ပါဘူး။ သူတို့ဒီမှာ နေလာတာ ရာစုနှစ်ပေါင်း များစွာရှိနေပြီ။” ဟု ရခိုင်ပြည်နယ်မှ မြေပိုင်ရှင် တဦး၏ မြေးလည်းဖြစ် ရဲအရာရှိ တဦး၏ သားလည်း ဖြစ်သော လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်က ပြောပါသည်။

    သမ္မတဦးသိန်းစိန်က ဇူလိုင်လအတွင်းက ကုလသမဂ္ဂ ဆိုင်ရာ ကိုယ်စားလှယ်များ လာရောက်ရာတွင် မြန်မာနိုင်ငံအတွင်း ဆွေစဉ်မျိုးဆက် ၃ဆက်တိုင်နေထိုင်သူများကိုသာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်း၊ ကျန်သူများအား “နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးကို ခြိမ်းမြောက်လျှက်ရှိသောကြောင့်” ဒုက္ခသည်စခန်းများတွင်ထားရှိကာ လက္ခံလိုသော နိုင်ငံများသို့ ပို့ပေးမည်ဖြစ်ကြောင်းပြောခဲ့ပါသည်။ ကုလသမဂ္ဂ မှ ဒုက္ခသည်များအဖြစ် ဖန်တီးရမည့် အလုပ် မဟုတ်ကြောင်းဖြင့် ထိုအတွေးအခေါ်ကို ပြောဆို ငြင်းပယ်ခဲ့ပါသည်။

    သံတမန်များက ဦးသိန်းစိန်သည် ဖယ်ရှားခံရသော မွတ်စလင်များအား ယခုအခြေအနေမှ နိုင်ငံအတွင်း ပြန်လည် နေရာချထားပေးရန် စီစဉ်နေသည်ဟု ပြောဆိုနေကြောင်း ဆိုသည်။ သမ္မတမှ ကုလသမဂ္ဂသို့ မစ္စတာ အိုဘားမား အလည်အပတ် မလာမီ အချိန်အတောအတွင်း ပေးပို့သောစာ၌ ပြင်းထန်သောအရှိန်အဟုန်များ အေးချမ်းသွားသည်နှင့် တပြိုင်နက် ဖယ်ရှားခံရသော လူများအား နိုင်ငံသားအဖြစ်ခွင့်ပြုရန်နှင့် နေရာအစားများ အစီအရီပြန်လည်ချထားပေးရန် နိုင်ငံရေးရှုထောင့်မှနေ၍ အဆက်မပြတ် မိန့်ခွန်းချွေ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါရှိပါသည်။ သို့သော်လည်း အချိန်အတိုင်းအတာ အတိအကျဖေါ်ပြထားခြင်းမရှိပါ။ သူ့အနေဖြင့် စုံစမ်းရေးကော်မရှင်အား လာမည့်လတွင် အစီရင်ခံစာ ထုတ်ပြန်ပေးရန် အမိန့်ပေးထားခဲ့ပါသည်။

    စစ်တွေမြို့တွင် ဗုဒ္ဓဘာသာဝင်များက သူတို့အနေဖြင့် အလျှော့ပေးရန် အဆင်သင့်မဖြစ်သေးကြောင်း ပြောပါသည်။ ဘုန်းတော်ကြီး ဦးဥာဏက မွတ်စလင်တွေဟာ “လှု့ကျင့်ဝတ်တရား” မရှိဘူး။ သူတို့ကို သူတို့နဲ့ အကျင့်စရိုက်တူတဲ့ မွတ်စလင်နိုငံတွေကိုဘဲ ပို့ပြစ်ရမယ် ဟုပြောပါသည်။

    မူရင်း Ethnic Hatred Tears Apart a Region of Myanmar by Thomas Fuller