News @ M-Media
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
  • ကြောက်စရာ အကောင်းဆုံး သတ္တဝါ
    ကြောက်စရာ အကောင်းဆုံး သတ္တဝါ
    ကောင်းဆက်နိုင်
    ပြည်သူ့ခေတ် ဂျာနယ်မှ ဆောင်းပါးဖြစ်ပါသည်။
    Photo-google
    ကျုပ် ဆိုလိုတာက ခင်ဗျားလည်း သေရမှာ၊
    ဒီစာကို ဖတ်သူကော၊ မဖတ်တဲ့သူကော၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္နူ ကမ္ဘာပေါ်ရှိသမျှ ကိုးကွယ်မှု ဘာသာပေါင်းစုံ၊ ဘာသာမဲ့တွေကော၊ ရောဂါရှိရှိ မရှိရှိ၊ ဆရာဝန်ဘာပြောပြော မပြောပြော တိရိစ္ဆာန်တွေကအစ သတ္တဝါမှန်ရင် သေရမှာပဲ။ မွေးဖွားလာတာနဲ့ တစ်ချိန်တည်း အားလုံး သေမိန့်ကျပြီပဲ။ ဘယ်လောက်ကြာကြာ နေရမှာပဲဆိုတော့၊ မသေခင်ကလေးနေရတာပဲ။
    ကျုပ်တို့က ဘာနဲ့တူလဲဆိုတော့ ကြက်ဆိုင်မှာသေဖို့ စောင့်နေကြရတဲ့ ကြက်ခြင်းထဲက ကြက်တွေနဲ့တူပါတယ်။ အဲဒီ ကြက်တွေအားလုံးဟာ ရှေ့နောက်ပဲကွာတယ်၊ အားလုံးသေဖို့ စောင့်နေရတာပဲလေ။ ဒါပေမယ့် သူတို့သိလားဆိုတော့ မသိကြဘူး။ အချင်းချင်း ညှာတာမှု မရှိဘဲ အစာလုလိုက်ကြ၊ ခွပ်ကြ၊ ဆိတ်ကြ၊ ရန်စောင်ကြနဲ့ပဲ မသေခင် အခိုက်အတန့်မှာ ငြိမ်းငြိမ်းအေးအေး မနေနိုင်ကြဘူး။
              အသိဥာဏ် ကင်းမဲ့လိုက်တဲ့ တိရိစ္ဆာန်တွေ။
       အသိဥာဏ် ရှိပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်ကြေးပေးထားတဲ့ လူသားတွေကော၊ ကျုပ်အမြင်မှာတော့ လူဟာ တိရစ္ဆာန်ထက် အသိဥာဏ်ကင်းမဲ့ပြီး သတ္တဝါတွေထဲမှာ ရက်စက် အကြမ်းကြုတ်ဆုံးနဲ့ ကြောက်စရာ အကောင်းဆုံး သတ္တဝါလို့ပဲ ထင်ပါတယ်။
    ကမ္ဘာပေါ်မှာ တိရစ္ဆာန်ချင်း သတ်လို့သေတဲ့ တိရစ္ဆာန်မသာနဲ့ လူလူချင်းသတ်လို့သေတဲ့ လူမသာ ဘယ်ဟာ ပိုများလဲကြည့်ပါ။ တိရစ္ဆာန် အချင်းချင်းသတ်တာကရိုးရိုးပဲ။ သွားရှိရင် ကိုက်မယ်၊ ချိုရှိရင် ဝှေ့မယ်၊ အစွယ်ရှိရင် ပေါက်မယ်၊ ခြေသန်ရင် ခြေနဲ့ ကန်မယ်၊ အမြီးသန်ရင် အမြီးနဲ့ ရိုက်မယ်၊ ဒီလောက်ထက် မပိုဘူး။ လူလူချင်း သတ်တာကျတော့ နည်းတွေ စုံလွန်းလှတယ်။ လက်နက်၊ အဆိပ်၊ ပိုးမွှား၊ ဓာတု၊ အသံလှိုင်း၊ လေဆာရောင်ခြည်၊ အဏုမြူ၊ နုကလီးယား၊ ဟိုက်ဒြိုဂျင်ဗုံး၊ မရေတွက်နိုင်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ လူမျိုးစုချင်း နိုင်ငံချင်း တိုက်ခိုက်ကြ၊ သတ်ဖြတ်ကြ ညှဉ်းပန်းကြနဲ့ တိရစ္ဆာန်ကမှ ငါတို့နွားတွေ ကွဲသွားရင် ကျားဝင်ဆွဲတာ ခံရမယ်ဆိုတာ သဘောပေါက်ကြသေးတယ်။ လူက တိရစ္ဆာန် လောက်တောင် မတွက်ချက်တတ်၊ တိရစ္ဆာန်လောက်တောင် အရိပ်သုံးပါး နားမလည်။
    “ဥာဏ်” နဲ့ “သွေး” က ပြောင်းပြန် အချိုးပါပဲ။ ဥာဏ်မရှိရင် သွေးဆူလွယ်တယ်။ ဥာဏ်ရှိရင် သွေးမဆူလွယ်ဘူး။ ရခိုင်ပြည်နယ် ဖြစ်ရပ်မှာလည်း ကိုယ့်နိုင်ငံသားချင်းဆိုရင် ဥာဏ်ရှိရမှာပေါ့။ ဥာဏ်နဲ့ မယှဉ်ရင် နှစ်ဖက်စလုံး နာမယ်၊ ဘဝပျက်မယ်။ ဘယ်လိုဘဝပျက်မှာလဲ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဘဝလေးပျက်သွားမယ်။
    “ဂျွန်လင်နွန်ရဲ့သီချင်း”
    လူတွေဟာ ကိုယ် ကိုးကွယ်တဲ့ ဘာသာမှ ကိုယ့်ဘာသာဆိုတဲ့ အစွန်းရောက်ကုန်တော့ ကိုယ့်ဘာသာဝင် မဟုတ်သူတွေကို သတ်ကြ ဖြတ်ကြတဲ့ ဘာသာရေး စစ်ပွဲတွေကို Beatles အဖွဲ့က “ဂျွန်လင်နွန်”  က စက်ဆုပ်ခဲ့တာကလား၊ အဲဒါနဲ့ သူ့ရဲ့ Imagine ဆိုတဲ့ ကမ္ဘာကျော် သီချင်း ရေးစပ်ခဲ့တယ်။ အသံကလည်း ကောင်း၊ သံစဉ်ကလည်း လိုက်ဖက် စာသားရဲ့ အဓိပါယ် ကလည်း လေးနက်၊ အတွေးကလည်း ရဲရင့်ဆိုတော့ အဲဒီအချိန်က လူငယ်တွေ အသည်းစွဲပေါ့ဗျာ၊ ကျုပ်လည်းစွဲခဲ့ပေမယ့် အခုတော့ မဟုတ်တော့ပါဘူးလို့ ပြောရတဲ့ အကြောင်းရင်းက သူ့စာသား တချိုကလည်း ကြည့်ပါဦး။ “အကယ်၍ တိုင်းနိုင်ငံတွေသာ မရှိခဲ့ရင် သတ်စရာ မရှိခဲ့ရင် သတ်စရာ သေစရာတွေ ဖြစ်မလာပါဘူး” တဲ့။ “ဘာသာရေးတွေဟာ ပေါ်မလာခဲ့ရင် ဒီစစ်ပွဲတွေလည်း မနွှဲကြရပါဘူး” တဲ့။
    နောက်ပြီး နိဗ္ဗာန်ဘုံမရှိ၊ မိုးတိမ်ပဲရှိတာတဲ့၊ အောက်မှာလည်း ငရဲမတွေ့ဘူး၊ မြေကြီးတွေပါတဲ့။ (ဒီသီချင်းကို ထောက်ခံတဲ့အထဲ ကျုပ် မပါတော့ဘူးဆိုတာ အဲဒါပေါ့)
    ငယ်စဉ်မှာ ဦးနှောက်က နုနယ်သေးတော့ လွယ်လွယ်တွေးပြီး လွယ်လွယ်ယုံခဲ့မိတာပေါ့။ (ဂျွန်လင်နွန်ရယ်-ငါ့မှာ ကံကောင်းထောက်မလို့ ဘာသာမဲ့ ဖြစ်မသွားခဲ့တာပဲ) အခုနေ ပြန်စဉ်းစားကြည့်တော့မှ ဘယ်ဘာသာမှာပဲဖြစ်ဖြစ် ဘုရားဆိုတာ မေတ္တာထားဖို့ သည်းခံဖို့ စတဲ့ ကောင်းတာပဲ  ညွှန်တာပဲ၊ လူတော့ အသတ်ခိုင်းမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ တကယ်တော့ စစ်ပွဲတွေနဲ့ သတ်ဖြတ်တာတွေဟာ ဘုရားတွေ ဘာသာရေးတွေနဲ့ မဆိုင်ဘဲ လူတွေရဲ့ အသိဥာဏ် နိမ့်ကျမှုနဲ့ အတ္တများမှုကြောင့် ဖြစ်ရတာပဲ။
    စောဒေးဗစ်၊ စောရော်ဘင်၊ ထာကွတ်၊ ဘရသူးရ်၊ မွတ်တား၊ ချွတ်တား
    ကျုပ်ဘဝမှာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ အခင်ဆုံး အပေါင်းအသင်းတွေကတော့ စောဒေးဗစ်နဲ့ စောရော်ဘင် ညီအစ်ကိုက ခရစ်ယာန်၊ ထာကွတ်နဲ့ ဘရသူးရ် ညီအစ်ကိုက ဟိန္ဒူ၊ မွတ်တားနဲ့ ချွတ်တားညီအစ်ကိုက အစ္စလာမ်ဘာသာဝင်ပါပဲ။
    စောဒေးဗစ်နဲ့ စောရော်ဘင်က အင်္ဂလိပ်ကပြား၊ အမေက ကရင်ဆရာမကြီး တောင်ကြီးမြို့အထိ သူတို့အစ်မ အရင်းကဗိုလ်ကာတွန်းဇာတ်ကားမှာ ဖိုးပါကြီးနဲ့ တွဲရိုက်ခဲ့တဲ့ မင်းသမီးသစ် ဒက်ဖနီ၊ အဲ သူတို့အိမ်ကို ဒါရိုက်တာ မောင်ဝဏ္ဏလည်း တစ်ခါတစ်ရံ လာလည်တာ ဆုံခဲ့ဖူးပါတယ်။ တောင်ကြီး ကောလိပ်မှာ တက်ရင်း မေဂျာတူတော့ စောရော်ဘင်နဲ့ စခင်သွားတာပါ။ (ကျောင်းအုပ်က တက္ကသိုလ် ဘုန်းနိုင်) ကျုပ်က ပုပု၊ အသားလတ်၊ ပင်နီ စတစ်ကော်လံကို မာစရိုက်လုံချည်နဲ့ အမြဲဝတ်သူ။
    စောရော်ဘင်က ကလန်ကလား၊ အမြဲဘောင်းဘီနဲ့ ရှူးဖိနပ်နဲ့ အသားကဖွေးဖွေး။ ဘာတစ်ခုမှ မတူပေမယ့် ညီအစ်ကိုထက်တောင် ပိုချစ်ကြတယ်။ ပိတ်ရက်ဆိုရင် သူတို့ အိမ်မှာပဲ သောက်တယ်၊ စားတယ်။ အိပ်တယ်။ တောင်ကြီးကောလိပ်ကနေ မန္တလေးတက္ကသိုလ် ဆက်တက်ကြရတော့လည်း အတူတူပဲ။ သူစာမေးပွဲကျလို့ အပြင်ဆောင် ငှားနေရတော့လည်း အောင်လျက်သားနဲ့ ကျုပ်ကလိုက်နေရပြန်ရော။ ကျုပ်တို့နှစ်ယောက် ဘယ်လောက်ခင်လဲဆိုရင် ကျုပ်တို့ချင်း ဘယ်တော့မှ စိတ်ဝမ်းကွဲမှာ မဟုတ်ဘူး။ ပုလင်းထောင်လည်း အတူတူပါပဲ။ ကျုပ်တို့ ကြားမှာ ဘာသာရေးက နည်းနည်းလေးမှ အတားအဆီး မဖြစ်ခဲ့ပါဘူး။ သူ ဘုရားကျောင်းသွားလည်း ကျုပ်ပါတယ်။ ကျုပ်ဘုန်းကြီးကျောင်းသွားလည်း သူပါတာပဲ။
    နောက်ပိုင်း အသက်အရွယ်မှာ ညီအစ်ကိုလို သူတို့အိမ် ကိုယ်သွားစားလိုက်၊ ကိုယ့်အိမ် သူ လာစားလိုက် ခင်ခဲ့တာကတော့ ဟိန္ဒူညီအစ်ကို နှစ်ယောက်ဖြစ်တဲ့ ထာကွတ်နဲ့ ဘရသူးရ်ပါပဲ။ သူ့မိခင်၊ သူ့ဦးလေး၊ သူ့ညီမ တစ်အိမ်လုံးနဲ့ ခင်ခဲ့တာပါ။ သူ့ကိစ္စဟာ ကိုယ့်ကိစ္စပဲ ကိုယ့်အခက်အခဲဟာ သူ့အခက်အခဲပဲ။ ဘယ်ကိစ္စဖြစ်ဖြစ် တိုင်တိုင်ပင်ပင်ပဲ။ သူတို့ အမေကို သူတို့ခေါ်သလို “အဘား” လို့ပဲ ကျုပ် လိုက်ခေါ်ပါတယ်။ သူတို့ ထမင်းစားနေတုန်းများ ရောက်သွားခဲ့ရင် တကယ့်ကို ကိုယ့်အိမ်မှာလိုပဲ လက်ဆေးပြီး ပေါ့ပေါ့ပါးပါး ဝင်စားလိုက်ရုံပါပဲ။ “အဘား” ကလည်း သွားတိုင်း ပြုံးပြုံးရွှင်ရွှင်ပါပဲ။ သူတို့ ညီအစ်ကိုနဲ့ ကျုပ်ကတော့ စာချုပ်ထားတဲ့ အတိုင်းပဲ တစ်ယောက်သွားနေရာတစ်ယောက် အဖော်လုပ်လိုက်ပေတော့ပဲ။
    မွတ်တားနဲ့ ချွတ်တားကတော့ ကျုပ်ဆီက ဓာတ်ပုံနဲ့ ဗီဒီယိုကင်မရာပညာ သင်ကြရင်းနဲ့ သူတို့ တစ်အိမ်သားလုံး ခင်သွားကြတာပါ။ တစ်အိမ်လုံး အစ္စလာမ် ဘာသာဝင်တွေပါ။ အလွန် ယဉ်ကျေးသိမ်မွေ့ကြပါတယ်။ မျှတတဲ့ အတွေးအမြင်နဲ့ ရိုးသားပြီး သမာသမတ်စိတ်လည်း ရှိကြပါတယ်။ မှတ်မိသေးတယ်။ သူတို့အိမ်က မန္တလေးကားဂိတ်နဲ့ နီးတယ်။ မန္တလေးဘက်ကနေ ဒုလ္လဘဝတ်ပြီး ကျုပ်ပြန်လာတော့ ကားပေါ်ကဆင်းပြီး အိမ်က လာကြိုမှာကို ဂိတ်မှာပဲ စောင့်နေပါတယ်။ ဘုန်းကြီးဝတ်နဲ့ဆိုတော့ သူတို့အနေခက်ရှာမှာပဲဆိုပြီး အလိုက်တသိနဲ့ မမြင်လောက်တဲ့ နေရာမှာ ကွယ်ပြီးရပ်နေတာပါ။ တစ်ယောက်က မြင်သွားပြီး တစ်အိမ်လုံးလာနှုတ်ဆက်ကြ၊ အိမ်လိုက်သွားရ၊ အအေးလိုက်သောက်ရ ဖြစ်ကုန်တယ်။
    ဘုန်းကြီးကိုလည်း ယဉ်ယဉ်ကျေးကျေး ပြောတတ်ကြတယ်ဗျာ။ သူတို့နဲ့ ခင်ရတာ ဘာသာချင်း မတူပေမယ့်ဘာသာတူချင်း ပေါင်းရတာထက်တောင် အားကိုးရပါသေးတယ်။ သူတို့အားလုံး သက်ရှိထင်ရှား ရှိကြပါတယ်။
    ဘယ် ဘာသာမှ မကိုးကွယ်တဲ့ ဘာသာမဲ့ တချို့နဲ့လည်း ရင်းရင်းနှီးနှီး ပေါင်းဖူးပါတယ်။ အထင်မမှားပါနဲ့။ ဘာသာရှိတွေထက်တောင် စိတ်ဓာတ်ဖြူစင်ပြီး လူမှုရေးကောင်းတဲ့သူတွေ တွေ့ဖူးပါတယ်။
    ကျုပ် စဉ်းစားကြည့်တယ်။ ဘာသာမတူပေမယ့် ကျုပ်တို့တစ်တွေ ဘယ်လိုကြောင့် ကျွမ်းဝင် ရင်းနှီးပြီး သွေးချင်းတွေလို ခင်သွားကြတာလဲ။
    ကံအားလျော်စွာပဲ ကျုပ်နဲ့ အပေါင်းအသင်းတွေဟာ အတ္တမကြီးတဲ့သူ၊ အစွန်းမရောက်သူနဲ့ ဆင်ခြင်တုံတရား ရှိတဲ့သူတွေဖြစ်နေကြပါတယ်။
    ပေါင်းခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ သိချင်ရင် ရှင်းပြတာကလွဲလို့ တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ကိုးကွယ်တဲ့ ဘာသာကောင်းကြောင်း ဆွယ်ခြင်း၊ စည်းရုံးခြင်း လုံးဝ မရှိခဲ့ပါဘူး။ တစ်ယောက်ရဲ့ “ဘာသာ” ကို တစ်ယောက်က ထိပါးဖို့ဆိုတာကတော့ ဝေးတော့တာပေါ့။
  • “သိချင်စမ်းပါဘိ”
    “သိချင်စမ်းပါဘိ”
    ကျနော်တို့သိတဲ့ မြန်မာပြည်မြေပုံကို ချဆွဲလိုက်ပါ… ပြီးရင် ကျနော်က မြန်မာနိုင်ငံမြေပုံထဲက အစိတ်အပိုင်းတစ်ခုမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ ရုံးသုံး ဘာသာစကားဖြစ်တဲ့ ဗမာစကားကို ရုံးသုံးဘာသာ စကားအဖြစ်မသုံးဘူး ကျနော်တို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရဲ့ တရားဝင် ငွေကြေးကို အဲ့ဒီအစိတ်အပိုင်းမှာ တရားဝင် ငွေကြေးအဖြစ်မသုံးဘူး… စာသင်ကျောင်းမှာတောင် မြန်မာစာကို အရေး အဖတ်တင်မဟုတ်ပဲ အပြောပါသင်ကြားပေးနေရတဲ့ ဒေသတစ်ခုရှိတယ်ဆိုရင် သင်လက်ခံပါမလား…
    အဆိုပါအရပ်ဒေသသည် ပင်လုံစာချုပ်မှာပင်လက်မှတ်မရေးထိုးခဲ့သော ပုဂ္ဂိုလ်များရဲ့ဒေသဖြစ်ပြီး မြန်မာနိုင်ငံ၏အပြည့်ဝဆုံးသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကိုယ်ပိုင်စစ်တပ်နှင့် တိုင်းရင်းသားနယ်မြေဆိုရင် သင်သိပါသလား…
    အဆိုပါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနေလူမျိုးအမည်မှာ မြန်မာတစ်နိုင်ငံထဲမှာသာရှိပြီး အဆိုပါလူမျိုးအမည်ဖြင့် အခြားသောမည်သည့်နိုင်ငံမှာမှ မရှိဟုဆိုလျှင် သင်လက်ခံနိုင်ပါမည်လော…
    အကယ်၍အဆိုပါတိုင်းရင်းသားလူမျိုးအမည်သည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နှစ်ပေါင်း၆၀ကျော်မှ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၏ တိုင်းရင်းသားစာရင်းတွင် ထည့်သွင်းခံရပါသည်ဆိုလျှင် သင်လက်ခံပါသလား…
    အကယ်၍ ကျနော်တို့နိုင်ငံအရှေ့ဘက်မှ နိုင်ငံကြီးတစ်ခုသည် သူတို့၏လူမျိုးများကို အဆိုပါအရပ်ဒေသမှ တိုင်းရင်းသားများအဖြစ်ခံယူပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် လွတ်လပ်စွာ အခြေချနေထိုင်ခွင့်ရရှိပြီးဆိုလျှင် သင်မည်သို့ခံစားရပါမည်နည်း…
    သိချင်စမ်းပါဘိ…
  • အင်တာနက်လူရိုင်းနှင့် တဖက်သက် ပြစ်မှုများ
    အင်တာနက်လူရိုင်းနှင့် တဖက်သက် ပြစ်မှုများ
    ဗမာမွတ်စလင်မ်တဦး
    မြန်မာပြည်မှာမွေး မြန်မာပြည်မှာကြီးတဲ့ မြန်မာနိုင်ငံသား ဗမာမွတ်စလင်မ် တယောက်အနေနဲ့  မြန်မာပြည်က ကုလားကို မုန်းပါတယ်ဆိုတဲ့ လူတွေနဲ့  ပတ်သက်ပြီး ရင်ဖွင့်ချင်တယ်။ ဖတ်ကောင်းအောင်တော့ ဆီကွန့် ပြီးစာမရေးတတ်ဘူး။ ရင်ထဲက မခံချင်စိတ်ကို နေ့ တိုင်းဆွပေးနေတဲ့  မွတ်စလင်မ်မုန်း တီးရေးသမားကိုတော့ ရင်ဖွင့်တတ်တယ်။
    အရင်ကတော့ ရိုဟင်ဂျာကို မကြိုက်ဘူး။ ဟုတ်တယ် မကြိုက်ဘူး။ ဘာကြောင့်လဲ? သူတို့ နဲ့  အလုပ်လုပ်တိုင်း ရှင်းရှင်းလင်းလင်း လုပ်လို့ မရဘူး။ လွယ် လွယ်ကိစ္စ မရှုပ်ရှုပ်အောင်လုပ်တယ်။ စီးပွားတွဲလုပ်ရင် လက်ပေါက်ကပ်တယ်။ အမြှီးကျက်အမြှီးစား ခေါင်းကျက်ခေါင်းစား အပြင် တယောက် တပေါက်နဲ့ ဟိုလူက ဟိုလူကို ခုတုံးလုပ်သွားလိုက်၊ ပြောတော့တမျိုး လုပ်တော့ တမျိုးကြုံရလိုက်။ ခုနောက်ပိုင်း မွတ်စလင်မ်အရေးဆိုရင် တခါလည်း ရိုဟင်ဂျာ နှစ်ခါလည်း ရိုဟင်ဂျာ။ ဒီကြားထဲ ရိုဟင်ဂျာတွေ တိုင်းရင်းသားတောင်းတိုင်း တခြား မွတ်စလင်တွေ ကိုပါ ၀ိုင်းဆဲခံကြရတယ်။ ၀ိုင်းဆဲခံရလို့  ရိုဟင်ဂျာတွေကို ပိုချဉ်တယ်။
    ရိုဟင်ဂျာကိစ္စနဲ့  ပတ်သက်လာရင်  မြန်မာတွေဖက်မှာရှိခဲ့တယ်။
    ဒါပေမဲ့ ခုခါမှာ ရိုဟင်ဂျာတွေကိုချဉ်တာထက် မွတ်စလင်မ်တွေကို တဖက်သတ် စိတ်ဒုက္ခပေးနေတဲ့ ထောင်ပေါင်းများစွာသော မွတ်စလင်မ်မုန်းတီးရေး သမားတွေကို စိတ်နာတယ်။ နိုင်ငံရေးသမားတွေ၊ မီဒီယာတွေ၊ ပညာရှင်တွေ အားလုံးနီးပါး မွတ်စလင်မ်မုန်းတီးရေးမှာ ပါဝင်ပတ်သက်နေတာ တွေ့ ရ တော့ ဗမာဖြစ်တဲ့ ကိုယ့်ကိုယ်ကို ခါးသီးတယ်။
    အခု  ရိုဟင်ဂျာ ဆန့် ကျင်ရေးက တကယ်တော့ ရိုဟင်ဂျာ ဆန့်ကျင်ရေးမဟုတ်ဘူး။ မွတ်စလင်မ်ဆန့် ကျင်ရေးဖြစ်တယ်ဆိုတာ ထင်ရှားလာတယ်။ ရိုဟင်ဂျာမဟုတ်တဲ့ လူ ၁၀ ယောက်ကို ကားပေါ်က ဆွဲချပြီး သတ်တယ်။ လူသတ်တာ အားပေးသမားတွေက လက်ခုပ်တီးခဲ့ကြတယ်။ ဖားကန့် နဲ့  ကမ္မံမှာ ရိုဟင်ဂျာမဟုတ်ပါဘဲ ဗလီတွေဖျက်တယ်။ အိမ်တွေဖျက်တယ်။ ပစ္စည်းလုတယ်။ မီဒီယာတွေ ဒီမိုတွေ နှုတ်ပိတ်နေပေးခဲ့တယ်။ သတင်းတွေ တင်ပြန်တော့ မွတ်စလင်မ်တွေကို တဖက်သတ်နစ်နာအောင်ရေးကြတယ်။ သစ်ထူးလွင်ဆိုဒ်ဆိုရင် မွတ်စလင်မ်မကောင်းကြောင်း အားရပါးရလှော်တယ်။ မွတ်စလင်မ်ဖက်က သတင်းမှန်သမျှ ဘာမှမတင်ဘူး။ သိသာလွန်းလှတယ်။
    နိုင်ငံတကာမှာရောက်နေတဲ့  မြန်မာတွေ၊ ပြည်တွင်းမှာနေကြတဲ့ မြန်မာတွေ ရိုဟင်ဂျာ ဆန့် ကျင်ရေးမက မွတ်စလင်မ်တွေအပြင် ဘာသာရေးကျမ်းစာ၊ ဘုရားသခင်နဲ့ ၊ တမန်တော်တွေကို ရိတယ်၊ ဆဲတယ်။ ရိုဟင်ဂျာတိုင်းရင်းသား မဟုတ်စေချင်တာနဲ့  ဘာသာတခုလုံး မွတ်စလင်မ်အားလုံးကို ၀င်ဆဲတော့တယ်။
    သေချာပါတယ်။ ခင်ဗျားတို့ တွေက တကယ်တန်းတော့ မွတ်စလင်မ်ဆန့် ကျင်ရေးလုပ်နေတာ။
    ခင်ဗျားတို့  ပြောကြတယ်။ ဒို့ မြေမှာနေ ဒို့ ရေကိုသောက်ပြီး ဒို့ လူမျိုးကိုစော်ကားတယ်တဲ့။ မေးချင်တယ်ဒါဆိုရင်
    (၁) ဘယ်မွတ်စလင်မ် ဘယ်နှစ်ယောက်က ဘယ်သူ့ ကိုစော်ကားနေတာလဲ။ မသီတာထွေးကိစ္စမှာ မွတ်စလင်မ်တွေလုပ်တယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း ဘယ်လိုသက်သေပြမလဲ။ ရိုဟင်ဂျာ မုန်းတဲ့ ရခိုင် ဒါမှမဟုတ် အကျပ်အတည်းရောက်နေတဲ့ အစိုးရက လုပ်ပြီး မွတ်စလင်မ် ၃ ယောက်ကို ဆွဲထည့်လိုက် တာမဟုတ်ဘူးလို့  ဘယ်သူ အာမခံမလဲ။ ဒီ ၃ ယောက်လုပ်တယ်ပဲထား ဒီရာဇ၀တ်ကောင် ၃ ကောင်ရဲ့ အပြစ်ဟာ မွတ်စလင်မ်အားလုံးနဲ့  ဆိုင်တယ်ဆိုရင် ရှမ်းပြည်မှာ၊ ကရင်ပြည်မှာ၊ ကချင်ပြည်မှာ၊ ချင်းပြည်မှာ နေ့ တိုင်းနေ့ တိုင်းဖြစ်နေတဲ့ စစ်တပ် မုဒိန်းကျင့်မှုအတွက် ဗမာတွေ ဗုဒ္ဓဘာသာတွေ အားလုံး အပြစ်မရှိဘူးလား။
    (၂) မြန်မာပြည်မှာမွေး မြန်မာပြည်မှာကြီးတဲ့ မွတ်စလင်မ်တွေအတွက် မြန်မာပြည်က ဒို့ မြေ ဒို့ ရေမဟုတ်ဘူးလား။
    (၃) ဒို့ လူမျိုးကိုစော်ကားတယ်ဆိုရအောင် အစ္စလာမ်ဘာသာကိုးကွယ်တာနဲ့  လူမျိုးခြားဖြစ်သွားရောလား။ ကျနော် ဗမာပါ။ ဗမာလူမျိုးပါ။
    (၅) အင်တာနက်မှာ ဂေါတမမြတ်စွာဘုရား၊ စေတီတွေ ကျောင်းတိုက်တွေ၊ မြန်မာနိုင်ငံသားတွေကို ထက်ထက်အောက်အောက်ဆဲနေလား။ မွတ်စလင်မ် ဆဲတဲ့ မြန်မာဘလောဂ်တွေ ၊ဆိုဒ်တွေ အွန်လိုင်းမှာ ရာနှင့်ချီပြီးရှိနေပြီ။ မွတ်စလင်မ်တွေကို သတ်ခိုင်းတဲ့ ကော်မန့် တွေ ထောင်နဲ့ ချီပြီးရှိနေပြီ။ မွတ်စလင်မ်အမျိုးသမီးတွေကို -ိုး ဆိုပြီး ဆဲနေတဲ့ ကော်မန့် တွေ ရာထောင်ချီနေပြီ။
    တိုင်းပြည်ကြီးကို ဒုက္ခမျိုးစုံပေးခဲ့တဲ့ စစ်တပ်နဲ့  အစိုးရ၊ ၀န်ကြီးတွေနဲ့  ကပ်ပြီး ပြည်သူတွေဆီက သွေးချွေးတွေ ညစ်ထုတ်နေတဲ့ စီးပွားရေးသမားကြီး တွေထဲမှာ မွတ်စလင်မ်တွေ မပါဘူး။ သေနတ်ကိုင်ပြီး အမျိုးသမီးတွေကို မုဒိန်းကျင့်တဲ့ထဲမှာ မွတ်စလင်မ်တွေမပါဘူး။ အင်တာနက်မှာ ထက်ထက် အောက်အောက်ဆဲနေတဲ့ လူရိုင်းတွေ၊ လူသတ်အားပေးတွေထဲမှာ မွတ်စလင်မ်တွေမပါဘူး။ ရခိုင်ပြသနာအတွက် ဓာတ်ဆီလောင်းပေးတဲ့ မီဒီယာတွေထဲမှာ မွတ်စလင်မ်တွေမပါဘူး။
    ဒို့ မြေပေါ်နေ ဒို့ ရေကိုသောက် ဒို့ လူမျိုးကိုစော်ကားတယ်ဆိုရင် – ဗမာ့ယဉ်ကျေးမှုဆိုတဲ့ ဦးရွေရိုးအကကို ထွင်ခဲ့တဲ့ မွတ်စလင်မ်က ဗမာတွေကို စော် ကားသွားတာလား။ ဦးရာဇတ်ကြီးက ဗမာပြည်ကို ဖျက်ဆီးသွားတာလား။ ဦးရာရှစ်က တိုင်းပြည်ကိုရောင်းစားသွားတာလား။ ကာတွန်းဆရာ ကံချွန်က မြန်မာပြည်ကြီးကို မီးရှို့ သွားတာလား။ ကျားဘညိမ်းဆိုတဲ့ လက်ဝှေ့ သမားက မြန်မာပြည်ကို သိက္ခာချသွားတာလား။ ထောင်ထဲမှာ အသေခံသွားရတဲ့ ကဗျာဆရာ မောင်သော်က က တိုင်းပြည်ကို ဆင်းရဲတွင်းနက်အောင် လမ်းထွင်သွားတာလား။
    မွတ်စလင်မ်တွေပါတဲ့ နေရာတခုတော့ရှိတယ်။ ကောင်းတာတွေအားလုံးအမေ့ခံလိုက်ရပြီး အင်တာနက်လူရိုင်း၊ အင်တာနက် လူသတ်ကောင်တွေရဲ့  တဖက်သက်ဆဲခံ၊ ဆက်ဆံခံရတဲ့ အုပ်စုထဲမှာ။
    မှတ်ချက်- အီးမေးလ်ပေးစာကဏ္ဍသို့ ဗမာမွတ်စလင်မ် အမည်ဖြင့်ပေးပို့လာသော စာတစောင်ဖြစ်ပါသည်။
    { ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ကြောင်းပါ။}
  • Online, Burmese Attack a Minority (ဘာသာပြန်)
    Online, Burmese Attack a Minority (ဘာသာပြန်)
    ၂၃ ဇွန်လ ၂၀၁၂ စနေနေ့ ‘စင်္ကာပူနိုင်ငံ’ နေ့စဉ်ထုတ် ‘တူဒေး’ သတင်းစာမှ ဆောင်းပါးဖြစ်ပါတယ်။
    ‘အမေရိကနိုင်ငံထုတ် နိုင်ငံတကာသိ ထင်ရှားကြော်ကြားတဲ့ ‘နယူးရော့တိုင်း’ သတင်းစာမှတဆင့် ပူးတွဲဖော်ပြထားခြင်းဖြစ်ပါတယ်။
    Saturday, June 23 2012
    ရေးသားသူ – Thomas Fuller
    ဆောင်းပါးအမည် – Online, Burmese Attack a Minority
    ရည်ညွှန်: – http://www.todayonline.com/PDFViewer/PDF/20120623/2306NYP061.pdf
    ရခိုင်ပဋိပက္ခကြောင့် စစ်တွေမြို့တွင် မီးလောင်နေသည့် မြင်ကွင်း
    Photo-AFP
    မြန်မာအစိုးရသစ်ဟာ ပြီ:ခဲ့တဲ့နှစ်အတွင်း တင်းကျပ်တဲ့ စာပေစိစစ်ရေး ဆင်ဆာမူဝါဒများ လျှော့ပေါ့ဖျက်သိမ်:ပေးခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသားများဟာ ယခင်စစ်အစိုးရအောက် ပိတ်ပင်တားမြစ်ထားခဲ့တဲ့ အမြောက်အမြားသော ဝက်ဘ်ဆိုက်များနှင့် အခြားအွန်လိုင်း အရင်းအမြစ်များကို လွတ်လပ်စွာအသုံးပြုခွင့် ရရှိလာကြပါတယ်။
    ဆင်းရဲမွဲတေမှုနက်ရှိုင်းပြီး လူဦးရေ ၅၅- သန်းခန့် ရှိတဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းစဉ်သို့ တဖြည်းဖြည်းပြောင်းလဲလာသော်လည်: လူနည်းစုဖြစ်တဲ့ မွတ်စလင်တို့(အထူးသဖြင့် ‘ရိုဟင်ဂျာ’လို့ခေါ်တဲ့ အနောက်ဘက်ဒေသနေ တိုင်းရင်းသားမွတ်စလင်လူမျိုးစု) အပေါ် ခက်ထန်စွာ အမုန်းပွါး တိုက်ခိုက် ရေးသားမှုများရှိလာပြီး မကြာသေးမီက အနောက်ဘက်ဒေသမှာ ဖြစ်ပွါးခဲ့တဲ့ လူဦးရေ ၂-ဒါဇင်မက ထိခိုက်သေဆုံးခဲ့ရတဲ့ လူမျိုးရေး အဓိကရုန်းကို ပိုမိုရှုပ်ထွေးစေခဲ့ပါတယ်။အောင်မြင်ထင်ရှားတဲ့ မီဒီယာလုပ်ငန်းတစ်ခုဖြစ်တဲ့ Eleven Media Group ရဲ့ FaceBook စာမျက်နှာပေါ် မကြာသေးမီက ရိုဟင်ဂျာလူမျိုး အလောင်းတစ်ခုတွေ့ရှိကြောင်း သတင်းပါလာတဲ့အခါ ‘ပြည့်ဖြိုးအောင်’ အမည်ရတဲ့ စာရှုသူတစ်ဦးက ‘ဒီလိုသတင်းမျိုး စောင့်နေတာ အတော်ကြာပြီ’ လို့ ကွန်မန့်ရေးပါတယ်။ အခြားတစ်ဦး ‘ကိုညီ’ဆိုသူက ‘သူသေရုံနဲ့ မလုံလောက်သေးဘူး’ လို့ရေးခဲ့တဲ့အပြင် ရိုင်းစိုင်းစွာလဲ ဆဲဆိုသွားပါတယ်။
    အင်တာနက်ပေါ်မှာ ရိုဟင်ဂျာမွတ်စလင်လူမျိုးများကို ခွေး၊ သူခိုး၊ အကြမ်းဖက်သမား စတာတွေအပြင် အခြားသေး နုပ်ရင့်သီးတဲ့ အသုံးအနှုန်းများနဲ့လည်: တိုင်းထွာကြပါတယ်။ ကွန်မန့်ရေးသူများက ‘ဒီလူမျိုးတွေကို အမြစ်ပြတ်ရှင်းပြစ်ဖို့ အစိုးရသစ်ကို တိုက်တွန်:တဲ့ရေးသားမှုများအပြင် ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံများကိုတောင် မကျေနပ်မှုများကို ထုတ်ဖော်ပြခဲ့ကြပါတယ်။ အစိုးရသတင်းဖော်ပြချက်အရ ရခိုင်ပြည်နယ်မှာဖြစ်ပွါးခဲ့တဲ့ အဓိကရုန်းကြောင့် လူ ၂၉-ဦး သေဆုံးခဲ့ပြီး အိုးအိမ်ပေါင်း ၂၅၀၀-ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ကုလသမဂ္ဂအစီရင်ခံချက်အရ လူဦးရေ ၃၀၀၀၀-ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့လည်: သိရပါတယ်။ ဖြစ်ပွါးခဲ့တဲ့ အဓိကရုန်းဟာ ရခိုင်ပြည်နယ်မှာသာ ဖြစ်ခဲ့တာဆိုသည့်တိုင် အင်တာနက်ပေါ်ရှိ ရေးသားမှုများ၊ ကွန်မန့်များနဲ့ ဘလော့ဂ်များမှာ ရိုဟင်ဂျာလူနည်:စုကိုသာမက နိုင်ငံအနှံ့အပြားရှိနေတဲ့ မွတ်စလင်အားလုံးအပေါ် မုန်းတီးတိုက်ခိုက်စော်ကားကြတာကို အထင်အရှားတွေ့ရပါတယ်။ ဦးသိန်:စိန်အစိုးရသစ်ဟာ အခြေအနေ ပိုမိုဆိုးရွားပြန့်နှံ့ မသွားအောင် ထိန်းသိမ်းခဲ့ပါတယ်။ အသင့်လျော်တဲ့ ဓာတ်ပုံဖော်ပြခဲ့တဲ့အတွက် လျှပ်တပြတ်ဂျာနယ်ကိုလည်: အရေးယူပိတ်ပင်ခဲ့ပါတယ်။ သို့သော်လည်: အင်တာနက်ပေါ်မှာတော့ဖြင့် အဓိကရုန်းဟာ ရိုဟင်ဂျာလူမျိုးများကိုသာမက အစ္စလာမ် ဘာသာဝင်များအပေါ် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရေးသားကြပါတယ်။ အခြားဘာသာဝင်များ၊ အခြားဘာသာစကားစာပေများ၊ အသားအရောင်ကွဲပြားမှုကအစ ရှုံ့ချရေးသားကြပါတယ်။
    ရိုဟင်ဂျာများကို ‘ဘင်္ဂါလီ’လို့လည်: သူတို့ကခေါ်ဆိုကြပါတယ်။ ရိုဟင်ဂျာများ နိုင်ငံသားအဖြစ် အသိအမှတ်မပြုတဲ့အပြင် နေထိုင်ခွင့်၊ ခရီးသွားခွင့်၊ မြေယာပိုင်ဆိုင်ခွင့်များသာမက လက်ထပ်ထိမ်းမြားခွင့်ကိုလည်: မတရားသဖြင့် ထိန်:ချုပ်ထားခြင်းခံရပါတယ်။ ဒီ့အပြင် ဥပဒေမဲ့ မတရား စေခိုင်းခြင်းနဲ့ အပြစ်မဲ့ ဖမ်းဆီးနှိပ်စက်ခံရခြင်းများလည်: ရှိပါတယ်။
    သူတို့ကို မြန်မာနိုင်ငံကဲ့သို့ပဲ ဘင်္ဂလားနိုင်ငံကလည်: အသိအမှတ်မပြုပါ။ ဇွန်က ၁၅-ရက် ဂျီနီဗာမြို့မှာ ကုလသမဂ္ဂအရာရှိများကပြောဆိုရာမှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားနယ်စောင့်တပ်တွေက ပြန်မောင်းထုတ်ခဲ့တယ်လို့သိရပါတယ်။
    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူးအဖွဲ့က အမျိုးသမီးများ၊ ကလေးငယ်များနဲ့ ဒဏ်ရာရရှိထားသူများပါရှိတဲ့ စားနပ်ရိက္ခာမဲ့ ဒီလှေသင်္ဘောတွေဟာ နိုင်ငံနှစ်ခုကြား ‘နဖ်’ မြစ်တလျောက် မျောလွင့်နေတယ်လို့ ပြောပါတယ်။ အင်တာနက်ပေါ်မှာတော့ မြန်မာလူမျိုးတွေဟာ ‘ဒီရိုဟင်ဂျာတွေကို အပြီးရှင်းပစ်၊ မောင်းထုတ်ပစ်’ လို့ ကြွေးကြော်နေကြပါတယ်။ ဒီထက်တောင်ပိုပြီး ဆိုးရွားစွာရေးကြပါတယ်။ ဇွန်လ ၁၄-ရက်နေ့မှာ EMG က မြစ်တလျောက်မျောပါလာတဲ့ အမျိုးသမီး လူသေအလောင်းကို ရေးသားဖော်ပြတဲ့အခါ စာရှုသူ အမျိုးသမီးတစ်ဦးက ”လူမျိုးဘာသာ’ မဖော်ပြတဲ့အတွက် ဘယ်လိုခံစားရမှန်း မသိ’ ကြောင်း၊ အခြားသူတစ်ဦးကလည်: ‘ဘာလူမျိုးမှန်းမသိတော့ ဝမ်းနည်းရမလား၊ ပျော်ရမလား မသိဘူး’ လို့ ပြောသွားကြပါတယ်။
    ဘန်ကောက်မြို့အခြေစိုက် ‘Poypiti Amatatham’ နှင့် ဂျီနီဗာအခြေစိုက် ‘Nick Cumming-Bruce’ တို့ရဲ့ သတင်းတင်ပြချက်ပါ။
    ဘာသာပြန် – လင်းယုန်နက် (ခြင်္သေ့မြို့တော်)
  • ရှိစေချင်တဲ့ ကျွန်တော့် ဦးလေး
    ရှိစေချင်တဲ့ ကျွန်တော့် ဦးလေး
    ဝင်းငြိမ်း
    ရန်ကုန်ဆေးရုံကြီး အမှတ် ၁၉/၂ဝ ဆေးကုသဆောင်ရှေ့၌ ပထမဦးဆုံး စင်မြင့် တရားပွဲအဖြစ် ဒေါ်အောင်ဆန်း စုကြည် ဟောပြောခဲ့စဉ်က ဦးဆန်နီညိမ်း ရိုက်ကူးခဲ့သော မှတ်တမ်း ဗီဒီယိုမှ ဤဓာတ်ပုံကို ရယူဖော်ပြပါသည်။ ဟောပြောပွဲတွင် ဒေါ်အောင်ဆန်း စုကြည်နှင့်အတူ ဆရာမောင်သော်က၊ ရုပ်ရှင်မင်းသမီး ခင်သီတာထွန်း
    အချိန် ကာလအားဖြင့် နှစ်ပေါင်း ၂ဝ ကျော် ကြာခဲ့ပါပြီ။ တိတိကျကျ ပြောရရင် ၁၉၉၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ ကပါ။ မြန်မာ နိုင်ငံမှာ ဇွန်လ ၁၁ ရက်နေ့ဆိုပေမယ့် ကျွန်တော် ရောက်နေတဲ့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မှာတော့ ဇွန်လ ၁ဝ ရက်နေ့ညပဲ ရှိပါသေးတယ်။ ကျွန်တော်က အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က သင်ကြားပို့ချနေတဲ့ ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေသင်တန်း တက်ရောက်ဖို့ အတွက် ရောက်ရှိနေခြင်းပါ။
    သင်တန်းသားများကို ထားရှိတဲ့ ကွန်ကောဒီယား အဆောင်ရဲ့ ၇ ထပ်မှာရှိတဲ့ ကျွန်တော့်အခန်းမှာ ရုပ်မြင်သံကြားက ထုတ်လွှင့်နေတဲ့ ပဟေဠိ အစီအစဉ်တစ်ခုကို စိတ်ဝင်တစား ကြည့်နေတာကြောင့် ညစာ တောင် မစားရသေးပါဘူး။
    စားပွဲ ပေါ်မှာရှိတဲ့ တယ်လီဖုန်း မြည်လာတာကြောင့် ကောက်ကိုင် လိုက်တော့ ဗွီအိုအေအသံလွှင့်ဌာန မြန်မာပိုင်း အစီအစဉ်က ဦးထွန်းအောင် ဖြစ်နေပါတယ်။ ဦးထွန်းအောင်က ကျွန်တော် လေဖြတ်ပြီးစမှာ သင်တန်းတက်ဖို့ ရောက်နေတာဖြစ်ကြောင်း သိထားတဲ့အတွက် နေကောင်းရဲ့လား ဘာလား အာလ္လာပသလ္လာပ စကားကို ပြောနေပါတယ်။ ရုပ်မြင်သံကြားအစီအစဉ်က ထုတ်လွှင့်နေတဲ့ ပဟေဠိ အစီအစဉ်ကလည်း အရှိန်မြင့်နေပြီဖြစ်လို့ စကားသာ ပြောနေရတယ် ကျွန်တော့်မျက်လုံးများကတော့ တီဗွီဖန်သားပြင်ပေါ်ကနေ မခွာနိုင်သေးပါဘူး။ ဦးထွန်းအောင်က “ကိုဝင်းငြိမ်း စိတ်အေးအေးထားနော်”လို့ စကားပလ္လင်ခံ လိုက်ချိန်မှာတော့ ကျွန်တော့်ခေါင်းထဲမှာ ဒိန်းကနဲ အမေ့ကို သတိရလိုက်ပါတယ်။  “ဟုတ်ကဲ့ ပြောပါ”လို့ ဆိုတော့မှ ဦးထွန်းအောင်က “ကိုဝင်းငြိမ်း ဦးလေး ဆရာမောင်သော်က ဆုံးသွားပြီလို့ ကျွန် တော်တို့ အခုပဲ သတင်းရပါတယ်” လို့ ပြောပြပါတယ်။ ကျေးဇူးတင်စကားပြောပြီး ကျွန်တော် တီဗွီကို ပိတ်လိုက်ပါတယ်။
    လေဖြတ် ခံထားရသူများဟာ စိတ်လှုပ်ရှားလွယ်ပါတယ်။ ရယ်စရာရှိရင် အတောမသတ်နိုင်အောင် ရယ်တတ်ပါတယ်။ ဘေးက တစ်ယောက်ယောက်က ပုတ်လိုက်ပြီး သတိပေးမှသာ ရပ်နိုင်သလို ဝမ်း နည်းစရာရှိရင်လည်း အငိုတိတ်လို့ မရအောင် ရှိတတ်ပါတယ်။ ကျွန်တော် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆောင်၁-၂ မှာ ကုသမှု ခံယူနေစဉ်တုန်းက ဘေးကုတင်မှာ ကလေးငယ် တစ်ယောက်ကို ကျောရိုးက အဆီထုတ်ယူတာကို မျက်ဝါး ထင်ထင် မြင်နေရပါတယ်။ ကလေးငယ်က ရှိုက်ကြီးတငင် ငိုတော့ ကျွန်တော်လည်း သူနဲ့အတူ ငိုနေလိုက်တာ သူအငိုတိတ်ပြီးတဲ့အထိ ကျွန်တော် တိတ်လို့ မရသေးပါဘူး။ အဲဒီအရှိန်ကြောင့် ဆရာမောင်သော်က ဆုံးပြီဆိုတဲ့သတင်းအတွက် တစ်ယောက်တည်း အားပါးတရငို နေမိပါတယ်။ ခဏကြာတော့ မြန်မာ မိတ်ဆွေများ တစ်ယောက်ပြီး တစ်ယောက်ဖုန်းဆက်ကြတဲ့အပြင် တချို့ မိတ်ဆွေများက ကိုယ်တိုင် လာရောက်ပြီး နှစ်သိမ့်ပေးကြပါတယ်။
    ဆရာမောင်သော်ကက ကျွန်တော့်ဖခင် ကျားဘညိမ်းနဲ့ ညီအစ်ကိုတစ်ဝမ်းကွဲ တော်စပ်ပါတယ်။ ကျွန်တော့်အဘိုး ဦးဖိုးမင်းနဲ့ သူ့အဖေ ဦးမှန်ကြီးတို့က ညီအစ်ကို အရင်းပါ။ အဖေနဲ့ ဆရာမောင်သော်ကတို့က တစ်ဝမ်းကွဲညီအစ်ကို ဆိုပေမယ့် အနေနီးတာကြောင့် ညီအစ်ကိုအရင်းများလို တွယ်တာ ကြပါတယ်။ ကျွန်တော်ငယ်စဉ် ကျွန်တော့်အဖေကလည်း နိုင်ငံ ကျော်လက်ဝှေ့သမားတစ်ဦးအဖြစ် အောင်မြင် ကျော်ကြားပေမယ့် ဝမ်းရေးအတွက် ကတော့ ကြော်ငြာဆိုင်းဘုတ်များ ရေးရပါတယ်။ ဟိုတုန်းကတော့ အခုလို ဗီနိုင်းလ်ခေတ် မဟုတ်တဲ့အတွက် သံပြားဆိုင်းဘုတ်များပေါ်မှာ ဆီဆေးနဲ့ ရေးဆွဲရတာပါ။  အဲဒီကာလမှာ နောင်မှာ စာရေးဆရာ မောင်သော်က သို့မဟုတ် ဗိုလ်ဘသော် ဖြစ်လာမယ့် (ဦး)ဘသော် က မိဘများရှိရာ ရွှေဘိုမြို့ကနေ ထွက်ခွာလာပြီး ကျွန်တော့်မိဘများနဲ့ လာနေပါတယ်။ အဖေ ဆိုင်းဘုတ်ရေးဖို့အတွက် သံပြားပေါ်မှာ  အောက်ခံဆေးသုတ်တဲ့ အလုပ်ကို အမေနဲ့သူက လုပ်ရပါတယ်။ အဖေ၊ အမေနဲ့ (ဦး)ဘသော်တို့ဟာ မောင်နှမအရင်းများလို ဝမ်းရေးအတွက် တက်ညီလက်ညီ လုပ်ခဲ့ကြတာပါ။ (ဦး)ဘသော်နဲ့ အမေတို့အောက်ခံဆေး ညီညီညာညာ သုတ်ထားပြီး အခြောက်ခံထားစဉ်မှာ သင်္ဘောဆေးမှာပါတဲ့ သင်နာအနံ့ကြောင့် ဖြုတ်ကလေးများက သံပြားပေါ်လာနားလိုက်ရင် ပျံလို့မရတော့ပါဘူး။ သံပြားပေါ်မှာ ကပ်နေပါ လေရော။ ဆိုင်းဘုတ်ဆွဲမယ်လို့ အဖေက ဟန်ပြင်လိုက်ရင် အဲဒီ ဖြုတ်ကလေးများကြောင့် ဆွဲမရလို့ ဒေါသဖြစ်ပြီး သူ့စုတ်တံတွေကို ချိုးပစ်ခဲ့တာ အခါခါဖြစ်သလို အမေတို့နှစ်ယောက်လည်း သုတ်ပြီးသား ဆေးတွေကို ကော့စတစ်နဲ့ ပြန်ချွတ်၊ နောက်တစ်ခါ အောက်ခံဆေးပြန်သုတ် လုပ်ခဲ့ရပါသတဲ့။
    အတူနေရာကနေ (ဦး)ဘသော် က ရန်ကုန်တက်သွားပြီး တပ်မတော်(ရေ)ထဲကို ဝင်သွားခဲ့ပါတယ်။ ကျွန်တော့်အဖေကလည်း အမျိုးသား ကိုယ်လက် ကြံ့ခိုင်ရေး ကောင်စီမှာ လက်ဝှေ့အားကစား နည်းစနစ်မှူး အဖြစ် ခန့်အပ်ခြင်းခံရတာကြောင့် မိသားစုလိုက် ရန်ကုန်ကို ပြောင်းလာခဲ့ကြပါတယ်။ ရန်ကုန်မှာ မိသားစုနှစ်စု ပြန်ဆုံကြပါတယ်။ ၁ဝ၁ လမ်းထိပ်မှာ သူတို့မိသားစု နေစဉ်ကာလ ကျွန်တော်တို့မိသားစုနဲ့ အတူပေါင်းနေခဲ့ကြပါ တယ်။ ကျွန်တော့်နှမငယ် စန္ဒာညိမ်းကို အဲဒီအိမ်မှာပဲ မွေးဖွားခဲ့ပါတယ်။
    မိသားစုနှစ်စုပေမယ့် မိသားစုတစ်ခုတည်းလို ချစ်ခင်ရင်းနှီးခဲ့တဲ့ ကျွန်တော့်ဦးလေး (ဦး)ဘသော်က တိုက်ရေယာဉ် ၁ဝ၃ မှာ ဦးစီး တာဝန်ကျစဉ် မြန်မာ့ပင်လယ်ပြင်မှာ သင်္ဘောနစ်မြုပ်ခဲ့ပါတယ်။ ပင်လယ်ပြင်မှာ အသက်ကယ် လှေကလေးတစ်စီးနဲ့ သူ့လက်အောက်ခံ တပ်မတော်သားများကို အတတ်နိုင်ဆုံး ဦးစီးကွပ်ကဲပြီး အသက်ရှင်လာခဲ့တဲ့သူ ဖြစ်ပါတယ်။ တိုက်ရေယာဉ် ၁ဝ၃ ပင်လယ်ပြင်မှာ အဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံးသွားစဉ် အဲဒီကာလတုန်းက ကာကွယ်ရေးဦးစီးချုပ်က တောခိုသွားတယ်လို့ ယူဆတာကြောင့် လေ ယာဉ်များနဲ့ ပင်လယ်ပြင်မှာ လိုက်ရှာပြီး ပစ်ခတ်နှစ်မြှုပ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။ ကံအား လျော်စွာ ပင်လယ်ကူး သင်္ဘောတစ်စင်းက တွေ့ရှိပြီး ကယ်တင် ခဲ့တာကြောင့် တချို့တလေ အသက်ရှင် ခဲ့ကြပါတယ်။
    ပင်လယ်ပြင်မှာ သူ မျောနေစဉ် အဒေါ်ဖြစ်သူ ဒေါ်လှရင်က ကိုယ်ဝန်ကြီးနဲ့ပါ။ အဒေါ်ကို အားပေးဖို့ အတွက် မိုးလင်းမိုးချုပ် အမေက အတူသွား နေပေးခဲ့ပါတယ်။ ဦးလေးတို့ကို ကယ်တင်လိုက်နိုင်ပြီလို့ သတင်းရပြီးတဲ့ နောက်မှာပဲ အဒေါ်က သမီးမိန်းကလေးတစ်ဦးကို မွေးဖွားပါတယ်။ ကျွန်တော့် အမေက ပင်လယ်ပြင်မှာ မျောနေခဲ့တဲ့ ဦးလေးကို ကယ်တင်နိုင်ခဲ့တဲ့ သမီးအဖြစ် တင်စားပြီး “မေခလာ”လို့ အမည်ပေးခဲ့ပါတယ်။ (အခုတော့ အဲဒီကလေးမ နာမည်က ဒန္တီ လို့ အမည်တွင်နေပါပြီ။)
    ဦးလေးက နောင်မှာတာဝန်ရှိသူများက “ရှေ့သို့”နဲ့ “Forward” ဂျာနယ် တို့မှာ အယ်ဒီတာချုပ်အဖြစ် တာဝန် ပေးအပ်ခဲ့ပါတယ်။ ဒီဂျာနယ်တွေက ဆိုရှယ်လစ်ခေတ်ဦးမှာ လှုံ့ဆော်စည်းရုံးရေး ဂျာနယ်များပါပဲ။
    တိုက်ရေယာဉ် ၁ဝ၃ နဲ့ ပတ်သက်ပြီး သူဘာမှမရေးဘဲ ရေငုံနှုတ်ပိတ်နေခဲ့ရာက နှစ်ပေါင်း ၃ဝ ကြာ မှ ဆရာ ဦးမြလှိုင်ရဲ့ပေဖူးလွှာမဂ္ဂဇင်း မှာ အသေးစိတ် ပြန်လည်ရေးဖွဲ့ခဲ့ပါတယ်။ အဲဒီကာလတုန်းက နာမည်ကြီး ကိုယ်တွေ့ဖြစ်ရပ်တစ်ခုအဖြစ် စာဖတ်ပရိသတ်များ နှစ်ခြိုက်ခဲ့ကြပြီး လုံးချင်းအဖြစ်လည်း ထုတ်ဝေခဲ့ပါတယ်။
    ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီး ပေါ်ပေါက်တဲ့အခါမှာ ဦးလေး မနေသာဘဲ ပါဝင်လာခဲ့ရပါတယ်။ မိခင်ဖြစ်သူ နာမကျန်းဖြစ်တာကို လာရောက် စောင့်ရှောက်နေတဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို တရားဟောဖို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့မှာ စီစဉ်ပြီး သူကိုယ်တိုင် ကျွန်တော့်ညီ မျိုးမြင့်ညိမ်းရဲ့ ဂျစ်ကားနဲ့ သွားခေါ် ခဲ့ပါတယ်။ ဒီလူထုတရားပွဲဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံးသော လူထုနဲ့ ထိတွေ့ပွဲ ဖြစ်ခဲ့ပါတယ်။
    တပ်မတော်(ရေ)က တာဝန်ရှိပုဂ္ဂိုလ်ကြီးများ ကိုလည်း အိတ်ဖွင့်ပေးစာရေးပြီး လူထုနဲ့ ပူးပေါင်းဖို့ နားချ ခဲ့ပါတယ်။ ဒီကိစ္စများကြောင့် နအဖ အစိုးရအဖွဲ့က တပ်မတော်ကို ဖြိုခွဲရန် ကြံစည်မှုလို့ စွပ်စွဲပြီး ထောင်ချ ခဲ့ပါတယ်။ အကျဉ်းထောင်အတွင်းမှာ ကျန်းမာရေးချို့ယွင်း လာပေမယ့် ထိရောက်တဲ့ ဆေးဝါး ကုသမှု မရခဲ့ပါဘူး။
    လူတစ်ယောက်ရဲ့နောက်ဆုံးအချိန်မှာ သူချစ်တဲ့၊ သူခင်တဲ့ အထူးသဖြင့် မိသားစုကိုတော့ တွေ့ချင်မှာ မလွဲပါဘူး။ ကျွန်တော့် ဦးလေးကတော့ အခြေအနေ မကောင်းတော့တဲ့အချိန်မှာ ထောင်ကနေ ရန်ကုန်ဆေးရုံကြီး ပို့ခဲ့ပေမယ့် မိသားစုကိုတော့ အကြောင်းကြား မပေးခဲ့တာ အခုအချိန်ထိ အသည်းနာစရာ ကောင်းလှပါတယ်။ (နောက်ဆုံးအချိန်မှာ ဆရာမ မသီတာ(စမ်းချောင်း) ကတော့ လူနာခန်းထဲဝင်ပြီး စမ်းသပ် သလိုလိုနဲ့ တွေ့ခွင့်ရလိုက်ပါတယ်။)
    ကွယ်လွန်ပြီးတဲ့နောက်မှာလည်း မိသားစုမှာ ခင်ပွန်း၊ အဖေ၊ ဦးလေးကို နောက်ဆုံးအဖြစ် ဝအောင် ကြည့်ခွင့်မရပါဘူး။ အလောင်းကို အစောင့်အကြပ်များနဲ့ သယ်လာပြီး အစ္စလာမ်ဘာသာဝင်တို့ရဲ့ထုံးစံအတိုင်း ရုပ်အလောင်းကို ရေချိုးပေးချိန်မှာတောင် ဝန်းရံစောင့်ကြပ်ခဲ့ကြပါတယ်။
    အခု ကျွန်တော့် ဦးလေးရဲ့ ရုပ်အလောင်းက မြှုပ်နှံခွင့် ပိတ်ပင်ထားပြီဖြစ်တဲ့ ကန်တော်လေး စွန္နီသုသာန်မှာ မြှုပ်နှံခဲ့ကြပါတယ်။
    တပ်မတော်သားကောင်း တစ်ဦးပီသစွာ လက်အောက်ခံ တပ်မတော်သားများ အသက်ကို ကယ်တင်နိုင်ခဲ့တဲ့ ကျွန်တော့်ဦးလေးဟာ ဆုလာဘ်အဖြစ် နောက်ဆုံးအချိန်မှာ ဆေးကုသခွင့်မရဘဲ ကွယ်လွန်ခဲ့ရရှာပါတယ်။ အခု ဇွန်လ ၁၁ ရက်နေ့ ဆိုရင် နှစ်ပေါင်း ၂၁ နှစ်ပြည့်တော့ မှာပါ။ ဒီအချိန်မှာသာ သူရှိမယ် ဆိုရင်…
    http://www.myanmarij.com မှ ကူးယူဖော်ပြပါသည်။