News @ M-Media

Category: M-Media Blog

  • အာဏာရူး ပါဝါရူး (ကဗျာ- M-Media Blog ကဏ္ဍ)

    အာဏာရူး ပါဝါရူး (ကဗျာ- M-Media Blog ကဏ္ဍ)

    သြဂုတ်လ- ၂၅ ရက်၊ ၂၀၁၃
    M-Media
    ရေးသူ- ကျောက်ခဲ

    လူ့ မလိုင် သူ့ စတိုင်က
    လေချင်းအတူတူ
    လူသားချင်းအတူတူ
    သူကပိုရူချင်နေသူ

    ငြိမ်းချမ်းရေး အတွက်ပါ
    စိမ်းလန်းရေးအတွက်ပါ
    အပြောကောင်းသူ့ မျက်နှာ
    စိတ်ထဲမပါ သကာရည်ရော
    ဟန်ဆောင်ပြုံးရတာမော

    ငါ့လက် ငါ့ခြေ
    ငါ့ခေတ် ငါ့အခါမှာ
    အချောင်လိုချင် လက်ညိုးထောင်
    ကောင်းစားချင်ရင် လက်ညိုးထောင်
    ငါစေရာကို ကူညီပေး
    ခရိုနီခေါ်ခေါ် လက်ပရိုစီခေါ်ခေါ်
    ဆွေစဉ်မျိုးဆက်ချမ်းသာဖို့ အရေး
    ငါ့ကိုထောက်ခံပေး ငါ့ကိုအာဏာပေး

    မနက်စာ  မရှိရင်သတိရ
    နေ့ လည်စာ.  မရှိရင်သတိရ
    အရင်လိုအိပ်စက်ဖို့  အိပ်ယာကိုသတိရ
    အရင်လိုစစ်မဖြစ်တဲ့  အချိန်ကိုပြန်တမ်းတရင်
    နောက်ဆုံးသတိရဖို့  တမ်းတဖို့ တစ်ခုက
    ငြိမ်းချမ်းကျဖို့ အရေး
    ငါ့ကိုထောက်ခံပေး  ငါ့ကိုအာဏာပေး

    လူ့ အပေါ်ကို တက်ဖို့  လူတွေကိုပဲနင်းခဲ့တယ်
    လူ့ အပေါ်ကိုတက်ဖို့  လူတွေကိုပဲသတ်ခဲ့တယ်
    လူ့ အပေါ်ကိုတက်ဖို့  ဘာသာရေးကိုအလေးခိုးခဲ့တယ်
    လူ့ အပေါ်ကိုတက်ဖို့  ဘုန်းကြီးကျောင်းကိုရုံးခန်းဖွင့်တယ်
    လူ့ အပေါ်ကိုတက်ဖို့  လူတွေကိုပြီးတဲ့ ကတုံးနဲ့ စက်ရုပ်တုတွေကိုအသုံးချခဲ့တယ်
    လူ့ အပေါ်ကိုတက်ဖို့  ဘုရားနဲ့ကုလားကိုချခိုင်းတယ်

    လူတွေမသိလို့  နားမလည်လိုက်လို့ 
    လူတွေကသာစတေးခံခဲ့ရ
    အာဏာရူးမှာ မေတ္တာသုတ်မရှိဘူး
    ပါဝါရူးဟာ ကိုယ်ချင်းမစာဘူး
    ကမ္ဘာပတ်လိမ်တဲ့ မုသာဝါဒီ
    သီလအစုံ တစ်ပါးမှမလုံတဲ့
    အရင်ကအစိမ်း ဝမ်းဆက်
    အခုတိုက်ပုံအဖြူဝတ်နဲ့ 
    ပါတီလိုလိုနာဇီလိုလိုနဲ့ 
    လူလူချင်းသတ်ခိုင်းတဲ့အရူး
    အရူးတကာ့ထွတ်ခေါင်အရူး
    အာဏာရူး ပါဝါရူး

  • လူသည် စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ ဟုတ်ပါသလား ??? (M-Media Blog ကဏ္ဍ)

    သြဂုတ်လ- ၂၀ ရက်၊ ၂၀၁၃
    M-Media
    အိမ်ဝေးသူ (KZ)

    mypic

    “Man Is A Rational Animal”
    “လူသည် စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ ဖြစ်သည်” ….တဲ့။

    မှန်ပါသလား???

    ဂရိတွေးခေါ်ပညာရှင်ကြီး အရစ်(စ်)တိုတယ်လ် (Aristotle)က ဆိုခဲ့ခြင်းဖြစ်ချေသည်။ လူသည် မိမိလုပ်ကိုင်သည့် အရာကိစ္စတိုင်းအတွက် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း ရှိသည်ဟု သူက ယူဆခဲ့သည်။ သစ်ပင်၊ ပိုးမွှားတိရစ္ဆာန်၊ လူသားတို့အနက် သစ်ပင်သည် စဉ်းစားဆင်ခြင်နိုင်စွမ်း အနည်းဆုံး၊ ပိုးမွှားတိရစ္ဆာန် တို့က ဒုတိယ စဉ်းစားဆင်ခြင်နိုင်စွမ်း အနည်းဆုံးဖြစ်ပြီး လူသားကမူ စဉ်းစားဆင်ခြင်နိုင်စွမ်း အရှိဆုံးဟု ဆိုသည်။

    လူတို့၏ ဆင်ခြင်ဥာဏ်၌ ဖြစ်သင့်၏၊ မဖြစ်သင့်ပါ ဟူသော (concepts) နှင့် မျှတ၏၊ မမျှတပါ ဟူသော (Justification) သမမျှတသော စိတ်အခြေခံ ရှိသည်ဟုအရစ်(စ်)တိုတယ်လ် ကြွေးကြော်ခဲ့သည်။ သူ့ခေတ်အခါတုန်းက အရစ်(စ်)တိုတယ်လ်သည် “zoon logikon” ဟူသောအသုံးအနှုံးကို သုံးခဲ့သည်။ “Zoon” ဆိုသည်က “zoo”(animal) သတ္တဝါနှင့် အဓိပ္ပါယ်  တူပြီး “logikon” ဆိုသည်ကတော့ “rational” (power to think) ဆင်ခြင်စွမ်းအား ဟု ရည်ညွှန်းခဲ့သည်။ ဤနေရာတွင် သူက လူတို့၏ ဆင်ခြင်နိုင်စွမ်းသည် အတ္တဝိညာဉ် (human soul) နှင့် တိုက်ရိုက်ပက်သက်ပြီး အတ္တဝိညာဉ် နှင့် ဆင်ခြင်တုံ့တရား ပေါင်းလိုက်ခြင်းဖြင့် လူသားက အခြားသက်ရှိများနှင့် ယှဉ်လိုက်လျှင် အမျှတဆုံး၊ အတွေးခေါ်နိုင်ဆုံး၊ အဆင်ခြင်နိုင်ဆုံး သတ္တဝါဟု ဆိုလိုခဲ့ဟန်တူသည်။
    ထို့အပြင် လူသည် ဗဟုသုတ (Knowledge) နှင့် အသိဥာဏ် (Intelligent) တရားနှင့် ပြည့်စုံသည့် ပေါင်းသင်းဆက်ဆံရေး သတ္တဝါတစ်မျိုးဖြစ်သည်။  ဤနေရာတွင် အသိဥာဏ် (Intelligent)  ကို အောက်ပါ အချက် (၅) ချက်ဖြင့် ဖွဲ့စည်းထားပေသည်။

    ယင်းတို့မှာ…
    အတွေအကြုံ (Experience)

    သင်ယူနိုင်ခြင်း (Learning)

    စဉ်းစားခြင်း (Thinking)

    ကျိုးကြောင်းဆင်ခြင်ခြင်း (Reasoning)

    မှတ်ဥာဏ် (Memory) တို့ ဖြစ်သည်။
    ဤသို့ ပြည့်စုံကုံလုံသော အချက်ပေါင်းများစွာကို အခြေခံပြီး လူသည် စဉ်းစားဆင်ခြင်နိုင်စွမ်း အရှိဆုံးသော မဟာလူသားများ ဖြစ်လာရခြင်း ဖြစ်ချေသည်။ စာဖတ်သူများအနေဖြင့် မဟာလူသားဝါဒအား တနည်းနည်းဖြင့် ဂုဏ်ယူကြပေလိမ့်မည်။ သို့ သော် နှစ်ဆယ်ရာစု အစပိုင်းလောက်၌ အရစ်(စ်)တိုတယ်လ်၏ အဆိုအား ဆန့်ကျင်သည့် ပညာရှင် နှစ်ဦး ထွက်ပေါ်လာသောအခါ ကျွုန်ုပ်တို့ လူသားများ၏ ဂုဏ်သိက္ခာများ ကျဆင်းခဲ့ရပေသည်။ ပထမ ပညာရှင်မှာ ဆစ်ဂ်မန်းဖရွိုက်ဒ် (Sigmund Freud) ဖြစ်ပြီးဒုတိယ ပညာရှင်မှာ ဘာထရန် ရက်ဆဲလ် (Bertrand Russell) ဖြစ်ချေသည်။ ဤပညာရှင် နှစ်ဦး မပေါ်ထွန်းခင် ခေတ်များက ပညာရှင်တို့က လူသား၏ စဉ်းစားဆင်ခြင်နိုင်စွမ်းကို အခြေပြု၍ လူဖြစ်ရခြင်းကို ကျေနပ်ခဲ့ကြသည်။

    မစ္စတာ ဖရွိုက်ဒ်က… ကျွန်ုပ်တို့ လူသားများသည် အမြင်အားဖြင့် အင်မတန် ဆင်ခြင်တတ်ကြသော အသိဥာဏ် ရှိသည်ဟု ယူဆရသော်လည်း တကယ့် လက်တွေ့ တွင်မူ ကျွန်ုပ်တို့ လူသားများကို ဦးဆောင်နေသည်မှာ ဆင်ခြင်တတ်ကြသော အသိဥာဏ် မဟုတ်ဘဲ လူတို့၏ မသိစိတ်၊ အစွဲအလန်း၊ အလိုရမ္မက်  ဒေါသတရား အစရှိသည်တို့ ဖြစ်ကြောင်း တင်ပြခဲ့ကြသည်။

    မစ္စတာ ရက်ဆဲလ်ကလည်း” လူဟာဆင်ခြင်ဥာဏ်ရှိတဲ့ သတ္တဝါများ ဖြစ်တယ်လို့ ယုံကြည်ခဲ့သည့် အလျောက် နေရာတော်တော်များများမှာ ရှာကြည့်ခဲ့ဖူးသည့် အကြောင်း၊ သို့သော် လူသားများသည်  မိုက်မဲမှုများ၊ နိုင်လိုမင်းထက် ပြုမှုများဘက်သို့ သာ ဦးတည်နေကြောင်း” ညည်းခဲ့ရှာသည်။

    ၂၁ ရာစုတွင်မူ ဤအဖြေသည် တစ်စတစ်စ ရှင်းလင်းပြတ်သားလာချေပြီ။ ကျောက်ခေတ်တုန်းက လူသားများသည် အသားစိမ်းများကို စားသောက်ခဲ့ကြသည်။ ဖိုမ ရေးရာ ကိစ္စများကို လုံခြုံစွာ လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ကြ။ လုံခြုံမှုမရှိသော ကိုယ်ထည်ဖြင့် ရှင်သန်ခဲ့ကြသည်။ ယခုအခါတွင်မူ လိုချင်သလောက် အဝတ်အထည်များ လုံခြုံစွာ ဝတ်ဆင်နိုင်သော်လည်း Sexy ဟု တစ်မျိုး၊ အလှအပ ဟု တစ်ဖုံ နာမည်တပ်၍ ကျောက်ခေတ်နှင့်မခြားသော အဝတ်အစားများ ဝတ်ဆင်လာကြချေပြီ။

    ဖိုမ ရေးရာ ကိစ္စများတွင်လည်း စည်းစောင့်ခြင်းတို့ နည်းပါးလာကြသည်။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ တရားစီရင်ရေး၊ နှလုံးသားရေး၊ အစရှိသဖြင့် အရေးကိစ္စများစွာတို့တွင် အရစ်(စ်)တိုတယ်လ် မျှော်လင့်ချက်ကြီးကြီး ထားခဲ့သလို မှန်၏ မှား၏ မဆင်ခြင်ကြတော့။ သင့်တင့်၏၊ မသင့်တင့်၏ မစဉ်းစားတော့။ မိမိဖို့သာ ကြည့်လာတတ်ကြတော့သည်။

    ထို့ပြင် ပိုင်ဆိုင်လိုစိတ် ရမ္မက်တရားတို့ ပိုများပြားလာသည်။ ကိုလိုနီနယ်ချဲ့မှုများကို ကမ္ဘာမြေပြင်တွင်သာမက လ,ကမ္ဘာသို့တိုင် သွားရောက် လုပ်ဆောင်လာကြသည်။ အနိုင်ရရေးအတွက်၊ လက်ဦးမှု ရရေးအတွက် လူသားမျိုးတုံးစေသော လက်နက်များ အပြိုင်အဆိုင် ထုတ်လုပ်ကြသည်။ လူ့အခွင့်အရေးခေါင်းစဉ်အောက်တွင် လူသားတစ်ဦးစီ၏ အခြေခံအကျဆုံးသော အခွင့်အရေးများကို အပြိုင်အဆိုင် ချိုးဖောက်လာကြသည်။ ကိုယ်ကျင့်တရားပိုမိုကောင်းမွန်အောင်၊ ကိုယ်ချင်းစာတရား ထွန်းကားလာအောင် အလျင်းမျှ မကြိုးစားကြဘဲ တိုက်တာ၊ အိုးအိမ်စည်းစိမ်တို့ ကြီးပွားတိုးတက်ရေး စသည့် ရုပ်ဝထ္ထု တို့ နောက်သို့သာ မနေမနား ကြိုးပမ်းနေကြပေသည်။

    ကျွန်ုပ်အဖို့မူကား

    မိမိ၏ လည်ချောင်းအတွင်းသို့

    အစားတစ်လုတ် ချောမွေ့စွာ ဝင်ရောက်ရေးအတွက်

    အခြားလူသားတစ်ဦး၏ လည်မြိုအားနင်းခြေရမည်ဆိုလျှင်

    (စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ) လူမဖြစ်လိုပါ။

    မိမိ၏ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအတွက်

    အခြားလူသားတစ်ဦး၏ ကိုးကွယ် ယုံကြည်လေးစားမှုအား

    စော်ကားဖျက်စီးရမည်ဆိုလျှင်

    (စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ) လူမဖြစ်လိုပါ။

    မိမိ၏ နှလုံးသား လန်းဆန်းရှင်သန်စေရန်အတွက်

    အခြားလူသားတစ်ဦး၏ နှလုံးသားအား

    သေရာပါ ဒဏ်ရာ ပေးခဲ့ရမည်ဆိုလျှင်

    (စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ) လူမဖြစ်လိုပါ။

    မိမိ၏…………………………………အတွက်

    ……………………………………………………..ခဲ့ရမည်ဆိုလျှင်

    (စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ) လူမဖြစ်လိုတော့ပါ။

    ဤနေရာတွင် ပြင်သစ် ဒဿနိကဗေဒ ပညာရှင် ရက်နေးဒီကာတ် (René Descartes) က ပြောခဲ့သော စကားတစ်ခွန်းကို တင်ပြလိုသည်။ ယင်းမှာ…

    “I think therefore I am.” 

    “ငါသည် စဉ်းစားဆင်ခြင်သည်၊ထို့ကြောင့် ငါအဖြစ် ဖြစ်တည်၏” ဟူသော စကားဖြစ်သည်။ ဆိုလိုသည်မှာ လူသားသည် လူသားအဖြစ် ရပ်တည်ရန်အတွက် လူသားဆန်ဆန် စဉ်းစားဆင်ခြင်သင့်သည်။ သို့မဟုတ်က လူအဖြစ်မှ တိရစ္ဆာန် အဖြစ်သို့ ရောက်ရှိသည်နှင့် မခြားဖြစ်သည်။  မြန်မာပြည်က ဘာသာရေး ဖိနှိပ်မှုများ၊ အီဂျစ်ပြည်က လူသတ်မြင်ကွင်းများ၊ အိန္ဒိယ၊ ပါကစ္စတန် တင်းမာမှုများ စသည့် လတ်တလောအဖြစ်အပျက်များကို ကြည့်ပါက “လူသည် စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ ဖြစ်သည်” ဟူသော စကားအား ကျွန်ုပ် သံသယ ရှိပေသည်။ အသက်တွေကို ကယ်တင်ဖို့ဝေးစွ၊ အသက်ပေါင်းများစွာ သေကြေပျက်စီးခြင်း ဆိုက်ရောက်နေသည့်အတွက် ကျွန်ုပ်တို့၏ လူသားဆန်သော စိတ်ဓာတ်များ တစ်နေ့ထက်တစ်နေ့ ရှားပါးလာပြီ ဟု ယူဆနိုင်ပေသည်။

    သက်ရှိသတ္တဝါတို့တွင် အတွေ့အကြုံမှ သင်ခန်းစာ ယူတတ်ကြသူများမှာ စဉ်းစားဆင်ခြင်တတ်သည် ဟူသော မဟာလူသားများမှ တစ်ပါး အခြားမရှိချေ။ ဥပမာဆိုသော် ပလူကောင်များသည် မိုးဦးကာလ၌ အလင်းရှိရာဆီသို့ အုပ်စုလိုက် ဝင်ရောက်လေ့ ရှိသည်။ ထိုပလူကောင်များသည် ရှေ့ဆုံးက ပလူကောင်တစ်ကောင် မီးအိမ်၊ဖယောင်းတိုင်၊ အစရှိသဖြင့် တစ်စုံတစ်ရာနှင့် ထိပြီး အတောင်ပံများ လောင်ကျွမ်းပျက်စီးသည်ကို မြင်သော်လည်း နောက်မှ အကောင်များက ရပ်တန့် သွားခြင်းအလျင်းမရှိ။

    ရှေ့သို့သာ တိုးကြကုန်၏။ ထို့ကြောင့် နောက်လိုက် ပလူကောင်တို့သည်လည်း မီးအလင်းရောင်သည် ယင်းတို့အတွက် အန္တရာယ်ကြီးလွန်းသည်ကို မျက်မြင်အသိ ဖြစ်သော်လည်း အတွေ့အကြုံမှ သင်ခန်းစာ မယူတတ်ရုံမျှမက စဉ်းစားဆင်ခြင်နိုင်စွမ်းလည်း မရှိသည့်အတွက် အတောင်ပံများ လောင်ကျွမ်းပြီး ပျက်စီးခြင်း အဖြစ်သို့ ဆိုက်ရောက်ရလေသည်။

    နိဂုံးချုပ်အနေဖြင့်ဆိုရသော် ကမ္ဘာ့ သမိုင်း၌ လူသားတို့မှားခဲ့ကြ၏။ ယခုထိလည်း မှားနေကြဆဲဖြစ်သည်။ ရှေ့ခရီးလမ်းတစ်လျှောက် အမှားများနည်းသထက်နည်းလာရန်မှာမူ ရရှိထားသော လူသားအသိဥာဏ်နှင့် ဆင်ခြင်တုံ့တရားကို နည်းလမ်းကျကျ အသုံးပြုရုံသာ လိုအပ်သည်။ ပလူကောင်များကဲ့သို့ အတွေ့အကြုံမှ သင်ခန်းစာ ယူနိုင်စွမ်းမရှိပါက ကျွန်ုပ်တို့ လူသားများ ပျက်စီးခြင်းနှင့် မုချဧကန် ကြုံတွေ့ရပေမည်။ ကျွန်ုပ်တို့၏ စဉ်းစားဆင်ခြင်နိုင်စွမ်း၊ကိုယ်ကျင့်တရားနှင့် ကိုယ်ချင်းစာတရားတို့ကို ထိန်းကျောင်း တည့်မတ် ပြုပြင်ပေးပါက “လူသည် စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ ဖြစ်သည်” ဟူသော အဆိုနှင့် ကိုက်ညီရုံမျှမက လူတို့၏ ဂုဏ်သိက္ခာနှင့် လူ့ယဉ်ကျေးမှု ပြန်လည် မြှင့်တင်ရေး အတွက် အသေအချာ အထောက်အကူ ပြုပေလိမ့်မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

    references :

    http://www.brainyquote.com/quotes

    http://en.wikipedia.org/wiki/Aristotle

    http://en.wikipedia.org/wiki/Sigmund_Freud

    http://en.wikipedia.org/wiki/Bertrand_Russell

    http://en.wikipedia.org/wiki/Rational_animal

    အိမ်ဝေးသူ (KZ)

     

    ===================၀၀၀====================၀၀၀=================

    ဝန်ခံချက်။ ။ ဤပို့စ်ပါအကြောင်းအရာများ၌ အားနည်းချက်၊ အမှားအယွင်း တစ်စုံတရာ ပါရှိခဲ့ပါက စာရေးသူ၏  လေ့လာမှု အားနည်းခြင်းကြောင့်သာ ဖြစ်ပါသည်။ လိုအပ်ချက်များကို စာဖတ်သူမှ   ဖြည့်စွက်ပေးမည်ဆိုပါက အတိုင်းမသိ ဝမ်းမြောက်မိမည် ဖြစ်ပါကြောင်း။

  • ရူးချင်ယောင်ဆောင်ခြင်း၏ နောက်ကွယ်၌ (M-Media Blog ကဏ္ဍ)

    သြဂုတ်လ-၁၁ရက်- ၂၀၁၃
    M-Media
ေ၇းသူ- အိမ်ဝေးသူ (KZ)

    cleverppl

    တစ်ခေတ်တစ်ခါတုန်းက အိန္ဒိယနိုင်ငံအလယ်ပိုင်းက ရွာတစ်ရွာမှာ အလွန်ထင်ရှာကျော်ကြားတဲ့ သင်္ချာပညာရှင်ကြီးတစ်ယောက်ရှိခဲ့တယ်။ သူဟာ သင်္ချာပညာမှာ တော်လွန်းတဲ့အတွက် မကြာမကြာဆိုသလို နယ်စားမင်းကတောင် ခေါ်ပြီးတော့ စီးပွားရေးနဲ့ ဆိုင်တဲ့ တွက်ချက်မှုတွေ၊ အကြံဥာဏ်တွေ တောင်းယူရပါသတဲ့။

    သူ့ရဲ့ ဂုဏ်သတင်းဟာ ပတ်ဝန်းကျင် တစ်ခွင် ပြဲပြဲစင်ဆိုပဲ။ ဒါပေမယ့် သူနေတဲ့ ရွာက ရွာလူကြီးရဲ့ ကဲ့ရဲ့ လှောင်ပြောင်မှုက သူ့ကို တော်တော်နာကျင်စေတယ်။

    “ဗျို့ ဆရာကြီး…ခင်ဗျားကတော့ နယ်စားကြီးကိုတောင် စီးပွားရေးနဲ့ ပက်သက်တဲ့ အကြံဥာဏ်တွေ ပေးနိုင်တဲ့ တကယ့် သင်္ချာပညာရှင်ကြီးပဲဗျာ။ ဒါပေမယ့် ခင်ဗျားသားကတော့ သိပ်သနားဖို့ ကောင်းရှာတယ်။  ရွှေနဲ့ ငွေမှာ ဘယ်ဟာက ပိုတန်ဖိုးကြီးသလဲဆိုတာတောင် မသိရှာဘူးဗျာ”

    တစ်ရက်လည်းမဟုတ်၊ နှစ်ရက်လည်း မဟုတ်၊ နေ့ စဉ်ဆိုသလို ဖြစ်လာတော့ သင်္ချာပညာရှင်လည်း သူ့ သားကို ခေါ်ပြီး မေးရတော့တယ်။

    သင်္ချာပညာရှင်။  ။       လူလေး…ရွှေနဲ့ ငွေမှာ ဘယ်ဟာက ပိုတန်ဖိုး ကြီးသလဲကွ?

    သား။  ။                  ရွှေက ပိုတန်ဖိုး ကြီးတာပေါ့ အဖေရ။

    သင်္ချာပညာရှင်။  ။       အေး၊ အဲဒါ အမှန်ပဲလေ။ ဒါနဲ့များတောင် ရွာလူကြီးက မင်းဟာ ရွှေနဲ့ ငွေရဲ့ တန်ဖိုးကိုတောင်

                                မသိသူလို့ ဘာကြောင့် ငါ့ကို လှောင်ပြောင်ရသလဲ? ငါ့ကို အမြဲတမ်း သားကို ဂရုမစိုက်ဘဲ ပစ်ထားတဲ့

                                ဖခင်တစ်ယောက်အဖြစ် အခြားလူကြီးတွေရှေ့ မှာ ကဲ့ရဲ့ ဝေဖန်တယ်။

                                အဖေ..ဘယ်လောက်နာကျင်ရသလဲ မင်းသိရဲ့ လား။ အဖေထင်တာက မင်းက တကယ့်ကို

                                ရွှေနဲ့ ငွေ တန်ဖိုးကို မသိလို့ အဖေ့နောက်ကွယ်မှာ မင်းအကြောင်းကို လှောင်ပြောင်ကဲ့ရဲ့ ကြတာလို့ 

                                ထင်ခဲ့တာကွ။ အဲဒီကိစ္စကို အဖေ့ကို နားလည်အောင်ရှင်းစမ်း။

     

    အဲဒါနဲ့ သားဖြစ်သူဟာ ဖခင် သင်္ချာပညာရှင်ကြီးကို ရွာသူကြီးက သူ့ကို ဘာကြောင့် အထင်မြင်သေးစွာ ဆက်ဆံသလဲဆိုတာကို အခုလို ရှင်းပြတယ်။

    သား။  ။                ဒီလိုအဖေရ…နေ့စဉ်နေ့တိုင်း ကျွန်တော် ကျောင်းသွားတဲ့အခါ သူကြီးအိမ်ရှေ့ရောက်တဲ့အခါတိုင်း  ရွာသူကြီးက ကျွန်တော့်ကို အိမ်ထဲဝင်ဖို့ခေါ်တယ်။ အိမ်ထဲမှာ အခြားရွာလူကြီးတွေလည်း အပြည့်ပေါ့ဗျာ။ အားလုံးရှေ့မှာ သူက လက်တစ်ဖက်မှာ ရွှေပြားတစ်ပြားနဲ့ အခြားလက်တစ်ဖက်မှာ ငွေပြားတစ်ပြားကိုင်ထားပြီးတော့ ပိုတန်ဖိုးကြီးတဲ့ တစ်ခုကို ရွေးပြီးယူခွင့်ပေးပါတယ်။

      ကျွန်တော်က ငွေပြားကိုရွေးပြီးယူတော့ သူအပါအဝင် အခြားလူကြီးတွေအားလုံးက ကျနော်က  ရွှေနဲ့ ငွေတန်ဖိုးမသိသူအဖြစ် ရယ်စရာ သတ္တဝါတစ်ကောင်လို လှောင်ပြောင်ကြပါတယ်။  ကျွန်တော်လည်း ငွေပြားကိုယူပြီးရင် ကျောင်းကို ဆက်သွားပါတယ်။ ဒါက   ခုဆိုရင် နေ့ စဉ်ရက်ဆက်ကို ဖြစ်နေတာပါ။ အဲဒါကြောင့်ပဲ သူတို့က အဖေ့ရှေ့မှာ ကျနော်ဟာ ငတုံးဆိုတဲ့ သဘောမျိုးနဲ့ လှောင်ပြောင်ကြတာပါ။

    သင်္ချာပညာရှင်။  ။   ဟေ…!!!

    သားဖြစ်သူရဲ့ စကားကို ကြားတော့ ဖခင်ဖြစ်သူ သင်္ချာပညာရှင်လည်း ခေါင်းရှုပ်သွားတော့တယ်။ သူ့ သားဟာ ရွှေနဲ့ ငွေရဲ့ တန်ဖိုးကို သိသိကြီးနဲ့ ဘာကြောင့် အလှောင်ခံပြီး ငွေကိုပဲ နေ့ စဉ်ရွေးနေတာလဲပေါ့။

    အဲဒါနဲ့ သားဖြစ်သူကို ခုလိုမေးလိုက်တယ်။

    သင်္ချာပညာရှင်။  ။    လူလေး..မင်းက တကယ့်တန်ဖိုးကိုလည်း သိတယ်။ ရွှေကို ယူလို့ ရတယ်ဆိုတာ သိရဲ့ သားနဲ့  ဘာကြောင့် အဲဒီလို လုပ်ရသလဲကွာ?။

    သား။  ။                အဖေသိချင်ရင် ကျနော့် အခန်းကို လိုက်ခဲ့ပါ။ ကျနော် အဖေ့ကို ရှင်းပြပါမယ်။

    သားဖြစ်သူရဲ့ အခန်းထဲကို သင်္ချာပညာရှင်ကြီးလည်း အတူလိုက်ဝင်သွားတာပေါ့။ အဲဒီမှာ သူ့သားက

    သူ့ ကို သေတ္တာလေးတစ်လုံး ပြတယ်။ သေတ္တာထဲမှာ အနည်းဆုံး ငွေပြားတစ်ရာလောက်ကို ရှိနေတယ်။

    ပြီးတော့…သူ့ဖခင်ကို အခုလို ရှင်းပြပါတယ်။

    သား။  ။              အဖေ..သိလား တကယ်လို့ သာ ကျနော်ဟာ တစ်နေ့ နေ့ မှာ ရွှေကို ရွေးပြီး ယူခဲ့မယ်ဆိုရင်

                            အဲဒီနေ့ကစပြီး ကစားပွဲက ပြီးပြီ။ သူတို့ ကျနော့်ကို လှောင်ပြောင်ကဲ့ရဲ့ ကြမှာ မဟုတ်တော့သလို

                            ကျနော်လည်း နေ့ စဉ် နေ့တိုင်း ငွေပြားတစ်ပြားစီ ရစရာ အကြောင်းမရှိတော့ဘူးလေ…အဖေ။

    **   **   **   **   **   **   **   **   **   **   **   **   **   **   **   **   **  

    မူရင်းစာရေးသူရဲ့ သုံးသပ်ချက်။

    ဘဝမှာ တစ်ခါတလေကျရင် ကျနော်တို့ လည်း လုပ်ဖော်ကိုင်ဖက်တွေကြားမှာ၊ ကိုယ့်အထက်လူကြီးတွေကြားမှာ ရူးချင်ယောင်ဆောင်ကြရပါတယ်။ အဲဒါဟာ ကျနော်တို့ တကယ်ရူးနေတယ်လို့ ယူဆစရာမလိုပါဘူး။ ဘဝကစားပွဲမှာလည်း ကျနော်တို့ ရှုံးနေတယ်လို့ မဟုတ်ပါဘူး။ တစ်ဖက်က သူတို့ နိုင်ပြီလို့ ယူဆနေချိန်မှာ ကျနော်တို့ လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဲဒီကစားပွဲမှာ အနိုင်ရနေတာပါပဲ။ ဒါပေမယ့် ဘယ်လိုအနေအထားမှာ အရှုံးပေးချင်ယောင်ဆောင်ပြီး ဘယ်လို နေရာမျိုးမှာ အနိုင်ယူပြရမလဲ ဆိုတာတော့…ကျနော်တို့ ရွေးရမှာပါ။

    ဘာသာပြန်သူရဲ့  သုံးသပ်ချက်။

    တစ်ခါမှာ မောင်ကကြီးဟာ ခရီးတိုတစ်ခုကို တက္ကစီ ငှားစီးပြီး သွားပါတယ်။ သူလိုချင်တဲ့ နေရာကိုရောက်တော့ စကားတစ်ခွန်းမှ မပြောဘဲ တက္ကစီပေါ်က ဆင်းလိုက်ပါတယ်။ အဲဒီနောက် ရှပ်အင်္ကျီအိတ်ထဲကို နှိုက်တယ်။ ပြီးတော့ ပိုက်ဆံအိတ်၊ လွယ်အိတ် တစ်ခုချင်းစီ နှိုက်တော့ ကားဆရာ မောင်ခခွေးက သူ့ကို သေချာကြည့်နေပါတယ်။ အိတ်ပေါင်းစုံ နှိုက်ပေမယ့် ပိုက်ဆံကတော့ တစ်ပြားသားမှ ထွက်မလာ။ အဲဒါနဲ့ မောင်ကကြီးလည်း စိတ်ပျက်လက်ပျက်သံနဲ့ ပြောလိုက်တယ်။

    “ကျနော့် ဒေါ်လာတစ်ရာတန်တစ်ရွက် ခင်ဗျားကားထဲမှာ ကျနေတယ်နဲ့ တူရဲ့ ဗျာ”

    အဲဒီစကားကို ကြားတာနဲ့ တစ်ပြိုင်နက်တည်း ကားဆရာ မောင်ခခွေးလည်း ကားလီဗာကို တအားနင်းပြီး တစ်ရှိန်ထိုး မောင်းထွက်သွားပါတော့တယ်။ ဒေါ်လာ တစ်ရာတန် ဆိုတဲ့ အတွေးက သူ့ကို ခွန်အားဖြစ်စေတယ်လေ။

    မောင်ခခွေးရဲ့ ကားမောင်းထွက်သွားတာကို အဆုံးထိ ကြည့်ပြီး မောင်ကကြီးလည်း အားရပါးရကြီးကို ပြုံးလိုက်တယ်။

    ပြီးတော့….

    မင်း…လည်သလောက်ကတော့ ငါ…ပျင်းတောင် ပျင်းသေးတယ် လို့ ရွတ်ပြီး သူသွားချင်တဲ့နေရာကို ပေါ့ပေါ့ပါးပါး ဝင်သွားပါတော့တယ်။

    တကယ်တော့ ဒီလို အဖြစ်အပျက်မျိုးတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒုနဲ့ ဒေးပါ။ တစ်ခါတရံမှာ ကျွန်တော်တို့ဟာ မိမိအတွေးမှာ မုဆိုးလို့ ထင်မြင်တတ်ပေမယ့် အခြားသူတစ်ယောက်အမြင်မှာ သနားစရာ သားကောင်လေး တစ်ကောင် ဖြစ်နေတတ်ပါတယ်။

    သင်္ချာပညာရှင်ကြီးရဲ့သားဟာ အများအမြင်မှာ အရူးတစ်ယောက်၊ ကျပ်မပြည့်သူ တစ်ယောက် အဖြစ် ကျေကျေနပ်နပ်ခံယူခဲ့ပြီး တစ်ဖက်မှာ သူလိုချင်တဲ့ ငွေပြားကိုတော့ ရအောင်ယူသွားခဲ့ပါတယ်။

    သူ့ကို ကျနော်တို့ အရူးတစ်ယောက်၊ အဖြစ် သတ်မှတ်လို့ ရနိုင်ပါသလား?

    သူကြီးဖက်ကို ပြန်ကြည့်ရင်လည်း သူ တစ်နေ့တစ်ပြားစီ ဆုံးရှုံးနေရတာကိုတောင် သတိမပြုမိလောက်အောင် သူတစ်ပါးကို လှောင်ပြောင်ကဲ့ရဲ့ ချင်စိတ်များလွန်းတယ်။

    ဒါပေမယ့် ဒီနေရာမှာ သူကြီးက သင်္ချာပညာရှင်ကြီးရဲ့ သိက္ခာကျစေလိုတဲ့ ဒုက္ခပေးချင်တဲ့ စိတ်ဓာတ်ကြောင့်သာ ငွေတစ်ပြားစီ နေ့စဉ် ဆုံးရှုံးတာကို သတိမမူမိနိုင်တာပါ။

    အခြား သာမန် ရွာသူ ရွာသားတစ်ဦးဦးရဲ့  သားဆိုရင်တော့ ဒီလို လုပ်မယ်လို့ ထင်ပါသလား?

    သားဖြစ်သူ ရှင်းပြတဲ့ အဖြစ်မှန်ကို နားထောင်ပြီးတဲ့ နောက်ပိုင်းမှာ နာမည်ကျော် သင်္ချာပညာရှင်ကြီးက သူ့သား လုပ်နေတဲ့ လုပ်ရပ်ကို (အရူး အဖြစ်ခံပြီး ငွေအသပြာတစ်ပြားစီ နေ့စဉ်ယူခြင်း) ဆက်ပြီးလုပ်ခွင့် ပေးနိုင်ပါ့မလား ?

    ဒီနေရာမှာ လူတစ်ဦးချင်းစီရဲ့ ခံယူချက်ကသာ အဓိက ကျတယ်လို့ထင်မိပါတယ်။

    သင်္ချာပညာရှင်ကြီးရဲ့ သားဖြစ်သူဟာ သူလိုချင်တာကို ရဖို့ တွက် သူ့သိက္ခာကို စွန့် လွှတ်ရဲတဲ့ သတ္တိရှိခဲ့တယ်။

    ဒါပေမယ့် သူ့နေရာမှာ သူ့ ဖခင် သင်္ချာပညာရှင်ကြီးဆိုရင်ကော…သူ့လို လုပ်ပါ့မလား။

    သိက္ခာနဲ့ ငွေကို လဲပါ့မလား….?

    **   **   **   **   **   **   **   **   **   **    

    အိမ်ဝေးသူ (KZ)

    အကြံပေးချက်။  ။  ။  သူတစ်ပါးကို လိုအပ်တာထက် ပိုပြီးလည်း အထင်အမြင် မကြီးမိပါစေနဲ့။

                           သူတစ်ပါးကို မလိုအပ်ဘဲနဲ့ လည်း အသားလွတ် အထင်အမြင် မသေးမိပါစေနဲ့။

    ***********************************************************************************

    အသိပေးခြင်း။ The Smart Game – Gold or Silver? ဆိုတဲ့ ပုံပြင်လေးကို ဆိုလိုရင်းမပျောက်စေဘဲ အနီးစပ်ဆုံး ဘာသာပြန်ထားခြင်းပါ။ နေရာဒေသ အတိအကျ မဖော်ပြခြင်းမှာ အမှတ်မမှားစေလိုခြင်းကြောင့်ဖြစ်ပါသည်။

  • အလွှာစုံညီ မြန်မာ့အာဇာနည်  (ကဗျာ)

    အလွှာစုံညီ မြန်မာ့အာဇာနည် (ကဗျာ)

    ဇူလိုင်-၁၉၊ ၂၀၁၃
    M-Media
    ရေးသူ-မောင်ဝတ်လုံ(မြောင်းမြ)

    အလွှာစုံညီ မြန်မာ့အာဇာနည်

    19July

    ကမ္ဘာနိုင်ငံအချို့မှာ
    အာဇာနည်သူရဲကောင်းဆိုတာတွေ…….ရှိပါလေရဲ့။

    အမေရိကန်ပြည်မှာ
    ကနေဒီလို……..လင်ကွန်းလို
    တစ်ခေတ်တစ်ယောက်ထွန်း
    မော်ကွန်းတင်ရပါတဲ့
    အာဇာနည်သူရဲကောင်းတွေ….ရှိပါလေရဲ့။

    အိန္ဒိယပြည်မှာ
    ဂန္ဒီလို….အင်ဒီရာလို တစ်ခေတ်တစ်ခါ
    တစ်ယောက်ထွန်း
    မော်ကွန်းတင်ရပါတဲ့
    အာဇာနည်သူရဲကောင်းတွေ……ရှိပါလေရဲ့။

    ပါကစ္စတန်ပြည်မှာ
    ဘနာဇီယာဘူတိုလို
    တစ်ခေတ်တစ်ခါ တစ်ယောက်ထွန်း
    မော်ကွန်းတင်ရပါတဲ့
    အာဇာနည်သူရဲကောင်းတွေ…….ရှိပါလေရဲ့။ ။

    မြန်မာပြည်မှလည်း
    အာဇာနည်သူရဲကောင်းတွေ…ရှိပါလေရဲ့။
    ဒါပေမယ့်
    တကယ့်ကိုထူးကဲ
    တစ်ဦးတည်းမဟုတ်
    တစ်ရက်ထဲ…..တစ်ချိန်ထဲ…..ကံဆိုး
    ကိုးဦးတောင်ကျရှာ
    မြန်မာ့အာဇာနည်သူရဲကောင်းတွေ….ကြေကွဲရပါလေပြီ။ ။

    ဦးအောင်ဆန်းလို…စစ်ဗိုလ်ချုပ်လည်း ပါရဲ့၊
    သခင်မြလို…ရှေ့နေလည်းပါရဲ့၊
    ဦးဘချိုလို……စာဆိုအယ်ဒီတာလည်း ပါရဲ့၊
    ဦးရာဇတ်လို …..ကျောင်းအုပ်ဆရာကြီးလည်းပါရဲ့၊
    ဦးဘဝင်းလို……ကျောင်းဆရာလည်းပါရဲ့၊
    စဝ်စံထွန်းလို…..စော်ဘွားကြီးလည်းပါရဲ့၊
    မန်းဘခိုင်လို…….လယ်သမားလည်းပါရဲ့၊
    ဦးအုန်းမောင်လို……ရုံးဝန်ထမ်းလည်းပါရဲ့၊
    ကိုထွေးလို……..ရဲဘော်လေးလည်းပါရဲ့၊

    ဗမာတွေလည်း ပါရဲ့၊
    ရှမ်းလည်း ပါရဲ့၊
    ကရင်လည်း ပါရဲ့၊
    ဗမာမွတ်စလင်မ်တွေလည်း ပါရဲ့၊
    ကပြားလည်း ပါရဲ့၊
    ဗုဒ္ဓဘာသာဝင်တွေလည်း ပါရဲ့၊
    အစ္စလာမ်ဘာသာဝင်တွေလည်း ပါရဲ့၊

    ကြုံခဲ့ရပုံ
    လူတန်းစားစုံ၊လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ
    သားကောင်းဇာနည်တွေ
    မြန်ပြည်လွတ်လပ်ရေးအတွက်
    အသက်စတေးခဲ့တာ၊
    ကမ္ဘာမှာတောင်…….မရှိပါဘူး
    ထူးတဲ့တိုင်းပြည်။

    အာဇာနည်တွေလို
    တို့ပြည်သူတွေလည်း
    လူတန်းစားပေါင်းစုံ၊လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ
    ဆူကြုံနိမ့်မြင့်မခွဲ……လက်ချင်းတွဲလို့
    ရဲတဲ့အာဇာနည်သွေးတွေနဲ့ အရယူပေးခဲ့တဲ့
    လွတ်လပ်ရေးကိုခိုင်မြဲအောင်
    လူတန်းစားမကွဲရအောင်
    လူမျိုး မခွဲဘဲ
    ဘာသာမခွဲဘဲ
    လက်တွဲထိန်းသိမ်းသွားကြပါစို့။ ။

    မောင်ဝတ်လုံ(မြောင်းမြ)

  • ပုံတစ်ပုံက ဖော်ပြတဲ့ သမိုင်း” The Roaring Lion ” (M-Media Blog ကဏ္ဍ)

    ဇူလိုင်- ၇ ၊ ၂၀၁၃
    M-Media
    ရေးသူ- အောင်ဝင်းထွဋ်

    ကျတော်ဒီနေ့ ပုံတစ်ပုံရဲ့ သမိုင်းကြောင်းကို ရေးချင်ပါတယ်… ။  အဲဒီပုံက portraits ပုံတွေထဲမှာ တော်တော် နာမည်ကြီးတဲ့ပုံပါ…။  သမိုင်ကို ဖော်ပြတဲ့ပုံလို့တောင် ပြောကြပါတယ် … ။ ဒုတိယ ကမ္ဘာစစ်ပြီးဆုံးသွားတော့ LIFE magazine ရဲ့ cover ပုံအဖြစ် ဖော်ပြခြင်းခံခဲ့ရတာပါ…။

    ဒီပုံကို နာမည်ကြီး Portrait ဓါတ်ပုံဆရာ Yousuf Karsh က ဗြိတိန်ဝန်ကြီးချုပ် ၀င်စတန် ချာချီ ကို 1941 ခုနှစ် ဒီဇင်ဘာလ ထဲမှာ ရိုက်ခဲ့တာပါ…။ ကနေဒါ အစိုးရက ဗြိတိန်ဝန်ကြီးချုပ် ကို ရိုက်ဖို့  Yousuf Karsh ကို ငှားလိုက်တာ ဖြစ်ပါတယ်… ။ ဗြိတိန်ဝန်ကြီးချုပ် ကို ရိုက်ဖို့ အချိန်အနည်းငယ်ပဲ ရမယ်ဆိုတာ သူသိခဲ့ပါတယ်… ။ ဒါ့ကြောင့်  ဗြိတိန်ဝန်ကြီးချုပ် ၀င်စတန် ချာချီ ရဲ့ အလေ့အကျင့် ၊ အပြုအမူ ၊ ဘ၀ ဖြတ်သန်းမှု ၊ စိတ်ဓါတ် … စတာတွေကို ကြိုတင်လေ့လာခဲ့ပါတယ် …. ။

    နောက်ဆုံး ပုံရိုက်တဲ့အချိန် ရောက်လာပြီး  ဗြိတိန်ဝန်ကြီးချုပ် ကို ခုံပေါ်မှာ ထိုင်ခိုင်းပြီး မီးတွေဖွင့်လိုက်တဲ့အချိန်မှာ ၀န်ကြီးချုပ်က  ” မင်းကို အချိန် ၂ မိနစ်ပေးမယ် ….  ၂ မိနစ်ပဲ …  ” လို့ ပြောပါတော့တယ် … ။  တစ်ကယ်တန်း အမှန်က သူ့ Portrait ကို ဒီနေ့ ရိုက်မယ်ဆိုတာ ကို ဘယ်သူကမှ  ဗြိတိန်ဝန်ကြီးချုပ်ကို ကြိုမပြောထားပါဘူး…. ။

    အဲဒီနောက်ပိုင်းမှာ  ဓါတ်ပုံဆရာ Yousuf Karsh က  ၀န်ကြီးချုပ် ၀င်စတန် ချာချီ ခဲထားတဲ့ ဆေးပြင်းလိပ်ကို ဖြုတ်ခိုင်းတော့ ၀န်ကြီးချုပ်က ငြင်းဆန်ပါတယ် … ။  Yousuf Karsh က ထသွားပြီးတော့  ၀န်ကြီးချုပ် ၀င်စတန် ချာချီ ရဲ့ အမှတ်လက္ခဏာ လို့ပြောလို့ရတဲ့ ဆေးပြင်းလိပ်ကို ၀န်ကြီးချုပ် ရဲ့ ပါးစပ်ထဲကနေ ဆွဲဖြုတ်လိုက်ပြီး ကင်မရာ ဆီကို ပြန်သွားပြီး Remote နဲ့ ပုံကို ရိုက်ချ လိုက်ပါတယ်…  ( ရိုက်ပေါက်…. )  ။    ရလာဒ်ကတော့……..     ၀န်ကြီးချုပ် ၀င်စတန် ချာချီ  ရဲ့ မာကြောရဲ့ စရိုက် ၊ ဆုံးဖြတ်ချက်ကို ပြင်လေ့မရှိတဲ့ သူ့ရဲ့ စိတ်ဓါတ်ကို ထင်ဟပ်ပြသလိုက်တဲ့ ပုံကောင်းတစ်ပုံကို ရလိုက်ပါတယ် …. ။

    Char che
    နောက်ပိုင်းမှာ ဓါတ်ပုံဆရာ Yousuf Karsh က ဒီလိုပြန်ပြောပါတယ်….  ”  ကျတော် သူ့ဆီကို သွားပြီးတော့ ရိုသေစွာနဲ့ ” Forgive me , Sir ” လို့ ပြောပြီး သူ့ပါးစပ်ထဲက ဆေးပြင်းလိပ်ကို ဆွဲဖြုတ်လိုက်တာပါ ။ ပြီးတာနဲ့ ကင်မရာဆီကို တစ်ခါတည်း အမြန်သွားလိုက်တာပါ… ။ အဲဒီအချိန် သူက ကျတော့်ကို အမှုန့်ချေပစ်လိုက်မယ့် အကြည့်နဲ့ ကြည့်နေတာပါ …။ ကျတော် အဲဒီ အကြည့်ကို ရိုက်နိုင်ခဲ့လိုက်ပါတယ် …. ။ ခဏလောက်ကြာတော့  ၀န်ကြီးချုပ် က ” နောက်တစ်ပုံ ရိုက်နိုင်ပါတယ် ”  လို့ အေးအေးဆေးဆေး ပြောပါတယ်… ။ နောက်ပြီး  ” “You can even make a roaring lion stand still to be photographed.” လို့ပြောပါတယ် …. ( Original quote အတိုင်း ဘာသာမပြန်ပဲ ထည့်ပေးလိုက်တာပါ ) ။  ဓါတ်ပုံဆရာ Yousuf Karsh က ဒီစကားကို အလွန်ကြိုက်သွားပြီး သူရိုက်လိုက်တဲ့ ပုံကို  ” The Roaring Lion ” လို့ နာမည်ပေးလိုက်ပါတယ် …. ။

    နောက်တစ်ပုံရိုက်တော့  ၀န်ကြီးချုပ် ၀င်စတန် ချာချီ က ပြုံးနေခဲ့ပြီး  အမှတ်ရစရာ ပုံမဖြစ်ခဲ့ပါဘူး…..။

    Char che2

    ©Yousuf Karsh , Text by Aung Win Htut