News @ M-Media

Category: ကမ္ဘာ့မွတ်စလင် သတင်းများ

  • အစ္စလာမ်နှင့် အကြမ်းဖက်ဝါဒ ဘာမှမဆိုင်ဟု အကြမ်းဖက်မှုမှ လွတ်မြောက်လာသူ ပြော

    အစ္စလာမ်နှင့် အကြမ်းဖက်ဝါဒ ဘာမှမဆိုင်ဟု အကြမ်းဖက်မှုမှ လွတ်မြောက်လာသူ ပြော

    စက်တင်ဘာ ၂၄၊ ၂၀၁၆
    M-Media

    is-victim

    – ဇူလိုင်လ ၁၄ ရက်နေ့ နိုက်စ်မြို့ အကြမ်းဖက်တိုက်ခိုက်မှုကနေ လွတ်မြောက်လာခဲ့သူ ယာစမင်း ဘူဇီဂန် မာဇူက အကြမ်းဖက်ဝါဒနဲ့ အစ္စလာမ်သာသနာဟာ ဘာမှမဆိုင်တာကြောင့် ဒီနှစ်ခုနဲ့ပတ်သက်ပြီး မရှုပ်ထွေးကြဖို့ ပြောလိုက်ပါတယ်။

    အသက် ၂၁ နှစ်အရွယ် ပြင်သစ်မွတ်စလင်တစ်ဦးဖြစ်တဲ့ ယာစမင်းဟာ အဲဒီအကြမ်းဖက်တိုက်ခိုက်မှုအတွင်းမှာ မိသားစုဝင် ၃ ဦး ဆုံးရှုံးခဲ့ရသူ ဖြစ်ပါတယ်။

    အဲဒီ အကြမ်းဖက်တိုက်ခိုက်မှုမှာ သေဆုံးသွားသူတွေအတွက် တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အောက်မေ့ဖွယ် အခမ်းအနားမှာ သူမက တိုက်ခိုက်မှုကိုပြုလုပ်တဲ့ ဒီအရိုင်းအစိုင်းတွေဟာ ဥပဒေ၊ ဘာသာတရားပြဌာန်းချက်တွေကို လိုက်နာကြသူတွေ မဟုတ်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဇူလိုင် ၁၄ ရက်နေ့ အမျိုးသားနေ့မှာ ကျွန်မတို့ရဲ့ ဘ၀တွေဟာ လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ ကျွန်မတို့ရဲ့ မျိုးရိုးစဉ်ဆက်က အစ္စလာမ်ဘာသာဝင်တွေပါ။ (အစ္စလာမ်နဲ့ ဒီတိုက်ခိုက်မှုတွေကို) ဘယ်လိုမှ ဆက်စပ်လို့ မရပါဘူး” လို့ ယာစမင်းက ကြေကွဲဝမ်းနည်းစွာ ပြောကြားခဲ့ပါတယ်။

    သူ့ရဲ့ အသက် ၁၃ နှစ်အရွယ် မောင်ဝမ်းကွဲ မဟ်ဒီ ဟာချာဒီ တစ်ယောက် အကြမ်းဖက်သမားတွေ မောင်းလာတဲ့ ထရပ်ကားဘီးအောက်မှာ အသက်ပျောက်ခဲ့ရပုံကိုလည်း သူမက ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

    “တောက်ပတဲ့အနာဂတ် ရှိနေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ဘ၀ဟာ နှုတ်ယူခံလိုက်ရပါတယ်။ သူဟာ အခြားသူတွေကို လေးစားဖို့၊ သည်းခံမှုရှိဖို့ သွန်သင်တဲ့ အယူဝါဒအောက်မှာ ကြီးပြင်းလာခဲ့ရသူပါ”

    ယာစမင်းက ပြင်သစ်သမ္မတ အော်လွန်း၊ သူ့ရဲ့နေရာကို ဆက်ခံမယ့်သူတွေအနေနဲ့ ဒီ ရိုင်းစိုးင်းကြမ်းကြုတ်တဲ့ အခြေအနေမျိုးတွေ၊ ပြင်သစ်နိုင်ငံသားတွေကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်မှုတွေ၊ ဘာသာတရားမတူညီမှုကို အသုံးချပြီး အမုန်းမီးမွှေးနေမှုတွေ အားလုံး ရပ်တန့်အောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    တနင်္လာနေ့က အဲဒီ အောက်မေ့ဖွယ်အခမ်းအနားဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း အကြမ်းဖက်မှုတွေကြောင့် သေဆုံးခဲ့တဲ့ ပြင်သစ်ပြည်သူ ၂၃၀ အတွက် ရည်စူးပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    Ref: IINA

  • လေစွမ်းအင်၏ အစ- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၇)

    လေစွမ်းအင်၏ အစ- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၇)

    စက်တင်ဘာ ၂၃၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    wind-power

    – ဘယ်လိုအရာမျိုးကိုပဲ ထုတ်လုပ်သည်ဖြစ်စေ စွမ်းအင်ကတော့ လိုအပ်စမြဲပါပဲ။ ဓာတ်ဆီ၊ ဒီဇယ်တွေနဲ့ လည်ပတ်တဲ့ စက်တွေ မပေါ်ခင်မှာ စွမ်းအင်တွေကို ပြည့်ဖြိုးမြဲ ရင်းမြစ်တွေကနေ ထုတ်ယူသုံးစွဲကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီအရင်က အစ္စလာမ်ကမ္ဘာမှာ စက်ပစ္စည်းတစ်ခု လည်ပတ်ဖို့အတွက် ရေစွမ်းအင်ကို အသုံးပြုခဲ့ကြပြီး စက်ဝိုင်းပုံ လည်ပတ်မှုကနေ အလျားလိုက်လည်ပတ်မှုကို ပြောင်းပေးတဲ့ ဂေါက်တံအသုံးပြု စနစ်ကြောင့်လည်း ဒီ စက်ပစ္စည်းတွေရဲ့ အသုံးဝင်မှုက တွင်ကျယ်ခဲ့ပါတယ်။

    အဲဒီလို စက်မျိုးတွေကို ရေသွယ်မြောင်းတွေကနေတစ်ဆင့် မြို့တွေရွာတွေရဲ့ ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ ရေပေးဝေရေးစနစ်မှာ အသုံးပြုခဲ့ကြပါတယ်။ ရေစွမ်းအင်ကို အသုံးပြုထားတဲ့ ကြိတ်စက်တွေကို မွတ်စလင်တွေက တီထွင်အသုံးပြုခဲ့ကြပေမယ့် အစ္စလာမ်ကမ္ဘာရဲ့ ခြောက်သွေ့လွန်းတဲ့ ဒေသတွေမှာ ရေအလုံအလောက် မရှိတာကြောင့် ဒီစနစ်က အဆင်မပြေပါဘူး။ ဒါ့ကြောင့် မွတ်စလင်တွေဟာ နောက်ထပ် စွမ်းအင်ရရှိမယ့် နည်းလမ်းတစ်ခုကို ရှာဖွေခဲ့ကြပါတယ်။

    ရေစီးအားကို ရာသီအလိုက်သာရရှိတဲ့ အာရေဗျသဲကန္တာရက နောက်ထပ် ရင်းမြစ်တစ်ခုကတော့ လေအား ဖြစ်ပါတယ်။ သဲကန္တာရက လေလမ်းကြောင်းဟာ ပုံသေရှိတတ်ပြီး တစ်နေရာတည်းကနေ တိုက်ခတ်တာမျိုးပါ။ ဒါ့ကြောင့် ၇ ရာစုမှာ ပါရှန်မွတ်စလင်တွေဟာ လေအားသုံး ကြိတ်စက်တွေကို တီထွင်ခဲ့ကြပြီး ထိထိရောက်ရောက် အသုံးပြုနိုင်ခဲ့ကြပေမယ့် ကမ္ဘာတစ်ဝှမ်းကို လျင်လျင်မြန်မြန် ပြန့်နှံလောက်တဲ့အထိ မတွင်ကျယ်ခဲ့ပါဘူး။ သမိုင်းပညာရှင်အများစုကတော့ မွတ်စလင်တွေရဲ့ ဒီလေအားသုံးကြိတ်စက် စနစ်ကို ၁၂ ရာစုမှာ ခရူးဆိတ် ခရစ်ယာန်သာသနာပြု စစ်တပ်တွေကနေတစ်ဆင့် ဥရောပကို မိတ်ဆက်ပေးခဲ့တယ်လို့ ယူဆထားကြပါတယ်။

    အစ္စလာမ်ကမ္ဘာကို ၆၃၄ ခုနှစ်ကနေ ၁၀ နှစ်တာ အုပ်စိုးခဲ့တဲ့ ဒုတိယမြောက်သမ္မတ အုမရ်သခင်ထံ ပါရှန်လူမျိုးတစ်ယောက် ရောက်လာခဲ့ပြီး သူ့အနေနဲ့ လေအားကိုအသုံးပြုတဲ့ ကြိတ်စက်တစ်ခုကို တည်ဆောက်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် သမ္မတကြီးက ဆောက်လုပ်ဖို့ အမိန့်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ ပြောင်းတွေ၊ ဂျုံတွေကို ကြိတ်ရာမှာသာမက ရေပေးဝေရေး စနစ်တွေမှာလည်း  လေအားကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပြီး သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့ကြပါတယ်။ ဒီလို လေအားစွမ်းအားသုံး စက်ပစ္စည်းတွေကို ပါရှားပြည်က စစ္စတန်ဆိုတဲ့ ပြည်နယ်မှာ စတင် အသုံးပြုခဲ့ပြီး ၁၀ ရာစု ဘူမိဗေဒပညာရှင် အလ်-မက်စ်အူဒီ (Al-Masudi) က ထိုဒေသကို ‘လေနှင့်သဲတို့၏ဌာနေ’ လို့ ကင်ပွန်းတပ်ခဲ့ကာ အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။

    “ဒီဒေသက ၀ိသေသလက္ခဏာတစ်ခုကတော့ ဥယျာဉ်ခြံတွေကို ရေပေးဖို့အတွက် ရေပန့်တွေကို လေစွမ်းအားနဲ့ မောင်းနှင်တာပဲ ဖြစ်ပါတယ်”

    အစောပိုင်း လေအားသုံးကြိတ်စက်တွေက နှစ်ထပ်အဆောက်အဦးတွေဖြစ်ပြီး ရဲတိုက်တွေရဲ့ ခေါင်မိုး၊ တောင်ထိပ်တွေနဲ့ ကြီးမားတဲ့အဆောက်အဦးတွေရဲ့ အပေါ်တွေမှာ တည်ဆောက်ကြတာ ဖြစ်ပါတယ်။ အပေါ်ထပ်မှာ ကြိတ်စက်ကိုထားပြီး၊ အောက်ထပ်မှာတော့ ပိတ်စနဲ့လုပ်ထားတဲ့ ရွက် ၆ ခု၊ ဒါမှမဟုတ် ၁၂ ခုနဲ့ လည်ပတ်တဲ့ ဘီးတစ်ခုရှိပါတယ်။ အဲဒီ အောက်ထပ်ရဲ့ နံရံတွေမှာ လေ၀င်ပေါက် ၄ ခုဖောက်ထားပြီး အတွင်းဘက်ကို ကျဉ်းအောင်လုပ်ထားကာ ၀င်လာတဲ့လေက ရွက်တွေကို တိုက်ရိုက်ထိတွေ့ပြီး လည်နှုန်း မြန်စေတာ ဖြစ်ပါတယ်။

    winmill-afghan
    အာဖဂန်မှ ရှေးဟောင်း လေးအားသုံး ကြိတ်စက်

    အဲဒီအချိန်တုန်းက လေအားသုံးကြိတ်စက်တွေဟာ လေရဟတ်ရဲ့အဆုံးက သစ်သားစလင်ဒါနဲ့ ကြိတ်စက်ကို ဆက်ထားတာဖြစ်ပါတယ်။ အဲဒီစလင်ဒါဟာ အကျယ် မီတာဝက် (၁.၆ ပေ)၊ အမြင့် ၃.၅ မီတာကနေ ၄ မီတာ (၁၁.၅ ပေကနေ ၁၃.၁ ပေ) ရှိပြီး လေအားရရှိဖို့အတွက် အရှေ့မြောက်ဖက်ကို အဖွင့်ထားတဲ့ တာဝါဆီကို အလျားလိုက် တက်သွားတာဖြစ်ပါတယ်။ အဲဒီစလင်ဒါမှာ လျှော်ဖတ်တွေ၊ စွန်ပလွန်ရွက်နေတဲ့ ပြုလုပ်ထားတဲ့ ရွက်တွေကို ၀င်ရိုးပါတဲ့ ရှက်ဖ် (Shaft) နဲ့ ဆက်သွယ်ထားပါတယ်။ တာဝါပေါ်မှာ လေတိုက်တဲ့အခါ ရွက်တွေကိုလေတိုးတာကြောင့် shaft ကလည်း လည်ကာ ကြိတ်စက်ကို လှုပ်ရှားစေတာဖြစ်ပါတယ်။

    အဲဒီလို လေအားသုံးကြိတ်စက်တွေကို မိတ်ဆက်ပေးနိုင်ခဲ့တာဟာ သိပ္ပံနဲ့ စက်မှုအင်ဂျင်နီယာနယ်ပယ်မှာ  ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိခဲ့ပြီး နည်းလမ်းအသစ်တွေ ပေါ်ထွက်မှုဆီ ဦးတည်ခဲ့ပါတော့တယ်။

    ကြိတ်စက်မှသည် ရေပေးရေးဆီသို့

    new_doc_5
    ၁၄ ရာစု မွတ်စလင်ပညာရှင် အလ်-ဒီမက်ရှ်ကီ (Al-Dimashqi) ရေးစွဲခဲ့သည့် ရေစွမ်းအင်သုံး ကြိတ်စက်၏ ဒေါင်လိုက်ပုံ

    လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်က ဘူမိဗေဒပညာရှင် အလ်-မက်စ်အူဒီ (Al-Masudi) ဟာ ပါရှန်ပြည် စစ္စတန် ပြည်နယ် (Sistan) (ယနေ့ခေတ် အာဖဂန်နစ္စတန်အနောက်ပိုင်း) မှာ လေအားသုံး ကြိတ်စက်တွေကို လယ်ယာစိုက်ခင်းတွေ ရေပေးဝေတဲ့နေရာမှာ အသုံးချခဲ့ကြောင်း ဖော်ထုတ်ရေးသားခဲ့ပါတယ်။ ယခင်က ရေအားသုံး ကြိတ်စက်တွေကို အသုံးပြုခဲ့ပေမယ့် ရေစီးအားနည်းသွားတဲ့ ခြောက်သွေ့ရာသီတွေမှာ ဒါက သိပ်အလုပ်မဖြစ်ပါဘူး။ ဒါ့ကြောင့် မွတ်စလင်အုပ်ချုပ်သူတွေဟာ သဲကန္တာရအတွင်း လေးလလောက် အဆက်မပြတ် တိုက်ခိုက်တဲ့ လေတိုက်အားကို အသုံးပြုပြီး လေစွမ်းအင်သုံး ကြိတ်စက်တွေကို တည်ဆောက်ဖို့ အမိန့်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ မွတ်စလင်တွေအုပ်စိုးတဲ့ ဒေသအတွင်းမှာ ဒီကြိတ်စက်တွေဟာ အလျှိုအလျှို ပေါ်ထွက်လာခဲ့ပါတယ်။

    ဥရောပမှာ အသုံးပြုတဲ့ လေစွမ်းအင်သုံး ကြိတ်စက်တွေနဲ့ မတူတာက အလယ်အာရှက လေအားသုံးကြိတ်စက်တွေဟာ လေတိုက်အားကို ဖမ်းယူဖို့အတွက် ဒေါင်လိုက် ရွက်တွေကို အသုံးပြုတာပဲ ဖြစ်ပါတယ်။ ဒီ လေစွမ်းအင်သုံး ကြိတ်စက်တွေကို ရဲတိုက်တွေရဲ့ ခေါင်မိုး၊ တောင်တွေရဲ့ထိပ်မှာ တည်ဆောက်လေ့ရှိပါတယ်။

    လယ်သမားတွေဟာ ဒီလေစွမ်းအင်သုံး ကြိတ်စက်တွေကို ကောက်ပဲသီးနှံတွေ ကြိတ်ခွဲရာမှာသာမက စိုက်ခင်းတွေကို ရေပေးဝေရာမှာပါ အသုံးပြုခဲ့တာကို အလ်-မက်စ်အူဒီက တွေ့မြင်ခဲ့ပါတယ်။ ဒီ သန့်ရှင်းတဲ့ စွမ်းအင်တွေဟာ စွမ်းအင်ထောက်ပံ့ရေး ပြဿနာအတွက် ကောင်းမွန်တဲ့အဖြေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး အဆောက်အဦးတွေမှာ လေကောင်းလေသန့် ရရှိစေဖို့အပါအ၀င် အခြားသော ကဏ္ဍတွေမှာလည်းအသုံးပြုခဲ့ကြပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

  • ကိုလိုရာဒိုရှိ ခရစ်ယာန်ဘုရားကျောင်းတွင် လူတိုင်းအတွက် အစ္စလာမ့်ရေးရာ သင်ကြားပို့ချမှု ပြုလုပ်မည်

    ကိုလိုရာဒိုရှိ ခရစ်ယာန်ဘုရားကျောင်းတွင် လူတိုင်းအတွက် အစ္စလာမ့်ရေးရာ သင်ကြားပို့ချမှု ပြုလုပ်မည်

    စက်တင်ဘာ ၂၃၊ ၂၀၁၆
    M-Media

    colorado

    – အစ္စလာမ်၊ မွတ်စလင်တို့နှင့်ပတ်သက်၍ ထင်မြင်ယူဆချက်အမှားများကို ဖယ်ရှားရေးအတွက် အမေရိကန်ပြည်ထောင်စု ကိုလိုရာဒိုပြည်နယ် လက်ဗ်လန်းမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် ၄ ပတ်ကြာ အစ္စလာမ့်ရေးရာ သင်ကြားရေးအစီအစဉ်ကို ဆောင်ရွက်သွားမည်ဟု သိရသည်။

    First United Methodist Church ဘုရားကျောင်းဖြစ်ပြီး Introduction to Islam (အစ္စလာမ့်အကြောင်းမိတ်ဆက်) ဟု အမည်ပေးထားသည့် ထိုအစီအစဉ်မှာ စက်တင်ဘာ ၂၅ ရက်နေ့မှ အောက်တိုဘာ ၁၆ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကာ အပြန်အလှန်ဆွေးနွေးမှုများ၊ ဟောပြောတင်ပြမှုများ ပါဝင်မည်ဖြစ်သည်။

    “ကျွန်မတို့ တော်တော်များများက အစ္စလာမ် ဒါမှမဟုတ် မွတ်စလင်တွေရဲ့ ယဉ်ကျေးမှုအကြောင်း နားမလည်ကြပါဘူး” ဟု ထိုအစီအစဉ်ကို ဦးစီးကျင်းပသည့် ဆူး မူလင်က ဆိုပြီး နိုင်ငံအတွင်းရှိ အစ္စလာမ့်ရေးရာ အမွေအနှစ်များကို ဖယ်ရှားရန် ဆော်သြမှုများ ဖြစ်လာပြီးနောက် သိက္ခာတော်ရဆရာတော် စတီဗ် ဂွဒ်ဒီယာဦးဆောင်သည့် ဘုရားကျောင်းအဖွဲ့ဝင် ၇ ဦးက ထိုကဲ့သို့ အစ္စလာမ့်ရေးရာ သင်ကြားမှုအစီအစဉ်ကို ဆောင်ရွက်ရန် စိတ်ကူးရခြင်းဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါအစီအစဉ်တွင် လူတိုင်း ပါဝင်ခွင့်ရမည်ဖြစ်ပြီး ကိုလိုရာဒိုတက္ကသိုလ် အစ္စလာမ့်ရေးရာ လေ့လာမှုဌာနမှ ပါမောက္ခဖြစ်သူ အေအွန် ဟာဆန် အလီက အစ္စလာမ်ကြောင်း မိတ်ဆက် သင်ကြားမည်ဖြစ်သည်။ မူလင်ကမူ သင်ကြားမှုအတွင်း အစ္စလာမ်၊ မွတ်စလင်တို့နှင့်ပတ်သက်သည့် မေးခွန်းအများအပြားကို ဖြေရှင်းသွားမည်ဟုလည်း ဆိုသည်။

    ဆရာတော် ဂွဒ်ဒီယာက ကိုလိုရာဒိုရှိ မွတ်စလင်လူ့အဖွဲ့အစည်းနှင့် ဆက်ဆံရေးတည်ဆောက်ရန် အရေးကြီးသည်ဟု ပြောကြားခဲ့သည်။

    “ဒီအစီအစဉ်က တစ်ခြားသူတွေရဲ့ ဘာသာတရားကို လေ့လာမှုထက်ကို ပိုပြီး မိတ်ဆွေဖွဲ့မှု၊ ပြည်သူတွေအကြား နက်နက်ရှိုင်းရှိုင်း နားလည်နိုင်မှုအတွက် ဖြစ်ပါတယ်။ မွတ်စလင်လူ့အဖွဲ့အစည်းကို ပစ်ပယ်ထားလို့ မရပါဘူး။ ကိုလိုရာဒိုမြောက်ပိုင်းက သူတို့ဟာ ကျွန်တော်တို့ရဲ့အစိတ်အပိုင်းဖြစ်ဖို့ လိုအပ်ပါတယ်” ဟု ဆရာတော်က ထည့်သွင်းမိန့်ကြားခဲ့သည်။

    ထိုသင်ကြားမှုနှင့် အပြန်အလှန်ဆွေးနွေးမှု အစီအစဉ်တွင် ဒေသအတွင်းမှာ ထင်ရှားသည့် အစ္စလာမ့်ဓမ္မပညာရှင်များ ပါဝင်မည်ဖြစ်သည်။

    Ref: Reporterherald

  • တက္ကဆက်ရှိ တက္ကသိုလ်တစ်ခုတွင် အစ္စလာမ့် အသိပညာပေးအစီအစဉ် ပြုလုပ်

    တက္ကဆက်ရှိ တက္ကသိုလ်တစ်ခုတွင် အစ္စလာမ့် အသိပညာပေးအစီအစဉ် ပြုလုပ်

    စက်တင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    texax

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ရှိ Texas A&M တက္ကသိုလ်မှ မွတ်စလင်ကျောင်းသားများ အစည်းအရုံးမှာ လူထုအတွင်း အစ္စလာမ့်အသိပညာပေး အစီအစဉ်တစ်ခုကို စတင်ခဲ့သည်ဟု သိရသည်။

    “အစ္စလာမ်သာသနာ: အမှန်တရားနှင့် ကောလဟာလ” ဟု အမည်ပေးထားသည့် အဆိုပါအစီအစဉ်မှာ အစ္စလာမ်နှင့် ပက်သက်သည့် အထင်မြင်လွဲမှားမှုများကို ပပျောက်စေရန်နှင့် အစ္စလာမ်သာသနာ၏ သက်ဝင်ယုံကြည်မှု အစစ်အမှန်ကို လူထုအား အသိပညာပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

    အစီအစဉ်တွင် ဖိတ်ကြားခံရသူ ဒေါက်တာ အန်န၀ါရ် အဟ်မဒ်က အစ္စလာမ်သာသနာနှင့်ပက်သက်သည့် သက်ဝင်ယုံကြည်မှု၊ သမိုင်းကြောင်းများအပေါ် သုံးသပ်ပြောကြားမှုဖြင့် အခမ်းအနားကို စတင်ခဲ့သည်။

    ထို့နောက် အခက်အခဲများအား ကြိုးစားကျော်လွှားရန် ရည်ရွယ်သည့် ‘ဂျီဟတ်’ ဟူသည့်စကားလုံးအား မှားယွင်းအနက်ပြန်ကာ အသုံးချမှုအကြောင်း၊ အမေရိကန်တွင် မွတ်စလင်များက ရှရီအာဥပဒေများကို ပြဌာန်းစေချင်သည်ဆိုသည့် ကောလဟာလများအကြောင်း၊ အစ္စလာမ်က အမျိုးသမီးများအပေါ် ဖိနှိပ်သည်၊ နှိမ့်ချသည်ဟူသည့် အထင်အမြင်မှားမှုများအကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။

    “အာဏာစက်တစ်ခုအတွင်းမှာ အခြား စည်းကမ်းဥပဒေ တစ်ခုခုကို ပြဌာန်းထားတာမျိုး မဖြစ်ရပါဘူး။ ရှရီအာဥပဒေက မွတ်စလင်တွေအနေနဲ့ ကိုယ်နေထိုင်ရာ နိုင်ငံတော်ရဲ့ ဥပေဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ပြဌာန်းထားပါတယ်။ ဒါပေမဲ့ မွတ်စလင်မဟုတ်တဲ့ နိုင်ငံတွေမှာ အစ္စလာမ်ရဲ့ တရားစီရင်ရေးစနစ်နဲ့ ပြစ်ဒဏ်တွေကို ပြဌာန်းခွင့် မရှိပါဘူး” ဟု အဟ်မဒ်က ထည့်သွင်းပြောဆိုခဲ့သည်။

    ထို့ပြင် အစွန်းရောက်များက အစ္စလာမ်သာသနာအား ပုံဖျက်ကာ ရမ်းကားနေမှုများအကြောင်းနှင့် ၎င်းတို့၏ လုပ်ရပ်များမှာ အစ္စလာမ်သာသနာနှင့် သက်ဆိုင်မှုမရှိကြောင်းကိုလည်း ပြောကြားခဲ့သည်။

    “အစွန်းရောက်အစ္စလာမ်ဆိုတာ မရှိပါဘူး။ အစွန်းရောက်သွားတာနဲ့ အစ္စလာမ်နဲ့ ဘာမှမဆိုင်တော့ပါဘူး။ သူတို့ဟာ ပညာမဲ့တွေပါ”

    အစီအစဉ်ကို တက်ရောက်လာသည့် ပရိတ်သတ်များကမူ နောက်ပိုင်းတွင် အစ္စလာမ်နှင့်ပတ်သက်၍ မေးခွန်းများ မေးမြန်းခဲ့ပြီး အဟ်မဒ်က ပြန်လည်ဖြေကြားခဲ့သည်။

    Ref : IINA

  • ဗြိတိန်မွတ်စလင်တစ်ဦး အကြိမ် ၃၀ ဟဂ်ျပြုခဲ့

    ဗြိတိန်မွတ်စလင်တစ်ဦး အကြိမ် ၃၀ ဟဂ်ျပြုခဲ့

    စက်တင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    britain

    – ဗြိတိန်နိုင်ငံမှ မွတ်စလင်တစ်ဦးမှာ ဟဂ်ျခရီးစဉ်ကို အကြိမ်ပေါင်း ၃၀ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ဗြိတိန်မွတ်စလင်အဖွဲ့ကို ဦးဆောင်၍ ဟဂ်ျခရီးစဉ် လာရောက်ခဲ့သည်ဟု သိရသည်။

    မွတ်စ်တာဖာ မိုဟာမက်ဆိုသူဖြစ်ပြီး ဗြိတိန်မှ ဟဂ်ျဘုရားဖူးခရီးသည် ၂၀၀ ကို ဦးဆောင်လာခြင်းဖြစ်သည်။

    “သူတို့အတွက် ကျွန်တော် စကားပြန်လုပ်တယ်။ ဟဂ်ျမှာဆောင်ရွက်ရမယ့် ကိစ္စတွေနဲ့ပတ်သက်ပြီး လမ်းညွှန်ပေးတယ်။ ကျွန်တော့်တိုင်းပြည်က ဘုရားဖူးတွေကို ဒီလို ကူညီပေးရတဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    ထို့ပြင် ပထမဆုံး ဟဂ်ျပြုရန် လာရောက်ကြသူများအား လမ်းညွှန်ပေးရသည့်အတွက် မိမိအနေဖြင့် ကျေနပ်မိသည်ဟုလည်း ၎င်းက ဆိုသည်။

    “များသောအားဖြင့် သူတို့က ဒါနဲ့ပတ်သက်ပြီး ကြောက်ကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့အတွက် ဒါက စိမ်းနေတယ်လေ။ ဟဂ်ျပြုမှု ပြီးဆုံးသွားတဲ့အခါ သူတို့မျက်နှာက ထွက်လာတဲ့အပြုံးဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ နှစ်တော်တော်များများ ဟဂ်ျပြုခဲ့တာကနေ ကျွန်တော် အတွေ့အကြုံတွေအများကြီး ရခဲ့ပါတယ်။ သာသနာအကြောင်း ပိုသိလာတယ်။ ကျွန်တော့်ကို ကူညီနိုင်မယ့် လမ်းညွှန်နိုင်မယ့်သူတွေနဲ့လည်း ကျွန်တော် မိတ်ဆွေဖွဲ့ထားပါတယ်”

    ဟဂ်ျပြုရာတွင် လွယ်ကူစေရန် ဆော်ဒီနိုင်ငံက စီစဉ်ထားမှုကိုလည်း မွတ်စ်တာဖာကာ ချီးကျူးခဲ့ပြီး ၎င်း၏ သား ၄ ယောက်၊ ၎င်း၏ ဇနီးသည်နှင့် ဖခင်တို့ကိုလည်း မိမိကပင် ဟဂ်ျသို့ခေါ်ဆောင်ကာ လမ်းညွှန်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဗြိတိန်မွတ်စလင်အဖွဲ့တွင် ဟဂ်ျ ၁၀ ကြိမ်ပြုဖူးသူ မိုဟာမက် အေသင်းမ်ဆိုသည့် အမျိုးသားတစ်ဦးလည်း ပါဝင်သည်။

    Ref : IINA