News @ M-Media

Category: ကမ္ဘာ့မွတ်စလင် သတင်းများ

  • အမျိုးသမီးဘောလုံးလောကတွင်သမိုင်းတင်နိုင်ခဲ့သည့် မော်ရိုကို

    အမျိုးသမီးဘောလုံးလောကတွင်သမိုင်းတင်နိုင်ခဲ့သည့် မော်ရိုကို

    ဇူလိုင် ၃၁၊ ၂၀၂၃

    M-Media 


    -သြစတေးလျနဲ့ နယူးဇီလန်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားမှာ မော်ရိုကို အမျိုးသမီးအသင်း သမိုင်းမှတ်တမ်းသစ်တွေ တစ်ခုပြီးတစ်ခု ရရှိနေပါတယ်။ 

    မော်ရိုကိုအမျိုးသမီးအသင်းဟာ ၁၉၉၈ ခုနှစ်လောက်ကမှ စတင်ပြီး ကမ္ဘာ့ဘောလုံးလောကထဲကို ၀င်ရောက်လာတာပါ။ တတိယအကြိမ်မြောက် အာဖရိကဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ ၀င်ရောက်ယှဥ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ 

    ဒါပေမယ့် မော်ရိုကို ဘောလုံးအဖွဲ့ချုပ်ရဲ့ ထောက်ပံ့ကူညီမှု လုံလုံလောက်လောက် မရခဲ့တာကြောင့် ဒေသတွင်း အိမ်ဖြည့်အသင်း အဆင့်ထက် မပိုခဲ့ပါဘူး။ 

    ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတော့ အခြေအနေဟာ အကောင်းဖက်ကို ပြောင်းလဲခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် တူနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဖရိက ၅ နိုင်ငံ အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မော်ရိုကိုအသင်းဟာ တန်ဇန်းနီးယားကို အနိုင်ရပြီး ဗိုလ်စွဲခဲ့ပါတယ်။ 

    ၂၀၂၂ ခုနှစ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အာဖရိကဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် မော်ရိုကိုအမျိုးသမီးအသင်းဟာ အသေအချာ ပြင်ဆင်ခဲ့ပြီး အောင်မြင်မှုလည်း ရခဲ့ပါတယ်။ 

    ပထမဆုံးအသင်း 

    အာဖရိကဖလားမှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တဲ့ မော်ရိုကိုအမျိုးသမီးအသင်းဟာ ၂၀၂၃ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ၀င်ရောက်ခွင့်ရတဲ့ ပထမဆုံး မြောက်အာဖရိကနဲ့ အာရပ်နိုင်ငံအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။

    ၂၀၂၂ ခုနှစ် အာဖရိကဖလားမှာ မော်ရိုကိုအမျိုးသမီးအသင်းဟာ ဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပြီး တောင်အာဖရိကအသင်းကို ရှုံးကာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 

    “ကမ္ဘာ့ဖလားမှာ ၀င်ရောင်ယှဥ်ပြိုင်ခွင့်ရတဲ့ ပထမဆုံး အာရပ်အသင်း ဖြစ်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ပုံရိပ်ကောင်းရဖို့၊ ရရှိထားတဲ့ အောင်မြင်မှုတွေကို ချဲ့ထွင်ဖို့ ကျွန်မတို့ ပုခုံးပေါ်မှာ တာ၀န်တစ်ခု ရှိနေပြီဆိုတာကိုလည်း နားလည်ပါတယ်” လို့ မော်ရိုကို အသင်းခေါင်းဆောင် ဂီဇ်လာနီ ချက်ဘက်က ပြောပါတယ်။ 

    ပထမဆုံးနိုင်ပွဲ 

    ဇူလိုင်လ နောက်ဆုံးပတ်ကစတင်ကာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မော်ရိုကိုအသင်းဟာ ကိုလံဘီယာ၊ ဂျာမနီ၊ တောင်ကိုရီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ 

    အတွေ့အကြုံနည်းတဲ့ မော်ရိုကိုအသင်းအတွက် နောက်တစ်ဆင့်တက်ဖို့ မလွယ်ကူတဲ့ အခြအနေမျိုးဖြစ်ပြီး အုပ်စုဖွင့်ပွဲမှာလည်း ဂျာမနီအသင်းကို ၆ ဂိုး ပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ 

    ဒါပေမယ့် ဒုတိယပွဲတော့ ခြင်္သေ့မတွေဟာ သမိုင်း၀င်နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ 

    တောင်ကိုရီးယားအသင်းကို အကြိတ်အနယ်ကစားပြီး ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်မှာ မော်ရိုကိုအသင်းရဲ့ ပထမဆုံး နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ 

    ပထမဆုံး ပု၀ါဆောင်း ကစားသမား

    မော်ရိုကိုအမျိုးသမီးတွေအတွက် နောက်ထပ် သမိုင်းသစ်ရေးထိုးနိုင်ခဲ့သူကတော့ နောက်ခံလူ နူဟိုင်လာ ဘန်ဇီနာ ဖြစ်ပါတယ်။ 

    ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဟီဂျဘ်ပု၀ါဆောင်းပြီး ၀င်ကစားတဲ့ ပထမဆုံးအမျိုးသမီးအဖြစ် ဘန်ဇီနာတစ်ယောက် မှတ်တမ်း၀င်ခဲ့ပါတယ်။ အုပ်စုအဖွင့်ပွဲစဥ် ၂ ပွဲစလုံး ပထမ ၁၁  ယောက်စာရင်းမှာ ပါ၀င်ခဲ့ပြီး ခြေစွမ်းကောင်းကိုလည်း ပြသနိုင်ခဲ့ပါတယ်။ 

    “ဘန်ဇီနာနေရာကို ငါလည်းရောက်နိုင်တာပဲလို့ (မော်ရိုကို) မိန်းကလေးတွေ တွေးလာကြမယ်။ မူ၀ါဒ ချမှတ်သူတွေ၊ ဆုံးဖြတ်ချက် ချမှတ်သူတွေကလည်း ဒီအောင်မြင်မှုကို အသိအမှတ်ပြုပြီး၊ ပြိုင်ပွဲမှာ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ ပိုမိုပါ၀င်လာအောင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို လိုအပ်နေပြီလို့ ပြောလာကြတော့မှာပါ” လို့ Muslim Women in Sports Network အဖွဲ့ကို ပူးတွဲတည်ထောင်သူ အက်စ်မာ ဟီလာလ်က ပြောပါတယ်။ 

    မော်ရိုကို အမျိုးသမီးအသင်းဟာ သြဂုတ်လ ၃ ရက်နေ့မှာ အုပ်စုဗိုလ် ကိုလံဘီယာအသင်းနဲ့ နောက်ဆုံးပွဲစဥ် ကစားရမှာဖြစ်ပြီး နောက်ထပ် သမိုင်းသစ် ရေးထိုးနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

    Ref: Olympics.com/Wiki

  • မွတ်စလင်လူငယ်အား ရိုက်သတ်ခဲ့သူများကို အိန္ဒိယတရားရုံးက ထောင် ၁၀ နှစ်ချ

    မွတ်စလင်လူငယ်အား ရိုက်သတ်ခဲ့သူများကို အိန္ဒိယတရားရုံးက ထောင် ၁၀ နှစ်ချ

    ဇူလိုင် ၆၊ ၂၀၂၃

    M-Media


    – လွန်ခဲ့တဲ့ ၄ နှစ်က မွတ်စလင်လူငယ် တစ်ဦးကို ၀ိုင်းရိုက်ခဲ့တဲ့ အမျိုးသား ၁၀ ဦးကို အိန္ဒိယတရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပါတယ်။ 

    ၂၀၁၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က နိုင်ငံအရှေ့ပိုင်း ဂျာ့ခ်ဟန်းပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။ အသက် ၂၄ နှစ်အရွယ် တက်ဘ်ရက်ဇ် အန်ဆာရီကို ဆိုင်ကယ်ခိုးတယ်ဆိုပြီး ဟိန္ဒူလူအုပ်က ၀ိုင်းရိုက်ခဲ့တာ ဖြစ်ပါတယ်။ 

    အန်ဆာရီကို ဓာတ်တိုင်မှာ ကြိုးတုပ်ထားပြီး လူအုပ်က ၀ိုင်း၀န်း ရိုက်နှက်နေတဲ့ ဗီဒီယိုတစ်ခုလည်း အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။ လူအုပ်ဟာ အန်ဆာရီကို ဘာသာရေးအကြမ်းဖက်မှုလည်း ပြုလုပ်ခဲ့ပါတယ်။ 

    ဟိန္ဒူဘုရားရှိခိုးစာတွေကို အတင်းအဓမ္မ ဆိုခိုင်းခဲ့တာပါ။ လူအုပ်ဟာ တညလုံး အန်ဆာရီကို နှိပ်စက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က နောက်တစ်နေ့မှ လာရောက်ဟန့်တားပြီး အန်ဆာရီကို ဖမ်းခေါ်သွားခဲ့ပါတယ်။ 

    အန်ဆာရီဟာ ဦးခေါင်းထိခိုက်မိကာ ၃ ရက်ကြာ ၀ေဒနာအပြင်းအထန် ခံစားခဲ့ရပြီး ဇွန်လ ၂၂ ရက်နေ့ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ 

    ဒီကိစ္စနဲ့ပတ်သက်ပြီး ၀ေဖန်မှုတွေ မြင့်တက်လာတာကြောင့် ဂျာ့ခ်ဟန်း ရဲတပ်ဖွဲ့ဟာ ကျူးလွန်သူတွေကို ဖမ်းဆီးတရားစွဲဆိုခဲ့ပါတယ်။ ပထမပိုင်းမှာ လူသေမှုနဲ့သာ စွဲချက်တင်ခဲ့ပြီး၊ ပြစ်တင်ခံရတဲ့အတွက် နောက်ပိုင်းမှ လူသတ်မှု ထပ်ပေါင်းထည့်ခဲ့တာပါ။ 

    ပြီးခဲ့တဲ့တစ်ပတ် တရားရုံးက စီရင်ချက်ချရာမှာ လူသတ်မှုအတွက် သက်သေမခိုင်လုံဆိုတဲ့အကြောင်းပြချက်ပေးပြီး လူသေမှုနဲ့သာ လူ ၁၀ ဦးကို ထောင်ဒဏ် ၁၀ နှစ်ချီ ချမှတ်ခဲ့ပါတယ်။ 

    Ref: BBC

  • ဆွီဒင်တွင် ကုရ်အာန်ကျမ်းစာ မီးရှို့သည့်ကိစ္စ အိုအိုင်စီခေါင်းဆောင်များ ဆွေးနွေးအဖြေရှာမည်

    ဆွီဒင်တွင် ကုရ်အာန်ကျမ်းစာ မီးရှို့သည့်ကိစ္စ အိုအိုင်စီခေါင်းဆောင်များ ဆွေးနွေးအဖြေရှာမည်

    ဇူလိုင် ၁၊ ၂၀၂၃

    M-Media 


    -ဆွီဒင်မှာ အခုတစ်ပတ်အတွင်း ကုရ်အာန်ကျမ်းစာ မီးရှို့တဲ့ကိစ္စကို တုန့်ပြန်ဆောင်ရွက်နိုင်ရေး ဆွေးနွေးဖို့အတွက် အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က လာမယ့်တစ်ပတ်အတွင်း အစည်းအ၀ေး ကျင်းပဖို့ ရှိနေပါတယ်။ 

    အစည်းအ၀ေးမှာ ယုတ်ညံ့တဲ့ ဒီလိုလုပ်ရပ်တွေကို တားဆီးနိုင်ရေးနဲ့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ရေး ဆွေးနွေးသွားမှာပါ။ 

    အီရတ်နိုင်ငံက စစ်ပြေးဒုက္ခသည် အသက် ၃၇ နှစ်အရွယ် ဆလ်၀မ် မိုမီကာဆိုသူဟာ ဗုဒ္ဓဟူးနေ့က စတော့ဟုမ်းမြို့ရဲ့ အကြီးဆုံး ဗလီ၀တ်ကျောင်းတော်ရှေ့မှာ ကုရ်အာန်ကျမ်းစာကို မီးရှို့ခဲ့ပါတယ်။ 

    ဒီကိစ္စနဲ့ပတ်သက်လို့ အစ္စလာမ်ဘာသာ၀င်အများစုရှိတဲ့ နိုင်ငံတွေမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတစ်ချို့ကလည်း ဆွီဒင်သံအမတ်ကို ခေါ်ယူ သတိပေးတာ၊ သံအမတ် ရုပ်သိမ်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ 

    မိုမီကာက ကုရ်အာန်ကျမ်းစာ မီးရှို့တဲ့လုပ်ရပ်ကို နောက်လည်း ထပ်လုပ်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ 

    ဆွီဒင်မှာ ပြီးခဲ့တဲ့နှစ်ကလည်း လက်ယာနိုင်ငံရေးသမားတစ်ဦးက ကုရ်အာန်မီးရှို့ပွဲတွေ ပြုလုပ်ခဲ့ပြီး နောက်ဆက်တွဲ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ 

    Ref: Arab News 

  • ဗီအိုင်ပီ ဟဂျ်ဘုရားဖူးသူများကို ဆော်ဒီအိမ်ရှေ့မင်းသား လက်ခံကြိုဆို

    ဗီအိုင်ပီ ဟဂျ်ဘုရားဖူးသူများကို ဆော်ဒီအိမ်ရှေ့မင်းသား လက်ခံကြိုဆို

    ဇွန် ၃၀၊ ၂၀၂၃

    M-Media 


    -ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ မနေ့က VIP 

    ဟဂျ်ဘုရားဖူးခရီးသည်တွေကို မက္ကာမြို့မှာ လက်ခံတွေ့ဆုံ ကြိုဆိုခဲ့ပါတယ်။ 

    ကမ္ဘာတစ်၀ှမ်းက ဘုရင်တွေ၊ အစိုးရအရာရှိတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ အခြား ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ ပါ၀င်ပါတယ်။ 

    မလေးရှားနိုင်ငံ ဘုရင်၊ ဆီနီဂေါ၊ ဘင်္ဂလားဒေ့ရှင်၊ ပါကစ္စတန်က သမ္မတတွေ၊ မော်လ်ဒိုက်နိုင်ငံ ဒုတိယသမ္မတ၊ အီဂျစ်၊ လက်ဘနွန်၊ ပါလက်စတိုင်း၊ ဆိုမာလီယာနဲ့ နိုင်ဂျာနိုင်ငံတိုက ၀န်ကြီးချုပ်တွေ စတဲ့ ခေါင်းဆောင်တွေ ဒီတွေ့ဆုံပွဲမှာ ပါ၀င်ခဲ့ပါတယ်။ 

    မြင့်မြတ်တဲ့ ဗလီ၀တ်ကျောင်းတော် ပရ၀ုဏ်အတွင်းမှာ ဘုရားဖူးခရီးသည်တွေကို ဒီလို လက်ခံကြိုဆို နှုတ်ဆက်ခွင့်ရတဲ့အတွက် ကျေနပ်ပီတိဖြစ်မိတယ်လို့ အိမ်ရှေ့မင်းသား ဘင် ဆလ်မန်က ပြောကြားခဲ့ပါတယ်။ 

    ဘုရားဖူးတွေ အေးအေးချမ်းချမ်း ဟဂျ်ပြုနိုင်ဖို့အတွက် ဆော်ဒီအစိုးရဟာ တတ်နိုင်သမျှ စွမ်းဆောင်ပေးထားတယ်လို့လည်း သူက ဆိုပါတယ်။ 

    အခုနှစ် ဟဂျ်ဘုရားဖူးရာသီမှာ ကမ္ဘာတစ်၀ှမ်းက အစ္စလာမ်ဘာသာ၀င် ၂ သန်းခွဲလောက် လာရောက်မယ်လို့ ဆော်ဒီအာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ 

    Ref: Arab News 

  • သမိုင်းတစ်လျှောက် လူအများဆုံးဖြစ်လာမယ့် ဟဂျ်ဘုရားဖူး ခရီးစဥ်

    သမိုင်းတစ်လျှောက် လူအများဆုံးဖြစ်လာမယ့် ဟဂျ်ဘုရားဖူး ခရီးစဥ်

    ဇွန် ၂၆၊ ၂၀၂၃

    M-Media 


    -အခုနှစ် ဟဂျ်ဘုရားဖူးကာလမှာ ကမ္ဘာတစ်၀ှမ်းက အစ္စလာမ်ဘာသာ၀င် ၂ ဒဿမ ၅ သန်းလောက် လာရောက်မယ်လို့ ဆော်ဒီအာဏာပိုင်တွေက ခန့်မှန်းတွက်ချက်ထာပါတယ်။ 

    ဒီအတိုင်းသာ ဖြစ်လာခဲ့ရင် သမိုင်းတစ်လျှောက် လူအများဆုံးလာရောက်တဲ့ ဟဂျ်ဘုရားဖူးကာလ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဟဂျ်ကာလ ဘာသာရေးဆိုင်ရာ ၀တ်ပြုဆုတောင်းမှုတွေ၊ ဆောက်တည်မှုတွေဟာ တနင်္ဂနွေနေ့မှာ စတင်ခဲ့ပါတယ်။ 

    “သမိုင်းတစ်လျှောက် လူအများဆုံး ဟဂျ်ကျင့်စဥ်ကို ကျွန်တော်တို့ မြင်ရတော့မှာပါ” လို့ ဆော်ဒီ ဟဂျ်နှင့် အွမ္မရာဟ်၀န်ကြီးဌာနက တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ 

    ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်မှာ လူတစ်သောင်းသာ ဟဂျ်ပြုခွင့်ရခဲ့ပြီး၊ ၂၀၂၁ မှာ ၅၉၀၀၀၊ မနှစ်က လူတစ်သန်း အသီးသီး တိုးလာခဲ့ပါတယ်။ 

    အခုနှစ် ကမ္ဘာတစ်၀ှမ်းက ဟဂျ်ဘုရားဖူး ခရီးသည်တွေ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုဟာ အပူလွန်ကဲမှု ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျမှာ ပျမ်းမျှအပူချိန်ဟာ ၄၅ ဒီဂရီ ဆဲလ်စီးယက်စ် ရှိပါတယ်။ 

    အပူကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ကျန်းမာရေး၀န်ထမ်း ၃၂၀၀၀ ကျော်၊ အရေးပေါ်လူနာတင်ယာဥ် ထောင်နဲ့ချီ ပြင်ဆင်ထားတယ်လို့ ဆော်ဒီအာာပိုင်တွေက ပြောပါတယ်။ 

    Ref: Aljazeera