News @ M-Media

Category: အာဖရိက

  • လတ်တလောစစ်ပွဲများကြောင့် ကမ္ဘာ့လက်နက်ကုမ္ပဏီများ အမြတ်အစွန်းများစွာရ

    လတ်တလောစစ်ပွဲများကြောင့် ကမ္ဘာ့လက်နက်ကုမ္ပဏီများ အမြတ်အစွန်းများစွာရ

    ဒီဇင်ဘာ ၁၊ ၂၀၂၅

    M-Media 

    ယူကရိန်းနဲ့ ဂါဇာကမ်းမြှောင်အပါအ၀င် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ကမ္ဘာတစ်၀ှမ်း ဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေ၊ စစ်ပွဲတွေကြောင့် လက်နက်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေဟာ အမြတ်အစွန်း မြောက်များစွာ ရရှိခဲ့တယ်လို့ စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေး အင်စတီကျု(SIPRI)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

    ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့ထိပ်တန်း လက်နက်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ ၁၀၀ ရဲ့ အမြတ်ငွေဟာ ကန်ဒေါ်လာ ၆၇၉ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၅ ဒဿမ ၉ ရာခိုင်နှုန်း မြင့်တက်လာတာပါ။ လက်နက်ကုမ္ပဏီ အားလုံးနီးပါးလောက်ဟာ အမေရိကန်နဲ့ ဥရောပအခြေစိုက် ကုမ္ပဏီတွေ ဖြစ်ပါတယ်။ 

    ထူးခြားချက်အဖြစ် အီလွန်မက်စ်ရဲ့ SpaceX ကုမ္ပဏီဟာ လက်နက်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီစာရင်းမှာ ပထမဆုံး ပါ၀င်လာခဲ့ပြီး ၂၀၂၄ ခုနှစ် အမြတ်အစွန်းဟာ ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံ ရှိခဲ့ကာ ၂၀၂၃ ခုနှစ်ကထက် နှစ်ဆ မြင့်တက်လာတာ ဖြစ်ပါတယ်။ 

    Ref: Reuters 

  • ယူဂန်ဒါတွင် ဧရာမအမှိုက်ပုံ ပြိုကျမှုဖြစ်ပြီး အနည်းဆုံး လူ တစ်ဒါဇင် သေဆုံး

    ယူဂန်ဒါတွင် ဧရာမအမှိုက်ပုံ ပြိုကျမှုဖြစ်ပြီး အနည်းဆုံး လူ တစ်ဒါဇင် သေဆုံး

    သြဂုတ် ၁၁၊ ၂၀၂၄
    M-Media

    -အာဖရိက ယူဂန်ဒါနိုင်ငံ မြို့တော် ကမ်ပါလာမှာ သြဂုတ်လ ၁၀ ရက်နေ့ မနက်အစောပိုင်းက ဧရာမ အမှိုက်ပုံကြီး ပြိုကျမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။

    မြို့တွင်းက အမှိုက်တွေကို ဆယ်စုနှစ်ချီ စုပုံလွှင့်ပစ်ထားတာကြောင့် အဲဒီအမှိုက်ပုံကြီးဟာ တောင်သဖွယ် ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှိုက်ပုံကြီး ပြိုကျကာ ပတ်၀န်းကျင်မှာရှိတဲ့ လူနေအိမ်တွေကို ဖုံးလွှမ်းသွားခဲ့ပါတယ်။

    ပြိုကျလာတဲ့ အမှိုက်ပုံထဲ ပိတ်မိ ပျောက်ဆုံးနေသူတွေလည်း ရှိနေပြီး အာဏာပိုင်တွေက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

    ဒီအမှိုက်ပုံကြီးဟာ လူတွေရဲ့ ကျန်းမာရေးနဲ့ အသက်အိုးအိမ်ကို တစ်ချိန်မှာ ထိခိုက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက နှစ်ပေါင်းများစွာ သတိပေးထားခဲ့ပေမယ့် အာဏာပိုင်တွေက လစ်လျူရှုထားခဲ့တာ ဖြစ်ပါတယ်။

    Ref: Reuters

  • ခင်ပွန်းကို လုပ်ကြံပြီး သမ္မတနေရာယူဖို့ ကြိုးစားတဲ့ ဟေတီသမ္မတကတော်

    ခင်ပွန်းကို လုပ်ကြံပြီး သမ္မတနေရာယူဖို့ ကြိုးစားတဲ့ ဟေတီသမ္မတကတော်

    ဖေဖော်၀ါရီ ၂၀၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – သမ္မတ ဂျိုဗန်နဲလ် မိုစီနှင့်အတူ တွေ့ရသည့် သမ္မတကတော် မာတီနီ) 

    -အာဖရိက ဟေတီနိုင်ငံမှာ ၂၀၂၁ ခုနှစ်က သမ္မတ ဂျိုဗန်နဲလ် မိုစီ လုပ်ကြံသတ်ဖြတ်ခံရမှုအတွင်း သမ္မတကတော် ပါ၀င်ပတ်သက်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေ ပေါက်ကြားလာပါတယ်။ 

    ဒီလုပ်ကြံမှုအတွက် သမ္မတကတော် မာတီနီ မိုစီ၊ ၀န်ကြီးချုပ်ဟောင်း ကလော်ဒီ ဂျိုးဆက်နဲ့ ရဲတပ်ဖွဲ့အကြီးအကဲဟောင်း လီယွန်ချားလ်စ် တို့အပါအ၀င် လူ ၅၀ လောက်ကို ဖမ်းဆီးကာ စုံစမ်းစစ်ဆေးဖို့ တရားရုံးက အမိန့်ပေးထားတဲ့ စာမျက်နှာ ၁၂၂ မျက်နှာပါ ရုံးစာတွဲကို ပြည်တွင်း မီဒီယာ AyiboPost က ဖေဖော်၀ါရီ ၁၉ ရက်နေ့မှာ ဖွင့်ချခဲ့တာ ဖြစ်ပါတယ်။ 

    သမ္မတ ဂျိုဗန်နဲလ် မိုစီဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း သမ္မတအိမ်တော်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။ လူကြံသူတွေဟာ လူ ၂၀ လောက်ပါတဲ့ ကိုလံဘီယာ ကြေးစားအဖွဲ့ပါ။ သမ္မတကတော် မာတီနီက ဒီအဖြစ်အပျက်မှာ ဒဏ်ရာရခဲ့ပါတယ်။ 

    တရားရုံးမှတ်တမ်းမှာ မာတီနီရဲ့ ထွက်ဆိုချက်တွေဟာ အကွဲအလွဲတွေများနေပြီး သံသယ၀င်စရာကောင်းနေတယ်လို့ ဖော်ပြပါတယ်။ 

    ၀န်ကြီးချုပ်ဟောင်း ဂျိုးဆက်နဲ့ ရဲချုပ်ဟောင်း လီယွန်ချားလ်စ်တို့ကိုတော့ လုပ်ကြံမှုမှာ ပါ၀င်ခဲ့ကြောင်း ခိုင်လုံတဲ့ ဆက်နွယ််မှု တွေ့ရတယ်လို့ တရားရုံးက ဆိုပါတယ်။ သတ်ဖြတ်မှုကို ဘယ်သူက ဦးဆောင်တယ်ဆိုတာနဲ့ ဘယ်သူက ငွေကြေးထုတ်ပေးတယ်ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ 

    မာတီနီဟာ ခင်ပွန်းဖြစ်သူကိုသတ်ပြီး သမ္မတနေရာကို ဆက်ခံဖို့ ရည်ရွယ်ခဲ့တယ်လို့ တရားရုံးမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ 

    မာတီနီကတော့ သူမဟာ မတရားစွပ်စွဲ ဖမ်းဆီးခံရတာဆိုပြီး ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ ၀န်ကြီးချုပ်ဟောင်း ဂျိုးဆက်ကလည်း လက်ရှိ၀န်ကြီးချုပ် အရီယဲလ် ဟင်နရီဟာ တရားရေးစနစ်ကို အသုံးချပြီး အတိုက်အခံတွေကို နှိပ်ကွပ်နေတယ်လို့ ၀ေဖန်ခဲ့ပါတယ်။

    ဒီလုပ်ကြံမှုကိစ္စကို  တောင်ဖလော်ရီဒါမှာ စီစဥ်ခဲ့ကြောင်း တွေ့ရှိတဲ့အတွက် ဒီကိစ္စမှာ ပါ၀င်ပတ်သက်သူ ၁၁ ဦးကို အမေရိကန်ပြည်ထောင်စု မိုင်ယာမီမှာ စုံစမ်းစစ်ဆေးနေပါတယ်။ 

    အဲဒီအထဲက ၆ ယောက်က လုပ်ကြံရာမှာပါ၀င်ကြောင်း ၀န်ခံခဲ့ပြီး ပထမက မိုစီကို ပြန်ပေးဆွဲဖို့ စီစဥ်ခဲ့ပေမယ့် နောက်ဆုံးမှာ သတ်ဖြတ်ဖို့ အစီအစဥ်ပြောင်းခဲ့တယ်လို့ ဆိုပါတယ်။ 

    ဂျိုဗန်နဲလ် မိုစီ လုပ်ကြံခံရပြီးတဲ့နောက် သမ္မတကတော် မာတီနီလည်း သမ္မတဖြစ်ခွင့် မရခဲ့ပါဘူး။ နိုင်ငံတစ်၀ှမ်း လူဆိုးဂိုဏ်းတွေ ကြီးစိုးလာပြီး သတ်ဖြတ်မှုတွေလည်း မြင့်တက်လာပါတယ်။ 

    လက်ရှိမှာ အတိုက်အခံခေါင်းဆောင် အရီယဲလ် ဟင်နရီက ၀န်ကြီးချုပ်ရာထူးယူကာ တိုင်းပြည်ကို အုပ်စိုးနေပါတယ်။ 

    Ref: Reuters 

  • ယီမင်တွင် အမေရိကန်နှင့်အဖွဲ့က တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်

    ယီမင်တွင် အမေရိကန်နှင့်အဖွဲ့က တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်

    ဇန်န၀ါရီ ၁၂၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – ယီမင်ကို တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် အမေရိကန်တိုက်လေယာဥ်တစ်စီး) 

    -အမေရိကန်နဲ့ ယူကေတို့ဟာ ယီမင်မှာ ဒုတိယနေ့အဖြစ် တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ 

    ယီမင်ကို အုပ်စိုးနေတဲ့ ဟူသီအဖွဲ့က ပင်လယ်နီမှာ အစ္စရေးကုန်တင်သင်္ဘောတွေအပေါ် နှောက်ယှက်မှုကို တုန့်ပြန်တာလို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ 

    တိုက်လေယာဥ်တွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကို ကြာသာပတေးနေ့က စတင်ခဲ့တာဖြစ်ပြီး သောကြာနေ့မှာ ဒုတိယအကြိမ်အဖြစ် နေရာအများအပြားကို ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။ 

    ဒီတိုက်ခိုက်မှုတွေကြောင့် လူတွေ သေဆုံးမှုရှိတယ်လို့ ဟူသီအဖွဲ့က ထုတ်ပြန်ထားပြီး လက်တုန့်ပြန်မှုတွေ လုပ်ဆောင်မယ်လို့လည်း ကြေငြာထားပါတယ်။ 

    ဂါဇာက အစ္စရေးရဲ့လူသတ်ပွဲ မရပ်မချင်း အစ္စရေးကုန်တင်သင်္ဘောတွေကို တိုက်ခိုက်သွားမယ်လို့ ဟူသီအဖွဲ့က ကြေငြာထားတာပါ။ 

    အမေရိကန်ကတော့ ဂါဇာပြဿနာ ဒေသတွင်းမှာ ပိုမိုကျယ်ပြန့်လာမှာကို စိုးရိမ်တယ်လို့ အစောပိုင်းက ပြောကြားထားပေမယ့်လည်း ယီမင်ကို ကျူးကျော်တိုက်ခိုက်မှုတွေ ဦးဆောင်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • စစ်ဘီလူးများ ခေါင်းထောင်နေဆဲဖြစ်သည့် အာဖရိက

    စစ်ဘီလူးများ ခေါင်းထောင်နေဆဲဖြစ်သည့် အာဖရိက

    သြဂုတ် ၃၁၊ ၂၀၂၃

    M-Media


    -အာဖရိက အနောက်ဖက်စွန်း နိုင်ငံတစ်ခုဖြစ်တဲ့ ဂါဘွန်နိုင်ငံမှာ မနေ့က စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ 

    ရွေးကောက်ပွဲကျင်းပြီး ၄ ရက်အကြာမှာပဲ အခုလို အာဏာသိမ်းမှု ဖြစ်ပွားခဲ့တာပါ။ 
    သမ္မတ အလီ ဘွန်ဂို အိုဒင်ဘာ ၃ ကြိမ်မြောက် ရွေးကောက်ခံရတဲ့ ရွေးကောက်ပွဲဟာ သမာသမတ် မကျဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ် ဘရစ် အိုလီဂူ နူအဲမာက ပြောပါတယ်။ 

    ဖြုတ်ချခံလိုက်ရတဲ့ အလီ ဘွန်ဂိုဟာ သမ္မတဟောင်း အိုမာ ဘွန်ဂိုရဲ့သားဖြစ်ပြီး ၂၀၀၉ ခုနှစ်ကတည်းက အာဏာရယူထားတာဖြစ်ပါတယ်။ 

    ဒီလို ဆွေစဥ်မျိုးဆက် ဆယ်စုနှစ်ချီ အာဏာရယူထားမှုကြောင့် နိုင်ငံရေးသမားတွေအကြား အကွဲအပြဲတွေဖြစ်ပြီး နောက်ဆုံး သမ္မတအစောင့်တပ် အကြီးအကဲ နူအဲမာ ခေါင်းဆောင်တဲ့ စစ်ခေါင်းဆောင် ၁၂ ယောက် ပူးပေါင်း အာဏာသိမ်းတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ 

    ဂါဘွန်စစ်အာဏာသိမ်းမှုဟာ အခုနှစ်အတွင်း အနောက်အာဖရိကမှာ ဒုတိယမြောက် အာဏာသိမ်းမှုဖြစ်ပါတယ်။ 

    ဇူလိုင်လအတွင်းကလည်း နိုင်ဂျာနိုင်ငံမှာ သမ္မတအစောင့်တပ်ခေါင်းဆောင်က သမ္မတ မိုဟာမက် ဘာဇွန်ကို ဖြုတ်ချအာဏာသိမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ 

    လုံခြုံရေး၊ အုပ်ချုပ်ရေး ဆိုးရွားလာမှုကို အဆုံးသတ်ဖို့အတွက် ၀င်ရောက်ထိန်းသိမ်းပေးတာလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ 

    စစ်ဘီလူးများ

    ၁၉၅၀ ပြည့်နှစ်ကစပြီး အခုအချိန်အထိ ကမ္ဘာတစ်၀ှမ်းမှာ စစ်ခေါင်းဆောင်တွေ စစ်အာဏာသိမ်းမှု၊ အာဏာသိမ်းဖို့ ကြိုးစားမှု စုစုပေါင်း ၄၈၆ ခု ဖြစ်ပွားခဲ့ပါတယ်။ 

    အာဖရိကနိုင်ငံတွေမှာ အများဆုံးဖြစ်ပွားခဲ့တာပါ။ အာဏာသိမ်းမှုပေါင်း ၂၁၄ ခု ရှိခဲ့ပြီး ၁၀၆ ခုက လုံး၀ အောင်မြင်ခဲ့ပါတယ်။ 

    အာဖရိကနိုင်ငံပေါင်း ၅၄ နိုင်ငံမှာ ၄၅ နိုင်ငံက ၁၉၅၀ နောက်ပိုင်း အနည်းဆုံး အာဏာသိမ်းမှု တစ်ကြိမ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ 

    အာဖရိကနိုင်ငံအများစုဟာ ဆင်းရဲချို့တဲ့ကြပြီး စစ်အာဏာသိမ်းခံလိုက်ရတဲ့ နိုင်ငံတွေကတော့ နလန်ပြန်မထူနိုင်တော့ပါဘူး။ 

    လတ်တလော အာဏာသိမ်းမှုများ 

    နိုင်ဂျာ – နိုင်ငံဂျာသမ္မတ ဘာဇွန်ဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှာ စစ်တပ်ရဲ့ ဖြုတ်ချအာဏာသိမ်းမှုကို ခံခဲ့ရပါတယ်။ အနောက်အာဖရိကနိုင်ငံများအဖွဲ့က နိုင်ဂျာကို စစ်ရေးနဲ့၀င်ရောက် ဖြေရှင်းဖို့အထိ စဥ်းစားခဲ့ကြပေမယ့် အမှန်တကယ် ဖြစ်မလာခဲ့ပါဘူး။ 

    ဘာကီနာဖာဆို – ၂၀၂၂ ခုနှစ် ဇန်န၀ါရီမှာ စစ်ခေါင်းဆောင် ပေါလ် ဟင်နရီ ဆန်ဒါဂို ဒမ်ဘီလာက သမ္မတ ရော့ချ် ကာဘိုရီကို ဖြုတ်ချခဲ့ပါတယ်။ စစ်သွေးကြွတွေကို မနှိမ်နှင်းနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ဖြစ်ပါတယ်။ 

    အာဏာသိမ်းမှုက ကြမ်းတမ်းခဲ့ပြီး စစ်စခန်းတွေမှာ အပြန်အလှန် ပစ်ခတ်မှုတွေအထိ ဖြစ်ခဲ့ပါတယ်။ ဒမ်ဘီလာရဲ့ အာဏာသိမ်းမှုဟာ ၈ လသာ ခံပါတယ်။ စက်တင်ဘာမှာ သူ့တပည့် ဗိုလ်ကြီး အီဘရာဟင် ထရာအိုရေးက ဦးဆောင်ပြီး ဒမ်ဘီလာကို ဖြုတ်ချ အာဏာသိမ်းခဲ့ပြန်ပါတယ်။ 

    ဂီနီ – ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ကွန်မန်ဒိုတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူး မမ်ဒီ ဒွမ်ဘူယာက သမ္မတ အလ်ဖာ ကွန်ဒီကို ဖြုတ်ချ အာဏာသိမ်းခဲ့ပါတယ်။ 

    ကွန်ဒီကလည်း အာဏာမက်သူပါ။ ၂ ကြိမ်ထက်ပိုပြီး သမ္မတတာ၀န် မထမ်းဆောင်ရဆိုတဲ့ အခြေခံဥပဒေ ပြဌာန်းချက်ကို ၂၀၂၀ ခုနှစ်မှာ ပြင်ခဲ့ပြီး တိုင်းပြည်ကို ရေရှည်အုပ်စိုးဖို့ ကြံရွယ်ခဲ့သူ ဖြစ်ပါတယ်။ 

    ချဒ် – ၂၀၂၁ ခုနှစ် ဧပြီလမှာ သမ္မတ အီဒရစ်ဒီဘေး သေဆုံးသွားပြီးတဲ့နောက် သူ့ရဲ့သားဖြစ်သူ ဒုတိယစစ်ခေါင်းဆောင် မဟာမက် ဒီဘေးက အာဏာသိမ်းလိုက်ပါတယ်။ 

    သမ္မတ အီဒရစ်ဒီဘေးကလည်း စစ်အာဏာရှင်တစ်ဦးပါ။ ၁၉၉၀ ခုနှစ်က အာဏာသိမ်းကာ နှစ်ပေါင်း ၃၀ လောက် တိုင်းပြည်ကို အုပ်စိုးခဲ့ပါတယ်။ နိုင်ငံမြောက်ပိုင်းက ပြည်တွင်းစစ်ဖြစ်ရာ ရှေ့တန်းတစ်နေရာကို သွားရောက်ကြည့်ရှုရင်း တိုက်ပွဲအကြား သေဆုံးသွားခဲ့ပြီး သားဖြစ်သူက အာဏာအမွေ ဆက်ခံခဲ့ပါတယ်။ 

    မာလီ – ၂၀၂၀ ခုနှစ် သြဂုတ်လမှာ မာလီစစ်တပ်က ဗိုလ်မှူးတွေစုပြီး သမ္မတ အီဘရာဟင် ဘူဘာကာ ကီတာကို ဖြုတ်ချခဲ့ပါတယ်။ သမ္မတ ကီတာလက်ထက် လုံခြုံရေးအခြေအနေ ဆိုးရွားတာ၊ ခြစားမှုရှိတာ၊ အုပ်ချုပ်ရေးဆိုးရွားတာတွေကြောင့် ပြည်သူလူထုက ဆန္ဒပြခဲ့ပြီးနောက် အာဏာသိမ်းမှု ဖြစ်ပွားခဲ့တာပါ။ 

    ဒီအာဏာသိမ်းမှုကလည်း ၉ လသာခံပါတယ်။ စစ်အစိုးရ ဒုတိယခေါင်းဆောင် အဆီမီ ဂီတာက ၂၀၂၁ ခုနှစ် မေလအတွင်း သူဆရာ ဘာနဒေါကို ဖြုတ်ချကာ အာဏာသိမ်းပြန်သိမ်းခဲ့ပါတယ်။ 

    ဆူဒန် – ၂၀၂၁ ခုနှစ် အောက်တိုဘာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ် အဘ်ဒဲလ် ဖာတာ အလ်-ဘူရ်ဟန်ဟာ အာဏာရှင် ဘရှီးရ်ကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့ပါတယ်။ 

    စစ်ဖက်-အရပ်ဖက် ပူးပေါင်းပြီး အစိုးရဖွဲ့ကာ တိုင်းပြည်အုပ်ချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ကြာကြာမခံဘဲ အကွဲအပြဲတွေဖြစ်ခဲ့ပါတယ်။ စစ်ခေါင်းဆောင်တွေကြား အာဏာလုကြရင်း ၂၀၂၃ ခုနှစ် ဧပြီလမှာတော့ ဆူဒန်စစ်တပ်နဲ့ သူ့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေအကြား တိုက်ခိုက်မှုတွေဖြစ်ပြီး လက်ရှိမှာ တိုင်းပြည်ဟာ မီးဟုန်းဟုန်းတောက်နေပြီ ဖြစ်ပါတယ်။ 

    Ref: Aljazeera