News @ M-Media

Category: ဥရောပ

  • ယူကရိန်းပဋိပက္ခအတွင်း လူ ၉၀၀၀ ကျော်သေဆုံးဟု ကုလပြော

    ယူကရိန်းပဋိပက္ခအတွင်း လူ ၉၀၀၀ ကျော်သေဆုံးဟု ကုလပြော

    ဒီဇင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    ukarine

    – ၂၀၁၄ ဧပြီလမှ စတင်ဖြစ်ပေါ်ခဲ့သော အရှေ့ယူကရိန်းအရှေ့ပိုင်း ပဋိပက္ခအတွင်း လူ ၉၀၀၀ ကျော်အထိ သေဆုံးမှုများရှိခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားလိုက်သည်။

    ပြည်သူများနှင့် စစ်သားများအပါအ၀င် စုစုပေါင်း ၉၀၉၈ ယောက် သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူများ ၂၀၇၃၂ ယောက် ရှိသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

    သေဆုံးမှုများအနက် ၅၂ ရာခိုင်နှုန်းခန့်မှာ မြေမြှုပ်မိုင်းများနှင့် အခြား ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် ဖြစ်ပြီး ပဋိပက္ခတွင်ပါဝင်သော နှစ်ဘက်စလုံးက မိုင်းရှင်းလင်းရေးနှင့် မိုင်းသတိပေးဆောင်ရွက်မှုများ အရေးတကြီးပြုလုပ်ရန် လိုအပ်သည်ဟု ကုလက အလေးပေး ဖော်ပြထားသည်။

    သို့သော်လည်း ယူကရိန်းစစ်တပ်နှင့် ရုရှားလိုလားသူ တပ်ဖွဲ့များကြား တိုက်ခိုက်မှုများဖြစ်ပွားရာ နိုင်ငံအရှေ့ပိုင်းတွင် ရန်လိုမှုများမှာ သိသိသာသာ လျော့ကျခဲ့သည်ဟု ကုလက ဆိုသည်။

    ကုလလူ့အခွင့်အရေးအကြီးအကဲဖြစ်သူ အလ်ဟူစိန်ကမူ ယူကရိန်းပြည်သူအများအပြားမှာ လူသားချင်း စာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆိုးရွားသော အခြေအနေများတွင် ရုန်းကန်နေထိုင်နေရသည်ဟု ကြေငြာချက်တွင် သတိပေးပြောဆိုထားသည်။

    ”အသက်အရွယ်ကြီးရင့်သူတွေမှာတော့ အသက်ဆက်နိုင်ဖို့ လမ်းမမြင်ပါဘူး၊ မသန်စွမ်းသူတွေလည်း အသက်ရှင်ဖို့ အခွင့်အရေးနည်းပြီး ကျန်းမာရေးအထောက်အပံ့မရှိတဲ့အတွက် ကြောင့်ကြမှု၊ မလုံခြုံမှုတွေကို ခံစားနေရပြီး အသက်ကိုတောင် ခြိမ်းခြောက်ခံနေရပါတယ်” ဟု အလ်ဟူစိန်က သတိပေး ပြောကြားခဲ့သည်။

    ဒွန်တက်စ်နှင့် လွန်ဂ်နက်စ်ဒေသများမှာ ယူကရိန်းအရှေ့ပိုင်းတွင် ရုရှားဘာသာစကား အဓိကပြောကြားသော ဒေသများဖြစ်ပြီး ရုရှားလိုလားသူများ၏ ဆန္ဒပြပွဲများကို နှိမ်နှင်းရာမှ ယူကရိန်းစစ်တပ်နှင့် ရုရှားထောက်ခံသူ တပ်ဖွဲ့များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ဘီလာရုစ်နိုင်ငံ မင့်စ်က် မြို့တွင် ဖေဖော်ဝါရီက ပြုလုပ်ခဲ့ပြီး ရုရှား၊ ပြင်သစ်၊ ဂျာမနီမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသော ထိပ်သီးအစည်းအဝေးတွင် Minsk II အပစ်ရပ်ရေး သဘောတူညီချက်ကို ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် တိုက်ခိုက်မှုများမှာ ဆက်လက်ဖြစ်ပွားခဲ့သည်။

    Ref: PressTV

  • တူရကီနှင့် တင်းမာမှု မြင့်တက်နေစဉ် အာမေးနီးယား၌ ရုရှားက ရဟတ်ယာဉ်များ တပ်ဖြန့်ထား

    တူရကီနှင့် တင်းမာမှု မြင့်တက်နေစဉ် အာမေးနီးယား၌ ရုရှားက ရဟတ်ယာဉ်များ တပ်ဖြန့်ထား

    ဒီဇင်ဘာ ၉၊ ၂၀၁၅
    M-Media

    russia

    – အာမေးနီးယားမြို့တော် ယီရီဗန်အနီးရှိ ၎င်း၏ စစ်အခြေစိုက်စခန်းသို့ Mi-24 နှင့် Mi-28 ရဟတ်ယာဉ် ၇ စီးကို တပ်ဖြန့်ချထားလိုက်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    ၁၉၉၅ ခုနှစ်တွင် စတင်ထားရှိခဲ့သည့် ၎င်းအခြေစိုက်စခန်းသို့ ယခုကဲ့သို့ စေလွှတ်ချထားမှုအပြင် နှစ်မကုန်ခင်လည်း ထပ်မံ၍ တပ်ဖြန့်ထားရန် အစီအစဉ်ရှိနေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ ရုရှားမှာ တူရကီနိုင်ငံနယ်စပ်အနီး အာမေနီးယား အနောက်မြောက်ဘက်ရှိ ယူမရီမြို့တော်တွင်လည်း စစ်အခြေစိုက်စခန်းတစ်ခု ရှိနေသည်။

    ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြေထဲပင်လယ်အရှေ့ဘက်ရှိ ဆီးရီးယားကမ်းရိုးတန်းအနီးသို့ ရုရှားရေငုပ်သင်္ဘောတစ်စင်း စေလွှတ်ခဲ့သည်ဟု Interfax သတင်းဌာနက ဖော်ပြခဲ့သည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်တစ်ခုအရ အဆိုပါ ရေငုပ်သင်္ဘောတွင် ဆီးရီးယား၌ IS များကို တိုက်ခိုက်ခဲ့သော စစ်သင်္ဘောများတွင် အသုံးပြုခဲ့သည့် ဒုံးကျည်များလည်း တပ်ဆင်ထားသည်ဟု သတင်းရရှိသည်။

    နိုဝင်ဘာ ၂၄ တွင် ဆီးရီးယားရှိ ရုရှား တိုက်လေယာဉ်တစ်စင်းကို တူရကီကပစ်ချခဲ့ခြင်းကြောင့် နှစ်ဖက်တင်းမာမှုများ မြင့်တက်နေစဉ်အတွင်း တူရကီနှင့်နီးစပ်သည့် ဒေသများတွင် ရုရှား၏ ယခုကဲ့သို့ တပ်ဖြန့်ချထားမှုများ ပေါ်ထွက်လာခြင်းဖြစ်သည်။

    Ref: Press TV

  • ရုရှား၏ ရေငုပ်သင်္ဘောရှာနိုင်သည့်ဂြိုဟ်တု လွှတ်တင်မှု မအောင်မြင်

    ရုရှား၏ ရေငုပ်သင်္ဘောရှာနိုင်သည့်ဂြိုဟ်တု လွှတ်တင်မှု မအောင်မြင်

    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media

    russia

    – သမုဒ္ဒရာအောက်မှ ရေငုပ်သင်္ဘောများကို ရှာဖွေရန်အတွက် ဒီဇိုင်းဆွဲတည်ဆောက်ကာ လွှတ်တင်ခဲ့သည့် ခေတ်မီ ဂြိုဟ်တုကို လာမည့်ရက်ပိုင်းအတွင်း ဖောက်ခွဲဖျက်ဆီးတော့မည်ဟု ရုရှားအာကာသ တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    Canopus ST ဟု အမည်ရသည့် ဂြိုဟ်တုဖြစ်ပြီး နိုင်ငံအနောက်မြောက်ပိုင်း ပလီဆက်ခ် အာကာသစခန်းမှ သောကြာနေ့က လွှတ်တင်ခဲ့ခြင်းဖြစ်ကာ ၎င်းအား လွှတ်တင်ခဲ့သည့် ဒုံးကျည်၏ အစိတ်အပိုင်းတစ်ခု ချို့ယွင်းမှုကြောင့် သွားရာလမ်းကြောင်း ပြောင်းလဲသွားခဲ့သည်ဟု ဆိုသည်။

    အဆိုပါ ဂြိုဟ်တုကို ဆယ်စုနှစ်တစ်ခုကြာ ဖန်တီးခဲ့ရခြင်းဖြစ်ပြီး သမုဒ္ဒရာအောက်မှ ရေငုပ်သင်္ဘောများကို ရှာဖွေနိုင်ပြီး ရုရှားနိုင်ငံအား နှစ်စဉ် ဒုက္ခပေးနေသည့် တောမီးလောင်မှုများကို ကြည့်ရှုနိုင်မည့် အလွန်အားကောင်းသော ကင်မရာများကို တပ်ဆင်ထားသည်။

    ရုရှားမှာ Canopus ဂြိုဟ်တု လေးခုကို လွှတ်တင်သွားမည်ဟု ရုရှား အာကာသ ကုမ္ပဏီတစ်ခုဖြစ်သော Viktor Selin က ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။

    ယခုကဲ့သို့ မအောင်မမြင် ဖြစ်ရခြင်းမှာ လူသားများ၏ သမိုင်းတွင် ပထမဆုံး လူလိုက်ပါသော ဂြိုဟ်တုကို လွှတ်တင်နိုင်ကာ ဂုဏ်သိက္ခာကြီးမားခဲ့သည့် ရုရှား၏ အာကာသစီမံကိန်း၌ ဖြစ်ရပ်ဆိုးကြီးတစ်ခုလည်း ဖြစ်သည်။

    Ref: Aljazeera

  • ဆီးရီးယားတွင် IS အား တိုက်ခိုက်မှုအတွင်း ဂျာမနီ ပါဝင်မည်

    ဆီးရီးယားတွင် IS အား တိုက်ခိုက်မှုအတွင်း ဂျာမနီ ပါဝင်မည်

    ဒီဇင်ဘာ ၅၊ ၂၀၁၅
    M-Media

    german

    – ဆီးရီးယားတွင် IS ကို ချေမှုန်းရန် ရည်ရွယ်သော စစ်ရေးလှုပ်ရှားမှုတွင် ပါဝင်ရန်အတွက် ဂျာမနီအဓိပတိ အိန်ဂျလာမာကဲလ်၏ အစီအစဉ်ကို ပါလီမန်က ယမန်နေ့တွင် အတည်ပြုဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    ဂျာမနီသည် IS ဆန့်ကျင်ရေး နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့ကို အထောက်အပံ့ပေးရန် Tornado ထောက်လှမ်းရေးဂျက်လေယာဉ် ခြောက်စီးနှင့် ဆီဖြည့်လေယာဉ်တစ်စီးကို ပေးပို့မည် ဖြစ်သော်လည်း ဂျာမန်စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများတွင် ၀င်ရောက်စွက်ဖက်မည်မဟုတ်ပေ။

    ဒေါ်လာ ၁၄၂ သန်း ကုန်ကျမည့် အဆိုပါ နှစ်ရှည်စီမံကိန်းတွင် စစ်သား ၁၂၀၀ ထိ တပ်ဖြန့်ထားမှုများ အပါအ၀င် ဆီးရီးယားသို့ စေလွှတ်ထားသည့် ပြင်သစ်လေယာဉ်တင်သင်္ဘော ချားလ်စ်ဒီဂေါကို စောင့်ကြပ်လိုက်ပါပေးမည့် ဖရီးဂိတ်စစ်သင်္ဘောတစ်စီးလည်း ပါဝင်မည်ဖြစ်သည်။

    IS ကို တိုက်ခိုက်ချေမှုန်းနေသော ပြင်သစ်နှင့် အခြားသော မဟာမိတ်အဖွဲ့များကို ထောက်ပံ့ရန်အတွက် အစိုးရ၏ ထိုအစီအစဉ်ကို ပြည်သူအများစုကလည်း ထောက်ခံခဲ့ကြသည်။ လူထုဆန္ဒကောက်ခံမှုစစ်တမ်းတွင် IS ကို ချေမှုန်းတိုက်ခိုက်နေသည့် တပ်ဖွဲ့များအား စစ်ရေးအကူအညီပေးသင့်ကြောင်း ၅၈ ရာခိုင်နှုန်းကသဘောတူခဲ့ပြီး ၃၇ ရာခိုင်နှုန်းကမူ ငြင်းဆိုခဲ့သည်။

    Ref: Aljazeera

  • နိုင်ငံလုံခြုံရေး ခြိမ်းခြောက်သည်ဟုဆိုကာ အမေရိကန်ဘီလျံနာ၏ ဖောင်ဒေးရှင်းကို ရုရှား ပိတ်ပင်

    နိုင်ငံလုံခြုံရေး ခြိမ်းခြောက်သည်ဟုဆိုကာ အမေရိကန်ဘီလျံနာ၏ ဖောင်ဒေးရှင်းကို ရုရှား ပိတ်ပင်

    ဒီဇင်ဘာ ၂၊ ၂၀၁၅
    M-Media

    jorg

    – အမေရိကန်မှ လစ်ဘရယ်ဘီလီယံနာ ဂျော့ဂ်ျဆိုးရော့စ် တည်ထောင်ထားသည့် ဒီမိုကရေစီလိုလားသော ဖောင်းဒေးရှင်းနှစ်ခုကို ရုရှားအစိုးရက ပိတ်ပင်လိုက်ပြီး အဆိုပါ ဖောင်ဒေးရှင်းများမှာ ရုရှား၏ အမျိုးသားလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်သည်ဟု ပြောကြားခဲ့သည်။

    ပိတ်ပင်ခံရသည့် အဖွဲ့နှစ်ခုမှာ ဆိုးရော့စ်၏ Open Society Foundations နှင့် ထိုဖောင်ဒေးရှင်း၏ မဟာမိတ်အဖွဲ့ Open Society Institute Assistance Foundation တို့ ဖြစ်သည်။ ရုရှားမှာ ယခုနှစ်နွေရာသီကတည်းက စ၍ နိုင်ငံအတွင်း ဆောင်ရွက်နေသည့် နိုင်ငံခြား NGO များကို နှိမ်နှင်းခဲ့ခြင်းဖြစ်သည်။

    “Open Society Foundations နဲ့ Open Society Institute Assistance Foundation တို့ဟာ ရုရှား ဖွဲ့စည်းပုံအခြေခံဥဒေနဲ့ နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုရှိနေတယ်လို့ တွေ့ခဲ့ရပါတယ်” ဟု ရုရှား တရားသူကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ မာရီနာ ဂရစ်နီဗာက ပြောကြားခဲ့သည်။

    အတိုက်အခံအဖွဲ့များကို ဖိနှိပ်သော သမ္မတပူတင်၏ မှတ်တမ်းနှင့် ပတ်သက်၍ လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်မှုများပြင်းထန်နေစဉ် ထိုဆောင်ရွက်မှုက အမေရိကန်နှင့် ရုရှားတို့အကြား တင်းမာမှုကို မြင့်တက်စေမည့် အလားအလာရှိနေသည်။

    ကမ္ဘာတစ်ဝှမ်းတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နေသည့် ဆိုးရော့စ်၏ Open Society Foundations ကို ၁၉၉၃ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အရှေ့ဥရောပနှင့် ယခင် ဆိုဗီယက်နိုင်ငံဟောင်းများတွင် ဒီမိုကရက်တစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ၁.၆ ဘီလီယံ ကုန်ကျမှုပါအ၀င် စုစုပေါင်း ကန်ဒေါ်လာ ၁၂ ဘီလီယံ နီးပါး သုံးစွဲထားပြီးဖြစ်သည်။

    နိုင်ငံပေါင်း ၃၀ ခန့်တွင် ဆောင်ရွက်နေသည့် ဆိုးရော့စ်၏ Soros Foundations မှာ ၂၀၀၃ ခုနှစ်ကတည်းက ရုရှားတွင် အပိတ်ခံခဲ့ရသော်လည်း လူမှုအဖွဲ့အစည်းများအား ကူညီထောက်ပံ့ခွင့်ကိုမူ ခွင့်ပြုထားသည်။

    “Open Society Foundations ကို မနှစ်မြို့စရာကောင်းတဲ့ အဖွဲ့အစည်းအဖြစ် ရုရှားတရားရုံးချုပ်က ဒီနေ့ ဆုံးဖြတ်ချက်အတွက် ကျွန်တော်တို့ စိတ်ပျက်မိပါတယ်” ဟု အဆိုပါဖောင်ဒေးရှင်းမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် မိမိတို့ အဖွဲ့အစည်းမှာ ရုရှားတွင် ၁၉၈၇ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပညာရေးအတွက် ထောက်ပံ့ခြင်းနှင့် တက္ကသိုလ် ၃၃ ခုတွင် အင်တာနက်စင်တာများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    မစ္စတာဆိုးရော့စ် ကိုယ်တိုင်ကလည်း “ဒီဆောင်ရွက်မှုဟာ ယာယီ မှားယွင်းဆောင်ရွက်မှုလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက် ရုရှားပြည်သူတွေရဲ့ တက်မက်မှုကို ဖိနှိပ်လို့ရမှာမဟုတ်ပါဘူး။ လုံးဝ အောင်မြင်မှာပါပဲ” ဟု ပြောကြားခဲ့သည်။

    ရုရှားတွင် လုပ်ငန်းများဆောင်ရွက်နေသည့် NGO တစ်ဒါဇင်ခန့်မှာ ရုရှားအစိုးရ၏ နှိပ်ကွပ်မှုကို ခံခဲ့ရပြီး ထိုအထဲတွင်
    National Endowment for Democracy နှင့် Freedom House အဖွဲ့များလည်း ပါဝင်ခဲ့သည်။

    Ref: washingtontimes