News @ M-Media
Category: နိုင်ငံတကာသတင်း
နိုင်ငံတကာသတင်းများ
  • ကြောင်မတစ်ကောင်အား အခြောက်ခံစက်ထဲထည့်၍ သတ်ဖြတ်သူများကို မလေးရှား တရားစွဲ
    ကြောင်မတစ်ကောင်အား အခြောက်ခံစက်ထဲထည့်၍ သတ်ဖြတ်သူများကို မလေးရှား တရားစွဲ
    စက်တင်ဘာ ၂၀၊ ၂၀၁၈
    M-Media
    အခင်းဖြစ်ပွားမှုမှ ပုံရိပ်တစ်ခုကို လုံခြုံရေးကင်မရာတွင် တွေ့ရစဉ်
    – ဇီးရှိနေတဲ့ ကြောင်မတစ်ကောင်ကို အ၀တ်အခြောက်ခံစက်ထဲ ထည့်ကာ သတ်ဖြတ်ခဲ့သူ ၂ ဦးကို မလေးရှားက ဒီကနေ့မှာ တိရစ္ဆာန်ညှင်းဆဲမှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။
    တရားစွဲဆိုခံရသူတွေဟာ တက္ကဆီယာဉ်မောင်း အသက် ၄၁ နှစ်အရွယ် အေမိုဟန်ရာ့ဂ်ျနဲ့ အသက် ၂၆ နှစ်အရွယ် အက်စ်အက်စ် ဆက်သီယာတို့ဖြစ်ပြီး သူတို့ကတော့ အပြစ်မရှိကြောင်း လျှောက်လဲခဲ့ပါတယ်။
    စက်တင်ဘာ ၁၁ ရက်နေ့ သန်းခေါင်ယံအချိန်က သူတို့နှစ်ဦးနဲ့ အခြား အမျိုးတစ်ဦးတို့ဟာ ကွာလာလမ်ပူဆင်ခြေဖုံးက အ၀တ်လျှော်ဆိုင်တစ်ခုမှာ ဇီးရှိနေတဲ့ ကြောင်မတစ်ကောင်ကို အ၀တ်အခြောက်ခံစက်ထဲထည့်ကာ လှည်ခဲ့တာဖြစ်ပါတယ်။
    အဲဒီနောက် အ၀တ်လျှော်လာသူတစ်ဦးက သေဆုံးနေတဲ့ကြောင်မကို တွေ့ရှိခဲ့ပါတယ်။
    ရဲတပ်ဖွဲ့ အ၀တ်လျှော်ဆိုင်မှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာ မှတ်တမ်းတွေကို ပြန်ကြည့်ကာ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
    ဒီကနေ့ကြားမှာမှုမှာ ဖမ်းဆီးခံထားရသူ နှစ်ဦးစလုံး လာရောက်ခဲ့ခြင်းမရှိဘဲ တရားရုံးက သူတို့ကို အာမခံပေးခဲ့ပါတယ်။
    တိရစ္ဆာန်ညှင်းပမ်းမှုစွဲချက်အတွက် အပြစ်ရှိကြောင်း တွေ့ခဲ့မယ်ဆိုရင် သူတို့ဟာ ဒဏ်ငွေ မလေးရင်းဂစ် တစ်သိန်းအထိ ဒါမှမဟုတ် ထောင်ဒဏ် ၃ နှစ်အထိ၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရနိုင်ပါတယ်။
    Ref: CNA
  • မွတ်စလင်ကမ္ဘာမှ ပြဿနာများ ဖြေရှင်းရန် ကူညီလိုသည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ပြော
    မွတ်စလင်ကမ္ဘာမှ ပြဿနာများ ဖြေရှင်းရန် ကူညီလိုသည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ပြော
    စက်တင်ဘာ ၂၀၊ ၂၀၁၈
    M-Media
    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်း
    – မွတ်စလင်တွေအကြား သဘောထားကွဲလွဲမှုဟာ အစ္စလာမ့်အသိုင်းအ၀ိုင်းကို အားနည်းစေပြီး ဒီလိုတင်းမာမှုတွေကို ဖြေရှင်းရေး ကူညီဖို့ ဆန္ဒရှိတယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက Arabiya TV နဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။
    အင်မရန်းခန်းဟာ သူ့ရဲ့ ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်အဖြစ် ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိစဉ် မနေ့က အင်တာဗျူး ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
    ခန်းက မွတ်စကမ္ဘာမှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေကို အဆုံးသတ်ရေးနဲ့ နိုင်ငံအချင်းချင်း နားလည်းမှုတည်ဆောက်ရေးတို့အတွက် ပါကစ္စတန်က ကူညီဖို့ ဆန္ဒရှိနေတယ်လို့ Arabiya TV ကို ပြောကြားခဲ့ပါတယ်။
    ပါကစ္စတန်ဟာ တာလီဘန်လို အကြမ်းဖက်သမားတွေကို ထိထိရောက်ရောက် နှိမ်နှင်းမှုမရှိဘူးလို့ အမေရိကန်က ပြီးခဲ့တဲ့လတွေမှာ စွပ်စွဲခဲ့ပါတယ်။
    ဆော်ဒီက ပါကစ္စတန်ကို ကူညီခဲ့မှုတွေအတွက် အင်မရန်းခန်းက ကျေးဇူးတင်ခဲ့ပြီး၊ ဆော်ဒီခေါင်းဆောင်ပိုင်းရဲ့ ခြစားမှုတိုက်ဖျက်ရေးဆောင်ရွက်မှုကိုလည်း ချီးကျူးခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ ပြည်သူချင်း ဆက်သွယ်ဆောင်ရွက်မှုကို ခိုင်မာအောင် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
    ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ အာဏာရခဲ့တဲ့ ၀န်ကြီးချုပ် အင်မရန်းခန်းဟာ တိုင်းပြည်အတွင်း ခြစားမှုကို တိုက်ဖျက်သွားမှာဖြစ်ပြီး စီးပွားရေး ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်မယ်လို့ ပြောကြားထားပါတယ်။
    ဆော်ဒီကနေတစ်ဆင့် အင်မရန်းခန်းဟာ မနေ့နှောင်းပိုင်းမှာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံကို သွားရောက်ခဲ့ပါတယ်
    Ref : Pakistan Today
  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    စက်တင်ဘာ ၂၀၊ ၂၀၁၈
    M-Media
    ကိုရီးယားနှစ်နိုင်ငံ စည်းလုံးညီညွတ်ကြောင်း ခေါင်းဆောင်များပြသ
    ===========
    နာမည်ကြီး ဒုံးကျည်စမ်းသပ်ရာနေရာကို နိုင်ငံတကာ စောင့်ကြည့်သူတွေရှေ့မှောက်မှာ ဖြိုချဖျက်ဆီးသွားဖို့ တောင်းဆိုမှုကို လက်ခံကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တိုင်းပြည်ကိုရောက်နေတဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်ကို ပြောကြားလိုက်ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ ဒီကနေ့မှာ ကိုရီးယားနိုင်ငံဆိုတဲ့ အယူအဆ သန္ဓေတည်ရာတောင်ကုန်းကို သွားရောက်ခဲ့ပြီး စည်းလုံးညီညွတ်မှုကို ပြသခဲ့ပါတယ်။ အမေရိကန်ကသာ မှန်မှန်ကန်ကန် ဆောင်ရွက်မယ်ဆိုရင် နျူစမ်းသပ်ရာနေရာကိုလည်း ဖျက်ဆီးသွားမယ်လို့ မြောက်ကိုရီးယားက ပြောကြားခဲ့ပါတယ်။
    မလေးဝန်ကြီးချုပ်ဟောင်း ငွေကြေးခ၀ါချမှု စွဲချက် ၂၁ ချက်ဖြင့် တရားစွဲခံရမည်
    ===============
    ကိုယ်ပိုင်အကောင့်ထဲကို ကန်ဒေါ်ဘာ ၆၈၁ သန်း ၀င်ရောက်မှုနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ ငွေကြေးခ၀ါချမှုစွဲချက် ၂၁ ခုနဲ့ တရားစွဲဆိုခံရမယ်လို့ မလေးရှားရဲတပ်ဖွဲ့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ မနေ့က ဖမ်းဆီးလိုက်တဲ့ နာဂျစ်ကို ဒီကနေ့မနက်မှာ ရဲတပ်ဖွဲ့ရဲ့ စီးပွားရေး ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဌာနကို ခေါ်ဆောင်သွားခဲ့ပြီး စစ်ချက်ယူမှာ ဖြစ်ပါတယ်။ အရင် ရာဇ၀တ်မှုဆိုင်ရာ စွဲချက် ၇ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ နာဂျစ်ရဲ့အမှုကို ဒီကနေ့နှောင်းပိုင်းမှာ စတင်ကြားနာမှာ ဖြစ်ပါတယ်။
    ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ထောင်ဒဏ်ဆိုင်းငံ့ခံရပြီး ထောင်မှ လွတ်မြောက်လာ
    ==================
    လန်ဒန်က ဇိမ်ခံတိုက်ခန်း ၀ယ်ယူမှုနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်ဟောင်း နာဝဇ်ရှရစ်ဖ်နဲ့ သမီးဖြစ်သူတို့အပေါ် ထောင်ဒဏ်တွေ ချမှတ်ထားမှုကို ပါကစ္စတန်တရားရုံးချုပ်က မနေ့မှာ ရပ်ဆိုင်းလိုက်ပြီး သူတို့နှစ်ဦးကိုလည်း အကျဉ်းထောင်ကနေ လွှတ်ပေးလိုက်ပါတယ်။ နာဝဇ်ရှရစ်ဖ်က ထောင်ဒဏ် ၁၀ နှစ်၊ သမီးဖြစ်သူ မရ်ယမ်က ၇ နှစ် အသီးသီး ချမှတ်ခံထားရတာပါ။ ထောင်ဒဏ်ကို ရပ်ဆိုင်းလိုက်ပေမယ့် သူတို့အပေါ်စွဲထားတဲ့ ခြစားမှုစွဲချက်တွေ၊ အာဏာအလွဲသုံးစားမှု စွဲချက်တွေကိုတော့ ဆက်လက်ရင်ဆိုင်ရအုံးမှာ ဖြစ်ပါတယ်။ ရှရစ်ဖ်က အခုလိုတရားစွဲဆိုမှုတွေကို ငြင်းဆိုပြီး နိုင်ငံရေးလုပ်ကြံမှုတစ်ခုဖြစ်တယ်လို့ ပြောကြားထားပါတယ်။
    ဖိလစ်ပိုင်တွင်မြေပြိုမှုကြောင့် လူ ၃ ဦးသေဆုံး
    =================
    ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ ဒီနေ့မနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် နေအိမ် ၁၀ လုံးလောက်ပြိုကျပြီး အနည်းဆုံး ၃ ဦး သေဆုံးခဲ့ပါတယ်။ ဖိလစ်ပိုင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ အခုနှစ်အတွင်း အဆိုးဝါးဆုံး တိုင်ဖုန်းမုန်တိုင်းဒဏ်ကို ခံစားခဲ့ရကာ လူအများအပြား သေဆုံးခဲ့ပါတယ်။ ဒီကနေ့မနက် မြေပြိုမှုအတွင်း ပိတ်မိနေသူတစ်ချို့လည်း ရှိတာကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ပါတယ်။ လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးတွေကို လုပ်ဆောင်နေပါတယ်။
    Ref: CNA, Aljazeera
  • မွတ်စလင်အမျိုးသားများ တစ်ကြိမ်တည်း ‘သုံးသွလားက်’ ပေး ကွာရှင်းမှုကို အိန္ဒိယ ပိတ်ပင်
    မွတ်စလင်အမျိုးသားများ တစ်ကြိမ်တည်း ‘သုံးသွလားက်’ ပေး ကွာရှင်းမှုကို အိန္ဒိယ ပိတ်ပင်
    စက်တင်ဘာ ၁၉၊ ၂၀၁၈
    M-Media
    – မွတ်စလင်အမျိုးသားတွေက သူတို့ရဲ့ ဇနီးတွေကို တစ်ကြိမ်တည်း သွလားက် ၃ ကြိမ်ပေးကွာရှင်းမှုကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်တဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တစ်ခုကို အိန္ဒိယအစိုးရက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပြီး ကျူးလွန်သူအနေနဲ့ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ပါတယ်။
    အစ္စလာမ့်ထုံးတမ်းဥပဒေအရ အကြင်လင်မယား ကွာရှင်းမှုကို ‘တွလားက်’ လို့ ခေါ်ဝေါ်ပြီး ပုံမှန်အားဖြင့် ပထမအကြိမ်၊ ဒုတိယအကြိမ်စသဖြင့် အချိန်အပိုင်းအခြားတစ်ခုထားပြီး တွလားက်ပေးစောင့်ကြည့်ကာ တတိယအကြိမ်ရောက်မှ အပြီးတိုင် ကွာရှင်းပြတ်စဲရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်အပိုင်းအခြားမထားဘဲ တစ်ကြိမ်တည်း တွလားက် ၃ ကြိမ်ပေးတာဟာ အပြီးအပြတ် ကွာရှင်းမှုမြောက်တယ်လို့ အိန္ဒိယက မွတ်စလင်အသိုင်းအ၀ိုင်းက လက်ခံထားကြပါတယ်။
    အိန္ဒိယမှာ မွတ်စလင်အမျိုးသားတွေဟာ WhatsApp လို မက်ဆေ့ပေးပိုတဲ့ အက်ပလီကေးရှင်းတွေ၊ အီးမေးလ်တွေကနေတစ်ဆင့် ‘တွလားက်’ ၃ ကြိမ် တစ်ပြိုင်တည်းပေးကာ ကွာရှင်းမှုတွေကြောင့် မွတ်စလင်ဇနီးသည်တွေဟာ အခွင့်အရေးဆုံးရှုံးတာ၊ အရှက်တကွဲအကျိုးနည်းဖြစ်တာ၊ အတိဒုက္ခရောက်တာတွေ ဖြစ်နေပါတယ်။
    ဒါ့ကြောင့် မွတ်စလင်အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေက ဦးဆောင်က ဒီလို ‘သွလားက်’ ၃ ကြိမ်ပေးမှုကို ပိတ်ပင်ဖို့အတွက် အစိုးရထံ တောင်းဆိုခဲ့ပြီး အောက်လွှတ်တော်က ဒီဇင်ဘာမှာ ‘သုံးသွလားက်’ ကျင့်သုံးမှုကို ပိတ်ပင်ခဲ့ပါတယ်။
    ဒါပေမယ့် အထက်လွှတ်တော်က ဆုံးဖြတ်ဖို့အတွက် ကြန့်ကြာနေတာကြောင့် အစိုးရက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ခုကို ထုတ်ပြန်လိုက်တာဖြစ်ပြီး သမ္မတက လက်မှတ်ရေးထိုးပြီးရင် အသက်ဝင်လာမှာ ဖြစ်ပါတယ်။
    ၂၀၁၇ ခုနှစ် သြဂုတ်လမှာ အိန္ဒိယ တရားရုံးချုပ်က သုံးသွလားက်ကျင့်သုံးမှုဟာ အခြေခံဥပဒေနဲ့မညီဘဲ ဒါကိုပိတ်ပင်ရေး ဥပဒေတစ်ခု ပြဌာန်းဖို့အတွက် အစိုးရကို အမိန့်ပေးခဲ့ပါတယ်။
    ဒါပေမယ့် နိုင်ငံအတွင်းက အစ္စလာမ်ဘာသာဝင်တစ်ချို့ဟာ ဒီလုပ်ရပ်ကို ဝေဖန်ခဲ့ကြပြီး ၀န်ကြီးချုပ်မိုဒီနဲ့ သူ့ရဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP ဟာ ဒီကိစ္စကိုအသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Daily Mail
  • မလေးဝန်ကြီးချုပ်ဟောင်းကို ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က ဒုတိယအကြိမ် ဖမ်းဆီး
    မလေးဝန်ကြီးချုပ်ဟောင်းကို ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က ဒုတိယအကြိမ် ဖမ်းဆီး
    စက်တင်ဘာ ၁၉၊ ၂၀၁၈
    M-Media
    – နိုင်ငံပိုင် 1MDB လုပ်ငန်းက ငွေကြေး ဘီလီယံနဲ့ချီ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး စက်တင်ဘာ ၂၀ ရက်နေ့မှာ ကြားနားစစ်ဆေးဖို့အတွက် ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင် MACC က ဒီကနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
    MACC က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ကြာသာပတေးနေ့ နာဂျစ်ကို တရားရုံးမတင်ခင် ရဲတပ်ဖွဲ့နဲ့အတူ စစ်ချက်ယူသွားမယ်လို့ ဖော်ပြထားပါတယ်။ နာဂျစ်ဟာ အာဏာအလွဲသုံးစားလုပ်မှုနဲ့ စစ်ဆေးခံရမှာ ဖြစ်ပါတယ်။
    နာဂျစ် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်းမှာ 1MDB က ဒေါ်လာ ဘီလီယံချီ ပျောက်ဆုံးခဲ့ပြီး မဟာသီယာ မိုဟာမက် ဦးဆောင်တဲ့ အစိုးရသစ်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ကာ နာဂျစ်ကို ယုံကြည်မှုချိုးဖောက်မှုဆိုင်ရာ စွဲချက် ၃ ခု၊ ငွေကြေးခ၀ါချမှု စွဲချက် ၃ ခု၊ အာဏာအလွဲသုံးစားလုပ်မှု စွဲချက် ၁ ခု စုစုပေါင်း ၇ ခုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ နာဂျစ်ကတော့ သူဟာ အပြစ်မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
    သူ့ရဲ့ ဘဏ်အကောင့်ထဲကို ၀င်လာတဲ့ ကန်ဒေါ်လာ ၆၂၈ သန်းဟာ ဆော်ဒီတော်ဝင်မိသားစုက ပေးတဲ့ လက်ဆောင်ဖြစ်တယ်ဆိုတဲ အထောက်အထားတွေကို နာဂျစ်က စက်တင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အသေးစိတ်ကို နောက်ပိုင်းမှာ ဆက်လက်ထုတ်ပြန်မယ်လို့လည်း ဆိုပါတယ်။
    မနက်ဖြန်ရုံးချိန်းဟာ နေ့လည် ၃ နာရီဖြစ်တာကြောင့် နာဂျစ်ဟာ အချုပ်ထဲမှာ အနည်းဆုံး ၂ ရက်လောက်နေရဖို့ ရှိပါတယ်။
    နာဂျစ်ဟာ 1MBD ကိစ္စအတွက် အရင်ကလည်း MACC ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပြီး အာမခံနဲ့ လွတ်မြောက်လာတာ ဖြစ်ပါတယ်။
    Ref: CNA