News @ M-Media

Category: သတင်းများ

ပြည်တွင်းသတင်းနှင့် ကမ္ဘာ့သတင်းများ

  • အောက်တိုဘာ-၁၉ အားကစားသတင်းများ

    အောက်တိုဘာ-၁၉ အားကစားသတင်းများ

    အောက်တိုဘာ၊ ၁၉
    M-Media

    ခြေစွမ်းပြနေသည့်တောင်းဆန် စပါးနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆို

    စပါးအသင်း၏ အကယ်ဒမီမှထွက်ပေါ်လာခဲ့ပြီး စပါးအသင်းကြီးနှင့် အင်္ဂလန် လက်ရွေးစင်အသင်းတို့တွင် ခြေစွမ်းပြနေသည့် ကွင်းလယ်လူ တောင်းဆန်မှာ စပါးအသင်းနှင့် သက်တမ်းတိုး စာချုပ် ချုပ်ဆို လိုက်ပြီဟုသိရသည်။

    ပြီးခဲ့သည့်ရာသီက ကျူပီအာ အသင်းသို့အငှားဖြင့် သွားရောက်ကစားခဲ့သည့် အသက် ၂၂ နှစ်အရွယ်ရှိတောင်းဆန်မှာ စပါးအသင်းနှင့် ၄ နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

    တောင်းဆန်မှာ ယခုရာသီတွင် စပါးအသင်းတွင် ပုံမှန်နေရာ ရရှိနေပြီး အသင်းအတွက် ကစားထားသည့် ၈ ပွဲတွင် ၁ ဂိုးသွင်းယူထားကာ သုံးဂိုး ဖန်တီးပေးနိုင်ခဲ့သည်။
    Ref: Goal.com
    ……………………………………….
    ရူနီမှာ မန်ယူအသင်း၏ အဓိကကစားသမားဖြစ်သည်ဟု မိုယက်စ်ပြော

    Rooney

    တိုက်စစ်မှူး ရူနီမှာ မန်ယူအသင်း၏ အရေးပါသောကစားသမားတစ်ဦးဖြစ်ပြီး ၎င်း၏ခြေစွမ်းများအရ လာမည့်နှစ်နွေရာသီအပြောင်းအရွှေ့တွင်လည်း အသင်းမှထွက်ခွာခွင့်ပြုလိမ့်မည်မဟုတ်ဟု မန်ယူအသင်း၏ နည်းပြဖြစ်သူ ဒေးဗစ်မိုယက်စ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က ချယ်ဆီးမှခေါ်ယူရန် အလွန်အမင်း စိတ်ဝင်စားခဲ့သော်လည်း ခေါ်ယူနိုင်ခြင်းမရှိခဲ့သည့် ရူနီမှာ ယခုအချိန်အထိ မန်ယူအသင်းနှင့် သက်တမ်းတိုးစာချုပ်အတွက် ဆွေးနွေးရန် ငြင်းဆန်နေဆဲဖြစ်သည်။

    ရူနီ၏ ရင့်ကျက်လာမှုက သူ၏စွမ်းဆောင်ရည်အား တိုးတက်စေသည်ဟု ယုံကြည်နေသည့် မိုယက်စ်က “သူရဲ့ကစားသမားသက်တမ်းမှာ အကောင်းဆုံး အချိန်ကိုရောက်နေပြီး မန်ယူအတွက် အဓိက ကစားသမားတစ်ဦးပါပဲ။ သူဟာ တာဝန်ယူနိုင်တယ်၊ အသင်းအတွက် လိုအပ်တဲ့ဂိုးတွေသွင်းနိုင်တယ်။ ပြီးတော့ ငယ်ငယ်ကတည်းကလည်း သူဟာ ဒီလိုပါပဲ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

    ရူနီမှာ ယခုနှစ်တွင် မန်ယူအသင်းအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၁၁ ပွဲကစားပေးထားပြီး ၇ ဂိုးသွင်းယူပေးထားသည်။

    ……………………………………….
    ATP Erste Bank Open တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ဆွန်ဂါတက်ရောက်

    သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင်ကျင်းပပြုလုပ်နေသည့် ATP Erste Bank Open တင်းနစ်ပြိုင်ပွဲဆီးမီးဖိုင်နယ်သို့ ပြင်သစ်တင်းနစ်သမား ဂျိုး ၀ိုင်းလ်ဖရိုင်း ဆွန်ဂါ တက်ရောက်သွားပြီဟုသိရသည်။

    နိုင်ခြေအဆင့် ၁ ရရှိခဲ့သည့် ဆွန်ဂါမှာ အိမ်ရှင်တင်းနစ်သမား  ဒိုမီနစ်သီယမ်အား အကြိတ်အနယ်ကစားခဲ့ကာ အနိုင်ရရှိခဲ့သောကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ၂ နာရီနှင့် ၁၅ မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ဆွန်ဂါက ၆-၄၊ ၃-၆၊ ၇-၆(၇-၃) ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    “သူ(ဒိုမီနစ်)ဟာ ငယ်ရွယ်တဲ့ကစားသမားဖြစ်ပြီး သူ့ပရိတ်သတ်အရှေ့မှာ ကစားရတဲ့အတွက် အခြေအနေကောင်းခဲ့ပါတယ်။ ကျွန်တော်အနေနဲ့ ပြင်းပြင်းထန်ထန်ကစားခဲ့ရတာပါ။ ကျွန်တော်ဟာ ကမ္ဘာ့ဆင့် ၁၀ ၀င်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဒီလိုပွဲမျိုးကို နိုင်အောင်ကစားဖို့ဆိုတာ ကျွန်တော့်အလုပ်ပါ ” ဟု ဆွန်ဂါက ပွဲအပြီးတွင်ပြောကြားခဲ့သည်။

    ဆွန်ဂါမှာ ဆီမီးဖိုင်နယ်တွင် အီတလီတင်းနစ်အကျော်အမော် ဖေဘီယို ဖော့ဂ်နီနီအား အနိုင်ကစားနိုင်ခဲ့သည့် ဒခ်ျ တင်းနစ် သမား ရော်ဘင်ဟေ့စ်နှင့် တွေ့ဆုံ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    ……………………………..
    အရှေ့အလယ်ပိုင်း ခရီးကြမ်းကားမောင်းပြိုင်ပွဲအား အီရန် လက်ခံကျင်းပမည်

    ကားမောင်းအားကစားနည်းမှာ အီရန်နိုင်ငံတွင် တစ်စထက်တစ်စ လူကြိုက်များလာပြီး ပထမဦးဆုံးအကြိမ်ဖြစ် ခရီးကြမ်းကားမောင်းပြိုင်ပွဲအား ကျင်းပရန် အီရန်နိုင်ငံက စီစဉ်နေသည်ဟုသိရသည်။

    အီရန်မော်တော်ဆိုင်ကယ်နှင့် ကားမောင်းအဖွဲ့ချုပ်(MAFIRI)က အရှေ့အလယ်ပိုင်းနိုင်ငံ များပါဝင်မည့် ကားမောင်းပြိုင်ပွဲတစ်ရပ်ကို ကျင်းပမည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။ နိုင်ငံတကာ စက်တပ်ယာဉ်များအဖွဲ့ချုပ်(FIA) ၏ ဒုတိယဥက္ကဌ မိုဟာမက်ဘင် ဆူလေမန်၊ ယူအေအီးကားမောင်းကလပ် (ATCUAE)မှ ဥက္ကဌနှင့် MAFIRI တို့ ယမန်နေ့က ဒူးဘိုင်းတွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပြိုင်ပွဲအား အီရန်နိုင်ငံ၌ ကျင်းပရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

    ထိုပြိုင်ပွဲအား မြို့တော်တီဟီရန်၏တောက်ဘက် ၉၁၉ ကီလိုမီတာအကွာရှိ ရှီရက်ဇ်မြို့တွင် ကျင်းပရန်စီစဉ်ထားပြီး၊ အီရန်နိုင်ငံ၏ သမိုင်းဝင်ပြိုင်ပွဲတစ်ခုဖြစ်လာမည့် ထိုပွဲအတွက် ပြိုင်ပွဲကျင်းပရေးကော်မတီကလည်း လိုအပ်သောဆောင်ရွက် မှုများကို လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

  • တရုတ်ပြည်မှ စုံတွဲ iPhone ဝယ်ရန် သမီးမိန်းကလေးငယ်ကိုရောင်းချ

    M-Media
    အောက်တိုဘာလ ၁၉ ရက်၊ ၂၀၁၃

    0f5b3fb4ebde9a6b9a69d4945449a437cb783ea8-196259aတရုတ်အမျိုးသားစုံတွဲငယ်တို့ဟာ Apple ကုမ္ပဏီထုတ် iPhone ကိုဝယ်ယူရန် အတွက် သူတို့ရဲ့ သမီးငယ်ကလေးကို ရောင်းချခဲ့တာကြောင့် ရာဇဝတ်မှုနဲ့ရင် ဆိုင်နေရတယ်လို့ နိုင်ငံပိုင် မီဒီယာက သောကြာနေ့ကပြောဆိုခဲ့ပါတယ်။

    ရှန်ဟိုင်းကရှေ့နေ့အဖွဲ့တစ်ခုဟာ ဒီစုံတွဲငယ်တို့ သူတို့သမီးမိန်းကလေးကို အွန်လိုင်း မှာ တရားမဝင်မွေးစားဖို့ ကမ်းလှမ်းခဲ့ပြီး ဒီအတွက်ငွေကြေး လက်ခံခဲ့ တဲ့အတွက် လူကုန်ကူးမှုနဲ့စွဲချက်တင်ခဲ့ပါတယ်လို့ လွတ်လပ်တဲ့နေ့စဉ်သတင်း (Liberation Daily) ကဖော်ပြခဲ့ပါတယ်။

    အမည်နာမည်အပြည်အစုံမဖော်ပြထားတဲ့ ကလေးအမေဖြစ်သူဟာ ရရှိတဲ့ငွေကြေးနဲ့ Apple iPhone၊ တန်ဖိုးကြီး အားကစားရှုးဖိနပ်နဲ့ အခြားအသုံး အဆောင်ပစ္စည်းတွေဝယ်ယူခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေတွေ့ရှိခဲ့ကြပါတယ်။

    တရုတ်ပြည်မှာ Apple ကုန်ပစ္စည်းတွေဟာ အလွန်အမင်းကျော်ကြားလှပြီး ယမန်နှစ်က တရုတ် ဆယ်ကျော်သက်လူငယ်တစ်ဦးဟာ သူ့ရဲ့ကျောက်ကပ် ကို ထုတ်ရောင်းခဲ့ပြီး ရရှိတဲ့ပိုက်ဆံနဲ့ iPhone နဲ့ iPad တွေဝယ်ယူဖို့အသုံးပြုခဲ့ပါသေးတယ်။

    ဒါပေမယ့် စုံတွဲငယ်ဟာ သူတို့မှာ ကလေးနှစ်ယောက်ရှိပြီးဖြစ်တာကြောင့် အခုကလေးငယ်ကို သူတို့တတ်နိုင်တာထက် ပိုကောင်းမွန်တဲ့ ကြီးပြင်းတဲ့ အနေအထား ကို ရရှိစေချင်လို့ဖြစ်ကြောင်း ရဲဌာနကိုပြောကြားခဲ့ပါတယ်။

    ” ကလေးကို ပေးပစ်တာဟာ ကိုယ့်အကျိုးအတွက်ပဲမဟုတ်ပါဘူး၊ သူကို့ပိုကောင်းတဲ့ အာမခံချက်ရစေချင်လို့ပါ။” လို့ တစ်ယောက်ပြောပါတယ်။

    ကျေးလက်ဒေသက အချို့တရုတ်လူမျိုးတွေဟာ သမီးမိန်းကလေးထက် သားယောက်ျားလေးကို ပိုမိုနှစ်သက်တဲ့ အစဉ်အလာရှိပေမယ့် ယခုကိစ္စ မှာတော့ ကလေးငယ်ရဲ့ မိန်းကလေးဖြစ်မှု(လိင်)ဟာ အကြောင်းအရင်းဖြစ်တယ်လို့တော့ သတင်းကမဖော်ပြထားပါဘူး။

    အွန်လိုင်းပေါ်မှာတော့ ဒီစုံတွဲကိုအပြစ်တင်ကြပြီး တစ်ချို့ကတော့ ခေတ်ပေါ်ပြောင်းလဲလာတဲ့ တရုတ်လူမှုဝန်းကျင်နဲ့ ဓနဥစ္စာနောက်အလွန်အမင်း လိုက် မှုပေါ်သရော်လှောင်ပြောင် မှုတွေပြုလုပ်ခဲ့ပါတယ်။

    ” အတော်သွေးအေးတာပဲ၊ ဒီလူတွေ မိဘမဖြစ်သင့်ဘူး !” လို့ ဘလော့ဂါ ဝန်ဇန်းဆိုသူက သူ့ရဲ့ဘလော့တစ်ခုမှာ ရေးသားထားပါတယ်။

    ” စီးပွားရေး နည်းလမ်းကောင်း တစ်ခု၊ အရင်းနှီးမလိုဘူး၊ အမြတ်အများကြီးရတယ်၊ ကျောက်ကပ်ရောင်းစရာမလိုဘူး ” စသဖြင့် နောက်ဘလော့ တစ်ခုရေးသားပါတယ်။

    တရားစွဲဆိုတဲ့ အဖွဲ့အစည်းကတော့ အဖြစ်အပျက်နဲ့ဆက်စပ်လို့ မလိုလားအပ်တာတွေဖြစ်မှာစိုးရိမ်တာကြောင့်တစ်စုံတစ်ရာပြောဆိုခြင်း မရှိသေးပါ ဘူး။

    စုံတွဲဟာ ကလေးငယ်အတွက် ငွေကြွေးဘယ်လောက်ရခဲ့တယ်ဆိုတာ သတင်းမှာ မဖော်ပြထားပေမယ့် အွန်လိုင်း ပိုစ့်တွေအရ ယွမ် သုံးသောင်း ( ဒေါ်လာ ၄၉၀၀ ) နဲ့ ယွမ် ငါးသောင်း (ဒေါ်လာ ၈၂၀၀) ဖော်ပြချက်တွေကို တွေ့ရပါတယ်။

    Apple ကုမ္ပဏီဟာ လွန်ခဲ့တဲ့လက iPhone 5S ကို ဖြန့်ချီခဲ့ပြီး အဲ့ဒီထဲမှာ ရွှေရောင် မော်ဒယ်အမျိုးအစားနဲ့ ပိုဈေးသက်သာတဲ့ iPhone 5C အမျိုးအစား တို့လည်းပါဝင်ခဲ့ပါတယ်။

    Source AFP

  • တရုတ်နိုင်ငံတွင် ၀က်သားများကို ဟာလာလ် အမဲသားအဖြစ် လိမ်လည်ရောင်းချသူများ ဖမ်းဆီး

    အောက်တိုဘာ၊ ၁၉
    M-Media

    fake-beef

    တရုတ်နိုင်ငံ ရှန်ဇီပြည်နယ် ဇီယန်မြို့တွင် ဟလာလ် အမဲသားများထုတ်လုပ်သည့် စက်ရုံတစ်ခုအတွင်း ၀က်သား ကီလို ၂သောင်းအား တွေ့ရှိခဲ့သည်ဟု တရုတ်ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

    ထိုဝက်သားများအား ဖယောင်း၊ စက်ရုံသုံးဆားများနှင့် ဓာတုဗေဒပစ္စည်းများ အသုံးပြုကာ အမဲသားနှင့်တူညီအောင်ပြုလုပ်ကြပြီး ဒေသအတွင်းတွင် ကီလို ၂၀၀ကျော်ခန့်ရောင်းချပြီးဖြစ်သည်ဟု ထိုင်ဝမ်နိုင်ငံထုတ် Want China Times သတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။

    ရဲတပ်ဖွဲ့ကထုတ်ပြန်သော အစီရင်ခံစာတွင် ထိုစက်ရုံမှာ ညဘက်တွင် ၀က်သားများအားတင်သွင်းကာအမဲသားများကဲ့သို့ပြုပြင်ပြီး နောက်တစ်နေ့ နံနက်တွင်ရောင်းချကြသည်ဟု ဖော်ပြထားသည်။ ထိုသတင်းက ဟာလာလ် အမဲသားအမှတ်ဖြင့် ၀ယ်ယူစားသုံးခဲ့သည့် ဇီယန်ဒေသတွင် နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များ အတွက် စိတ်အနှောက်အယှက်ဖြစ်စေခဲ့သည်။

    အစ္စလာမ်သာသနာက ၀က်သားအပါအ၀င် အချို့သော အစားအသောက်အချို့ကို စားသုံးခြင်း မပြုရန် တားမြစ်ထားသည်။ ထိုကဲ့သို့သောလိမ်ညာဆောင်ရွက်မှုများမှာ တရုတ်နိုင်ငံတွင်အဖြစ်များပြီး ယခုနှစ်အစောပိုင်းက အစားအသောက်လိမ်လည်မှုများနှင့်ပက်သက်၍ လူ ၉၀၄ ဦးကို ဖမ်းဆီးခဲ့သည်ဟု Medical Daily သတင်းစာက ဖော်ပြခဲ့သည်။

    Ref: World Bulletin

  • မြန်မာနှင့် ဗီဇာကင်းလွတ်ခွင့် သဘောတူထားသည့် နိုင်ငံများတွင် အာဏာပိုင်များ လွတ်လပ်စွာ ၀င်ထွက်သွားလာခွင့်စာရင်း၌ မြောက်ကိုရီးယား ပါဝင်နေ

    M-Media
    အောက်တိုဘာ ၁၉ ရက်၊ ၂၀၁၃

    nkorea

    မြန်မာနှင့် ဗီဇာကင်းလွတ်ခွင့်သဘောတူနိုင်ငံများစာရင်းတွင် ဆိုက်ရောက်ဗီဇာ သို့မဟုတ် သာမာန်ခရီးသွားဗီဇာကင်းလွတ်ခွင့်၊ သံတမန်ဗီဇာ ကင်းလွတ်ခွင့်နှင့် အာဏာပိုင် သို့မဟုတ် အစိုးရပိုင်းဆိုင်ရာပုဂ္ဂိုလ်များဗီဇာကင်းလွတ်ခွင့်ဟူ၍ ကဏ္ဍသုံးမျိုးပါဝင်ရာ ထိုကဏ္ဍများထဲမှ သံတမန်ဗီဇာ ကင်းလွတ်ခွင့်နှင့် အာဏာပိုင် သို့မဟုတ် အစိုးရပိုင်းဆိုင်ရာပုဂ္ဂိုလ်များဗီဇာကင်းလွတ်ခွင့် ကဏ္ဍနှစ်ရပ်တွင် သဘောတူထားသည့် နိုင်ငံများစာရင်း၌ မြောက်ကိုရီးယားလည်း ပါဝင်နေသည်။

    ထို့အတွက်ကြောင့် မြန်မာအစိုးရအာဏာပိုင်များက မြောက်ကိုရီးယားသို့ ဗီဇာလွတ်ဝင်ထွက်သွားလာခွင့်ရှိသလို မြောက်ကိုရီးယားတို့ ကလည်း မြန်မာပြည် သို့ ဗီဇာလွတ် ၀င်ထွက်သွားလာခွင့်ရှိနေပေသည်။

    အကျင့်ပျက်ခြစားမှုနာမည်ဆိုးဖြင့် ကျော်ကြားသည့် မြန်မာရော မြောက်ကိုရီးယားတို့ပါ ထိုသို့အပြန်အလှန်နားလည်မှုယူထားသည့်အချက်မှာ အမေရိကန်အပါအ၀င် အနောက်နိုင်ငံများအတွက် သတိထားဖွယ်ကိစ္စဖြစ်နေသည်။

ုမြန်မာနှင့် အာဏာပိုင်ဗီဇာကင်းလွတ်ခွင့်သဘောတူထားသည့်နိုင်ငံများစာရင်းတွင် ဘင်္ဂလားဒေ့ရှ်၊ တရုတ် နှင့်ရုရှတို့လည်း ပါဝင်သည်။

    ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနှင့် ဖိလစ်ပိုင်နိုင်ငံတို့နှင့်မူ သာမာန်ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့် သို့မဟုတ် ဆိုက်ရောက်ဗီဇာ ထုတ်ပေးရေး တို့တွင်ပါ သဘောတူညီချက် ရရှိထားသည်။

    လက်ရှိအာဏာရမြန်မာအစိုးရအဖွဲ့မှာ ယခင်စစ်အာဏာရှင်ဟောင်းများ၏ သြဇာသက်ရောက်မှု ရှိမရှိဆိုသည်နှင့်ပတ်သတ်ပြီး သံသယ၀င်ဖွယ် အချက်များ ရှိနေရာ ယခုကဲ့သို့ တရုတ်၊ ရုရှနှင့် မြောက်ကိုးရီးယားတို့နှင့် အာဏာပိုင်လွတ်လပ် စွာထွက်ခွာခွင့် သဘောတူထားသည်ကိစ္စရပ်မှာလည်း စိတ်ဝင်စားဖွယ် ကိစ္စတစ်ရပ်ဖြစ်နေသည်။

    မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ တင်ပြထားသည့် မြန်မာနှင့် ဗီဇာကင်းလွတ်ခွင့်သဘောတူထားသည့် နိုင်ငံများစာရင်း ကို အောက်ပါ အတိုင်း တွေ့ရှိရရပါသည်။

    ကလစ်နှိပ်၍ ကြည်ရှုရန် – List-of-Countries-Having-Bilateral-Visa-Waiver-Agreement-with-Myanmar

     

  • အောက်တိုဘာ ၁၈၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းစုစည်းမှု

    အောက်တိုဘာ ၁၈၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းစုစည်းမှု

    အောက်တိုဘာ ၁၈၊ ၂၀၁၃
    M-Media

    လေထုညစ်ညမ်းမှုက အဆုတ်ကင်ဆာကိုဖြစ်စေနိုင်သည်ဟု WHO ဆို

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ အဖွဲ့ခွဲတစ်ခုဖြစ်သော နိုင်ငံတကာ ကင်ဆာရောဂါ သုသေသန အေဂျင်စီ (IARC) အဖွဲ့က လေထုညစ်ညမ်းမှုများမှာ အဆုတ် ကင်ဆာ ရောဂါကိုဖြစ်ပွားစေနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

    ကျွမ်းကျင်သူများ၏လေ့လာချက်များအရ လေးထုညစ်ညမ်းမှုမှာ အဆုတ်ကင်ဆာဖြစ်ပွားစေနိုင်ပြီး ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်မှု အန္တရာယ်ကိုလည်း တိုးပွားစေ နိုင်ကြောင်း ထင်ရှားသော အထောက်အထားများ တွေ့ရှိရသည်ဟု IARC က ယမန်နေ့တွင် ကြေညာချက်ထုန်ပြန်ခဲ့သည်။

    လေထုညစ်ညမ်းမှု၏ အဓိကအကြောင်းအရင်းများမှာ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ ဓာတ်အားပေးစက်ရုံမျာ၊ စက်ရုံနှင့် လယ်ယာများမှ ထုတ်လွှတ်ခြင်းများနှင့် ချက်ပြုတ်ခြင်းများဖြစ်ပြီး၊ ၂၀၁၀ ခုနှစ် စစ်တမ်းများအရ ကမ္ဘာတစ်ဝှမ်း အဆုတ်ကင်ဆာကြောင့် သေဆုံးသူ ၂၂၃၀၀၀မှာ လေထုညစ်ညမ်းမှုကြောင့်ဖြစ်သည်ဟု
    အဆိုပါအေဂျင်စီ၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
    Ref : aljazeera

    _______________________

    လုံခြုံကောင်စီဝင် အသစ် ၅ နိုင်ငံကို ကုလရွေးချယ်

    လူ့အခွင့်အရေး စောင့်ကြည့်သူများ၏ ကန့်ကွက်မှုများရှိနေသည့် ဆော်ဒီအာရေဗျ၊ ချဒ် နှင့် နိုင်ဂျီးရီးယားနိုင်ငံအပါအ၀င် ချီလီနှင့် လစ်သူယေးနီးယားနိုင်ငံတို့အား လုံခြုံရေးကောင်စီ အမြဲတမ်းမဟုတ်သည့် အဖွဲ့ဝင်များအဖြစ် ကုလသမဂ္ဂကရွေးချယ်ခဲ့သည်။

    ယမန်နေ့က ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ၂ နှစ်တာ တာဝန်ထမ်းဆောင်ရမည့် ထို ၅ နိုင်ငံမှာ ၂၀၁၄ ဇန်န၀ါရီ ၁-ရက်နေ့မှစ၍ အဇာဘိုင်ဂျန်၊ ဂွာတီမာလာ၊ ပါကစ္စတန်၊ မော်ရိုကို နှင့် တိုဂိုနိုင်ငံတို့၏နေရာတွင် စတင်တာဝန်ထမ်း ဆောင်ရမည်ဖြစ်သည်။

    ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် ၁၅ နိုင်ငံရှိပြီး အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနှင့် တရုတ်တို့မှာ ဗီတိုအာဏာအသုံးပြုခွင့်ရှိသည့် အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများဖြစ်ကြကာ ကျန် ၁၀ နိုင်ငံမှာ ဗီတိုအာဏာမရှိသော အမြဲတမ်းအဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများဖြစ်ကြသည်။

    အဆိုပါ ၅-နိုင်ငံအား ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၁ နိုင်ငံက မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး လစ်သူယေးနီးယားက ၁၈၇ မဲ၊ ချီလီနှင့် နိုက်ဂျီးရီးယားတို့က ၁၈၆-မဲ၊ ချဒ်နိုင်ငံ ၁၈၄-မဲနှင့် ဆော်ဒီအာရေဗျနိုင်ငံ ၁၇၆-မဲ အသီးသီးရရှိခဲ့ကြသည်။

    ရွေးချယ်ခြင်းခံရသည့် နိုင်ငံငါးနိုင်ငံမှ တစ်နိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျက နိုင်ငံက လုံခြုံရေးကောင်စီမှာ  ကမ္ဘာ့ငြိမ်းချမ်းရေးအားဆောင်ရွက်ရာတွင် ထိရောက်မှု မရှိကြောင်း၊ လုံခြုံရေးကောင်စီအတွင်း ပြုပြင်ပြောင်းလဲမှုများ မလုပ်ဆောင်သ၍ ထိုတာဝန်အား လက်ခံဆောင်ရွက်သွားမည်မဟုတ်ကြောင်း ယနေ့နံနက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
    Ref : aljazeera
    _______________________

    မြောက်ကိုရီးယားနျူးကလီးယားကိစ္စဆွေးနွေးရန် တောင်ကိုရီးယား ထိပ်တန်း လုံခြုံရေးအကြံပေး အမေရိကန်သို့သွားမည်

    မြောက်ကိုရီးယားနိုင်ငံ၏ နျူးကလီးယားပြဿနာနှင့် ယောင်ဗြုန်းရှိ နျူးကလီးယားဓာတ်ပေါင်းဖို ပြန်လည် လည်ပတ်မှုအကြောင်းနှင့်ပက်သက်ပြီး ဆွေးနွေးရန်အတွက် တောင်ကိုရီးယား လုံခြံရေးဆိုင်ရာ ထိပ်တန်းအကြံပေးဖြစ်သူမှာ အမေရိကန်နိုင်ငံသို့ လာမည့် သီတင်းပတ်တွင် သွားရောက်မည်ဟု တောင်ကိုရီုးယား ပြည်တွင်းမီဒီယာ များက ယနေ့တွင် ရေးသားဖော်ပြလိုက်သည်။

    တောင်ကိုရီးယား သမ္မတ ပတ်ဂျုံးဟေး၏ လုံခြုံရေးအကြံပေးဖြစ်သူ ကင်မ် ဂျန်ဆူးမှာ လာမည့်သီတင်းပတ်အတွင်းဝါရှင်တန်သို့သွားရောက်မည်ဖြစ်ပြီး အမေရိကန် လုံခြုံရေးအကြံပေး ဆူဆန်ရွိုက်စ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လုံခြုံရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့်တွေ့ဆုံကာ မြောက်ကိုရီယား နျူးကလီးယားအရေး၊ နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်ဟု တောင်ကိုရီးယား ပြည်တွင်းသတင်းစာ Dong-a Ilbo တွင် ရေးသားဖော်ပြခဲ့သည်။

    သမ္မတရုံးတာဝန်ရှိသူ ချောင်ဝါဒေးကလည်း ထိုသတင်းအား အတည်ပြုခဲ့ပြီး ခရီးစဉ်အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်သွားမည်ဟု ပြောဆိုခဲ့သည်။ ထိုခရီးစဉ်မှာ မြောက်ကိုရီးယား၏ နျူးကလီးခြိမ်ခြောက်မှု အန္တရာယ်စိုးရိမ်ရမှု မြင့်တက်လာချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး တောင်ကိုရီးယား ထာက်လှမ်းရေး အေဂျင်စီများ၏ အဆိုအရ မြောက်ကိုရီးယားမှာ သြဂုတ်လမှစ၍ ယောင်ဗြုန်းရှိ နျူးကလီးယား စက်ရုံမှ ၅ မဂ္ဂါဝပ်ရှိသည့် ပလူတိုနီယံသုံး နျူကလီးယားဓာတ်ပေါင်းဖိုအား
    ပြန်လည် လည်ပတ်နေသည်ဟု သိရသည်။
    Ref : xinhua
    ________________________

    သြစတေးလျတွင် တောမီးလောင်ကျွမ်းမှုများဖြစ်ပွား

    သြစတေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ်ပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးများအား ထိန်းချုပ်၍မရသေးဘဲ ထောင်ပေါင်းများစွာသော ဒေသခံများမှာ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်နေရသည်ဟု သိရသည်။

    တောမီးလောင်ကျွမ်းမှုများမှာ ယမန်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်တစ်ဝိုက် နေရာ ၃၀၀-ခန့်တွင် လောင်ကျွမ်းလျက်ရှိကာ မီးသတ်ဝန်ထမ်း ၁၅၀၀ ကျော်က ငြိမ်းသက်ရန်ကြိုစားနေသည်။

    မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၂၀၀နှင့် မြေဧက ဟက်တာ ၂ သောင်းကျော် လောင်ကျွမ်းပျက်ဆီးခဲ့ပြီး လေများတိုက်ခတ်နေမှုကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားနေသည်ဟု မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့သည်။
    ထိုမီးလောင်မှုများကို ငြိမ်းသက်ရန် ၂ ရက်တာကြာမြင့်မည်ဖြစ်ပြီး ယနေ့နှောင်းပိုင်းတွင် ငြိမ်းသက်နိုင်ဖွယ်ရှိသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    Ref : xinhua

    ________________________

    ဆော်ဒီနှင့် ယူအေအီးသို့ စစ်လက်နက်ပစ္စည်းများ အမေရိကန်ရောင်းချမည်

    ပင်တဂွန်အနေဖြင့် ဆော်ဒီအာရေဗျနှင့် ယူအေအီးနိုင်ငံတို့သို့ ဒေါ်လာ ၁၁.၈ ဘီလီယံ တန်ဖိုးရှိ ဒုံးကျည်နှင့် ဘန်ကာခွင်းဗုံးများကို ရောင်းချတော့မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    ကာကွယ်ရေးနှင့် လုံခြံရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်ဆီက လက်နက်ရောင်းချရန် ကိစ္စအား ကန်ကွန်ဂရက်သို့ ယခုသီတင်းပတ်အတွင်း အစီရင်ခံတင်ပြခဲ့သည်ဟု ပင်တဂွန်က ယမန်နေ့တွင် ပြောဆိုလိုက်သည်။

    ထိုကဲ့သို့ လက်နက်ရောင်းချရန် သဘောတူညီမှုက ဆော်ဒီအာရေဗျ နိုင်ငံ၏ လက်ရှိနှင့်အနာဂတ်တွင်ကြုံတွေ့ရမည့် ခြိမ်းခြောက်မှုများအား ရင်ဆိုင်နိုင်စွမ်းကို တိုးမြင့် စေကြာင်း၊ ထို့ပြင် အမေရိကန်မဟာမိတ်နိုင်ငံများ၏ လေတပ်ပိုင်းဆိုင်ရာ အသုံးဝင်မှုနှင့် စွမ်းရည်ကို ပိုမိုတောင့်တင်းစေပြီး မဟာမိတ်နိုင်ငံများ၏ စစ်ဆင်ရေးများကို ပိုမိုကောင်းမွန်စေမည်ဖြစ်ကြောင်း အေဂျင်ဆီက အစီရင်ခံစာတွင်ရေးသားဖော်ပြခဲ့သည်။

    ဆော်ဒီက GBU-39 ဘန်ကာခွင်းဗုံး ထောင်ချီ၍၀ယ်ယူမည်ဖြစ်ပြီး ယူအေအီးနိုင်ငံက တပ်ဆင်သယ်ဆောင်နိုင်သည့် BRU-61 စနစ်ပါဝင်သည့် GBU-39/B တာတိုပစ် ဒုံးကျည်များကို ၀ယ်ယူသွားမည်ဖြစ်သည်။
    Ref : presstv
    ________________________

    အမေရိကန်ပိုင်သင်္ဘောမှ သင်္ဘောသား ၃၅-ဦးအား အိန္ဒိယဖမ်းဆီး

    စစ်လက်နက်ပစ္စည်းများတင်ဆောင်ကာ အိန္ဒိယရေပိုင်နက်ထဲသို့ တရားမ၀င် ၀င်ရောက်လာသည့် အမေရိကန်သင်္ဘောတစ်စီးမှာ သင်္ဘောသား ၃၅ ဦးကို ဖမ်းဆီးလိုက် သည်ဟု အိန္ဒိယ အာဏာပိုင်များက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    အဖမ်းခံရသည့် သင်္ဘောမှာ အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြသည့် AdvanFort မှ ပိုင်ဆိုင်သော MV Seaman Guard Ohio အမည်ရ အစောင့်သင်္ဘောတစ်စီး ဖြစ်ပြီး ကုန်တင်သင်္ဘောများကို ပင်လယ်ဓားပြများရန် မှကာကွယ်ပေးသည့် သင်္ဘောတစ်စီးဖြစ်သည်။

    ထိုသင်္ဘောအား အိန္ဒိယတောင်ဘက် Tamil Nadu ပြည်နယ်ရှိ Tuticorin မြို့တွင် ကမ်းခြေစောင့်တပ်များက ပြီးခဲ့သည့် သီတင်းပတ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါ သင်္ဘောပေါ်တွင် ရိုင်ဖယ် ၃၁ လက်နှင့် စစ်လက်နက်ပစ္စည်းစုံ ၅၀၀၀ ၀န်းကျင်ခန့်ပါဝင်သည်ဟု သိရသည်။

    ထိုသင်္ဘောမှာ မုန်တိုင်းဒဏ်မှခိုလှုံရန် အိန္ဒိယရေပိုင်နက်အတွင်းသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး သင်္ဘောတွင်ပါဝင်သွားသည့် သင်္ဘောသားများမှာ အိန္ဒိယ၊ ဗြိတိန်၊ ယူကရိန်းနှင့် အက်စတိုးနီးယားနိုင်ငံများမှဖြစ်ကြပြီး အမေရိကန်နိုင်ငံ သားများမပါဝင်ဟု သင်္ဘောကိုပိုင်ဆိုင်သည့် AdvanFort  ကုမ္ပဏီမှ ပြောကြားခဲ့သည်။
    Ref : time
    ________________________

    အဲလစ်ဇဘက် ဘုရင်မကြီးနှင့် မာလာလာတွေ့ဆုံမည်

    အမျိုးသမီးများပညာသင်ခွင့်ရရန် လှုပ်ရှားဆောင်ရွက်ခဲ့သည့် ပါကစ္စတန်မှ မာလာလာနှင့် ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် ၂ တို့ ဘက်ကင်ဟမ်နန်းတော်၌ ယနေ့တွင် တွေ့ဆုံကြမည်ဟုသိရသည်။

    အသက် ၁၆ နှစ်အရွယ် မာလာလာအား ဘုရင်မကြီးကဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ဘုရင်မကြီးနှင့် ခင်ပွန်းဖြစ်သူ အေဒင်ဘတ်မြို့စားတို့က “Reception for Youth, Education and the Commonwealth” ခေါင်းစဉ်ဖြင့် ဧည့်ခံပွဲတစ်ခု ပြုလုပ်ကာ မာလာလာအား ကြိုဆိုရန်ရှိနေသည်။

    ဧည့်ခံပွဲနှင့်ပက်သက်၍ CNN သတင်းဌာန၏ ပြီးခဲ့သည့်တစ်ပါတ်က အင်တာဗျူးတွင် ဘုရင်မကြီး၏ အမိန့်ဖြစ်သောကြောင့် သွားရမည်ဖြစ်ကြောင်း မာလာလာက အရွှန်းဖောက်ပြောကြားခဲ့သည်။

    ယခုအခါ အင်္ဂလန်တွင် နေထိုင်နေသည့် ပါကစ္စတန်နိုင်ငံသူမာလာလာမှာ တာလီဘန်များကြီးစိုးရာ ဆွက်တောင်ကြားဒေသတွင် အမျိုးသမီးများ ပညာသင်ကြားခွင့် ဆုံးရှုံးနေမှုအား ရဲဝင့်စွာဖော်ထုတ်ခဲ့သောကြောင့် တာလီဘန်တို့၏လုပ်ကြံခြင်းကိုခံခဲ့ရပြီး ကံကောင်းထောက်မစွာဖြင့် အသက်သေဆုံးခြင်းမရှိခဲ့ပေ။
    Ref : cnn
    ________________________

    ရုရှားသို့ မည်သည့်လျို့ဝှက်ချက်မှ မယူလာဟု စနိုးဒင်ဖွင့်ဟ

    အမေရိကန်ထောက်လှမ်းရေးအေဂျင်ဆီများဖြစ်ကြသည့် NSA နှည် FBI တို့၏ လျို့ဝှက်ချက်များကိုဖွင့်ချခဲ့သည့် NSA ၀န်ထမ်းဟောင်း စနိုးဒင်က မည်သည့် လျို့ဝှက် ချက်ဖိုင်ကိုမှ ရုရှားသို့ ယူဆောင်လာခြင်းမရှိဟု ပြောကြားလိုက်သည်။

    နယူးယောက်တိုင်းမ်သတင်းစာနှင့်အင်တာဗျူးတွင် NSA ၏ ၀န်ထမ်းဟောင်းဖြစ်သူစနိုးဒင်က ၎င်းယူဆောင်လာသည့် လျို့ဝှက်ချက်အားလုံးကို ဟောင်ကောင်တွင် ရှိနေစဉ် ဂျာနစ်လစ်တစ်ဦးသို့ပေးအပ်ခဲ့ပြီး ၎င်းထံတွင် ကူးယူသိမ်းဆည်းထားခြင်းမရှိကြောင်း၊ တရုတ်ထောက်လှမ်းအေဂျင်စီနှင့် ရုရှားနိုင်ငံများမှာလည်း မည်သည့် စာရွက်စာတမ်းကိုမျှ ရရှိခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

    အမေရိကန်ပြည်သူများနှင့် ကမ္ဘာ့တစ်ဝှမ်းလုံးရှိပြည်သူများ၏ ဖုန်းခေါ်ဆိုမှုများ နှင့် အင်တာနက်သုံးစွဲမှုများကို စောင့်ကြည့်လေ့လာနေသည့် အမေရိကန်၏ ကြီးမားသော ထောက်လှမ်းရေးလုပ်ငန်းကြီးကို ဖွင့်ချခဲ့သည့် စနိုးဒင်က ၎င်း၏ဖွင့်ချမှုမှာ အမေရိကန်၏ အချက်အလက်စုဆောင်းမှုများနှင့်ပက်သက်ပြီး အခြေအတင် ဆွေးနွေးပွဲများ ဖြစ်လာစေရန်လှုံ့ဆော်ပေးခဲ့ပြီး၊ အမေရိကန်၏ လုံခြုံရေးအား မြှင့်တင်ပေးရာ ရောက်သည်ဟု ခံစားရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref : sky

    ________________________